အခန်း (၉၇-၉၉)
Vol. 7 Ch. 97-99
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၇)
တန်နာဇီစိတ်ထဲမှာ ကျေနပ်နေမိပါတယ်။သူ့လက်ထဲမှာ ခေါင်းအုံးကို ကိုင်ထားပြီး အလုပ်ရှုပ်နေသော်လည်း ကြည်လင်တောက်ပတဲ့ အပြုံးပန်းကြီးက သူ့မျက်နှာမှာ ပွင့်လန်းနေပါတယ်။
ဒီရှန်ဂျူက သူထင်ထားတာထက် ပိုချည်းကပ်ရလွယ်တာပဲ။
ပြောရရင် သူဒီအခန်းကိုရောက်စတည်းက သူ့အခန်းဖော်နှစ်ယောက်အကြောင်းကို သိပြီးပြီဖြစ်ပါတယ်။လောလောဆယ် လင်းရှန်အကြောင်းကို အသာထားကြဦးစို့ရဲ့။ရှန်ဂျူကိုတော့ သူအလွန်အမင်း စိတ်ဝင်စားမိနေပါတယ် အကြောင်းကတော့ သူနဲ့ရှန်ဂျူနဲ့ဟာ ဝင်ခွင့်ဖြေတုန်းက တစ်ချိန်တည်းတစ်ခန်းထဲမှာ ဖြေဆိုခဲ့ကြရတဲ့အပြင် လူတစ်ရာကျော်ထဲကမှ သူနဲ့ရှန်ဂျူပဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
တော်ဝင်ရိုလန်ကျောင်းတော်ရဲ့ ဆေးပညာဝင်ခွင့်စာမေးပွဲက ဖြေဆိုသူတိုင်းကို ခေါင်းကိုက်စေသလို သူကိုယ်တိုင်လည်း အလွန်အမင်း ဖျစ်ညှစ်ဖြေဆိုခဲ့ရပါတယ်။ဒီနှစ်စာမေးပွဲကလည်း အလွန်ခက်ခဲခဲ့ပြီး နည်းလမ်းအချို့ကို သူအသုံးပြုခဲ့မှသာ အောင်မြင်ခဲ့ရတာပါ။ဒီကောင်လေး ရှန်ဂျူကတော့ သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့လည်း စည်းကမ်းတင်းကျပ်တယ်လို့ နာမည်ကြီးတဲ့ နည်းပြဆရာလောင်ဒီက ဒီကောင်စုတ်လေးကိုမှ ချီးကျူးပြောဆိုနေတာကို သူကိုယ်တိုင်ကြားသိခဲ့ရပါသေးတယ်။
ဒီဘိုးတော်ရဲ့ ခေါင်းတဆတ်ဆတ်ညိတ်ပြီး ချီးကျူးမှုကို ခံယူရတယ်ဆိုတည်းက ဆေးပညာဖက်မှာ သူ့ရဲ့ပါရမီပါရှိမှုကို သက်သေပြနေတာပဲလေ။
တန်နာဇီကထိုစဉ်တည်းက ရှန်ဂျူရဲ့နာမည်ကို အသည်းထဲစွဲနေအောင် မှတ်သားထားခဲ့ပါတော့တယ်။လူတိုင်းက သူဟာဆေးပညာဖက်မှာ သာမန်လူတွေထက် ပိုပြီးခေါင်းမာစွဲမြဲစွာ ကြိုးစားကြတာကိုသိပါတယ်။ဒါပေမဲ့ သူကဝင်ခွင့်စာမေးပွဲ အောင်မြင်တာလောက်နဲ့ မကျေနပ်နိုင်ပါဘူး။ဆေးပညာရပ်မှာ ကျော်ကြားထင်ရှားတဲ့ သမားတော်တစ်ဦးအဖြစ် လူတိုင်းကိုသက်သေပြချင်ပါသေးတယ်။
တန်နာဇီက ခေါင်းမာသူဖြစ်သော်လည်း ငတုံးတစ်ယောက်မဟုတ်တာကြောင့် သူ့အရည်အချင်းလည်း သူသိပါတယ်လေ...ဝင်ခွင့်အောင်ဖို့ကို နှစ်နှစ်ခွဲကြိုးစားဖြေဆိုပြီးမှသာ အောင်မြင်ခဲ့ရတာလေ။ဒါက ဆေးပညာရပ်ဖက်မှာ သူ့ရဲ့အရည်အသွေးမပြည့်ဝမှုကို ပြသနေတာလည်းဖြစ်ပါတယ်။ဒါကြောင့် သူ့ရဲ့ရည်မှန်းချက်ကို ပြည့်ဝအောင်ကူညီပေးနိုင်မယ့် ဆေးပညာဖက်မှာ အရည်အချင်းထက်မြက်ပြီး စိတ်ဓာတ်ကောင်းမွန်တဲ့ အခန်းဖော် အတန်းဖော်တစ်ယောက် လိုအပ်ပါတယ်။
ရှန်ဂျူက သူ့အတွက် ပထမဦးစားပေး ပစ်မှတ်ပဲ ဖြစ်ပါတယ်။
ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ လောင်ဒီရဲ့ အသိအမှတ်ပြုခံရတယ်ဆိုတာက မလွယ်ပါဘူး။ဒါက ဆေးပညာပါရမီ ဘယ်လောက်ရှိလဲဆိုတာကို ပြသနေတာလည်းဖြစ်ပါတယ်။လောင်ဒီအဖွဲ့ စာမေးပွဲစစ်တုန်းက တန်နာဇီဟာ တိတ်တိတ်လေးခိုးကြည့်ပြီး စစ်ဆေးတာကို မှတ်သားထားခဲ့ပါတယ်။သူကိုယ်တိုင်လည်း ဆေးမြစ်တွေရဲ့ ခြားနားချက်ကို သတိမပြုခဲ့မိပါဘူး။
ရှန်ဂျူရဲ့ ပြောင်မြောက်မှုကို တွေ့ခဲ့တဲ့တန်နာဇီဟာ ထိုစဉ်တည်းက ရှန်ဂျူအား အပီပေါင်းရန် ကြံခဲ့ပြီးသားလည်း ဖြစ်ပါတယ်။ရှန်ဂျူက သူ့ကိုမကူညီချင်ဘူးဆိုရင်တောင် မရမကလုပ်ဆောင်ဖို့ တွေးပြီးသားလည်းဖြစ်ပါသေးတယ်။
သို့သော်လည်း ကောင်လေးက ပေါင်းသင်းရလွယ်ကူပါတယ်။ရှန်ဂျူရဲ့ ကူညီပေးမှုနဲ့ သူ့ရဲ့ဆေးပညာရပ်ဆိုင်ရာ အရည်အသွေးတွေ အလွန်အမင်း တိုးတက်လာမယ်လို့ သူယုံကြည်ပြီးဖြစ်ပါတယ်။
တော်ဝင်ရိုလန်ကျောင်းရဲ့ ဝင်ခွင့်စာမေးပွဲကို သုံးရက်ကြာကျင်းပခဲ့ပါတယ်။ထိုအခါမှသာလျှင် ပြီးဆုံးခဲ့ပါတော့တယ်။ဝင်ခွင့်ရကျောင်းသားသစ်တွေက စိတ်အားတက်ကြွနေသလိုပဲ ဝင်ခွင့်ကျဆုံးခဲ့သူအမြောက်အများဟာလည်း စိတ်ဓာတ်ကျစွာနဲ့ပဲ အမိအိမ်ကိုပြန်သွားကြပါတော့တယ်။
ဒီနှစ် ဆေးပညာဌာနမှာ တက်ရောက်ခွင့်သူပေါင်း တစ်ရာ့ခြောက်ဆယ့်သုံးယောက်ရှိပြီး ဖြေဆိုသူရဲ့ တစ်ရာခိုင်နှုန်းပဲအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရှန်ယန်ရှောင်က ပထမဆုံးရက်မှာပဲ အောင်မြင်ခဲ့တာကြောင့် ကျန်တဲ့နှစ်ရက်မှာ တန်နာဇီကဆွဲခေါ်ပြီး ဆေးပညာဆိုင်ရာ စာအုပ်တွေနဲ့ အချိန်ကုန်ဆုံးစေခဲ့ပါတယ်။အဆိုပါစာအုပ်တွေကို တန်နာဇီဘယ်ကနေဘယ်လို ရှာဖွေထားလဲအသိသလို အကြောင်းအရာစုံလင်လှတာကြောင့် သူမကိုယ်တိုင်လည်း အလုံးစုံကို နားမလည်လှဘဲ အနည်းအကျဉ်းလောက်ပဲ သိပါတယ်။
အဲ့ကောင်က သူမကိုဘာကြည့်ပြီး ဆေးပညာပါရမီရှင်တစ်ဦးလို့ သတ်မှတ်ထားမှန်း သယမကိုယ်တိုင် နားမလည်ပါဘူး။မကြာခဏဆိုသလိုပဲ အဲ့ကောင်က ဆေးမြစ်တစ်ခုခုကို လက်ညှိုးထိုးပြတဲ့အခါတိုင်း သူမကိုယ်တိုင် အခုမှပထမဆုံးမြင်ဖူးတဲ့ ဆေးမြစ်ပုံကိုကြည့်ပြီးတာနဲ့ ပြုံးပြုံးပြလိုက်တိုင်း အဲ့ကောင်က အားဆေးထိုးပေးလိုက်သလို စိတ်အားတက်ကြွသွားပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၈)
တန်နာဇီက သူမဟာ သူ့ကိုဆေးပညာရပ်ဖက်မှာ ဂိုက်လုပ်ပေးနိုင်တဲ့ ပါရမီရှင်တစ်ဦးလို့ သတ်မှတ်ထားပြီးပြီဆိုတာကို ရှန်ယန်ရှောင် နားလည်ပေမယ့် တစ်ကယ်တန်းဆိုရင် သူမဟာ ဆေးပညာအကြောင်းကို တန်နာဇီလောက်တောင် နားမလည်ပါဘူး။
သူမအကြောင်းပေါ်သွားရင် ရှက်စရာကောင်းတာကတစ်ကြောင်း သူမကိုယ်တိုင်လည်း ဆေးပညာရပ်ကို စိတ်ဝင်စားတာကတစ်ကြောင်းတို့ကြောင့် တန်နာဇီနှင့်အတူ ဆေးပညာရပ်ဆိုင်ရာတွေကို လေ့လာနေခဲ့ပါတယ်။
နှစ်ရက်ပြည့်ပြီးချိန်မှာတော့ ဆေးပညာအကြောင်းကို အနည်းနဲ့အများတော့ သူမနားလည်လာခဲ့ပါပြီ...သူမရဲ့ဉာဏ်ထက်မှုကြောင့်ဖြစ်သလို တန်နာဇီရဲ့ များပြားလှတဲ့ဆေးစာအုပ်တွေ ကြောင့်လည်းပါတာပေါ့။
တန်နာဇီကတော့ ဒီလိုတတ်ကျွမ်းပြီးသားလူတစ်ယောက်က သူနှင့်အတူ သိပြီးသားအကြောင်းအရာတွေကို စိတ်ပါဝင်စားစွာ ပြန်လည်လေ့လာနေတာကို တွေ့ရတော့ သူ့ရဲ့ကြိုးစားချင်စိတ်တွေ ပိုထက်သန်လာခဲ့ပါတယ်။
ဒါကြောင့် အခန်း၃၀၅ရဲ့ မီးရောင်ဟာ ညည့်နက်သန်းခေါင်အထိ လင်းနေတာကို တွေ့ကြသတိပြုမိကြမှာပါ။
ဒါကလည်း ပြဿနာကောင်နှစ်ကောင်ရဲ့ သူငယ်ချင်းဖြစ်တည်လာမှုရဲ့ နိဒါန်းလည်းဖြစ်ပါတယ်။
တစ်ခန်းထဲ အတူရှိတဲ့ လင်းရွှမ်ကတော့ တန်နာဇီက သူ့ကိုဂရုမစိုက်သလို ရှန်ယန်ရှောင်ကလည်း တန်နာဇီနှင့်အတူ ဆေးစာအုပ်တွေ တစ်ချိန်လုံးဖတ်နေတာကြောင့် သူ့အတွက်အချိန်မပေးနိုင်ပါဘူး။ဒါကြောင့် သူဟာ အခန်းထဲမှာ တစ်ယောက်တည်း အဖော်မဲ့နေပါတယ်။ညနက်တဲ့အထိ မီးကလင်းနေတာကြောင့် သူလည်းအိပ်မရဘဲ စားပွဲရှေ့မှာထိုင်ကာ စာအုပ်ဖွင့်ဖတ်နေရပါတော့တယ်။
ဒီနှစ်ရက်အတွင်းမှာ ကျောင်းသားသစ်အဆောင် အတွင်းမှာ သတင်းတစ်ခုပျံ့နေပါတယ်။
ကျောင်းသားသစ်ဆောင်ရဲ့ အခန်း၃၀၅မှာ စာဂျပိုးသုံးကောင် ရှိတယ်ဆိုတဲ့ သတင်းပါပဲ။
ဆေးပညာရပ်ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။တော်တဲ့လူနဲ့ ညံ့တဲ့လူကြား ကွာခြားချက်က ကြာလေများလေဖြစ်လာမှာပါ။ဒါကြောင့် စာဂျပိုးသုံးကောင်က နေ့မနားညမအား ကြိုးစားအားထုတ်နေတာကို သိကြတာနဲ့ တခြားကျောင်းသားသစ်တွေကိုလည်း ပြိုင်ဆိုင်ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာစေကာ အားလုံးစာလေ့လာကြပါတော့တယ်။
မယားချောလေးရပြီး ထင်ရှားကျော်ကြား ချမ်းသာကြွယ်ဝစွာ နေထိုင်ရဖို့အတွက် လူငယ်လေးတွေ ကြိုးကုတ်အားထုတ်ကြပါပြီ။
ကျောင်းသားသစ်ဆောင်မှာ ထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်နေပါတယ်။ နေ့ခင်းအချိန်တွေမှာ လျှောက်လမ်းအတွင်းမှာ မည်သည့်ကျောင်းသားကိုမျှ မတွေ့ရဘဲ တွေ့ရာကြုံရာ အခန်းကိုဖွင့်ဝင်လိုက်တာနဲ့ ဆေးစာအုပ်ထဲခေါင်းစိုက်နေကြတဲ့ ကျောင်းသားတွေကို တွေ့မြင်ရမှာပါ။
ဒီအဖြစ်က ဆရာတွေကို ကျေနပ်နှစ်သိမ့်စေရုံတင်မကဘဲ ကျောင်းသားဟောင်းကြီးတွေအပေါ်မှာလည်း ဖိအားသက်ရောက်စေခဲ့ပါတယ်။
ဘာဖြစ်လို့ ကျောင်းသားသစ်လေးတွေက သေတော့မလို ပုံစံနဲ့ စာကို အတင်းကြိုးစားနေရတာလဲ။သူတို့လို ကျောင်းသားကြီးတွေရဲ့ မျက်နှာကို ဘယ်မှာသွားထားရတော့မှာလဲ။
မမြင်နိုင်တဲ့ မီးခိုးတန်းတစ်ခုက ကျောင်းသားသစ်တွေနဲ့ ကျောင်းသားဟောင်းတွေကြားမှာ ဖြစ်တည်လာခဲ့ပါတယ်။
ဒီကိစ္စရဲ့ လက်သည်တရားခံတွေကတော့ ဒီအကြောင်းကို မသိကြပါဘူး။
ဝင်ခွင့်စာမေးပွဲ ပြီးဆုံးပြီး နောက်ရက်မှပဲ တရားခံနှစ်ယောက်က နည်းနည်းထူးခြားနေတာကို သိသွားပါတယ်။
ထမင်းစားခန်းကြီးထဲမှာ အစားအသောက်သွားယူနေတုန်းမှာ ကျောင်းသားဟောင်းကြီးတွေအနားက ဖြတ်သွားစဉ်မှာ လူသတ်လိုတဲ့ အငွေ့အသက်တစ်ချို့ကို ခံစားသိရှိလိုက်ပါတယ်။
"ဒါက ဆေးပညာဌာနရဲ့ အစဉ်အလာ တစ်ရပ်လားမသိဘူး"
လက်တစ်ဖက်က ထမင်းဗူးကိုင်ပြီး နောက်တစ်ဖက်က ဆေးအဘိဓာန်ကို ကိုင်ထားတဲ့ တန်နာဇီက တင်းမာခက်ထန်တဲ့ အမူအယာတွေနဲ့ ကျောင်းသားကြီးတွေအနားက ဖြတ်သွားမိရင်း ဘာဖြစ်တာလဲ မသိတာကြောင့် ပြောလိုက်ခြင်း ဖြစ်ပါတယ်။
ရှန်ယန်ရှောင်ဟာ တင်းတောင့်နာကျင်နေတဲ့ အကြောတွေ ပြေလျော့ဖို့ ပုခုံးတွန့်လိုက်ပါတယ်။နှစ်ရက်လုံးလုံး စားပွဲကနေမထစတမ်း စာကြည့်နေရတာကြောင့် အညောင်းမိနေပါတယ်။ရလာဒ်က မဆိုးဘူးလို့ ပြောလို့ရပါတယ်။ကျောင်းသားသစ်တွေ အားလုံး ဒီနေ့မှာ အတန်းခွဲမယ့် အဆင့်သတ်မှတ်ချက် စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်တာကြောင့် ပြင်ဆင်နေကြပါတယ်။
စာသင်နှစ် အသစ်စတိုင်းမှာ ဆေးပညာကျောင်းသား အားလုံးကို အဆင့်ခုနှစ်ဆင့် သတ်မှတ်ပြီး အတန်းခုနှစ်တန်းမှာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။အဆိုပါ အဆင့်ခုနှစ်ဆင့်အား အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊စိမ်းပြာ၊အပြာနှင့်ခရမ်းဆိုပြီး သတ်မှတ်ခွဲခြားထားပါတယ်။အနီရောင်က အနိမ့်ဆုံးဖြစ်ပြီး ခရမ်းကတော့ အတော်ဆုံးကျောင်းသားတွေပဲ ဖြစ်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၉၉)
ရှန်ယန်ရှောင်တစ်ယောက် အဆိုပါအတန်းကိုရောက်မရောက်ကို သူမရဲ့အနီးကပ်ကြိုးစားမှုလောက်နဲ့ ရနိုင်မရနိုင်ကို မသေချာပါဘူး။
"ရှန်ဂျူ မင်းတို့က ဒီမှာကိုးဟ"
လင်းရွှမ်က လူအုပ်ထဲကနေ ရှန်ယန်ရှောင်နဲ့တန်နာဇီတို့ဆီသို့ တိုးဝင်လာခဲ့ပါတယ်။တန်နာဇီလို ခပ်ထန်ထန်ပုံစံမျိုးနဲ့ယှဉ်ရင် သုံးယောက်ထဲ အငယ်ဆုံးဖြစ်တဲ့ ရှန်ယန်ရှောင်က ပေါင်းသင်းရ ပိုလွယ်တယ်လို့ သူထင်ပါတယ်။
"ဘာဖြစ်လို့လဲ"ဟု ရှန်ယန်ရှောင်က မေးလိုက်ပါတယ်။
လင်းရွှမ်ခဏ အမောဖြေလိုက်ပါတယ်။ထီမထင်ဟန်ရှိတဲ့ တန်နာဇီကို တစ်ချက်ရှိုးလိုက်ပြီး လင်းရွှမ်ဖြေလိုက်ပါတယ်။
"ဆရာက လူတွေလွှတ်ပြီး ပြောခိုင်းလိုက်တာက ငါတို့ဖြေရမယ့် အတန်းခွဲစာမေးပွဲကို တစ်လနောက်ဆုတ်မယ်တဲ့။နောက်ပြီး ငါကြားခဲ့တာက ဒီတစ်ခါစစ်မယ့် အတန်းခွဲစာမေးပွဲက ခါတိုင်းလိုမဟုတ်ဘူး ထူးခြားတယ်။တစ်ခြား ဌာနက ကျောင်းသားတွေနဲ့အတူ ဖြေရမယ်လို့ ပြောနေကြတယ်"
ရှန်ယန်ရှောင် မျက်ခုံးတစ်ချက် ပင့်လိုက်ပါတယ်။အတန်းခွဲ စာမေးပွဲကို နောက်ဆုတ်တာက သူမအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။စာလေ့လာဖို့ အချိန်လည်း ပိုရပြီလေ။
ပြောရရင် ဆေးပညာဌာနရဲ့ အတန်းခွဲစာမေးပွဲက ကျောင်းသားတွေရဲ့ အရည်အချင်းအလိုက် အတန်းခွဲခြား သတ်မှတ်ပေးတာပါပဲ။အဆင့်နိမ့်လေ ကျောင်းသားတွေရဲ့ ဆေးပညာအရည်အသွေးနိမ့်ကျလေဖြစ်ပြီး...ခရမ်းရောင်အတန်းက ကျောင်းသားတွေဟာ တစ်နှစ်အတွင်းမှာပဲ ဆေးကျောင်းသားကနေ အငယ်တန်းသမားတော် တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ဆေးကျောင်းသားတစ်ယောက်အနေနဲ့ ဘာဆေးဝါးမှ မဖော်စပ်နိုင်တာကြောင့် တန်ဖိုးမရှိလှပါဘူး။အငယ်တန်းသမားတော် တစ်ယောက်ဖြစ်မှသာလျှင် ဂုဏ်ရှိတဲ့ သမားတော်တစ်ဦးအဖြစ် စတင်လျှောက်လှမ်းနိုင်ပါတယ်။
အတန်းခွဲခြားထားပုံအတိုင်းဆိုရင် အဆင့်နှစ်ဆင့်ပဲနိမ့်တဲ့ အဝါရောင်အတန်းကျောင်းသားတွေအတွက် ကျောင်းပြီးရင်တောင် သမားတော်တစ်ယောက်ဖြစ်လာဖို့ဆိုတာက ဖြစ်နိုင်ခြေ အလွန်နည်းပါတယ်။
"တခြားဌာနတွေက ကျောင်းသားတွေနဲ့ အတူဖြေရမယ်ဆိုတာက တော်တော်ထူးခြားတာပဲဟ"ဟု စိတ်ဝင်စားပုံပေါက်နေတဲ့ တန်နာဇီက ပြောလိုက်ပါတယ်။
"တစ်လအချိန်ရသေးတယ်ဆိုတော့ မင်းအနေနဲ့ ခရမ်းရောင် အတန်းကို ရောက်ဖို့ ဘယ်လောက်ရာနှုန်းရှိလဲ...ကိုးဆယ်ရာနှုန်းရှိမလားဟင်"လို့ ရှန်ယန်ရှောင်ကို တန်နာဇီက မေးလိုက်ပါတယ်။
"...."
ရှန်ယန်ရှောင်ဟာ သူမအပေါ် လုံးဝယုံကြည်မှုရှိနေတဲ့ တန်နာဇီကြောင့် ချွေးအေးတွေ ထွက်လာပါတယ်။သူမအနေနဲ့ ဆယ်ရာနှုန်းတောင် မသေချာဘူးလို့ ဘယ်လိုပြောထွက်ပါ့မလဲ။
ရှန်ယန်ရှောင်ဟာ ပြန်ဖြေဖို့ မဖြစ်နိုင်တာကြောင့် လုပ်နေကြအတိုင်း ပြုံးသာပြလိုက်ပါတယ်။
သူမတွေ့ချင်တဲ့ ဒီအပြုံးကို နှစ်ရက်အတွင်းမှာ မကြာခဏ တွေ့မြင်နေခဲ့ရပြီး ထိုအပြုံးအား ရှန်ယန်ရှောင်ရဲ့ ယုံကြည်စိတ်အပြည့်ရှိမှုအမှတ်အသားအဖြစ် တန်နာဇီက သတ်မှတ်လက်ခံထားပြီး ဖြစ်ပါတော့တယ်။
"ကြည့်ရတာ မင်းဖက်က ရာနှုန်းပြည့် သေချာနေပြီပဲ။ဒီအတောအတွင်းမှာ ငါ့ရဲ့ ဆေးပညာရပ်ကို အဆင့်တက်သွားဖို့ကို မင်းဆီကပဲ အကူအညီတောင်းခံရတော့မှာပဲ။ညီလေး ကိုကြီး ခရမ်းရောင်အတန်းကို တက်ခွင့်ရဖို့က မင်းအပေါ်မှာပဲ လုံးဝမူတည်သွားပြီဟေ့"
တန်နာဇီက ရှန်ယန်ရှောင်ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ပြောလိုက်ပါတော့တယ်။
"...."
ဘယ်လိုမျိုးကြည့်ပြီးတော့များ ငါ့ကို ရာနှုန်းပြည့် သေချာနေတယ်လို့ သတ်မှတ်လိုက်ရတာလဲဟ။
ရှန်ယန်ရှောင်၏ နှုတ်ခမ်းထောင့်စွန်းဟာ တွန့်သွားပါတယ်။
"အချိန်အများကြီး လိုသေးမှတော့ စာနင်းကန်ကြည့်စရာ မလိုတော့ဘူးပဲ။သွားစို့ ညီလေး မင်းရဲ့ အတွေ့အကြုံအဖြစ်အပျက်တွေကို ကိုကြီး နားထောင်ကြည့်ချင်သေးတယ်ကွာ"ဟု တန်နာဇီက ကဲမယ့်အထာနဲ့ ပြုံးကာ လက်ထဲက ထမင်းဗူးနဲ့စာအုပ်အား လင်းရွှမ်ဆီပစ်ပေးလိုက်ပြီး ရှန်ယန်ရှောင်ပုခုံးအား ဖက်လိုက်ကာ တက်ကြွစွာနဲ့ ထွက်ခွာလိုက်ပါတော့တယ်။
"ဘယ်သွားမှာလဲဟင်"
တန်နာဇီနဲ့ယှဉ်လိုက်တော့ သေးသေးဖျောက်ဖျောက် ကိုယ်လုံးလေးက ပျောက်သွားမတတ်ဖြစ်နေတဲ့ ရှန်ယန်ရှောင်က မေးလိုက်ပါတယ်။သူမအနေနဲ့ တန်နာဇီဆွဲခေါ်သွားရာ ဘယ်နေရာမှန်းမသိတဲ့ဆီကို ပါသွားပါတယ်။
"ရောက်တဲ့အခါ မင်းသိသွားမှာပေါ့ကွာ"
တန်နာဇီက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး ပဟေဠိလုပ်လိုက်ပါတယ်။
…………………………………..
နောက်ဆုံးမှာတော့ တန်နာဇီက ဘာလို့ဆန်းကြယ်စွာ ပြောတာလဲဆိုတဲ့ အဖြေကို သူမ သိရှိသွားပါတယ်။
စီတန်းနေတဲ့ လောင်းကစားဝိုင်းတွေနဲ့ ဆူညံပွက်လောရိုက်နေတဲ့ ငြင်းခုန်ပြောဆိုသံတွေကြားမှာ ရှန်ယန်ရှောင်ရဲ့ မျက်ထောင့်တွေ တွန့်သွားပါတယ်။
"ဘယ်လိုလဲ ကောင်လေး ဒီလိုနေရာကို မင်းတစ်ခေါက်မှ မရောက်ဖူးမမြင်ဖူးဘူး မဟုတ်လား ဟင်"
အလွန်ရင်းနှီးတဲ့ သူငယ်ချင်းကောင်းနှစ်ယောက်လိုပုံနဲ့ တန်နာဇီက ပြောလိုက်ကာ ရှန်ယန်ရှောင် ပုခုံးအား ပုတ်လိုက်ပေမယ့် ရှန်ယန်ရှောင်ရဲ့ အမူအယာပျက်နေပုံကို သတိမပြုခဲ့မိလိုက်ပါဘူး။