အခန်း (၉၁-၉၃)
Vol. 7 Ch. 91-93
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၁)
ဒါပေမယ့်လည်း အခုရလာတဲ့ ဆေးတွေကတော့ ရောနှောနေပါတယ်။တချို့က အနက်ရောင်....တချို့က အမှုန့်တွေဖြစ်နေပါတယ်။ခေါင်းကြည်ဆေးစပ်ဖို့ သူသာမပြောထားခဲ့ဘူးဆိုရင် ဒီဆေးတွေက ဘာဆေးတွေလဲဆိုတာကို လောင်ဒီပြောနိုင်မှာမဟုတ်ပါဘူး။
လူငယ်တွေထဲက တစ်ချို့ကတော့ သူတို့လုပ်ဆောင်ချက်မကောင်းဘူးဆိုတာသိလို့ ကြောက်လန့်နေကြပါတယ်။ပျောက်အောင်လုပ်ဖို့မပြောနဲ့ သောက်မိတဲ့လူ အဆိပ်မိမသေရင်ကို ကောင်းလှပါပြီ။
သူတို့ကို အပြစ်ပြောလို့လည်း မရပါဘူး။သူတို့က ဉာဏ်ကြီးရှင်တွေဖြစ်နေတောင် တစ်ခါပဲလုပ်ပြတဲ့ ဆေးကို ထပ်တူဖြစ်အောင် ဖော်စပ်နိုင်ဖို့က မဖြစ်နိုင်ပါဘူး။
လူတိုင်းက မင်းက ငါ့ဟာကိုကြည့် ငါက မင်းဟာကိုကြည့်မယ် ဆိုတဲ့အနေအထားဖြစ်နေပါတယ်။တစ်ခြားလူတွေရဲ့ ဆေးတွေကို လိုက်ကြည့်နေမိကြပါတယ်။ကံကောင်းစွာနဲ့ အများစုရဲ့ ဆေးတွေက သူမသာကိုယ်မသာနဲ့ ဆိုးဆိုးဝါးဝါးပါပဲ။
အများညီဤကျွဲဖြစ်ဆိုသလို လူများနေတော့ သူတို့ ကျေနပ်သလိုဖြစ်သွားကြပါတယ်။
ပြောရရင် လူတစ်ယောက်အဖြစ်ကြောင့် သူတို့အားလုံး အပြုံးရိပ်တွေ ဖြစ်ထွန်းလာပါတယ်။
ဘုရားရေ သူတို့အသုတ်ထဲမှာ ဘာမှကို မလုပ်တဲ့လူတစ်ယောက်ပါသေးပါလား။သူ့ရှေ့စားပွဲပေါ်က နေရာမရွေ့သေး အခြေအနေမပျက်သေးတဲ့ ဆေးမြစ်တွေပစ္စည်းတွေကို ကြည့်ရုံနဲ့ သူက ဘာမှကို မလုပ်ခဲ့တာထင်ရှားပါတယ်။ဒါကိုတွေ့လိုက်ရတဲ့ လူတိုင်းမျက်နှာတွေ မဲ့ရွဲ့သွားပါတယ်...သူတို့လုပ်ဆောင်ချက်ကမအောင်မြင်ပေမယ့် အနည်းဆုံးတော့သူတို့မှတ်မိသလောက်လုပ်ခဲ့ကြပါသေးတယ်။အဲ့ဒီလူငယ်လေးကတော့ ဘာမှ မလုပ်တာကြောင့် နည်းပြလုပ်ပြတာတစ်ခုမှကို မမှတ်မိဘူးဆိုတာ ပြနေပါတယ်။
အဲ့လိုတွေးမိလိုက်တာနဲ့ သူတို့က သူတို့ဆေးစပ်တာမအောင်မြင်တာကြောင့် စိတ်ကျနေရာကနေ အားတက်သွားကြပါတယ်။
လောင်ဒီမျက်လုံးက ကျောင်းသားတွေကိုင်ထားတဲ့ ဘာမှန်းမသိတဲ့အရာတွေကို ဝေ့ကြည့်လိုက်ရင်း ထိုကောင်လေးဆီအရောက်မှာ ရပ်သွားပါတယ်။
"မင်းနာမည် ဘယ်သူလဲ"
လောင်ဒီက မေးလိုက်တာဖြစ်ပါတယ်။
"ရှန်ဂျူပါ"
ရှန်ယန်ရှောင်က သွားဖြီးပြလိုက်ရင်း ဖြေလိုက်တာပါ။
ဒီကောင်လေးက နည်းပြဆရာမကျေမနပ်ဖြစ်နေတာကို မသိဘူးလား....သူက ပြုံးတောင်နေလိုက်သေးတယ်။
ရှန်ယန်ရှောင်ရဲ့ စားပွဲကို တစ်ချက်ကြည့်လိုက်ပြီး လောင်ဒီက ထပ်မေးလိုက်ပါတယ်။
"ရှန်ဂျူ ဘာဖြစ်လို့ ခေါင်းကြည်ဆေး မဖော်စပ်ရတာလဲ"
ရှန်ယန်ရှောင်က နှာခေါင်းကို တစ်ချက်ပွတ်လိုက်ရင်း စားပွဲပေါ်က ဆေးမြစ်တွေကို ကြည့်ပြီး ဖြေလိုက်ပါတယ်။
"ဆရာက ခေါင်းကြည်ဆေးကိုဖော်စပ်တဲ့အခါ ပါဝင်ရမယ့် ဆေးမြစ်တွေကို ပေးထားတာမှမဟုတ်တာ"
လောင်ဒီမျက်နှာတစ်ချက်ပြောင်းသွားသလို ကျောင်းသားသစ်တွေလည်း မျက်လုံးပြူးသွားကြပါတယ်။
ရှန်ယန်ရှောင်က စားပွဲပေါ်က ဆေးမြစ်တွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်ပါတယ်။
"ဆရာ..ဆရာအခုသုံးသွားတဲ့ ဆေးမြစ်တွေက ပုံစံတူတယ်လို့ထင်ရပေမယ့် မတူတာတွေရှိပါတယ်။ဆရာ ဆေးစပ်တုန်းကသုံးသွားတဲ့ စားပွဲပေါ်က သေးသွယ်တဲ့ဆေးရွက်တွေမှာ သွားပုံစံ အထစ်လေးတွေက ဓားတွေလိုဖြစ်ပေမယ့် အခုစားပွဲပေါ်မှာရှိတဲ့ ဆေးရွက်တွေကသွားပုံစံအထစ်တွေက ပိုချောမွေ့ပြီးလုံးဝန်းတယ်။ကွာခြားချက်က သိပ်မသိသာပေမယ့် ဆေးရွက်ကတူမှမတူတာ"
ရှန်ယန်ရှောင် စကားဆုံးသွားတဲ့အခါ ကျောင်းသားသစ်တွေက ကျန်သေးတဲ့ ဆေးရွက်ကို ကြည့်လိုက်ကြတော့ ပြောတဲ့အတိုင်းလုံးဝန်းချောမွေ့နေတာကို တွေ့လိုက်ရပါတယ်။အဲ့ဒီနောက် လောင်ဒီကျန်ခဲ့တဲ့ ဆေးရွက်ကိုကြည့်လိုက်တဲ့အခါမှာလည်း ပြောတဲ့အတိုင်း ဓားသွားပုံစံအထစ်လေးတွေရှိတာတွေ့လိုက်ရပါတော့တယ်။ဒီဆေးရွက်တွေဟာ လက်သန်းလောက်ပဲရှိတာဖြစ်လို့ ဘေးနှုတ်ခမ်းသားတွေက သိပ်မသိသာဘူးဖြစ်နေပါတယ်။သေချာမကြည့်ရင် သိမှာမဟုတ်ပါဘူး။
ဒီကောင်လေးပြောသွားတာ မှန်တာကို သိလိုက်ရတော့ ကျောင်းသားသစ်အားလုံးရဲ့ အမူအယာတွေ ပျက်သွားပါတော့တယ်။
ဆေးပညာဌာနကို ဝင်ခွင့်စာမေးပွဲလာဖြေတာဖြစ်လို့ သူတို့အားလုံး စာမေးပွဲအတွက် သေသေချာချာလေ့လာခဲ့ကြပါတယ်။သူတို့အနေနဲ့ ဆေးဝါးမဖော်စပ်နိုင်သေးပေမယ့် အခြေခံအကျဆုံး ဆေးမြစ်ဆေးရွက်တွေအကြောင်းကိုတော့ နားလည်ထားကြပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၂)
ဒီဆေးမြစ်နှစ်ခုက အမြင်မှာတူတယ်ထင်ရပေမယ့် ဆေးစွမ်းက မတူပါဘူး။
ခေါင်းကြည်ဆေးထုတ်လုပ်တဲ့နေရာမှာ အဓိကပါဝင်တဲ့ဆေးမြစ်က ထင်းရှူးမြစ်မြက်ဖြစ်ပြီး အလွယ်တကူရပါတယ်။ဒါကြောင့်လည်း လောင်ဒီဆေးစပ်နေတဲ့အချိန်တုန်းက သူတို့အားလုံး ဆေးမြစ်ကို သေချာမကြည့်ဘဲ လုပ်ဆောင်ပုံအဆင့်ဆင့်ကိုပဲ အာရုံစိုက်ခဲ့ကြတာဖြစ်ပါတယ်။
သူတို့သေချာပေါက်သိတာတစ်ခုကတော့ ထင်းရှူးမြစ်မြက်နဲ့လုံးဝဆင်တူတဲ့ တခြားဆေးမြစ်တစ်ခုရှိပြီး နာမည်က ကျောက်နက်အေးမြက်ဖြစ်တဲ့ အကြောင်းကိုပါ။
ကျောက်နက်အေးမြက်က ထင်းရှူးမြစ်မြက်နဲ့ ပုံစံတူပေမယ့် အသုံးပြုရတဲ့နေရာတွေကတော့ မတူပါဘူး။နောက်ပြီး ကျောက်နက်အေးမြက်က ထင်းရှူးမြစ်မြက်လို အလွယ်တကူမတွေ့နိုင်ပါဘူး။ဒါကြောင့် လူအများစုအနေနဲ့ ကျောက်နက်အေးမြက်ကို ပုံတွေထဲမှာသာမြင်ဖူးကြကာ အပြင်မှာ မမြင်ဖူးကြပါဘူး။
ထို့ပြင်လည်း သူတို့စိတ်ထဲတွေးမိထားတာက လောင်ဒီဟာ သူတို့မှတ်ဉာဏ်ကိုဘယ်လောက်အထိမှတ်နိုင်လဲဆိုတာကိုပဲ စမ်းသပ်တာလို့ ထင်ထားခဲ့မိကြတာပါ။ဒါကြောင့် အရင်တည်းကပြင်ဆင်ထားပေးတဲ့ ဆေးမြစ်က ပြဿနာဖြစ်လာမယ်လို့ မထင်ထားခဲ့ကြပါဘူး။
ဒါ့အပြင်လည်း ကျောက်နက်အေးမြက်က ထင်းရှူးမြစ်မြက်နဲ့တစ်ပုံစံထဲဖြစ်လို့ သူတို့က သုံးခဲ့မိကြတာပါ။
ကျောင်းသားသစ်အားလုံး အမူအယာပျက်နေကြပါတယ်။သူတို့လက်ထဲက ဆေးတွေကို ကြည့်လိုက်မိပြီး ခေါင်းမဖော်ရဲလောက်အောင် ရှက်သွားကြပါတယ်။
လောင်ဒီက ဒီသာမန်ရုပ်ရည်မျိုးနဲ့ကောင်လေးကို ကြည့်ပြီး ကျေနပ်နေပါတယ်....ကောင်လေးရဲ့ လေ့လာမှုအားကောင်းတာကြောင့်ပေါ့။
"မဆိုးဘူးပဲ........သမားတော်တစ်ယောက်အနေနဲ့ တစ်ပါးသူတွေ သုံးစွဲမယ့်ဆေးဝါးဖော်စပ်တဲ့နေရာမှာ သတိထားဖို့ကလည်း အရေးကြီးတယ်။ဂရုတစိုက်မလုပ်ရင် သုံးစွဲမယ့်လူကို ထိခိုက်စေနိုင်တယ်။ဒီတစ်ခေါက်စမ်းသပ်မှုက မင်းတို့အနေနဲ့ ဒီဆေးမြစ်နှစ်ခုရဲ့ ခြားနားမှုကို သေချာလေ့လာမှုရှိမရှိကိုပဲ ရလာဒ်ကတော့ တွေ့တဲ့အတိုင်းပဲလေ။မင်းတို့အားလုံး စားပွဲပေါ်က ဆေးမြစ်က ထင်းရှူးမြစ်မြက်မဟုတ်တာကို မသိခဲ့ကြဘူး"
လောင်ဒီရဲ့ စကားသံက အားလုံးရဲ့ နှလုံးသားကို ကိုင်လှုပ်လိုက်ပါတယ်။ကျောင်းသားသစ်တစ်ချို့ကတော့ လက်မလျှော့သေးဘဲ အတွန့်တက်ကြပါတယ်။
"ဆရာ..ကျွန်တော်လည်း ဒီဆေးမြစ်က ကျောက်နက်အေးမြက်မှန်း သိပါတယ်....ဆရာက ခေါင်းကြည်ဆေးဖော်စပ်မယ်လို့ပဲပြောတာနဲ့......ဆရာရဲ့ဆေးစပ်နည်းကိုပဲ အာရုံစိုက်ခဲ့လို့ပါ"
အကြောင်းပြစရာလမ်းစပေါ်လာတာနဲ့ အားလုံးက ဝိုင်းအာကြပါတော့တယ်။
ဘာပဲပြောပြော သူတို့အားလုံးက ဒီဆေးမြစ်က ထင်းရှူးမြစ်မြက်ဟုတ်မဟုတ် မပြောခဲ့ရသေးပါဘူး။နည်းပြလည်း သူတို့ခွဲနိုင်မနိုင်မသိသေးတာကြောင့် သူတို့အတွက် လမ်းစတစ်ခုရသွားပါတယ်။
လောင်ဒီမျက်နှာတစ်ချက်မဲ့လိုက်ပြီး နဂိုတည်းကတည်တည်နေတဲ့မျက်နှာမှာ ပိုတည်သွားပါတယ်။
"ဘာတွေလာပြောနေတာလဲ။သမားတော်တစ်ယောက်အနေနဲ့ ဆေးမြစ်မှားနေမှန်းသိရက်နဲ့ ဆေးဆက်ဖော်စပ်နေတယ်ဆိုတာက ပိုမှားတယ်ကွ။နောက်ပြီး ဖော်စပ်တဲ့နေရာမှာလည်း တလွဲတွေချည်းပဲ။ဒါက သတိမပြုမိဘူးလို့ ပြောရဲုနဲ့မရဘူး"
သမားတော်ဆိုတာ သူတစ်ပါးရဲ့ သေရေးရှင်ရေးနဲ့ဆက်စပ်နေပါတယ်။ဒါကြောင့် အမှားသေးသေးလေးတောင် ဖြစ်လို့မရပါဘူး။လောင်ဒီအနေနဲ့ ဒီလူငယ်တွေက အခုလို အကြောင်းပြချက်မျိုးပြောထွက်လိမ့်မယ်လို့ မယုံရဲပါဘူး။
ဆေးမြစ်မှားနေတာသိရဲ့နဲ့ ဆက်လုပ်တယ်ဆိုတာက ဆေးမြစ်မှားတာမသိတာထက် ပိုဆိုးပါတယ်။
လောင်ဒီရဲ့ ဆူပူအော်ဟစ်လိုက်မှုအောက်မှာ အကြောင်းပြချက်ပေးပြီး လမ်းသစ်ရှာနေတဲ့ကျောင်းသားသစ်တွေအားလုံး တိတ်သွားပါတော့တယ်။ကျောင်းသားသစ်နှစ်ဆယ်ထဲမှာ ရှန်ယန်ရှောင်တစ်ယောက်ပဲကျန်ပါတော့တယ်။အခုထိ လက်မလှုပ်ရသေးတဲ့ အားလုံးက ကျပြီထင်နေတဲ့ သူမပဲ ကျန်ပါတော့တယ်။စိတ်ပျက်လက်ပျက်နဲ့ ကျတဲ့လူအားလုံး ထွက်ခွာသွားကြပါတော့တယ်။
မူလနေရာမှာပဲရပ်နေတဲ့ ရှန်ယန်ရှောင်ဟာ မသွားချင်ဘဲထွက်သွားကြတဲ့ လူတွေကို ကြည့်နေပါတယ်။
လောင်ဒီဟာ ရှန်ယန်ရှောင်ဘေးကို လာရပ်လိုက်ပြီး တစ်ချိန်လုံးတင်းမာနေတဲ့မျက်နှာက အနည်းငယ်ပြေလျော့သွားပါတယ်။
"မင်းလုပ်တာ အရမ်းကောင်းတယ်....ဆေးမြစ်နှစ်ခုကြားမတူတာကို သိပြီးတဲ့နောက် ဆက်မလုပ်တာကိုပေါ့။ဒါက သမားတော်တစ်ယောက်ရဲ့ ဆေးပညာရပ်တွေထဲက တစ်ခုပဲ။မင်းအနေနဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာနမှာ အဖွဲဝင်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ"
အလားအလာရှိတဲ့ လူတွေအပေါ်မှာတော့ လောင်ဒီက ပိုကြင်နာတတ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၃)
ရှန်ယန်ရှောင်ကတော့ သူမကိုယ်တိုင်တောင် အခုလိုသမားတော်တစ်ယောက်လို ဆေးပညာရပ်ဖက်မှာ ဘယ်အချိန်ကစပြီး တတ်သိနားလည်သွားမှန်းမသိလို့ သူ့နှာခေါင်းသူပွတ်နေပါတယ်။သူမက ဆေးဖော်စပ်တဲ့အခါသုံးတဲ့ ပစ္စည်းတွေကို မကိုင်တွယ်တတ်ပါါဘူး။
ပြောရရင် လောင်ဒီနှင်ထုတ်လိုက်တဲ့ ကျောင်းသားသစ်တွေဟာ ပတ်ဝန်းကျင်ကို လေ့လာမှုအားနည်းပေမဲ့ သေချာပြင်ဆင်လာခဲ့ကြပါတယ်။ဆေးဖော်ရာမှာသုံးတဲ့ပစ္စည်းပစ္စယတွေကို သူတို့ကိုင်တွယ်အသုံးပြုပုံကိုတွေ့တာနဲ့ သူတို့ဟာ ဆေးပညာအခြေခံကိုတော့ ထိတွေ့မှုရှိတယ်လို့ ပြောနိုင်ပါတယ်။
သူတို့နဲ့ယှဉ်ရင် ရှန်ယန်ရှောင်က ပမွှားလေးပါပဲ။
ဇာမဏီမျိုးနွယ်စုဟာ ဩဇာရှိပေမဲ့ သမားတော်တစ်ယောက်ကိုတော့ လွယ်လင့်တကူထုတ်မပေးနိုင်ပါဘူး။ရှန်ဖန်က သူမအတွက် လေ့ကျင့်မှုရအောင် လုပ်ပေးချင်ပေမဲ့လည်း အဆင်ပြေတဲ့လူ မရှိပါဘူး။
သူမက ဆေးမဖော်ချင်တာမဟုတ်ပါဘူးနော် ဘယ်လိုဖော်စပ်ရမှန်းကို မသိတာပါ......
လောင်ဒီက တစ်ခါလုပ်ပြပေးတယ်ဆိုသော်လည်း သူမက ဆေးစပ်ရာမှာသုံးတဲ့ပစ္စည်းတွေကို တစ်ခါမှ မကိုင်တွယ်ဖူးသေးပါဘူး။
သူမက သူမရဲ့ တစ်ချက်လေးနမော်နမဲ့နိုင်လိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ကာ သူမနဲ့ ဆေးပညာဌာနနဲ့ တာ့တာပြလိုက်ရမှာကို မလိုလားပါဘူး......
သူမက ဆေးမြစ်နှစ်ခုရဲ့ မတူညီမှုလေးကိုပဲ သတိပြုမိတာပါ။ပြောရရင် ဆေးမြစ်တွေရဲ့ နာမည်ကိုတောင် သူမ မသိပါဘူး.....မတူဘူးဆိုတာကိုပဲ သူမသိတာပါ.....
သူမအဖြစ်က မျက်ကန်းကြောင်က ကြွက်သေကောင်ကို တွေ့လိုက်တဲ့အဖြစ်လိုပါပဲ။သူမရဲ့ အခုလိုဟန်ကိုယ်ဖို့မာန်သူဖို့လုပ်နေလိုက်တဲ့အဖြစ်က ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားမယ်လို့လည်း တွေးမထားမိခဲ့တာအမှန်ပါ။ရှန်ယန်ရှောင်ကတော့ ငိုရမလားရယ်ရမလားမသိတော့ဘူး ဖြစ်နေပါတယ်။
အပြင်ပန်းမှာတော့ သူမက နားလည်ပုံဖမ်းနေကာ လောင်ဒီရဲ့ ချီးကျူးမှုကို ခံယူနေလိုက်ပါတယ်....စိတ်ထဲမှာတော့ သူမတိုင်တည်လိုက်တာက ဘယ်သူမှဒီအကြောင်းကို မရိပ်မိခင် သမားတော်တစ်ယောက်သိအပ်တဲ့ ဆေးစပ်နည်းကို အမြန်ဆုံး တတ်ကျွမ်းအောင်လုပ်ရမယ်ဆိုတာပါပဲ။
"လောင်ဒီ...ငါ့ရဲ့ နောက်ဆုံးတစ်သုတ်လည်း အကုန်ကျတာပဲ...မင်းဖက်ကရော အခြေအနေဘယ်လိုလဲဟေ့"
တစ်ခြားကျောင်းသားအသုတ်ကို စာမေးပွဲစစ်တဲ့ နည်းပြဆရာတစ်ယောက်က စာမေးပွဲပြီးလို့ ခဏတာအားလပ်တဲ့ အချိန်လေးကိုအသုံးချကာ လောင်ဒီဖက်ကိုလာကာ မေးလိုက်ခြင်းဖြစ်ပါတယ်။
လောင်ဒီက သူ့ဘေးက ရှန်ယန်ရှောင်ကို ညွှန်ပြလိုက်ကာ ပြောလိုက်ပါတယ်။
"အဆင်ပြေပါတယ်...နောက်ဆုံးအသုတ်ထဲက သူတစ်ယောက်ပဲ ကျန်ခဲ့တာပဲ"
ရယ်လိုက်ရင်း ထိုနည်းပြဆရာက ရှန်ယန်ရှောင်ကို ကြည့်ကာပြောလိုက်ပါတယ်။
"မဆိုးဘူးဟေ့...လောင်ဒီရဲ့ စစ်ဆေးမှုက အခက်ဆုံးပဲကွ...ဒါကိုမှ လူငယ်လေးမင်းက သူ့ကိုကျေနပ်စေတယ်ဆိုတော့ တော်တော်ထူးတယ်ဟေ့"
လောင်ဒီက မသိဟန်ဆောင်ရင်း နှာခေါင်းရှုံ့လိုက်ပါတယ်။
"အဲ့ဒါက သူတို့ကိုက တုံးလွန်းလို့ပါ။သူတို့က ဆေးပညာရဲ့ အခြေခံသဘောတရားကိုတောင် ကောင်းကောင်းမသိဘဲ သမားတော်ဖြစ်ချင်နေတာကတော့ စိတ်ကူးယဉ်လွန်းတာပဲလေ"
အဲ့လိုပြောလိုက်တဲ့ လောင်ဒီဟာ ရှန်ယန်ရှောင်ကိုကြည့်လိုက်တဲ့အချိန်မှာ သူ့မျက်လုံးထဲမှာ ကျေနပ်တဲ့ အရိပ်အယောင်တွေ ဖြတ်သန်းသွားပါတယ်။
"ဒီချာတိတ်ကတော့ မဆိုးဘူးလို့ပြောရမယ်...အမြင်စူးရှယုံတင်မကဘူး ပတ်ဝန်းကျင်ကိုလေ့လာမှုလည်း အားကောင်းတယ်။ပြောရရင် သမားတော်တစ်ယောက်လိုအပ်တဲ့ ဆေးပညာသတ်မှတ်ချက်တွေကို စတင်ရရှိနေပြီလို့ ပြောလို့ရတယ်။နောင်တစ်ချိန်မှာ ကောင်းကောင်းလေ့ကျင့်လိုက်ရင် ထူးချွန်တဲ့သမားတော်တစ်ယောက်ဖြစ်လာမှာ သေချာတယ်ဟေ့"
နည်းပြဆရာနှစ်ယောက်က ချီးမွမ်းမှုအမျိုးမျိုးနဲ့ ရှန်ယန်ရှောင်ကို ချီးကျူးနေကြပါတော့တယ်။ရှန်ယန်ရှောင်ကတော့ မိုနာလီဇာအပြုံးလေးနဲ့ပဲ ချီးမွမ်းမှုတွေကို နှိမ့်ချစွာခံယူနေရပါတော့တယ်။
ဒါပေမဲ့လည်း သူမသတိပြုမိတာက တခြားအသုတ်တွေက ဝင်ခွင့်စာမေးပွဲဖြေကြသူတွေအနက် နောက်ဆုံးအသုတ်အပြီးမှာ သူမအပြင် တစ်ခြားတစ်ယောက်ပဲ စာမေးပွဲခန်းမထဲမှာ ကျန်ခဲ့တာကိုပါ။
လူတစ်ရာကျော်ဖြေတဲ့ထဲမှာ လူနှစ်ယောက်ပဲ အောင်မြင်ခဲ့ပါတယ်။
ဒါကိုကြည့်ချင်းအားဖြင့် တော်ဝင်ရိုလန်ကျောင်းရဲ့ ဆေးပညာဌာန ဝင်ခွင့်စာမေးပွဲ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သိနိုင်ပါတယ်။ဟိုကောင်လေးတွေက ဝင်ခွင့်စာမေးပွဲက တအားခက်တယ်လို့ပြောတာ မထူးဆန်းပါဘူးလေ။
လူထောင်ချီလာဖြေတဲ့ထဲမှာ တွက်ကြည့်လိုက်ရင် ဆယ်ဂဏန်းလောက်ပဲ အောင်မှာ သေချာပါတယ်လေ...
ဒီလို စာမေးပွဲက ခေတ်သစ်ကမ္ဘာရဲ့ တက္ကသိုလ်ဝင်ခွင့်တွေထက်တောင် ခက်ခဲသေးတာပဲ........