အခန်း (၁၁၈-၁၂၀)
Vol. 8 Ch. 118-120
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၈)
ရှန်ယန်ရှောင် နှုတ်ခမ်း တွန့်သွားပါတယ်။သူမက တန်နာဇီကို စိတ်ပြင်းထန် တက်ကြွသူလို့ပဲ ထင်ခဲ့မိတာပါ။ဒီနေ့မှာ သူက အဲ့ဒါထက် ပိုတာကို သူမ သိလိုက်ရပါတယ်။
မှော်ဆေးဆရာ ဌာနက ညီမလေးကိုငေးပြီး သားရေယိုနေတယ်လေ...မလွန်ဘူးလား။
တန်နာဇီက ရှန်ယန်ရှောင် ဘာမှ ထူးခြားဟန် မပြတာကြောင့် ခေါင်းယမ်းလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်တယ်။ရှန်ယန်ရှောင်ရဲ့ ပိန်ပိန်ပါးပါး ကိုယ်လုံးလေးကို အထက်အောက် စုန်ဆန်ကြည့်လိုက်တယ်။
"သေးလွန်းတယ်...တော်တော်ကို ငယ်သေးတာပဲ။မင်း လောကကြီးအကြောင်း ဘာမှ နားမလည်သေးဘူးပဲ။မင်း လူလားမြောက်အောင် ခဏစောင့်လိုက် ညီ။အဲ့ခါကျ မင်းကို လှပ သိမ်မွေ့တဲ့ သူတွေနဲ့ တွေ့ပေးဖို့ ကိုယ် ခေါ်သွားပေးပြီး…"
တန်နာဇီက စကားဆုံးအောင် မပြောဘဲ သက်ပြင်းထပ်ချလိုက်ပါတယ်။ရှန်ယန်ရှောင်က သူမပုခုံးပေါ်က သူ့လက်ကို ဖယ်ချလိုက်ပါတယ်။
ဒီလိုကောင်မျိုးက သူမပုခုံးပေါ် လက်တင်ထားတာနဲ့တင် သူမကို ကိုယ်ဝန်ရစေနိုင်ပါတယ်။
သူမက အလှအပကို သိပ်စိတ်မဝင်စားပါဘူး။ကျွမ်ရှန်နီက လှပါတယ် အဲ့ဒါ ဟုတ်တယ်။ပြောရရင် သူမသာ စိတ်ပါရင် မှန်တစ်ချပ်ကိုင်ပြီး သူမကိုယ်သူမ ပြန်ကြည့်ကာ ထိုင်သားရည်ယိုနေလို့ ရပါတယ်။ဒါက သူမအတွက် ဘာမှထူးခြား မသွားပါဘူး။
သူမလည်း လူအုပ်ထဲ ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာတွေကို မြင်လိုက်ပါတယ်။သူမက ကြူရှီယာ၊ယန်းရှီနဲ့ယန်ယုတို့အား လူတွေဝိုင်းနေတာကို လက်နဲ့ထိုးပြလိုက်ပြီး မေးလိုက်ပါတယ်။
"သူတို့သုံးယောက်က ဘာဖြစ်လို့ လူတွေအများကြီး ဝိုင်းအုံနေတာ ခံရတာလဲ"
တန်နာဇီက မဲ့လိုက်ရင်း ဖြေလိုက်ပါတယ်။
"ဘာလို့လဲ ဟုတ်လား...ရှင်းပါတယ် ရွှေခြေသလုံးကို ဖက်ထားချင်လို့ပေါ့။အဲ့သုံးကောင်ရဲ့ အစွမ်းက သိပြီးသားလေ...စာမေးပွဲ စစ်ပြီးရင် ပိုသိသာလာမှာပဲကိုး။ဒါကြောင့် ကျောင်းသားတွေက သူတို့နဲ့ ဆက်ဆံရေး အဆင်ပြေပြီး စာမေးပွဲ စစ်တဲ့အခါ အထောက်အကူ ရချင်လို့ပဲ"
သူမလည်း အခြားဌာနတွေကို ကြည့်လိုက်တဲ့အခါ အလားတူ အဖြစ်မျိုးတွေကို တွေ့လိုက်ရပါတယ်။
ပျော်စရာ ကျောင်းသားဘဝပဲ…
ဆက်ကြည့်နေရင်းနဲ့ သူမက နောက်တစ်ဖွဲ့ကို တွေ့လိုက်ရပါတယ်။လူနည်းနည်းကို အများကြီးက ဝိုင်းအုံနေတာပါပဲ။
"သူက ဘယ်သူတုန်း"
ရှန်ယန်ရှောင်က တစ်ယောက်ကို ညွှန်ပြကာ မေးလိုက်တာပါ။သူ့ဝတ်စုံမှာ လေးသည်တော် အမှတ်တံဆိပ် ရှိပြီး မာနကြီးတဲ့ ပုံပါပဲ။
"အာ..သူက လေးပညာဌာနရဲ့ ဆရာကြီး မန်ယိဂျွန်လေ။ကမ္ဘာ့အဆင့်တစ် သောက်ရူးပေါ့"
တန်နာဇီက မကြည်ပုံနဲ့ ပြောလိုက်တာပါ။
"အဲ့တစ်ယောက်ကရော"
သူမက ဆေးပညာဌာနရဲ့ ကျောင်းသားကြီးတွေ ဖြစ်ဟန်ပေါက်သူတွေ ဝိုင်းနေတဲ့ လူကို လက်ညှိုးထိုးကာ မေးလိုက်ပြန်ပါတယ်။
"ဌာနရဲ့ အဆင့်တစ် ရှန်ဂေါင်ရှောင်။လုံးဝကို သောက်ဂျွတ်ကြီးလေ"
"အဲ့တစ်ယောက်"
"ဓားသမားဌာနက ခေါင်းဆောင် ချောင်းရှူ။သူ အဆင့်တစ် ဖြစ်နေသေးတာကို ငါဖြင့်အံ့ဩမိသေး"
တန်နာဇီက စက်ဆုပ်စွာ ဖြေလိုက်ပါတယ်။
တန်နာဇီဟာ တော်တော် ဘဝင်မြင့်တဲ့ကောင်လို့ သူမ ခံစားမိလိုက်ပါတယ်...မန်ယိဂျွန်နဲ့ရှန်ဂေါင်ရှောင် နှစ်ယောက်တုန်းက အဆင်ပြေသေးတယ်။ဒါပေမဲ့ ချောင်းရှူအကြောင်း ပြောတဲ့အခါ သူ မကြိုက်တဲ့အကြောင်းကို အနည်းငယ်တောင် ဖုံးကွယ်မထားတဲ့ လေသံနဲ့ ပြောလိုက်တာပါ။
"ဒီနှစ် အတန်းခွဲစာမေးပွဲက ဘယ်လိုလုပ်မလဲ တွေးမရသေးဘူး...အရင်နှစ်တွေကဆို ဌာနတွေအလိုက် ခွဲလုပ်တာဆိုတော့...ဒါပေမဲ့ ဒီနှစ်ကျ မဟုတ်တော့ဘူး"
တန်နာဇီက ဘေးကိုလှည့်ကြည့်နေရင်း ပြောလိုက်ပါတယ်။အလှလေးတွေက လွဲရင် သူစိတ်ဝင်တစား ကြည့်နေတာ ဘာမှ မရှိပါဘူး။
"မင်း ဘာလေးညာလေးများ မကြားမိဘူးလား"
သူမက ဘာလို့လဲ မသိပေမယ့် တန်နာဇီဟာ တော်ဝင်ရိုလန်ကျောင်းရဲ့ အတွင်းသတင်းကို သိထားတယ်လို့ ခံစားနေမိပါတယ်။
"နည်းနည်းပါးပါးပေါ့။ငါကြားတာကတော့ ဌာနပေါင်းစုံက ကျောင်းသားတွေ ပူးပေါင်းရမယ် ဆိုတာပဲ။ဘယ်လိုလူတွေက ခေါင်းထိပြီး အခုလိုမျိုး အတွေးပေါက်လဲ ငါလည်းမသိပါဘူးကွာ။ဌာနတိုင်းက အထူးပြုပညာရပ်တွေနဲ့ကို...အတူပေါင်းခိုင်းတော့။ဖရိုဖရဲဖြစ်မှာပဲ"
တန်နာဇီက တွက်ပြလိုက်တာပါ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၁၉)
"ဆင့်ခေါ်သူဌာနက တစ်ယောက်မှ မရှိဘူးလား"
ရှန်ယန်ရှောင် ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။သူမ သိတဲ့ လူအားလုံးက ဆင့်ခေါ်သူ ဌာနနဲ့ ပတ်သတ်တာ မရှိပါဘူး။
တန်နာဇီက အဲ့စကား ကြားလိုက်တော့ တစ်မျိုးဖြစ်သွားပြီး တိုးတိုးလေး ပြန်ပြောလိုက်ပါတယ်။
"တော်ဝင်ရိုလန်ကျောင်းရဲ့ ဆင့်ခေါ်သူဌာနက ကျောင်းသားမရတော့တာ တော်တော်ကြာပြီလေ။ဒီမှာတင် မဟုတ်ဘူးဟ တစ်တိုက်လုံးမှာ ဆင့်ခေါ်သူအသစ်ကို မတွေ့နိုင်တော့ဘူးလေ။မကြာတော့ပါဘူးလေ ဆင့်ခေါ်သူတွေ ပျောက်ကွယ်တော့မှာပဲ"
"ပျောက်ကွယ်မယ်.."
သူမ မျက်မှောင်ကြုတ် သွားပါတယ်။သူမက ဆင့်ခေါ်သူ အတတ်ကို လေ့လာတာ တစ်လလောက် ရှိပါပြီ။သူမ သဘောပေါက်ထားတာက ဒီပညာဟာ အလားအလာ အများကြီး ရှိတယ်ဆိုတာပါပဲ။ဘယ်လိုဖြစ်လို့ အခုလို အခြေအနေဆိုးအထိ ရောက်နေရတာလဲ။
တန်နာဇီက သူတို့အား ဘယ်သူမှ ကြည့်နေတာ မရှိတာ သေချာတဲ့ အခါမှ လေသံလေးနဲ့ ပြောလိုက်ပြန်ပါတယ်။
"မင်းကတော့ မသိလောက်ဘူးဟ...အရင် နှစ်တစ်ရာလောက်က ဆင့်ခေါ်သူတွေက အခုလို အခြေအနေ မဆိုးသေးဘူးဟ။သူတို့က အရမ်း လူကြိုက်များ လူသိများခဲ့တာ။နောက်တော့ဟာ အနည်းဆုံးတော့ ငါတို့ကွမ်းမင်တိုက်မှာပေါ့လေ ဆင့်ခေါ်သူအချို့က လူ့ခန္ဓာတွေကို ပါဝင် အသုံးပြုရတဲ့ တားမြစ်ထားတဲ့ ကျိန်စာနည်းတွေကို စတင် လေ့လာခဲ့ကြတယ်လေ။သူတို့ရဲ့ စမ်းသပ်ချက်တွေအတွက် လူအတော်များများ သေခဲ့ကြရပြီးတော့ အဲ့ထဲမှာ ထိပ်တန်းပညာရှင်တွေလည်း ပါခဲ့တယ်ဟ။နောက်တော့..လူတွေ သိလာကြပြီး...ဆင့်ခေါ်သူတွေဟာ ကြောက်စရာ မကောင်းဆိုးဝါးတွေအဖြစ် သတ်မှတ်ခံခဲ့ရတာပဲ.."
"တားမြစ်ထားတာ.."
ဆင့်ခေါ်သူအတတ်က အဲ့လိုတွေလည်း ရှိသေးတာပဲလား…
"အင်း...လူ့ခန္ဓာကို အသုံးပြုရတဲ့ ကျိန်စာလေ။ငါသိသလောက်ဆို အရင်တုန်းက သူတို့ဟာ လူတွေအပေါ်မှာ ကျိန်စာက ဘယ်လို သက်ရောက်မလဲလို့...ဆိုးလွန်းပါတယ်ဟာ...တွေးမိရုံနဲ့တင်ကို ရွံစရာကြီး။ငါတို့ ဒီအကြောင်းကို မပြောသင့်တော့ဘူး။ဆင့်ခေါ်သူ အတတ်က လမ်းဆုံးရောက်နေပြီပဲ"
တန်နာဇီက ပါးစပ်ပိတ်လိုက်ပါတယ်။သူ့အနေနဲ့ ဒီအကြောင်းကို သူမအား မပြောချင်တော့ပါဘူး။
သူက မပြောချင်မှတော့ သူမလည်း မမေးတော့ပါဘူး။ဒါပေမဲ့ အခုလို အစွမ်းထက်တဲ့ ပညာရပ်ကို ဘာလို့ ပစ်ပယ်ထားလဲ ဆိုတာကို သူမ နားလည်သွားပါပြီ။
"အား...ကျောင်းအုပ်ကြီး လာတယ်ဟ"
ကွင်းပြင်ရဲ့ ထိပ်က စင်မြင့်မှာ အိုးယန်ဟွမ်းယူက တစ်လှမ်းချင်း တက်လှမ်းလာပါတယ်...လူအများရဲ့ အကြည့်အောက်မှာပေါ့။လူအများရှေ့မှာကို သူ့ရင့်ကျက်တဲ့ မျက်နှာမှာ တုန်လှုပ်ဟန် တစ်စက်မှ မရှိပါဘူး။ဟိုး အဝေးဆုံးက ကျောင်းသားတွေတောင် သူ့စွမ်းအားကို ခံစားမိပါတယ်။
ရင်ပြင်တစ်ခုလုံး သူ့ကိုကြည့်ပြီး ငြိမ်သက်သွားပါတယ်။အကြည့်အားလုံးက အိုးယန်ဟွမ်းယူ ဆီမှာပဲ ကျရောက်နေပါတယ်။တန်နာဇီတောင် အိုးယန်ဟွမ်းယူကို ကြည့်နေတဲ့ အကြည့်က ဘိုးတော်ကြီး တစ်ယောက်ကို ကြည့်နေတာနဲ့ မတူဘဲ မိန်းမလှ တစ်ယောက်အား ကြည့်နေတဲ့ အတိုင်းပါပဲ။သူမအနေနဲ့ တန်နာဇီဟာ စင်ပေါ် ပြေးတက်သွားရင်တောင် အံဩမိမှာ မဟုတ်ပါဘူးယ
"မင်း အေးဆေး မနေနိုင်ဘူးလားဟ"
သူမ မျက်မှောင်ကြုတ်ရင်း မေးလိုက်တာပါ။
တန်နာဇီက အာလို့ သက်ပြင်းချလိုက်ပါတယ်။
"ကောင်လေး သူ ဘယ်သူမှန်း မင်း မသိဘူးလား။သူက ငါတို့ ကျောင်းရဲ့ ကျောင်းအုပ်ကြီးဟ။သူက မှော်ဆရာတွေထဲမှာ အစွမ်းဆုံးဖြစ်ပြီး..တစ်ယောက်တည်းသော မဟာမှော်ဆရာပဲဟ"
မဟာမှော်ဆရာ..။ရှန်ယန်ရှောင်လို ဒီလောကကို အခုမှ ရောက်ကာစသူတောင် အဲ့အဆင့်ကို ရောက်ဖို့ ဘယ်လောက်ခက်သလဲ..အရည်အချင်း ဘယ်လောက်လိုသလဲ ဆိုတာကို သူမ သဘောပေါက်ပါတယ်။အိုးယန်ဟွမ်းယူက သာမန် ထိပ်တန်းအဆင့်တွေ ရောက်နိုင်တာထက် အလှမ်းဝေးလွန်းပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၀)
မဟာမှော်ဆရာကို အသာထား မှော်ဆရာကြီး အဆင့်ရောက်ဖို့ကို သင့်အနေနဲ့ အဆင့်၃၀လောက် ရောက်ဖို့ လိုပါတယ်။အိုးယန်ဟွမ်းယူက အဆင့်၃၅ရောက်ပါပြီ။
အိုးယန်ဟွမ်းယူ အသက်ကိုကြည့်လေ… သင့်အနေနဲ့ အဆင့်တစ်ခါတက်ဖို့ သုံးလေးနှစ်လိုတယ်ထား သူ့အဆင့်ကို ရဖို့ နှစ်တစ်ရာကျော် လိုအပ်ပါတယ်။ဒါတောင် ကံအလွန်ကောင်းပြီး အဆင့်မတက်တာမျိုး ဖြစ်မှသာပါ။
တိုက်တစ်ခုလုံး အိုးယန်ဟွမ်းယူ တစ်ယောက်သာ ဒီအဆင့်ကို ရောက်ထားတာပါ။
ရှန်ယန်ရှောင် နှာခေါင်းပွတ်လိုက်တယ်။ယနေ့ခေတ်မှာ သူမလိုအသက်အရွယ်မျိုး လူငယ်တစ်ယောက်က အငယ်တန်း ဓားသမား အဆင့်ကို ရောက်ရင် တော်လိုက်တာလို့ သတ်မှတ်ခံရပါတယ်။ဒါပေမဲ့ အိုးယန်ဟွမ်းယူလို ပါရမီရှင်တစ်ယောက်ရဲ့ ခြေဖျားတောင် မှီမှာမဟုတ်ပါဘူး။အိုးယန်ဟွမ်းယူလို အနေအထားရောက်ဖို့က မဖြစ်နိုင်သလောက်ပဲလို့ သူမတွေးမိပါတယ်။
သူမကို ဉာဏ်ကြီးရှင် ပါရမီရှင်လို့ ပြောရင် အိုးယန်ဟွမ်းယူက တစ်ဆင့်ပိုမြင့်ပါတယ်။
အိုးယန်ဟွမ်းယူ ရောက်လာပြီဆိုမှတော့ စစ်ဆေးဖို့ စတင်တော့မယ့် အချိန်ရောက်တယ်ဆိုတဲ့ သဘောပဲပေါ့။
"ကလေးတို့ မင်းတို့အနာဂတ်အတွက် အဆုံးအဖြတ်ပေးမယ့် စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မယ်။ဒီနှစ်အတွက် အတန်းခွဲ စစ်ဆေးခြင်း စာမေးပွဲကို ဌာနအားလုံး ပါဝင်ပြီး ဌာနစုံက ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေအလိုက် ပါဝင်စစ်ဆေးခံရမယ်။မင်းတို့က ငါးယောက်တစ်ဖွဲ့ ဖွဲ့ရမယ်။အဖွဲ့ကို မင်းတို့ဖာသာ ဖွဲ့ရမယ်။အဖွဲ့ဝင်တွေ ရွေးပြီးတာနဲ့ အနက်ရောင်သစ်တောထဲကို သွားကြရမယ်။အဲ့မှာ မင်းရဲ့ အဖွဲ့ကလွဲရင် ကျန်တာ ပြိုင်ဖက်တွေပဲ ဖြစ်တယ်။အဖွဲ့ဝင် တစ်ဦးတိုင်းကို အထူးရင်ထိုးပေးမယ်။ဒီ စစ်ဆေးမှုရဲ့ ရည်ရွယ်ချက်ကတော့ ရင်ထိုးတံဆိပ်ကို မင်းတို့ ရနိုင်သလောက် အခြားအဖွဲ့တွေဆီကနေ ရယူဖို့ပဲ"
"စစ်ဆေးမှုက ခုနှစ်ရက် အချိန်ရမယ်။ခုနှစ်ရက် ပြည့်ပြီးရင် ဘယ်လိုဘယ်နည်းနဲ့ ဘယ်သူ့ဆီက ရခဲ့တာပဲ ဖြစ်နေပါစေ မင်းဆီမှာရှိတဲ့ ရင်ထိုးတံဆိပ်တွေကို မင်းအဖွဲ့ရဲ့ ရမှတ်တွေအဖြစ် သတ်မှတ်ပေးသွားမယ်။နောက်ပြီး ရင်ထိုးတံဆိပ်တွေရဲ့ အရေအတွက်အလိုက် မင်းတို့ရဲ့ အတန်းသတ်မှတ်ချက်ကို ဆုံးဖြတ်သွားမှာလည်း ဖြစ်တယ်"
အိုးယန်ဟွမ်းယူရဲ့ မိန့်ခွန်းက ကျောင်းသားတွေကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေပါတယ်။ တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနတိုင်းက သူ့စစ်ဆေးချက်နဲ့သူ သွားနေကြကို အခုကျ ဌာနအားလုံး ပေါင်းပြီး စစ်မယ်တဲ့။သူတို့က အဖွဲ့ဖွဲ့ရမှာအပြင် ချလည်းချကြရဦးမှာ။
မှော်ပညာ၊ဓားပညာ၊လေးပညာ အဆိုပါ ဌာနတွေက ကျောင်းသားတွေအားလုံး ရယ်နေကြပါတယ်။သူတို့က တိုက်ခိုက်ဖို့ သင်ယူထားတာလေ ဒါက သူတို့ရဲ့ နယ်ပယ်ပဲ။သူတို့အတွက် အဖွဲ့လိုက် တိုက်ခိုက်ဖို့က အခွင့်အရေး တစ်ခုပဲ။
ဆေးပညာနဲ့ မှော်ဆေးဆရာ ဌာနက ကျောင်းသားတွေ အတွက်ကတော့ အိပ်မက်ဆိုးကြီးပါပဲ။ဘယ်လို ဟာသလဲဟ.. သူတို့ပညာက ထောက်ပံ့တဲ့ ပညာရပ်လေ။သူတို့ကို ဆေးပုလင်း တစ်လုံးဆွဲပြီး တစ်ဖက်လူခေါင်း သွားရိုက်စေချင်တာလား… မှော်ဆရာရဲ့ လက်ကို ပုလင်းနဲ့ ပေါက်ရမှာလား။
"ဒါက ပူးပေါင်း စစ်ဆေးမှု ဖြစ်လို့ ကန့်သတ်ချက်လေးတွေ ရှိသေးတယ်"
အိုးယန်ဟွမ်းယူက ကျောင်းသားတွေကို ကြည့်လိုက်ပြီး တစ်ချက် ပြုံးကာ ဆက်ပြောလိုက်ပါတယ်။
"အဖွဲ့တိုင်းမှာ ဆေးပညာကျောင်းသား တစ်ယောက်ရယ် မှော်ဆေးဆရာ ကျောင်းသား တစ်ယောက်ရယ် ပေါင်းနှစ်ယောက် အနည်းဆုံး ပါဝင်ရမယ်။အခြား ပညာရပ် တစ်ခုတိုင်းအတွက် အများဆုံး နှစ်ယောက်ပဲ ပါလို့ရမယ်"
အိုးယန်ဟွမ်းယူရဲ့ ထပ်လောင်း ပြောကြားချက်က ကျောင်းသားတွေအား နောက်တစ်ခါ လှုပ်ရှားသွားစေပါတယ်။ထပ်ပေါင်းလိုက်တဲ့ ကန့်သတ်မှုက ဆေးပညာနဲ့ မှော်ဆေးဆရာ ကျောင်းသားတွေအတွက် အခွင့်အရေး တစ်ခုပါပဲ။