← Chapters

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

အခန်း (၉၄-၉၆)

Vol. 7 Ch. 94-96

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၉၄)

"ရှန်ဂျူ..မင်းအနေနဲ့ ဝင်ခွင့်အောင်သွားတယ်ဆိုပေမယ့် ဆေးပညာလမ်းမှာ မင်းလျှောက်လှမ်းရမှာက အရှည်ကြီးလိုသေးတယ်။ဒါကြောင့် အမြဲတမ်းကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေရမယ် သိလား"

လောင်ဒီက သူစစ်တဲ့စာမေးပွဲကို အောင်မြင်ခဲ့တဲ့ ဒီကျောင်းသားကို ကျေနပ်နေမိတာကြောင့် ဆုံးမစကားတစ်ချို့ ပြောလိုက်ခြင်းပါ။

ထို့နောက်မှာသာ ရှန်ယန်ရှောင်နေရမယ့် ကျောင်းသားသစ်အဆောင်ရှိရာကို ခေါ်ဆောင်သွားခွင့် ပေးလိုက်ပါတယ်။

ရှန်ယန်ရှောင် စာမေးပွဲခန်းမထဲကနေ ထွက်လာတဲ့အခါမှာ ဝင်ခွင့်ဖြေဖို့ စောင့်ဆိုင်းနေတဲ့ လူတန်းကြီးကို ကြည့်ကာ စိတ်ထဲကနေ သနားသွားမိပါတယ်။အဲ့ဒီနောက်မှာတော့ သူမကို လိုက်ပို့တဲ့လူနောက်ကို လိုက်သွားလိုက်ပါတော့တယ်။

ဖြတ်လာခဲ့တဲ့ လမ်းတစ်လျှောက်မှာ တခြားဌာနတွေအတွက် ဝင်ခွင့်စာမေးပွဲကျင်းပတဲ့ နေရာတွေကိုလည်း တွေ့ခဲ့ရပါတယ်။သူမ မျှော်လင့်မထားဘဲ တွေ့ခဲ့ရတာကတော့ ဝင်ခွင့်ဖြေမယ့်လူတွေထဲမှာ ထိုလူငယ်အုပ်စုပဲ ဖြစ်ပါတယ်။

အဲ့ဒီလိုပဲ ထိုလူငယ်တွေကလည်း သူမကို မြင်ပါတယ်။

"ငါပဲ အမြင်မှားနေတာလား......အဲ့ဒါ ခုဏက ငါတို့နဲ့တွေ့ခဲ့တဲ့ ဆင်းရဲသားလေး မဟုတ်ဘူးလား"

"မင့်မေဘိုး.....သူက တစ်ကယ်ပဲ ဆေးပညာဌာနရဲ့ ဝင်ခွင့်စာမေးပွဲကို အောင်ခဲ့တာလား"

ရှေ့ကနေ လမ်းပြခေါ်ဆောင်သွားတဲ့ နည်းပြဆရာကို တွေ့တာနဲ့ သူမ စာမေးပွဲအောင်သွားတယ်ဆိုတာကို သိလိုက်ရပါတယ်။စာမေးပွဲကျသူတွေကတော့ သူတို့ဖာသာပဲ ပြန်သွားရတာပါ။ကျောင်းတက်ခွင့်ရသူတွေသာလျှင် တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားဆောင်ကို ခေါ်ဆောင်ခြင်းခံရတာဖြစ်ပါတယ်။

"လောကကြီးက ထူးဆန်းထွေလာဖြစ်နေပြီဟေ့။ဆေးပညာဝင်ခွင့်စာမေးပွဲက အခက်ဆုံးဆို။အဲ့ဒါကို အဲ့ဒီလို ကောင်စုတ်လေးက ဘယ်လိုလုပ်အောင်ရတာလဲ"

အရင်က ပြောခဲ့တဲ့ လှောင်ပြောင်သရော်တာတွေကို ပြန်တွေးမိတာနဲ့ သူတို့ရှေ့မှာ မြေကြီးအက်ကွဲလာပါစေလို့ ဆုတောင်းမိလိုက်ပါတယ်...အဲ့ထဲကို ဝင်ပုန်းရအောင်လို့ပါ။အခုလိုမျိုး ပါးရိုက်ခံရသလို ခံစားချက်ကြီးက နောက်ထပ်မကြည့်ဝံ့အောင်ဖြစ်သွားရပါတယ်။

သူတို့က စာမေးပွဲအောင်မအောင်ဆိုတာ မပြောနိုင်သေးတဲ့အချိန်မှာ သူတို့က အဖက်ဖက်မှာ အထင်သေးခဲ့တဲ့ ဆင်းရဲသားလေးက အေးအေးဆေးဆေးအောင်မြင်သွားပါတယ်။

ဒီလိုအဖြစ်မျိုးက ဘယ်သူမဆို သွေးအန်စေနိုင်ပါတယ်။

"သူအောင်တာနဲ့ပဲ သူက အတန်းတက်နိုင်မယ်လို့ ပြောမရပါဘူး...ကျောင်းလခတတ်နိုင်မှသာ တက်လို့ရမှာလေ။အဲ့ဒါမှပဲ တော်ဝင်ရိုလန်ကျောင်းမှာ သူနေလို့ ရမှာပဲ"

အခုလို အခြေအနေမျိုးကို သည်းမခံနိုင်တော့တဲ့ သူဌေးသားလေး တစ်ယောက်က အခုလို ထပြောလိုက်တာပဲဖြစ်ပါတယ်။

"သူဝတ်စားထားတာကို ကြည့်လိုက်တာနဲ့ ကျောင်းလခမပေးနိုင်ဘူးဆိုတာ ပြောလို့ရတယ်နော်"

"သေချာတာပေါ့ကွာ"

သူတို့ကိုယ်သူတို့ ဖြေသိမ့်လို့ရတဲ့ နည်းလမ်းကို တွေ့လိုက်တာနဲ့ သူဌေးသားလေးတွေက အရင်ကလိုမျိုး ပြန်လည်တက်ကြွလှုပ်ရှားလာကြပါတော့တယ်။သူတို့ရှေ့က လူတန်းကြီးကိုစောင့်ရင်း စကားဆက်လက်ပြောဆို နေကြပါတော့တယ်။

သူတို့ကတော့ စာမေးပွဲအောင်ပြီဆိုတာနဲ့ ကျောင်းလခပေးနိုင်တဲ့သူတွေချည်းပါပဲ။

သူတို့ကိုယ်သူတို့ အခုလိုမျိုးဖြေသိမ့်လိုက်ကြပါတယ်......

......................................................................................................................

ရှန်ယန်ရှောင် နေရမယ့်အဆောင်က ဆေးပညာဌာနရဲ့ အရှေ့တောင်ဖက်မှာ ရှိပါတယ်။အဖြူရောင်အဆောင်က သူမအရင်ဘဝတုန်းက ရှေးဥရောပစတိုင်အဆောက်အဦးပုံမျိုးဖြစ်ပါတယ်။တိတိကျကျပြောရမယ်ဆို တော်ဝင်ရိုလန်ကျောင်းတစ်ခုလုံးက လှပခန့်ညားတဲ့ ရှေးခေတ်အနောက်တိုင်း နန်းတော်လိုမျိုးပါပဲ။

ရှန်ယန်ရှောင်နေရမယ့် အခန်းက ကျောင်းသားသစ်ဆောင်ရဲ့ တတိယထပ်မှာဖြစ်ပြီး တစ်ခန်းစီမှာ ကျောင်းသားသစ်သုံးယောက် နေရမှာလည်းဖြစ်ပါတယ်။အခန်းကျယ်ကြီးထဲမှာ ကုတင်ကြီးသုံးလုံးအပြင် သေသပ်စွာပြုလုပ်ထားတဲ့ စားပွဲရှည်ကြီး သုံးလုံးလည်းရှိပါတယ်။စားပွဲရဲ့တစ်ဖက်တစ်ချက်မှာ စာအုပ်တင်ဖို့နဲ့ ဆေးစပ်ရာမှာ သုံးတဲ့ ပစ္စည်းပစ္စယတွေတင်ဖို့ စင်လေးတွေလည်း ချထားပါတယ်။

အခန်းနံပါတ်ကတော့ ၃၀၅ ဖြစ်ပါတယ်။အခန်းထဲကို ရှန်ယန်ရှောင်ရောက်တဲ့အခါမှာတော့ သူမရဲ့ အခန်းဖော်တွေက သူတို့ကုတင်တွေကို ပြင်ဆင်ပြီးပြီဖြစ်တာကို တွေ့လိုက်ရပါတယ်။

ရှန်ယန်ရှောင်ကို တွေ့လိုက်ရတော့ လူပုံသေးငယ်တဲ့ ကောင်လေးတစ်ယောက်က စိတ်ပါလက်ပါပြုံးပြလိုက်ပြီး လျှောက်လာပါတယ်။

"မင်္ဂလာပါ....ငါ့နာမည်ကတော့ လင်းရွှမ်ပါ။နောက်ကျရင် ငါတို့က တစ်ခန်းထဲက အတန်းဖော်တွေဖြစ်တော့မှာဆိုတော့ ငါ့ကိုမေတ္တာနဲ့ဆက်ဆံပါနော်"

အဆိုပါ ချောမောပြေပြစ်တဲ့ မျက်နှာပေါ်မှာ အခုလို ရိုးသားသန့်စင်တဲ့ အပြုံးထပ်ဆင့်လိုက်တော့ မြင်သူတိုင်းအဖို့ နှစ်လိုဖွယ်ဖြစ်မိစေပါတယ်။

လင်းရွှမ်အပေါ်မှာ သူမခံစားမိတဲ့ခံစားချက်က မော်ဒယ်ကျောင်းသားတစ်ယောက်ကို တွေ့မြင်လိုက်ရသလိုပါပဲ။ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာတော့ သူမက မော်ဒယ်ကျောင်းသားနဲ့အတူနေထိုင်ရဦးမှာပါ။ရှန်ယန်ရှောင်လည်း နှိမ့်ချစွာပြုံးလိုက်ရင်း ပြောလိုက်ပါတယ်။

"မင်္ဂလာပါနော်....ကျွန်တော်ကတော့ ရှန်ဂျူပါ"

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၉၅)

ရှန်ယန်ရှောင်အား ကျောင်းသားဆောင်ကို လိုက်ပို့တဲ့လူက စကားအနည်းငယ်ပြောပြီးတာနဲ့ ပြန်သွားပါတယ်။လင်းရွှမ်က သူမရဲ့ အထုတ်အပိုးတွေ နေရာချတာကို အလိုက်တသိ ကူညီပေးနေပါတယ်။

သုံးယောက်ခန်းထဲက အခန်းဖော်တစ်ယောက်ကတော့ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်လို့ နောက်တစ်ယောက်ကတော့ရော..........

ရှန်ယန်ရှောင်ဟာ ပိန်ပိန်ပါးပါးကောင်လေးက ကုတင်ပေါ်မှာလှဲနေရင်းနဲ့ ဆေးစာအုပ်တစ်အုပ်ကို သူမရောက်တည်းက ဖတ်နေတာကို ကြည့်လိုက်မိပါတယ်။သူ့ပုံစံက စာအုပ်ထဲစိတ်ရောက်နေတဲ့ပုံနဲ့ဖတ်နေပေမယ့် ရှန်ယန်ရှောင်ကတော့ အဲ့ကောင်လေးဟာ စာကြိုးစားတဲ့လူလို့ ဘယ်လိုမှမထင်ပါဘူး။

ဘယ်လိုစာဂျပိုးမျိုးက မြင်းစီးဖိနပ်ကိုတောင်မချွတ်ဘဲ ကုတင်ပေါ်မှာ ခြေထောက်ချိတ်ပြီးလှဲလျောင်းလို့ စာဖတ်မှာလဲလေ။

ကောင်လေးပုံစံက လူကြားထဲမှာ ထင်းကနဲသိသာနိုင်တဲ့ ပုံမျိုးဖြစ်ပါတယ်။ဂျုံမှုန့်ရောင်အသားအရေနဲ့စွန်လိုစူးရဲတဲ့ မျက်ဝန်းတွေက လိုက်ဖက်လှပါတယ်။သူက ကုတင်ပေါ်မှာ လှဲလျောင်းနေတယ်ဆိုပေမယ့် တွေ့လိုက်ရတဲ့လူတွေအဖို့ သူ့ရဲ့ထူးခြားမှုကို ခံစားသိရှိနိုင်ပါတယ်။

"သူက မျိုးနွယ်စုငါးစုထဲက လိပ်နက်မျိုးနွယ်ရဲ့ အငယ်ဆုံးသခင်လေးဖြစ်တဲ့ တန်နာဇီပဲ"

လင်းရွှမ်က ရှန်ယန်ရှောင်ရဲ့ အကြည့်ကိုတွေ့လိုက်မိလို့ စေတနာနဲ့ ပြောပြလိုက်တာဖြစ်ပါတယ်။

လိပ်နက်မျိုးနွယ်က သခင်လေးတဲ့....ရှန်ယန်ရှောင်မျက်ခုံးပင့်လိုက်မိပါတယ်...ဒီကချစ်သူငယ်ချင်းအကြောင်းကို သူဌေးသားလေးတွေပြောဆိုနေတာကို ကြားခဲ့တဲ့အတွက် ဆေးပညာကို သူ့ဘဝရဲ့ရည်မှန်းချက်တစ်ခုအဖြစ်နဲ့ အကြိမ်ကြိမ်ကျရှုံးတာကို ဂရုမစိုက်ဘဲ ဆက်လက်ဖြေဆိုမယ်ဆိုတဲ့အကြောင်းကိုပေါ့။

ကြည့်ရတာ တန်နာဇီအတွက် ဒီနှစ်ကကံကောင်းတယ်လို့ပြောလို့ရတာပေါ့....ဆေးပညာဌာနဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့တယ်ဆိုတော့လေ။

ပြောရရင် ရှန်ယန်ရှောင်အဖို့ တန်နာဇီအကြောင်းမရင်းနှီးဘူးလို့ ပြောလို့မရပါဘူး.....သူမက လိပ်နက်မျိုးနွယ်စုအိမ်တော်ထဲကို ရန်ပုံငွေအတွက် တစ်ကြိမ်တစ်ခါ ဝင်ရောက်ခဲ့ဖူးပြီး မျိုးနွယ်စုရဲ့ အရေးကြီးတဲ့ပုဂ္ဂိုလ်မှန်သမျှရဲ့ အခန်းတိုင်းကို ဝင်ရောက်ကာ တွေ့သမျှသိမ်းကြုံးယူခဲ့ဖူးပါတယ်။သူမက တန်နာဇီဆီက ဘာယူခဲ့မှန်း မသိတာလေးတစ်ခုပါပဲ။

သူမအနေနဲ့ သူမရဲ့ ဇာတိသရုပ်မှန်ကို ဖုံးကွယ်ထားပြီး တော်ဝင်ရိုလန်ကျောင်းကို ရောက်လာတယ်ဆိုသော်လည်း သူမရဲ့ဟန်ဆောင်ဇာတိကတော့ ဇာမဏီမျိုးနွယ်ရဲ့ ဌာနခွဲထဲကဖြစ်ပါသေးတယ်။မျိုးနွယ်စုငါးစုရဲ့ ဆက်ဆံရေးက သိပ်အဆင်မပြေဘဲ အခုကတော့ မထင်မှတ်ဘဲနဲ့ သူမက ဒီကလူကြီးလူကောင်းနဲ့ တစ်ခန်းထဲနေရတော့မယ်။နောင်တစ်ချိန်မှာ ဘယ်လိုပြဿနာမျိုးဖြစ်လာမလဲဆိုတာကို သူမကိုယ်တိုင်လည်း မသိတော့ပါဘူး။

ရှန်ယန်ရှောင်က သူ့ကိုကြည့်နေကြောင်းခံစားမိလိုက်တော့ တစ်ချိန်လုံးစာအုပ်ထဲ ခေါင်းနှစ်ထားတဲ့ တန်နာဇီက ခေါင်းမော့ကြည့်လိုက်ပါတယ်။မျက်နှာကို အနည်းငယ်မော့လိုက်ကာ သူ့ရဲ့ အခန်းဖော်နှစ်ယောက်ကို ကြည့်လိုက်ပါတယ်။သူ့ရဲ့ စွန်ရဲလိုစူးရှတဲ့ မျက်ဝန်းတစ်စုံရဲ့ အကြည့်အောက်မှာ လင်းရွှမ်ကအလိုလို အကြည့်လွှဲလိုက်မိပါတယ်။

တန်နာဇီရဲ့ အကြည့်က ရှန်ယန်ရှောင်ဆီရောက်သွားတဲ့အခါမှာ ခဏလေးတန့်သွားပါတယ်။ချက်ချင်းဆိုသလိုပဲ မျက်ခုံးပင့်လိုက်မိကာ ကုတင်ပေါ်ကနေဆင်းလိုက်ပါတယ်။ခြေလှမ်းကျဲကြီးတွေနဲ့ သူ့အခန်းဖော်နှစ်ဦးဆီကို လျှောက်သွားပါတော့တယ်။

လင်းရွှမ်ဟာ နီးကပ်လာတဲ့ တန်နာဇီကို ကြည့်လိုက်မိပြီး ခြေထောက်တွေတုန်ရီနေပါတော့တယ်။

လူတွေပြောတာကတော့ ဒီသခင်လေးက သိပ်သဘောမကောင်းဘူးတဲ့။သူ့ရဲ့ မိသားစုအခြေအနေက ကောင်းတယ်ဆိုပေမယ့် လိပ်နက်မျိုးနွယ်ရှေ့မှာတော့ ပုရွက်ဆိတ်သာသာပါပဲ။သူ့အနေနဲ့ လိပ်နက်မျိုးနွယ်က သခင်လေးက သူ့ကို ပြဿနာလာရှာတာမဟုတ်ပါစေနဲ့လို့ပဲ စိတ်ထဲကနေကျိတ်ဆုတောင်းနေမိပါတယ်။

တန်နာဇီရဲ့ ခြေထောက်အစုံက ရှန်ယန်ရှောင်ရှေ့မှာ ရပ်တန့်သွားပါတယ်။သူက ၁၆နှစ်သာသာပဲရှိဦးမယ့် ချာတိတ်လေးတစ်ယောက်ပဲ။သို့သော်လည်း ၁၃နှစ်အရွယ် ရှန်ယန်ရှောင်ရှေ့မှာရပ်လိုက်တော့ ခေါင်းတစ်လုံးခွဲလောက် ပိုမြင့်ပါတယ်။စူးရှတဲ့မျက်လုံးအစုံထဲမှာ စည်းကမ်းမနာခံလိုတဲ့ အရိပ်အယောင်တစ်ချို့က လင်းလက်နေပြီး ရှန်ယန်ရှောင်ကို အပေါ်ကနေမိုးကြည့်နေပါတယ်။

"ငါ မင်းကို မှတ်မိတယ်"

ရှန်ယန်ရှောင်ကို စိုက်ကြည့်ရင်းနဲ့ တန်နာဇီက ပြောလိုက်တာပဲဖြစ်ပါတယ်။အဆိုပါ ခပ်ရိုင်းရိုင်းနဲ့ပုန်ကန်လိုတဲ့ လေသံက သူ့အပေါ်ကို လူတွေမြင်တဲ့အမြင်မျိုးနဲ့ တစ်ထပ်တည်းကျနေပါတယ်။

"အိုး"

ရှန်ယန်ရှောင်စိတ်ထဲမှာတော့ တန်နာဇီနဲ့ အဆင်ပြေပြေနေနိုင်မယ့် နည်းလမ်းကို စဉ်းစားနေမိပါတယ်...ဘာလို့လဲဆိုတော့ သူမ တော်ဝင်ရိုလန်ကျောင်းကိုလာရောက်တာက ဆေးပညာတစ်ခုတည်းပဲ သင်ယူဖို့မဟုတ်ဘဲ...နောင်ကျရင် တစ်ခြားဌာနတွေဆီခိုးဝင်ပြီးတော့ လေးအတတ်နဲ့ဆင့်ခေါ်သူအတတ်ဆိုင်ရာ အခြေခံသဘောတရား စာအုပ်တွေကို ခိုးယူဖို့လည်း မျှော်လင့်ထားပါသေးတယ်။ဒါကြောင့် ဒီလူငယ်လေးနဲ့ ဘာမဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့တော့ ပြဿနာမဖြစ်ချင်တာပါ။

ဒီလို ကိစ္စလောက်လေးနဲ့ပြဿနာဖြစ်ပြီး သူမရဲ့ အဆင့်တက်မှုမှာ နှောင့်နှေးနေရင် ရှူက ပေါက်ကွဲမှာ သေချာပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၉၆)

"မင်းကို လောင်ဒီက ချီးကျူးနေတာကို ငါကြားခဲ့တယ်"

တန်နာဇီရဲ့ ကြည်လင်စူးရှတဲ့ ရှန်ယန်ရှောင်ကို ကြည့်နေတဲ့အကြည့်မှာ ဘယ်လိုအဓိပ္ပါယ်တွေ ပါသလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။

ရှန်ယန်ရှောင် ခဏတာ တွေသွားပြီးမှ သူမအပြင်တစ်ခြားလူတစ်ယောက်လည်း စာမေးပွဲခန်းမထဲမှာ ရှိနေခဲ့တာကို သတိရသွားပါတယ်။ဒါပေမဲ့လည်း အဲ့အချိန်တုန်းက သူမစိတ်ထဲမှာ အဲ့ဒီလူကို အမှုမဲ့အမှတ်မဲ့ပါပဲ။

အဲ့ဒီလူက တန်နာဇီများ ဖြစ်နေတာလား..........

သူက လောင်ဒီဟာ သူမကို ချီးကျူးနေတာကို ကြားခဲ့ရလို့ မကျေမနပ်ဖြစ်နေတာများလား........

ဒီလိုဆိုရင်တော့ တန်နာဇီရဲ့ စိတ်ထဲမှာ ဘယ်လိုဖြစ်နေတယ်ဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။မျိုးနွယ်စုငါးစုရဲ့ မျိုးဆက်သစ်တွေက အချင်းချင်း ပြိုင်ဆိုင်နေကြတာကြောင့် တစ်ဦးနဲ့တစ်ဦး အကျောမခံကြပါဘူး...နည်းပြဆရာရှေ့မှာဆို ပိုဆိုးတာပေါ့။ကြည့်ရတာ တန်နာဇီက ပြဿနာရှာဖို့ ကြံစဉ်နေပုံပဲ။

ရှန်ယန်ရှောင်က တန်နာဇီရဲ့ စိတ်ကို အကဲခတ်တွေးတောနေတုန်းမှာပဲ တန်နာဇီက လက်ဝါးကိုပင့်လိုက်ပြီး ရှန်ယန်ရှောင်ကို ရုတ်တရက်တိုက်ခိုက်လိုက်ပါတယ်.....

တန်နာဇီက ရှန်ယန်ရှောင်အား တိုက်ခိုက်တော့မှာကို တွေ့လိုက်တဲ့ လင်းရွှမ်ဟာ ကြောက်ရွံ့စွာ အော်ဟစ်လိုက်မိပါတယ်။

ရှန်ယန်ရှောင်ဟာ အတွင်းအားတစ်ချို့ကို စုစည်းလိုက်ပြီး အရှေ့ အနောက် တောင် မြောက်ဘယ်မှာမှန်းသိပုံမရတဲ့ ဒီအရူးကောင်ကို သင်ခန်းစာပေးဖို့ ပြင်ဆင်လိုက်ပါတော့တယ်....

သို့သော်လည်း သူ့ရဲ့ ကျယ်ပြန့်မာကျောတဲ့လက်ဝါးကြီးက ရှန်ယန်ရှောင်ပုခုံးပေါ်ကို မထင်မှတ်ဘဲ ရောက်လာပါတယ်။အလွန်အမင်းမျှော်လင့်နေတဲ့ အမူအယာက သူ့မျက်နှာပေါ်မှာပေါ်ပေါက်လာပြီး လေးနက်စွာနဲ့ တန်နာဇီကပြောလိုက်ပါတယ်။

"ဆေးပညာနဲ့ပတ်သတ်တာတွေကို နောက်ကျရင် ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါဦးနော်"

"....."

ရှန်ယန်ရှောင် ကျောက်ရုပ်လိုဖြစ်သွားပါတယ်။

မျက်လုံးချင်းမဆုံနိုင်အောင်ဘဲဆိုတာက ဘယ်ရောက်နေတာလဲ။အတန်းဖော်ချင်းယှဉ်ပြိုင်မယ်ဆိုတာကရော ဘယ်နားမှာလဲ........

ရှန်ယန်ရှောင်ဟာ သူပြောလိုက်တဲ့ စကားကြောင့် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားနေရတာကို မသိဘဲ သူ့ကိစ္စသူပဲလုံးပန်းနေကာ ဆေးစာအုပ်ကို ရှန်ယန်ရှောင်ရှေ့မှာ လက်နှစ်ဖက်နဲ့မြှောက်ပြလိုက်ပြီး ပြောလိုက်ပါတယ်။

စိတ်ပျက်စရာကောင်းလောက်အောင် လေးလေးနက်နက်ကြီးကို ပြောလိုက်တာဖြစ်ပါတယ်။

"ငါတို့က အခုဆိုရင် အခန်းဖော်တွေဖြစ်ပြီလေ။အခန်းဖော်လည်းဟုတ် အတန်းဖော်လည်းဟုတ်တဲ့ ဘော်ဒါတွေအနေနဲ့ အချင်းချင်း ကူညီရိုင်းပင်းပြီး တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် သင်ယူသင့်တယ်နော်။နောက်ကျ ငါနားမလည်တဲ့ ဆေးပညာဆိုင်ရာတစ်ချို့ကို မင်းဆီမေးရင် မင်းကကူညီတဲ့အနေနဲ့ ငါ့ကို ပြန်ဖြေပေးမယ်လို့မျှော်လင့်ပါတယ်ကွာ။ဒါပေါ့လေ ကျောင်းထဲမှာ တချို့ကလေကဝကောင်တွေက မင်းကို အနိုင်ကျင့်ဖို့လုပ်ရင် ငါ့ကိုသာလာပြောလှည့်နော်......အဲ့ကောင်တွေရဲ့ သွားတွေအခွေလိုက်ကျွတ်ပြီး မြေပေါ်ပြန့်ကျဲသွားအောင်ထိ ငါဆုံးမပေးမယ် ဟုတ်ပြီလား"

"......."

မင်းက ဘာစကားတွေ လာပြောနေရတာလဲဟ.....

တန်နာဇီနဲ့ အသေအကြေတိုက်ခိုက်ဖို့ ပြင်ဆင်ထားတဲ့ ရှန်ယန်ရှောင်ကတော့ သူမအိပ်မက်ထဲမှာတောင် ခုလိုမျိုး ရဲဘော်ရဲဘက်စိတ်ဓာတ်မျိုးထားဖို့ကို တန်နာဇီက စိတ်ပါလက်ပါ ရိုးရိုးသားသားနဲ့ လာပြောမယ်လို့ မထင်ထားမိပါဘူး။အခုအဖြစ်ကို ရှန်ယန်ရှောင်လို လောကကြီးကို အမြင်စောင်းနေတဲ့သူအဖို့ လက်ခံရခက်နေပါတော့တယ်။

"မင်းပစ္စည်းတွေကို နေရာတကျ မထားရသေးဘူးမလား။ဟိုဖက်ကတစ်ယောက်...ငါနဲ့အတူ သူ့ပစ္စည်းတွေကို နေရာတကျထားပေးရအောင်"

တန်နာဇီက ထိတ်လန့်နေဆဲဖြစ်တဲ့ လင်းရွှမ်ကို လက်ညှိုးထိုးပြီး ပြောလိုက်ခြင်းဖြစ်ပါတယ်။

အခန်းဖော်ချင်းအတူတူကို တန်နာဇီက သူ့ကိုပဲခိုင်းတာကြောင့် လင်းရွှမ်တစ်ယောက် ငိုမဲ့မဲ့ဖြစ်သွားပါတယ်။

ရှန်ယန်ရှောင်နဲ့သူနဲ့ကို ဆက်ဆံပြောဆိုတာခြင်းက ဆယ့်နှစ်ခြားစီဖြစ်နေတာကြောင့် လင်းရွှမ်ငိုချင်ပေမယ့် မျက်ရည်မကျဘူးဖြစ်နေပါတယ်။ပြောတော့ကျ အချင်းချင်းရိုင်းပင်းကူညီမယ်ဆို အပြန်အလှန်သင်ယူမယ်ဆို။အခုကျတော့ ဘာဖြစို့ သူက အခိုင်းခံဖြစ်သွားရတာလဲ။

ဘေးမှာရပ်နေတဲ့ ရှန်ယန်ရှောင်က ကြောင်ကြောင်ကြီး ငေးကြည့်နေမိပါတယ်။တန်နာဇီက လင်းရွှမ်ကို သူမရဲ့ ပစ္စည်းတွေကို နေရာတကျ ထားဖို့ခိုင်းနေတာကို ကြည့်ရင်း ဒီလိုရုပ်ရှင်ဆန်ဆန်အဖြစ်ကို လက်ခံရခက်နေပါတယ်။ဘယ်လိုဖြစ်ပြီး အခုမှ ကျောင်းစတက်ရမယ့်သူမက သူမအပေါ်မှာအခုလိုမျိုး စောင့်ရှောက်ကူညီမယ့် အခန်းဖော်တန်းရလိုက်ရတာလဲဟင်။

ဒါပေမယ့်လည်း အထင်ကရမျိုးနွယ်တစ်စုကလာတဲ့ သခင်လေးတစ်ယောက်ဟာ ပစ္စည်းပစ္စယတွေကို နေရာတကျမထားတတ်တာသေချာပါတယ်။အစတည်းက ရှုပ်ယှက်ခတ်နေတဲ့ အထုပ်အပိုးတွေက သူလုပ်လိုက်လို့ ပိုဆိုးသွားပါတယ်။

သနားစရာ လင်းရွှမ်ကတော့ လူတစ်ယောက်ရဲ့ မာနမျက်ဝန်းအောက်မှာ ပစ္စည်းတွေကို နေရာတကျဖြစ်အောင် လုပ်နေရပါတယ်။

All Chapters