← Chapters

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

အခန်း (၁၀၃-၁၀၅)

Vol. 7 Ch. 103-105

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၃)

ဒီသခင်လေး လေးယောက်သာ တစ်ယောက်တစ်ချိန်စီ ခွဲပြီးရောက်လာမယ်ဆို သူတို့မပျော်ဘဲ မနေပါဘူး။ဒါပေမဲ့ အခုက တစ်ချိန်တည်းမှာပဲ လေးယောက်လုံး လာဆုံနေကြတာလေ။ဒီအတွက် အဖြေက ဆန့်ကျင့်ဖက် ဖြစ်နေပါပြီ။

မျိုးနွယ်ငါးစုက အပေါ်ယံမှာ လိုက်လျောညီထွေ ရှိပေမယ့် တစ်ကယ်တန်းမှာ အဆင်မပြေကြဘူး ဆိုတာကို အားလုံးသိထားကြပါတယ်။အခု တစ်စားပွဲထဲမှာ ထိုင်နေကြတဲ့ သခင်လေး လေးယောက်လည်း မတိုက်ခိုက်ကြသေးပေမဲ့ စကားလုံးတွေထဲမှာ ဓားတွေလှံရိပ်တွေ ပါဝင်နေပါပြီ။

ဒိုင်လုပ်သူဟာ ငိုချင်နေပေမယ့်လည်း ဒီသခင်လေးတွေကို သူ့အဆင့်အတန်းလောက်နဲ့ မောင်းမထုတ်ရဲပါဘူး။သို့ပေမဲ့ သူ့ဖက်ကနေ သခင်လေးတွေကို မသိကျိုးကျွံပြုထားရင် ကာစီနိုခန်းမကြီးက စစ်မြေပြင်အဖြစ် ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။

သူတို့ရဲ့နောက်ခံ အသိုင်းအဝိုင်းကို ဖယ်လိုက်ရင်တောင် တစ်ယောက်က မှော်ပညာရပ်က အတော်ဆုံးကျောင်းသားဖြစ်ပြီး နောက်တစ်ယောက်က စစ်သူရဲဌာနရဲ့ အထူးချွန်ဆုံးဖြစ်ကာ အခြားတစ်ယောက်က မှော်ဆေးဆရာဌာနရဲ့ ကျောင်းသားခေါင်းဆောင်ဖြစ်တယ်….

နောက်ပြီး အခုမှ ဆေးပညာဌာနကို ဝင်ခွင့်အောင်မြင်ခဲ့သူလည်း ရှိသေးတယ်...သူကအခုမှ အောင်တယ်ဆိုသော်လည်း ရလာဒ်က မဆိုးပါဘူး...သူသာ နောင်တစ်ချိန်မှာ အောင်မြင်ခဲ့ရင် ရလာဒ်က မတွေးဝံ့စရာပါပဲ။

သူတို့ကပ်ဆိုးလေးကောင်သာ ဒီနေ့လာမယ်ဆိုတာ သိခဲ့ရင် ကာစီနိုကို ဒီနေ့အတွက် ပိတ်ထားပြီး ပြဿနာမတက်အောင် လုပ်ထားမိမှာပါ။

ဒါပေမဲ့လည်း လူတွေကရောက်နေပြီဖြစ်သလို လောင်းကြေးငွေတွေလည်း စားပွဲပေါ်မှာ တင်ပြီးကြပြီဖြစ်လို့ ဘယ်လိုမှ နောက်ဆုတ်လို့ မရတော့ပါဘူး။

ပွဲကြီးပွဲကောင်း ကြည့်ရပြီလို့ အားလုံးကတွေးနေချိန်မှာပဲ ကြူရှီယာက ထိုင်ရာကနေ ထရပ်လိုက်ပါတယ်။လူတိုင်းရဲ့ အံ့အားသင့်တဲ့ အကြည့်တွေအောက်မှာပဲ ရှန်ယန်ရှောင်ရှေ့ကို လျှောက်သွားလိုက်ပြီး ပြုံးပြလိုက်ပါတယ်။

"မျိုးနွယ်ငါးစုမှာ တစ်စုပဲလိုတော့တာဆိုတော့ ရှန်ဂျူ အိမ်ဝင်ဖြည့်မလားဟင်"

အိမ်ဖြည့်ရမယ်….

ကြူရှီယာရဲ့ စကားကြောင့် အားလုံးက သေးညှက်တဲ့ ကိုယ်လုံးရှင်လေးကို အာရုံစိုက်လိုက်ကြပါတယ်။

ထိုသေးညှက်သူလေးရဲ့ အသက်အရွယ်က အလွန်ဆုံး ၁၃နှစ် ၁၄နှစ်လောက်ပဲ ရှိဦးမှာဖြစ်ပြီး သူ့သွင်ပြင်ကလည်း လူတောထဲမှာဆိုရင် ခွဲခြားဖို့မလွယ်တဲ့ သာမန်အသွင်အပြင်နဲ့ပါ။အဆိုပါ ပုံစံနဲ့သူ့ကို ကြူရှီယာတို့လို သားရဲတွေရှေ့မှာ ထားလိုက်ရင် သူ့ပုံစံက ပိုဆိုးရွားသွားမှာပါ။

လူတိုင်းစိတ်ဝင်စားတာကတော့ ကြူရှီယာပြောလိုက်တဲ့ စကားကိုပဲ ဖြစ်ပါတယ်။

မျိုးနွယ်ငါးစုမှာ ဇာမဏီမျိုးနွယ်ပဲ လိုတော့တာဖြစ်တယ်။နောက်ပြီး ကြူရှီယာက ဒီကောင်လေးကို ရှန်ဂျူလို့ခေါ်လိုက်တာပဲ။

ဇာမဏီမျိုးနွယ်ရဲ့ မျိုးရိုးနာမည်က ရှန်ပဲလေ။

ဒီထူးမခြားနား ရုပ်ရည်ပိုင်ရှင်က ဇာမဏီမျိုးနွယ်ကများလား။

ရှန်ယန်ရှောင် ပါးစပ်တစ်ချက်တွန့်သွားကာ ဒီအရှုပ်ထဲ သူမအား ဆွဲထည့်ချင်နေတဲ့ ကောင်လေးအား ကြည့်လိုက်ပါတယ်။သူမရဲ့ ဇာတိသရုပ်ကို ကြူရှီယာ သိသွားတာကိုတော့ သူမ မအံ့ဩပါဘူး။သူမ နာမည်ကို ရှန်ဂျူလို့ မိတ်ဆက်လိုက်တည်းက ဇာမဏီမျိုးနွယ်ကမှန်း သိမယ်ဆိုတာ သူမကြိုတွေးပြီးသားပါ။သို့ပေမဲ့ သူမက မျိုးနွယ်ခွဲကနေလာတဲ့ ဘာကောင်မှမဟုတ်တဲ့လူ ဆိုတာပဲ သိမှာပါ။

ဒါပေမဲ့ အခုအချိန်မှာ သူမကို ဆွဲခေါ်ချင်နေတာက ဘာဖြစ်လို့လဲ။

မျိုးနွယ်ငါးစု စီးချင်းထိုးဖို့အတွက်လား...သူမလို မျိုးနွယ်ခွဲကနေလာတဲ့ ဘာမှမဟုတ်တဲ့သူ တစ်ယောက်ကို သူတို့လို သခင်လေးတွေ အဆင့်နဲ့ တစ်တန်းထဲ မယှဉ်သင့်ပါဘူး။

ဘာဆေးမှားစားထားလဲ မသိတဲ့ ကြူရှီယာရဲ့ ဆွဲခေါ်သွားမှုကြောင့် ကစားဝိုင်းစားပွဲဆီကို သူမရောက်လာချိန်မှာ မီးတောက်မတတ်မျက်ဝန်းတွေနဲ့ အားလုံးက စိတ်ဝင်တစား ကြည့်နေကြတာကို သူမခံစားမိလိုက်ပါတယ်။

ချာတိတ်တို့ သူမက ဘေးကခဏဖြတ်လျှောက်ရုံတင်ပါနော် သူမကို လွှတ်ပေးလိုက်ကြပါ ဟုတ်ပြီလား….

……………………………………….

စက်ဝိုင်းသဏ္ဍာန်ဝိုင်းပြီး ကြည့်နေကြတဲ့ လူအုပ်ကြီးရဲ့ သူမကိုကြည့်တဲ့ အကြည့်တွေက ထူးဆန်းနေပါတယ်။လောင်းရွှမ်တိုင်းပြည်ထဲမှာ ရှန်မျိုးနွယ်တွေ အများကြီးရှိသော်လည်း မျိုးနွယ်ငါးစုနဲ့ ဆက်စပ်တာက ဇာမဏီမျိုးနွယ်က ရှန်ပဲရှိပါတယ်။နောက်ပြီး ဒီလူအားလုံးက ဇာမဏီမျိုးနွယ် ပင်မမျိုးနွယ်က လူငယ်အားလုံးကို မြင်ဖူးကြားဖူးကြပြီးသားပါ။အရင်က သူမဟာ လူရှေ့သူရှေ့ မထွက်တာကြောင့် သူမကို ဘယ်သူမှ မမြင်ဖူးကြတာလည်း ဖြစ်လို့ သူတို့အားလုံးက ပင်မမျိုးနွယ်က လူငယ်အားလုံးကို သိပြီးသားလို့ ထင်နေကြခြင်းပါ။

နောက်ပြီး ဒီကောင်လေးရဲ့ အဝတ်အစားတွေကလည်း နွမ်းပါးတာဖြစ်လို့ ပင်မမျိုးနွယ်က မဖြစ်နိုင်ဘဲ မျိုးနွယ်ခွဲကလာတဲ့ ကောင်လေးပဲ ဖြစ်မယ်လို့ တွေးလိုက်ကြပါတယ်။

ရှန်ယန်ရှောင် စိတ်ဆန္ဒပါပါမပါပါ သူမ မရှောင်လွှဲနိုင်တော့တဲ့ နေရာအထိ ရောက်ရှိနေပါပြီ...

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၄)

ကြူရှီယာက ရှေ့ကနေဦးဆောင် ခေါ်သွားပြီး ရှန်ယန်ရှောင်ကို အနီးက ထိုင်ခုံပေါ် ဆွဲထိုင်စေလိုက်ပါတယ်။

ရှန်ယန်ရှောင် စိတ်ဓာတ်ကျသွားရပါတယ်။

"ဒီကလေးတွေက မရိုးဘူး"

ရှူရဲ့အသံက ရုတ်တရက် ပဲ့တင်လာပါတယ်။

ဒါပေါ့ လောင်းရွှမ်တိုင်းပြည်ရဲ့ မျိုးနွယ်ကြီးငါးစုက သခင်လေးတွေပါပြော ရိုးမလားဟဲ့…

"ငါက မင်းကို ဖိတ်ခေါ်ခဲ့တာဆိုတော့ မင်းအတွက် လောင်းကြေးကို ငါတာဝန်ယူမယ်လေ...ရှုံးရင် ငါစိာက်ပေးမယ်...နိုင်ခဲ့ရင် တစ်ဝက်စီခွဲကြတာပေါ့ ဟုတ်လား"

လူတိုင်းရဲ့ အံ့အားသင့်တဲ့ မျက်ဝန်းတွေအောက်မှာပဲ ကြူရှီယာက သူ့သိုလှောင်လက်စွပ်အား ဖွင့်ကာ ရှန်ယန်ရှောင်ရှေ့မှာ ရွှေတွေ တောင်လိုပုံအောင် ချပေးလိုက်ပါတယ်။

ဒါက တစ်ကယ့်ကို ဘောစိပဲ..

တန်နာဇီက ဘာမှမပြောဘဲ မနှစ်မြို့ဟန်နဲ့ မျက်နှာမဲ့လိုက်ပါတယ်။

ရှန်ယန်ရှောင်ကတော့ သူမအတွက် ထိုင်ခုံမှာပဲ ထိုင်နေလိုက်ပါတယ်။ဒီတိုးနယားသခင်လေးက တစ်ကယ့်ကို ရက်ရောတာပဲ...ဘယ်လိုပဲရက်ရောပါစေ သာမအနေနဲ့ ထိုငွေတွေကို သာမအိတ်ထဲ ထည့်သွားလို့ အဆင်မပြေပါဘူး။

မျိုးနွယ်ငါးစုရဲ့ မိသားစုဝင်ငါးဦးလုံး ဆုံပြီဖြစ်ပါတယ်။ဘေးနားက လူငယ်တွေအားလုံးက နှစ်တစ်ရာမှာမှ တစ်ကြိမ်ကြုံဖို့မလွယ်တဲ့ လောင်းကစားပွဲအတွက် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြပါပြီ။

ပုံမှန်အရဆို မျိုးနွယ်ငါးစုရဲ့ မိသားစုဝင်တွေ ဆုံကြပြီး မတိုက်ခိုက်ရင်ကို တော်တော်ကောင်းလှပါပြီ။အခုမှာတော့ မျိုးနွယ်ငါးစုလုံး စုံနေပြီဖြစ်ကာ တစ်ဝိုင်းထဲမှာ လောင်းကစားကြတော့မယ်လေ မထူးဆန်းဘူးလား။

ဒိုင်လုပ်သူဟာ မျိုးနွယ်ငါးစုရဲ့ သခင်လေးတွေရဲ့ စူးရှတဲ့အကြည့်ကြောင့် စိတ်လှုပ်ရှားနေပြီး ဖိအားကြီးတစ်ရပ် ခံစားနေရပါတယ်။သူ့အနေနဲ့ ကိုယ့်ဖာသာ အားပေးလိုက်ပြီး ဖဲကဒ်တွေကို ဝေလိုက်ကာ ပွဲမြန်မြန်ပြီးပြီး မြန်မြန်ပြန်သွားစေဖို့ပဲ ဆုတောင်းနေလိုက်ပါတယ်။

ကြူရှီယာနဲ့တစ်ခြားသခင်လေးတွေရဲ့ လောင်းကြေးကို ကြည့်ပြီးမှသာ တစ်ကယ်ချမ်းသာတာဆိုတာ ဒါမျိုးပဲလို့ အားလုံးတွေးမိလိုက်ကြပါတယ်။

ရွှေပြားထောင့်ရှစ်ရာ ပြန့်ကျဲသွားပါတယ်။ပထမလောင်းကြေးက ရွှေပြားငါးထောင်ဖြစ်ပြီး လိုက်ကြေးက နှစ်ထောင်အနည်းဆုံးပါ။စားပွဲပေါ်မှာ လောင်းကြေးတွေက ရွှေတောင်လေးလို ဖြစ်နေပါပြီ။ဒီသခင်လေးတွေက ငွေကိုရေလို သုံးနေကြတာပဲ..ဒိုင်လုပ်သူရဲ့လောင်းကြေးကလည်း မနည်းပါဘူး။ဒိုင်က စိတ်ထဲကနေ လောင်းကြေးစုစုပေါင်းကို စိတ်တွက်တွက်ကြည့်လိုက်ကာ ကာစီနိုရုံရဲ့ တစ်လစာဝင်ငွေလောက် ရှိတယ်လို့ တွေးလိုက်ပါတယ်။

သူရှုံးသွားရင် အရေနွှာခံရတာနဲ့ မတူပေဘူးလား။

ဒိုင်ဟာ နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပါတယ်။ထို့နောက် ကစားနေတဲ့ ကလေးငါးယောက်ကို ကြည့်ပြီး စိတ်ထဲ ပိုတင်းကျပ်လာပါတယ်။

သို့သော်လည်း ဒိုင်မှာလည်း အားသာချက်တွေ ရှိပါတယ်။အလှည့်အနည်းငယ်ကြာ ကစားပြီးနောက်မှာ ဒီကောင်လေးတွေဟာ လောင်းကစားမကျွမ်းတဲ့ လက်သစ်လေးတွေဆိုတာ သူသိသွားပါပြီ။ငွေပေါတာကလွဲရင် လောင်းကစားကို ဘာမှ မသိကြပါဘူး။ကျားရှေ့မှောက်ရက်လာလဲမှတော့ သူ့အနေနဲ့ အလွတ်မခံနိုင်ပါဘူး။ဘာပဲပြောပြော သူ့ရဲ့ကျွမ်ကျင်မှုကြောင့် ဒီချာတိတ်တွေ ဘာမှရိပ်မိမှာလည်း မဟုတ်ပါဘူး။

မကြာခင်မှာပဲ ကြူရှီယာနဲ့အခြားသူတွေရဲ့ လောင်းကြေးအားလုံးက ဒိုင်လုပ်သူဆီ ရောက်သွားပါပြီ။

သခင်လေးတွေရဲ့ မျက်နှာတွေ အမူအယာပျက်နေကြပါပြီ။

ရှန်ယန်ရှောင်က တစ်လျှောက်လုံး တစ်ဝိုင်းထဲမှာ ထိုင်ကစားနေတာဖြစ်လို့ အခြေအနေကို သဘောပေါက်ပါတယ်။ကြူရှီယာနဲ့တစ်ခြားသုံးယောက်လုံး ကုန်တာက ကာစီနိုရုံက ဖဲချပ်တွေကို ပြုပြင်ထားလို့ဖြစ်ပါတယ်။အရင်ဘဝက မကာအိုနဲ့ဗေးဂတ်စ်ကို ခေါက်တုံ့ခေါက်ပြန် သွားခဲ့တာကြောင့် သူမကာစီနိုရုံတွေ အကြောင်းကို သိထားတာလည်း ဖြစ်ပါတယ်။ဒိုင်ဟာ သူတို့အားလုံးကို လည်စင်းပေးနေတဲ့ သားကောင်တွေလို့ သဘောထားနေတာလည်း ဖြစ်ပါတယ်။ကောင်လေးတွေကသာ နားမလည်ကြသေးတာပါ။

"တန်နာဇီ မင်းမှာ ငွေမရှိတော့ဘူးထင်တယ်နော်"

ထိုင်ခုံနောက်မှီကို ပျင်းရိစွာ မှီနေရင်းနဲ့ ကြူရှီယာက ပြောလိုက်တာပါ။

သူတို့ထဲမှာ စိတ်ဖြောင့်ဖြောင့်ပဲ တွေးတတ်တဲ့ တန်နာဇီက အရှုံးဆုံးဖြစ်ပါတယ်။

တန်နာဇီက သူ့မျက်လုံးအစုံကို မှေးလိုက်ပါတယ်။ထို့နောက်မှာတော့ သူ့လက်ထဲမှာ တစ်လက်လက်တောက်ပနေတဲ့ အနီရောင်အမြူတေ တစ်လုံးဟာ သူ့သိုလှောင်လက်စွပ်ထဲကနေ ထွက်ပေါ်လာပါတယ်။

အခန်းထဲက လူအားလုံး ဟာကနဲ ဖြစ်သွားကြပါတယ်။

"အဆင့်၁၀ မီးဓာတ် မှော်အမြူတေ။ဘုရားရေ ဒါ ငါ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဒီလောက်အဆင့်မြင့်တဲ့ မှော်အမြူတေကို မြင်ဖူးတာပဲ"

"တန်နာဇီက ဒါနဲ့ ဘာလုပ်မလို့လဲ။ဒါကို လောင်းကြေးအဖြစ် ထပ်မလို့ တွေးနေတာလား။ဟာသမလုပ်သင့်ဘူးနော်။ဒီအမြူတေတန်ကြေးက ဒီကာစီနိုတစ်ရုံလုံးကို ဝယ်လို့ရတယ်ဟ"

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၀၅)

အဆင့်၁၀မှော်အမြူတေဆိုတာ အဆင့်မြင့်မှော်သားရဲဆီကနေ ရတာပါ။လောင်းရွှမ်တစ်ပြည်လုံးမှာ အဆင့်၁၀မှော်သားရဲကို သတ်နိုင်တဲ့လူဟာ အယောက်နှစ်ဆယ်ထက် မကျော်တဲ့အပြင် အဆင့်၁၀မှော်အမတေ ပေါ်လာတိုင်း ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေဖြစ်တတ်ပါတယ်။အဆင့်၁၀မှော်အမတေက မြို့ကြီးနှစ်မြို့စာ တန်ကြေးရှိတယ်လို့ပြောရင် မလွန်ပါဘူး။

ထိပ်တန်းအဆင့်၁၀ရှိ မှော်သားရဲတွေဟာ နတ်သားရဲအဆင့်ထက် တစ်ဆင့်ပဲနိမ့်ပြီး အဆင့်၁၁ရှိနတ်သားရဲတွေဟာ မတွေ့တော့အောင် ပျောက်ကွယ်မျိုးတုန်းနေပြီ ဖြစ်တာကြောင့် အဆင့်၁၀မှော်သားရဲတွေရဲ့ အမတေတွေက ရှာတွေ့လို့ရသမျှအမတေထဲမှာ ထိပ်ဆုံးကလို့ ပြောလို့ရပါတယ်။

မည်သူပဲဖြစ်နေပါစေ အဆိုပါအမတေအား ကိုင်ဆောင်တဲ့ လက်နက်မှာ တပ်ဆင်လိုက်ရင် စွမ်းအားတွေ များစွာတိုးလာမှာလည်း ဖြစ်ပါတယ်။

အခန်းထဲကလူတိုင်းက အမတေကိုပဲ ကြည့်နေမိကြပါတယ်...လောင်းရွှမ်တိုင်းပြည်မှာ မျိုးနွယ်ငါးစုကပဲ အခုလို ထိပ်တန်းအမတေကို ပိုင်ဆိုင်ထားမှာပါပဲ။

သိုင်းစွမ်းအားကြောင့် ကျော်ကြားတဲ့ လိပ်နက်မျိုးနွယ်ရဲ့ တန်နာဇီကပဲ အခုလိုမျိုး အဆင့်၁၀အမတေကို ဘာမှမဟုတ်သလို လွယ်လင့်တကူ ထုတ်နိုင်မှာပဲ။

"ငါက ဒါနဲ့လောင်းမယ်"လို့ တန်နာဇီက ပြောလိုက်ပြီး ကျန်တဲ့လူတွေကို အထင်သေးသလို ကြည့်လိုက်ပါတယ်။

"ဒါပေမဲ့ မင်းတို့အားလုံး ငါ့လောင်းကြေးကို လိုက်နိုင်ကြပါ့မလားတော့ ငါလည်းမသိဘူး"ဟု ပြောလိုက်တဲ့ စကားက စိန်ခေါ်သံတွေ ပါဝင်နေတာကြောင့် ကြူရှီယာနဲ့အခြားနှစ်ယောက်ရဲ့ မျက်လုံးတွေထဲမှာ ဝင်းတောက်သွားပါတယ်။

"လိပ်နက်သခင်လေးက အခုလို ဆော့ချင်စိတ်ရှိနေမှတော့ ငါ့ဖက်ကလည်း အဖော်ပြုပေးရမှာပေါ့လေ"

ကြူရှီယာက အသာအယာ ပြုံးလိုက်ပါတယ်။ထို့နောက် စာချုပ်ခုနှစ်စောင်အား ထုတ်လိုက်ပါတယ်။

"ဒါတွေက တိုးနယားမျိုးနွယ် လက်အောက်က လေလံအိမ်တွေရဲ့ ပိုင်ဆိုင်မှု စာချုပ်တွေပဲ။မင်းနိုင်ရင် ဒီလေလံခုနှစ်အိမ်လုံး မင်းအပိုင်ဖြစ်မှာပဲ"

တိုးနယားမျိုးနွယ်ရဲ့ လေလံအိမ်တွေဆိုပါလား….

လူအားလုံး စားပွဲပေါ်ထပ်ရောက်လာတဲ့ လောင်းကြေးကြောင့် စိတ်လှုပ်ရှား သွားကြပါတယ်...တိုးနယားမျိုးနွယ်ရဲ့ ကြွယ်ဝမှုကို မသိသူ ဘယ်သူရှိလို့လဲ..တိုးနယားလေလံအိမ်တစ်အိမ်က ဘယ်လေလံအိမ်ကိုမဆို အလွယ်တကူ ထိုးချေပစ်လို့ရပါတယ်။နောက်ပြီး ဘယ်မြို့မှာမဆို တိုးနယားလေလံအိမ်တိုင်းက အချက်အချာအကျဆုံး နေရာမှာပဲ ရှိကြတာပါ။တိုးနယားလေလံအိမ်ရဲ့ ကျော်ကြားမှုကိုပါ ထည့်တွက်ရင် အလွန်ချမ်းသာတယ် ဆိုတဲ့ စကားလုံးလေးလောက်နဲ့ တိုးနယားလေလံအိမ်ရဲ့ ဝင်ငွေကို မဖော်ပြနိုင်ပါဘူး။

ကြူရှီယာက ရူးနေလို့ပဲ လေလံအိမ်ခုနှစ်လုံးရဲ့ ပိုင်တိုင်မှုစာချုပ်တွေကို လောင်းတာပဲဖြစ်ရမယ်။

တစ်ချိန်လုံး စကားတစ်လုံးမှ မပြောတဲ့ ယန်ယုက ငွေရောင်ပုတီးသုံးစေ့ကို စားပွဲပေါ် တင်လိုက်ပါတယ်။

ဒီပုတီးသုံးစေ့အကြောင်းကို ကျောင်းသားတစ်ယောက်က မြင်မြင်ချင်း သိလိုက်ပါတယ်။

"ဆန်းကြယ်ဆေးလုံးတွေ..လခွမ်း"

အလန့်တကြား ရေရွတ်လိုက်သံက လူအုပ်အား အုတ်အော်သောင်းတင်း ဖြစ်သွားစေပါတယ်။

ဆန်းကြယ်ဆေးလုံးဆိုတာ သက်စောင့်ဆေးဖြစ်ပြီး ထိပ်တန်းမှော်ဆေးဆရာတွေသာ လုပ်နိုင်တာဖြစ်တယ်။ဆန်းကြယ်ဆေး တစ်လုံးမှာ အလွန်အားကောင်းတဲ့ ကုစားနိုင်စွမ်းပါဝင်တယ်။အသက်ထွက်ကာနီး လူဖြဟ်ပါစေ ဆန်းကြယ်ဆေးကို လက်နဲ့ဖြစ်ကာ ခွဲလိုက်တာနဲ့ အထဲမှာသိုလှောင်ထားတဲ့ နတ်ဆေးအားကနေ ကုသပေးမှာ ဖြစ်ပါတယ်။ထိပ်တန်း နတ်ဆေးဆရာတွေဟာ ဆယ်နှစ်လောက် ကြာအောင် အပြင်းအထန် ကြိုးစားပြီးမှသာ ဆန်းကြယ်ဆေးတစ်လုံးကို ပြုလုပ်နိုင်တာပါ။ထိပ်တန်း နတ်ဆရာတွေဟာ ဖီးနစ်အမွှေးနဲ့ တိုးနယားချို ရှားသလိုကို ရှားပါးနေပါပြီ...ဒီကြားထဲမှာ ဆယ်နှစ်ကြာအောင် လုပ်ရတဲ့ ဆန်းကြယ်ဆေးကို သူတို့ကို လုပ်ခိုင်းချင်သေးတယ်ဆိုရင် လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါပဲ။

ဆေးလောကမှာ ထင်ရှားတဲ့ ကျားဖြူမျိုးနွယ်မှာ ထိပ်တန်း နတ်ဆရာတွေ ရှိပါတယ်။သူတို့ ပင်ပန်းစွာ ပြုလုပ်ထားတဲ့ ဆန်းကြယ်ဆေးလုံးတွေကို ကံကောင်းတဲ့ ဘုရင်ကသာ အနည်းငယ် ရမှာဖြစ်ကာ အခြားအပြင်လူတွေအဖို့ စိတ်ကူးတောင် မယဉ်သင့်ပါဘူး။

ဆန်းကြယ်ဆေး တန်ဖိုးဟာ အလွန်မြင့်တယ်လို့ ပြောနိုင်ပါတယ်။လွန်ခဲ့သော နှစ်အနည်းငယ်က မြို့စားကြီး တစ်ဦးဟာ အဖျားရောဂါ စွဲကပ်ခဲ့ပါတယ်။မြို့စားကြီးဟာ သူ့တစ်ဘဝလုံး စုဆောင်းခဲ့သမျှ စည်းစိမ်ရတနာတွေကို ပုံပေးကာ ကျားဖြူမျိုးနွယ်ဆီက ဆန်းကြယ်ဆေးကို တောင်းခံခဲ့ပေမယ့် ကျားဖြူမျိုးနွယ်ကတော့ တုတ်တုတ်မလှုပ်ခဲ့ပါဘူး။

ဒီဆေးဟာ မိုးလောက်မြင့်တဲ့ တန်ဖိုးရှိပြီး ဈေးကွက်မှာလည်း မရှိတဲ့ ဆေးဖြစ်သော်လည်း ယန်ယုက သုံးလုံးတောင် တစ်ခါတည်းထုတ်လိုက်တယ်လေ။

လူတိုင်းရဲ့ နှလုံးသားတွေက အပြင်ခုန်ထွက် လာမတတ် ခုန်နေကြပါတယ်။

"ဒီဆန်းကြယ်ဆေး သုံးလုံးက လောင်းကြေးမီပါ့မလား..ငါလည်း မသေချာလို့လေ"ဟု ပြောလိုက်တဲ့ ဖြူလျော်တဲ့ ယန်ယုရဲ့ မျက်နှာမှာ အပြုံးတစ်ခု ဖြစ်ပေါ်နေပါတော့တယ်။

All Chapters