← Chapters

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

အခန်း (၇၆-၇၈)

Vol. 6 Ch. 76-78

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၆)

များပြားလှတဲ့ သဲလွန်စတွေက သူမခေါင်းထဲမှာ အစီအရီပေါ်ပေါက်လာပြီးနောက်မှာတော့ သူမစိတ်ရှင်းသွားပါတယ်။

သူမက အဲ့လိုတွေးနေချိန်မှာပဲ ရှန်ဖန်က ရုတ်တရက် သူမကို ခေါ်လိုက်ပါတယ်။

"ရှန်ဂျန် မင်းက နတ်ဘုံက လူတွေကို ဧည့်ခံတဲ့နေရာမှာ ကြီးကြပ်ပေးရမယ်။ရှန်လင်း မင်းကတော့ ဇာမဏီငှက်က တစ်ခုခုတောင်းဆိုခဲ့ရင် ချက်ချင်းဖြည့်ဆည်းပေးရမယ်။တခြားလူတွေကတော့ ကိုယ်လုပ်စရာရှိတာသွားလုပ်ကြတော့။ရှောင်ရှောင် ဘဘနဲ့စာဖတ်ခန်းကို လိုက်ခဲ့ဦး"

.........................................................................................................

ရှန်ဖန်ရဲ့ စာဖတ်ခန်းထဲကို ပထမဆုံး ရောက်ဖူးတာပါ။ရိုးရှင်းတဲ့ စာဖတ်ခန်းထဲမှာ စာကြည့်စားပွဲတစ်လုံးရှိပြီး ဘေးမှာတော့ စာအုပ်တွေကို အစီအရီထားတဲ့ စာအုပ်စင်တွေက ရှေးစာအုပ်တွေနဲ့ ပြည့်နှက်နေပါတယ်။ဇာမဏီမျိုးနွယ်စုက အလွန်ချမ်းသာပေမယ့်လည်း ရှန်ဖန်ရဲ့ စာဖတ်ခန်းကတော့ ရိုးရှင်းလှပါတယ်။သူက မျိုးနွယ်အတွင်းကလူတွေအပေါ်မှာ နှမြောတသခြင်းမရှိပေမယ့် သူကိုယ်တိုင်ကတော့ ရိုးရိုးလေးပဲနေတာပါ။

"ထိုင်ဦးလေ"

ရှန်ဖန်က ရှန်ယန်ရှောင်ကို ပြုံးရင်းကြည့်နေပါတယ်။

စကားကို နာခံစွာနဲ့ ရှန်ယန်ရှောင် ထိုင်လိုက်ပါတယ်။ရှန်ဖန်က သူမကိုဘာအတွက်ခေါ်လဲဆိုတာကို သူမ နားမလည်ပါဘူး။ဒါကြောင့် ရှန်ဖန်ပြောလာမယ့်စကားကိုပဲ စောင့်နေလိုက်ပါတယ်။

စားပွဲနောက်ကနေ ပန်းချီကားတစ်ချပ်ကို ယူပြီး ရှန်ယန်ရှောင်ကို လှမ်းပေးလိုက်ပါတယ်။

ရှန်ယန်ရှောင် ပန်းချီကားလိပ်ကို ဖြန့်လိုက်ပါတယ်။ပန်းချီကားမှာ ဘေးချင်းယှဉ်ရပ်နေတဲ့ စုံတွဲပုံဆွဲထားပါတယ်။ယောကျ်ားဖြစ်သူက ၂၀ကျော်ကျော်ပဲရှိဦးမှာဖြစ်ကာ သူ့ရဲ့ အလွန်သိမ်မွေ့လှတဲ့ မျက်နှာသွင်ပြင်က ရှန်ယိဖန်ထက် အဆတစ်ရာမက သာလွန်ပါတယ်။ဒါက ပန်းချီဆွဲထားတာဖြစ်သော်လည်း ယောကျ်ားဖြစ်သူရဲ့ သိမ်မွေ့ချောမောလှတဲ့ အသွင်က အသက်ဝင်နေသလိုပါပဲ။သူ့မျက်လုံးဒေါင့်စွန်းမှာ အပြုံးရိပ်တစ်ခုရှိနေပြီး မြင်ရသူတွေကို ခင်မင်လိုစိတ်ဖြစ်ပေါ်စေပါတယ်။သူ့ဘေးက အမျိုးသမီးကတော့ သေးသွယ်လှတဲ့ကိုယ်လုံးလေးရှိပြီး သူမရဲ့မျက်နှာလေးကတော့ ချစ်ခင်စရာကောင်းတဲ့ သွက်လက်ထက်မြက်ပုံပေါ်လွင်နေပြီး မျက်လုံးဝိုင်းကြီးတွေရှိပါတယ်။အမျိုးသမီးရဲ့ မျက်နှာဖွဲ့စည်းပုံက ပြည့်စုံလွန်းပြီး အပြစ်တစ်ချက်မှ ပြောစရာမရှိပါဘူး။သူမဟာ နတ်သမီးလေးတစ်ပါး လူ့ပြည်ကို သက်ဆင်းလာသလိုမျိုး သူမကို မြင်တွေ့ရသူတိုင်းက မျက်စိမခွာနိုင်လောက်အောင်ကို လှပလွန်းပါတယ်။

ပန်းချီထဲက လူနှစ်ယောက်ဟာ လိုက်ဖက်လွန်းပြီး အပြင်မှာရှိတဲ့လူတွေလို မထင်နိုင်စရာပါ။

"သူတို့က မင်းမိဘတွေပဲ။မင်းမွေးဖွားပြီး မကြာခင်တင် သူတို့ ဆုံးပါးသွားတာလေးတစ်ခုကတော့ စိတ်မကောင်းစရာပဲကွာ"

ရှန်ဖန်အသံဟာ ဝမ်းနည်းသံပါနေပါတယ်။သူက ပြောရမယ့်စကားလုံးကို ခက်ခဲစွာ ရှာဖွေနေရပါတယ်။

ရှန်ယန်ရှောင်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားမိပြီး ရှန်ယူနဲ့တခြားလူတွေက သူမဟာ ရှန်ယုရဲ့ ရင်သွေးမဟုတ်ဘူးလို့ ဘာကြောင့်ပြောနေကြလဲဆိုတာကို သိသွားပါတယ်။ဒီလိုမိဘတွေကနေ သူမလို သာမန်ရုပ်ရည်ရှိတဲ့ကလေးကို ဘယ်လိုလုပ် မွေးဖွားလာနိုင်မှာလဲ။ရှန်ယူနဲ့ရှန်ဂျန်မပြောနဲ့ သူမကိုယ်တိုင်တောင် သံသယဝင်မိသွားပါတယ်။

"ကျွန်တော်က သူတို့နဲ့လည်း မတူဘူး"

ရှန်ဖန်က ရယ်မောရင်း ပြောလိုက်ပါတယ် "မင်းက သူတို့နဲ့ မတူဘူးဆိုပေမယ့် မင်း လူကောင်းပြန်ဖြစ်ပြီးတော့ ရယ်မောနေချိန်ဆိုရင် မင်းအဖေရဲ့ ရယ်ပုံနဲ့ သွားတူတယ်လေ"

ရှန်ယန်ရှောင်ဟာ သူမရဲ့ ရွက်ကြမ်းရည်ကြိုရုပ်ရှိတဲ့ မျက်နှာကို ပြန်စမ်းမိလိုက်ရင်း သူမရယ်လိုက်တဲ့အခါမှာ ပန်းချီကားထဲက လူနဲ့သွားဆင်တယ်ဆိုတာကို ယုံဖို့ခက်နေပါတယ်။

သူမရဲ့ ရုပ်ရည်သွင်ပြင်ကို ဘဲရုပ်ဆိုးအဖြစ်ဖော်ပြပြီး ပန်းချီကားထဲက လူနှစ်ယောက်ကို ငန်းဖြူမောင်နှံအဖြစ် သတ်မှတ်ဖော်ပြရင်တောင် သူမရဲ့ ရုပ်ဆိုးမှုကို ဖော်ပြလို့ မကုန်သေးပါဘူး။

မျိုးရိုးငုပ်တယ်ဆိုပြီးပြောရအောင်လည်း ဒီလောက်ကြီးအထိမတူတာမျိုးက လွန်လွန်းပါတယ်။ဒီလောကမှာ ပလပ်စတစ်ဆာဂျရီနဲ့ မျက်နှာခွဲစိတ်ပြုပြင်တာမျိုးမရှိလို့ ဒီလူနှစ်ယောက်ဟာ မွေးရာပါရုပ်ရည်ဆိုတာ သေချာပေါက်ပါပဲ။ရလာဒ်အနေဲ့ သူတို့နှစ်ဦးရဲ့ သမီးဖြစ်တဲ့ သူမပုံစံက သူတို့နဲ့ယှဉ်ရင် ဘာကြောင့်များ အဲ့လောက်အထိ ခြားနားနေရတာလဲဟင်။

ရှန်ယန်ရှောင်ဟာ မိုးနတ်မင်းက သူမကို အဲ့လောက်အထိ မုန်းတီးနေတာလားဆိုပြီး နှုတ်ခမ်းတွန့်သွားပါတယ်။ဒီလို အလွန်ကြည့်ကောင်းလှတဲ့ သူမရဲ့ မိဘတွေအပေါ်မှာ သူမက သိက္ခာကျဆင်းစေခဲ့ပြီပဲ။

"မင်း ဖခင်က ငါ့ရဲ့ အငယ်ဆုံးသားဖြစ်သလို ဂုဏ်အယူရဆုံးလည်းဖြစ်တယ်လေ။တစ်ချိန်တုန်းကတော့ ငါ့ဆန္ဒက ဇာမဏီငှက်သာနိုးထလာခဲ့မယ်ဆိုရင် သူ့ကို ဇာမဏီငှက်ရဲ့ သခင်ဖြစ်စေရမယ်ဆိုတာကိုပေါ့လေ။သူက အလွန်ထက်မြက်ပြီး အတွင်းအားပညာရပ်မှာ သူမတူအောင်ထူးချွန်ခဲ့တယ်။လူတိုင်းပြောခဲ့တာက ဇာမဏီမျိုးနွယ်ရဲ့ တစ်ခေတ်တစ်ယောက်တွေ့ရခဲတဲ့ ပါရမီရှင်လေးလို့ ယိဖန်ကို သမုတ်ကြတာပဲ။ဒါပေမယ့် မင်းဖခင်နဲ့နှိုင်းရင် မိုးနဲ့မြေလောက်ကွာပါသေးတယ်"

ရှန်ဖန်က ရှန်ယန်ရှောင်နောက်မှာ ရပ်နေပြီး ပန်းချီထဲက သူ့သားကို ကြည့်နေပါတယ်။သူ့ရဲ့ ဂုဏ်အယူရဆုံးသားလေးနဲ့သူနဲ့ ခွဲခွာခဲ့ကြရပြီးတော့ နောက်ဘယ်တော့မှလည်း တွေ့နိုင်မှာ မဟုတ်တော့ပါဘူး။ရှန်ဖန်ဟာ သူ့မျက်ဝန်းတွေထဲက သောကရိပ်တွကို ဖုံးကွယ်နိုင်စွမ်းမရှိတော့ပါဘူး။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၇)

"အဲ့တုန်းကဖြစ်ခဲ့တာတွေက မသင်္ကာစရာကောင်းတယ်....မင်းကို ပြန်သယ်လာခဲ့ပြီးတော့ ရောဂါတစ်ခုကြောင့် မင်းရဲ့ ဉာဏ်ရည်ပျက်သွားပြီး အတွင်းအားနဲ့ မှော်ဘယ်ဟာမှ မလေ့ကျင့်နိုင်တော့ဘူးလို့ စစ်ဆေးသိရှိခဲ့ရတယ်။မွေးကင်းစပဲရှိသေးတဲ့ မင်းကိုကြည့်ပြီး ငါ့ရဲ့ဇာမဏီမျိုးနွယ်ထဲက အချင်းချင်းအားပြိုင်မှုတွေကို သိထားတဲ့ငါက မင်းအတွက် တော်တော်စိတ်မကောင်းဖြစ်ခဲ့ရတယ်။မင်းမှာ အားကိုးစရာ မိဘတွေမရှိတော့ဘူးဖြစ်လို့ အတွင်းအားနဲ့မှော်ပညာကို မလေ့ကျင့်နိုင်တာက မင်းအတွက် ကံကောင်းတယ်လို့ ပြောလို့ရတယ်"

သက်ပြင်းချရင်း ပြောလိုက်တာပါ ရှန်ဖန်က...

ရှန်ယန်ရှောင် ခေါင်းညိတ်လိုက်ပါတယ်။သူမက ရှန်ဖန်စကားလုံးတွေထဲက အနက်အဓိပ္ပါယ်တွေကို သိရှိပါတယ်။ဇာမဏီမျိုးနွယ်ရဲ့ မျိုးနွယ်ခွဲတွေက အများအပြားရှိပါတယ်။ရှန်ဂျန်နဲ့ရှန်ယူတို့ရဲ့ အားပြိုင်မှုနဲ့တင် ပြင်းထန်လှပါပြီ။သူမကို ကာကွယ်ပေးမယ့်မိဘတွေမရှိတဲ့အတွက် သူမသာ လေ့ကျင့်နိုင်စွမ်းရှိခဲ့မယ်ဆိုရင် သူမကို လုပ်ကြံသတ်ဖြတ်ခံရမှာ သေချာပါတယ်။

ရှန်ဖန်က သူမကို ကာကွယ်ပေးရင်တောင် သူက ကြီးရင့်ပြီဖြစ်လို့ ခြေကုန်လက်ပန်းကျနေပါပြီ သူမရှိတော့တဲ့အခါ သူမကို ဘယ်သူက ကာကွယ်ပေးမှာလဲ။ရှန်ယူတို့လိုလူတွေအတွက် သူမကို ရှင်းပစ်ဖို့ နည်းတွေ အများကြီးရှိပါတယ်။

အရင်ကရှိခဲ့တဲ့ သံသယတွေအားလုံး ရှန်ဖန်ရဲ့ စကားအောက်မှာ ပျောက်ကွယ်သွားပါတော့တယ်။

ရှန်ဖန်က သူမအပေါ်အခုလို သူစိမ်းပြင်ပြင်နေခဲ့ပေးခဲ့တာကြောင့် သူမ အခုလို အသက်ရှင်နေထိုင်နေရတာပဲကိုး။ရှန်ယန်ရှောင်က သူတို့လမ်းပေါ်က ဆူးတစ်ခုလို့ ဘယ်သူမှ မတွေးသမျှကာလပတ်လုံး သူမလုံခြုံမှုရှိနေမှာပါ။

ရှန်ကျူက သူမကို တိတ်တဆိတ် လာကုသပေးခဲ့တာတွေအားလုံးက ရှန်ဖန်ရဲ့ နောက်ကွယ်ကနေ စီမံပေးခဲ့တာပဲ ရှန်စီယူက သူမအပေါ်မှာ အလွန်အမင်း အလိုလိုက်ချစ်ခင်မှုကလည်း ရှန်ဖန်နဲ့ပတ်သတ်မှုရှိနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ရှန်ဖန်အနေနဲ့ သူမအပေါ်မှာ ဂရုစိုက်ပြနေလို့မရပါဘူး။သူလုပ်နိုင်တာဆိုလို့ ဇာမဏီမျိုးနွယ်နဲ့သွေးမတော်သားမစပ်တဲ့ ရှန်စီယူကိုပဲ သူမအား စောင့်ရှောင်စေခိုင်းရုံပဲ ရပါတယ်။

ရှန်ယန်ရှောင်ရဲ့ မျက်လုံးထဲမှာ မျက်ရည်စတို့စိုစွတ်လာခြင်းက ဒီတည်ကြည်မှုရှိတဲ့ လူကြီးကြောင့်ပါ။သူဟာ ရှန်ယန်ရှောင် ဘေးကင်းစေရန်အတွက် အစတည်းက စီစဉ်တွေးတောလုပ်ဆောင်ခဲ့တာပါ။ရှန်ဖန်သာ အခုလို ဂရုတစိုက် မစီစဉ်ခဲ့ရင် သူမက သေပြီးတာကြာနေလောက်ပါပြီနော်။

တစ်ခါမှ ချစ်ခြင်းသံယောဇဉ်ဆိုတာကို မခံစားဖူးတဲ့ အချစ်မခံရဘူးတဲ့ ရှန်ယန်ရှောင်အဖို့ သူမရင်ထဲ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ထုတ်ဖော်မပြတတ်ဘူးဖြစ်နေရပါတယ်။အရင်တုန်းက သူမကို တိရစ္ဆာန်လေးတစ်ကောင်လို စွန့်စ်ခံထားရခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ နောက်ကွယ်ကနေ သူမအတွက် မားမားမတ်မတ်ရပ်ပေးပြီး စောင့်ရှောက်ခဲ့တဲ့လူ ရှိတယ်လို့ သိလိုက်ရပါတယ်။

ရှန်ဖန်ရဲ့ စီမံမှုကို သူမ နားလည်သဘောပေါက်ပါတယ်။နားလည်လာလေလေ ပိုတန်ဖိုးမြင့်လာလေလေဖြစ်လာတာကို သူမရင်ထဲမှာ ခံစားလိုက်ရပါတယ်။

အဲ့အချိန်တုန်းက သူမဟာ အရူးအအ အမှိုက်သရိုက်ဖြစ်တဲ့အပြင် ရှန်ယုနဲ့ ရုပ်ရည်သွင်ပြင် တစ်စက်မှမတူခဲ့သူလည်းဖြစ်ပါသေးတယ်။ရှန်ဖန်က ဒီလိုမျိုးနဲ့ သူမကို ကာကွယ်စောင့်ရှောက်ပေးခဲ့ရလို့ ဘယ်လောက်တောင် စိတ်ပင်ပန်းလို့်မလဲဟင်။

ပထမဆုံးအကြိမ်အဖြစ် သူမရဲ့ အသံဟာ လည်ချောင်းထဲမှာ ဆို့နင့်နေတာကို သူမ သိရှိလိုက်ရပါတယ်။သူမက အေးစက်ပြီး ရက်စက်တဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။သူမရဲ့ အရင်ဘဝမှာ သူမကို လူတစ်ယောက်အဖြစ် ဆက်ဆံပေးခဲ့တဲ့သူ တစ်ယောက်မှ မရှိခဲ့လို့ပါ။အဖွဲ့အတွက် သူမက အသုံးချစရာပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။အဖွဲ့ထဲက သူမနဲ့လုပ်ဖော်ကိုင်ဖက်တွေကလည်း သူမကို ပြိုင်ဖက်ပစ်မှတ်တစ်ခုအဖြစ်သာ သတ်မှတ်ထားကြပါတယ်။အရင်ဘဝတုန်းက လျင်သူစားစတမ်းဘဝထဲမှာ ကြီးပြင်းဖြတ်သန်းလာခဲ့ရတဲ့ သူမက ဒီကမ္ဘာကို ရောက်ပြီးမှ ရှန်စီယူကြောင့်သာ လူတွေအချင်းချင်းရဲ့ တစ်ယောက်အပေါ်တစ်ယောက် စိုးရိမ်တာတွေ စောင့်ရှောက်ပေးတာတွေကို ခံစားမိပြီး ရင်ထဲမှာ နွေးထွေးခြင်းဆိုတာကို ခံစားသိရှိခဲ့ရပါတယ်။

"ဘဘ"

ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲနဲ့ ခေါ်လိုက်ခြင်းဖြစ်ပါတော့တယ်။

သူမက ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်အစစ်မဟုတ်ပေမယ့် ပိုင်ရှင်ဖြစ်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကို အရင်ပိုင်ရှင်အဖြစ်နဲ့ ဆက်လက်ရှင်သန်သွားရမယ်လေ။

ရှန်ဖန်ရဲ့ မျက်လုံးအစုံက နီရဲနေပြီး ခေါင်းညိတ်ပြလိုက်ပါတယ်။ထို့နောက် သူ့မြေးမလေးရဲ့ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်ရင်း ချစ်ခင်စွာပြောလိုက်ပါတယ်။

"ပြီးခဲ့တဲ့နှစ်တွေထဲမှာ ငါ့မြေးအဖို့ ဒုက္ခတွေခံစားခဲ့ရပေမယ့် အခု လူကောင်းပြန်ဖြစ်ခဲ့တဲ့အပြင် ဇာမဏီငှက်ကိုလည်း ပိုင်ထားလို့ မြေး ဦးလေးတွေရဲ့ အနိုင်ကျင့်ခံရမှာကို ဘဘ စိုးရိမ်စရာမလိုတော့ဘူး။စိတ်ချနေနော် ဘဘရှိနေသရွေ့ ဘယ်သူမှ င့်မြေးကို အနိုင်မကျင့်စေရဘူး သိလား"

သူက အစတုန်းကတော့ သူ့မြေးမလေးကို လွတ်လွတ်လပ်လပ်နဲ့ ပူပန်စရာမရှိတဲ့ သူတစ်ယောက်လိုမျိုး ဘဝကို ဖြတ်သန်းစေချင်ခဲ့မိပါတယ်။သို့ပေမယ့် မိုးနတ်မင်းက အဲ့လိုအဖြစ်မခံဘဲ သူမကို ဉာဏ်ရည်ပြန်ရစေခဲ့ပါတယ်။

ဒီလိုဆိုမှတော့ သူ ရှန်ယုအပေါ်ဖြစ်စေချင်ခဲ့တဲ့ ဆန္ဒအတိုင်း ဒီကလေးအပေါ်မှာ ထားလိုက်တော့မှာပဲလေ။

"ရှောင်ရှောင် အခု မြေးလေးက လူကောင်းဖြစ်နေပြီဆိုမှတော့ ဘဘ မြေးကို ပြောချင်တာတွေ ရှိတယ်"

"ပြောပါ ဘဘ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၇၈)

"ဘဘက အိုနေပြီကွယ်....ဘဘက မြေးလေးကို စောင့်ရှောက်ချင်စိတ်ရှိနေပေမယ့် ဘဘနေရမယ့်သက်တမ်း သိပ်မရှိတော့မှာကို ဘဘ ပူမိနေတယ်။မြေးလေးက ဇာမဏီငှက်ကို ပိုင်ဆိုင်ထားတော့ ဦးလေးတွေက မြေးအပေါ်မှာတော့ ဘာမှလုပ်ရဲမှာမဟုတ်ဘူး...ဒါပေမယ့်လည်းမြေးအနေဲ့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက် ကာကွယ်နိုင်စွမ်းတော့ ရှိရမယ်။အပေါ်ယံမှာတော့ မိသားစုငါးစုရဲ့ ဆက်ဆံရေးက အဆင်ချောပေမယ့် နောက်ကွယ်မှာက တိုက်ခိုက်မှုတွေရှိကြတယ်။ပြောရရင် ဒဏ္ဍာရီသတ္တဝါငါးကောင်လုံး အိပ်စက်အနားယူပြီးခဲ့တဲ့နောက်မှာ ပိုဆိုးလာတယ်လို့ ပြောနိုင်တယ်။မြေးလေးက ဇာမဏီမျိုးနွယ်ရဲ့ ခေါင်းဆောင်နေရာကို ယူရမယ့်သူဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့က အရေးကြီးတယ်ကွဲ့။ဒါကြောင့် တော်ဝင်ရိုလန်ကျောင်းမှာ ပညာသင်ယူဖို့ စီစဉ်ပေးထားတာပဲ။ကျောင်းကိုရောက်ရင် ပြင်းပြင်းထန်ထန်သင်ယူလေံကျင့်ရမယ်နော်ေြမ်းလေး"

ရှန်ဖန်ရဲ့ မျက်ခုံးအစုံက ထိစပ်လုမတတ် ဖြစ်နေပါတယ်။သူ့ကို စိုးရိမ်စေတာတွေက အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေပါ။ကံကောင်းတာက သူ့ရဲ့ ဟောဒီမြေးမလေးက ဉာဏ်ကောင်းတာကြောင့် တစ်ထွာပြရင် တစ်မိုင်လောက်မြင်နေတာပါပဲ။

"ဒါပေမယ့် ကျွန်တော်က ဆေးအကြောင်းကို ဘာမှ နားမလည်ဘူးလေ ဘဘ"

ရှန်ယန်ရှောက်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားပါတယ်....အတွင်းအားနဲ့မှော်နှစ်မျိုးလုံးကို သူမလေ့ကျင့်နိုင်စွမ်းရှိနေပေမယ့် ဆေးအကြောင်းကိုတော့ ဘာမှ နားမလည်တဲ့အတွက်ပါ။

ဆေးပညာရပ်အပေါ်မှာ သူမနားလည်တာဆိုလို့ အဆင့်နိမ့်ရုပ်ဖျက်ဆေးပုလင်းတွေပဲ ရှိကာ ဈေးကြီးလွန်းလို့ လူတွေကို လန့်သေစေနိုင်တယ်ဆိုတဲ့အကြောင်းပဲ ရှိပါတယ်။

"အဲ့ဒီအတွက် ဘာမှ စိုးရိမ်မနေနဲ့ ဘဘက မြေးကို ဘာမှ နားမလည်တဲ့ အရာအတွက် သွားခိုင်းမှာမဟုတ်ပါဘူးကွယ်"

ရှန်ဖန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ပန်းချီကားထဲက အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်ကာ

"မြေးရဲ့ မိခင် ဝမ်ယာကို လောင်းရွှမ်တိုင်းပြည်က အလှဆုံးမိန်းကလေးလို့ပဲ လူတွေ သိကြပြီးတော့ ဝမ်ယာက အလွန်တော်တဲ့ အဆင့်မြင့်သမားတော်တစ်ယောက်ဖြစ်တာကိုတော့ မသိထားကြဘူး"

"အမ်"

ဘာပြောရမှန်းမသိတော့တဲ့ ရှန်ယန်ရှောင်က ပန်းချီကားထဲက လှပတဲအမျိုးသမီးကို ကြည့်နေလိုက်မိပြီး သူမ အခုသိလိုက်ရတဲ့ သတင်းကို ခေါင်းထဲထည့်သွင်းလိုက်ပါတယ်။

"မြေးရဲ့ မိခင်ဖက်က မျိုးနွယ်က အလွန်လျှို့ဝှက်တယ်။သူမ လောင်းရွှမ်တိုင်းပြည်ထဲမှာ ပေါ်လာတော့ အလွန်များပြားလှတဲ့ လူတွေက သူမရဲ့ ရုပ်ရည်ကိုပဲ မှတ်သားကြတယ်။မြေးဖခင်နဲ့ သူမနဲ့တွေ့ကြတော့ ဘဘလည်း လူတွေစေလွှတ်ပြီး နောက်ကြောင်းကို စုံစမ်းခိုင်းခဲ့ပေမယ့် ဘာမှ မသိခဲ့ရဘူး။နောက်တော့ မြေးရဲ့ဖခင်က သူနဲ့လက်ထက်မယ်လုပ်တော့ ဘဘလည်း ဘာမှ ပြောစရာမရှိခဲ့ဘူး။ဒါပေမယ့် မြေးမိခင်က မင်္ဂလာဆောင်ပြီးတဲ့နောက်မှာ ဘဘကိုလာတွေ့ခဲ့ပြီး သူက အလွန်တော်တဲ့ အဆင့်မြင့်သမားတော်တစ်ဦးဖြစ်တယ်လို့ ပြောခဲ့တယ်။သို့သော်လည်း အဲ့ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့ ပိတ်ခိုင်းထားခဲ့ပြီး မျိုးနွယ်အတွက် ဆေးတွေကို လျှို့ဝှက်စွာ ထုတ်လုပ်ပေးခဲ့တယ်။

ဝမ်ယာက ဇာမဏီမျိုးနွယ်ထဲကို ရောက်ပြီးနောက်ပိုင်းမှာ ဇာမဏီမျိုးနွယ်ရဲ့ ဆေးဝါးထုတ်လုပ်ထောက်ပံ့မှုက မျိုးနွယ်စုငါးစုထဲမှာ နံပါတ်တစ်နေရာကို ရောက်ခဲ့တယ်။လူတွေကတော့ ဇာမဏီမျိုးနွယ်မှာ အဆင့်မြင့်သမားတော်တစ်ယောက်က တိတ်တဆိတ်နဲ့ ကူညီပေးနေတယ်လို့ ပြောဆိုခဲ့ကြပေမယ့် ဇာမဏီမျိုးနွယ်ထဲကို လတ်တလောကမှ လက်ထပ်ဝင်ရောက်ခဲ့တဲ့ အမျိုးသမီးကို အဆင့်မြင့်သမားတော်အဖြစ် ဘယ်သူကမှ မတွေးမိခဲ့ကြဘူးလေ"

"ဘဘကတော့ မြေးမိခင်ရဲ့ မျိုးနွယ်က ရိုးတယ်လို့တော့ မထင်ဘူး။ဒါပေမယ့်လည်း သူမသေပြီးတဲ့နောက်မှာတောင် သူတို့မျိုးနွယ်က ဘာမှ မလှုပ်ရှားခဲ့ကြဘူး။မြေးက သူ့သမီးဖြစ်လို့ သူမရဲ့ စွမ်းရည်က မွေးရာပါအဖြစ် ရှိနေမှာပဲ။တစ်ခါတစ်လေမှာဆိုဘဘက မြေးလေး အတွင်းအားနဲ့မှော်အတတ်ကို မလေ့ကျင့်နိုင်တာက သူမရဲ့ ဆေးပညာရပ်ကို လက်ဆောင်အဖြစ် ရရှိထားလို့လားဆိုပြီး တွေးမိသေးရဲ့"

တည်ကြည်စွာနဲ့ ရှန်ဖန်က ပြောလိုက်ပါတယ်။

"အဲ့ဒါက တစ်ကယ်ဟုတ်ဟုတ် မဟုတ်ဟုတ် တော်ဝင်ရိုလန်ကျောင်းကို ရောက်ပြီးရင် မြေးက ကြိုးစားသင်ယူရမယ်နော်။မိခင်ရဲ့ အမွေကို ဆက်ခံရရှိခဲ့ရင်တော့ အကောင်းဆုံးပေါ့လေ မဟုတ်ရင်တော့ ဘဘ နောက်တစ်နည်းတွေးပါဦးမယ်"

ဇာမဏီငှက်က သူမဘေးမှာ ရှိနေတဲ့အတွက် ရှန်ဖန်က အလွန်အမင်း အကူအညီမမဲ့ပါဘူး။အနည်းဆုံးအခုအချိန်ထိတော့ တစ်ခြားမျိုးနွယ်စုတွေအနေနဲ့ ရှန်ယန်ရှောင်ကို မခြိမ်းခြောက်နိုင်သေးဘူးလေ။သူမအတွက် စီစဉ်စရာရှိတာတွေ ထပ်စီစဉ်ပေးနုင်ပါသေးတယ်။

ရှန်ယန်ရှောင်ဟာ ရှန်ဖန်က သူမအတွက်လေးလေးနက်နက်ပူပန်တွေးတော ပေးထားလို့ သက်မချလိုက်မိပါတယ်။သူစီမံပေးနေတာတွေအားလုံးက သူမရဲ့ အနာဂတ်အတွက်တွေးပြီး လုပ်နေတာချည်းပါပဲ။

"ပြောစရာတော့ ကုန်ပြီ။မြေး ပြန်လို့ရပြီ။ဒီအတောအတွင်း ကောင်းကောင်းအနားယူလိုက်ဦး။ရက်အနည်းငယ်ကြာရင် မျိုးနွယ်စုနဲ့ပတ်သတ်တာတွေကို ရင်းနှီးနေဖို့ စီယူကိုလွှတ်ပြီး သင်ပေးခိုင်းလိုက်မယ်"

ရှန်ဖန်က ရှန်ယန်ရှောင်ရဲ့ ပုခုံးကို ပုတ်ပြီး စိတ်ခံစားချက်တွေ အတောမသတ်နိုင်ဖြစ်နေတဲ့ ကောင်စုတ်မလေးကို အပြင်သို့ ခေါ်ထုတ်သွားပါတော့တယ်။

All Chapters