အခန်း (၄၁၉၁-၄၁၉၅)
Vol. 213 Ch. 4191-4195
Chapter 4191
မြင့်မြတ်အရှင်ဟွမ်ထျန်း၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လျှပ်စီးမိုးကြိုးအလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။
ထိုလျှပ်စီးမိုးကြိုးအလင်းတန်းများသည် တုန်ခါနေကာ တစ်စုံတစ်ခု ကိန်းအောင်းနေသည့်အလားပင်။မြင့်မြတ်အရှင်ဟွမ်ထျန်းသည် ယခုလက်ရှိအချိန်၌ ဒေါသထွက်နေသည်မှာ သိသာထင်ရှားလှ၏။
လုချန်းချင်လည်း ရောက်ရှိလာကာ သူ၏မျက်နှာအမူအယာသည်လည်း ကောင်းမွန်ခြင်းမရှိချေ။
မြင့်မြတ်နတ်မြေများနှင့်ထိပ်သီးမိသားစုများတွင် သူတို့၏ကိုယ်ပိုင်ရတနာရှာဖွေခြင်းနည်းစနစ်များ ရှိသည်။အင်အားစုကြီးများမှ လူငယ်များသည် ငယ်ရွယ်စဉ်အချိန်က ပြင်ပသို့ထွက်ကာ လေကျင့်ရချိန်၌ ရတနာရှာဖွေသည့်နည်းစနစ်များကို ကျွမ်းကျင်ခဲ့လေ၏။
သို့ရာတွင် သူတို့သည် ယခုအချိန်၌ နေရာအားလုံးနီးပါးကို ရှာဖွေပြီးဖြစ်သည်။သူတို့သည် မြေအောက်သုံးပေခန့်ကိုပင် တူးထုတ်ခဲ့သော်လည်း ကြေမွှပျက်စီးနေသောအရာတချို့ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအခြင်းအရာကိုကြည့်ပါက ဤနေရာကို ယခင်က လူများရောက်ရှိသွားပြီးဖြစ်ပေမည်။ရတနာအများစုကိုလည်း ထိုလူများမှယူဆောင်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။
အမှန်အားဖြင့် ထိုလူများသည် မည်သည့်သဲလွန်စမျှမချန်ခဲ့လိုသည့်အလား နေရာအနံ့အပြားရှိ အရာအားလုံးကို ဖျက်ဆီးခဲ့သည်။
"ဒါကိုလုပ်သွားခဲ့တဲ့လူက ချီဘုရင်ပဲဖြစ်မယ်...ဒီခြေရာတွေက စစ်ဖိနပ်ရာတွေပဲ...ဒါက နဂါးအစောင့်တွေရဲ့ ထူးခြားတဲ့စစ်ဖိနပ်ရာတွေပဲ...အဲ့ဒီခွေးမသားက ခုဏက ငါတို့ကို သေစေချင်တဲ့အကြောင်းက ဒီနေရာမှာရှိတဲ့ပစ္စည်းတွေကို သူတစ်ယောက်တည်း လိုချင်တာကြောင့်ပဲဖြစ်မယ်"
လုချန်းချင်က ခက်ထန်တင်းမာစွာပြောဆိုသည်။
သူသည် တော်ဝင်နန်းတွင်း၏အမတ်ကြီးတစ်ယောက်ပင်။
အကယ်၍ ယခင်ကဆိုလျှင် သူသည် ချီဘုရင်ကို မျက်နှာသာပေး၍ ဆက်ဆံခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူသည် လောကီလောက၏ စည်းမျဉ်းများနှင့်ပတ်သက်ပြီး အနည်းငယ်မျှဂရုမစိုက်တော့ချေ။
ချီဘုရင်သည် သူတို့အားလုံးကို သတ်ဖြတ်လိုခဲ့သည့်အပြင် ယခုအချိန်၌ သူတို့အားလုံး ရသင့်သည့်ရတနာများကို လုယက်ခဲ့သည်။ဤသည်မှာ နက်ရှိုင်းသော သွေးကြွေးရန်ငြိုးတစ်ခုပင်။
"မင်းတို့ တစ်ခုခုကို ရှာတွေ့ကြသေးလား"
လုယွီက မေးမြန်းသည်။
တခြားလူများအားလုံး သက်ပြင်းရှိုက်လိုက်ကြ၏။
အဖိုးတန်သောရတနာများသည် ချီဘုရင်တို့လူစု၏ယူဆောင်သွားခြင်းကို ခံလိုက်ရလေပြီ။
သူတို့သည် ချီဘုရင်တို့လူစု လွယ်လင့်တကူရှာဖွေနိုင်ခဲ့ခြင်းမရှိသော ချောင်ကျသည့်နေရာများမှပစ္စည်းတချို့ကိုသာ ရှာဖွေတွေ့ရှိခဲ့သည်။
ယေဘုယျအားဖြင့် သူတို့အားလုံးသည် ပစ္စည်းကောင်းတချို့ကို ရရှိခဲ့ကြသော်လည်း သူတို့၏ရိတ်သိမ်းနိုင်မှုသည် မျှော်လင့်ထားသကဲ့သို့ မြင့်မားခြင်းမရှိချေ။
"အုပ်ချုပ်သူအရှင်လု...မင်းက အဲ့ဒီခွေးနက်ကြီးနောက်ကို လိုက်သွားတာမဟုတ်လား...တစ်ခုခုကို ရှာတွေ့သေးလား"
ဝေ့မင်ထျန်းက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။
လုယွီသည် ကွယ်ဝှက်ထားခြင်းမရှိဘဲ တော်ဝင်သမားတော်ဆောင်အကြောင်းကို ဝေ့မင်ထျန်းအား ပြောပြလိုက်သည်။
"လိပ်နက်နတ်ဘုရားဆေးလုံးလား"
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သူတို့၏မျက်လုံးများ တောက်ပသွားသည်။
ဤကဲ့သို့နတ်ဘုရားဆေးလုံးတစ်လုံးသည် လူတစ်ယောက်၏ခွန်အားကို အကြီးအကျယ်မြင့်တက်စေရုံသာမက တစ်စုံတစ်ယောက်၏ဘဝသက်တမ်းနှင့်ဒဏ်ရာကုသနိုင်မှုစွမ်းရည်ကို တိုးမြှင့်ပေးနိုင်စွမ်းရှိသည်။
အင်အားစုကြီးအများစုတွင် ကျင့်ကြံဆင့်နယ်ပယ်နက်ရှိုင်းသော မွန်းစတားအိုကြီးများရှိသည်။ထိုမွန်းစတားအိုကြီးများသည် တခြားအင်အားစုများကို ဖိနှိပ်နိုင်ရန်အတွက် အခြေခံအုတ်မြစ်ပင်။ကံအကြောင်းမလှစွာဖြင့် ထိုမွန်းစတားအိုကြီးများ၏ဘဝသက်တမ်းသည် ကုန်ဆုံးလုဆဲဆဲအချိန်သို့ ရောက်ရှိနေလေပြီ။ အကယ်၍ ထိုမွန်းစတားအိုကြီးများ သေဆုံးသွားပါက ထိုအင်အားစုမှနေ၍
နောက်ထပ်အစွမ်းထက်တည်ရှိမှုကြီးတယောက်ကို မွေးထုတ်မပေးနိုင်လျှင် သူတို့အားစောင့်ဆိုင်းနေသည်မှာ သေဆုံးခြင်းသာဖြစ်ပေမည်။
ဤကဲ့သို့နတ်ဘုရားဆေးလုံးတစ်လုံးသည် တစ်စုံတစ်ယောက်၏ဘဝသက်တမ်းကို ဆွဲဆန့်ပေးနိုင်သော အဓိကသော့ချက်ပင်။
အကယ်၍ ပြင်ပလောကတွင်ရှိသော မွန်းစတားအိုကြီးများသည် ဤနေရာတွင် နတ်ဘုရားဆေးလုံးတစ်လုံးရှိနေသည်ကို သိရှိသွားပါက သူတို့အားလုံး ရူးသွပ်သွားပေမည်။
"နှမြောစရာပဲ...နှမြောဖို့ကောင်းလိုက်တာ...ခွေးတစ်ကောင်က အဲ့ဒီနေရာကို အရင်ဆုံးရောက်သွားတယ်"
"ရှုး အသံတိုးတိုးပြောစမ်း...အဲ့ဒါက အုပ်ချုပ်သူအရှင်လုရဲ့ခွေးပဲ"
တချို့လူများသည် အချင်းချင်းတီးတိုးပြောဆိုလိုက်ကြ၏။လိပ်နက်နတ်ဘုရားဆေးလုံးကို ခွေးနက်ကြီးမှဝါးမြိုသွားသည်ကို သိရှိပြီးနောက် လူအများသည် စိတ်ပျက်ညှိုးငယ်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ သူတို့၏ကြေကွဲဝမ်းနည်းမှုကို ဖော်ပြနေကြသည်။
သို့ရာတွင် ဆေးမီးဖို၏တည်ရှိမှုကိုမူ လုယွီသည် ဖွင့်ဟပြောဆိုခဲ့ခြင်းမရှိချေ။
"ငါတို့တွေ ပိုပြီးအတွင်းဘက်ကျတဲ့နေရာကို သွားကြမလား"
လုချန်းချင်က အကြံပြုသည်။
တခြားလူများအားလုံး ခေါင်းညိတ်ပြကာ ထွက်ခွာသွားရန်အတွက် ဟန်ပြင်လိုက်ကြသည်။
ဘုန်း....ဘုန်း...
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် နန်းတော်၏တစ်နေရာမှနေ၍ တုန်ခါသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် လမ်းကြောင်းတစ်ခု၏အဆုံးသတ်မှနေ၍ လေလွင့်ကျင့်ကြံသူနှစ်ယောက် လွင့်ထွက်လာကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်လဲကျသွားပြီး မချိမဆန့်ဝေဒနာကို ခံစားရခြင်းကြောင့် အော်ဟစ်လိုက်သည်။
"ဒါက ဘယ်လိုငရဲမျိုးလဲ...ဘာလို့ ဒါကိုဖွင့်ရတာ ဒီလောက်ထိခက်ခဲတာလဲ"
ထိုကျင့်ကြံသူနှစ်ယောက်သည် မတ်တတ်ထရပ်ကာ သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအမူအယာများ ရှိနေသည်။
"ဘာတွေဖြစ်နေတာလဲ"
လုချန်းချင်က ရှေ့သို့တိုးကာ မေးမြန်းလိုက်၏။
ထိုကျင့်ကြံသူနှစ်ယောက်က အလျှင်အမြန်ပြောဆိုသည်။
"ပဉ္စမအရှင်လု...ငါတို့က နန်းဆောင်တခုကို ရှာတွေ့ခဲ့တယ်...အဲ့ဒီနေရာကို အတားအဆီးတစ်ခုနဲ့ ကာကွယ်ထားပုံရတယ်...ကံဆိုးချင်တော့ ငါတို့က အဲ့ဒီအတားအဆီးကိုဖွင့်ဖို့အတွက် ခွန်အားမလုံလောက်ဘူး"
ထိုစကားကိုကြားချိန်၌ လူများအားလုံး စိတ်ဓာတ်တက်ကြွသွားသည်။
ထိုအတားအဆီးသည် ပွင့်မနေသောကြောင့် ထိုနန်းဆောင်အတွင်းသို့ တခြားမည်သူမျှ ဝင်ရောက်ရသေးခြင်းမရှိဟု ဆိုလိုခြင်းပင်။
ထိုနန်းဆောင်အတွင်းရှိရတနာများကို ယခုအချိန်ထိ မည်သူမျှမထိတွေ့ရသေးခြင်း ဖြစ်နိုင်သည်။
Chapter 4192
ခန်းမအတွင်းတွင်ရှိနေသော လူများအားလုံးသည် ထိုလေလွင့်ကျင့်ကြံသူနှစ်ယောက်နောက်သို့ လိုက်သွားကြသည်။
ဤနန်းဆောင်သည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် နီးကပ်ခြင်းမရှိချေ။ထိုအရာတွင် ထူထပ်သိပ်သည်းသောဖုန်မှုန့်များ အစိမ်းရောင်နွယ်ပင်များဖြင့် လွှမ်းခြုံနေသည်။
"အတားအဆီးလား...ဘာလို့ ငါ ဒါကိုကြည့်ရတာ ဘာလို့ အတားအဆီးတစ်ခုနဲ့ မတူတာလဲ"
ကျင့်ကြံသူတစ်ယောက်သည် ထိုလူနှစ်ယောက်၏စကားကို ယုံကြည်ခြင်းမရှိသဖြင့် အတွင်းသို့လျှောက်လှမ်းဝင်လိုက်သည်။
သို့ရာတွင် သူ အတွင်းသို့ဝင်ရောက်ကာ တံခါးပေါက်တွင် မတ်တတ်ရပ်လိုက်သည်နှင့် နန်းဆောင်ရှေ့တွင် တောက်ပသောအစိမ်းရောင်အလင်းလွှာတစ်လွှာ ရုတ်တရက်ထွက်ပေါ်လာသည်။
ထိုအစိမ်းရောင်အလင်းလွှာသည် တောက်ပနေကာ ထောင်နှင့်ချီသော နက်နဲသိမ်မွေ့သည့် ဝင်္ကပါသင်္ကေတအက္ခရာများ ထင်ဟပ်နေသည်။ဤသည်မှာ နန်းဆောင်တခုကို အခိုင်အမာကာကွယ်ထားသော အတားအဆီးအလွှာတစ်ခုအလားပင်။
အစောပိုင်းက ရှေ့သို့လျှောက်လှမ်းသွားသော ကျင့်ကြံသူသည် ထိုအတားအဆီးအလွှာ၏ဟန့်တားခြင်းကို ခံလိုက်ရ၏။ဘုန်းခနဲမြည်သံနှင့်အတူ သူ့၏ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့လွင့်ထွက်လာသည်။
ထိုအတားအဆီးသည် ကျူးကျော်ဝင်ရောက်လာသူ လွင့်ထွက်သွားသည်ကို အာရုံခံမိပုံပင်။နန်းဆောင်၏မျက်နှာပြင်ပေါ်ရှိ ဝင်္ကပါအမှတ်အသားများ အနည်းငယ်လှုပ်ရှားသွားပြီးနောက် အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
လူများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။ယခုကြည့်ကြည့်တော့မှ ဤနန်းဆောင်ကိုကာကွယ်ဟန့်တားထားသော အတားအဆီးအလွှာတစ်ခု အမှန်တကယ်ရှိနေပေ၏။
"ငါ ကြိုးစားကြည့်မယ်"
လုချန်းချင်က ခြေလှမ်းကြဲကြီးများဖြင့် ရှေ့သို့တိုးသွားလိုက်သည်။
သူသည် ခြေတစ်လှမ်းရှေ့တက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ မီးတောက်လှိုင်းများထွက်ပေါ်လာသည်။ထိုမီးတောက်များသည် လေထုအတွင်း၌ ရစ်သိုင်းလွှမ်းခြုံသွားကာ အလွန်အမင်းပြင်းထန်သော အပူလှိုင်းကြောင့် ပတ်ဝန်းကျင်ရှိလေဟာနယ် ပုံပျက်သွားသည်။
ဤသည်မှာ နယ်မြေသခင်တစ်ယောက်၏နည်းစနစ်ပင်။တခြားလူများအားလုံးသည် ထိုနည်းစနစ်၏သက်ရောက်မှုကိုခံရမည်အား စိုးရိမ်ထိတ်လန့်သဖြင့် နောက်သို့ဆုတ်လိုက်ကြ၏။
လုချန်းချင်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် မီးတောက်များရစ်သိုင်းလွှမ်းခြုံနေကာ သေမျိုးလောကသို့ဆင်းသက်လာသော မီးနတ်ဘုရားတစ်ပါးအလားပင်။ထို့နောက် သူသည် မိုးကြိုးပစ်ခတ်လိုက်သကဲ့သို့ အရှိန်အဟုန်ဖြင့် အတားအဆီးအလွှာကို ထိုးနှက်လိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံးသည် ပြင်းထန်သောပေါက်ကွဲသံတစ်သံကို ကြားမိလေ၏။ဤလက်သီးချက်၏စွမ်းအားသည် အလွန်ကြီးမားကာ မီးတောက်များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လေပြင်းများတိုက်ခတ်လာသည်။
ဘုန်း....
လေထုအတွင်း၌ ကျယ်လောင်သောအသံတစ်သံ မြည်ဟီးသွားသည်။
လုချန်းချင်၏လက်သီးချက်သည် မမြင်နိုင်သော အတားအဆီးအလွှာ၏ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရလေ၏။မီးတောက်များသည်လေဟာနယ်အတွင်း၌ ဖြည်းညှင်းစွာလောင်ကျွမ်းနေသော်လည်း နန်းဆောင်အတွင်းသို့ အနည်းငယ်မျှဝင်ရောက်နိုင်ခြင်းမရှိချေ။
"ဘယ်လောက်တောင် အားကောင်းတဲ့ အတားအဆီးလဲ...ဒါက ကြေးနီတံခါးနဲ့တောင် တန်းတူအဆင့်မှာရှိနေတယ်"
လုချန်းချင်သည် မျက်မှောင်ကြုတ်လိုက်သော်လည်း ထပ်မံ၍ကြိုးစားခြင်း မပြုတော့ချေ။
ဤသည်မှာ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည်ဟုသာ ယခင်က သူတို့အားလုံး သိရှိထားသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ဤနေရာသည်တစ်ချိန်က ရှေးဟောင်းလူသားဧကရာဇ်တစ်ပါး နေထိုင်ခဲ့သောနေရာဖြစ်နိုင်ကြောင်း လူများအားလုံး သိရှိပြီးဖြစ်သည်။
ရှေးဟောင်းလူသားဧကရာဇ်ဆိုသည်မှာ မည်ကဲ့သို့တည်ရှိမှုကြီး ဖြစ်သနည်း။သူ့ထံ၌ ကြီးမားသောအောင်မြင်မှုများနှင့် ပြိုင်ဘက်ကင်းကျင့်ကြံနည်းစနစ်များ ရှိနေသည်။ အကယ်၍ သူသည် နည်းစနစ်တချို့ကိုချန်ထားခဲ့ပါက နယ်မြေသခင်တစ်ယောက် ရင်ဆိုင်ရန်လုံလောက်သည့်အရာ မဖြစ်နိုင်ချေ။
မြင့်မြတ်အရှင်ဟွမ်ထျန်းက ပြောဆိုသည်။
"ငါလည်း ကြိုးစားကြည့်မယ်"
သူ၏ခန္ဓာကိုယ်ပေါ်၌ လျှပ်စီးမိုးကြိုးလင်းတန်းများ တဖျတ်ဖျတ်တောက်ပလာကာ သူ၏လက်အတွင်းရှိအဆောင်လက်ဖွဲ့မှနေ၍ ပေတစ်သောင်းခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းကြီးတစ်တန်း ထွက်ပေါ်လာသည်။ သူ့ကိုကြည့်ရသည်မှာ လေထုအတွင်း၌ မိုးကြိုးနတ်ဘုရားတစ်ပါးအလားပင်။
သူသည် လက်စည်းတံဆိပ်တစ်ခုကိုဖွဲ့စည်းပြီးနောက် သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ ငါးရောင်ခြယ်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
ဤသည်မှာ အဆောင်တာအိုမှတဆင့် ဖွဲ့စည်းထားသောနည်းစနစ်ပင်။
ငြိမ်းချမ်းခြင်းတာအိုနယ်မြေ၏ မျိုးဆက်တစ်ယောက်ဖြစ်သော မြင့်မြတ်အရှင်ဟွမ်ထျန်းသည် အဆောင်လက်ဖွဲ့တာအိုကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားနိုင်ကာ အလွန်ရင်းနှီးကျွမ်းဝင်သည်။
ထောင်နှင့်ချီသော အဆောင်လက်ဖွဲ့များသည် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပျံ့လွင့်သွားပြီးနောက် နန်းဆောင်၏ရှေ့ရှိ လေထုအတွင်း၌ ရပ်တန့်သွားသည်။
ဝှစ်....ဝှစ်....ဝှစ်....
နောက်ထပ်အဆောင်လက်ဖွဲ့များသည် မိုးသီးမိုးပေါက်များအလား နန်းဆောင်၏မျက်နှာပြင်ပေါ်သို့ ကျရောက်သွားကာ နန်းဆောင်တစ်ခုလုံးကို လွမ်းခြုံသွားလုနီးပါးပင်။
"ကောင်းကင်ဘုံမိုးကြိုး ပေါက်ကွဲစမ်း"
မြင့်မြတ်အရှင်ဟွမ်ထျန်းသည် လေထုအတွင်းသို့ဦးတည်၍ လက်ညှိုးညွှန်လိုက်သည်။ ထို့နောက် သူ၏တခြားလက်တစ်ဖက်မှလက်ညှိုးဖြင့် သူ၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်ကိုထိတွေ့ကာ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
နောက်ထပ်အချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော အဆောင်လက်ဖွဲ့များ ပေါက်ကွဲသွားကာ အစွမ်းထက်သောမိုးကြိုးများ၏ပေါက်ကွဲအားလှိုင်းက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဘုန်း....ဘုန်း...ဘုန်း....
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။အမွှေးတိုင်တစ်တိုင်လောင်းကျွမ်းချိန်စာခန့်ကြာမြင့်ပြီးနောက် လူအမြောက်အများသည် နောက်သို့ထပ်မံ၍ဆုတ်လိုက်ကြ၏။သူတို့သည် ထိုအဆောင်လက်ဖွဲ့များမှသေဆုံးခြင်းအငွေ့အသက်ကို ခံစားမိသည်။
မိုးကြိုးလှိုင်းများ၏အဆက်မပြတ်ရိုက်ခတ်မှုအောက်တွင် အချိန်အတော်ကြာသည်အထိ ကျယ်လောင်သောပေါက်ကွဲသံများကို ကြားနေရသည်။
အချိန်အတော်ကြာပြီးနောက် မိုးကြိုးလှိုင်းများပျောက်ကွယ်သွားခြင်းနှင့်အတူ အခိုးအငွေ့များလည်း လွင့်ပြယ်သွားလေပြီ။လူအုပ်ကြီးသည်ရှေ့သို့တိုး၍ကြည့်လိုက်ကြပြီးနောက် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
နန်းဆောင်၏နံဘေးပတ်လည်ရှိ မြေပြင်သည် လျှပ်စီးမိုးကြိုးများကြောင့် တူးခြစ်နေသောမြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့အားလုံး တွေ့မြင်လိုက်ရသည်။ထိုမြေပြင်သည် ပိန်းပိတ်သည်အထိ နက်မှောင်နေကာ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်နေသည်။
Chapter 4193
နန်းဆောင်၏အနီးပတ်ဝန်းကျင်ရှိမြေပြင်သည် လျှပ်စီးမိုးကြိုးများ၏ သက်ရောက်ခြင်းကိုခံရကာ မြေပြင်တပြင်လုံး မီတာဆယ်ပေါင်းများစွာအနက်ထိ ကျွံ့ဝင်သွားသည်။
သို့ရာတွင် နန်းဆောင်သည် တောင်ကြီးတစ်လုံးနှင့်တူညီကာ ယိမ်းယိုင်သွားခြင်းမရှိဘဲ ဆက်လက်၍တည်ရှိနေဆဲပင်။
နန်းဆောင်၏နံရံများမှနေ၍ အလင်းတန်းများ ဖြာထွက်နေသော်လည်း မကြာမီမှာပင် ပျက်ပြယ်သွားကာ မူလကဲ့သို့ ဖုန်ထူထပ်ပြီး ဟောင်းနွမ်းနေသောပုံပန်းသွင်ပြင်သို့ ပြန်လည်ရောက်ရှိသွားသည်။
လူများအားလုံး၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။နယ်မြေသခင်နှစ်ယောက်ပင်လျှင် ဤနန်းဆောင်၏အတားအဆီးကို ချိုးဖျက်နိုင်ခဲ့ခြင်းမရှိချေ။
"ငါတို့အားလုံး ကြိုးစားကြည့်ကြစို့"
"ဒီလိုအတားအဆီးမျိုးရှိနေမှတော့ နန်းဆောင်ထဲမှာ ရတနာတချို့ ရှိနေနိုင်တယ်"
မှော်ရတနာများသည် လူများအားလုံး၏စိတ်အာရုံများကို နှိုးဆွပေးနိုင်ပေ၏။ပတ်ဝန်းကျင်၌ရှိနေသော လူများအားလုံးသည် နည်းလမ်းမျိုးစုံကိုအသုံးပြု၍ ကြိုးစားကြသော်လည်း အတားအဆီးကို ချိုးဖျက်နိုင်ခြင်းမရှိချေ။
ဝှစ်.....
လေထုအတွင်းမှနေ၍ ဓားချီတစ်လှိုင်း ဆင်းသက်လာသည်။ထိုဓားချီသည် လေထုကိုဖြတ်သန်းကာ နန်းဆောင်ရှိရာနေရာသို့ဦးတည်၍ ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏။
သို့ရာတွင် နန်းဆောင်၏နံဘေးပတ်လည်ရှိ မမြင်နိုင်သော အတားအဆီးအလွှာသည် တိုက်ခိုက်မှုများအားလုံးကို ပိတ်ဆို့ဟန့်တားထားသည်။ပြင်ပလောက၌ အလွန်အမင်းအစွမ်းထက်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြင်းထန်သော ဓားချီပင်လျှင် နန်းဆောင်၏အတားအဆီးကို အနည်းငယ်မျှ ဖျက်ဆီးနိုင်စွမ်းမရှိချေ။
ဝေ့မင်ထျန်းသည် သူမ၏ဓားရှည်ကိုပြန်လည်ရုတ်သိမ်းကာ သူမ၏ခေါင်းကို ခါယမ်းလိုက်၏။
"ဒီအတားအဆီးကို ဖွင့်ဖို့အတွက် အထူးနည်းစနစ်တစ်ခု လိုအပ်လိမ့်မယ်..ခွန်အားကိုအသုံးပြုပြီးတော့ ဒါကိုချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"အုပ်ချုပ်သူအရှင်လု...နင်က ဒီအတားအဆီးကိုချိုးဖျက်နိုင်မလားလို့ ကြိုးစားကြည့်ပါလား"
"အမှန်ပဲ....တကယ်လို့ မင်းတောင်မှ ဒီအတားအဆီးနဲ့ပတ်သက်ပြီးတော့ ဘာမှမလုပ်နိုင်ဘူးဆိုရင် ငါတို့တွေလည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
တခြားလူများအားလုံးက ပြောဆိုသည်။
သူတို့အားလုံးသည် နန်းဆောင်အတွင်း၌ မည်သည့်အရာများရှိသည်ကို မြင်တွေ့လိုကြ၏။လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးအနက် လုယွီသည် အားအကောင်းဆုံးတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသူပင်။
"ကောင်းပြီလေ....ငါ တစ်ချက်ကြိုးစားကြည့်မယ်"
လုယွီက သူ၏လက်ကိုမြှောက်ကာ အောက်သို့ရိုက်နှက်လိုက်၏။သူ၏လက်မှနေ၍ ထူထပ်သိပ်သည်းသောမှော်စွမ်းအားများ ထွက်ပေါ်လာကာ လေဟာနယ်အတွင်း၌ ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် သိပ်သည်းသွားပြီး အောက်သို့ ပြင်းပြင်းထန်ထန်ကျရောက်သွားသည်။
ကျယ်လောင်သောအသံတသံ ထပ်မံ၍ထွက်ပေါ်လာသည်။ဤသည်မှာ နားအူလုမတတ်ကျယ်လောင်ပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။ထိုအသံကိုကြားရချိန်တွင် လူအများသည် သူတို့၏နားစည်များ စူးရှနာကျင်သွားသည်ကို ခံစားမိသည်။သူတို့၏နှလုံးခုန်နှုန်းများ အလွန်အမင်းလျှင်မြန်လာကာ ထိုတုန်ခါမှုလှိုင်းများ၏သက်ရောက်မှုကို သူတို့အားလုံး ခံလိုက်ရသည်။
ထိုအချိန်မှာပင် လူများအားလုံးသည် နန်းဆောင်၏ပြင်ပမှ အတားအဆီးအလွှာပေါ်တွင် ထင်ဟပ်နေသောပုံသဏ္ဍာန်များကို မြင်တွေ့လိုက်ရသည်။
ထိုအစိမ်းရောင်အတားအဆီးအလွှာသည် နန်းဆောင်တစ်ခုလုံးကို အခိုင်အမာကာကွယ်ထားပေ၏။ထိုအရာသည် ပြင်ပမှတိုက်ခိုက်မှုများအားလုံးကို ကာကွယ်ဟန့်တားနိုင်သည်။ထိုအတားအဆီးပေါ်၌ ရှေးဟောင်းခေါင်းလောင်းများ ဆေးမီးဖိုများ၏ပုံသဏ္ဍာန်များ ထွက်ပေါ်လာသည်။ထိုဆေးမီးဖို၏မျက်နှာပြင်ပေါ်တွင် တော်ဝင်သမားတော်ဆောင်ဟူသော စာလုံးများကို ရေးသားထားသည်။ဤသည်မှာ ရှေးဟောင်းခေတ်ကာလမှ ရတနာများ၏ပုံရိပ်များဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဟူး...အုပ်ချုပ်သူအရှင်လုတောင် ဘာမှမတတ်နိုင်ဘူး....ငါတို့တွေ ဒီနေရာထဲကို ဝင်လို့မရမှာကို ငါ စိုးရိမ်မိတယ်"
တခြားလူများအားလုံးသည် သူတို့၏ခေါင်းများကိုခါယမ်းကာ သက်ပြင်းရှိုက်လိုက်ကြသည်။
လုချန်းချင်က မေးမြန်းသည်။
"တကယ်လို့ ငါတို့တွေ ခုဏက မသေမျိုးအဆင့်မြှားကို အသုံးပြုပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ဒီအတားအဆီးအလွှာကို ချိုးဖျက်နိုင်မလားဆိုတာ ငါ သိချင်မိတယ်"
မသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏ စွမ်းအားသည် အလွန်မြင့်မားပေ၏။ထိုအရာအား တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် လောကကြီးအား ဖျက်ဆီးနိုင်ရန် လုံလောက်သည်။
ဤမြှားသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကဲ့သို့ မပြည့်စုံသော မသေမျိုးအဆင့်မှော်လက်နက်တစ်ခု မဟုတ်ချေ။ထိုအစား ပြီးပြည့်စုံသော မသေမျိုးအဆင့် မှော်လက်နက်တစ်ခုပင်။
ထိုမြှားပေါ်ရှိအလင်းတန်းသည် ယခုအချိန်ထိ ပျက်ပြယ်သွားခြင်းမရှိဘဲ အေးစက်ကာ ရုန့်ရင်းကြမ်းတမ်းသည်။မည်သူမဆို ထိုအရာအတွင်းမှလာသော အလွန်ကြီးမားသည့် ဖိအားအရှိန်အဝါကို ခံစားမိလေ၏။
"ဒီအတားအဆီးကိုဖွင့်နိုင်ဖို့က တခြားနည်းလမ်းတွေ လိုအပ်တယ်"
လုယွီက ထိုကိစ္စကို ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိချေ။
သူသည် ယခင်က ဤကဲ့သို့အတားအဆီးမျိုးကို တစ်နေရာရာ၌ မြင်တွေ့ဖူးပုံရသည်။
အချိန်အတော်ကြာစဉ်းစားပြီးနောက် လုယွီသည် ရုတ်တရက်မှတ်မိသွားပေ၏။ဗိုလ်ချုပ်မုန့်သည် စစ်တပ်၏ဘဏ္ဍာတိုက်အတွင်းသို့ သူ့အားခေါ်ဆောင်သွားခဲ့သည်ကို သူ အမှတ်ရမိသည်။ ဘဏ္ဍာတိုက်၏နံဘေးပတ်ဝန်းကျင်ရှိ အတားအဆီးသည်လည်း ဤကဲ့သို့အတားအဆီးမျိုးဖြစ်နေသည်။
ထိုအချိန်တုန်းက ဗိုလ်ချုပ်မုန့်သည် သူ၏တံဆိပ်ပြားကို အသုံးပြုကာ မည်သည့်ဟန့်တားနှောင့်ယှက်မှုမျှမရှိဘဲ ဘဏ္ဍာတိုက်အတွင်းသို့ ဝင်ရောက်သွားနိုင်ခဲ့သည်။
ယခင်အမှတ်တရများက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။
"လုယွီ သွားကြစို့....ဒီနေရာမှာ အချိန်ဖြုန်းနေဖို့မလိုတော့ဘူး...ဒီနေရာရဲ့အတွင်းပိုင်းမှာ အထွတ်အမြတ်ရတနာတစ်ခု ရှိနေမယ်လို့ ငါ သံသယဝင်မိတယ်...အဲ့ဒီနေရာကို ချီဘုရင် အရင်ရောက်သွားလို့မဖြစ်ဘူး"
မြင့်မြတ်အရှင်ဟွမ်ထျန်းက ပြောဆိုသည်။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"ငါ နောက်တစ်ခေါက်လောက် ထပ်ကြိုးစားကြည့်အုံးမယ်"
သူသည် ရှေ့သို့လျှောက်လှမ်းသွားကာ ဗိုလ်ချုပ်မုန့်မှ သူ့အားပေးအပ်ခဲ့သော တံဆိပ်ပြားကို ထုတ်ယူလိုက်သည်။
Chapter 4194
ဤတံဆိပ်ပြားကို လုယွီသည် နတ်ဆိုးဘိုးဘေး၏ကိုယ်ပွားကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့ခြင်းဖြစ်သည်။
ထိုတံဆိပ်ပြားပေါ်တွင် 'ချင်အင်ပါယာ၏ကာကွယ်သူစစ်ဗိုလ်ချုပ်'ဟူသော စာလုံးများကို ရေးထွင်းထားသည်။
လုယွီသည် အတားအဆီး၏နံဘေးသို့ လျှောက်လှမ်းသွားလိုက်သော်လည်း မည်သည့်မှော်စွမ်းအားကိုမျှ အသုံးပြုခြင်းမရှိချေ။သူသည်တံဆိပ်ပြားကိုကိုင်ကာ ရှေ့သို့တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
အလင်းလွှာအတားအဆီးသည် တဖျတ်ဖျတ်တောက်ပနေကာ လုယွီ၏လက်အတွင်းမှတံဆိပ်ပြားကို အာရုံခံနေသည့်အလားပင်။ထို့နောက် အစွမ်းထက်သော တုန်ခါမှုအားလှိုင်းတစ်လှိုင်းနှင့်အတူ အတားအဆီးအလွှာ ပွင့်သွားတော့သည်။
လုယွီက ခြေလှမ်းကျဲကြီးများဖြင့် အတွင်းသို့ဝင်လိုက်သည်။သူသည် မည်သည့်ဟန့်တားနှောင့်ယှက်မှုကိုမျှ ကြုံတွေ့ရခြင်းမရှိချေ။
"ဘာ...သူက တကယ်ကြီး အထဲကိုဝင်သွားတာလား"
"အဲ့ဒီအတားအဆီးက မှော်စွမ်းအားတွေ အသုံးပြုပြီးတော့ ဝင်လို့မရတာများလား"
ကျင့်ကြံသူအများစုသည် ရှေ့သို့တက်ကာ ကြိုးစားကြည့်ကြသော်လည်း သူတို့အားလုံးသည် အတားအဆီး၏ပိတ်ဆို့ဟန့်တားခြင်းကို ခံရလေ၏။
လုယွီကို အတွင်းသို့ ဝင်ရောက်ခွင့်ပြုပြီးနောက် ထိုအတားအဆီးသည် မူလပုံပန်းသွင်ပြင်အတိုင်း ပြန်လည်၍ရောက်ရှိသွားသည်။
"အတားအဆီးက မပျောက်သွားသေးဘူး... ဒါပေမဲ့ လုယွီက အထဲကိုဘယ်လိုဝင်သွားတာလဲ"
"ကြည့်လိုက်အုံး...သူ အထဲကို ဝင်သွားတာတောင်မှ ငါတို့တွေက နန်းဆောင်ထဲမှာရှိတဲ့မြင်ကွင်းကို ဘာမှမမြင်ရဘူး"
ဝေ့မင်ထျန်း၏မျက်ခုံးများ မြင့်တက်သွားကာ ပြောဆိုသည်။
"ဖြစ်နိုင်တာတော့ လုယွီဆီမှာ ဒီနန်းဆောင်ထဲကို ဝင်ခွင့်ရနိုင်တဲ့ ကံကြမ္မာကောင်းတစ်ခု ရှိနေတာပဲ"
နန်းဆောင်အတွင်း၌....
လုယွီသည် အတွင်းသို့ ဝင်ရောက်ပြီးနောက် ရုတ်ချည်းဆိုသလိုပင် နန်းဆောင်တလျှောက် အေးစက်စက်လေညှင်းများ တိုက်ခတ်နေသည်ကို ခံစားမိသည်။
ဤသည်မှာ စာကြည့်ဆောင်တစ်ခုပင်။လူသုံးယောက်အရပ်အမြင့်စာခန့်ရှိသော စာအုပ်စင်များကို အတန်းလိုက်နေရာချထားကာ ထိုအရာများပေါ်တွင် ဝါးစာလိပ်များဖြင့် ပြည့်နှက်နေသည်။
ဤနေရာသို့ တစ်စုံတစ်ယောက် ဝင်ရောက်မလာခဲ့သည်မှာ အချိန်မည်မျှကြာမြင့်ခဲ့ကြောင်း မည်သူမျှမသိနိုင်ချေ။စာကြည့်ဆောင်တစ်ခုလုံးအတွင်း၌ အိုမင်းဟောင်းနွမ်းသောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ မြေပြင်ပေါ်တွင် ထူထပ်သိပ်သည်းသောဖုန်မှုန့်များ လွှမ်းခြုံနေသော်လည်း စာအုပ်စင်များသည် အလွန်အမင်းခိုင်ခံ့ပေ၏။ထိုအရာများသည် နှစ်သောင်းချီကြာမြင့်လာသည့်တိုင် အချိန်၏တိုက်စားမှုကို တောင့်ခံနိုင်ကာ ဆွေးမြည့်သွားခြင်းမရှိချေ။
လုယွီသည် ဝါးစာလိပ်တစ်လိပ်ကို သာမန်ကာလျှံကာထုတ်ယူကာ ဖြည်းညှင်းစွာဖြန့်ဖတ်လိုက်ချိန်တွင် အတွင်းရှိအကြောင်းအရာများ၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။
ဤသည်မှာ ရှေးဟောင်းအက္ခရာစာလုံးများဖြင့်ရေးသားထားခြင်းဖြစ်ပြီး မှတ်တမ်းတစ်ခုပင်။ထိုအရာသည် ရှေးဟောင်းတော်ဝင်နန်းတော်၏နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် မှတ်တမ်းတစ်ခု ဖြစ်နိုင်သည်။
"ဝန်ကြီးချုပ်မုန့်ရီက မဟာတံတိုင်းစစ်တပ်ကို စစ်ကူပေးဖို့အတွက် စစ်သားနှစ်သောင်းကိုဦးဆောင်ပြီး ထွက်သွားခဲ့တယ်"
"နတ်ဆိုးတွေက အရမ်းအစွမ်းထက်တယ်...ဒါကြောင့် တော်ဝင်မြို့တော်ကနေ မဟာတံတိုင်းကြီးအတွက် နောက်ထပ်စစ်သားငါးသောင်းကို စစ်ကူပေးပို့ခဲ့တယ်"
ထိုစာလုံးများသည် ရှေးဟောင်းတော်ဝင်စစ်တပ်၏စစ်သားများအား စီစဥ်နေရာချထားခြင်းနှင့် ပတ်သက်သည်။
အကယ်၍ တခြားတစ်စုံတစ်ယောက်ဆိုပါက ဤမှတ်တမ်းကိုဖတ်ရှုခြင်းဖြင့် မည်သည့်အရာကိုမျှ သတိပြုမိမည်မဟုတ်ချေ။သို့ရာတွင် လုယွီသည် ထိုရှေးဟောင်းခေတ်အချိန်ကာလသို့ ရောက်ရှိခဲ့ဖူးသည်။သူသည် တိုက်ပွဲစစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိဖူးသဖြင့် နယ်စပ်ဒေသရှိစစ်ပွဲသည် မည်မျှထိအန္တရာယ်များသည်ကို သူ ကောင်းစွာသိရှိပေ၏။
မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများ၏ဝိုင်းရံတိုက်ခိုက်မှုအောက်၌ ဗိုလ်ချုပ်မုန့်သေဆုံးခဲ့ရသောမြင်ကွင်းသည် သူ၏စိတ်နှလုံးသားအတွင်း၌ ကွက်ကွက်ကွင်းကွင်းရှိနေဆဲပင်။
"တကယ်လို့ ငါက အတိတ်ရဲ့အချိန်နဲ့လေဟာနယ်ကို တကယ်ကြီးပြုပြင်နိုင်မယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ငါ သိချင်မိတယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ဤစာကြည့်ဆောင်ကို တစ်စုံတစ်ယောက်မှစနစ်တကျစီစဉ်ထားကာ အချိန်ကာလအလိုက် အဝေးဆုံးမှအနီးဆုံးကာလအထိ ဖြစ်သည်။
လုယွီသည် ဝါးစာလိပ်များကို အလွန်လျှင်မြန်စွာဖတ်ရှုပြီးနောက် အချိန်တိုအတွင်းမှာပင် စာအုပ်စင်အတန်းတတန်းကို ဖတ်ရှုပြီးလေပြီ။
ဤဝါးစာလိပ်များအတွင်းတွင် အလွန်နည်းပါးသော သတင်းအချက်အလက်များကိုသာ မှတ်တမ်းတင်ထားသည်။သို့ရာတွင် အတွင်း၌ပါဝင်သော အကြောင်းအရာများသည် အသေးစိတ်ကျပြီး စာလုံးအနည်းငယ်ဖြင့် ကိစ္စအမြောက်အများကို သိရှိနိုင်သည်။
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ နယ်စပ်ဒေသရှိတိုက်ပွဲများ ပို၍ပို၍ပြင်းထန်လာသည်။
နောက်ထပ်နှစ်တစ်နှစ်သို့ ကူးပြောင်းသွားချိန်တွင် တော်ဝင်နန်းတွင်းသည် စစ်သားသစ်အမြောက်အများကိုခေါ်ယူကာ နယ်စပ်ဒေသရှိစစ်ပွဲအတွင်းသို့ စေလွှတ်ခဲ့သည်။မဟာတံတိုင်းစစ်တပ်သည် နှစ်စဉ်နှစ်တိုင်း ခုနစ်ဆယ်ရာခိုင်နှုန်းကျော် ဆုံးရှုံးမှုခံစားနေရကာ စစ်သားသစ်အမြောက်အများကို အစားထိုးနေရသည်။
"နတ်ဆိုးတွေက မြောက်ပိုင်းမြေအောက်လောကနယ်မြေကို ကျူးကျော်ပြီးတော့ အဲဒီနယ်မြေကို စောင့်ရှောက်တဲ့ သိုင်းသူတော်စင်လေးယောက်ကို သတ်ခဲ့တယ်...နေရာအနှံ့အပြားမှာ နတ်ဆိုးတွေ သောင်းကျန်းနေတာကြောင့် မရေမတွက်နိုင်တဲ့လူတွေ သေဆုံးသွားခဲ့ကြတယ်"
ဒုတိယတန်းရှိ စာအုပ်စင်များပေါ်မှ ဝါးစာလိပ်များသည် နတ်ဆိုးများ မဟာတံတိုင်းကို ဖြတ်ကျော်လာပြီးနောက် လူသားမျိုးနွယ်၏နယ်မြေများအတွင်းသို့ ဝင်ရောက်လာခြင်းကို မှတ်တမ်းတင်ထားသည်။
ဤသည်မှာ နတ်ဆိုးများ ထင်ရာစိုင်းသောင်းကျန်းနေသော ဖရိုဖရဲခေတ်ကာလဖြစ်ကာ အားနည်းသောလူသားများ သတ်ဖြတ်ခံရသည်။လူသားမျိုးနွယ်အတွင်းမှ အနည်းငယ်အစွမ်းထက်သော ကျင့်ကြံသူများသာလျှင် အတူတကွစုဝေးပြီး နတ်ဆိုးများ၏တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည်။
ဤတိုက်ပွဲမှတ်တမ်းကို တော်ဝင်မြို့တော်သို့ပို့ဆောင်ပြီးနောက် လူသားဧကရာဇ်ထံသို့ ရောက်ရှိသွားခဲ့သည်
ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သောနတ်ဆိုးများသည် မဟာတံတိုင်းကြီးကိုဖြတ်ကျော်ကာ လူသားမျိုးနွယ်၏နယ်မြေအတွင်းသို့ ရောက်ရှိနေလေပြီ။သူတို့သည် ထင်ရာစိုင်းသောင်းကျန်းနေကြသဖြင့် လူသားမျိုးနွယ်၏နယ်မြေအတွင်း၌ စစ်ပွဲမီးတောက်များဖြင့် ပြည့်နှက်နေတော့သည်။
Chapter 4195
လုယွီက စာလိပ်များကို ဆက်လက်၍ဖတ်ရှုကာ အမှုမဲ့အမှတ်မဲ့ဖြင့် သူသည် အတွေးလွန်သောအခြေအနေအတွင်းသို့ ကျရောက်သွားတော့သည်။
သူသည် ရှေးဟောင်းအချိန်နှင့်လေဟာနယ်ကာလသို့ ရောက်ရှိသွားခဲ့သဖြင့် လူသားဧကရာဇ်၏နှုတ်မှနေ၍ 'အရှေ့ဘက်နယ်မြေကို ကင်းလှည့်သွားမည်'ဟူသော စကားထွက်ပေါ်လာသည်ကို ကြားခဲ့ရသည်။
လူသားဧကရာဇ်သည် မည်သည်ကြောင့် အရှေ့ဘက်နယ်မြေအား ကင်းလှည့်ရန်လိုအပ်သနည်း။အရှေ့ဘက်နယ်မြေကို ကင်းလှည့်ခြင်း၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သနည်း။လုယွီသည် ထိုကိစ္စကိုတွေးတော၍မရသော်လည်း နောက်ထပ်တွေ့ခဲ့သော မှတ်တမ်းကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
"အရှေ့ဘက်နယ်မြေကို ကင်းလှည့်တဲ့အချိန်မှာလူသားဧကရာဇ်က သေဆုံးသွားခဲ့တယ်"
ဤသည်မှာ စာကြောင်းတစ်ကြောင်းသာဖြစ်သော်လည်း လုယွီသည် အချိန်တခဏကြာသည်အထိ စိတ်မအေးနိုင်တော့ချေ။သူ၏ကျောရိုးတစ်လျှောက် ခေါင်းအစခြေအဆုံးထိတိုင် အေးစိမ့်မှုများ လွှမ်းခြုံသွားသည်။
အကယ်၍ သူသည် လူသားဧကရာဇ်ကို ယခင်က မြင်တွေ့ဖူးခြင်းမရှိပါက ဤစာကြောင်းတစ်ကြောင်း၏အနက်အဓိပ္ပာယ်ကို သိရှိနိုင်မည်မဟုတ်ချေ။
သို့ရာတွင် လုယွီသည် လူသားဧကရာဇ်နှင့် အနီးကပ်ပြောဆိုဆက်ဆံခဲ့ဖူးသည်။ဤသည်မှာ ဒဏ္ဍာရီလာ သိုင်းအာဏာရှင်နယ်ပယ် တည်ရှိမှုကြီးတစ်ယောက်ပင်။သူသည် သက်ရှည်မီးအိမ်ကိုထွန်းညှိထားနိုင်ခဲ့ကာ သူ၏စိတ်ဝိညာဉ်သည် မသေမျိုးအဆင့်နီးပါးသို့ ရောက်ရှိနေလေပြီ။
ဤကဲ့သို့ ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ကို သတ်ဖြတ်နိုင်သည့်တစ်စုံတစ်ယောက်ကို လုယွီ တွေးတောကြည့်နိုင်ခြင်းမရှိချေ။
လူသားဧကရာဇ် အသက်ရှင်သန်စဥ်တွင် သူ၏ကျင့်ကြံနည်းစနစ်များသည် ပြိုင်ဘက်ကင်းဖြစ်ကာ သူ၏စွမ်းအားသည် လူသားမျိုးနွယ်တစ်ခုလုံးကို လှုပ်ခတ်နိုင်စွမ်းရှိသည်။သို့ရာတွင် သူ သေဆုံးရသည့်အကြောင်းအရင်းကို မသိရချေ။လုယွီသည် ဝါးစာလိပ်များအားလုံးကို လှန်လှော၍ရှာဖွေသည့်တိုင် လူသားဧကရာဇ် မည်သည်ကြောင့် သေဆုံးသွားရသည်ကို ရှာမတွေ့ခဲ့ချေ။
"လူသားဧကရာဇ်ကို ဘယ်သူက သတ်လိုက်တာလဲ"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
စာအုပ်စင်ပေါ်ရှိ စာလိပ်များကိုဖတ်ရှုရင်း လုယွီသည် ဖန်းနန်းတော်နှင့်ပတ်သက်သည့် မှတ်တမ်းများကို တွေ့ရှိခဲ့လေ၏။
"လူသားဧကရာဇ်က သန်းနဲ့ချီတဲ့နတ်ဆိုးတွေကို သတ်ဖြတ်ပြီးတော့ တူးခြစ်နေတဲ့မြေပြင်ပေါ်မှာ နန်းတော်တစ်ခုကို တည်ဆောက်ခဲ့တယ်...အဲ့ဒီနေရာကို ဖန်းနန်းတော်လို့ခေါ်တယ်"
ဤစာကြောင်းများကို ဖတ်ရှုမိချိန်၌ လုယွီ၏စိတ် အနည်းငယ်လှုပ်ရှားသွားသည်။
သန်းနှင့်ချီသောနတ်ဆိုးများကို သတ်ဖြတ်ပြီးနောက် သူတို့၏အလောင်းများပေါ်၌ ခြေချကာ နန်းဆောင်အမြောက်အများကို တည်ဆောက်ခဲ့သည်။ဤသည်မှာ ရှေးဟောင်းနတ်ဆိုးများအတွက် ကြီးမားသောအဟန့်အတားကြီးဖြစ်ပေ၏။သူတို့၏လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါများသည် လူသားဧကရာဇ်၏ရှေ့၌ စက္ကူတစ်ရွက်အလားပင်။
ရှေးဟောင်းနတ်ဆိုးများသည် လူသားဧကရီ၏ဖိနှိပ်ခြင်းကို ခံရခြင်းကြောင့် အမြောက်အများ သေဆုံးသွားခဲ့ရသဖြင့် သူတို့အားလုံးသည် သူ့အား မည်မျှထိနာကျည်းမုန်းတီးမည်ကို တွေးတောကြည့်၍ရနိုင်သည်။သူတို့သည် မြေပြင်အောက်၌ ထာဝရနစ်မြုပ်နေရကာ ပြဿနာရှာနိုင်တော့မည်မဟုတ်ချေ။
ဤကဲ့သို့နည်းလမ်းတစ်ခုသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။လူသားဧကရာဇ်ကဲ့သို့ တည်ရှိမှုကြီးတယောက်သာ ဤကဲ့သို့ ပြုလုပ်နိုင်စွမ်းရှိပေမည်။
ဖန်းနန်းတော်၏နယ်မြေသည် အလွန်အမင်းကျယ်ဝန်းကာ မြို့ကြီးတစ်မြို့စာအရွယ်အစားမျှ ရှိနေသည်။ဤနေရာတွင် အရှေ့ဘက်တောအုပ်ဥယျာဥ် အရှေ့ခန်းမှ သစ်ခွရေအိုင်နန်းဆောင် ကောင်းကင်ဘုံစင်မြင့်နှင့် တခြားနယ်မြေများပါဝင်သည်။ကံအကြောင်းမလှစွာဖြင့် ဝါးစာလိပ်များအတွင်း ထိုနေရာများ၏အသေးစိတ်မြေပုံ ရှိမနေချေ။ထိုနေရာများ၏တည်နေရာအကြောင်းကို ဖော်ပြထားခြင်းသက်သက်ပင်။
လုယွီသည် နန်းတော်တစ်ခုလုံး၏ဖွဲ့စည်းပုံကို မှတ်သားလိုက်၏။သူ၏စိတ်နှလုံးသားအတွင်း၌ ထိုနေရာများနှင့်ပတ်သက်သော အကြမ်းဖျဥ်းမြေပုံတစ်ခုကို ဖွဲ့စည်းပြီးဖြစ်သည်။
ဤနေရာတွင် ချန်အင်ပါယာ၏ အရေးကြီးသောလျှို့ဝှက်ချက်များ ရှိနေသည်။စာကြည့်ဆောင်၏ပြင်ပရှိ အတားအဆီးအလွှာကိုဟကြည့်ခြင်းအားဖြင့် အကယ်၍ တစ်စုံတစ်ယောက်ထံတွင် လိုအပ်သောအဆင့်အတန်းမရှိပါက ဤနေရာသို့ မည်သို့မျှ ဝင်ရောက်နိုင်မည်မဟုတ်ချေ။
လုယွီသည် ဤနေရာ၌ ရပ်တန့်နေခြင်းမရှိချေ။ ဤလျှို့ဝှက်ဆန်းကြယ်သောအင်ပါယာသည် လုယွီအပြင် ကောင်းကင်ဘုံနယ်မြေတခွင်လုံးနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော နေရာဖြစ်သည်။
ဤနေရာသည် ချင်အင်ပါယာ၏စာကြည့်ဆောင်ပင်။ဤနေရာအတွင်း၌ လျှို့ဝှက်ချက်အမြောက်အများ ကိန်းအောင်းနေသည်။ဤသည်မှာ သူ လွဲချော်ခံ၍မရသော အဖိုးတန်ရှားပါးသည့် အခွင့်အရေးကြီးပင်။
လုယွီသည် ဆက်လက်၍ရှာဖွေလိုက်ရာ ထောင့်တစ်နေရာ၌ ထူထပ်သောစာအုပ်တစ်အုပ်ကို တွေ့မြင်မိသည်။
ဤသည်မှာ တခြားစာအုပ်စင်များပေါ်တွင်ရှိသော ဝါးစာလိပ်များနှင့် ကွဲပြားခြားနားသည်။ ထိုစာအုပ်များ၏စာမျက်နှာများသည် နူးညံ့မှုမရှိဘဲ ကြမ်းတမ်းကာ သာမန်စာရွက်များပေါ်၌ ရေးသားထားခြင်းပင်။
ထိုစာအုပ်ကို စာအုပ်စင်တစ်စင်၏ထိပ်၌ နေရာချထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်မကြည့်ပါက ထိုအရာကိုရှာတွေ့နိုင်ရန် မလွယ်ကူချေ။
ထိုစာအုပ်၏အဖုံးတွေ အားမာန်ပါသောလက်ရေးလက်သားဖြင့် စာလုံးလေးလုံးကို ရေးသားထားသည်။စုတ်ချက်များသည် မြွေတစ်ကောင် ကခုန်နေသည်နှင့်တူညီကာ သတ်ဖြတ်လိုခြင်စိတ်ဆန္ဒများ ထုတ်လွှင့်ထားသည်။
"ချင်အင်ပါယာ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကျမ်းစာ"
လုယွီသည် ထိုအရာကို ဂရုတစိုက်ဖတ်ရှုပြီးနောက် ရုပ်ခန္ဓာကိုယ်ကို မည်ကဲ့သို့ကျင့်ကြံရမည်အား ရှင်းပြချက်တစ်ခုဖြစ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ဤသည်မှာ ပြီးပြည့်စုံသောနည်းစနစ်တစ်ခုပင်။
သေမျိုးတစ်ယောက်ဘဝမှနေ၍ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းကို စတင်ဝင်ရောက်ကာ သိုင်းအာဏာရှင်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည်အထိ အရာအားလုံးကို အသေးစိတ်ကျကျ ရှင်းပြထားသည်။
ဤသည်မှာ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်း၏ ယေဘူယျကျင့်ကြံနည်းစနစ်ပင်။အလယ်ခေတ်အချိန်အတွင်းမှစတင်၍ ပြတ်တောက်သွားခဲ့သော ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တစ်ခုကို ဤနေရာ၌ သူ ရှာတွေ့ခဲ့လေ၏။
ထိုကျမ်းစာကိုဖွင့်ကြည့်လိုက်ချိန်၌ စာကြောင်းတစ်ကြောင်းရှိနေသည်။ခေတ်ကာလပေါင်းများစွာ ကြာမြင့်လာခဲ့သည့်တိုင် တစ်စုံတစ်ယောက်သည် ထိုအရာမှနေ၍ လူသားဧကရာဇ်၏အထွတ်အမြတ်စွမ်းအားကို ခံစားရနိုင်သည်။
'ချင်အင်ပါယာကလူတွေက တကယ့်ကို နဂါးတွေနဲ့ အတူတူပဲ'
ဤစာကြောင်းတွင် အစွမ်းထက်သောစိတ်ဆန္ဒတစ်ရပ် ရောယှက်နေသည်။ဤစာမျက်နှာကိုဖွင့်လိုက်သည်နှင့် ကျမ်းစာတစ်ခုလုံး သာလွန်ထူးကဲသည်ကို ချက်ချင်းသိရှိနိုင်သည်။