အခန်း (၈၈-၉၀)
Vol. 6 Ch. 88-90
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၈)
ထိုသေးသွယ်တဲ့ကိုယ်လုံးပိုင်ရှင်လေးကို အကဲခတ်တဲ့အကြည့်တွေ ကျရောက်လာပါတယ်။ခြေဆုံးခေါင်းဆုံးကြည့်ပြီးတဲ့နောက်မှာတော့ ဒီကိုယ်လုံးပိုင်ရှင်လေးရဲ့ ရုပ်ရည်သွင်ပြင်တင်မက ဝတ်ထားတဲ့အဝတ်အစားကပါ သတိထားမကြည့်မိလောက်အောင် ရိုးရှင်းလှပါတယ်။ကိုယ်လုံးသေးသေးလေးပါထပ်ပေါင်းလိုက်ရင် သူတို့တစ်ယောက်မှ သတိမပြုမိတာ အံ့သြစရာတော့ မရှိပါဘူးလေ။
အဲ့ဒီ သာမန်ရုပ်ရည်မျိုး သာမန်အသွင်အပြင်မျိုးနဲ့ အခြေခံလူတန်းစားကဖြစ်နိုင်သူက ဝင်ခွင့်စာမေးပွဲကိုအောင်ရင်တောင် ကျောင်းလခပေးနိုင်ပါ့မလား။
အခုလို အလယ်အလတ်အဆင့်မျိုးနွယ်စုတစ်ချို့ရဲ့ နာမည်ဂုဏ်သတင်းက ပြောပလောက်အောင် မထင်ရှားပေမဲ့ အလွန်အမင်းတော့ ချမ်းသာကြပါတယ်။ဒါကြောင့် အခုလို ဆင်းရဲတဲ့မျိုးနွယ်ကလာတဲ့သူကို တွေ့ရတော့ သူတို့လည်း အထက်စီးဆန်စွာပြုမူကြပါတော့တယ်။
"လူတိုင်းကသိနေတဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနဝင်ခွင့်စာမေးပွဲက အခက်ဆုံးဆိုတဲ့အချက်ကို မင်းကအခုလိုမေးတာက တော်တော်ထူးဆန်းတာပဲ။လူတွေအများကြီး ဖြေဆိုပြီးခဲ့ကြပေမဲ့ အခုထိဝင်ခွင့်မအောင်ကြသေးဘူး။ဆေးပာဌာနဆိုတာ ငါတို့တိုင်းပြည်အတွက် အားကိုးရမယ့် သမားတော်တွေကို မွေးထုတ်ပေးဖို့လေ။အဲ့ဒါကို ဘယ်လိုလုပ်ပြီး တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနမှာ သင်ချင်တယ်ဆိုတိုင်း အောင်မှာလဲ"
ဘဝင်ကိုင်ပုံရတဲ့ ကောင်လေးတစ်ယောက်က မောက်မာစွာဖြေလိုက်ပါတယ်။
တော်ဝင်ရိုလန်ကျောင်းမှာ အကျော်ကြားဆုံးက ဆေးပညာဌာနပဲ ဖြစ်ပါတယ်။သမားတော်တစ်ဦးကို ပြုစုပျိုးထောင်လေ့ကျင့်ပေးဖို့ဆိုတာက တခြားပညာရပ်တွေထက် ပိုခက်ပါတယ်။အစွမ်းထက်သမားတော်တစ်ဦးကို မွေးထုတ်ပေးချင်တယ်ဆိုရင် အဆိုပါလူရဲ့ ဆေးပညာရပ်မှာ ပါရမီရှိဖို့တင်မကဘဲ သူ့နောက်ကနေ ပံ့ပိုးပေးမယ့်အင်အားလိုပါသေးတယ်။
သမားတော်တစ်ယောက် နာမည်မရခင်မှာ ဆေးဖော်စပ်ဖို့အတွက် ကုန်ကျစားရိတ်က အလွန်များပါတယ်။သာမန်အိမ်ထောင်စုတစ်စုမဆိုနဲ့ ချမ်းသာတဲ့မျိုးနွယ်စုဆိုရင်တောင် သမားတော်တစ်ဦးကို ပံ့ပိုးဖို့ဆိုတာ စိန်ခေါ်မှုကြီးတစ်ခုပါ။
ဆေးစပ်ရာမှာသုံးတဲ့ ပစ္စည်းတွေ လိုအပ်တဲ့ ဆေးမြစ်ဆေးရွက်တွေအတွက် ကုန်ကျမှုက.....သာမန်လူတစ်ယောက် တတ်နိုင်တဲ့ပမာဏမဟုတ်ပါဘူး။
အဆင့်နိမ့်သမားတော်တစ်ဦးဟာ ငွေကြေးအတိုင်းအတာတစ်ခုထိ ကြွယ်ဝတယ်ဆိုပေမဲ့ ဆေးကျောင်းသားဘဝကနေ အဆင့်နိမ့်သမားတော်ဖြစ်ချင်တယ်ဆိုရင် လိုအပ်တဲ့ ငွေပဏကနည်းနည်းနောနောမဟုတ်တာကို လူတိုင်းသိပါတယ်။
သမားတော်ဆိုတာ ငွေလုပ်စက်လို့ပြောရမယ့်အစား.......ငွေအများကြီးကို ရယူပြီး စွမ်းရည်ပြန်လည်ထုတ်ပေးတယ်လို့ ပြောတာက ပိုသင့်တော်ပါတယ်။
သမားတော်တွေ အလွန်ရှားပါးရတဲ့အကြောင်းကလည်း အခုလိုမျိုး ကုန်ကျမယ့်ငွေပမာဏကို သိတာနဲ့ လက်လျှော့လိုက်ကြတာကြောင့်လည်း ဖြစ်ပါတယ်။
မြင်လွယ်အောင်ပြောရရင် သမားတော်ဆိုတာ ကြွယ်ဝမှုရှိမှ ဖြစ်နိုင်တာပါ။ဒီစကားက သမားတော်တွေကို ရည်ညွှန်းတဲ့နေရာမှာ အသင့်တော်ဆုံးပါပဲ။
ဒီချမ်းသာတဲ့မျိုးနွယ်စုကလာတဲ့ လူငယ်လေးတွေကို အပြစ်ပြောလို့လည်း မသင့်ပါဘူး....ဘာလို့လဲဆိုတော့ သူတို့ရှေ့က ကောင်စုတ်လေးက ဘယ်နေရာကိုကြည့်ကြည့် အထင်ကြီးစရာ တစ်ကွက်မတွေ့ပါဘူး။နောက်ပြီး သူတို့နဲ့အတန်းဖော်ဖြစ်လာနိုင်မယ့်ပုံလည်း မရှိပါဘူး။
တော်ဝင်ရိုလန်တစ်ကျောင်းလုံးမှာ ဆင်းရဲသားကနေကျောင်းလာတက်နေတဲ့လူလည်း တစ်ယောက်မှမရှိပါဘူး။
သူတို့ရှေ့က ကောင်စုတ်လေးက သူတို့အိမ်က အစေခံလောက်တောင် သားနားမှုမရှိတာကြောင့် ဘယ်လိုလုပ်ပြီး ဒီကောင်လေးက ကျောင်းလခတတ်နိုင်မှာလဲ။
ဒီလို ကိုယ့်အဆင့်ကိုယ်မသိတဲ့ လူတွေက ဆေးပညာဌာနအကြောင်းလာမေးနေတာက ဟာသပဲ။
"ဆေးပညာဌာနဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဖို့ တွေးထားတာတော့ မဟုတ်လောက်ပါဘူးနော်"
အဆိုပါသူဌေးသားလေးတွေဟာ သူတို့ရှေ့က မသားမနားနဲ့ကောင်စုတ်လေးကို ကြည့်ပြီး မဲ့ရွဲ့နေကြပါတယ်။
သူတို့ရှေ့က ကောင်ကလေးက ပြုံးပြီးခေါင်းညိတ်ပြလိုက်ပါတယ်။အဆိုပါ အပြုံးကြောင့် သူ့မျက်နှာက ပိုနုငယ်သွားပါတယ်။
"ဟား..ဟား..ဟား..ဒါက ဒီနှစ်ထဲမှာ ငါကြားဖူးသမျှဟာသတွေထဲက ရယ်စရာအကောင်းဆုံးပဲဟေ့။ကောင်လေး ဆေးပညာဌာနရဲ့ တစ်နှစ်တာကျောင်းလခက ဘယ်လောက်လဲဆိုတာ သိလား။မင်းတစ်မိသားစုလုံးကို ရောင်းလိုက်ရင်တောင် ပေးနီုင်ဦးမှာမဟုတ်ဘူးဟ။မင်းရဲ့ ဒီလိုယုတ္တိမရှိလှတဲ့ စိတ်ကူးကို ဖျက်ပြီး အိမ်သာပြန်ပါကွာ ဟုတ်လား"
သူဌေးသားက ဆင်းရဲသားတစ်ယောက်ရဲ့ ခံစားချက်ဘယ်လိုရှိမယ်ဆိုတာကို ထည့်မတွက်ဘဲ လှောင်ပြောင်လိုက်ပါတယ်။
သူတို့ရှေ့က ဆင်းရဲသားလေးက လှောင်ပြောင်မှုအောက်မှာ သူ့နှာခေါင်းသူ ပွတ်လိုက်ပါတယ်။
သူ့တစ်မိသားစုလုံးရောင်းတောင် သူ ပေးနိုင်မှာ မဟုတ်ဘူးတဲ့.....
သူကိုယ်တိုင်လည်း ဇာမဏီမျိုးနွယ်တစ်စုလုံးရောင်းရင် ဘယ်လောက်ရမလဲဆိုတာကို မသိပါဘူးလေ..........
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၈၉)
ဟုတ်ပါတယ်.....သရော်ခံနေရတဲ့ ကောင်ကလေးက ကျွန်တော်တို့ရဲ့ ရှန်ယန်ရှောင်ဖြစ်ပြီး ရုပ်ဖျက်ထားတာဖြစ်ပါတယ်။
သူမထွက်မလာခင်မှာ နဂိုစီစဉ်ထားတဲ့ တန်ဖိုးကြီး လှည်းနေရာမှာ သာမန်လှည်းနဲ့ပြောင်းခိုင်းလိုက်ပြီး သူမနောက်ကိုထည့်ပေးဖို့လုပ်ထားတဲ့ ကိုယ်ရံတော်အစောင့်ကိုတောင် သူမက အိမ်တော်မှာပဲထားခဲ့လိုက်ပြီး အဝတ်အစားအသုံးအောင်တွေကိုလည်း သာမန်အဝတ်အစားတွေနဲ့ပြောင်းလဲလိုက်ပြီး မိန်းကလေးတစ်ယောက်အဖြစ်ကနေ ကောင်လေးတစ်ယောက်အဖြစ် ရုပ်ပြောင်းခဲ့တာပါ။
အခုလို သာမန်လူတန်းစားအသွင်ပြောင်းလဲလိုက်တာကြောင့် သူမကို လူတွေက ဆက်ဆံတာမှာ နွေးထွေးလာတာက သိသာတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
သူမရှေ့က သူဌေးသားတွေသာ သူတို့သရော်လှောင်ပြောင်နေတဲ့သူက နောက်တက်မယ့်ဇာမဏီမျိုးနွယ်ခေါင်းဆောင်ဆိုတာသာ သိရင် ဘောင်းဘီထဲသေးထွက်ကျနေမှာ သေချာပါတယ်။
မျိုးနွယ်ကြီးငါးစုထဲက မျိုးနွယ်ခေါင်းဆောင်ရာထူးဆက်ခံသူက အခုလို သာမန်လူတန်းစားအသွင် ဝတ်စားဆင်ယင်ပြီး တော်ဝင်ရိုလန်ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းမယ်လို့ ဘယ်သူက ထင်မှာလဲ။
ရှန်ယန်ရှောင်ကတော့ ဒီသူဌေးသားတွေကို အမြင်ကျဉ်းတဲ့ကောင်လေးတွေလို့ပဲ သတ်မှတ်ထားပါတယ်။သူမသိချင်တဲ့ ဆေးပညာဌာနရဲ့ ဝင်ခွင့်စာမေးပွဲမှာ စာရင်းပေးရမယ့်နေရာကို မေးပြီးတဲ့နောက် ထွက်လာလိုက်ပါတယ်။
အဆိုပါ ကောင်လေးတွေပြောသလိုပါပဲ ဆေးကျောင်းသားဖြစ်လာဖို့ အလွန်အမင်းချမ်းသာဖို့လည်း လိုပါတယ်။ဆေးပညာဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ စာရင်းပေးနေသူအားလုံးက ပိုးဖဲကတ္တီပါတွေဝတ်ဆင်ထားသူချည်းပါပဲ။အဆင်ဆင်ထွေပြားလှတဲ့ အဝတ်အစားပုံစံတွေက ခေတ်သစ်ကမ္ဘာက ဖက်ရှင်ပြပွဲလိုပါပဲ။
ဒီကျောင်းသားသစ်တွေအားလုံးဟာ သူတိ့ုဝတ်ဆင်ထားရတဲ့ တန်ဖိုးကြီးအဝတ်အစားတွေကြောင့် နေရခက်နေပုံပါပဲ။သူတို့အဝတ်အစားတွေမှာက တန်ဖိုးကြီး ကျောက်မျက်တွေ ရွှေထည်တွေကို သူတို့မျိုးနွယ်စုရဲ့ သမားတော်တစ်ဦးပေါ်ထွက်လာဖိုပ လူကြီးပိုင်းတွေက တတ်နိုင်တယ်ဆိုတာပြသဖို့ အခုလို ဆင်မြန်းပေးထားပုံရပါတယ်။
အခုလို သူဌေးသားသမီးတွေကို တွေ့လိုက်ရတော့ ရှန်ယန်ရှောင်လက်တွေယားလာပါတယ်။
အစာတွေ အစာတွေ နေရာတိုင်းမှာ ငါ့အစာတွေပဲ.......
သူ့လို စောရဘုရင်မတစ်ယောက်ကို ချမ်းသာတဲ့မျိုးနွယ်တွေရဲ့ လူငယ်တွေကြားမှာ ရှိနေစေတာက ဆာလောင်ငတ်ပြတ်နေတဲ့ မြေကြွက်တစ်ကောင်ကို အိုးတစ်လုံးထဲထည့်လိုက်သလိုပါပဲ။
သူမစိတ်ကို ချိုးနှိမ်မယ့်အစား ရှန်ယန်ရှောင်က လှုပ်ရှားလိုက်ပါတယ်။သူမခေါင်းကိုငုံ့ကာ လူအုပ်ကြားထဲ ဟိုဟိုဒီဒီ သွားလာနေပါတော့တယ်။
လုံးဝကို သတိမထားမိအောင်နေနေတာကြောင့် လူတိုင်းက ရုပ်ဆိုးလှတဲ့လူတစ်ယောက်တည်ရှိနေတာကို သတိမပြုမိကြဘဲ သူတို့ဖြေဆိုရမယ့် စာမေးပွဲစတင်လာမှာကိုပဲ စောင့်နေကြပါတယ်။သူတို့ခါးမှာချိတ်ဆွဲထားတဲ့ ပိုက်ဆံအိတ်တွေကတော့ ပျောက်ဆ့ုးသွားကြပါပြီ သူခိုးတစ်ယောက်ရဲ့ လက်ချက်ကြောင့်ပေါ့လေ။လက်တွေမှာ ဝတ်ဆင်ထားကြတဲ့ အဖိုးတန်ပစ္စည်းတွေလည်း မရှိတော့ပါဘူး။
ငွေက တစ်ကယ်ကောင်းမွန်တဲ့ အရာတစ်ခုပဲ။ဘယ်လောက်ပဲရှိနေပါစေ မကြိုက်ဘူးဆိုတဲ့သူ မရှိပါဘူး။
ဆေးပညာဌာနဝင်ခွင့်စာမေးပွဲက ဆက်လက်ပြုလုပ်နေပေမဲ့ ထောင်ချီများပြားတဲ့ကျောင်းသားတွေကြောင့် လူအုပ်ကြီးက လျော့သွားတယ်လို့ မထင်ရပါဘူး။
ဒါကလည်း လူတစ်ယောက်ကို သိုးငယ်လေးတွေကြားရောက်နေတဲ့ ဝံပုလွေတစ်ကောင်လို အခွင့်အရေးတစ်ခုဖြစ်သွားပါတယ်။
လူအုပ်ကြားကနေပြန်ထွက်လာချိန်မှာတော့ ရှန်ယန်ရှောင်ရဲ့ လက်စွပ်ထဲက ကြူမန်ကိုပေးလိုက်ရလို့ လျော့သွားတဲ့ နေရာမှာ ရွှေတွေ ပြန်ပြည့်သွားပါပြီ။
ဒီလို ဆုလာဘ်ကြီးရခဲ့တဲ့ ခရီးကနေပြန်လာရတဲ့ခံစားချက်ကို ဖော်ပြရရင် ကျေနပ်စရာကောင်းလိုက်တာလို့ ပြောရမှာပဲ။
နေ့လည်ပိုင်းရောက်မှသာ ဆေးပညာဌာနဝင်ခွင့်ဖြေမယ့်လူတန်းကြီးက နည်းနည်းလျော့သွားပါတော့တယ်။
သူမ ထပ်လှုပ်ရှားစရာ ဘာမှ မကျန်တော့တာသေချာမှပဲ ရှန်ယန်ရှောင်က လူတန်းထဲ ဝင်စီပါတယ်။
မကြာခင်မှာပဲ သူမက လူတန်းရဲ့ ရှေ့ဆုံးကိုရောက်လာပြီး ဝင်ခွင့်ဖြေနေတဲ့လူတွေကို တွေ့လိုက်ရပါတော့တယ်။ဆယ်ချီတဲ့နည်းပြဆရာတွေက ကျောင်းသားသစ်တွေတစ်သုတ်ပြီးတစ်သုတ်စစ်ဆေးပေးနေပါတယ်။
ရှန်ယန်ရှောင်အသုတ်ကို စစ်မယ့်နည်းပြဆရာက လူလတ်ပိုင်းဖြစ်ပြီး မျက်နှာထားတင်းတင်းနဲ့ပါ။ကျောင်းသားသစ်တွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လူနှစ်ဆယ်ခန့်ရွေးလိုက်တဲ့ထဲ သူမလည်း ပါသွားပါတယ်။
"မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့"
အဲ့လိုပြောပြီးတာနဲ့ နောက်လှည့်ပြီး စာမေးပွဲခန်းထဲကို လှည့်ထွက်သွားပါတော့တယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၀)
လူနှစ်ဆယ်လောက်က နည်းပြဆရာနောက်ကနေ တန်းလိုက်သွားကြပါတယ်။
ဝင်ခွင့်စာမေးပွဲကျင်းပတဲ့နေရာက လူတစ်ရာခန့်တစ်ပြိုင်တည်းနေလို့ရအောင် ကျယ်ဝန်းပါတယ်။နောက်ထပ် ကျောင်းသားငါးသုတ်လည်း ရှန်ယန်ရှောင်တို့နောက်မှာ ရောက်လာကြပါတယ်။သူတို့အားလုံးကို စာမေးပွဲစစ်ဖို့ သတ်မှတ်နေရာတွေကို ခေါ်ဆောင်သွားပါတယ်။
ရှန်ယန်ရှောင်တို့ အသုတ်ကို ပစ္စည်းမျိုးစုံတင်ထားတဲ့ စားပွဲတွေဆီကို ခေါ်သွားပါတယ်။
"အခု ခေါင်းကြည်ဆေးကို ဘယ်လိုဖော်စပ်ရလဲဆိုတာကို ငါလက်တွေ့လုပ်ပြတော့မယ် တစ်ခါပဲပြမှာနော်။အဲ့ဒါကို မြင်အောင်ကြည့်ဖို့ မင်းတို့ယုံကြည်ချက်ရှိသလား"
ရုပ်သေကြီးနဲ့နည်းပြဆရာက ပြောလိုက်ပြီးတဲ့နောက် ဆေးဖော်စပ်ရာမှာသုံးတဲ့ပစ္စည်းတွေကို ကိုင်တွယ်ပါတော့တယ်။သူ့လက်နဲ့ကိုင်ထားတဲ့ ကြည်လင်နေတဲ့ပုလင်းထဲကို ဆေးမြစ်တွေတစ်ခုပြီးတစ်ခုထည့်နေတာက ကျင်လည်လှပါတယ်။
ပုလင်းတစ်ဝက်ခန့်ရှိတဲ့ အစိမ်းရောင်တောက်တောက်ဆေးရည်တွေဖြစ်အောင်ဖော်စပ်လိုက်ပါတယ်။သူက တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်သွားတာပါ။ကျောင်းသားတွေက လုပ်ဆောင်မှုတစ်ခုမှ လွတ်မသွားအောင် အာရုံစိုက်နေကြပါတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ ပထမတန်းခေါင်းကြည်ဆေးရည်က သူတို့မျက်စိအောက်မှာပဲ ဖြစ်လာပါတော့တယ်။
"ကဲ မင်းတို့အားလုံးအတွက် မိနစ်သုံးဆယ် အချိန်ရမယ်။မိနစ်သုံးဆယ်ပြည့်တဲ့အခါ အောင်မြင်တဲ့လူတွေကျန်ရစ်မယ် မအောင်မြင်တဲ့လူတွေက ကျောင်းထဲကနေ ချက်ချင်းထွက်သွားရမယ်"
နည်းပြဆရာရဲ့ လေးပင်တဲ့အသံက ပဲ့တင်ထပ်သွားပါတယ်။
ကျောင်းသားသစ်နှစ်ဆယ်လောက် လန့်သွားကြပါတယ်။
သူက တစ်ခါပဲပြတဲ့ ခေါင်းကြည်ဆေးကို ဒီကျောင်းသားတွေကို ဖော်စပ်စေချင်တယ်တဲ့။ဒါ ဟာသပဲ။ခေါင်းကြည်ဆေးဆိုတာ အရိုးရှင်းဆုံးဆေးဆိုပေမယ့် ဆေးကျောင်းသားတောင်မဟုတ်သေးတဲ့ သူတို့လိုလူသစ်တွေကို ဖော်စပ်ခိုင်းတာက သူတို့အတွက် ကံဆိုးမှုတစ်ခုပါပဲ။
ဒါပေမဲ့လည်း တော်ဝင်ရိုလန်ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲက ဒီလိုမျိုးတွေပဲဆိုတာကို သူတို့သိပါတယ်။ပြန်မပြောရဲကြဘဲ သူတို့ခေါင်းထဲမှတ်မိသလောက်နဲ့ ကံစမ်းဖို့ပဲရှိပါတော့တယ်။
နည်းပြဆရာစကားဆုံးသွားတာနဲ့ ကျောင်းသားသစ်တွေက ဆေးစပ်ပစ္စည်းတွေ ဆေးမြစ်တွေကို မွှေနှောက်ကိုင်တွယ်ကြပါတော့တယ်။
ပါဝင်တဲ့ဆေးမြစ်အားလုံးက အသင့်ပြင်ထားပြီးဖြစ်လို့ သူတို့လုပ်ရမှာက နည်းပြလုပ်ပြသွားသလို လိုက်လုပ်ရုံပါပဲ။
စိတ်ကူးနဲ့က အဆင်ပြေလှသော်လည်း လက်တွေ့ကတော့ ကြမ်းတမ်းလှပါတယ်။
တစ်ခါပဲလုပ်ပြထားတာကို တစ်သွေမတိမ်းလိုက်လုပ်ဖို့ဆိုတာက တစ်ခုမကျန်အကုန်အတိအကျ မှတ်မိနေမှရမှာပါ....လူအများစုကတော့ စလုပ်တည်းက မှားနေကြပါပြီ။
ဆေးပညာဌာနကို ဝင်ခွင့်ရဖို့အတွက်က ရဲဆေးတင်းပြီး လုပ်ရုံပဲရှိပါတယ်။ဘာပဲဖြစ်ဖြစ် အကုန်လုံးရဲ့ အနေအထားက အတူတူပဲလေ။မှန်မှန်မှားမှား နည်းပြဆရာပြောသလို ပြီးအောင်လုပ်နိုင်ရင် အဆင်ပြေပြီလေ ဆေးစပ်တာမအောင်မြင်တောင်မှပေါ့။တစ်ခြားလူတွေထက် ပိုကောင်းအောင်လုပ်နီုင်ရင်ကို အဆင်ပြေမှာပါ...လူနှစ်ဆယ်လုံးကိုတော့ ကန်မထုတ်နိုင်ပါဘူး။
လောင်ဒီက ဘေးကနေကျောင်းသားသစ်တွေ အလွဲလွဲအချော်ချော်လုပ်နေတာကို ကြည့်နေပါတယ်။သူ့ရဲ့မျက်မှောင်က ပိုပိုကြုံ့လာပါတယ်။ဒီကျောင်းသားတွေအားလုံး သူလုပ်ပြထားတာကို မြင်ခဲ့ကြပေမယ့် သူတို့စလုပ်တဲ့အခါမှာတော့ သူသည်းခံနိုင်စွမ်းတောင် ကုန်မတတ်ပါပဲ။
ရုတ်တရက်အနေနဲ့ လောင်ဒီက စိတ်ဝင်စားစရာတစ်ခုတွေ့လိုက်ပါတယ်။
ကျောင်းသားသစ်တွေအားလုံး လက်တွေမအားမလပ်ဖြစ်အောင် လုပ်နေကြချိန်မှာ မတုန်မလှုပ်နဲ့ မတ်မတ်ကြီးနေနေတဲ့ တစ်ယောက်ရှိနေပါတယ်။
သူကတော့ လုံးဝကို စိတ်ထဲစွဲမနေမယ့် သာမန်ရုပ်ရည်ပိုင်ရှင် ကောင်လေးပဲဖြစ်ပါတော့တယ်။သူက စားပွဲရှေ့မှာပဲ ရပ်နေကာ စားပွဲပေါ်က ဆေးမြစ်တွေ ပစ္စည်းတွေကို မျက်လုံးနဲ့ လိုက်ကြည့်နေပေမယ့် အခုထိ ဘာမှ မလုပ်သေးပါဘူး။
လောင်ဒီမျက်ခုံးပင့်လိုက်ပေမယ့် ဘာမှမပြောဘဲ အချိန်ကိုသာ ကြည့်လိုက်ပါတယ်။
နာရီဝက်က မျက်တောင်တစ်ခတ်အတွင်းမှာပဲ ပြည့်သွားကာ ကျောင်းသားသစ်အများစုကတော့ ဆေးစပ်လို့ပြီးသွားကြပါတယ်။ရလာတဲ့ဆေးကတော့ လူတွေကြည့်ချင်စရာမရှိပါဘူး။
လောင်ဒီဖော်စပ်တဲ့ ခေါင်းကြည်ဆေးက အစိမ်းရောင်ရင့်ရင့်ဖြစ်ကာ တစ်ခြားဘာအရောင်မှ မပါပါဘူး။အရိုးရှင်းဆုံးဆေးဝါး ဖြစ်ပေမယ့် သူ့ရဲ့ ကျွမ်းကျင်မှုကိုလည်း ပြနေပါတယ်။