အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၂)
တန်နာဇီက သူမအား တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနတွေတည်နေရာကို ပြောထားခဲ့ဖူးလို့ ဆင့်ခေါ်သူဌာနအား သူမ ကြာကြာမရှာလိုက်ရပါဘူး။
တော်ဝင်ရိုလန်ကျောင်းရဲ့ ဆင့်ခေါ်သူဌာနဟာ ကိုးရို့ကားယား အနေအထားမှာပါ...အကြောင်းကတော့ ကွမ်းမင်တိုက်က လူတွေဟာ ဆင့်ခေါ်သူပညာရပ်အပေါ် အမြင်မကြည် မနှစ်သက်ကြတာကြောင့် ဖြဟ်ပါတယ်။ဒါကြောင့် ကျောင်းရဲ့ ဆင့်ခေါ်သူဌာနဟာ အခြားဌာနတွေလို ကျောင်းသားတွေနဲ့ သက်ဝင်လှုပ်ရှားမနေဘဲ ကျောင်းသား မရှိတာ တော်တော်ကြာခဲ့ပါပြီ။ဌာနက ချောင်ကျတဲ့ နေရာမှာ ရှိယုံသာမကဘဲ အဆောက်အဦးရဲ့ အရည်အသွေးကလည်း မကောင်းလှတော့ပါဘူး။
မည်းမှောင်နေတဲ့ ဆင့်ခေါ်သူဌာနမှာ ဌာနရဲ့ အမှတ်အသားဖြစ်တဲ့ ရုပ်တုကို တွေ့မြင်ရပါတယ်။လရောင်မှိန်မှိန်အောက်မှာ ရှန်ယန်ရှောင်က အဆိုပါ ရုပ်တုအား ကြည့်လိုက်ပါတယ်။
ဆင့်ခေါ်သူပညာကို ဘယ်သူကမှ မသင်ကြားချင်ကြလို့ ကျောင်းသားလည်း မရှိပါဘူး..ထို့ကြောင့် ကျောင်းကလည်း ရန်ပုံငွေ မပေးပါဘူး။ဒါကြောင့် တောက်ပစိုပြေနေတဲ့ ကျောင်းနဲ့ မည်းမှောင်ယိုယွင်းနေတဲ့ ဌာနက မလိုက်ဖက်လှပါဘူး။
ရုပ်တုရဲ့ မျက်နှာသွင်ပြင်တွေက နေဒဏ်လေဒဏ်တွေကြောင့် တိုက်စားယိုယွင်း နေပါတယ်။သို့ပေမယ့် ရုပ်တုရဲ့ ပုခုံးပေါ်မှာ မှော်ငှက်တစ်ကောင် ရှိတာကိုတော့ ရှင်းလင်းစွာ သိနိုင်ပါတယ်။
ဆင့်ခေါ်သူပညာမှာ မှားယွင်းနေတာ မရှိပါဘူး။လူတွေရဲ့ ကျဉ်းမြောင်းလှတဲ့ အမြင်ကြောင့် အစွမ်းထက်ကောင်းမွန်လှသော ပညာက မီးစာကုန်ဆီခမ်းနေရပါပြီ။သူမ သက်ပြင်းချလိုက်မိပါတယ်။သက်ပြင်းချပြီးတဲ့အခါမှာတော့ သူမရဲ့ လာရင်း ရည်ရွယ်ချက်ကို မမေ့ပါဘူး။တန်နာဇီရဲ့ စကားအတိုင်း သွားတဲ့အလာ ဌာနရဲ့ ဆင့်ခေါ်သူမျှော်စင်ကို သူမတွေ့ခဲ့ပါတယ်။အလွန်ရှည်လျားတဲ့ မျှော်စင်ဟာ လရောင်ပျပျအောက်မှာ တည်ငြိမ်စွာ မားမားကြီး ရပ်နေပါတယ်။အပေါ်ဆုံးထိ ကြည့်မယ်ဆိုရင် မျှော်စင်ဟာ အထပ်သုံးဆယ် အနည်းဆုံး ရှိတာကို တွေ့ရမှာပါ။
ဒါပေမဲ့လည်း အခြားဌာနတွေရဲ့ အထပ်တစ်ရာ စာကြည့်တိုက်တွေနဲ့ နှိုင်းရင် ဆင့်ခေါ်သူမျှော်စင်ဟာ နုံချာလှတာကို သူမ သဘောပေါက်လိုက်ပါတယ်။
ကျောင်းသား မရှိတာကြောင့်လားမသိ အခြားဌာနတွေကဲ့သို့ မျှော်စင်အစောင့်တွေလည်း မရှိပါဘူး။
တံခါးပေါက်ကနေ ကြည့်လိုက်ရင် ပထမထပ်မှာ တစ်ခုတည်းသော အလင်းကျောက်ရဲ့ မှိန်ပျပျအလင်းကို တွေ့မြင်ရပါတယ်။မှိန်ဖျော့ဖျော့ အလင်းအောက်မှာ ခါးကိုင်းကိုင်း မုတ်ဆိတ်ဖြူဖြူနဲ့ အဖိုးကြီးတစ်ယောက်က စာအုပ်အစုတ်တွေကို စိတ်ပါလက်ပါ ပြုပြင်ချုပ်လုပ်နေတာကို တွေ့မြင်ရပါတယ်။
"ရှူ အဖိုးကြီးရဲ့ အဆင့်က ဘယ်လောက်ရှိလဲ"
ရှန်ယန်ရှောင်က ရှူကို မမေးဘဲ မဖြစ်လို့ မေးလိုက်ရပါတယ်။ကျောင်းက ထိပ်သီးပညာရှင်တွေဟာ ကောင်းကင်က တိမ်တွေလို များပြားလှပါတယ်။ဒီအဖိုးကြီးက ထိပ်သီးဟုတ်မဟုတ် ဘယ်သူကသိမှာလဲ။
"သူက သာမန်အဖိုးကြီးပါ..ငါ သူ့ဆီကနေ အတွင်းအား..မှော်အား ဘာမှ မတွေ့ဘူး"
ရှန်ယန်ရှောင် စိတ်အေးသွားပါတယ်...အဖိုးကြီးက မျှော်စင်ကို စောင့်ရှောက်ထိန်းသိမ်းရတဲ့ မန်နေဂျာပဲ နေမှာပါ။အခုလို သာမန်မန်နေဂျာတစ်ယောက်ကို ဆင့်ခေါ်သူမျှော်စင်ကို ကြီးကြပ်ထိန်းသိမ်းခိုင်းတည်းက ကျောင်းအနေနဲ့ ဆင့်ခေါ်သူဌာနကို ပစ်စလခတ်ထားထားတာကို သိနိုင်ပါတယ်။
သိဖို့လိုတာက ဌာနတိုင်းက မျှော်စင်တွေမှာ အလွန်များပြားတဲ့ ပညာရပ်စာအုပ်တွေ ရှိနေတယ်ဆိုတာကိုပါ။ဌာနရဲ့ ကျောင်းသားတွေတောင် ဆရာရဲ့ ထောက်ခံချက်နဲ့သာ အောက်ထပ်အနည်းငယ်ကို သွားရောက်ဖတ်ရှုနိုင်တာပါ။ဆယ်ထပ်ရဲ့ အထက်အမြင့်တွေကို သွားချင်ရင် စစ်ဆေးမှုအနည်းငယ် အောင်မြင်ဖြတ်ကျော်နိုင်မှသာ တက်ရောက်နိုင်တာပါ။
အခုလို တံခါးကို ဟာလာဟင်းလင်းဖွင့်ထားတာကို ကြည့်ရင် ဘယ်သူကမှ ကြွေလွင့်နေတဲ့ ပညာရပ်ကို စိတ်မဝင်စားတော့တာကို သိနိုင်ပါတယ်။
အဖိုးကြီးကို စိုးရိမ်စရာ မလိုတော့လို ရှန်ယန်ရှောင်က မျှော်စင်ထဲကို သွားချင်နေပါပြီ။
စောရဘုရင်မအနေနဲ့ အဆောက်အဦး အတွင်းပိုင်းထဲမှာ ခိုးဝင်ပုန်းအောင်းရတာက လွယ်လွန်းပါတယ်။
မျက်စိတစ်မှိတ် အတွင်းမှာပဲ သူမက ပထမထပ်က လှေကားဆီကို ရောက်နေပါပြီ။အဖိုးကြီးကို လှည့်ကြည့်လိုက်ရာ စာအုပ်ချုပ်တာကိုပဲ အာရုံစိုက်နေတာကို တွေ့လိုက်ရလို့ သူမက ဒုတိယထပ်ဆီ တက်သွားလိုက်ပါတယ်။
အခု အမှောင်ထုထဲမှာ သူမရောက်နေပြီ ဖြစ်လို့ ြက်ုတင်ပြင်ဆင်ထားတဲ့ အလင်းကျောက်ကို ထုတ်လိုက်ပြီး ထွန်းလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၃)
ခန်းလုံးပြည့် စာအုပ်စင်တွေမှာ လူသူနဲ့ကင်းဝေးတာ ကြာပြီဖြစ်လို့ ဖုန်အလိမ်းလိမ်း ကပ်ငြိနေတဲ့ စာအုပ်တွေ အစီအရီနဲ့ ပြည့်နေပါတယ်။
ရှန်ယန်ရှောင်က အနီးက စာအုပ်စင်သို့ သွားပြီး ဆင့်ခေါ်သူပညာကို မိတ်ဆက်ဖွင့်ဆိုထားသော စာတစ်အုပ်ကို ကောက်ယူလိုက်ပါတယ်။
သူမက ဒီလမ်းကို ရွေးချယ်ပြီးမှတော့ မြဲမြံခိုင်မာစွာ လျှောက်လှမ်း၍ ပြင်းထန်စွာကြိုးစား သွားရမှာပါ။လူတွေက ဒီပညာရပ်ကို မေ့ဖျောက်ထားတော့ ဘာဖြစ်လဲ...တစ်နေ့မှာ ဆင့်ခေါ်သူပညာကို ကွမ်းမင်တိုက်မှာ ပြန်လည်လင်းလက် လာစေဖို့ သူမက လုပ်ဆောင်သွားမှာပဲ။
နေ့ခင်းပိုင်းမှာ အဆောင်အခန်းမှာပဲ နေပြီး ဆေးပညာစာအုပ် တွေထဲမှာ ခေါင်းနှစ်ထားပြီး ညအခါမှာတော့ ခိုးခိုးထွက်ကာ ဆင့်ခေါ်သူပညာရပ် စာအုပ်တွေကို သွားသွားခိုးယူ လေ့လာပါတယ်။
ညတစ်ညမှာ ရှန်ယန်ရှောင်က ခါတိုင်းလိုပဲ ခိုးထွက်ပြီး ဆင့်ခေါ်သူဌာနကို သွားပါတယ်။လေးအတတ်ထက် ဆင့်ခေါ်သူအတတ်ကို သူမဦးစားပေး လေ့ကျင့်နေရခြင်းက ဆင့်ခေါ်သူဌာနဟာ စောင့်ကြပ်သူ လစ်ဟင်းနေလို့ပဲ ဖြစ်ပါတယ်။ဆင့်ခေါ်သူ ဌာနမှာ အဖိုးကြီးတစ်ယောက်သာ နေကုန်နေခမ်း ရှိတာဖြစ်လို့ သူမအတွက် အဆင်ပြေနေပါတယ်။လေးသည်တော် ဌာနကို သူမ တစ်ခေါက်သွားကြည့်တော့ ဆရာတွေ ရှိနေတာကြောင့် ပိုအဆင်ပြေတဲ့ ဌာနကိုပဲ ညတိုင်း သွားပါတော့တယ်။
မျှော်စင်ဆီ မဝင်ခင်မှာ အရင်ပုံမှန်လို အဖိုးကြီးက စာအုပ်တွေကို ပြုပြင်ချုပ်လုပ် နေခြင်းရှိမရှိကို လေ့လာပါတယ်။
သေချာပြီဆိုတော့ ဒုတိယထပ်ကို ခိုးဝင်လိုက်ပါတယ်။သူမ ဒီကိုလာတာ ဆယ်ရက်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။သူမရဲ့ မှတ်ဉာဏ်အစွမ်းကြောင့် စာအုပ်အများစုကို ဖတ်ပြီးမှတ်ပြီးနေပါပြီ။ဆင့်ခေါ်သူပညာကို ကောင်းကောင်း နားမလည်သေးတာတစ်ခုပဲ ရှိပါတယ်။ရှူလည်း ထို့အတူပါပဲ။သင်ကြားရှင်းပြသူ မရှိလို့ နည်းနည်း နှောင့်နှေးတာတော့ ဖြစ်ပါတယ်။
သူမ မနေ့က ဖတ်မပြီးသေးတဲ့ ကျိန်စာစာအုပ်ကို ဆွဲယူပြီး ထောင့်မှာ သွားထိုင်ဖတ်နေလိုက်ပါတယ်။
ဆင့်ခေါ်သူပညာဟာ တော်တော်လေး ထူးဆန်းပါတယ်...လက်ဟန်အမူအယာတွေက များလွန်းလို့ မရေနိုင်လောက်အောင်ပါ။နောက်ပြီး သူတို့ရဲ့ အတိုက်စွမ်းရည်မှာ ဖြည်းဖြည်းချင်း အစွမ်းပြတဲ့ ကျိန်စာရှိသလို ချက်ချင်းအစွမ်းပြတဲ့ တစ်ဖက်ရန်သူရဲ့ အစွမ်းကို ခဏအတွင်း လျှော့ချပစ်တဲ့ ကျိန်စာတွေလည်း ရှိပါတယ်။တိတ်တဆိတ် လှုပ်ရှားရတဲ့ လူတွေအတွက် ကိုက်ညီသော်လည်း ဒီလို ကျိန်စာတွေက အလွယ်တကူ ရှာမရပါဘူး။သူမက စာအုပ် အတော်များများကို ရှာဖတ်ပြီးပေမယ့် လက်တွေ့အသုံးကျတဲ့ ကျိန်စာက သိပ်မရှိပါဘူး။
"ဒီကျိန်စာတိုက်နည်း အားလုံးက အဖွင့်ကျိန်စာတွေ လိုအပ်တာချည်းပဲ။သောက်ကျိုးနည်းတဲ့မှ အခုထိကို လိုအပ်တဲ့ ကျိန်စာတွေကို ရှာမတွေ့သေးဘူး"
စိတ်ဓာတ်ကျစွာနဲ့ပဲ စာအုပ်ကို ဘေးပစ်လိုက်ပြီး နောက်တစ်အုပ် ဆွဲယူကာ သူမ လိုအပ်နေတဲ့ ကျိန်စာကို ရှာလိုက်ပြန်ပါတယ်။
ဆင့်ခေါ်သူအတတ်က အရင်တည်းကကို အလွန်ရှုပ်ထွေးတဲ့ အတတ်တစ်ခုပဲ။ကောင်းကောင်း အသုံးချတတ်ရင် ကြယ်တစ်ပွင့် ဆင့်ခေါ်သူက တစ်ခြား ပညာသုံးရပ်ကို တတ်ကျွမ်းတဲ့ သုံးဦးရဲ့စုပေါင်း တိုက်ခိုက်မှုကို အလွယ်တကူ ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်။ဘာလို့ အဲ့လောက် စွမ်းနေရတာထင်လဲ...အကြောင်းက တစ်အားခက်ခဲနက်နဲ လို့ပဲလေ"
ရှူက သူမကို နှစ်သိမ့်သလို ပြောလိုက်ပါတယ်။ပြောရရင် သူမက ရက်ပိုင်းအတွင်းမှာပဲ အတော်လေး သင်ယူတတ်မြောက်ခဲ့ပါပြီ။သွေးကျိန်စာလို ကျိန်စာမျိုးတွေပေါ့...ဒါပေမဲ့ အဲ့ကျိန်စာတွေက တစ်မျိုးသုံး ကျိန်စာတွေပါ။ပေါင်းစပ်ကျိန်စာအတတ်ကို သူမ မတတ်မြောက်သေးပါဘူး။
"ဖိုးဖိုးကသာ ငါ့ကို ဆေးပညာဌာနမှာ မတတ်ခိုင်းစေခဲ့ရင် ဆင့်ခေည်သူဌာနကိုပဲ ငါ လာတတ်ဖြစ်မှာ...ဆရာတစ်ယောက်ယောက်ရဲ့ သင်ကြားပေးမှုနဲ့ဆို ပိုလွယ်ကူမှာပဲ"
ရှန်ယန်ရှောင်က အချို့နေရာမှာ သူမအနေနဲ့ ဆရာမလိုဘဲ တတ်မြောက်နိုင်ပြီး အချို့မှာတော့ ဆရာလိုအပ်တာကြောင့် စိတ်ဆင်းရဲနေပါတယ်။
လမ်းညွှန်သင်ကြားပေးသူ ရှိရင် ပညာသင်ယူတဲ့ နေရာမှာ အထောက်အကူ တစ်အားဖြစ်ပေမဲ့ သူမကို ဆင့်ခေါ်သူ အတတ်မှာ သင်ကြားပေးမယ့် အားကိုးရမယ့်လူ မရှိပါဘူး။
"အလုပ်မဖြစ်ရင်တော့ မနက်ဖြန်ရောက်ရင် လေးပညာဌာနကို သွားပြီး စာအုပ်တစ်ချို့ ငှါးဖတ်ရမှာပဲ။ဆင့်ခေါ်သူအတတ်က ပေါင်းစပ်ကျိန်စာတွေက တစ်ကယ် ရွံစရာကောင်းတယ်...တစ်မျိုးသုံးကျိန်စာ ခုနှစ်ခုရှစ်ခု အနည်းဆုံးလိုတာတဲ့လေ။အဲ့ကျိန်စာတွေကို ငါက ဘယ်သွား ရှာရမှာလဲ ကဲ"
သူမ အတော် စိတ်ပျက်နေမိပါတယ်။သူမက အတွင်းအားရော မှော်အားပါ လေ့ကျင့်နိုင်တဲ့ ရှားပါးပါရမီရှင် တစ်ဦးဖြစ်သော်လည်း ကောင်းကောင်းမွန်မွန် လမ်းညွှန်သင်ကြားပေးသူ မရှိလို့ နှောင့်နှေးနေရတဲ့ အပေါ်မှာ သူမ မကျေမနပ် ဖြစ်နေရပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၄)
"မင်းအနေနဲ့ အရင်ဆုံး ဆင့်ခေါ်အတတ်တွေကို ရင်းနှီးအောင် လုပ်ထားတာပဲ ကောင်းမယ်။သိပ်လောဘမကြီးနဲ့ မင်းလည်း အားလုံးကို နားလည်မှာမှ မဟုတ်တာ။နှစ်ဖက်လုံးမှာ ဟန်ချက်ညီချင်ရင် ပညာရပ်နှစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်ထားဖို့ လိုတယ်"ဟု ရှူက သူမကို ထောက်ပြပါတယ်။
သူမအနေနဲ့ လက်ထဲက စာအုပ်ကိုပဲ ဆက်ဖတ်ကာ ဆင့်ခေါ်သူ ပညာရပ်ကိုပဲ လေ့လာနေရုံပဲ တတ်နိုင်ပါတယ်။
ဒီအချိန်မှာပဲ ဒုတိယထပ်ကို တက်လာနေတဲ့ ခြေသံကို ကြားလိုက်ရပါတယ်။
ရှန်ယန်ရှောင်က လက်ထဲက မီးလင်းကျောက်ကို သိမ်းလိုက်ကာ အမှောင်ထဲမှာ ပုံးအောင်းနေလိုက်ပါတယ်။
ဆင့်ခေါ်သူ မျှော်စင်ကို စောင့်ရှောက်သူ အဖိုးကြီးက မီးအိမ်ကိုကိုင်ပြီး ဒုတိယထပ်မှာဖုံးလွှမ်းနေတဲ့ အမှောင်ထုထဲကို မနှေးမမြန်ပဲ လျှောက်လှမ်းလာပါတယ်။သူက စာအုပ်စင်တစ်စင် ရှိရာသို့ သွားပြီး လက်ထဲက စာအုပ်တွေကို နေရာချလိုက်ပါတယ်။ထို့နောက် အောက်ထပ်ကို ပြန်ဆင်းသွားပါတော့တယ်။
အဖိုးကြီးပြန်ထွက်သွားတာကို ကြည့်၍ သူမစိတ်ထဲ အနည်းငယ် ထိခိုက်ခံစားမိလိုက်ပါတယ်။
အခုလို ကြီးမားလှတဲ့ မျှော်စင်ကြီးမှာ စောင့်ကြပ်သူဆိုလို့ အိုမင်းနေတဲ့ သက်ကြီးပိုင်း တစ်ယောက်ပဲရှိတယ်။သူက နေ့စဉ်နေ့တိုင်း လူတွေမဖတ်ရှု တော့တာကြာပြီဖြစ်တဲ့ ဟောင်းနွမ်းဖုန်တက် စာအုပ်တွေကို စိတ်ရောကိုယ်ပါ ဝင်စားစွာနဲ့ ပြုပြင်ချုပ်လုပ် ပေးနေပါတယ်။
သူမဟာ အဖိုးကြီး လာထားသွားတဲ့ စာအုပ်အချို့ကို ယူကြည့်လိုက်ပါတယ်။
ကျိန်စာစာအုပ်နဲ့မှတ်စုစာအုပ်တွေပါ။
သူမရဲ့ အကြည့်ကို သိုးရေစာအုပ်တစ်အုပ်က ဆွဲဆောင်သွားပါတယ်။ဟောင်းနွမ်းနေတဲ့ စာအုပ်ဟောင်းထဲမှာ ဆင့်ခေါ်သူပညာရပ်ရဲ့ အဆင့်တိုင်း ခြေလှမ်းတိုင်းကို မှတ်သားရေးသား ထားပါတယ်။ပညာရပ်ရဲ့ အခြေခံတွေသာမကဘဲ ပေါင်းစပ်ကျိန်စာအတွက် လိုအပ်တဲ့ တစ်မျိုးကျိန်စာတွေရဲ့ အကြောင်းအရာ အချက်အလက်တွေကိုပါ အသေးစိတ် ဖော်ပြထားပါသေးတယ်။
ဒီစာအုပ်ဟာ သူမအတွက် နှင်းတောထဲ လမ်းပျောက်အေးခဲနေတုန်း မီးဖိုတစ်ခုကို တွေ့လိုက်ရသလိုပါပဲ...သူမအတွက် အလိုအပ်ဆုံးကို ရလိုက်ခြင်းပါပဲ။
သိုးရေစာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာကို ရောက်တဲ့အခါ ကြီးမားခံ့ညားတဲ့ လက်မှတ်ကို တွေ့လိုက်ပါတယ်။
"ယွန်းကျူ"
ဒီအသေးစိတ် စနစ်တကျ ရေးသားထားတဲ့ မှတ်စုစာအုပ်က ယွန်းကျူဆိုသူရဲ့ စာအုပ်ဖြစ်တယ်ဆိုတာ သေချာသလို စာအုပ်အခြေအနေအရ အနည်းဆုံး နှစ် ငါးဆယ် ခြောက်ဆယ်ခန့် ရှိပါပြီ။
အဲ့အဖိုးကြီးကများ….
ဒါပေမဲ့ ရှူက အဖိုးကြီးမှာ မှော်အား အတွင်းအား ဘာမှမရှိဘူးလို့ ပြောထားတာကြောင့် ထိုအတွေးကို ချက်ချင်းပဲ ပယ်ချလိုက်ပါတယ်။သူက ဒီထက်ပိုပြီး သာမန်မဖြစ်နိုင်တော့တဲ့ သာမန်ရိုးရိုး အဖိုးအိုတစ်ယောက်ပဲ။သူသာ ပညာရှင်တစ်ယောက်ဆို သူမ လာခဲ့တဲ့ အရင်ရက်တွေတည်းက ရိပ်မိနေမှာပဲ။
ယွန်းကျူက ဘယ်သူပဲ ဖြစ်ဖြစ်ပါ သူ့မှတ်စုစာအုပ်က သူမအတွက် အလွန်အရေးပါ ပါတယ်။သူမက စာအုပ်ကို သူမရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပါတယ်။ပြီးတာနဲ့ မျှော်စင်ကနေ တိတ်တဆိတ် ပြန်ထွက်လာပါတယ်။
သူမထွက်သွားချိန်မှာပဲ ဆင့်ခေါ်သူမျှော်စင်ဟာ ရှားရှားပါးပါး ဧည့်သည်တစ်ဦးကို ဧည့်ခံကြိုဆိုနေပါတယ်။
"ဒီလောက်နှစ်တွေ ကြာပြီးနေပြီကို မမောသေး မပန်းသေးဘူးလား"
ဧည့်သည်က အသက် ၆၀ ၇၀လောက်ရှိတဲ့ မုတ်ဆိတ်ဖြူဖြူနဲ့ပဲ ဖြစ်ပါတယ်။သူက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကြည့်ရတာ ခံ့ညားထည်ဝါ လှပါတယ်။သူ့မှာ အတွေ့ကြုံရင့်ကျက်နေတဲ့ မျက်ဝန်းတွေရှိပြီး အပြုံးရိပ်သန်းနေပါတယ်။
စာကြည့်တိုက်မှာ ကြီးကြပ်နေတဲ့ အဖိုးကြီးက အေးဆေးစွာပဲ ခေါင်းမော့လိုက်ပါတယ်။ဧည့်သည်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့သွားကာ စာအုပ်ကိုပဲ ဆက်ချုပ်နေပါတယ်။
"ငါက ဘာလို့ ပင်ပန်ရမှာလဲ...ဒီစာအုပ်တွေ အားလုံးက ဆင့်ခေါ်သူတွေအတွက် တန်ဖိုးအရမ်းကြီးတဲ့ အရေးပါတဲ့ စာအုပ်တွေချည်းပဲ...ငါ့လက်ထဲမှာမှ ပျက်စီးမခံနိုင်ဘူး။ဒါနဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းအုပ်ဖြစ်တဲ့ အိုးယန်ဟွမ်းယူက သူ့ကိုယ်သူ အနိမ့်ကျခံပြီး ငါ့နေရာကို ဘာလို့ လာတာလဲ"
မထင်မှတ်စွာနဲ့ ဧည့်သည်ဟာ ဘာမဟုတ်တဲ့ လူမဟုတ်ဘူးပဲ။သူဟာ တစ်လောကလုံးသိတဲ့ တော်ဝင်ရိုလန်ကျောင်းအုပ် ဖြစ်ပြီး လောင်းရွှမ်ပြည်ရဲ့ အစွမ်းထက်ဆုံး မှော်ဆရာဖြစ်တဲ့ အိုးယန်ဟွမ်းယူ ဖြစ်နေပါတယ်။
"ငါ ဒီကိုလာပြီးတော့ ဒီအဖိုးကြီးက အဓိပ္ပါယ် မရှိတဲ့ အလုပ်ကို ဆက်လုပ်နေသေးလားလို့ လာကြည့်တာပါ"
အိုးယန်ဟွမ်းယူက ဟာလာဟင်းလင်း ဖြစ်နေတဲ့ မျှော်စင်ကို ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။
အရင်တုန်းကတော့ လောကမှာ အတောက်ပဆုံး အထက်မြက်ဆုံးဆိုတဲ့ ဉာဏ်ကြီးရှင် ပါရမီရှင်တွေ စုဝေးခဲ့ထွက်ပေါ်ခဲ့တဲ့ ဆင့်ခေါ်သူအတတ်ဟာ လူထုရဲ့ ဖဲကြဉ်မှုနဲ့အတူ တိမ်မြုပ်ပျောက်ကွယ်လာပြီး ဆင့်ခေါ်သူဌာနဟာဆို ကျောင်းသားတစ်ယောက်တောင် မရှိတော့တာ ဆယ်စုနှစ်အချို့ ရှိပါပြီ။