← Chapters

အခန်း (၄၂၃၁-၄၂၃၅)

Vol. 215 Ch. 4231-4235

အခန်း (၄၂၃၁-၄၂၃၅)

Vol. 215 Ch. 4231-4235

Chapter 4231

လုယွီ၏ဒဏ်ရာကို မြင်တွေ့ရသောမည်သူမဆို သူ၏ယခုလက်ရှိအခြေအနေ အလွန်အမင်းဆိုးဝါးသည်ကို သိရှိသည်။

လုယွီသည် တာအိုသခင်ထံမှ တိုက်ခိုက်မှုသုံးမှုကို ခံယူခဲ့ပေ၏။

အကယ်၍ သူ၏နေရာတွင် တခြားတစ်ယောက်ဆိုပါက သူတို့သည် ဆိုးဆိုးရွားရွားသေဆုံးသွားမည့်အပြင် သူတို့၏စိတ်ဝိညာဥ်များလည်း ကြေမွှပျက်စီးသွားပေမည်။

သို့ရာတွင် လုယွီသည် ထိုတိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့သည်။သူသည် တန်ပြန်တိုက်ခိုက်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ရုံသာမက သူထံတွင် အသိစိတ်ကျန်ရှိနေဆဲပင်။

"အရပ်လေးမျက်နှာက စိတ်ဝိညာဥ်စွမ်းအားတွေအားလုံး ..လာခဲ့စမ်း..."

လုယွီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏အသံသည် အလွန်အမင်း နားအူလုမတတ်ပင်။

လူများအားလုံးသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံကို ကြားလိုက်ရသည်။ဤသည်မှာ မိုးကောင်းကင်ယံမှ ဆင်းသက်လာသော မဟာတာအို၏အသံနှင့်တူညီကာ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သိုင်းသူတော်စင်တစ်ယောက်၏မန္တရားပင်။

လုယွီ၏အသံနှင့်အတူ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများသည် သူ၏အမိန့်ကို လိုက်နာပုံရကာ သူ့ထံသို့ တိုးဝင်လာကြသည်။

"သူက ဥပဒေသတွေကို ဖမ်းဆုပ်နိုင်ပြီလား"

လုချန်းချင်က အံ့အားတသင့် ရေရွတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအားများ လုယွီထံသို့ အရူးအမူးစီးဝင်နေသည်ကို လူများအားလုံး ရှင်းရှင်းလင်းလင်းအာရုံခံမိသည်။

ဤသည်မှာ လှောင်ပိတ်ခံထားရသော ပင်လယ်ပြင်ကြီးတစ်စင်းသည် ထွက်ပေါက်တစ်ခုကိုရှာတွေ့သွားကာ စတင်၍ စီးဆင်းသွားသည့်အလားပင်။

စိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူ၏ရင်ဘတ်မှနေ၍ နဂါးဟိန်းသံတစ်သံ ထွက်ပေါ်လာသည်။

ထိုနောက် လုယွီသည် ဖီးနစ်နတ်ဘုရားဆေးလုံးကိုထုတ်ယူကာ ဝါးမြိုလိုက်၏။

"ဒါက နတ်ဘုရားဆေးလုံးရဲ့အရှိန်အဝါ မဟုတ်လား""

"သူ့ဆီမှာ တကယ့်ကိုပဲ နတ်ဘုရားဆေးလုံးတစ်လုံး ရှိနေတာပါလား....ဒီအဆင့်ဆေးလုံးတစ်လုံးနဲ့ဆိုရင် သူ မသေဖို့အတွက် လုံလောက်တာထက်ပိုတယ်"

ပတ်ဝန်းကျင်ရှိလူများအားလုံး အံ့အားတသင့် ရေရွတ်လိုက်ကြသည်။လုယွီသည် သူတို့အား အံ့အားသင့်မှုအမြောက်အများကို ပေးစွမ်းနိုင်သည်။

ဖီးနစ်နတ်ဘုရားဆေးလုံးသည် သူ၏ခန္ဓာကိုယ်အတွင်း၌ ​ပျော်ဝင်သွားပေ၏။တလိမ့်လိမ့်ထနေသော ဆေးစွမ်းအားများသည် သူ၏မရီဒါန်းများအတွင်းသို့ စိမ့်ဝင်သွားပြီးနောက် လုယွီ၏ခန္ဓာကိုယ်မှနေ၍ တဖျစ်ဖျစ်တဖျောက်ဖျောက်အသံများ ထွက်ပေါ်လာသည်။

လုယွီ၏ခန္ဓာကိုယ်တစ်ခုလုံးကို အလွန်အမင်းတောက်ပသော ရွှေရောင်အလင်းတန်းတစ်တန်းက လွှမ်းခြုံသွားသည်။

သူ၏နံဘေးတွင် ဖီးနစ်တစ်ကောင်၏ပုံရိပ်ယောင် ထင်ဟပ်နေပေ၏။ဤသည်မှာ နီဗားနားမီးတောက်ကြားမှ ပြန်လည်မွေးဖွားလာသည့်အလား သူ၏တောင်ပံကို ကျယ်ပြန့်စွာဖြန့်ထားသည်။

လုယွီသည် ရှေးဟောင်းရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ကာ သူ၏လက်ရှိကျင့်ကြံဆင့်စွမ်းအားသည် အကြမ်းဖျင်းအနေဖြင့် နယ်မြေသခင် တတိယအဆင့်တစ်ယောက်နှင့် တူညီသည်။သို့ရာတွင်သူသည် ခြေလမ်းတစ်ဝက်တာအိုသခင်တစ်ယောက်နှင့် ရင်ဆိုင်ရစဉ်တွင် ဖိအားအမြောက်အများကို ခံစားရဆဲပင်။

ထို့ပြင် ဤသည်မှာ ကျိုးမိသားစုဘိုးဘေး၏ပြင်ပဓမ္မပုံရိပ်ယောင်သာ ဖြစ်ပေ၏။

အကယ်၍ သူ၏အစစ်အမှန်ခန္ဓာကိုယ် ရောက်ရှိလာပါက လုယွီသည် အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်သည်။သို့ရာတွင် လုယွီထံ၌ ထိုဓမ္မပုံရိပ်ယောင်ကို အမြစ်ပြတ်သုတ်သင်ရန်မှာမူ နည်းလမ်းများစွာရှိသည်။

"ဒီတကြိမ်တော့ ငါက ကံကြမ္မာဆိုးထဲကနေ ကံကောင်းမှုတစ်ခုရပြီးတော့ နောက်ဆုံးအပ်စိုက်မှတ်နှစ်ခုကို ဖွင့်နိုင်ခဲ့တယ်...ငါက အခွင့်ကောင်းတစ်ခုကို ရှာတွေ့နိုင်တာနဲ့ သိုင်းပညာအင်မော်တယ်နယ်ပယ်ကို တက်လှမ်းနိုင်လိမ့်မယ်"

လုယွီက သူ၏နတ်ဘုရားစိတ်အာရုံဖြင့် သူ၏ရုပ်ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ရုတ်တရက် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခုက သူ၏စိတ်နှလုံးသားအတွင်း၌ ထွက်ပေါ်လာသည်။

သိုင်းပညာသူတော်စင်အဆင့်မှ သိုင်းပညာအင်မော်တယ်အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် သူ၏ရုပ်ခန္ဓာကိုယ်ကို ပြီးပြည့်စုံသော အသွင်ပြောင်းခြင်းတစ်ခုနှင့် ကြုံတွေ့ရန် လိုအပ်သည်။

လုယွီသည် စိတ်ဝိညာဥ်စွမ်းအားများဖြင့်သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအားလုံးကို အဆက်မပြတ်အားဖြည့်နေသည်။ထိုအရာများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားချိန်၌ သူသည် ကြယ်တာရာများအလားတောက်ပနေသော အပ်စိုက်မှတ်များကို မြင်တွေ့မိသည်။သူ၏ခန္ဓာကိုယ်သည် ကြယ်များတလက်လက်တောက်ပနေသော ကြယ်မြေပုံတစ်ခုနှင့် တူညီနေပေ၏။ထိုကြယ်တစ်လုံးချင်းစီတိုင်းမှနေ၍ တောက်ပသောအလင်းရောင်များ ထုတ်လွှတ်ထားသည်။

သူသည် ထိုအပ်စိုက်မှတ်များအားလုံးကိုချိတ်ဆက်နိုင်သည်နှင့် သူ၏မရီဒါန်းများ ချောမွေ့စွာဖွံ့ဖြိုးတိုးတက်လာကာ သူ၏သေမျိုးခန္ဓာကိုယ် အချုပ်အနှောင်ကိုချိုးဖျက်ပြီး သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ တက်လှမ်းနိုင်ပေမည်။

သို့ရာတွင် သူသည် ထိုအပ်စိုက်မှတ်နေရာများကိုသိရန်အတွက် မလွယ်ကူခဲ့ချေ။

ကျင့်ကြံနည်းစနစ်များအားလုံးကို သူကိုယ်တိုင် လေ့လာဆင်ခြင်ခဲ့ရသည်။ကျင့်ကြံနည်းစနစ်များသည် ကျင့်ကြံရုံသာဖြစ်ပြီး တာအိုကိုအောင်မြင်ပြီးမြောက်ရန်မှာမူ သူကိုယ်တိုင် ရှာဖွေဖော်ထုတ်ရန် လိုအပ်သည်။

"ကြည့်ကြအုံး...သူ့ရဲ့ဒဏ်ရာတွေက တကယ့်ကို ကောင်းနေပြီ...သူ့ရဲ့ ဒဏ်ရာကုသနှုန်းက အရမ်းမြန်တာပဲ"

"ဒါ့ပြင် သူ့ရဲ့အရှိန်အဝါတွေက တဖြည်းဖြည်းမြင့်တက်လာတယ်...သူက ဒဏ်ရာရတာနဲ့ မတူဘဲ ပိုပြီးသန်မာအားကောင်းလာတယ်လို့ ငါ ဘာလို့ခံစားနေရတာလဲ"

ပတ်ဝန်းကျင်တွင်ရှိသော ကျင့်ကြံသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားကာ သူတို့အချင်းချင်း တီးတိုးပြောဆိုလိုက်ကြသည်။

လုယွီ၏ခန္ဓာကိုယ်မှနေ၍ ထူးခြားသော သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်နေသည်။ သစ်တောအတွင်း၌ ဖီးနစ်တကောင် လှည့်ပတ်ပျံသန်းနေခြင်း....အသူရာနဂါးတစ်ကောင်ကမိုးကောင်းကင်ယံကိုမော့ကြည့်၍ ဟိန်းနေခြင်း...တောအုပ်အတွင်း၌ ကျားတစ်ကောင် ဟိန်းဟောက်နေခြင်း...​လူဝံတစ်ကောင်က မက်မွန်သီးခူးနေခြင်း အစရှိသဖြင့် သဘာဝလွန်ပုံရိပ်များ ထင်ဟပ်နေသည်။

သူ၏ခန္ဓာကိုယ်မှနေ၍ ထွက်ပေါ်နေသော ဆေးရနံ့များကိုလည်း လူအများက ရှူရှိုက်မိသည်။

"ပဉ္စမအရှင်လု..မင်းတို့လုမိသားစုရဲ့လူငယ်မျိုးဆက်သစ်တွေက အုပ်ချုပ်သူအရှင်လုနဲ့ နှိုင်းယှဥ်ရင် ဘယ်လိုနေလဲ"

တစ်စုံတစ်ယောက်က မေးမြန်းသည်။

Chapter 4232

လုချန်းချင်က မျက်မှောင်ကြုတ်ကာ လုယွီကိုကြည့်လိုက်သည်။ထို့နောက် သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"တကယ်လို့ သူက ငါတို့လုမိသားစုရဲ့ အထီးကျန်လူရိုင်းကမ္ဘာထဲကိုဝင်မယ်ဆိုရင် ဖြစ်နိုင်တာတော့ သူက အဆင့်သုံးမှာရှိနိုင်တယ်"

အဆင့်သုံးဟု ဆိုသလော....

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။လုယွီသည် အလွန်အစွမ်းထက်သော်လည်း သူသည် လုမိသားစု၌ နံပါတ်တစ်ထိပ်သီးပါရမီရှင် မဖြစ်နိုင်သလော....

"မင်းက လုကျိုးရှောင်ကို ဆိုလိုချင်တာလား...သူက တော်ဝင်နန်းတွင်းရဲ့လူငယ်အမတ်ကြီးတွေထဲက တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ပါရမီအရည်အချင်းက လုယွီကို မယှဥ်နိုင်ဘူး....ဒါ့ပြင် တော်ဝင်မြို့တော်ထဲမှာ သူ လုယွီနဲ့တိုက်ခိုက်တဲ့အချိန်တုန်းက သူ ရှုံးနိမ့်သွားခဲ့တယ်"

လူတစ်ယောက်က သူ၏မျက်ခုံးကိုပင့်ကာ မေးမြန်းသည်။

အတိတ်တွင် တော်ဝင်မြို့တော်အတွင်း၌ လုကျိုးရှောင်သည် ကျန်းအိမ်တော်ရှေ့သို့ ရောက်ရှိလာကာ လုယွီနှင့်တိုက်ခိုက်ခဲ့သည်။

မမျှော်လင့်ဘဲ လုယွီသည် လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် လုကျိုးရှောင်ကို အနိုင်ယူခဲ့ပေ၏။

ဤသည်မှာ တော်ဝင်မြို့တော်အတွင်း၌ ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားခဲ့သည်။

"လုကျိုးရှောင် မဟုတ်ဘူး...သူမှာ ခွန်အားတချို့ရှိပေမယ့် သူ့ကို ထိပ်သီးပါရမီရှင်တစ်ယောက်လို့ ယူဆလို့မရဘူး"

"အတိတ်မှာ လုမိသားစုဘိုးဘေးက မိသားစုရဲ့အခြေခံအုတ်မြစ်ကို ​ပျိုးထောင်ပေးဖို့အတွက် အထီးကျန်လူရိုင်းကမ္ဘာကို တည်ထောင်ခဲ့တယ်...

ဒါက အစကတော့ လုမိသားစုရဲ့လျှို့ဝှက်ချက်တစ်ခု ဖြစ်တာကြောင့် ငါ အများကြီးမပြောချင်ဘူး...ဒါပေမဲ့ လောကကြီးထဲမှာ ဖရိုဖရဲကိစ္စတွေ မြင့်တက်လာတဲ့အချိန်မှာ ပုန်းကွယ်နေတဲ့ပါရမီရှင်တွေလည်း မကြာခင် မွေးဖွားလာလိမ့်မယ်"

လုချန်းချင်က ပြောဆိုကာ သူ၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းရောင်များ ထင်ဟပ်နေသည်။

တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။လုယွီပင်လျှင် အဆင့်သုံးနေရာ၌ရှိနေပေရာ ထိုထိပ်သီးပါရမီရှင်များသည် မည်မျှထိ အစွမ်းထက်နေသနည်း။

"ဒါက အရမ်းကြောက်ဖို့ကောင်းတယ်...အုပ်ချုပ်သူအရှင်လုရဲ့အစွမ်းကတောင် အရမ်းကြီးမားတယ်...သူ့ထက်ပိုပြီး သန်မာအားကောင်းတဲ့လူတွေက ဘယ်လောက်ထိတောင် အစွမ်းထက်နေနိုင်လဲ"

"အဲ့ဒီလိုမျိုးလူတစ်ယောက်က လောကကြီးထဲမှာ တကယ်ကြီး ရှိနိုင်ပါ့မလား"

လေလွင့်ကျင့်ကြံသူများသည် သူတို့အချင်းချင်းတီးတိုးပြောဆိုနေကြကာ အထူးသဖြင့် လူငယ်များပင်။

မူလက သူတို့သည် နေရာငယ်လေးတချို့တွင် မင်းမူနေခဲ့သူများဖြစ်ကာ သူတို့ကိုယ်သူတို့ လူငယ်ပါရမီရှင်များဟု အထင်ရောက်ပြီး မောက်မာဝံ့ကြွားခဲ့သည်။

သို့ရာတွင် သူတို့သည် ရေတွင်းအောက်ခြေမှနေ၍ မိုးကောင်းကင်ယံကို မော့ကြည့်နေသော ဖားသူငယ်များဖြစ်နေမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"စာပေသူတော်စင်ရီဟန်ရဲ့တပည့် ဖူကျစ်ရွှယ်ကို အဲ့ဒီထိပ်သီးပါရမီရှင်တွေထဲက တစ်ယောက်လို့ ယူဆနိုင်တယ်"

"အစစ်အမှန်ဂိုဏ်းက အမတ်ကြီးကလည်း ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်...သူက အရမ်းအစွမ်းထက်တဲ့ အမတ်ကြီးတစ်ယောက်ပဲ"

"ဒါ့ပြင် ငယ်ရွယ်ပြီးတော့ နာမည်ကျော်ကြားခဲ့တဲ့ မြေအောက်လောကတာအိုသခင်က ကောင်းကင်ဘုံနယ်မြေထဲမှာ ပြိုင်ဘက်ကင်းတယ်"

လုချန်းချင်သည် နာမည်သုံးခုကို ဆက်တိုက်ရွတ်ဆိုလိုက်ရာ လူများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဤလူသုံးယောက်သည် အလွန်နာမည်ကျော်ကြားသူများပင်။သူတို့ကို မသိသောလူဟူ၍ မရှိချေ။

ဖူကျစ်ရွှယ်သည် ငယ်ရွယ်စဉ်၌ တာအိုပညာရပ်များကို သင်ယူလေ့လာခဲ့ကာ စာပေသူတော်စင်ရီဟန်၏တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ခွန်အားသည် အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်လာကာ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အမတ်ကြီးတစ်ယောက် ဖြစ်နေလေပြီ။

အစစ်အမှန်ဂိုဏ်း၏အမတ်ကြီးသည် အသက်ဆယ့်ရှစ်နှစ်အရွယ်၌ အမတ်ကြီးတစ်ယောက် ဖြစ်လာခဲ့သည်။အသက်နှစ်ဆယ့်လေးနှစ်အရွယ်တွင် သူသည် စစ်တပ်ကိုဦးဆောင်၍ လောကနှစ်ခုတောင်ကြားကိုဖြတ်သန်းကာ နယ်ခြားနတ်ဆိုးများ သိမ်းပိုက်ခဲ့သည့် နယ်မြေတချို့ကို ပြန်လည်ယူဆောင်ခဲ့သည်။ ယခုအချိန်တွင် သူ မည်သည့်နေရာ၌ရှိသည်ကို မသိနိုင်သော်လည်း တာယွီအင်ပါယာ၏အသက်ငယ်ဆုံးအမတ်ကြီးဟူသော သမိုင်းမှတ်တမ်းတစ်ခုကို ချန်ထားခဲ့သည်။

မြေအောက်လောကတာအိုသခင်ကမူ တာယွီတော်ဝင်နန်းတွင်း၏ တားမြစ်ကန့်သတ်ချက်တစ်ခုပင်။

ထိုနာမည်ကိုကြားချိန်တွင် လူအများစု၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။

အတိတ်တွင် ဖုံးကွယ်နေသောပါရမီရှင်အမြောက်အများ ထွက်ပေါ်လာကာ ကြယ်များအလား တလက်လက်တောက်ပနေခဲ့သည်။သို့ရာတွင် မြေအောက်လောကဟု တာအိုအမည်ရှိသော လူတစ်ယောက်ထွက်ပေါ်လာပြီးနောက် ပါရမီရှင်အားလုံးကို အနိုင်ယူကာ မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူများ၏အလောင်းများပေါ်သို့ နင်းဖြတ်ပြီး နောက်ဆုံး၌ တာအိုသခင်ဖြစ်လာခဲ့သည်။သူ၏နာမည်သည် ယို့မင်ပင်။

ယို့မင်သည် လူငယ်မျိုးဆက်သစ်များအကြားတွင် အစွမ်းထက်ဆုံးလူငယ်ဖြစ်ရုံသာမက တာအိုသခင်များအကြားတွင်လည်း အစွမ်းထက်ဆုံးလူပင်။

သူ့ထံတွင် ရန်သူအမြောက်အများရှိသော်လည်း မည်သူကမျှ သူအား လက်စားမချေဝံ့ချေ။သူသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို အမှန်တကယ်ဖိနှိပ်နိုင်ခဲ့သော တည်ရှိမှုကြီးတစ်ခုပင်။

"ဒါ့ပြင် ယှဉ်ပြိုင်ပွဲလောကက ထပ်ပြီးရောက်လာတော့မယ်....အဆုံးသတ်မှာ ဘယ်သူအနိုင်ရမလဲဆိုတာ ငါ သိချင်မိတယ်"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

မြင့်မြတ်နယ်မြေမှ လူများ၏မျက်နှာအမူအယာများသည် သာမန်အတိုင်း တည်ငြိမ်နေသဖြင့် တခြားလူများက သူတို့သည် ဤကိစ္စကို သိရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။

လေလွင့်ကျင့်ကြံသူများ၏မျက်နှာများထက်တွင်မူ ထိတ်လန့်တုန်လှုပ်သော အမူအယာများ ထင်ဟပ်လာသည်။ထိပ်သီးအင်အားစုများသည် လောကကြီးကို နှစ်ပေါင်းများစွာကြာအောင် အုပ်ချုပ်ထားခဲ့ကာ အပေါ်ယံတွင်မြင်တွေ့ရသကဲ့သို့ ရိုးရှင်းခြင်းမရှိချေ။

လူအများသည် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်ကြကာ ရေအိုင်စပ်ရှိခေါင်းတလားမှထွက်လာသော အခိုးအငွေ့များကြောင့် ရေအိုင်အတွင်းရှိရေများ အငွေ့ပြန်နေသည်ကို သူတို့အားလုံး သတိမပြုမိချေ။

ပေါက်ကွဲမှုအရှိန်ကြောင့် ခေါင်တလားပေါ်ရှိ ကြွင်းကျန်သောသံကြိုးသုံးချောင်း ပြတ်တောက်သွားခဲ့သည်။

ခေါင်းတလား၏အက်ကွဲကြောင်းများမှနေ၍ အနက်ရောင်ယင်ချီများ တဖြည်းဖြည်းထွက်ပေါ်နေသည်။ခေါင်းတလား၏မျက်နှာပြင်ပေါ်ရှိ ဟင်္သာပြဒါး သင်္ကေတအက္ခရာများသည်လည်း အလွန်အမင်းမှေးမှိန်သွားပေ၏။

Chapter 4233

နတ်ဆိုးချီစွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူတစ်ယောက်သည် ရေအိုင်စပ်သို့ကြည့်ကာ ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"သူတို့က ခုထိမသေသေးဘူး"

လူအုပ်ကြီးသည် ထိုအသံကိုကြားချိန်တွင် ထိုနေရာသို့ ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

အမှန်တကယ်ကိုပင် လူရိပ်နှစ်ရပ်သည် ခေါင်းတလားရှိရာနေရာသို့ တရွေ့ရွေ့လျှောက်လှမ်းနေသည်ကို သူတို့အားလုံး မြင်တွေ့မိသည်။

ထိုလူနှစ်ယောက်သည် ချီဘုရင်နှင့်ကျိုးရှင်းတို့ပင်။

သူတို့နှစ်ယောက်လုံး၏ခန္ဓာကိုယ်များထက်တွင် ဒဏ်ရာများပြည့်နှက်နေကာ သွေးများဖြင့်စိုရွှဲနေသည်။သူတို့ကိုကြည့်ရသည်မှာ အလွန်အမင်း အခြေအနေဆိုးဝါးနေလေပြီ။

ချီဘုရင်သည် ကျောက်စိမ်းတောင်ဝှေးတစ်ခုကိုမြှောက်ကာ သက်တန့်ရောင်အလင်းတန်းများဖြင့် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များ နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံထားသည်။

ဤသည်မှာ အဖိုးတန်ရှားပါးသောရတနာတစ်ခုဖြစ်ပုံရသည်။ထိုအရာ၏တည်ရှိမှုကြောင့် ချီဘုရင်နှင့်ကျိုးရှင်းတို့ အသက်ရှင်သန်နိုင်ခြင်း ဖြစ်ပေ၏။

"ဒီအမှိုက်ကောင်တွေက တကယ့်ကို အသက်ပြင်းတာပဲ....ငါက အခုချက်ချင်း မင်းတို့ကို သတ်ပစ်မယ်"

လုချန်းချင်သည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ သူသည် ခြေတစ်လှမ်းရှေ့တက်ပြီး ထိုနေရာသို့ ပျံသန်းသွားရန် ဟန်ပြင်လိုက်သည်။

တခြားလူများသည်လည်း ဒေါသထွက်သွားပေ၏။သူတို့သည် သူတို့၏အင်္ကျီလက်များကိုလိပ်တင်လိုက်ကြကာ ထိုလူနှစ်ယောက်ကို သင်ခန်းစာပေးလိုကြသည်။

ယခင်က ချီဘုရင်သည် လက်ရှိနေရာတွင်ရှိနေသူများအားလုံးကို သတ်ဖြတ်ရန်ကြံစည်ခဲ့သည့်အပြင် တာအိုသခင်တစ်ယောက်၏ဓမ္မပုံရိပ်ယောင်ကိုပင် ဆင့်ခေါ်ခဲ့သည်။ဤသည်မှာ လူအများစု၏ပြောင်းပြန်အကြေးခွံကို ထိတွေ့မိခြင်းဖြစ်သောကြောင့် သူတို့သည် တဖက်ဖက်မှ မသေဆုံးမချင်း ကျေအေးနိုင်မည်မဟုတ်ချေ။

သူတို့နှစ်ယောက်သည် အသက်ရှင်သန်နိုင်ခဲ့သည်တိုင် ယခုအချိန်၌ ပြင်ပသို့ထွက်လာဝံ့သည်။ဤသည်မှာ သူတို့သည် သေလမ်းရှာဖွေခြင်းနှင့် ကွဲပြားခြားနားခြင်း မရှိချေ။

လူအုပ်ကြီးထံမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကိုကြည့်ပြီး ချီဘုရင်နှင့်ကျိုးရှင်းတို့၏မျက်နှာများ ဖြူရော်သွားကာ ခေါင်တလားထံဦးတည်၍ အလျှင်အမြန်ပြေးလိုက်ကြသည်။

"မ​သွားကြနဲ့...."

ထိုအချိန်မှာပင် လုယွီသည် ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်ကာ ရွှေရောင်အလင်းတန်းတစ်တန်းက လူများအားလုံးပေါ်သို့ ဖြာကျသွားသည်။

သူ၏နံဘေးတွေရှိနေသောလူများသည် သူတို့၏မျက်လုံးများ စူးရှနာကျင်လာမှုကို ခံစားမိသည်။သူတို့သည် လုယွီ၏မျက်လုံးကို စေ့စေ့မကြည့်ဝံ့ကြချေ။

"လုယွီ....နင် ဘာကိုရှာတွေ့ထားလဲ"

ဝေ့မင်ထျန်းက မေးမြန်းသည်။

လုယွီက ခေါင်းတလားကိုစူးစိုက်ကြည့်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"ဒီခေါင်းတလားထဲမှာ အရမ်းအန္တရာယ်များတဲ့အရာတစ်ခု ပုန်းအောင်းနေတယ်...ချိတ်စည်းတံဆိပ်က ကျိုးပျက်တော့မယ်...အဲ့ဒီနားကို မသွားကြနဲ့"

ဤစကားကိုကြားချိန်၌ လူများအားလုံးသည် သူတို့ရောက်ရှိနေသောနေရာ၌ ရပ်တန့်လိုက်ကြသည်။

အကယ်၍ ယခင်ကဆိုလျှင် လူအများစုသည် ဤကဲ့သို့အခွင့်အရေးတစ်ခုကို လက်လွတ်ခံမည်မဟုတ်သည်မှာ သေချာပေါက်ပင်။မည်သို့ပင်ဆိုစေကာမူ ဤခေါင်းတလားအတွင်း၌ ရှေးဟောင်းလူသားဧကရာဇ်၏လျှို့ဝှက်ချက်တစ်ခု ပုန်းကွယ်နေနိုင်သောအခွင့်အရေး အလွန်မြင့်မားသည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌ လူများအားလုံးသည် လုယွီ၏စကားကို နားထောင်ကြပေ၏။

"ငါက ဖီးနစ်နတ်ဘုရားဆေးလုံးရဲ့စွမ်းအားကို ​ချေဖျက်ဖို့အတွက် အချိန်တစ်ချို့လိုအပ်တယ်...ဒီနေရာကနေ အဝေးကိုမသွားကြနဲ့...မိုးသောက်ချိန်ကျရင် ငါတို့ အပြင်ကိုထွက်ကြမယ်"

ထိုသို့ပြောဆိုပြီးနောက် လုယွီသည် သူ၏မျက်လုံးကိုစုံမှိတ်ကာ နတ်ဘုရားဆေးလုံးကို​ချေဖျက်ရန် အကောင်းဆုံးကြိုးစားလိုက်တော့သည်။

ဖီးနစ်နတ်ဘုရားဆေးလုံးကို ထိပ်တန်းအဆင့် ဆေးမီးဖိုတစ်လုံးအတွင်း၌ ချိတ်ပိတ်ထားခြင်းပင်။နှစ်သောင်းနှင့်ချီ၍ ကြာမြင့်လာသည့်တိုင် ထိုဆေးလုံးမှစွမ်းအားများ လျော့ပါးမသွားရုံသာမက ပြင်းထန်သောဆေးစွမ်းအားများကို ထိန်းသိမ်းထားနိုင်ဆဲပင်။

လုယွီထံ၌ အသိစိတ်ရှိနေသော်လည်း သူ၏ခွန်အားများအားလုံးကိုအသုံးပြု၍ ထိုဆေးလုံး၏စွမ်းအားများကို ​ချေဖျက်ရန်လိုအပ်သည်။

လမင်းကြီးသည် အနောက်ဘက်တောင်များပေါ်၌ရှိနေကာ မိုးကောင်းကင်ယံကြီး တောက်ပနေသည်။

လုယွီ၏ခန့်မှန်းချက်အရ ဤကမ္ဘာငယ်လေး၏ မနက်မိုးသောက်ချိန်အရောက်တွင် ပြင်ပလောကသို့သွားနိုင်သောလမ်းကြောင်း တဖန်ပြန်၍ပွင့်လာပေမည်။

လုယွီသည် သူတို့နှစ်ယောက်အား ဟန့်တားခြင်းမပြုသည်ကိုကြည့်ပြီး ချီဘုရင်နှင့်ကျိုးရှင်းတို့ အလွန်ဝမ်းသာပျော်ရွှင်သွားသည်။

ကျိုးရှင်းက ခေါင်းတလား၏နံဘေးသို့ လျှောက်လှမ်းသွားကာ သူ၏ခေါင်းကို မော့လိုက်သည်။

"ရှေးဟောင်းလူသားဧကရာဇ်က ထာဝရအသက်ကို ရယူလိုခဲ့တယ်....ဒီယဇ်ပလ္လင်ကို 'ကောင်းကင်ဘုံရဲ့အမိုး'လို့ခေါ်တယ်....လူသားဧကရာဇ်က ဒီနေရာမှာ သူ့ရဲ့ခေါင်တလားကိုထားခဲ့တာက ကောင်းကင်ဘုံနဲ့ဆက်သွယ်ဖို့ပဲ...သူက သေဆုံးပြီးတဲ့နောက်မှာ ပြန်လည်မွေးဖွားဖို့အတွက် အခွင့်အရေးရှာချင်ခဲ့တယ်...ဒီခေါင်းတလားထဲမှာရှိနေတာက လူသားဧကရာဇ်ရဲ့အကြွင်းအကျန်တွေပဲ"

လုယွီ၏မျက်လုံးများ တောက်ပသွားသည်။

"ဒါက အရမ်းနောက်ကျသွားပြီ...မင်းတို့ နောင်တရလိမ့်မယ်"

ကျိုးရှင်းက ရယ်မော၍ပြောဆိုသည်။

"လုယွီ...ဒီလိုကလေးကစားကွက်တွေကိုသုံးပြီးတော့ ငါ့ကိုခြောက်ဖို့ မင်း မစဉ်းစားစမ်းနဲ့...ငါက ရှေးဟောင်းစာအုပ်တွေအများကြီးကို ဖတ်ခဲ့ပြီးတော့ အရာရာတိုင်းကို နားလည်သဘောပေါက်ခဲ့တယ်...ငါက ဘယ်နည်းနဲ့မှ အမှားတစ်ခုကို ကျူးလွန်မိမှာမဟုတ်ဘူး...ဒါက ရှေးဟောင်းလူသားဧကရာဇ်ရဲ့ခေါင်းတလားပဲ"

"လူသားဧကရာဇ်ရဲ့အမွေအနှစ် ထွက်ပေါ်လာပြီ...ငါတို့ကျိုးမိသားစုက ပြန်ရှင်သန်လာပြီးတော့ နာမည်ကျော်ကြားလာတော့မယ်"

နောက်ထပ်အချိန်အခိုက်အတန့်တွင် ကျိုးရှင်းသည် သူ၏လက်ကိုမြှောက်ကာ ခေါင်းတလားကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။

အနက်ရောင်ခေါင်းတလားပေါ်ရှိ ချိတ်ပိတ်ထားသော ​ဟင်္သာပြဒါးသင်္ကေတအက္ခရာများ တဖြည်းဖြည်းပို၍ဝေဝါးသွားသည်။

ထိုလက်ဝါးရိုက်ချက် ကျရောက်သွားချိန်တွင် ခေါင်းတလားပေါ်ရှိ ချိတ်ပိတ်ထားမှုများအားလုံး ပျက်စီးသွားပေ၏။ခေါင်းတလားသည်လည်း ပျက်စီးသွားကာ မရေမတွက်နိုင်သောသစ်သားအစအနများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

Chapter 4234

ဘုန်း....

ခေါင်းတလား ကြေမွှပျက်စီးသွားပြီးနောက် အတွင်းရှိမြင်ကွင်း ထွက်ပေါ်လာသည်။

ထိုခေါင်းတလားအတွင်း၌ ကြက်သွေးရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် လဲလျောင်းနေသည်။သူ၏ခေါင်းထက်၌ သရဖူတစ်ခုကိုဆောင်းထားကာ တိမ်ပျံဖိနပ်ကို စီးထားသည်။သူ၏မျက်လုံးများကို စုံမှိတ်ထားကာ လှုပ်ရှားခြင်းမရှိချေ။

ထိုနဂါးဝတ်ရုံဝတ်လူကြီး၏နံဘေး၌ မရေမတွက်နိုင်သော သင်္ဂြိုလ်ပစ္စည်းများရှိနေသည်။ ဆုတောင်းစာများ ကျောက်မျက်ရတနာများ ရွှေများ ငွေများစသည့်ပစ္စည်းမျိုးစုံနှင့် မှော်ရတနာများကို တွေ့မြင်နိုင်ပေ၏။

ဤခေါင်းတလားသည်လည်း တမူထူးခြားနေသည်။ခေါင်းတလား၏အတွင်းဘက်နံရံတွင် ရှေးဟောင်းပန်းချီများရှိနေကာ ရှေးဟောင်းအခမ်းအနားတစ်ခု၏ပုံစံကို ရေးဆွဲထားသည်။

ဧကရာဇ်မှ ကောင်းကင်ဘုံကို အရိုအသေပြုနေကာ အရာရှိများအားလုံး အောက်တွင်ဒူးထောက်နေသည့် မြင်ကွင်းပင်။

ကြက်သွေးရောင်နဂါးဝတ်ရုံဝတ်လူသည် သေဆုံးပြီးဖြစ်သော်လည်း သူ့ထံ၌ အထွတ်အမြတ်အရှိန်အဝါတစ်ရပ်ရှိနေသည်။သူ သေဆုံးသွားခဲ့သည်မှာ ခေတ်ကာလပေါင်းများစွာ ကုန်လွန်လာခဲ့သည့်တိုင် သူရဲကောင်းများအားလုံးကိုဖိနှိပ်ကာအထွတ်အထိပ်၌ ရပ်တည်နိုင်သည့် အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။

"ရှေးဟောင်းလူသားဧကရာဇ်လား...."

လူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။သူတို့အနက်မှအများစုသည် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။

သူတို့သည် အနည်းငယ်ဝေးကွာသောနေရာ၌ရှိနေသော်လည်း ကျင့်ကြံသူများဖြစ်သဖြင့် မိုင်တစ်ထောင်ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို မြင်တွေ့နိုင်သည်။

ဤသည်မှာ ဒဏ္ဍာရီလာ တည်ရှိမှုကြီးတစ်ခုပင်။ လူအများစုသည် ကျင့်ကြံခြင်းလမ်းကြောင်းကိုလျှောက်လှမ်းသည်နှင့် လူသားဧကရာဇ်၏ဒဏ္ဍာရီများကို ကြားဖူးသော်လည်း သူတို့၏ကိုယ်ပိုင်မျက်လုံးများနှင့် မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။

လူသားဧကရာဇ်သည် လူသားမျိုးနွယ်၏အထွတ်အမြတ်တည်ရှိမှုကြီးကို ကိုယ်စားပြုသည်။

သူသည် ရှေးဟောင်းခေတ်ကာလအတွင်း၌ အလွန်နာမည်ကျော်ကြားသူဖြစ်ပြီးသူ၏အောင်မြင်မှုများသည် အလွန်ကြီးမားပေ၏။မည်သူကမျှ သူ့ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိချေ။

လူသားဧကရာဇ်၏အလောင်း ထွက်ပေါ်လာသောသတင်းသာ ပျံ့နှံ့သွားပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ အုတ်အော်သောင်းနင်းဖြစ်သွားမည်မှာ သေချာပေါက်ပင်။

"ကြည့်လိုက်စမ်း...လူသားဧကရာဇ်ရဲ့လက်ထဲမှာ စာအုပ်တစ်အုပ် ရှိနေတယ်"

တစ်စုံတစ်ယောက်က အံ့အားတသင့်ရေရွတ်လိုက်သည်။

လူသားဧကရာဇ်သည် သူ၏လက်များကိုသူ၏ဗိုက်ပေါ်၌တင်ထားကာ စာအုပ်ထူတစ်အုပ်ကိုကိုင်ထားသည်။ထိုစာအုပ်၏အဖုံးသည် အလွန်ထူထပ်ကာ ကြည့်ရသည်မှာ ရှေးဟောင်းအက္ခရာများဖြင့် ပြည့်နှက်နေပုံပင်။

"ဟား ဟား ဟား...ငါ သိပြီ...ဒီစာအုပ်ထဲမှာ လူသားဧကရာဇ်ရဲ့အမွေအနှစ် ရှိနေတာပဲဖြစ်မယ်"

ကျိုးရှင်းက အလွန်ပျော်ရွှင်သွားကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

ယခုအချိန်၌ သူ၏စိတ်ခံစားချက်များ အလွန်အမင်းပြင်းထန်နေသည်။သူ အချိန်အတော်ကြာ စီစဉ်ခဲ့ရသော အစီအစဉ်တစ်ခုသည် ယနေ့တွင် အဆုံးသတ်သို့ ရောက်ရှိတော့ပေမည်။

ချီဘုရင်၏မျက်နှာသည်လည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပေ၏။

"အဲ့ဒီစာအုပ်ကို မြန်မြန်ယူလိုက်တော့"

တခြားလူများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ သူတို့၏မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်သောအမူအယာများ ထင်ဟပ်လာသည်။

ရှေးဟောင်းခေတ်ကာလအတွင်းမှ တည်ရှိခဲ့သည့် အဖိုးတန်ရှားပါးသော အခွင့်အရေးကြီးသည် ယခုအချိန်၌ သူတို့အားလုံး၏မျက်လုံးများရှေ့သို့ ရောက်ရှိနေလေပြီ။ဤသည်မှာ အလွန်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းကာ လူအများစုသည် သူတို့၏စိတ်နှလုံးသားများ တယွယွဖြစ်လာသကဲ့သို့ ခံစားမိသည်။သူတို့သည် ယခုချက်ချင်း အပြေးသွားကာ ခေါင်းတလားအတွင်းရှိ အရာရာတိုင်းကို ရယူလိုသည်။

ဝှစ်....

လူအုပ်အကြားမှ လေလွင့်ကျင့်ကြံသူတချို့သည် နောက်ဆုံး၌ ထိုသွေးဆောင်မှုကို တောင့်မခံနိုင်တော့သဖြင့် ရှေ့သို့ပြေးထွက်သွားကြသည်။

"မင်း...."

တခြားလူများသည် စိတ်လှုပ်ရှားသွားပေ၏။ထိုလူများ ရှေ့ထွက်သွားသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် ကိုယ်ပိုင်အကျိုးအမြတ်အတွက် အနည်းငယ်စိုးရိမ်ပူပန်စပြုလာသည်။သူတို့သည် အခွင့်အရေးကောင်းကြီးတစ်ခုကို လွဲချော်သွားမည်အား စိုးရိမ်မိပေ၏။

မြင့်မြတ်နယ်မြေနှင့်ထိပ်သီးမိသားစုများမှ လူများအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။လူများအားလုံးသည် တစ်ယောက်၏မျက်လုံးအတွင်းမှ လောဘအရိပ်အယောင်များကို တခြားတစ်ယောက်က တွေ့မြင်မိသည်။

လူသားဧကရာဇ်၏အမွေအနှစ်ရှေ့တွင် မည်သူမျှ တည်ငြိမ်အေးဆေးစွာမနေနိုင်​ချေ။

လုချန်းချင်က ရှေ့သို့ခြေတစ်လှမ်းတိုးကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။

"လုမိသားစုဝင်အားလုံး...မင်းတို့ရဲ့ လက်ရှိနေရာမှာပဲ နေကြစမ်း...ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး"

မြင့်မြတ်နယ်မြေမှလူများသည်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အကြီးအကဲများက ဟန့်တားလိုက်ကြသည်။

ဤသည်မှာ သူတို့သည် ထိုအခွင့်အရေးကို မလိုချင်သောကြောင့် မဟုတ်ချေ။အကြောင်းအရင်းမှာ လုယွီသည် ထိုခေါင်းတလားအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ခုရှိနေသည်ဟု ပြောခဲ့သောကြောင့်ပင်။

သူတို့၏ရှေ့၌ ပြိုင်ဘက်ကင်းညှို့ငင်ဖမ်းစားနိုင်မှုကြီး ရှိနေသည့်တိုင် သူတို့သည် လုယွီကို ယုံကြည်ရန်အတွက် ရွေးချယ်လိုက်ကြသည်။

"ဒီရတနာတွေက ငါ့ရဲ့အပိုင်ပဲ ဖြစ်သင့်တယ်...မင်းတို့တွေ ယူလို့မရဘူး"

ဤအချိန်အခိုက်အတန့်တွင် တချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသော နဂါးအစောင့်များ ရှေ့သို့တဟုန်ထိုး ပြေးထွက်သွားကြသည်။

တခြားလူများသည် သူတို့၏လိမ္မာပါးနပ်မှုကြောင့် ကျိန်ဆဲလိုက်ကြ၏။ဤနဂါးအစောင့်များသည် သူတို့နှင့်ပူးပေါင်းသည်ဟု ပြောဆိုနေသော်လည်း အမှန်အားဖြင့် သူတို့သည်ဟလူသားဧကရာဇ်၏အမွေအနှစ်ကို လုယူလိုခြင်းပင်။

ဤသည်မှာ ရှေးဟောင်းခေတ်အချိန်ကာလအတွင်းမှ လူသားဧကရာဇ်၏အမွေအနှစ်ပင်။ အကယ်၍ သူတို့သည် ထိုအရာကိုရရှိနိုင်ပါက မည်သူက မလိုချင်ဘဲနေမည်နည်း။

ရုတ်ချည်းဆိုသလိုပင် လူတစ်ရာကျော်ခန့် ခေါင်းတလား၏အနီးသို့ ပြေးဝင်သွားကြသည်။

ချီဘုရင်သည် ထိတ်လန့်တကြားဖြစ်သွားကာ ဒေါသတကြီးအော်ဟစ်လိုက်၏။

"ဘာလဲ...မင်း စာအုပ်တစ်အုပ်ကိုယူတာ ဘာလို့ ဒီလောက်ထိကြာနေတာလဲ"

ကျိုးရှင်း၏မျက်နှာ နီမြန်းသွားကာ သူသည် ခွန်အားကုန်အသုံးပြု၍ အလောင်း၏လက်အတွင်းမှစာအုပ်ကို ဖမ်းဆုပ်လိုက်သည်။

သို့ရာတွင် အလောင်း၏လက်များသည် ဂဟေဆက်ထားသည့်အလား ခိုင်မြဲနေကာ သူ မည်မျှထိကြိုးစားပါစေ ထိုစာအုပ်ကို ဆွဲယူနိုင်စွမ်းမရှိချေ။

Chapter 4235

"ငါက သူ့ရဲ့လက်ကို မဖယ်နိုင်ဘူး"

ကျိုးရှင်း၏မျက်နှာ နီမြန်းနေကာ သူ၏နဖူးပေါ်ရှိ သွေးကြောကြီးများ ထောင်ထနေသည်။သူသည် ခွန်အားအမြောက်အများကို အသုံးပြုထားသည်မှာ သိသာထင်ရှားလှ၏။

"ငါ ကြိုးစားကြည့်မယ်"

ချီဘုရင်ထံတွင် ထိတ်လန့်တုန်လှုပ်မှုနှင့်ဒေါသထွက်မှုတို့ ရောယှက်နေကာ သူသည် ကူညီပေးရန်အတွက် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

သူသည် ရှေ့သို့တိုးလိုက်ပြီးနောက် သူ၏ကြွက်သားများနှင့်အရိုးများ တုန်ခါလာကာ မြေပြင်ပေါ်သို့ ခြေတစ်ဖက်ဆောင့်နင်းပြီး စွမ်းအားများကို ထုတ်ဖော်လိုက်သည်။သူသည်အစစ်အမှန်​ချီစွမ်းအားကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

ချီဘုရင်သည် နယ်မြေသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။ကျိုးရှင်းသည် ချီဘုရင်လောက် သန်မာအားကောင်းခြင်းမရှိသော်လည်း ရွှယ်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်ပေ၏။

သူတို့နှစ်ယောက်၏ပူးပေါင်းခွန်အားသည် တောင်တန်းများကို ကြေမွှပျက်စီးသွားစေရန် လုံလောက်သည်။သို့ရာတွင် သူတို့သည် ထိုအလောင်း၏လက်ကို လှုပ်ခတ်အောင် ပြုလုပ်နိုင်စွမ်းမရှိချေ။

သူတို့၏ရှေ့၌ ရွှေတောင်ကြီးတစ်လုံးရှိနေသော်လည်း သူတို့သည် ထိုအရာကို ရယူနိုင်စွမ်းမရှိပေ။

ချီဘုရင်နှင့်ကျိုးရှင်းတို့၏စိတ်ခံစားချက်များသည် မိုးထိလုမတတ် မြင့်မားနေရာမှ ချောက်နက်ကြီးအောက်သို့ ပြုတ်ကျသွားသည်။

"ကျိုးထုံ...အဲ့ဒီပစ္စည်းကို လက်လွှဲပေးစမ်း... လူသားဧကရာဇ်ရဲ့ရတနာတွေက လောကကြီးတစ်ခုလုံးနဲ့ သက်ဆိုင်တယ်...မင်း တစ်ယောက်တည်းအတွက် ယူလို့မရဘူး"

လေလွင့်ကျင့်ကြံသူများသည် ရှေ့သို့တရကြမ်းပြေးဝင်သွားကာ အော်ဟစ်လိုက်ကြ၏။

"မင်းတို့က သေလမ်းရှာနေတာလား"

ချီဘုရင်သည် ဒေါသထွက်သွားကာ နတ်ဘုရားနည်းစနစ်တစ်ခုကို ထုတ်ဖော်အသုံးပြု၍ ပျံ့လွင့်သွားစေသည်။သူသည် ချက်ချင်းဆိုသလိုပင် ထိုလေလွင့်ကျင့်ကြံသူများကို သတ်ဖြတ်လိုက်၏။

ထိုလေလွင့်ကျင့်ကြံသူများ၏သေဆုံးခြင်းသည် တခြားကျင့်ကြံသူများကို ကြောက်ရွံ့သွားစေခြင်းမရှိချေ။

လူသားဧကရာဇ်၏အမွေအနှစ်မှ ဆွဲဆောင်နိုင်စွမ်းသည် အလွန်ကြီးမားပေ၏။ဤကဲ့သို့ ဆွဲဆောင်နိုင်မှုနှင့် ရင်ဆိုင်ရသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။

"သူက တယောက်တည်းပဲ...သူ့ကို သတ်ကြစို့"

တခြားလူများသည် အချိန်ဖြုန်းလိုခြင်းမရှိတော့ချေ။သူတို့၏လက်များဖြင့် လက်စည်းသင်္ကေတများကို အဆက်မပြတ် ဖွဲ့စည်းလိုက်ကြသည်။သူတို့ထံမှထွက်ပေါ်လာသော မှော်မန္တန်များသည် ကောင်းကင်နှင့်မြေပြင်တခွင်လုံးကို လွှမ်းခြုံသွားကာ အောက်သို့ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏။

"ပုရွက်ဆိတ်တစ်စုကများ သေကြစမ်း"

ချီဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် မှော်စွမ်းအားများကိုအသုံးပြု၍ ဓားချီတစ်လှိုင်းကိုဖွဲ့စည်းကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားစေသည်။ထိုဓားချီ၏သက်ရောက်မှုကိုခံရသော ကျင့်ကြံသူများ၏ခန္ဓာကိုယ်များ ကြေမွှပျက်စီးသွားသည့်အပြင် သူတို့၏စိတ်ဝိညာဥ်များလည်း ချုပ်ငြိမ်းသွားခဲ့သည်။

"ကျိုးထုံ...လူသားဧကရာဇ်ရဲ့အမွေအနှစ်ကို လက်လွှဲပေးစမ်း"

နဂါးအစောင့်ခေါင်းဆောင်က ခြေတစ်လှမ်းရှေ့တိုးကာ တခြားနဂါးအစောင့်များနှင့်အတူပူးပေါင်း၍ ချီဘုရင်၏တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်သည်။

"မင်းတို့က ငါ့ကို သစ္စာဖောက်ဝံ့တာလား"

ချီဘုရင်သည် ဒေါသထွက်သွားကာ နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် နဂါးအစောင့်များကို စူးစိုက်၍ကြည့်လိုက်၏။

ဤနဂါးအစောင့်များသည် တော်ဝင်မိသားစုဝင်များကိုစောင့်ရှောက်ရကာ အမြင့်မားဆုံးသစ္စာစောင့်သိမှုဖြင့် ကာကွယ်ပေးရသည်။ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်တွင် ထိုနဂါးအစောင့်များသည် သူ့အားသစ္စာဖောက်မည်ဟု သူ မျှော်လင့်မထားမိချေ။

နဂါးအစောင့်ခေါင်းဆောင်က အေးစက်တင်းမာသောအကြည့်ဖြင့် သူ့ကိုစူးစိုက်ကြည့်သည်။

"မင်းကသာ တော်ဝင်နန်းတွင်းကို အရင်ဆုံးသစ္စာဖောက်ခဲ့ပြီးတော့ ပုန်ကန်မယ့်စကားလုံးတွေကို ပြောခဲ့တဲ့လူပဲ...ငါတို့တွေ တော်ဝင်မြို့တော်ကို ပြန်ရောက်တဲ့အချိန်ကျရင် ဒီကိစ္စကို စုံစမ်းစစ်ဆေးရေးရုံးတော်ဆီ သတင်းပို့ရလိမ့်မယ်"

"မင်းတို့က တော်ဝင်မြို့တော်ဆီကို အသက်ရှင်ရက်ပြန်ရောက်နိုင်မယ်လို့ ထင်နေတာလား...ငါ အခုချက်ချင်း မင်းတို့ကို သတ်မယ်"

ချီဘုရင်သည် ဒေါသထွက်သွားပေ၏။လုယွီသည် သူ့အား ထပ်ခါတလဲလဲရန်စစော်ကားသည်ကို သူ သည်းခံခဲ့ရသည်။ယခုအချိန်တွင် နဂါးအစောင့်များသည် သူ့အား သစ္စာဖောက်ကာ ပြန်၍ပင်အပြစ်တင်နေမည်ဟု သူ မျှော်လင့်မထားမိချေ။

ဤသည်မှာ သူစိုက်ပျိုးထားသောမျိုးစေ့ကို သူ ပြန်ရိတ်သိမ်းရခြင်းပင်။

ယခင်က သူသည် ကျိုးရှင်းနှင့်အတူ ထွက်ခွာသွားခဲ့ကာ လူများအားလုံးကို သတ်ဖြတ်ရန်အတွက် ယင်သရဲတစ္ဆေစစ်သားများကို အမိန့်ပေးခဲ့သည်။ထို့ကြောင့် နဂါးအစောင့်များသည်လည်း သူ့အတွက် ထပ်မံ၍တာဝန်ထမ်းဆောင်ပေးခြင်း မရှိတော့ချေ။

ဘုန်း....

ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြင်းထန်သောမှော်မန္တန်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မိသောအသံများ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

နဂါးအစောင့်များနှင့်ရင်ဆိုင်ရချိန်၌ ချီဘုရင်သည် အရေးမသာသောအခြေအနေသို့ ရောက်ရှိနေပုံရကာ သူသည် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

အခွင့်အာဏာစည်းတံဆိပ်၏ကံကြမ္မာစွမ်းအားများကို ဆုံးရှုံးရသည့်တိုင် ချီဘုရင်ကို နယ်မြေသခင်များအကြား၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဟု ယူဆနိုင်ဆဲပင်။ သူ၏ခွန်အားကုန်အသုံးပြု၍ တိုက်ခိုက်ပါက ဤလူနည်းစုသည် သူ့အတွက် ပြိုင်ဘက်မဖြစ်နိုင်​ချေ။

သို့ရာတွင် ခေါင်းတလားအတွင်းရှိ ရှေးဟောင်းလူသားဧကရာဇ်၏အမွေအနှစ်သည် ဆွဲဆောင်နိုင်မှု အလွန်ကြီးမားပေ၏။

လူများအားလုံး၏မျက်လုံးများ တောက်ပနေကာ သူတို့၏လောဘများ မြင့်တက်လာသည်။သူတို့သည် သူတို့၏အသက်ကိုပင် ဂရုမစိုက်တော့ဘဲ မှော်မန္တန်များကို ချီဘုရင်ထံသို့အဆက်မပြတ်ပစ်လွှတ်ကာ တိုက်ခိုက်နေကြသည်။

လျှို့ဝှက်နည်းစနစ်များကိုအသုံးပြုကာ သူတို့၏အသက်စွမ်းအားကို လောင်ကျွမ်းပြီး ချီဘုရင်ကို သူတို့နှင့်အတူ သေကြေပျက်စီးသွားစေသောအဆင့်ထိ ပြုလုပ်သော ကျင့်ကြံသူတချို့ပင် ရှိနေသည်။

လက်သီးနှစ်ဖက်နှင့်လက်လေးဘက်ကို ရင်ဆိုင်တိုက်ခိုက်ရန် ခက်ခဲပေရာ ​ချီဘုရင်သည် ကြီးမားသောဖိအားအရှိန်အဝါကို ခံစားနေရပေ၏။

လူများအားလုံး တိုက်ခိုက်နေသောအချိန်တွင်...

ခေါင်းတလားအတွင်းမှနေ၍...

ထာဝရအိပ်မောကျနေပုံရကာ တိတ်တဆိတ်လဲလျောင်းနေသော အလောင်း၏မျက်လုံးများ ရုတ်တရက်ပွင့်လာသည်။

"ဒီအလောင်းက အသက်ဝင်လာတာလား"

ဤအချိန်အခိုက်အတန့်တွင် ကျိုးရှင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ နေရာမှာပင် တောင့်တင်းသွားသည်။

ထိုအလောင်းသည် ရုတ်တရက် ငုတ်တုတ်ထထိုင်ကာ ကျိုးရှင်၏လည်ပင်းကို သူ၏လက်တစ်ဖက်ဖြင့်ဖမ်းဆုပ်ပြီး လိမ်ချိုးလိုက်သည်။

ဂျွတ်ခနဲအသံနှင့်အတူ ကျိုးရှင်၏လည်ပင်းကျိုးသွားကာ သူသည် နေရာမှာပင် သေဆုံးသွားပေ၏။

All Chapters