← Chapters

အခန်း (၄၁၅၁-၄၁၅၅)

Vol. 211 Ch. 4151-4155

အခန်း (၄၁၅၁-၄၁၅၅)

Vol. 211 Ch. 4151-4155

Chapter 4151

ချီဘုရင်သည် လုယွီ၏နာမည်ကိုကြားချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသန်မရှိသောဒေါသများ ပေါက်ကွဲသွားသည်။

သူသည် ဤနာမည်ကို အလွန်ရင်းနှီးကျွမ်းဝင်ပေ၏။

အတိတ်တွင် ချီဘုရင်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်း၌ လှည့်ကွက်များကိုပြုလုပ်ကာ ထန်အင်ပါယာနှင့်မိတ်ဖွဲ့နိုင်ရန်အတွက် တာယွီအင်ပါယာ၏အကျိုးစီးပွားများကိုပင် ရောင်းစားလိုခဲ့သည်။

အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ အရာရှိရာထူးများကို ချီဘုရင်သည် သူ၏လူများအား ပေးအပ်ထားသည်။

အုပ်ချုပ်သူအရှင်ရာထူးကို တော်ဝင်နန်းတွင်းမှနေ၍ ဒေသခံဘုရင်များကို စစ်ဆေးရန်အတွက် အစဥ်အမြဲအသုံးပြုသည်။ဤသည်မှာ ဒေသခံဘုရင်တစ်ပါးကို အလွန်အမင်းအစွမ်းထက်လာပြီး ဗဟိုတရားစီရင်ရေးဌာန၏ထိန်းချုပ်မှုမှ ကင်းလွတ်မသွားစေရန်အတွက် တားဆီးဟန့်တားထားခြင်းပင်။

ထို့ကြောင့် အုပ်ချုပ်သူအရှင်များသည် နေရာဒေသအသီးသီးသို့ လှည့်လည်စစ်ဆေးရာ၌ ပထမဆုံးအနေဖြင့် နယ်မြေခံစစ်ရေးနှင့်အုပ်ချုပ်ရေးကိစ္စများကို ရင်ဆိုင်ဖြေရှင်းရသည်။တခြားအကြောင်းအရင်းများမှာ ဒေသကြီးလေးခုကို ကာကွယ်စောင့်ကြပ်ပြီး နယ်​မြေခံဘုရင်များကို သူတို့ထံတွင် မရှိသင့်သည့်အတွေးများ ရှိမလာစေရန် တားဆီးဟန့်တားရသည်။

ချီဘုရင်သည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အုပ်ချုပ်သူအရှင်ရာထူးကို ယာယီရရှိသွားစဥ်၌ စစ်တပ်၏အခွင့်အာဏာ လူမှုရေးနှင့် ဘဏ္ဍာရေးတို့ကို ကိုင်တွယ်အသုံးပြုခဲ့သည်။သူ့အား 'ဒေသခံဧကရာဇ်'ဟု ​ပြောဆိုပါက ပုံကြီးချဲ့ခြင်းမဟုတ်ချေ။

ဤအကြောင်းအရင်းကြောင့် ချီဘုရင်သည် ထန်အင်ပါယာနှင့် ပူးပေါင်းရန်အတွက် တုံ့ဆိုင်းခြင်းမရှိခဲ့ချေ။သူသည် တာယွီတော်ဝင်စစ်တပ်၏ပင်မတပ်ရင်းများကိုပင် ထန်စစ်တပ်အား ထိုးကျွေးခဲ့လေ၏။

အကယ်၍ တစ်စုံတစ်ယောက်မှ ဂရုတစိုက်လေ့လာကြည့်ပါက ရှေ့တန်းတွင် အမြစ်ပြတ်ချေမှုန်းခြင်းခံရသော တပ်ရင်းများအားလုံးသည် တော်ဝင်နန်းတွင်း၏တိုက်ရိုက်ခန့်အပ်ခြင်းခံရသည့် တပ်ရင်းများဖြစ်ကြောင်း သိရှိရပေမည်။

နယ်စပ်လေးနေရာတွင် ကြီးမားသောရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ချီဘုရင်၏လက်အောက်ငယ်သားများသည် မည်သည့်ထိခိုက်မှုမျှမရှိချေ။သူတို့သည် ဝူတင်းအမတ်ကြီးနှင့် စစ်ပြေငြိမ်းရေးစာချုပ်ကို လက်မှတ်ထိုးကာ သူတို့၏အင်အားကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဤသည်မှာ ဝံပုလွေတစ်ကောင်၏ရည်မှန်းချက်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။

သို့ရာတွင် ဤအစီအစဥ်များအားလုံးသည် လုယွီ ထွက်ပေါ်လာခြင်းနှင့်အတူ ပျက်စီးသွားခဲ့သည်။

လုယွီသည် ထန်အင်ပါယာ၏ကောင်းကင်မူဝါဒရုံးတော်မှ သခင်လေးကိုဖမ်းဆီးကာ ထန်စစ်တပ်ကို အနိုင်ယူခဲ့သည်။သူသည် စစ်တပ်အတွင်း၌ အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းကိုရရှိကာ တော်ဝင်အတွင်းဝန်ရုံးမှနေ၍ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ အုပ်ချုပ်သူအရှင်ရာထူးကို ခန့်အပ်ခဲ့သည်။ဤသည်ကြောင့် ချီဘုရင်၏အစီအစဥ်များကို ပျက်စီးစေခဲ့ပေ၏။

အုပ်ချုပ်သူအရှင်မရှိစဥ်က ချီဘုရင်သည် ထိုရာထူးနေရာကို ယာယီလွှဲပြောင်းယူထားခဲ့သည်။သို့ရာတွင် ယခုချိန်၌ သူသည် စစ်ရေးနှင့်အုပ်ချုပ်ရေးအခွင့်အာဏာများကို လုယွီထံသို့ ပြန်လည်၍လွှဲပြောင်းပေးလိုက်ရသည်။

"ယုဝမ်ကျိုးက ငါ့ရဲ့လက်အောက်ငယ်သား....တကယ်လို့ မင်း သူ့ကို သင်ခန်းစာပေးချင်တယ်ဆိုရင်တောင် ငါ့ရဲ့မျက်နှာကိုထောက်ရမယ်...မင်းကိုယ်တိုင် လှုပ်ရှားဖို့ မလိုဘူး"

ချီဘုရင်က သူ၏အခွင့်အာဏာစည်းတံဆိပ်ကို အောက်သို့ဖိနှိပ်လိုက်သည်။သူ၏အနက်ရောင်ဆံပင်များသည် လေထုအတွင်း၌ လူးလွန့်နေကာ သူ၏မျက်လုံးများ တောက်ပနေသည်။ကံကြမ္မာစွမ်းအားများက သူ့ကိုလှည့်ပတ်နေကာ အထွတ်အမြတ်အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေပေ၏။

ဤသည်မှာ အခွင့်အာဏာစည်းတံဆိပ်၏ကောင်းချီးပေးမှုကြောင့် ကံကြမ္မာစွမ်းအားများ၏မြှင့်တင်ပေးမှုမှတဆင့် ချီဘုရင်၏စွမ်းအားများ မြင့်တက်လာခြင်းဖြစ်သည်။

သူ၏လက်အတွင်း၌ အခွင့်အာဏာစည်းတံဆိပ်ကို ကိုင်ထားချိန်တွင် သူ၏မှော်စွမ်းအားများသည် မိုးထိလုမတက် မြင့်မားနေပေမည်။

အင်ပါယာအတွင်း၌ ဤကံကြမ္မာစွမ်းအားများ စီးဆင်းကာ ပျံ့နှံ့နေခြင်းကြောင့် အတိတ်တွင် တော်ဝင်နန်းတွင်းမှနေ၍ ဂိုဏ်းအင်အားစုများကို အနိုင်ယူနိုင်ခဲ့သည်။ကျင့်ကြံသူများသည် ကံကြမ္မာစွမ်းအားများ ရရှိနိုင်ရန်အတွက် တော်ဝင်စာမေးပွဲများ ဝင်ရောက်ဖြေဆိုခြင်းနှင့် စစ်ရေးအောင်မြင်မှုရအောင် လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဤသည်မှာ သာလွန်ထူးကဲသော ချီစီးဆင်းမှုပင်။ချီဘုရင်သည် နယ်မြေသခင်တစ်ယောက်ဖြစ်ကာ အခွင့်အာဏာစည်းတံဆိပ်၏ ကောင်းချီးပေးမှုလည်းရှိနေသဖြင့် အချိန်တိုအတွင်း၌ သူ၏စွမ်းအားများ အဆများစွာမြင့်တက်သွားခဲ့သည်။သူသည် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်သကဲ့သို့ ဘေးထွက်ဆိုးကျိုးဒဏ်ကိုလည်း ခံစားရန်မလိုအပ်ချေ။

"မင်းရဲ့လက်အောက်ငယ်သားဆိုတာက ဘာကိုဆိုလိုတာလဲ...ယုဝမ်ကျိုးက လက်ယာစစ်တပ်ရဲ့တပ်မှူးဖြစ်နေမှတော့ ငါ့ရဲ့လက်အောက်ငယ်သားပဲ....သူက အထက်အရာရှိကို ထပ်ခါတလဲလဲ ရန်စစော်ကားခဲ့တယ်....ငါ သူ့ကို သင်ခန်းစာပေးတာက ကျိုးကြောင်းဆီလျော်တဲ့ကိစ္စပဲ....မင်းက နယ်မြေခံဘုရင်တစ်ယောက်ဖြစ်တာကြောင့် မင်းရဲ့အပိုင်စားနယ်မြေထဲမှာပဲ လိမ်လိမ်မာမာနေရင် ငါက မင်းကို ပြဿနာလာရှာမှာ မဟုတ်ဘူး...ဒါပေမဲ့ မင်းက ငါ့ရဲ့အရေးကိစ္စတွေမှာ ကြားဝင်စွက်ဖက်ဝံ့တယ်....ဒီနေရာမှာ မင်း ဝင်စကားပြောနိုင်တဲ့ အခွင့်အာဏာမျိုး မင်းမှာရှိလို့လား"

လုယွီ၏စိတ်အတွင်း၌ မည်သည့်ထိတ်လန့်ကြောက်ရွံခြင်းမျှ ရှိမနေချေ။ထိုအစား သူက အော်ငေါက်လိုက်သည်။

သူသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏စွမ်းအားများ အဆများစွာမြင့်တက်သွားရုံသာမက သူ၏စိတ်နေသဘောထားသည်လည်း ကြီးမားသောအပြောင်းအလဲတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

မူလက လုယွီသည် သေမျိုးလောက၏စည်းမျဥ်းဥပဒေများ၏ ထိန်းချုပ်ဟန့်တားခြင်းကို ခံထားရသော်လည်း ယခုချိန်၌ သူသည် အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်နေလေပြီ။

ဤလောကကြီးအတွင်းရှိ စည်းမျဥ်းဥပဒေသများသည် သူ့အား ထပ်မံ၍ ထိန်းချုပ်ကန့်သတ်နိုင်တော့မည်မဟုတ်ချေ။

အကယ်၍ သူသည် လူသားဧကရာဇ်၏ရှေ့၌ မတ်တတ်ရပ်နေလျှင်ပင် ရယ်ရယ်မောမောနှင့် လွတ်လပ်ပေါ့ပါးစွာ စကားစမြည်ပြောဆိုနိုင်မည်ဖြစ်ရာ ချီဘုရင်ကဲ့သို့ အသေးအမွှားကို ထည့်ပြောနေရန် မလိုတော့ချေ။

နောက်ထပ်အချိန်အခိုက်အတန့်တွင် လုယွီ၏အရှိန်အဝါ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ဤသည်မှာ မြင့်မားသောတောင်ကြီးတစ်လုံး မားမားမတ်မတ် တည်ရှိသည်နှင့်တူညီကာ မိုးကောင်းကင်ယံ၏ မြင့်မားသောနေရာတွင် ထွန်းလင်းနေသော နေမင်းကြီးအလား လှုပ်ခတ်၍မရနိုင်ချေ။

ချီဘုရင်သည် အချိန်တခဏခန့် ကြက်သေသေသွားကာ သူ၏လက်အနည်းငယ် တုန်ရီသွားသည်။ထို့နောက် သူ၏လက်အတွင်းရှိ အခွင့်အာဏာစည်းတံဆိပ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

Chapter 4152

"ဒေါင် ..."

တိုးညှင်းသောအသံတစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ လက်ရှိနေရာတွင်ရှိနေသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအကြားမှ တိုက်ပွဲတစ်ပွဲတွင် သာမာန်အားဖြင့် ယခုကဲ့သို့အမှားမျိုး ဖြစ်ပေါ်လေ့မရှိချေ။

ချီဘုရင်သည် အခွင့်အာဏာစည်းတံဆိပ်ကို ထုတ်ဖော်အသုံးပြုခဲ့သဖြင့် သူ၏စွမ်းအားများ မြင့်တက်နေခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ အခွင့်အာဏာစည်းတံဆိပ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် သူ၏အရှိန်အဝါများ လျော့ပါးသွားပေ၏။

ချီဘုရင်၏မျက်နှာ ချက်ချင်းဖြူရော်သွားသည်။

သူသည် မူလက အလွန်အမင်းအစွမ်းထက်သောအရှိန်အဝါကို အသုံးပြု၍ လုယွီကို ဖိနှိပ်လိုခဲ့သည်။သူသည် အရှိန်အဝါဖြင့်ဖိနှိပ်ပြီးမှ လုယွီကို အနိုင်ယူရန် ကြံစည်ထားခဲ့သည်။

အကယ်၍ တခြားကျင့်ကြံသူတစ်ယောက်အပေါ်တွင် သူ၏အရှိန်အဝါကို အသုံးချခဲ့ပါက သူ၏အကြံအစည် အောင်မြင်ပေမည်။

သို့ရာတွင် သူ၏အရှိန်အဝါသည် လုယွီအပေါ် အနည်းငယ်မျှ သက်ရောက်ခြင်းမရှိချေ။

လုယွီသည် အစစ်အမှန်အင်မော်တယ်တစ်ယောက်ဖြစ်သဖြင့် သူ၏အဆင့်အတန်းသည် တခြားကျင့်ကြံသူများနှင့် ကွဲပြားခြားနားသည်။

သူသည် သေမျိုးလောကအတွင်း၌ ဧကရာဇ်တစ်ပါးအလားပင်။ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါ မည်မျှထိမြင့်မားသည်ဖြစ်စေ အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို ဖိနှိပ်နိုင်မည်မဟုတ်ချေ။ဤသည်မှာ ရိုးရှင်းသော စည်းမျဥ်းတစ်ခု ဖြစ်ပေ၏။

ချီဘုရင်သည် ဘုရင်အဆင့် အခွင့်အာဏာစည်းတံဆိပ်ကိုအသုံးပြုကာ သူ၏အစွမ်းထက်သော ချီစွမ်းအားလှိုင်းများဖြင့် လုယွီကို ဖိနှိပ်နိုင်မည်ဟု မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် လုယွီ၏အရှိန်အဝါသည် သူ့ထက်သာလွန်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်မှာ မုန်ယိုနေသောနွားရိုင်းတစ်ကောင်သည် ရှေ့သို့တရကြမ်းပြေးဝင်ရာ၌ သူ့ထက်ပို၍ခွန်အားကောင်းသော ဆင်တစ်ကောင်ဖြင့် တွေ့လိုက်ရသည့်အလားပင်။

အခွင့်အာဏာစည်းတံဆိပ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားချိန်တွင် သူ၏အသိစိတ် အချိန်တခဏကြာခန့် လွတ်ကင်းသွားသည်။

သူသည် မည်သည့်ထိခိုက်ဒဏ်ရာကိုမျှ မရရှိချေ။သို့ရာတွင် အခွင့်အာဏာစည်းတံဆိပ် မြေပြင်ပေါ်သို့ ကျသွားသဖြင့် ချီဘုရင်သည် ရှုံးနိမ့်သွားကာ လုယွီကို မည်သို့မျှတိုက်ခိုက်နိုင်တော့မည်မဟုတ်ဟူသော သဘောမျိုးသို့ သက်ရောက်သွားသည်။

"တကယ့်ကိုပဲ...ငါ ကြားထားတာတွေထက်တောင် အခုမြင်လိုက်ရတာက ပိုကောင်းနေတယ်...ကောလဟာလတွေအရ လုယွီကို အစစ်အမှန်နတ်ဘုရားတစ်ပါးလို ချီးမွမ်းမြှောက်ပင့်နေကြတယ်...အဲ့ဒီကောလဟာလတွေက အပြောသက်သက်ဖြစ်ပြီးတော့ ယုံကြည်လို့မရဘူးလို့ ငါ အစက ထင်ခဲ့မိတာ....ဒီနေ့ သူ့ကို မြင်လိုက်ရတော့မှ သူက တကယ့်ကို သာလွန်ထူးကဲတဲ့ လူတစ်ယောက်ပဲ....အရင်ကဆိုရင် ချီဘုရင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှာ အစွမ်းထက်ဆုံးတည်ရှိမှုကြီးတစ်ခုပဲ... သူ့ရဲ့စကားတစ်ခွန်းနဲ့ မရေမတွက်နိုင်တဲ့လူတွေကို ခေါင်းပြတ်သွားအောင်လုပ်နိုင်တယ်...အခုတော့ ချီဘုရင် ရှုံးနိမ့်သွားခဲ့ပြီ"

နံဘေးမှစောင့်ကြည့်နေသူများသည် လုယွီ၏လုပ်ဆောင်ချက်များကို မြင်တွေ့စဥ်၌ အံ့အားသင့်စွာဖြင့် တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

နှိုင်းယှဥ်ကြည့်ပါက ချီဘုရင်၏လုပ်ရပ်များသည် လူအများအတွက် ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်နေလေပြီ။

အကယ်၍ ဤသတင်းသာ ပြင်ပသို့ပျံ့နှံ့သွားပါက ချီဘုရင်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၏ ရယ်စရာပြက်လုံးကြီး ဖြစ်လာပေမည်။

"ကောင်းတယ်...ကောင်းတယ်...အရှင်လုက တကယ့်ကို လူငယ်ပါရမီရှင်တစ်ယောက်ပဲ...ငါ့ရဲ့လက်အောက်ငယ်သားကို မင်း ရိုက်ခဲ့တဲ့ကိစ္စအတွက် ငါ မင်းနဲ့ ဘာမှအငြင်းမပွားချင်ဘူး....ဒါပေမယ့် မင်းက ငါ့ကို မလေးမစားဆက်ဆံခဲ့တယ်....ဒီကိစ္စအတွက် မင်း ဘာပြောချင်လဲ"

ချီဘုရင်၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ မြေပြင်ပေါ်ရှိ အခွင့်အာဏာစည်းတံဆိပ်ကို တဖန်ပြန်၍ ကောက်ယူလိုက်သည်။

အခွင့်အာဏာစည်းတံဆိပ်မှနေ၍ သူ၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်စီးဝင်လာသော စွမ်းအားများကို ခံစားရချိန်တွင် သူ့ထံ၌ ယုံကြည်ချက်များ တဖန်ပြန်၍ရရှိလာသည်။

သူသည် ကျင့်ဝတ်ထုံးတမ်းကိုအသုံးပြု၍ လုယွီအားရင်ဆိုင်ရန် ကြံရွယ်လိုက်၏။

ကျင့်ကြံခြင်းနိုင်ငံများသည် သေမျိုးနိုင်ငံများကဲ့သို့ ကျင့်ဝတ်ထုံးတမ်းများ များစွာမရှိချေ။သို့ရာတွင် လိုက်နာရန်လိုအပ်သော စည်းမျဥ်းတချို့ရှိနေဆဲပင်။

ချီဘုရင်သည် ဘုရင်တစ်ပါးပင်။ကျင့်ကြံသူတစ်ယောက်သည် မည်မျှထိ အစွမ်းထက်သည်ဖြစ်စေ တစ်ဖက်လူ၏အဆင့်အတန်းသည် တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်နေသည်ကို သတိပြုရပေမည်။သူတို့သည် သူ့အား ရိုသေလေးစားစွာဆက်ဆံရန် လိုအပ်ကာ မဆင်မခြင် ရန်စစော်ကား၍မရချေ။

ဥပမာအနေဖြင့် လုယွီသည် ချီဘုရင်၏နာမည်ကို တိုက်ရိုက်ခေါ်ဆိုခြင်းသည် မလေးမစားပြုမူသည့် လုပ်ရပ်ပင်။

ဤလုပ်ရပ်ကြောင့် ချီဘုရင်သည် လုယွီအား အပြစ်တင်ရန် လုံလောက်ပေ၏။

"ချီဘုရင်က ကြောက်နေတာပါလား....သူက ကျင့်ဝတ်ထုံးတမ်းကိုသုံးပြီးတော့ အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ကို သင်ခန်းစာပေးချင်နေတယ်"

ဝေ့မင်ထျန်းက ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဆိုရိုးစကားအရ ပြောဆိုရလျှင် ဖြစ်စဥ်တစ်ခုကို နံဘေးမှရပ်ကြည့်နေသူသည် အရာရာတိုင်းကို ပို၍ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

လုယွီသည် အရှိန်အဝါအရဖြစ်စေ စွမ်းအားအရဖြစ်စေ ချီဘုရင်ထက် ပို၍သာလွန်သည်။

အရာရှိတစ်ယောက်ကို ကျင့်ဝတ်ထုံးတမ်းများကို အသုံးပြု၍ ထိန်းချုပ်ကန့်သတ်သည်မှာ အမှားအယွင်းတစ်ခုမဟုတ်ချေ။သို့ရာတွင် ဤသည်မှာ အဆင့်နိမ့်အရာရှိများပေါ်တွင်သာ အသုံးဝင်သည်။

လုယွီသည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် လူအများကို ထိတ်လန့်တုန်လှုပ်စေပြီးမှ ကြယ်မြစ်အုပ်ချုပ်သူအရှင် ဖြစ်လာခြင်းပင်။

တခြားစကားပြောင်းဆိုရလျှင် သူသည် ကျင့်ဝတ်ထုံးတမ်းများနှင့်ပတ်သတ်ပြီး အနည်းငယ်မျှ စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။လုယွီထံတွင် အစွမ်းထက်သောခွန်အားနှင့် မြင့်မားသောနာမည်ဂုဏ်သတင်းရှိနေသရွေ့ တော်ဝင်နန်းတွင်းသည် ကျင့်ဝတ်ထုံးတမ်းနှင့်ပတ်သတ်ပြီး သူ့အား အပြစ်ပေးမည်မဟုတ်ချေ။

Chapter 4153

"မင်းမှာ ငါ့ရဲ့ရိုသေလေးစားမှုကိုခံရဖို့ ထိုက်တန်တဲ့ အရာတစ်ခုခု ရှိနေလို့လား"

လုယွီက လေထုအတွင်း၌ မတ်တတ်ရပ်ကာ သူ၏ခေါင်းကိုမော့၍ ပြောဆိုသည်။သူ၏အဝတ်အစားများသည် လေတိုက်ခတ်မှုနှင့်အတူ လူးလွန့်နေပေ၏။

လုယွီ၏မျက်လုံးအတွင်း၌ မောက်မာထောင်လွှားမှု အရိပ်အယောင်များ ထင်ဟပ်နေကာ သူသည် ချီဘုရင်ကို အနည်းငယ်မျှအရေးမစိုက်သည့်အလားပင်။

"တော်ဝင်နန်းတွင်းရဲ့စစ်တပ်တွေကို အညံခံခိုင်းတဲ့ အမိန့်တစ်ခုကို မင်းက ထုတ်ပြန်ခဲ့တယ်...ဒါက ငါတို့အင်ပါယာရဲ့ဂုဏ်သိက္ခာကို နှိမ့်ချလိုက်တာပဲ"

"ကျိုးထုံ...မင်းရဲ့ခန္ဓာကိုယ်ထဲမှာ တော်ဝင်မျိုးနွယ်ရဲ့သွေးတွေ စီးဆင်းနေတယ်...ဒါပေမဲ့ ထီးနန်းအတွက်ယှဥ်ပြိုင်တဲ့နေရာမှာ မင်းက သွားလေသူဧကရာဇ်ကို ရှုံးနိမ့်ခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး....အတိတ်မှာရှိခဲ့တဲ့ တာယွီအင်ပါယာရဲ့ဧကရာဇ်တွေက မင်းလို သားမျိုး မြေးမျိုးရှိနေတဲ့အတွက် အရှက်ရနေကြလိမ့်မယ်"

"တကယ်လို့ မင်းက တော်ဝင်မိသားစုဝင်တစ်ယောက် မဟုတ်ဘူးဆိုရင် ငါ ဒီနေ့ မင်းကိုသတ်တယ်....မင်းက ငါ့ရှေ့မှာလာပြီး အော်ဟစ်ပြောဆိုနေရအောင် မင်းလိုကောင်က ထိုက်တန်လို့လား..."

လုယွီ၏အသံသည် မိုးခြိမ်းသံအလား ​မြေအောက်နန်းတော်၏မြေကွက်လပ်အတွင်း၌ ပဲ့တင်ထပ်သွားသည်။

အတိတ်မှဖြစ်ရပ်များက လုယွီ၏စိတ်အတွင်း၌ ပြန်လည်၍ထွက်ပေါ်လာသည်။

ခံတပ်၏ရှေ့တွင် အသေခံတိုက်ခိုက်နေကြသော စစ်သားများ၏ပုံရိပ်ကို လုယွီက ပြန်မြင်ယောင်မိသည်။

ထိုစစ်သားများသည် သူတို့၏အသွေးအသားများကိုအသုံးပြု၍ သံမဏိနံရံကြီးတစ်ခုအလား ခံတပ်ကို ကာကွယ်ခဲ့ကြ၏။

သို့ရာတွင် သူတို့ ရရှိခဲ့သည်မှာ တော်ဝင်နန်းတွင်းမှဆုလာဘ်မဟုတ်ဘဲ ချီဘုရင်ကျိုးထုံထံမှ အညံ့ခံရန်အမိန့်တော်ဖြစ်နေမည်ဟု မည်သူက တွေးထင်မိမည်နည်း။

သူတို့၏ယခင်တိုက်ပွဲရလဒ်များသည် ညတွင်းချင်း ဟာသပြက်လုံးကြီးတစ်ခု ဖြစ်သွားလေပြီ။

ထိုအချိန်ကတည်းက လုယွီသည် ကျိုးထုံကိုသတ်ဖြတ်ရန် ရည်ရွယ်ထားပြီးဖြစ်သည်။

လုယွီ၏စကားများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်။

ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်ရန် ပြင်ဆင်နေကြသည့် လေလွင့်ကျင့်ကြံသူများပင်လျှင် ဤအချိန်အခိုက်အတန့်တွင် သက်ဝင်လှုပ်ရှားလာသည်။ချီဘုရင်ကိုကြည့်သော သူတို့၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေပေ၏။

"မင်း.....မင်း အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့...ဒီဘုရင်က အညံ့ခံခိုင်းတယ်ဆိုတာ အစီအစဥ်တစ်ခုပဲ....ငါက အရင်ဆုံး ထန်အင်ပါယာရဲ့ပင်မစစ်တပ်ကို အချိန်ဆွဲပြီးမှ အစီအစဥ်တွေလုပ်ဖို့ ကြံရွယ်ထားတယ်....ဒီဘုရင်လုပ်တဲ့ ဆုံးဖြတ်ချက်တွေကို မင်းလိုနို့နံမစင်တဲ့ကောင်က ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ"

ချီဘုရင်သည် အရှက်ခွဲခံရခြင်းကြောင့် ဒေါသတကြီးအော်ဟစ်လိုက်သည်။

ဤှသည်မှာ သူ၏စိတ်အတွင်း၌ တစ်ချိန်လုံးကွယ်ဝှက်ထားခဲ့သော အမာရွတ်ပင်။သို့ရာတွင် ယခုချိန်၌ ဤကိစ္စကို လူတိုင်း၏ရှေ့၌ ထုတ်ဖော်ခြင်းခံလိုက်ရလေပြီ။

ချီဘုရင်သည် ဒေါသူပုန်ထနေကာ လုယွီကိုကြည့်သော သူ၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် လုယွီသည် ဤကိစ္စကို ဂရုမစိုက်ချေ။

"ငါက ထန်အင်ပါယာရဲ့အမိန့်ကိုနာခံပြီး ရို့ကျိုးနေတဲ့ ခွေးတစ်ကောင်ကိုပဲမြင်တယ်....ချန်အန်းမြို့ကနေ ထွက်သွားပြီးရင် ငါက တော်ဝင်အတွင်းဝန်ရုံးကို မင်းကို ရှုံချတဲ့စာတစ်စောင် ပေးပို့မယ်...တကယ်လို့ သူတို့က မင်းကို အပြစ်မပေးဘူးဆိုရင် ငါကိုယ်တိုင် မင်းကို ဖိနှိပ်မယ်....ငါက မင်းကို နယ်စပ်ဆီဆွဲခေါ်သွားပြီးတော့ အသက်ပေးခဲ့ရတဲ့စစ်သားတွေကို တောင်းပန်ခိုင်းမယ်"

လုယွီ၏စကားလုံးများသည် မိုးခြိမ်းသံအလားပင်။

လူတိုင်းသည် နေရာမှာပင် ကြက်သေသေသွားပေ၏။လုယွီ၏စကားများကိုကြားချိန်တွင် သူတို့၏နားများကိုပင် သူတို့ မယုံနိုင်တော့ချေ။

လုယွီ၏ဆိုလိုရင်းမှာ ချီဘုရင်ကို လူပုံအလယ်၌ ပါးဖြတ်ရိုက်လိုက်သည့်အလားပင်။

အကယ်၍ တော်ဝင်နန်းတွင်းမှ ချီဘုရင်ကို အပြစ်ပေးခြင်းမပြုပါက သူကိုယ်တိုင် ဆောင်ရွက်ပေမည်။

ဤသည်မှာ မည်မျှထိ လွှမ်းမိုးချုပ်ကိုင်နိုင်သော စကားတစ်ခွန်းဖြစ်သနည်း....

"ကောင်းပြီလေ...ဒါဆိုရင်လည်း မင်း ကြိုးစားကြည့်နိုင်တယ်...ဒီဘုရင်ပဲ အရင်သေမလား ဒါမှမဟုတ် မင်းပဲအရင်သေမလားဆိုတာ ကြည့်ကြရအောင်"

ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်သည် အလွန်ဒေါသထွက်နေကာ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်ဖော်လိုက်၏။

ဤသည်မှာ လုယွီကို ပွင့်ပွင့်လင်းလင်း ခြိမ်းခြောက်လိုက်ခြင်းပင်။

အတိတ်တွင် လုယွီသည် နာခံရို့ကျိုးချင်ယောင်ဆောင်ကာ ချီဘုရင်ကို ဆန့်ကျင်ရန်အတွက် အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့သည်။

သို့ရာတွင် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် လုယွီ၏စိတ်ပိုင်းဆိုင်ရာ အလွန်အမင်းပြောင်းလဲသွားခဲ့သည်။

သူသည် ဆန္ဒရှိသည့်အတိုင်း အရာရာကို လုပ်ဆောင်နိုင်လေပြီ။

ယုဝမ်ကျိုးသည် လုယွီကို လှောင်ပြောင်သရော်ကာ တိုက်ခိုက်လိုခဲ့သည်။သို့ရာတွင် လုယွီသည် သူ့အား ဂရုမစိုက်ခဲ့ချေ။လုယွီ၏လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် ယုဝမ်ကျိုး လွင့်ထွက်သွားကာ သေလုမျောပါးဖြစ်သွားခဲ့လေ၏။

ချီဘုရင်သည် လုယွီ၏အောက်ခြေစည်းမျဥ်းကို ထပ်ခါတလဲလဲ ရန်စစော်ကားခဲ့သည်။လုယွီ၏ အတိတ်ဘဝမှတပည့် ဖန်းနင်ချူးသည် ချီဘုရင်၏လက်အတွင်း၌ သေဆုံးသွားနိုင်ချေရှိသည်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။အကယ်၍ ဤကိစ္စနှစ်ခုကို ပေါင်းစပ်လိုက်ပါက သူသည် ချီဘုရင်ကို သေချာပေါက်သတ်ဖြတ်ရပေမည်။

ထိုအကြောင်းများကို တွေးတောမိသဖြင့် လုယွီသည် ဤကဲ့သို့စကားများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။မည်သည့်အကျိုးဆက်ကိုမျှ လုယွီသည် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။

ချီဘုရင်သည် ယခုချိန်၌ လုယွီ ထိတ်လန့်ကြောက်ရွံရသော အဆင့်မျိုး၌ ရှိမနေတော့ချေ။

"အုပ်ချုပ်သူအရှင်လုပြောတာ အမှန်ပဲ....ငါက တော်ဝင်နန်းတွင်းကို သဘောမကျပေမယ့် ခုလို နောက်ကျောကိုဓားနဲ့ထိုးတက်တဲ့ လူစားမျိုးနဲ့ တစ်တန်းတစ်စားတည်း အဖြစ်မခံနိုင်ဘူး...တကယ်လို့ ကျိုးထုံက မင်းကို ထိခိုက်အောင်လုပ်မယ်ဆိုရင် မင်း ဘာမှစိတ်မပူနဲ့...ငါ့ရဲ့အဝါရောင်ကောင်းကင်ဘုံ မြင့်မြတ်နယ်မြေကို လာခဲ့ပါ....မင်းက ငါ့ရဲ့မြင့်မြတ်အရှင်နေရာအတွက် ဆက်ခံသူဖြစ်စေရမယ်"

Chapter 4154

အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေ၏ မြင့်မြတ်အရှင်ဟွမ်ထျန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောကာ ပြောဆိုသည်။

"ဒါကအမှန်ပဲ...အရှင်လု ဘာမှစိုးရိမ်ပူပန်နေဖို့မလိုဘူး....ငါတို့က ဒီခွေးဘုရင်ရဲ့လက်အောက်မှာ မနေချင်တာ အချိန်အတော်ကြာနေပြီ"

"တကယ်လို့ အရှင်လုက ငါ့ရဲ့ဂိုဏ်းကို လာမယ်ဆိုရင်...ငါက မင်းကို မဟာအကြီးအကဲရာထူးကိုပေးပြီးတော့ အကန့်အသတ်မရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ခံစားစေရမယ်"

ရုတ်ချည်းဆိုသလိုပင် တခြားဂိုဏ်းအင်အားစုခေါင်းဆောင်များသည်လည်း သံလွင်ခက်ကမ်း၍ ဖိတ်ခေါ်လိုက်ကြသည်။

သူတို့အားလုံး အကြောက်အလန့်ကင်းမဲ့နေသည်ကိုကြည့်ပြီး ချီဘုရင်၏မျက်နှာအမူအယာ ပို၍အေးစက်တင်းမာသွားသည်။

ဂိုဏ်းအင်အားစုများနှင့် တော်ဝင်နန်းတွင်းမှအရာရှိများသည် ယခင်ကတည်းက ညှိနှိုင်း၍မရသော ရန်သူတော်များပင်။

ထို့ပြင် သူတို့သည် မြင့်မြတ်နယ်မြေများမှလူဖြစ်ကာ သာမာန်ဂိုဏ်းအင်အားစုများမှမဟုတ်ချေ။ယခုလက်ရှိ တာယွီအင်ပါယာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်အုပ်ချုပ်စဥ် အချိန်ကာလကို လိုက်မှီရန် လွန်စွာအလှမ်းကွာဟသည်။မြင့်မြတ်နယ်မြေတစ်ခုကို ဖျက်ဆီးနိုင်ရန်အလို့ငှာ တော်ဝင်နန်းတွင်းသည် အနည်းဆုံးအနေဖြင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများကို စေလွှတ်ရပေမည်။ဤသည်ကြောင့် တော်ဝင်နန်းတွင်းဘက်တွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ခံစားရနိုင်သည်။

ယခုလက်ရှိချိန်၌ တာယွီအင်ပါယာနှင့်ထန်အင်ပါယာအကြားတွင် ပြင်းထန်သောစစ်ပွဲတစ်ပွဲကို ဆင်နွှဲနေပေ၏။ထို့ကြောင့် တာယွီတော်ဝင်စစ်တပ်၏အဓိကအင်အားစုများအားလုံး ရှေ့တန်းစစ်မျက်နှာစာ၌ ရောက်ရှိနေသည်။သူတို့ထံတွင် ပြင်ပဂိုဏ်းအင်အားစုများကို အာရုံစိုက်ရန်အတွက် အချိန်မရှိချေ။ထို့ကြောင့် မြင့်မြတ်နယ်မြေများသည် သူတို့၏သဘောဆန္ဒအတိုင်း ချီဘုရင်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နိုင်သည်။

"ကျင်းယန်အမတ်ကြီးလု....လုယွီက မင်းတို့လုမိသားစုဝင်တစ်ယောက်လို့ ငါ ကြားထားတယ်....သူက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ရန်စစော်ကားဝံ့တာလဲ....မင်းတို့လုမိသားစုက ငါ့ကို ဂရုမစိုက်တဲ့သဘောလား"

ချီဘုရင်၏အကြည့်က လုချန်းချင်ထံသို့ ကျရောက်သွားသည်။

လုချန်းချင်က အရေးမစိုက်သောအမူအယာဖြင့် ပခုံးတွန့်ပြသည်။

"ဒါက ကောလာဟာလတွေပါ... ငါတို့လုမိသားစုက အရှင်လုကို အသိအမှတ်ပြုချင်ရင်တောင်...အရှင်လုက ငါတို့လုမိသားစုထဲကိုဝင်ဖို့ ဆန္ဒရှိပါ့မလားဆိုတာ ငါ မသိဘူး"

သူသည် ချီဘုရင်ကို တိုက်ရိုက်အဖြေပေးခြင်းမပြုချေ။ထိုအစား သူသည် လုယွီနှင့်လုမိသားစုအကြားမှ ဆက်နွယ်မှုကို သွယ်ဝိုက်၍ပြသလိုက်ခြင်းဖြစ်သည်။

လုမိသားစုသည် တော်ဝင်မြို့တော်၏ထိပ်သီးမိသားစုရှစ်စုအနက်မှ တစ်စုဖြစ်သော်လည်း လုယွီကဲ့သို့ ထိပ်သီးပါရမီရှင်တစ်ယောက်ကို သိမ်းသွင်းနိုင်ခဲ့ခြင်းမရှိချေ။

လုယွီသည် လုမိသားစုဝင်တစ်ယောက်မဟုတ်သဖြင့် လုချန်ချင်းသည် သူ့အား ထိန်းချုပ်နိုင်စွမ်းမရှိချေ။

လူအုပ်အကြားမှနေ၍ သရော်တော်တော်ရယ်မောသံများ ထွက်ပေါ်လာသည်။

"နို့နံမစင်သေးတဲ့ မင်းလိုကောင်ကို ငါ အနိုင်မယူနိုင်ဘူးလို့ ငါ မယုံဘူး"

လူအများ၏သရော်မှုကို ခံရချိန်တွင် ချီဘုရင်၏မျက်နှာ ပို၍မည်းမှောင်လာကာ သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာသည်။

အခွင့်အာဏာစည်းတံဆိပ်မှနေ၍ ရွှေရောင်ကံကြမ္မာနဂါးတစ်ကောင် ထွက်ပေါ်လာကာ ချီဘုရင်၏နံဘေး၌ လှည့်ပတ်ပျံဝဲနေသည်။

ဤကံကြမ္မာနဂါးသည် ချီဘုရင်၏ခွန်အားကို အဆက်မပြတ်မြှင့်တင်ပေးနေလေ၏။ဤသည်မှာ အစစ်အမှန်နဂါးကိုးကောင်၏စွမ်းအားများ စုဝေးနေသည့်အလား မိုးနှင့်မြေကို ပျက်စီးသွားစေနိုင်သော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

လုယွီသည် ခြေတစ်လှမ်းရှေ့တိုးလိုက်ကာ လေထုအတွင်း၌ သူ၏အဝတ်အစားများ လူးလွန့်နေသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော လေလွင့်ကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်နေသည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ နှစ်ယောက်အကြားရှိ စိတ်ဆန္ဒများအကြားမှတိုက်ပွဲသည် တခြားလူများအားလုံးကို သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားစေရန် လုံလောက်ပေ၏။

လုယွီ၏နောက်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။

ထိုပုံရိပ်ယောင်ကြီးသည် လက်ဝဲဘက်လက်ဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းထားကာ လက်ယာဘက်လက်ဖြင့် ဓားချီတစ်လှိုင်းကို သိပ်သည်းထားသည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နံဘေးပတ်လည်မှနေ၍ ကျမ်းစာရွတ်ဆိုသံများ ခပ်သဲ့သဲ့ထွက်ပေါ်နေသည်။ဤသည်မှာ ထောင်သောင်းချီသောသရဲတစ္ဆေများသည် မြေအောက်လောကနတ်ဘုရားကို ချီးမွမ်းဂုဏ်ပြုသည့် တေးသီချင်းများကို သီဆိုနေသည့်အလားပင်။

ကံကြမ္မာစွမ်းအားများက လေထုအတွင်းသို့ မြင့်တက်သွားသည်။

လုယွီသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နံဘေးတွင် ပလ္လင်ခွေထိုင်နေကာ သူကိုယ်တိုင်သည်လည်း အစစ်အမှန်နတ်ဘုရားတစ်ပါးအလားပင်။

ထိုအချိန်မှာပင် မြေအောက်နန်းတော်၏လေဟာနယ်အတွင်းမှနေ၍ အနက်ရောင်ယင်ချီများ မျောလွင့်လာသည်။

ဤယင်ချီများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ထိုအရာများအတွင်းတွင် အကန့်အသတ်မရှိသော သရဲတစ္ဆေစိတ်ဝိညာဥ်များ ကိန်းအောင်းနေသည့်အလားပင်။ထိုအရာများကို တစ်ချက်ကြည့်မိရုံဖြင့်ပင် လူအများအား တုန်လှုပ်ချောက်ချားသွားစေရန် လုံလောက်သည်။

ဝီ....ဝီ...ဝီ....

သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းတွင် လေပြင်းများတိုက်ခတ်ခြင်းမှ တဝီဝီထွက်ပေါ်နေသော အသံများကို ကြားနေရပေ၏။

ထိုအသံများကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံးသည် ထိတ်လန့်ကြောက်ရွံနေသော ငှက်ငယ်လေးများအလား အလျှင်အမြန်မတ်တတ်ရပ်လိုက်ကြကာ ဧရာမမြို့ကြီး၏ပြင်ပရှိ အမှောင်ထုကြီးအတွင်းသို့ သတိကြီးစွာထား၍ ကြည့်လိုက်ကြသည်။

အမှောင်ထု၏လွှမ်းခြုံမှုအောက်တွင် မြေအောက်နန်းတော်၏နေရာအသီးသီးရှိ လမ်းကြောင်းများအတွင်း၌ ယင်ချီများဖြင့် ပြည့်နှက်နေသည်။

"အရှင်ချီ အရှင်လု...ငါတို့အားလုံးက လှောင်ပိတ်မိနေပြီးတော့ နေရာအနှံ့မှာ အန္တရာယ်တွေရှိနေတယ်...ကျေးဇူးပြုပြီးတော့ မတိုက်ခိုက်ကြပါနဲ့....အရင်ကရန်ငြိုးတွေကို စွန့်လွှတ်ပြီးတော့ အတူပူးပေါင်းဆောင်ရွက်ကြရအောင်....ဒီနေရာကနေ ထွက်သွားပြီးတော့မှ မင်းတို့ရဲ့ရန်ငြိုးတွေကို ဖြေရှင်းမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး"

လုချန်းချင်က ရုတ်တရက် ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။

Chapter 4155

ယခုနေရာတွင်ရှိနေသူများအားလုံးအနက် လုချန်းချင်သည် အသက်အကြီးဆုံးပင်။

ယခုအချိန်တွင် မြေအောက်နန်းတော်အတွင်း၌ ရှိနေသူများအားလုံးထံသို့ အမျိုးအမည်မသိရသောအန္တရာယ်များ အချိန်မရွေးကျရောက်လာနိုင်သည်။ထို့ကြောင့် လုချန်းချင်သည် ရှေ့သို့ထွက်ကာ ဖြန်ဖြေစကားပြောဆိုခြင်းဖြစ်ပေ၏။

"လုယွီ...အခုချိန်မှာ ငါ မင်းနဲ့ အငြင်းမပွားချင်ဘူး....ဒီနေရာကနေထွက်သွားပြီးတဲ့နောက်မှာ ငါကိုယ်တိုင် မင်းကိုလာရှာမယ်"

ချီဘုရင်၏မျက်လုံးအတွင်း၌ အငြိုးအတေးထားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

လုယွီက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ ချီဘုရင်၏ခြိမ်းခြောက်မှုကို အနည်းငယ်မျှ အလေးအနက်မထားသည့်အလားပင်။သူ၏မျက်လုံးအကြည့်သည် တဖြည်းဖြည်းမြင့်တက်လာသော ယင်ချီများပေါ်သို့ ကျရောက်သွားကာ သူ အတွေးများအကြား၌ နစ်မြောနေသည်။

လုယွီ၏အပြုအမူကိုကြည့်ပြီး ချီဘုရင်၏မျက်လုံးအတွင်းရှိ နာကျည်းမုန်းတီးမှုအရိပ်အယောင်များ ပို၍ပြင်းထန်လာသည်။

ဤအချိန်ကျမှသာ လူများအားလုံး အသိပြန်ဝင်လာကြသည်။လုယွီ၏မျက်နှာအမူအယာကိုကြည့်ပြီး သူတို့သည် ကွဲပြားခြားနားသောအမြင်ဖြင့် သူ့အား ကြည့်လိုက်ကြ၏။

ဘုရင်အဆင့်အခွင့်အာဏာစည်းတံဆိပ်ကို ကိုင်ထားသော ချီဘုရင်ကို လုယွီက အလွန်တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်နိုင်ခဲ့သည်။လုယွီသည် မောက်မာထောင်လွှားခြင်းသက်သက်မဟုတ်ဘဲ သူထံတွင် ချီဘုရင်ကို အနိုင်ယူနိုင်မည်ဟူသော ယုံကြည်ချက်လည်းရှိနေသည်။

ဤအချိန်အခိုက်အတန့်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ လုယွီကို အထင်မသေးဝံ့တော့ချေ။

"လုယွီ....မြေအောက်နန်းတော်ထဲကို မင်း ဝင်လာတဲ့အချိန်တုန်းက အဲ့ဒီယင်သရဲတစ္ဆေတွေကို တွေ့ခဲ့သေးလား"

လုချန်းချင်က ရုတ်တရက် လုယွီထံသို့လျှောက်လှမ်းလာကာ မေးမြန်းသည်။

"ငါ လာတုန်းက သရဲတစ္ဆေဘုန်းတော်ကြီးတစ်ပါးကိုပဲ တွေ့ခဲ့ရတယ်....ငါ သူ့ကို သတ်ခဲ့ပြီးပြီ...တခြားဘယ်ယင်သရဲတစ္ဆေမှ ရောက်လာတာကို မတွေ့မိဘူး"

လုယွီက ပြောဆိုသည်။

တခြားလူများသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။ဤယင်သရဲတစ္ဆေဘုန်းတော်ကြီးသည် အလွန်အစွမ်းထက်ပေရာ လုယွီ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

"ဒီမြေအောက်လမ်းကြောင်းတွေက အရမ်းကျဥ်းတယ်....ငါတို့ဝင်နိုင်ပေမယ့် အပြင်မှာရှိတဲ့ နတ်ဆိုးသက်ရှိတချို့က မိုးနဲ့မြေကိုပိတ်ဖုံးလုမတတ် အရမ်းကြီးမားတာကြောင့် ဒီနေရာကို ဝင်လာနိုင်မှာ မဟုတ်ဘူး...သူတို့ ရောက်မလာနိုင်ဘူး မဟုတ်လား"

တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။

သူတို့သည် ပြင်ပမှ ထွက်ပြေးလွတ်မြောက်လာခဲ့သည်မှာ မကြာသေးချေ။သူတို့သည် ပြင်ပတွင်ရှိသော သရဲတစ္ဆေများအကြောင်းကို အမှတ်ရချိန်တွင် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ လွှမ်းခြုံသွားတော့သည်။

လုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် နောက်ရှိဧရာမမြို့ကြီးထံသို့ သူ၏အကြည့် ကျရောက်သွားပေ၏။ထို့နောက် သူက မေးမြန်းလိုက်သည်။

"ငါတို့တွေက ဒီမြို့တံခါးကို ဖွင့်လို့မရဘူးလား"

သူတို့၏နောက်တွင် အလွန်ကြီးမားသော မြို့ရိုးတစ်ခုရှိနေသည်။ထိုမြို့ရိုးတွင် တံခါးတစ်ပေါက်ရှိနေသော်လည်း တင်းတင်းကြပ်ကြပ် ပိတ်ထားပေ၏။

"ဒီတံခါးကိုဖွင့်ဖို့ ငါတို့က နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြပေမယ့် မဖွင့်နိုင်ခဲ့ဘူး...ငါတို့အားလုံးရဲ့စွမ်းအားတွေကို စုပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာတောင် အဲ့ဒီတံခါးကို ချိုးဖျက်လို့မရဘူး"

လုချန်းချင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

လုယွီ၏မျက်ခုံး မြင့်တက်သွားသည်။ဤတံခါး၏ပိတ်ဆို့ထားမှုသည် အလွန်ခိုင်ခံ့မည်ဟု သူ မျှော်လင့်မထားမိချေ။

တစ်ခုသိထားရမည်မှာ ဤမြို့တံခါး၏ရှေ့၌ လူငါးကျော်ရှိနေသည်။

ဤမျှထိများပြားသောလူများ အတူတကွပူးပေါင်း၍ တိုက်ခိုက်သည့်တိုင် မြို့တံခါးကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိချေ။ဤသည်မှတဆင့် ထိုမြို့တံခါး မည်မျှထိ ခိုင်ခံမာကျောသည်ကို သက်သေပြရန်လုံလောက်သည်။

ရုတ်ချည်းဆိုသလိုပင် တာအိုပညာရှင်ဝတ်စုံကိုဝတ်ဆင်ထားသော လူတစ်ယောက်သည် မြို့တံခါး၏ရှေ့၌ ထွက်ပေါ်လာကာ သူ၏လက်ဖြင့် လက်စည်းသင်္ကေတအမျိုးမျိုးကို ထုတ်ဖော်အသုံးပြုလိုက်၏။

ထိုလက်စည်းတံဆိပ်များ ပျံ့လွင့်သွားပြီးနောက် မြို့တံခါးနှင့် ချိတ်ဆက်သွားသည်။ထိုအရာများသည် မိုးကောင်းကင်ယံအတွင်းရှိ ကြယ်ပွင့်များအလား အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေသည်။

"သူက ဝင်္ကပါကိုချိုးဖျက်ဖို့ ကြံရွယ်နေတာလား....သူက ဘယ်သူလဲ...."

လုယွီက အနည်းငယ်သိချင်စိတ်ပြင်းပြသွားသည်။

ထိုတာအိုပညာရှင်၏နံဘေး၌ နဂါးအစောင့်တချို့ မတ်တတ်ရပ်နေသည်။သူတို့သည် သူ့အား အခိုင်အမာကာကွယ်ပေးထားကာ တခြားလူများ အနှောက်အယှက်မပေးနိုင်စေရန် ဟန့်တားထားသည်။

လုချန်းချင်က ပြောဆိုသည်။

"သူက ချီဘုရင်ဖိတ်ခေါ်ထားတဲ့ သမိုင်းမှတ်တမ်းဝင်မိသားစုတစ်စုရဲ့ မိသားစုဝင်တစ်ယောက်ပဲ....သူ့ရဲ့မျိုးရိုးနာမည်က ကျိုး...အဲ့ဒီဆရာကျိုးက ဒီအပျက်အစီးနယ်မြေကို တော်တော်လေးရင်းနှီးကျွမ်းဝင်တယ်....ဒီနေရာက နန်းတော်ဟောင်းတစ်ခုဖြစ်မယ်လို့လည်း သူ ပြောခဲ့တယ်....ဒါပေမယ့် မြို့တံခါးရဲ့ရှေ့မှာ ဝင်္ကပါကြီးတစ်ခု ရှိနေတယ်....ခွန်အားသက်သက်ကို အသုံးပြုပြီးတော့ အဲ့ဒီမြို့တံခါးကို ချိုးဖျက်လို့မရဘူး"

"ငါတို့က သူ့ကို မှီခိုအားထားနေရတယ်...တကယ်လို့ မြို့တံခါးကို မဖွင့်နိုင်ဘူးဆိုရင် ငါတို့က အတူပူးပေါင်းပြီးတော့ ယင်သရဲတစ္ဆေတွေကို ရင်ဆိုင်ရုံပဲရှိတော့တယ်"

"ဆရာကျိုး...သူက ရှေးဟောင်းမှတ်တမ်းဝင်မိသားစုတစ်စုရဲ့ မိသားစုဝင်တစ်ယောက်လား"

လုယွီသည် ထိုတာအိုပညာရှင်ကို တစ်ချက်ကြည့်လိုက်သော်လည်း သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်တွေ့မိချေ။

သို့ရာတွင် ထိုဆရာကျိုးဆိုသူ၏ရှေ့၌ ရှိနေသည်မှာ ရှေးဟောင်းဝင်္ကပါတစ်ခုပင်။

ဤဝင်္ကပါသည် ကြယ်တာရာမြေပုံတစ်ခုအလား အဆက်မပြတ် ပြောင်းလဲနေသည်။ထိုအရာကိုကြည့်ရသည်မှာ အလွန်လျှို့ဝှက်ဆန်းကြယ်ပေ၏။

ဆရာကျိုးသည် မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဖတ်ကာ ရှေးဟောင်းဝင်္ကပါကြီးအတွင်းသို့ ဝင်ရောက်သွားစေသည်။ထို့နောက် မြို့တံခါး၏ရှေ့တွင် အမှတ်အသားတစ်ခု၏ပုံရိပ်က ဝိုးတဝါးထွက်ပေါ်လာသည်။

ထိုအမှတ်အသားသည် ငှက်တစ်ကောင်သည် တောင်ပံနှစ်ဖက်ဖြင့် ငှက်ပေါက်လေးများကိုအုပ်မိုးကာ စောင့်ရှောက်နေသည့်ပုံပင်။

ထိုအမှတ်အသားကိုမြင်တွေ့ချိန်တွင် ဆရာကျိုးသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

သူသည် ထိုအမှတ်အသားကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ ရူးသွပ်စွဲလန်းမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

"ငါ နောက်ဆုံးတော့ ဒါကိုရှာတွေ့ပြီ...ရှေးဟောင်းကျမ်းစာတွေရဲ့အဆိုအရ အနက်ရောင်ငှက်သုံးကောင်ရဲ့အရှင်သခင်က အနောက်နန်းဆောင်ဧကရီရဲ့ သံတမန်ပဲ...ဒီငှက်အမှတ်အသားရှိနေတာက အဲ့ဒီအင်ပါယာပဲဖြစ်မယ်"

All Chapters