အခန်း (၄၁၁၆-၄၁၂၀)
Vol. 209 Ch. 4116-4120
Chapter 4116
ဤတစ်ကြိမ်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး အသုံးပြုလိုက်သော နည်းစနစ်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
သူ ပြောဆိုလိုက်သော စကားလုံးတစ်လုံးတွင် အကန့်အသတ်မရှိသော မဟာတာအိုစွမ်းအားများ ပါဝင်နေပုံရသည်။ဤသည်မှာ ထိုစကားလုံးကိုပြောဆိုပြီးနောက် ထိုလူအား လုံးလုံးလျားလျား အမြစ်ပြတ်သုတ်သင်နိုင်တော့မည့်အလားပင်။
ဤသည်မှာ နတ်ဘုရားများနှင့်အစွမ်းထက်နတ်ဆိုးများသာ အသုံးပြုနိုင်သော နည်းစနစ်တစ်ခုဖြစ်ပြီး တွေးတော၍မရနိုင်သည်အထိ အလွန်အစွမ်းထက်သည်။
လုယွီသည် သူ၏စိတ်ဝိညာဥ်အတွင်းသို့ ဒီရေလှိုင်းတလှိုင်းအလား စွမ်းအားလှိုင်းတစ်လှိုင်း တိုးဝင်လာသည်ကို ခံစားမိသည်။သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သော်လည်း ဤတိုက်ခိုက်မှု၏အလယ်တွင် သူ၏စိတ်ဝိညာဉ်သည် မုန်တိုင်းအကြားသို့ရောက်ရှိနေသည့်အလားပင်။သူ၏စိတ်ဝိညာဥ် အဆက်မပြတ်တုန်ခါနေကာ အချိန်မရွေးပျက်စီးသွားတော့မည့်အလားပင်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် လုယွီ၏ရှေ့သို့ လူသားဧကရာဇ် ရောက်ရှိလာသည်။
သူ၏ကျယ်ပြန့်သောပုခုံးပြင်သည် အရာရာတိုင်းကို ပြိုလဲပျက်စီးသွားခြင်းမှ ဟန့်တားနိုင်ပုံရသည်။
လူသားဧကရာဇ်၏ခန္ဓာကိုယ်မှနေ၍ သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာသည်။သူ၏သွေးချီများသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံ့လွင့်သွားကာ စစ်ဗုံသံများကဲ့သို့ ကျယ်လောင်သောအသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
မိုးကောင်းကင်ယံအတွင်း၌ လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာကာ နေ့အချိန်အလား လင်းထိန်သွားသည်။လူသားဧကရာဇ်သည် မိုးကောင်းကင်ယံအတွင်း၌ နေတစ်စင်းအလား မတ်တတ်ရပ်နေပေ၏။သူ ထုတ်လွှတ်ထားသောအလင်းတန်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံသွားကာ နယ်မြေတစ်ခုလုံးကို လင်းထိန်နေစေသည်။
"သူ့ရဲ့သွေးချီတွေက နေတစ်စင်းလိုဖြစ်နေပြီးတော့ သဘာဝလွန်ပုံရိပ်တွေ ထွက်ပေါ်စေတယ်...သူက သိုင်းအာဏာရှင်တစ်ယောက်ပဲ"
လုယွီ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။သူ့ရှေ့ရှိမြင်ကွင်းသည် သူ့အား ကြီးမားသော ထိတ်လန့်တုန်လှုပ်စေမှုကို ပေးစွမ်းနိုင်ပေ၏။
ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်း၌ အဓိကကျင့်ကြံဆင့်နယ်ပယ်ကြီးသုံးခုရှိကာ သိုင်းသူတော်စင်နယ်ပယ် သိုင်းအင်ပါယာနယ်ပယ်နှင့် သိုင်းအာဏာရှင်နယ်ပယ်ပင်။
သိုင်းအာဏာရှင်နယ်ပယ်သို့အရောက်တွင် တစ်စုံတစ်ယောက်၏ရုပ်ခန္ဓာကိုယ်သည် အင်မော်တယ်ခန္ဓာကိုယ်ထက် သာလွန်သွားလေပြီ။သူတို့၏သက်ရှည်မီးအိမ်ကို ထွန်းညှိထားသောအလင်းတန်းသည် အချိန်အတော်ကြာထိ တောက်ပနေမည်ဖြစ်ပြီး ငြိမ်းသေသွားမည်မဟုတ်ချေ။သိုင်းအာဏာရှင်တယောက် ထွက်ပေါ်လာသည့်အချိန်တိုင်း သူ၏ခန္ဓာကိုယ်အတွင်း၌ အကန့်အသတ်မရှိသော သွေးချီစွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်း၏ အမြင့်ဆုံးနယ်ပယ်ပင်။
အကယ်၍ တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်ကို သိုင်းအာဏာရှင်နယ်ပယ်ထိ ကျင့်ကြံနိုင်ပါက မဟာမိုးကောင်းကင် ရွှေအင်မော်တယ်များနှင့် ပခုံးချင်းယှဥ်၍ မတ်တတ်ရပ်နိုင်ပေမည်။
ပတ်ဝန်းကျင်ကိုကြည့်ပါက အကန့်အသတ်မရှိသောသွေးချီများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေသည်။လေဟာနယ်ပုံပျက်နေသည်ကို သာမန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်ကာ မိုးကောင်းကင်အတားအဆီးတာအိုပင်လျှင် ပြောင်းလဲစပြုနေလေပြီ။
"ဒါဆိုရင် ဒါက သိုင်းအာဏာရှင်နယ်ပယ်ပေါ့...လူတစ်ယောက်က ရုပ်ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ရင် သူ့ရဲ့ခွန်အားက ကြောက်ဖို့ကောင်းတယ်ဆိုတာထက် အများကြီးကျော်လွန်သွားလိမ့်မယ်"
လုယွီသည် သူ၏မျက်လုံးများ လောင်ကျွမ်းတော့လုမတတ် လူသားဧကရာဇ်ကို စူးစိုက်၍ကြည့်လိုက်သည်။
သူသည် မျိုးဆက်လေးဆက်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို မြင်တွေ့ခဲ့ဖူးသည်။
ရှေးဟောင်းအချိန်ကာလအတွင်းမှ မဟာမိုးကောင်းကင်ရွှေအင်မော်တယ်များကိုလည်း သူ မြင်တွေ့ဖူးလေ၏။
သို့ရာတွင် လုယွီသည် သိုင်းအာဏာရှင်တစ်ယောက်ကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
အမှန်အားဖြင့် လုယွီသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့်၌ ရှိနေသည့်တိုင် ယခင်က သိုင်းပညာအင်မော်တယ်များကို သူ မြင်တွေ့ဖူးခြင်းမရှိပေ။
ဤကဲ့သို့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနည်းစနစ်များသည် အမှောင်ထုအတွင်း၌ စမ်းတဝါးဝါးလမ်းလျှောက်နေသည်နှင့် တူညီသည်။တစ်စုံတစ်ယောက်သည် ထိုကျင့်ကြံနည်းစနစ်များကို ကိုယ်တိုင်စူးစမ်းရှာဖွေကာ အတည်ပြုရပေမည်။ဤသည်ကြောင့် ထိုကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခြင်းသည် မှားယွင်းသောလမ်းကြောင်းသို့ ရောက်ရှိသွားရန် အလွန်လွယ်ကူသည်။
ယခုအချိန်၌ သူသည် ရုပ်ခန္ဓာကိုယ်ကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံထားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို မြင်တွေ့ရလေပြီ။တစ်ဖက်လူ ထုတ်ဖော်အသုံးပြုထားသောနည်းစနစ်ကို တစ်ချက်ကြည့်ရုံဖြင့် လုယွီသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပေ၏။
မိုးကောင်းကင်ယံအတွင်း၌ သိုင်းအာဏာရှင်တစ်ယောက်၏ ဖိအားအရှိန်အဝါ ပွင့်အံ့ထွက်လာကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဖိနှိပ်လိုက်သည်။
တခြားရှေးဟောင်းနတ်ဆိုးဆယ့်နှစ်ကောင်သည်လည်း သက်ရောက်ခြင်းခံရပေ၏။အစောပိုင်းက သူတို့ထုတ်ဖော်အသုံးပြုထားသော ဧရာမလက်ကြီးများမှ နတ်ဆိုးချီစွမ်းအားများအားလုံး ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားကာ အချိန်မရွေး ပျက်ပြယ်သွားတော့မည့်အလားပင်။
အား....
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှနေ၍ သွေးပြတ်လုမတတ် အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရှိန်အဝါကို မြေကမ္ဘာနတ်ဆိုးဘိုးဘေးကဲ့သို့ အစွမ်းထက်သူတစ်ယောက်ပင် တောင့်ခံနိုင်ခြင်းမရှိချေ။သူ၏ကြွင်းကျန်သော ခေါင်းရှစ်လုံးမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ တပြိုင်နက်တည်းထွက်ပေါ်လာသည်။
သူ၏ခေါင်းရှစ်လုံးကို တပြိုင်နက်တည်း အောက်သို့ငုံလိုက်၏။အကယ်၍ သူ၏ခေါင်းများကို အနည်းငယ်မော့လိုက်ပါက လူသားဧကရာဇ်ကို အထင်သေးသကဲ့သို့ဖြစ်သွားကာ ဤသည်မှာ မလေးမစားပြုလုပ်သည့် ကြီးလေးသောပြစ်မှုပင်။
"ရှင်းလျှူက အန္တရာယ်တွေ့နေပြီ...ငါတို့ သူ့ကို ကူညီကြရမယ်"
"ဒါပေမဲ့ တကယ်လို့ ငါတို့ဒီလိုလုပ်လိုက်ရင် အရင်က စည်းမျဥ်းတွေကို ငါတို့ ချိုးဖောက်လိုက်သလိုမျိုး ဖြစ်သွားလိမ့်မယ်...တကယ်လို့ သူက ငါတို့ကိုတိုက်ခိုက်ရင် ငါတို့တွေ အရေးနိမ့်တဲ့အနေအထားမျိုးကို ရောက်သွားနိုင်တယ်"
"ဒါက ပြဿနာမရှိဘူး...ငါတို့ဒီနေ့လုပ်သမျှ ကိစ္စတွေအားလုံး စည်းမျဥ်းဘောင်အတွင်းမှာရှိတယ်....သူက ငါတို့ကို ကောင်းကင်ဘုံနန်းတော်ထိ လာသတ်နိုင်မှာမဟုတ်ဘူး"
တစ်ခြားနတ်ဆိုးဘိုးဘေးဆယ့်နှစ်ယောက်သည် သူတို့၏နတ်ဘုရားနည်းစနစ်များကို ထပ်မံ၍ထုတ်ဖော်အသုံးပြုကာ လူသားဧကရာဇ်၏လက်အတွင်းမှ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ကယ်တင်လိုကြသည်။
သူတို့သည် အလွန်အမင်းအစွမ်းထက်ပေ၏။သိုင်းအာဏာရှင်တယောက်၏ ဖိအားအရှိန်အဝါအောက်၌ သူတို့၏နတ်ဘုရားနည်းစနစ်များကို တည်ငြိမ်စွာ ထုတ်ဖော်အသုံးပြုနိုင်ဆဲပင်။
Chapter 4117
နတ်ဆိုးချီစွမ်းအားများက မိုးကောင်းကင်ယံအတွင်း၌ တဖန်ပြန်၍ ရစ်သိုင်းလွှမ်းခြုံလာသည်။
ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ မိုးကောင်းကင်ယံတခွင်လုံး ပြည့်နှက်သွားလုနီးပါးပင်။ရက်စက်ကြမ်းကြုတ်ပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မှော်မန္တန်များကလည်း ဒီရေအလား တစ်ခုပြီးတစ်ခု မျောလွင့်လာသည်။
လေပြင်းများတိုက်ခတ်မှုအောက်တွေ လုယွီနှင့်လူသားဧကရာဇ်တို့၏အဝတ်အစားများ တဖျတ်ဖျတ်လူးလွန့်နေသည်။
ဘုန်း.....
ထိုအချိန်မှာပင် ကျယ်လောင်သောအသံတစ်သံသည် အထက်မိုးကောင်းကင်ယံရှိ လေဟာနယ်အတွင်း၌ မြည်ဟီးလာပေ၏။
လူသားဧကရာဇ်၏ အင်္ကျီလက်အတွင်းမှနေ၍ ကျောက်စိမ်းစည်းတံဆိပ်တစ်ခု မျောလွင့်သွားသည်။ထိုကျောက်စိမ်းစည်းတံဆိပ်သည် ကြီးမားခြင်းမရှိသော်လည်း အလွန်အမင်းကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။
ထိုကျောက်စိမ်းစည်းတံဆိပ်၏အောက်ခြေတွင် ရွှေရောင်စာလုံးတချို့ကို ရေးထွင်းထားပေ၏။
'မိုးကောင်းကင်၏အမိန့်တော်...ထာဝရသက်တော်ရှည်ပါစေ'
ထိုကျောက်စိမ်းစည်းတံဆိပ် ပျံ့လွင့်သွားပြီနောက် နတ်ဆိုးဘိုးဘေးများ၏နတ်ဘုရားနည်းစနစ်များနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။
ဝုန်း....
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက မိုးကောင်းကင်ယံအတွင်း၌ ချက်ချင်းမြည်ဟီးလာသည်။
အစွမ်းထက်သောစွမ်းအားလှိုင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။တိုက်ပွဲဖြစ်ပေါ်နေသော နယ်မြေအောက်ရှိ သဲကန္တာရအတွင်းတွင် ပြင်းထန်သောသဲမုန်တိုင်းတစ်ခု ဝှေ့ယမ်းတိုက်ခတ်လာသည်။ထိုသဲမုန်တိုင်းသည် မိုးကောင်းကင်ယံအတွင်း၌ ပြည့်နှက်နေကာ မိုးကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံလိုသည့်အလားပင်။
"ဖိနှိပ်စမ်း...."
လူသားဧကရာဇ်၏မျက်နှာအမူအယာ တည်ငြိမ်အေးဆေးနေသည်။သူသည် ထိုစကားလုံးနှစ်လုံးကိုသာ ရေရွတ်လိုက်၏။
ကျောက်စိမ်းစည်းတံဆိပ်မှနေ၍ နောက်ထပ်ပေါက်ကွဲသံတစ်သံ မြည်ဟီးလာသည်။ ထို့နောက် မိုးခြိမ်းသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
နတ်ဆိုဘိုးဘေးများ၏နတ်ဘုရားနည်းစနစ်များအားလုံး ကျောက်စိမ်းစိတံဆိပ်၏ဖိနှိပ်ခြင်းခံလိုက်ရသည်ကို လုယွီက မြင်တွေ့မိသည်။
ကျောက်စိမ်းစည်းတံဆိပ်၏စွမ်းအားသည် အလွန်တည်ငြိမ်ပေ၏။နတ်ဆိုးဘိုးဘေးများ၏တိုက်ခိုက်ခြင်းကိုခံရသည့်တိုင် ထိုအရာသည် တောင်ကြီးတစ်လုံးကဲ့သို့ တည်ငြိမ်နေဆဲပင်။
"ဒါက ဧကရာဇ်ရဲ့တော်ဝင်စည်းတံဆိပ်ပဲ...သူ့တိုင်းပြည်ရဲ့ကံကြမ္မာစွမ်းအားက ဘယ်လောက်ထိတောင် သန်မာအားကောင်းနေတာလဲ"
လုယွီက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
သူ၏မှတ်ဥာဏ်အတွင်း၌ ရှေးဟောင်းကာလအချိန်အတွင်းမှ ရှေးဟောင်းအင်ပါယာများ ထွက်ပေါ်လာခဲ့သည်။
သို့ရာတွင် ထိုအင်ပါယာများသည် အချိန်တခဏသာတည်ရှိခဲ့ပြီး အချိန်ကာလ၏ ရှည်လျားသောမြစ်ကြီးအတွင်း၌ အလျှင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
မည်သည့်အင်ပါယာအား သူ စဉ်းစားတွေးတောသည်ဖြစ်စေ ယခုလက်ရှိလူသားဧကရာဇ် ပိုင်ဆိုင်ထားသည့် ကံကြမ္မာစွမ်းအားနှင့်နှိုင်းယှဉ်နိုင်သော တစ်စုံတစ်ခုကို ရှာမတွေ့ချေ။
"အား...."
မိုးကောင်းကင်ယံအတွင်းမှာနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
ယခုကြည့်ကြည့်တော့မှ လူသားဧကရာဇ်သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရှေ့သို့ ရောက်ရှိသွားကာ လက်သီးတချက်ထိုးနှက်လိုက်ခြင်းပင်။
သူ၏လက်သီးချက်နှင့်အတူ ကြီးမားသောသွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာသည်။ထိုအစွမ်းထပ်သောအားလှိုင်းသည် တောင်များမြစ်များကိုပင် ဖျက်ဆီးနိုင်ပုံရသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းတစ်လုံးသည် လူသားဧကရာဇ်၏ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေပြီ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် မည်သည့်နတ်ဘုရားနည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ အနည်းငယ်မျှအသုံးမဝင်ချေ။သူ၏နတ်ဆိုးချီစွမ်းအားများသည်လည်း လူသားဧကရာဇ်၏ ပြင်းထန်သောသွေးချီစွမ်းအားများကြောင့် ပျက်ပြယ်သွားခဲ့သည်။သူ၏တိုက်ခိုက်မှုများသည် အနည်းငယ်မျှ သက်ရောက်မှုမရှိပေ။
လူသားဧကရာဇ်၏ခန္ဓာကိုယ်ပေါ်၌ ရွှေရောင်နဂါးတစ်ကောင်၏ခပ်ဖျော့ဖျော့ပုံရိပ် ထွက်ပေါ်လာသည်။
သူသည် နဂါးဝတ်ရုံကို ဝတ်ဆင်ထားခြင်းမရှိသော်လည်း သူ့ထံတွင် ဖျက်ဆီး၍မရနိုင်သော တော်ဝင်အရှိန်အဝါများရှိနေသည်။မည်သူမည်ဝါဖြစ်နေပါစေ သူတို့သည် သူ့အား သိရှိကြပေ၏။သူသည် အထွတ်အမြတ်လူသားမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ကာ သေမျိုးလောက၏လူသားဧကရာဇ်ပင်။
ဘုန်း....ဘုန်း....ဘုန်း...
ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟီးလာပြီးနောက် ရွှေရောင်သွေးစက်များက နေရာအနှံ့ပြန့်ကျဲသွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာနတ်ဆိုဘိုးဘေး၏ခေါင်းခုနစ်လုံးသည် လူသားဧကရာဇ်၏ခြေမွှဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံတွင် ယခင်ကဲ့သို့ မောက်မာထောင်လွှားမှုမျိုး မရှိတော့ချေ။သူသည် အဆိပ်မရှိသောရေမြွေတစ်ကောင်အလား လူသားဧကရာဇ်၏ခြေထောက်အနီး၌ ဝပ်တွားနေသည်။
"ဒီအရှင်က အရှေ့ဘက်ဒေသကို လှည့်လည်သွားနေတာ....ငါ့ရဲ့ရထားလုံးကိုဆွဲဖို့ သားရဲတစ်ကောင် လိုအပ်နေတယ်....မင်း အဲ့ဒီကိစ္စကိုတာဝန်ယူရမယ်"
လူသားဧကရာဇ်က ပေါ့ပေါ့ပါးပါး ပြောဆိုသည်။
လူသားဧကရာဇ်၏လက်အတွင်း၌ မှော်သင်္ကေတတခု ထွက်ပေါ်လာသည်။ထိုအရာသည် ရွှေရောင်ကွင်းတစ်ကွင်းအဖြစ်သို့ ပြောင်းလဲသွားကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏လည်ပင်းပတ်လည်၌ ချည်နှောင်သွားလေ၏။
"မဟုတ်ဘူး....ငါက အဆင့်အတန်းမြင့်မားတဲ့ နတ်ဆိုးဘိုးဘေးတစ်ကောင်ပဲ....ဘယ်လိုလုပ်ပြီးတော့ ငါက ဒီလိုအရှက်ခွဲခံရမှုမျိုးကို လက်ခံနိုင်မှာလဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။
သူ၏နောက်ဆုံးကြွင်းကျန်သောခေါင်း၌ သွေးများစိုရွှဲနေကာ သူ၏မျက်နှာပေါ်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
တချိန်တည်းမှာပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်မှနေ၍ အကန့်အသတ်မရှိသောစွမ်းအားများ ပွင့်အံ့ထွက်လာကာ လူသားဧကရာဇ်၏မှော်စွမ်းအားများကို ပျက်ပြယ်အောင်ပြုလုပ်လိုခဲ့သည်။
သို့ရာတွင် တော်ဝင်အရှိန်အဝါသည် အနည်းငယ်မျှ ပျက်ပြယ်သွားခြင်းမရှိချေ။
ထိုရွှေရောင်ကွင်းသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နောက်ဆုံးခေါင်းမှ လည်ပင်းပတ်လည်တွင် အညှာအတာကင်းမဲ့စွာ ကပ်တွယ်နေလေ၏။
Chapter 4118
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရွှေရောင်ကွင်း၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ရန် ကြိုးစားနေသည့် သတ္တုအချင်းချင်းရိုက်ခတ်သည့် အသံမျိုးကိုသာ ကြားနေရပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်ဒေါသထွက်နေကာ ရူးသွပ်လုဆဲဆဲအခြေအနေသို့လရောက်ရှိနေလေပြီ။
အစောပိုင်းက လုယွီသည် သူ၏ခေါင်းများအနက်မှ ခေါင်းတစ်လုံးကို ဖျက်ဆီးခဲ့သည်။ဤသည်မှာ သူအား အရှက်ရစေသကဲ့သို့ သူ ခံစားရသည်။
သို့ရာတွင် ယခုအချိန်၌ ဤကိစ္စသည် သူ့အတွက် ကြီးမားသောအရှက်ရစေခြင်း မဟုတ်တော့ချေ။
သူ၏လည်ပင်း၌ ရွှေရောင်ကွင်းကို တပ်ဆင်ခံထားရချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိနတ်ဆိုးချီစွမ်းအားများ ထိန်းချုပ်ကန့်သတ်ခြင်းခံလိုက်ရသည်ကို သူ ခံစားမိသည်။သူသည် စွမ်းအားများကို ထုတ်ဖော်၍အသုံးမပြုနိုင်တော့ချေ။
ဤသည်မှာ သူသည် ကြီးမားသောစွမ်းအားဖြင့်ယဥ်ပါးအောင်ပြုလုပ်ခံလိုက်ရသော ခွေးတစ်ကောင်အလားပင်။သူသည် တစ်ဖက်လူ၏ခြေထောက်နံဘေး၌ ဝတ်တွားပြီး အရှင်သခင်အဖြစ် သတ်မှတ်ရန်သာ တက်နိုင်ပေမည်။
"ဒီနေရာကို လာခဲ့စမ်း"
လူသားဧကရာဇ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှ ဒေါသတကြီးအော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။သို့သော် နောက်ထပ်အချိန်အခိုက်အတန့်၌ သူ၏လည်ပင်းရှိ ရွှေရောင်ကွင်းတွင်ရေးထွင်းထားသော မှော်သင်္ကေတအက္ခရာများမှ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
ဤသည်မှာ တောင်ကြီးတစ်လုံးအလား သူ၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားလေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ပြင်းထန်သောဖိအားအရှိန်အဝါ၏ ဖိနှိပ်ခြင်းကိုခံရသဖြင့်သူ၏ခေါင်းကို အောက်ကိုငုံ့ကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လုနီးပါးပင်။
သူသည် သတိကြီးစွာထား၍ လူသားဧကရာဇ်၏ရှေ့သို့တွားသွားကာ သူ့ထံမှနေ၍ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာသည်။
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူသည် ကိစ္စများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသူဖြစ်သည့်တိုင် ဤကဲ့သို့ ထူးဆန်းသောအခြေအနေမျိုးကို သူ ယခင်က တစ်ကြိမ်တခါမျှ ကြုံတွေ့ခဲ့ဖူးခြင်းမရှိချေ။
ဤသည်မှာ အဆင့်အတန်းမြင့်မားသော နတ်ဆိုးဘိုးဘေးတစ်ကောင်ပင်။အတိတ်တွင် သူ တာအိုသခင်ဖြစ်နေစဉ်ကပင် ရှေးဟောင်းခေတ်ကာလအတွင်းရှိ နတ်ဆိုးဘိုးဘေးများ အလွန်အစွမ်းထက်သည်ကို သူ သိရှိထားသည်။
သို့ရာတွင် ဤကဲ့သို့ နတ်ဆိုးဘိုးဘေးတစ်ကောင်သည် လူသားဧကရာဇ်၏အထွတ်အမြတ်စွမ်းအားဖြင့် ဖိနှိပ်ခြင်းခံထားရသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ယခုအချိန်၌ နာခံရို့ကျိုးစပြုနေလေပြီ။
ဤမြင်ကွင်းသည် ထူးဆန်းမှုများဖြင့် ပြည့်နှက်နေသော်လည်း အမှန်အားဖြင့် လူသားဧကရာဇ် မည်မျှထိအစွမ်းထက်သည်ကို ပြသနေခြင်းပင်။
မိုးကောင်းကင်ယံအတွင်းတွင်ရှိနေသော နတ်ဆိုးဘိုးဘေးဆယ့်နှစ်ကောင်သည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးဖိနှိပ်ခံထားရသည့်အား မြင်တွေ့ချိန်၌ သူတို့အားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့သည်လည်း သူတို့ရှေ့ရှိ လူသားဧကရာဇ်ကို စိန်ခေါ်ဝံ့ခြင်းမရှိချေ။
ဤတိတ်ဆိတ်ငြိမ်သက်မှုသည် အမွေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် ကြာမြင့်သွားခဲ့သည်။
ထို့နောက် မိုးကောင်းကင်ယံအတွင်းရှိ ကြီးမားသော နတ်ဆိုးဘိုးဘေးပုံရိပ်ယောင်များ တဖြည်းဖြည်း ပျက်ပြယ်သွားလေ၏။
လူတိုင်း၏ခေါင်းထက်၌ လွှမ်းခြုံနေသော ကြီးမားသည့် နတ်ဆိုးချီစွမ်းအားများသည်လည်း တစတစပျောက်ကွယ်သွားခဲ့သည်။သူတို့အားလုံး စိတ်သက်သာရာရသွားကာ သက်ပြင်းတချက်ရှိုက်လိုက်ကြသည်။
နတ်ဆိုးဘိုးဘေးများရှိနေစဉ်၌ သူတို့သည် သူတို့၏စိတ်နှလုံးသားများပေါ်သို့ ကြီးမားသောကျောက်တုံးကြီးတစ်တုံး ဖိစီးနေသည့်အလားခံစားနေရသည်။သူတို့၏အသက်ရှူခြင်းပင်လျှင် ချောမွေ့မှုမရှိတော့ချေ။
ယခုအချိန်မှသာ သူတို့သည် နောက်ဆုံး၌ စိတ်သက်သာရာရသွားပြီး သက်ပြင်းရှိုက်နိုင်ခြင်းဖြစ်သည်။
"ဒီနေ့ကိစ္စက မပြီးသေးဘူး...ဒီအရှင်က မင်းတို့ရဲ့မျက်နှာတွေကို မှတ်ထားတယ်...ဒီအရှင် တိုင်းခမ်းလှည့်လည်တာကနေ ပြန်လာတဲ့အချိန်ကျရင် ငါက ကောင်းကင်ဘုံနယ်မြေထိ လမ်းတလျှောက်လုံးသတ်ဖြတ်ပြီးတော့ မင်းတို့ကို လာရှာမယ်"
လူသားဧကရာဇ်သည် ဤကိစ္စကို ရပ်တန့်မည့်ပုံမရချေ။ထိုအစား သူက ထပ်မံ၍ပြောဆိုလိုက်သည်။
သူ၏အသံသည် အလွန်တည်ငြိမ်သော်လည်း တခြားသူများ၏နားအတွင်းသို့ ကျရောက်သွားချိန်တွင် မိုးခြိမ်းသံတစ်သံထက် လျော့ပါးခြင်းမရှိချေ။
လုယွီသည် သူ့ရှေ့ရှိ လူသားဧကရာဇ်နှင့်ပတ်သက်ပြီး အတွေးအမြင်သစ်တစ်ခုကို ရရှိသွားသည်။
ယခုချိန်၌ ကောင်းကင်ဘုံနယ်မြေကို ရှေးဟောင်းနတ်ဆိုးများက အပြည့်အဝသိမ်းပိုက်ထားသည်။လူသားများ မဆိုထားနှင့် လုယွီကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်ပင်လျှင် ကောင်းကင်ဘုံနယ်မြေသို့ မဆင်မခြင်မသွားဝံ့ချေ။
သို့ရာတွင် ယခုချိန်၌ လူသားဧကရာဇ်သည် အလွန်မောက်မာထောင်လွှားစွာဖြင့် ကောင်းကင်ဘုံနယ်မြေထိ လမ်းတလျှောက်လုံးသတ်ဖြတ်ကာ နတ်ဆိုးဘိုးဘေးများထံသွားရောက်၍ စာရင်းရှင်းလိုခဲ့သည်။
ဤသည်မှာ ပေါ့ပေါ့တန်တန် ပြောဆိုလိုက်သောစကား မဟုတ်ချေ။
လူသားဧကရာဇ်ကဲ့သို့အဆင့်မျိုးသို့ ရောက်ရှိသွားသည့် တစ်စုံတစ်ယောက်၏နှုတ်မှ ထွက်လာသည့် စကားတစ်လုံးစီတိုင်း မိုးကောင်းကင်တာအို၏ဥပဒေသများပါဝင်သည်။သူ လုပ်ဆောင်မည်မဟုတ်သည့်အရာကို ပြောဆိုမည်မဟုတ်ချေ။
မိုးကောင်းကင်ယံအတွင်းရှိ နတ်ဆိုးဘိုးဘေးများသည် လူသားဧကရာဇ်၏စကားကြောင့် ထိတ်လန့်ကြောက်ရွံ့သွားပုံရသည်။သူတို့အားလုံးသည် မိုးကောင်းကင်ယံအတွင်းသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားကာ ထပ်မံ၍ထွက်ပေါ်မလာဝံ့တော့ချေ။
လူတစ်ယောက်သည် ကောင်းကင်ဘုံနယ်မြေမှဆင်းသက်လာသော နတ်ဆိုးဘိုးဘေးများအားလုံး ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့လေ၏။
"ဧကရာဇ် သက်တော်ရှည်ပါစေ...ဧကရာဇ် သက်တော်ရှည်ပါစေ"
မြို့ရိုးပေါ်တွင်ရှိသော စစ်သားများအားလုံး စိတ်လှုပ်ရှားနေကြသည်။သူတို့အားလုံးသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ ရူးသွပ်စွဲလမ်းမှုများဖြင့် ပြည့်နှက်နေသည်။
လူသားဧကရာဇ်သည် တိမ်တိုက်များအထက်၌ မတ်တတ်ရပ်နေပေ၏။သူ၏ခန္ဓာကိုယ်ရှိ သွေးချီများသည် အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။ကြီးကျယ်ခမ်းနားသော သွေးချီစွမ်းအားများ အတူတကွစုဝေးနေကာ မိုးကောင်းကင်ယံအတွင်း၌ နေမင်းကြီးတစ်စင်းအလား တောက်ပနေသည်။
Chapter 4119
ဤအံအားသင့်ဖွယ်ကိစ္စကြောင့်...
ခွေးနက်ကြီးသည် ပါးစပ်အဟောင်းသားဖြင့် ထိတ်လန့်တုန်လှုပ်နေသည်။
"ဒီလောက်ထိ ကြမ်းတမ်းတဲ့ကောင်က ဘယ်သူလဲ....ဘာလို့ ငါ့ရဲ့မှတ်ဉာဏ်တွေထဲမှာ သူ မရှိတာလဲ"
အစောပိုင်းက နတ်ဆိုးဘိုးဘေးအမြောက်အများ ဤနေရာ၌ စုဝေးနေသည်။ထိုနတ်ဆိုးဘိုးဘေးများအနက် တစ်ယောက်ချင်းစီထံမှ ထုတ်လွှတ်ထားသော အရှိန်အဝါသည် မိုးနှင့်မြေကို ပျက်စီးပြိုလဲစေနိုင်စွမ်းရှိပေ၏။
ခွေးနက်ကြီးသည် အလွန်စိတ်ပျက်သွားကာ အမြန်ဆုံးထွက်ပြေးလိုခဲ့သည်။သို့ရာတွင် ယခုကဲ့သို့ အပြောင်းအလဲတစ်ခု ဖြစ်ပွားလာမည်ဟု သူ မျှော်လင့်မထားမိချေ။ဤသည်မှာ မူလက သူ၏ထွက်ပြေးမည့်အစီအစဥ်ကို လုံးလုံးလျားလျား ဖရိုဖရဲဖြစ်သွားစေသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံးခြင်းမရှိသဖြင့် ပို၍အဆင်ပြေပေသည်။ထိုအစား နတ်ဆိုးဘိုးဘေးများသည် အပြင်းအထန်ဒဏ်ရာရရှိကာ ဆုတ်ခွာသွားရပေ၏။
"ကျေးဇူးတင်ပါတယ်"
လုယွီသည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်သည်။
သူသည် တခြားစစ်သားများကဲ့သို့ ဦးညွှတ်အရိုအသေပြုရန် မလိုအပ်ချေ။အကြောင်းအရင်းမှာ ကျင့်ကြံဆင့်နယ်ပယ်အရ လုယွီသည် အင်မော်တယ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
အင်မော်တယ်များသည် အလွန်အဆင့်အတန်းမြင့်မားသူများပင်။အကယ်၍ သူတို့သည် လူသားဧကရာဇ်ကိုမြင်တွေ့ရလျှင်ပင် လေးလေးစားစားဆက်ဆံရုံသာလိုအပ်ပြီး သူ့အား တာအိုမိတ်ဆွေဟု ခေါ်ဆိုနိုင်သည်။
ထိုသို့ပြောဆိုပြီးနောက် လုယွီက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို တစ်ချက်ကြည့်လိုက်သည်။သူ၏စိတ်နှလုံးသားအတွင်းတွင် ရှိနေသော ထိတ်လန့်တုန်လှုပ်မှုများ ပျက်ပြယ်သွားခြင်းမရှိသေးချေ။
အစောပိုင်းက မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်တိုက်ခိုက်နေစဉ်တွင် တိုက်ပွဲအတွင်း၌ သူသည်အခွင့်မသာသောအခြေအနေ၌ ရောက်ရှိနေသည်ဟု ဆိုနိုင်ပေ၏။ဤသည်မှာသူ၏အသက်ဆုံးရှုံးသွားနိုင်ချေ အလွန်အမင်းမြင့်မားသည်။
သို့ရာတွင် လူသားဧကရာဇ်ထွက်ပေါ်လာခြင်းကြောင့် အခြေအနေပြောင်းလဲသွားခဲ့သည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ယခုအချိန်၌ ရထားလုံးဆွဲရသော သားရဲတစ်ကောင် ဖြစ်နေလေပြီ။ဤသည်မှာ အချိန်နှစ်နာရီပင် ကြာမြင့်ခြင်းမရှိသေးချေ။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုခြင်းအရှိန်အဝါများ ပျက်ပြယ်သွားကာ သူသည် လုယွီကို ထိတ်လန့်ကြောက်ရွံစွာ ကြည့်နေလေ၏။
"မင်းက ဒီနေရာနဲ့ မသက်ဆိုင်တဲ့လူမဟုတ်လား"
လူသားဧကရာဇ်က ရုတ်တရက်ပြောဆိုသည်။
သူ၏အသံသည် နွေဦးလေပြေညှင်း ဖြတ်သန်းတိုက်ခတ်သည့်အလားပင်။
အကယ်၍ အစောပိုင်းက မြင်ကွင်းကြောင့်သာမဟုတ်ပါက လူအများသည် သူတို့ရှေ့မှ လူသားဧကရာဇ်ကို သိုင်းအာဏာရှင်နယ်ပယ်မှ ကျင့်ကြံသူတစ်ယောက်နှင့် ဆက်စပ်မိမည်မဟုတ်ချေ။
လုယွီသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။သူသည် အမှန်တကယ်ကို အနာဂတ်မျိုးဆက်မှ ရောက်ရှိလာခြင်းဖြစ်ကာ ဤနေရာနှင့် မသက်ဆိုင်ချေ။သို့ရာတွင် လူသားဧကရာဇ်သည် စကားတစ်လုံးတည်းဖြင့် သူ၏သရုပ်မှန်ကို ထုတ်ဖော်နိုင်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်းရှိ အဆင့်အတန်းမြင့်မားသောအင်မော်တယ်များပင်လျှင် သူ့အား အနာဂတ်မျိုးဆက်မှလူဟု မသိရှိကြချေ။
"လူသားဧကရာဇ်က ဒီမေးခွန်းကို ဘာလို့မေးတာလဲ"
လုယွီက တုံ့ပြန်မေးမြန်းသည်။
လူသားဧကရာဇ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"တကယ်လို့ မင်း ဒါကိုဝန်မခံချင်ရင်လည်း ပြဿနာမရှိဘူး....လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်နေပြီးတော့ နေရာအနှံ့မှာ နတ်ဆိုးဘုရားကျောင်းတွေကို တည်ဆောက်ထားကြတယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်း ဒီနေရာကိုရောက်လာမှတော့ ဒါက ကံကြမ္မာတစ်ခုပဲ"
"ဒီအရှင်က ကောင်းကင်ဘုံနယ်မြေမှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်းသိထားတယ်...ရှေးဟောင်းနတ်ဆိုးတွေက လောကနှစ်ခုတောင်တန်းကို ဖြတ်ကျော်လာပြီးတော့ အပြောင်းအလဲတွေအများကြီး ဖြစ်သွားခဲ့တယ်...မင်းက...."
ထိုအချက်သို့အရောက်တွင် လူသားဧကရာဇ်၏အသံ ရုတ်တရက် ရပ်တန့်သွားသည်။
သူသည် လုယွီကိုစူးစိုက်ကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်၍ပြောဆိုသည်။
"ဒါကြောင့် မင်းက ကောင်းကင်ဘုံနန်းတော်က ရောက်လာတဲ့လူ မဖြစ်နိုင်ဘူး"
ဤကဲ့သို့အကြည့်ဖြင့် စူးစိုက်ကြည့်ခြင်းကို ခံရချိန်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လူသားဧကရာဇ်မှ ထွင်းဖောက်မြင်သွားသည့်အလား ခံစားလိုက်ရသည်။
သူ နားလည်သဘောပေါက်သွားပေ၏။အစောပိုင်းက လူသားဧကရာဇ်ပြောဆိုသောစကားမှာ သူသည် ကောင်းကင်ဘုံနယ်မြေမှလာသောလူမဟုတ်ဟု ဆိုလိုခြင်းပင်။
သို့ရာတွင် လူသားဧကရာဇ် ပြောဆိုသောစကားများတွင် အဓိပ္ပာယ်အမျိုးမျိုး ရောယှက်ပါဝင်နေသည်မှာ သိသာထင်ရှားလှ၏။
လုယွီသည် နှောင်းပိုင်းမျိုးဆက်မှ ရောက်ရှိလာခဲ့သူပင်။သူ မည်မျှပင် အရည်အချင်းရှိနေပါစေ ရှေးဟောင်းခေတ်အချိန်ကာလမှ လူများနှင့် ကွဲပြားခြားနားနေဆဲဖြစ်သည်။
"သွေးလရဲ့စွမ်းအားက ကြာကြာခံမှာမဟုတ်ဘူး....နေထွက်လာတဲ့အချိန်ကျရင် မင်း ထွက်သွားလို့ရတယ်"
ကောင်းကင်ဘုံဧကရာဇ်သည် တစ်စုံတစ်ခုကို တွေးတောမိသွားပုံရသည်။သူသည် သူ၏ခေါင်းကိုခါယမ်းလိုက်ပြီးနောက် သူ၏ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
သူသည် အလင်းတန်းတတန်းအသွင်သို့ ပြောင်းလဲကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်အတူ လုယွီ၏ရှေ့မှ ပျောက်ကွယ်သွားလေ၏။
ပတ်ဝန်းကျင်နေရာတဝိုက်၌ တိတ်ဆိတ်ငြိမ်သက်မှု ပြန်လည်ရရှိသွားလေပြီ။
သို့ရာတွင် မြို့ရိုးပေါ်ရှိ စစ်သားများအားလုံးသည် စိတ်လှုပ်ရှားနေသောအခြေအနေ၌ ရှိနေဆဲပင်။
သူတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ဤကဲ့သို့ အစွမ်းထက်သော လူသားဧကရာဇ်တစ်ပါးကို မြင်တွေ့ခွင့်ရသဖြင့် စစ်သားများအားလုံး ဂုဏ်ယူဝံ့ကြွားခြင်းကို ခံစားနေရသည်။
"လုယွီ...အဲ့ဒီလူသားဧကရာဇ်က မရိုးရှင်းဘူး"
ခွေးနက်ကြီးက ရုတ်တရက် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"မင်း တစ်ခုခုကို မြင်လိုက်သေးလား"
လုယွီက တုံ့ပြန်လေ၏။
"သူက အရမ်းသန်မာအားကောင်းတယ်ဆိုတာကိုပဲ ငါ သိတယ်....သူနဲ့ပတ်သက်ပြီးတော့ ငါ ဘာကိုမှ ထွင်းဖောက်မမြင်ခဲ့ဘူး"
ခွေးနက်ကြီးထံတွင် ပုံမှန်စပ်ဖြဲဖြဲအမူအယာမျိုးမရှိဘဲ အလေးအနက်ထားသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"ဒါပေမဲ့ ငါ့ကို ဇဝေဇဝါဖြစ်စေဆုံးကိစ္စက ငါ့ရဲ့မှတ်ဉာဏ်တွေအားလုံးမှာ ရှာဖွေခဲ့တာတောင်....ဒီလူသားဧကရာဇ်နဲ့ပတ်သက်တဲ့ ဘာမှတ်တမ်းကိုမှ ငါ ရှာမတွေ့ခဲ့ဘူး"
"လက်ရှိရှေးဟောင်းသမိုင်းမှတ်တမ်းတွေထဲမှာ ရှေးဟောင်းအချိန်ကာလတွေထဲက လူသားဧကရာဇ်ရှစ်ပါးကို မှတ်တမ်းတင်ထားတယ်... ဒါပေမဲ့ သူတို့တွေထဲမှာ သိုင်းအာဏာရှင်တစ်ယောက်မှရှိမနေတာ သေချာပေါက်ပဲ"
Chapter 4120
ခွေးနက်ကြီး၏စကားလုံးများသည်အကန့်အသတ်မရှိသော အမှောင်ထုကြီးကိုဆုတ်ဖြဲလိုက်သော လျှပ်စီးမိုးကြိုးတစ်စင်းအလားပင်။
လုယွီသည် အစောပိုင်းကတည်းက ထိုကိစ္စကို စဉ်းစားတွေးတောနေခြင်းဖြစ်သည်။သို့ရာတွင် ယခုအချိန်၌ ထိုအကြောင်းကို ပြန်လည်၍ စဉ်းစားတွေးတောမိချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။
လူသားဧကရာဇ်၏ရှေ့၌ သူ မတ်တပ်ရပ်နေစဉ်အချိန်၌ သူ ကျော်လွှားနိုင်ခြင်းမရှိသော တောင်ကြီးတလုံးနှင့် မျက်နှာချင်းဆိုင်နေရသည့်အလား ခံစားမိသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ရွေးချယ်ခြင်းခံထားရသူပင်။သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို ကောင်းစွာသိရှိပြီး သမိုင်းအတွင်းတွင်ဖြစ်ပွားခဲ့သော ကိစ္စအမြောက်အများနှင့်ပတ်သက်ပြီး နားလည်သဘောပေါက်ထားသည်။သို့ရာတွင် သူ၏မှတ်ဉာဏ်များအတွင်း၌ ရှာဖွေခဲ့သည့်တိုင် ဤလူသားဧကရာဇ်နှင့်ပတ်သက်သော သဲလွန်စတစ်ခုတစ်လေကိုမျှ ရှာမတွေ့ချေ။
"သိုင်းအာဏာရှင်နယ်ပယ်က ဒဏ္ဍာရီလာ နယ်ပယ်တခုပဲ....ဒီကျင့်ကြံဆင့်နယ်ပယ်အကြောင်းကို တာအိုကျမ်းစာတွေထဲမှာ ဖော်ပြထားတယ်ဆိုပေမယ့်...အဲ့ဒီအဆင့်ကိုရောက်သွားတဲ့ လူအရေအတွက်က လက်တစ်ဖက်နဲ့တောင် ချိုးရေလို့ရတယ်...သူက ဘယ်သူလဲ"
ဤသည်မှာ ရှေးဟောင်းခေတ်အချိန်ကာလဖြစ်သည်ဟု လုယွီက အတပ်ပြောနိုင်သည်။
ရှေးဟောင်းခေတ်ကာလနှင့် တခြားခေတ်ကာလများ၏ သိသာသောကွဲပြားခြားနားချက်မှာ ကောင်းကင်နှင့်မြေပြင်အကြားရှိ စိတ်ဝိညာဥ်စွမ်းအားများ ပြောင်းလဲသွားခြင်းပင်။
ရှေးဟောင်းခေတ်အချိန်ကာလ အဆုံးသတ်သွားချိန်၌ လောကကြီးအတွင်း၌ စိမ့်ထွက်နေသော စိတ်ဝိညာဥ်စွမ်းအားများသည် ကောင်းကင်ဘုံဥပဒေသများ၏ ထိန်းချုပ်ကန့်သတ်မှုကြောင့် အဆုံးစွန်ဆုံးအဆင့်ထိလျော့နည်းသွားခဲ့သည်။လက်ရှိကောင်းကင်ဘုံနယ်မြေတွင်ရှိသော လူသားများ၏နယ်မြေသည် ရှေးဟောင်းခေတ်ကာလအတွင်း၌ အစွန်အဖျားတစ်နေရာသာဖြစ်သည်။
ရှေးဟောင်းခေတ်ကာလအတွင်းရှိ နောက်ဆုံးလူသားဧကရာဇ်၏မျိုးရိုးအမည်မှာ ရှန်းပင်။
ကောလဟာလများအရ ဧကရာဇ်ရှန်း၏ ကျင့်ကြံဆင့်နယ်ပယ်သည် ပြီးပြည့်စုံခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။သူ၏စွမ်းအားများ ရရှိခဲ့သောအချိန်မှစတင်၍ တစ်ကြိမ်တခါမျှ ရှုံးနိမ့်ခဲ့ခြင်းမရှိချေ။သူသည် လူသားမျိုးနွယ်အတွင်း၌ အားအကောင်းဆုံးလူဖြစ်ကာ လူသားဧကရာဇ်အဖြစ် ခန့်အပ်ခံရပေ၏။
ရှေးဟောင်းခေတ်၏နောက်ဆုံးနှစ်ကာလများအတွင်းတွင် သဘာဝဥပဒေသများ တဖြည်းဖြည်းအားပျော့လာခဲ့သည်။ကောင်းကင်ဘုံနယ်မြေမှ နတ်ဆိုးအမြောက်အများသည် လူသားလောကအတွင်းသို့ ဆင်းသက်လာကြ၏။
လောကကြီးအတွင်း၌ နတ်ဆိုးသားရဲအမြောက်အများ ထွက်ပေါ်လာသည်။သူတို့သည် သေမျိုးလောကအတွင်းရှိ နေရာအနှံ့အပြား၌ ဖရိုဖရဲကိစ္စရပ်များကို ဖြစ်ပွားစေခဲ့သည်။လူသားမျိုးနွယ်အတွင်းမှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် သူတို့အား အနိုင်ယူနိုင်ခြင်းမရှိချေ။ထို့ကြောင့် လူသားမျိုးနွယ်၏အသက်ရှင်နေထိုင်ရမှု ပတ်ဝန်းကျင်သည် အကျဥ်းအကျပ်အတွင်းသို့ ကျရောက်လာပေ၏။
ထိုကဲ့သို့အချိန်အခိုက်အတန့်တွင် ရှေးဟောင်းလူသားဧကရာဇ်သည် နတ်ဆိုးဘိုးဘေးများနှင့် တိုက်ခိုက်ရန်အတွက် ထွက်ပေါ်လာခဲ့သည်။သူသည် သူ၏ကျင့်ကြံဆင့်စွမ်းအားများအားလုံး ကုန်ခမ်းသွားသည်အထိ တိုက်ခိုက်ခဲ့ကာ သူ၏အသက်ကို တန်ကြေးအဖြစ်ပေးဆပ်ပြီး နတ်ဆိုးဘိုးဘေးကိုးယောက်နှင့်အတူ သေဆုံးသွားခဲ့လေ၏။
ထို့နောက် ရှေးဟောင်းနတ်ဆိုးများ၏အင်အား အကြီးအကျယ်ထိခိုက်ပျက်စီးသွားကာ လူသားမျိုးနွယ်သည် အသက်ရှုနိုင်ရန်အတွက် အခွင့်အရေးရရှိခဲ့သည်။
ထိုအချိန်ကာလကို ကျော်လွန်လာပြီးနောက် လူသားမျိုးနွယ်အတွင်း၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများ ထွက်ပေါ်လာခဲ့သည်။သူတို့သည် နယ်မြေများကိုပိုင်းခြား၍အုပ်ချုပ်ကာ တစ်ယောက်နှင့်တစ်ယောက် အလျော့ပေးရန်ငြင်းဆန်ခဲ့သည်။ထို့နောက် လူသားမျိုးနွယ်သည် ဖရိုဖရဲစစ်ပွဲကာလအတွင်းသို့ရောက်ရှိသွားကာ နောက်ထပ်လူသားဧကရာဇ်တစ်ယောက် ထပ်မံ၍ထွက်ပေါ်လာခြင်း မရှိတော့ချေ။
ဤကဲ့သို့မှောင်မိုက်သောအချိန်ကာလများအတွင်း၌ လူသားများ၏အသက်များသည် မြက်ပင်များအလားပင်။ဖရိုဖရဲစစ်ပွဲများအတွင်း၌ နတ်ဆိုးသားရဲများ၏အရိုင်းဆန်သောခွန်အားကြောင့် မရေမတွက်နိုင်သောလူများ သေဆုံးသွားခဲ့ရသည်။
နောက်ဆုံး၌ ရှေးဟောင်းသူတော်စင် ဖုယဲ့သည် သူတော်စင်စွမ်းအားကိုအသုံးပြု၍ ကောင်းကင်ဖာထေးခြင်း သက်တန့်ကျောက်တုံးကို အသုံးပြုကာ အတားအဆီးတစ်ခုကို ပြုလုပ်ခဲ့သည်။ထိုအချိန်ကျမှသာ ကောင်းကင်ဘုံနယ်မြေကို အပိုင်စီးထားသော ရှေးဟောင်းနတ်ဆိုးများ ဆင်းသက်နိုင်ခြင်းမရှိတော့သဖြင့် လူသားများသည် နောက်ဆုံး၌ အသက်ရှင်သန်နိုင်ရန် အခွင့်အရေးရရှိခဲ့သည်။
ဤကိစ္စလွတ်မြောက်သွားပြီးနောက် နောက်ထပ်အချိန်ကာလသည် ရှေးဟောင်းအလယ်ခေတ်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်းမှ အသိပညာဗဟုသုတများကို ရရှိထားသဖြင့် သမိုင်းကြောင်းနှင့်ပတ်သက်ပြီး အလွန်ရင်းနှီးကျွမ်းဝင်သည်။
လူသားမျိုးနွယ်၏ဧကရာဇ်များအားလုံးသည် လူသားဧကရာဇ်ဟူသောဘွဲ့ထူးကို ခံယူခွင့်မရချေ။
ဥပမာအားဖြင့် ဧကရီရှန်လင်းလုံပင်။သူမသည်ကောင်းကင်ဘုံဧကရီဟု သူမကိုယ်သူမ သတ်မှတ်ထားကာ လူသားဧကရာဇ်ဓားကို ထိန်းချုပ်နိုင်သော်လည်း ဤမျိုးဆက်မှ လူသားမျိုးနွယ်တစ်ခုလုံး၏ အသိအမှတ်ပြုမှုကို မရရှိချေ။သူမ ရရှိသောကံကြမ္မာစွမ်းအားပင်လျှင် တာယွီအင်ပါယာတစ်ခုတည်းမှ ဖြစ်ပေ၏။
ဆိုရိုးစကားအရပြောဆိုရလျှင် တိုင်းပြည်တစ်ပြည်ပျက်စီးသွားပါက ထိုတိုင်းပြည်၏ဘုရင်သေဆုံးသွားခြင်းပင်။တာယွီအင်ပါယာမရှိတော့ပါက ရှန်လင်းလုံသည် အများဆုံးအနေဖြင့် သာမန်တာအိုသခင်တစ်ယောက်သာ ဖြစ်ပေမည်။
သို့ရာတွင် လူသားဧကရာဇ်ကမူ ကွဲပြားခြားနားပေ၏။
လူသားဧကရာဇ်သည် လူသားမျိုးနွယ်အတွင်းမှ လူသားများအားလုံး၏ စိတ်နှလုံးသားများဖြင့် တညီတညွတ်တည်း ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူပင်။
သူ့ထံတွင် တိုင်းပြည်အင်ပါယာဟူ၍မရှိချေ။သူသည် လူသားဧကရာဇ် ဖြစ်နေသရွေ့ သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ သူ့ထံ၌ မည်သည့်ကျင့်ကြံဆင့်စွမ်းအားမျိုး ရှိနေသည်ဖြစ်စေ လူသားမျိုးနွယ်အပေါ် သစ္စာစောင့်သိမှုကို ပြသရပေမည်။ထိုသို့မဟုတ်ပါက သူသည် လူသားမျိုးနွယ်တစ်ခုလုံး၏ကံကြမ္မာစွမ်းအားများမှ တန်ပြန်ရိုက်ခတ်မှုကို ခံစားရပေမည်။
သို့ရာတွင် ရှေးဟောင်းအလယ်ခေတ်အချိန်မှစတင်၍ လူသားဧကရာဇ်များ ထပ်မံ၍ထွက်ပေါ်လာခြင်းမရှိတော့ချေ။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်ပင်လျှင် အစစ်အမှန် လူသားဧကရာဇ်တစ်ယောက် ဖြစ်မလာခဲ့ချေ။သူသည် အင်ပါယာတစ်ခု၏ဧကရာဇ်တစ်ပါးသက်သက်ပင်။
သူ့ထံတွေ မြင့်မားသောကျင့်ကြံဆင့်နယ်ပယ်နှင့် နာမည်ဂုဏ်သတင်းရှိသော်လည်း အရေးအကြီးဆုံးအဆင့်တစ်ဆင့် ကင်းမဲ့နေခဲ့ပေ၏။