← Chapters

အခန်း (၄၁၉၆-၄၂၀၀)

Vol. 213 Ch. 4196-4200

အခန်း (၄၁၉၆-၄၂၀၀)

Vol. 213 Ch. 4196-4200

Chapter 4196

ဤကျမ်းစာများကို လူသားဧကရာဇ်သည်လူသားကျင့်ကြံသူများ ကျင့်ကြံနိုင်ရန်အတွက် အထူးသီးသန့်ရေးသားထားခြင်းပင်။

ဤကျမ်းစာအတွင်းရှိ ဖော်ပြချက်များသည် အလွန်အသေးစိတ်ကျကာ ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော စီနီယာတစ်ယောက်မှနေ၍ ဂျူနီယာတစ်ယောက်အား လမ်းညွှန်မှုပေးနေသည့်အလားပင်။

လွန်ခဲ့သောနှစ်သောင်းနှင့်ချီအကြာက ဤစာလုံးများကို လူသားမျိုးနွယ်၏ကောင်းကျိုးအတွက် လူသားဧကရာဇ်မှ ရေးသားခဲ့ခြင်းပင်။

ယခုလက်ရှိအချိန်ကာလတွင် ဤသည်မှာ သူစိတ်ကူးယဉ်တွေးတောကြည့်ဝံ့ခြင်းပင်မရှိသော တစ်စုံတစ်ခုဖြစ်သည်။

ယခုအချိန်၌ တော်ဝင်နန်းတွင်းဖြစ်စေ ပြင်ပဂိုဏ်းအင်အားစုများဖြစ်စေ သူတို့အင်အားစုများ၏ကိုယ်ပိုင်ကျင့်ကြံနည်းစနစ်များရှိသော်လည်း မည်သူကိုမျှ ​မျှဝေပေးလိုခြင်းမရှိချေ။လျှို့ဝှကျင့်ကြံနည်းစနစ်များကို သူတို့အင်အားစုအတွက် အကျိုးဆောင်ပေးသူများကိုသာ ပေးလေ့ရှိပြီး လွယ်လင့်တကူသင်ယူခွင့်မရှိချေ။

သို့ရာတွင် လူသားဧကရာဇ်သည် ဤကျမ်းစာကို တခြားလူများအား ဝေမျှပေးရန်အတွက် သာမန်ကာလျှံကာ ထုတ်ပေးခဲ့သည်။လူသားမျိုးနွယ်၏ခွန်အားများ မြင့်တက်လာပါက လူသားဧကရာဇ်သည်လည်းအင်အားစု၏အင်အားမြင့်တက်မှုကို ခံစားရပေမည်။

ဤသည်မှာ ပြိုင်ဘက်ကင်းရတနာတစ်ခုပင်။အကယ်၍ ထိုအရာကိုသာ ဖြန့်ချီလိုက်ပါက ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး ရုန်းရင်းဆန်ခတ် ဖြစ်သွားပေမည်။

လုယွီသည် ထိုကျမ်းစာကို ဂရုတစိုက်ဖတ်ကာ အချက်အလက်များအားလုံးကို မှတ်သားလိုက်သည်။အချိန်တခဏကြာခန့် လေ့လာဆင်ခြင်ပြီးနောက် သူ့၏ကိုယ်ပိုင် ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်မှအားနည်းချက်တစ်ချို့ကို ရှာတွေ့ခဲ့သည်။

အမှန်အားဖြင့် လုယွီသည် အတိတ်ဘဝ၌ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းခဲ့ဖူးခြင်းမရှိချေ။

သူသည် အကြွင်းမဲ့မူလဘူတခန္ဓာကိုယ်ကိုရရှိပြီးနောက် မြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်နှင့်မဖျက်ဆီးနိုင်သောဗာဂျရာခန္ဓာကိုယ်တို့ကို ကျင့်ကြံခဲ့သည်။ဤအထွတ်အထိပ်ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်သုံးခုကြောင့် သူသည် သိုင်းသူတော်စင်နယ်ပယ်သို့ ရောက်ရှိခဲ့လေ၏။

အကယ်၍ သူ့နေရာတွင် သာမန်လူတစ်ယောက်ဖြစ်နေပါက သန်းနှင့်ချီသော ကံကြမ္မာကောင်းများကိုရရှိလျှင်ပင် ဤကျင့်ကြံနည်းစနစ်များကိုကျင့်ကြံနိုင်သော အတွေ့အကြုံမျိုး ရှိမည်မဟုတ်ချေ။

ယခုအချိန်တွင် ဤကျမ်းစာကို မတော်တဆရရှိခဲ့သဖြင့် လုယွီသည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်း၌ နားလည်သဘောပေါက်မှုအသစ်တချို့ကို ရရှိခဲ့သည်။

"ဒါက တကယ့်ကို လေးစားကြည်ညိုစရာပဲ....ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှုအပေါ် လူသားဧကရာဇ်ရဲ့နားလည်သဘောပေါက်မှုက တကယ့်ကို သာလွန်ထူးကဲတယ်"

လုယွီက စိတ်ခံစားချက်အပြည့်ဖြင့် ရေရွတ်လိုက်သည်။

လူသားဧကရာဇ်သည် ဤကျမ်းစာကို သိုင်းပညာသူတော်စင်နယ်ပယ်နှင့်အထက် ကျင့်ကြံသူများအတွက် ရေးသားခဲ့ခြင်းမဟုတ်ချေ။

အကြောင်းအရင်းမှာ သိုင်းပညာသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားသော ကျင့်ကြံသူများအားလုံးထံတွင် သူတို့၏ကိုယ်ပိုင်လမ်းကြောင်းရှိသည်။သူတို့သည် အသေချမှတ်ထားသောစည်းမျဉ်းများ လမ်းကြောင်းများအတိုင်းကျင့်ကြံရန် မလိုအပ်တော့ချေ။

လုယွီသည် သူ၏သိုလှောင်အိတ်အတွင်း၌ ချင်အင်ပါယာ၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကျမ်းစာကို သိမ်းဆည်းလိုက်သည်။နောက်အနာဂတ်၌ အချိန်မှန်တစ်ခုသို့ ရောက်ရှိလာပါက သူသည် ဤကျမ်းစာအား လောကကြီးအတွင်း၌ တဖန်ပြန်၍ ထွက်ပေါ်လာခွင့်ပြုရပေမည်။

စာအုပ်စင်များအားလုံးကို ဖတ်ရှုပြီးနောက် လုယွီသည် နန်းဆောင်၏အတွင်းပိုင်းသို့ ဆက်လက်၍လျှောက်လှမ်းလိုက်၏။

အထီးကျန်ဆန်သောလရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းလာကာ ငွေရောင်ပိုက်ကွန်အလား နန်းဆောင်အတွင်းသို့ ဖြာကျနေသည်။ထိုနောက် လုယွီ၏ရှေ့တွင် မီတာသုံးဆယ်ခန့်မြင့်မားသော ကျောက်တုံးကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုကျောက်တုံးကို အောက်ခံခုံပေါ်တွင်တင်ထားကာ ထိုအရာ၏ရှေ့၌ ခြေသုံး​ချောင်းထောက်မီးဖိုတစ်ခုရှိနေသည်။ထိုအရာအတွင်း၌ အမွေးတိုင်ပြာအကြွင်းအကျန်များရှိနေကာ အဝေးတစ်နေရာမှကြည့်ပါက နတ်ဘုရားရုပ်ထုတစ်ခုကို ပူဇော်ထားသည်နှင့် တူညီသည်။

လုယွီသည် ရှေ့သို့လျှောက်လှမ်းသွားကာ ထိုကျောက်တုံး၏မျက်နှာပြင်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။သို့ရာတွင် ထိုအရာပေါ်၌ စာကြောင်းတကြောင်းကို ရေးထွင်းထားသည်အား သူ ရှာဖွေတွေ့ရှိမိလေ၏။

'ထိုက်တောင်ကျောက်တုံး'

လုယွီက လေအေးတစ်ချက် ရှိုက်သွင်းလိုက်သည်။

ထိုက်တောင်သည် တစ်ချိန်က လူသားမျိုးနွယ်၏နယ်မြေအတွင်း၌ တည်ရှိသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ မြင့်မြတ်နယ်မြေလည်းဖြစ်ပေ၏။

သို့ရာတွင် အောက်ဘုံအတွင်းသို့ ရှေးဟောင်းနတ်ဆိုးများ ပို၍ဆင်းသက်လာသည်နှင့်အမျှ ထိုက်တောင်သည်လည်း သိမ်းပိုက်ခံလိုက်ရသည်။ထိုအချိန်မှစ၍ ဒဏ္ဍာရီလာထိုက်တောင်အကြောင်းကို ရှေးဟောင်းမှတ်တမ်းများအတွင်း၌ ဖတ်ရှုနိုင်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအရာ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို မြင်တွေ့ဖူးခြင်းမရှိချေ။

ယခုအချိန်တွင် သူသည် ထိုက်တောင်မှယူဆောင်လာခဲ့သော ကျောက်တုံးတစ်တုံးကို အမှန်တကယ်တွေ့ရှိခဲ့ရလေ၏။

ထိုက်တောင်ကျောက်တုံး၏မျက်နှာပြင်သည် တခြားကျောက်တုံးများနှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကိုအနီးကပ်ကြည့်ရှုပါက ကျောက်တုံးပေါ်တွင် အလွန်အမင်းနက်နဲသိမ်မွေ့သော သင်္ကေတအက္ခရာများ ကိန်းအောင်းနေသည်ကို တွေ့မြင်ရပေမည်။ဤသည်မှာ မဟာတာအို၏သင်္ကေတများဖြစ်ပြီး အလွန်အမင်းလေးနက်ကာ နားလည်ရန်ခက်ခဲသည်။

"လူသားဧကရာဇ်အစဥ်အဆက်က ထိုက်တောင်ကို ဝတ်ပြုကိုးကွယ်ခဲ့ကြတယ်....ဒါက နတ်ဘုရားတစ်ပါးနဲ့ ကွဲပြားခြားနားမှုမရှိဘူး....ဒါက နတ်ဘုရားတစ်ပါးဆိုတာ အသိသာကြီးလေ"

နှစ်သောင်းနှင့်ချီ၍ ကြာမြင့်လာသည့်တိုင် ထိုက်တောင်ကျောက်တုံးမှနေ၍ အထွတ်အမြတ်စွမ်းအားများ ထုတ်လွတ်နေသည်ကို လုယွီက ခံစားမိဆဲပင်။

"ဒီထိုက်တောင်ကျောက်တုံးကို လူသားဧကရာဇ်က ဒီနေရာဆီ ယူလာခဲ့တာလား"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းများတောက်ပလာသည်။သူသည် ထိုက်တောင်ကျောက်တုံး၏ အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းမြင်တွေ့လိုသည်။

ထိုက်တောင်ကျောက်တုံးပေါ်၌ ရှေးဟောင်းဘာသာစကားဖြင့် ရေးသားထားသောစာလုံးတချို့ ရှိနေသည်။

ထိုစာလုံးများ၏အကြောင်းအရာသည် လူသားဧကရာဇ်၏အောင်မြင်မှုများအကြောင်းကို ချီးမွမ်းထားခြင်းပင်။

လူသားဧကရာဇ်သည် သူ၏ကိုယ်ပိုင်အောင်မြင်မှုများအကြောင်းကို ရေးသားကာ လူသားမျိုးနွယ်ထံသို့ လက်ဆင့်ကမ်းပေးခြင်းပင်။

လုယွီသည် ထိုအောင်မြင်မှုများကို တစ်ချက်ကြည့်ပြီးနောက် အလွန်အမင်းများပြားသည်ကို မြင်တွေ့မိသည်။ဤသည်မှာ ထောင်နှင့်ချီသောစာလုံးများ စုဝေးနေခြင်းဖြစ်ကာ အရှိန်အဝါသည် တိုင်းဆ၍မရနိုင်သည်အထိ အလွန်ကြီးမားသည်။

Chapter 4197

"ဒီလောက်တောင် အစွမ်းထက်တဲ့ လူတစ်ယောက်က သမိုင်း​မြစ်ကြီးအတွင်းထဲမှာ ခုလိုမျိုး နစ်မြုပ်မနေသင့်ဘူး"

လုယွီ၏စိတ်ခံစားချက်များ လှုပ်ခတ်သွားကာ အချိန်အတော်ကြာသည်အထိ တည်ငြိမ်နိုင်ခြင်းမရှိချေ။

သူ၏ခရမ်းရောင်မျက်လုံးများမှနေ၍ ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသဖြင့် ထိုက်တောင်ကျောက်တုံး၏နောက်သို့ သွားလိုက်သည်။

ဤကျောက်တုံးကြီး၏နောက်ကျောဘက်တွင်လည်း စာလုံးများကို ရေးထွင်းထားသည်။

သို့ရာတွင် ဤစာလုံးများသည် ရှေ့တွင်ရေးထွင်းထားသော စာလုံးများကဲ့သို့ သေသပ်ပြီးပြွတ်သိပ်နေခြင်းမရှိချေ။ထိုအစား ဤစာလုံးများကို ကြီးကျယ်ခမ်းနားကာ ပြင်းထန်ပြီးအစွမ်းထက်သော လက်ရေးလက်သားဖြင့် ရေးသားထားခြင်းပင်။

'ဒီလောကကြီးထဲမှာ ဘယ်သူက မသေဆုံးဘဲနေနိုင်မှာလဲ'

ဤစာလုံးများကိုကြည့်ရသည်မှာ အကန့်အသတ်မရှိသော အထီးကျန်ဆန်မှုကို ဖြတ်ကျော်ခဲ့ရပုံပင်။

လုယွီသည် သူ၏မျက်ခွံများ ပြင်းပြင်းထန်ထန်တုန်ရီသွားသည်ကို ခံစားမိလေ၏။ဤသည်မှာသူသည် ယခင်က မည်သူတစ်ဦးတစ်ယောက်မျှ ရှာမတွေ့ခဲ့သည့် ရှေးဟောင်းခေတ်ကာလ၏လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့်အလားပင်။

"သိုင်းအာဏာရှင်တယောက်က မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်နဲ့ တန်းတူအဆင့်မှာရှိတယ်လို့ ပြောခဲ့တာမဟုတ်လား...မသေမျိုးအဆင့်မှာရှိတဲ့လူတွေက မသေနိုင်ဘူး မဟုတ်လား...လူသားဧကရာဇ်က ဘာလို့ ဒီလိုမျိုး ရေးခဲ့တာလဲ"

လုယွီက တီးတိုးရေရွတ်လိုက်သည်။သူသည် ထိတ်လန့်တုန်လှုပ်နေကာ သူ၏စိတ်နှလုံးသားအတွင်း၌ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

အထူးသဖြင့် ကောင်းကင်ဘုံနယ်မြေတွင်ရှိနေသော လူတိုင်းသည် လောကကြီးအတွင်း၌ ပြီးပြည့်စုံသော မိုးကောင်းကင်တာအိုမရှိတော့ကြောင်း သိရှိထားကြသည်။ထိုကြောင့် သူတို့သည် ထာဝရအသက်ကို ရရှိနိုင်ရန်မှာ မဖြစ်နိုင်​ချေ။

ရှေးဟောင်းကာလမှ အင်မော်တယ်များသာလျှင် မဟာတာအိုဂိတ်တံခါးကိုဖွင့်ပြီး မသေမျိုးအဆင့်သို့ တက်လှမ်းနိုင်ကြသည်။

ဤသည်မှာ လူအများမှလက်ခံယုံကြည်ထားသော အချက်ပင်။

သို့ရာတွင် ဤကိစ္စ၏အရင်းအမြစ်သည် မည်သည့်နေရာမှ ရောက်ရှိလာသည်ကို မည်သူမျှ မသိနိုင်​ချေ။

"အခုအချိန်မှာ မိုးကောင်းကင်တာအိုက မပြည့်မစုံဖြစ်နေမှတော့ ငါက အစစ်အမှန်အင်မော်တယ်တစ်ယောက်အဖြစ် ကျင့်ကြံနိုင်ခဲ့တဲ့အချိန်မှာ....ဘာလို့ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး ထွက်ပေါ်လာတာလဲ"

လုယွီက ရုတ်တရက် ထိတ်လန့်တကြား ရေရွတ်လိုက်သည်။

"ဖြစ်နိုင်တာတော့ ရှေးဟောင်းသိုင်းအာဏာရှင်တွေနဲ့မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တွေကတောင် ထာဝရအသက်ကို မရနိုင်တာများလား"

ဤလောကကြီးအတွင်း၌ မသေဆုံးသူဟူ၍ မည်သူရှိမည်နည်း....ဖြစ်နိုင်သည်မှာ လူသားဧကရာဇ်သည် သူ အသက်ရှင်ရန် အချိန်များစွာမကျန်ရှိတော့သည်ကို အာရုံခံမိသဖြင့် ထာဝရအသက်ကိုရရှိရန် နည်းလမ်းတစ်ခုကို ရှာဖွေလိုပုံရသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာအတွင်း၌ မှတ်တမ်းတင်ထားသောအရာ မရှိ​ချေ။

ခွေးနက်ကြီးပင်လျှင် ဤကိစ္စများကို မသိရှိပေ။

လုယွီ၏စိတ်အတွင်း၌ အတိတ်တွင် သူ ဆုံတွေ့ခဲ့ဖူးသော မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ကို ပြန်မြင်ယောင်မိသည်။

ထိုအမျိုးသမီးသည် ကောင်းကင်ဘုံလမ်းကြောင်းကို နှစ်ပေါင်းတစ်သောင်းကျော် ကာကွယ်စောင့်ကြပ်နေခဲ့သည်။အချိန်ကာလများ တရွေ့ရွေ့ပြောင်းလဲသွားပေ၏။ သူ၏ခင်ပွန်းဖြစ်သူသည် သေဆုံးသွားပြီးဖြစ်သော်လည်း သူမသည် ကံကြမ္မာဆိုးမှတဆင့် ကံကောင်းမှုကြီးကိုရရှိကာ လောကကြီးအတွင်း၌ တစ်ဦးတည်းသော မဟာမိုးကောင်းကင်ရွှေအင်မော်တယ် ဖြစ်နေခဲ့သည်။

ထိုအချိန်တုန်းက ထိုအမျိုးသမီးသည် အလွန်အစွမ်းထက်သည်ဟု လုယွီက ခံစားမိသည်။မည်သည့်ကျင့်ကြံဆင့်နယ်ပယ်မျိုးရှိသည် ကျင့်ကြံသူဖြစ်နေပါစေ သူမ၏ရှေ့သို့အရောက်တွင် သူတို့အားလုံးသည် ပုရွက်ဆိတ်လေးများတမျှ သေးငယ်သွားပေမည်။

ကံအကြောင်းမလှစွာဖြင့် ထိုအမျိုးသမီးသည် သူ့အား ကောင်းကင်ဘုံဧကရာဇ်၏အမွေအနစ်ကို ဆက်ခံနိုင်ရန် ကူညီပေးပြီးနောက် ထွက်ခွာသွားခဲ့သည်။ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူမနှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမျှ မရရှိတော့ပေ။

"တကယ်လို့ ငါ့မှာ အခွင့်အရေးတစ်ခုရခဲ့ရင် ငါ သူ့ကိုရှာရမယ်"

လုယွီက စိတ်ပိုင်းဖြတ်လိုက်သည်။

သူသည် ယခုအချိန်၌ ရွှယ်အင်မော်တယ်တစ်ယောက် ဖြစ်နေလေပြီ။သူသည် ကောင်းကင်ဘုံနယ်မြေသို့ ယခုမှတက်လှမ်းလာသော လောကီအင်မော်တယ်တစ်ယောက် မဟုတ်တော့ချေ။သူသည် ရွှေအင်မော်တယ်များကိုပင် စိတ်အေးလက်အေးရင်ဆိုင်နိုင်ပေမည်။

နန်းဆောင်အတွင်း၌ အချိန်တခဏကြာခန့်လျှောက်လှမ်းပြီးနောက် လုယွီသည် တခြားမည်သည့်အရာကိုမျှ မမြင်တွေ့တော့ချေ။

ကြည့်ရသည်မှာ ဤနေရာသည် မှတ်တမ်းများကို သိမ်းဆည်းကာ ထိုက်တောင်ကျောက်တုံးကိုထားရှိသည့် နေရာတစ်ခုသက်သက်ပင်။ဤနေရာ၌ တခြားမည်သည့်ရတနာမျှ ရှိမနေ​ချေ။

ချင်အင်ပါယာ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကျမ်းစာမှလွဲ၍ လုယွီသည် တခြားရှေးဟောင်းစာအုပ်များကို ယူဆောင်ခဲ့ခြင်းမပြုချေ။ဤသည်မှာ ချင်အင်ပါယာ၏အခြေခံအုတ်မြစ်ပင်။ သူသည် ကံကြမ္မာအရ ချင်အင်ပါယာကို မြင်တွေ့ခဲ့ရသဖြင့် ဤစာအုပ်များအနက်မှတစ်အုပ်ကို ယူဆောင်သွားလျှင် လုံလောက်နေလေပြီ။

နန်းဆောင်၏ပြင်ပ၌ လရောင်ထွန်းလင်းနေကာ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့ချေ။

လုချန်းချင်နှင့်တခြားလူများသည် ဤနေရာ၌ စောင့်ဆိုင်းမနေတော့ဘဲ ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားကြသည်။

လုယွီသည် ဖန်းနန်းတော်၏ ယေဘုယျဖွဲ့စည်းတည်ဆောက်ပုံကို သိရှိပြီးဖြစ်သည်။သူ၏စိတ်အတွင်း၌ရှိသော မှတ်ဥာဏ်များမှတဆင့် အရှေ့ခန်းမကိုဖြတ်သန်းကာ မြေကွက်လပ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

ထိုအချိန်၌ လုချန်းချင်တို့လူစုသည် တခြားတဖက်မှလူများနှင့် ပဋိပက္ခဖြစ်နေသည်ကို သူ မြင်တွေ့မိသည်။ထိုလူနှစ်စုအကြားတွင် မီတာတစ်ရာခန့်ကွာခြားသည်။

မြေပြင်ပေါ်၌ အလောင်းနှစ်လောင်း လဲကျနေသည်။ထိုအလောင်းမှတစ်ယောက်သည် လေလွင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံရပြီး တခြားတစ်ယောက်သည် မြင့်မြတ်နယ်မြေတစ်ခု၏တပည့်တစ်ယောက်ပင်။သူတို့နှစ်ယောက်လုံး၏နဖူးပေါ်၌ ဒဏ်ရာများရှိနေကာ တစ်ချက်တည်းဖြင့် သတ်ဖြတ်ခံရခြင်းပင်။

"ကျိုးထုံ....ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လိုက်လဲ....ငါတို့က မင်းကို မရှာရသေးဘူး...မင်းက အရင်ဆုံး ငါတို့ကို အကွက်ချကြံစည်ခဲ့တယ်"

လုချန်းချင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်ကို တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များလွှမ်းခြုံနေကာ စစ်သူတော်စင်လု၏ဝိုးတဝါးပုံရိပ်ယောင်ကိုလည်း မြင်တွေ့နိုင်သည်။

Chapter 4198

လုချန်းချင်တို့လူစု၏ တခြားတစ်ဖက်ခြမ်း၌ ချီဘုရင်တို့လူစု ရှိနေသည်။

ချီဘုရင်ကို နဂါးအစောင့်များမှနေ၍ တင်းတင်းကြပ်ကြပ် ဝိုင်းရံကာကွယ်ပေးထားသည်။နဂါးအစောင့်များသည် သူတို့၏ဆေဘာဓားများကိုဆုပ်ကိုင်ကာ သူတို့ထံမှနေ၍ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေပေ၏။

"ကျင်းယန်အမတ်ကြီး....မင်းက အမှားအမှန်ကို မခွဲခြားနိုင်ဘူး....အဲ့ဒီကောင်နှစ်ကောင်က အဆင်အခြင်မဲ့ပြီးတော့ ဒီအရှင်ရဲ့ရတနာတွေကို ခိုးယူဝံ့တယ်....ငါ့ကို ရန်စခဲ့တာကြောင့် ငါက သူတို့ကို သတ်လိုက်တာပဲ"

ချီဘုရင်၏နံဘေးတွင် ကြေးနီးသံချပ်ကာဝတ်ဆင်ထားသော လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်။ဤသည်မှာ ယုဝမ်ကျိုးပင်။

ယုဝမ်ကျိုးသည် လုယွီ၏လက်ချက်ဖြင့် သွေးအန်သည်အထိ ရိုက်နှက်ခံခဲ့ရသည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရိုးများအားလုံး ကြေမွှပျက်စီးသွားကာ သူသည် မသန်မစွမ်းတစ်ယောက်ဖြစ်လုနီးပါး အခြေအနေသို့ ရောက်ရှိသွားသည်။

သို့ရာတွင် ချီဘုရင်သည် တော်ဝင်မိသားစု၏ဘုရင်တစ်ပါးဖြစ်သဖြင့် သူ့ထံ၌ အဖိုးတန်ရှားပါးသော ဆေးလုံးအမြောက်အများရှိသည်။ထို့ကြောင့် သူသည် ဆေးလုံးများတိုက်ကာ ယုဝမ်ကျိုး၏အရိုးများကို ပြန်လည်၍တွယ်ဆက်သွားစေခဲ့သည်။

"သောက်ချေးပဲ...ဒီရတနာတွေက ငါ့ရဲ့တပည့်တွေ အရင်ဆုံးရှာတွေ့ခဲ့တယ်ဆိုတာ အသိသာကြီးလေ...မင်းက သူတို့ဆီကနေ လုယူပြီးတော့ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ သူတို့ကိုသတ်ခဲ့တယ်...ဒါက နည်းနည်းလေးတောင် ကျိုးကြောင်းဆီလျော်မှုမရှိဘူး"

ထိုစကားကိုပြောဆိုသူသည် ခုနစ်စင်ကြယ်မြင့်မြတ်နယ်မြေမှ အကြီးအကဲတစ်ယောက်ပင်။သူတို့သည် မြင့်မြတ်နယ်မြေဆယ်ခုအနက်တစ်ခုမှဖြစ်သော်လည်း မြင့်မြတ်အရှင်ရောက်ရှိလာခြင်းမရှိဘဲ အကြီးအကဲတချို့နှင့်တပည့်များသာ ရောက်ရှိလာသည်။

ယုဝမ်ကျိုးက တည်ငြိမ်အေးဆေးစွာ ပြောဆိုသည်။

"ပြင်ပဂိုဏ်းအင်အားစုက ကျင့်ကြံသူလေးတွေပဲ မဟုတ်လား...တကယ်လို့ ငါတို့က သူတို့ကိုသတ်လိုက်ရင်တောင် ဘာဖြစ်လာမှာမလို့လဲ...မင်းတို့က လက်စားပြန်ချေဝံ့လို့လား"

ထိုစကားလုံးများကြောင့် ခုနစ်စင်ကြယ်မြင့်မြတ်နယ်မြေ၏ အကြီးအကဲများအားလုံး ဒေါသထွက်သွားကာ အော်ဟစ်လိုက်၏။

"ဘုရင်တစ်ပါးဖြစ်တာနဲ့ပဲ ဆန္ဒရှိသလို လူသတ်လို့ရပြီလား"

ချီဘုရင်သည် ထိုလူများ၏အော်ဟစ်သံကို လျစ်လျှူရှုကာ လုချန်းချင်ကို စူးစိုက်၍ကြည့်လိုက်သည်။

"ကျင်းယန်အမတ်ကြီး....ဒါက ဘာသဘောလဲ"

လုချန်းချင်သည် ချီဘုရင်ကို အမြဲတစေ ရိုသေလေးစားစွာ ဆက်ဆံခဲ့ကာ တစ်ကြိမ်တခါမျှ ရိုင်းပျစွာပြောဆိုခဲ့ခြင်း မရှိချေ။

သို့ရာတွင် ယခုအချိန်၌ လုချန်းချင်သည် ချီဘုရင်၏နာမည်ကို တိုက်ရိုက်ခေါ်ဆိုခဲ့သည်။ဤသည်မှာ စည်းမျဉ်းမလိုက်နာသော အပြုအမူတစ်ရပ်ပင်။

"မင်းက ကြေးနီတံခါးကိုပိတ်ပြီးတော့ ငါတို့ကို အပြင်မှာထားခဲ့တယ်....ငါတို့က မင်းကို ရိုသေလေးစားနေရအောင် မင်းနဲ့တန်လား..."

လုချန်းချင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကျိုးထုံ ဒီနေ့ကနေစပြီးတော့ မင်းက ငါတို့လုမိသားစုရဲ့ ရန်သူတော်ကြီးပဲ....ငါတို့လုမိသားစုက မင်းကိုပစ်မှတ်ထားတာနဲ့ ကျိုးမိသားစုက မင်းကိုကူညီပေးမယ်လို့ မင်း ထင်နေတာလား"

"မင်းက ငါတို့အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေရဲ့ရန်သူပဲ...ဒီနေ့ကနေစပြီးတော့ ငါ မသေမခြင်း ဒီရန်ငြိုးကို အဆုံးမသတ်ဘူး"

မြင့်မြတ်အရှင်ဟွမ်ထျန်း၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ပေတစ်ထောင်ကျော်ရှည်လျားသော လျှပ်စီးမိုးကြိုးအလင်းတန်းကြီး ဝိုင်းရံထားသည်။ထိုအရာမှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေကာ လျှပ်စီးဝတ်ရုံတစ်ထည်ကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်နေသည့်အလား အချိန်အတော်ကြာသည်အထိ ရပ်တန့်သွားခြင်းမရှိချေ။

လုမိသားစုနှင့် မြင့်မြတ်နယ်မြစ်ဆယ်ခုတို့သည် ချီဘုရင်ကို သူတို့၏ရန်သူတော်ကြီးဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

ဤသည်မှာ ထုတ်ပြန်ကြေငြာချက်တစ်ခုသက်သက် မဟုတ်ချေ။

ဤသည်မှတစ်ဆင့် အကယ်၍ ချီဘုရင်သည် ပြင်ပသို့ထွက်လာပါက အမျိုးမျိုးသောအင်အားစုများ၏ တိုက်ခိုက်ခြင်းကိုခံရမည်ဟုဆိုလိုခြင်းပင်။သူသည် သူ၏အပိုင်စားနယ်မြေအတွင်းမှ ထွက်ခွာလိုက်သည်နှင့် သူ သေဆုံးသွားနိုင်ချေ မြင့်မားသွားပေမည်။

"အုပ်ချုပ်သူအရှင်လု ရောက်လာပြီ"

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်သည် လုယွီကိုမြင်တွေ့မိသဖြင့် အလျှင်အမြန်အော်ဟစ်လိုက်သည်။

လူများအားလုံးသည် သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။ယခုအချိန်၌ လုယွီသည် သူတို့အားလုံးအတွက် အမာခံကျောရိုးပင်။ထိပ်သီးမိသားစုများမှလူများဖြစ်စေ မြင့်မြတ်နယ်မြေများမှလူများဖြစ်စေ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ ရိုသေလေးစားကြသည်။

"လုယွီ...မင်း အသက်ရှင်နေသေးတာလား"

ယုဝမ်ကျိုး၏မျက်လုံးအတွင်း၌ နာကြည်းမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

အံ့အားသင့်ဖွယ်ကောင်းသော ဆေးလုံးများကြောင့် သူ၏ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာခဲ့သည့်တိုင် လုယွီ၏လက်ဝါးရိုက်ချက်သည် သူ၏တာအိုနှလုံးသားကို ကြေမွှပျက်စီးသွားစေခဲ့သည်။

ယခုအချိန်မှစ၍ သူ့ထံ၌ မောက်မာဝံ့ကြွားသော စိတ်ဆန္ဒမျိုး ရှိတော့မည်မဟုတ်​ချေ။အကယ်၍ သူ ဆက်လက်၍ကျင့်ကြံပါက လုယွီအား ရှုံးနိမ့်ခဲ့သည့်မြင်ကွင်းကို အစဉ်အမြဲ စဉ်းစားတွေးတောမိပေမည်။သူ၏တာအိုနှလုံးသား၌ အမှောင်ထုကြီး ဖုံးလွှမ်းနေလေပြီ။

သူသည် လုယွီကို တစ်ကြိမ်ခန့်အနိုင်ယူနိုင်ခြင်း သို့မဟုတ် လုယွီ သေဆုံးသွားခြင်းမရှိပါက နှလုံးသားနတ်ဆိုးသည် သူ၏စိတ်နှလုံးသားအတွင်း၌ အစဉ်အမြဲကိန်းအောင်းနေကာ မည်သို့မျှ ပျက်စီးသွားမည်မဟုတ်ချေ။

"တကယ်လို့ မင်းထပ်ပြီးစကားပြောမယ်ဆိုရင် ငါ မင်းကို အခုချက်ချင်း သတ်ပစ်မယ်"

လုယွီက ပြောဆိုသည်။

လုယွီ၏စကားကိုကြားချိန်၌ ယုဝမ်ကျိုးသည် ရုတ်တရက် တုန်လှုပ်​ချောက်ချားသွားပေ၏။

"မင်း စောင့်နေစမ်း...ဒီနေရာမှာ မင်း အနှေးနဲ့အမြန် သေရလိမ့်မယ်"

ယုဝမ်ကျိုး၏မျက်လုံးအတွင်း၌ နာကျည်းမုန်းတီးမှုနေသော်လည်း သူသည်ချီဘုရင်၏နောက်၌ ပုန်းအောင်းနေကာ လုယွီ၏မျက်လုံးများကို စေ့စေ့မကြည့်ဝံ့ချေ။

Chapter 4199

ချီဘုရင်က လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။

"ဘာလဲ....မင်းက ဒီလူနှစ်ယောက်အတွက် ရပ်တည်ပေးချင်တာလား"

ချီဘုရင်သည် နဂါးအစောင့်များ၏ကာကွယ်စောင့်ကြပ်ခြင်းကို ခံထားရသည့်အပြင်သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရွှေရောင်နဂါးတစ်ကောင် လှည့်ပတ်ပျံဝဲနေသည်။ကံကြမ္မာစွမ်းအား၏ကောင်းချီးပေးမှုကြောင့် သူ့ကိုကြည့်ရသည်မှာ မြင့်မြတ်ပြီးအစွမ်းထက်ပုံရသည်။

လုယွီသည် မြေပြင်ပေါ်ရှိအလောင်းနှစ်လောင်းကိုကြည့်ကာ အေးစက်တင်းမာစွာ တုံ့ပြန်လိုက်၏။

"သူတို့အတွက် မဟုတ်ဘူး...ကျိုးထုံဆိုတဲ့မင်းက သေလမ်းရှာနေတာကြောင့်ပဲ"

နှစ်ဖက်စလုံးသည် ယခင်ကတည်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်ဖော်ထားပြီးဖြစ်သည်။

ချီဘုရင်ကို ဤတစ်ကြိမ် ထပ်မံ၍မြင်တွေ့ရပြီးနောက် ဤလူသည် အလွန်အမင်းယုတ်မာကောက်ကျစ်ကာ အကွက်ချကြံစည်မှုများဖြင့်ပြည့်နှက်နေသည်ဟု လုယွီက ခံစားမိသည်။

အကယ်၍ လုယွီသာ ကြေးနီတံခါးကို အချိန်မီဖွင့်နိုင်ခဲ့ခြင်းမရှိပါက ပြင်ပတွင်ကျန်ရှိနေခဲ့သော လူများအတွက် စောင့်ဆိုင်းနေသည်မှာ သေဆုံးခြင်းသာဖြစ်ပေမည်။

ချီဘုရင်၏နောက်တွင် ပုန်းအောင်းနေသော ယုဝမ်ကျိုးက သရော်တော်တော်ပြောဆိုသည်။

"လုယွီ...မင်းက အုပ်ချုပ်သူအရှင်တစ်ယောက်ဖြစ်တာနဲ့ပဲ အဆင့်အတန်း အရမ်းမြင့်နေပြီလို့ မင်း မထင်နဲ့....မင်းက နယ်မြေခံအရာရှိလေးတစ်ယောက်ပဲ...အဆုံးသတ်ကျတော့ မင်းက ကျိုးမိသားစုက မွေးထားတဲ့ခွေးတစ်ကောင်ပဲ ...တကယ်လို့ အရှင်က အရာရှိတစ်ယောက်ကို သေစေချင်တယ်ဆိုရင် မင်း သေရမယ်"

"ခုဏကတည်းက ငါ မင်းကို ပါးစပ်ပိတ်ဖို့ပြောထားခဲ့တယ်...ငါ မင်းကို မသတ်ရဲဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"

လုယွီသည် အနည်းငယ်မျှသည်းခံခြင်းမရှိဘဲ ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်၏။

လုယွီ၏လက်အတွင်းမှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်လာခြင်းနှင့်အတူ ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်က ယုဝမ်ကျိုးထံဦးတည်၍ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

"လုယွီ....မင်းက ငါ့ရဲ့ရှေ့မှာငါ့ရဲ့လက်အောက်ငယ်သားကို သတ်ချင်နေတာလား....အဲ့ဒီအကြောင်းကို မစဉ်းစားစမ်းနဲ့"

ချီဘုရင်သည် ဒေါသူပုန်ထသွားလေ၏။ထို့နောက် သူ၏လက်မှ အခွင့်အာဏာစည်းတံဆိပ်ကိုမြှောက်လိုက်ရာ သူ၏နံဘေးပတ်ဝန်းကျင်၌ လှည့်ပတ်ပျံဝဲနေသော ရွှေရောင်နဂါးထံမှနေ၍ ဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ဘန်း....

ထိုတိုက်ခိုက်မှုနှစ်ခုထိတွေ့မိချိန်တွင် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ မြည်ဟီးသွားသည်။ချီဘုရင်သည် နောက်သို့ခြေလှမ်းသုံးလှမ်းခန့်ဆုတ်ပြီးမှ သူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် ချီဘုရင်၏ခန္ဓာကိုယ်၌ သွေးချီစွမ်းအားများ တလိမ့်လိမ့်ထနေကာ အခွင့်အာဏာစည်းတံဆိပ်မှနေ၍ ရွှေရောင်စွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။ထိုအရာများသည် ချီဘုရင်အား အပြင်းအထန် ဒဏ်ရာရရှိမသွားစေရန် အခိုင်အမာကာကွယ်ပေးထားသည်။

"ဘုရင်အဆင့် အခွင့်အာဏာစည်းတံဆိပ်က တကယ့်ကို အစွမ်းထက်တာပါလား"

လုယွီ၏မျက်လုံးအတွင်း၌ အံ့အားသင့်မှုတချို့ ဖြတ်ပြေးသွားသည်။

နယ်မြေသခင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် လုယွီ၏လက်ဝါးရိုက်ချက်ကို တောင့်ခံနိုင်ရန် အလွန်အမင်းခက်ခဲပေမည်။သို့ရာတွင် ချီဘုရင်သည် သူနှင့်လက်ရည်တူနီးပါး ယှဉ်ပြိုင်နိုင်ပေ၏။

သူ၏စွမ်းအားများအနက်မှအများစုသည် ချီဘုရင်၏အခွင့်အာဏာစည်းတံဆိပ်ကြောင့် ပျက်ပြယ်သွားခဲ့သည်။

တာယွီအင်ပါယာ၏ကြီးမားကျယ်ပြန့်သော ကံကြမ္မာစွမ်းအားများသည် ချီဘုရင်ပေါ်သို့ သက်ရောက်နေပေ၏။အကယ်၍ အလွန်အမင်းကြီးမားသော စွမ်းအားတစ်ရပ်ဖြစ်သည့်တိုင် ချီဘုရင်အား ထိခိုက်စေသည်မှာ ပင်လယ်အတွင်းမှရေတစ်စက်စာပမာဏသာ ရှိပေမည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ ယုဝမ်ကျိုးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"လုယွီ အချိန်မဖြုန်းစမ်းနဲ့...အရှင့်မှာ ပြိုင်ဘက်ကင်းနတ်ဘုရားစွမ်းရည်တွေရှိတယ်...ဘယ်သူကမှ သူ့ကို အနိုင်မယူနိုင်ဘူး...မင်းရဲ့လှည့်ကွက်ငယ်လေးတွေက အရှင့်ရဲ့ရှေ့မှာ ရိုင်းပျဖို့အတွက် မလုံလောက်ဘူး"

ထိုသို့ပြောဆိုလိုက်သည့်တိုင် ယုဝမ်ကျိုးသည် နောက်သို့ဆုတ်လိုက်ကာ သူ့အား သက်ရောက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေသည်။

"အဲ့ဒီလိုလား....ချီဘုရင် တကယ်လို့ မင်းရဲ့အင်္ကျီလက်ထဲမှာ ဝှက်ဖဲတချို့သိမ်းထားတယ်ဆိုရင်တောင် မင်းက ငါတို့အားလုံးကို ရန်စစော်ကားခဲ့တဲ့အတွက် ဒီနေ့က မင်းအတွက် နေ့ကောင်းတစ်နေ့ဖြစ်မယ်လို့ မင်း ထင်လား"

လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့သည် ရှေ့သို့တပြိုင်နက်တည်း တိုးလိုက်ကြ၏။သူတို့၏ခန္ဓာကိုယ်များထက်တွင် အထွတ်အမြတ်မှော်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေကာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

တခြားကျင့်ကြံသူများသည်လည်း ရှေ့သို့တက်လိုက်ကြသည်။သူတို့သည် ကြေးနီတံခါး၏ပြင်ပ၌ ချန်ထားခံရခြင်းကြောင့် ချီဘုရင်အား ရိုးတွင်းခြင်ဆီထိလှိုက်အောင် နာကြည်းမုန်းတီးနေကြသည်။ဤအချိန်အခိုက်အတန့်တွင် ယခင်က သူတို့ခံစားခဲ့ရသော အရှက်ရမှုများအားလုံးကို ဆေးကြောလိုပေ၏။

"ဒီနေရာက ရှေးဟောင်းလည်းအပျက်အစီးနယ်မြေတစ်ခုပဲ...ရတနာတွေကို အစွမ်းထက်ဆုံးလူက ပိုင်ဆိုင်သင့်တယ်...တကယ်လို့ မင်းတို့သေသွားရင် ဒီရတနာတွေက ငါ့ရဲ့အပိုင်ဖြစ်လာတာ သဘာဝကျတဲ့ကိစ္စပဲလေ...ဒါက ဘာပြောစရာရှိလို့လဲ"

ချီဘုရင်က မောက်မာထောင်လွှားစွာဖြင့် သူ၏ခေါင်းကိုမော့ကာ ထက်ရှသောမျက်လုံးတစ်စုံဖြင့် လူအုပ်ကြီးကိုဝေ့ဝိုက်၍ ကြည့်လိုက်သည်။

"တကယ်လို့ မင်းတို့မကျေနပ်ဘူးဆိုရင် တိုက်ခိုက်ကြတာပေါ့...ဒီဘုရင်ကို မင်းတို့ အလွယ်တကူရင်ဆိုင်နိုင်မယ်လို့ ထင်နေကြတာလား"

ထို့နောက် သူသည် အခွင့်အာဏာစီတံဆိပ်ကိုမြှောက်လိုက်ရာ လက်သည်းလေး​ချောင်းရွှေရောင်နဂါးတစ်ကောင်က ဟိန်းဟောက်ပြီး လေထုအတွင်းသို့ ပျံသန်းသွားသည်။ အကန့်အသတ်မရှိသော ရွှေရောင်အလင်းတန်းများသည်ချီဘုရင်၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် လွှမ်းခြုံနေကာ သူ့ကိုကြည့်ရသည်မှာ နတ်ဘုရားတစ်ပါးအလားပင်။

ချီဘုရင်သည် သူတို့နှင့်ရင်ဆိုင်ရာတွင် ဟန်ဆောင်မှုမျက်နှာဖုံးကို အမှန်တကယ်ခွာချလိုက်မည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ မျှော်လင့်မထားမိချေ။

ကျိုးမိသားစု၏ဘုရင်များအနက် မည်သူတစ်ဦးတစ်ယောက်မျှ သာမန်လူမဟုတ်ချေ။ချီဘုရင်သည် ယုတ်ညံ့သူတစ်ယောက်ဖြစ်ကာ ဘုရင်များကြားတွင် နာမည်ကျော်ကြားခြင်းမရှိသော်လည်း လွယ်လင့်တကူရင်ဆိုင်၍ရမည့် လူတစ်ယောက်မဟုတ်ပေ။

Chapter 4200

လုယွီသည် အပိုစကားတစ်ခွန်းမျှမဆိုဘဲ ရှေ့သို့တက်လိုက်သည်။

လုယွီ ရှေ့သို့တိုးဝင်လာသည်ကို မြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိ ရာနှင့်ချီသောနဂါးအစောင့်များသည် သူ့အားဟန့်တားရန်အတွက် ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြေးဝင်လာကြသည်။

"ထွက်သွားကြစမ်း"

လုယွီသည် သူ၏အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်ရာ လေဆင်နှာမောင်းတစ်ခုအလား လေပြင်းတစ်ရပ်ထွက်ပေါ်လာပြီး သူ့ထံတိုးဝင်လာသော နဂါးအစောင့်များအားလုံးကို လွင့်ထွက်သွားစေသည်။

သူ့ရှေ့ရှိလူများ လွင့်ထွက်သွားပြီးနောက် လုယွီနှင့်ချီဘုရင်တို့သည် နောက်ဆုံး၌ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်မိလေ၏။

"ငါက မင်းကို အမြဲတမ်းသည်းခံခဲ့တယ်...မင်းက လူငယ်မျိုးဆက်သစ်ရဲ့အထူးချွန်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်မယ်လို့ အစကတော့ ငါ ထင်ခဲ့တယ်....မင်းက တော်ဝင်နန်းတွင်းအတွက် ကြီးမားတဲ့အကျိုးဆောင်မှုတွေ လုပ်ခဲ့တာကြောင့် ငါက မင်းရဲ့အသက်ကို ချမ်းသာပေးချင်ခဲ့တယ်....ဒါ့ပြင် ငါက မင်း ငါ့အပေါ် ထပ်ခါတလဲလဲရန်စစော်ကားခဲ့တာတွေကိုလည်း မမြင်ချင်ယောင်ဆောင်ခဲ့တယ်...ကြေးနီတံခါးရဲ့ရှေ့မှာ မင်း အသက်ရှင်သန်နိုင်တာက မင်းမှာကံကြမ္မာကောင်းတစ်ခု ရှိနေလို့ပဲ...ဒါတောင်မှ မင်းက မင်းအတွက် ဘယ်အရာက ကောင်းတယ်ဆိုတာကို မသိဘဲနဲ့ သေလမ်းလာရှာခဲ့တယ်"

ချီဘုရင်သည် လေထုအတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေပေ၏။သူ၏မျက်လုံးတစ်စုံသည် အသူရာချောက်နက်ကြီးတစ်ခုနှင့် တူညီကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။သူသည် သူ၏ခွန်အားကို ကွယ်ဝှက်ထားခြင်းမရှိဘဲ အပြည့်အဝထုတ်ဖော်အသုံးပြုလိုက်သည်။

လုယွီ၏ဆံပင်များ လေထုအတွင်း၌လူးလွန့်နေကာ သူ၏မျက်လုံးတစ်စုံသည် မင်ကဲ့သို့မည်းနက်နေပြီး ချီဘုရင်၏ရှေ့သို့ ပျံသန်းသွားသည်။သူ၏အဝတ်အစားများသည် လေထုအတွင်း၌ တဖျတ်ဖျတ်လှုပ်ခတ်နေပေ၏။

သူတို့နှစ်ယောက်သည် လှုပ်ရှားခြင်းမပြုသော်လည်း သူတို့၏နတ်ဘုရားစိတ်အာရုံအချင်းချင်း ရင်ဆိုင်မိချိန်တွင် ပတ်ဝန်းကျင်ရှိမြေပြင်တပြင်လုံး တုန်ခါသွားသည်။

ဘုန်း....

အစွမ်းထက်သောအားလှိုင်းတစ်ရပ်ကြောင့် အုတ်​ချပ်များကြေမွပျက်စီးသွားကာ မရေမတွက်နိုင်သော ကျောက်စကျောက်နများ လေထုအတွင်းသို့ မြင့်တက်လာသည်။

ဘုန်း....ဘုန်း....ဘုန်း....

အစွမ်းထက်သောစွမ်းအားနှစ်ရပ် ထိပ်တိုက်ရင်ဆိုင်မိလေ၏။ဤနေရာသို့ မည်သူတစ်ဦးတစ်ယောက်မျှ ချဉ်းကပ်လာခြင်းမရှိသော်လည်း အရမ်းမျက်နှာအဘက်ဘက်သို့ ပျံ့နှံ့လာသည့် တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါများကို သူတို့အားလုံး အာရုံခံမိသည်။တချို့လူများသည် ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရလေ၏။

"ချီဘုရင်က သူကိုယ်သူ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာပါလား"

"ဒါက အမှန်ပဲ...သူက ထီးနန်းရဖို့အတွက် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လူတစ်ယောက်ပဲလေ...သူက ဘုရင်တစ်ပါးအဆင့်ပဲ ရှိနေတယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီးတော့ အစွမ်းအစမရှိတဲ့လူ ဖြစ်နိုင်မှာလဲ"

လူအများစု၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။သူတို့သည် ချီဘုရင်၏ဒဏ္ဍာရီများအကြောင်းကို ပြန်စဉ်းစားမိကာ သူ့အားလျှော့တွက်ခဲ့မိကြောင်း နားလည်သဘောပေါက်သွားသည်။

နယ်မြေသခင်နှစ်ယောက်ဖြစ်သော လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့ပင်လျှင် ဤအရှိန်အဝါအောက်၌ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောဖိအားကို ခံစားမိသည်။

ချီဘုရင်ထံတွင် ကောင်းကင်တပြင်လုံးကို ကြေမွှပျက်စီးစေသောစွမ်းအား ရှိနေသည်။

သူသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ တစ်စုံတစ်ယောက်ကြောင့် နိုးထလာခဲ့သော သားရဲကြီးတစ်ကောင်အလားပင်။သူ၏မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ကာသူအား လာရောက်နှောင့်ယှက်သူကို သတ်ဖြတ်လိုပုံရသည်။

"တော်ဝင်နယ်မြေ...."

ချီဘုရင်သည် ချက်ချင်းဆိုသလိုပင် သူ၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို ထုတ်ဖော်အသုံးပြုလိုက်၏။

ဤသည်မှာ တာယွီအင်ပါယာ၏ဧကရာဇ်တစ်ပါးမှနေ၍ တစ်ချိန်က ဖန်တီးခဲ့သောကျင့်ကြံနည်းစနစ်ပင်။ထိုအရာကို တော်ဝင်မျိုးနွယ်၏အဓိကမိသားစုဝင်များသာ ကျင့်ကြံခွင့်ရှိသည်။

ဤလှုပ်ရှားမှုသည် အလွန်ရဲတင်းပြီးပြင်းထန်ကာ တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် လောကကြီးအတွင်းရှိ အရာရာတိုင်းကို ဖျက်ဆီးနိုင်သော အစွမ်းထက်သည့်စွမ်းအားမျိုးကို ထုတ်ဖော်နိုင်သည်။

ပြိုင်ဘက်ကင်းကိုယ်ပိုင်နယ်မြေတစ်ခုက အရက်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤတော်ဝင်နယ်မြေအတွင်း၌ မှော်မန္တန်ရွတ်ဆိုသူသည် အစစ်အမှန်ဧကရာဇ်ဖြစ်ပြီး တခြားလူများ၏သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်ကာ အတွေးတစ်ချက်ဖြင့် လောကကြီးကိုဖျက်ဆီးနိုင်သည်။

တစ်ဖက်ရန်သူသည် မည်သည့်ကျင့်ကြံနည်းစနစ်ကို ကျင့်ကြံသည်ဖြစ်စေ ဤကိုယ်ပိုင်နယ်မြေအတွင်းမှ လွတ်မြောက်နိုင်မည်မဟုတ်သည့်အပြင် လှုပ်ရှားနိုင်စွမ်းလည်း ရှိမည်မဟုတ်ချေ။

ဘုန်း....

ရုတ်ချည်းဆိုသလိုပင် လုယွီသည် တော်ဝင်နယ်မြေအတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရသည်။

အကန့်အသတ်မရှိ ရက်စက်ကြမ်းကြုတ်သောအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာကာ သူ့အား အမှုန်အမွှားဖြစ်သည်အထိ ခြေမွှလိုသည့်အလားပင်။

ဤကဲ့သို့ ပြင်းထန်သောစွမ်းအားများ၏အလယ်တွင် လုယွီသည် တည်ငြိမ်သောကိုယ်နေဟန်ထားဖြင့် မတ်တတ်ရပ်နေဆဲပင်။သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏မျက်လုံးများ တည်ငြိမ်နေသည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် နတ်ဆိုးချီစွမ်းအားများ ဝိုင်းရံနေသည်။သူ၏နတ်ဆိုးစိတ်ဆန္ဒသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်နေကာ မြေအောက်လောကနတ်ဘုရား၏ပုံရိပ်ယောင်ကြီး ထွက်ပေါ်လာသည်။ ဤသည်မှာ မလှုပ်ရှားနိုင်သော တောင်ကြီးတစ်လုံးနှင့်တူညီကာ သူ့ထံသို့ အရပ်မျက်နှာအဘက်ဘက်မှတိုးဝင်လာသော အားလှိုင်းများသည် သူ့အား အနည်းငယ်မျှ သက်ရောက်စေခြင်းမရှိချေ။

"လုယွီ...."

လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့သည် သူတို့၏မှော်မန္တန်များကို တပြိုင်နက်တည်းရွတ်ဆိုလိုက်ကြ၏။သို့ရာတွင် သူတို့သည် ချီဘုရင်၏ တော်ဝင်နယ်မြေကို ချိုးဖျက်နိုင်စွမ်းမရှိချေ။

တော်ဝင်နယ်မြေ၏နံဘေးပတ်လည်တွင် ရွှေရောင်အလင်းတန်းများ ရစ်သိုင်းလွှမ်းခြုံနေသည်။ပြင်ပလောကရှိတိုက်ခိုက်မှုများ မည်မျှထိ ပြင်းထန်သည်ဖြစ်စေ တော်ဝင်နယ်မြေကို အနည်းငယ်မျှချိုးဖျက်နိုင်စွမ်းမရှိချေ။

"ဘယ်သူကမှ သူ့ကို မကယ်နိုင်ဘူး...ဒီကောင်စုတ်လေးကို သတ်ပြီးရင် မင်းတို့ သေရမယ့်အချိန်ပဲ"

ချီဘုရင်က ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုသည်။

All Chapters