အခန်း (၈၂-၈၄)
Vol. 6 Ch. 82-84
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၂)
"မင်း....ကိုယ့်ရုပ်ကို မှန်ထဲမြန်မြန်သွားကြည့်လိုက်"
ဇာမဏီငှက်က မြင်သူငေးလောက်တဲ့ ရှန်ယန်ရှောင်မျက်နှာလေးကို လက်ညှိုးထိုးပြပြီး ပြောလိုက်ခြင်းဖြစ်ပါတယ်။
ဇာမဏီငှက်ရဲ့ ဟန်ပန်ကြောင့် ရှန်ယန်ရှောင် ဘာလဲဟလို့ ဖြစ်သွားကာ စားပွဲပေါ်တင်ထားတဲ့ မှန်ကို ဖြေးလေးစွာ ကောက်ယူပြီး ကြည့်မိလိုက်ပါတယ်။
တွေ့လိုက်ရတဲ့ ပုံရိပ်ကြောင့် သူမ ကျောက်ရုပ်လိုဖြစ်သွားရပါတယ်။
ဘယ်လိုအနေထားကနေကြည့်ကြည့် မှန်ထဲက ပုံရိပ်ဟာ အသားအရေ အလွန်ကောင်းလှပြီး နှင်းပွင့်ထက်ဖြူစင်တောက်ပတဲ့အသားအရေပိုင်ရှင်ဖြစ်ကာ မြင်သူ ငေးလောက်အောင် လှလွန်းသူပါ။
ဂလွမ်..
လက်ထဲက မှန် လွတ်ကျသွားသံဖြစ်ပါတယ်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။အရင်တုန်းက လူတိုင်းပြောရတဲ့ ရုပ်ဆိုးလှသူကြီးက ဘယ်ရောက်သွားတာလဲ။နောက်ပြီး မြို့တော်တစ်ခုကို ဝပ်ဆင်းလာအောင် လုပ်နိုင်တဲ့ မှန်ထဲက အလှပိုင်ရှင်က ဘယ်သူလဲဟင်"
"ဒုတိယတားမြစ်အမှတ်အသားကို ဖျက်လိုက်တာရဲ့ ရလာဒ်က ပထမအမှတ်ကိုဖျက်တာထက် ပိုတဲ့သက်ရောက်မှုတွေကို ဖြစ်စေခဲ့ပြီး မင်းရဲ့ မူလသွင်ပြင် ပြန်ပေါ်လာတာပဲ"
ရှူရဲ့အသံက သူမစိတ်ထဲမှာ ပဲ့တင်ရိုက်ခတ်သွားပါတယ်။
ရှန်ယန်ရှောင် ငိုရမလားရယ်ရမလား မသိဘူးဖြစ်နေပါတယ်။
ဘုရားရေ...ဘဲရုပ်ဆိုးလေးက ငန်းအသွင်ပြောင်းလဲ သွားတယ်။ပလပ်စတစ်ဆာဂျရီလုပ်တာထက် ပိုရလာဒ်ကောင်းတာပဲဟ။
ခုနက အစေခံမလေး အမူအယာပျက်နေတာ မထူးဆန်းတော့ပါဘူး။
တွေးကြည့်ရင် ဒီတားမြစ်အမှတ်အသားက တစ်ကယ့်ကို ကြောက်ဖို့ကောင်းတာပဲ...အမှတ်အသားပြုခံရသူရဲ့ စွမ်းအားကိုသာမကဘဲ ရုပ်ရည်ကိုပါ ပြောင်းလဲ ပိတ်ပင်ထားနိုင်တာပဲ။
လက်ရှိ ရှန်ယန်ရှောင်ရဲ့ ပုံပန်းဟာ ရှန်ယုနဲ့ဝမ်ယာတို့ရဲ့ အကောင်းဆုံးတွေကို ပေါင်းစည်းထားတာလို့ ပြောလို့ရပါတယ်။မိဘတွေနဲ့ယှဉ်ရင် သူမက ပိုတောင်လှပါသေးတယ်။အခုအချိန်မှာသာ ရှန်ယူနဲ့တခြားလူတွေက သူမကိုတွေ့မြင်ခဲ့ရင် ရှန်ယန်ရှောင်က ဇာမဏီမျိုးနွယ်က မဟုတ်ဘူးလို့ ပြောမှာမဟုတ်လောက်တော့ပါဘူး။
ဒါပေမဲ့လည်း........
"ဒါက အဆင်မပြေဘူး...."
သူမရဲ့ မျက်နှာလေးက အခုလိုပြောင်းသွားတော့ နောင်ကျရင် သူမက မကောင်းတာတွေလုပ်ခဲ့မယ်ဆိုရင် မအပ်စပ်ဘူးဖြစ်နေမှာပဲ။
ရှန်ယန်ရှောင်ဟာ ဒုတိယအမှတ်ကို ပယ်ဖျက်တာက အခုလောက်ကြီး ပြောင်းလဲသွားစေမယ်လို့ မထင်ထားခဲ့တာကြောင့် အခုလိုရုပ်ရည်ရသွားတာကို စိတ်ဓာတ်ကျဆင်းနေပါတော့တယ်။
"မင်း ဘာလုပ်မလို့လဲ"
သူ့သခင်ဖြစ်သူရဲ့ ပြောင်းလဲလှပသွားတဲ့ အဆင်းကြောင့် ကျိတ်ပျော်နေတဲ့ ဇာမဏီငှက်ဟာ ရှန်ယန်ရှောင်က ပြူတင်းပေါက်တွေနဲ့ တံခါးပေါက်တွေအားလုံးကို လိုက်ပိတ်နေတာကြောင့် မေးလိုက်တာပါ။
ရှန်ယန်ရှောင်ဟာ မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ပြီး ပုလင်းတွေ၊ခွက်တွေတစ်ခုပြီးတစ်ခုထုတ်ကာ သူမမျက်နှာကို စတင်နှိပ်စက်ပါတော့တယ်။
"လုပ်သင့်တဲ့အရာကို လုပ်နေတာ"
ရှန်ယန်ရှောင်က သူမ ရုပ်ဖျက်ဖို့အတွက် ကြိုတင်တွေးမြင်ခဲ့မိတာအတွက် ဝမ်းသာနေမိပါတယ်။အရင်တစ်ခါတည်းက ရုပ်ပြောင်းဖို့အတွက် လိုအပ်တာတွေကို သူမစုဆောင်းဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။အဆင့်နိမ့်ရုပ်ပြောင်းဆေးက အသုံးဝင်တာမှန်ပမယ့်လည်း ဈေးကြီးလွန်းတာကြောင့် အလှကုန်ရောင်းတဲ့ဆိုင်ကနေ မိတ်ကပ်ပစ္စည်းတွေ ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။ဒါမှလည်း နောင်လိုအပ်ရင် သူမရုပ်ကို ပြောင်းလဲနိုင်မှာ ဖြစ်လို့ပါ။
သူမက အခုလို မြို့တော်တစ်ခုကို ဝပ်ဆင်းခယစေနိုင်တဲ့ ရုပ်သွင်မျိုးကို မရချင်ပါဘူး။အခုတောင်မှ ဇာမဏီမျိုးနွယ်ထဲမှာ သူမက သတိပြုမိခံနေရတော့ ရှန်ဖန်ရဲ့ စီမံမှုနဲ့ တော်ဝင်ရိုလန်ကျောင်းကို သွားတဲ့အခါမှာသာ ဒီလိုမြင်သူတကာငေးတဲ့ အသွင်အပြင်နဲ့သာ သွားရောက်ခဲ့မယ်ဆိုရင် သူမလွတ်လွတ်လပ်လပ်နေရတော့မှာ မဟုတ်ပါဘူးလေ။
လှပမှုကို မိန်းမတိုင်း လိုချင်ကြပေမယ့် ရှန်ယန်ရှောင်ကတော့ စိတ်မဝင်စားပါဘူး....သူမက သူမအလုပ်နဲ့လိုက်ဖက်တဲ့ ခန္ဓာကိုယ်သွင်ပြင်ပိုင်ဆိုင်ထားဖို့ပဲ လိုချင်တာပါ။
သူမရဲ့ အရင်ပုံစံဖြစ်တဲ့ သာမန်ရုပ်ရည်မျိုးက ဘယ်လောက်ကောင်းလိုက်သလဲ။သူမ ဘယ်နေရာသွားသွား ဘယ်သူမှ သူမကို သတိပြုမိနေမှာ မဟုတ်တာကြောင့် သူမအတွက် ကောင်းတဲ့အရာတစ်ခုဖြစ်တယ်လေ။
ကံကောင်းစွာနဲ့ ရုပ်ဖျက်တယ်ဆိုတာ ရှန်ယန်ရှောင်အတွက် မထူးဆန်းတဲ့အလုပ်တစ်ခုဖြစ်နေတာပါပဲ။အရင်ဘဝတုန်းက စောရဘုရင်မတစ်ယောက်ဖြစ်ခဲ့တာကြောင့် မိတ်ကပ်ကိုသုံးပြီး ရုပ်ဖျက်တာက သူမအတွက် မထူးဆန်းတော့ပါဘူး။
လက်ထဲမှာရှိတဲ့ ဒီပစ္စည်းတွေလောက်နဲ့တော့ သူမရုပ်ရည်ကို လုံးဝပြောင်းလဲသွားအောင် မလုပ်နိုင်ပေမယ့်အနည်းငယ်တော့ပြောင်းလဲအောင် လုပ်လို့ရပါတယ်။
ပြောရရင် ရှန်ယန်ရှောင်ရဲ့ မျက်နှာသွင်ပြင်က အရင်ကမျက်နှာနဲ့ သိပ်မကွာပါဘူး အဓိကပြောင်းသွားတာက အသားအရေပဲ ဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၃)
ပြောရမယ်ဆိုရင် အသားအရေကောင်းနေရင် ကျန်တဲ့မလှပမှုတွေကို ဖုံးသွားစေပါတယ်။
သူမရဲ့ လက်ရှိလှပကောင်းမွန်တောက်ပနေတဲ့ အသားအရေကို မည်းသွားအောင်လုပ်လိုက်မယ်ဆိုရင် သိပ်ပြဿနာမရှိနိုင်တော့ပါဘူး ဟုတ်တယ်ဟုတ်။
တွေးကြည့်လိုက်ရင် ၂၄ရာစုမှာ မိန်းမတွေဟာ လှပချင်တဲ့အတွက် အစွမ်းကုန်ကြိုးစားပြုပြင်ခွဲစိတ်နေကြပါတယ် မျက်နှာကိုရော ကိုယ်လုံးရောပေါ့....အဲ့လူတွေသာ သူမရဲ့ လက်ရှိအသွင်ကို မြင်လိုက်ရရင် အားကျစိတ်ကြောင့် မျက်နှာတွေပါ စိမ်းတက်လာနိုင်စေပါတယ်။
တစ်ယောက်ယောက်ကသာ ရှန်ယန်ရှောင်ရဲ့ အခုလိုမျိုးလူမဆန်တဲ့ အတွေးနဲ့လုပ်ရပ်ကို သိမြင်ခဲ့ရင် သူမကို လည်ပင်းညှစ်သတ်ပစ်လောက်ပါတယ်။
သို့သော်လည်း အခန်းထဲမှာက သူမကိုယ်သူမ ရက်စက်စွာလုပ်နေတဲ့ ရှန်ယန်ရှောင်ကလွဲရင် သူမလုပ်ရပ်ကြောင့် စိတ်ထဲအတွေးအမျိုးမျိုး ဝင်နေတဲ့ ဇာမဏီငှက်ပဲ ရှိပါတယ်။
ဇာမဏီငှက်ရဲ့ အမြင်မှာတော့ ရှန်ယန်ရှောင်က ပိုကြည့်ကောင်းလာတာမှန်ပေမယ့် သူ့လို ဒဏ္ဍာရီသတ္တဝါတစ်ကောင်က ထိုင်ကြည့်နေရလောက်အာင်ထိတော့ မလှသေးပါဘူး။နောက်ပြီးတော့ ဒဏ္ဍာရီသတ္တဝါတစ်ကောင်အတွက်က သခင်ဖြစ်သူရဲ့ ရုပ်ရည်သွင်ပြင်ထက် စွမ်းအားကပို အရေးပါပါတယ်။
ကြည့်ကောင်းတာက ဘာသုံးစားလို့ရလို့လဲ။အဆင်းလှတာနဲ့ အစားအသောက်အတွက် ပိုက်ဆံမပေးရမကုန်ရတော့ဘူးလား။
ဒါကြောင့် ဇာမဏီငှက်က ရှန်ယန်ရှောင်ရဲ့ အဆိပ်သင့်လက်တွေက သူမမျက်နှာပေါ်မှာ လှုပ်ရှားဖျက်စီးနေတာကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေပါတယ်။
ရှန်ယန်ရှောင်အခန်းတံခါးအပြင်ဖက်မှာတော့ ခေါင်းရှုပ်နေတဲ့ အစေခံမလေးက ရေနွေးတစ်ကန်ကို သယ်လာပြီး တံခါးဝမှာ စိတ်လှုပ်ရှားစွာ စောင့်နေပါတယ်။သူမဘေးမှာက နောက်ထပ်ရေနွေးတစ်ကန်ကို သယ်လာတဲ့ အစေခံမနောက်တစ်ယောက်ရှိပါတယ်။
"နင် မျက်စိမမှားဘူး ဆိုတာ သေချာလို့လားဟာ"
သိလိုစိတ်တွေက မျက်နှာမှာပေါ်နေတဲ့ ကောင်မလေးက သူမရဲ့ အဖော်ကို မေးလိုက်ခြင်းပါ။အခုလေးတင်ပဲ ဒီအစေခံမလေးက သတ္တမသခင်မလေးရဲ့ အခန်းကနေပြန်လာပြီးတဲ့အခါ တွေတွေကြီးဖြစ်နေပါတယ်။အကြာကြီးတိတ်နေပြီးမျ ဒီလို လုပ်လုပ်ရှားရှားဖြစ်စေတဲ့ သတင်းကို ပြောကြားလိုက်ပါတယ်။
တစ်ညတည်းနဲ့ သူမတို့မျိုးနွယ်ရဲ့ ရုပ်ဆိုးဆိုး သတ္တမသခင်မလေးဟာ အလွန်လှပတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်တဲ့လေ။
သူမက သူမသူငယ်ချင်းရဲ့ စကားကို မယုံပါဘူး...ဒီလိုတစ်ညတည်းမှာ အလွန်အမင်းလှပတဲ့သူအဖြစ် ပြောင်းလဲသွားစေတယ်ဆိုတာမျိုးကို မိန်းကလေးတိုင်း စိတ်ကူးမိတဲ့အရာဖြစ်ပြီး စိတ်ကူးသက်သက်သာဖြစ်ပါတယ်။
ဒီလိုပြောင်းလဲမှုမျိုးသာ အပြင်မှာ တစ်ကယ်ဖြစ်ခဲ့ရင် လူတွေလန့်ဖျတ်ပြီး သေသွားနိုင်ပါတယ်နော်။
ဒါပေမဲ့လည်း သူမရဲ့ သူငယ်ချင်းက သေချာပါတယ် သူအမြင်မမှားပါဘူးလို့ ထပ်တလဲလဲပြောနေတာကြောင့် သူမလည်း သိချင်စိတ်ပြင်းပြလာပြီး အခုလို လိုက်လာခဲ့တာဖြစ်ပါတော့တယ်။
"ငါ သေချာပေါက်မြင်ခဲ့တယ်ဆိုတာ အမှန်ပဲ"
အစေခံမလေးက ခိုင်မာတဲ့ လေသံနဲ့ ပြောလိုက်တာပါ။
"ငါတွေ့မြင်ခဲ့ရတာက တစ်ကယ့်အစစ်အမှန်ပဲ သတ္တမသခင်မလေးရဲ့ အသံသာ ပြောင်းသွားခဲ့တယ်ဆိုရင် ငါလည်း သခင်မလေးကို မှတ်မိမှာ မဟုတ်ဘူးဟ"
"သတ္တမသခင်မလေးက တစ်ညအတွင်းမှာပဲ ထိပ်တန်းအလှပိုင်ရှင် ဖြစ်သွားတယ်ပေါ့လေ။ငါကတော့ ယုံရခက်တုန်းပဲဟာ"
အစေခံမလေးနှစ်ယောက်က တံခါးအပြင်မှာ ရပ်နေကြပြီး တီးတိုးပြောဆိုနေကြတာဖြစ်ပြီး တံခါးကို မခေါက်ရဲကြပါဘူး။သူတို့စကားပြောနေတုန်းမှာပဲ အခန်းတံခါးက ဖြည်းညင်းစွာ ပွင့်သွားပါတယ်။
အတွင်းမှာရပ်နေတဲ့ ရှန်ယန်ရှောင်ဟာ လန့်သွားတဲ့ အစေခံမလေးနှစ်ယောက်ကို တွေ့လိုက်ပြီး စိတ်ထဲမှာ ကျိတ်ရယ်နေပါတယ်။သူတို့အတွက် သူမရဲ့ အရင်တုန်းက ရွက်ကြမ်းရည်ကျိုရုပ်က ဘာမှ ပြောင်းလဲ မသွားပါဘူး။
အစေခံမလေးနှစ်ယောက်က ရုတ်တရက်ဆိုတော့ ကြောင်အမ်းအမ်းဖြစ်သွားပါတယ်။ခုနက အစေခံမလေးကတော့ သူမမျက်လုံးတွေကို ထပ်တလဲလဲ လက်နဲ့ပွတ်နေမိပြီး မယုံနိုင်အောင် ဖြစ်နေပါတယ်။ခုနက သူမတွေ့ခဲ့တဲ့ သတ္တမသခင်မလေးက အခုလို ရုပ်မျိုးမဟုတ်တာ သေချာပါတယ်။
သူမသူငယ်ချင်းနဲ့လိုက်လာခဲ့မိတဲ့ အစေခံမလေးကတော့ စိတ်ဓာတ်ကျဆင်းမှုက သူမနှလုံးသားကို ဖိစီးသွားလို့ သေလုမတတ်ဖြစ်သွားပါတယ်။
သူမရှေ့က ရှန်ယန်ရှောင်မှာ ဘာကများလှလာတာရှိလို့လဲ။အဲ့ဒီ မည်းမှောင်နေတဲ့ သပိတ်ရောင်က သပိတ်ရောင်ပါပဲ။ဒါကိုများ အံ့ချီးလှတဲ့ အလှပိုင်ရှင် ထိပ်တန်းအလှရှင်တဲ့လား။ဒီလိုအဆင်းပိုင်ရှင်က မျိုးနွယ်ရဲ့ အနိမ့်ဆုံးအဆင့်ရှိတဲ့ အစခံနဲ့တောင် မယှဉ်နိုင်ဘဲနဲ့။
သူမက ဒီလို တစ်ညတည်းနဲ့ လှပသူတစ်ဦးဖြစ်သွားတယ်ဆိုတဲ့ ဟာသကို ယုံမိတာ ရူးနေလို့ပဲဖြစ်ရမယ်။
တစ်စုံတစ်ယောက်ရဲ့ မထောက်မညှာရက်စက်မှုအောက်မှာ ဇာမဏီမျိုးနွယ်ရဲ့ မျိုးဆက်သစ်ထဲက အနှိုင်းမဲ့အလှပိုင်ရှင်တစ်ဦးဟာ ဖုန်ထဲသဲထဲမှာဖုံးထားခံလိုက်ရပြီး အမှောင်ထဲမှာ ပျောက်ဆုံးသွားရပါတယ်။
ရှန်ဖန်ရဲ့ စီမံချက်ကြောင့် ဇာမဏီမျိုးနွယ်ရဲ့ ကိစ္စရပ်တွေကို ရှန်ယန်ရှောင်ရင်းနှီးနေစေဖို့အတွက် ရှန်စီယူ မကြာခင်မှာ ရောက်လာတော့မှာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၄)
နေပြည်တော်မှာရှိတဲ့ ပင်မမျိုးနွယ်အပြင် မျိုးနွယ်ခွဲသုံးခုက လောင်းရွှမ်တိုင်းပြည်ထဲမှာ ရှိပါသေးတယ်။နှစ်စဉ်နှစ်တိုင်းမှာ မျိုးနွယ်ခွဲတွေက ရှန်ဖန်အား သူတို့အခြေအနေတွေကို သတင်းပို့ရပါတယ်။သူတို့ရှာလို့ ရတဲ့ ငွေနဲ့ရတနာတွေအား ပင်မမျိုးနွယ်ဆီပို့ပြီး ဝေခြမ်းခိုင်းရပါတယ်။ပြောရမယ်ဆိုရင် တိုးနယားမျိုးနွယ်ကလွဲရင် ကျန်တဲ့မျိုးနွယ်စုကြီးလေးစုရဲ့ နေပြည်တော်မှာရှိတဲ့ ပင်မဌာနချုပ်ဟာ ဟန်ပြသက်သက်ပါပဲ။အကျိုးအမြတ်ရစေတာက ဌာနချုပ်အတွက်အလုပ်လုပ်ပေးနေတဲ့ ဌာနခွဲတွေပဲဖြစ်ပါတယ်။
ခေတ်သစ်စီးပွားရေးအုပ်စုတွေနဲ့ အတူတူပါပဲ....ခေါင်းဆောင်ပိုင်းက ဗျူဟာတွေ စီမံကိန်းတွေရေးဆွဲပေးပြီး အောက်ခြေဝန်ထမ်းတွေက အကောင်အထည်ဖော်ပေးရသလိုမျိုးပါပဲ။
လျှင်လျှင်မြန်မြန်နဲ့ပဲ ဇာမဏီမျိုးနွယ်ရဲ့ အနေအထားတစ်ချို့ကို သူမ သိရှိခဲ့ပါတယ်။သူမပါဝင်ပတ်သတ်လာမှုအပေါ်မှာ ရှန်ဂျန်ရောရှန်ယူရောက မကျေနပ်ကြပေမဲ့ ရှန်ဖန်ရဲ့ အရှိန်အောက်မှာနဲ့ ရှန်စီယူရှိနေမှုတို့ကြောင့်ပါ သူတို့က ထုတ်ေျဖာ်မကန့်ကွက်ရဲကြပါဘူး။ထို့အပြင်လည်း အခုတစ်လောမှာ ဇာမဏီငှက်က မျိုးနွယ်အိမ်တော်အတွင်းမှာ လှည့်ပတ်သွားနေပါတယ်။သူပေါ်လာတဲ့နေရာတိုင်းမှာ အုတ်အော်သောင်းတင်းဖြစ်စမြဲပါ။
ဒါက နှစ်ရာကျော်ကြာအောင် ပျောက်ကွယ်နေတဲ့ ဇာမဏီငှက်ဖြစ်ပြီး နောက်တစ်ကြိမ်ပြန်ထွက်ပေါ်လာတာလေ။လူတိုင်းက ဇာမဏီငှက်နဲ့တွေ့ဆုံရတာကို သူတို့ဘဝရဲ့ ဂုဏ်အယူရဆုံးလို့ သတ်မှတ်လက်ခံထားကြပါတယ်။
ပြောရမယ်ဆိုရင် ဇာမဏီငှက်ကို တွေ့တာနဲ့ သူ့နောက်ကနေရော ရှေ့ကနေပါ တစ်ကောက်ကောက်လိုက်နေတဲ့အထိပါပဲ။ဇာမဏီငှက်ရဲ့ ကျွတ်ကျလာတဲ့ ဆံပင်မွှေးကိုတောင် ရရှိဖို့ တိုက်ခိုက်ကြတဲ့အထိပါပဲ...ရခဲ့ရင် သိမ်းထားကြကာ သူတို့ရဲ့ နော်က်မျိုးဆက်တွေကို လက်ဆင့်ကမ်းပြသနိုင်မယ့် အံ့ဖွယ်ပုံပြင်တစ်ပုဒ်ဖြစ်လာမှာလေ။
ဒီလိုပရိတ်သတ်မျိုးတွေကို ၂၄ရာစုမှာတွေ့ကြုံခဲ့ပြီးဖြစ်တဲ့ ရှန်ယန်ရှောင်ကတော့ ဘာမှမတတ်နိုင်မှန်းသိပါတယ်။
ရှန်ကျီယီနဲ့ရှန်ကျီဝေတို့နှစ်ယောက်ကတော့ ပြန်ရောက်တည်းကနေ ငါးရက်တိတိ အနားယူပြီးမှသာ အိပ်ယာထက်ကဆင်းလာနိုင်ကြပါတယ်။သူတို့သွားလာလှုပ်ရှားနိုင်တာနဲ့ သိလိုက်ရတာကတော့ ရှန်ဖန်က ရှန်ယန်ရှောင်ကို ခေါင်းဆောင်နေရာဆက်ခံမယ့်သူအဖြစ် ပြောဆိုထားကြောင်းကိုပါ။ခနလောက် ငေးငိုင်သွားမိကြပါတယ်။သူတို့အနိုင်ကျင့်နှိပ်စက်နေကြ ကောင်မလေးက ဇာမဏီမျိုးနွယ်ရဲ့ နောက်တက်မယ့်ခေါင်းဆောင်ဖြစ်လာတော့မှာကို သဘောပေါက်သွားကြပါတယ်။ဒီလိုခံစားချက်မျိုးက အချစ်ရေးတစ်ခုကို တတိယလူတစ်ယောက်က ဝင်ရောက်နှောက်ယှက်ခံရတာနဲ့ တူပါတယ်။
ဇာမဏီငှက်ရဲ့ ပညာပေးမှုကို ကောင်းကောင်းကြီးခံစားဖူးတာကြောင့် သူတို့နှစ်ယောက်က အမြှီးကုပ်နေကြပါတယ်။ဇာမဏီငှက်ရဲ့ အရိပ်အယောင်တွေ့တာနဲ့ မှုန်နေအောင်လစ်ကြပါတယ်...ပြန်ကောင်းနေပြီဖြစ်တဲ့ ရှန်ယန်ရှောင်က ဇာမဏီငှက်ကို သူတို့အကြောင်းပြောထားမှာကို ကြောက်နေလို့ဖြစ်ပါတယ်။
ရှန်ယိဖန်ကတော့ ဘာမှတုံ့ပြန်မှုမရှိဘဲ ပြန်ရောက်ပြီး မကြာခင်မှာပဲ မျိုးနွယ်အိမ်တော်ကနေ ထွက်ခွာသွားတာဖြစ်ပြီး ဘယ်ပြေးသွားလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး။
ရှန်ယန်ရှောင်အတွက်လည်း အခြေအနေသိပ်မကောင်းလှပါဘူး....ဒုတိယအမှတ်ကိုဖျက်ပြီးတည်းက ရှူက ကြမ်းတမ်းပင်ပန်းစွာ လေ့ကျင့်ခိုင်းပါတော့တယ်။နေ့ပိုင်းမှာ ရှန်စီယူနဲ့အတူ မျိုးနွယ်ရဲ့ ကိစ္စတွေကို ရင်းနှီးစေဖို့အတွက် လိုက်လံသင်ယူရပြီး ညအချိန်မှာတော့ တံခါးပိတ်ကာ ရှူရဲ့ စေခိုင်းချက်အတိုင်း လေ့ကျင့်နေရပါတယ်။
ရက်နှစ်ဆယ်လုံးလုံး သူမကောင်းကောင်းအိပ်ရတယ်လို့မရှိခဲ့ပါဘူး။သူမရဲ့ အတွင်းအားကတော့ အဆင့်ခြောက်ကိုရောက်ရှိခဲ့ပြီး ဓားပညာရှင်၊စစ်သည်နဲ့မြှားသမားတို့အနက် မြှားသမားကို သူမရွေးခဲ့ပါတယ်။
လမ်းကြောင်းနှစ်ခုကို ရွေးချယ်ခဲ့ပြီး ဖြစ်ပေမဲ့ သူမအခုထက်ထိတော့ သက်ဆိုင်ရာ ပညာရပ်တွေအကြောင်းကို စနစ်တကျသင်ကြားပြသမယ့်သူမရှိလို့ ဘာမှမသင်ကြားရသေးပါဘူး။သူမအနေဲ့ အတွင်းအားနဲ့ မှော်အားတက်ဖို့အတွက်ပဲ လေ့ကျင့်နေရတာပါ။
ပညာရပ်တစ်ခုကို သေချာလေ့လာနိုင်ဖို့အတွက်ကိုတော့ တော်ဝင်ရိုလန်ကျောင်းကို သူမပုံအပ်ယုံကြည်ထားပါတယ်။တော်ဝင်ရိုလန်ကျောင်းဟာ လောင်းရွှမ်တိုင်းပြည်အတွင်းက အကြီးဆုံးကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
သူမရွေးချယ်ထားတဲ့ ဆင့်ခေါ်သူပညာရပ်နဲ့မြှားသမားအတတ်တို့ကို ကျောင်းကိုရောက်မှ သင်ယူရမှာဖြစ်ပါတယ်။တော်ဝင်ရိုလန်ကျောင်းရဲ့ ဆရာအင်အား သို့မဟုတ် သင်ထောက်ကူပစ္စည်းအားလုံးက ကွမ်းမင်တိုက်ပေါ်မှာ အဆင့်မြင့်တဲ့ အနေအထားမှာ ရှိပါတယ်။ရှန်ဖန်က သူမကို ကျောင်းမှာ ဆေးပညာကို သင်ယူဖို့ လွှတ်တာဖြစ်ပေမဲ့ ကျောင်းရောက်ရင် သက်ဆိုင်ရာ ပညာရပ်အတွက် နည်းစနစ်စာအုပ်တွေကို ရရှိဖို့က သူမအတွက် မုန့်စားသလို လွယ်ကူသွားမှာပါ။