← Chapters

အခန်း (၄၂၁၁-၄၂၁၅)

Vol. 214 Ch. 4211-4215

အခန်း (၄၂၁၁-၄၂၁၅)

Vol. 214 Ch. 4211-4215

Chapter 4211

လုယွီ၏တိုက်ခိုက်မှုသည် အလွန်အစွမ်းထက်ပေ၏။

တခြားလူများသည် နံဘေးတဖက်မှစောင့်ကြည့်နေကြသည့်တိုင် ဤတိုက်ခိုက်မှုတွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ဖျက်ဆီးနိုင်သော အထွတ်အမြတ်စွမ်းအားမျိုး ရှိနေသည်ကို သတိပြုမိသည်။

အကယ်၍ သူတို့သည် မဆင်မခြင်လှုပ်ရှားလိုက်ပါက လုယွီကိုကူညီရာ မရောက်သည့်အပြင် သူတို့အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။

အခွင့်အာဏာစည်းတံဆိပ်သည် လေထုအတွင်း၌ တောင်ကြီးတစ်လုံးအလား လှည့်ပတ်ပျံဝဲနေကာ အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိချေ။

ချီဘုရင်သည် သူ၏ကံကြမ္မာစွမ်းအားများကို အသုံးပြု၍ ဤလေဟာနယ်ကို ပိုင်းခြားလိုက်ခြင်းပင်။

တော်ဝင်မိသားစု၏ဘုရင်တိုင်းထံတွင် တော်ဝင်မျိုးနွယ်၏ အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများမှ ကောင်းချီးပေးမှုကို ရရှိသည်။ ဤသည်ကြောင့် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များ အဆများစွာခုန်ပျံ​ကျော်လွှား၍ မြင့်တက်လာခြင်းဖြစ်သည်။

ဤသည်မှာ အထူးသဖြင့် ချီဘုရင်ကဲ့သို့ အပိုင်စားနယ်မြေများကို ပိုင်ဆိုင်ထားသော ဘုရင်များအတွက်ပင်။သူတို့သည် နယ်မြေ၏ကံကြမ္မာစွမ်းအားများမှ ကာကွယ်ပေးထားမှုကြောင့် ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်သည်။

လုယွီနှင့်တိုက်ခိုက်စဉ်တွင် ချီဘုရင်သည် သူ၏လက်အတွင်း၌ အခွင့်အာဏာစည်းတံဆိပ်ကိုကိုင်ထားကာ သူ၏ခွန်အားမြင့်တက်စေရန်အတွက် တာယွီအင်ပါယာ၏ကံကြမ္မာစွမ်းအားကို စုပ်ယူနေခဲ့သည်။

ဤသည်မှာ စွမ်းအားကိုငှားရမ်းသည့် နည်းစနစ်တစ်ခုပင်။ကျိုးထုံထံတွင် ချီဘုရင်ဟူသော အဆင့်အတန်းရှိနေသဖြင့် အခွင့်အာဏာစည်းတံဆိပ်၏ကောင်းချီးပေးမှုကြောင့် သူ၏ခွန်အားကို အလျှင်အမြန် မြင့်တက်စေနိုင်သည်။

ဤသည်ကြောင့် လုယွီသည် အစောပိုင်းက တိုက်ပွဲအတွင်း၌ ချီဘုရင်ကိုဒဏ်ရာရရှိအောင် မလုပ်နိုင်ခဲ့ခြင်းပင်။

ဤသည်မှာ တော်ဝင်မျိုးနွယ်၏အသက်ကယ်နည်းစနစ်တစ်ခုဖြစ်ပြီး သူတို့၏အသက်အန္တရာယ်ရှိနိုင်သော သေရေးရှင်ရေးအချိန်အခိုက်အတန့်မျိုးတွင်သာ အသုံးပြုသည်။

သို့ရာတွင် ချီဘုရင်သည် ဤနေရာ၌ အခွင့်အာဏာစည်းတံဆိပ်ကိုအသုံးပြု၍ လုယွီ၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ မျှော်လင့်မထားမိချေ။

ဤသည်မှာ လုယွီ၏ရှေ့တွင် ကျင့်ကြံခြင်းအင်ပါယာတစ်ခုရှိနေကာ သူအား ဟန့်တားထားသည့်အလားပင်။

"ဟား ဟား ဟား...ငါ အရင်က ပြောခဲ့ပါတယ်... ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော် ပိုင်ဆိုင်ထားတဲ့ကံကြမ္မာက အကန့်အသတ်မရှိဘူး... အဆုံးသတ်ကျတော့ လူသားဧကရာဇ်ရဲ့အမွေအနှစ်က ငါတို့အရှင်ရဲ့အပိုင် ဖြစ်လာတော့မယ်...မင်းတို့ထဲက ဘယ်သူတစ်ဦးတစ်ယောက်မှ သူ့ကို ဟန့်တားလို့မရဘူး"

ကျိုးရှင်းသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောကာ သံကြိုးကြီးများကိုဖြတ်တေက်သည့်နေရာ၌ ပူးပေါင်းလိုက်၏။

ဘုန်း...

ကျယ်လောင်သောအသံတစ်သံနှင့်အတူ နောက်ထပ်သံကြိုးတစ်ချောင်း ပြတ်သွားသည်။

ခေါင်းတလားကိုချည်နှောင်ထားသော သံကြိုးများ ပို၍လျော့ရဲသွားကာ ခေါင်းတလားပေါ်ရှိ အက်ကွဲကြောင်းများအကြားမှနေ၍ နတ်ဆိုးချီစွမ်းအားများ ပို၍ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိအပူချိန် ရုတ်တရက်ကျဆင်းသွားကာ လူအများအား ချမ်းစိမ့်တုန်ရီသွားစေသည်။

လုယွီ၏မျက်လုံးများ အေးစက်သွားကာ သူကခက်ထန်တင်းမာစွာ ပြောဆိုလိုက်၏။

"ဒါက လူသားဧကရာဇ်ရဲ့ခေါင်းတလားလို့ မင်းတို့ ထင်နေကြတာလား"

လုယွီသည် ယခင်က လူသားဧကရာဇ်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ဖူးပြီးဖြစ်သည်။

ထိုအချိန်တုန်းက သူ့ရှေ့ရှိ လူသားဧကရာဇ်သည် မြင့်မြတ်ပြီး ကြီးကျယ်ခမ်းနားသည်ကို လုယွီက ခံစားမိသည်။လူသားဧကရာဇ်သည် ခေတ်ကာလပေါင်းများစွာကို ဖြတ်ကျော်ခဲ့သော အတွေ့အကြုံရှိကာ လောကကြီးတခွင်လုံးကို လှုပ်ခတ်နိုင်သော ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတစ်ယောက်ပင်။

သို့ရာတွင် လုယွီသည် ဤခေါင်းတလားမှနေ၍ ထိုကဲ့သို့အရှိန်အဝါမျိုးကို အာရုံခံမိခြင်းမရှိပေ။

"ဒါက လူသားဧကရာဇ်ရဲ့ခေါင်းတလားမဟုတ်ရင် မင်းရဲ့ဟာလား...မောက်မာထောင်လွှားတဲ့ကောင်လေး အပြင်မှာ မင်း ဘယ်လောက်ပဲ ရိုင်းပျနေပါစေ ပြဿနာမရှိဘူး...မင်း ဒီထဲကို ဝင်မလာသင့်ဘူး"

ချီဘုရင်ကျိုးထုံ၏မျက်နှာအမူအယာ တည်ငြိမ်နေကာ သူက မောက်မာထောင်လွှားစွာ ပြောဆိုသည်။

"ငါက လူသားဧကရာဇ်ရဲ့အမွေအနှစ်ကို ဆက်ခံပြီးတဲ့အချိန်ကျရင်...ဒီနေ့က မင်း သေရမယ့်နေ့ပဲ"

ထိုသို့ပြောဆိုပြီးနောက် သူတို့နှစ်ယောက်သည် ခေါင်းတလား၏ဆွဲဆောင်ခြင်းကို ခံလိုက်ရတော့သည်။သူတို့သည် လုယွီ၏စကားများကို လျစ်လျူရှုကာ တတိယမြောက်သံကြိုးကို ဖြတ်တောက်လိုက်၏။

"ငါ အဲ့ဒီအထဲကို မဝင်နိုင်ဘူးလား"

လုယွီ၏မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ၏လက်ဝါးကို လက်သီးအဖြစ် ပြောင်းလဲလိုက်သည်။သူ့ကိုကြည့်ရသည်မှာ လူသားနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံပင်။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တောက်ပသောမှော်အလင်းတန်းများညဝိုင်းရံနေကာ သူသည် ရွှေရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်နှင့် တူညီနေပေ၏။

လုယွီ၏လက်သီးမှနေ၍ ပြင်းထန်သောစွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။ သူ၏လက်သီးအတွင်းသို့ အကန့်အသတ်မရှိသောစွမ်းအားများ စီးဝင်နေကာ လေပြင်းမုန်တိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ တဖန်ထပ်၍တိုက်ခတ်သွားသည်။

ဘန်း....

ထိုလက်သီးချက်ကျရောက်သွားပြီးနောက် ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရသည်။

အခွင့်အာဏာစည်းတံဆိပ်ဖြင့် ဖွဲ့စည်းထားသော အလင်းလွှာသည် ရုတ်တရက် တုန်ခါစပြုလာပေ၏။

တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ အလင်းလွှာပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်း ပြန်၍ပျောက်ကွယ်သွားခဲ့သည်။

အတားအဆီးအလွှာအတွင်းတွင်ရှိနေသော ချီဘုရင်နှင့်ကျိုးရှင်းတို့၏ သရော်တော်တော်မျက်နှာအမူအယာများ ပျောက်ကွယ်သွားကာ အလွန်အမင်း တည်ကြည်လေးနက်စပြုလာသည်။

Chapter 4212

"အခွင့်အာဏာစည်းတံဆိပ်ရဲ့ကံကြမ္မာအတားအဆီးအလွှာတောင် တုန်ခါသွားတယ်...ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ ခွန်အားလဲ"

"တကယ်လို့ ရွှေမော်တယ်တစ်ယောက်က ဒီလက်သီးချက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်...အဲ့ဒီလူ တစစီပေါက်ကွဲသွားနိုင်တယ်...နယ်မြေသခင်ပထမအဆင့် ကျင့်ကြံသူတစ်ယောက်တောင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်တယ်"

ဤလက်သီးချက်၏စွမ်းအားကိုသိရှိသော လူအုပ်အကြားမှ ထိပ်သီးကျင့်ကြံသူတချို့သည် စိတ်လှုပ်ရှားသွားပေ၏။

အခွင့်အာဏာစည်းတံဆိပ် မည်မျှထိ အစွမ်းထက်သည်ကို သူတို့အားလုံး ကောင်းစွာသိရှိထားသည်။

ထိုအရာကိုအသုံးပြုလိုက်သည်နှင့် ချီဘုရင်၏အပိုင်စားနယ်မြေအတွင်းမှ ကံကြမ္မာစွမ်းအားများအားလုံး အတားအဆီးအလွှာအတွင်းသို့ စီးဝင်နေကာ မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံကာကွယ်ပေးနိုင်သည်။

လက်သီးတချက်ဖြင့် တိုင်းပြည်တစ်ပြည်ကို လှုပ်ခတ်စေခြင်း...

ဤစွမ်းအားသည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပေ၏။

ချီဘုရင်က မျက်မှောင်ကြုတ်၍ အေးစက်တင်းမာစွာပြောဆိုသည်။

"ဆက်ပြီးချိုးဖျက်စမ်း...ဒီအရှင်က မင်း လက်သီးချက် ဘယ်လောက်ထိများများ အသုံးပြုနိုင်မလဲဆိုတာ ကြည့်ချင်တယ်"

မည်သူမဆို သူတို့၏အားအကောင်းဆုံးတိုက်ခိုက်မှုကို အသုံးပြုနိုင်သည်။

သို့ရာတွင် သူတို့၏အားအကောင်းဆုံးတိုက်ခိုက်မှုကို အချိန်အတော်ကြာသည်အထိ ထိန်းသိမ်းထားနိုင်ခြင်းမရှိချေ။

"ငါ့ရဲ့အခွင့်အာဏာစည်းတံဆိပ်က တာယွီအင်ပါယာရဲ့ကံကြမ္မာစွမ်းအားနဲ့ ချိတ်ဆက်ထားတယ်....ငါက ဘုရင်တစ်ပါးဖြစ်နေတာကြောင့် ငါ့ရဲ့အပိုင်စားနယ်မြေမှာရှိတဲ့ ကံကြမ္မာစွမ်းအားတွေကို အဆက်မပြတ် ရယူနိုင်ပြီးတော့ အတားအဆီးအလွှာမှာ ဖြည့်တင်းနိုင်တယ်...မင်း ငါ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

ချီဘုရင်က တည်ငြိမ်စွာပြောဆိုသည်။

လုယွီ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေကာ ချီဘုရင်၏စကားများကို မကြားသည့်အလားပင်။သူသည် လက်သီးချက်များကို ဆက်လက်၍ထိုးနှက်လိုက်၏။

သူ၏အနက်ရောင်ဆံပင်များ ပြေလျော့နေကာ သူ၏အစိမ်းရောင်ဝတ်စုံ လေထုအတွင်း၌ လူးလွန့်နေသည်။သူ၏ခန္ဓာကိုယ်တွင် သွေးချီစွမ်းအားများဖြင့် ပြည့်နှက်နေကာ သူ၏မျက်လုံးတစ်စုံသည် ဝံပုလွေတစ်ကောင်၏မျက်လုံးအလား အလွန်စူးရှနေပေ၏။

လုယွီသည် သူ၏ခြေထောက်ကိုမြှောက်ကာ တောင်ကြီးတစ်လုံးကို သယ်ဆောင်ထားသည့်အလား ပြင်းထန်သည့်စွမ်းအားဖြင့် အလင်းလွှာကို ထိုးနှက်လိုက်သည်။

ဘန်း...

ဘန်း....

ဘုန်း....

ကျယ်လောင်သောအသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။လုယွီ ထိုးနှက်လိုက်သည့် လက်သီးချက်တိုင်းသည် သူ၏အားအကောင်းဆုံးတိုက်ခိုက်မှုကို အသုံးပြုထားခြင်းပင်။

သူ၏လက်သီးမှ နောက်ချန်အားလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ ရေအိုင်မျက်နှာပြင်ပေါ်တွင် ဒီရေလှိုင်းများအလား လှိုင်းဂယက်များထလာသည်။

ဤကဲ့သို့ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် အလင်းလွှာအတွင်းရှိ အခွင့်အာဏာစည်းတံဆိပ်သည် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာက အချိန်မရွေး ပျက်စီးသွားတော့မည့်အလားပင်။

"ဒီစွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်....သူက ဘယ်လိုမျိုး ကျင့်ကြံခဲ့တာလဲ"

"သူက ထန်စစ်တပ်ကို အနိုင်ယူပြီးတော့....ထန်စစ်တပ်ရဲ့ဝူတင်းအမတ်ကြီးကတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ငါ အရင်က ကြားထားခဲ့တယ်....ဒါက ကောလဟာလတစ်ခုသက်သက်လို့ ငါ ထင်ခဲ့တယ်...ဒါပေမယ့် အခုတော့အခေါက်တစ်ရာလောက်ကြားရတာထက် တစ်ခေါက်မြင်တွေ့လိုက်ရတာက ပိုပြီးကောင်းတယ်....သူ့မှာ ဒီလိုမျိုးစွမ်းအား တကယ်ရှိနေတာပဲ"

"ဒီလိုမျိုးအသက်အရွယ် ဒီလိုမျိုးခွန်အားနဲ့ ..သူ့ကို လောကကြီးထဲမှာ ပုန်းအောင်းနေတဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တွေကပဲ ယှဉ်ပြိုင်နိုင်လိမ့်မယ်"

လူအများစုသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်နေပေ၏။လုယွီ ထုတ်ဖော်အသုံးပြုထားသောခွန်အားသည် သူတို့တွေးထင်ထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။

လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။သူတို့သည် တစ်ယောက်၏မျက်လုံးအတွင်းမှ ကူကယ်ရာမဲ့မှုကို တခြားတစ်ယောက်က မြင်တွေ့မိသည်။

ဤသည်မှာ သူတို့ကြားဝင်စွက်ဖက်နိုင်သော တိုက်ပွဲတခု မဟုတ်တော့ချေ။

လုယွီ၏နံဘေးပတ်လည်တွင် တိုက်ပွဲနယ်မြေတစ်ခုကို ဖွဲ့စည်းထားသည်။သူ့၏လက်သီးချက်မှပျံ့လွင့်လာသော အကြွင်းအကျန်စွမ်းအားများကို အဝေးတစ်နေရာမှပင် ခံစားမိလေ၏။

သူတို့သည် နယ်မြေသခင်များဖြစ်နေသည့်တိုင် အကယ်၍ ထိုနေရာအနီးသို့ သူတို့ မဆင်မခြင်ချဥ်းကပ်သွားပါက ဒဏ်ရာရရှိသွားပေမည်။

လူများအားလုံး ထိတ်လန့်တုန်လှုပ်စွာဖြင့် အံ့အားတစ်သင့် ရေရွတ်နေကြသည်။ဤသည်မှာ ဘုရင်တစ်ပါး၏ အခွင့်အာဏာစည်းတံဆိပ်ပင်။ ဤစည်းတံဆိပ်၏စွမ်းအားသည် တောင်တလုံးကိုပင် မြေပြန့်လွင်ပြင်တစ်ခုဖြစ်သွားသည်အထိ ခြေမွှဖျက်ဆီးနိုင်စွမ်းရှိသည်။

"သူ ဘယ်လိုမှ ဝင်လာနိုင်မှာမဟုတ်ဘူး"

ချီဘုရင်သည် သူ၏ခေါင်းကိုခါယမ်းကာ ကျိုးရှင်းနှင့်အတူ နောက်ထပ်သံကြိုးတစ်ချောင်းကို ဖြတ်လိုက်သည်။

လုယွီသည် လက်သီးချက်တစ်ရာခန့် ထိုးနှက်ပြီးနောက် သူ၏လက်သီးချက်မှစွမ်းအားလှိုင်းများသည် လေထုအတွင်း၌ပျံ့နှံ့နေကာ အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိချေ။

သူ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေကာ သူသည် ရုတ်တရက် လေထုအတွင်းသို့ ခုန်တက်လိုက်၏။ ထို့နောက် သူသည် အလင်းလွှာ၏အထက်သို့ ရောက်ရှိသွားကာ အခွင့်အာဏာစည်းတံဆိပ်ကို တိုက်ရိုက်မျက်နှာချင်းဆိုင်လိုက်သည်။

လုယွီ၏နောက်၌ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။ထိုနတ်ဘုရား၏မျက်လုံးတစ်စုံသည် မိုးကောင်းကင်ယံအတွင်း၌ရှိသည့် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးအလား စူးရှတောက်ပနေသည်။သူ၏အရှိန်အဝါသည် မိုးကောင်းကင်ယံကို ဆုတ်ဖြဲတော့လုမတက်ပင်။

ရှေးဟောင်းသိုင်းပညာနည်းစနစ်....ရှေးနတ်ဘုရားများ မိုးကောင်းကင်ပေါ်သို့ ခြေဆောင့်နင်းခြင်း....

လုယွီသည် လေထုအတွင်းမှ ဆင်းသက်လာပြီးနောက် သူ၏ခြေထောက်ကိုမြှောက်ကာ အောက်သို့ပြင်ပြင်းထန်ထန်ဆောင့်နင်းလိုက်သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ဖရိုဖရဲဖြစ်သွားကာ လ၏အလင်းရောင်ပင်လျှင် ပျောက်ကွယ်သွားလေ၏။ဤသည်မှာ အလွန်ကြီးမားသောတောင်ကြီးတစ်လုံး အောက်သို့ပြင်းပြင်းထန်ထန်ကျဆင်းလာသည့်အလားပင်။

အခွင့်အာဏာစည်းတံဆိပ်သည် အကောင်းဆုံးကြိုးစား၍ ခုခံနေသော်လည်း ချီဘုရင်နှင့်ကျိုးရှင်းတို့၏အောက်ရှိ ယဇ်ပလ္လင်သည် ထိုတုန်လှုပ်ချောက်ချားဖွယ်ကောင်းသောစွမ်းအားကို တောင့်မခံနိုင်တော့သဖြင့် ကြေမွှပျက်စီးသွားတော့သည်။

Chapter 4213

"ဒီစွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်"

"သူ့ရဲ့အသက်အရွယ်နဲ့ ဒီလိုတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်အသုံးပြုနိုင်တယ်....မယုံကြည်နိုင်စရာပဲ"

အဝေးတစ်နေရာမှ စောင့်ကြည့်နေကြသော လူအများ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။။သူတို့ရှေ့ရှိမြင်ကွင်းသည် သူတို့အား ကြီးမားသောထိတ်လန့်တုန်လှုပ်မှုကို ပေးစွမ်းနိုင်ပေ၏။

မြေပြင်တပြင်လုံး အက်ကွဲသွားသည်။မူလက အလွန်ကြီးမားသော ရှေးဟောင်းယဇ်ပလ္လင်ကြီးသည် အပျက်အစီးများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသည်။ကြီးမားသောကျောက်စကျောင်းနများ မြေပြင်အနှံအပြားသို့ ပြန့်ကြဲသွားကာ ကျွန်းတစ်ကျွန်းလုံး မြေအောက်သို့အနည်းငယ်ကျွံ့ဝင်သွားပေ၏။

သို့ရာတွင် အခွင့်အာဏာစည်းတံဆိပ်သည် လေထုအတွင်း၌ မျောလွင့်နေဆဲပင်။ထိုအရာသည် လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေကာ လုယွီ၏စွမ်းအားကို ခုခံနေသည်။

"အဲ့ဒီကောင်စုတ်လေး အသက်ရှင်လို့မဖြစ်ဘူး...သူက လူသားဧကရာဇ်ရဲ့အမွေအနှစ်ကို ရသွားတာနဲ့ ငါတို့တွေကို သူ သတ်လိမ့်မယ်"

ကျိုးရှင်း၏မျက်လုံးအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

သူသည်လည်း အတိတ်တွင် ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သူပင်။ပါရမီအရည်အချင်းအရဖြစ်စေ စွမ်းအားအရဖြစ်စေ သူသည်ကောင်းကင်ဘုံနယ်မြေရှိ ထိပ်သီးတည်ရှိမှုကြီးများအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။

သို့ရာတွင် လုယွီသည် ဤကဲ့သို့ငယ်ရွယ်သောအသက်အရွယ်၌ ယခုကဲ့သို့စွမ်းအားမျိုးကို ဖမ်းဆုပ်ထားနိုင်သည်အား သူ မြင်တွေ့ချိန်တွင် ကျိုးရှင်းသည် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိပေ၏။

သူသည် လုယွီ၏အကန့်အသတ်မရှိသော ရှေ့အလားအလာကို အာရုံခံမိသည်။

အကယ်၍ ဤရန်သူကို ဆက်လက်၍ကြီးထွားခွင့်ပြုလိုက်ပါက နောင်အနာဂတ်တွင် သူသည် သူတို့အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မှာ သေချာပေါက်ပင်။

"သူ ဘယ်နည်းလမ်းကိုပဲသုံးသုံး အတားအဆီးအလွှာထဲကို ဝင်လာနိုင်မှာမဟုတ်ဘူး....အဆုံးသတ်ကျတော့ သူရဲ့နည်းလမ်းတွေက ဘာမှအသုံးမဝင်ဘူး"

ချီဘုရင်၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားကာ လုယွီကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။ထို့နောက် သူသည် ပြင်ပရှိအခြေအနေများကို ထပ်မံ၍ဂရုမစိုက်တော့ဘဲ သံကြိုးကြီးများကိုဖြတ်တောက်ရန်ကိုသာ အာရုံစိုက်လိုက်တော့သည်။

ခေါင်းတလားကိုရစ်ပတ်ထားသော သံကြိုးဆယ့်ကိုးကြိုးအနက်မှ ဆယ်ကြိုးကိုဖြတ်တောက်ပြီးလေပြီ။ကြွင်းကျန်သောသံကြိုးကိုး​ချောင်းသည် ယခင်ကတည်းကလျော့ရဲနေသဖြင့် ပြတ်တောက်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်။

ခေါင်းတလား၏မျက်နှာပြင်ပေါ်ရှိ ဟင်္သာပြဒါးသင်္ကေတအက္ခရာများမှနေ၍ တောက်ပသောရွှေရောင်အလင်တန်းများ ထုတ်လွှတ်ထားသည်။သို့ရာတွင် ထိုအရာသည် ခေါင်းတလားအတွင်းရှိ ယင်ချီစွမ်းအားများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ချေ။

ဤယင်ချီစွမ်းအားများသည် မင်ကဲသို့မည်းနက်နေကာ ခေါင်းတလား၏အက်ကွဲကြောင်းများအကြားမှနေ၍ အဆက်မပြတ် တိုးထွက်နေသည်။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူသည် သူ၏ခေါင်းကို အောက်သို့ငုံ့ကာ လက်သီးချက်များကို ဆက်လက်၍ထိုးနှက်လိုက်သည်။သူ၏ခန္ဓာကိုယ်မှနေ၍ ပေတစ်သောင်းခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းကြီး မြင့်တက်လာကာ သူ၏လက်သီးနံဘေးပတ်လည်တွင် လွှမ်းခြုံသွားပေ၏။

ဘန်း.....

ကျယ်လောင်သောတုန်ခါသံများ ထပ်မံ၍ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုလက်သီးချက်တစ်ချက်စီတိုင်းတွင် တောင်တစ်လုံးကို ပျက်စီးစေနိုင်သောစွမ်းအား ပါဝင်နေသည်။ဤသည်မှာ ရှေးဟောင်းစစ်နတ်ဘုရားတစ်ပါးမှ တောင်များနှင့်ပင်လယ်များကိုရွှေ့ပြောင်းနေသည့်အလားပင်။

ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအချက်မှာ လုယွီ၏လက်သီးချက်များသည် တကြိမ်တစ်ခါမျှ အားပျော့သွားမှုမရှိခြင်းပင်။ထိုလက်သီးချက်များအားလုံးသည် သူ၏အားအကောင်းဆုံး တိုက်ခိုက်မှုများပင်။

လက်သီးတချက်ထိုးနှက်ပြီးတိုင်း လုယွီ၏သွေးချီစွမ်းအားများ အသက်ဝင်လာသည့်အလား ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ထွက်ပေါ်လာသည်။ထိုသဘာဝလွန်ပုံရိပ်များသည် သွေးနဂါးများ လေထုအတွင်း၌ ပျံသန်းနေပုံ ကျားတကောင် ဒေါသတကြီး ဟိန်းဟောက်နေပုံစသဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်သောပုံစံများရှိသည်။

အခွင့်အာဏာစည်းတံဆိပ်သည် ထပ်မံ၍ ပြင်းပြင်းထန်ထန် တုန်ခါသွားကာ တုန်ခါသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ဤနေရာကို ချီဘုရင်၏အပိုင်စားနယ်မြေမှ ကံကြမ္မာစွမ်းအားဖြင့် လွှမ်းခြုံထားခြင်းဖြစ်သည်။ဤသည်မှာ တိုင်းပြည်တစ်ပြည်၏စွမ်းအား သူ့ရှေ့တွင်ရှိနေသည့်အလား အနည်းငယ်မျှ လှုပ်ခတ်၍မရနိုင်​ချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ အခွင့်အာဏာစည်းတံဆိပ်မှနေ၍ တုန်ခါသံများထွက်ပေါ်နေလေပြီ။

အကယ်၍ ဤနေရာတွင် သက်ရှိလူသားတစ်ယောက်ဖြစ်နေပါက သူ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်သေဆုံးသွားကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီးဖြစ်ပေမည်။

ပတ်ဝန်းကျင်ရှိလူများအားလုံး ထိုမြင်ကွင်းကိုကြည့်ကာ ကြက်သေသေနေကြသည်။ထိုလက်သီးချက်များသည် သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အလား သူတို့၏စိတ်နှလုံးသားများ တုန်ရီနေသည်ကို ခံစားမိလေ၏။

"သူက တကယ်ကိုပဲ မရပ်တန့်သေးဘူး...သူ့ရဲ့ရုပ်ခန္ဓာကိုယ်က ဒီလိုတိုက်ခိုက်မှုတွေကိုဆက်တိုက်လုပ်ဖို့ ခံနိုင်ရည်ရှိတာပါလား"

"ဒီနှစ်ရဲ့တော်ဝင်စာမေးပွဲက အခြေအနေတွေအားလုံး ပြောင်းလဲသွားခဲ့တယ်လို့ အစကတည်းက ငါ ကြားထားတယ်...ပြိုင်ဘက်ကင်းလူငယ်ပါရမီရှင်တွေရဲ့ တောက်ပမှုတွေအားလုံးကို လုယွီတယောက်တည်းရဲ့အောင်မြင်မှုနဲ့ ဖုံးလွှမ်းသွားခဲ့တယ်...အဲဒီအချိန်တုန်းကတော့ ငါက ဒါကိုကောလာဟလသက်သက်လို့ ထင်ခဲ့တာ....အခု ငါ သူ့ကို မြင်နေရတဲ့အချိန်ကျမှ အဲ့ဒီလူငယ်ပါရမီရှင်တွေက ဒီလိုမွန်းစတားတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရတာ အရမ်းကိုအခြေအနေဆိုးရွားခဲ့မှာပဲ"

တချို့လူများသည် ယခင်က တော်ဝင်စာမေးပွဲအကြောင်းကို ပြန်လည်၍စဉ်းစားတွေးတောလိုက်ကြ၏။

လုယွီ ထွက်ပေါ်လာပြီးနောက် မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များကိုချေမှုန်းကာ နောက်ဆုံး၌ ထိပ်သီးကျောင်းတော်သား ဖြစ်လာခဲ့သည်။ဤသည်ကို ကောင်းကင်ဘုံနယ်မြေအတွင်း၌ ဒဏ္ဍာရီတခုဟု ယူဆနိုင်သည်။

ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ဤကိစ္စကို မယုံကြည်သူများရှိနေဆဲပင်။သူတို့အနက်မှအများစုသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံသားတော်များဖြစ်ကာ လုယွီနှင့်ရပ်ဆိုင်ရပါက သူတို့အနိုင်ယူနိုင်မည်ဟု တွေးထင်နေကြသည်။

သို့ရာတွင် ယခုချိန်၌ လုယွီ၏စွမ်းအားများကိုကြည့်ခြင်းအားဖြင့် ထိုလူငယ်ပါရမီရှင်များ မဆိုထားနှင့် မျိုးဆက်ဟောင်းများမှကျင့်ကြံသူများပင်လျှင် သူတို့၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရသည်။

Chapter 4214

လူများအားလုံးသည် သူတို့၏စိတ်နှလုံးသားများ တုန်ရီစွာဖြင့်စောင့်ကြည့်နေကြရာ ချီဘုရင်နှင့်ကျိုးရှင်းဆိုလျှင် ထည့်ပြောရန်ပင်မလိုအပ်တော့ချေ။

သူတို့သည် အခွင့်အာဏာစည်းတံဆိပ်၏ ကံကြမ္မာစွမ်းအားအလင်းလွှာမှ ကာကွယ်ပေးမှုကို ရရှိထားသော်လည်း သက်ရောက်မှုစွမ်းအားကြောင့် သူတို့နှစ်ယောက်လုံး သွေးအန်လုမတတ် ခံစားနေရသည်။

"သူက မွန်းစတားတစ်ကောင်လား"

ကျိုးရှင်းသည် အနည်းငယ်စိတ်ပျက်အားငယ်နေပေ၏။အခွင့်အာဏာစည်းတံဆိပ်မှနေ၍ သူတို့အား ကာကွယ်ပေးထားပါက မည်သည့်အမှားအယွင်းမျှရှိနိုင်မည်မဟုတ်ဟု သူ မူလက တွေးထင်ခဲ့သည်။

သို့ရာတွင် အခွင့်အာဏာစည်းတံဆိပ်သည် တုန်ခါနေကာ ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေသည်ကို သူ မြင်တွေ့မိသည်။ဤသည်မှာ ပင်လယ်ပြင်၏လှိုင်လုံးများအကြား၌ အချိန်မရွေးတိမ်းမှောက်သွားနိုင်သော လှေငယ်လေးတစ်စင်းအလားပင်။

လုယွီထံ၌ အကန့်အသတ်မရှိသောခွန်အားများ ရှိနေပုံရသည်။အစပထမမှယခုလက်ရှိအချိန်ထိ သူသည် လက်သီးချက်ပေါင်းသုံးရာကျော် ထိုးနှက်ခဲ့သည်။သို့ရာတွင် သူ၏ခွန်အားသည် အားပျော့သွားမည့်အရိပ်အယောင် အနည်းငယ်မျှမရှိချေ။

အခွင့်အာဏာစည်းတံဆိပ်ထံတွင် ကံကြမ္မာစွမ်းအားပမာဏ အမြောက်အများပါဝင်သော်လည်း ထပ်မံ၍တောင့်ခံနိုင်ခြင်းမရှိတော့ချေ။

အခွင့်အာဏာစည်းတံဆိပ် ပြင်းပြင်းထန်ထန်တုန်ခါနေသည်။ရွှေရောင်နဂါးတစ်ကောင်သည် အခွင့်အာဏာစည်းတံဆိပ်၏ နံဘေးပတ်လည်တွင် လှည့်ပတ်ပျံသန်းနေပေ၏။ထိုနဂါး၏ခန္ဓာကိုယ်သည် စတင်ထွက်ပေါ်လာစဥ်အချိန်ကဲ့သို့ ကြီးမားခြင်းမရှိတော့ချေ။ထိုအရာသည် ယခင်ထက်နှစ်ဆခန့် ကျုံဝင်သွားလေပြီ။

ချီဘုရင်က တည်ငြိမ်အေးဆေးသောအကြည့်ဖြင့် လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။

"ငါ့ရဲ့ဝှက်ဖဲကို အသုံးပြုအောင်လို့ မင်း ငါ့ကို ဖိအားပေးနေတာလား"

"တကယ်လို့ မင်းရဲ့ဝှက်ဖဲကို အသုံးပြုမယ်ဆိုရင်တောင် ဘာဖြစ်လာမှာမို့လို့လဲ"

လုယွီက အေးစက်စက်တုံ့ပြန်ကာ အလင်းလွှာကို ဆက်လက်၍ထိုးနှက်လိုက်သည်။

ထိုလက်သီးချက်၏စွမ်းအားသည် ဓားတစ်လက်ကဲ့သို့ ထက်ရှပေ၏။ထိုလက်သီးချက်စွမ်းအားအတွင်း၌ နဂါးဟိန်းသံနှင့်ကျားဟိန်းသံများ ရောယှက်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါနေစေသည်။

ဘုန်း....ဘုန်း....

ကျယ်လောင်သောအသံနှစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။အခွင့်အာဏာစည်းတံဆိပ်၏အထက်တွင် လှည့်ပတ်ပျံဝဲနေသော ရွှေရောင်နဂါးထံမှနေ၍ ညည်းတွားသံသဲ့သဲ့ ထွက်ပေါ်လာပေ၏။ရွှေရောင်နဂါး၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပြန့်ကျဲစပြုလာကာ အလင်းရောင်သည် မှေးမှိန်သွားလေပြီ။

နောက်ထပ်အချိန်အခိုက်အတန့်တွင် ထွက်ပေါ်လာသော လုယွီ၏လက်သီးချက်တွင် မိုးကြိုးနှင့်မီးတောက်စွမ်းအားများ ရောယှက်နေပုံရသည်။တောက်ပသောလျှပ်စီးမိုးကြိုးများအကြားတွင် တဟုန်းဟုန်းတောက်လောင်နေသောမီးတောက်များ ရောယှက်နေလေရာဟအလွန်ကြီးကျယ်ခမ်းနားပေ၏။

ဤမြင်ကွင်းကိုကြည့်ပြီး လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။ဤသည်မှာ တိုင်းပြည်တစ်ပြည်၏ကံကြမ္မာစွမ်းအားသည် လုယွီ၏ခြေမွှဖျက်ဆီးခြင်းကို ခံရတော့မည့်ပုံပင်။

ချီဘုရင်၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

သူသည် သူ၏လက်အတွင်း၌ အခွင့်အာဏာစည်းတံဆိပ်ကို ကိုင်ဆောင်ဖူးသဖြင့် ထိုအရာ၏ခံနိုင်ရည်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သည်။

ဤကဲ့သို့ကံကြမ္မာစွမ်းအား ကုန်ဆုံးမှုနှုန်းဖြင့် အခွင့်အာဏာစည်းတံဆိပ်သည် လုယွီ၏အဆက်မပြတ်ထိုးနှက်မှုဒဏ်ကို တောင့်ခံနိုင်မည်မဟုတ်ဘဲ ကြေမွှပျက်စီးသွားပေမည်။

"မင်းက ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာပဲ"

ချီဘုရင်က လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။

"တော်ဝင်နန်းတွင်းရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ငါက မင်းလိုကောင်စုတ်လေးတစ်ယောက်ရဲ့ အနိုင်ကျင့်တာကို ဘာလိုခံရမှာလဲ...မင်းက ငါတို့ကျိုးမိသားစုရဲ့နည်းလမ်းတွေကို လျှော့တွက်ထားတာပါလား"

အတားအဆီး၏နံဘေးပတ်ဝန်းကျင်တစ်ခုလုံး အေးစက်စက်လေများ ရုတ်တရက် ရစ်သိုင်းလွှမ်းခြုံသွားသည်။

အခွင့်အာဏာစည်းတံဆိပ် တုန်ခါသွားကာ မိုးကောင်းကင်ယံတစ်ခွင်လုံးကို ပိတ်ဖုံးလုမတတ် ဓမ္မပုံရိပ်ယောင်အမြောက်အများ မျောလွင့်လာသည်။

"မင်းက အရှင်ကို တိုက်ခိုက်ချင်တာလား...ငါ့အထင်တော့ မင်းက အသက်ရှင်နေရတာ ပင်ပန်းနေတဲ့ပုံပဲ"

ဤသည်မှာ တာအိုဝတ်ရုံကိုဝတ်ဆင်ထားသော တာအိုပညာရှင်အိုကြီးတစ်ယောက်ပင်။ သူ၏ဆံပင်ကို အထက်သို့စု၍ချည်နှောင်ထားကာ သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။သူ၏လက်အတွင်း၌ မြင်းမြှီးကြာပွတ်တစ်ချောင်းကိုကိုင်ထားကာ သူသည် ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် လေထုအတွင်း၌ မတ်တပ်ရပ်နေပေ၏။

"ဒါဆိုရင် သူက အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့ နာမည်ကြီးအုပ်ချုပ်သူအရှင်လား...သူက ကောင်လေးတစ်ယောက်အရွယ်ပဲရှိသေးတယ်...ငါ့အထင်တော့ သူက မထိုက်တန်တဲ့ နာမည်ဂုဏ်သတင်းကို ရထားတာပဲ"

နံဘေးတစ်ဖက်မှနေ၍ နောက်ထပ်ကျယ်လောင်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ဤသည်မှာ လှပချောမောသော အမျိုးသမီးတစ်ယောက်ပင်။သူမ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ထောင်နှင့်ချီသောပန်းပွင့်များ မျောလွင့်နေပုံရသည်။သူမ၏နောက်၌ အဆောင်လက်ဖွဲ့ခုနစ်ဆယ့်နှစ်ခုက ခေါက်တုံ့ခေါက်ပြန်လှည့်ပတ်နေကာ သူမသည် အလွန်အမင်းနက်နဲသိမ်မွေ့သော မှော်မန္တန်တစ်ပုဒ်ကို အသုံးပြုထားသည့်အလားပင်။

တခြားပုံရိပ်ယောင်များထံတွင်လည်း သူတို့၏သာလွန်ထူးကဲသော မှော်မန္တန်များကို ထုတ်ဖော်အသုံးပြုထားကြသည်။သူတို့အားလုံးသည် အလွန်ကြီးမားသောအရှိန်အဝါကို ပိုင်ဆိုင်ထားကြကာ အင်မော်တယ်များအလားပင်။

"ဆယ်ယောက် ဆယ့်တစ်ယောက် ဆယ့်နှစ်ယောက်...သူတို့တွေအားလုံးက ချီဘုရင်ရဲ့အိမ်တော်ရဲ့ ဧည့်အကြီးအကဲဆယ့်နှစ်ယောက်မဟုတ်လား...ကောလာဟလတွေအရတော့ သူတို့က မြင့်မြတ်အရှင်အဆင့်မှာ ရှိတဲ့ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေပဲ...သူတို့ထဲကတချို့ဆိုရင် လောကကြီးထဲကနေ ပျောက်ကွယ်သွားခဲ့တဲ့ မွန်းစတားအိုကြီးတွေဖြစ်နေတယ်....သူတို့က ချီဘုရင်အတွက် သူတို့ရဲ့ဓမ္မပုံရိပ်ယောင်တွေကို တကယ်ကြီးစေလွှတ်လိုက်တာပါလား"

လီချန်းချင်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

ဤဧည့်အကြီးအကဲဆယ့်နှစ်ယောက်သည် အလွန်နာမည်ကျော်ကြားပေ၏။

ချီဘုရင်သည် ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ့်နှစ်ယောက်ကိုစုစည်း၍ သူ၏အိမ်တော်၌ ထားရှိခဲ့သည်။တော်ဝင်စုံစမ်းစစ်ဆေးရေးရုံးတော်မှ သူတို့အားစစ်ဆေးချိန်တွင် ချီဘုရင်သည် ထိုလူများအား သူ၏လက်အောက်ငယ်သားများသာဖြစ်ကြောင်း အခိုင်အမာငြင်းဆိုခဲ့သည်။

ကံအကြောင်းမလှစွာဖြင့် ချီဘုရင်၏အင်အားစုသည် တော်ဝင်မြို့တော်၌ လှုပ်ရှားနေခြင်းမဟုတ်သဖြင့် ဤကိစ္စကို တော်ဝင်နန်းတွင်းမှ မဖြေရှင်းတော့ဘဲ အလွတ်ပေးလိုက်သည်။

ချီဘုရင်ထံတွင် ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ့်နှစ်ယောက်ရှိသည်ကို သိရှိထားသော်လည်း သူတို့ လှုပ်ရှားမှုပြုလုပ်သည်ကို လူများအားလုံး တစ်ကြိမ်တခါမျှ မမြင်တွေ့ဘူးချေ။

Chapter 4125

ထိုထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကို မြင်တွေ့ရသော အချိန်အခိုက်အတန့်တွင် လုယွီသည် သူတို့ထံမှလာသော ကြီးမားသည့်ဖိအားအရှိန်အဝါကို ခံစားမိသည်။သူတို့သည် အားနည်းသောကျင့်ကြံသူများ မဟုတ်သည်မှာ သိသာထင်ရှားလှ၏။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူဆယ့်နှစ်ယောက် အတူတကွစုဝေးနေသည်။သူတို့သည်ဓမ္မပုံရိပ်ယောင်များသက်သက် ဖြစ်သော်လည်း သူတို့ထံမှအလွန်ကြီးမားသောအရှိန်အဝါကြောင့် လူအများအား အသက်ရှုမွန်းကြပ်သကဲ့သို့ ခံစားရစေသည်။

"နတ်ဘုရား...."

လုယွီသည် ထိုလူဆယ့်နှစ်ယောက်ကြားရှိ ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီးတစ်ခုကို ကြည့်လိုက်သည်။

ထိုဓမ္မပုံရိပ်ယောင်ကြီးသည် အရပ်မြင့်မားပြီး တုတ်ခိုင်သန်မာသော လူတစ်ယောက်ပင်။ထိုလူသည် သူ၏မျက်လုံးများကို ကျယ်လောင်စွာဖွင့်ထားကာ ခံစားချက်နှင့်သက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသည်။ထိုမျက်လုံးများအတွင်း၌ အကန့်အသတ်မရှိသော တာအိုအရှိန်အဝါများ ကိန်းအောင်းနေသည့်အလားပင်။

ထိုလူ၏နောက်ရှိ လေထုအတွင်း၌ တောက်ပသောအလင်းဘီးကြီးတစ်ခု လှည့်ပတ်နေသည်။ထိုအလင်းဘီးကြီးအတွင်း၌ မရေမတွက်နိုင်သောသင်္ကေတအက္ခရာများ မျောလွင့်နေကာ အလင်းဘီး၏လမ်းကြောင်းအတိုင်း ​ဖြည်းညှင်းစွာလှည့်ပတ်နေသည်။ထိုအလင်းဘီးကြီး တကြိမ်လှည့်ပတ်လိုက်သည့်အချိန်တိုင်း ကြီးမားသောဖိအားအရှိန်အဝါကို ထုတ်လွှတ်နေပေ၏။

ထိုလူ၏ခန္ဓာကိုယ်မှနေ၍ ထူးခြားသောအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။

ဤသည်မှာ အမွေးနံ့သာစွမ်းအားပင်။

ဤလူသည် နတ်ဘုရားတစ်ပါးဖြစ်သည့်အပြင် အစွမ်းထက်သော အဆင့်မြင့်နတ်ဘုရားတစ်ပါးပင်။

"ချီဘုရင်....ဒါက မင်းရဲ့ဝှက်ဖဲလား"

လုယွီက သူ၏ခေါင်းကို မော့လိုက်သည်။သူ့၏အနက်ရောင်ဆံပင်များ ပြေလျော့နေကာသူ၏မျက်လုံးသည် လျှပ်စီးမိုးကြိုးကဲ့သို့ စူးရှတောက်ပနေပေ၏။

သူသည် ဤဓမ္မပုံရိပ်ယောင်ဆယ့်နှစ်ခုကို အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံ့ခြင်းမရှိချေ။

"မင်းက ဒီနေရာမှာနေပြီး အရှုံးကိုဝန်ခံလိုက်စမ်း ...ဒါက မင်း သေလမ်းရှာတာပဲဆိုတာကို ခဏနေကျရင် မင်း သဘောပေါက်သွားလိမ့်မယ်"

ချီဘုရင်က ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုသည်။

သူသည် ယခင်ကဲ့သို့ တည်ငြိမ်အေးဆေးနိုင်ခြင်း မရှိတော့ချေ။လုယွီ၏လက်သီးချက်များသည် အခွင့်အာဏာစည်းတံဆိပ်၏ ကံကြမ္မာစွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ကြေမွှပျက်စီးသွားစေခဲ့သည်။

ဤတစ်ကြိမ်တွင် လုယွီသေဆုံးသွားလျှင်ပင် ချီဘုရင်သည် ကြီးမားသောဆုံးရှုံးမှုများကို ခံစားရပေမည်။ဤမျှများပြားသော ကံကြမ္မာစွမ်းအားများကို ပြန်လည်စုဆောင်းနိုင်ရန်အတွက် သူ အချိန်ဆယ်နှစ်ခန့်ယူရပေမည်။

"ဒါက ဓမ္မပုံရိပ်ယောင်လေး ဆယ့်နှစ်ခုပဲမဟုတ်လား...."

လုယွီက တည်ငြိမ်စွာပြောဆိုသည်။

"တကယ်လို့ မင်းတို့ဆယ့်နှစ်ယောက်လုံးရဲ့ အစစ်အမှန်ခန္ဓာကိုယ်တွေ ရောက်လာရင်တောင် ငါက မင်းတို့အားလုံးကို နှိမ်နင်းနိုင်တယ်"

"ရိုင်းပျလိုက်တာ"

ဓမ္မပုံရိပ်ယောင်ဆယ့်နှစ်ခုထံမှနေ၍ အေးစက်စက်အော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"နာမည်မရှိတဲ့နယ်ရုပ်လေးတွေကိုပဲ သတ်ဖြတ်နိုင်ခဲ့တဲ့ လူငယ်ပါရမီရှင်တစ်ယောက်က မောက်မာထောင်လွှားပြီးတော့ ဝံ့ကြွားလွန်းတယ်....သူက အရမ်းမောက်မာပြီးတော့ သေခြင်းနဲ့ရှင်ခြင်းကြားက ကွဲပြားခြားနားချက်ကို မသိဘူး"

ဓမ္မပုံရိပ်ယောင်ဆယ့်နှစ်ခုထံမှနေ၍ ကျယ်လောင်သောရယ်မောသံကြီးများ ထွက်ပေါ်လာသည်။သူတို့သည် လုယွီ၏စကားများကို အနည်းငယ်မျှ အလေးအနက်မထားကြချေ။

မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့်လုချန်းချင်တို့သည် ရှေ့သို့ပျံသန်းသွားကာ ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"ငါတို့ကိုပါ ထည့်တွက်လိုက်စမ်း"

ကြွင်းကျန်သောလူများသည်လည်း နောက်မှလိုက်ပါကာ သူတို့၏အရှိန်အဝါများကို ထုတ်ဖော်အသုံးပြုလိုက်ကြသည်။

သူတို့အနက်မှအများစုသည် အားနည်းခြင်းမရှိချေ။အကယ်၍ သူတို့သည် ပြင်ပလောကတွင်ရှိနေပါက သူတို့ထံတွင် နယ်မြေတစ်ခုကိုလှုပ်ခတ်ရန်အတွက် စွမ်းအားအလုံအလောက်ရှိသည်။

ဤလူများသည် သူတို့၏အရှိန်အဝါများကို တပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသဖြင့် လောကကြီးတခွင်လုံး အရောင်ပြောင်းလဲလုမတတ်ပင်။

ဓမ္မပုံရိပ်ယောင်ဆယ့်နှစ်ခုသည် ရုတ်တရက် သူတို့၏လက်များကို ဆန့်တန်းလိုက်ကြရာ နတ်ဘုရားနည်းစနစ်တစ်ခုက သူတို့၏လက်ဝါးများမှ ထွက်ပေါ်လာသည်။

လုယွီရှိနေသောနေရာ၏ နံဘေးပတ်လည်တွင် ထောင်နှင့်ချီသော နတ်ဘုရားသင်္ကေတအက္ခရာများ ရုတ်တရက် ထွက်ပေါ်လာပေ၏။လေဟာနယ်သည် ဆုတ်ဖြဲခံလိုက်ရပုံရကာ သက်တန့်ရောင်နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး လုယွီရှိနေသောနေရာကို တခြားလူများနှင့် လုံးလုံးလျားလျားပိုင်းခြားလိုက်သည်။

သူတို့အကြားရှိ အကွာအဝေးသည် အလွန်တိုတောင်းသော်လည်း ထိုနတ်ဘုရားအတားအဆီးကြောင့် သူတို့အားလုံးသည် လုယွီ၏အနီးသို့ ချဉ်းကပ်၍မရချေ။

"နတ်ဘုရားနယ်မြေ...."

မြင့်မြတ်အရှင်ဟွမ်ထျန်းနှင့်လုချန်းချင်တို့ ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် ချက်ချင်းဆိုသလိုပင် သူတို့၏မှော်စွမ်းအားများကိုအသုံးပြုကာ တိုက်ခိုက်လိုက်ကြ၏။

သို့ရာတွင် သူတို့၏ရှေ့ရှိ လေဟာနယ်သည် ကျင်းနက်ကြီးတစ်ခုနှင့် တူညီနေသည်။မည်ကဲ့သို့တိုက်ခိုက်မှုမျိုးကို သူတို့ ပြုလုပ်သည်ဖြစ်စေ သက်တန့်ရောင်အလင်းလွှာအတားအဆီးမှ ဝါးမြိုသွားသည်။

"နတ်ဘုရားနယ်မြေက အချိန်အကန့်အသတ်ရှိတယ်...လုယွီ ခဏလောက် တောင့်ခံထားအုံး"

လုချန်းချင်က အော်ဟစ်လိုက်သည်။

တခြားလူများသည်လည်း မှော်မန္တန်များကိုရွတ်ဆိုကာ အလင်းလွှာအတားအဆီးကို အဆက်မပြတ် ရိုက်ခတ်လိုက်ကြ၏။

"သူတို့က မင်းကို ကယ်တင်နိုင်မှာမဟုတ်ဘူး...ဒီအလင်းလွှာကို သူတို့ဖွင့်နိုင်တဲ့အချိန်ကျရင် မင်းရဲ့အလောင်းကိုပဲ သူတို့ မြင်ရလိမ့်မယ်"

တာအိုပညာရှင်အိုကြီးက ရယ်မော၍ပြောဆိုသည်။

"ငါ့ရဲ့အလောင်းလား...ငါ မင်းတို့အားလုံးရဲ့မျက်နှာတွေကို မှတ်ထားတယ်..ဒီနေ့ ငါက မင်းတို့ရဲ့ဓမ္မပုံရိပ်ယောင်တွေကို ဖျက်ဆီးမယ်...ငါ ဒီနေရာကနေ ထွက်သွားပြီးတဲ့အချိန်ကျရင် ငါကိုယ်တိုင် မင်းတို့ဆီကိုလာပြီးတော့ မင်းတို့ကိုသတ်မယ်"

လုယွီ၏မျက်လုံးအတွင်း၌ အကန့်အသတ်မရှိသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့်ဟပြည့်နှက်နေကာ သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

All Chapters