အခန်း (၄၁၂၆-၄၁၃၀)
Vol. 210 Ch. 4126-4130
Chapter 4126
အခွင့်အရေးတစ်ခုသည် သူတို့၏ရှေ့၌ရှိနေသည်မှာ သိသာထင်ရှားလှ၏။
သို့ရာတွင် ထိုအရာကို သူတို့ရရှိချိန်၌ အခွင့်အရေးတစ်ခုမဟုတ်ကြောင်း သိနားလည်ခဲ့ရသည်။ဤအရာ၏နောက်ကွယ်တွင် အလွန်အမင်းကြီးမားသော အန္တရာယ်တစ်ရပ် ပုန်းကွယ်နေသည်။အကယ်၍ သူတို့သည် သတိလွတ်လွတ်နေမိပါက အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေမည်။
ရှကွေ့ကျုံးနှင့်ရှန်လင်းလုံတို့၏ မျက်နှာအမူအယာများ အလွန်အမင်းပျက်ယွင်းသွားသည်။
ထန်အင်ပါယာသည် တစ်ချိန်က အလယ်ခေတ်အတွင်း၌ အလွန်အမင်းအစွမ်းထက်ခဲ့သော အင်ပါယာတစ်ခုပင်။အထူးသဖြင့် ချန်အန်းမြို့တော်သည် အလွန်စည်ပင်သာယာဝါပြောသော မြို့ကြီးတစ်မြို့ဟု လူအများကြား၌ နာမည်ကျော်ကြားသည်။
ထန်အင်ပါယာကို ထိတ်လန့်ကြောက်ရွံ့စေသောအရာဟူ၍ တစ်စုံတစ်ခုမျှ မရှိသလောက်နီးပါးပင်။
အမှန်အားဖြင့် ထန်အင်ပါယာ၏ခေတ်ကာလအတွင်းတွင် ထန်စစ်တပ်သည် ပြင်ပလေဟာနယ်များထံသို့ပင် သွားရောက်ကာ ရှေးဟောင်းနတ်ဆိုးများ သိမ်းပိုက်ထားသော နယ်မြေတချို့ကို ပြန်လည်ရယူနိုင်ခဲ့သည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အင်ပါယာတစ်ခု၏ဧကရာဇ်သည် နှောင်းပိုင်းမျိုးဆက်များအား သတိပေးရန် ဤကဲ့သို့အမိန့်တော်တခုကို အမှန်တကယ် ချန်ထားခဲ့သလော...
ချန်အန်းမြို့အတွင်းရှိ လူများအားလုံး ညတွင်းချင်း သဲလွန်စမကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤနေရာတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သနည်း....
ရှကွေ့ကျုံးသည် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။သူ၏နောက်ရှိ အလင်းဘီးကြီးထံမှနေ၍ တောက်ပသောအလင်းရောင်များ စတင်၍ဖြာထွက်လာသည်။
သူ စဉ်းစားတွေးတောနေစဉ်တွင် သူ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ထွက်ပေါ်လာကာ ဤနေရာ၏အခြေအနေကို အတိအကျသိရှိစေရန် တွက်ချက်လိုက်သည်။
အချိန်တခဏကြာပြီးနောက် ရှကွေ့ကျုံးက သူ၏မျက်လုံးကို ဖွင့်လိုက်သည်။သူ၏မျက်လုံးများသည် သွေးနီရောင်သန်းနေပေ၏။
"ငါတို့က လီကျီးရဲ့အကွက်ချကြံစည်တာကို ခံလိုက်ရပြီ...ငါ ဒါကို အရင်ကတည်းက တွေးမိသင့်တယ်"
ရှကွေ့ကျုံးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"နင် ဘာကို ဆိုလိုတာလဲ"
ကောင်းကင်ဘုံဧကရီရှန်လင်းလုံက မျက်မှောင်ကြုတ်၍ မေးမြန်းသည်။
"ချန်အန်းမြို့က ထန်အင်ပါယာရဲ့မြို့တော်ဟောင်းပဲ....အခုချိန်မှာ ချန်အန်းမြို့ ထွက်ပေါ်လာမှတော့ တကယ်လို့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်က တာယွီအင်ပါယာရဲ့ပိုင်နက်နယ်မြေထဲမှာ ရှိနေရင်တောင် လီကျီးက ဒီနေရာကိုလာဖို့ ကြိုးစားသင့်တယ်"
"ဒါပေမဲ့ အခုချိန်ထိ လီကျီး ရောက်မလာခဲ့ဘူး"
ရှကွေ့ကျုံးက သုန်မှုန်နေသော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။
"သူကိုယ်တိုင် ရောက်မလာရုံတင်မကဘူး...သူက သံတမန်တစ်ယောက်ကိုတောင် မလွှတ်လိုက်ဘူး"
ဤစကားများသည် မိုးခြိမ်းသံတစ်သံအလား ရှန်လင်းလုံ၏စိတ်နှလုံးသားအတွင်းသို့ ဝင်ရောက်လာသည်။
ဤသည်မှာ အမှန်ဖြစ်ပေ၏။
ချန်အန်းမြို့သည် ရှေးဟောင်းထန်အင်ပါယာ၏မြို့တော်ပင်။
သူမ ဤနေရာသို့ ရောက်ရှိလာစဉ်၌ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိသည်။ယခုချိန်မှသာ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သူမ နားလည်သဘောပေါက်သွားလေပြီ။
ထန်အင်ပါယာသည် ချန်အန်းမြို့ကိုရှာဖွေရန်ဟူသော အကြောင်းပြချက်ဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် လုယွီကိုရှုံးနိမ့်ခဲ့ပြီးနောက် ထန်အင်ပါယာသည် တိုက်ခိုက်မှုများကို ရပ်တန့်လိုက်၏။
ဤသည်မှာ အလွန်ထူးဆန်းသော ကိစ္စတစ်ရပ်ပင်။
ထန်အင်ပါယာ၏နောက်ခံအင်အားဖြင့် အကယ်၍ ကြီးမားသောရှုံးနိမ့်မှုများကို ရင်ဆိုင်ရလျှင်ပင် ချန်အန်းမြို့အတွက် တာယွီအင်ပါယာကို ရင်ဆိုင်နိုင်မည်ဟူသော ယုံကြည်ချက်မျိုး ရှိနေရပေမည်။
သို့ရာတွင် လီကျီးသည် ဤနေရာသို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စေလွှတ်လိုက်ခြင်းမရှိချေ။ဤသည်မှာ သူသည် ချန်အန်းမြို့ကို လက်လျှော့အရှုံးပေးလိုက်သည့်အလားပင်။
"ဖြစ်နိုင်တာတော့ သူက ဒီနေရာနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့တစ်စုံတစ်ခုကို အရင်ကတည်းက ကြိုသိနေခဲ့တာပဲ...ဒါကြောင့် သူက ဒီနေရာကို ရောက်မလာတာ ဖြစ်နေမလား"
ရှန်လင်းလုံက အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။
"အဲ့ဒီလိုမှမဟုတ်ရင် သူက ဒီနေရာကို မလာရဲတာလား"
ရှကွေ့ကျုံး၏မျက်နှာပေါ်တွင် အလွန်အမင်းအလေးအနက်ထားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူသည် ရုတ်တရက် ခရမ်းနန်းဆောင်၏ပြင်ပသို့ထွက်ကာ လေဟာနယ်အတွင်းသို့ ကြည့်လိုက်၏။
"ငါ အရင်က သမိုင်းမှတ်တမ်းတချို့ကို ဖတ်ခဲ့ဖူးတယ်....ထန်အင်ပါယာရဲ့နောက်ဆုံးနှစ်တွေမှာ အတွင်းရုံးတော်က မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ မြေပြင်က အကြိမ်ပေါင်းရာနဲ့ချီပြီး လှုပ်ရှားသွားခဲ့တယ်...ပျမ်းမျှအနေနဲ့ပြောရရင် ခုနစ်ရက်မှာတစ်ကြိမ် ပြင်းထန်တဲ့မြေငလျှင်တစ်ခု ဖြစ်ပွားလာခဲ့တယ်"
"တစ်ချိန်တုန်းက အစွမ်းထက်ဝင်္ကပါပညာရှင်တစ်ယောက်က ချန်အန်းမြို့ရဲ့မြေအောက်မှာ ထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းတဲ့ မဟာဝင်္ကပါကြီးတစ်ခုကို ခင်းကျင်းခဲ့တယ်....ဒါပေမဲ့ အဲ့ဒီဝင်္ကပါကြီးမှာ ကြီးမားတဲ့တုန်ခါမှုတွေ ဖြစ်လာပြီးတော့ တောင့်မခံနိုင်ဘဲနဲ့ ပျက်စီးပြိုလဲသွားခဲ့တယ်"
ရှကွေ့ကျုံးက တီးတိုးရေရွတ်လိုက်သည်။
"ထန်အင်ပါယာရဲ့လီတော်ဝင်မိသားစုက ချန်အန်းမြို့ကို အလွယ်တကူ လက်လျှော့မှာမဟုတ်ဘူး....သူတို့က မြို့တော်ကို နေရာပြောင်းရွှေ့ခဲ့တာကြောင့် ထန်အင်ပါယာရဲ့ကံကြမ္မာစွမ်းအားတွေက ပြောင်းလဲသွားခဲ့ပြီ...ဒီအတိုင်းဆက်သွားမယ်ဆိုရင် သူတို့ရဲ့အင်ပါယာ ပျက်စီးသွားဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူး"
"ထန်အင်ပါယာက အဲ့ဒီကိစ္စကို ကောင်းကောင်းကြီးသိထားတယ်...ဘယ်လိုလုပ်ပြီးတော့ ထန်ဧကရာဇ်က ဒီလိုအဆင့်နိမ့်တဲ့ အမှားမျိုးကို ကျူးလွန်မှာလဲ"
"ဒါဆိုရင် သူတို့က မြို့တော်ကို ဘာကြောင့်ရွှေ့ပြောင်းလိုက်တယ်ဆိုတဲ့ အကြောင်းအရင်းက တစ်ချက်ပဲရှိတော့တယ်"
ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ ယင်ချီများ ပို၍ပို၍ထူထပ်သိပ်သည်းလာသည်။
ထူထပ်သိပ်သည်းသော ယင်ချီများသည် မိုးကောင်းကင်ယံအတွင်း၌ အမည်းရောင်တိမ်တိုက်များအလား ရစ်သိုင်းလွှမ်းခြုံနေပေ၏။
Chapter 4127
ကောင်းကင်ဘုံနယ်မြေ....
လောရွှေကြယ်မြစ်...လီတော်ဝင်မြို့တော်၌....
ထန်ဧကရာဇ်လီကျီးသည် သူ၏မျက်လုံးကိုစုံမှိတ်၍ နဂါးပလ္လင်ပေါ်၌ ထိုင်နေသည်။တိတ်ဆိတ်ငြိမ်သက်သော ခန်းမအတွင်း၌ သူ၏နံဘေးတွင်စောင့်ဆိုင်းနေသော မိန်းမစိုးတစ်ယောက်သာ ရှိနေသည်။
"ချန်အန်းမြို့ရဲ့မြေအောက်မှာ ပုန်းအောင်းနေတဲ့ ယင်သရဲတစ္ဆေတွေ ထွက်လာကြပြီ"
ဤအချိန်အခိုက်အတန့်တွင် လီကျီးက သူ၏မျက်လုံးကို ရုတ်တရက်ဖွင့်လိုက်သည်။သူ၏မျက်လုံးအတွင်း၌ ကြီးကျယ်ခမ်းနားသောအရှိန်အဝါများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေသည်။
"ကျင်းအမတ်ကြီးနဲ့ဝူတင်းအမတ်ကြီးတို့ကို ဒီနေရာဆီလာဖို့ ဆင့်ခေါ်လိုက်စမ်း"
"ဟုတ်ကဲ့ပါ အရှင်"
မိန်းမစိုးက အလျှင်အမြန် ထွက်ခွာသွားလေ၏။
လီကျီးသည် သူ၏နဂါးပလ္လင်မှ ဖြည်းညှင်းစွာမတ်တတ်ထရပ်လိုက်ကာ ခပ်ဖျော့ဖျော့နဂါးအရှိန်အဝါတစ်ရပ်က သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံနေသည်။သူသည် ရေတိမ်တိမ်၌ ကျင်လည်ကျက်စားသော နဂါးတစ်ကောင်အလားပင်။အချိန်ကျလာမှသာ ထိုနဂါးသည် နိုးထလာပြီး သူ၏အစွယ်များကိုထုတ်ပြ၍ လေထုအတွင်း၌ ပျံသန်းပေမည်။
"ငါက မင်းတို့နှစ်ဖက်လုံး ဒဏ်ရာရတဲ့အထိ တိုက်ခိုက်ခွင့်ပြုမယ်...အဆုံးသတ်ကျတော့ ဒီလောကကြီးကို ငါ သိမ်းပိုက်နိုင်လိမ့်မယ်"
လီကျီး၏အသံက ခန်းမအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ယနေ့တွင် ထုတ်ပြန်လိုက်သော စစ်ရေးအမိန့်တစ်ခုအရ လီတော်ဝင်မြို့တော်တခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။
ကျင့်ကြံသူများသည် လေထုအတွင်းသို့ မော့ကြည့်လိုက်ကြရာ စစ်သင်္ဘောများ ခေါက်တုံခေါက်ပြန် ပျံသန်းနေပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့မိသည်။
......
ချန်အန်းမြို့၌....
အရိုးကွဲမတတ်အေးစိမ့်သော ယင်ချီစွမ်းအားများကို နောက်ဆုံး၌ လူများအားလုံး သတိပြုမိသွားသည်။
သူတို့သည် သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပြီးနောက် တစ်စုံတစ်ခုထူးဆန်းနေသည်ကို သတိပြုမိသွားပေ၏။
"ဘယ်လိုလုပ်ပြီးတော့ ရုတ်တရက်ကြီး အခြေအနေပြောင်းလဲသွားတာလဲ"
"ငါတို့တွေ တားမြစ်မှော်မန္တန်တစ်ခုကို မတော်တဆ ထိတွေ့မိတာကြောင့် ဒီလိုမျိုးထူးဆန်းတဲ့ကိစ္စတွေ ဖြစ်လာတာလား"
ကျင့်ကြံသူအများစုသည် ထိတ်လန့်တုန်လှုပ်နေသော်လည်း သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ နောက်သို့ဆုတ်ခွာလိုခြင်းမရှိချေ။
သူတို့သည် ဤနေရာထိ လမ်းတလျှောက်လုံး ရောက်လာခဲ့ခြင်းဖြစ်ပြီး နေရာအမြောက်အများသို့ ဝင်ခဲ့ကြသည်။သို့ရာတွင် သူတို့သည် ထိုနေရာများသို့ ဝင်ရောက်ခဲ့ပြီးသည့်တိုင် အန္တရာယ်တစ်ခုတစ်လေကိုမျှ မကြုံတွေ့ခဲ့ရချေ။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏သတိကြီးစွာထားမှုများ တဖြည်းဖြည်းလျော့ပါးလာခဲ့သည်။
မြင့်မြတ်နယ်မြေများနှင့်ထိပ်သီးမိသားစုများမှ ကျင့်ကြံသူများသည်လည်း ဤအခြေအနေပြောင်းလဲမှုကို သတိပြုမိပေ၏။သူတို့သည် လူသုံးယောက်ငါးယောက် တစ်စုစီဖွဲ့ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာထား၍ စူးစမ်းရှာဖွေလိုက်ကြသည်။
ဝေ့မင်ထျန်းက ရုတ်တရက် ပြောဆိုသည်။
"ပဉ္စမအရှင်လု....ငါတို့တွေ အတူပူးပေါင်းပြီးတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတာ ပိုမကောင်းဘူးလား"
ဤတစ်ကြိမ်တွင်သူမကဦးဆောင်၍ကမ်းလှမ်းလိုက်ခြင်းပင်
ဝေ့မိသားစု၏မျိုးဆက်တစ်ယောက်ဖြစ်သဖြင့် ဝေ့မင်ထျန်းအားကာကွယ်ပေးရန် အစွမ်းထက်ကျင့်ကြံသူများရှိနေသော်လည်း သူမထံ၌ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများ ကင်းမဲ့နေသည်။
လုချန်းချင်က ပြောဆိုသည်။
"ဒါက ကောင်းသားပဲ...ဒီနေရာက အရမ်းအန္တရာယ်များတယ်....ငါတို့မိသားစုနှစ်စုက ထိပ်သီးမိသားစုစာရင်းဝင်တွေပဲလေ...ဒါကြောင့် ငါတို့က အချင်းချင်းကူညီပေးသင့်တယ်"
ထိပ်သီးမိသားစုနှစ်စုသည် အချိန်တိုအတွင်း၌ ယာယီမဟာမိတ်ဖွဲ့လိုက်ကြ၏။
ကျန်းမိသားစုနှင့်ရှမိသားစုထံတွင်မူ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဟူ၍ တစ်ယောက်မျှရှိမနေချေ။ထိုကြောင့် သူတို့သည် ထိုမိသားစုနှစ်စုကို လျစ်လျှူရှုလိုက်ကြသည်။
အကယ်၍ သူတို့သည် မဟာမိတ်တခုဖွဲ့စည်းလိုပါက တဖက်လူ၏အင်အားကို အရင်ဆုံးကြည့်ရပေမည်။
ထိုအချိန်မှာပင် စူးရှကျယ်လောင်သော ငိုညည်းသံတစ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။
ချန်အန်းမြို့အတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် မူလကတည်းက ကြောက်လန့်နေသော ငှယ်ငယ်များအလား ဖြစ်နေခဲ့သည်။ထိုထူးဆန်းသောငိုညည်းသံကို ကြားချိန်တွင် သူတို့အားလုံးသည် အသံထွက်ပေါ်လာရာနေရာသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
ချန်အန်းမြို့၏လမ်းများအတွင်း၌ ထူထပ်သိပ်သည်းသောမြူခိုးများ ရုတ်တရက်မြင့်တက်လာသည်။
ပုပ်သိုးနေသောအလောင်းကောင်များသည် ရုတ်တရက် တုန်တုန်ရီရီဖြင့် မတ်တတ်ထရပ်လာကာ နံဘေးရှိကျင့်ကြံသူများကိုစတင်၍ကိုက်ဖြတ်ကြတော့သည်။
ထိုငိုညည်းသံသည် အချက်ပေးသင်္ကေတတစ်ခုအလားပင်။
မြေပြင်မှနေ၍ မရေမတွက်နိုင်သောအလောင်းကောင်များ ထလာသည်။သူတို့၏မည်းနက်နေသော မျက်ကွင်းဟောင်းလောင်းပေါက်များအတွင်း၌ အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေပေ၏။
မိုးကောင်းကင်ယံအတွင်း၌ သွေးလကြီး တဖန်ပြန်၍ ဆင်းသက်လာသည်။
အမှောင်ထုအတွင်းမှနေ၍ မရေမတွက်နိုင်သော ယင်သရဲတစ္ဆေစစ်သားများ ထွက်ပေါ်လာသည်။
သွေးလ၏အလင်းရောင်အောက်တွင် ယင်သရဲတစ္ဆေများ လမ်းလျှောက်နေသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"မြေငလျှင်လှုပ်နေတယ်....ဒါက တခုခု နိုးထလာတော့မယ့်ပုံပဲ...."
ဝေ့မင်ထျန်း၏အသံ တုန်ရီနေသည်။
မြေပြင်တပြင်လုံး ရုတ်တရက်လပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။
အက်ကွဲကြောင်းများက မြေပြင်ပေါ်၌ စတင်၍ထွက်ပေါ်လာပေ၏။
ဝုန်း.....
ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားသည်။
မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းတစ်ခုကြားမှနေ၍ ရုတ်တရက် ပိန်းပိတ်သည်အထိ နက်မှောင်နေသော ကျောက်ပြားတစ်ချပ် တိုးထွက်လာကာ နတ်ဆိုးအရှိန်အဝါများ ပျံ့လွင့်လာသည်။
မြေပြင်ပေါ်၌ မတ်တတ်ရပ်နေသော ကျင့်ကြံသူတစ်ယောက်သည် ထိုကျောက်ပြားမှထုတ်လွှတ်ထားသော သွေးရောင်အခိုးအငွေ့များ၏ ရစ်သိုင်းလွှမ်းခြုံခြင်းကိုခံရကာ အလောင်းပင်လျှင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
သွေးများက ထိုကျောက်ပြားပေါ်သို့ ဖြာကျသွားသည်။
ထိုကျောက်ပြား၏မျက်နှာပြင်ပေါ်တွင် အလွန်ကြီးမားသော နတ်ဆိုးအရှိန်အဝါများဖြင့်ရောယှက်၍ ကြီးမားသောသွေးနီရောင်စာလုံးတချို့ ထွက်ပေါ်လာသည်။
မိုးကောင်းကင်ယံသည် မှောင်မည်းနေကာ ပတ်ဝန်းကျင်တခွင်လုံး၌ ပုံရိပ်မျိုးစုံဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ ရှေးဟောင်းအင်ပါယာ၏မြို့တစ်မြို့ ပြန်လည်မွေးဖွားလာမှုကို ကြိုဆိုနေသည့်အလားပင်။
လူအများ၏မျက်လုံးအကြည့်များအားလုံး ထိုသွေးနီရောင်စာလုံးများပေါ်သို့ ကျရောက်သွားပေ၏။
ထိုရှေးဟောင်းကျောက်ပြားပေါ်၌ ရေးသားထားသည်မှာ....
'ကြီးကျယ်ခမ်းနားသော ရှေးဟောင်းယင်ချီ...တောင်တန်းနဲ့မြစ်တွေကိုတောင် ပြန်ပြီးရှင်သန်စေနိုင်တယ်'
Chapter 4128
ချန်အန်းမြို့၏မြေအောက်၌....
ယင်ချီစွမ်းအားများ ရုတ်တရက်ထွက်ပေါ်လာသောအချိန်တွင် ခွေးနက်ကြီး၏အမွှေးများအားလုံး ထောင်မတ်သွားသည်။
"ငါတို့က ဝံပုလွေဂူထဲကနေ ထွက်လာပြီးတော့ ကျားဂူထဲကို ထပ်ပြီးဝင်ရအုံးမှာလား"
ခွေးနက်ကြီး၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံ့သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။
သူသည် အဝါရောင်စမ်းချောင်းအတွင်းသို့ ကျရောက်မသွားမီ ချန်အန်းမြို့အတွင်း၌ ကြီးမားသောအန္တရာယ်ကို ရင်ဆိုင်တွေ့ရပြီးဖြစ်သည်။မရေမတွက်နိုင်သောအလောင်းကောင်များ မြေပြင်ပေါ်မှ တွားသွားထလာကာ သူတို့၏အစွယ်များကိုဖြဲဟ၍ လက်သည်းများကို ဝှေ့ယမ်းနေကြသည်။ဤသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။
"ဒီနေရာမှာရှိတဲ့ ယင်သရဲတစ္ဆေတွေက အပြင်မှာရှိတဲ့ နတ်ဆိုးသက်ရှိတွေနဲ့ မတူဘူး"
လုယွီက ပြောဆိုသည်။
ယခင်က သူ မြင်တွေ့ခဲ့ရသော ဧရာမမျက်နှာနတ်ဆိုးသက်ရှိများနှင့် အမှန်တရားနားထောင်သူသားရဲတို့သည် ထိန်းချုပ်ခံထားရသောရုပ်သေးများအလားပဲ။သူတို့၏စိတ်နှလုံးသားများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသာ အပြည့်အဝလွှမ်းခြုံနေသည်။
သို့ရာတွင် သူ၏ရှေ့ရှိ ယင်သရဲတစ္ဆေစစ်သားများသည် အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။ဤသည်ကြောင့် သူတို့သည် သူ၏ရှေ့၌ သက်ရှိထင်ရှားမတ်တတ်ရပ်နေသည့်အလား လုယွီက ခံစားမိသည်။
လုယွီသည် သူတို့နှင့်ဘေးချင်းယှဥ်၍ ရှေးဟောင်းနတ်ဆိုးများနှင့် တိုက်ခိုက်ခဲ့သည်မှာ အချိန်ကြာမြင်ခြင်းမရှိသေးချေ။
သူတို့၏သူရဲကောင်းစိတ်ဝိညာဥ်များသည် အလွန်ထူးခြားပေ၏။
ထိုစစ်သားများသည် မြေကြီးအတွင်း၌ ပိတ်မိနေကာ နှစ်ပေါင်းထောင်သောင်းချီ၍ ကြာမြင့်လာသော်လည်း သူတို့၏စိတ်နှလုံးသားများအတွင်းရှိ ပြင်းထန်သော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒာများ ပျက်ပြယ်သွားခြင်းမရှိချေ။
"ကြည့်ရတာ တစ်ခုခုတော့ ဖြစ်နေပုံပဲ...ငါတို့က ဒါကို အာရုံခံလို့မရပေမယ့် သတိထားတာ ပိုကောင်းလိမ့်မယ်"
ဤယင်သရဲတစ္ဆေစစ်သားများအကြားတွင် စိတ်ဝိညာဥ်နိုးထနေသူများရှိကြောင်း လုယွီက ခံစားမိသည်။
မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း ဤယင်သရဲတစ္ဆေစစ်သားများသည် အသက်ပြန်ဝင်လာလျှင်ပင် သူ့အားထိခိုက်နာကျင်အောင် လုပ်မည်မဟုတ်ဟု လုယွီက ခံစားမိသည်။သို့ရာတွင် သူတို့သည် သူ့အားအန္တရာယ်မပေးသည့်တိုင် ဤကဲ့သို့နေရာမျိုးတွင် သတိကြီးစွာထားသည်က ပို၍ကောင်းမွန်ပေမည်။
"ကြည့်ရတာတော့ ငါတို့ရဲ့ရှေ့မှာ တစ်ခုခုရှိနေပုံပဲ"
ခွေးနက်ကြီးသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကိုကျုံကာ လုယွီ၏ပခုံးပေါ်သို့ ခုန်တက်ပြီး ဂရုတစိုက်ပြောဆိုသည်။
"ကောင်စုတ်လေးလု....မင်းရဲ့အသက်က ပိုပြီးအရေးကြီးတယ်...မင်းက ကံအရမ်းကောင်းတယ်ဆိုပေမယ့် အမြဲတမ်း သေလမ်းမရှာသင့်ဘူး...အခုလို သေရေးရှင်ရေးအချိန်မျိုးမှာ ငါတို့က အဝေးကိုထွက်ပြေးရလိမ့်မယ်...ဒီနေရာကပြဿနာကို ငါတို့ရဲ့စွမ်းအားနဲ့ ဘယ်လိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး"
လုယွီက ခွေးနက်ကြီးကို လျစ်လျှုရှုကာ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားလိုက်၏။
ပတ်ဝန်းကျင်ရှိ ယင်သရဲတစ္ဆေစစ်သားများကို ဖြတ်ကျော်ပြီးနောက် လုယွီသည် နောက်ဆုံး၌ နန်းတော်တခု၏အပျက်အစီးနေရာဆီသို့ ရောက်ရှိသွားသည်။
ဤနေရာရှိ နန်းတော်၏တိုင်လုံးများသည် အမြင့်တစ်ဝက်ခန့်သာ မြေပြင်ပေါ်၌ ထွက်ပေါ်နေသည်။မြင့်မားသောနန်းတော်နံရံများသည်လည်း အချိန်၏တိုက်စားမှုအမှတ်အသားများဖြင့် ပြည့်နှက်နေပေ၏။
ဤသည်မှာ ပျက်စီးနေသောနံရံကြီးတစ်ခုဖြစ်ကြောင်း သိသာထင်ရှားသည်။သို့ရာတွင် ထိုအပျက်အစီးများကြားတွင် အကောင်းပကတိရှိနေသော နေရာတချို့ရှိနေပြီး ရှေးဟောင်းခေတ်ကာလများ၏ပုံစံဖြင့် အလှဆင်ထားသည်။ထိုအရာများသည် အလွန်ရှေးကျပြီး ကြီးကျယ်ခမ်းနားပေ၏။နန်းတော်အမိုး၌ ရေးဆွဲထားသော ဦးချိုပါသားရဲများ၏ပုံသဏ္ဍာန်များသည် ကြေးနီရောင်တောက်ပနေဆဲပင်။
"ဒါကိုကြည့်ရတာ ရှေးဟောင်းနန်းတော်နယ်မြေတစ်ခုပဲ....ဒါပေမဲ့ ငါတို့အခုရောက်နေတာက စစ်စခန်းနယ်မြေ ဖြစ်နေတယ်...ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ နန်းတော်တစ်ခု ရုတ်တရက်ကြီးထွက်ပေါ်လာတာလဲ"
ခွေးနက်ကြီးသည် ယခင်က အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေသည်။သို့ရာတွင် နန်းတော်အတွင်း၌ ရတနာများရှိနေနိုင်သည်ကိုတွေးတောမိချိန်၌ ဤသောက်ရေးမပါသော ခွေးနက်ကြီးသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းရှိတော့မည်မဟုတ်ချေ။
"ဖြစ်နိုင်တာတော့ ငါတို့ထွက်သွားပြီးတဲ့အချိန်မှာ ရှေးဟောင်းခေတ်အချိန်ကာလတုန်းက တစ်ခုခု ဖြစ်ခဲ့တာများလား"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ထိုအပျက်အစီးများကို ဖြတ်ကျော်လာပြီးနောက် အေးစက်စက်လေတိုက်ခတ်သံနှင့် လုယွီ၏ခြေလှမ်းသံကိုသာ ကြားနေရသည်။
ပတ်ဝန်းကျင်နေရာတဝိုက်၌ ယင်ချီများ ပို၍ပို၍ထူထပ်သိမ်းသည်းလာသည်။
ဤအပြောင်းအလဲများသည် လုယွီ ချန်အန်းမြို့အတွင်းသို့ ဝင်ရောက်လာစဉ်၌ သွေးလကြီးဆင်းသက်လာချိန်ကမြင်ကွင်းနှင့် ထပ်တူထပ်မျှပင်။
အမွေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာခန့် လမ်းလျှောက်ပြီးနောက် လုယွီသည်နောက်ဆုံး၌ အပျက်အစီးနယ်မြေကို ဖြတ်ကျော်ပြီးလေပြီ။သူ၏ရှေ့၌ ကြီးမားကျယ်ပြန့်သော ရေအိုင်တစ်အိုင်ရှိနေလေ၏။
ဤရေအိုင်သည် ဧကတစ်ရာခန့် ကြီးမားကျယ်ပြန့်ကာ နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့သည့်တိုင် ရေအိုင်အတွင်း၌ ပန်းများပွင့်ဖူးနေဆဲပင်။
ဤမြေအောက်နန်းတော်၏မြေသားများပေါ်တွင် တောက်ပကြည်လင်သော သတ္တုရိုင်းများ ဖုံးလွှမ်းနေသဖြင့် ခပ်ဖျော့ဖျော့အလင်းရောင်တစ်ရပ်ကို ထုတ်လွှတ်ထားပြီး ပတ်ဝန်းကျင်ကို လင်းထိန်နေစေသည်။ရေမျက်နှာပြင်သည် လှုပ်ခတ်နေကာ ရေအိုင်၏အလယ်ဗဟိုတွင် မသဲမကွဲသာမြင်တွေ့နိုင်သော ကျွန်းငယ်လေးတစ်ခုရှိနေသည်။
ထိုကျွန်းငယ်လေးပေါ်တွင် အလွန်ကြီးကျယ်ခမ်းနားသော နန်းဆောင်တခုရှိနေလေ၏။
ထိုနန်းဆောင်၏နံဘေးတွင် ရှေးဟောင်းသစ်ပင်တစ်ပင်ရှိနေကာ သစ်ကိုင်းများ သစ်ရွက်များဖြင့် စိမ်းစိုလန်းဆန်းနေသည်။ထိုသစ်ပင်၏တစ်ရွက်တစ်ရွက်ချင်းစီမှနေ၍ ခပ်ဖျော့ဖျော့အလင်းရောင်များ ထုတ်လွှတ်ထားကာ အလွန်သာလွန်ထူးကဲပေ၏။
Chaptet 4129
လုယွီသည် ထိုသစ်ပင်ကို မြင်တွေ့ချိန်တွင် မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းကာ ရေအိုင်၏အလယ်ရှိကျွန်းထံသို့ ပျံသန်းသွားလိုက်သည်။
ရှေးဟောင်းသစ်ပင်ကို အနီးကပ်ကြည့်မိချိန်တွင် ထိုအရာပေါ်ရှိ ခပ်ဖျော့ဖျော့အလင်းတန်းများကို သူ မြင်တွေ့မိလေ၏။ဤသည်မှာ အလင်းတန်းများသက်သက်မဟုတ်ဘဲ သေးငယ်သော သင်္ကေတအက္ခရာများ ထူထပ်သိပ်သည်းစွာ ရှိနေခြင်းပင်။ထိုအရာများသည် သစ်ရွက်များ၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံနေကာ အဝေးမှကြည့်ပါက သစ်ပင်မှနေ၍ အလင်းတန်းများ ထုတ်လွှတ်ထားသည်ဟု လူအများကို ခံစားရစေသည်။
ဤနေရာသည် အချိန်မည်မျှထိကြာမြင့်စွာ ဖြတ်သန်းခဲ့ရကြောင်း မည်သူမျှ မသိရှိနိုင်ချေ။အတိတ်တွင် ကြီးကျယ်ခမ်းနားခဲ့သော အဆောက်အအုံများအားလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။သို့ရာတွင် ဤရှေးဟောင်းသစ်ပင်တွင် သစ်ရွက်များစိမ်းစိုနေကာ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် သစ်ရွက်တစ်ရွက်ကိုခူးကာ သူ့၏နှာခေါင်းရှေ့သို့ထားပြီး အနံ့ခံကြည့်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ခပ်ဖျော့ဖျော့မွှေးရနံ့က သူ၏စိတ်နှလုံးသားအတွင်းသို့ စိမ့်ဝင်လာပေ၏။
ဤသည်မှာ သူသည် စိတ်လန်းဆန်းစေသော လက်ဖက်ရည်တစ်ခွက်ကို သောက်လိုက်ရသည်အလားပင်။ထိုလက်ဖက်ရည်ဖြတ်သန်းသွားသော သူ့၏နှုတ်ခမ်းနှင့်သွားများတွင် ဖော်ပြ၍မရနိုင်သော သက်တောင့်သက်သာရှိမှုမျိုးရရှိသည်နှင့် တူညီနေပေ၏။
"ဒါက ချန်းလန်ရှေးဟောင်းသစ်ပင်လား"
လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ကောလဟာလများအရ ရှေးဟောင်းအချိန်ကာလများအတွင်းတွင် ချန်းလန်ဟုခေါ်သော လူသားတိုင်းပြည်ငယ်တစ်ခုရှိသည်။
ချန်းလန်တိုင်းပြည်သည် သစ်ပင်အမျိုးအစားတစ်ခုကြောင့် ချမ်းသာကြွယ်ဝသော တိုင်းပြည်တစ်ပြည်ပင်။နှစ်ပေါင်းတစ်ရာကြာမြင့်ချိန်တိုင်း ထိုသစ်ပင်မှနေ၍ သစ်ရွက်တစ်ရွက်သာ ပေါက်ဖွားသည်။ဤသစ်ရွက်ကို လက်ဖက်ရည်အတွင်းသို့ ထည့်သွင်းလိုက်ပါက စိတ်ဝိညာဥ်ကိုအားဖြည့်ပေးနိုင်ကာ လူအများအား စျာန်ဝင်စားခြင်းအခြေအနေသို့ အလျှင်အမြန် ဝင်ရောက်သွားစေနိုင်သည်။
ရှေးဟောင်းခေတ်ကာလအတွင်းမှ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးများသည် သူတို့၏ကျင့်ကြံခြင်းမစတင်မီ လက်ဖက်ရည်ခွက်အတွင်းသို့ ချန်းလန်ရှေးဟောင်းသစ်ရွက်တစ်ရွက်ကိုစိမ်၍ သောက်သုံးကြသည်။ဤသည်ကြောင့် သူတို့၏စိတ်အခြေအနေသည် တည်ငြိမ်အေးဆေးနေပြီး မည်သည့်မလိုလားအပ်သောအတွေးမျိုးမျှ ဝင်ရောက်မလာနိုင်တော့ချေ။
ဤကဲ့သို့လက်ဖက်ရည်မျိုးကို အတိတ်မှ လူသားဧကရာဇ်များပင်လျှင် အထူးသီးသန့်သောက်သုံးကြသည်။
သို့ရာတွင် ထိုသစ်ပင်ပေါက်ရောက်ရန်အတွက် လိုအပ်သော ပတ်ဝန်းကျင်အခြေအနေသည် အလွန်ခက်ခဲကြမ်းတမ်းကာ ကြီးထွားမှုသက်တမ်းသည် အလွန်ကြာညောင်းပေ၏။ ထို့ပြင် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းရှိ စစ်ပွဲများကြောင့် ချန်လန်တိုင်းပြည် ပျက်စီးသွားခဲ့သည်။ထိုအချိန်မှစ၍ ချန်းလန်ရှေးဟောင်းသစ်ပင်သည်လည်း မျိုးတုံးပျောက်ကွယ်သွားပေ၏။
ဤကဲ့သို့ ကောင်းကင်နှင့်မြေပြင်အကြားမှ အံ့အားသင့်ဖွယ်ကောင်းသော အရာတစ်ခုကို ဤနေရာ၌ မြင်တွေ့ရမည်ဟု လုယွီက မျှော်လင့်မထားမိချေ။
"ဟား ဟား ဟား ငါ ချမ်းသာပြီ...ငါ ချမ်းသာပြီကွ...ငါက ဒီသစ်ပင်ကနေ သစ်ရွက်တချို့ရတာနဲ့ တော်ဝင်မြို့တော်ကိုရောက်ရင် လူချမ်းသာတွေကို စျေးကြီးကြီးနဲ့ရောင်းလို့ရပြီ"
ခွေးနက်ကြီး၏မျက်လုံးများ တောက်ပသွားကာ သူသည် ရှေ့သို့တိုးသွားပြီး သစ်ရွက်များကို ဖမ်းဆုပ်လိုက်သည်။သူ၏လက်ဝါးအတွင်းသို့ သစ်ရွက်အမြောက်အများ ရောက်ရှိသွားလေ၏။
လုယွီသည် ထိုခွေးစုတ်ကို နံဘေးသို့ကန်ထုတ်ကာ သူ၏လက်ကို ဆန့်တန်း၍ သစ်ပင်ကိုဖမ်းဆုပ်လေသည်။ထို့နောက် ချန်းလန်ရှေးဟောင်းသစ်ပင်ကို သူ၏သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းကာ စိုက်ပျိုးလိုက်သည်။
"ကောင်စုတ်လေးလု...မင်းက အကျင့်မကောင်းဘူး...ငါလည်း ဒီအပင်ကို မြင်ခဲ့ရတာပဲလေ...ငါ့ကို ခွဲဝေပေးသင့်တယ်"
ခွေးနက်ကြီးက အော်ဟစ်လိုက်သည်။
လုယွီက ခွေးနက်ကြီးကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောဆိုသည်။
"ငါတို့ ဒါကို ညီတူညီမျှခွဲဝေပြီးပြီလေ...မင်းရဲ့ဝေစုပြည့်အောင် ယူပြီးပြီမဟုတ်လား"
အစောပိုင်းက ခွေးနက်ကြီးသည် သူ၏လက်သည်းကိုဆန့်တန်း၍ ချန်းလန်ရှေးဟောင်းသစ်ပင်ပေါ်မှ သစ်ရွက်တဝက်ခန့်နီးပါးကို ယူဆောင်ပြီးလေပြီ။ချန်းလန်ရှေးဟောင်းသစ်ပင်၌ သစ်ရွက်အမြောက်အများမရှိချေ။ဤသည်မှတဆင့် ချန်းလန်ရှေးဟောင်းသစ်ပင်သည် မည်မျှထိရှားပါးသော မျိုးစိတ်ဖြစ်သည်ကို မြင်တွေ့နိုင်ရန် လုံလောက်သည်။
"ဒီနေရာမှာ ချန်းလန်ရှေးဟောင်းသစ်ပင်လို အရာမျိုးတောင် ရှိနေတယ်...ဒါက ဘယ်နည်းနဲ့မှ သာမန်နေရာတစ်ခု မဖြစ်နိုင်ဘူး"
နန်းဆောင်နံဘေး၌ ကြီးမားသောဆေးမီးဖိုကြီးတစ်ခုလည်း ရှိနေသည်။
ဤဆေးမီးဖိုတစ်ခုလုံးကို ကြေးနီဖြင့်ပြုလုပ်ထားကာ ထိုအရာ၏နံဘေးပတ်လည်၌ ရှေးဟောင်းသားရဲပုံသဏ္ဍာန်များကို ရေးထွင်းထားသည်။ထိုဆေးမီးဖို၏ခြေထောက်သုံးချောင်းသည် ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် အခိုင်အမာရှိနေပေ၏။
ကျောက်တုံးစင်မြင့်၏နံဘေးရှိ စားပွဲပေါ်၌ ဟင်္သာပြဒါးအမြောက်အများနှင့် ဆေးလုံးများကို နေရာချထားသည်။ရှေးဟောင်းအချိန်ကာလအတွင်း၌ ဤနေရာတွင်နေထိုင်သော တစ်စုံတစ်ယောက်သည် နန်းဆောင်နံဘေး၌ ဆေးလုံးများဖော်စပ်ခဲ့ပုံပင်။
လုယွီက စားပွဲပေါ်သို့ တစ်ချက်ကြည့်လိုက်သည်။စားပွဲပေါ်တွင်ရှိနေသော ဆေးလုံးများသည် အချိန်အလွန်ကြာညောင်းလာပြီးနောက် ဆွေးမြည့်နေလေပြီ။
လုယွီသည် ထိုဆေးလုံးများကို ယူဆောင်ခြင်းမပြုချေ။ထိုအစား သူ၏အကြည့်သည် စားပွဲပေါ်ရှိ ဝါးစာလိပ်ပေါ်သို့ ကျရောက်သွားသည်။
ထိုဝါးစာလိပ်ပေါ်၌ စာလုံးအမြောက်အများကို ရေးထွင်းထားသည်။ဤသည်မှာ ရှေးဟောင်းအက္ခရာများပင်။ထိုအရာပေါ်၌ ရေးသားထားသောအရာများသည် အလွန်အမင်း အဖိုးတန်ရှားပါးသော ဆေးပင်များဖြစ်မည်ဟု လုယွီက ပြောဆိုနိုင်သည်။
ထိုဆေးပင်များသည် နှောင်းပိုင်းမျိုးဆက်များ၌ မျိုးတုံးပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
ရှေးဟောင်းခေတ်ကာလအချိန်အတွင်း၌သာ တစ်စုံတစ်ယောက်သည် ဤမျှထိအဖိုးတန်ရှားပါးသော ဆေးပင်များကို ရရှိနိုင်ပေမည်။
ထိုစာလိပ်၏အဆုံးသတ်၌ တံဆိပ်တုံးတစ်ခုကို ခတ်နှိပ်ထားကာ 'ချန်အင်ပါယာ တော်ဝင်သမားတော်ချုပ်'ဟူသော စာလုံးများပါရှိသည်။
"ချန်အင်ပါယာ...ဒီအင်ပါယာရဲ့နာမည်ကို ငါ ဘာလို့ မကြားဖူးတာလဲ"
ဤနာမည်ကို ရေရွတ်လိုက်သည့်အချိန်တွင် သူ၏စိတ်ခံစားချက်များ လှိုင်းထန်လာကာ သူ၏သွေးများ ဆူပွက်လာသည်ကို လုယွီက ခံစားမိသည်။
Chapter 4130
တာအိုကျမ်းစာများအရ နောက်ဆုံးလူသားဧကရာဇ် သေဆုံးသွားချိန်တွင် မိုးကောင်းကင်တာအိုမှဥပဒေသများ အလွန်အမင်းပြောင်းလဲသွားကာ လူသားမျိုးနွယ်များအကြားမှ ပဋိပက္ခများသည် ရပ်စဲသွားခြင်းမရှိတော့ချေ။ထို့ကြောင့် ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါး ထွက်ပေါ်လာလျှင်ပင် လူသားဧကရာဇ် မဖြစ်နိုင်တော့ချေ။
လုယွီ၏စိတ်အတွင်း၌ ရှေးဟောင်းခေတ်ကာလအတွင်းမှ အင်ပါယာများ၏နာမည်များ ထွက်ပေါ်လာသော်လည်း ချင်အင်ပါယာနှင့်ပတ်သက်သော သဲလွန်စတစ်ခုတစ်လေကိုမျှ ရှာမတွေ့ချေ။
ခွေးနက်ကြီးက မျက်မှောင်ကြုတ်ကာ ညည်းတွားလိုက်သည်။
"အဲ့ဒီလူသားဧကရာဇ်က ရိုးရိုးသားသားဝန်ခံရရင် အရမ်းသန်မာအားကောင်းတယ်.... ကောင်းကင်ဘုံအင်မော်တယ်နန်းတော်မှာရှိတဲ့ ရွှေအင်မော်တယ်တွေတောင် သူ့ကို ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ ငါ ခံစားမိတယ်...ဒီလိုမျိုး နက်နဲသိမ်မွေ့တဲ့လူမျိုးသာ တကယ်ကြီး ထွက်ပေါ်လာခဲ့တယ်ဆိုရင် သူ့ရဲ့နာမည်က ခေတ်ကာလတစ်ခုလုံးကို အချိန်အတော်ကြာတဲ့အထိ လှုပ်ခတ်နေစေလိမ့်မယ်...ဒါပေမဲ့ ငါ့ဆီမှာ သူနဲ့ပတ်သက်တဲ့ အသိအမြင်မျိုး တခုမှရှိမနေဘူး"
ခွေးနက်ကြီးသည် ရှေးဟောင်းခေတ်အချိန်ကာလမှ ယခုလက်ရှိအချိန်ထိ အသက်ရှင်သန်နေခဲ့သူပင်။သူသည် အတိတ်တွင် လူအမြောက်အများ မသိရှိသောကိစ္စများနှင့်ပတ်သက်ပြီး သိရှိထားပေ၏။
သို့ရာတွင် သူသည် ချင်အင်ပါယာနှင့်ပတ်သက်ပြီး အနည်းငယ်မျှမသိရှိချေ။
'ငါ့ကို ပြောစမ်းပါ...နောင်အနာဂတ်မှာ ငါတို့ကိုမှတ်မိတဲ့ လူတစ်ယောက် ရှိနိုင်မယ်လို့ မင်း ထင်လား'
အကြောင်းအရင်တချို့ကြောင့် ယခင်က ဆုံတွေ့ခဲ့ရသည့် စစ်ဗိုလ်ချုပ်၏အကြည့်သည် အချိန်နှင့်လေဟာနယ်ကိုဖြတ်သန်း၍ လုယွီ၏ရှေ့သို့ ရောက်ရှိလာသည့်အလားပင်။
လုယွီသည် ရှေးဟောင်းခေတ်ကာလအချိန်အတွင်း၌ မြို့ရိုးကိုအခိုင်အမာစောင့်ကြပ်ကာကွယ်နေသော ထိုစစ်သားများကို မြင်ယောင်မိသည်။
သူတို့သည် အသက်ဖြင့်ရင်း၍စွန့်စားကာ တိုက်ခိုက်ခဲ့ကြသည်။အကယ်၍ သူတို့သည် ကိုးကြိမ်ခန့် ပြန်လည်၍သေဆုံးလျှင်ပင် နောင်တရမည်မဟုတ်ချေ။
ဤကဲ့သို့ကိစ္စများသည် လုယွီ၏ရှေ့၌ အမှန်တကယ် ဖြစ်ပွားသွားခဲ့ပေ၏။ဤသည်မှာ မည်သည်ကြောင့် အတုအယောင်များ ဖြစ်နိုင်မည်နည်း။
"ရှေးဟောင်းခေတ်ကာလအချိန်အတွင်းမှာ တစ်ခုခုဖြစ်ပျက်ခဲ့တယ်ဆိုတာ သေချာတယ်...ဒါက အင်ပါယာတစ်ခုရဲ့နာမည်ကို သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားစေခဲ့တယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ဤသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ရှာဖွေတွေ့ရှိမှုကြီးတစ်ခုပင်။
အကယ်၍ ဤကိစ္စသာ အမှန်တကယ်ဖြစ်နေပါက သမိုင်းမှတ်တမ်းများအားလုံးတွင် ကြီးမားသောဟာကွက်ကြီးတစ်ခု ရှိနေလေပြီ။
ရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ ချင်အင်ပါယာသည် သေးငယ်သောအညတရအင်ပါယာတစ်ခု မဖြစ်နိုင်ချေ။ဤကဲ့သို့ အစွမ်းထက်သော လူသားဧကရာဇ်တစ်ယောက် ရှိနေသဖြင့် ခေတ်ကာလတစ်လျှောက် ဂုဏ်ယူဝံ့ကြွားစွာ မားမားမတ်မတ်ရပ်တည်နိုင်သော အင်ပါယာကြီးတစ်ခုဖြစ်ပေမည်။
လုယွီသည် ဤမြေအောက်နန်းတော်အတွင်းသို့ မတော်တဆ ဝင်ရောက်ခဲ့မိခြင်းပင်။ဤသည်မှာ ရှည်လျားသောသမိုင်းမြစ်ကြီး၏ အက်ကွဲကြောင်းတစ်ခုကို ရုတ်တရက် ဆွဲဖြဲလိုက်သည့်အလား ပုန်းကွယ်နေသောလျှို့ဝှက်ချက်များကို သူ ရှာဖွေတွေ့ရှိခဲ့လေ၏။
"ဒါဆိုရင် ဒီသမိုင်းကြောင်းတွေကို တမင်သက်သက် ဖျောက်ဖျက်ခဲ့တဲ့လူက ဘယ်သူလဲ"
လုယွီက ရုတ်တရက် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။အေးစက်စက်ခံစားချက်တစ်ခုက သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာသို့ တိုးဝင်လာပေ၏။သူ၏လက်အတွင်းရှိ တံဆိပ်ပြားမှနေ၍ ကြေးနီရောင်အလင်းတန်းများ ထုတ်လွှတ်နေဆဲပင်။
ဤသည်မှာ ဗိုလ်ချုပ်မုန့်သည် ရှေးဟောင်းနတ်ဆိုးများ၏သတ်ဖြတ်ခြင်းကို ခံရပြီးနောက် စိတ်ဝိညာဥ်ဘဝသို့ ရောက်ရှိသွားစဥ်၌ သူ့အားပေးအပ်ခဲ့သော တံဆိပ်ပြားပင်။
ယခင်က ဗိုလ်ချုပ်မုန့်၏စကားများအရ ဘွဲ့ထူးတစ်ခုအတွက် စစ်ရေးအောင်မြင်မှုရမှတ်များဖြင့် လဲလှယ်နိုင်သည်။ထိုအချိန်တုန်းက ဤကဲ့သို့ဘွဲ့ထူးမျိုးသည်အခွင့်အာဏာနှင့်အဆင့်အတန်းကိုပြသသော သင်္ကေတပင်။
ထို့ကြောင့် ဤသည်မှာ သာလွန်ထူးကဲသော အဆင့်အတန်းကို ဖော်ပြသည့် တံဆိပ်ပြားတစ်ခုဖြစ်ပေမည်။
လုယွီသည် ဤတံဆိပ်ပြားအတွင်း၌ စီးဆင်းနေသည့် ကြီးမားပြီးအကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများကို ခံစားမိသည်။
တံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းသင်္ကေတအက္ခရာများဖြင့် ရေးသားထားသော စာလုံးတချို့ရှိနေလေ၏။
"ချင်အင်ပါယာ...အင်ပါယာ၏သားတော်..."
လုယွီက သူ၏နတ်ဘုရားစိတ်အာရုံကို တံဆိပ်ပြားအတွင်းသို့ ထည့်သွင်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် သူသည် ရန်သူများဝိုင်းရံခံထားရသည့် စစ်သားများအကြား၌ မတ်တတ်ရပ်နေသည့်အလား တိုက်ခိုက်နေသံများကို ကြားလိုက်ရ၏။မရေမတွက်နိုင်သောစစ်သားများ အလွန်အမင်းကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးနေကြသည်။
ဤကဲ့သို့တိုက်ခိုက်နေသံများသည် မိုးနှင့်မြေကို တုန်ခါစေလုမတတ်ပင်။ဤအသံများသည် လုယွီ၏နားအတွင်း၌ ပဲ့တင်ထပ်နေပေ၏။
"မင်း အသံတစ်ခုခုကို မကြားမိဘူးလား"
လုယွီက မေးမြန်းသည်။
"ငါ ဘာမှမကြားမိဘူး...ဘယ်နေရာကနေ အသံကြားနေရလို့လဲ"
ခွေးနက်ကြီးက သူ့၏ခေါင်းကိုခါယမ်းကာ ရုတ်တရက် ဆေးမီးဖိုပေါ်သို့ ခုန်တက်လိုက်သည်။
ဆေးမီးဖို၏အဖုံးကို တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။ထိုဆေးမီးဖို၏အဖုံးပေါ်တွင် ကြိုးကြာဖြူတစ်ကောင်၏ တင့်တယ်လှပသောပုံရိပ်ကို ရေးဆွဲထားသည်။ထိုကြိုးကြာဖြူသည် တောင်ပံများကိုဖြန့်ကျက်ကာ ပျံသန်းနေသောပုံပင်။
"ဒီဆေးမီးဖိုရဲ့အရည်အသွေးက မဆိုးဘူး... အရောင်အသွေးကလည်း အရမ်းကောင်းတယ်...တကယ်လို့ ငါ ဒါကိုယူသွားရင် အနည်းဆုံးတော့ အင်မော်တယ်ကျောက်တုံးသန်းတစ်ရာနဲ့ ရောင်းလို့ရနိုင်တယ်"
ခွေးနက်ကြီးသည် ဆေးမီးဖိုကို လက်ဝဲလက်ယာလှည့်ပတ်ကြည့်ပြီး ပြောဆိုလိုက်၏။
ထိုနောက် ခွေးနက်ကြီးသည် သူ၏စိတ်နှလုံးသားအတွင်းမှ သိချင်စိတ်ကို ထိန်းချုပ်မထားနိုင်တော့သဖြင့် ဆေးမီးဖို၏အဖုံးကို ဖွင့်လိုက်သည်။
ဆေးမီးဖိုအဖုံးပွင့်သွားချိန်တွင် အတွင်းမှနေ၍ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော ဖီးနစ်အော်သံတစ်သံ ထွက်ပေါ်လာသည်။
အလွန်အမင်းစူးရှသော အလင်းတန်းများက လုယွီနှင့်ခွေးနက်ကြီးတို့၏ မျက်လုံးများရှေ့၌ ဖြာထွက်လာသည်။ထို့နောက် ခြစ်ခြစ်တောက်ပူပြင်းသော အရှိန်အဝါတစ်ရပ်က လုယွီ၏မျက်နှာကို လာရောက်ရိုက်ခတ်လေ၏။