← Chapters

အခန်း (၄၁၀၆-၄၁၁၀)

Vol. 209 Ch. 4106-4110

အခန်း (၄၁၀၆-၄၁၁၀)

Vol. 209 Ch. 4106-4110

Chapter 4106

ပန်ဂုနတ်ဘုရားသည် သူ၏ပုဆိန်ဖြင့်ခုတ်ကာ လောကကြီးကို ကွဲထွက်စေခဲ့သည်။

အတိတ်တွင် လုယွီသည် စိတ်ဝိညာဉ်၏စွမ်းအားကိုသာ အသုံးပြု၍ ပန်ဂုနတ်ဘုရားပုံရိပ်ယောင်ကြီးကို ထင်ဟပ်စေပြီး တိုက်ခိုက်ခဲ့ခြင်းပင်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးလေပြီ။ထိုကြောင့် သူ တတ်မြောက်ထားသောနည်းစနစ်များ၏စွမ်းအားသည် ယခင်နှင့်မတူညီတော့ချေ။

ဧရာမပုဆိန်ပုံရိပ်ယောင်ကြီးက မိုးကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ထိုပုဆိန်သွားမှနေ၍ ထက်ရှသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေကာ လေဟာနယ်အတွင်းရှိ ဥပဒေသများအားလုံးကို ခြေမွှဖျက်ဆီးလိုသည့်အလားပင်။

"မင်းမှာ ဖုံးကွယ်ထားတဲ့ နည်းစနစ်တစ်ခု ရှိနေသေးတာပါလား...ဒါပေမယ့် အဆုံးသတ်ကျတော့ မင်းက ရွှယ်အင်မော်တယ်လေးတစ်ယောက်ပဲ...ငါက ခွေးတစ်ကောင်ကိုသတ်သလိုမျိုး မင်းကို သတ်နိုင်တယ်"

မိုးကောင်းကင်ယံအတွင်း၌ရှိနေသော မြေကမ္ဘာနတ်ဆိုးဘိုးဘေးက အော်ဟစ်ကြုံးဝါးလိုက်ကာ သူ၏နတ်ဆိုးချီစွမ်းအားများ တဝုန်းဝုန်းထလာသည်။

ဧရာမမြွေခေါင်းကိုးခေါင်းသည် သူတို့၏ပါးစပ်များကို တပြိုင်နက်တည်းဖွင့်လိုက်ကြကာ ပြင်းထန်သောလေလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာပေ၏။

ထိုလေလှိုင်းများသည် လေဟာနယ်အတွင်း၌ အတူတကွစုဝေးကာ သိပ်သည်းသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပေ၏။

ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခွန်အားကုန်မှ အဖျားအနားခန့်သာရှိသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကောင်းကင်ဘုံမိုးကြိုးများမှ ဖြစ်တည်လာသော မရေမတွက်နိုင်သည့် မှော်သင်္ကေတအက္ခရာများ ရစ်သိုင်းလွှမ်းခြုံနေသည်။ဤသည်မှာ သံကြိုးကြီးများအလား မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပေ၏။

ဤသည်မှာ မိုးကောင်းကင်တာအို၏သရုပ်သကန်ပြမှုဖြစ်ပြီး ကောင်းကင်ဘုံမြေနှင့်အောက်ဘုံအကြားမှ နယ်မြေအတားအဆီးကို ဖော်ပြနေခြင်းပင်။

ကောင်းကင်ဘုံနန်းတော် ရှိနေဆဲအချိန်ကပင် အင်မော်တယ်များသည် ကောင်းကင်ဘုံနယ်နယ်မြေ၌သာနေနိုင်ပြီး အောက်ဘုံများသို့ ဆင်းသက်လာနိုင်ခြင်းမရှိချေ။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်အစွမ်းထက်သော်လည်း သူသည် မိုးကောင်းကင်တာအို၏ ဥပဒေသများကိုချိုးဖျက်ပြီး သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူ၏တိုက်ခိုက်မှုတွင် ကောင်းကင်နှင့်မြေပြင်ကို ပျက်စီးစေနိုင်သောစွမ်းအား ပါရှိသည်။

ခရက်...ခရက်...ခရက်....

လုယွီ၏ပန်ဂုနတ်ဘုရားပုဆိန်သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စွမ်းအားများနှင့် ထိတွေ့မိသောအချိန်တွင် ထိုတိုက်ခိုက်မှုကို ခုခံနိုင်ခြင်းမရှိဘဲ အစိတ်စိတ်အမွှာမွှာကြေမွှပျက်စီးသွားသည်။

"ထပ်လာခဲ့စမ်း"

လုယွီသည် သူ၏တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု ပျက်စီးသွားသည်ကို မြင်တွေ့သော်လည်း ထိတ်လန့်ကြောက်ရွံ့သွားခြင်းမရှိချေ။ထိုအစား သူ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပို၍ပို၍သန်မာအားကောင်းလာသည်။

ယခုချိန်၌ သူ ရင်ဆိုင်နေရသည်မှာကောင်းကင်ဘုံနန်းတော်ကိုပင် အခက်တွေ့စေသော တည်ရှိမှုကြီးတစ်ခုပင်။ဤကဲ့သို့ တည်ရှိမှုကြီးကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် သူ သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်​ချေ။

ဤအချိန်အခိုက်အတန့်တွင် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ လုယွီ၏အနက်ရောင်ဆံပင်များ လူးလွန့်နေသည်။သူ၏ခန္ဓာကိုယ်ရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် အထွတ်အထိပ်အခြေအနေထိ သိပ်သည်းနေလေပြီ။ထို့နောက် သူ၏လက်အတွင်း၌ ပို၍ကြီးမားသော ပန်ဂုနတ်ဘုရားပုဆိန်ပုံရိပ်ယောင်ကြီးကို ထပ်မံ၍သိပ်သည်းလိုက်သည်။

ကောင်းကင်နှင့်မြေပြင်အကြားမှ စွမ်းအားများကို ငှားယူထားသောစွမ်းအားဖြင့် ဤဧရာမပုဆိန်ကြီးကို သိပ်သည်းထားခြင်းပင်။

လုယွီ၏နောက်တွင် ပေတစ်သောင်းကျော်ခန့်မြင့်မားသော ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီး မည်မျှထိကြီးမားသည်ကို အကြည့်တစ်ချက်ဖြင့် တွေ့မြင်နိုင်မည်မဟုတ်ချေ။ထို့ပြင် ထိုပုံရိပ်ယောင်မှနေ၍ ရှေးကျသောအရှိန်အဝါတစ်ရပ် ထုတ်လွှတ်ထားသည်။

ဤသည်မှာ မူလဘူတပန်ဂုနတ်ဘုရားပင်။

သူသည် မူလဘူတခေတ်ကာလအတွင်းမှရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်ကာ ကောင်းကင်ဘုံနယ်မြေ၏ ဘိုးဘေးတစ်ပါးလည်း ဖြစ်သည်။အမှန်အားဖြင့် သူ၏တည်ရှိမှုသည် ရှေးဟောင်းနတ်ဆိုးများထက် များစွာပို၍ရှေးကျသည်။

ပန်ဂုနတ်ဘုရားပုံရိပ်ယောင်ကြီးသည် သူ၏လက်အတွင်းရှိ ဧရာမပုဆိန်ကြီးကို လေထုအတွင်းသို့မြှောက်ကာ မြေပြင်ထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။

ဝုန်း....

ပြင်းထန်သောပေါက်ကွဲသံများ မြည်ဟီးလာခြင်းနှင့်အတူ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စွမ်းအားများ ကြေမွပျက်စီးသွားခဲ့သည်။

"ချိတ်ပိတ်စမ်း..."

ဧရာမပုဆိန်ကြီး ဆင်းသက်လာတော့မည့်အချိန်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နှုတ်မှနေ၍ ရှေးကျသောမှော်မန္တန်ရွတ်ဆိုသံများ ထွက်ပေါ်လာသည်။

တာအို၏ရွှေစည်းတံဆိပ် ကျောက်စိမ်းဧကရာဇ်၏စည်းတံဆိပ် အကာအကွယ်စည်းတံဆိပ်နှင့် တခြားလက်စည်းတံဆိပ်များအားလုံး အတူတကွစုဝေးသွားသည်။ဤသည်မှာ လောကကြီးတစ်ခု ဖွဲ့စည်းလိုက်သည့်အလားပင်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤစကားလုံးများကို ရေရွတ်နေစဉ်တွင် သူ၏လက်စည်းတံဆိပ်များအားလုံးကို အပြည့်အဝဖွဲ့စည်းပြီးလေပြီ။ထို့နောက် သူသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ လုယွီကို တိုက်ခိုက်လိုက်၏။

မြွေခေါင်းကိုးခေါင်းမှနေ၍ မတူကွဲပြားသောမှော်မန္တန်ကိုးပုဒ်ကို ရွတ်ဆိုလိုက်သောစွမ်းအားသည် သူ့အား ထောက်ပံ့ပေးကာ ကောင်းကင်နှင့်မြေပြင်တခွင်လုံးကို တုန်ခါသွားစေသည်။

သူတို့နှစ်ယောက် အချင်းချင်းထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မိစဥ်၌ လောကကြီးတခွင်လုံး တုန်ခါသွားစေသည့် ပေါက်ကွဲသံကြီး ပွင့်အံ့ထွက်လာသည်။ထိုအသံလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။ကျင့်ကြံဆင့်နယ်ပယ်အားနည်းသူတချို့သည် ထိုအသံကိုကြားချိန်တွင် သူတို့၏ရင်ဘတ်များ တုန်ခါသွားသည်ကိုခံစားရကာ သူတို့၏ပါးစပ်မှ သွေးများများအန်ထွက်လုနီးပါးပင်။

တိုက်ခိုက်မှုခြင်း ထိပ်တိုက်ရင်ဆိုင်မိသည်နှင့် လုယွီ၏နောက်ရှိ ပန်ဂုနတ်ဘုရားပုံရိပ်ယောင်ကြီး ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။

လုယွီ၏မျက်နှာပင်လျှင် ဖြူရော်သွားသည်။သူ အပြင်းအထန်ဒဏ်ရာရရှိသွားသည်မှာ သိသာထင်ရှားလှ၏။

ကံကောင်းထောက်မစွာဖြင့် သူသည် ယခုချိန်၌ ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ကာ သူ၏ကျင့်ကြံဆင့်အခြေခံအုတ်မြစ်မှာ အလွန်အမင်းတည်ငြိမ်သည်။ထိုသို့မဟုတ်ပါက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ မှော်မန္တန်များ ရိုက်ခတ်ခံရသော အချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ် ချက်ချင်းပေါက်ကွဲသွားပေမည်။

Chapter 4107

"မင်းက ငါ့ရှေ့မှာလာပြီး မောက်မာထောင်လွှားဝံ့တာလား...မင်းက မီးနဲ့လာကစားနေတာပဲ...မင်းရဲ့သေဆုံးခြင်းကို လိမ်လိမ်မာမာနဲ့ လက်ခံလိုက်တာက မင်း လုပ်သင့်တဲ့ကိစ္စပဲ"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သောအသံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လက်ဝါးစည်းတံဆိပ်များ၏ရိုက်ခတ်မှုများအောက်တွင် လုယွီဖွဲ့စည်းထားသော ပန်ဂုဘုရားပုံရိပ်ယောင်ကြီး အက်ကွဲစပြုလာသည်။

သို့ရာတွင် ထိုပုံရိပ်ယောင်ကြီး အက်ကွဲသွားသော အချိန်အခိုက်အတန့်တွင် လုယွီ၏ပုံရိပ် ထွက်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ တိုက်ခိုက်မှုသည် သူ့အပေါ်သို့ အနည်းငယ်မျှသက်ရောက်ခြင်းမရှိချေ။သူသည် ကွဲပြားခြားနားသောနည်းစနစ်တစ်ခုကို အသုံးပြုထားကာ သူ၏လက်အတွင်း၌ လေးတစ်လက်နှင့်မြှားတစ်စင်းကို သိပ်သည်းထားလေ၏။

ဝုန်း....ဝုန်း...ဝုန်း..

ထိုလေးကြိုးကို ဆွဲတင်လိုက်သောအချိန်တွင် သူ၏လက်ဝါးအလယ်မှနေ၍ ခပ်ဖျော့ဖျော့မိုးခြိမ်းသံများ မြည်ဟီးလာသည်။

ထက်ရှသောမြှားသည် ဓားတစ်လက်နှင့်တူညီနေကာ လေးသည် လမင်းကြီးတစ်စင်းအလားပင်။

ထိုနောက် လုယွီက သူ၏လက်ချောင်းများကို ဖြေလျော့လိုက်သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများအားလုံး ထိုမြှားပစ်လွှတ်လိုက်ခြင်းနှင့်အတူ ရုတ်တရက်ပေါက်ကွဲသွားသည်။သူ၏စွမ်းအားသည် တောင်များနှင့်မြစ်များကိုပင် ပြိုလဲပျက်စီးလုမတတ် ကြီးမားသဖြင့် ထိုအရာကပ်ပါသွားသော မြှား၏စွမ်းအားကို သိသိသာသာမြင့်တက်သွားစေသည်။

ဤလှုပ်ရှားမှုသည် အငိုက်ဖမ်း၍ တိုက်ခိုက်ခြင်းပင်။

လုယွီသည် ပန်ဂုနတ်ဘုရားပုဆိန်ခုတ်ချက်အတွင်း၌ အစစ်အမှန်သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို ဖုံးကွယ်ထားမည်ဟု မည်သူမျှ မျှော်လင့်ထားမိမည် မဟုတ်ချေ။

ကောင်းကင်ဘုံဖွင့်လှစ်ခြင်း နတ်ဘုရားမြှားကို တစ်စင်းသာ ပစ်လွှတ်လိုက်သော်လည်း ပုံရိပ်ယောင်များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤမြှားချက်ကို အောင်မြင်နိုင်ရန်အလို့ငှာ လုယွီသည် သူ၏မှော်စွမ်းအားများနှင့်ရုပ်ခန္ဓာကိုယ်ခွန်အားကို ရောယှက်၍ထုတ်ဖော်အသုံးပြုခဲ့သည်။ထိုမြှားထံတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။

ဘန်း....

ရုတ်ချည်းဆိုသလိုပင် ထက်ရှသောမြှားသည် အနီရောင်မြွေခေါင်းကြီးကို ထွင်းဖောက်သွားကာ ဘန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲသွားတော့သည်။

ဤစွမ်းအားသည် ထောင်သောင်းချီသော မှော်ရတနာများ တပြိုင်နက်တည်း ပေါက်ကွဲသွားသည့်စွမ်းအားနှင့် ညီမျှသည်။အလွန်ကြီးမားသောအားလှိုင်းများသည် မိုးကောင်းကင်ယံအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသောနေတစ်စင်းအလား အလင်းလုံးများအဖြစ်သို့ ပြောင်းလဲသွားသည်။

အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော အမှောင်ထုကြီး ချက်ချင်းပျက်ပြယ်သွားလေ၏။ဤတောက်ပသောအလင်းရောင်အောက်တွင် မရေမတွက်နိုင်သော အသွေးအသားအစအနများ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ မြွေခေါင်းကိုးခေါင်းအနက်မှတစ်ခေါင်း အမှန်တကယ်ကို ပေါက်ကွဲသွားလေပြီ။

အား....

တုန်လှုပ်ချောက်ချားဖွယ် ဟိန်းဟောက်သံကြီးတစ်သံက ထိုပေါက်ကွဲမှုအတွင်းမှ ထွက်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရှေးဟောင်းနတ်ဆိုးများအကြားတွင် ထိပ်သီးတည်ရှိမှုကြီးတစ်ခုပင်။သူ၏အဆင့်အတန်းသည် အလွန်မြင့်မားသဖြင့် ရှေးဟောင်းနတ်ဆိုးများအကြား၌ အထွတ်အထိပ် တည်ရှိမှုကြီးတစ်ခုဖြစ်သည်။

သူ့အတွက် လုယွီသည် ရွှေအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ပုရွက်ဆိတ်လေးတစ်ကောင်ပင်။အများဆုံးအနေဖြင့် လုယွီသည် သာမာန်ထက် ခေါင်းအနည်းငယ်ပို၍ကြီးသော ပုရွက်ဆိတ်တစ်ကောင်သာဖြစ်ပြီး သူ၏စိတ်အာရုံကို အနည်းငယ်မျှ ဆွဲဆောင်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တည်ရှိမှုတစ်ခုသည် သူ့အား အမှန်တကယ်ကို အလွန်ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှု ပေးစွမ်းနိုင်ခဲ့သည်။

အနီရောင်မြွေခေါင်းကြီး ကြေမွှပျက်စီးသွားပြီးနောက် သွေးမြူများ ပျံ့လွင့်လာသည်။

ဤမြွေခေါင်းကြီးသည် အလွန်ကြီးမားပေ၏။

ထိုအရာကြီး ရုတ်တရက်ပေါက်ကွဲသွားကာ သွေးများပြန့်ကျဲကျလာသဖြင့် မိုးကောင်းကင်ယံတစ်ခြမ်းနီးပါး အနီရောင်သို့ပြောင်းလဲသွားသည်။

"ဒီကောင်စုတ်လေးက အရမ်းရက်စက်ကြမ်းကြုတ်တာပါလား....သူ့ကြောင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့ခေါင်းတစ်ခေါင်းတောင် ပေါက်ကွဲသွားခဲ့တယ်"

ခွေးနက်ကြီး၏လည်ပင်း ကြုံဝင်သွားသည်။ မိုးကောင်းကင်ယံအတွင်းမှ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ဒေါသတကြီးဟိန်းဟောက်သံကိုကြားချိန်တွင် သူသည် အလွန်အမင်း စိတ်မသက်မသာ ခံစားမိလေ၏။

မိုးကောင်းကင်ယံအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏အထွတ်အထိပ်အခြေအနေသို့ ရောက်လုနီးပါးပင်။

သူ၏ခေါင်းတစ်ခေါင်း ဆုံးရှုံးသွားခြင်းသည် သူ ပြန်လည်ကုစား၍ရသော တစ်စုံတစ်ခုပင်။

သို့ရာတွင် သူ၏ခေါင်းသည် လုယွီကြောင့် ပျက်စီးသွားခဲ့ရသည်မှာ အလွန်အမင်းကြီးမားသော အရှက်ခွဲခံရမှုကြီးပင်။ဤကိစ္စကို သူ မည်သည့်နည်းနှင့်မျှ သည်းမခံနိုင်​ချေ။

"သေစမ်း"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ့ထံတွင် ကျန်ရှိသော မြွေခေါင်းရှစ်ခေါင်းမှပါးစပ်များ တပြိုင်နက်တည်းပွင့်လာကာ သူတို့၏ပါးစပ်များအတွင်း၌ အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအားလုံးများကို သိပ်သည်းထားသည်။မီး မိုးကြိုး လေ ရေခဲ စသည့်စွမ်းအားလှိုင်းများသည် မြွေခေါင်းရှစ်ခေါင်းအတွင်းသို့ အရူးအမူး စီးဝင်နေပေ၏။

အလွန်ပြင်းထန်သော တိုက်ခိုက်မှုကြီး ဆင်းသက်လာတော့မည့် အချိန်မှာပင်....

"ဧည့်အကြီးအကဲလုကို ကာကွယ်ကြမယ်"

"သတ်ဖြတ်ခြင်းဝင်္ကပါကိုဖွဲ့စည်းပြီးတော့ ငါတို့တွေက သူ့ကို စွမ်းအားတွေငှားရမ်းရမယ်"

မြို့ရိုးပေါ်ရှိ မရေမတွက်နိုင်သော စစ်သားများ တပြိုင်နက်တည်း အော်ဟစ်ကြုံးဝါးလိုက်ကြကာ သူတို့၏သွေးချီများက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

စစ်သားများအားလုံးသည် သူတို့၏လက်များကိုမြှောက်လိုက်ကြကာ ထူထပ်သိပ်သည်းပြီး အကန့်အသတ်မရှိသောစွမ်းအားများက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်။

ဤသည်မှာ သူတို့၏စွမ်းအားများကို လုယွီအား ယာယီငှားရမ်းလိုက်ခြင်းပင်။

ဤနည်းစနစ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။ဤသည်မှာ လူအများစုထံတွင် တူညီသော အတွေးနှင့်စိတ်ဆန္ဒများရှိမှသာ လုပ်ဆောင်နိုင်သောအရာပင်။

Chapter 4108

သေမျိုးလောက၌ နတ်ဘုရားအများစုသည် သူတို့၏မှော်မန္တန်များကို ရွတ်ဆိုရာ၌ သူတို့၏ယုံကြည်သူများထံမှ စွမ်းအားများကိုဆင့်ခေါ်၍ ငှားရမ်းအသုံးပြုရသည်။

ဤသည်မှာ ထိုနတ်ဘုရား၏ကံကြမ္မာစွမ်းအားမှဆင့်ခေါ်ခံရသော ယုံကြည်ကိုးကွယ်သူများသည် သူတို့၏စွမ်းအားများကို လိုလိုလားလားဆက်သခြင်းပင်။

ယခုလက်ရှိအချိန်၌ မြို့ရိုးပေါ်​တွင်ရှိသော စစ်သားများအားလုံး၏စိတ်ဆန္ဒများသည်လည်း တထပ်တည်းကျနေသည်။

ဤအစောင့်တပ်ရင်းတွေရှိနေသော စစ်သားများသည် သွေးပင်လယ်ကြီးနှင့် တောင်ပုံရာပုံဖြစ်နေသော အလောင်းများကြားမှ ရှင်သန်လာခဲ့သူများပင်။သူတို့အားလုံး၏သွေးချီများ ပွင့်အံ့ထွက်လာချိန်တွင် ညကောင်းကင်ယံ ဆုတ်ပြဲလုမတတ်ပင်။သူတို့၏သွေးချီများအားလုံး မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ဤသည်မှာ မြို့ရိုးပေါ်၌ အလွန်အမင်းတောက်ပသောနေတစ်စင်း ထွက်ပေါ်လာသည့်အလားပင်။

ထိုအရာသည် မရေမတွက်နိုင်သော စစ်သားများ၏သွေးချီများ ရောယှက်လာရာမှ ဖြစ်တည်လာသော သဘာဝလွန်ပုံရိပ်ဖြစ်သည်။ခြစ်ခြစ်တောက်ပူပြင်းသောသွေးချီများ အဆက်မပြတ်မြင့်တက်နေသဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ပုံပျက်သွားစေသည်။

လုယွီသည် ထောင်နှင့်ချီသောစွမ်းအားလှိုင်းများမှ သူ့အား ထောက်ပံ့ကူညီပေးထားသည်ကို ချက်ချင်းခံစားမိလေ၏။ဤသည်မှာ သူ၏လက်အတွင်း၌ ခြင်္သေ့စစ်တပ်တစ်တပ်ကို ဆုပ်ကိုင်ထားနိုင်သည့်အလားပင်။သူသည် အမိန့်တစ်ခုပေးရန်သာလိုအပ်ပြီး ရန်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီထံ၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဟူသော ယုံကြည်ချက်များ ရရှိလာသည်။

"ယုတ်ညံ့တဲ့ နတ်ဆိုးကောင်...ငါက အခုချိန်မှာ မင်းကိုသတ်ဖို့ မလွယ်ပေမယ့်....ဒီနေ့ ငါက မင်းရဲ့ခေါင်းတစ်ခေါင်းကို ဖြတ်နိုင်မှတော့ နောင်အနာဂတ်မှာလည်း ငါက ဒီကိစ္စကို ထပ်လုပ်နိုင်တယ်....မင်းလိုယုတ်ညံ့တဲ့နတ်ဆိုးကောင်က ငါ့ရဲ့လက်ထဲမှာ အနှေးနဲ့အမြန် သေရလိမ့်မယ်"

စစ်သားများထံမှတိုးဝင်လာသော သွေးချီစွမ်းအားများကို အာရုံပြီးနောက် လုယွီက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။ထို့နောက် သူ၏လက်ကိုဖြန့်လိုက်ရာ သူ၏လက်ဝါးအတွင်းမှနေ၍ မိုးကြိုးလှိုင်းများ တလိမ့်လိမ့်ထွက်ပေါ်လာသည်။

ဝုန်း....

လုယွီ၏နံဘေးပတ်လည်၌ မိုးခြိမ်းသံများ မြည်ဟီးလာသည်။

ဤသည်မှာ ရှေးဟောင်းမိုးကြိုးနတ်ဘုရားပင်။

ဤနတ်ဘုရားတစ်ပါးတည်းမဟုတ်ဘဲ ပန်ဂုနတ်ဘုရား မီးနတ်ဘုရား ဟောင်တုနတ်ဘုရား သွေးနတ်ဘုရားနှင့် အသူရာနတ်ဘုရားပုံရိပ်ယောင်များက လုယွီ၏လက်ဝဲဘက်ခြမ်း၌ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်များမှနေ၍ ခပ်ဖျော့ဖျော့ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။

လုယွီ၏လက်ယာဘက်ခြမ်းတွင် ဗုဒ္ဓပုံရိပ်ယောင်များရှိနေသည်။မြောက်များစွာသော ဗုဒ္ဓပုံရိပ်ယောင်များက လေဟာနယ်အတွင်း၌ မောက်မာဝံ့ကြွားစွာ မတ်တပ်ရပ်နေကာ ကျမ်းစာများကိုရွတ်ဖတ်ပြီး ဗုဒ္ဓအလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။

ထိုနတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များအကြားတွင် လုယွီ၏စိတ်ဝိညာဉ်သည် မြေအောက်လောကနတ်ဘုရားအသွင်သို့ပြောင်းလဲကာ အလယ်တည့်တည့်၌ရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်နှင့် တူညီနေပေ၏။သူသည် နတ်ဘုရားများနှင့်ဗုဒ္ဓများ၏အလယ်တွင်ထိုင်ကာ စကြာဝဠာကြီးတစ်ခုလုံးကို ထိန်းချုပ်နေသည့်အလားပင်။

ဤသည်မှာ လုယွီ၏အစွမ်းထက်သောစိတ်ဝိညာဥ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော သဘာဝလွန်ပုံရိပ်ဖြစ်သည်။

အတိတ်တွင် လုယွီရင်ဆိုင်ခဲ့ရသော ရန်သူဟူသရွေ့ မည်မျှထိ အစွမ်းထက်သူဖြစ်နေပါစေလုယွီ၏ ပုံရိပ်ယောင်အသွင်ပြောင်းခြင်းကို ခံထားရသည်။သူတို့သည် ကျမ်းစာများကိုရွတ်ဆိုရင်း မြေအောက်လောကနတ်ဘုရား၏အမည်နာမကိုရေရွတ်ကာ လုယွီ၏ သစ္စာရှိနောက်လိုက်များ ဖြစ်လာကြသည်။

"ကံကြမ္မာ...သက်ရှိအားလုံး....ပြန်လည်ဝင်စားခြင်း...."

လုယွီက သူ၏လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ၏လက်ချောင်းများကိုလှုပ်ခတ်ကာ လျှို့ဝှက်ဆန်းကြယ်ပြီးအစွမ်းထက်သော လက်စည်းတံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်၏။

ဤသည်မှာ တာအိုနည်းစနစ်များအပေါ်သူ၏နားလည်သဘောပေါက်မှုများအားလုံးကိုစုစည်း၍ ထုတ်ဖော်အသုံးပြုထားသော အထွတ်အမြတ် ရွှေရောင်လက်စည်းတံဆိပ်ပင်။တချိန်တည်းမှာပင် သူ၏ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်စွမ်းအားကိုလည်း အကုန်အစင် ဖြန့်ကျက်လိုက်သည်။

လူအမြောက်အများ၏စွမ်းအားများ ထောက်ပံထားမှုကြောင့် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး အလွန်ကြီးမားစပြုလာသည်။

ဤရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသောအချိန်တွင် ရှေးကျသောစိတ်ဆန္ဒတစ်ရပ်ရှိနေပေ၏။ထိုလက်ဝါးပုံရိပ်ယောင်ကြီး လေဟာနယ်အတွင်း၌ ဖြတ်သန်းသွားချိန်တွင် အချိန်စီးဆင်းမှု ပို၍လျှင်မြန်လာကာ လေနှင့်လျှပ်စီးမိုးကြိုးအလား အရှိန်နှုန်းအဖြစ်သို့ရောက်ရှိနေလေပြီ။

လုယွီ၏ထိန်းချုပ်ခံထားရသော မိုးကောင်းကင်ယံအတွင်းရှိ နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များသည် အဝေးတစ်နေရာမှ မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံဦးတည်၍ သူတို့၏လက်ဝါးရိုက်ချက်များကို တပြိုင်နက်တည်းရိုက်ထုတ်လိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ အထွတ်အမြတ်မှော်အလင်းတန်းများဖြင့် ပြည့်နှက်သွားလေ၏။ကြီးမားသောမှော်စွမ်းများကြောင့် အရပ်မျက်နှာအဘက်ဘက်ရှိ လေဟာနယ်အတွင်းမှနေ၍ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

"သောက်ချေးပဲ....ခွေးလိုနိမ့်ကျတဲ့ကောင်...သေစမ်း"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရူးသွပ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။သူ၏ပါးစပ်မှနေ၍ အကန့်အသတ်မရှိသော နတ်ဘုရားအလင်းတန်းများ ပျံ့လွင့်လာသည်။ရုတ်ချည်းဆိုသလိုပင် ထိုအရာများသည် လုယွီ၏ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားပေ၏။

Chapter 4109

ဝုန်း....

ကောင်းကင်နှင့်မြေပြင်အကြားတွင် အင်မော်တယ်တစ်ယောက်နှင့်နတ်ဆိုးတစ်ကောင်တို့ ပြင်းထန်သောတိုက်ပွဲတစ်ခုကို စတင်၍ဆင်နွှဲနေကြသည်။

ကောင်းကင်ဘုံဥပဒေသများ၏ တားမြစ်ကန့်သတ်ချက်ကြောင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏စွမ်းအားကိုးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ကန့်သတ်ခြင်း ခံထားရသည်။သို့ရာတွင် ကြွင်းကျန်သော သူ၏စွမ်းအားဆယ်ရာခိုင်နှုန်းကပင် မိုးကောင်းကင်ယံကို အရောင်ပြောင်းလဲသွားစေရန် လုံလောက်သည်။

သူတို့နှစ်ယောက်ထိတွေ့မိသည်နှင့် စွမ်းအားလှိုင်းနှစ်ရပ်က လေထုအတွင်း၌ ပြင်းပြင်းထန်ထန် ထိတွေ့သွားကာ မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် မည်သို့မျှ လုပ်ဆောင်နိုင်စွမ်းမရှိချေ။

"လောကကြီးတစ်ခုလုံး အမှောင်ဖုံးနေပြီ...သက်ရှိတွေအားလုံးကို ဝါးမြိုမယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပါးစပ်မှနေ၍ ရှေးကျပြီးရှုပ်ထွေးသော မှော်မန္တန်တစ်ပုဒ် ရုတ်တရက်ထွက်ပေါ်လာသည်။

ထိုမှော်မန္တန်၏စာလုံးတစ်လုံးချင်းစီသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ်နှင့် ပြည့်နက်နေသည်။စကားစုတစ်စုထွက်ပေါ်လာသည့်အချိန်တိုင်း မိုးကောင်းကင်ယံအတွင်းရှိ သွေးလကြီး ပို၍တောက်ပလာပေ၏။

လုယွီ၏ခေါင်းထက်သို့ အစွမ်းထက်သောလေစုပ်ဝဲကြီးတစ်ခု ရုတ်တရက် ဆင်းသက်လာသည်။

ထို့နောက် လူယွီ၏နံဘေးပတ်လည်တွင်ရှိနေသော နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားကာ မည်သည့်အရာမျှမရှိခဲ့သကဲ့သို့ ပြောင်းလဲသွားသည်။ကံကြမ္မာစွမ်းအားများသည် အလွန်လျှင်မြန်စွာလွင့်ပြယ်သွားကာ ထိုပုံရိပ်ယောင်များထံ၌ ခုခံကာကွယ်ရန် မည်သည့်နည်းလမ်းမျှမရှိခဲ့ချေ။

"ပြန်လည်ဝင်စားခြင်း မြင့်တက်လာစမ်း"

လုယွီသည် သူ၏လက်ဖြင့် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းကာ သူ၏မှော်မန္တန်ကို ပြောင်းလဲလိုက်၏။ထို့နောက် မူလက ကြေမွှပျက်စီးသွားသော နတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင်များ တဖန်ပြန်၍ထွက်ပေါ်လာသည်။

ထိုနတ်ဘုရားများနှင့်ဗုဒ္ဓပုံရိပ်ယောင် တစ်ခုချင်းစီမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။

ဤသည်မှာ ဗုဒ္ဓနှင့်နတ်ဘုရားများ၏ ပြန်လည်ဝင်စားခြင်းစွမ်းအားပင်။လုယွီ၏သရုပ်သကန်ထင်ဟပ်စေမှုအောက်တွင် ဗုဒ္ဓများနှင့်နတ်ဘုရားများထံမှနေ၍ အလင်းရောင်အသစ်များပွင့်အံ့ထွက်လာသည်။

"ထွက်လာခဲ့စမ်း"

လုယွီ၏မျက်လုံးအတွင်း၌ ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေသည်။

သူသည် မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ယောင်နည်းစနစ်ကို ကျွမ်းကျင်စွာတတ်မြောက်ပြီးဖြစ်သည်။ဤအချိန်အခိုက်အတန့်တွင် သူသည် နတ်ဘုရားများအားလုံး၏ဘုရင်တစ်ပါးအလားပင်။

ဤမြင်ကွင်းကိုမြင်တွေ့မိသော မည်သူမဆို အံ့အားသင့်တုန်လှုပ်သွားကြသည်။

ခွေးနက်ကြီးသည် ယခုလက်ရှိအချိန်၌ သူ၏အောက်မေးရိုးများ ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်နေသည်။ထိုနောက် သူက လုယွီကိုစူးစိုက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

"တကယ်လို့ သူက ကောင်းကင်ဘုံနန်းတွင်းမှာရှိနေရင်တောင်....သူ့ရဲ့အရည်အချင်းနဲ့ အနည်းဆုံးတော့ နန်းဆောင်တစ်ခုရဲ့အရှင်သခင် ဖြစ်လာနိုင်တယ်"

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထပ်မံ၍ ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။သို့ရာတွင် မကြာမီမှာပင် သူသည် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။မိုးကောင်းကင်ယံအတွင်းရှိ သူ၏ကြီးမားသောပုံရိပ်ယောင်ကြီးသည်လည်း တဖြည်းဖြည်းပျက်ပြယ်စပြုလာသည်။

ဤသည်မှာ သူသည် လုယွီထံမှခြိမ်းခြောက်မှုကို ခံယူလိုက်ရသည့်အလားပင်။

မြို့ရိုးပေါ်တွင်ရှိနေသောစစ်သားများသည် အချိန်တခဏကြာခန့် ကြက်သေသေနေပြီးနောက် ဝမ်းမြောက်ဝမ်းသာအော်ဟစ်လိုက်ကြသည်။

သူတို့၏အမြင်အရ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထိတ်လန့်ကြောက်ရွံသွားသဖြင့် တိတ်တဆိတ်ဆုတ်ခွာသွားခြင်းပင်။

သူတို့သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ရင်ဆိုင်ရာ၌ အနိုင်ရရှိသွားပြီဟု သူတို့အားလုံးတွေးထင်နေကြသည်။

ဤသည်မှာ မကြုံစဖူး အောင်မြင်မှုကြီးတစ်ရပ်ပင်။

စစ်သားများအားလုံး ဝမ်းသာပျော်ရွှင်နေသော်လည်း လုယွီ၏မျက်နှာအမူအယာ မကြုံစဖူး တည်ကြည်လေးနက်စပြုလာသည်။

ကံကြမ္မာဟောကိန်းနည်းစနစ်ဖြင့် တွက်ချက်မှုအရ သူ၏လက်ရှိအခြေအနေသည် သေလုဆဲဆဲအန္တရာယ်အတွင်းသို့ ကျရောက်နေပေ၏။

နတ်ဘုရားချုပ်နှောင်ခြင်းရေအိုင်....

ဤနေရာ၏ပြင်ပတွင် တောအုပ်တစ်အုပ်ရှိကာ အတွင်းဘက်၌ရေများစီးဆင်းနေသော ရေအိုင်တစ်အိုင်ရှိသည်။

ရေအိုင်အတွင်း၌ နဂါးတကောင်ကို ပိတ်လှောင်ထားလေ၏။ထိုနဂါးသည် လွတ်မြောက်နိုင်ခြင်းမရှိသော်လည်း သတ်ဖြတ်နိုင်ခြင်းစိတ်ဆန္ဒများက နေရာအနှံ့အပြားသို့ ပျံ့နှံ့နေသည်။

မ​ကြုံစဖူး ထိတ်လန့်ကြောက်ရွံဖွယ်ကောင်းသောအရှိန်အဝါတစ်ရပ်က အစွမ်းထက်သော ဖိအားတစ်ရပ်နှင့် အတူယှဉ်တွဲ၍ လုယွီ၏ခေါင်းထက်သို့ ဆင်းသက်လာသည်။

လုယွီက ရုတ်တရက် မိုးကောင်းကင်ယံအတွင်းရှိ အမှောင်ထုကြီးကို ကြည့်လိုက်သည်။သူ၏နောက်ကျောပေါ်သို့ လေးလံသောဖိအားအရှိန်အဝါတစ်ရပ် ဖိစီးလာသည်ကို သူ ခံစားမိပေ၏။

"မကောင်းတော့ဘူး....မင်းရဲ့လုပ်ဆောင်ချက်တွေက အရမ်းမျက်စိနောက်စရာဖြစ်သွားပြီ...အခုချိန်မှာ ကောင်းကင်ဘုံနန်းတော်တောင် ပျက်စီးသွားခဲ့ပြီ...ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်တဲ့ မင်းကို ချန်ထားတာကတင် သူတို့ရဲ့စိတ်အာရုံကို ဆွဲဆောင်ပြီးသားဖြစ်နေပြီ"

ခွေးနက်ကြီးက နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်သည်။

သို့ရာတွင် သူ အဝေးသို့ထွက်ပြေးမသွားမီ အံ့တင်းတင်းကြိတ်ကာ သူ၏ခေါင်းကို နောက်သို့လှည့်ကြည့်ပြီး လုယွီကို အော်ဟစ်ပြောဆိုလိုက်၏။

"ကောင်စုတ်လေးလု....တကယ်လို့ မင်း ခုချိန်မှာ ထွက်ပြေးမယ်ဆိုရင် အရမ်းနောက်မကျသေးဘူး....သူတို့က မင်းကို သေချာပေါက် သတ်လိမ့်မယ်...သူတို့က မင်းကိုမသတ်ဘူးဆိုရင်တောင် ဘယ်နည်းနဲ့မှ အလွတ်ပေးမှာမဟုတ်ဘူး"

ခွေးကြီး၏စကားကိုကြားချိန်တွင် လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။

"ဒါက အရမ်းနောက်ကျသွားပြီ"

ပတ်ဝန်းကျင်ရှိလေဟာနယ်သည် လုံးလုံးလျားလျား ချိတ်ပိတ်ခံထားရလေပြီ။

အမှောင်ထုအတွင်း၌ အချုပ်အနှောင်တစ်ခုမှ ချိုးဖျက်လာသည့်အလား ကြီးမားသောအနက်ရောင်ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ နတ်ဆိုးချီများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ တောင်ပံလေးခုပါသော သက်ရှိတစ်ကောင်ပင်။ထိုအရာ၌ မည်သည့်မျက်နှာပုံပန်းသွင်ပြင်မျှမရှိဘဲ ရှည်လျားသေးသွယ်သောခန္ဓာကိုယ်ရှိသည်။သူသည် တိမ်တိုက်များ၏အထက်၌ မတ်တတ်ရပ်နေကာ နေရောင်ကို ပိတ်ဖုံးထားသည်။

လူအများစုသည် ထိုမှော်သားရဲကိုမြင်တွေ့ချိန်၌ ရွံရှာစပ်ဆုပ်ခြင်းကို ခံစားလိုက်ရကာ သူတို့၏စိတ်နှလုံးသားအတွင်းမှ အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံ့မှုများ မြင့်တက်လာသည်။

"ဖရိုဖရဲနတ်ဆိုးဘိုးဘေး....သူလည်း ဒီနေရာကိုရောက်လာတာလား"

ခွေးနက်ကြီးသည် မိုးကောင်းကင်ယံအတွင်းရှိ နတ်ဆိုးသားရဲကိုကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိအမွှေးများ ထောင်မတ်သွားကာ အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေပေ၏။

Chapter 4110

ဘုန်း...

မိုးကောင်းကင်ယံအတွင်း၌ တောက်ပသော သွေးလတစ်ခု ထပ်မံ၍ထွက်ပေါ်လာသည်။

ဤသည်မှာ မိုးကောင်းကင်ယံကြီးတခွင်လုံးကို ဆုတ်ဖြဲခံလိုက်သည့်အလားပင်။ကလေးတစ်ယောက်၏ငိုကြွေးသံကဲ့သို့ ထူးဆန်းသည့်အသံတစ်သံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။ထိုအသံကိုကြားမိသူတိုင်း သူတို့၏ဆံပင်များ အဆုံးထိထောင်သွားကာ သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားလေ၏။

ဖရိုဖရဲနတ်ဆိုးဘိုးဘေး၏နံဘေးတွင် ခေါင်းကိုးခေါင်းနှင့်အမြှီးကိုးချောင်းရှိသော နတ်ဆိုးသားရဲတစ်ကောင် ထွက်ပေါ်လာသည်။ထိုသားရဲ၏ခေါင်းများသည် ကွဲပြားခြားနားသောပုံသဏ္ဍာန်ရှိကာ ခွေးတစ်ကောင် သို့မဟုတ် မြေခွေးတစ်ကောင်ကဲ့သို့ အရာမျိုးပင်။သူတို့၏ပုံသဏ္ဍာန်များသည် ကွဲပြားခြားနားသော်လည်း ပုံပန်းသွင်ပြင်များသည် အလွန်ရက်စက်ကြမ်းကြုတ်ပေး၏။သူတို့၏သွားများသည် ထက်ရှကာ သူတို့၏မျက်လုံးများအတွင်းမှနေ၍ ရက်စက်ကြမ်းကြုတ်သောအလင်းရောင်များ ဖြာထွက်နေသည်။

ဤနတ်ဆိုးသားရဲသည် ထူးဆန်းသောပုံသဏ္ဍာန်ရှိကာ သူ၏အသံ အလွန်အမင်းကျယ်လောင်သည်။သူ့၏ခေါင်းကိုးလုံးမှ အမူအယာများသည်လည်း ကွဲပြားခြားနားနေပေ၏။တချို့သည် မနှစ်မြို့ဖွယ်ပြုံးနေကာ တခြားအရာများသည် ခါးသည်းစွာငိုကြွေးနေသော အမူအယာပင်။

"မြင့်မြတ်နဂါးနတ်ဆိုးဘိုးဘေးလည်း ဒီနေရာကို ရောက်လာပြီ"

ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တည်ရှိမှုကြီးကိုမြင်တွေ့ချိန်တွင် ခွေးနက်ကြီး၏နှလုံးခုန်နှုန်း လျှင်မြန်စပြုလာသည်။

သူသည် မူလက ထွက်ပြေးလိုသော်လည်း ယခုချိန်၌ သူ့ထံတွင် ထိုကဲ့သို့အတွေးမျိုး မရှိတော့ချေ။အကြောင်းအရင်းမှာ အစောင့်တပ်ရင်း၏စစ်စခန်းတစ်ခုလုံးကို ထူထပ်သိပ်သည်းသော အမှောင်ထုကြီးက လွှမ်းခြုံထားသောကြောင့်ပင်။

ဤနေရာ၏ပြင်ပ၌ မည်ကဲ့သို့အန္တရာယ်မျိုး ပုန်းကွယ်နေသည်ကို သူ မသိရှိချေ။စစ်စခန်းအတွင်း၌ မတ်တပ်ရပ်နေရသည်မှာလည်း လှိုင်းထန်သောပင်လယ်ပြင်အတွင်းရှိ လှေငယ်လေးတစ်စင်းအလား အချိန်မရွေး တိမ်းမှောက်သွားနိုင်သည်။

အစောင့်တပ်ရင်းမှစစ်သားများသည် သူတို့၏ရှေ့ရှိ တုန်လှုပ်​ချောက်ချားကောင်းသော တည်ရှိမှုကြီးများကို မသိရှိကြချေ။

သို့ရာတွင် ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင်၏နံဘေးပတ်လည်ရှိ ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများကို မြင်တွေ့ရုံဖြင့်သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကန့်အသတ်မရှိသော ထိတ်လန့်ကြောက်ရွံ့မှုများ ပေါက်ဖွားလာသည်။သူတို့ထံတွင် ထိုတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တည်ရှိမှုကြီးများကို မော့ကြည့်ရန်အတွက် သတ္တိမရှိချေ။

"ကောင်းကင်ဘုံနန်းတော်က ပျက်စီးသွားခဲ့ပြီ...ဒီလောကကြီးထဲမှာ အင်မော်တယ်တွေ ကျန်နေသေးတာလား"

အဝေးတစ်နေရာမှနေ၍ ရှေးကျသောအသံတစ်သံ ထွက်ပေါ်လာသည်။

ဤထူးဆန်းသောအသံသည် ပဲ့တင်ထပ်လာကာ မြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေသော စစ်သားများအားလုံး သူတို့၏စိတ်နှလုံးသားများ တုန်ရီသွားသည်ကို ခံစားမိသည်။

ထို့နောက် လေထုအတွင်း၌ တခြားနတ်ဆိုးသားရဲတစ်ကောင်က မောက်မာဝံ့ကြွားသောအမူအယာဖြင့် ထွက်ပေါ်လာသည်။ထိုနတ်ဆိုးသားရဲ၏ပါးစပ် နံဘေးတဘက်တစ်ချက်တွင် ရှည်လျားသောနှုတ်ခမ်းမွှေးတစ်ချောင်းစီရှိကာ လေထုအတွင်း၌ လူးလွန့်နေသည်။ထိုသားရဲကိုကြည့်ရသည်မှာ အလွန်ထူးဆန်းနေပေ၏။

ခွေးနက်ကြီး၏စိတ်နှလုံးသား ပို၍လေးလံသွားသည်။သူရှေ့ရှိတည်ရှိမှုကြီးကို သူ ကောင်းစွာသိရှိထားသည်။ဤသည်မှာ ရှေးဟောင်းနတ်ဆိုးများအကြားရှိ ကျူးယန်နတ်ဆိုးဘိုးဘေးပင်။

ထို့နောက် အမှောင်ထုအတွင်းမှနေ၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပုံရိပ်များ ထပ်မံ၍ထွက်ပေါ်လာသည်။ထိုပုံရိပ်များသည် နတ်ဆိုးဘိုးဘေးများဖြစ်ပြီး ယခုချိန်၌ ဤနေရာသို့ နတ်ဆိုးဘိုးဘေးဆယ့်နှစ်ကောင် ရောက်ရှိနေလေပြီ။

အတိတ်တွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီနှင့်ခွေးနက်ကြီးတို့သည် ဤမျှထိများပြားသော နတ်ဆိုးဘိုးဘေးများကို တွေ့မြင်ခဲ့ရခြင်းမရှိချေ။

သူတို့အနက်မှတစ်ယောက်ချင်းစီထံတွင် ကောင်းကင်နှင့်မြေပြင်ကို ပြိုလဲသွားစေသည့်အလား ရှေးကျသောအရှိန်အဝါတစ်ရပ်ရှိနေသည်။သူတို့၏လက်များကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် မိုးကောင်းကင်ယံအတွင်းမှ သွေးမြစ်ကြီးတစ်စင်း ဆင်းသက်လာတော့မည်အလားပင်။

ထိုတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပုံရိပ်ဆယ့်နှစ်ခု၏ရှေ့တွင် လုယွီသည် နှိုင်းယှဉ်ပြစရာမရှိသည်အထိ အထီးကျန်နေပုံရသည်။

သူ၏နောက်တွင် ပေတစ်သောင်းခန့်မြင့်မားသော မြို့ရိုးကြီးရှိနေသည်။

လုယွီသည် စစ်သားများ၏ထောက်ပံမှုနှင့် သူ၏စွမ်းအားများအားလုံးကို ရောယှက်အသုံးပြုကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းများအနက်မှတစ်ခေါင်းကို ကြေမွှပျက်စီးစေခဲ့သည်။သို့ရာတွင် ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး တစ်ကောင်တည်းပင်။

ယခုချိန်တွင် သူ့ရှေ့၌ နတ်ဆိုးဘိုးဘေးအမြောက်အများရှိနေသဖြင့် သူ ရင်ဆိုင်တိုက်ခိုက်ပါက သေလမ်းရှာဖွေသည်နှင့် ကွဲပြားခြားနားမည်မဟုတ်ချေ။

လက်ရှိနေရာတွင်ရှိနေသော စစ်သားများအားလုံးသည် လုယွီ မည်သည့်အရာအား ရင်ဆိုင်နေရသည်ကို သိရှိထားပေ၏။

ထိုကြောင့် သူတို့၏စွမ်းအားများကို မဟာဝင်္ကပါကြီးအတွင်းသို့ အရူးအမူးစီးဝင်စေကာ လုယွီ၏ခွန်အားကို မြှင့်တင်ရန်အတွက် စွမ်းအားများထောက်ပံ့ပေးရန်သာ တတ်နိုင်တော့သည်။

အမှန်အားဖြင့် ဤသို့ပြုလုပ်ခြင်းသည် သူတို့၏စိတ်ဆန္ဒများကို ဖော်ပြနိုင်ရုံသက်သက်ပင်။

ထောင်သောင်းချီသော လူများ၏စွမ်းအားများ အတူတကွစုဝေးမိချိန်တွင် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေနိုင်စွမ်းရှိသည်။သို့ရာတွင် ထိုစွမ်းအားများသည် မိုးကောင်းကင်ယံအတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသော အစွမ်းထက်တည်ရှိမှုကြီးများနှင့် နှိုင်းယှဉ်ပါက အလွန်အမင်းအားနည်းနေသည်။

"ဒါဆိုရင် သူက ရွှယ်အင်မော်တယ်လေးတစ်ယောက်လား...သူ့ရဲ့အင်မော်တယ်စွမ်းအားတွေ မလုံလောက်သေးတာကိုကြည့်ရင် သူက တက်လှမ်းတာမကြာသေးတဲ့ ရွှယ်အင်မော်တယ်တစ်ယောက်ပဲဖြစ်မယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဘုံနန်းတော်အတွင်းမှာရှိတဲ့ အင်မော်တယ်တွေအားလုံး သေဆုံးသွားခဲ့ပြီ....သူတို့ကို ဆက်ပြီးတည်ရှိနေခွင့်မပြုနိုင်ဘူး....ဒါကြောင့် သူကိုလည်း ဆက်ပြီးအသက်ရှင်ခွင့်ပေးလို့မရဘူး"

နတ်ဆိုးဘိုးဘေးများသည် အချင်းချင်းတိုင်ပင်ဆွေးနွေးကာ လုယွီ၏ကံကြမ္မာကို ဆုံးဖြတ်နေကြသည်။

လေဟာနဲ့အတွင်း၌လုယွီတစ်ယောက်တည်းတိတ်ဆိတ်ငြိမ်သက်စွာမတ်တပ်ရပ်နေသည်။

သူသည်မည်သည့်စကားတစ်ခွန်းများပြောဆိုခြင်းမရှိသော်လည်း သူ၏လက်ဝါးအတွင်း၌အကန့်အသတ်မရှိသောမှော်ဝင်ကမ္ဘာသင်္ကေတများ ထွက်ပေါ်လာသည် မိုးကောင်းကင်ရဲ့အတွင်းရှိအင်မော်တယ်စွမ်းအားများသည်လည်းတဖန်မြင့်တက်လာကာ ပေါက်ကွဲသောမည့်အထွတ်အထိပ်အခြေအနေသို့ရောက်ရှိနေလေပြီ။

All Chapters