အခန်း (၄၁၄၆-၄၁၅၀)
Vol. 211 Ch. 4146-4150
Chapter 4146
ထိုသို့ပြောဆိုပြီးနောက် ကြာပွင့်သည် ခရမ်းရောင်အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲ၍ လုကျိုးရှောင်၏နဖူးအတွင်းသို့ ဝင်ရောက်သွားတော့သည်။
"လုယွီ....မင်း စောင့်နေစမ်း...နောင်အနာဂတ်မှာ ငါ မင်းကို ဖမ်းမိတာနဲ့ မင်းကို သေတဲ့အထိ ညှင်းပန်းနှိပ်စက်မယ်"
လုကျိုးရှောင်၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လုကျိုးရှောင်၏နောက် မလှမ်းမကမ်းအကွာမှနေ၍ သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံကဲ့သို့ ထူးဆန်းသောအသံများကို ကြားနေရသည်။
မြေအောက်နန်းတော် လှိုဏ်ဂူလမ်းကြောင်း၏ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်။ဤသည်မှာ မရေမတွက်နိုင်သောသက်ရှိများ လှိုဏ်ဂူလမ်းကြောင်းအတွင်းမှ တရကြမ်းပြေးထွက်လာသည့်အလားပင်။
"အဲ့ဒီသရဲတစ္ဆေတွေ ထပ်ပြီးရောက်လာပြီ"
သူ၏နောက်မှထွက်ပေါ်လာသော အသံများကိုကြားချိန်တွင် လုကျိုးရှောင်သည် သူ၏ဦးရေပြား ထုံကျင်လာသည်ကို ခံစားမိလေ၏။
သူ၏ယခုလက်ရှိခွန်အားဖြင့် ထိုယင်သရဲတစ္ဆေများကို ခက်ခက်ခဲခဲတိုက်ခိုက်ပြီးမှ မနည်းရုန်းကန်၍ ဤနေရာသို့ ထွက်ပြေးလာနိုင်ခဲ့ခြင်းဖြစ်သည်။
သူသည် ချက်ချင်းဆိုသလိုပင် လှုပ်ရှားမှုနည်းစနစ်တစ်ခုကို အသုံးပြုကာ မြေအောက်နန်းတော်၏နက်ရှိုင်းသောနေရာသို့ ဦးတည်၍ ပျံသန်းခဲ့တော့သည်။
.....
မြေအောက်နန်းတော်အတွင်း၌....
လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းများ ရံဖန်ရံခါဖြာထွက်လာကာ ပတ်ဝန်ကျင်ကို စုံစမ်းထောက်လှမ်းနေသည်။
ဤနေရာသည် ကြီးမားသောဝင်္ကပါကြီးတစ်ခုအလား အလွန်ရှုပ်ထွေးပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၏နယ်မြေဖွဲ့စည်းပုံကို မသိရှိပါက မျက်စိလည်လမ်းမှားနေပြီး ထွက်လမ်းကိုရှာဖွေနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ဤသည်မှာ လုယွီအတွက် ပြဿနာတစ်ရပ်မဟုတ်ပေ။
အကြောင်းအရင်းများအနက်မှတစ်ခုမှာ လုယွီသည် ကံကြမ္မာဟောကိန်းနည်းစနစ်ကို တတ်မြောက်ထားသောကြောင့်ပင်။သူသည် ကံကြမ္မာလမ်းကြောင်းများကို အသုံးပြု၍ ပတ်ဝန်းကျင်အခြေအနေကို စူးစမ်းလေ့လာနိုင်သည်။
လုယွီသည် ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာပြီးနောက် အဝေးတစ်နေရာတွင် အလင်းရောင်များရှိနေသည်ကို မြင်တွေ့မိသည်။သူတို့နှစ်ယောက် ထိုနေရာသို့ အနီးကပ်ရောက်ရှိသွားမှသာ အလင်းရောင်၏အရင်းအမြစ်ကို ရှာဖွေတွေ့ရှိမိလေ၏။ဤှသည်မှာ လူအမြောက်အများ အတူတကွစုဝေးနေကာ သူတို့၏လက်များဖြင့် အလင်းမှော်နည်းစနစ်များကို အသုံးပြုထားခြင်းပင်။
ထိုအလင်းရောင်မှတဆင့် ထိုလူများအားလုံးသည် မြင့်မားသောမြို့ကြီးတစ်မြို့၏ရှေ့၌ မတ်တတ်ရပ်နေကြခြင်းဖြစ်ကြောင်း သူတို့နှစ်ယောက်သား သိလိုက်ရသည်။အမှောင်ထုအတွင်း၌ သူတို့သည် ကျောက်တုံးအုတ်များကိုသာ မြင်တွေ့နိုင်ပြီး ဧရာမမြို့ကြီး၏အပြည့်အစုံပုံသဏ္ဍာန်ကို မြင်တွေ့နိုင်ခြင်းမရှိချေ။
ဤသည်မှာ မြေအောက်၌နစ်မြုပ်နေသော ဧရာမမြို့ကြီးတစ်မြို့ပင်။
ထိုမြို့ကြီး၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို အခိုင်အမာချိတ်ပိတ်ထားသည်။လူတိုင်းသည် နောက်ဆုတ်ရန်လည်း မဖြစ်နိုင်သဖြင့် ဤမြို့ကြီး၏တံခါးရှေ့တွင် စုဝေးနေကြခြင်းဖြစ်ပေ၏။
လုယွီသည် အကြည့်တစ်ချက်ဖြင့် လူအုပ်ကြီး၏နောက်တွင်ရှိနေသော ချီဘုရင်ကို တွေ့မြင်မိသည်။ချီဘုရင်သည် ပလ္လင်ခွေထိုင်ကာ အနားယူနေပြီး သူ၏စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေသည်။
ချီဘုရင်၏နံဘေးပတ်လည်တွင် နဂါးအစောင့်များက ဝိုင်းရံ၍ကာကွယ်ပေးထားသည်။ပြင်ပမှနေ၍ ဓားများကိုင်ဆောင်ထားသည့် သံချပ်ကာဝတ်စစ်သားများက စောင့်ကြပ်နေလေရာ အလွန်အင်အားကြီးမားပေ၏။
တခြားတစ်ဖက်တွင် မြင့်မြတ်နယ်မြေများနှင့် ထိပ်သီးမိသားစုများမှ လူများရှိနေကာ သူတို့၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤနေရာသို့ရောက်ရှိလာသော ထိပ်သီးမိသားစုများအကြားတွင် ဝေ့မိသားစုနှင့်လုမိသားစုသာ အသက်ရှင်ရက်ကျန်ရှိသူရှိကြောင်း ဝေ့မင်ထျန်းက လုယွီကို ပြောပြပြီးလေပြီ။ယင်သရဲတစ္ဆေစစ်သားများ ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် ကျန်းမိသားစုမှလူများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရသည်။
ဤသို့ဖြစ်ရခြင်းမှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင်ရှိသော ကျန်းမိသားစုဝင်များသည် အလွန်အစွမ်းထက်ခြင်း မရှိသောကြောင့်ပင်။ဤနေရာသို့ ကျန်းမိသားစုမှ ရောက်ရှိလာသူများအနက် အစွမ်းထက်ဆုံးလူမှာ အပြင်စည်းအကြီးအကဲတစ်ယောက်သာဖြစ်သည်။သူတို့သည် လုံလောက်သည်အထိ သန်မာအားကောင်းခြင်းမရှိသဖြင့် အလျှင်အမြန် သေဆုံးသွားရသည်မှာ သဘာဝကျသောကိစ္စပင်။
သို့ရာတွင် ရှမိသားစုမှလူများထံတွင်လည်း တူညီသောကံကြမ္မာမျိုးရှိနေသည်။
နတ်ဘုရားမြင့်မြတ်အမတ်ကြီးထံတွင် သူတို့ကိုကယ်တင်ရန်အတွက် အချိန်မရှိခဲ့ချေ။လူသားဧကရာဇ်ဓားသည် အလွန်အရေးကြီးသဖြင့် နှိုင်းယှဥ်ကြည့်ပါက သူ၏သွေးဝေးမိသားစုများသည် အသေးအဖွဲပင်။
မြင့်မြတ်နယ်မြေများနှင့် ထိပ်သီးမိသားစုများအပြင် လေလွင့်ကျင့်ကြံသူအယောက်တစ်ရာခန့်ရှိနေသည်။
ယခင်က ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည့် လေလွင့်ကျင့်ကြံသူတစ်သောင်းကျော်နှင့် နှိုင်းယှဥ်ကြည့်ပါက အနည်းစုသာ ကျန်ရှိတော့သည်။ဤသည်မှာ သနားဖွယ်ကောင်းသော ကိစ္စတစ်ခုပင်။
ဤလူစုသည် ဧရာမမြို့ကြီး၏ရှေ့၌ ထိတ်ထိတ်ပျာပျာဖြင့် မတ်တတ်ရပ်နေကြသည်။မည်သူမည်ဝါဖြစ်နေပါစေ သူတို့၏မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
"တစ်ယောက်ယောက် လာနေတယ်"
ထိုအသံကိုကြားချိန်တွင် ဤနေရာတွင် ရှိနေသောလူများသည် ခဲမှန်ဖူးသောစာသူငယ်များအလား ထိတ်လန့်တကြား ထခုန်လိုက်ကြ၏။
ထိုအချိန်မှာပင် လုယွီက လေထုအတွင်းမှဆင်းသက်လာကာ သူ၏ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။
လုယွီသည် လူငယ်တစ်ယောက်ဖြစ်နေပြီး ယင်သရဲတစ္ဆေတစ်ကောင် မဟုတ်သည်ကို မြင်တွေ့ချိန်၌ လူတိုင်းသည် စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။
"ငါတို့ ရောက်ပြီ"
လုယွီ၏အသံက ရုတ်တရက် ဝေ့မင်ထျန်း၏နားအတွင်းသို့ ဝင်ရောက်လာသည်။
"အမ်...."
ဝေ့မင်ထျန်းသည် ယခင်က ဝမ်းသာကြည်နူးကာ မိန်းမောနေခဲ့သည်။သူမ၏မျက်လုံးကိုဖွင့်ကြည့်လိုက်စဥ်တွင် မရေမတွက်နိုင်သော မျက်လုံးအကြည့်များက သူမတို့အား စူးစိုက်ကြည့်နေသည်ကို မြင်တွေ့မိလေ၏။
သူမသည် လုယွီ၏လက်မောင်းကြား၌ မှီနေဆဲဖြစ်ကာ အင်မော်တယ်ချီများအကြားတွင် နစ်မွန်းနေခြင်းမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့ပေ။
ဤအချိန်အခိုက်အတန့်တွင် သူမသည် အသိဝင်လာကာ လုယွီ၏လက်မောင်းကြားမှ အလျှင်အမြန်ရုန်းထွက်လိုက်သည်။သူမ၏လှပသောမျက်နှာလေးသည် မီးတောက်တစ်ခုကဲ့သို့ နီမြန်းနေပေ၏။
Chapter 4147
ဝေ့မင်ထျန်းသည် ထိတ်လန့်တကြားအော်ဟစ်ကာ လုယွီ၏ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းလိုက်သည်။
သူမ၏ခြေလှမ်းများ အနည်းငယ်မတည်မငြိမ်ဖြစ်နေကာ သူမ၏မျက်နှာပေါ်ရှိ နီမြန်းမှုများ ယခုထိတိုင် ပျက်ပြယ်သွားခြင်းမရှိသေးချေ။သူမ၏ပန်းနုရောင်မျက်နှာလေးပေါ်တွင် ရှက်ရွံမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
အစောပိုင်းက လုယွီ၏ပခုံးကြား၌ လဲလျောင်းနေရစဥ်တွင် သူမ၏စိတ် မကြုံစဖူး တည်ငြိမ်အေးချမ်းနေသည်ကို ခံစားမိလေ၏။
ဤသည်မှာ သူမ ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော ခံစားချက်တစ်ခုပင်။ဝေ့မင်ထျန်းက ဤသည်မှာ သူမဖခင်၏လက်မောင်းကြားတွင် သူမလဲလျောင်းနေသကဲ့သို့ ခံစားချက်မျိုးကိုရရှိသည်။ပြင်ပ၌ မည်မျှထိမုန်တိုင်းထန်နေပါစေ ဤကြီးကျယ်ခမ်းနားသော ပုံရိပ်ကြီးမှ သူမကို အနည်းငယ်မျှမထိခိုက်စေရန် ကာကွယ်ဟန့်တားထားသည်။
ဤခံစားချက်သည် သူမအား အနည်းငယ်ယစ်မူးနေစေသည်။အမှုမဲ့အမှတ်မဲ့ဖြင့် သူမသည် လုယွီ၏နံဘေးမှ ထွက်ခွာသွားရန် ဝန်လေးနေပေ၏။
"ဒါက သခင်မလေးပဲ"
"သခင်မလေး...မင်းအဆင်ပြေတာကို မြင်ရတာ အရမ်းကောင်းတာပဲ"
လူအုပ်အကြားမှနေ၍ ဝေ့မိသားစုဝင်အစောင့်တချို့ ပြေးထွက်လာကာ သူတို့က ဝမ်းမြောက်ဝမ်းသာ ပြောဆိုလိုက်ကြသည်။
ယခင်က သူတို့သည် ဝေ့မင်ထျန်းနှင့် လူစုကွဲသွားခဲ့ပေ၏။ယခုချိန်၌ သူတို့၏သခင်မလေးကို မြင်တွေ့ချိန်တွင် ဝမ်းသာပျော်ရွှင်သောအမူအယာများဖြင့် သူမ၏နံဘေးသို့ ရောက်ရှိလာကြသည်။
"ဒီလောက်နည်းတဲ့ လူတွေပဲ ကျန်တော့တာလား"
ဝေ့မိသားစုအစောင့်များကို မြင်တွေ့ချိန်တွင် ဝေ့မင်ထျန်း၏မျက်နှာပေါ်၌ အေးစက်တင်းမာသော အမူအယာတစ်ရပ် ချက်ချင်းထင်ဟပ်လာသည်။
ဤသည်မှာ ယခုအချိန်အခိုက်အတန့်တွင် ဝေ့မိသားစု၏ အကြီးဆုံးသခင်မလေးဖြစ်သော မူလရေခဲအလှပိုင်ရှင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်အလားပင်။
ချန်အန်းမြို့အတွင်းသို့ ဝင်ရောက်ခဲ့သည့် ဝေ့မိသားစုဝင်အရေအတွက်မှာ မနည်းလှချေ။
သို့ရာတွင် အဆုံးသတ်၌ ဒဏ်ရာအပြင်းအထန်ရရှိထားသော ဤလူခုနစ်ယောက်သာ ကျန်ရှိမည်ဟု သူမ မျှော်လင့်မထားမိချေ။သူမတို့၏အခြေအနေသည် အလွန်အမင်းဆိုးရွားသည်ဟု ဆိုနိုင်ပေ၏။
"မိန်းကလေးဝေ့....ခုဏအခြေအနေက အရမ်းအရေးပေါ်ဖြစ်နေခဲ့တယ်....မင်း လွတ်မြောက်လာနိုင်ခဲ့တာ အရမ်းကောင်းတာပဲ"
ထိုအချိန်မှာပင် လုချန်းချင်က ပြောဆိုသည်။
အစောပိုင်းက ဝေ့မိသားစုနှင့်လုမိသားစုတို့ ယာယီမဟာမိတ်ဖွဲ့ထားခဲ့သည်။
သို့ရာတွင် ဤမဟာမိတ်ဖွဲ့ခြင်းသည် နာမည်ခံသက်သက်ပင်။အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် သူတို့၏ပူးပေါင်းထားမှု ပျက်ပြယ်သွားခဲ့သည်။သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် လုချန်းချင်ထံ၌ ဝေ့မင်ထျန်းကို ကယ်တင်ရန်အတွက် အချိန်မရှိခဲ့ချေ။
ဝေ့မင်ထျန်းသည်လည်း ဤကိစ္စကို သတိပြုမိပေ၏။
ထို့ကြောင့် သူမ၏လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"အရှင်လုက ရယ်စရာပြောနေပြန်ပြီ....တကယ်လို့ ချန်အန်းမြို့ထဲမှာ အရှင်လုကြောင့်သာမဟုတ်ရင် ငါက အဲ့ဒီဆိုးရွားတဲ့နေရာကြီးကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး"
ယခုချိန်၌ သူမသည် လုမိသားစုနှင့် အငြင်းပွား၍မရချေ။သူမသည် လုမိသားစု၏အကူအညီကို လိုအပ်နေဆဲပင်။
"သူက ဘယ်သူလဲ..."
လုချန်းချင်က ရုတ်တရက် စူးစမ်းလိုသောမျက်နှာအမူအယာဖြင့် လုယွီကို ကြည့်လိုက်သည်။
အစောပိုင်းက လုယွီသည် ဝေ့မင်ထျန်းနှင့်အတူ ရောက်ရှိလာစဥ်၌ လူအမြောက်အများ၏စိတ်အာရုံများကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
ဝေ့မင်ထျန်းသည် တော်ဝင်မြို့တော်အတွင်း၌ အလွန်နာမည်ကျော်ကြားသော လူငယ်ပါရမီရှင်တစ်ယောက်ပင်။သူမအား ချစ်ရေးဆိုသော လူငယ်အမြောက်အများရှိသည်။မင်းသားများနှင့်မြင့်မြတ်သားတော်များအကြား၌ပင် သူမအား လက်ထပ်လိုသူများရှိသည်။
သို့ရာတွင် ဝေ့မင်ထျန်း၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။သာမာန်ယောက်ျားသားများသည် သူမ၏အာရုံစူးစိုက်မှုကိုရရှိရန် လွန်စွာခက်ခဲပေမည်။
ဤကဲ့သို့ ရေခဲအလှပိုင်ရှင်သည် ယခုချိန်တွင် လူငယ်တစ်ယောက်ကြောင့် ရှက်ရွံနေခဲ့သလော....
အတိတ်တွင် သူမသည် ဤကိစ္စမျိုးကို တွေးတောကြည့်ဝံ့ခြင်းပင်မရှိချေ။
"ဒီကောင်စုတ်လေးက အသက်တော်တော်ပြင်းသားပဲ....ခုထိ မသေသေးဘူး"
လူအုပ်အကြားမှနေ၍ သရော်တော်တော် အသံတစ်သံ ထွက်ပေါ်လာသည်။
ချီဘုရင်၏နံဘေးတွင်ရှိနေသော ယုဝမ်ကျိုးသည် လုယွီရောက်ရှိလာသည်ကို သတိပြုမိပေ၏။
ယုဝမ်ကျိုးသည် လုယွီကို သင်ခန်းစာပေးလိုခဲ့သော်လည်း ယင်သရဲတစ္ဆေများ ရောက်ရှိလာမှုကြောင့် သူ၏အကြံအစည် ပျက်ပြားသွားခဲ့သည်။သူသည် ထိတ်လန့်တကြားထွက်ပြေးခဲ့ရသဖြင့် သူနှင့်လုယွီအကြားရှိ ရန်ငြိုးရန်စကို မေ့လျော့သွားလေပြီ။
သို့ရာတွင် ယခုချိန်၌ လုယွီသည် သူ၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ယုဝမ်ကျိုး၏စိတ်နှလုံးသားအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တဖန်ပြန်၍မြင့်တက်လာသည်။
"မင်း ဒီလောက်ထိ မောက်မာထောင်လွှားနေတာ အံ့အားသင့်စရာမရှိတော့ဘူး....လက်စသတ်တော့ မင်းက ဝေ့မိသားစုရဲ့အကြီးဆုံးသခင်မလေးနဲ့ မိတ်ဆွေတွေ ဖြစ်နေတာပါလား...ဘယ်လောက်တောင် ဥာဏ်များတဲ့ကောင်လဲ....ဒီနေ့ ငါ မင်းကို အလွတ်ပေးလိုက်မယ်....ဒါပေမဲ့ ခုဏက မင်း အရှင့်ကို မလေးမစားလုပ်ခဲ့တဲ့ကိစ္စကို ငါ မှတ်ထားရလိမ့်မယ်...."
ယုဝမ်ကျိုးက ရည်ရွယ်ချက်ရှိရှိဖြင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
ဤနေရာပတ်ဝန်းကျင်တွင် လူလေးရာကျော်ခန့်ရှိနေသည်။ထိုလူများသည် မတူကွဲပြားသော အင်အားစုများမှ ရောက်ရှိလာခြင်းပင်။
ယုဝမ်ကျိုး၏စကားများကိုကြားချိန်တွင် ထိုလူများ၏မျက်လုံးအကြည့်များအားလုံး လုယွီနှင့်ဝေ့မင်ထျန်းပေါ်သို့ ကျရောက်လာသည်။သူတို့၏မျက်လုံးများအတွင်း၌ ထူးဆန်းသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေပေ၏။
Chapter 4148
လုယွီ ပထမဆုံးထွက်ပေါ်လာချိန်၌ သူသည် ဝေ့မင်ထျန်းကို ချီမထားပေ၏။
ယခုချိန်၌ လုယွီ၏မျက်နှာကို သူတို့ကြည့်မိစဥ်တွင် ချောမောခန့်ညားသော လူငယ်တစ်ယောက်ဟု ခံစားမိသည်။ဤသည်မှာ သူ၏နူးညံသိမ်မွေ့သော ပုံပန်းသွင်ပြင်အကြားတွင် ယောက်ျားတစ်ယောက်၏တည်ကြည်ပြတ်သားမှု ရှိနေသည့်အလားပင်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ကျောင်းတော်သားတစ်ယောက်၏အရှိန်အဝါမျိုး ရှိနေပေ၏။သူသည် စာအုပ်အမြောက်အများကို ဖတ်ရှုခဲ့သော ကျောင်းတော်သားတစ်ယောက်နှင့် တူညီနေသည်။သူ၏မျက်ခုံးတစ်စုံသည် ထက်ရှကာ သူ၏မျက်လုံးတစ်စုံသည် ကြယ်များနှင့်တူညီပြီး သူ့ထံတွင် သာလွန်ထူးကဲသောဆွဲဆောင်မှုတစ်ခုရှိနေသည်။
ဤသည်မှာ အစစ်အမှန်အင်မော်တယ်တစ်ယောက်ထံတွင်ရှိသည့် အပြောင်းအလဲတစ်ခုဖြစ်ကြောင်း သူတို့ သိရှိမည်မဟုတ်ချေ။
ဆိုရိုးစကားအရပြောဆိုရလျှင် အင်မော်တယ်များနှင့် သေမျိုးများသည် လမ်းကြောင်းမတူသူများပင်။အင်မော်တယ်များနှင့်သေမျိုးများအကြားတွင် သိသာထင်ရှားသော ကွဲပြားခြားနားချက်များရှိသည်။
လုယွီသည် ဤလောကကြီးအတွင်း၌ တစ်ယောက်တည်းသော အစစ်အမှန်အင်မော်တယ်ပင်။
တခြားလူများသည် ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိမြင့်မားနေပါစေ အတုအယောင်အင်မော်တယ်များနှင့် သာမာန်သေမျိုးများသာဖြစ်သည်။
တစ်ယောက်သည် အင်မော်တယ်ဖြစ်ကာ တခြားလူများသည် သေမျိုးများဖြစ်ပေ၏။ဤသည်မှာ လုယွီ၏တစ်မူထူးခြားခြင်းကို ပြသနေသည်။
ထို့ပြင် လုယွီသည် အသက်ငယ်ရွယ်သော လူငယ်တစ်ယောက်ပင်။သူနှင့်ဝေ့မင်ထျန်းတို့ ဘေးချင်းယှဥ်၍ မတ်တတ်ရပ်လိုက်စဥ်တွင် လိုက်ဖက်ညီသောအတွဲတစ်တွဲ ဖြစ်သွားခဲ့သည်။
"ဝေ့မိသားစုရဲ့အကြီးဆုံးသခင်မလေးက ချန်အန်းမြို့အမွေအနှစ်နယ်မြေထဲကို ဝင်လာတဲ့အချိန်မှာ သူ့ရဲ့ချစ်သူကို ခေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
"ကျွတ် ကျွတ် ကျွတ်....ငါက အဲ့ဒီလူမှာ ထူးခြားတဲ့အရှိန်အဝါမျိုးရှိနေတယ်လို့ ထင်နေခဲ့တာ...အခုကြည့်ကြည့်တော့မှ သူက မိန်းကလေးတစ်ယောက်ကို မှီခိုနေတဲ့ကောင် ဖြစ်နေတာပါလား...."
လူများအားလုံး စတင်၍ တီးတိုးပြောဆိုလိုက်ကြသည်။
သူတို့၏အသံများသည် အလွန်တိုးညှင်းသော်လည်း လုယွီ၏အကြားအာရုံသည် အလွန်ထက်မြက်ပေ၏။မည်မျှတိုးညှင်းသော အသံဖြစ်နေပါစေ သူ ကြားနိုင်စွမ်းရှိသည်။
"ယုဝမ်ကျိုး....နင် သေချင်နေတာလား"
ဝေ့မင်ထျန်း၏မျက်နှာအမူအယာ အေးစက်တင်းမာနေကာ သူမက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
ဤသည်မှာ ဝေ့မင်ထျန်း၏နာမည်ဂုဏ်သတင်းကို လူသူအများရှေ့တွင် စော်ကားလိုက်ခြင်းပင်။
ဤကဲ့သို့ကိစ္စမျိုးကို ပြုလုပ်သူသည် ဝေ့မိသားစု၏ရန်သူပင်။
ဝေ့မင်ထျန်း၏နံဘေး၌ ဓားပျံတစ်လက် ထွက်ပေါ်လာသည်။ထိုဓားပျံ၏ကိုယ်ထည်သည် တုန်ရီနေကာ တဝီဝီအသံများ ထွက်ပေါ်နေပေ၏။ဤသည်မှာ သူမ၏အတွေးတစ်ချက်ဖြင့် ထိုဓားပျံသည် ယုဝမ်ကျိုးထံသို့ တိုးဝင်သွားကာ သူ့အားသတ်ဖြတ်တော့မည့်အလားပင်။
ယုဝမ်ကျိုးသည် ဤအချိန်ကျမှသာ သူ စကားမှားသွားခဲ့ကြောင်း နားလည်သဘောပေါက်သွားသည်။ထို့ကြောင့် သူက ရယ်မောကာ ပြောဆိုလိုက်၏။
"မိန်းကလေးဝေ့...ငါက မင်းကို ပြောတာမဟုတ်ဘူး....ငါက မင်းဘေးက ကောင်စုတ်လေးကို ပြောနေတာပဲ....သူက ငါ့ဆီကနေ မြင့်မြတ်ဆေးလုံးကို လုယုသွားပြီးတော့ ငါ့ရှေ့မှာ ချီဘုရင်ကို ရန်စစော်ကားခဲ့တယ်....ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကြီးတစ်ခုပဲ....ဒီကောင်လေးနဲ့မင်းကြားမှာ ဘယ်လိုဆက်ဆံရေးမျိုးရှိတယ်ဆိုတာ ငါ မသိပေမယ့်...မင်းက သူ့ကို သေသေချာချာ သတိပေးထားဖို့ လိုအပ်တယ်....မဟုတ်ရင် တခြားခွေးတွေကြောင်တွေက မင်းရဲ့နာမည်ကို ယူသုံးရင် နေရာအနှံ့မှာ မင်း ပြဿနာတွေ ဖြေရှင်းရလိမ့်မယ်"
ယုဝမ်ကျိုးသည် လုယွီကို ဝေ့မင်ထျန်း၏မိတ်ဆွေဟုသာ တထစ်ချသတ်မှတ်ထားသည်။
မည်သို့ပင်ဆိုစေကာမူ အညတရကျင့်ကြံသူတစ်ယောက်သည် ချီဘုရင်၏နာမည်ကိုကြားပါက သူ၏ခြေထောက်များ ပျော့ခွေသွားကာ စကားပင် ပြောဆိုဝံ့မည်မဟုတ်ချေ။
သို့ရာတွင် ဤလူငယ်ကမူ လှောင်ပြောင်သရော်ကာ ချီဘုရင်ကိုပင် ထိပ်တိုက်ပဋိပက္ခလုပ်ဝံ့သည်။
လုယွီထံတွင် ဝေ့မိသားစုမှ အကြီးဆုံးသခင်မလေး၏ ကူညီထောက်ပံမှုရှိနေခြင်းကြောင့် ဤကဲ့သို့ မောက်မာထောင်လွှားဝံ့ခြင်းဖြစ်ပေမည်။
"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ....ရေတွင်းအောက်ခြေက ဖားသူငယ်တစ်ကောင်ပါလား..."
ဝေ့မင်ထျန်းသည် ထိုစကားများကိုကြားချိန်တွင် ဒေါသထွက်နေသည့်ကြားမှ မရယ်မောဘဲ မနေနိုင်တော့ချေ။
သူမသည် အလွန်အမင်း ဥာဏ်ကောင်းသူတစ်ယောက်ပင်။အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သူမ မသိရှိခဲ့သော်လည်း ဝိုးတဝါးခန့်မှန်းမိသည်။
လုယွီသည် မည်ကဲ့သို့လူစားမျိုး ဖြစ်သနည်း....
သူသည် မြို့တော်အတွင်းရှိ လူငယ်ပါရမီရှင်များကို သိမ်းသွင်းနိုင်ခဲ့ကာ 'လုရှီ'ဟု ခေါ်ဆိုခံရသူပင်။
လုယွီသည် မည်သည်ကြောင့် ယုဝမ်ကျိုး၏ပစ္စည်းကို လုယူမည်နည်း....
"နင်က တခြားလူဆီကနေ လုယက်ချင်ပြီးတော့ နင့်ရဲ့ယုတ်ညံ့တဲ့အပြုအမူကို တခြားလူဆီ လွှဲချချင်နေတယ်လို့ ငါ့ကိုမပြောနဲ့...တကယ်လို့ နင့်မှာ အရည်အချင်းရှိတယ်ဆိုရင် နင် ပြန်ပြီးလုပါလား"
ဝေ့မင်ထျန်းက သရော်တော်တော် ပြောဆိုသည်။
ဤစကားများသည် ယုဝမ်ကျိုး၏စိတ်နှလုံးသားအတွင်းသို့ တန်းတန်းမတ်မတ် ထွင်းဖောက်ဝင်ရောက်သွားပေ၏။
ဖီးနစ်နတ်ဘုရားဆေးလုံး ထွက်ပေါ်လာချိန်တွင် ယုဝမ်ကျိုးသည် မှော်မန္တန်များကိုရွတ်ဆို၍ ထိုဆေးလုံးကို ဟန့်တားခဲ့သည်။
သို့ရာတွင် ထိုဖီးနစ်နတ်ဘုရားဆေးလုံးသည် အလွန်လိမ္မာပါးနပ်ပေ၏။သူ မည်သည့်နည်းစနစ်ကို ထုတ်ဖော်အသုံးပြုသည်ဖြစ်စေ ဖီးနစ်နတ်ဘုရားဆေးလုံးကို ဟန့်တားနိုင်ခြင်းမရှိချေ။
အဆုံးသတ်၌ ဖီးနစ်နတ်ဘုရားဆေးလုံးသည် လုယွီ၏လက်အတွင်းသို့ ကျရောက်သွားခဲ့သည်။
ယုဝမ်ကျိုးသည် ဤကဲ့သို့အရှက်ခွဲခြင်းခံရသောကြောင့် ဒေါသထွက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မိန်းကလေးဝေ့....ခုဏကနေရာမှာ မင်း ရှိမနေဘူး...မဟုတ်မမှန်တဲ့ ခန့်မှန်းချက်တွေကို မပြောစမ်းနဲ့"
Chapter 4149
ဝေ့မင်ထျန်း၏မျက်ခုံး မြင့်တက်သွားကာ အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ....ခုဏက မဟုတ်မမှန်တဲ့ ခန့်မှန်းချက်တွေကိုပြောခဲ့တာ ဘယ်သူလဲ...ဒီနေရာမှာ သွားပုပ်လေလွင့်စကားတွေ ဘယ်သူက အရင်စပြောတာလဲဆိုတာ အသိသာကြီးမဟုတ်လား"
သူတို့နှစ်ယောက်ကြားရှိ အခြေအနေ တစတစပို၍တင်းမာလာသည်ကို လက်ရှိနေရာတွင်ရှိနေသူများအားလုံး သတိပြုမိပေ၏။
"တော်သင့်ပြီ..."
ထိုအချိန်မှာပင် မျက်လုံးစုံမှိတ်၍ အနားယူနေသော ချီဘုရင်က သူ၏မျက်လုံးကိုဖွင့်ကာ အော်ဟစ်လိုက်သည်။
ချီဘုရင်က လုယွီကိုကြည့်ကာ တင်းမာခက်ထန်စွာ ပြောဆိုသည်။
"ကောင်လေး...မင်းက အသက်ငယ်သေးတာကြောင့် ဒီကိစ္စရဲ့ပြင်းထန်မှုကို သတိပြုမိမှာမဟုတ်ဘူး....ငါက မင်းကိုယ်မင်း ပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ခုကိုပေးမယ်"
"အော်....မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ"
လုယွီက ပြောဆိုသည်။
"အခုချက်ချင်း ဒီနေရာကိုလာပြီးတော့ မင်းရဲ့ခေါင်းကိုအောက်ငုံပြီး အမှားဝန်ခံစမ်း...ပြီးတော့ မင်းက ဖီးနစ်နတ်ဘုရားဆေးလုံးကို လက်လွှဲပေးရမယ်...ဒါဆိုရင် ဒီကိစ္စ အဆုံးသတ်သွားပြီလို့ သတ်မှတ်လိုက်မယ်...ဝေ့သခင်မလေးရဲ့မျက်နှာကိုထောက်ပြီးတော့ ငါက မင်းနဲ့ အငြင်းမပွားတော့ဘူး"
ချီဘုရင်သည် အစောပိုင်းက ထွက်ပြေးခဲ့စဥ်အချိန်အတွင်းတွင် ဒဏ်ရာရရှိခဲ့လေ၏။
သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဘုရင်အဆင့်အခွင့်အာဏာစည်းတံဆိပ်၏ ကောင်းချီးပေးမှုကြောင့် သူ၏အသံကို ကြားမိသောလူတိုင်းသည် အထက်ကောင်းကင်ယံမှဆင်းသက်လာသော မိုးခြိမ်းသံကို ကြားလိုက်ရသည့်အလားပင်။ဤသည်မှာ မိုးကောင်းကင်တာအိုမှ ဥပဒေသတစ်ရပ်အလား အလွန်အမင်းပြင်းထန်သည်။
"အရှင်က တကယ့်ကို သဘောထားကြီးတာပဲ....ဒီနေ့တော့ အဲ့ဒီကောင်စုတ်လေးက လွတ်ငြိမ်းချမ်းသာခွင့် ရသွားပြီ"
ယုဝမ်ကျိုးက အလျင်စလို ပြောဆိုသည်။
သူသည် ချီဘုရင်၏စိတ်နေသဘောထားကို ကောင်းစွာသိရှိထားပေ၏။သာမာန်အားဖြင့် တစ်စုံတစ်ယောက်သည် သူ့အား အနည်းငယ်ခန့် ရန်စစော်ကားပါက သူ ဒေါသထွက်သွားကာ ထိုလူအပေါ်သို့ ကြီးမားသောဘေးကပ်ဆိုးကြီး ကျရောက်သွားပေမည်။
လုယွီ၏ယခင်အပြုအမူများသည် သေလမ်းရှာဖွေသည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။အကယ်၍ ပြင်ပလောကတွင်ဆိုပါက သူသည် ဆယ်ခါပြန်သေဆုံးပြီး ဖြစ်ပေမည်။
ယခုချိန်တွင် သူသည် လုယွီကို ခွင့်လွှတ်လိုက်ခြင်းမှာ သဘောထားကြီးမှုကို စံနမူနာပြသော လုပ်ရပ်တစ်ခုကို ဆောင်ရွက်လိုက်ခြင်းပင်။
"ဒီနေရာကို မြန်မြန်လာခဲ့စမ်း...အချိန်ဖြုန်းမနေစမ်းနဲ့...မင်းကို အသက်ရှင်သန်ဖို့ အခွင့်အရေးတစ်ခုပေးရတာ ငါ့အတွက် မလွယ်ဘူး...မင်းက ဒါကိုတောင် တန်ဖိုးမထားတတ်ဘူးလား"
ယုဝမ်ကျိုး၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေကာ သူက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။
ဝေ့မင်ထျန်းသည် တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း လုယွီ၏ဟန့်တားခြင်းကို ခံလိုက်ရလေ၏။
"ငါ အရင်ကတည်းက ပြောပြီးပြီ....တကယ်လို့ မင်းတို့မှာ အရည်အချင်းရှိတယ်ဆိုရင်...မင်းတို့ကိုယ်တိုင် ငါ့ဆီက ဖီးနစ်နတ်ဘုရားဆေးလုံးကို လာယူကြစမ်း"
လုယွီ၏အသံသည် တည်ငြိမ်အေးဆေးနေကာ အကန့်အသတ်မရှိသော ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
ထိုစကားများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး ကြက်သေသေသွားသည်။
ဖြစ်နိုင်သည်မှာ ဤလူငယ်လေးသည် ရူးသွပ်သွားခဲ့သလော....
ချီဘုရင်သည် သူ့အတွက် လွတ်လမ်းတစ်ခုကို ပေးခဲ့ပြီးလေပြီ။သို့ရာတွင် လုယွီသည် ချီဘုရင်ကို ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်နေမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်ထားမိခြင်းမရှိချေ။
"အရှက်မဲ့လိုက်တာ...."
ယုဝမ်ကျိုးသည် ချက်ချင်းဆိုသလိုပင် ဒေါသတကြီးအော်ဟစ်လိုက်၏။
လုယွီသည် မည်သည့်အရာက သူ့အတွက်ကောင်းမွန်သည်ကို မသိသည်အားမြင်တွေ့ချိန်၌ ယုဝမ်ကျိုး၏စိတ်နှလုံးသားအတွင်းမှ ဒေါသများ မြင့်တက်လာသည်။
"ဘယ်ချောင်ကနေ ထွက်လာမှန်းမသိတဲ့ မောက်မာရိုင်းစိုင်းတဲ့ကောင်....မင်းရဲ့ခြေထောက်ကို ငါ ရိုက်ချိုးပြီးတဲ့အချိန်ထိ မင်း စောင့်နေစမ်း...ပြီးတာနဲ့ ငါ မင်းကို အရှင့်ရှေ့မှာ ဒူးထောက်ခိုင်းမယ်...."
ယုဝမ်ကျိုးက လုယွီ၏ရှေ့သို့ ရောက်ရှိလာသည်။သူ၏လက်ယာဘက်လက်ကို လက်သည်းတစ်ခုအသွင်ပြောင်းလဲကာ လုယွီ၏ပခုံးကိုဆွဲကုတ်ရန် ဟန်ပြင်လိုက်သည်။
သူသည် လုယွီကိုဖမ်းဆီးကာ ချီဘုရင်၏ရှေ့သို့ဆွဲခေါ်သွားပြီး အပြစ်ဒဏ်ခံယူစေလိုသည်။
ဤသည်မှာ ချီဘုရင်၏ရှေ့တွင် သူ ဟန်ရေးပြနိုင်မည့် အခွင့်အရေးကြီးပင်။
ယုဝမ်မိသားစုသည် ချီဘုရင်အိမ်တော်နှင့် လက်ဆက်မှုများဖြင့် ပေါင်းစည်းပြီးဖြစ်သည်။သို့ရာတွင် ယုဝမ်အိမ်တော်သည် ချီဘုရင်၏ယုံကြည်မှုကို ပို၍ရရှိရန် လိုအပ်ပေ၏။
ယုဝမ်ကျိုး သူ့ရှေ့သို့ရောက်လာသည်ကိုကြည့်ပြီး လုယွီသည် ရှေ့သို့ခြေတစ်လှမ်းတက်ကာ သူ၏ခန္ဓာကိုယ်သည် ရေကူးခတ်နေသော နဂါးတစ်ကောင်အလားပင်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် စွမ်းအားလှိုင်းများ လှည့်ပတ်နေသည်။သူ၏ခန္ဓာကိုယ်သည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး နဂါးလက်သည်းဖြင့် ယုဝမ်ကျိုးကိုဦးတည်၍ ပြင်းပြင်းထန်ထန်ရိုက်ပုတ်လိုက်သည်။
ပြင်းထန်သောလေပြင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်လာကာ....
လုယွီ၏လက်သည် ယုဝမ်ကျိုး၏လက်ကို ဖမ်းဆုပ်မိသွားပေ၏။ထို့နောက် သူက အားစိုက်၍ လိမ်ချိုးလိုက်သည်။ဂျွတ်ခနဲအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ယုဝမ်ကျိုးက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။
ဘုန်း...
အားလှိုင်းများ ဆက်တိုက်ကပ်ပါသွားခြင်းနှင့်အတူ ယုဝမ်ကျိုး၏လက် ပေါက်ကွဲသွားတော့သည်။
ယုဝမ်ကျိုး၏လက်ယာဘက်လက်ရှိ အရိုးများအားလုံး ကြေမွှပျက်စီးသွားသည်။သူ၏အလွန်အမင်းမာကျောသော အရိုးများသည် လုယွီ၏လက်အတွင်း၌ အလွန်နုနယ်ပြီးကျိုးပဲ့လွယ်ပုံရသည်။
ထို့နောက် လုယွီသည် သူ၏လက်သည်းကို လက်ဝါးတစ်ခုအသွင်ပြောင်းကာ ယုဝမ်ကျိုး၏ဗိုက်ကို ရိုက်နှက်လိုက်၏။
Chapter 4150
ဘန်း...
ခပ်အုပ်အုပ်အသံတစ်သံက လေထုအတွင်း၌ ပဲ့တင်ထပ်သွားသည်။
ယုဝမ်ကျိုး၏ရှေ့ရှိ လေဟာနယ်သည် တစ်ဝက်ခန့် ကျွံဝင်သွားပုံရသည်။လုယွီ၏အစွမ်းထက်သောခွန်အားကြောင့် လေဟာနယ်သည် ပုံပျက်သွားပေ၏။
ယုဝမ်ကျိုး၏ရင်ဘတ် တစတစ ချိုင့်ဝင်သွားသည်။သူ၏ခန္ဓာကိုယ်အတွင်းတွင် အရိုးတစ်ချောင်းမျှ အကောင်းပကတိ မကျန်ရှိတော့ချေ။သူသည် နောက်သို့လွင့်ထွက်ကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားတော့သည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
နဂါးဟိန်းသံသဲ့သဲ့ကို လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ကြားလိုက်ရပေ၏။လုယွီ တိုက်ခိုက်သည်ကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသေးမီမှာပင် ယုဝမ်ကျိုး နောက်သို့လွင့်ထွက်သွားခဲ့သည်။
မြို့ကြီး၏ရှေ့ရှိ မြေပြင်ပေါ်တွင်ခင်းထားသော ကျောက်တုံးကြမ်းခင်းသည် အလွန်အမင်း ခိုင်ခံမာကျောပုံရသည်။
သို့ရာတွင် ယုဝမ်ကျိုး မြေပြင်နှင့်ရိုက်ခတ်မိချိန်တွင် ကြီးမားသောကျင်းနက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ထိုကျင်းနက်ကြီးမှနေ၍ အခိုးအငွေ့များ ပျံ့လွင့်လာသည်။
အစောပိုင်းက အလွန်အမင်းမောက်မာထောင်လွှားနေခဲ့သော ယုဝမ်ကျိုးသည် ယခုချိန်၌ ပုစွန်တစ်ကောင်အလား မြေပြင်ပေါ်၌ ကွေးကောက်နေသည်။သူသည် သတိလစ်မေ့မျောနေကာ သူ သေသလောရှင်သလောကို မည်သူမှ မသိနိုင်ချေ။
ဤသည်မှာ အစစ်အမှန်ခွန်အားပင်။
မူလက လုယွီကို သရော်တော်တော်ကြည့်နေသော လူတချို့၏မျက်လုံးအကြည့်များသည် ယခုလက်ရှိချိန်တွင် တည်ကြည်လေးနက်မှုသို့ ပြောင်းလဲသွားသည်။
ယုဝမ်ကျိုးသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ် လက်ယာစစ်တပ်၏တပ်မှူးပင်။သူ့ထံတွင် အပျော်အပါးလိုက်စားတတ်သော အမူအကျင့်တချို့ရှိသော်လည်း သူ၏ခွန်အားကို မေးခွန်းထုတ်ရန်မလိုချေ။ထိုသို့မဟုတ်ပါက နယ်မြေခံအစောင့်တပ်မှစစ်သားများသည် သူ၏အမိန့်ကို မည်သည်ကြောင့် လိုက်နာမည်နည်း။
ဂိုဏ်းအများစုမှဂိုဏ်းချုပ်များပင်လျှင် ယုဝမ်ကျိုးကို အနိုင်ယူနိုင်မည်ဟု အတပ်မပြောနိုင်ချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် လှုပ်ရှားမှုတစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။
ယုဝမ်ကျိုးသည် မြေပြင်ပေါ်၌ လဲကျနေကာ သူ၏အဆုံးသတ်ရလဒ်သည် အလွန်ဆိုးရွားပေ၏။
"မင်း..."
ချီဘုရင်သည် မတ်တတ်ထရပ်ကာ သူ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူ၏လက်အောက်ငယ်သားတစ်ယောက်ဖြစ်သော ယုဝမ်ကျိုးသည် ဤမျှအဆင့်ထိ ရိုက်နှက်ခြင်းခံလိုက်ရပေ၏။
ဤသည်မှာ အလွယ်ပြောရပါက ချီဘုရင်ကိုရန်စသည့် အတင့်ရဲသောလုပ်ရပ်ပင်။လုယွီ၏လုပ်ရပ်သည် လူသူအများရှေ့၌ ချီဘုရင်၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ခြင်းနှင့် ကွဲပြားခြားနားခြင်းမရှိချေ။
"ငါ မင်းကို အရင်က မထိခဲ့ဘူးဆိုတာက ငါက အရမ်းကြင်နာတတ်တဲ့ကောင် ဖြစ်နေလို့မဟုတ်ဘူး....လက်ယာစစ်တပ်မှာ ခေါင်းဆောင်မရှိတော့ရင် အရေးကိစ္စတွေ နှောင့်နှေးသွားမှာကို ငါ စိုးရိမ်လို့ပဲ"
လုယွီက မြေပြင်ပေါ်၌လဲကျနေသော ယုဝမ်ကျိုးကိုကြည့်ကာ တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။
"အခုကြည့်ရသလောက်တော့ လက်ယာစစ်တပ်ရဲ့တပ်မှူးနေရာကို ပြောင်းရတော့မယ့်ပုံပဲ"
ယုဝမ်ကျိုး၏အခြေအနေသည် အလွန်ဆိုးရွားပေ၏။
လုယွီသည် သူ၏ခွန်အားကိုထိန်းချုပ်ကာ ယုဝမ်ကျိုး၏အသက်ကို နှုတ်ယူခြင်းမပြုခဲ့ချေ။သို့ရာတွင် သူ၏သာမာန်ကာလျှံကာ ရိုက်ချက်တစ်ချက်သည် ယုဝမ်ကျိုး တောင့်ခံနိုင်မည့်အရာမျိုးမဟုတ်ချေ။
အလယ်ခေတ်ဗုဒ္ဓဂိုဏ်း၏ အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သည့် ဘုန်းတော်ကြီးရွှမ်ကျန်းပင်လျှင် ဤလက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်ခြင်းမရှိလေရာ ယုဝမ်ကျိုးသည် ဆိုဖွယ်ရာပင်မရှိတော့ချေ။
အကယ်၍ ယုဝမ်ကျိုးသည် အသက်ဆက်ရှင်သန်နိုင်လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။သူသည် လက်ယာစစ်တပ်၏တပ်မှူးအဖြစ် ဆက်လက်၍တာဝန်ထမ်းဆောင်ရန် အလွန်အမင်းခက်ခဲသွားနိုင်သည်။
လုယွီက ချီဘုရင်ကိုကြည့်ကာ ပြောဆိုသည်။
"ငါ့နာမည်က လုယွီ....ကျိုးထုံ...မင်း ငါ့ရဲ့နာမည်ကို မှတ်မိတယ်မဟုတ်လား"
လုယွီဟု ဆိုသလော...
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး မျက်မှောင်ကြုတ်လိုက်၏။
ဤနာမည်သည် သူတို့အတွက် အလွန်ရင်းနှီးကျွမ်းဝင်နေကာ တစ်နေရာရာ၌ ကြားဖူးခဲ့ပုံရသည်။
"ငါ အခုမှတ်မိပြီ...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ အုပ်ချုပ်သူအရှင်အသစ်နာမည်က လုယွီမဟုတ်လား"
တစ်စုံတစ်ယောက်က ရုတ်တရက် အမှတ်ရသွားကာ အံ့အားတသင့်အော်ဟစ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လူများအားလုံးသည် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပင်။သူတို့၏ထိတ်လန့်တုန်လှုပ်နေသောအကြည့်များ လုယွီပေါ်သို့ တပြိုင်နက်တည်း ကျရောက်လာသည်။
အမှန်အားဖြင့် အုပ်ချုပ်သူအရှင်ရုံးတော်ကို အရာရှိအသစ်တစ်ယောက် ခန့်အပ်ချိန်၌ တော်ဝင်စစ်ရေးဌာနမှရေးဆွဲထားသော လုယွီ၏ပုံတူကို အရပ်ဒေသအသီးသီးသို့ ဖြန့်ဝေရပေမည်။
သို့ရာတွင် လုယွီ၏ရာထူးခန့်အပ်ခြင်းကို တော်ဝင်အတွင်းဝန်ရုံးမှ တိုက်ရိုက်အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။တော်ဝင်စစ်ရေးဌာနမှ မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးမီမှာပင် လုယွီသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အုပ်ချုပ်သူအရှင်ဖြစ်နေလေပြီ။
ထို့ကြောင့် ချီဘုရင်နှင့်ယုဝမ်ကျိုးတို့သည် လုယွီ၏အစစ်အမှန်အဆင့်အတန်းကို မသိရှိသဖြင့် သူ့အား လေလွင့်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ဆက်ဆံနေကြခြင်းဖြစ်ပေ၏။
"ဒါဆိုရင် အုပ်ချုပ်သူအရှင်လု ဖြစ်နေတာပဲ....မင်း ဒီလောက်ထိ မောက်မာထောင်လွှားနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ဒါပေမယ့် မင်းက ငါ့ရှေ့မှာ ယုဝမ်ကျိုးကို ထိခိုက်ဒဏ်ရာရအောင်လုပ်ခဲ့တယ်....ဒီကိစ္စအတွက် မင်း ငါ့ကို ဘယ်လိုဖြေရှင်းပေးမှာလဲ"
ချီဘုရင်သည် အစပထမ၌ အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် ဒေါသတကြီးအော်ဟစ်လိုက်သည်။
သူ၏လက်သည် သူ၏ခါးတွင်ချိတ်ဆွဲထားသော အခွင့်အာဏာစည်းတံဆိပ်ထံသို့ ရောက်ရှိသွားလေပြီ။