အခန်း (၆၄-၆၆)
Vol. 5 Ch. 64-66
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၄)
"ငါ ဘယ်သူလဲဆိုတာက အရေးမကြီးပါဘူးလေ...မင်းသိထားရမှာက ဒီတစ်ခါမင်း လူရွေးတာမမှားဘူးဆိုတာကိုပဲ"
ရှူရဲ့ အေးစက်မြဲဖြစ်တဲ့အသံက ထွက်လာပါတယ်။
ဇာမဏီငှက်က မကျေမနပ်ဖြစ်သွားပါတယ်။ဘာလို့ဒီအသံရှင်က သူ့သခင်ရဲ့ကိုယ်ထဲကို ရောက်နေရတာလဲ ဘာလာလုပ်တာလဲ အဲ့လူက။
"ဘယ်လိုလူမျိုးက ကိုယ့်အကြောင်းကို မဖော်ပြရဲမှာလဲ.....ရှက်စရာကောင်းလွန်းလို့များလား"
ဒီ သူအသစ်ရွေးချယ်ထားတဲ့ သခင်ကို ဘယ်လို ပြဿနာမျိုးမှ ဖြစ်သွားမှာကို သူ မလိုလားပါဘူး။
"ဟီးဟီး မင်းကတော့ သေချင်ပြီထင်တယ်"
ရှူရဲ့အသံက အေးခဲမတတ်လေသံနဲ့ ထွက်လာပြန်ပါတယ်။
"ရှင်တို့အားလုံး မလွန်ခင် ရပ်လိုက်သင့်ပြီနော်"
အသံနှစ်ခုက သူမစိတ်ထဲမှာ တိုက်ခိုက်ပြောဆိုနေကြကာ သူတို့တွေက သူမကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မသတ်မှတ်ထားကြပဲ ပိုင်ရှင်ဖြစ်တဲ့သူမကို ဂရုမစိုက်ဘဲပြောနေကြတယ်လေ။
ရှန်ယန်ရှောင်ဟာ မာနကြီးအေးစက်စက်ပုံနဲ့ ရှူက သူမကို ကူညီပေးနေတာနဲ့တင် စိတ်ရှုပ်လှပါပြီ။
အခုကျတော့ တစ်လောကလုံးမှာ ပြိုင်စံရှားလို့ သူ့ဖာသူတွေးထင်နေတဲ့ ဇာမဏီငှက်က ရောက်လာပြီး သူတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက်က သူမစိတ်ထဲမှာ စကားစစ်ပွဲ ဆင်နွှဲနေတာက သူမကို သေချင်စိတ်ဖြစ်ပေါ်စေတယ်လေ။
"ရှင်တို့အကုန်လုံး သေချာနားထောင်ကြ။ရှင်တို့ဘယ်လောက်ပဲ စွမ်းစွမ်း အခု ကျွန်မရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်နေကြပြီဖြစ်လို့ လိမ်လိမ်မာမာနေတာ အကောင်းဆုံးပဲ။မဟုတ်ရင် ဒီကသခင်မလေးက ကိုယ့်ကိုယ်ကိုယ်သတ်သေပစ်လိုက်ပြီး ရှင်တို့နှစ်ယောက်လုံး ဘာမှမတတ်နိုင်ဘဲ ကြည့်နေရအောင်လုပ်လိုက်မှာနော်"
ရှန်ယန်ရှောင်က ရုတ်တရက်လှည့်ထွက်သွားလိုက်ပြီး နှစ်ယောက်စကားစစ်ထိုးနေတာကို လျစ်လျူရှုလိုက်ပါတော့တယ်။မဟုတ်ရင် သူမ ရူးသွားနိုင်လို့ပဲ။ဘယ်လိုလူက သူတို့စိတ်ထဲဖြစ်နေတဲ့ စကားစစ်ပွဲကြီးကို သည်းခံနိုင်မှာမို့လို့လဲ။
"မင်းလို လူသားတစ်ယောက်က ငါ့ကို ခြိမ်းခြောက်ရဲတယ်လား"
စိတ်မကြည်ဖြစ်နေတဲ့ ဇာမဏီငှက်ဟာ ရွေးစရာမရှိလို့ လေးယောက်ထဲကနေ ရွေးကာ သူ့သခင်အဖြစ်သတ်မှတ်သဘောတူထားပေမယ့် ဒါက သူလုံးဝမတတ်နိုင်လို့ လုပ်ခဲ့ရတာလေ။ရှန်ယန်ရှောင်မှာ သူကျေနပ်စွာ အရှုံးပေးလက်ခံနိုင်မယ့် ဘာအစွမ်ူးမှ မရှိပါဘူး။
"ဟဲ ဟဲ မယုံရင် စမ်းကြည့်လိုက်လေ။ကျွန်မက ရှင့်လို တော်ဝင်ဒဏ္ဍာရီသတ္တဝါနဲ့ စာချုပ်ပြီးကာစမှာပဲ သေသွားတယ်ဆိုရင် မှော်သားရဲအသိုင်းအဝိုင်းထဲမှာ မြင့်မြတ်လှတဲ့ ဇာမဏီငှက်ကြီးက ဘယ်လိုမျက်နှာနဲ့ နေထိုင်မလဲလို့ သိချင်မိပါသေးတယ်"
ခြိမ်းခြောက်တာ။ရှန်ယန်ရှောင်က အဲ့ငှက်စုတ်ကို ရိုက်ပုတ်ချင်မိနေတာ ကြာပြီနော်။
သူမက ဇာမဏီငှက်ရဲ့ စိတ်ကို အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။ဒဏ္ဍာရီသတ္တဝါတွေက သူတို့ရဲ့ သိက္ခာကိုယ်ကျင့်တရားကို သူတို့အသက်ထက်တန်ဖိုးထားတဲ့ မာနကြီး ဘဝင်မြင့်သူတွေဖြစ်ပါတယ်။မဟုတ်ရင် စကားတစ်ခွန်းအတွက်နဲပ နှစ်ရာချီကြာအောင် မိသားစုတစ်စုကို ဘာလို့စောင့်ရှောက်ပေးနေမှာလဲ။
သူမစိတ်ထဲလည်း သိချင်နေမိပါတယ်။ဇာမဏီငှက်နဲ့ ဇာမဏီမိသားစုရဲ့ ပထမမျိုးဆက်တို့ ဘယ်လိုများ သဘောတူညီချက်လုပ်ထားခဲ့သလဲဆိုတာကိုပါ။
"မင်း"
ဇာမဏီငှက် ချောင်းဆိုးလုမတတ်ဖြစ်သွားပါတယ်။
ပထမတန်း ဒဏ္ဍာရီသတ္တဝါတစ်ကောင်ဖြစ်လို့ သူက သူ့ကိုယ်သူယုံကြည်နေတာတစ်ခုကတော့ သူထမ်းဆောင်တဲ့ သခင်တိုင်းဟာ အသက်အရွယ်ကြောင့်ပဲ အိုမင်းကာ သေဆုံးရမယ်ဆိုတာကိုပေါ့။ဘယ်သူမှ အသတ်ခံရလို့ သေတယ်ဆိုတာမရှိခဲ့ပါဘူး။
သခင်ဖြစ်သူကို သူတို့တစ်ဘဝလုံးအတွက် ကာကွယ်စောင့်ရှောက်ပေးနိုင်တယ်ဆိုတာက ဒဏ္ဍာရီသတ္တဝါတွေရဲ့ ဂုဏ်သိက္ခာတစ်ခုပါပဲ။သူ့အနေနဲ့ လူသားသခင်တစ်ယောက်ကိုတောင် မစောင့်ရှောက်ပေးနိုင်ခဲ့ဘူးဆိုရင် တစ်ခြားဒဏ္ဍာရီသတ္တဝါတွေကြားမှာ သူကဘယ်လိုလုပ်မျက်နှာပြရဲတော့မှာလဲ ရှက်စရာကောင်းလွန်းလှတယ်လေ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၅)
ပြောရမယ်ဆိုရင် သူမရဲ့အရင်ဘဝမှာ အတွေ့အကြုံပေါင်းများစွာ ရရှိခဲ့တာကြောင့် ရှန်ယန်ရှောင်အနေနဲ့ ဇာမဏီငှက်လို အကောင်မျိုးလောက်ကို အေးဆေးကိုင်တွယ်နိုင်ပါတယ်။
နောက်တစ်ယောက်ဖြစ်သူ ရှူကတော့ စကားထပ်မဟတော့ပါဘူး။
ရှန်ယန်ရှောင်ရဲ့ စကားသံဆုံးတာနဲ့ ရှူက ဒီကောင်စုတ်မလေးရဲ့ အကြံအစီကို ခန့်မှန်းနိုင်လိုက်ပါတယ်။သူမနဲ့ အချိန်တစ်ခုကြာအောင် လက်တွဲခဲ့ပြီးတဲ့အခါမှာတော့ သူ့မဟာမိတ်အကြောင်းကို အနဲနဲ့အများတော့ သိပြီးပါပြီ။သူ့မဟာမိတ်ဟာ လုံးဝကို လည်ဝယ်လှည့်ဖျားတတ်တဲ့ မြေခွေးလေးပါပဲ။မိမိအသက်ကို မြတ်နိုးတန်ဖိုးထားကြတာက လူတိုင်းအတွက်ပါပဲ...ဒါကြောင့် သူမကို ထိရဲတဲ့လူအတွက် သူမက အဆတစ်ရာ ပြန်ပေးဆပ်အောင် လုပ်မှာပါပဲ။
သူမကို သတ်သေခွင့်ပေးလိုက်တဲ့လား။
သူမက လူတွေကို လိုက်သတ်တာကမှ ပို ယုတ္တိရှိဦးမယ်။
သူမက မာနကြီး ဘဝင်မြင့်တဲ့ ဇာမဏီငှက်ကို လိမ်လည်ခြိမ်းခြောက်လိုက်တာပါ။သနားစရာ ဇာမဏီငှက်ကတော့ သူ့သခင်အသစ်လေးရဲ့ စိတ်နေစိတ်ထားကို နားမလည်သေးရှာပါဘူး။ရလာဒ်ကတော့ တွေ့တဲ့အတိုင်းပါပဲ။
ပြဿနာကောင်နှစ်ယောက်ကတော့ ရှန်ယန်ရှောင်ရဲ့ ခြိမ်းခြောက်မှုအောက်မှာ လုံးဝငြိမ်ကျသွားပါပြီ။သူမစိတ်ထဲမှာ တိတ်ဆိတ်ငြိမ်သက်သွားတဲ့အခါမှာ ဂူထဲကလူတွေကို မျက်လုံးဝေ့ကြည့်လိုက်ပါတယ်။
သူတို့က စိတ်ထဲမှာလွန်ဆွဲနေတဲ့အမူအယာတွေဖြစ်နေကာ ရှန်ယန်ရှောင်ရဲ့ အောင်မြင်သွားမှုကို တိုက်ဆိုင်မှုတစ်ခုလို့ ယူဆနေကြပါတယ်။သူတို့ခေါင်းထဲက အတွေးတွေကို ဖြေရှင်းပြီးတဲ့အခါမှာတော့ ရှန်ယိဖန်တို့က သူမကို ထူးဆန်းတဲ့ အမူအယာနဲ့ ကြည့်နေကြပါတယ်။
သူတို့ဟာ ရှန်ယန်ရှောင်ကို နောက်တက်မယ့် မိသားစုခေါင်းဆောင်အဖြစ် ဆက်ဆံပေးရမလား အရင်လို အရူးမတစ်ယောက်အဖြစ်ပဲ ဆက်ဆံရမလားဆိုတာကို ဝေခွဲရခက်နေကြပါတယ်။
ဇာမဏီငှက်ရှေ့မှာ ဘယ်သူမှ ကလန်ကဆန်မလုပ်ရဲကြပေမယ့် ရှန်ယန်ရှောင်က အရူးမတစ်ယောက်လေ။ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး မိသားစုခေါင်းဆောင်ဖြစ်နိုင်မှာလဲ။
လူတိုင်းရဲ့စိတ်ထဲမှာ ရှုပ်ထွေးနေကြသော်လည်း ဇာမဏီငှက်ရှိနေတာကြောင့် ဘယ်သူမှ သေလမ်းကို မရွေးချယ်ချင်ကြပါဘူး။
"ဂုဏ်ယူပါတယ်ကွာ"
ရှန်ကျီယီကို ဇာမဏီမိသားစုရဲ့ အစောင့်တွေဆီ ပေးပြီးတဲ့နောက်မှာ တန်ခိုးရှင်က ရှန်ယန်ရှောင်ရဲ့ရှေ့ထိ လျှောက်လာပါတယ်။ဇာမဏီငှက်က သူ့ပါးစပ်ကနေဖွင့်ဟပြောဆိုပြီး ရှန်ယန်ရှောင်နဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့အခါ စကားစပြောသူဆိုလို့ တစ်ဂူလုံးမှာ တန်ခိုးရှင်တစ်ယောက်ပဲ ရှိပါတယ်။သူ့ရဲ့ ချောမောတဲ့မျက်နှာပေါ်မှာက မပြောင်းလဲတဲ့ အပြုံးတစ်ပွင့်က ရှိနေမြဲဖြစ်ပြီး လူတိုင်းက မငြင်းဆန်နိုင်လောက်တဲ့ ဟန်ပန်မျိုးနဲ့ဖြစ်ပါတယ်။
"တန်ခိုးရှင်ကို ကျေးဇူးတင်ပါတယ်ရှင့်"
ရှန်ယန်ရှောင်ရဲ့ အပြုံးက ပန်းလေးဖူးပွင့်သလို ဖူးပွင့်နေကာ တန်ခိုးရှင်ကို ရိုသေလေးစားတဲ့ အမူအယာနဲ့ ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ဘာပဲဖြစ်နေပါစေလေ ဇာမဏီငှက်ကို ရရှိအောင်ကူညီပေးတဲ့နေရာမှာ တန်ခိုးရှင်က အဓိကနေရာက ပါဝင်နေပါတယ်။
သို့သော်လည်းလေ သူမရဲ့ ယခုလို ရိုးရှင်းလှတဲ့ ကျေးဇူးတင်စကားတစ်ခွန်းက ဂူထဲမှာရှိနေတဲ့ ဇာမဏီမိသားစုဝင်တွေကို တုန်လှုပ်အံ့သြသွားစေပြီး ပါးစပ်အဟောင်းသားတွေ ဖြစ်သွားစေခဲ့ကာ ပါးစပ်နဲ့လေစုပ်လိုက်သံတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
သူတို့က ရှန်ယန်ရှောင်ရဲ့ တောက်ပကြည်လင်နေတဲ့ မျက်ဝန်းတွေကို တစ်ပြိုင်တည်းကြည့်လိုက်မိကြကာ မယုံနိုင်ဘူးဖြစ်နေကြပါတယ်။သူတို့မျက်လုံးတွေကို လက်နဲ့ ထပ်ကာတလဲလဲ ပွတ်နေမိကြပါတော့တယ်။
ကောင်မလေးရဲ့ မျက်နှာပေါ်ကထွက်ပေါ်နေတဲ့ အောင်ပွဲခံတဲ့ အပြုံးနဲ့ သူမရဲ့မျက်လုံးတွေမှာ အရင်ကလို ထုံထိုင်းတဲ့အသွင်မရှိတော့ဘဲ ပြောင်းလဲသွားပါပြီ။သူမပြောလိုက်တဲ့ကျေးဇူးတင်စကားနဲ့ အရိုအသေပေးတဲ့အမူအယာတွေက စနစ်တကျရှိကာ လေယူလေသိမ်းကလည်း ပျိုမြစ်စွာ ထွက်လာပါတယ်။
သူတို့ရှေ့က ကောင်မလေးဟာ လုံးဝကို ပုံမှန်ကလေးတစ်ယောက်လို ဖြစ်နေပြီး အရင်တုန်းကလို ကြောင်အအထုံထိုင်းထိုင်းမဟုတ်တော့ပါဘူးလေ။
လူတိုင်းက သူတို့အထင်မှားအမြင်မှားများ ဖြစ်နေတာလားလို့ သံသယဝင်နေကြရခြင်းက ဆယ့်သုံးနှစ်လုံးလုံး ဇာမဏီမိသားစုအတွင်းမှာ ရူးအအပေါကြောင်ကြောင်ဖြစ်ခဲ့တဲ့ ရှန်ယန်ရှောင်က အခုလိုမျိုး ရုတ်တရက်ကြီး လူကောင်းတစ်ယောက်လို ဖြစ်သွားတဲ့အတွက်ပါပဲ။
တန်ခိုးရှင်တောင် အံ့အားသင့်သွားတဲ့ အမူအယာဖြစ်သွားကာ ချက်ခြင်းမဖုံးကွယ်လိုက်နိုင်ပါဘူး။သူက အရင်ကလိုမဟုတ်တော့ဘဲ လုံးဝပြောင်းလဲသွားတဲ့ သူ့ရှေ့ကကောင်မလေးကို အံ့အားသင့်စွာ ကြည့်လိုက်ပါတယ်။အရင်တည်းက ရှန်ယန်ရှောင်သာ သူ့ရှေ့မှာပဲ ရှိမနေခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက်နဲ့ လူစားလဲလိုက်တာလို့ သူတွေးမိမှာပါ။
ဘယ်လိုဖြစ်ပြီးတော့များ လူတိုင်းက လှောင်ပြောင်ခဲ့တဲ့ အရူးအအမလေးက လူကောင်းတစ်ယောက်လိုမျိုး အသိရှိလာရတာလဲ မျက်တောင်တစ်ခတ်အချိန်အတွင်းမှာလေ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၆)
ရှန်ယန်ရှောင် ယဲ့ယဲ့လေး ပြုံးလိုက်မိပါတယ်။ဘာလုပ်ရမှန်းမသိတာကြောင့် နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီးမှ သူမ တန်ခိုးရှင်ကို ပြောလိုက်ပါတယ်။
"ကျွန်မက တန်ခိုးရှင်ကို ထိတ်လန့်သွားစေမိပြီလားမသိဘူးနော်။ကျွန်မကိုယ်တိုင်လည်း ဘာဖြစ်မှန်းမသိတော့ ဘယ်လိုပြောရမယ်မှန်းကို မတွေးတတ်တော့ပါဘူး။အခုလေးတင် ဇာမဏီငှက်နဲ့ စာချုပ်ပြီးတာနဲ့ ကျွန်မခေါင်းထဲမှာ ကြည်လင်သွားပြီးအခုလို ဖြစ်လာတာပါ။ကျွန်မအရင်က အရူးတစ်ယောက်ဖြစ်ခဲ့တာကိုတော့ မှတ်မိပေမယ့် ဘယ်လိုဖြစ်ပြီး အခုလို ပြန်ကောင်းလာတာလဲကိုတော့ မတွေးတတ်ပါဘူးရှင်"
သူမက ထိတ်လန့်နေပုံနဲ့ သူမရဲ့ အဝတ်စတွေကို လိမ်လည်ဆုပ်ကိုင်နေတာကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိတော့တဲ့ ရိုးသားတဲ့မိန်းကလေးတစ်ယောက်ဟန် ပေါက်နေပါတယ်။
တန်ခိုးရှင်က သူ့မျက်နှာပေါ်မှာရှိတဲ့ အံ့အားသင့်ဟန်ကို ဖျောက်လိုက်ပေမယ့် စိတ်ထဲမှာတော့ ဒီလို အဖြစ်ဆန်းကို စဉ်းစားတွေးတောနေမိပါတယ်။
သူ့အနေနဲ့ ရှန်ယန်ရှောင်ရဲ့ အသိဉာဏ်ချို့ယွင်းချက် အကြောင်းကို ပြည့်ပြည့်၀၀ နားလည်သဘောပေါက်ထားပါတယ်။လူတစ်ယောက်က သူ့ကို ရှန်ယန်ရှောင်ရဲ့ အခြေအနေအကြောင်းကို နှစ်အနည်းငယ်အတွင်းမှာ အကြိမ်ပေါင်းများစွာ မေးမြန်းစုံစမ်းခဲ့တာကြောင့် ရှန်ယန်ရှောင်ရဲ့ ဉာဏ်ရည်ချို့တဲ့မှုက ပြန်ကောင်းအောင် လုပ်ပေးလို့ မရနိုင်တော့တာကို သိထားပါတယ်။သို့သော်လည်း အခုမှာတော့ ရှန်ယန်ရှောင်က ပြန်ကောင်းမွန်သွားပါပြီ။
ဒါက ဇာမဏီငှက်ကြောင့် ဖြစ်ရတာများလား။
ဒီကမ္ဘာမှာ ဒဏ္ဍာရီသတ္တဝါတွေ ပေါ်မလာတာ နှစ်တစ်ရာရှိပြီဖြစ်ပါတယ်။ဒဏ္ဍာရီသတ္တဝါတွေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်မှန်သမျှကိုလည်း ဘယ်မိသားစုမျှ မသိရှိနားမလည်ကြတော့ပါဘူး။နတ်ဘုံမှာ ဒဏ္ဍာရီသတ္တဝါတွေရဲ့ အောကာင်းကို စုစည်းထားတာရှိပေမယ့်လည်း အပြည့်အစုံတော့ မဟုတ်ပါဘူး။တန်ခိုးရှင်အနေနဲ့ ရှန်ယန်ရှောင် ကောင်းမွန်လာတာကို ဇာမဏီငှက်ရဲ့ လုပ်ဆောင်ချက်လို့ပဲ သတ်မှတ်ရတော့မှာပါ။
"သိပ်ကောင်းတာပဲ အခုလိုဖြစ်တာ လုံး၀၀မ်းသာစရာပဲ။မင်းမိသားစုတွေ အရမ်းပျော်နေမယ်ဆိုတာကို ငါသေချာပေါက်ပြောရဲတယ်ဟေ့"
တန်ခိုးရှင်က ရှန်ယန်ရှောင်ခေါင်းကို ပွတ်သပ်ချင်တာကြောင့် လက်ကို ညင်သာစွာ မတင်လိုက်ပါတယ်။
ဒါပေမယ့်လည်း မီးတောက်အချို့က သူ့လက်ဝါးဆီကို ကြမ်းတမ်းစွာပြေးဝင်လာပါတယ်။
မီးတန်းနဲ့အတူ ကြီးမားလှတဲ့ ဇာမဏီငှက်ဟာ သူ့ရဲ့ မူလအကောင်ပုံစံကနေ သုံးလေးနှစ်သားအရွယ် ကောင်လေးတစ်ယောက်အဖြစ် ပြန်လည် ပြောင်းလဲလိုက်ပါတယ်။
"လက်မကမြင်းချင်ပါနဲ့လေ"
နှာခေါင်းရှုံ့ရင်းနဲ့ ဇာမဏီငှက်က ပြောလိုက်တာပါ။
သူက လူသားတွေကို သဘောမကျပါဘူး။သခင်အသစ်လက်ခံရခြင်းကိုက သူ့အတွက်အလွန်ခက်ခဲလွန်းနေပြီး တစ်ခြားလူတစ်ယောက်ရဲ့ အနံ့အသက်ကို သူ့သခင်ကိုယ်ပေါ်မှာ ရှိမနေစေချင်ပါဘူး။
ရယ်မောလိုက်ရင်း တန်ခိုးရှင်က သူ့လက်ကို ပြန်ရုတ်လိုက်ပါတော့တယ်။
တန်ခိုးရှင်နဲ့ရှန်ယန်ရှောင်တို့ ပြောနေကြတာတွေကို ဇာမဏီမိသားစုဝင်အားလုံး တစ်လုံးမကျန်ကြားသိလိုက်ပြီးပါပြီ။
ရှန်ယိဖန်က ပြင်းထန်ကြီးမားလှတဲ့ တိုက်ခိုက်မှုကို ခံလိုက်ရသလို သတိမေ့လုမတတ်ဖြစ်သွားရပါတယ်။
ဇာမဏီမိသားစုရဲ့ ဂုဏ်ပျက်စေသူက မမျှော်လင့်ဘဲ ဉာဏ်ကောင်းလာပြီလေ။
ရှန်ယန်ရှောင်ဘေးမှာ ရပ်နေတဲ့ ဇာမဏီငှက်ကို ကြည့်ပြီး ရှန်ယိဖန်ရဲ့နှလုံးသားမှာ နာကျင်သွားရပါတယ်။
သူက အတွင်းအားရော မှော်ပါ မလေ့ကျင့်နိုင်တဲ့ ရူးနေသူ ရှန်ယန်ရှောင်ကို မိသားစုခေါင်းဆောင်နေရာအတွက် ပြိုင်ဖက်တစ်ယောက်လို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။သူမမှာ အားကိုးစရာမိဘတွေမရှိတော့သလို ရှန်ဖန်ရဲ့ အလေးပေးမှုကိုလည်း မခံခဲ့ရပါဘူး။သူ့စိတ်ထဲမှာ ရှန်ယန်ရှောင်ကို ကိုင်တွယ်ရှင်းလင်းဖို့ တစ်ခါမှ မတွေးခဲ့မိပါဘူး။ရှန်ယန်ရှောင်ကို အမြဲတမ်းအနိုင်ကျင့်နေကြဖြစ်တဲ့ မောင်နှမနှစ်ယောက်တောင် ရှန်ယန်ရှောင်ကို ပြိုင်ဖက်တစ်ယောက်လို့ တွေးပြီး လုပ်ခဲ့ကြတာမဟုတ်ဘဲ အပျော်သက်သက်လုပ်ခဲ့ကြတာြစ်ပါတယ်။
ဒါပေမယ့် ဘယ်သူမှ မထင်ထားခဲ့တဲ့ အရူးအအ တစ်ယောက်က တစ်နေ့တည်းနဲ့ အခုလိုမျိုး အပြောင်းလဲကြီးပြောင်းလဲသွားမယ်လို့ ဘယ်သူကသိခဲ့မှာလဲ။
ပထမဆုံးအနေနဲ့ သူမက ဇာမဏီငှက်ရဲ့ ချီးမြှောက်မှုကိုခံခဲ့ရပြီး ဇာမဏီငှက်ရဲ့ စွမ်းအားကြောင့် လူကောင်းတစ်ယောက်ပြန်ဖြစ်သွားတယ်လေ။
အဲ့ဒါကြောင့် ဇာမဏီမိသားစုရဲ့ အသုံးမကျဆုံး တပည့်သားမြေးအဖြစ်ကနေ မိသားစုခေါင်းဆောင်ရာထူးကို ဆက်ခံရမယ့် အရေးပါဆုံးလူတစ်ယောက်အဖြစ် တစ်ခါတည်းနဲ့ ခုန်ကျော်ရရှိသွားပြီပဲ ဖြစ်ပါတယ်။
ရှန်ဖန်ရဲ့ ဇာမဏီငှက်အပေါ်မှာ အရေးထားမှုနဲ့ သတင်းထွက်ပေါ်နေတဲ့ 'ဇာမဏီငှက်ကို ရယူပြီး မိသားစုခေါင်းဆောင်ဖြစ်လာပါ'ဆိုတဲ့ ကောလာဟလစကားကို ပြန်ကြားယောင်ရင်း မအေးဘဲနဲ့ ရှန်ယိဖန်တစ်ယောက် ကြက်သီးထကာ စိမ့်ကနဲ့ဖြစ်သွားပါတော့တယ်။
ရှန်ဖန်က ရှန်ယန်ရှောင်ကို မနှစ်သက်ဘူးဆိုသော်လည်း သူမက လူကောင်းပြန်ဖြစ်နေပြီး ဇာမဏီငှက်ကိုပါ ပိုင်ဆိုင်ထားတယ်လေ။ရှန်ဖန်က ဇာမဏီမိသားစုအတွက် သူမကို သေချာပေါက်အရေးပေးတော့မှာပါ နောက်ပြီး သူမကို အရေးပေးတဲ့လူက် ရှန်ဖန်အပြင်နောက်တစ်ယောက်ရှိပါသေးတယ်....သူကတော့ ရှန်စီယူပါပဲ။
ရှန်စီယူက ရှန်ယန်ရှောင်ကို အရေးပေးဆက်ဆံလွန်းလို့ ရှန်ကျီယီကတောင် မကျေမနပ်ဖြစ်ပါသေးတယ်။
ဇာမဏီမိသားစုကြီး တစ်ကယ်ပဲ ပြောင်းလဲမှုတွေ ဖြစ်တော့မှာလား။