အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၇)
ဇာမဏီမိသားစုအိမ်တော်ရဲ့ အတွင်းခန်းမဆောင်ထဲက မိသားစုဝင်အားလုံးဟာ အာရုံစူးစိုက်နေကြပါတယ်။အဓိကထိုင်ခုံနေရာမှာ ထိုင်နေတဲ့ လူရဲ့ ခန့်ညားတဲ့မျက်နှာမှာ အနည်းငယ် စိုးရိမ်ဟန်စွက်နေပါတယ်။
"မြို့ဝင်တံခါးတွေကို စေလွှတ်ထားတဲ့လူတွေဆီက ဘာသတင်းရလဲ။သူတို့က ပြန်လာတဲ့ ဝေါယာဉ်တန်းတွေကို အခုထိ အရိပ်ယောင်လေးတောင် မတွေ့သေးဘူးတဲ့လား"
ရှန်ဖန်က မျက်ခုံးပင့်လိုက်ပြီး သူ့နားမှာ ရပ်နေတဲ့ ရှန်လင်းကို မေးလိုက်တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်တည်းက နတ်ဘုံကစေလွှတ်ခဲ့တဲ့ ဆက်သားဆီကနေ ချော်ရည်တောင်ကြားကို သွားတဲ့အဖွဲ့က ပြန်လာနေပြီဆိုတာကို သိခဲ့ရပါတယ်။ဒီလိုရင်း သတင်းကလွဲရင် ဘာစကားမှ နတ်တမန်ဆီက ထပ်မကြားရတော့ပါဘူး။ဒီနှစ်ရက်အတွင်းမှာ ဇာမဏီမျိုးနွယ်စုတစ်စုလုံး နေမထိထိုင်မသာဖြစ်ပြီး ယောက်ယက်ခက်နေကြရပါတယ်။
လူတိုင်းသိထားတာကတော့ တန်ခိုးရှင်ကသာ ဇာမဏီငှက်နိုးထလာအောင် လုပ်နိုင်ခဲ့ရင် လိုက်ပါသွားတဲ့ လူငယ်လေးယောက်ထဲက တစ်ယောက်က ဇာမဏီငှက်ကို ပိုင်ဆိုင်ခွင့်ရလာမှာဖြစ်ကြောင်းကိုပါ။
အခုအချိန်အထိ တန်ခိုးရှင်က ဇာမဏီငှက်ကို နိုးထစေခဲ့သလား မနိုးထစေနိုင်ဘူးလားဆိုတာကို မသိရသေးလို့ ဆောက်တည်ရာမရဖြစ်နေကြတာလည်း ဖြစ်ပါတယ်။
ဇာမဏီငှက်က အိပ်စက်အနားယူတာဟာ နှစ်တစ်ရာကျော်ပြီဖြစ်လို့ ဘယ်သူမှ ရာနှုန်းပြည့် မသေချာကြတာကြောင့်လည်း ဖြစ်ပါတယ်။
နတ်တမန်ရဲ့ သတင်းစကားကိုရပြီးတာနဲ့ ရှန်ဖန်က မြို့တံခါးပေါက်မှာ လူတွေစေလွှတ်စောင့်ကြည့်ခိုင်းပြီး တစ်နာရိခြားတစ်ခါ ဝေါယာဉ်တန်းပြန်လာတာကို တွေ့မတွေ့ သတင်းပို့ခိုင်းထားပါတယ်။
ဒီအဖြစ်က နှစ်တစ်ရာကျော်ခဲ့ပါပြီလေ။ဇာမဏီမိသားစုမှာ ဇာမဏီငှက်မရှိတော့တာဟာ ရာစုနှစ်တစ်ခုတောင်ကျော်လွန်ခဲ့ပြီးမှ တစ်ဖန်ပြန်လည်ပြီး ဇာမဏီငှက်ကို ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့ အဖြစ်က တစ်မျိုးနွယ်လုံးအတွက် အရေးကြီးဖြစ်ရပ်တစ်ခုပါပဲ။
စောင့်ဆိုင်းနေရတဲ့ စက္ကန့်တိုင်း မိနစ်တိုင်းက အဆုံးမရှိတော့သလို ဖြစ်နေပါတယ်။
ရှန်လင်ပြောလိုက်တာက "အခုထိတော့ဘာသတင်းမှ မရသေးပါဘူး.....ဒါပေမယ့် အချိန်ကိုတွက်ကြည့်ရင် အမြန်ပြန်လာနေလောက်ပါပြီ။အဖေက အဲ့လောက်ကြီးထိ စိတ်မလောပါနဲ့....မိုးနတ်မင်းကြီးက ကျွန်တော်တို့ ဇာမဏီမျိုးနွယ်စုကို ကူညီပေးမှာပါ....ဒါကြောင့်မို့ ဒီခရီးက အောင်မြင်မှုကို ရရှိဆွတ်ခူးနိုင်ခဲ့မှာ သေချာပါတယ်"လို့ ပြောလိုက်ပါတယ်။
ရှန်ဖန် သက်ပြင်းချလိုက်မိပါတယ်....သူ့အသက်က ရာစုနှစ်တစ်ဝက်ကျော်ခဲ့ပြီလေ။ဒီအချိန်မှာသာ ဇာမဏီငှက်ကမနိုးထခဲ့ရင် သူ့ရဲ့ကျန်တဲ့သက်တမ်းတစ်လျှောက်လုံးမှာ ဇာမဏီငှက်ကို မြင်တွေ့နိုင်ခွင့် မရှိတော့ပါဘူး။
အတွင်းဆောင်တစ်ခုလုံးက လုံးဝတိတ်ဆိတ်နေကာ လူတိုင်းဟာလည်း ရှန်ဖန်လို ဖြစ်နေပြီး စိတ်လောနေကြပါတယ်။
ကျယ်လောင်တဲ့ ခြေလှမ်းသံနဲ့အတူ အစောင့်တစ်ယောက်က အတွင်းဆောင်ထဲကို မြန်မြန်ပြေးဝင်လာပါတယ်။
ရှန်လင်က ဒီအစောင့်က မျိုးနွယ်စုရဲ့ အစေခံဖြစ်ပြီး မြို့တံခါးဆီစေလွှတ်ထားတဲ့ တစ်ယောက်ဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ ပြောလိုက်နိုင်ပါတယ်။
"မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပို့ပါတယ်....သူတို့ပြန်လာကြပါပြီ....ကျွန်တော်တို့မျိုးနွယ်ရဲ့ ဝေါယာဉ်တွေ ပြန်လာကြပါပြီ"
အစောင့်က စိတ်လှုပ်ရှားစွာ သတင်းပို့လိုက်ပါတယ်။
ရှန်ဖန်က ရုတ်တရက် တန့်ကနဲဖြစ်သွားကာ ကုလားထိုင်လက်ရမ်းတွေကို ဆုပ်ကိုင်ထားတဲ့ လက်တွေက တုန်ရီနေပါတယ်။
"မြန်မြန်..မြန်မြန်လုပ်ကြ ငါနဲ့အတူ တန်ခိုးရှင်ကို သွားကြိုကြမယ်"
စိတ်လှုပ်ရှားမှုကြောင့် အသံက တုန်နေပါတယ်။ရှန်ဖန်က စိတ်မရှည်စွာ ထရပ်လိုက်ပြီး အတွင်းဆောင်ထဲက လူအားလုံးကို သူနဲ့အတူ ဇာမဏီမျိုးနွယ်စုအိမ်တော်ရဲ့ အဝင်ဝကို လိုက်ခဲ့ဖို့ ပြောလိုက်ပါတယ်။
အိမ်တော်အဝင်ဝ....ခုနှစ်စင်းရှစ်စင်းခန့်ရှိတဲ့ ဝေါယာဉ်တွေက ညီညာစွာ ရပ်တန့်နေပါတယ်။တန်ခိုးရှင်က ဦးဆောင်ပြီးတော့ ဝေါထဲကနေ ထွက်လာပြီး နွေးထွေးပျူငှာတဲ့ အပြုံးက မျက်နှာပေါ်မှာ တွဲခိုနေပါတယ်။ရှန်ဖန်က အလျင်အမြန်ပြေးထွက်လာပြီး အဝင်ဝက တန်ခိုးရှင်ကို ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။
"တန်ခိုးရှင်..ဒီခရီးမှာ ဒုက္ခဖြစ်စေခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်။အထဲကို ကြွရောက်အနားယူပါဦး"
စိတ်လောကြီးနေတဲ့ရှန်ဖန်ဟာ ဒီအနေအထားမှာ တန်ခိုးရှင်ကို လေးစားမှုရှိဖို့လိုသေးတာကို နားလည်သဘောပေါက်ပါတယ်။
"ကံကောင်းစွာနဲ့..ဒီခရီးမှာ အရှက်ရစရာ မဖြစ်ခဲ့တာကြောင့် လူကြီးမင်းကို ဂုဏ်ပြုပါရစေ"
တန်ခိုးရှင်က သဲ့သဲ့လေး ပြုံးလိုက်ရင်း လူတိုင်းကြားချင်နေပြီဖြစ်တဲ့ သတင်းကောင်းကို ပြောလိုက်ပါတယ်။
ဇာမဏီငှက်က တစ်ကယ်ပဲ နိုးထခဲ့ပြီ.....
ဇာမဏီမျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်အားလုံးက ဒီစကားကို ကြားလိုက်တာနဲ့ ဝေါ ကနဲဖြစ်သွားကြပါတယ်။ဇာမဏီငှက်က သူတို့အားလုံးအတွက်အလွန် အရေးကြီးကာ သူတို့ဇာမဏီငှက်ကို ဘယ်လောက်အထိ တမ်းတနေသလဲဆိုတာကို အပြင်လူတွေ နားလည်မှာ မဟုတ်ပါဘူး။ကျေနပ်ဖွယ် အံ့အားသင့်စရာကြောင့် လူတိုင်းကြည်နူးနေကြကာ တန်ခိုးရှင်ရှေ့မှာ ရုပ်မပျက်စေဖို့ သူတို့မျက်နှာတွေကို အတင်းပဲ ထိန်းကွပ်ချုပ်တည်းထားရပါတယ်။သို့ပေမယ့်လည်း လျင်မြန်စွာ ခုန်နေတဲ့ နှလုံးခုန်သံနဲ့ ပြင်းထန်တဲ့ အသက်ရှူသံတွေကတော့ ထွက်ပေါ်နေပါတယ်။
သူတို့ဘဝမှာ မမျှော်လင့်ဘဲ ဇာမဏီငှက်ကို တွေ့ခွင့်ရတော့မယ်။
ဒီအဖြစ်က မျိုးနွယ်စုဝင်တိုင်း မျှော်လင့်စောင့်စားခဲ့ရတဲ့ အိပ်မက်ပဲဖြစ်ပါတယ်။
ရှန်ဖန်ဟာ ပျော်လွန်းလို့ ငိုလုမတတ်ပါပဲ။သူ့လည်ချောင်းထဲမှာ ရှိုက်သံကြောင့်် ချောင်းဆိုးသွားပြီး ခေါင်းညိတ်ပြလိုက်ကာ ဝင်းတောက်နေတဲ့ မျက်ဝန်းတွေနဲ့အတူ တန်ခိုးရှင်နောက်က ဝေါယာဉ်တွေဆီ သွားလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၈)
သူ့မြေးတွေက ဝေါထဲမှာ ထိုင်နေကြဆဲဖြစ်ကာ သူတို့ထဲက တစ်ယောက်ကတော့ ဇာမဏီငှက်ရဲ့ သခင်ဖြစ်ခဲ့ပြီးပါပြီ။အဲ့ဒီလူက ဇာမဏီငှက်ရဲ့ ပံ့ပိုးမှုနဲ့အတူ ဇာမဏီမျိုးနွယ်စုကို ထိပ်ဆုံးပြန်ရောက်အောင် သယ်ဆောင်ပေးပါလိမ့်မယ်။
ရှန်ဂျန်က စိတ်လှုပ်ရှားစွာနဲ့ တန်ခိုးရှင်နောက်က ပထမဆုံးဝေါကို ကြည့်နေပါတယ်။သူ့ရဲ့သားက အဲ့ဝေါထဲမှာ ထိုင်နေတာကို သူသိပါတယ်။တန်ခိုးရှင်က ဇာမဏီငှက်နိုးထတဲ့အကြောင်း ပြောလိုက်ချိန်က သူအပျော်လွန်ပြီး မေ့လုမတတ်ဖြစ်သွားပါတယ်။မျိုးနွယ်စုထဲက လူတိုင်းဟာ သူ့သားဖြစ်သူ ရှန်ယိဖန်က အရေးပေးခံရဆုံးဆိုတာ သိထားကြပါတယ်။နောက်ပြီးတော့လည်း လေးယောက်အုပ်စုထဲမှာ သူ့သားရှန်ယိဖန်က အသန်မာဆုံးဖြစ်ပါသေးတယ်။
သူ့ဖက်ကသေချာတာကတော့ သူ့သားဖြစ်သူ ရှန်ယိဖန်က ဇာမဏီငှက်နဲ့အောင်မြင်စွာ စာချုပ်နိုင်ခဲ့တယ်ဆိုတာကိုပေါ့။
သူ့သား....သူ့သားက ဇာမဏီမျိုးနွယ်စုရဲ့ နောက်တက်မယ့်ခေါင်းဆောင် ဖြစ်ပြီ။သူဟာလည်း မျိုးနွယ်စုရဲ့ နာယကတစ်ဦးဖြစ်လာမယ့်အပြင် လူတိုင်းရဲ့ လေးစားမှုအခံရဆုံးဖြစ်လာတော့မှာလေ။
ရှန်ဂျန်ရဲ့ နှလုံးသားက ပျော်ရွှင်ခြင်းနဲ့စိတ်လှုပ်ရှားမှုကြောင့် မြန်မြန်ခုန်နေပါတယ်။သူက စိတ်မရှည်စွာနဲ့ သားဖြစ်သူကို ဝေါထဲကနေဆွဲခေါ်ထုတ်ပြီး ဇာမဏီငှက်ရဲ့ ပုံစံအစစ်ကဘယ်လိုပုံလဲဆိုတာ သူ့ကို ပြခိုင်းစေချင်နေပါတယ်။
ရှန်ဂျန်နဲ့ယှဉ်ရင်တော့ ရှန်ယူရဲ့ အမူအယာက သိပ်ဟက်ဟက်ပက်ပက် မရှိလှပါဘူး။နဂိုတည်းကလည်း သူ့သားသမီးတွေအပေါ် သိပ်မမျှော်လင့်ထားခဲ့ပါဘူး။အခုက သူနဲ့ရှန်ဂျန်ကြားက မကျေလည်မှုတွေကြောင့်ပါ။အခု ရှန်ယိဖန်က ဇာမဏီငှက်ကို ရရှိခဲ့တော့ ရှန်ဂျန်က သူ့ကို နေရာတိုင်းမျာ အခက်တွေ့အောင် လိုက်လုပ်တော့မှာလေ။
ဒီအချိန်မှာ ဇာမဏီငှက် ပြန်လာခြင်းအတွက် ပျော်ရွှင်မှုကို ရှန်ယူဆီမှာ မတွေ့ရပါဘူး။
ဇာမဏီငှက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တာ သူ့သားသမီးတွေမဟုတ်တဲ့အတွက် သူ ဘာပြောလို့ ရမှာလဲ။
မကြာမီမှာပဲ ရှန်ယိဖန်က ဝေါထဲကနေ ထွက်လာပါတယ်။ထွက်လာကာစမှာပဲ ဒါဇင်ပေါင်းများစွာရှိတဲ့ မျက်ဝန်းတွေကို သူရင်ဆိုင်လိုက်ရပါတယ်။
နောက်တစ်စက္ကန့်အကြာမှာတော့ ထို စိတ်လှုပ်ရှား ဝမ်းသာနေတဲ့ မျှော်လင့်ချက်မျက်ဝန်းတွေကို ရင်မဆိုင်ရဲတာကြောင့် သူ ခေါင်းငုံ့လိုက်ပါတော့တယ်။
ရှန်ယိဖန်ရဲ့ ပုံမှန်မဟုတ်တဲ့ ဟန်ပန်က ရှန်ဖန်အပါအဝင် လူအားလုံးကို ဆွံ့အသွားစေပါတယ်။ရှန်ယိဖန်က အနည်းငယ် တည်ငြိမ်အေးဆေးတယ်ဆိုပေမယ့် သူသာ ဇာမဏီငှက်ကို ရခဲ့မယ်ဆိုရင် အခုလိုအမူအယာမျိုးရှိမှာ မဟုတ်ပါဘူး။သူတို့ရဲ့ အကြည့်တွေကို အခုလိုမျိုးရှောင်လွှဲသွားတာက သူတို့စိတ်ထဲ မကောင်းတော့ဘူးလို့ တွေးမိစေလိုက်ပါတယ်။
"ယိဖန်...မင်းက အခုမှ ပြန်ရောက်တာဆိုပေမယ့် ဇာမဏီငှက်က ဘယ်မှာလဲဟ။သူက မင်းနားမှာ ဘာလို့ မလိုက်လာတာလဲ။မင်းက သူ့ကို နောက်မှာ နေခိုင်းခဲ့တာလား။ဟီးဟီး...ဒီကလေးကတော့လေ...ဇာမဏီငှက်ကို မြန်မြန်ခေါ်ထုတ်လိုက်တော့လေ မင်းဘဘ ကြည့်လို့ရအောင်ပေါ့"
ရှန်ဂျန်ဟာ ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် ကောင်းကောင်းမတွေးနိုင်ဖြစ်နေကာ သူ့သားရဲ့ အမူအယာပျက်နေတာကို သတိမထားမိဘဲ လောဆော်လိုက်ခြင်းဖြစ်ပါတယ်။မျက်နှာမှာလည်း အပြုံးတွေဝေဆာနေပြီး သားဖြစ်သူကို တိုက်တွန်းလိုက်ပါတော့တယ်။
သူ့ဖခင်ရဲ့ စိတ်အားတက်ကြွနေတာကို တွေ့လိုက်ရတော့ ရှန်ယိဖန်ဟာ စိတ်ဓာတ်ပိုကျဆင်းသွားပါတယ်။အဆိုပါ ချောမောလွန်းတဲ့ မျက်နှာမှာ ကြေကွဲနေဟန်ဖြစ်ပေါ်နေပြီး သူ့ထက်ကြေကွဲမှုမျိုးကို ရှာမတွေ့နိုင်လောက်ပါဘူး။
"ကျွန်တော်..."
ရှန်ယိဖန်လည်း အားလုံးရဲ့ မျှော်လင့်ချက်တွေက သူ့အပေါ်မှာ ပုံအပ်ထားတာကို သိထားတာကြောင့် ဘယ်လို ရှင်းပြရမလဲမသိဖြစ်နေပါတယ်...
ရှန်ယိဖန်ရဲ့ အခုဟန်ပန်က ရှန်ဂျန်ကို သတိပြုမိစေခဲ့လိုက်ပါပြီ။ရှန်ယိဖန်ရဲ့ အကြည့်တွေကို ရှောင်ရှားနေမှုက သူ့စိတ်ထဲမှာ မကောင်းတဲ့အရာတစ်ခုအဖြစ် တွေးထင်မိလိုက်ပါပြီ။
"ယိဖန်...ကြည့်ရတာ မင်း ဇာမဏီငှက်ကို မရခဲ့လို့များလား"
ရှန်ဂျန်က သူတွေးမိပြောမိလိုက်တဲ့ စကားကြောင့် သူကိုယ်တိုင်တောင် လန့်သွားပါသေးတယ်။ဒါပေမယ့်လည်း သူတောင် စကားမဆုံးသေးခင်မှာ ရှန်ယိဖန်က ခေါင်းကို မြန်မြန်သွက်သွက်ညိတ်ပြလိုက်ပြီး မျက်နှာလွှဲသွားပါတော့တယ်။
အေးစက်စက်ရေတွေက စိတ်ကူးကမ္ဘာထဲက ရှန်ဂျန်ကို ပြန်ခေါ်ဆောင်လာခဲ့ပါတော့တယ်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ သူ့သားက ဇာမဏီမျိုးနွယ်ထဲက တတိယမျိုးဆက်ထဲမှာ အထူးချွန်ဆုံးလေ ဘာလို့ ဇာမဏီငှက်ရဲ့ ချီးမြှောက်မှုကို မခံခဲ့ရတာလဲ။ဘယ်လိုလုပ်ပြီး ရှန်ယူရဲ့ သားသမီးနှစ်ယောက်ဆီမှာ ရှုံးနိမ့်ခဲ့ရတာလဲ။ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်ရဲ့ သိပ်မဟန်လှတဲ့ အရည်အချင်းကို သူသိထားပြီးသားပါ။သူတို့ရဲ့ အရည်အချင်းလောက်နဲ့ သူ့ရဲ့သားကို ဘယ်လိုအနိုင်ရခဲ့တာလဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၆၉)
ရှန်ဂျန်ဟာ ဒီအဖြစ်ကို မယုံချင်ပေမယ့် ရှန်ယိဖန်ရဲ့ ရှောင်ဖယ်ဖယ်ပုံစံနဲ့ ရှက်နေတဲ့အမူအယာတွေက သူ့အတွေးကို အတည်ပြုပေးလိုက်ပါပြီ။
တစ်ခဏအတွင်းမှာပဲ ရှန်ဂျန်မျက်နှာဟာ သွေးဆုပ်ဖြူလျော်သွားပါတော့တယ်။
တစ်ယောက်ယောက်စိုးရိမ်ပူပန်နေချိန်မှာ တစ်ခြားတစ်ယောက်က ပျော်ရွှင်ရပါပြီ။ရှန်ဂျန်မြူးတူးနေစဉ်မှာ ရှန်ယူက စူပုပ်နေပြီး ရှန်ဂျန် စိတ်ဓာတ်ကျသွားတဲ့အခါမှာတော့ ရှန်ယူတစ်ယောက်က ပျော်ရွှင်မှုကို မဖုံးနိုင်မဖိနိုင်ဖြစ်ကာ မျက်နှာကြီဒးက စပ်ဖြဲဖြဲဖြစ်နေပါပြီ။
ဒါကို ဘယ်လိုခေါ်ရမလဲ.......
ဒါကို ကံမတာလို့ ခေါ်တယ်လေ..
ရှန်ယူက ရှန်ဂျန်ရဲ့ မျက်နှာပျက်ရမှုအတွက် အော်ဟစ်ရယ်မောမိမတတ်ပါပဲ။လူတိုင်းက ရှန်ယိဖန်အနိုင်လို့တွေးထားပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် သူ့သားသမီးတွေ အတွက် မျှော်လင့်လို့ရပြီလေ။
ဒီတစ်ခေါက်မှာ လေးယောက်ထဲက နှစ်ယောက်က သူ့သားသမီးတွေဖြစ်တယ်လေ။ရှန်ယိဖန်က ရှုံးနိမ့်တယ်ဆိုတော့ ဟို အရူးမကို ထည့် တွေး စ ရာ ကို မ လို ပါ ဘူး.....ဇာမဏီငှက်က သူ့ကလေးတွေဆီရောက်ပြီပဲဟေ့။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ထဲက ဘယ်သူပဲ ရရ သူ့အတွက်ကတော့ မိုးနတ်မင်းက မစလိုက်တာပါပဲ..
ဘဝဆိုတာ အနိမ့်အမြင့် အတက်အကျတွေရှိမြဲပါ။နှစ်ပေါင်းများစွာကြာအောင် ရှန်ဂျန်ရဲ့ ဖိနှိပ်မှုအောက်နေလာခဲ့ရတာကနေ မျှော်လင့်ချက်လင်းရောင်ခြည်လေး မြင်လိုက်ရပါပြီ။
ခက်ခဲစွာနဲ့ သူ့ရင်ထဲက အပျော်တွေကို အတင်းမြိုသိပ်ထားလိုက်ရပါတယ်။ဟန်လုပ်လိုက်ပြီးနောက် ရှန်ဂျန်ဆီကို သွားလိုက်ပါတယ်။ရှန်ဂျန်ပုခုံးကို ပုတ်လိုက်ပြီးတော့ စိတ်လက်မပါစွာ နှစ်သိမ့်လိုက်ပါတယ်။
"ဒုတိယအစ်ကို ယိဖန်က ဒီအခွင့်အရေးကြီးကို မရခဲ့လို့ သိပ်ဝမ်းနည်းမနေပါနဲ့လား။ဇာမဏီမျိုးနွယ်ထဲက ဘယ်သူပဲရရ ပျော်စရာအဖြစ်ပဲလေ မဟုတ်ဘူးလား။တစ်မျိုးနွယ်လုံး အဆင်ပြေသ၍ပေါ့လေ ဟုတ်တယ်မလား"
ရှန်ဂျန်က ဒေါသတကြီးနဲ့ ရှန်ယူကို ကြည့်လိုက်ပါတယ်။
ရှန်ယူရဲ့ မိကျောင်းမျက်ရည်အောက်မှာ ရှန်ယူစိတ်ထဲ ဘာတွေးနေလဲဆိုတာ ရှန်ဂျန်သိနေပါတယ်။နောက်ဆုံးမှာတော့ သူ့ရဲ့ထူးချွန်လှတဲ့ သားဖြစ်သူက ဒီခရီးစဉ်မှာ ဘာတွေဖြစ်ခဲ့လို့ ရှုံးနိမ့်ကာ ဇာမဏီငှက်ရဲ့ အရွေးမခံရတာလဲဆိုတာကို မသိပါဘူး။ဘာအကြောင်းမှန်းမသိပေမယ့် ရှန်ယူရဲ့ ကလေးနှစ်ယောက်က အေးဆေး ရသွားတယ်လေ။
"ပြောတာ ကောင်းတယ်..သူတို့အားလုံးက ဇာမဏီမျိုးနွယ်တွေပဲဖြစ်လို့ ဘယ်သူကပဲ ဇာမဏီငှက်ကိုရရ အတူတူပဲဟေ့"
အနားမှာရှိတဲ့ ရှန်ဖန်က ပြောလိုက်တာပါ။ရှန်ယိဖန် ကျဆုံးတာက သူမမျှော်လင့်ထားတဲ့ ကိစ္စပါ...ဒါပေမယ့် တန်ခိုးရှင်က သူ့ကို ဂုဏ်ပြုစကားဆိုထားတော့ ဒါက သိပ်အရေးမကြီးတော့ပါဘူးလေ။သူက သူ့သားနှစ်ယောက်ဟာ တန်ခိုးရှင်အရှေ့မှာ နာမည်ပျက်အောင်လုပ်မှာကိုပဲ ပူပန်မိကာ အရှက်ရစရာ မဖြစ်ချင်ပါဘူး။
"ဟုတ်ကဲ့"
ရှန်ဂျန်တစ်ယောက် အံကြိတ်ပြီးတော့ပဲ ဒေါသတွေကို မြိုချလိုက်ရပါတယ်။
စိတ်ဓာတ်ကျနေရာကနေ ပျော်ရွှင်နေပြီဖြစ်တဲ့ ရှန်ယူက သူ့ကလေးနှစ်ယောက်ရဲ့ ဝေါယာဉ်ရှိရာကို လှမ်းကြည့်လိုက်ပါတယ်။
ဒါပေမယ့် အစောင့်ရဲ့ အကူအညီနဲ့ဆင်းလာတဲ့ ရှန်ကျီယီမှာ ဒဏ်ရာဒဏ်ချက်တွေပြည့်နေတာကြောင့် ရှန်ယူ မျက်နှာ ပျက်သွားပါတယ်။
ဘာဖြစ်ခဲ့တာလဲ။သွားတုန်းက အကောင်းကြီးဖြစ်တဲ့ သူ့သမီးက အပြန်မှာ ဒဏ်ရာအပြည့်နဲ့ဆိုတော့ ဇာမဏီငှက်ကို ရခဲ့တာ သူမ မဟုတ်တာတော့သေချာသွားပါပြီလေ။
ဒါဆိုရင်တော့ သား ကျီဝေပေါ့။
သူ့သမီးထက်စာရင် သားဖြစ်သူကိုပဲ ရှန်ယူက ဇာမဏီငှက်ကို ရစေချင်ပါတယ်။ဘာလို့လဲဆိုတော့ မိန်းကလေးဖြစ်တဲ့ ရှန်ကျီယီက လက်ထက်ရမယ့်နေ့က ရောက်လာမှာပဲဖြစ်လို့ပါ။
အရင်ဆုံး ရှန်ကျီယီအနားယူနိုင်ဖို့ နေရာအား ရှန်ယူက လူတွေကို စီစဉ်ခိုင်းလိုက်ပါတယ်။ထို့နောက်မှာတော့ သားဖြစ်သူထွက်လာမှာကို စိတ်မရှည်စွာ တံခါးပေါက်ကနေ သွားစောင့်နေလိုက်ပါတယ်။
ရှန်ဂျန်နဲ့ရှန်ယိဖန်သားအဖအတွက်ကတော့ သူက သူ့သားဖြစ်သူ ဇာမဏီမျိုးနွယ်စုခေါင်းဆောင်ရာထူးကို ဆက်ခံမယ့်သူဖြစ်တာနဲ့ ဝေးနိုင်သမျှအဝေးဆုံးကို ပို့လိုက်ပြီး အဲ့ဒီသားအဖ ဘာတတ်နိုင်ဦးမလဲလို့ ကြည့်လိုက်မှာပါ။
ရှန်ယူက ရှန်ဂျန်သူ့အပေါ်လုပ်ခဲ့တဲ့ ဒီနှစ်ပိုင်းအတွင်းက လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်စေဖို့.........
ရှန်ယူရဲ့ စိတ်ကူးအိပ်မက်လေး မပြီးသေးခင်မှာပဲ ထွက်လာတဲ့ ရှန်ကျီဝေက သူ့စိတ်ကူးတွေကို ရိုက်ချိုးလိုက်ပါတော့တယ်။
ရှန်ကျီဝေကိုလည်း အစောင့်ဖြစ်သူက တွဲခေါ်လာရပြီး တစ်ကိုယ်လုံးလည်း အနာတရဖြစ်နေပါတယ်။သူလည်း ရှန်ကျီယီနဲ့ သိပ်မကွာပါဘူးလေ။
ဇာမဏီမျိုးနွယ်စုစတည်းက အခုချိန်ထိ ဘယ်တုန်းကမှ အခုလိုမျိုး ဇာမဏီငှက်နဲ့စာချုပ်ချုပ်ဆိုပြီး ပြန်လာချိန်မှာ ထိခိုက်ဒဏ်ရာရခဲ့တာမျိုးမရှိခဲ့ မဖြစ်ခဲ့ပါဘူး။