အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၁)
"အရှင်ဇာမဏီ သူမက ကျွန်မတို့ ဇာမဏီမိသားစုဝင်တစ်ယောက် မဟုတ်ပါဘူး။သူ့ပုံကိုလည်း ကြည့်လိုက်ပါဦး။အဲ့ပုံက ကျွန်မတို့မိသားစုထဲက ဖြစ်နိုင်ပါ့မလား။သူမက သူများနဲ့ဖောက်ပြန်လို့ ရထားတဲ့ကလေးပဲဖြစ်ရမယ်။သူမက ဇာမဏီမိသားစုနဲ့ ဘယ်လိုမှ သွေးမတော်သားမစပ်ပါဘူး"
ရှန်ကျီယီရဲ့ စကားလုံးတွေက ဘယ်လိုမှ နားမခံသာတော့ပါဘူး.....တစ်ချိန်လုံးဘေးကနေ ရပ်ကြည့်နေတဲ့ တန်ခိုးရှင်တောင် မကျေနပ်တဲ့ဟန် ဖြစ်နေပါပြီ။
ရှန်ကျီယီလို အခုမှ အရွယ်ရောက်ကာစ မိန်းကလေးတစ်ယောက်က တစ်မိသားစုဝင်အချင်းချင်း အခုလို မုန်းစရာစကားတွေကို ဘယ်လိုလုပ်ပြီးပြောထွက်နိုင်ရတာလဲ။
"ဗိုင်းတာမ။နင်က ဒီနေရာမှာ ရောက်နေဖို့တောင် မတန်ဘဲနဲ့ ဝေးဝေးကို သွားလိုက်စမ်း။နင်က ဖောက်ပြန်တဲ့သူရဲ့ သမီးဖြစ်လို့ မြန်မြန်ထွက်သွားလိုက်တော့လေ"
ရှန်ကျီယီက သူမရင်ထဲခံစားနေရသမျှတွေကို အကုန်ထုတ်ဖော်ပြောလိုက်ခြင်းက သူမသေသွားရင်တောင် အခုလိုအမှိုက်လိုကောင်မက ဇာမဏီငှက်ကို ရရှိမှာကို မမြင်လိုတာကြောင့်ဖြစ်ပါတယ်။
အဆုံးမသတ်နိုင်တဲ့ စော်ကားမော်ကားစကားလုံးတွေ ဆဲရေးတိုင်းထွာမှုတွေက တစ်ဂူလုံးမှာ လွှမ်းခြုံထားပေမယ့် ဂူထောင့်က အညတရကတော့ ရှန်ကျီယီကို တစ်ခွန်းမှ တုံ့ပြန်ပြောဆိုခြင်းမရှိပါဘူး။
မသိလိုက်မသိဘာသာနဲ့ ဇာမဏီငှက်ရင်ထဲမှာ ဒေါသတွေ ပြည့်လာပါတော့တယ်။
ဒီလူက သူရွေးချယ်ထားသူဖြစ်တာကြောင့် တစ်ခြားလူတစ်ယောက်က လာအနိုင်ကျင့်နေတာကို သူက ဘယ်လိုလုပ်လက်သင့်ခံနိုင်မှာလဲ။ဒီလိုဖြစ်ခွင့်ပေးလိုက်ရင် ဇာမဏီငှက်ရဲ့ ဂုဏ်သရေကို ဘယ်နားသွားထားရတော့မှာလဲလေ။
"နင့်ရဲ့ ရုပ်က ဆိုးလွန်းတာကြောင့် လူတွေတောင် မယုံနိုင်လောက်အောင်ထိ ဖြစ်ရတယ်။ဇာမဏီမိသားစုအနေနဲ့ နင့်လို မိန်းမမျိုးကို အခုအချိန်ထိ ကျွေးမွေးစောင့်ရှောက်ခဲ့တာကိုက တော်တော်လွန်လှပြီဟဲ့"
ဇာမဏီငှက်က သူ့ကိုယ်လုံးကို လှည့်ကာ ကြမ်းပြင်မှာ ထိုင်နေတဲ့ ရှန်ကျီယီဆီကြည့်လိုက်ပါတယ်။သူ့လက်ကို ဒေါသတကြီးနဲ့ မြှောက်တင်လိုက်တဲ့အခါ ရှန်ကျီယီလည်း မမြင်ရတဲ့အားတစ်ခုကြောင့် မြောက်တက်သွားရပါတယ်။
"အား"
ရှန်ကျီယီက ကြောက်လန့်စွာ အော်ဟစ်လိုက်ပါတယ်။ဘေးနားက ရှန်ကျီဝေနဲ့ရှန်ယိဖန်လည်း တုန်လှုပ်ခြောက်ခြားသွားကြပါတယ်။
"ဇာမဏီမိသားစုကို ကာကွယ်စောင့်ရှောက်တဲ့ ဒဏ္ဍာရီသတ္တဝါအနေနဲ့ ဇာမဏီမိသားစုအတွက် သန့်စင်ခြင်းကို လုပ်ဆောင်တော့မယ်"
ဇာမဏီငှက်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြစ်တည်လာပါတယ်။သူက လူကြီးလူကောင်းယောင်ဆောင်သူတွေကို အလွန်မုန်းတီးပါတယ်...ဒါကိုမှ သူ့ရှေ့မှာပဲ သူရွေးချယ်ထားတဲ့ လူကို ရှန်ကျီယီက စော်ကားပြောဆိုနေတာကြောင့် သူမကို အသက်ရှင်ခွင့်မပြုနိုင်တော့ပါဘူးလေ။
ဘယ်သူမှ သူ့လူကို အနိုင်မကျင့်စေရဘူး။
ရှန်ကျီယီက လေထဲမှာ ရုန်းကန်နေပါတယ်။ဒါပေမယ့်လည်း သူမအစွမ်းလောက်နဲ့ ဇာမဏီငှက်ရဲ့ စွမ်းအားကို ဘယ်လိုဖက်ပြိုင်နိုင်ပါ့မလဲ။
သူမလည်ပင်းကို သံညှပ်နဲ့ညှပ်ထားသလို ဖြစ်နေပါတယ်။ရှန်ကျီယီရဲ့ အသက်ရှုသံဟာ တဖြည်းဖြည်းမြန်လာပါတော့တယ်။အသက်ရှုမရတော့တာကြောင့် အမာရွတ်တွေနဲ့ သူမမျက်နှာဟာ သွေးရောင်မရှိတော့ဘဲ လူသေလိုဖြူဆွတ်လာပါတော့တယ်။
ဒေါသပေါက်ကွဲနေတဲ့ ဇာမဏီငှက်ကို ရှန်ယိဖန်နဲ့ရှန်ကျီဝေတို့က ထိတ်လန့်စွာ ကြည့်လိုက်ကြပါတယ်။ဇာမဏီငှက်ရဲ့ အားအင်ဖိနှိပ်ထားမှုကြောင့် ရှန်ကျီယီအတွက် အသနားခံတောင်းပန်ဖို့မပြောနဲ့ သူတို့အနေနဲ့ ခြေတစ်လှမ်းတောင် မလှမ်းနိုင်ကြပါဘူး။
အခုအခါမှာတော့ ဇာမဏီငှက်ရဲ့ ရက်စက်မှုကို သူတို့ လန့်သွားကြပါပြီ။
ရှန်ကျီယီရဲ့ ခြေလက်လေးချောင်းလုံးတွန့်လိမ်နေကြကာ မျက်လုံးတွေပြူးထွက်နေတာကို တွေ့လိုက်ရတဲ့အတွက် အဖြူရောင်လူရိပ်တစ်ခုက လေထဲဝဲတက်သွားပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လေထဲက ရှန်ကျီယီဟာ ပျောက်ဆုံးသွားပါတော့တယ်။
ဇာမဏီငှက်က သူ့ကိစ္စကို ဝင်ရှုပ်တဲ့ တန်ခိုးရှင်အား ဒေါသထွက်စွာ ကြည့်လိုက်ပါတယ်။သူ့ရဲ့ မီးတောက်လိုမျက်ဝန်းတွေက တန်ခိုးရှင်ရင်ခွင်ထဲက ရှန်ကျီယီဆီ ကျရောက်သွားပါတယ်။
"မင်းက ငါ့ကို ရင်ဆိုင်ချင်တာလား"
ဇာမဏီငှက်က မျက်နှာမဲ့လိုက်ရင်း ပြောလိုက်တာပါ။
တန်ခိုးရှင်က ဇာမဏီငှက်ရဲ့ စွမ်းအားကို အံ့သြနေမိပါတယ်....မှော်သားရဲတိုင်း လူပုံပြောင်းတဲ့အခါ သူတို့ရဲ့ အစွမ်းတွေဟာ မူလအတိုင်းမရှိတော့ဘဲ လျော့ကျသွားတာကြောင့်ဖြစ်ပါတယ်။သို့ပေမယ့် ဇာမဏီငှက်ထုတ်လွှတ်ထားတဲ့ စွမ်းအားက သူ့ဘေးက နတ်တမန်တွေတောင် အသက်ရှုခက်ခဲနေရပါတယ်။
ဒါက ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ အစွမ်းမျိုးလဲ။ဇာမဏီငှက်သာ ငှက်ပုံပြောင်းလိုက်ရင် တန်ခိုးရှင်ဖြစ်သူ သူကိုယ်တိုင်တောင် ဇာမဏီငှက်ရဲ့ ပြိုင်ဖက် မဖြစ်နိုင်တော့ပါဘူး။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၂)
တန်ခိုးရှင်က ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။
"ဇာမဏီငှက်က စောင့်ရှောက်ကာကွယ်ပေးရမယ့် မိသားစုရဲ့ သွေးသားကို အခုလို သတ်ပစ်ဖို့ဆိုတာက လူတွေကြားလို့ အဆင်မပြေဘူးနော်"
"ငါက ဘာလို့ လူတွေအတွေးကို ဂရုစိုက်နေရမှာလဲ။ဒီမိန်းကလေးက ငါရွေးချယ်ထားသူကို စော်ကားပြောဆိုတယ်လေ အဲ့ဒီအတွက် ငါက သတ်ရမှာပဲ"
"ဇာမဏီငှက်က လူတွေတွေးတာထင်တာတွေကို ဂရုမစိုက်တာကို သိပြီးသားပါ။ဒါပေမယ့်လည်း ဒီကလေးက ဇာမဏီမိသားစုရဲ့ သွေးတွေစီးဆင်းနေတဲ့သူတစ်ယောက်ဖြစ်တယ်။အဲ့ဒီတော့ အရင်ကသခင်ဖြစ်ခဲ့သူရဲ့ မျိုးဆက်ကို ခင်ဗျားရဲ့ စိတ်နဲ့တောင်မှ သတ်ပစ်မယ်လို့တော့ ကျွန်တော်တော့ မထင်ပါဘူး ဟုတ်တယ်မလား"
သေချာတာပေါ့ နတ်ဘုံကလူတွေ တစ်ယောက်မှ လူကောင်းမဟုတ်တာ။အခုလို အမှန်တရားကြီးကို ထုတ်ဖော်ပြောရဲတာလည်း သူတို့ပဲရှိမယ်။ဇာမဏီငှက်က နှာခေါင်းရှုံ့လိုက်ပါတယ်။သူ့အနေနဲ့ သူနိုးလာကာစမှာပဲ နတ်ဘုံက တန်ခိုးရှင်ဖြစ်သူနဲ့ မတိုက်ခိုက်ချင်သေးပါဘူး။နတ်ဘုံကလူတွေကို သူမနှစ်သက်ပေမယ့် နတ်ဘုံက စွမ်းအားကြီးတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသေးတယ်။
"ဒီကလေးက ငယ်သေးတာကြောင့် ပြောသင့်မပြောသင့်တွေ မသိသေးတဲ့အတွက် ဇာမဏီငှက်အနေနဲ့ ဗွေမယူဖို့ ပြောလိုပါတယ်။ဘာပဲပြောပြော နှစ်ရာချီအိပ်စက်ရာကနေ အခုလို နိုးနိုးချင်းမှာ သွေးရဲသံရဲ ဖြစ်တာမကောင်းဘူးလေ။ဒီကောင်မလေးအတွက်ကတော့ ဇာမဏီမိသားစုခေါင်းဆောင်ကို အခွင့်သင့်တဲ့အခါ ဆုံးမဖို့ ပြောလိုက်ပါမယ်လေ"
ဇာမဏီငှက်လည်း ခဏတာစဉ်းစားနေလိုက်ပါတယ်။ထို့နောက် အခုလို အကောင်းအဆိုးမသိတဲ့ လူတွေအတွက် သတိပေးထားရမယ်လို့ တွေးလိုက်မိပါတယ်။
"တစ်ကယ်လို့ တစ်ယောက်ယောက်က သူမပြောသင့်တဲ့စကားကို ပြောတဲ့အကြောင်းသိရရင် အခုလိုမျိုး ညှာတာအလျှော့ပေးလိမ့်မယ်လို့ မထင်ကြနဲ့။ပါးစပ်မထိန်းနိုင်သူတွေကို လောကကြီးကနေ သူ့ပါးစပ်နဲ့အတူ ပျောက်ကွယ်သွားအောင်လုပ်ဖို့ ငါက ဝ်လေးနေမှာမဟုတ်ဘူး ကြားလား"
အဲ့ဒီနောက်မှာတော့ ဇာမဏီငှက်က သူ့လက်မောင်းနှစ်ဖက်ကို မာန်ပါပါချိတ်လျက်က ရှန်ယန်ရှောင်ကို ကြည့်လိုက်ပါတယ်။ထို့နောက် ဘဝင်လေဟပ်ပုံနဲ့ အနားကပ်သွားပါတယ်။
"မင်းရဲ့ သွေးတစ်စက်ကို ငါ့မျက်ခုံးနှစ်ခုကြားမှာ ချလိုက်ရင် မင်းဘဝတစ်လျှောက်လုံးအတွက် ငါက မင်းရဲ့ ဒဏ္ဍာရီသတ္တဝါဖြစ်ပြီပဲ"
သူ့အနေနဲ့ လူတွေနဲ့တွဲမနေချင်သော်လည်း ကတိက ကတိပဲလေ။ကံကောင်းတာက လူတွေက သက်တမ်းတိုတာကြောင့် အလွန်ဆုံးနှစ်တစ်ရာလောက်ပဲ သူအမှုထမ်းရမှာပါ။နောက်တစ်ခါဆိုရင်တော့ ဒီနေရာထက်ပိုချောင်ကျတဲ့ အလွယ်တစ်ကူ ရှာမတွေ့နိုင်တဲ့ နေရာကို သူရှာ်ဖွေအိပ်စက်မှဖြစ်မှာပါ ဒါမှသာ သူမတွေ့ချင်တဲ့ နတ်ဘုံကလူတွေကို မတွေ့ရမှာလေ။
ရှန်ယန်ရှောင်က သူမရှေ့က ဘဝင်မြင့်နေတဲ့ ငှက်လေးကို ကြည့်လိုက်ပါတယ်။အစကနေအဆုံးထိ ဒီငှက်စုတ်က သူမကို ရွံတဲ့ပုံနဲ့ကြည့်နေပေမယ့် သူမကို လုံးဝအထိမခံဘဲ အပြည့်အ၀ ကာကွယ်ပေးသွားတာက ရှန်စီယူလိုပါပဲ။သူမရင်ထဲမှာလည်း ဒီငှက်စုတ်အပေါ် မကျေနပ်မှုက နည်းနည်းလျော့သွားတာကိုတော့ ဝန်ခံရမှာပါ။
လူတိုင်းက ရှန်ယန်ရှောင်တစ်ယောက် ဇာမဏီငှက်ပြောတာကို နားရောလည်ပါ့မလားလို့ တွေးနေမိကာ ဇာမဏီမိသားစုနောင်ရေးအတွက် ရင်လေးနေမိပါတယ်။ရှန်ယိဖန်ကတော့ ရှန်ယန်ရှောင်သာ အလွဲအချော်လုပ်ပြီး ဇာမဏီငှက်ကို စော်ကားမိခဲ့ရင် သူအခွင့်အရေး ရနိုင်သေးတယ်လို့ တွေးမိလိုက်ပါတယ်။ရှန်ယိဖန်၊ရှန်ကျီယီနဲ့ရှန်ကျီဝေတို့သုံးယောက်ကတော့ ရှန်ယန်ရှောင်သာ အောင်မြင်သွားပြီး မိသားစုခေါင်းဆောင်အတွက် အရွေးခံလိုက်ရပါက သူတို့ကိုယ်သူတို့ မြစ်ထဲခုန်ချသတ်သေလိုက်တာက အကောင်းဆုံးဖြစ်လောက်တယ်လို့ တွေးနေမိကြပါတယ်။
ရှန်ယန်ရှောင်တစ်ယောက် မလုပ်နိုင်တော့ဘူးလို့ထင်နေချိန်မှာပဲ သူမက လက်ညှိုးကိုကိုက်ဖောက်ကာ ဇာမဏီငှက်ရဲ့မျက်ခုံးနှစ်ခုကြားကို တို့လိုက်ပါတယ်။လူတိုင်းက ဒီအရူးမက မထင်မှတ်ဘဲ မှန်ကန်စွာလုပ်သွားတာအတွက် အလန့်တကြားဖြစ်သွားကြပါတယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အနီရောင်အလင်းတန်းတွေက ဇာမဏီငှက်နဲ့ရှန်ယန်ရှောင်ကို ဖုံးသွားပါတယ်။
"ငါ ဇာမဏီငှက်က မင်းရဲ့တစ်ဘဝလုံးအတွက် မင်းနဲ့အတူ သေခြင်းရှင်ခြင်းတွေကို ရင်ဆိုင်သွားဖု့ိ ဆန္ဒပြုပါတယ်"
သူတို့အနေနဲ့ ဇာမဏီငှက်ရဲ့ ဒီတစ်ခေါက်နိုးထမှုမှာ ရှန်ယန်ရှောင်လို အရူးအအမက ဇာမဏီငှက်ကို ပိုင်ဆိုင်သွားမယ်လို့ မထင်ထားခဲ့မိကြပါဘူး။
အလင်းတန်းတွေ လျော့ပါးသွားတဲ့အခါ ဇာမဏီငှက်ရဲ့ မူလပုံကထွက်ပေါ်လာပါတယ်။အလွန်ကြီးမားကာ နီရဲပူပြင်းလှတဲ့ ငှက်ကြီးအဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။ငှက်ကြီးရဲ့ တောင်ပံတစ်ဖက်တစ်ချက်မှာ မီးတွေ တောက်လောင်နေပါသးတယ်။ထိုအတောင်ပံတွေက ကျယ်ဝန်းတဲ့ဂူကိုတောင် ပြည့်သွားပါတယ်။
ဒီငှက်ဟာ ဒဏ္ဍာရီလာဇာမဏီငှက်ဖြစ်ကာ မီးလျှံတို့ရဲ့ အရှင်ဖြစ်သလို မှော်သားရဲ သောင်းချီပြီး ထိန်းချုပ်စေခိုင်းသူလည်း ဖြစ်ပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၃)
ဇာမဏီငှက်အောက်မှာက သေးသွယ်တဲ့လူတစ်ယောက် မတ်တတ်ရပ်နေဆဲပါပဲ။
သေးငယ်တဲ့ သာမန်ရုပ်ရည်ရှိတဲ့ ရှန်ယန်ရှောင်ရဲ့ မျက်နှာမှာ တစ်ခုခုကွဲပြားနေပါတယ်။သူမ မျက်ခုံးနှစ်ခုအကြားမှာ အနီရောင် မီးတောက်ပုံလေးက ဆေးမင်ထိုးထားသလို ပေါ်ပေါက်နေပါတယ်။သက်ဝင်လှုပ်ရှားနေသလား ထင်မှတ်ရတဲ့ မီးတောက်ပုံက တောက်လောင်နေတဲ့ပုံပါ။
တန်ခိုးရှင်ဟာ မြင်ကွင်းထဲက ဖြစ်ရပ်တွေကို ကြည့်နေရင်း မျက်ဝန်းထဲမှာ အပြုံးရိပ်တစ်ခု ဖြတ်ပြေးသွားပါတယ်။
ရှန်ယန်ရှောင်နဲ့ဇာမဏီငှက်တို့ စာချုပ်ပြီးတဲ့အခါ ရှန်ယိဖန်ရဲ့ နှလုံးသားက သေဆုံးသွားသကဲ့သို့ အေးစက်မှောင်မိုက်နေပါတယ်။ခုနတုန်းက အဖြစ်အပျက်ကြောင့် သူ့ရင်က ခံစားရခက်နေတယ်ဆိုရင် အခုအချိန်မှာတော့ သူ့နှလုံးသားထဲက လက်မခံလိုမှုတွေက အရာရာတိုင်းကို မီးတောက်တစ်ခုလို ဝါးမြိုပစ်လိုက်နိုင်ပါပြီ။
ဒါက ဘယ်လောက် အားကိုးလောက်စရာ ကောင်းလိုက်တဲ့ အရာလဲကွာ အား။
ဇာမဏီငှက်ရဲ့ သွင်ပြင်က မှော်သားရဲအားလုံးကို နောက်ကောက်ချထားလိုက်နိုင်ပါတယ်။ဇာမဏီငှက်ရဲ့ ကြီးမားလှတဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ကြုံပြီးတဲ့ ရှန်ယိဖန်က နောင်တစ်ချိန်မှာ သူ့အတွက် မှော်သားရဲကို ဘယ်လိုများ ရှာဖွေတွေ့ရှိနိုင်ပါ့မလဲလို့ တွေးမိနေပါတယ်။
သူ ဘယ်လောက်ပြင်းထန်ခက်ခဲစွာ ရှာဖွေနေပါစေ ဇာမဏီငှက်ရဲ့ အပုံတစ်သောင်းပုံတစ်ပုံလောက်စွမ်းတဲ့ မှော်သားရဲကိုတောင် မတွေ့နိုင်တော့ပါဘူး။
လက်သင့်မခံချင်စရာကောင်းလိုက်တာကွာ လက်မခံချင်စရာကောင်းလိုက်တာဟေ့။
ရှန်ယိဖန်တစ်ယောက် ဘယ်လောက်ပဲ လက်မခံနိုင်ဘဲဖြစ်နေပါစေ ဒီနေ့အဖြစ်ကိုတော့ သူမပြောင်းလဲနိုင်ပါဘူး။ရှန်ကျီယီအဖြစ်ကို သင်ခန်းစာအဖြစ်မှတ်ယူကာ ဇာမဏီငှက်ရဲ့ သတိပေးချက်ကြောင့် ဘယ်သူမှ ရှန်ယန်ရှောင်ကို ရန်မစရဲတော့ပါဘူး။
သူကိုယ်တိုင်က ဇာမဏီမိသားစုရဲ့ အသန်မာဆုံးပါရမီရှင်တစ်ဦးဖြစ်ပြီး မိုးနတ်မင်းကြီးက ဘာလို့များ အခုလို ကျီစားချင်ရတာလဲ။
ထောင့်တစ်နေရာမှ ရှန်ကျီဝေကတော့ လက်မခံနိုင်တာထက် အကြောက်တရားက ပိုကြီးစိုးနေပါတယ်။
ခုနတုန်းက ဇာမဏီငှက်ဆိုတဲ့ မက်လုံးတစ်ခုက သူ့ကိုဆွဲဆောင်ထားသလို ရှန်ကျီယီလည်း ရှိနေခဲ့တာကြောင့် ဟိုနေ့က အဖြစ်အပျက်ကို သူမေ့နေခဲ့တာပါ။သို့ပေမယ့် အခုအချိန်မှာ ကြီးမားလှတဲ့ ဇာမဏီငှက်ရဲ့ အောက်မှာ ရပ်နေတဲ့ ကိုယ်လုံးပိုင်ရှင်ကို မြင်လိုက်တဲ့အခါ သူ့စိတ်အတွင်းမှာ မြှုပ်ထားခဲ့တဲ့ အကြောက်တရားက တစ်ဖန်ပြန်၍နိုးထလာပါတော့တယ်။
သူလန့်နေပါပြီ လန့်နေရတဲ့အကြောင်းက အခုရှန်ယန်ရှောင်က ဇာမဏီငှက်ရဲ့ သခင်ဖြစ်ပြီး အရင်တုန်းက ရှန်ယန်ရှောင်မဟုတ်တော့ပါဘူး။
သူတို့မောင်နှမနှစ်ယောက် ရှန်ယန်ရှောင်အပေါ်မှာ ဘယ်လိုတွေအနိုင်ကျင့်ခဲ့သလဲဆိုတာကို သူ့လောက် ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။သူ့ကို ရှန်ယန်ရှောင်က လက်စားပြန်ချေတဲ့အနေနဲ့ ဇာမဏီငှက်ကိုသာ အမိန့်ပေးခဲ့ရင် ဇာမဏီငှက်ရဲ့ စိတ်နဲ့ဆိုရင် သူသေဖို့များပါတယ်။
ရှန်ကျီေ၀ အော်ဟစ်ငိုကြွေးလိုက်ချင်မိပါပြီ။အခုလိုဖြစ်လာမယ်ဆိုတာသာ သိခဲ့ရင် သူ့ရဲ့သတ္တိက အခုရှိနေတာထက် အဆတစ်ရာပိုများခဲ့ရင်တောင် ရှန်ယန်ရှောင်ကို သူအနိုင်ကျင့်ခဲ့မိမှာ မဟုတ်ပါဘူး။ထပ်တွေးမိလိုက်တော့ သူပိုတောင်ထိတ်လန့်သွားရပါတယ်။သူ့အစ်မက ရှန်ယန်ရှောင်ကို အခုပဲ ဆဲဆိုထားတယ်လေ ဒါကိုသာ ဇာမဏီငှက်က မကျေနပ်သေးဘဲ သူ့အပေါ်မှာ ဒေါသတွေ ပုံချလိုက်ရင်.......
ဒီအချိန်မှာတော့ ရှန်ကျီဝေက သူ့ကို ဘယ်သူမှ သတိမထားမိစေဖို့ပဲ လုံ့လပြုနေပါတော့တယ်။ဘာပဲဖြစ်ဖြစ်သူ့ကို ရှန်ယန်ရှောင်တွေ့မသွားဖို့ သတိမပြုမိဖို့ပဲ အရေးကြီးတယ်လေ။
သူက ငယ်ငယ်လေးပဲရှိသေးတာကြောင့် မသေချင်သေးပါဘူး။
.........................................................................................................................................................................................................
ရှန်ကျီဝေက အလကားပူပန်နေတာကို တွေ့ရပါတယ်။
ဇာမဏီငှက်နဲ့ စာချုပ်ပြီးတာနဲ့တစ်ပြိုင်တည်းမှာ သူမဆီမှာ တစ်ခုခု ပြောင်းလဲသွားတာကို ခံစားမိလိုက်ပါတယ်။အဲ့ဒါက ဇာမဏီငှက်ရဲ့ စိတ်နဲ့ချိတ်ဆက်မိသွားတာကြောင့်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ဒီငှက်စုတ်လေးက ပါးစပ်ဟပြိးမပြောရင်တောင် သူမက အဲ့ငှက်ဘာတွေးနေလဲဆိုတာကို သိနိုင်ပါပြီ။
သူမခေါင်းကိုမော့လိုက်ကာ သူမခေါင်းအပေါ်မှာ ပျံဝဲနေတဲ့ ကြီးမားလှတဲ့ ငှက်ကြီးကို ကြည့်လိုက်ပြီးတော့ သူမတောက်ပစွာပြုံးလိုက်ပါတော့တယ်။သူမမှာ ဇာမဏီငှက်ရှိပြီဆိုတော့ သူမမလုပ်နိုင်တာတွေကို ငှက်အားကိုးနဲ့ လုပ်လို့ရပါပြီ။
"လူသား မင်းနာမည်ကို ငါ့ကိုပြောစမ်း"
လူသားပုံပြောင်းလဲထားတုန်းကလို ကလေးသံမဟုတ်တော့ဘဲ အရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ အသံက သူမစိတ်ထဲမှာ ကြားလိုက်ရပါတယ်။
"ရှန်ယန်ရှောင်"
"ဒီနေ့ကစပြီး မင်းကို ငါကာကွယ်ပေးသွားမှာဖြစ်လို့ ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရတော့ဘူး"
ဇာမဏီငှက်က သူ့ရဲ့သခင်အသစ်အတွက် တွေးမိထားတာတွေရှိပါတယ်။ရှန်ကျီယီက သူမကို ဆဲဆိုကြိမ်းမောင်းတုန်းက ဘာမှပြန်မပြောတာက ကြောက်နေလို့လို့ သူက ယူဆထားတာကြောင့် သူမကို ဘယ်သူမှနောက်ထပ် အနိုင်မကျင့်စေရတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။အရင်တုန်းက သူမဘယ်လိုပဲနေထိုင်ခဲ့ပါစေ အခုကစလို့ သူနဲ့ထိုက်တန်တဲ့ သခင်ဖြစ်အောင် ပြုပြင်ပေးရမယ်ဆိုတာကိုလည်း ဆုံးဖြတ်ထားပါသေးတယ်။
ရှန်ယန်ရှောင် ပါးစပ်မဟနိုင်ခင်မှာပဲ တစ်ခြားအသံတစ်သံက သူမစိတ်ထဲမှာ ထွက်ပေါ်လာပြန်ပါတယ်။
"ငှက်ကလေး မင်းအဆင့်လောက်နဲ့ သူများကို ကာကွယ်ပေးချင်သေးတယ်လား"
ဘာမှသတိမပေးဘဲနဲ့ ရှူကထုတ်ပြောလာပါတယ်။
"မင်းက..."သူနဲ့ရင်းနှီးနေတဲ့ အသံက သူ့သခင်ဖြစ်သူရဲ့စိတ်ထဲကနေ ထွက်ပေါ်လာတာကြောင့် ဇာမဏီငှက်လည်း အံ့အားသင့်သွားပါတယ်။
ဒီအသံကို သူရင်းနှီးနေသော်လည်း ဘယ်တုန်းက ကြားဖူးမှန်းကို အဖြေရှာမရဘူး ဖြစ်နေပါတော့တယ်။