အခန်း (၄၁၅၆-၄၁၆၀)
Vol. 211 Ch. 4156-4160
Chapter 4156
ထိုအမှတ်အသားထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လုယွီ၏မျက်လုံးများ တောက်ပသွားသည်။
ကြေးနီတံခါး၏ထိပ်တွင် အနက်ရောင်ငှက်တစ်ကောင်၏ပုံရိပ် ထင်ဟပ်နေသည်။ဤအမှတ်အသားကို တခြားလူများ သိရှိမည်မဟုတ်သော်လည်း လုယွီကမူ အလွန်ရင်းနှီးကျွမ်းဝင်သည်။
ချန်အင်ပါယာ မဟာတံတိုင်းကြီး၏အထက်တွင် နေရာအနှံ့အပြား၌ အလံများကို လွှင့်ထူထားသည်။ထိုအလံများပေါ်တွင် ရေးဆွဲထားသည်မှာ ငှက်နက်အမှတ်အသားပင်။
"ဒီနေရာက တကယ့်ကို ချန်အင်ပါယာနဲ့ ဆက်စပ်နေတာပါလား"
လုယွီ၏အတွေးများ လှုပ်ရှားသွားကာ သူ၏နံဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။သို့ရာတွင် ဤနေရာသည် စိမ်းသက်သက်ဖြစ်နေသည်ဟု သူ ခံစားမိလေ၏။
သူသည် ဤနေရာရှိ လေဟာနယ်နယ်မြေတစ်ခုအတွင်း၌ အချိန်တခဏနေထိုင်ခဲ့ဖူးသည်။ထိုအချိန်အတောအတွင်းတွင် သူသည် နယ်စပ်တွင်သာ ရှိနေခဲ့ပြီး တခြားနေရာများသို့ မရောက်ရှိခဲ့ချေ။
ဤနေရာရှိအရာရာတိုင်းသည် ရှေးဟောင်းအင်ပါယာတစ်ခု ပျောက်ကွယ်သွားခြင်းနှင့် သက်ဆိုင်နေသည်။သို့ရာတွင် ဤနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပွားသွားခဲ့သည်ကို လုယွီ မခန့်မှန်းနိုင်ချေ။
ကြေးနီရောင်တံခါးမှ နက်နဲသိမ်မွေ့သောအလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ မျောလွင့်သွားသော ပန်းပွင့်တစ်ပွင့်အလား ပါးလွှာသောလေထုအတွင်း၌ ပျောက်ကွယ်သွားသည်။
လက်ရှိနေရာတွင်ရှိနေသူများသည် ငှက်နက်အမှတ်အသားကို မြင်တွေ့မိလေ၏။သူတို့သည် ထိုငှက်နက်အမှတ်အသားအတွင်း၌ ရှေးဟောင်းအငွေ့အသက်များ ကိန်းအောင်းနေပုံရသည်ကို ခံစားမိသည်။ရှေးဟောင်းအရှိန်အဝါတစ်ရပ်က သူတို့ထံသို့ လာရောက်ရိုက်ခတ်နေသည့်အလားပင်။
"သမိုင်းမှတ်တမ်းဝင်မိသားစုတစ်စုက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူလို့ မပြောရဘူး....သူ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ မြို့တံခါးမှာ ပြောင်းလဲမှုတွေ ထွက်ပေါ်လာတယ်"
"ဒီမြို့တံခါး အမြန်ဆုံးပွင့်သွားရင် အကောင်းဆုံးပဲ....ပတ်ဝန်းကျင်မှာရှိတဲ့ယင်ချီတွေက ပိုပြီးထူထပ်သိပ်သည်းလာပြီ....အပြင်ကယင်သရဲတစ္ဆေတွေ ရောက်လာတော့မှာကို ငါ စိုးရိမ်မိတယ်"
ဆရာကျိုးသည် လှုပ်ရှားမှုတစ်ခုကိုပြုလုပ်ကာ ကြေးနီမြို့တံခါးကြီးပေါ်ရှိ အကာအကွယ်ဝင်္ကပါကြီးကို ရိုက်ခတ်လိုက်သည်အားကြည့်ပြီး ပတ်ဝန်းကျင်ရှိလူများအားလုံး အလွန်အမင်းစိတ်လှုပ်ရှားသွားသည်။
ခွန်အားသက်သက်ဖြင့် ချိုးဖျက်သည်ထက် ဆရာကျိုး၏လှုပ်ရှားမှုကြောင့် အရိပ်အယောင်ပေါ်လာသည်ကိုကြည့်ပြီး လူတိုင်းထံတွင် မြို့တံခါးပွင့်လာမည်ဟူသော မျှော်လင့်ချက်များရှိလာသည်။
"မင်းတို့အားလုံး ဘာမှစိတ်မပူကြနဲ့...ငါက လမ်းကြောင်းမှန်ကို ရှာတွေ့ပြီးပြီ...ဒီမြို့တံခါးကို ဖွင့်နိုင်ဖို့အတွက် အချိန်သိပ်မကြာတော့ဘူး"
ဆရာကျိုးထံတွင် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေကာ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။
"လုယွီ....ဒီဝင်္ကပါနဲ့ပတ်သတ်ပြီးတော့ နင် ဘယ်လိုသဘောရလဲ"
ဝေ့မင်ထျန်းက လုယွီ၏နံဘေးသို့ လျှောက်လှမ်းလာကာ ပြောဆိုသည်။
အတိတ်တွင် တော်ဝင်မြို့တော်၌ လုယွီသည် ဝင်္ကပါနည်းစနစ်များကို အသုံးပြု၍ ဝေ့မိသားစုမှ ဝင်္ကပါပညာရှင်များအားလုံးကို အနိုင်ယူခဲ့သည်။
ဝေ့မင်ထျန်းသည် ရှုံးနိမ့်ခဲ့ရသော်လည်း သူမ၏အရှုံးကို လက်ခံနိုင်ခဲ့သည်။လုယွီသည် ဝင်္ကပါပညာရပ်၌ ပါရမီရှင်တစ်ယောက်ဖြစ်သည်ကို သူမ သိရှိထားသဖြင့် သူ၏အမြင်ကို မေးမြန်းလိုက်၏။
လုယွီက ပြောဆိုသည်။
"ဒီဝင်္ကပါက လျှို့ဝှက်ဆန်းကြယ်ပြီးတော့ ခန့်မှန်းဖို့မလွယ်ဘူး....ဒါက အလွယ်တကူချိုးဖျက်လို့ရနိုင်တဲ့ ဝင်္ကပါမျိုးမဟုတ်ဘူး"
ဝေ့မင်ထျန်းက အံ့အားတသင့် ပြောဆိုလိုက်သည်။
"နင်တောင် မချိုးဖျက်နိုင်ဘူးလား..."
"အနည်းဆုံးတော့ ငါ ဒီဝင်္ကပါကိုချိုးဖျက်ဖို့အတွက် အချိန်နည်းနည်းယူရလိမ့်မယ်"
လုယွီက ကြေးနီမြို့တံခါးပေါ်ရှိ ဝင်္ကပါကြီးကိုကြည့်ကာ သူ၏စိတ်အတွင်း၌ တိတ်တဆိတ်မှတ်သားလိုက်၏။
ဤရှေးဟောင်းဝင်္ကပါကြီး၏ဖွဲ့စည်းပုံသည် ယခုခေတ်ကာလအတွင်းရှိ ဝင်္ကပါများနှင့် ကွဲပြားခြားနားသည်။
လုယွီက ထိုဝင်္ကပါကြီး၏ဖွဲ့စည်းပုံကို တိတ်တဆိတ်မှတ်သားထားကာ သူထံတွင် အချိန်ရှိလာပါက ဖြည်းဖြည်းချင်းလေ့လာရန် ဆုံးဖြတ်လိုက်သည်။
"ကြည့်လိုက်ကြအုံး...အဲ့ဒီယင်ချီတွေကြားမှာ ပုံရိပ်ယောင်တစ်ခု ရှိနေတဲ့ပုံပဲ"
ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
အစောပိုင်းက ယင်ချီများထွက်ပေါ်လာချိန်တွင် လူအမြောက်အများ ထိတ်လန့်ကြောက်ရွံနေကြသည်။ဤအချိန်အခိုက်အတန့်တွင် ထိုအသံကိုကြားပြီးနောက် တချို့လူများ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျတော့လုမတက်ပင်။
ယင်ချီများအကြားမှနေ၍ ယိမ်းယိုင်နေသောပုံရိပ်များ ထွက်ပေါ်လာသည်။
ထိုပုံရိပ်များအားလုံးသည် ကျင့်ကြံသူများဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များ စုတ်ပြတ်သတ်နေကာ သူတို့အနက်မှအများစုသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားပေ၏။
"ပြေးကြစို့...မြန်မြန်ပြေးကြရအောင်"
ထိုကျင့်ကြံသူများသည် လူအုပ်ကြီးကိုမြင်တွေ့ချိန်၌ အံ့အားတသင့်အော်ဟစ်လိုက်ကြသည်။သူတို့သည် အသစ်တဖန်မွေးဖွားရန်အတွက် မျှော်လင့်ချက်ရရှိသွားသည့်အလား လူအုပ်ကြီးထံသို့ တရကြမ်းပြေးဝင်လာသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျင့်ကြံသူတချို့သည် လျှပ်ပြက်သကဲ့သို့အရှိန်နှုန်းဖြင့် လူအုပ်ကြီးထံသို့ပျံသန်းလာပြီးနောက် မြေပြင်ပေါ်၌ထိုင်ချပြီး အမောဆို့နေကြသည်။
ထိုလူစု၏နောက်ဆုံးတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ရှိနေသည်။လူအုပ်ကြီးထံသို့ရောက်ခါနီးဆဲဆဲ မီတာသုံးရာခန့်အကွာတွင် သူမသည် ဖြူရော်နေသောမျက်နှာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
Chapter 4157
"ကျေးဇူးပြုပြီးတော့ ငါ့ကို ကယ်ကြပါအုံး"
"ငါ ဒဏ်ရာရထားတယ်...ငါ တကယ်ကို လမ်းမလျှောက်နိုင်တော့ဘူး"
ထိုအမျိုးသမီးထံတွင် နူးညံသိမ်မွေ့ပြီး လှပချောမောသောမျက်နှာရှိကာ သူမက မျက်မှောင်အနည်းငယ်ကြုတ်ထားသည်။သူမ၏နူးညံသေးသွယ်သောလက်ကို ဆန့်တန်းထားကာ သူမ၏အသံသည် ငှက်ငယ်လေးတစ်ကောင်၏ငိုသံအလားပင်။
သူမ၏နူးညံသိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကြောင့် မည်သူမဆို သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ သနားစိတ်များ ပေါက်ဖွားလာပေမည်။
"မိန်းကလေး...ငါ မင်းကို လာကယ်မယ်"
နောက်ဆုံး၌ တစ်စုံတစ်ယောက်သည် ထိုင်ကြည့်မနေနိုင်တော့သဖြင့် သူမအားကယ်တင်ရန် ဟန်ပြင်လိုက်၏။
လေလွင့်ကျင့်ကြံသူတစ်ယောက်သည် သူ၏ခြေထောက်ကိုမြှောက်ကာ ရှေ့သို့သွားလိုက်သည်။သူသည် မိန်းကလေး၏နံဘေးသို့သွားကာ သူမ၏နူးညံသေးသွယ်သောလက်ကိုကိုင်ပြီး တွဲထူပေးရန် ဟန်ပြင်လေသည်။
ထိပ်သီးမိသားစုများနှင့်မြင့်မြတ်နယ်မြေမှ လူများကမူ သူတို့၏မျက်လုံးများ ကန်းနေသည့်အလား သူမကို လျစ်လျှူရှုထားကြသည်။
အကယ်၍ ထိုမိန်းကလေးသည် တိုင်းပြည်ပျက်လုမတတ် လှပချောမောနေလျှင်ပင် သူမ၏သေရေးရှင်ရေးသည် သူတို့နှင့် အနည်းငယ်မျှ မသက်ဆိုင်ချေ။
လုယွီက ထိုမိန်းကလေးကို စူးစိုက်၍ကြည့်လိုက်သည်။
"ဘာမှားနေလို့လဲ....အရှင်လုက အဲ့ဒီမိန်းကလေးကို စိတ်ဝင်စားနေတာလား"
ဝေ့မင်ထျန်းထံတွင် ထက်ရှသောအာရုံခံစွမ်းရည်ရှိသဖြင့် လိမ္မာပါးနပ်စွာ မေးမြန်းလေသည်။
ထိုသို့ပြောဆိုပြီးနောက် ဝေ့မင်ထျန်းသည် ထိုမိန်းကလေးကို စူးစမ်းလေ့လာခြင်းမပြုဘဲ မနေနိုင်တော့ချေ။ထိုမိန်းကလေး၏ခေါင်းအစခြေအဆုံး ကြည့်ရှုပြီးနောက် ပုံပန်းသွင်ပြင်အရဖြစ်စေ ခန္ဓာကိုယ်အချိုးအစားအရဖြစ်စေ သူမအား မမှီနိုင်ကြောင်း သိရှိသွားသဖြင့် စိတ်သက်သာရာရသွားသည်။
"အဲ့ဒီမိန်းကလေးနဲ့ ဝေးဝေးနေ..."
လုယွီက အော်ဟစ်လိုက်ရာ အလွန်ကျယ်လောင်သဖြင့် လူအများ၏နားစည်များ တုန်ခါသွားသည်။
မိန်းကလေး၏အနီးသို့ ရောက်ရှိနေသော လေလွင့်ကျင့်ကြံသူသည် လုယွီ အော်ဟစ်လိုက်မည်ဟု မျှော်လင့်မထားမိချေ။သူသည် နေရာမှာပင် ကြက်သေသေနေလေ၏။သူက နောက်သို့ချာခနဲလှည့်ကာ တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။
"အုပ်ချုပ်သူအရှင်လုက ဒီမိန်းကလေးကို သိလို့လား"
ထိုလေလွင့်ကျင့်ကြံသူသည် မိန်းကလေး၏အလှတွင် ယစ်မူးမိသဖြင့် စွန့်စားခဲ့ခြင်းဖြစ်သည်။သို့ရာတွင် အကယ်၍ ဤမိန်းကလေးသည် လုယွီ သဘောကျသူဖြစ်နေပါက အန္တရာယ်စက်ကွင်းတစ်ခုကို သူ ထိတွေ့မိသကဲ့သို့ ဖြစ်သွားပေမည်။
လုယွီသည် ချီဘုရင်ကိုပင် ဂရုမစိုက်လေရာ သူ့ကဲ့သို့ လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ဆိုဖွယ်ရာပင်မရှိချေ။
အကယ်၍ သူသည် မိန်းကလေးတစ်ယောက်အတွက်ဖြင့် လုယွီကို အပြစ်ပြုမိပါက သူ့အတွက် ကြီးမားသောဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။
ဝေ့မင်ထျန်းက အံ့အားတသင့်ဖြင့် လုယွီကို ကြည့်လိုက်သည်။လုယွီ မည်သည်ကြောင့် ရုတ်တရက်ကြီးအော်ဟစ်လိုက်သည်ကို သူမ နားမလည်နိုင်ပေ။
လုယွီသည် နံဘေးပတ်ဝန်းကျင်ရှိ သံသယများကို လျစ်လျှူရှုကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။
"သူက လူသားမဟုတ်ဘူး...မင်း သတိမပြုမိဘူးလား"
"ဘာ...."
ထိုလေလွင့်ကျင့်ကြံသူသည် အနည်းငယ် ကြက်သေသေသွားပေ၏။
သူ တွေဝေနေစဥ်မှာပင် အေးစက်စက်လေပြင်းတစ်ရပ်က ရုတ်တရက် သူ၏နောက်မှ ဖြတ်သန်းတိုက်ခတ်လာသည်။
ထို့နောက် လက်ရှိနေရာတွင်ရှိနေသူများအားလုံး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့မိသည်။
မူလက လှပချောမောသော မိန်းကလေး၏ခန္ဓာကိုယ် ရုတ်တရက် ပြန့်ကားသွားကာ အသားလုံးကြီးတစ်ခုအဖြစ်သို့ ဖွဲ့စည်းသွားသည်။သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အရည်ပြားလွှာသည် ကွဲထွက်သွားပေ၏။
ဝှစ်...ဝှစ်...
မသဲမကွဲအသံနှစ်သံ ထွက်ပေါ်လာခြင်းနှင့်အတူ ထိုအသားလုံးကြီးတွင် အပေါက်နှစ်ခု ထွက်ပေါ်လာသည်။ထိုအသားလုံးကြီးမှနေ၍ ကြီးမားသောလက်ကြီးနှစ်ဖက် ထွက်ပေါ်လာကာ လေလွင့်ကျင့်ကြံသူ၏ခေါင်းကို ဖိနှိပ်လိုက်သည်။
ညင်သာစွာတစ်ချက်ဖိနှိပ်ခံရရုံဖြင့် ထိုလေလွင့်ကျင့်ကြံသူ၏ခေါင်း ပေါက်ကွဲသွားကာ သွေးများနှင့်ဦးနောက်အစအနများ ပြန့်ကျဲကျလာသည်။
ထိုအသားလုံးကြီးမှနေ၍ အရပ်နှစ်မီတာခန့်မြင့်သော နတ်ဆိုးသက်ရှိတစ်ကောင် ထွက်ပေါ်လာသည်။သူ၏အစွယ်များသည် ထက်ရှကာ သူ၏မျက်လုံးဟောင်းလောင်းလောင်းပေါက်အတွင်းတွင် အသူရာချောက်နက်ကြီးတစ်ခု ကိန်းအောင်းနေသည့်အလားပင်။လူအများသည် ထိုနတ်ဆိုးသက်ရှိကို တစ်ချက်ကြည့်မိရုံဖြင့် တုန်လှုပ်ချောက်ချားမှုကို ခံစားမိသည်။
နတ်ဆိုးသက်ရှိသည် လေလွင့်ကျင့်ကြံသူ၏အလောင်းကိုဆုပ်ကိုင်ကာ သူ၏သွားဖြင့် ကိုက်လိုက်သည်။သူ့ထံ၌ အလွန်ကြီးမားသောခွန်အားရှိပုံရကာ လေလွင့်ကျင့်ကြံသူ၏ခန္ဓာကိုယ်သည် သူ၏လက်အတွင်း၌ အလွန်နုနယ်နေပေ၏။သူသည် ထိုအလောင်းကို လွယ်လင့်တကူ ဆုတ်ဖြဲနိုင်သည်။
ဂျွတ်...ဂျွတ်....
အရိုးများအား ဝါးစားနေသည့်အသံများကို ကြားရသဖြင့် လူတိုင်းသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားမှုကို ခံစားမိသည်။
"ဒါက ဘယ်လိုကောင်ကြီးလဲ....သူက လူတွေကို အစိမ်းစားနေတာပါလား"
"တကယ်လို့ ငါ အစကသာကြိုသိရင် ဒီအရှုပ်အထွေးထဲကို ဝင်ပါခဲ့မိမှာမဟုတ်ဘူး....ချန်အန်းမြို့ပျက်ကြီးထဲက မှော်ရတနာတွေရရင်တောင် ဘာအသုံးဝင်မှာမလို့လဲ....တကယ်လို့ ငါ သေသွားမယ်ဆိုရင် ဘယ်လောက်များတဲ့ ရတနာတွေကိုပဲ ငါ ရထားပါစေ အသုံးဝင်မှာမဟုတ်ဘူး"
လေလွင့်ကျင့်ကြံသူတချို့၏မျက်နှာများပေါ်၌ စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
အစောပိုင်းက လေလွင့်ကျင့်ကြံသူ၏အလောင်းကို အနက်ရောင်မြူခိုးများ လွှမ်းခြုံနေပေ၏။သူ၏အလောင်းသည် အသွေးအသားအစအနများအဖြစ်သာ ကျန်ရှိတော့သည်။
သူတို့၏ရှေ့၌ သက်ရှိလူသားတစ်ယောက်သည် နတ်ဆိုးသက်ရှိတစ်ကောင်၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။သွေးများက မြေပြင်ပေါ်၌ အိုင်ထွန်းနေကာ လေထုအတွင်း၌ သွေးညှီနံများဖြင့် ပြည့်နှက်သွားတော့သည်။
Chapter 4158
"ငါတို့နဲ့ ဝေးဝေးနေစမ်း"
"အမှန်ပဲ...မင်းတို့က လူတွေလား သရဲတစ္ဆေတွေလားဆိုတာ မသိနိုင်ဘူး...ထွက်သွားစမ်း..."
လူအုပ်ကြီးသည် ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်သွားလေ၏။ယခင်က သူတို့ထံပြေးဝင်လာသော လေလွင့်ကျင့်ကြံသူတစ်စုကို ထောင့်တစ်နေရာသို့ တွန်းပို့လိုက်ကြသည်။သူတို့အနက်မှ တစ်ယောက်ချင်းစီထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူတို့သည် မှော်လက်နက်များကိုပင် ဆင့်ခေါ်ထားကာ သတိကြီးစွာထားလိုက်ကြ၏။
မောင်းထုတ်ခံရသော လေလွင့်ကျင့်ကြံသူများသည် ယခင်ကတည်းက မောဟိုက်နေသောကြောင့် အနည်းငယ်မျှ ခုခံကာကွယ်နိုင်ခြင်းမရှိချေ။သူတို့သည် ချက်ချင်းဆိုသလိုပင် အသနားခံတောင်းပန်လိုက်ကြသည်။
သို့ရာတွင် သူတို့ မည်သို့ပင်ပြောဆိုနေပါစေ လူအများ၏မျက်လုံးများအတွင်း၌ သံသယအရိပ်အယောင်များ ထင်ဟပ်နေသည်။
မလှမ်းမကမ်းအကွာရှိ သွေးသံတရဲရဲအလောင်းသည် ဥပမာတစ်ခုပင်။
သေရေးရှင်ရေးနှင့်ရင်ဆိုင်ရချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ တခြားလူများ၏အသက်ကို ဂရုမစိုက်တော့ချေ။
လုချန်းချင်က မျက်မှောင်ကြုတ်လိုက်သည်။
"အုပ်ချုပ်သူအရှင်လု....ခုဏမိန်းကလေးက လူသားမဟုတ်ဘူးဆိုတာ မင်း ဘယ်လိုရှာဖွေဖော်ထုတ်နိုင်ခဲ့တာလဲ"
လူတိုင်း၏ရှေ့၌ ထွက်ပေါ်လာသော မိန်းကလေးသည် သူမကိုယ်သူမ ကောင်းမွန်စွာဖုံးကွယ်ထားကာ အနည်းငယ်မျှ ဟာကွက်မရှိပေ။
အကယ်၍ လုယွီသာ သတိပေးခြင်းမရှိပါက လုချန်းချင်ကဲ့သို့ ဗိုလ်ချုပ်အိုကြီးတစ်ယောက်ပင်လျှင် ထိုမိန်းကလေးသည် နတ်ဆိုးသက်ရှိတစ်ကောင်ဖြစ်သည်ကို သိရှိမည်မဟုတ်ချေ။
လုယွီသည် ကွယ်ဝှက်ထားခြင်းမရှိဘဲ ပြောဆိုလိုက်၏။
"ငါက ငရဲဥပဒေသကို တတ်မြောက်ထားတယ်"
ထို့နောက် သူ၏လက်ကိုဆန့်တန်းကာ သူ၏လက်ဝါးအတွင်း၌ အနက်ရောင်အလင်းလုံးတစ်လုံး ထွက်ပေါ်လာသည်။
"အံ့အားသင့်စရာမရှိတော့ဘူး...ငရဲဥပဒေသက လောကကြီးထဲမှာရှိတဲ့ ထိပ်သီးဥပဒေသတွေထဲကတစ်ခုပဲ....အတိတ်မှာ မြေအောက်လောကတာအိုသခင်က ဒီဥပဒေသကိုဖမ်းဆုပ်နိုင်တာကြောင့် နာမည်ကျော်ကြားတယ်...ဒီဥပဒေသကို ဖမ်းဆုပ်နိုင်တာကြောင့် ယင်ယန်လောကနှစ်ခုကို ဖြတ်သန်းသွားလာနိုင်ပြီးတော့ သရဲတစ္ဆေတွေကို ဆင့်ခေါ်နိုင်တယ်....ဒီဥပဒေသရဲ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းပြီးတော့ သရဲတစ္ဆေတွေကို ခွဲခြားသိမြင်နိုင်တယ်....ဒါဆိုရင် ဘာပြဿနာမှမရှိနိုင်တော့ဘူး"
လုချန်းချင်က အံ့အားတသင့်ပြောဆိုသည်။
ဤဥပဒေသကို မည်သူမဆို နားလည်သဘောနိုင်ခြင်းမရှိချေ။
ပတ်ဝန်းကျင်ရှိ လူအများ၏မျက်လုံးများ တောက်ပသွားသည်။လုယွီသည် ဤမျှထိနက်နဲသိမ်မွေ့သော ဥပဒေသတစ်ရပ်ကို ဖမ်းဆုပ်ထားနိုင်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။သူသည် ကံကြမ္မာကောင်းကြီးတစ်ခု ရရှိထားသည်မှာ သိသာထင်ရှားလှ၏။
တချို့လူများကမူ တိတ်တဆိတ် သတိကြီးစွာထားလိုက်ကြသည်။လုယွီသည် ချီဘုရင်ကို စိန်ခေါ်ဝံ့သည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။
ဥပဒေသတစ်ရပ်ကို ဖမ်းဆုပ်နိုင်ရန်အတွက် တစ်စုံတစ်ယောက်ထံတွင် အနိမ့်ဆုံးအနေဖြင့် ရွှမ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်ခွန်အား ရှိရပေမည်။
ဤသည်မှာ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ဆိုလိုခြင်းပင်။
သူ၏အသက်သည် မည်မျှရှိသေးသနည်း...
မြင့်မြတ်နယ်မြေများ၏ မဟာအကြီးအကဲများအနက်မှ အများစုပင်လျှင် ရွှယ်အင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်သာရှိသည်။
လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည် သက်တူရွယ်တူများထက်ကျော်လွန်ကာ စီနီယာအများစုနှင့် ခြေရာခြင်းတိုင်းနိုင်သောအဆင့်သို့ ရောက်ရှိနေလေပြီ။
"သူတို့က နတ်ဆိုးသက်ရှိတွေ မဟုတ်ဘူး...သူတို့ကို လွှတ်ပေးလိုက်တော့"
လုယွီက သူ့အားအသနားခံတောင်းပန်နေသော လေလွင့်ကျင့်ကြံသူများကိုကြည့်ကာ ပြောဆိုသည်။
အကြည့်တစ်ချက်ဖြင့် လုယွီသည် ဤလေလွင့်ကျင့်ကြံသူများ၏သရုပ်မှန်ကို မြင်တွေ့နိုင်ပေ၏။
လုယွီ၏စကားကိုကြားချိန်တွင် တခြားလူများသည် ထိုလေလွင့်ကျင့်ကြံသူများကို ဟန့်တားထားခြင်းမပြုတော့ဘဲ ဘေးသို့ဖယ်ပေးလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်..."
ထိုလူများသည် ယခုမှရောက်ရှိလာခြင်းဖြစ်သဖြင့် လုယွီ၏အဆင့်အတန်းကို မသိရှိကြချေ။သို့ရာတွင် လုယွီ၏အဆင့်အတန်း သာလွန်ထူးကဲသည်ကို သူတို့ ရိပ်စားမိသဖြင့် သူ့ထံအပြေးလာကာ ကျေးဇူးတင်ကြောင်း ပျာပျာသလဲ ပြောဆိုလိုက်ကြသည်။
လူအုပ်ကြီး၏ပြင်ပတွင်ရှိနေသော နတ်ဆိုးသက်ရှိသည် ထိုလေလွင့်ကျင့်ကြံသူကို သတ်ဖြတ်ပြီးနောက် ထပ်မံ၍တိုက်ခိုက်ခြင်းမပြုချေ။
သူသည် လူအုပ်ကြီး၏နံဘေးပတ်လည်၌ လှည့်ပတ်သွားလာနေသော်လည်း အနီးသို့ချဥ်းကပ်ဝံ့ခြင်းမရှိချေ။
"ဒီနတ်ဆိုးသက်ရှိက တစ်ကောင်တည်းရှိတာ...ငါတို့အတူပူးပေါင်းပြီးတော့ သူ့ကိုသတ်ကြရအောင်...ဘယ်လိုသဘောရလဲ"
မြင့်မြတ်နယ်မြေတစ်ခု၏ အကြီးအကဲတစ်ယောက်က ရုတ်တရက် မတ်တတ်ထရပ်ကာ ပြောဆိုသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆိပ်မြူခိုးများ ရစ်သိုင်းလွှမ်းခြုံနေပေ၏။
ဤသည်မှာ ခရမ်းရောင်ကူမြင့်မြတ်နယ်မြေမှ အကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ၏အဆိပ်ပညာစွမ်းရည်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေလေပြီ။
ထိုစကားကိုကြားချိန်တွင် လူတိုင်း၏နှလုံးခုန်နှုန်းများ လျှင်မြန်သွားသည်။
ယခုချိန်တွင် သူတို့လူသားများဘက်တွင် အရေးမသာသောအခြေအနေသို့ ရောက်ရှိနေသည်။သို့ရာတွင် ယခုချိန်၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများရှိနေသည်။သူတို့အားလုံး၏ပူးပေါင်းတိုက်ခိုက်မှုကို ထိုနတ်ဆိုးသက်ရှိ ခုခံနိုင်မည်မဟုတ်ချေ။
"တကယ်လို့ အဲ့ဒီကောင်တစ်ကောင်တည်းဆိုရင် အလွယ်တကူ ဖြေရှင်းလို့ရတယ်....ဒီလူအိုကြီး စိုးရိမ်ပူပန်နေတာက နတ်ဆိုးသက်ရှိတွေ ထပ်ပြီးတော့ ကျူးကျော်ဝင်ရောက်လာမှာကိုပဲ....ဒါက အရမ်းကြောက်ဖို့ကောင်းတယ်"
လုချန်းချင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
လုချန်းချင်၏စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
သူတို့သည် မြို့အတွင်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သည့်တိုင် အလွန်ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသက်ရှိများရှိနေဆဲဖြစ်သည်ကို သူတို့အားလုံး သိရှိထားသည်။
Chapter 4159
"ငါ တိုက်ခိုက်မယ်...ငါတို့က ဒီနတ်ဆိုးသက်ရှိရဲ့ဖိနှိပ်တာကို ခံနေလို့မဖြစ်ဘူး"
မြင့်မြတ်အရှင်ဟွမ်ထျန်းက ရုတ်တရက် မတ်တတ်ထရပ်ကာ သူ၏လက်အတွင်းရှိ ငှက်မွှေးယပ်တောင်ဖြင့် မိုးကောင်းကင်ယံထံသို့ ညွှန်ပြလိုက်သည်။သူ၏နံဘေးပတ်ဝန်းကျင်၌ ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ ကြီးမားသောရွှေရောင်သင်္ကေတအက္ခရာတစ်ခုအလားပင်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်မီးတောက်များမှ လွှမ်းခြုံထားပုံရသည်။သူသည် တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည့် နတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။သူ မည့်သည့်နေရာသို့သွားသည်ဖြစ်စေ မီးတောက်များကြောင့် လေဟာနယ်သည် ပုံပျက်သွားပေ၏။
သူသည် ငှက်မွှေးယပ်တောင်ကို ညင်သာစွာဝှေ့ယမ်းလိုက်ရာ မတူကွဲပြားသောနည်းစနစ်လေးခု၏စွမ်းအားများ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် သူ၏ရှေ့၌ ကြီးမားသောလက်စည်းတံဆိပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးသက်ရှိထံဦးတည်ကာ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။
တခြားလူများသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပေ၏။လုချန်းချင်ပင်လျှင် သူ၏မျက်လုံးအတွင်းမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။
"မြင့်မြတ်အရှင်ဟွမ်ထျန်းက အရမ်းသန်မာအားကောင်းတာပဲ....တကယ်လို့ သူသာ တော်ဝင်နန်းတွင်းမှာရှိနေရင် အနည်းဆုံးတော့ အမတ်ကြီးတစ်ယောက် ဖြစ်နေလောက်ပြီ"
ဝေ့မင်ထျန်း၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
မြင့်မြတ်အရှင်များသည် အဆင့်အတန်းတစ်ခုသက်သက်သာဖြစ်ပြီး မြင့်မြတ်နယ်မြေများတွင် အစွမ်းထက်ဆုံးတည်ရှိမှုကြီးများမဟုတ်ချေ။
ဥပမာအနေဖြင့် ကျန်းမိသားစု၏မိသားစုခေါင်းဆောင်အသစ်သည် ကျန်းဟန်ဖြစ်သော်လည်း သူသည် ဂျူနီယာတစ်ယောက်ပင်။ကျန်းမိသားစုအတွင်း၌ အစစ်အမှန်အစွမ်းထက်ဆုံးလူများမှာ မဟာအကြီးအကဲနှင့်အကြီးအကဲတချို့ဖြစ်သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် မြင့်မြတ်အရှင်များသည် မြင့်မြတ်နယ်မြေများကို ကိုယ်စားပြုသောလူများပင်။
ဤတစ်ကြိမ်တွင် မြင့်မြတ်နယ်မြေများအကြား၌ ချန်အန်းမြို့အမွေအနှစ်နယ်မြေသို့ ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာသော မြင့်မြတ်အရှင်ဟူ၍ ဟွမ်ထျန်းတစ်ယောက်တည်းသာရှိသည်။
သူသည် လှုပ်ရှားမှုပြုလုပ်သည်နှင့် သူ၏ကြီးမားသောစွမ်းအားကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။ယခင်က သူ့အား လှောင်ပြောင်သရော်ခဲ့သော လုချန်းချင်ပင်လျှင် ယခုလက်ရှိချိန်တွင် သူ၏ပါးစပ်ကို ပိတ်ထားလေ၏။
နတ်ဆိုးသက်ရှိသည် ကျယ်လောင်စွာအော်ဟစ်ကာ ဒေါသထွက်စပြုလာသည်။
သူ့ရှေ့ရှိ ပုရွက်ဆိတ်တစ်စုသည် သူ့အားခုခံဝံ့မည်မဟုတ်ဟု တွေးထင်ထားပုံရသည်။
နတ်ဆိုးသက်ရှိ၏ခန္ဓာကိုယ်သည် ထပ်မံ၍ အဆများစွာပြန့်ကားသွားကာ ပတ်ဝန်းကျင်ရှိယင်ချီများသည် ဒီရေလှိုင်းတစ်ခုအလား သူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်သွားပေ၏။
ထို့နောက် နတ်ဆိုးသက်ရှိသည် ရှေ့သို့ဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်ရာ လေဟာနယ်အတွင်း၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
ဘုန်း.....
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
မြင့်မြတ်သခင်ဟွမ်ထျန်းအသုံးပြုခဲ့သော ရွှေရောင်လက်စည်းတံဆိပ်ကြီးသည် အလွန်အစွမ်းထက်သော်လည်း ထိုနတ်ဆိုးသက်ရှိကို ထိခိုက်နာကျင်အောင် လုပ်ဆောင်နိုင်စွမ်းမရှိချေ။
နတ်ဆိုးသက်ရှိ၏လက်သီးတစ်ချက်ဖြင့် ထိုလက်စည်းတံဆိပ်ကြီး ကြေမွှပျက်စီးသွားတော့သည်။
မှော်စွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကာ ပြင်းထန်ပြီးအစွမ်းထက်ပုံရသော ရွှေရောင်လက်စည်းတံဆိပ်ကြီးသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ပျောက်ကွယ်သွားပေ၏။
"ဒီနတ်ဆိုးသက်ရှိက အရမ်းအစွမ်းထက်တယ်....ဒါက ယင်သရဲတစ္ဆေဘုန်းတော်ကြီးလို ရုပ်သေးတစ်ရုပ်နဲ့မတူဘူး....သူ့မှာ ကိုယ်ပိုင်အသိဥာဏ်ရှိနေတယ်"
ဝေ့မင်ထျန်းက ထိတ်လန့်တကြားပြောဆိုသည်။
မြင့်မြတ်အရှင်ဟွမ်ထျန်းသည် သူ၏တိုက်ခိုက်မှု အရေးနိမ့်သွားသည်ကို မြင်တွေ့သော်လည်း ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။ထိုအစား သူသည် အဆောင်လက်ဖွဲ့တစ်ခုကိုထုတ်ယူကာ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးမိုးကြိုးများ ရစ်သိုင်းလွှမ်းခြုံသွားသည်။ရွှေရောင်မီးတောက်များ၏နေရာတွင် ပြင်းထန်သောလျှပ်စီးမိုးကြိုးများ အစားထိုးဝင်ရောက်လာကာ သူ၏ခန္ဓာကိုယ်ကို ဝိုင်းရံထားသည်။
ဤသည်မှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးမိုးကြိုးသံချပ်ကာတစ်ခု ရှိနေသည့်အလားပင်။မိုးကြိုးလှိုင်းများ၏အသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"ငါ့ရဲ့အသက် ခြောက်ဆယ်ရှိပြီ....လောကကြီးထဲမှာရှိတဲ့ ကံကြမ္မာကောင်းတွေအများကြီးကို ရရှိခဲ့တယ်..."
မြင့်မြတ်အရှင်ဟွမ်ထျန်းက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုပြီး လူအုပ်ကြီးအကြားမှထွက်ကာ နတ်ဆိုးသက်ရှိနှင့် စတင်၍ တိုက်ခိုက်တော့သည်။
ထိုတိုက်ပွဲနေရာမှနေ၍ ပေါက်ကွဲသံများထွက်ပေါ်လာကာ မြေအောက်နန်းတော်တခွင်လုံးကို တုန်ခါသွားစေပြီး လူအများ၏နားစည်များကို နာကျင်သွားစေသည်။
မြင့်မြတ်အရှင်ဟွမ်ထျန်းသည် ခွန်အားကုန်အသုံးပြု၍ တိုက်ခိုက်နေသဖြင့် နတ်ဆိုးသက်ရှိသည် ဖိနှိပ်ခံရကာ နောက်ဆုံး၌ နောက်သို့အနည်းငယ်ဆုတ်ခွာသွားသည်။
မြင့်မြတ်အရှင်ဟွမ်ထျန်း၏နောက်၌ မီတာထောင်နှင့်ချီ၍မြင့်မားသော အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းဘီးကြီးလည်ပတ်နေသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းများ ဖြာကျလာကာ သူ့ကို စွမ်းအားများထောက်ပံပေးနေလေ၏။
ဘန်း....ဘန်း....ဘန်း....
နောက်ထပ်တိုက်ကွက်ပေါင်း ဆယ်နှင့်ချီ၍ တိုက်ခိုက်ပြီးနောက် မြင့်မြတ်အရှင်ဟွမ်ထျန်း၏အရှိန်အဝါ ပို၍အစွမ်းထက်လာသည်။သူသည် နတ်ဘုရားတစ်ပါးနှင့် ယှဥ်ပြိုင်နိုင်လုနီးပါးပင်။
တခြားတစ်ဖက်တွင် နတ်ဆိုးသက်ရှိသည် မည်သည့်နာကျင်မှု မောပန်းနွမ်းနယ်မှုကိုမျှ မခံစားရချေ။
ပတ်ဝန်းကျင်ရှိယင်ချီများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေကာ သူ၏ဒဏ်ရာများကို ကုသပေးနေသည်။ထို့ကြောင့် သူသည် မြင့်မြတ်အရှင်ဟွမ်ထျန်း၏တိုက်ခိုက်မှုများကို ပိတ်ဆို့ဟန့်တားနိုင်ပေ၏။
နှစ်ဖက်စလုံးသည် တိုက်ခိုက်မှုချင်းဖလှယ်ပြီးနောက် တစ်ဖက်ကိုတစ်ဖက် မည်သို့မျှ လုပ်ဆောင်နိုင်စွမ်းမရှိချေ။
Chapter 4160
"အားလုံးပဲ...ငါတို့အတူပူးပေါင်းပြီး တိုက်ခိုက်ကြစို့...တကယ်လို့ ငါတို့က အဲ့ဒီကောင်တွေထဲက တစ်ကောင်ကိုသတ်နိုင်ရင်တောင် သတ်ရမယ်"
ခရမ်းရောင်ကူမြင့်မြတ်နယ်မြေမှ အကြီးအကဲသည်လည်း ထိုနေရာသို့ ပျံသန်းသွားသည်။သူ၏နံဘေးပတ်လည်ရှိ ခရမ်းရောင်အခိုးအငွေ့များအကြားမှနေ၍ ကြီးမားသောစပါးကြီးမြွေများ ထွက်ပေါ်လာသည်။
တခြားမြင့်မြတ်နယ်မြေများမှ ကျင့်ကြံသူများသည်လည်း ရှေ့သို့ပြေးထွက်သွားကြသည်။
လုချန်းချင်သည်လည်း သူ၏လခြမ်းဆေဘာဓားကိုဆုပ်ကိုင်ကာ ဝေ့မင်ထျန်းနှင့်အတူ ရှေ့သို့ပျံသန်းသွားလေ၏။
ချီဘုရင်ကမူ တခြားလူများ၏လှုပ်ရှားမှုများကို မမြင်တွေ့သည့်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။
ကျင့်ကြံသူအမြောက်အများ တပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်းကြောင့် သူတို့၏နံဘေးပတ်ဝန်းကျင်တွင် တောက်ပသောမှော်အလင်းတန်းများဖြင့် ပြည့်နှက်သွားတော့သည်။
အဆုံးသတ်၌ နတ်ဆိုးသက်ရှိသည် လူအများ၏ပူးပေါင်းတိုက်ခိုက်မှုကို တောင့်မခံနိုင်တော့သဖြင့် နောက်သို့ဆုတ်ခွာရန် ကြိုးပမ်းလိုက်၏။
"သူ့ကို မလွတ်သွားစေနဲ့....အဲ့ဒီကောင်ကို အမြစ်ပြတ်သုတ်သင်ရမယ်"
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုနတ်ဆိုးသက်ရှိသည် အစောပိုင်းက လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ဝါးစားခဲ့သည့်မြင်ကွင်းသည် လူတိုင်း၏အာရုံကြောများကို နှိုးဆွပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။
အကယ်၍ သူတို့သည် ဤနတ်ဆိုးသက်ရှိ၏အရိုးများကို ကြိတ်ချေပြီး အမှုန်အမွှားများဖြစ်အောင် မပြုလုပ်ပါက သူတို့၏စိတ်များ အေးချမ်းမည်မဟုတ်ချေ။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ မြေအောက်နန်းတော်အတွင်းရှိ မြေပြင်တစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။မြေပြင်ပေါ်မှနေ၍ မသဲမကွဲအသံများ တစ်သံပြီးတစ်သံထွက်ပေါ်လာကာ အလွန်အမင်းကျယ်လောင်သည်။
ဝုန်း....ဝုန်း...
မြေအောက်နန်းတော်၏လေးဖက်လေးတန်ရှိ နံရံများပေါ်မှ ကျောက်စရစ်ခဲများ ပြုတ်ကျလာကာ ဖုန်မှုန့်များတထောင်းထောင်းထသွားသည်။
ထို့နောက်မှနေ၍ အလွန်အမင်းထူးဆန်းသောအသံများသည် အဝေးတစ်နေရာရှိ အမှောင်ထုအတွင်းမှ ထွက်ပေါ်လာပေ၏။
"ဟီး ဟီး ဟီး ဟီး....ဝူး ဝူး ဝူး..."
ထိုအသံများသည် အမျိုးသမီးတစ်ယောက်၏ရယ်မောသံ သို့မဟုတ် ကလေးတစ်ယောက်၏ငိုသံနှင့် တူညီနေသည်။
ပတ်ဝန်းကျင်ရှိအပူချိန် ချက်ချင်းဆိုသလိုပင် အနည်းငယ်လျော့ကျသွားသည်။လုချန်းချင်ကဲ့သို့ အမြဲတစေ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေသော လူတစ်ယောက်ပင်လျှင် ဤအချိန်အခိုက်အတန့်တွင် သူ၏ဦးရေပြား ထုံကျင်သွားကာ တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။
ထို့နောက် ထူထပ်သိပ်သည်းသောယင်ချီများအကြားမှနေ၍ ဧရာမမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။ထိုအရာသည် မြို့တံခါးတစ်ခုစာမျှကြီးမားပြီး မျက်နှာကြီးသည် ပြုံးယောင်သန်းနေသော်လည်း မျက်လုံးအတွင်းမှနေ၍ သွေးမျက်ရည်များ ယိုစီးကျနေသည်။
ဤသည်မှာ ဧရာမမျက်နှာကြီးရှိသော နတ်ဆိုးသက်ရှိတစ်ကောင်ပင်။
ထိုနတ်ဆိုးသက်ရှိ၏ခန္ဓာကိုယ်ကြီးသည် အလွန်ကြီးမားသဖြင့် ဧရာမတောင်ကြီးအလား လူတိုင်း၏ရှေ့၌ ပိတ်ဆို့ဟန့်တားထားသည်။
ဒေါင်....ဒေါင်....
ထိုဧရာမမျက်နှာနတ်ဆိုးသက်ရှိကြီး ထွက်ပေါ်လာချိန်တွင် ထိုအရာ၏ခန္ဓာကိုယ်ကို တစ်စုံတစ်ခုဖြင့် ချည်နှောင်ထားသည့်အလား အရိုးအချင်းချင်းရိုက်ခတ်သည့် အသံများကို ကြားနေရသည်။
နတ်ဆိုးသက်ရှိကြီး နီးကပ်လာချိန်တွင် ထိုအရာ၏ပုံပန်းသွင်ပြင်ကို လူများအားလုံး တွေ့မြင်လိုက်ရသည်။
သူတို့ မြင်တွေ့ရသည်မှာ အလောင်းတစ်လောင်းပင်။ထိုအလောင်းသည် လုံးလုံးလျားလျားဖြူရော်နေပြီး သူ၏သွေးကြောများပင် ပျောက်ကွယ်နေလေပြီ။သူ သေဆုံးခဲ့သည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ပြီဖြစ်ကြောင်း မည်သူမျှ မသိနိုင်ချေ။
အနီရောင်အပ်ချည်မျှင်တစ်ချောင်းဖြင့် ထိုအလောင်း၏ရင်ဘတ်ကို ထွင်းဖောက်ကာ တခြားအလောင်းတစ်လောင်းဖြင့် တွဲချည်ထားသည်။
အလောင်းတစ်ရာကျော်ကို ပြွတ်သိပ်စွာတွဲချည်ထားပြီး လည်ဆွဲတစ်ခုပေါ်ရှိ ကျောက်မျက်များအလား ဧရာမမျက်နှာနတ်ဆိုးသက်ရှိကြီး၏လည်ပင်း၌ ဆွဲထားသည်။
အစောပိုင်းကကြားရသည့် ရိုက်ခတ်သံများသည် ဤအလောင်းများထံမှ ထွက်ပေါ်နေခြင်းပင်။
ဤမြင်ကွင်းကိုမြင်တွေ့မိသော မည်သူမဆို ရွံရှာစက်ဆုပ်ခြင်းကို ခံစားရသည်။
"ဘာမှ မကြောက်ကြနဲ့...သတ်ကြစမ်း"
လုချန်းချင်က ရှေ့မှဦးဆောင်လိုက်သည်။သူ၏လက်အတွင်းရှိ လခြမ်းဆေဘာဓားမှနေ၍ အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။တောက်ပသောဓားချီသည် လေထုအတွင်းသို့ ဖြတ်သန်းသွားကာ စွမ်းအားလှိုင်းများက တိမ်တိုက်များထိတိုင် ပျံ့လွင့်သွားသည်။
ဘန်း.....
ဧရာမမျက်နှာနတ်ဆိုးသက်ရှိသည် သူ၏လက်ချောင်းတစ်ချောင်းကိုဆန့်တန်းပြီး လှုပ်ခတ်လိုက်၏။ထိုလှုပ်ရှားမှုတစ်ခုဖြင့် လုချန်းချင်၏လက်အတွင်းမှ လခြမ်းဆေဘာဓား ကြေမွှပျက်စီးသွားသည်။
အရပ်မျက်နှာအဘက်ဘက်မှ တိုက်ခိုက်လိုက်သော တခြားကျင့်ကြံသူများ၏ မှော်မန္တန်များသည်လည်း ဧရာမမျက်နှာနတ်ဆိုးသက်ရှိပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားသည်။သို့ရာတွင် သူတို့၏တိုက်ခိုက်မှုများသည် ပင်လယ်အတွင်းသို့နစ်ဝင်သွားသော ကျောက်စရစ်ခဲများအလား ဧရာမမျက်နှာနတ်ဆိုးသက်ရှိကြီးကို အနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိချေ။
လူတိုင်း၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။
ယခင်က မြေပြင်ပေါ်၌ သူတို့သည် ဧရာမမျက်နှာနတ်ဆိုးသက်ရှိများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူတို့သည် မြေအောက်သို့ ရောက်ရှိလာပြီးနောက် ဘေးကင်းသွားပြီဟု တွေးထင်ခဲ့ကြ၏။၊သို့ရာတွင် ဧရာမမျက်နှာနတ်ဆိုးသက်ရှိတစ်ကောင် ရောက်ရှိလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။
ဝှစ်....
ထိုအချိန်မှာပင် လုယွီက အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲ၍ လူများအားလုံး၏ရှေ့သို့ ရောက်ရှိလာသည်။
"နောက်ကိုဆုတ်ကြတော့....မင်းတို့က သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"
လုယွီက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။သူသည် လေထုအတွင်း၌ မတ်တတ်ရပ်နေကာ လေတိုက်ခတ်မှုနှင့်အတူ သူ၏အဝတ်အစားများ လူးလွန့်နေသည်။
လုချန်းချင်က ပြောဆိုသည်။
"ငါတို့အတူပူးပေါင်းပြီးတော့ အဲ့ဒီကောင်ကို သတ်ကြရအောင်...ဘယ်လိုပဲဖြစ်ဖြစ် ဒီနတ်ဆိုးကောင်ရဲ့စွမ်းအားက အကန့်အသတ်ရှိနေမှာပဲ"
"တကယ်လို့ ဒီနတ်ဆိုးသက်ရှိတစ်ကောင်တည်းဆိုရင် အခွင့်အရေးရှိနိုင်တယ်....ဒါပေမယ့် အခုက ငါတို့ ဝိုင်းထားခံရမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက အမှောင်ထု၏တခြားတစ်ဖက်ခြမ်းကို ကြည့်လိုက်သည်။
ယင်ချီများအကြားမှနေ၍ ဤဧရာမမျက်နှာနတ်ဆိုးသက်ရှိနှင့်တူညီသော ပုံရိပ်များထွက်ပေါ်လာကာ သူတို့၏အနီးသို့ တဖြည်းဖြည်းချဥ်းကပ်လာသည်။