← Chapters

အခန်း (၄၂၂၆-၄၂၃၀)

Vol. 215 Ch. 4226-4230

အခန်း (၄၂၂၆-၄၂၃၀)

Vol. 215 Ch. 4226-4230

Chapter 4226

ကျိုးမိသားစုဘိုးဘေးသည် အစစ်အမှန်တာအိုသခင်မဟုတ်ဘဲ ခြေလှမ်းတစ်ဝက်တာအိုသခင်ပင်။

တာအိုသခင်တစ်ယောက်ဖြစ်လာရန်အလို့ငှာ တစ်စုံတစ်ယောက်ထံတွင် အင်မော်တယ်ခန္ဓာကိုယ်ရှိရရုံသာမက သူ၏စိတ်ဝိညာဉ်ကို ယွင်ရှန်းအဆင့်သို့ ကျင့်ကြံထားရန် လိုအပ်သည်။ထိုအချိန်ကျမှသာ သူသည် တာအိုကို အောင်မြင်ပြီးမြောက်နိုင်ပေမည်။

ယွင်ရှန်းအဆင့်သည် စိတ်ဝိညာဉ်နှင့် ကွဲပြားခြားနားပေ၏။

ဤသည်မှာ လူသားတစ်ယောက်၏ကိုယ်ပွားနှင့် တူညီသည်။အကယ်၍ သူ၏ရုပ်ခန္ဓာကိုယ် ပျက်စီးသွားလျှင်ပင် သူ၏အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။အကယ်၍ ကြီးမားသောအပြောင်းအလဲများနှင့် ကြုံတွေ့ရလျှင်ပင် တာအိုသခင်တစ်ယောက်ထံတွင် အသက်ပြန်ရှင်သန်နိုင်သော အခွင့်အရေးရှိသည်။

အတိတ်တွင် လုယွီနှင့်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်တို့သည် ရှန်လင်းလုံ၏ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုအောက်၌ ကြွေလွင့်ခဲ့ရကာ အောက်ဘုံသို့ရောက်သွားခဲ့သည်။သို့ရာတွင် သူတို့၏ယွင်ရှန်းများသည် အလွန်အစွမ်းထက်ကာ မပျက်စီးနိုင်သဖြင့် သူတို့နှစ်ယောက်သား ဆက်လက်၍တိုက်ခိုက်ခဲ့ကြသည်။

ဥပဒေသများကိုအသုံးပြုရန်အလို့ငှာ တစ်စုံတစ်ယောက်ထံတွင် လုံလောက်သည်အထိ အားကောင်းသောစိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ် ရှိနေရပေမည်။ထိုအရာအနက်မှတစ်ခု ကင်းမဲ့နေပါက နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည်မဟုတ်ချေ။

အကယ်၍ တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်လာလျှင်ပင် ထိုလူသည် အစွမ်းထက်သော တာအိုနည်းစနစ်များကို ထုတ်ဖော်အသုံးပြုနိုင်မည်မဟုတ်ချေ။

ရှောင်မိသားစုဘိုးဘေးသည်လည်း ခြေလှမ်းတစ်ဝက်တာအိုသခင်ပင်။

လုယွီသည် တော်ဝင်မြို့တော်အတွင်း၌ရှိနေစဥ်တွင် ရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက်ကို ရရှိခဲ့သည်။မူလက သူသည် ထွက်ခွာသွားလိုခဲ့သော်လည်း မမျှော်လင့်ဘဲ ရှောင်မိသားစု၏ဟန့်တားခြင်းကို ခံခဲ့ရသည်။လုယွီသည် သူ၏အတိတ်ဘဝမှ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ရရှိရန်အတွက် နတ်ဘုရားသွေးစက်များကိုစတေးကာ တိုက်ခိုက်ခဲ့သည်။အဆုံးသတ်၌ သူသည် ရှောင်မိသားစုဘိုးဘေး၏ကိုယ်ပွားကို ဖျက်ဆီးနိုင်ခဲ့ပေ၏။

"ဟမ့်.....သေလမ်းရှာနေတာလား"

ဤတစ်ကြိမ်တွင် ကျိုးမိသားစုဘိုးဘေးသည် နောက်ဆုံး၌ သူ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်လာခဲ့သည်။

လုယွီသည် သူ့အား ထပ်ခါတလဲလဲ ဆန့်ကျင်ခဲ့ရုံသာမက လူသူအများရှေ့တွင် သူ၏ကျင့်ကြံဆင့်နယ်ပယ် အစစ်အမှန်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။ဤသည်ကြောင့် ကျိုးမိသားစုဘိုးဘေးသည် အလွန်အမင်း ဒေါသထွက်သွားပေ၏။

ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို အရှက်ခွဲ၍မရချေ။

သူ၏အမြင်အရ လုယွီသည် အသုံးဝင်သောနယ်ရုပ်တစ်ရုပ်သက်သက်ပင်။သို့ရာတွင် ဤသည်မှာ သူသည် လုယွီကို သတ်ဖြတ်ခြင်းမပြုဟု ဆိုလိုခြင်းမဟုတ်ချေ။

ကျိုးမိသားစုဘိုးဘေး၏မျက်လုံးများအတွင်းမှနေ၍ အလွန်အမင်းအေးစက်သောအလင်းတန်းများ ဖြာထွက်လာသည်။မဟာတာအိုဥပဒေသများ၏ ကူညီထောက်ပံ့မှုကြောင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်တုန်ခါသွားသည်။

ထို့နောက် သူသည် သူ၏လက်ကို လုယွီဦးတည်၍ ဆန့်တန်းကာဖိနှိပ်လိုက်သည်။

ဤနေရာပတ်ဝန်းကျင်ရှိ မိုးကောင်းကင်အတွင်း၌ တိမ်မည်းများစုဝေးနေသည်။

ထိုတိမ်မည်းများ တဝုန်းဝုန်းထလာပြီးနောက် နေရောင်ကိုပင်ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသော မှော်စွမ်းအားလက်ကြီးအဖြစ်ဖွဲ့စည်းသွားကာ အောက်သို့ကျရောက်လာပေ၏။

ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်ရုတ်တရက်ဆန်စွာ ကျရောက်လာခြင်းပင်။

ကျိုးမိသားစုဘိုးဘေး၏ ယခင်တိုက်ခိုက်မှုနှစ်ခုသည် သာမန်ကာလျှံကာ တိုက်ခိုက်မှုများသက်သက်ပင်။သူသည် လုယွီကို သိမ်းသွင်းလိုသောစိတ်ဆန္ဒ ရှိနေဆဲပင်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ ကျိုးမိသားစုဘိုးဘေးသည် သူ့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ထုတ်ဖော်အသုံးပြုလိုက်လေပြီ။

တာအိုသခင်တစ်ယောက် တိုက်ခိုက်စဉ်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး လုံးလုံးလျားလျား ချိတ်ပိတ်ခြင်းခံရကာ နောက်ဆုတ်ရန်အတွက် နည်းလမ်းမရှိတော့ချေ။

"သေခြင်းရှင်ခြင်း အလှည့်အပြောင်း"

လုယွီသည် ရုတ်တရက် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုထုတ်ယူကာ ထိုအရာပေါ်ရှိအပ်ကို ပြင်းပြင်းထန်ထန်လှည့်လိုက်သည်။

သေခြင်းရှင်ခြင်းဥပဒေသများ အဆက်မပြတ် လှည့်ပတ်နေသည်။ထို့နောက် ဖန်ကဲသို့ကြည်လင်သောအလင်းတန်းတတန်းက လုယွီ၏ခန္ဓာကိုယ်တခုလုံးကို လွှမ်းခြုံသွားသည်။ သူသည် အမှန်တကယ်ကိုပင် ပတ်ဝန်းကျင်ရှိလေဟာနယ်ချိတ်ပိတ်ထားမှုကို ချိုးဖျက်ကာ လွတ်မြောက်သွားပေ၏။

ထိုသို့ဆိုသည့်တိုင် ကျိုးမိသားစုဘိုးဘေး၏တိုက်ခိုက်မှုသည် အသေးအမွှားအရာတစ်ခု မဟုတ်ချေ။

ထိုဧရာမလက်ဝါးပုံရိပ်ယောင်ကြီးအတွင်းတွင် အလွန်ကြောက်မက်ကောင်းသော အားလှိုင်းတစ်ရပ် ရောယှက်ပါဝင်နေသည်။ထိုအားလှိုင်းအနက်မှတစွန်းတစ ထိခတ်မိသည့်တိုင် လုယွီသည် သွေးတလုတ်အန်ထုတ်ကာ နောက်သို့ဆုတ်လိုက်ရသည်။

"လုယွီ..."

ဝေ့မင်ထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"လုယွီ...မြန်မြန်ထွက်သွားတော့ သူ့ရဲ့ပစ်မှတ်က မင်းပဲ"

လုချန်းချင်ကလည်း အော်ဟစ်ပြောဆိုသည်။

တခြားလူများသည်လည်း အလွန်စိုးရိမ်ပူပန်နေကြ၏။အကယ်၍ သူတို့သည် ဧည့်အကြီးအကဲဆယ့်နှစ်ယောက်နှင့် ရင်ဆိုင်ရပါက သူတို့အသက်ရှင်သန်နိုင်သော အခွင့်အရေးတစ်ခု ရှိနေဆဲပင်။သို့ရာတွင် သူတို့သည် တာအိုသခင်တစ်ယောက်နှင့် ရင်ဆိုင်ရပါက အသက်ရှင်သန်နိုင်သောအခွင့်အရေး ပျောက်ကွယ်သွားပေမည်။

လုယွီ၏နောက်ရှိ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး ချက်ချင်းကြေမွှပျက်စီးသွားသည်။သူ၏ခန္ဓာကိုယ်ပေါ်တွင် သွေးများဖြင့် စိုရွှဲနေပေ၏။

"ဒါက မင်း ရှောင်မိသားစုဆီကနေရခဲ့တဲ့ မသေမျိုးအဆင့် မှော်လက်နက်လား"

ကျိုးမိသားစုဘိုးဘေး၏မှုန်ဝါးနေသောမျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။သူ၏စူးရှသောမျက်လုံးတစ်စုံဖြင့် လုယွီ၏လက်အတွင်းရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကို စူးစိုက်၍ကြည့်နေသည်။

ဤကိစ္စကို တခြားမည်သူတစ်ဦးတစ်ယောက်မျှ အာရုံမခံမိချေ။တခြားသူများက လုယွီသည် ကျိုးမိသားစုဘိုးဘေး၏တိုက်ခိုက်မှုကို ရှောင်တိမ်းသွားသည်ကိုသာ သိရှိကြပေ၏။

သို့ရာတွင် လုယွီတစ်ယောက်တည်းကသာ ပတ်ဝန်းကျင်ရှိလေဟာနယ် တွန့်လိမ်ပြီးဆုတ်ဖြဲခံလိုက်ရသည်ကို သိရှိထားသည်။ဖျက်ဆီးခြင်းအားလှိုင်းတစ်ရပ်က သူ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် သက်ရောက်နေပေ၏။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ထိုစွမ်းအားကို တ​ဖြည်းဖြည်းချေဖျက်နေသည်။သို့ရာတွင် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်နက်စိတ်ဝိညာဥ်သည် အလွန်အမင်းငယ်ရွယ်သော အခြေအနေ၌ရှိနေသဖြင့် အချိန်ကြာကြာ တောင့်ခံနိုင်မည်မဟုတ်ချေ။

Chapter 4227

"ဒါက နာတယ်"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် နတ်ဘုရားစိတ်အာရုံအတွေးတချက်ကို လုယွီထံပေးပို့ကာ နာကြင်မှုကြောင့် ညည်းတွားလေသည်။

နောက်ဆုံး၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့်သာ တောင့်ခံနိုင်တော့မည်ဖြစ်ကြောင်း လုယွီကို ပြောဆိုခဲ့သည်။

"ငါက မသေမျိုးအဆင့် မှော်လက်နက်အပိုင်းအစတွေကို ရှာပြီးတော့ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြောင်ကို အမြန်ဆုံးပြုပြင်ရမယ်....ဒါဆိုရင် အနည်းဆုံးတော့ ငါက ကျိုးမိသားစုဘိုးဘေးလိုအဆင့်မျိုးကို ရင်ဆိုင်နိုင်တယ်"

လုယွီသည် အဝေးတစ်နေရာသို့ကြည့်ကာ သူ၏စိတ်အတွင်းရှိ မလိုလားအပ်သောအတွေးများကို ဖယ်ထုတ်လိုက်သည်။

"ငါ့ကို မသေမျိုးအဆင့်မှော်လက်နက်ပေးစမ်း...ငါက မင်းကို ဘာနာကျင်မှုမှ မခံစားရဘဲနဲ့ သေဆုံးခွင့်ပြုမယ်"

ကျိုးမိသားစုဘိုးဘေးက တည်ငြိမ်သောမျက်နှာအမူအယာဖြင့် ပြောဆိုသည်။ဤသည်မှာ သူ လုယွီကို လွယ်လင့်တကူသေခွင့်ပြုခြင်းသည် သူ၏သဘောထားကြီးမှုကို ပြသနေသည့်အလားပင်။

သူ၏စကားကိုတုံ့ပြန်သည်မှာ ကြီးမားသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုပင်။

ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုအတွင်း၌ မျောလွင့်လာကာ အကန့်အသတ်မရှိသောမှော်စွမ်းအားများ ရောယှက်နေသည်။ထိုအရာသည် ကျိုးမိသားစုဘိုးဘေးထံသို့ဦးတည်၍ ပြင်းပြင်းထန်ထန် ကျရောက်လာပေ၏။

တချိန်တည်းမှာပင် လုယွီက ရှေ့သို့ခြေတစ်လှမ်းတက်လိုက်သည်။သူ၏လက်ဖြင့် လက်စည်းတံဆိပ်အမြောက်အများကို အဆက်မပြတ်ဖွဲ့စည်းကာ သူ၏ရှေ့၌ မရေမတွက်နိုင်သော မှော်စွမ်းအားအလင်းတန်းများ ထွက်ပေါ်လာသည်။

သူ၏လက်မှနေ၍ အစွမ်းထက်သော ရှေးဟောင်းသိုင်းပညာနည်းစနစ်များနှင့် ရှေးဟောင်းအင်မော်တယ်မှော်မန္တန်များကို အဆက်မပြတ်ထုတ်လွှတ်ထားကာ အလင်းတန်းများ တောက်ပနေသည်။

အကယ်၍ ယခင်ကဆိုလျှင် လုယွီသည် သူ၏မှော်စွမ်းအားများ ကုန်ခမ်းသွားမည်ကို စိုးရိမ်ပူပန်ရပေမည်။သို့ရာတွင် ယခုလက်ရှိအချိန်၌ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများသည် ကျယ်ပြန့်သောပင်လယ်ပြင်ကြီးတစ်စင်းအလား အကန့်အသတ်မရှိချေ။

ဘုန်း....ဘုန်း....ဘုန်း.....

လေထုအတွင်း၌ မရေမတွက်နိုင်သော မှော်မန္တန်အလင်းတန်းများဖြင့် ပြည့်နှက်သွားကာ အလွန်အမင်းစူးရှတောက်ပနေသည်။

ပတ်ဝန်းကျင်မှစောင့်ကြည့်နေကြသူများအားလုံး ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိပေ၏။

ထိုအချိန်ကျမှသာ လုယွီသည် အစောပိုင်းက သူ၏အစစ်အမှန်ခွန်အားကို ထုတ်ဖော်အသုံးပြုခဲ့ခြင်းမရှိကြောင်း သူတို့အားလုံး နားလည်သဘောပေါက်သွားသည်။

မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသော မှော်မန္တန်များအနက်မှမည်သည့်တစ်ခုမဆို တောက်ပသောအရောင်အသွေးများ စီးဆင်းနေသည်။ထိုမှော်မန္တန်များ၏စွမ်းအားသည် သာလွန်ထူးကဲပြီး အလွန်နက်နဲသိမ်မွေ့ပေ၏။လူအများသည် ထိုမှော်မန္တန်များ၏နာမည်များကိုပင် မသိရှိချေ။

ဘုန်း...

ထိုမှော်မန္တန်များအားလုံးသည် ကျိုးမိသားစုဘိုးဘေးပေါ်သို့ ကျရောက်သွားချိန်၌ လေနံရံကြီးတစ်ခုကို ရိုက်ခတ်မိသည့်အလား ရှေ့သို့အနည်းငယ်​မျှ ရွေ့လျားနိုင်ခြင်း မရှိချေ။

ကျိုးမိသားစုဘိုးဘေး၏မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ရပ်ထင်ဟပ်လာသည်။

"မင်းက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လို့ လူတိုင်းက ပြောနေကြတာ အံ့အားသင့်စရာမရှိတော့ဘူး....မင်းက ရှေးဟောင်းခေတ်ကာလက ရုပ်ခန္ဓာကိုယ်ကျင့်ကြံတဲ့ အမွေအနှစ်တစ်ခုကို ဆက်ခံထားပုံရတယ်"

"အဲ့ဒီအမွေအနှစ်က မင်း ဖမ်းဆုပ်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး...ပြိုင်ဘက်ကင်းကံကြမ္မာကောင်းကြီးတစ်ခုဆိုတာ ခွန်အားကောင်းသူတွေပဲ ပိုင်ဆိုင်သင့်တယ်.....မင်းက ငါ့ရဲ့လမ်းကြောင်းမှာ အနင်းခံကျောက်တုံးတစ်တုံးထက် မပိုဘူး"

သူက ခြေတစ်လှမ်း ရှေ့တက်လိုက်သည်။သူ၏လက်ဝါးအတွင်း၌ တာအိုနည်းစနစ်များ၏အလင်းတန်းများ ဖြာထွက်လာကာလုယွီ၏မှော်စွမ်းအားများကို ခြေဖျက်လိုက်သည်။

လုယွီ၏မှော်မန္တန်များအနက်မှ မည်သည့်တစ်ခုမဆို ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်နိုင်စွမ်းရှိသည်။ထိုအရာများသည် နယ်မြေသခင်တစ်ယောက်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားစေနိုင်သော်လည်း ကျိုးမိသားစုဘိုးဘေးကိုမူ အနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိပေ။

ထိုမှော်မန္တန်များအားလုံး ပျက်စီးသွားသော်လည်း ပြင်းထန်သော နောက်ချန်အားလှိုင်းများကို ထုတ်လွှတ်နေဆဲပင်။မိုးကောင်းကင်ယံအတွင်း၌ အရောင်အသွေးစုံလင်သော အလင်းတန်းများ လွှမ်းခြုံနေသည်။

"မင်းက ငါ့ကို နောက်ကွယ်ကနေ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ဆိုတာ အရမ်းအလှမ်းကွာဟတယ်"

ကျိုးမိသားစုဘိုးဘေးသည် ရုတ်တရက် သူ၏မျက်လုံးထောင့်မှနေ၍ နောက်သို့ကြည့်ကာ လက်ဝါးတချက်ရိုက်ထုတ်လိုက်သည်။

ထိုလက်ဝါးရိုက်ချက်၏စွမ်းအားသည် မြင့်မားသောတောင်ကြီးတစ်လုံးအလား လုယွီ ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ရုတ်ချည်းဆိုသလိုပင် ထိုအရာသည် လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ့အား မီတာဆယ်နှင့်ချီအကွာထိ လွင့်ထွက်သွားစေသည်။လုယွီ၏ပါးစပ်မှနေ၍ သွေးများ အဆက်မပြတ် အန်ထွက်လာပေ၏။

ဤသည်မှာ သိုင်းပညာသူတော်စင်တစ်ယောက်၏ရုပ်ခန္ဓာကိုယ်ပင်။အကယ်၍ သူ့နေရာတွင် တခြားကျင့်ကြံသူတစ်ယောက်ဆိုပါက အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေမည်။

လုယွီ၏ပုံပန်းသွင်ပြင်အရ အကဲဖြတ်ကြည့်လျှင် သူသည် အလွန်ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ဝတ်စုံသည် စုတ်ပြတ်နေကာ တစ်နေရာမှအကောင်းပကတိမကျန်ရှိတော့ချေ။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း သွေးများဖြင့်စိုရွှဲနေသည်။

သို့ရာတွင် ဤသည်မှာ ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်၏တိုက်ခိုက်မှုပင်။

လုယွီသည် ယခုလက်ရှိချိန်ထိ ခုခံကာကွယ်ထားနိုင်သည်ကပင် လုံလောက်သည်အထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေလေပြီ။

"မင်း ခုထိမသေသေးဘူးလား"

ကျိုးမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ သူ၏လက်ကိုမြှောက်ပြီး နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်အသုံးပြုရန် ဟန်ပြင်လိုက်သည်။

သို့ရာတွင် ရုတ်တရက် အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းမှနေ၍ အထွတ်အမြတ်ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်ကို လွမ်းခြုံသွားသည်။

ကျိုးမိသားစုဘိုးဘေး၏မျက်နှာအမူအယာ ရုတ်တရက်ပျက်ယွင်းသွားကာမိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်၏။

မီးခိုးငွေများနှင့်ဖုန်မှုန့်များအကြားမှနေ၍ လုယွီ၏ပုံရိပ် တဖြည်းဖြည်းထွက်ပေါ်လာသည်။

လုယွီ၏လက်အတွင်း၌ အရှေ့ပိုင်းတောအုပ်ဥယျာဥ်မှ သူ ရရှိခဲ့သော မြှားချွန်ကိုကိုင်ထားကာ သူ၏တခြားလက်တစ်ဖက်၌ ကောင်းကင်ဘုံဖွင့်လှစ်ခြင်းနတ်ဘုရားလေးကို အသုံးပြုထားသည်။သူသည် မြှားချွန်ကိုတပ်လိုက်ပြီးနောက် လေးကြိုးတကြိုးလုံးတုန်ခါသွားပေ၏။

ဤသည်မှာ အတိတ်တွင် လူသားဧကရာဇ်အမဲလိုက်ထွက်စဉ်၌ အသုံးပြုခဲ့သော နတ်ဘုရားမြှားပင်။

ထိုမြှား၏ထိပ်မှနေ၍ တုန်ခါသံများ အဆက်မပြတ် မြည်ဟီးနေသည်။အကန့်အသတ်မရှိသော နတ်ဘုရားအလင်းတန်းများက ထိုမြှား၌တွယ်ကပ်နေကာ ကမ္ဘာငယ်လေး၏မိုးနှင့်မြေတခွင်လုံးကို လှုပ်ခတ်သွားစေသည်။

"လူအိုကြီး....မင်း တိုက်ခိုက်တာ လုံလောက်သွားပြီလား"

Chapter 4228

ထိုမြှား၏ကိုယ်ထည်တစ်ခုလုံးမှာနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည်။ထိုအရာ၏မျက်နှာပြင်ပေါ်တွင် ထူထပ်သိပ်သည်းသောသင်္ကေတအက္ခရာများ လွှမ်းခြုံနေပေ၏။

လေးကြိုးကိုဆွဲပြီးနောက် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းနတ်ဘုရားလေး၏အလင်းတန်းများက အရပ်မျက်နှာအဘက်ဘက်သို့ တောက်ပသွားသည်။လုယွီ၏နံဘေးပတ်လည်တွင် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သောအရှိန်အဝါတစ်ရပ် ရစ်သိုင်းလွှမ်းခြုံနေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တဖန်ပြန်၍တိတ်ဆိတ်ငြိမ်သက်သွားကာ လုယွီ၏နံဘေးရှိ ထက်ရှသောလေတိုးသံကိုသာ ကြားနေရသည်။

ယခင်က လုယွီအသုံးပြုခဲ့သော နည်းစနစ်​များသည် အကဲစမ်းရုံသက်သက်ပင်။

ပထမအကြိမ်သည် အကဲစမ်းခြင်းဖြစ်ပြီးဒုတိယအကြိမ်သည် စိတ်ရှုပ်ထွေးစေခြင်းပင်။

ထိုအစွမ်းထက်သော ရှေးဟောင်းအင်မော်တယ်မှော်နည်းစနစ်များသည် ကျိုးမိသားစုဘိုးဘေး၏တိုက်ခိုက်မှုတစ်ခုကို တောင့်ခံနိုင်ခဲ့ခြင်းမရှိချေ။အချိန်များကြာလာသည်နှင့်အမျှ ကျိုးမိသားစုဘိုးဘေးသည် ရန်သူအပေါ် လျှော့တွက်လာပေ၏။

အထူးသဖြင့် သူ၏ပြင်းထန်သောလက်သီးချက်နှစ်ချက်ကို ခံယူပြီးနောက် လုယွီ၏ပါးစပ်မှ သွေးများ အဆက်မပြတ်အန်ထွက်နေသဖြင့် သူ လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားခဲ့သည်။

လုယွီသည် အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေကာ သေဆုံးတော့မည်ဟု ကျိုးမိသားစုဘိုးဘေးက ခံစားမိလေ၏။

သို့ရာတွင် အချိန်မရွေးသေဆုံးသွားနိုင်သည့် တစ်ဖက်ရန်သူသည် သတ်ဖြတ်ခြင်းလှုပ်ရှားမှုတစ်ခုကို ထုတ်ဖော်အသုံးပြုမည်ဟု သူ မျှော်လင့်မထားမိချေ။

"ဒါကလူသားဧကရာဇ်ရဲ့ မြှားမဟုတ်လား...သူက ဒါကို တကယ်ကြီး ထုတ်သုံးခဲ့တာပဲ"

"မသေမျိုးအဆင့်မှော်လက်နက်တစ်ခုနဲ့ တာအိုသခင်တစ်ယောက် ရင်ဆိုင်မယ်ဆိုရင် ဘယ်သူက ပိုပြီးအစွမ်းထက်မလဲဆိုတာ ငါ သိချင်မိတယ်"

လူတိုင်းသည် မိုးကောင်းကင်ယံအတွင်းရှိ မြင်ကွင်းကိုကြည့်ပြီး နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထိတ်လန့်တုန်လှုပ်နေသည်။

ဤကဲ့သို့ မြင်ကွင်းတစ်ခုကို မြင်တွေ့ရသည်မှာ အလွန်ရှားပါးပေ၏။သူတို့၏ဘဝ၌ ဤမြင်ကွင်းမျိုး ထပ်မံ၍မြင်တွေ့ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။သူတို့အနက်မှအများစု၏မျက်လုံးများ ပြူးကျယ်နေကာ ဤပြိုင်ဘက်ကင်းတိုက်ပွဲကို လွဲချော်သွားမည်အား စိုးရိမ်နေမိသည်။

"ငါ့ကို ဘယ်လိုမျိုး အံ့အားသင့်မှုတွေ ပေးရမယ်ဆိုတာ မင်းက တကယ့်ကို သိနေတာပါလား"

ကျိုးမိသားစုဘိုးဘေး၏မျက်နှာပေါ်တွင် အလေးအနက်ထားသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။သူသည် ရုတ်တရက် သူ့၏လက်ကိုဆန့်တန်းကာ လုယွီ၏လက်အတွင်းရှိမြှားကို ဖမ်းဆုပ်လိုခဲ့သည်။

လုယွီကမူ သူသည် သေဆုံးရမည်ကို ထိုင်၍စောင့်ဆိုင်းမနေနိုင်​ချေ။ထို့ကြောင့် သူသည် ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်ရန် ရွေးချယ်လိုက်၏။

ကျိုးမိသားစုဘိုးဘေးသည် ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်သာ ဖြစ်သော်လည်း အလွန်သန်မာအားကောင်းသူ တစ်ယောက်ပင်။ သူ ချဥ်းကပ်လာသောအချိန်၌ ပတ်ဝန်းကျင်ရှိလေဟာနယ် ချက်ချင်းတောင့်တင်းသွားသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်အကြားမှ စွမ်းအားများအားလုံးကို ကျိုးမိသားစုဘိုးဘေးမှ ဖမ်းဆုပ်ထားနိုင်သည့်အလားပင်။

ဤအချိန်အခိုက်အတန့်တွင် နယ်မြေသခင်များဖြစ်သော လုချန်းချင်တို့နှစ်ယောက်ပင်လျှင် သူတို့၏စိတ်နှလုံးသား အောက်ခြေမှလာသော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိသည်။

တာအိုသခင်တစ်ယောက်သည် ကောင်းကင်နှင့်မြေပြင်ကို လွယ်လင့်တကူဖျက်ဆီးနိုင်စွမ်းရှိသည်။ဤကဲ့သို့ ထက်ရှသောအရှိန်အဝါတစ်ရပ်ကို လူတိုင်း တောင့်ခံနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။ဤကဲ့သို့ အစွမ်းထက်သောဖိအားအရှိန်အဝါအောက်တွင် သူသည် တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားပေ၏။

အတိတ်ဘဝ၌ သူသည် ကောင်းကင်ဘုံနယ်မြေအတွင်းတွင် ထိပ်သီးတာအိုသခင်တစ်ယောက်ဖြစ်ခဲ့သူပင်။သူ့ထံ၌ သေရေးရှင်ရေးတိုက်ပွဲအတွေ့အကြုံ အမြောက်အများရှိသည်။ သူသည် ဤကဲ့သို့တိုက်ခိုက်မှုမျိုးကို အသုံးပြုခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

သူ၏စိတ်နှလုံးသား တည်ငြိမ်နေမှသာ ဤကိစ္စများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပေမည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏စိတ်နှလုံးသား တည်ငြိမ်အေးချမ်းနေသည်။မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရသော်လည်း လူသားဧကရာဇ်၏အမဲလိုက်ကွင်းမြေပုံသည် သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာပေ၏။

ရှေးဟောင်းချင်အင်ပါယာမှ ပန်းချီဆရာများ၏ ပန်းချီပညာရပ်စွမ်းရည်သည် အလွန်အမင်းမြင့်မားပေ၏။ထိုပန်းချီကားသည် ခေတ်ကာလပေါင်းများစွာကြာမြင့်လာသည့်တိုင် လူသားဧကရာဇ်၏လက်အတွင်း၌ လေးနှင့်မြှားကိုင်ထားသောပုံသဏ္ဍာန်ကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်နိုင်ခဲ့သည်။

သိုင်းအာဏာရှင်တယောက်မှ မြှားကိုပစ်လွှတ်လိုက်စဥ်တွင် သူ၏ကိုယ်နေဟန်ထား အရှိန်အဝါများအားလုံး အမှတ်တစ်ခု၌ စုဝေးသွားသည်။

လုယွီသည် ပန်းချီကားအတွင်းရှိ ကိုယ်နေဟန်ထားအတိုင်း တုပလိုက်သည်။သူ၏လက်မောင်းပေါ်ရှိသွေးကြောများ ထောင်ထလာကာ မြှားအတွင်းသို့ အကန့်အသတ်မရှိသောစွမ်းအားများ စီးဝင်သွားသည်။

အလွန်အမင်းကျယ်လောင်သော တုန်ခါသံများက ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပျံ့နှံ့သွားသည်။

လေးသည် လပြည့်ဝန်းကြီးတစ်ခုအလား...

မြှားသည် မိုးကြိုးတစ်စင်းအလားပင်....

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခွန်အားနှင့်မှော်စွမ်းအားများအားလုံး ထိုမြှားပေါ်၌ စုဝေးနေလေပြီ။

ရွှပ်...

မြှားချွန်သည် ရွှေရောင်အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲကာ ရှေ့သို့ပြင်းပြင်းထန်ထန်ပျံ့လွင့်သွားသည်။

လူတိုင်းသည် ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော အသံတစ်သံကို ကြားလိုက်ရပေ၏။ထိုအသံကိုကြားချိန်၌ သူတို့၏စိတ်နှလုံးသားများ တုန်ခါသွားသည်။

ဤမြှား၏တိုက်ခိုက်မှုအောက်တွင် ကျိုးမိသားစုဘိုးဘေး၏လက် အက်ကွဲကာ ကြေမွှပျက်စီးသွားသည်။

"မင်း...."

ကျိုးမိသားစုဘိုးဘေး၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။သူသည် သူ၏ဓမ္မပုံရိပ်ယောင်မှ အရင်းအမြစ်ကို လောင်ကျွမ်းကာ သူ့၏ဝှက်ဖဲကိုအသုံးပြုရန် ကြံရွယ်လိုက်သည်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် မြှားသည် ကျိုးမိသားစုဘိုးဘေး၏ရှေ့သို့ ရောက်ရှိလာပေ၏။

"လူအိုကြီးကျိုး...မင်းက တာအိုသခင်တစ်ယောက်ဖြစ်နေတာနဲ့ ငါက မင်းကို မသတ်နိုင်ဘူးလို့ မင်း ထင်နေတာလား"

လုယွီ၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်းထွက်ပေါ်လာသည်။မြှားချွန်သည် ကျိုးမိသားစုဘိုးဘေး၏ရှေ့သို့ ရောက်ရှိသွားကာ သူ၏ဓမ္မပုံရိပ်ယောင်ကြီးအတွင်းသို့ အညှာအတာကင်းမဲ့စွာ ထွင်းဖောက်ဝင်ရောက်သွားတော့သည်။

Chapter 4229

ဖူး......

မသဲမကွဲအသံတစ်သံ ထွက်ပေါ်လာသည်။ကျိုးမိသားစုဘိုးဘေးသည် သူ့၏အလွန်ကြီးမားသောဓမ္မပုံရိပ်ယောင်ကြီးဖြင့် မြှားကို ပိတ်ဆို့ဟန့်တားသော်လည်း အသုံးမဝင်ချေ။

ဓမ္မပုံရိပ်ယောင်ကြီး၏လက်တစ်ဖက် ကြေမွှပျက်စီးသွားကာ မည်သည့်အရာမျှမရှိခဲ့သည့်အလား ပြောင်းလဲသွားသည်။

"လုယွီ...."

ကျိုးမိသားစုဘိုးဘေးသည် အလွန်ဒေါသထွက်သွားပေ၏။သူ၏ဓမ္မပုံရိပ်ယောင်မှနေ၍ မရေမတွက်နိုင်သောအလင်းတန်းများ ဖြာထွက်လာသည်။

ဤသည်မှာ သူ၏အစစ်အမှန်ခန္ဓာကိုယ်မဟုတ်သော်လည်း သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ဖွဲ့စည်းထားသော ဓမ္မပုံရိပ်ယောင်ပင်။

အကယ်၍ ကျိုးမိသားစုဘိုးဘေးသည် အစစ်အမှန်တာအိုသခင်တစ်ယောက် ဖြစ်လိုပါက သူ၏စိတ်ဝိညာဥ်ကို ယွင်ရှန်းအဆင့်သို့ ပြောင်းလဲနိုင်ရန်လိုအပ်သည်။ဤအကြောင်းအရင်းကြောင့် သူသည် စိတ်ဝိညာဉ်ကို အချိန်ကြာမြင့်စွာယူ၍ ကျင့်ကြံခဲ့ရသည်။ သူသည် အရည်အချင်းပြည့်မီသော အပြောင်းအလဲတစ်ခုသို့ တွန်းပို့နိုင်ရန်သာ လိုအပ်တော့ကာ မဖျက်ဆီးနိုင်သောစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိလုဆဲဆဲ ဖြစ်နေလေပြီ။

သို့ရာတွင် ဤအချိန်၌ သူ၏ဓမ္မပုံရိပ်ယောင် ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် သူ၏စိတ်ဝိညာဥ်သည်လည်း သိသာသောထိခိုက်ဒဏ်ရာရရှိမှုကို ခံစားရပေမည်။

ဤတိုက်ခိုက်မှုသည် သူ၏နှစ်ပေါင်းများစွာကြာအောင် ပြင်းပြင်းထန်ထန်ကျင့်ကြံခဲ့ရမှုများကို ဆုံးရှုံးသွားခြင်းနှင့် ညီမျှသည်။

ဝှစ်....

လုယွီက သူ၏လက်ကိုဆန့်တန်းကာ ဖမ်းဆုပ်သည့် လက်ဟန်သင်္ကေတ ပြုလုပ်လိုက်သည်။ထိုအချိန်မှာပင် ရှေ့သို့ပျံ့လွင့်သွားသော ရွှေရောင်မြှားသည် သူ၏လက်အတွင်းသို့ တဖန်ပြန်၍ ရောက်ရှိလာပေ၏။

လုယွီသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ မြှားကိုတပ်ကာ လေးကြိုးကိုဆွဲလိုက်သည်။ ထိုနောက် သူသည် နောက်ထပ်မြှားတစ်စင်း ပစ်ခတ်လိုက်၏။

ကျိုးမိသားစုဘိုးဘေးသည် အဆက်မပြတ် နောက်ဆုတ်နေလေ၏။သူ ဖန်တီးထားသော မှော်သင်္ကေတအက္ခရာများသည် ရွှေရောင်မြှား၏ရှေ့တွင် အနည်းငယ်မျှအရေးမပါချေ။

ဘန်း....

သူ၏နောက်ထပ်လက်တစ်ဖက် ပေါက်ကွဲသွားသည်။

မရေမတွက်နိုင်သော မှော်စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကြဲသွားကာ ကျိုးမိသားစုဘိုးဘေးသည် အနည်းငယ်မျှ တောင့်ခံနိုင်ခြင်းမရှိချေ။

ကျိုးမိသားစုဘိုးဘေး၏ ဓမ္မပုံရိပ်ယောင်ကြီးသည် ယခင်ကဲ့သို့ အကောင်းပကတိမကျန်ရှိတော့ပေ။သူ့ထံမှနေ၍ ပျက်စီးခြင်းအရှိန်အဝါများပင်လျှင် ထွက်ပေါ်နေသည်။

"မင်းက တာအိုသခင်တစ်ယောက်ဖြစ်နေတာနဲ့ ငါ့ကို ဟန့်တားနိုင်မယ်လို့ မင်း ထင်နေတာလား"

လုယွီ၏မျက်လုံးအတွင်း၌ အနီရောင်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။သူသည် လေးကြိုးကို အဆက်မပြတ်ဆွဲလိုက်၏။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မြှားတစ်စင်း ပျံ့လွင့်သွားကာ ကျိုးမိသားစုဘိုးဘေး၏ဓမ္မပုံရိပ်ယောင်ကြီးကို ထပ်မံ၍ထွင်းဖောက်သွားသည်။

ဘန်း....ဘန်း....ဘန်း....

ကျယ်လောင်သောပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ကျိုးမိသားစုဘိုးဘေး၏ဓမ္မပုံရိပ်ယောင်ကြီးသည် အပြည့်အစုံမရှိတော့ဘဲ ကြည့်ရသည်မှာ အလွန်အမင်းဆိုးရွားနေလေပြီ။

အကယ်၍ လုယွီ၏လက်အတွင်း၌ ဤကဲ့သို့ ဝှက်ဖဲတစ်ချပ်ရှိသည်ကို သူ ကြိုသိခဲ့လျှင် အစပိုင်းကတည်းက သူ၏အပြင်းထန်ဆုံး သတ်ဖြတ်ခြင်းလှုပ်ရှားမှုကိုအသုံးပြုပြီး လုယွီကို သတ်ဖြတ်ခဲ့ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ နောင်တသည် အသုံးမဝင်တော့ချေ။

အကယ်၍ သူသည် သူ၏ဓမ္မပုံရိပ်ယောင်ကိုဆုံးရှုံးရပါက သူ၏စိတ်ဝိညာဉ် အပြင်းအထန်ဒဏ်ရာရရှိသွားပေမည်။ထို့ပြင် သူသည် အစစ်အမှန်တာအိုသခင်နယ်ပယ်သို့ တက်လှမ်းနိုင်ရန် ပို၍အလှမ်းကွာဟသွားပေမည်။

"ခွေးမသားလေး...ငါ မင်းကို သတ်မယ်"

ကျိုးမိသားစုဘိုးဘေးသည် ရူးသွပ်သွားလုနီးပါးပင်။သူသည် သူ၏ဓမ္မပုံရိပ်ယောင်ကြီးကိုဖောက်ခွဲကာ လုယွီထံသို့ တဟုန်ထိုးပြေးဝင်လိုက်၏။

ကြီးမားသောစွမ်းအားအရှိန်အဝါများ ပြန့်ကျဲသွားကာ လုယွီ၏ပါးစပ်မှ သွေးများထပ်မံ၍ယိုစီးကျလာသည်။သူ၏အရိုးများကျိုးပဲ့သွားကာ သူ၏သွေးကြောများလည်း ထောင်ထလာသည်။

"ကျိုးမိသားစုဘိုးဘေးက တန်ကြေးကြီးကြီးမားမားကိုရင်းပြီး တကယ့်ကို တိုက်ခိုက်နေတာပါလား.....သူက သူ့ရဲ့ဓမ္မပုံရိပ်ယောင်ကိုတောင် စွန့်လွှတ်လိုက်တယ်"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ပြင်ပဓမ္မပုံရိပ်ယောင်သည် အလွန်အမင်းအဖိုးတန်ပေ၏။

အကယ်၍ ထိုအရာထိခိုက်ပျက်စီးသွားပါက မူလခန္ဓာကိုယ်အတွက်လည်း ကြီးမားသောထိခိုက်နစ်နာမှု ဖြစ်ပွားသွားပေမည်။

လူတချို့ထံတွင် အားနည်းသောစိတ်ဝိညာဉ်များရှိသည်။အကယ်၍ ထိုလူများ၏ဓမ္မပုံရိပ်ယောင်များ ပျက်စီးသွားပါက မူလခန္ဓာကိုယ်၏စိတ်ဝိညာဉ်သည်လည်း သက်ရောက်ခြင်းခံရကာ ရူးသွပ်သွားပေမည်။

ကျိုးမိသားစုဘိုးဘေးသည် သူ၏ဓမ္မပုံရိပ်ယောင်ကိုအသုံးပြုကာ လုယွီနှင့်အတူ သေကြေပျက်စီးသွားလိုသည်မှတဆင့် သူ လုယွီအပေါ် မည်မျှထိ မုန်းတီးသည်ကို ပြသနေသည်။

"ဒါက မင်းရဲ့ပြင်ပဓမ္မပုံရိပ်ယောင်ပဲ ရှိသေးတယ်....မင်းရဲ့အစစ်အမှန်ခန္ဓာကိုယ် ရောက်လာတဲ့အချိန်ထိ ငါ စောင့်နေမယ်"

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူသည်လည်း စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။ထို့နောက် သူ၏လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ရွှေရောင်မြှားကို ပစ်လွှတ်လိုက်၏။

ထိုရွှေရောင်မြှားသည် ကျိုးမိသားစုဘိုးဘေးရွတ်ဆိုထားသော မှော်မန္တန်အထပ်ထပ်ကို ထွင်းဖောက်သွားသည်။နောက်ဆုံး၌ ထိုမြှားသည် ကျိုးမိသားစုဘိုးဘေး၏ ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်ဝင်ရောက်သွားကာ ကျယ်လောင်သော ဘန်းခနဲမြည်သံကြီးနှင့်အတူ ပေါက်ကွဲသွားတော့သည်။

လေလှိုင်းများက အရပ်မျက်နှာအဘက်ဘက်ကို ပျံ့နှံ့သွားကာ မိုးကောင်းကင်ယံအတွင်း၌ ကြီးမားသောတိမ်မှိုပွင့်ကြီးများ ထွက်ပေါ်လာသည်။ကမ္ဘာငယ်လေး၏ ကောင်းကင်နှင့်မြေပြင်တခွင်လုံး တုန်ခါသွားကာ ပြင်းထန်သောပေါက်ကွဲမှုများက နေရာအနှံ့အပြား၌ ဖြစ်ပေါ်နေသည်။

ထိုပေါက်ကွဲမှု၏အလယ်ဗဟိုတွင် ကျိုးမိသားစုဘိုးဘေး၏ဓမ္မပုံရိပ်ယောင်ကြီး ရှိနေပေ၏။ထို့နောက် တောက်ပသောအလင်းတန်းများက သူ့အား ချက်ချင်းလွှမ်းခြုံသွားသည်။

"ရှောင်ကြစမ်း..."

ထိုတိုက်ပွဲအား စောင့်ကြည့်နေသူများသည် ပြင်းထန်သောအားလှိုင်းဒဏ်ကို ခံစားရသဖြင့် အလျှင်အမြန်နောက်ဆုတ်လိုက်ကြသည်။

ကျိုးမိသားစုဘိုးဘေးသည် ဆုံးဖြတ်ချက်ပြတ်သားပြီး ရုန့်ရင်းကြမ်းတမ်းသည်ဟု သူတို့အားလုံး မူလက တွေးထင်ခဲ့ကြသည်။သို့ရာတွင် လုယွီသည် ပို၍ပင်ရုန့်ရင်းကြမ်းတမ်းနေမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။ သူသည် အမှန်တကယ်ကိုပင် မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကို ဖောက်ခွဲခဲ့ပေ၏။

Chapter 4230

မသေမျိုးအဆင့် မှော်လက်နက်တစ်ခုသည် ထိပ်သီးအင်အားစုများအကြား၌ အလွန်အမင်းအဖိုးတန်ရှားပါးသော အရာတစ်ခုပင်။

ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးအတွင်း၌ပင် မသေမျိုးအဆင့်မှော်လက်နက်ဟူ၍ အနည်းငယ်သာရှိသည်။မသေမျိုးအဆင့်မှော်လက်နက်တစ်ခုစီတွင် ကြီးမားသောနာမည်ဂုဏ်သတင်းရှိပေ၏။

လုယွီသည် မသေမျိုးအဆင့်မှော်လက်နက်ကို ဖောက်ခွဲခဲ့ခြင်းမှာ သူ၏ဝှက်ဖဲတစ်ချပ်ကို လွှတ်ပစ်လိုက်ခြင်းနှင့် တူညီသည်။တာယွီတော်ဝင်နန်းတွင်းပင်လျှင် ဤကဲ့သို့ဆုံးရှုံးမှုတစ်ခုကို လက်ခံနိုင်မည် မဟုတ်ပေ။

မသေမျိုးအဆင့်မှော်လက်နက် ပေါက်ကွဲသွားချိန်၌ အလွန်ပြင်းထန်သော အရှိန်အဝါတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤပေါက်ကွဲမှု၏အလယ်ဗဟိုတွင် ကျိုးမိသားစုဘိုးဘေး၏ ဓမ္မပုံရိပ်ယောင်ကြီး ရှိနေပေ၏။

သူသည် စကားတခွန်းကိုမျှ ပြောဆိုရန် အခွင့်အရေးမရရှိခဲ့ချေ။ပြင်းထန်သောပေါက်ကွဲအားလှိုင်းများကြောင့် သူ၏ဓမ္မပုံရိပ်ယောင်ကြီး ကြေမွှပျက်စီးသွားကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤသည်မှာ မသေမျိုးအဆင့် မှော်လက်နက်တစ်ခု၏ပေါက်ကွဲမှုပင်။

ကမ္ဘာငယ်လေး၏ ကောင်းကင်နှင့်မြေပြင်သည် ပြိုလဲသွားတော့မည်အလား တုန်ခါနေသည်။မိုးကောင်းကင်ယံအတွင်းရှိ လအလင်းရောင် မှေးမှိန်စပြုလာကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။

လူများအားလုံးသည် သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိသည်။ဤကြောက်မက်ဖွယ်ကောင်းသောစွမ်းအား ထွက်ပေါ်လာစဉ်တွင် အကယ်၍ သူတို့သည် ထိုနေရာနှင့်အနီးကပ်နေမိပါက အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။

လေထုအတွင်းမှနေ၍ လူရိပ်တရိပ် ဖျတ်ခနဲပျံသန်းလာသည်။

ဤသည်မှာ လုယွီပင်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေသည်။သူ၏အရိုးများအနက်မှအများစုသည်လည်း ကျိုးပဲ့ကုန်ကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းဆိုးရွားသော အခြေအနေ၌ရှိနေသည်။

လူများအားလုံးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အလွန်ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား အထင်မသေးဝံ့ချေ။

ဤသည်မှာ တာအိုသခင်တစ်ယောက်၏ဓမ္မပုံရိပ်ယောင်ကို ဖောက်ခွဲခြင်းပင်။

ကောင်းကင်ဘုံနယ်မြေအတွင်း၌ လူငယ်ပါရမီရှင်များ နေနေသာသာ ယခင်မျိုးဆက်ဟောင်းမှကျင့်ကြံသူများပင်လျှင် ဤသို့ ပြုလုပ်နိုင်ခြင်းမရှိချေ။

ဝေ့မင်ထျန်းသည် ရှေ့သို့အလျှင်အမြန် ပျံသန်းသွားကာ လုယွီကို တွဲထူလိုက်၏။ သူမ၏လက်ဝါးမှ နွေးထွေးသောခံစားချက်တစ်ခုကို ရရှိပြီးနောက် သူမ၏လက်တစ်ဖက်လုံး သွေးများဖြင့် စိုရွှဲသွားသည်။

"လုယွီ....နင် သွေးတွေအများကြီး ထွက်နေတယ်"

ဝေ့မင်ထျန်းက ထိတ်လန့်တကြား ပြောဆိုသည်။

ဝေ့မိသားစု၏အကြီးဆုံးသခင်မလေးဖြစ်သော သူမသည် ဒဏ်ရာရရှိခြင်းကို တစ်ကြိမ်တစ်ခါမျှ စိုးရိမ်ပူပန်ရန် မလိုအပ်ချေ။ထိုကြောင့် ဤကဲ့သို့အခြေအနေတစ်ခုနှင့် ရုတ်တရက်ကြီးရင်ဆိုင်ရသဖြင့် သူမ အနည်းငယ်ထိတ်လန့်သွားပေ၏။

"အရင်ဆုံး ဘေးကင်းလုံခြုံတဲ့ နေရာတနေရာကို ဆုတ်ခွာကြရအောင်"

လုချန်းချင်က စိုးရိမ်ပူပန်သော မျက်နှာအမူအယာဖြင့် ပြောဆိုသည်။သူသည် ချက်ချင်းဆိုသလိုပင် တခြားလူများအားလုံးကိုခေါ်ဆောင်၍ နန်းဆောင်၏ဘေးတစ်နေရာသို့ ဆုတ်ခွာလိုက်သည်။

မသေမျိုးအဆင့်မှော်လက်နက် ပေါက်ကွဲသွားခြင်းကြောင့် ပြင်းထန်သောအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။

ဤကျွန်း၏နံဘေးတွင် မူလက ထူထပ်သိပ်သည်းသော တောအုပ်တစ်ခုရှိသည်။သို့သော် ယခုလက်ရှိအချိန်၌ ပြင်းထန်သောစွမ်းအားလှိုင်းများအောက်တွင် ထူထပ်သိပ်သည်းသောတောအုပ်အောက်ရှိ မြေပြင်တပြင်လုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားခြင်းနှင့်အတူ အရာအားလုံး ရှုပ်ထွေးနေလေပြီ။

ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သောစွမ်းအားသည် အနည်းငယ်မျှ အားပျော့သွားခြင်းမရှိဘဲ ပို၍ပို၍ပြင်းထန်လာသည်။

ဤနေရာပတ်ဝန်းကျင်ရှိ လေဟာနယ်သည် လုံးလုံးလျားလျား ပျက်စီးသွားတော့မည့်ပုံရသည်။ပတ်ဝန်းကျင်၌ မူလက အေးစက်သောလေများတိုက်ခတ်နေရာမှ ရုတ်တရက် ခြစ်ခြစ်တောက်ပူပြင်းစပြုလာသည်။ရေအိုင်အတွင်းမှရေများသည်လည်း ဗလောင်ဆူနေကာ အပူရှိန်၏သက်ရောက်ခြင်း ခံရသောကြောင့် အငွေ့ပြန်နေသည်။

ပတ်ဝန်းကျင်ရှိ နန်းဆောင်နံရံများပေါ်တွင် အစက်အ​ပြောက်များ စွန်းထင်းနေသည့်ကျောက်နံရံများ ရုတ်တရက်ကွာကျသွားကာ မရေမတွက်နိုင်သော ခရမ်းရောင်သင်္ကေတအက္ခရာများ ထွက်ပေါ်လာသည်။

ဤသင်္ကေတအက္ခရာများသည် လေထုအတွင်းသို့ မြင့်တက်သွားကာရေမျက်နှာပြင်၏အထက်၌ လှည့်ပတ်ပျံဝဲနေပြီး ထိုအရာအတွင်းရှိစွမ်းအားကို အခိုင်အမာချိတ်ပိတ်လိုက်၏။

ဤနေရာပတ်ဝန်းကျင်တွင် တည်ဆောက်ထားသော နန်းဆောင်အမြောက်အများရှိနေကာ နန်းဆောင်တစ်ခုနှင့်တစ်ခုအကြားတွင် အကာအကွယ်မှော်သင်္ကေတများ ရှိနေသည်။

ထိုမှော်သင်္ကေတများမှ အလင်းရောင်များဖြာထွက်လာကာ လေထုအတွင်းသို့ မြင့်တက်သွားသည်။ဤအလင်းရောင်မှ ထွက်ပေါ်နေသော တော်ဝင်အရှိန်အဝါသည် အလွန်ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်ပေ၏။

ဤသင်္ကေတအက္ခရာများကို လူသားဧကရာဇ်ကိုယ်တိုင် ရေးသားထားခြင်းဖြစ်ကာ ပတ်ဝန်းကျင်ရှိနန်းဆောင်များကို အပြည့်အဝကာကွယ်ပေးထားသည်။

မသေမျိုးအဆင့်မှော်ရတနာတစ်ခု ပေါက်ကွဲသွားသည့်တိုင် ထိုနန်းဆောင်များကို အနည်းငယ်မျှ ပျက်စီးစေခြင်းမရှိချေ။

ဤသင်္ကေတအက္ခရာများသည် ပတ်ဝန်းကျင်ရှိထောင့်တနေရာတိုင်း၌ ထွက်ပေါ်လာကာ အလင်းတန်းများ မိုးကောင်းကင်ယံအတွင်းသို့မြင့်တက်လာပြီး တဖြည်းဖြည်း အရပ်လေးမျက်နှာလုံးကို ပျံ့နှံ့သွားပေ၏။

ရွှေရောင်မြှားပေါက်ကွဲခြင်းမှ နောက်ချန်အားလှိုင်းများသည် နောက်ဆုံး၌ ထိန်းချုပ်ဟန့်တားခြင်းကို ခံလိုက်ရတော့သည်။

"ဟူး...."

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။

အကယ်၍ ပေါက်ကွဲမှုစွမ်းအားလှိုင်းများ ဆက်လက်၍ကြီးထွားလာပါက ကမ္ဘာငယ်လေးပြိုလဲပျက်စီးသွားကာ သူတို့သည်လည်း အသက်ရှင်ရက် လွတ်မြောက်နိုင်မည်မဟုတ်ချေ။

"လုယွီ....မင်း ဘယ်လိုနေသေးလဲ"

လုချန်းချင်က အလေးအနက်ထားသောအသံဖြင့် မေးမြန်းသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် နံရံတစ်ခုကိုမှီ၍လဲလျောင်းနေကာ သူ၏မျက်နှာ အလွန်အမင်းဖြူရော်နေသည်။

"ဒါက ပြဿနာမရှိပါဘူး....ငါ အဆင်ပြေတယ်"

လုယွီက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်ကာ ပြောဆိုသည်။

All Chapters