အခန်း (၄၁၇၁-၄၁၇၅)
Vol. 212 Ch. 4171-4175
Chapter 4171
ချီဘုရင်သည် တစ်ချိန်လုံးထိုင်နေကာ လီရှုထွက်ပေါ်လာသောအချိန်ကပင် သူ၏မျက်နှာပေါ်၌ မည်သည့်စိတ်ခံစားချက်အရိပ်အယောင်မျှ ထွက်မလာချေ။
သို့ရာတွင် သူ၏မျက်နှာပေါ်၌ မည်သည့်အရိပ်အယောင်မျှ ရှိမနေသည့်တိုင် သူ၏စိတ်နှလုံးသားအတွင်း၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
ဆရာကျိုးသည် ကြေးနီတံခါးကိုဖွင့်ပြီးသည်နှင့် သူသည် နဂါးအစောင့်များကိုဦးဆောင်ကာ မြို့အတွင်းသို့ ပြေးဝင်သွားတော့သည်။
ချီဘုရင်သည် ကြေးနီမြို့တံခါးနှင့် အနီးကပ်ဆုံးနေရာ၌ ရှိနေသောလူပင်။
မူလကတည်းက ဆရာကျိုးမှ ဝင်္ကပါကြီးကို ချိုးဖျက်နေစဥ်တွင် စိတ်တည်ငြိမ်မှုရှိစေရန်အတွက် တခြားလူများအား ဝေးဝေးနေရန် သူ အမိန့်ပေးထားခဲ့သည်။
ကြေးနီတံခါးကြီးသည် ဤအချိန်အခိုက်အတန့်၌ပွင့်သွားမည်ဟု မည်သူမျှ မျှော်လင့်မထားမိချေ။
"မြန်မြန်ဝင်ကြစို့....နတ်ဆိုးသက်ရှိတွေ တိုးဝင်လာတော့မယ်"
လူများအားလုံးသည် ထိတ်လန့်တကြားဖြင့် မြို့တံခါးအတွင်းသို့ တရကြမ်းပြေးဝင်ကြတော့သည်။
ပြင်ပတွင် ထောင်သောင်းချီသော ယင်သရဲတစ္ဆေများသည်လည်း ဒီရေလှိုင်းတစ်ခုအလား ရောက်ရှိလာသည်။
လေထုအတွင်း၌ ယင်ချီများ ပြည့်နှက်နေသည်။အနက်ရောင်မြူခိုးများအကြားတွင် ယင်သရဲတစ္ဆေများ၏ခေါင်းများ ပူးကပ်စွာရှိနေသည်ကို မြင်တွေ့ရသဖြင့် လူအများသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိလေ၏။
"ဖန်းနန်းတော်...."
လုယွီသည် ကြေးနီကမ္ပည်းပြားပေါ်ရှိ စာလုံးများကို မြင်တွေ့ပြီးနောက် သူ၏မျက်လုံးများ တောက်ပသွားသည်။
ယခင်က လျှို့ဝှက်နယ်မြေအတွင်းတွင် ဗိုလ်ချုပ်မုန့်မှနေ၍ လူသားဧကရာဇ်သည် နန်းတော်တစ်ခုကို တည်ဆောက်ကာ မြို့သူမြို့သားများကို စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့ကြောင်း သူ့အား ပြောပြခဲ့ဖူးသည်။
သို့ရာတွင် ထိုအချိန်တုန်းက သူသည် ဤကိစ္စကို အလေးအနက်မထားခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ နန်းတော်တစ်ခုဖြစ်သဖြင့် သူနှင့် အနည်းငယ်မျှ သက်ဆိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့နှစ်ယောက် စကားစမြည်ပြောဆိုခဲ့မှုအတွင်းရှိ နန်းတော်သည် သူ့ရှေ့၌ ထွက်ပေါ်လာလေပြီ။လုယွီက ဤသည်မှာ သူ၏ဘဝသက်တန်းတစ်ခုကို ကျော်လွန်လာသည့်အလား ခံစားမိသည်။
ဖန်းနန်းတော်သည် တော်ဝင်နန်းတော်တစ်ခုဖြစ်သဖြင့် ရှေးဟောင်းချန်အင်ပါယာ၏လျှို့ဝှက်ချက်များ ကိန်းအောင်းနေမည်မှာ သေချာပေါက်ပင်။
ဤသည်မှာ တာယွီတော်ဝင်မြို့တော်တွင် တော်ဝင်နန်းတော်ရှိနေကာ လောကကြီးအတွင်းရှိ ရတနာမျိုးစုံ ကိန်းအောင်းနေသည့်အလား ဤနေရာတွင်လည်း မိုးနှင့်မြေအကြားရှိ လျှို့ဝှက်ချက်အမြောက်အများ ပုန်းကွယ်နေနိုင်သည်။
"လူသားဧကရာဇ်...ဗိုလ်ချုပ်မုန့်...ဒါတွေက ငါ့ရဲ့မျက်လုံးရှေ့မှာ ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတဲ့ ဖြစ်ရပ်တွေပဲ....ဒါပေမဲ့ သူတို့ရဲ့အကြောင်းတွေက တိမ်မြုပ်နေပြီးတော့ ဘယ်သူကမှ သူတို့နဲ့ပတ်သက်ပြီး မသိကြတော့ဘူး...အဲ့ဒီလူသားဧကရာဇ်က သိုင်းအာဏာရှင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်....သူက နတ်ဆိုးဘိုးဘေးတွေကိုတောင် အလွယ်တကူရင်ဆိုင်နိုင်တယ်....သူ့ရဲ့နောက်ဆုံးရလဒ်က ဘာဖြစ်သွားလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး....ငါက ဒီနေရာမှာ အဖြေကိုရှာနိုင်မလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်အတွင်း၌ အတွေးမျိုးစုံ ထင်ဟပ်နေသည်။
ဘုန်း...ဘုန်း...
သို့ရာတွင် ထိုအချိန်မှာပင် ကြေးနီတံခါးကြီး၏ဘေးတစ်ဖက်တစ်ချက်ရှိ ငှက်နက်ရုပ်ထုနှစ်ခုသည် နောက်ဆုံး၌ ယင်ချီများ၏တိုက်စားမှုကို တောင့်မခံနိုင်တော့ဘဲ ကျယ်လောင်သောဘုန်းခနဲမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။
ထိုရုပ်ထုနှစ်ခုမှ သဲမှုန်များနှင့်ကျောက်တုံးအစအနများသည် နေရာအနှံ့အပြားသို့ လွင့်ထွက်သွားပေ၏။ထိုငှက်နက်ရုပ်ထုနှစ်ခုအတွင်းတွင် အမှန်အားဖြင့် ရှေးဟောင်းသင်္ကေတအက္ခရာနှစ်ခု ရှိနေသည်။ထိုအရာနှစ်ခုမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေကာ ကြည့်ရသည်မှာ ရှေးဆန်ပြီး သာလွန်ထူးကဲသည်။
အကာအကွယ်အလွှာကြီး ပျက်စီးသွားလေပြီ။
လီရှုသည် လှုပ်ရှားခြင်းမပြုချေ။သို့ရာတွင် သူ၏နံဘေးရှိ နတ်ဆိုးသက်ရှိများအားလုံး သူ၏အမိန့်ကိုရရှိသည့်အလား လူအုပ်ကြီးထံဦးတည်၍ တဟုန်ထိုးပြေးဝင်လာကြသည်။
ထိုနတ်ဆိုးသက်ရှိများ၏အရှိန်နှုန်းသည် အလွန်လျှင်မြန်သဖြင့် အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသော လူသားကျင့်ကြံသူတချို့သည် သူတို့၏ဖမ်းဆုပ်ခြင်းကို ခံလိုက်ရလေ၏။ထို့နောက် လူသားကျင့်ကြံသူများသည် နတ်ဆိုးသက်ရှိများ၏ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
လေထုအတွင်း၌ စူးရှသော သွေးညှီနံ့များဖြင့် ပြည့်နှက်နေကာ အလွန်အမင်း အော်ဂလီဆန်ဖွယ်ကောင်းသည်။
"တံခါးကို ပိတ်လိုက်တော့...ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့"
ချီဘုရင်သည် ကြေးနီတံခါးကြီးအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ကျယ်လောင်စွာအော်ဟစ်၍ အမိန့်ပေးလိုက်၏။
ဝုန်း....
ကြေးနီတံခါးကြီး တုန်ခါသွားသည်။
နဂါးအစောင့်များသည် ချီဘုရင်၏အမိန့်ကိုလိုက်နာ၍ ကြေးနီတံခါးကြီးကိုပြန်ပိတ်ရန် ဟန်ပြင်လိုက်ကြသည်။
ဤသည်မှာ လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို ကျူးလွန်လိုက်သည့်အလားပင်။
ချီဘုရင်သည် ပြင်ပတွင်ကျန်နေခဲ့သော လူများအားလုံးကို ပိတ်လှောင်ထားလိုပေ၏။
"ခွေးမသား...."
မြင့်မြတ်အရှင်ဟွမ်ထျန်းက လက်ညှိုးညွှန်လိုက်ရာ အဝါရောင်ပိတ်စဖြင့်ပြုလုပ်ထားသော စစ်သည်တော်တချို့ ထွက်ပေါ်လာသည်။ထိုစစ်သည်တော်များသည် ကြေးနီတံခါးကိုတွန်းကာ ပိတ်မသွားစေရန် တားဆီးဟန့်တားလိုက်ကြသည်။
"ငါတို့ မဝင်ရသေးဘူးလေ...တံခါးကို မပိတ်နဲ့အုံး..."
"ခွေးမသား ချီဘုရင်....ငါ အပြင်ကိုထွက်နိုင်တာနဲ့ မင်းတို့မိသားစုတစ်စုလုံးကို သတ်မယ်"
ကြွင်းကျန်သောကျင့်ကြံသူများအနက် တချို့သည် အော်ဟစ်ငိုယိုပြီး တောင်းပန်နေကြကာ တချို့ကမူ ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုနေသည်။
ဤကဲ့သို့သေရေးရှင်ရေးအချိန်အခိုက်အတန့်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ ချီဘုရင်၏အဆင့်အတန်းကို ဂရုမစိုက်တော့ဘဲ တံခါးထံသို့ တဟုန်ထိုးပြေးဝင်ကြတော့သည်။
Chapter 4172
သို့ရာတွင် ချီဘုရင်၏လှုပ်ရှားမှုသည် အလွန်လျှင်မြန်ပေ၏။
ရာနှင့်ချီသောနဂါးအစောင့်များ၏ ပူးပေါင်းခွန်အားဖြင့် ပိတ်ဆို့ဟန့်တားခြင်းဖြစ်သောကြောင့် ပြင်ပရှိကျင့်ကြံသူများသည် အတွင်းရှိလူများ၏စွမ်းအားကို ခုခံနိုင်ခြင်းမရှိချေ။
ကြေးနီတံခါးကြီးသည် တဖြည်းဖြည်း ပိတ်သွားလေ၏။
ကျင့်ကြံသူများအားလုံး၏မျက်နှာများ ဖြူရော်သွားသည်။သူတို့ထံတွင် အသက်ရှင်သန်နိုင်အတွက် မျှော်လင့်ချက်ရှိပြီဟု တွေးထင်ခဲ့သော်လည်း မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့၏ရှေ့ရှိ တံခါးကြီးကို ပိတ်ဆို့ခြင်းခံလိုက်ရသည်။
"အား...."
ပြင်ပ၌မတ်တတ်ရပ်နေသော ကျင့်ကြံသူတချို့သည် နတ်ဆိုးသက်ရှိများ၏ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရလေ၏။ရုတ်ချည်းဆိုသလိုပင် သူတို့သည် နတ်ဆိုးသက်ရှိများ၏ဆုတ်ဖြဲခြင်းကိုခံရကာ သူတို့၏အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
မြင့်မြတ်နယ်မြေမှအကြီးအကဲတစ်ယောက် လုမိသားစုမှကျင့်ကြံသူတစ်ယောက်အပြင် တခြားကျင့်ကြံသူဆယ်ယောက်ကျော် သေဆုံးသွားခဲ့သည်။
မည်သူမည်ဝါဖြစ်နေပါစေ ဤသွေးဆာသောနတ်ဆိုးသက်ရှိများ၏ရှေ့တွင် သူတို့၏အသက်များသည် မြက်ပင်တစ်ပင်လောက်ပင် အဖိုးမတန်ချေ။
"အားလုံးပဲ....ငါတို့ ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင် ဘာနည်းလမ်းမှရှိမှာမဟုတ်ဘူး"
မြင့်မြတ်အရှင်ဟွမ်ထျန်းက လုယွီနှင့်လုချန်ချင်းတို့ကိုကြည့်ကာ ပြောဆိုသည်။
ယခုလက်ရှိချိန်၌ သူ၏လက်အတွင်းတွင် လျှပ်စီးမိုးကြိုးများကိုကိုင်ထားကာ ထောင်နှင့်ချီသောအဆောင်လက်ဖွဲ့များကို မိုးကြိုးလှိုင်းများအသွင်ပြောင်းလဲ၍ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရစ်သိုင်းလွှမ်းခြုံထားသည်။သူသည် မိုးကောင်းကင်ယံမှဆင်းသက်လာသော မိုးကြိုးနတ်ဘုရားတစ်ပါးနှင့် တူညီနေကာ သူ့ရှေ့ရှိ နတ်ဆိုးသက်ရှိများကို အမှုန်အမွှားဖြစ်အောင် ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
လုချန်ချင်းက ဓားရှည်တစ်လက်ကို ထပ်မံ၍ဆင့်ခေါ်လိုက်သည်။သူ၏တိုက်ခိုက်ရေးစွမ်းအားသည် ပြင်းထန်ကာ သူ၏ဓားချက် ကျရောက်သွားသည့်အချိန်တိုင်း အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ သူ့ရှေ့ရှိ ယင်သရဲတစ္ဆေများ အစိတ်စိတ်အမွှာမွှာပြတ်တောက်သွားသည်။
လုယွီ၏နံဘေးတွင် ဗုဒ္ဒများနှင့်နတ်ဘုရားများ၏ သန့်စင်သောနယ်မြေကို ထုတ်ဖော်အသုံးပြုထားသည်။နတ်ဆိုးသက်ရှိများသည် သူ၏အနီးသို့ ချဥ်းကပ်နိုင်ခြင်းမရှိသဖြင့် အဝေးမှသာ ဟိန်းဟောက်နေကြ၏။
ထိုဗုဒ္ဓများနှင့်နတ်ဘုရားများ ရွတ်ဆိုနေသော လျှို့ဝှက်ဆန်းကြယ်သည့် မှော်မန္တန်များသည် ယင်သရဲတစ္ဆေများပေါ်သို့ ကျရောက်သွားသည်။အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် မရေမတွက်နိုင်သော ယင်သရဲတစ္ဆေများ နေရာမှာပင် သေဆုံးသွားတော့သည်။
ယခုလက်ရှိချိန်တွင် လုယွီ လုချန်းချင်နှင့် မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်းတို့ကသာ ထိုယင်သရဲတစ္ဆေများကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ကြွင်းကျန်သော ကျင့်ကြံသူများကမူ သူတို့သုံးယောက်၏နောက်တွင်ပုန်းအောင်း၍ တောင့်ခံထားရုံသာ တတ်နိုင်ပေ၏။
"ငါတို့တွေက ကြေးနီမြို့တံခါးရဲ့နောက်ကိုဝင်ဖို့ လိုအပ်တယ်....မဟုတ်ရင် သူတို့ကြောင့် ငါတို့အားလုံး သေရမှာ အနှေးနဲ့အမြန်ပဲ...မင်းတို့တွေက ငါ့ကို ကာပေးထားကြအုံး"
ဤကဲ့သို့အရေးကြီးအချိန်အခိုက်အတန့်တွင် လုယွီသည် အနည်းငယ်မှ တွေဝေတုံ့ဆိုင်းခြင်းမရှိချေ။သူသည် စကားအနည်းငယ်ခန့်ပြောဆိုကာ နေရာမှထွက်ခွာသွားတော့သည်။
သူ၏လှုပ်ရှားမှုသည် ကြယ်ပျံတစ်စင်းအလား လျှင်မြန်ပေ၏။ရုတ်ချည်းဆိုသလိုပင် ကြေးနီတံခါးရှေ့သို့ သူ ရောက်ရှိသွားသည်။သူသည် သူ၏လက်ယာဘက်လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်ထားကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ အစစ်အမှန်နဂါးတစ်ကောင်အလား အလွန်အမင်းပြင်းထန်သော စွမ်းအားလှိုင်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။သူ၏ခြေလက်လေးချောင်းမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေပေ၏။
ထို့နောက် သူက လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။
လေဟာနယ်အတွင်းမှနေ၍ ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသော နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။ထို့နောက် လုယွီ၏လက်သီးချက်သည် ကြေးနီတံခါးပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားပေ၏။
ဘုန်း....
ပြင်းထန်သောတုန်ခါလှိုင်းတစ်လှိုင်းက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ကျင့်ကြံသူအများစုသည် ထိုအသံကို တောင့်မခံနိုင်ကြသဖြင့် သူတို့၏နားများကို အလျှင်အမြန်ပိတ်လိုက်ကြသည်။
ကြေးနီတံခါးကြီးသည် ပိတ်လုဆဲဆဲဖြစ်နေသော်လည်း လုယွီ၏လက်သီးချက် ကျရောက်သွားသောအချိန်တွင် တံခါး၏နောက်ရှိ နဂါးအစောင့်များထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။
တံခါးကြီးသည် ပိတ်လုဆဲဆဲဖြစ်နေရာမှ ပွင့်သွားပြီး လမ်းကြောင်းတစ်ခုစာ ဟသွားသည်။
တံခါးနှင့်အနီးကပ်ဆုံးနေရာတွင်ရှိနေသည့် နဂါးအစောင့်များ မြေပြင်ပေါ်သို့ လဲကျသွားသည်။သူတို့အနက်မှတချို့၏ အရိုးများကျိုးသွားကာ နာကျင်မှုကြောင့် ညည်းတွားနေကြ၏။
"တံခါးပွင့်သွားပြီ...သွားကြစို့...."
"တကယ်လို့ ငါတို့ ဒီနေရာမှာဆက်နေရင် သေရလိမ့်မယ်....မြန်မြန်ပြေးကြရအောင်...."
တံခါး၏ရှေ့၌ စောင့်ဆိုင်းနေသော ကျင့်ကြံသူများအားလုံး ထိတ်လန့်တကြားဖြင့် အတွင်းသို့ ပြေးဝင်လိုက်ကြတော့သည်။
ထိပ်သီးမိသားစုများနှင့်မြင့်မြတ်နယ်မြေများမှလူများသည်လည်း ကြောက်အားလန့်အားဖြင့် တံခါးအတွင်းသို့ ပြေးဝင်ကြသည်။
"ဝေါင်း...."
လူသားကျင့်ကြံသူများ လွတ်မြောက်သွားတော့မည်ကိုကြည့်ပြီး နတ်ဆိုးသက်ရှိများ တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်တိုက်ခိုက်လေ၏။
လုချန်းချင်နှင့်မြင့်မြတ်နယ်မြေအရှင်ဟွမ်ထျန်းတို့ပေါ်သို့ ကျရောက်နေသော ဖိအားအရှိန်အဝါ တဖြည်းဖြည်းတိုးလာသည်။အရပ်မျက်နှာအဘက်ဘက်ရှိ ထူထပ်သိပ်သည်းသောယင်ချီများအကြားတွင် မရေမတွက်နိုင်သောလက်များထွက်ပေါ်လာကာ သူတို့အား ဖမ်းဆုပ်ပြီး သတ်ဖြတ်လိုသည့်အလားပင်။
အဝါရောင်ပိတ်စစစ်သည်တော်များသည် သစ္စာရှိစွာဖြင့် သူတို့၏အရှင်ကို ကာကွယ်ပေးနေကြသည်။သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူတို့သည် နတ်ဆိုးသက်ရှိများ၏ဝါးမြိုခြင်းကိုခံရကာ အမှုန်အမွှားများအဖြစ်ပင် ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
Chapter 4173
"မင်းတို့အားလုံး....နောက်ပြန်ဆုတ်ကြတော့..."
လုယွီသည် တခြားလူများကို အမိန့်ပေးပြီးနောက် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကို ဆင့်ခေါ်ကာ ထိုနတ်ဆိုးသက်ရှိများ၏လှုပ်ရှားမှုများကို နှေးကွေးသွားစေသည်။
နတ်ဆိုးသက်ရှိများသည် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏ သက်ရောက်ခြင်းကိုခံရသဖြင့် သူတို့၏လှုပ်ရှားမှုများ နှေးကွေးသွားသည်။သို့ရာတွင် သူတို့အားလုံး၏မျက်လုံးများ နီမြန်းနေကာ လုယွီပေါ်သို့ခုန်အုပ်၍ သတ်ဖြတ်လိုသည့်အလားပင်။
လုယွီသည် ဤမြင်ကွင်းကိုမြင်တွေ့သော်လည်း အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်သွားခြင်းမရှိချေ။
ချန်အန်းမြို့အတွင်း၌ သူ ရှိနေစဥ်တွင် ဤနတ်ဆိုးသက်ရှိများကို ငရဲဥပဒေသနှင့် ထိန်းချုပ်၍မရကြောင်း သူ သိရှိထားပြီးဖြစ်သည်။ထိုအစား သူတို့ကို ထိန်းချုပ်နေသောအရာသည် ငရဲဥပဒေသထက် ပို၍အားကောင်းပေ၏။
သွေးလကြီးဆင်းသက်လာချိန်တွင် ထိုနတ်ဆိုးသက်ရှိများသည် သူ၏ထိန်းချုပ်နိုင်မှုအောက်၌ ရှိမနေတော့ချေ။မြေအောက်လောကနတ်ဘုရားသည် သူတို့အတွက် အဟန့်အတားဖြစ်စေသည့်တိုင် သူတို့၏စိတ်နှလုံးသားများအတွင်းမှ သွေးဆာမှုများကို လျော့ပါးသွားစေခြင်းမရှိချေ။
မြေအောက်လောကနတ်ဘုရားသည် ငရဲနယ်မြေ၏အရှင်သခင်နှင့်တူညီကာ ဤနေရာရှိ နတ်ဆိုးသက်ရှိများသည် သူ၏ထိန်းချုပ်မှုအောက်၌ရှိမနေသော ဖရိုဖရဲအရာများပင်။
ဘန်း....ဘန်း....ဘန်း....
လုယွီက ယင်သရဲတစ္ဆေများအကြားသို့ ခုန်ဝင်လိုက်သည်။သူသည် သိုးအုပ်အတွင်းသို့ဝင်သွားသော ဝံပုလွေတစ်ကောင်အလား ရှေ့သို့ပြေးဝင်သွားလေ၏။
ယင်သရဲတစ္ဆေအမြောက်အများ မြေပြင်ပေါ်သို့ လဲကျသွားသည်။လုယွီ၏ခြေမွှဖျက်ဆီးခြင်းကို ခံရသောကြောင့် မြေပြင်ပေါ်၌ အရိုးဖြူများ ပြန့်ကျဲနေသည်။
လုယွီတစ်ယောက်တည်း၏ခွန်အားဖြင့် ဤယင်သရဲတစ္ဆေများအားလုံးကို အလွန်အမင်းအထိနာစေခဲ့သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အဖြူရောင်အမွှေးများ လွှမ်းခြုံနေသော နတ်ဆိုးသက်ရှိတစ်ကောင်သည် ဒေါသတကြီးဟိန်းဟောက်လိုက်၏။သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို ရုတ်တရက်ခုန်လိုက်ကာ သူ၏သွေးနီရောင်ပါးစပ်ကြီးကို ဖွင့်ဟပြီး လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုလိုသည့်အလားပင်။
ထိုနတ်ဆိုးသက်ရှိ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားပေ၏။သူ ဤကဲ့သို့ခုန်လိုက်သော အချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံကိုပိတ်ဖုံးလုမတက် အလွန်ကြီးမားကာ လူအများ၏အမြင်အာရုံကို ကြီးမားစွာသက်ရောက်စေနိုင်စွမ်းရှိသည်။
"အင်မော်တယ်သုတ်သင်ဓားချီ ချိုးဖျက်စမ်း...."
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။သူ၏ခန္ဓာကိုယ်မှနေ၍ ထောင်သောင်းချီသောဓားချီများ ချက်ချင်းပွင့်အံ့ထွက်လာပေ၏။
ဤဓားချီများသည် မိုးသီးပေါက်များအလား ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ရစ်သိုင်းလွှမ်းခြုံသွားသည်။
အမွှေးဖြူနတ်ဆိုးသက်ရှိ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို မရေမတွက်နိုင်သောဓားချီများက ချက်ချင်းထွင်းဖောက်သွားသည်။ထိုနတ်ဆိုးသက်ရှိထံမှ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်မှနေ၍ ယင်ချီများစိမ့်ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီသည် လေထုအတွင်းသို့ မြင့်မားစွာခုန်တက်ကာ အမွှေးဖြူနတ်ဆိုးသက်ရှိ၏နဖူးပေါ်သို့ ခြေတစ်ဖက်ဆောင့်နင်းလိုက်၏။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
အမွှေးဖြူနတ်ဆိုးသက်ရှိသည် မြင့်မားသောတောင်တစ်လုံးနှင့် ထုနှက်ခံရသည့်အလား သူ၏နဖူးတပြင်လုံး ကျွံ့ဝင်သွားပေ၏။
ထိုနတ်ဆိုးသက်ရှိလဲကျသွားသဖြင့် ရာနှင့်ချီသော ယင်သရဲတစ္ဆေများပေါ်သို့ပိမိပြီး ကြေမွှပျက်စီးကာ သေဆုံးသွားရသည်။ထိုယင်သရဲတစ္ဆေများသည် အချိန်တိုတစ်ခုအတွင်း၌ တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။
အမွှေးဖြူနတ်ဆိုးသက်ရှိကို အနိုင်ယူပြီးနောက် လုယွီသည် ရပ်တန့်ခြင်းမရှိချေ။ထိုအစား သူသည် ယင်သရဲတစ္ဆေများထံသို့ ပြေးဝင်ကာ အဆက်မပြတ်သတ်ဖြတ်လိုက်သည်။
"လုယွီ....မင်းက ငါတို့အားလုံးရဲ့ကယ်တင်ရှင်ပဲ"
ယင်သရဲတစ္ဆေများ၏ဝိုင်းရံခြင်းကို ခံထားရသော မြင့်မြတ်အရှင်ဟွမ်ထျန်းသည် လုယွီကိုမြင်တွေ့ချိန်၌ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လေသည်။
သူတို့သည် နောက်ဆုံး၌ကျန်နေခဲ့သူများဖြစ်ကာ မရေမတွက်နိုင်သော ယင်သရဲတစ္ဆေများ၏ဝိုင်းရံခြင်းကို ခံထားရသည်။သူတို့သည် လမ်းဆုံးသို့ရောက်ရှိနေသဖြင့် တိုက်ခိုက်ရင်း အသေခံရန်ပင် စိတ်ပိုင်းဖြတ်ထားသည်။
သူတို့၏ကျင့်ကြံဆင့်နယ်ပယ်မျိုးသို့အရောက်တွင် သူတို့၏စိတ်ပိုင်းဆိုင်ရာသည် အလွန်ရင့်သန်နေလေပြီ။ဤကဲ့သို့ သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ သူတို့၏တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားဆဲပင်။
တခြားကျင့်ကြံသူများအားလုံး မြို့တံခါးအတွင်းသို့ ဝင်ရောက်သွားသည်ကိုကြည့်ပြီး မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့် လုချန်းချင်တို့သည် သူတို့အား ကယ်တင်မည့်သူမရှိတော့ဟု တွေးထင်ထားလေ၏။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ပွားလာခဲ့သည်။
လုယွီသည် သူတို့အား လာရောက်ကယ်တင်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"အုပ်ချုပ်သူအရှင်လု ငါက ဒီကျေးဇူးကို ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး....နောင်အနာဂတ်ကျရင် ငါက ဒီကျေးဇူးကို အဆတစ်ရာပြန်ပေးဆပ်မယ်"
မြင့်မြတ်အရှင်ဟွမ်ထျန်းက ကျယ်လောင်သောအသံဖြင့် ပြောဆိုသည်။
လုယွီသည် နဂါးဖမ်းလက်ကိုအသုံးပြုပြီး မြင့်မြတ်အရှင်ဟွမ်ထျန်းကိုဖမ်းဆုပ်ကာ သူ၏နံဘေးသို့ ခေါ်ဆောင်လိုက်သည်။ထို့နောက် သူသည် လုချန်းချင်ထံသို့ ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် လုချန်းချင်သည် အလွန်များပြားသော နတ်ဆိုးသက်ရှိများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကိုခံနေရကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။
သူ၏ခေါင်းရှိ ဆံပင်ဖြူများတွင် သွေးများစွန်းထင်းနေသဖြင့် သူ့ကိုကြည့်ရသည်မှာ နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။
သူသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ၏ လွှမ်းမိုးခြင်းကိုခံနေရသဖြင့် ရုန့်ရင်းကြမ်းတမ်းသောအခြေအနေအတွင်းသို့ ကျရောက်နေလေပြီ။သူသည် သတ်ဖြတ်ရန်ကိုသာသိရှိပြီး မောပန်းနွမ်းနယ်ခြင်းကို မသိရှိတော့ချေ။
စစ်မြေပြင်များ၌ အချိန်အတော်ကြာတိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်အိုကြီးများသည် ဤကဲ့သို့အခြေအနေမျိုးသို့ ဝင်ရောက်သွားလေ့ရှိပေ၏။
"ကျင်းယန်အမတ်ကြီး....အခုက ထွက်သွားဖို့အချိန်ကျပြီ"
လုယွီက ရှေ့သို့လျှောက်လှမ်းလာကာ သူ၏လက်ချောင်းများကိုလှုပ်ခတ်ပြီး မှော်မန္တန်တစ်ခုကို လုချန်းချင်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားစေသည်။
Chapter 4174
"တော်လိုက်တဲ့ကောင်လေး....ဒီလူအိုကြီးက မင်းကိုဆပ်ဖို့ အကြွေးတင်သွားပြီ"
လုချန်းချင်၏မျက်လုံးများ ကြည်လင်မှုကိုပြန်လည်၍ရရှိသွားကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဇောချွေးများဖြင့် ရွှဲနစ်သွားသည်။
အကယ်၍ သူသည် ဤအခြေအနေအတိုင်းဆက်သွားပါက အချိန်ကြာမြင့်လာလျှင် ရူးသွပ်မှုအခြေအနေအတွင်းသို့ ကျရောက်သွားပြီး ပင်ပန်းနွမ်းနယ်ခြင်းကြောင့် သူ သေဆုံးသွားပေမည်။
ထိုလူနှစ်ယောက်ကို ကယ်တင်ပြီးနောက် လုယွီသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမှမရှိဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာခဲ့တော့သည်။
အရပ်မျက်နှာအဘက်ဘက်မှနေ၍ နတ်ဆိုးသက်ရှိများ ထပ်မံ၍ရောက်ရှိလာသည်။သူတို့၏ဟိန်းဟောက်သံများသည် အလွန်ကျယ်လောင်ပေ၏။အကယ်၍ တစ်စုံတစ်ယောက်၏စိတ်ဆန္ဒသည် ခိုင်မာခြင်းမရှိပါက သူ၏ခြေထောက်များပျော့ခွေသွားကာ ထိုနတ်ဆိုးသက်ရှိများ၏ရှေ့သို့ သွားဝံ့မည်မဟုတ်ချေ။
သူတို့သုံးယောက်သည် ရှေ့သို့တိုးဝင်သွားပြီးနောက် အရပ်မျက်နှာအဘက်ဘက်တွင်ရှိနေသော နတ်ဆိုးသက်ရှိများ၏တိုက်ခိုက်မှုများ အားပျော့သွားသည်ကို ခံစားမိသည်။သူတို့၏တိုက်ခိုက်မှုများသည် ယခင်ကဲ့သို့ အလွန်အမင်းပြင်းထန်ခြင်း မရှိတော့ချေ။
မြေအောက်နန်းတော်တစ်ခုလုံးကို ယင်ချီများက ရစ်သိုင်းလွှမ်းခြုံထားသည်။ထို့နောက် ပုံရိပ်တစ်ခုသည် လေထုအတွင်းသို့ ရောက်ရှိလာကာ သူတို့သုံးယောက်၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားလိုက်၏။
လေတိုက်ခတ်ခြင်းနှင့်အတူ နဂါးဝတ်ရုံသည် လူးလွန့်နေကာ လီရှု၏ဆံပင်ရှည်များလည်း ယိမ်းနွဲ့နေသည်။နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်လာခဲ့သည့်တိုင် လီရှု၏ခန္ဓာကိုယ်သည် ပုတ်သိုးသွားခြင်းမရှိဘဲ အသက်ရှင်နေသည့်လူတစ်ယောက်အလားပင်။
"သူက လူသေတစ်ယောက်ဆိုတာ အသိသာကြီးလေ....ဒါပေမဲ့ သူက အသက်ရှင်သန်နေတုန်းပဲလို့ ငါ ဘာလို့ခံစားနေရတာလဲ"
လုချန်းချင်က ညည်းတွားလိုက်သည်။
သူသည် စစ်မြေပြင်၌ နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်အိုကြီးတစ်ယောက်ပင်။သူသည် သွေးပင်လယ်ကြီးနှင့်အလောင်းတောင်ကြီးကို နင်းလျှောက်ခဲ့သူဖြစ်သော်လည်း ဤဖုတ်ကောင်ကိုမြင်တွေ့ချိန်တွင် သူ၏ဦးရေပြား တင်းကြပ်လာသည်ကို ခံစားမိလေ၏။
"သူက တကယ့်ကို အသက်ရှင်နေတာလည်း ဖြစ်နိုင်တယ်"
မြင့်မြတ်အရှင်ဟွမ်ထျန်းက အရပ်မျက်နှာအဘက်ဘက်ရှိ နတ်ဆိုးသက်ရှိများကိုကြည့်ကာ ပြောဆိုသည်။
"အဲ့ဒီနတ်ဆိုးသက်ရှိတွေက သတ်ဖြတ်ဖို့ကိုပဲသိတယ်...ဒါပေမဲ့ သူတို့က လီရှုကို ရိုသေလေးစားနေကြပြီးတော့ သူတို့အသက်ရှင်သန်နေချိန်တုန်းက သူတို့ရဲ့အရှင်သခင်ကို ဆက်ဆံတဲ့အတိုင်းပဲ"
"သူက ရည်ရွယ်ချက်ကောင်းနဲ့လာတာ မဖြစ်နိုင်ဘူး....တိုက်ခိုက်ကြတော့"
လုယွီက သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။ထို့နောက် သူ၏လက်မှနေ၍ ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခု ပျံ့လွင့်သွားသည်။
ထိုရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံကိုပိတ်ဖုံးလုမတတ် အလွန်ကြီးမားပေ၏။ဤအရာသည် ထက်ရှသောလေလှိုင်းတစ်ရပ်နှင့် အတူယှဥ်တွဲနေပြီး လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ် ပုံပျက်သွားကာ လေဟာနယ်အက်ကွဲကြောင်းများကို ထွက်ပေါ်လာစေသည်။
လီရှု၏မျက်နှာပေါ်တွင် မှုန်တေတေအမူအယာတစ်ရပ် ထင်ဟပ်နေသည်။
ထို့နောက် သူ၏ခေါင်းကို အနည်းငယ်မော့လိုက်၏။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရွှေရောင်နဂါးတစ်ကောင် လှည့်ပတ်ပျံသန်းနေသည်။သူ့ကိုကြည့်ရသည်မှာ သက်ဝင်လှုပ်ရှားမှုကင်းမဲ့သော်လည်း သူ ပြုလုပ်သည့်လှုပ်ရှားမှုတိုင်း သာလွန်ထူးကဲကာ မြင့်မြတ်ပြီးတည်ကြည်လေးနက်သောအရှိန်အဝါတစ်ရပ် ရောယှက်နေသည်။
လီရှုက လက်ဝါးတစ်ချက်ရိုက်ထုတ်ကာ လုယွီ၏ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးကို ရင်ဆိုင်လိုက်သည်။
ဘုန်း...
သူသည် ဤတိုက်ခိုက်မှုကို မည်သည့်ထိခိုက်ဒဏ်ရာမျှ မရရှိဘဲ ခံယူနိုင်ပေ၏။
လုယွီ၏ယခုလက်ရှိကျင့်ကြံဆင့်စွမ်းအားဖြင့် တစ်ဖက်လူသည် နယ်မြေသခင်တတိယအဆင့် ကျင့်ကြံသူဖြစ်နေလျှင်ပင် သတိကြီးစွာထားရန်လိုအပ်သည်။အကယ်၍ ထိုလူသည် လုယွီအား ပေါ့ပေါ့တန်တန်ရင်ဆိုင်ပါက သေဆုံးသွားပေလိမ့်မည်။
လီရှု၏သာမာန်ကာလျှံကာ ကိုယ်နေဟန်ထားကို ကြည့်ခြင်းအားဖြင့် သူသည် လုယွီ၏တိုက်ခိုက်မှုများကို လွယ်လင့်တကူချေဖျက်နိုင်သည့်အပြင် သူ့ထံ၌ ခွန်အားတချို့ပင် ကျန်ရှိနေပုံရသည်။
"မိုးကြိုး....ထွက်လာခဲ့စမ်း..."
မြင့်မြတ်အရှင်ဟွမ်ထျန်း၏မျက်လုံးအတွင်း၌ လျှပ်စီးမိုးကြိုးအလင်းတန်းများ ထင်ဟပ်လာကာ သူ၏လက်ချောင်းများဖြင့် လက်စည်းသင်္ကေတတစ်ခုကို ဖွဲ့စည်းလိုက်၏။ထို့နောက် လေထုအတွင်းသို့ အဆောင်လက်ဖွဲ့တစ်ခု မျောလွင့်လာကာ ထိုအရာလောင်ကျွမ်းသွားချိန်တွင် တောက်ပသောလျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာပြီး သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
တစ်ချိန်တည်းမှာပင် လုချန်းချင်ကလည်း ရှေ့သို့ ခြေတစ်လှမ်းတိုးလေသည်။သူ၏ခန္ဓာကိုယ်မှနေ၍ အနီရောင်မှော်စွမ်းအားလှိုင်းများ ပွင့်အံ့ထွက်လာကာ မီးတောက်သူတော်စင်ပုံရိပ်ယောင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်၏ မီးတောက်သူတော်စင် လုပိုယန်ပင်။
လုပိုယန်သည် လုမိသားစု၏ဘိုးဘေးဖြစ်ပေ၏။
လုမိသားစုသည် စစ်သူတော်စင်တစ်ပါးကို ပိုင်ဆိုင်ခဲ့ဖူးသော မိသားစုတစ်စုဖြစ်သည်။လုမိသားစုအတွင်း၌ ကျင့်ကြံဆင့်နယ်ပယ် နက်ရှိုင်းပြီး သွေးမျိုးဆက်ကိုနိုးထစေသူများသာလျှင် စစ်သူတော်စင်ကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။
လုချန်းချင်သည် ဤနည်းစနစ်ကို သူ၏နောက်ဆုံးဝှက်ဖဲအဖြစ် ထားရှိခဲ့သည်။ယခုချိန်၌ ထန်ဧကရာဇ်လီရှုနှင့် ရင်ဆိုင်ရချိန်တွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူ၏အစွမ်းထက်ဆုံးနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်ရသည်။
သို့ရာတွင် လီရှုသည် အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်းမရှိချေ။
သူ၏လက်ကို ဆန့်တန်းလိုက်ရုံဖြင့် အရပ်မျက်နှာအရပ်ရပ်မှယင်ချီများ စုဝေးလာကာ သူ၏နောက်၌ ကြီးမားသောယင်ချီနဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
ထိုနဂါးကြီးသည် ဟိန်းဟောက်ကာ မြင့်မြတ်အရှင်ဟွမ်ထျန်း၏မိုးကြိုးလှိုင်းများကို ထွင်းဖောက်ပြီး စစ်သူတော်စင်၏ပုံရိပ်ယောင်ပေါ်သို့ ကျရောက်သွားပေ၏။
ထိုလျှပ်စီးမိုးကြိုးများတွင် ယန်စွမ်းအားများ အလွန်အမင်းများပြားသည့်တိုင် ယင်ချီနဂါးကြီးအား အနည်းငယ်မျှသက်ရောက်စေခြင်းမရှိချေ။
"စစ်သူတော်စင်ရဲ့စွမ်းအား....စစ်စခန်းကို လောင်ကျွမ်းစေသော မီးတောက်..."
လုချန်းချင်၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းတန်းများဖြင့် တောက်ပနေကာ သူသည် စစ်သူတော်စင်၏ပုံရိပ်ယောင်တစ်ခုအလားပင်။ထိုပုံရိပ်ယောင်ကြီးမှ ထိန်းချုပ်ထားသော မီးတောက်များသည် ယင်ချီနဂါးကြီးထံသို့ တိုးဝင်သွားပေ၏။
Chapter 4175
တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များအောက်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး အပူရှိန်မြင့်တက်လာသည်။
ဤတိုက်ပွဲကိုရင်ဆိုင်ရန်အတွက် ရှေးဟောင်းသမိုင်းမြစ်ကြီးအတွင်းမှ စစ်သူတော်စင်တစ်ပါး၏ပုံရိပ်ယောင်ကို ဆင့်ခေါ်ခဲ့ခြင်းဖြစ်ရာ အလွန်အမင်းအစွမ်းထက်သည်။
လုမိသားစု၏ဘိုးဘေးသည် အလယ်ခေတ်အတွင်း၌ နာမည်ကျော်ကြားသူတစ်ယောက်ပင်။သူသည် တိုက်ပွဲတစ်ခုအတွင်း၌ ဧကရာဇ်တစ်ပါးကိုပင် ဒဏ်ရာရရှိစေခဲ့ကာ လောကကြီးတခွင်လုံးကို အံ့အားသင့်တုန်လှုပ်စေခဲ့သည်။
ဘိုးဘေးလုသည် တစ်ချိန်က စစ်စခန်းကိုလောင်ကျွမ်းစေသော မီးတောက်စွမ်းအားကိုအသုံးပြုကာ ရာနှင့်ချီသော ရန်သူစစ်သားများကို သတ်ဖြတ်နိုင်ခဲ့သည်။သူသည် ခေတ်အဆက်ဆက်နာမည်ကျော်ကြားခဲ့သော စစ်သူတော်စင်တစ်ယောက်ပင်။
ဤသည်မှာ လုမိသားစု၏အခြေခံအုတ်ဖြစ်လည်းဖြစ်သည်။
လုချန်းချင်သည် ယခင်ကတည်းက နယ်မြေသခင်တစ်ယောက်ဖြစ်ကာ ယခုချိန်တွင် စစ်သူတော်စင်၏ပုံရိပ်ယောင်ကို ဆင့်ခေါ်ထားသဖြင့် သူ၏စွမ်းအားများ အလွန်အမင်းမြင့်မားနေပေ၏။
ဤပုံရိပ်ယောင်သည် နူးညံသိမ်မွေ့သော ပုံပန်းသွင်ပြင်ရှိကာ ကျောင်းတော်သားတစ်ယောက်နှင့်တူညီသည်။သို့ရာတွင် ထိုအရာထံမှ ကြီးမားကျယ်ပြန့်ပြီး ပြင်းထန်သောစွမ်းအားက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လီရှုသည် မီးတောက်များ၏ရိုက်ခတ်ခြင်းကို ခံရပြီးနောက် သူ၏ဖြူရော်နေသောခန္ဓာကိုယ်ပေါ်၌ သွေးစို့နေသောဒဏ်ရာတစ်ခု ထွက်ပေါ်လာသည်။သူ၏နဂါးဝတ်ရုံပေါ်ရှိ ရွှေရောင်နဂါးအမှတ်အသားသည် အနည်းငယ်မှုန်ဝါးသွားကာ အချိန်မရွေး ကြေမွှပျက်စီးသွားတော့မည့်အလားပင်။
"စစ်သူတော်စင်ရဲ့စွမ်းအားက လီရှုရဲ့နဂါးဝတ်ရုံကိုတောင် ဖိနှိပ်ထားနိုင်တာပါလား"
မြင့်မြတ်အရှင်ဟွမ်ထျန်းက အံ့အားတသင့် အော်ဟစ်လိုက်သည်။
လီရှုထံတွင် ရစ်သိုင်းလွှမ်းခြုံနေသော ကံကြမ္မာစွမ်းအားများသည် အလွန်မြင့်မားပေ၏။
သို့ရာတွင် ဤကဲ့သို့အစွမ်းထက်သော ကံကြမ္မာစွမ်းအားများပင်လျှင် ဒဏ္ဍာရီလာစစ်သူတော်စင်၏စွမ်းအားကို တောင့်ခံနိုင်သည်ဆိုရုံမျှသာရှိသည်။
ကိုးဂဏန်းသည် ကောင်းကင်ဘုံဖြစ်ပြီး ငါးဂဏန်းသည် လူသားများပင်။
ဧကရာဇ်တစ်ပါးသည် သူ့ကိုယ်သူ ကိုးဂဏန်းနှင့်ငါးဂဏန်း၏ အုပ်ချုပ်သူအရှင်ဟု သတ်မှတ်သည်။ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏အုပ်ချုပ်သူအရှင်ဖြစ်ကာ ကောင်းကင်ဘုံ၏ကံကြမ္မာစွမ်းအားကို ရရှိထားသူဖြစ်ပေ၏။
သို့ရာတွင် စစ်သူတော်စင်၏ကံကြမ္မာကို ကိုးဂဏန်းနှင့်ငါးဂဏန်းမှ တားမြစ်ကန့်သတ်ထားနိုင်ခြင်းမရှိချေ။စစ်သူတော်စင်တစ်ယောက် ပေါက်ဖွားလာသော မည်သည့်ခေတ်ကာလတွင်မဆို မိုးနှင့်မြေကိုဖြတ်ကျော်နိုင်သောစွမ်းအားရှိသည်။သူသည် ဧကရာဇ်တစ်ပါးကိုသတ်ဖြတ်ကာ အင်ပါယာ၏ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိပေ၏။
စစ်သူတော်စင်၏ပုံရိပ်ယောင်ထံတွင် နဂါးဝတ်ရုံ၏စွမ်းအားကို တားမြစ်ကန့်သတ်နိုင်သော စွမ်းရည်မျိုးပိုင်ဆိုင်ထားသည်။
ထိုအချိန်မှာပင် လုချန်ချင်းက ရှေ့သို့တဟုန်ထိုး ပြေးထွက်သွားသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာသည် မီးတောက်များကြောင့် လောင်ကျွမ်းသွားခဲ့သဖြင့် သူ၏တုတ်ခိုင်သန်မာသောကြွက်သားများ ပေါ်လွင်နေသည်။သူကိုကြည့်ရသည်မှာ လူအိုကြီးတစ်ယောက်နှင့် အနည်းငယ်မျှ မတူညီချေ။
လုချန်းချင်၏ခန္ဓာကိုယ်တစ်ခုလုံး အလင်းတန်းတစ်တန်းအသွင်သို့ ပြောင်းလဲသွားကာ ရှေ့သို့ဦးတည်၍ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် မြင့်မြတ်သောအလင်းရောင်များ တဖျတ်ဖျတ်တောက်ပနေကာ သူ၏ခွန်အားသည် အကန့်အသတ်မရှိချေ။အကယ်၍ သူသည် ထိုခွန်အားများကို အကုန်အစင်အသုံးမပြုနိုင်လျှင်ပင် သူ ပိုင်ဆိုင်ထားပေ၏။
လီရှု၏အရှိန်အဝါသည် ထူထပ်သိပ်သည်းပြီး ရက်စက်ကြမ်းကြုတ်သည်။သူ့ကိုကြည့်ရသည်မှာ နက်နဲသိမ်မွေ့ပုံရသော်လည်း လုချန်းချင်၏ဖိနှိပ်ခြင်းကို ခံထားရသည်။သူသည် နောက်သို့ဆုတ်ခွာနေရကာ ထောင့်တစ်နေရာသို့ပင် ရောက်ရှိနေလေပြီ။
"မြန်မြန်အဆုံးသတ်တော့...ကြေးနီတံခါးက ကြာကြာခံနိုင်ရည်ရှိမှာ မဟုတ်ဘူး"
လုယွီသည် လုချန်းချင်ကိုကူညီပေးရန်အတွက် ရှေ့သို့တိုးလိုက်၏။
သူတို့သည် လီရှုနှင့်တိုက်ခိုက်နေစဥ်၌ တခြားနတ်ဆိုးသက်ရှိများသည် ကြေးနီတံခါးထံသို့ တရကြမ်းပြေးဝင်နေကြသည်။
ဤအချိန်အခိုက်အတန့်တွင် ကြေးနီတံခါးဘေး၌ မတ်တတ်ရပ်နေသော ကျင့်ကြံသူများသည် ရုန်းကန်၍ နတ်ဆိုးသက်ရှိများ၏တိုက်ခိုက်မှုကို ခုခံနေရသည်။
သို့ရာတွင် ဤသည်မှာ ယာယီအစီအစဥ်တစ်ခုသာဖြစ်ပေ၏။
နတ်ဆိုးသက်ရှိများ၏အရေအတွက်သည် အလွန်များပြားပြီး ကျင့်ကြံသူများ၏မှော်စွမ်းအားများမှာ အကန့်အသတ်ရှိသည်။ဤနေရာ၌ နတ်ဆိုးသက်ရှိများကို အချိန်ကြာမြင့်စွာ ခုခံတိုက်ခိုက်ရပါက သူတို့အတွက် ကောင်းမွန်သောကိစ္စတစ်ရပ် မဟုတ်နိုင်ချေ။
လုယွီ၏နောက်တွင် မြင့်မြတ်အရှင်ဟွမ်ထျန်းရှိနေကာ သူ၏လက်အတွင်း၌ လျှပ်စီးမိုးကြိုးများကို ကိုင်ထားသည်။သူသည် ထောင်နှင့်ချီသော လျှပ်စီးမိုးကြိုးလှိုင်းများကို ထိန်းချုပ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအပြည့်ဖြင့် လီရှုထံသို့ တရကြမ်းတိုးဝင်သွားသည်။
သူတို့သုံးယောက်၏တိုက်ခိုက်မှုများသည် အလွန်အမင်းပြင်းထန်ပေ၏။ရုတ်ချည်းဆိုသလိုပင် သူတို့သုံးယောက်၏ချီစွမ်းအားများသည် လီရှုကို ခြေမွှဖျက်ဆီးတော့မည့်အလားပင်။
ထိုအချိန်မှာပင် လီရှု၏နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီတို့သုံးယောက်သည် ရွှံနွံအိုင်ကြီးတစ်အိုင်အတွင်းသို့ နစ်ဝင်သွားသည့်အလားပင်။သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ချိတ်ပိတ်ခြင်းခံရကာ သူတို့ကို အခိုင်အမာလှောင်ပိတ်ထားလေ၏။
"ငါတို့ လှောင်ပိတ်ခံရပြီ....လေဟာနယ်ဥပဒေသကို အသုံးပြုတဲ့ သူ့ရဲ့စွမ်းအားက ငါတို့ထက် ပိုပြီးအားကောင်းနေတယ်"
မြင့်မြတ်အရှင်ဟွမ်ထျန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်၍ ပြောဆိုသည်။
"ဘယ်လိုပဲဖြစ်ဖြစ် လီရှုက ထန်ဧကရာဇ်တစ်ပါးပဲ....သူက ထန်အင်ပါယာရဲ့သမိုင်းကြောင်းတွေထဲမှာ မထင်ရှားတဲ့ ဧကရာဇ်တစ်ပါးဖြစ်ပေမယ့် သူ့ရဲ့ခွန်အားက ကောင်းကင်ဘုံနယ်မြေမှာရှိတဲ့ ထိပ်သီးအစွမ်းထက် တည်ရှိမှုကြီးတွေထက် မနိမ့်ကျဘူး"
လုချန်းချင်၏ခန္ဓာကိုယ်ပေါ်၌ တောက်ပသောမီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ဤသည်မှာ စစ်သူတော်စင်၏ပုံရိပ်ယောင်ပင်။သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်နေသော ထိုစွမ်းအားသည် သူ့အား စစ်သူတော်စင်၏စွမ်းအား တစ်စိတ်တစ်ပိုင်းကို အချိန်အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်စေသည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လုချန်းချင်၏နောက်ကျော၌ ဇောချွေးများဖြင့် ရွှဲနစ်နေသည်။သူသည် လှောင်ပိတ်ခံထားရသဖြင့် လှုပ်ရှားနိုင်ရန်ပင် အလွန်ခက်ခဲနေသည်။