← Chapters

အခန်း (၄၂၄၁-၄၂၄၅)

Vol. 215 Ch. 4241-4245

အခန်း (၄၂၄၁-၄၂၄၅)

Vol. 215 Ch. 4241-4245

Chapter 4241

ဘုန်း...

အစွမ်းထက်သောမှော်မန္တန်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိချိန်၌ ကောင်းကင်နှင့်မြေပြင် အရောင်ပြောင်းလဲသွားခဲ့သည်။

နဂါးဝတ်ရုံဝတ်လူကြီး ထုတ်ဖော်အသုံးပြုလိုက်သော ယင်ချီမြွေကြီးနှစ်ကောင်သည် မိုးကောင်းကင်ယံကို လှုပ်ခတ်စေသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ထိုမြွေကြီးနှစ်ကောင်သည်သူတို့၏ပါးစပ်များကိုဖွင့်ဟကာ စေတီကိုဝါးမြိုလိုက်၏။

အရပ်မျက်နှာအသက်ဘက်သို့ ဖြာကျနေသောရွှေရောင်အလင်းတန်းများသည်လည်း ယင်ချီအခိုးအငွေ့များ၏ဝါးမြိုခြင်းကိုခံရကာ ချက်ချင်းပျောက်ကွယ်သွားသည်။

ရှန်လင်းလုံ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။သူမသည် သူမအသုံးပြုလိုက်သော မှော်နည်းစနစ်ကို အာရုံခံ၍မရတော့ချေ။

တိုက်ခိုက်မှုတစ်ခု ဖလှယ်ရုံသက်သက်ဖြင့် သူမထုတ်ဖော်အသုံးပြုလိုက်သော မှော်မန္တန်သည် တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ထိတွေ့နိုင်ခြင်းမရှိသေးမီမှာပင် ချက်ချင်းကြေမွှပျက်စီးသွားခဲ့သည်။

"နတ်ဆိုးကောင်....ဒီအရှင်မအတွက် သေလိုက်စမ်း"

ရှန်လင်းလုံက သူမ၏ခါးမှ ကြာပွတ်ရှည်တစ်ချောင်းကိုဖြုတ်လိုက်သည်။ထိုကြာပွတ်ရှည်မှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။

ထိုကြာပွတ်ရှည်ကိုကြည့်ရသည်မှာ မိုးမခသစ်ကိုင်းနှင့် တူညီသော်လည်း ထိုအရာ၏မျက်နှာပြင်ပေါ်တွင် မှော်သင်္ကေတအက္ခရာအမြောက်အများကို ကွယ်ဝှက်ထားပုံရသည်။ထိုသင်္ကေတအက္ခရာများမှနေ၍ အလွန်အမင်းတောက်ပသော အလင်းတန်းများ ဖြာထွက်နေလေရာ အဆင့်နိမ့်သောမှော်ရတနာတစ်ခုမဟုတ်သည်မှာ သိသာထင်ရှားသည်။

ဝှစ်....

ထိုကြာပွတ်ရှည် ကျရောက်သွားသောအချိန်တွင် လေထုကိုဆုတ်ဖြဲသွားသော လေတိုးသံတစ်သံ ကျန်ရစ်ခဲ့သည်။

ပတ်ဝန်းကျင်ရှိလူများသည် မသဲမကွဲအသံကိုသာ ကြားလိုက်ရပြီးနောက် ယင်ချီမြွေကြီးနှစ်ကောင်သည် သူတို့၏ဟာကွက်နေရာများကို ရိုက်နှက်ခံလိုက်ရပုံပင်။ထိုယင်ချီမြွေကြီးနှစ်ကောင်သည် မူလပုံစံကို ထိန်းသိမ်းနိုင်ရုံမျှသာ ကျန်ရှိတော့သည်။သူတို့၏ပုံရိပ်များ အလွန်အမင်းဝေဝါးစပြုလာကာ အချိန်မရွေး ပျက်စီးသွားတော့မည်အလားပင်။

နဂါးဝတ်ရုံဝတ်လူကြီး၏မျက်လုံးများသည် မင်ကဲ့သို့မည်းနက်နေကာ သူသည် ရုတ်တရက် သူ၏လက်ကို ရှေ့သို့ဆန့်တန်းကာ ဖမ်းဆုပ်လိုက်၏။

သူ့ရှေ့ရှိလေဟာနယ် ချက်ချင်းအေးခဲတောင့်တင်းသွားသည်။

မူလက လေထုအတွင်းသို့ ပျံ့လွင့်လာသော ကြာပွတ်ရှည်၏အဖျားသည် ရုတ်တရက် ထိုနဂါးဝတ်ရုံဝတ်လူကြီး၏ ဖမ်းဆုပ်ခြင်းကိုခံရကာ သူ၏လက်အတွင်းသို့ ကျရောက်သွားတော့သည်။

ဘန်း....ဘန်း....ဘန်း....

နဂါးဝတ်ရုံဝတ်လူကြီး၏လက်အတွင်းမှနေ၍ မီးရှူးမီးပန်း အဆက်မပြတ်ပစ်ဖောက်နေသံများနှင့် တူညီသောအသံများ ချက်ချင်းထွက်ပေါ်လာသည်။

သို့ရာတွင် သူသည် ထိုကိစ္စကို အနည်းငယ်မျှဂရုမစိုက်ချေ။သူသည် ထိုကြာပွတ်ရှည်ကို သူ၏လက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူ့ထံသို့ ဆွဲယူလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် သူ့ထံမှနေ၍ အလွန်ကြီးမားသော အားလှိုင်းတစ်ရပ် ချက်ချင်းပွင့်အံ့ထွက်လာသည်။ကြာပွတ်ရှည်သည် အတင်းအကြပ်ဆောင့်ဆွဲခြင်းခံရသဖြင့် ပြတ်တောက်သွားကာ မရေမတွက်နိုင်သောအစနများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားတော့သည်။

ထိုနောက် နဂါးဝတ်ရုံဝတ်လူကြီးသည် သူ၏လက်အတွင်းရှိ ကြာပွတ်အပိုင်းအစကိုမြေပြင်ပေါ်သို့ သာမန်ကာလျှံကာပစ်ချလိုက်၏။ကျယ်လောင်သောမြည်ဟီးသံကြီးတစ်သံနှင့်အတူ မြေပြင်ပေါ်၌ နက်ရှိုင်းသောကျင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ကောင်းကင်ဘုံဧကရီရှန်လင်းလုံရဲ့ မှော်ရတနာက မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပဲ ဖျက်ဆီးခံလိုက်ရတာလား"

"ဧကရီရှန်လင်းလုံက အရမ်းအစွမ်းထက်တယ်...သူ့ရဲ့စွမ်းအားပြည့်တိုက်ခိုက်မှုက ခုလိုမျိုး ဖျက်ဆီးခံလိုက်ရတာလား"

နန်းတော်အတွင်းမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံများ ထွက်ပေါ်လာသည်။

သူတို့အတွက် ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် လက်လှမ်းမမီနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။မူလက အလွန်အမင်းပြင်းထန်သော တိုက်ပွဲကြီးတစ်ခုဖြစ်လာမည်ဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။သို့ရာတွင် ဤကဲ့သို့အဆုံးသတ်သွားမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။

"ငါက နည်းနည်းဆာနေတယ်...မင်းရဲ့အသွေးအသားတွေကို ကြည့်ရတာ မဆိုးဘူး"

နဂါးဝတ်ရုံဝတ်လူကြီး၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။

သူ၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပေ၏။သူသည် ချက်ချင်းဆိုသလိုပင် ရှန်လင်းလုံ၏ရှေ့သို့ ရောက်ရှိသွားသည်။

"အစစ်အမှန်နဂါးရဲ့ကံကြမ္မာကို ငှားယမ်းခြင်း... ရူးသွပ်နဂါးဟိန်းသံ...."

ရှန်လင်းလုံ၏မျက်နှာပေါ်၌ တည်ငြိမ်သောအမူအယာကို ထိန်းသိမ်းထားဆဲပင်။ သူမ၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ သူမ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရွှေရောင်နဂါးတကောင် ရစ်သိုင်းလွှမ်းခြုံသွားသည်။

ထို့နောက် သူမ၏ရှေ့ရှိ မရေမတွက်နိုင်သောမှော်စွမ်းအားများမှတဆင့် ထောင်သောင်းချီသော ကောင်းကင်ဘုံစစ်သားများ စစ်ဗိုလ်ချုပ်များအဖြစ် သိပ်သည်းသွားသည်။ရှန်လင်းလုံသည် အလယ်ဗဟို၌ မတ်တတ်ရပ်နေကာ ကောင်းကင်နှင့်မြေပြင်ကိုအုပ်ချုပ်နေသည့် ဧကရာဇ်တစ်ပါးအလားပင်။

ထိုရွှေရောင်နဂါးသည် ဟိန်းဟောက်လိုက်ကာ ကောင်းကင်ဘုံစစ်သားများနှင့်စစ်ဗိုလ်ချုပ်များအားလုံး အတူတကွစုဝေးပြီး တိုက်ခိုက်လိုက်ကြသည်။သူတို့တိုက်ခိုက်နေစဉ်တွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက လေထုအတွင်းသို့ မြင့်တက်သွားကာ အရပ်မျက်နှာအဘက်ဘက်သို့ပျံ့နှံ့သွားသည်။

မမျှော်လင့်ဘဲ နဂါးဝတ်ရုံဝတ်လူကြီးသည်ပို၍ပင်ရုန့်ရင်းကြမ်းတမ်းပေ၏။သူသည် ရွှေရောင်နဂါးကို တိုက်ရိုက်မျက်နှာချင်းဆိုင်ကာ သူ၏လက်ကိုဆန်းတန်းပြီး ထိုရွှေရောင်ကံကြမ္မာနဂါးကို ဖမ်းဆုပ်လိုက်သည်။

ရွှေရောင်နဂါးသည်အလွန်ဒေါသထွက်သွားပေ၏။သူ့၏ခန္ဓာကိုယ်ကို လှုပ်ခတ်လိုက်ချိန်တွင် သူ့ထံ၌ လျှပ်စီးမိုးကြိုးစွမ်းအားတစ်ရပ်ရှိနေပုံရသည်။ထို့နောက် အလွန်အမင်းပြင်းထန်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာကာ နဂါးဝတ်ရုံဝတ်လူကြီး၏လက်ဝါးကို အဝေးသို့ခါထုတ်လိုက်၏။

"ဒါက ဧကရာဇ်တစ်ပါး ပိုင်ဆိုင်တဲ့ ရွှေရောင်ကံကြမ္မာနဂါးပဲ... ဒီရွှေရောင်နဂါးက ချီဘုရင်ရဲ့ကံကြမ္မာနဂါးထက် အများကြီးပိုအစွမ်းထက်တယ်...ဒီနတ်ဆိုးကောင်က ခံစားရတော့မယ်"

လုချန်းချင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

သို့ရာတွင် သူ၏စကား အဆုံးသတ်သွားသောအချိန်မှာပင်...

နဂါးဝတ်ရုံဝတ်လူကြီး၏မျက်လုံးအတွင်း၌ အနီရောင်အလင်းတန်းတစ်တန်း ရုတ်တရက်တောက်ပလာသည်။သူသည် ထိုရွှေရောင်နဂါးကိုလည်ပင်းမှဆုပ်ကိုင်ကာ ကိုက်ဖြတ်လိုက်သည်။

Chapter 4242

ကံကြမ္မာစွမ်းအားသည် မီးတောက်များအလားပင်။

ထိုကံကြမ္မာစွမ်းအားကို ထိန်းချုပ်နိုင်သောမည်သူမဆို ထိုအရာမှနေ၍ အကျိုးကျေးဇူးများကို ရရှိနိုင်သည်။သို့ရာတွင် တခြားလူများအတွက်မူ ဤသည်မှာ အလွန်အမင်းအဆိပ်ပြင်းသော အရာတစ်ခုပင်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အတင်းအကြပ် လုယူလိုပါက တန်ပြန်ဒဏ်ခံစားရပေမည်။

နဂါးဝတ်ရုံဝတ်လူကြီးသည် အလွန်ရုန့်ရင်းကြမ်းတမ်းမည်ဟု မည်သူတစ်ဦးတစ်ယောက်​မျှ မျှော်လင့်မထားမိချေ။သူသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ ကံကြမ္မာစွမ်းအားများကို စတင်၍ဝါးမြိုလိုက်၏။

ရွှေရောင်ကံကြမ္မာနဂါးအတွင်းမှ တာယွီအင်ပါယာ၏ကြီးကျယ်ခမ်းနားသောကံကြမ္မာစွမ်းအားများသည် နဂါးဝတ်ရုံဝတ်လူကြီး၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ဤအချိန်အခိုက်အတန့်တွင် ရှန်လင်းလုံ၏မျက်နှာအမူအယာ အနည်းငယ်ပျက်ယွင်းသွားသည်။သူမ၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်လိုက်ခြင်းနှင့်အတူ ရွှေရောင်ကံကြမ္မာနဂါးသည် သူမ၏နံဘေးသို့ ပြန်လည်ရောက်ရှိလာပေ၏။

သို့ရာတွင် ထိုရွှေရောင်ကံကြမ္မာနဂါးသည် မူလအရွယ်အစား၏တဝက်ခန့် ကြုံဝင်သွားကာ ယခင်ကဲ့သို့ ကြီးကျယ်ခမ်းနားမှုမျိုး မရှိတော့ချေ။

"သူက ကံကြမ္မာစွမ်းအားကိုတောင် ဝါးမြိုနိုင်တယ်...ငါ ဒီလိုကိစ္စမျိုးကို အရင်က တစ်ခါမှမကြားခဲ့ဖူးဘူး"

"ငါတို့ အရင်ကတွေ့ခဲ့တဲ့ ရှေးဟောင်းနတ်ဆိုးတွေကတောင် အရမ်းကြောက်ဖို့ကောင်းနေပြီ...ရှေးဟောင်းခေတ်တုန်းက ရှေးဟောင်းနတ်ဆိုးတွေဆိုရင် ပိုပြီးအစွမ်းထက်နေမှာပဲ"

ဤနေရာတွင် နတ်ဆိုးများနှင့်တိုက်ပွဲကိုရင်ဆိုင်ခဲ့ဖူးသည့် မျိုးဆက်ဟောင်းမှကျင့်ကြံသူတချို့ ရှိနေသည်။

အတိတ်တွင် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသောတိုက်ပွဲကြီး ဖြစ်ခဲ့သည်ကို သူတို့ အမှတ်ရနေဆဲပင်။

အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ထွက်ပေါ်လာမှုနှင့် တခြားတာအိုသခင်များ၏ ပူးပေါင်းအင်အားစိုက်ထုတ်မှုတို့ကြောင့်သာမဟုတ်ပါက ထို ရှေးဟောင်းနတ်ဆိုးများကို နှိမ်နင်းနိုင်မည်မဟုတ်ချေ။ထိုသို့ဖြစ်လာပါက ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေသည်လည်း ဘေးကပ်ဆိုးကြီးတစ်ခုအတွင်းသို့ ကျရောက်နေဆဲဖြစ်ပေမည်။

အတိတ်တွင် ဤအဖြစ်ဆိုးများကို သူတို့ ကြုံတွေ့ခဲ့ရသည်မှာ လုံလောက်နေလေပြီ။မည်သူတစ်ဦးတစ်ယောက်ကမျှ ဤကိစ္စကို ထပ်မံ၍ကြုံတွေ့လိုခြင်း မရှိတော့ချေ။

ယခုအချိန်၌ သူတို့အားလုံးသည် တာယွီအင်ပါယာ၏အစွမ်းထက်ဆုံးတည်ရှိမှုကြီးများဖြစ်သော ရှန်လင်းလုံနှင့်ရှကွေ့ကျုံးတို့အပေါ် မျှော်လင့်ရန်သာ ကျန်ရှိတော့သည်။ထိုလူနှစ်ယောက်သည် ရှေးဟောင်းနတ်ဆိုးဘိုးဘေးကို နှိမ်နင်းနိုင်ရန် သူတို့အားလုံး ဆုတောင်းနေမိသည်။

"မလုံလောက်ဘူး.....မလုံလောက်သေးဘူး"

နဂါးဝတ်ရုံဝတ်လူကြီးသည် ကံကြမ္မာစွမ်းအားများကိုဝါးမြိုပြီးနောက် သူ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

သူသည် ရူးသွပ်စပြုလာကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ အရူးကွဲလုမတက်အေးစိမ့်သော ယင်ချီများ ရစ်သိုင်းလွှမ်းခြုံနေသည်။သူ့ကိုကြည့်ရသည်မှာ နတ်ဆိုးနတ်ဘုရားတစ်ပါးအလားပင်။

ရုတ်ချည်းဆိုသလိုပင် နဂါးဝတ်ရုံဝတ်လူကြီးသည် ခြေတစ်လှမ်းရှေ့တက်ကာ လက်သီးတစ်ချက်ထိုးနှက်လိုက်၏။

"ငါက နင့်ကို ဂရုစိုက်မယ်လို့ နင် တကယ်ကြီးထင်နေတာလား"

ရှန်လင်းလုံက ခနဲ့တဲ့တဲ့ပြောဆိုသည်။ သူမ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ အင်မော်တယ်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ထို့နောက် သူမ၏နူးညံ့သေးသွယ်သောလက်ကို ဆန့်တန်းကာ လေထုအတွင်းသို့ ရိုက်နှက်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်တွင်ရှိနေသော စိတ်ဝိညာဥ်စွမ်းအားများအားလုံး ချက်ချင်းတဝုန်းဝုန်းထလာသည်။

ပေတစ်သောင်းကျော်မြင့်မားသော အလင်းတန်းကြီးတစ်တန်းသည် မြေပြင်မှနေ၍ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားကာ တိမ်စိုင်များအတွင်းသို့ ထွင်းဖောက်သွားသည်။ ရှန်လင်းလုံ၏ခန္ဓာကိုယ်နံဘေးပတ်လည်တွင် ထူးဆန်းသောပုံရိပ်ယောင်များ တဖျတ်ဖျတ်တောက်ပနေပေ၏။အထွတ်အမြတ်မှော်စွမ်းအားများသည် သူမ၏နောက်၌ စုဝေးသွားကာ ကြီးမားသောချီလင်တစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။

ထိုချီလင်ပုံရိပ်ယောင်သည် ခေါင်းမော့ပြီး ရှေ့သို့ပျံသန်းသွားကာ တိမ်တိုက်များအကြား၌ ပြိုင်ဘက်ကင်းမောက်မာဝံ့ကြွားသော အမူအယာဖြင့် မတ်တတ်ရပ်နေသည်။ဤသည်မှာ လောကကြီးအတွင်းရှိ အရာရာတိုင်းသည် သူ၏ခြေဖဝါးအောက်၌ အညံ့ခံရသည့်အလားပင်။

"ဒါက မင်းသားစုရဲ့ ချီလင်ကောင်းကင်ဘုံနင်းလျှောက်ခြင်းနည်းစနစ် မဟုတ်လား...သူက ဒါကို ရှန်လင်းလုံဆီ လက်ဆင့်ကမ်းပေးထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"အဲ့ဒီနည်းစနစ်ကို အသုံးပြုတဲ့အချိန်မှာ လောကကြီးထဲမှာရှိတဲ့ ဘယ်သက်ရှိမှ ဒီစွမ်းအားကိုတောင့်မခံနိုင်ဘူး"

လုချန်းချင်နှင့်တခြားလူများသည် ဤတိုက်ခိုက်မှုကို ချက်ချင်းမှတ်မိသွားကာ ကူကယ်ရာမဲ့စွာဖြင့် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။

မင်းသားစုသည် ကျိုးတော်ဝင်မိသားစု၌ နံပါတ်တစ်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပင်။ဤသည်မှာ သူ၏နာမည်ကျော်ကြားဆုံးနည်းစနစ်ဖြစ်သဖြင့် လူအနည်းစုသည် ထိုအရာကို သိရှိထားပေ၏။

ထိုချီလင်သည် လေထုအတွင်း၌ လှည့်ပတ်ပျံဝဲနေကာ သူ၏မျက်လုံးတစ်စုံသည် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးနှစ်စင်းအလားပင်။သူ၏ထက်ရှသောခြေသည်းများ အောက်သို့ကျရောက်လာချိန်တွင် ဂျင်ထောင်သောင်းချီ၍ လေးလံပုံရသည်။

နဂါးဝတ်ရုံဝတ်လူကြီး၏မျက်လုံးအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်တချို့ ဖြတ်ပြေးသွားသည်။သူသည် ခြေတစ်လှမ်းရှေ့တိုးလိုက်ကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်ဝန်းကျင်ရှိ ယင်ချီများသည် ထက်ရှသောဓားများအလားပင်။သူသည် ချက်ချင်းဆိုသလိုပင် ချီလင်ပုံရိပ်ယောင်ကို ထွင်းဖောက်သွားပေ၏။

ဤအရာများအားလုံးသည် အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပွားသွားခဲ့ခြင်းပင်။

ချီလင်ကောင်းကင်ဘုံနင်းလျှောက်ခြင်းနည်းစနစ်သည် ပြင်းထန်သောစွမ်းအားကို ထုတ်ဖော်ပြသနိုင်မည်ဟု တခြားလူများအားလုံး တွေးထင်ထားကြသည်။သို့ရာတွင် ထိုစွမ်းအားသည် နဂါးဝတ်ရုံဝတ်လူကြီး၏ ချိုးဖျက်ခြင်းကို ချက်ချင်းခံလိုက်ရသည်။

အနက်ရောင်အရိပ်တစ်ရိပ် ဖျတ်ခနဲလှုပ်ခတ်သွားခြင်းနှင့်အတူ နဂါးဝတ်ရုံဝတ်လူကြီးသည် ရှန်လေးလုံ၏ရှေ့သို့ ရောက်ရှိလာပေ၏။

ထိုအချိန်မှာပင် နတ်ဘုရားမြင့်မြတ်အမတ်ကြီးရှကွေ့ကျုံးက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏အသံသည် ကြီးမားသောခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်လိုက်သည့်အလား အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

သူသည် ဗုဒ္ဓကျမ်းစာ၏အက္ခရာခြောက်လုံးကိုရွတ်ဆိုလိုက်ကာ လက်တစ်ထောင်ဗုဒ္ဓပုံရိပ်ယောင်တစ်ခုက သူ၏နောက်၌ ရုတ်တရက်ထွက်ပေါ်လာသည်။သူ၏ဓမ္မပုံရိပ်ယောင်သည် အလွန်အမင်းတည်ကြည်လေးနက်က အထွတ်အမြတ်အသိဉာဏ်ပညာများ ရောယှက်နေသည်။

ကောင်းကင်နှင့်မြေပြင် လှုပ်ခတ်သွားသည်။လေဟာနယ်အတွင်း၌ ဗုဒ္ဓကျမ်းစာ၏အက္ခရာခြောက်လုံးအသံကသာ အချိန်အတော်ကြာသည်အထိ ပဲ့တင်ထပ်နေပေ၏။

Chapter 4243

"လူသားဧကရာဇ်ဓားကို လက်လွှဲပေးစမ်း...ဒါဆိုရင် ငါ မင်းကို ဒီနေ့အသက်ချမ်းသာခွင့် ပြုလိုက်မယ်"

ရှကွေ့ကျုံး၏အသံသည် မိုးခြိမ်းသံအလား ကျယ်လောင်စွာထွက်ပေါ်လာကာ အရပ်မျက်နှာအသက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

သူ၏နောက်ရှိ လက်တစ်ထောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးတွင် အထွတ်အမြတ်စွမ်းအားတစ်ရပ် ရှိနေပုံရသည်။နဂါးဝတ်ရုံဝတ်လူကြီးကို ကြည့်ရသည်မှာ ကြေးနီးခေါင်းလောင်းတလုံးဖြင့် ရိုက်ခတ်ခံလိုက်ရသည့်အလားပင်။ရှကွေ့ကျုံး၏အသံမှ တုန်ခါမှုလှိုင်းများသည် နဂါးဝတ်ရုံဝတ်လူကြီးကို အမှန်တကယ် ဖိအားပေးနိုင်ခဲ့လေ၏။

"နတ်ဘုရားမြင့်မြတ်အမတ်ကြီးက စလှုပ်ရှားနေပြီ"

"အခုအချိန်မှာ သူက စစ်ရေးအခွင့်အာဏာကို ကိုင်ထားတဲ့ တပ်မှူးချုပ်တစ်ယောက်ပဲ....သူက အရမ်းအစွမ်းထက်တဲ့ အရာရှိတစ်ယောက်ဖြစ်နေပြီ....သူ့ရဲ့တာအိုသခင်အဆင့်ခွန်အားကိုပါ ပေါင်းထည့်လိုက်ရင် နောင်အနာဂတ်မှာ တော်ဝင်နန်းတွင်းတစ်ခုလုံး ရှမိသားစုရဲ့အမိန့်ကို လိုက်နာရမှာ ငါ မြင်ယောင်မိတယ်"

လုချန်းချင်က ညည်းတွားသည်။

လူများအားလုံးသည် ရှကွေ့ကျုံး၏လှုပ်ရှားမှုစတင်သည်နှင့် နဂါးဝတ်ရုံဝတ်လူကြီးအား ပိတ်ဆို့ဟန့်တားနိုင်သည်ကို မြစ်တွေ့မိသည်။

ရှကွေ့ကျုံးသည် သူ၏စွမ်းအားကိုသာ ထုတ်ဖော်ထားပြီး သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကိုထုတ်ဖော်ထားခြင်းမရှိချေ။ဤသည်မှာ ဗုဒ္ဓတစ်ပါးသည် သူ၏အထွတ်အမြတ်စွမ်းရည်ကို ပြသသည့်အလား ရှကွေ့ကျုံး၏မှော်စွမ်းအားများသည် မိုးထိလုမတတ် မြင့်မားနေလေပြီ။

လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့သည် လုချန်ချင်း ပြောဆိုသောစကားများကို ချက်ချင်းသဘောတူညီလိုက်ကြ၏။ဤသည်မှာ အစစ်အမှန် ထိပ်သီးပါရမီရှင်တစ်ယောက်ပင်။

ရှကွေ့ကျုံးသည် အသက်သုံးဆယ်အရွယ်သာ ရှိသေးသည်။ယခင်မျိုးဆက်မှ ကျင့်ကြံသူအမြောက်အများနှင့် နှိုင်းယှဉ်ပါက သူသည် လူငယ်တစ်ယောက်သာ ဖြစ်ပေ၏။သို့ရာတွင် ဤအသက်အရွယ်တွင် သူသည် တာအိုသခင်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ကာ မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများထက် သာလွန်သည်။

နဂါးဝတ်ရုံဝတ်လူကြီးထံမှနေ၍ ရက်စက်ကြမ်းကြုတ်သော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။သူသည် အကန့်အသက်မရှိသော ယင်ချီများကို အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားစေကာ တဖန်ထပ်၍တိုက်ခိုက်လိုက်၏။

နဂါးဝတ်ရုံဝတ်လူကြီး လှုပ်ရှားလာသည်ကို မြင်တွေ့ချိန်တွင် ရှကွေ့ကျုံး၏မျက်လုံးများ တောက်ပသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ဤသည်မှာ သူသည် ဗုဒ္ဓဂိုဏ်း၏ခေါင်းဆောင်တစ်ယောက်နှင့် တူညီနေကာ သူ၏မျက်လုံးများအတွင်း၌ အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။သူ၏နောက်ရှိ လက်တစ်ထောင်ဗုဒ္ဓပုံရိပ်ယောင်မှနေ၍ လက်ဟန်သင်္ကေတတခုကိုဖွဲ့စည်းကာ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ထိုအရာမှနေ၍ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ်အား ထုတ်လွှတ်ထားသည်။

ဘုန်း.....

နှစ်ဖက်စလုံးမှတိုက်ခိုက်မှုများသည် လေထုအတွင်း၌ ထိပ်တိုက်ရင်ဆိုင်မိလေ၏။ဤသည်မှာ မိုးနှင့်မြေပြိုလဲသွားတော့မည့်အလား အလွန်အမင်းပြင်းထန်သည်။

ရှကွေ့ကျုံး၏နောက်ရှိ လက်တစ်ထောင်ဗုဒ္ဓပုံရိပ်ယောင်မှ လက်တစ်ဖက်ချင်းစီသည် ဗုဒ္ဓ၏လက်စည်းသင်္ကေတတစ်ခုကို ဖော်ဆောင်ထားသည်။သူ၏နံဘေးပတ်လည်၌ ထောင်သောင်းချီသောဘုန်းတော်ကြီးများ ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုနေသကဲ့သို့အသံများ ထွက်ပေါ်နေသည်။တခြားတစ်ဖက်တွင် ရှကွေ့ကျုံးသည် ဗုဒ္ဓတစ်ပါးအလား ကံကြမ္မာစွမ်းအားများကိုလက်ခံရယူကာ အကန့်အသတ်မရှိသောအလင်းတန်းများအကြား၌ တောက်ပနေသည်။

ခရက်....ခရက်.....

နန်းတော်ပြင်ပရှိနံရံများကို မှော်သင်္ကေတအက္ခရာနှင့်ကာကွယ်ထားသော်လည်း ထိုလူနှစ်ယောက်၏တိုက်ခိုက်မှုဒဏ်ကို တောင့်ခံနိုင်စွမ်းမရှိတော့သဖြင့် ပျက်စီးပြိုလဲသွားသည်။

ရှေးဟောင်းနန်းဆောင်များသည်လည်း မုန်တိုင်းတစ်ခုအလယ်ရှိ လှေငယ်သေးများအလား အချိန်မရွေးပြိုလဲသွားတော့မည့်ပုံပင်။

ဘုန်း....

အရံခန်းမအတွင်းမှာနေ၍ မရေမတွက်နိုင်သော မှော်သင်္ကေတအက္ခရာများ စတင်၍ထွက်ပေါ်လာသည်။

ကြီးမားကျယ်ပြန့်ပြီးမြင့်မြတ်သော တော်ဝင်အရှိန်အဝါတစ်ရပ် ပျံ့လွင့်လာကာ ထိုတိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားလိုက်၏။ဤအချိန်တွင် ပြင်ပ၌ ကောင်းကင်နှင့်မြေပြင် ပျက်စီးလုနီးပါး ဖြစ်နေလေပြီ။မြေပြင်ပေါ်ရှိ အစိမ်းရောင်အုတ်ချပ်များအားလုံး ကြေမွှပျက်စီးသွားက အုတ်စအုတ်နများက လေထုအတွင်း၌ ပျံ့လွင့်နေသည်။

သူတို့၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်စွမ်းရှိကာ ဤသည်မှာ လောကကြီး၏အဆုံးသတ်နေ့သို့ ရောက်ရှိလာသည့်အလားပင်။

ဤတိုက်ပွဲသည် အလွန်လျှင်မြန်ပေ၏။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် သူတို့သည် ဆယ်နှင့်ချီသောတိုက်ကွက်များကို ဖလှယ်ပြီးလေပြီ။

"ဥုံ မ ဏိ ပ ဒ် မေ ဟုမ်...."

ရှကွေ့ကျုံးသည် ရုတ်တရက် ဗုဒ္ဓကျမ်းစာခြောက်လုံးကို ရေရွတ်လိုက်သည်။ထိုကျမ်းစာစာလုံးတစ်လုံးစီသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကာ မိုးကောင်းကင်ကို ဆုတ်ဖြဲတော့မည့်အလားပင်။

ဤသည်မှာ ဗုဒ္ဓဂိုဏ်း၏အထွတ်အမြတ်နည်းစနစ်ပင်။ဗုဒ္ဓဂိုဏ်းအတွင်း၌ ပါရမီအရည်အချင်းအရှိဆုံး ကျင့်ကြံသူများသာ ဤအရာကို လေ့လာဆင်ခြင်နိုင်စွမ်းရှိသည်။ထိုဗုဒ္ဓကျမ်းစာစာလုံးခြောက်လုံးတွင် အကန့်အသတ်မရှိသောမှော်စွမ်းအားများ ပါဝင်နေကာ အလွန်အမင်း မြင့်မြတ်ပေ၏။ဤသည်မှာ သူ့ရှေ့ရှိနတ်ဆိုးကိုအမြစ်ပြတ်သုတ်သင်တော့မည့်အလားပင်။

နဂါးဝတ်ရုံဝတ်လူကြီးသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူသည် ထိတ်လန့်ကြောက်ရွံ့သွားခြင်းမရှိရုံသာမက သူ၏မျက်လုံးအတွင်း၌ ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။

ထို့နောက် သူ၏လက်ကိုမြှောက်လိုက်ရာ ပေတစ်သောင်းခန့်မြင့်မားသော ယင်ချီများသည် သူ့၏လက်အတွင်း၌ ဓားရှည်ကြီးတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။ထိုဓားကို ဝှေ့ယမ်းလိုက်သောအချိန်တွင် လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားသည်။ထိုအရှိန်အဝါသည် လက်တစ်ထောင်ဗုဒ္ဓပုံရိပ်ယောင်၏ ဗုဒ္ဓနည်းစနစ်များအားလုံးကို ခြေမွှဖျက်ဆီးလိုက်၏။

ဝုန်း.....

ဗုဒ္ဓကျမ်းစာခြောက်လုံးသည် နဂါးဝတ်ရုံဝတ်လူကြီးကို ဖိနှိပ်နိုင်စွမ်းမရှိချေ။

ဗုဒ္ဓအလင်းရောင်များ ကြေမွှပျက်စီးသွားသော်လည်း ယင်ချီဓားကြီးသည် အနည်းငယ်မျှ ထိခိုက်ပျက်စီးသွားခြင်းမရှိချေ။နဂါးဝတ်ရုံဝတ်လူကြီးသည် အကန့်အသတ်မရှိသော ဗုဒ္ဓအလင်းတန်းများကို ချိုးဖျက်ကာ ရှကွေ့ကျုံး၏ရှေ့၌ ထွက်ပေါ်လာပြီး လက်သီးတစ်ချက်ထိုးနှက်လိုက်သည်။

Chapter 4244

ရှကွေ့ကျုံးကမျက်မှောက်ကြုတ်ကာ သူ၏လက်ကို မြှောက်လိုက်သည်။ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ဖက်သည် နဂါးဝတ်ရုံဝတ်လူကြီး၏ရင်ဘတ်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏။ထို့ကြောင့် နဂါးဝတ်ရုံဝတ်လူကြီး၏ရင်ဘတ်ပေါ်တွင် အနက်ရောင်လက်ဝါးရာကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ဝုန်း......

နဂါးဝတ်ရုံဝတ်လူကြီး၏ခန္ဓာကိုယ်မှနေ၍ တောင်များကြေမွပျက်စီးပြီး မြေပြင်ပြိုလဲသွားသည့်အလား ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်ရှိအရိုးများအားလုံး ကျိုးပဲ့သွားသည့်အလားပင်။

သို့ရာတွင် နဂါးဝတ်ရုံဝတ်လူကြီး၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ရပ် ရှိနေသည်။သူ၏လက်ဝါးအတွင်း၌ မရေမတွက်နိုင်သော နတ်ဘုရားမှော်မန္တန်များထွက်ပေါ်လာကာ ရှကွေ့ကျုံးကို ရစ်ပတ်လွှမ်းခြုံသွားသည်။

ခရက်....ခရက်....

ရုတ်ချည်းဆိုသလိုပင် ရှာကွေ့ကျုံး၏နံဘေးပတ်လည်ရှိလေဟာနယ် ပုံပျက်စပြုလာသည်။

အဝေးမှစောင့်ကြည့်နေသူများသည် ရှကွေ့ကျုံး၏ယခုလက်ရှိပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်တွေ့နိုင်တော့ချေ။ သူ၏ပုံရိပ်သည် ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့်အတူ ပြင်းပြင်းထန်ထန်ပုံပျက်စပြုလာသည်။

ကြည့်ရသည်မှာ ဤလေဟာနယ်အတွင်း၌ ရှကွေ့ကျုံးသည် တွန့်လိမ်ကာ ကြေမွှပျက်စီးသွားတော့မည့်အလားပင်။

သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌ လေဟာနယ်ချိတ်ပိတ်ခြင်းခံထားရသော ရှကွေ့ကျုံး၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ် ဖြတ်ပြေးသွားသည်။

ထို့နောက် သူ၏လက်ကိုဆန်တန်းလိုက်ရာ သူ၏နောက်ရှိ လက်တစ်ထောင်ဗုဒ္ဓပုံရိပ်ယောင်ကြီးမှနေ၍ ကျယ်လောင်ပြီး တည်ကြည်လေးနက်သော ကျမ်းစာရွတ်ဆိုသံ ထွက်ပေါ်လာသည်။ဤအသံသည် ပဲ့တင်ထပ်ပျံ့နှံ့သွားကာ လူအများ၏စိတ်နှလုံးသားများကို တုန်ရီသွားစေသည်။

ရှကွေ့ကျုံး၏အင်္ကျီလက်အတွင်းမှနေ၍ ဗုဒ္ဓအလင်းတန်းတစ်တန်း ပျံ့လွင့်သွားသည်။ထိုအလင်းတန်းသည် ဓားတစ်လက်ကဲ့သို့ထက်ရှပြီး ရုတ်ချည်းဆိုသလိုပင် နဂါးဝတ်ရုံဝတ်လူကြီး၏လက်တစ်ဖက်ကို ဖြတ်တောက်လိုက်၏။

လူများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ရှကွေ့ကျုံးသည် ဤကဲ့သို့နည်းလမ်းတစ်ခုကို အသုံးပြုနိုင်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

"တကယ်လို့ သူ့နေရာမှာ တခြားတစ်ယောက်ဆိုရင် လေဟာနယ်ထဲမှာ လှောင်ပိတ်ခံရတာနဲ့ သွေးမြူတွေအဖြစ်ကို ပြောင်းလဲသွားလောက်ပြီ...ဟုတ်တယ်မလား"

"တာအိုသခင်တစ်ယောက်လို့ မပြောရဘူး...သူက လေဟာနယ်ချိတ်ပိတ်ခံထားရတာတောင်မှ တိုက်ခိုက်နိုင်တုန်းပဲ....ဒါ့ပြင် သူက အဲ့ဒီနတ်ဆိုးကောင်ကို ဒဏ်ရာအပြင်းအထန်ရသွားစေခဲ့တယ်"

လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး အလွန်အမင်းစိတ်အားတက်ကြွသွားသည်။

မည်သို့ပင်ဆိုစေကာမူ အကယ်၍ ဤနတ်ဆိုးကောင်သေဆုံးသွားပါက သူတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်မှု လျော့ပါးသွားပေမည်။

ဝေါင်း.....

နဂါးဝတ်ရုံဝတ်လူကြီးသည် လက်တစ်ဖက်ဆုံးရှုံးသွားသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းအား များစွာလျော့ကျသွားခြင်းမရှိချေ။သူသည် မျက်တောင်တချက်ပင် ခတ်ခြင်းမပြုပေ။

နတ်ဆိုးစွမ်းအားများသည် လေထုအတွင်းသို့မြင့်တက်သွားကာ နဂါးဝတ်ရုံဝတ်လူကြီး၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။အနက်ရောင်မြူခိုးများသည် အရပ်မျက်နှာအဘက်ဘက်သို့ပျံ့လွင့်သွားကာ ထိုအရာများကြားမှနေ၍ ခေါင်းကိုးလုံးမြွေတစ်ကောင်၏ပုံရိပ်ယောင် ထွက်ပေါ်လာသည်။

"ဒါက....."

ရှကွေ့ကျုံးနှင့်ရှန်လင်းလုံတို့နှစ်ယောက်လုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ခေါင်းကိုးလုံးမြွေသည် အနက်ရောင်မြူခိုးများအကြားမှ ထွက်ပေါ်လာကာ သူ၏ထက်ရှသောသွားများကို လှစ်ဟပြထားသည်။

လမင်းကြီးသည် အနောက်ဘက်၌ရှိနေကာ မိုးကောင်းကင်ယံသည် အလွန်အမင်း မှောင်မည်းနေသည်။ခပ်ဖျော့​ဖျော့လအလင်းရောင် ဖြာကျလာသည်နှင့်အတူ ခေါင်းကိုးလုံးမြွေ၏ခန္ဓာကိုယ်မှနေ၍ တောက်ပသောအလင်းတန်းများ ထွက်ပေါ်နေသည်။

ဤသည်မှာ နတ်ဆိုးနတ်ဘုရားတစ်ပါးသည် ပန်းချီကားအတွင်းမှထွက်လာကာ သူ၏အစစ်အမှန်ပုံပန်းသွင်ပြင်ကို ထုတ်ဖော်ပြသလိုက်သည့်အလားပင်။ဤကမ္ဘာငယ်လေး၏အရပ်လေးမျက်နှာလုံးမှနေ၍ ထူးဆန်းသောအသံများ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်ကို ကြားနေရသည်။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်အကြားမှ သဘာဝလွန်ပုံရိပ်ဖြစ်ပြီး သက်ရှိများအားလုံး ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေသည့်အလားပင်။

မိုးကောင်းကင်ယံမှနေ၍ မိုးရေစက်များ ရွာကျလာသည်။ထိုအရာများသည် မြေပြင်ပေါ်သို့ကျရောက်သွားချိန်တွင် သွေးများအဖြစ်ပြောင်းလဲကာ ဖြာကျသွားသည်။

ဤသည်မှာ အမှန်အားဖြင့်သွေးမိုးဖြစ်ပြီးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ထူထပ်သိပ်သည်းသော သွေးညှီနံ့များဖြင့် ပြည့်နှက်သွားသည်။

ရှေးဟောင်းမြေကမ္ဘာနတ်ဆိုးဘိုးဘေး.....

ယခင်တုန်းက လူသားဧကရာဇ်၏ဖြတ်တောက်ခြင်းကိုခံရသော သူ၏မြွေကောင်းကိုးခေါင်းအနက်မှတစ်ခေါင်းသည်လည်း အသစ်ပြန်လည်ပေါက်ဖွားနေလေပြီ။

လေထုအတွင်း၌ မြွေခေါင်းကိုးခေါင်း မျောလွင့်နေသည်ကို မြင်တွေ့ချိန်တွင် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

ရွှီ....

မြေကမ္ဘာနတ်ဆိုးဘိုးဘေး ထွက်ပေါ်လာချိန်တွင် မြွေအမြှီးမှနေ၍ အနက်ရောင်ပုံရိပ်ယောင်တစ်ခုအသွင်သို့ ပြောင်းလဲလိုက်သည်။ထိုအရာတွင် ကောင်းကင်ကိုပြိုလဲစေပြီး အရာရာတိုင်းကို ခြေမွှဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ် ပါဝင်နေပေ၏။

ထို့နောက် အရပ်မျက်နှာအဘက်ဘက်မှနေ၍ ကျယ်လောင်သောပေါက်ကွဲသံများ မြည်ဟီးလာသည်။ရှကွေ့ကျုံး၏နောက်ရှိ ဗုဒ္ဓပုံရိပ်ယောင်ကြီးသည် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားတော့သည်။

ရှကွေ့ကျုံးသည်လည်း အဝေးသို့လွင့်ထွက်သွားခဲ့သည်။သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဗုဒ္ဓအလင်းရောင်များ ပျက်ပြယ်သွားကာ မရေမတွက်နိုင်သောနန်းဆောင်များကို ဝင်ဆောင့်မိပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပေ၏။

ဤအချိန်အခိုက်အတန့်တွင် ရှကွေ့ကျုံး၏ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေသည်။သူ၏ပိုးထည်ဝတ်စုံသည် စုတ်ပြတ်သတ်နေကာ သူ့ကိုကြည့်ရသည်မှာ အလွန်စိုးရိမ်ဖွယ်ကောင်းသော အခြေအနေသို့ ရောက်ရှိနေလေပြီ။

သို့ရာတွင် သူသည် သေဆုံးသွားခြင်းမရှိချေ။ သူ၏ခန္ဓာကိုယ်တစ်ဝက်သည် မြေပြင်ပေါ်၌နစ်မြုပ်နေကာ သူ၏မျက်လုံးများအတွင်း၌ အထွတ်အမြတ်ရွှေရောင်အလင်းတန်းတစ်တန်း တောက်ပနေဆဲပင်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်သည်။သူသည် မြွေခေါင်းကိုးခေါင်းမှပါးစပ်များကို တပြိုင်နက်တည်းဟကာ သူ၏ပါးစပ်များအတွင်း၌ ရက်စက်ကြမ်းကြုတ်သော ယင်ချီစွမ်းအားများကို စုဝေးလိုက်၏။

Chapter 4245

ဝေါင်း.....

ကောင်းကင်ယံတခွင်လုံး တုန်ခါသွားစေသော ဟိန်းဟောက်သံကြီးနှင့်အတူ အလင်းတန်းကိုးတန်းသည် လေဟာနယ်ကိုဖြတ်သန်း၍ ပျံ့လွင့်လာသည်။

ထိုအလင်းတန်းများဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို ဥယျာဉ်များဖြစ်စေ နန်းဆောင်များဖြစ်စေ အရာအားလုံး အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားသည်။ လူသားဧကရာဇ်၏အမွေအနှစ်နယ်မြေမှ အဆောက်အအုံများပင်လျှင် ဤစွမ်းအားကို တောင့်မခံနိုင်ခဲ့ချေ။

ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်ကာ တောင်များကိုပြိုလဲစေပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်စေသော စွမ်းအားလှိုင်းတစ်ရပ်ပင်။

နန်းတော်အတွင်းမှ စောင့်ကြည့်နေကြသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။သူတို့အနက်မှအများစုသည် ဤသည်မှာ နတ်ဆိုးဘိုးဘေးတစ်ကောင်ဖြစ်သည်ဟု သိရှိထားသော်လည်း ဤမျှထိအစွမ်းထက်မည်ဟု သူတို့ မျှော်လင့်မထားမိပေ။

နတ်ဘုရားမြင့်မြတ်အမတ်ကြီး ရှကွေ့ကျုံးသည် တာအိုသခင်နယ်ပယ် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။သို့ရာတွင် သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်ရင်ဆိုင်ရာ၌ အလွန်အမင်းအခက်တွေ့နေသည်။

"ဗုဒ္ဓ ဥပဒေသ....ဗုဒ္ဓ၏သန့်စင်သောနယ်မြေ"

ရှကွေ့ကျုံးသည် ရုတ်တရက် မြေပြင်ပေါ်မှခုန်ထကာ သူ၏လက်ဝါးများကို အတူတကွပူးဆုပ်ပြီးနောက် သူ၏နဖူးပေါ်၌ ရွှေရောင်ဒေါင်လိုက်မျက်လုံးတစ်လုံး ဝိုးတဝါးထွက်ပေါ်လာသည်။ သူ၏မှော်စွမ်းအားများကို ကြည့်ရသည်မှာ အလွန်အမင်းမြင့်မားပြီး သာလွန်ထူးကဲသည့်အလားပင်။

မိုင်သောင်းနှင့်ချီသောနယ်မြေအတွင်းတွင် ပေတသောင်းခန့်မြင့်မားသော ရွှေရောင်အလင်းတန်းတစ်တန်းက ရုတ်တရက် လွှမ်းခြုံသွားသည်။ဤသည်မှာ လေဟာနယ်အတွင်း၌ ရာနှင့်ချီသော ဗုဒ္ဓဘုရားကျောင်းများ ထွက်ပေါ်လာသည့်အလားပင်။ထိုဘုရားကျောင်းများအတွင်းမှနေ၍ ထောင်သောင်းချီသော ဘုန်းတော်ကြီးများရှိနေကာ ကျမ်းစာများကို အဆက်မပြတ်ရွတ်ဆိုနေသံများ ထွက်ပေါ်နေသည်။

တာအိုသခင်တစ်ယောက်သည် ဥပဒေသများကိုထိန်းချုပ်နိုင်ပေ၏။

ရှကွေ့ကျုံးသည် ဗုဒ္ဓဥပဒေသကိုအသုံးပြုကာ ပတ်ဝန်းကျင်ရှိနယ်မြေကို ဗုဒ္ဓ၏သန့်စင်သောနယ်မြေအဖြစ် ပြောင်းလဲလိုက်ခြင်းပင်။

ဤနယ်မြေအတွင်း၌ ရှကွေ့ကျုံးသည် ဗုဒ္ဓတစ်ပါးဖြစ်ပြီး အထွတ်အမြတ်တည်ရှိမှုကြီးပင်။

ပေကိုးဆယ်ကျော်မြင့်မားသော ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခုက ရှကွေ့ကျုံး၏နောက်၌ မားမားမတ်မတ်တည်ရှိနေသည်။ထိုဗုဒ္ဓပုံရိပ်ယောင်ကြီးသည် သင်္ကန်းကိုဝတ်ဆင်ထားကာ သူ၏ခေါင်းနောက်၌ ရွှေရောင်ရောင်စဥ်တန်းတစ်ခုရှိနေသည်။သူ၏အောက်၌ ဗုဒ္ဓဘုရားလောင်းများ ဘုန်းတော်ကြီးများ စုဝေးနေပေ၏။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်မှ အနီးကပ်ကြည့်ရှုပါက ထိုဗုဒ္ဓ၏ပုံပန်းသွင်ပြင်သည် ရှကွေ့ကျုံးနှင့်တူညီနေကြောင်း တွေ့မြင်ရပေမည်။

သူ၏ကိုယ်ပိုင်မှော်စွမ်းအားများဖြင့် ဖန်တီးထားသော ဗုဒ္ဓ၏သန့်စင်သောနယ်မြေမှ ကံကြမ္မာစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေပေ၏။

"ချိုးဖျက်စမ်း...."

ရှကွေ့ကျုံး၏စိတ်လှုပ်ရှားသွားခြင်းနှင့်အတူ သူ၏နောက်ရှိ ဗုဒ္ဓပုံရိပ်ယောင်ကြီးလည်း လှုပ်ရှားသွားသည်။ရှကွေ့ကျုံးက သူ၏လက်ညှိုးကို ဖြည်းညှင်းစွာမြှောက်လိုက်ရာ သူ၏နောက်ရှိ ဗုဒ္ဓပုံရိပ်ယောင်ကြီး၏လက်ညှိုးသည်လည်း ရှေ့သို့ဆန့်တန်းသွားသည်။

ဤဗုဒ္ဓလက်ညှိုးအောက်တွင် အရာအားလုံး အမှုန်အမွှားများအဖြစ်ပျက်စီးကာ ထပ်မံ၍မတည်ရှိနိုင်တော့သည့်အလားပင်။

ထိုဗုဒ္ဓပုံရိပ်ယောင်၏ရှေ့သို့ ဖျက်ဆီးခြင်းနတ်ဘုရားအားလှိုင်းကိုးလှိုင်း တဖြည်းဖြည်းချဉ်းကပ်လာသည်။

ဝုန်း....

လောကကြီးအတွင်း၌ အပြင်းထန်ဆုံး မှော်မန္တန်များအနက်မှနှစ်ခုသည် လေထုအတွင်း၌ ထိပ်တိုက်ရင်ဆိုင်မိလေ၏။

အရံခန်းမအတွင်း၌ရှိနေသော လူတချို့သည် နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားကြသည်။သူတို့သည် သူတို့၏မျက်လုံးများကိုဖုံးအုပ်ထားကာ သူတို့၏လက်ချောင်းများအကြားမှနေ၍ သွေးများယိုစီးကျနေသည်။

ဤအဆင့်တိုက်ပွဲတစ်ပွဲတွင် အကယ်၍ တစ်စုံတစ်ယောက်သည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ အဝေးတစ်နေရာမှ စောင့်ကြည့်လျှင်ပင် ထိခိုက်ဒဏ်ရာရရှိသွားနိုင်သည်။

အရံခန်းမတစ်ခုလုံး ပြိုလဲလုဆဲဆဲအခြေအနေသို့ရောက်ရှိသွားပြီး ပြင်းပြင်းထန်ထန်တုန်ခါနေသည်။ဤနေရာသည် တိုက်ပွဲ၏ဗဟိုချက်နှင့် ဝေးကွာသောနေရာတွင်ရှိနေသော်လည်း ထိပ်သီးအစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲမှ နောက်ချန်အားလှိုင်းများ၏ပြင်းထန်မှုကို စဉ်းစားတွေးတောကြည့်၍ပင် မရနိုင်​ချေ။

ယခုလက်ရှိနေရာတွင်ရှိနေသော လူများအနက် လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းသာလျှင် သူတို့၏ကျင့်ကြံဆင့်အခြေခံအားသာချက်ကို အသုံးပြုပြီး တိုက်ပွဲအခြေအနေကို ကြည့်ရှုနိုင်စွမ်းရှိသည်။

ဤနယ်မြေအတွင်းရှိ မိုင်တစ်သောင်းခန့်ပတ်လည်သည် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

မူလက စိမ်းလန်းစိုပြေသော တော်ဝင်ဥယျာဉ်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သဲကန္တာရကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဧကရာဇ်၏မှော်သင်္ကေတများမှ ကာကွယ်ပေးမှုကြောင့် နန်းဆောင်တချို့သာလျှင် အကောင်းပကတိကျန်ရှိခဲ့သည်။

တခြားနေရာအများစုကမူ တူးခြစ်နေသောမြေပြင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။

"နတ်ဘုရားမြင့်မြတ်အမတ်ကြီး ရှုံးတော့မယ်"

လုချန်းချင်က ရုတ်တရက် ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

လုချန်းချင်၏နတ်ဘုရားစိတ်အာရုံဖြင့် စုံစမ်းထောက်လှမ်းမှုအောက်တွင် နတ်ဘုရားမြင့်မြတ်အမတ်ကြီး၏ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓအလင်းရောင်များ တောက်ပနေသော်လည်း သူ၏လက်မှ သွေးများယိုစီးကျနေသည်။

ဤသည်မှာ သာမန်သွေးများမဟုတ်ချေ။ သူ၏သွေးတစ်စက်စီတိုင်းသည် ဗုဒ္ဓတစ်ပါး၏သွေးများအလား ရွှေရောင်အလင်းတန်းများ တောက်ပနေကာ အလွန်ကြီးမားသောစွမ်းအားပမာဏ ပါဝင်သည်။

အစောပိုင်းက သူ ထုတ်ဖော်အသုံးပြုခဲ့သော ဗုဒ္ဓ၏သန့်စင်သောနယ်မြေသည်လည်း ဆက်လက်၍မတည်ရှိတော့ချေ။

လူများအားလုံး၏စိတ်နှလုံးသားများ လေးလံသွားသည်။

ဒုန်း....

မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။သူ၏ကြီးမားသောမြွေခေါင်းကိုးခေါင်းသည် အမှောင်ထုအတွင်းမှ တိုးထွက်လာကာ သူ့ထံတွင် မိုးကောင်းကင်ယံကိုပင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲနိုင်သည့် အရှိန်အဝါတစ်ရပ်ရှိနေသည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် နေရောင်ခြည်အလင်းတန်းတစ်တန်းက ထူထပ်သိပ်သည်းသော တိမ်တိုက်အလွှာများကိုထွင်းဖောက်ကာ အောက်သို့ကျရောက်လာသည်။

*** *** *** *** *** *** *** ***

မှတ်ချက် ***

မေးမြန်းသူတွေ၊ မသိသေးသူတွေအတွက် မဟာယာနဗုဒ္ဓကျမ်းဂန်လာ ဥုံ မဏိပဒ္မေဟုမ် မန္တန်အကျိုး

ထေရဝါဒကျမ်းဂန်လာမဟုတ်လို့ မယုံကြည်ရင် ဗဟုသုတလောက်သာလေ့လာပါ။ ကိုယ်မယုံကြည်လို့ဘာမှမဖြစ်ပါဘူး။ သူတပါးရဲ့ယုံကြည်မှုကိုတော့ မလေးမစား မလုပ်ကောင်းပါဘူး။ ဒါလူ့ကျင့်ဝတ်ပါ။ မှန်တယ်မှားတယ် ဝေဖန်ဖို့မဟုတ်၊ သိလိုသူတွေရှိလို့ဝေမျှပေးခြင်းဖြစ်ပါတယ်။

ဥုံ မဏိ ပဒ္မေ ဟုမ်

သက္ကဋဘာသာ ॐ मणिपद्मे हूं / oṃ maṇi padme hūṃ

ဒီမန္တန်ကို အက္ခရာ၆လုံး မဟာဝိဒြာမန္တရလို့ခေါ်ပါတယ်။ အဝလောကိတေဆွာရဗောဓိသတ္တရဲ့ မန္တန်တော်ဖြစ်ပါတယ်။ အဝလောကိတေဆွာရကိုယ်တိုင်ပင် ပါရမီနုနယ်စဉ်အချိန်ကပင် ရွတ်ဖတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဝလောကိတေဆွာရကို တရုတ်ဘာသာနဲ့ ကွမ်းရှစ်ယင်းဖူဆ=ကွမ်းယင်းဖူဆလို့ ခေါ်ကြပါတယ်။

မဏိဆိုတာ အဖိုးတန်ရတနာ၊ ပဒ္မ=ပဒုမဆိုတာ ကြာပန်း။ ဒါကြောင့် သူ့အဓိပ္ပါယ်က ကြာပန်းအတွင်းမှ ရတနာ လို့ဆိုလိုပါတယ်။ ကြာဆိုတာ ညစ်ပတ်တဲ့ရွှံ့နွံထဲက ထွက်လာပေမဲ့ သူကိုယ်တိုင်ကတော့ ညစ်ပတ်ခြင်းမရှိ ပကတိသန့်စင်ခြင်း လှပခြင်းရှိနေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ဖြူစင်တဲ့စိတ်ကို ဖော်ညွှန်းတဲ့အခါ ကြာပန်းနဲ့ သင်္ကေတပြုကြပါတယ်။ ကြာပန်းအတွင်းမှရတနာဆိုတာက ထိုဖြူစင်တဲ့စိတ်ကလေးနဲ့ ကျင့်ကြံလိုက်တဲ့အခါ အလွန်တန်ဖိုးရှိတဲ့ ဓမ္မစစ်ထွက်ပေါ်လာခြင်းကိုဖော်ပြပါတယ်။ ဘုရားစတဲ့သူတော်စင်အားလုံးဟာ ဒီလိုကျင့်ကြံခဲ့ကြလို့ ကြာပန်းထဲကရတနာတွေချည်းပါပဲလို့တင်စားပူဇော်တဲ့သဘောပါ။ ဒါကြောင့်လဲ ဘုရားဗောဓိသတ္တရုပ်ထုတွေမှာ များသောအားဖြင့် ကြာပလ္လင်ခံထားတတ်ကြပါတယ်။

ဒီမန္တန်ကို ရွတ်ဖတ်ပူဇော်ခြင်းဖြင့် အဝလောကိတေဆွာရအပါအဝင် ဗောဓိသတ္တအလောင်းတော်အပေါင်း၊ နတ်ဒေဝါအပေါင်းက ချစ်ခင်စောင့်ရှောက်ကြတယ်လို့ဆိုပါတယ်။ ဘုရားအမှူးထားပြီး အရိယာသူတော်စင်အားလုံးကို အမွှန်းတင်ပူဇော်ခြင်းဖြစ်တဲ့အတွက် မိမိတရားအားထုတ်ရာမှာလည်း ကောင်းသော အထောက်အပံ့ဖြစ်စေပါတယ်။ မိစ္ဆာရန်မျိုး အတိုက်အခိုက်အမျိုးမျိုးတို့မှ ကာကွယ်စေနိုင်တယ်။ ကပ်ဆိုးဒုက္ခတို့မှ လွတ်စေနိုင်ပါတယ်။

《莲花藏经》云:“若持圣观音之明咒,能获得财富、粮食等受用,能免遇怨敌、传染病、毒、兵器、监狱以及非时横死,并能从中获得解脱。

ပဒုမဂဗ္ဘသုတ္တန်မှာပါရှိတာကတော့ ဤမန္တန်ကို ရွတ်ဖတ်ဆောင်ယူသူမှာ သုခချမ်းသာ၊ အစားအစာတို့ပေါများစေနိုင်တယ်။ ရန်သူ၊ ကူးစက်ရောဂါ၊ အဆိပ်၊ လက်နက်နဲ့ အချိန်မတိုင်မီသေဆုံးရသော ဥပစ္ဆေဒကကံတို့မှလွတ်မြောက်စေနိုင်တယ်။ ဒုက္ခဆင်းရဲကြားတွင်းမှ လွတ်မြောက်စေနိုင်တယ် လို့ပါရှိပါတယ်။

《千手千眼经》云:“食物饮料若被下毒,至心持诵大悲观音咒,则食此物反成胜妙天食。”

လက်ပေါင်းတထောင်ကျမ်းမှာတော့ အစားအသောက်မှာ အဆိပ်ချခံခဲ့ရရင် ဤမန္တန်ကို ရွတ်ဖတ်ပါက ထိုအဆိပ်များလျှောကျပြီး ကောင်းသောနတ်သုဒ္ဓါဖြစ်စေနိုင်တယ်လို့ ပါရှိပါတယ်။

《十一面经》云:“若诵此咒,则被千眼垂视,千手救护。若以此咒加持水,则凡喝此水者,业障定得清净。凡听闻此咒者或被咒声随风所触之人,亦能清净业障。”

အရိယာ ဧကဒဿမုခကျမ်းမှာတော့ ဤမန္တန်ကို ရေမှာရွတ်ဖတ်မန်းမှုတ်သောက်သုံးပါက ကံဆိုးကံနိမ့်တွေမှလွတ်စေတယ်။ ဤမန္တန်ကို ကြားသူတို့လည်း ထပ်တူအကျိုးရစေနိုင်တယ်လို့ ဆိုပါတယ်။

《六字大明咒经》云:“何人若诵若作意‘嗡嘛呢叭咪吽’之明咒,能避免一切疾病之损害,并能从中获得解脱,清净一切业障,获得长寿,且受用财富增上。”

မဟာဝိဒြာမန္တရကျမ်းမှာလည်း ဤမန္တန်ကိုရွတ်ဖတ်ပူဇော်ပါက ရောဂါဆိုးတို့မှပျောက်ကင်းသက်သာစေတယ်။ ကံဆိုးကံတားတွေမှကျော်လွှားစေနိုင်တယ်။ အသက်ရှည်ကာသုခချမ်းသာတိုးပွားစေနိုင်တယ် လို့ပါရှိပါတယ်။

 《宝箧经》云:“若持诵六字大明咒,能使福德具足。诵此咒时,九十一恒河沙数佛陀亲临,微尘数菩萨亦亲临,且天、龙、鸠槃荼、四大天王等亲临而守护之。

ရတနဂဗ္ဘကျမ်းမှာတော့ ဤမန္တန်ကို ရွတ်ဖတ်သူမှယ သုခချမ်းသာခံစားရမည့်အပြင် ရွတ်ဖတ်နေချိန်၌လည်း ဂင်္ဂါဝါဠု သဲစုမကသော ဘုရားရှင်တို့ရဲ့ဘုန်းတန်ခိုး၊ ဗောဓိသတ္တအလောင်းတော်အပေါင်းတို့ရဲ့ဘုန်းတန်ခိုးများ မိမိထံကပ်ရောက်၍ နဂါးဂဠုန် ဂုမ္ဘန်ယက္ခမှစ၍ နတ်မင်းကြီး၄ပါးတို့ကပါ လာရောက်စောင့်ရှောက်တတ်ကြတယ် လို့ပါရှိပါတယ်။

《自在轮经》云:“若每日念诵一千八百遍六字大明咒者,清净一切罪业及障碍,并从病、魔等违缘中解脱。”

နောက် ဣသရိယစက္က ကျမ်းမှာတော့ နေ့စဉ် အကြိမ်ရေ တထောင့်ရှစ်ရာ ရွတ်ဖတ်သူမှာ အပြစ်ကြွေးကံကြွေးများ လျော့ပါးပျောက်ကွယ်ပြီး ရောဂါဝေဒနာ၊ နတ်မိစ္ဆာအောက်လမ်းစသည်တို့ရန်မှ ကင်းဝေးစေနိုင်မည်လို့ပါရှိပါတယ်။

若持诵六字大明咒,能消除四百零四种疾病;嗡字,能消除四大共同引发之疾病;嘛字,能消除热病;呢字,能消除风病;叭字,能消除涎病;咪字,能消除寒病;吽字,能消除胆病;如是能遣除一切疾病。

ဤမန္တန်ဟာ လေးရာ့လေးမျိုးသော ရောဂါဝေဒနာတွေကိုသက်သာစေနိုင်ပါတယ်။ ပထမတလုံးဟာ ဓါတ်၄ပါးဖောက်ပြန်မှုကြောင့်ဖြစ်သောရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒုတိယတလုံးဟာ တေဇောဓါတ်ဖောက်ပြန်တဲ့ရောဂါများကိုပျောက်ကင်းစေန်ုင်ပါတယ်။ တတိယတလုံးဟာ ဝါယောဓါတ်ရောဂါများကိုပြေပျောက်စေနိုင်ပါတယ်။ စတုတ္ထတလုံးဟာ တံတွေးစသည်တို့မှဖြစ်သောရောဂါများကိုသက်သာပျောက်ကင်းစေပါတယ်။ ပဉ္စမအလုံးဟာ အအေးနာများကို ပျောက်ကင်းစေပါတယ်။ ဆဌမအလုံးဟာ ခံနိုင်ရည်သတ္တိကြောင့်ဖြစ်သော ရောဂါများကို ပျောက်ကင်းစေနိုင်ပါတယ်။

စသည်စသည်ဖြင့် ကျယ်ပြန့်နက်နဲစွာ ညွှန်းဆိုခဲ့ကြသော မန္တန်ဖြစ်သောကြောင့် ယုံကြည်သူများအနေဖြင့် သဘောပေါက်နားလည်ပြီး ရွတ်ဖတ်ပူဇော်နိုင်ကြပါစေကြောင်း ပညာဒါန ဓမ္မဒါနပြုလိုက်ပါတယ်။

စာကြွင်း*** မင်မင် ကိုယ်တိုင် ကျင့်ကြံနေတဲ့ဂါထာတော်မို့ ဝါသနာထုံသူများ ရွတ်ဖတ်နိုင်ပါတယ် အထုံရေစက်အလိုက် အကျိုးပေးပုံခြင်းတော့မတူနိုင်ပါ အကြိမ်ရေ ၃သိန်း ပြည့်ပါက ထူးခြားမှု့သိသိသာသာခံစားရနိုင်ပါတယ်။

Thank For Reading.

All Chapters