အခန်း (၈၅-၈၇)
Vol. 6 Ch. 85-87
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၅)
တော်ဝင်ရိုလန်ကျောင်းနဲ့လောင်းရွှမ်တိုင်းပြည်က အတော်လှမ်းပါတယ်။သူမလက်စွပ်မှာ နေရာလွတ်တော်တော်များများကို တော်ဝင်ရိုလန်ကျောင်းကိုမရောက်ခင် ရှိနေစေချင်တဲ့အတွက် တိုးနယားလေလံအိမ်ကို နောက်တစ်ခေါက်ထပ်သွြးခဲ့ကာ ရွှေတွေအများကြီးအား ကြူမန်ကိုပေးအပ်ခဲ့ကာ သလင်းအမြူတေတွေရှာဖွေဝယ်ယူပေးကာ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ တော်ဝင်ရိုလန်ကျောင်းကို ပို့ပေးဖို့မှာခဲ့ပါတယ်။
"မင်းကလည်း တော်ဝင်ရိုလန်ကျောင်းတက်နေတာပေါ့"
ရှန်ယန်ရှောင်မှာတာကို ကြားလိုက်ရတော့ လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ကြူမန်က ရုပ်မထွက်တဲ့ကောင်လေးကို ကြည့်ရင်းမေးလိုက်ပါတယ်။
ရိုလန်ကျောင်းတော်ရဲ့ ဂုဏ်သတင်းက လောင်းရွှမ်တိုင်းပြည်အတွင်းမှာ တော်တော်ကြီး ကြီးမားပါတယ်။သူ့ရဲ့ သင်ကြားရေးအဆင့်မီလို့တင်မဟုတ်ဘဲ ကျောင်းဝင်ခွင့်သတ်မှတ်ချက်တွေကလည်း များပြားတင်းကြပ်လို့ဖြစ်ပါတယ်။တခြားအကြောင်းမပြောနဲ့ဦး တစ်ဖြတ်တစ်ခါပေးနေရတဲ့ ကျူရှင်ခကတင် သာမန်မိသားစုက ကလေးတွေကို မျက်လုံးပြူးစေနိုင်ပါတယ်။
နောက်တစ်ခုရှိတာက ကျောင်းမှာတက်ရောက်သင်ကြားခွင့်အတွက် ကျောင်းသားတွေရဲ့ အရည်အချင်းကိုသတ်မှတ်ထားချက်မီမှသာ လက်ခံတာလည်းဖြစ်ပါတယ်။ဘယ်ပညာကိုပဲရွေးချယ်သင်ယူချင်ပါစေ ကျောင်းကဖြေခိုင်းတဲ့ဝင်ခွင့်စာမေးပွဲ အောင်မြင်မှသာ ဝင်ခွင့်ရမှာဖြစ်ပါတယ်။မဟုတ်ရင်တော့ ဘုရင့်ရာထူးဆက်ခံမယ့်သူဖြစ်နေပါစေ တော်ဝင်ရိုလန်ကျောင်းကတော့ ကန်ထုတ်မှာပဲဖြစ်ပါတယ်။
သူ့ရှေ့ကဖောက်သည်ဟာ ဒီတစ်လောမှာ လေလံအိမ်ကို မကြာခဏလာတယ်ဆိုပေမဲ့ စိတ်ထဲအရေးတကြီးတွေးမထားပါဘူး။အလွန်အမင်းချမ်းသာတာကလွဲလို့ သူ့မှာ ဘာအရည်အချင်းရှိနိုင်လို့လဲလေ။ခါးသွယ်သွယ်နဲ့ခြေတံလက်တံသေးသွယ်တဲ့သူမကို အတွင်းအားကျင့်သူတစ်ယောက်အဖြစ်သတ်မှတ်လို့ မရပါဘူး....ဖျတ်ဖျတ်လတ်လတ်မရှိလှတဲ့ တွေဝေငေးမောနေတတ်တဲ့ သူ့စိတ်က ဘယ်လိုလုပ်မှော်ပညာကို လေ့ကျင့်နိုင်မှာတဲ့လဲ။
ရှန်ယန်ရှောင် ခေါင်းညိတ်ပြလိုက်ပါတယ်။သူမရဲ့တတိယအမှတ်ကို ဖျက်ဖို့အတွက်က အဆင့်နိမ့်သလင်းအမြူတေနဲ့ မရတော့ဘူးဆိုတာကို ရှူက ပြောပြီးပါပြီ။ဒီတစ်ခေါက် ကြူမန်ကို အလယ်အဆင့်နဲ့အဆင့်မြင့်အမြူတေတွေပဲ ရှာပေးဖို့ပြောခဲ့ပါတယ်။ကျောင်းမှာဘယ်လောက်ကြာအောင်နေရမယ်ဆိုတာ သူမ မသိသေးတာကြောင့် ရလာတဲ့ အမြူတေတွေကို လူလွှတ်ပြီး သူမဆီပို့ခိုင်းဖို့လည်း မှာထားပါတယ်။ငွေက အဆင်ပြေအောင်လုပ်ပေးနိုင်တာဖြစ်လို့ ငွေလုံလုံလောက်လောက်ရှိရင် တိုးနယားလေလံအိမ်အနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ွက်ပေးျျွာလည်း ဖြစ်ပါတယ်။
"ဒါကတော့ တော်တော်လေး တိုက်ဆိုင်သွားပြီပဲ"
ပျင်းတွဲ့တွဲ့အသံတစ်ခုက သူမနောက်ကနေထွက်လာပါတယ်။
ဘယ်အချိန်ကရောက်နေမှန်း မသိရဘဲ နံရံကို ပျင်းရိစွာမှီနေတဲ့ ကြူရှီယာက ရှန်ယန်ရှောင်ပြောတာကို ကြားလိုက်တာလည်းဖြစ်ပါတယ်။မြေခွေးတစ်ကောင်လိုမျိုး ရှည်လျားကျဉ်းမြောင်းတဲ့ မျက်လုံးတစ်စုံမှာ အပြုံးရိပ်တစ်ခုတွေ့ရပါတယ်
အဲ့ဒါ သူပဲ။သူမက ကြူရှီယာကို မှတ်မိလိုက်ပါတယ်။ပထမဆုံးအကြိမ် ဒီကိုရောက်ခဲ့တုန်းက ကောင်လေးက သူမကို အစကနေပြီးတဲ့အထိ စိတ်ဝင်တစ်စားကြည့်နေခဲ့သူလည်း ဖြစ်ပါတယ်။ဒါပေမယ့်လည်း နောက်အခေါက်တွေမှာ မတွေ့တော့တာကြောင့် အခုလည်း တွေ့လိမ့်မယ်လို့ မထင်ထားပါဘူး။
"မင်းအသက်အရွယ်အရဆိုရင် ကျောင်းကိုဒီနှစ်မှ စတက်ရမယ့်ပုံပဲ။ဒီလိုဆိုရင် င့ါကို စီနီယာလို့ ခေါ်သင့်တယ်"
ကြူရှီယာက သူ့ရှေ့က ကောင်စုတ်မလေးကို ကြည့်ပြီး သွားဖြီးလိုက်ပါတယ်။ဒီအတောအတွင်းမှာ ဒီဖောက်သည်နဲ့ ပတ်သတ်သမျှကို ကြူမန်က သူ့ဆီသတင်းပို့မပြတ်ခဲ့ပါဘူး။လေလံအိမ်ကို ဒီနေ့လှည့်ပတ်ကြည့်နေတုန်း သူမကို တွေ့ရမယ်လို့ မထင်ထားခဲ့မိပါဘူး။
"အာ"
ရှန်ယန်ရှောင် မျက်တောင်ခတ်လိုက်ပါတယ်။ဒါဆိုရင် ဖြစ်နိုင်တာက....
"ငါက တော်ဝင်ရိုလန်ကျောင်းရဲ့ မှော်ပညာတန်းခွဲက ဒုတိယနှစ်ကျောင်းသားပဲလေ"
ကြူရှီယာက ပြုံးရင်း ပြောလိုက်တာပါ။
"မင်္ဂလာပါ စီနီယာ"
ရှန်ယန်ရှောင်က ချက်ချင်းပြောလိုက်ပါတယ်။
ဇာမဏီငှက်သာ သူမအနားမှာရှိနေပါက သူ့သခင်ဖြစ်သူရဲ့ တွေးတောမှုမရှိဘဲ တစ်ဖက်လူက စီနီယာလို့ခေါ်ခိုင်းတာနဲ့ တန်းခေါ်တဲ့အတွက် ထခုန်လိုက်ပြီး သူမပါးကို ရိုက်ပစ်လောက်ပါတယ်...အဲ့လောက်တောင် သူနဲ့နင်နဲ့က ရင်းနှီးနေလို့လားဆိုပြီးတော့ပေါ့။
ပြောရရင် ရှန်ယန်ရှောင်က ဒီကောင်လေးအကြောင်းကိုလည်း သိချင်စိတ်ဖြစ်နေပါတယ်။တိုးနယားလေလံအိမ်ရဲ့ အရေးကြီးဖောက်သည်အနည်းငယ်ကိုသာ ဝင်ခွင့်ပြုတဲ့ ဒီအခန်းမှာ ပထမဆုံးစတွေ့ချိန်တည်းကပေါ့............
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၆)
ကြူမန်ရဲ့ လေးစားစွာဆက်ဆံပုံကို ကြည့်ပြီး တိုးနယားမျိုးနွယ်ရဲ့ သခင်လေးဖြစ်တယ်ဆိုတာလောက်တော့ သူမရိပ်မိပါတယ်။လောလောဆယ်မှာ တိုးနယားလေလံအိမ်နဲ့ သူမက ဆက်ဆံနေရပါတယ်။ဒါကြောင့် ဒီလို ဘာမဟုတ်တာလေးလောက်နဲ့ ဒီလိုအင်အားကြီးမျိုးနွယ်နဲ့ဆက်ဆံရေးမှာ ထိခိုက်မသွားစေချင်လို့ဖြစ်ပါတယ်။
နောက်ပြီး စီနီယာလို့ခေါ်လိုက်ရလို့လည်း သူမနစ်နာသွားမှာမဟုတ်ဘဲ မိတ်ဆွေတစ်ယောက်တိုးရင် ပိုကောင်းတာပေါ့။ဘာပဲပြောပြော သူက တော်ဝင်ရိုလန်ကျောင်းတော်သားတစ်ယောက်ဖြစ်လို့ တစ်ချိန်ချိန်မှာ အသုံးဝင်ရင်ဝင်လာနိုင်တာပဲလေ ဟုတ်ဘူးလား။
ရှန်ယန်ရှောင်အတွေးထဲမှာ တွက်ချက်စဉ်းစားနေမှုတို့နဲ့ ပဲ့တင်ထပ်နေပါတယ်။တစ်ဖက်လူအား သူလိုချင်တဲ့ စကားအနည်းငယ်ပြောလိုက်တဲ့အတွက်နဲ့ သူမအတွက် ကြီးမားတဲ့ အခွင့်အရေးတွေ ရလာနိုင်တာပဲလေ။
"မင်းက ငါတို့တိုးနယားမျိုးနွယ်ရဲ့ လေလံအိမ်ကို တော်တော်လေး ဂရုစိုက်ကူညီပေးခဲ့ပေမယ့် မင်းကို ဘယ်လိုခေါ်ရမယ်လို့ မသိသေးဘူးနော်.....ငါကတော့ တိုးနယားမျိုးနွယ်က ကြူရှီယာပါ"
ကြူရှီယာက ပြုံးဖြီးဖြီးနဲ့ ရှန်ယန်ရှောင်ကို လှမ်းပြောလိုက်တာ ဖြစ်ပါတယ်။
ကြူရှီယာ။ဒီအတောအတွင်းမှာ ရှန်စီယူရဲ့ ပြောကြားမှုကြောင့် မျိုးနွယ်လေးစုရဲ့ အကြောင်းအချို့ကို ခဏခဏကြားဖူးနေပြီးဖြစ်ပါတယ်။ပြောရရင် မျိုးနွယ်ငါးစုထဲမှာ တိုးနယားမျိုးနွယ်က နောက်တက်မယ့် ခေါင်းဆောင်ကို အဦးဆုံးရွေးချယ်ထားတာဖြစ်ပါတယ်။ထိုခေါင်းဆောင်နေရာကို ဆက်ခံရမယ့်သူအဖြစ် ရွေးချယ်ခံထားရသူကတော့ သူမမျက်စိရှေ့က ကောင်လေးကြူရှီယာပဲ ဖြစ်ပါတယ်။
ရှန်စီယူရဲ့ ပြောစကားအရဆို စီးပွားရေးဖက်မှာ လောင်းရွှမ်တိုင်းပြည်အတွင်းက ကုန်သည်မှန်သမျှကို ကြူရှီယာက ခနအတွင်းချေမှုန်းနိုင်စွမ်း နောက်ကောက်ချနိုင်စွမ်းရှိတယ်တဲ့။
သူမရှေ့က ကောင်လေးရဲ့ အကြောင်းမှန်ကို သိလိုက်ရတဲ့ ရှန်ယန်ရှောင်ဟာ ကြူရှီယာကို ရုပ်ရည်ချောမောလွန်းသူလူငယ်တစ်ယောက်အဖြစ် မမြင်တော့ဘဲ လမ်းလျှောက်နေတဲ့ ရွှေတောင်ကြီးလို့ပဲ မြင်လိုက်ပါတယ်။
"ငါက ရှန်ဂျူပါ"
ရှန်ဂျူဆိုတာ သူမ တော်ဝင်ရိုလန်ကျောင်းမှာ အသုံးပြုရမယ့် အမည်အဖြစ် ရှန်ဖန်က သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ရှန်ယန်ရှောင် စိတ်ပြန်ကောင်းမွန်လာတာကို ပင်မမျိုးနွယ်အတွင်းပဲ သိပါတယ်။ဇာမဏီငှက်နဲ့ ပတ်သတ်တဲ့သတင်းဖြစ်တာကြောင့် ဘာသတင်းမှ မပေါက်ကြားဖို့ ရှန်ဖန်က တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားပါတယ်။ဇာမဏီမျိုးနွယ်ရဲ့ မျိုးနွယ်ခွဲတစ်ခုက လူမသိသူမသိတစ်ယောက်ရဲ့ အမည်ကတော့ သူမ ကျောင်းတက်ရင်သုံးဖို့အတွက် အသုံးပြုခံလိုက်ရပါတယ်။
ကျောင်းရောက်ရင် ကြူရှီယာနဲ့တွေ့ဆုံရမှာ သေချာတာကြောင့် သူမ ဘာပြောရမလဲဆိုတာကို နားလည်ပါတယ်။
"ဒီနေ့ကစရင် နှစ်ရက်မြောက်နေ့ဆို ပညာသင်နှစ်အသစ်စမှာပဲ မင်းနားမလည်တာတွေရှိမယ်ဆိုရင် ငါ့ကိုလာရှာနိုင်ပါတယ်"
ကြူရှီယာက သဘောထားကြီးစွာ ပြောဆိုလိုက်ပါတယ်။
"ဒီလိုဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်နော်"
ရှန်ယန်ရှောင်ကတော့ သိတဲ့အတိုင်း အားနာမနေပါဘူး။
"ဘယ်ဌာနခွဲကို ဝင်ရောက်ဖို့အတွက် ဝင်ခွင့်ဖြေမှာလဲ"
ကြူရှီယာက ပြုံးရင်းမေးလိုက်ပါတယ်။
"ဆေးပညာဌာန"
ရှန်ယန်ရှောင်အနေနဲ့ သိုဝှက်စရာအကြောင်းမရှိပါဘူး။
ခနတာ တွေဝေနေပြီးနောက် ကြူရှီယာက ပြုံးရင်းပြောလိုက်ပါတယ်။
"ဆေးပညာက တစ်ကယ်ကောင်းပါတယ်။ငါ့အနေနဲ့ မင်းအဆင့်မြင့်သမားတော်ဖြစ်လာမယ့်နေ့ကို စောင့်မျှော်နေမှာပါ။အဲ့အချိန်ကျရင်သာ မင်းရဲ့ ဆေးဝါးတွေကို တိုးနယားလေလံအိမ်ကိုလည်း ရောင်းခွင့်ပေးဖို့တော့ မမေ့သွားနဲ့ဦးနော်။မင်းကျေနပ်လောက်မယ့် ငွေပမာဏဖြစ်စေဖို့ ငါ့ဖက်က အာမခံပါတယ်"
"ဒါပေါ့ ငါလည်း အဲ့လိုပဲလုပ်မှာပါ "
ရှန်ယန်ရှောင်လည်း ပြုံးရင်း ဖြေကြားလိုက်ပါတယ်။
နှစ်ယောက်သား စကားပြောဆိုနေတုန်းမှာ ဘေးနားမှာရှိတဲ့ ကြူမန်က စကားတစ်ခွန်းမှ မဟရဲပါဘူး။သူ့ခေါင်းတွေ ပေါက်ထွက်မတတ်စဉ်းစားနေသော်လည်း သူ့သခင်လေးက ဒီလို သာမန်ဖောက်သည်မျိုးကို ဘာလို့အခုလို ဆက်ဆံနေတာလဲဆိုတာကို သူနားမလည်ပါဘူး။အရင်တုန်းက ကြူရှီယာက ဒီကောင်လေးကို သတိထားစောင့်ကြည့်ဖို့ မှာတုန်းကလည်း ထူးဆန်းတယ်လို့ ထင်နေခဲ့ပြီးသားဖြစ်ပါတယ်။အခုလည်း တစ်ဖက်လူကို စောင့်ရှောက်ပေးမယ့်ပုံမျိုးနဲ့ ပြောနေပြန်ပါပြီ။ဒါက တစ်ကယ့်ကို မတွေးတတ်အောင်ပါပဲ။
သမားတော်တွေဟာ ကပ်လို့မလွယ်ကူတဲ့သူတွေဆိုပေမဲ့ တိုးနယားမျိုးနွယ်ကရော ဘယ်လိုအဆင့်လဲ။သမားတော်အများအပြားက တိုးနယားမိသားစုအတွက် အလုပ်လုပ်ပေးချင်နေကြတာကြောင့် တော်ရုံသမားတော်အဆင့်လောက်က တိုးနယားမျိုးနွယ်မျက်စိထဲ မတိုးပါဘူး။ဒီဖောက်သည်လေးက ငယ်လွန်းသေးတဲ့အပြင် တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနခွဲကိုတောင် မတက်ရသေးပါဘူး။အဲ့ဒါကို တတိယသခင်လေးက ယဉ်ကျေးစွာ ပြောဆိုနေတာက တတိယသခင်လေးရဲ့ လုပ်ရိုးလုပ်စဉ်ပုံနဲ့ မကိုက်ပါဘူး။
ဒီဖောက်သည်လေးက ဘယ်လိုဖြစ်လာမလဲဆိုတာကို ဘယ်သူပြောနိုင်မလဲ။သခင်လေးက တစ်ယောက်ယောက်အပေါ်မှာ ရင်းနှီးမြှုပ်နှံထားချင်တယ်ဆိုရင်တောင် ဒီဟာက အကြောင်းပြချက်မခိုင်လုံသေးပါဘူး။
ကြူမန်အနေနဲ့ သူ့ကိုယ်ပိုင်အတွေးအမြင်ရှိနေပေမဲ့လည်း ထုတ်ဖော်မပြောရဲဘဲ နာခံစွာနဲ့ တိတ်တိတ်လေး နေနေရပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၇)
နှစ်ရက်တာက ခဏအတွင်းမှာပဲ ကုန်ဆုံးသွားပါတယ်။ရှန်ယန်ရှောင် ကျောင်းကို သွားမယ့်နေ့မှာပဲ ရှန်ကျီယီနဲ့ရှန်ကျီဝေတို့ မောင်နှမနှစ်ယောက်လည်း တော်ဝင်ရိုလန်ကျောင်းကို သွားကြမှာဖြစ်ပါတယ်။သူတို့က မနှစ်တည်းက ကျောင်းရဲ့ မှော်ပာနဲ့ အတွင်းအားပညာဌာနခွဲတွေမှာ တက်ရောက်ခဲ့ကြပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်း အဆင့်၆ကို မရောက်သေးတာကြောင့် ဌာနခွဲနှစ်ခုရဲ့ အပြင်စည်းအဆင့်မှာပဲ ရှိပါသေးတယ်။ရှန်ယန်ရှောင်တက်ရောက်သင်ကြားမယ့် ဆေးပညာဌာနခွဲက ကျောင်းရဲ့ အတွင်းစည်းအတွင်းမှာရှိတဲ့အပြင် ထိုမောင်နှမနှစ်ယောက်ရဲ့ဌာနတွေနဲ့ သူမနေရာက တော်တော်ဝေးပါတယ်။ရှန်ဖန်က ရှန်ယန်ရှောင်အပေါ်လူတွေ အာရုံစိုက်မှာစိုးတဲ့အတွက် သူမအတွက်လှည်းသပ်သပ်ပြင်ထားပြီး အရင်ထွက်သွားခိုင်းပါတယ်။
တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားသစ်လက်ခံချိန်က နှစ်တစ်နှစ်ရဲ့ နွေရာသီနဲ့ဆောင်းရာသီမှာ ဖြစ်ပြီး လောင်းရွှမ်တိုင်းပြည်အတွင်းမှာ လှုပ်ခတ်ချိန်လည်းဖြစ်ပါတယ်။
ကျောင်းသားလက်ခံချိန်မှာ တော်ဝင်ရိုလန်ကျောင်းအတွင်း တက်ရောက်သင်ကြားချင်သူတွေ ပြည့်နှက်နေချိန်လည်းဖြစ်ပါတယ်။ကျောင်းပေါက်ဝမှာ မရေမတွက်နိုင်အောင်များလှတဲ့ လှည်းတွေစီတန်းနေပါတယ်။ပြောရရင် ရေပက်မဝင်အောင်ကို ပြည့်နှက်နေတာဖြစ်ပါတယ်။တက်ကြွနေတဲ့ကျောင်းသားတွေက ပုရွက်ဆိတ်တွေလို လှုပ်ရွစီတန်းနေပါတယ်။
"ဟေး..မင်းသိပြီးပြီလား....လိပ်နက်မျိုးနွယ်က သခင်လေးက ဒီနှစ်လည်းပြန်လာမယ်ဆိုတာ"
ဝင်ခွင့်စာမေးပွဲဖြေဆိုရန် စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားအချို့က ပျင်းလာတာကြောင့် စကားပြောဆိုနေကြပါတယ်။
"သူက လုံးဝကို လက်မလျှော့တာဘဲ။ဘယ်နှစ်ခါတောင်ရှိပြီလဲ။ဒီနှစ်ဆို ၁၆နှစ်ပြည့်ပြီထင်တယ်သူက။ငါမှတ်မိသလောက်ဆို ဆေးပညာဌာနကို ဝင်ဖို့စဖြေတုန်းကဆို သူ ၁၄နှစ်ပဲ ရှိသေးတယ်။အခုဆိုနှစ်နှစ်တောင်ရှိပြီ...ဝင်ခွင့်ဖြေတာ လေးကြိမ်အတွင်းမှာ တစ်ခါမှမအောင်သေးဘူး။အခုဆို ငါးကြိမ်မြောက်ရှိပြီထင်တယ်နော်။အခုထိ သူက လက်မမြှောက်သေးဘူးလား"
"အာရို......မင်းလည်းမသိတာကျနေတာပဲ။မျိုးနွယ်ငါးစုထဲမှာ လိပ်နက်မျိုးနွယ်က တစ်ယောက်ပဲ ဝင်ခွင့်ဆက်တိုက်ကျနေတာက လိပ်နက်မျိုးနွယ်အတွက် မျက်နှာပျက်စရာပဲ။ဒါကြောင့်မို့လည်း သူ့ကို ထပ်ကာထပ်ကာ ဖြေခိုင်းနေတာလေ"
"မင်းပြောတာဟုတ်တယ်ကွ။ငါကြားထားတာကတော့ ဇာမဏီမျိုးနွယ်က အငယ်ဆုံးသခင်လေးနဲ့သခင်မလေးတို့က မှော်ဌာနနဲ့အတွင်းအားဌာနမှာ တက်နေပြီတဲ့။အခုဆို လိပ်နက်မျိုးနွယ်က အဲ့ဒီသခင်လေးတစ်ယောက်ပဲ ဝင်ခွင့်မအောင်သေးတာပဲ။သူက ဘာဖြစ်လို့ တခြားပညာတစ်ခုခုကို မရွေးဘဲ ဒီဆေးပညာကိုပဲထပ်ကာထပ်ကာဖြေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်လုပ်နေတာလဲ တခြားပညာတွေမှာဆို သူမအောင်စရာမရှိပါဘူး"
"ဘယ်သူသိမှာလဲလေ.....ဘာပဲပြောပြော မျိုးနွယ်ငါးစုထဲမှာ ဆေးပညာဝင်ခွင့်ကို အောင်တဲ့သူ ဘယ်သူမှ မရှိသေးဘူး...ဒီတော့ ဒီလမ်းကို ရွေးတာက စွန့်စားရာတော့ရောက်တာပေါ့"
"ခဏနေပါဦး......မျိုးနွယ်ငါးစုထဲမှာ အဲ့ဒီသခင်လေးအပြင် တော်ဝင်ရိုလန်ကျောင်းကို မတက်ရသေးတာ နောက်တစ်ယောက်ရှိပါသေးတယ်"
"ဟား..ဟား..ဟား..မင်းက ဇာမဏီမျိုးနွယ်ကို အရှက်ရစေသူကို ပြောနေတာလား။လာနောက်မနေစမ်းပါနဲ့ကွာ...အဲ့ဒီကောင်မလေးက ရူးရူးအအဖြစ်နေတဲ့အပြင် ဘာမှလေ့ကျင့်မရတဲ့ အမှိုက်ဆိုတာ လူတိုင်းသိပြီးသားကြီး။ကျောင်းရဲ့ ပင်မဌာနခွဲတွေမပြောနဲပ မှော်ပညာနဲ့ အတွင်းအားဌာနခွဲအောက်က ဌာနလေးတွေဝင်ခွင့်တောင် ရှိမှာမဟုတ်ဘူးဟ။မင်းက ဇာမဏီမျိုးနွယ်ကလူတွေက သူတို့အရှက်သူတို့ခွဲဖို့ အဲ့ကောင်မလေးကို လွှတ်လိုက်မယ်ထင်နေတာလား"
ကျောင်းသားသစ်တစ်ချို့က လောင်းရွှမ်တိုင်းပြည်ရဲ့ မျိုးနွယ်ငါးစုအကြောင်းကို စိတ်ဝင်တစားပြောဆိုနေကြပါတယ်။သေးသွယ်တဲ့ကိုယ်လုံးပိုင်ရှင်တစ်ယောက်က သူတို့အနားမှာမတ်တပ်ရပ်နေပြီး ပြောဆိုသံတွေကြားတဲ့အခါ ပြုံးလိုက်မိပါတယ်။
"ဆေးပညာဌာနက ဝင်ဖို့တအားခက်တာလားဟင်"
တစ်ချိန်လုံးဘေးမှာ တိတ်တိတ်လေးနေနေတဲ့လူက မနေနိုင်တော့ဘဲ ဝင်မေးလိုက်တာပါ။
စကားဖောင်ဖွဲ့နေကြတဲ့ အုပ်စုက အခုမှပဲ သူတို့အနားမှာ တစ်ခြားလူတစ်ယောက်ရှိနေမှန်း သတိထားမိလိုက်ကြပါတယ်။
ဘယ်အချိန်တည်းကရောက်နေတာလဲ။ဘာလို့ သူတို့တစ်ယောက်မှ မသိကြရတာလဲ။ဒီလူက သတိထားဖို့ခက်လောက်အောင်ပဲလား။