အခန်း (၄၂၄၆-၄၂၅၀)
Vol. 216 Ch. 4246-4250
Chapter 4246
လမင်းကြီးသည် အနောက်ဘက်သို့ဝင်သွားကာ နေမင်းကြီး မြင့်တက်လာလေပြီ။
တောက်ပသောနေအလင်းတန်းများ ထွက်ပေါ်လာချိန်တွင် လေထုအတွင်းရှိ အေးစက်စက်အခိုးအငွေ့များ ပျက်ပြယ်သွားသည်။
ဤကဲ့သို့မြင်ကွင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးထင်ထားမိခြင်းမရှိချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ကို အကန့်အသတ်မရှိသော ယင်ချီစွမ်းအားများက ရစ်သိုင်းလွှမ်းခြုံထားကာ ငရဲချောက်နက်ကြီးတစ်ခုနှင့် တူညီနေသဖြင့် လူအများသည် သူ၏အနားသို့ မချဉ်းကပ်ဝံ့ချေ။
ဤကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တည်ရှိမှုကြီးတစ်ယောက်သည် နေ့အလင်းရောင်ဖြာကျလာမှုအောက်၌ သူ၏အရှိန်အဝါအနည်းငယ် ပျောက်ဆုံးသွားသည်။ဤသည်မှာ တောက်လောင်နေသောမီးတောက်များဖြင့်ဘရင်ဆိုင်လိုက်ရသည့် ရေခဲများအလားပင်။
"ဝေါင်း...."
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရုတ်တရက် ရှကွေ့ကျုံးကို ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းအား လက်လျှော့လိုက်၏။ထို့နောက် သူ၏ခေါင်းကို မိုးကောင်းကင်ယံထံသို့မော့ကြည့်ကာ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။
သူ၏မြွေခေါင်းကိုးခေါင်းမှနေ၍ အေးစက်စက်အလင်းတန်းများ ဖြာထွက်လာသည်။ထို့နောက် မြွေခေါင်းကိုးလုံးမှနေ၍ စူးရှပြီးကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပေ၏။
ထို့နောက် မြေကမ္ဘာနတ်ဆိုးဘိုးဘေးက မှော်မန္တန်တစ်ပုဒ်ကို စတင်၍ရေရွတ်လိုက်သည်။
ထိုမှော်မန္တန်ကို ရှေးဟောင်းဘာသာစကားဖြင့်ရွတ်ဆိုခြင်းဖြစ်ပြီး အက္ခရာတစ်လုံးစီမှနေ၍ ရှေးဆန်သောအငွေ့အသက်ကို ပေးစွမ်းနိုင်သည်။
ဤမှော်မန္တန်၏အဓိပ္ပာယ်ကို မည်သူမျှ မသိရှိကြချေ။ကြည့်ရသည်မှာ အလယ်ခေတ်ထက်ပို၍ရှေးကျသော ရှေးဟောင်းခေတ်မှဖြစ်ပုံရသည်။ထိုမှော်မန္တန်ကိုကြားမိသော မည်သူမဆို မူးဝေလာသည်ကို ခံစားမိပေ၏။
ဘုန်း...
ထိုအချိန်မှာပင် မိုးကုတ်စက်ဝိုင်း၏အတွင်းမှနေ၍ နေမင်းကြီး ရုတ်တရက်တိုးထွက်လာကာ နေအလင်းရောင်သည် ကမ္ဘာငယ်လေးတစ်ခုလုံးပေါ်သို့ ကျရောက်သွားသည်။
နေအလင်းရောင်အောက်တွင် ဤနယ်မြေအတွင်းရှိ ယင်ချီများအားလုံး ပျက်ပြယ်သွားကာ နေရောင်ခြည်အလင်းတန်းများသည် အလွန်အမင်း လင်းလက်တောက်ပနေပေ၏။
ထို့နောက် ကောင်းကင်ဘုံနယ်မြေအတွင်းမှ စိတ်ဝိညာဥ်စွမ်းအားများ ဤနေရာသို့ မျောလွင့်လာသည်။
ဤသည်မှာ ပြင်ပလောကသို့သွားနိုင်မည့် လမ်းကြောင်းပင်။
ရှာကွေ့ကျုံးနှင့်ရှန်လင်းလုံတို့သည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ ထိုလမ်းကြောင်းအတိုင်းပျံသန်း၍ ထွက်ခွာသွားတော့သည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ရှန်လင်းလုံသည် လူသားဧကရာဇ်ဓားကို လက်လွှတ်ကာ ထွက်ခွာသွားခဲ့သလော....
မြင့်မြတ်သောတာအိုသခင်များပင်လျှင် ဤနေရာ၌ ကြာရှည်မနေဝံ့ချေ။ဤသည်မှတဆင့် ဤနေရာသည် မည်မျှထိ အန္တရာယ်များသည်ကို ပြသနေပေ၏။
သူတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် အချိန်တခဏအကြာမှာပင် မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများစုဝေးသွားကာ ယင်ချီများ တဖန်ပြန်၍မြင့်တက်လာသည်။
တချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ မြေပြင်တပြင်လုံး ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားကာ တုန်ခါသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
"လမ်းကြောင်း ပိတ်တော့မယ်"
"ငါတို့ ဘာလုပ်ကြမလဲ....ငါတို့တွေ အင်အားကုန်သုံးပြီးတော့ အပြင်ကို ထွက်ကြမလား"
လူများအားလုံး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။သူတို့၏လွတ်မြောက်နိုင်မည့်လမ်းကြောင်းသည် အချိန်တိုအတွင်း၌ ပြန်လည်ပိတ်ဆို့ခြင်းခံရမည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
လူအများစုသည် ရှန်လင်းလုံနှင့်ရှကွေ့ကျုံးတို့၏နောက်သို့လိုက်ကာ ပြင်ပသို့ ထွက်ခွာလိုသည်။သို့ရာတွင် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မိုးကောင်းကင်ယံအတွင်းရှိ လမ်းကြောင်းသည် ပြန်လည်ပိတ်ဆို့သွားလေပြီ။
တိမ်မည်းများက မိုးကောင်းကင်ယံအတွင်း၌လွှမ်းခြုံနေကာ လေထုသည် ထိုင်းမှိုင်းနေပေ၏။
ပတ်ဝန်းကျင်ရှိအပူချိန် သိသိသာသာလျော့ကျသွားသည်။
သူတို့သည် အရံနန်းတော်အတွင်း၌ရှိနေသည့်တိုင် အရပ်မျက်နှာအသက်ဘက်မှတိုးဝင်လာသော အေးစိမ့်မှုကိုခံစားမိသည်။
ဤသည်မှာ သူတို့အားလုံးသည် ငရဲနယ်မြေအတွင်းသို့ ရောက်ရှိနေသည့်အလားပင်။
"ဒါက အဲ့ဒီနတ်ဆိုးကောင်ရဲ့လက်ချက်ပဲ...ကြည့်ရတာတော့ သူက မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပုံရတယ်"
တစ်စုံတစ်ယောက်က တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"နီဗားနား...တာအို..."
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းကိုးလုံးမှနေ၍ ရှေးဟောင်းမှော်မန္တန်ကို ဆက်လက်ရွတ်ဆိုနေဆဲဖြစ်ကာ ထိုအက္ခရာတစ်လုံးစီသည့် အလွန်အမင်းပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သည်။
မူလက တိတ်ဆိတ်ငြိမ်သက်နေသော လေဟာနယ်အတွင်းတွင် မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိရသော နတ်ဆိုးအမြောက်အများ ရောက်ရှိလာသည်။ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မှော်မန္တန်ကို တုံ့ပြန်နေသည့်အလားပင်။
"ဖူး...."
ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူ၏မျက်နှာ အလွန်အမင်းဖြူရော်သွားသည်။
ဤမှော်မန္တန်အောက်တွင် လူများအားလုံး၏စိတ်နှလုံးသားများအတွင်း၌ မလိုလားအပ်သောအတွေးများ ပေါက်ဖွားလာသည်။စိတ်ဆန္ဒအားနည်းသူတချို့သည် သူတို့၏အတွင်းစိတ်နတ်ဆိုးများကြောင့် ရရှိသော တန်ပြန်ဒဏ်ကို တောင့်ခံနိုင်ခြင်း မရှိတော့ချေ။
"အုပ်ချုပ်သူအရှင်လုက ကျင့်ကြံဆင့်ချိုးဖျက်တော့မယ်လို့ ငါ ဘာလို့ ခံစားမိတာလဲ"
"ဘာ...ဒီလိုအချိန်မျိုးမှာ သူက ကျင့်ကြံဆင့်ချိုးဖျက်မလို့လား"
လူများအားလုံးသည် ရုတ်တရက် နောက်သို့လှည့်ကြည့်လိုက်ကြပြီးနောက် လုယွီ၏ပြောင်းလဲမှုကို သတိပြုမိသွားသည်။
အစောပိုင်းက လုယွီသည် သူ၏အာရုံခြောက်ပါးလုံးကို ပိတ်ဆို့ထားခဲ့သည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာကိုယ်ပေါ်၌ တည်ကြည်လေးနက်ပြီးမြင့်မြတ်သော နတ်ဘုရားအလင်းတန်းများ တောက်ပနေသည်။သူ၏နံဘေးပတ်ဝန်းကျင်တွင်လည်း ထူးဆန်းသောသဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာပေ၏။
ဤသည်မှာ အသူရာနဂါးတကောင်သည် သူ၏နဘေး၌လှည့်ပတ်ပျံသန်းနေကာ တိမ်မြူခိုးများသည် သူ့အား ရစ်သိုင်းလွှမ်းခြုံထားသည့်အလားပင်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိသွေးချီများ ပွင့်အံ့ထွက်လာသည်။
လုယွီက ရုတ်တရက် သူ၏မျက်လုံးကိုဖွင့်လိုက်သည်။သူ၏ခန္ဓာကိုယ်မှနေ၍ မဟာတာအို၏အသံများ ထွက်ပေါ်နေပေ၏။ဤသည်မှာရှေးဟောင်းသိုင်းပညာအင်မော်တယ်တစ်ယောက် လောကကြီးအတွင်းသို့ဆင်းသက်လာကာ သက်ရှိများအားလုံးကို ငုံကြည့်နေသည့်အလားပင်။
Chapter4247
"သူက ရုပ်ခန္ဓာကိုယ်နယ်ပယ်ကို ကျင့်ကြံဆင့်ချိုးဖျက်နေတာပါလား"
"လုယွီက ရုပ်ခန္ဓာကိုယ်နဲ့မှော်စွမ်းအားနှစ်ခုလုံးကို ကျင့်ကြံတဲ့ လူတစ်ယောက်ပဲ...သူ့ရဲ့မှော်စွမ်းအားက အရမ်းကြောက်ဖို့ကောင်းနေပြီ...အခု သူက ရုပ်ခန္ဓာကိုယ်ကျင့်ကြံဆင့်နယ်ပယ်ကို ထပ်ပြီးချိုးဖျက်ဖို့ ကြံရွယ်နေတယ်"
လူများအားလုံးသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားပေ၏။
အရပ်မျက်နှာအဘက်ဘက်၌ရှိနေသော စိတ်ဝိညာဉ်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စုဝေးနေကာ သူ၏ကြွက်သားများနှင့်အရိုးများကို အဆက်မပြတ်သန့်စင်နေသည်။
ဘုန်း....ဘုန်း...ဘုန်း...
ထို့ပြင် လုယွီ၏ရင်ဘတ်အတွင်း၌ လျှပ်စီးမိုးကြိုးသံများ ကိန်းအောင်းနေသည့်အလား ပေါက်ကွဲသံများ အဆက်မပြတ်မြည်ဟီးနေသည်။
ဤကဲ့သို့ ပြင်းထန်သောတုန်ခါမှု တစ်ကြိမ်ပြီးဆုံးသွားချိန်တိုင်း လုယွီ၏သွေးများ တဖန်ထပ်၍ သန့်စင်ခြင်းခံရသည်။သူ၏ရုပ်ခန္ဓာကိုယ်သည် လင်းလက်တောက်ပနေကာ သူ့ထံမှထွက်ပေါ်နေသော ဖိအားအရှိန်အဝါ ပို၍အားကောင်းလာသည်။
"ငါက အထီးကျန်လူရိုင်းကမ္ဘာမှာရှိတဲ့ သူတော်စင်တွေရဲ့ခန္ဓာကိုယ်မှာတောင် ဒီလိုသွေးချီမျိုးကို မမြင်တွေ့ဖူးဘူး"
"ငါ သူ့ကို လျှော့တွက်ခဲ့မိတယ်...တကယ်လို့ သူ ကျင့်ကြံဆင့်တက်လှမ်းသွားမယ်ဆိုရင် သူက အထီးကျန်လူရိုင်းကမ္ဘာရဲ့ ထိပ်သီးဒုတိယနေရာမှာ ရှိနေနိုင်တယ်...သူ့ရဲ့စွမ်းအားက သူတော်စင်တွေကိုတောင် ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်"
လုချန်းချင်၏မုတ်ဆိတ်များ အနည်းငယ်တုန်ရီနေသည်။သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သော အရိပ်အယောင်တချို့ ဖြတ်ပြေးသွားပေ၏။
ဖီးနစ်နတ်ဘုရားဆေးလုံး၏ပုံရိပ်ယောင် တဖြည်းဖြည်းမှေးမှိန်သွားကာ သူ၏နံဘေးပတ်လည်၌ ပျံသန်းနေသော အသူရာနဂါးပုံရိပ်ယောင်သည်လည်း ပျောက်ကွယ်သွားသည်။
ဖီးနစ်နတ်ဘုရားဆေးလုံးမှ ဆေးစွမ်းအားအများစုကို လုယွီမှ ဝါးမြိုပြီးလေပြီ။တလိမ့်လိမ့်ထနေသော ဆေးစွမ်းအားများသည် နဂါးတစ်ကောင်အလား လုယွီ၏မရီဒါန်းများအတွင်း၌ ဖြတ်သန်းစီးဆင်းနေသည်။
လုယွီ ကျင့်ကြံဆင့်ချိုးဖျက်နေသောအချိန်မှာပင် ခန်းမ၏ပြင်ပမှနေ၍ နတ်ဆိုးများ၏ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
"နန်...မို...အာ...နန်...ချီ...."
ဤမှော်မန္တန်များသည် ရုတ်တရက် အလွန်အမင်း ထူးဆန်းစပြုလာသည်။ထိုအရာတွင် အမျိုးသားနှင့်အမျိုးသမီးတို့၏အသံများ ရောယှက်နေကာ သူတို့အားလုံးသည် မှော်မန္တန်တစ်ပုဒ်ကို သံပြိုင်ရွတ်ဆိုနေသည့်အလားပင်။
မူလက တိတ်ဆိတ်ငြိမ်သက်နေသော အရံခန်းမအတွင်းတွင် ရုတ်တရက် ရက်စက်ကြမ်းကြုတ်ပြီးနတ်ဆိုးဆန်သော အသံလှိုင်းများ ပဲ့တင်ထပ်သွားသည်။ထို့ကြောင့် လူအများသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကန့်အသတ်မရှိသော အေးစိမ့်မှုများ လွှမ်းခြုံလာသည်ကို ခံစားမိလေ၏။
"ငါတို့တွေ အပြင်ကိုထွက်ပြီးတော့ ထွက်လမ်းကိုသွားရှာကြရင် ကောင်းမလား"
တစ်စုံတစ်ယောက်က ပြောဆိုသည်။
"ငါတို့ အပြင်ကို ထွက်လို့မရဘူး...အစောပိုင်းက နတ်ဘုရားမြင့်မြတ်အမတ်ကြီးတောင် သေသွားလုနီးပါးပဲ....တကယ်လို့ ငါတို့ အပြင်ကိုထွက်သွားမယ်ဆိုရင် ငါတို့ ချက်ချင်းသေသွားလိမ့်မယ်...ငါတို့တွေက အခွင့်အရေးတစ်ခုကိုရဖို့ စောင့်ဆိုင်းနေရုံပဲရှိတယ်"
လူအများထံမှ ငြင်းဆန်သံများကိုကြားချိန်တွင် အစောပိုင်းက ပြင်ပသို့ထွက်သွားရန် အကြံပြုသူ၏မျက်နှာပေါ်၌ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
သူတို့သည် ထိုနတ်ဆိုး၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မည်ဟု မည်သူမျှ အာမမခံနိုင်ချေ။
နတ်ဘုရားမြင့်မြတ်အမတ်ကြီးသည် တာအိုသခင်တစ်ယောက်ဖြစ်သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားကာ သူ၏ပိုးထည်ဝတ်စုံသည်လည်း စုတ်ပြဲသွားခဲ့သည်။ဤသည်မှတစ်ဆင့် သူ ရင်ဆိုင်ခဲ့ရသောစွမ်းအား မည်မျှထိကြီးမားသည်ကို တွေ့မြင်နိုင်သည်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်နေပေ၏။သူတို့သည် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြားကြည့်နေကြတာ ကြောက်ရွံ့နေသောငှယ်ငယ်လေးများအလားပင်။
အရံခန်းမ၏မြေပြင်ပေါ်၌ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည့် မရေမတွက်နိုင်သော သင်္ကေတအက္ခရာများရှိနေသည်။ဤသည်မှာ ရှေးဟောင်းအင်ပါယာမှနေ၍ ဤနန်းတော်ကိုကာကွယ်ရန် အသုံးပြုထားသော နည်းစနစ်ပင်။ယခုအချိန်၌ ထိုအရာများသည် ခြိမ်းခြောက်မှုကိုအာရုံခံမိသဖြင့် အသက်ဝင်လာကြသည်။
ဝှီး....
အရံခန်းမ၏ပြင်ပမှနေ၍ အေးစက်စက် လေပြင်းများ အတွင်းသို့ဖြတ်သန်းတိုက်ခတ်လာသည်။
တစ်စုံတစ်ယောက်သည် ပြတင်းပေါက်များမှတစ်ဆင့်ကြည့်ပါက ပြင်ပရှိပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်မဟုတ်ချေ။ အရာအားလုံးကို ထူထပ်သိပ်သည်းသော ယင်ချီများက ရစ်သိုင်းလွှမ်းခြုံထားသည်။
မည်သူမျှ ပြင်ပသို့ မဆင်မခြင်မထွက်ဝံ့ချေ။ဖြစ်နိုင်သည်မှာ ပြင်ပ၌ သူတို့ကိုစောင့်ဆိုင်းနေသောနတ်ဆိုးများ ရှိနေနိုင်သည်။ဤကဲ့သို့ အချိန်မျိုးတွင် မည်သူက စွန်စားဝံ့မည်နည်း။
ဘုန်း.....
ထိုအချိန်မှာပင် လုယွီ၏ခန္ဓာကိုယ် တဖန်ထပ်၍ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာပေ၏။
လုယွီက ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။သူ၏မျက်လုံးအတွင်းရှိ နတ်ဘုရားအလင်းတန်းများ ပျက်ပြယ်သွားကာ သူ၏မူလကျောင်းတော်သားအရှိန်အဝါသို့ ပြန်လည်ရောက်ရှိသွားသည်။
"အဆုံးသတ်ကျတော့ ငါ သိုင်းပညာအင်မော်တယ်နယ်ပယ်ကို တက်လှမ်းဖို့အတွက် ခြေတစ်လှမ်းစာလောက် လိုနေသေးတယ်"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဖီးနစ်နတ်ဘုရားဆေးလုံးသည် သေမျိုးခန္ဓာကိုယ်ကို အင်မော်တယ်တစ်ယောက်ဖြစ်စေသည့်စွမ်းအားကို ပိုင်ဆိုင်ထားသော အထွတ်အမြတ် စိတ်ဝိညာဥ်ဆေးလုံးတစ်လုံးပင်။ဤဆေးလုံး၏ဆေးစွမ်းအားများသည် အလွန်အမင်း အစွမ်းထက်ပြီး ပေါကြွယ်ဝပေ၏
လုယွီသည် သူ၏စွမ်းအားများကို လုံလောက်သည်အထိ စုစည်းထားပြီးဖြစ်သည်။သူ၏ခန္ဓာကိုယ် မာကျောမှုအရဖြစ်စေ သူ၏ခန္ဓာကိုယ်ခွန်အားအရဖြစ်စေ အတားအဆီးနေရာသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် သူ အဆင့်ချိုးဖျက်တော့မည့်အချိန်အခိုက်အတန့်တွင် သိုင်းပညာသူတော်စင်နယ်ပယ်၏ အထက်ဆင့်လမ်းကြောင်းများ ပြတ်တောက်သွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်ကြောင်း သူ အာရုံခံမိသည်။
ရှေးဟောင်းခေတ် အဆုံးသတ်သွားပြီးနောက် လမ်းကြောင်းအမြောက်အများ ပျောက်ကွယ်သွားခဲ့သည်။ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းသည်လည်း ပျောက်ဆုံးသွားသော လမ်းကြောင်းများအနက်မှတစ်ခုပင်။
ယခုလက်ရှိချိန်တွင် ကျင့်ကြံသူအများစုသည် ရုပ်ခန္ဓာကိုယ်နှင့်မှော်စွမ်းအားကျင့်ကြံခြင်းဟူ၍ လမ်းကြောင်းနှစ်ခုကို သိရှိထားကြသည်။သို့ရာတွင် သူတို့သည် မှော်စွမ်းအားကိုသာအဓိကကျင့်ကြံပြီး ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကို အထောက်အပံ့အဖြစ်သာ ကျင့်ကြံကြသည်။ ရုပ်ခန္ဓာကိုယ်သီးသန့်ကျင့်ကြံသူဟူ၍ မည်သူမျှ မရှိကြချေ။
"သိုင်းပညာသူတော်စင်နယ်ပယ်ကို ဖြတ်ကျော်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလား"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
Chapter 4248
လုယွီသည် အတွေးများအကြား၌ နစ်မြောနေပြီးနောက် နံဘေးပတ်ဝန်းကျင်ကို အလျှင်အမြန်ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"ဘာတွေ ဖြစ်သွားတာလဲ"
လုယွီက မေးမြန်းသည်။
လုယွီ အဆင်ပြေနေသည်ကိုကြည့်ပြီး တခြားလူများအားလုံး စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်ကြသည်။သူတို့သည် နတ်ဘုရားစိတ်အာရုံများကိုအသုံးပြု၍ အစောပိုင်းကဖြစ်ပျက်သွားသည့်ကိစ္စများကို လုယွီထံသို့ အသိပေးလိုက်ကြ၏။
"ရှန်လင်းလုံနဲ့ရှကွေ့ကျုံးတို့ ဒီနေရာကို ရောက်လာခဲ့တာလား"
လုယွီ၏မျက်လုံးအတွင်း၌ စူးရှသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။ဤသည်မှာ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းကဲ့သို့ တောက်ပသဖြင့် လူအများသည် သူ့အား စေ့စေ့မကြည့်ဝံ့ချေ။
အစောပိုင်းက လုယွီသည် ကျိုးမိသားစုဘိုးဘေး၏ဓမ္မပုံရိပ်ယောင်နှင့်တိုက်ခိုက်ခဲ့စဉ်၌ သူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ထို့ကြောင့် သူ့ထံ၌ တခြားရွေးချယ်စရာမရှိတော့သဖြင့် ဖီးနစ်နတ်ဘုရားဆေးလုံးကို အသုံးပြုကာ သူ၏ဒဏ်ရာရနေသောခန္ဓာကိုယ်ကို ပြန်လည်ကုသခဲ့ရသည်။
သူ၏ရန်သူများသည် ဤနေရာသို့ရောက်ရှိလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။
တခြားလူများသည် လုယွီ မည်သည့်အရာမှအား စဉ်းစားတွေးသောနေသည်ကို မသိရှိသော်လည်း သူတို့ထံသို့တိုးဝင်လာသည့် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားမိသည်။သူတို့အနက်မှအများစုသည် နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကြကာ သူတို့အားလုံး လုယွီကို ထိတ်လန့်ကြောက်ရွံ့နေကြသည်။
ဝေ့မင်ထျန်းတစ်ယောက်တည်းကသာ လုယွီနှင့်ရှမိသားစုအကြားတွင် နက်ရှိုင်းသော နာကြည်းမုန်းတီးမှုများရှိသည်ကို သိရှိထားသည်။ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သူမ၏ဘဝတလျှောက်၌ မေ့လျော့တော့မည်မဟုတ်ချေ။
"အနာဂတ်မျိုးဆက်ရဲ့ တာအိုသခင်တွေက မဟာမိုးကောင်းကင်အင်မော်တယ်တွေနဲ့ နာမည်ခံအရတူညီပေမယ့် ဥပဒေသတွေကင်းမဲ့နေတယ်....အခုမှတာအိုသခင်နယ်ပယ်ကို တက်လှမ်းထားတဲ့ ရှကွေ့ကျုံးက အစောပိုင်းအဆင့် တာအိုသခင်နယ်ပယ်မှာပဲ ရှိနေတယ်....သူက ဥပဒေသတစ်ခုကိုပဲ ဖမ်းဆုပ်ထားနိုင်လိမ့်မယ်...ဒါကြောင့် သူက မြေကမ္ဘာနတ်ဆိုးဘိုးဘေးရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး"
လုယွီက ပြောဆိုသည်။
တခြားလူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လုယွီကို ကြည့်လိုက်ကြ၏။လုယွီသည် ဤကိစ္စကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိပေ။
"အုပ်ချုပ်သူအရှင်လု....အခုချိန်မှာ ငါတို့ ဘာလုပ်သင့်တယ်လို့ မင်း ထင်လဲ"
တစ်စုံတစ်ယောက်က မေးမြန်းသည်။
လုယွီသည် အရံခန်းမ၏ပြင်ပရှိမြင်ကွင်းကိုကြည့်ကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"အခုအချိန်မှာ ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာမှတော့ ငါက မင်းတို့အားလုံးကို ဖုံးကွယ်မထားတော့ဘူး...ခုဏက ငါ ရှေးဟောင်းအင်ပါယာရဲ့တော်ဝင်စာကြည့်ဆောင်ထဲကို ဝင်သွားနိုင်ခဲ့ပြီးတော့ ရှေးဟောင်းစာအုပ်တချို့ကို ဖတ်ခဲ့ရတယ်....ဒါက ရှေးဟောင်းလူသားဧကရာဇ်က နတ်ဆိုးတွေကို ချိတ်ပိတ်ခဲ့တဲ့နေရာတနေရာပဲ"
"ငါတို့ရဲ့ခြေထောက်အောက်မှာ ထောင်သောင်းချီတဲ့နတ်ဆိုးတွေကို ချိတ်ပိတ်ထားတယ်...သူတို့တွေအားလုံးက ရှေးဟောင်းခေတ်မှာ အရမ်းရက်စက်ကြမ်းကြုတ်ခဲ့တဲ့ တည်ရှိမှုကြီးတွေပဲ.... ဒီနတ်ဆိုးဘိုးဘေး ရွတ်ဆိုနေတဲ့ မှော်မန္တန်မှာ နတ်ဆိုးတွေကို ဆင့်ခေါ်ချင်တဲ့ရည်ရွယ်ချက်မျိုး ရှိနေတာကို ငါ ကြားမိတယ်....သူကမြေအောက်မှာ ချိတ်ပိတ်ခံထားရတဲ့ နတ်ဆိုးတွေကို ဆင့်ခေါ်နေတာပဲဖြစ်မယ်"
"အဲ့ဒီနတ်ဆိုးတွေအားလုံးကို ဆင့်ခေါ်ပြီးတာနဲ့ ငါတို့တွေအားလုံး သေရမယ်ဆိုတာ သံသယဝင်စရာမရှိဘူး"
လူများအားလုံး၏မျက်နှာများထက်တွင် ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
ရှေးဟောင်းလူသားဧကရာဇ်မှ ချိတ်ပိတ်ထားသော နတ်ဆိုးများသည် မည်ကဲ့သို့တည်ရှိမှုကြီးများ ဖြစ်သနည်း....
အစောပိုင်းက ခေါင်းကိုးလုံးဧရာမနတ်ဆိုးမြွေကြီးအကြောင်းကို တွေးတောမိချိန်တွင် ရှေးဟောင်းနတ်ဆိုးများ မည်မျှထိ ကြောက်မက်ဖွယ်ကောင်းသည်ကို သူတို့အားလုံး သိရှိသွားသည်။
"သွားစမ်း"
မြင့်မြတ်အရှင်ဟွမ်ထျန်းသည် လေထုအတွင်းသို့ လက်ညှိုးညွှန်လိုက်ရာ သူ၏လက်အတွင်းရှိ အဆောင်လက်ဖွဲ့မှနေ၍ အဝါရောင်ပိတ်စစစ်သည်တော်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး ပြင်ပသို့ထွက်ခွာသွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုအဝါရောင်ပိတ်စစစ်သည်တော်သည် မြူခိုးများအကြား၌ ပျောက်ကွယ်သွားပေ၏။
ပြင်ပတွင် အလွန်အမင်းစူးရှသော နတ်ဆိုးမှော်မန္တန်အသံလှိုင်းများကို နိမ့်လိုက်မြင့်လိုက် ကြားနေရဆဲပင်။
လုယွီ၏စကားများကို နားထောင်ပြီးနောက် လူများအားလုံး သတိကြီးစွာ ထားလိုက်ကြသည်။ယခုကြည့်ကြည့်တော့မှ ဤမှော်မန္တန်သည် မြေအောက်မှနတ်ဆိုးများကို ဆင့်ခေါ်နေခြင်းပင်။
အချိန်တခဏကြာပြီးနောက် မြင့်မြတ်အရှင်ဟွမ်ထျန်း၏လက်ချောင်းများ တုန်ရီသွားသည်။ထို့နောက် သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုလိုက်၏။
"ငါ့ရဲ့ရုပ်သေးကို အာရုံခံနိုင်မှု ပျောက်ကွယ်သွားပြီ"
လုယွီက ပြောဆိုသည်။
"မင်းတို့ ဘာမှ ထပ်ပြီးကြိုးစားဖို့ မလိုတော့ဘူး.... မြေကမ္ဘာနတ်ဆိုးဘိုးဘေးက မှော်မန္တန်ကိုရွတ်ဆိုတဲ့အချိန်မှာ သူက ပတ်ဝန်းကျင်မှာရှိတဲ့အရာရာတိုင်းကို လေဟာနယ်နယ်မြေတစ်ခုထဲမှာ ပိုင်းခြားထားပြီးပြီ....ဒီနေရာက သူ့ရဲ့ပိုင်နက်နယ်မြေထဲမှာ ဖြစ်နေတာကြောင့် ဘယ်သူမှ ချိုးဖျက်လို့ရမှာမဟုတ်ဘူး"
နတ်ဆိုးဘိုးဘေး၏ပိုင်နက်နယ်မြေ...
လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။ပိုင်နက်နယ်မြေတစ်ခု မည်မျှထိအစွမ်းထက်သည်ကို သူတို့နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သည်။
နယ်မြေသခင်အဆင့်ကျင့်ကြံသူများဟု ခေါ်ဆိုရသော အကြောင်းအရင်းမှာ နယ်မြေသခင်တစ်ယောက်သည် သူ၏အစွမ်းထက်သော မှော်စွမ်းအားများကို မှီခိုအားထား၍ သူ၏နံဘေးပတ်ဝန်းကျင်တွင် ကမ္ဘာငယ်လေးတစ်ခုကိုဖန်တီးကာ ပိုင်နက်နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်သောကြောင့်ပင်။
နယ်မြေသခင်တစ်ယောက်သည် သူ၏ပိုင်နက်နယ်မြေအတွင်း၌ သူ ဆန္ဒရှိသည့်အရာရာတိုင်းကို ပြုလုပ်နိုင်သည်။
ယခုအချိန်၌ သူတို့အားလုံးသည် ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ကောင်၏ ပိုင်နက်နယ်မြေအတွင်းသို့ ရောက်ရှိနေသည်။သူတို့သည် စဥ့်နီတုံးပေါ်သို့ တင်ခံထားရသော ငါးလေးများအလား အချိန်မရွေးသေဆုံးသွားနိုင်သည်။
"ဒါဆိုရင်လည်း ငါတို့တွေ အတူပူးပေါင်းပြီးတော့ ဒီပိုင်နက်နယ်မြေကို ချိုးဖျက်ကြရအောင်"
မြင့်မြတ်အရှင်ဟွမ်ထျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ့၏လက်ချောင်းအတွင်းမှနေ၍ အဆောင်လက်ဖွဲ့အလင်းတန်းတစ်တန်း ပေါက်ကွဲသွားကာ ပေတသောင်းကျော်မြင့်မားသော လျှပ်စီးမိုးကြိုးအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားသည်။ထို့နောက် သူသည် အလွန်အမင်းကျယ်လောင်သော အော်သံကြီးနှင့်အတူ တိုက်ခိုက်လိုက်၏။
Chapter 4249
လုချန်းချင်သည်လည်း စစ်သူတော်စင်လု၏ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်သည်။သူ၏နံဘေးပတ်လည်တွင် မီးတောက်များထွက်ပေါ်လာကာ အလင်းတန်းတစ်တန်းအသွင်သို့ ပြောင်းလဲပြီး လေဟာနယ်အတွင်းသို့ ထွင်းဖောက်သွားသည်။
ဝေ့မင်ထျန်းသည်လည်း သူမ၏နောက်ကျောမှ ဓားရှည်ကို ဆွဲထုတ်လိုက်၏။ဓားချီသည် မိုးကောင်းကင်ယံကို ဖြတ်သန်းသွားကာ တိမ်တိုက်များအကြား၌ အရောင်အသွေးစုံလင်သော ဖီးနစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
လက်ရှိနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံးသည် သတ်ဖြတ်ခံရရန်အတွက် စောင့်ဆိုင်းနေလိုခြင်းမရှိချေ။ထို့ကြောင့် သူတို့အားလုံး သူတို့၏အစွမ်းထက်ဆုံးမှော်မန္တန်များကို အသုံးပြုလိုက်ကြသည်။
ရွှပ်...ဝှစ်...
ထိုမှော်မန္တန်များမှ ရာနှင့်ချီသောအလင်းတန်းများ အတူတကွစုဝေးသွားကာ မိုးကောင်းကင်ယံအတွင်း၌ ပွင့်အံ့သွားပြီး ယင်ချီတိမ်တိုက်များကို ချိုးဖျက်လိုက်ကြသည်။
ထူထပ်သိပ်သည်းသော တိမ်မည်းအလွှာများအကြား၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီး၏ဝိုးတဝါးပုံရိပ်ကို တွေ့မြင်နိုင်သည်။ကံအကြောင်းမလှစွာဖြင့် သူတို့ရှေ့၌ပိတ်ဆို့ဟန့်တားထားသော ယင်ချီမြူခိုးများသည် အလွန်ထူထပ်သိပ်သည်းပေ၏။ထို့ကြောင့် သူတို့သည် အဝေးတစ်နေရာတွင်ရှိနေသော လွတ်မြောက်ရာလမ်းကြောင်းကို မည်သို့မျှ မမြင်တွေ့နိုင်ချေ။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၏မှော်မန္တန်ရွတ်ဆိုသံများ ရုတ်တရက် ပို၍ကျယ်လောင်စပြုလာသည်။
"အာ...သူရာ...မြွေ...."
ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲသော မှော်မန္တန်ရွတ်ဆိုသံများ ပို၍လျှင်မြန်လာကာ မရေမတွက်နိုင်သော နတ်ဆိုးများသည် မြေအောက်လောကအကျဉ်းထောင်ကိုချိုးဖျက်၍ မြေပြင်ပေါ်သို့ တွားသွားတက်လာသည့်အလားပင်။
လူသားကျင့်ကြံသူများ၏ နံဘေးပတ်ဝန်းကျင်၌ ယင်ချီမြူခိုးများ တဖန်ထပ်၍ လွှမ်းခြုံသွားသည်။လေထုအတွင်း၌ ယင်ချီများဖြင့် ပြည့်နှက်သွားကာ ထိုမှော်မန္တန်များအားလုံး နစ်မြုပ်သွားတော့သည်။
"တကယ်လို့ ငါတို့တွေ အတူပူးပေါင်းပြီးတော့ တိုက်ခိုက်မယ်ဆိုရင်တောင် ဒီယင်ချီမြူခိုးအလွှာတွေကို ထွင်းဖောက်နိုင်မှာမဟုတ်ဘူး"
လူများအားလုံး စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
ပြင်ပ၌ လေအေးများတဝှီးဝှီးတိုက်ခတ်နေကာ အပူရှိန်သည် အလွန်အမင်းကျဆင်းသွားပေ၏။ တချို့လူများသည် ဤနန်းဆောင်အတွင်းမှ ကြမ်းခင်းအုတ်ပြားများ ပြင်းပြင်းထန်ထန်တုန်ခါနေသည်ကို ခံစားမိသည်။
ထိုအချိန်မှာပင် လုယွီ၏မျက်လုံးအတွင်းမှ ခရမ်းရောင်အလင်းတန်းတစ်တန်း ရုတ်တရက်ဖြာထွက်လာသည်။
သူသည် ခြေတစ်လှမ်းရှေ့တက်ကာ မိုးကောင်းကင်ယံအတွင်းသို့ ကြည့်လိုက်၏။ထို့နောက် သူသည် ထွက်ပေါက်ရှိနေသည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားသည်။
"ငါ ကြိုးစားကြည့်မယ်"
လုယွီက ပြောဆိုသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ပြင်းထန်သောမှော်စွမ်းအားလှိုင်းတလှိုင်း ပွင့်အံ့ထွက်လာသည်။
သူ၏သွေးချီများသည် အခိုးအငွေ့များအလား တိမ်တိုက်များအကြားသို့ မြင့်တက်သွားပေ၏။လုယွီ၏ခန္ဓာကိုယ်မှ အရိုးနှင့်ကြွက်သားများအားလုံး တုန်ခါစပြုလာသည်။ထိုအရာများ တစ်ကြိမ်တုန်ခါသည့်အချိန်တိုင်း သူ၏ရင်ဘတ်မှနေ၍ အသူရာနဂါး၏ဟိန်းသံအလား ကျယ်လောင်သောဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
လုယွီ၏နံဘေးပတ်လည်တွင် ဆယ်နှင့်ချီသော သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။သိုင်းပညာအင်မော်တယ်တစ်ယောက်သည် သူ့၏ဓားကိုကိုင်ထားခြင်း...နတ်ဘုရားဗိုလ်ချုပ်တစ်ယောက်သည် သူ၏စစ်တပ်ကိုဦးဆောင်နေခြင်း....တိုက်ပွဲအလံများ လေထုအတွင်း၌ လူးလွန့်နေခြင်း...တောအုပ်အတွင်း၌ ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ဟိန်းဟောက်နေခြင်း စသဖြင့် ပုံရိပ်မျိုးစုံရှိနေပေ၏။
"ထိုက်ယွမ်လက်ဝါး...."
လုယွီက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။ထို့နောက် သူ၏မှော်စွမ်းအားများသည် ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ဤသည်မှာ မိုးကောင်းကင်ယံကို ကျွမ်းထိုးမှောက်ခုံဖြစ်သွားစေသည့်အလား ပတ်ဝန်းကျင်ရှိ ထူထပ်သိပ်သည်းသော ယင်ချီမြူခိုးအလွှာများကို ဆုတ်ဖြဲလိုက်သည်။
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် လေထုအတွင်းသို့ ပျံ့လွင့်လာချိန်၌ ထူထပ်သိပ်သည်းသော ယင်ချီမြူခိုးများ၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရသည်။
မိုးကောင်းကင်ယံအတွင်း၌.....
အစွမ်းထက်သော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အနက်ရောင်မြူခိုးများကို ဖယ်ထုတ်နေလေ၏။ထိုလက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်အမင်းအစွမ်းထက်သဖြင့် မြူခိုးများအားလုံးကို ပျက်ပြယ်သွားစေသည်။
မိုးကောင်းကင်ယံအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသောနေမင်းကြီး တောက်ပနေသည်။ပြင်ပလောက၌ ကြယ်တာရာများ တောက်ပနေကာဤသည်မှာ ဤနေရာမှ ထွက်သွားနိုင်မည့်လမ်းကြောင်းပင်။
သို့ရာတွင် ယင်ချီများ ပျက်ပြယ်သွားသောအချိန်မှာပင် ပတ်ဝန်းကျင်ရှိ နတ်ဆိုးများ၏မှော်မန္တန်ရွတ်ဆိုသံများ တဖန်ပြန်၍ ကျယ်လောင်လာသည်။
ထိုယင်ချီစွမ်းအားများသည် မင်ကဲ့သို့မည်းနက်ပေ၏။ထိုအရာများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ဤကမ္ဘာငယ်လေးအတွင်းရှိအရာရာတိုင်းကို နစ်မြုပ်လိုပုံရသည်။
"မကောင်းတော့ဘူး...လမ်းကြောင်းက ပိတ်တော့မယ်"
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဝေါင်း....
ထိုလူ၏အသံ အဆုံးသတ်သွားသောအချိန်မှာပင် သူ၏နားအတွင်း၌ ကျယ်လောင်သောနဂါးဟိန်းသံတစ်သံကို ကြားလိုက်ရသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ် နတ်ဘုရားနဂါးဟိန်းသံ...
လုယွီ၏ပါးစပ်မှနေ၍ ကျယ်လောင်သောနဂါးဟိန်းသံတစ်သံ ပွင့်အံ့ထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အကြား၌ အလွန်အမင်းကျယ်လောင်သော နတ်ဘုရားနဂါးဟိန်းသံသာ ကျန်ရှိတော့ပြီး နတ်ဆိုးများ၏မှော်မန္တန်ရွတ်ဆိုသံများကို ဖိနှိပ်လိုက်သည်။
အမှောင်ထုအတွင်းမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။ထိုနဂါးဟိန်းသံနှင့်ထိတွေ့မိသည့် အားနည်းသောနတ်ဆိုးတချို့သည် ထိခိုက်ဒဏ်ရာ ရရှိသွားပေ၏။နတ်ဘုရားနဂါးဟိန်းသံသည် အလွန်အမင်းမြင့်မြတ်ပြီး ဖြောင့်မတ်မှန်ကန်ရာ ထိုနတ်ဆိုးများအပေါ်၌ အလွန်အမင်းပြင်းထန်သော ဖိနှိပ်နိုင်စွမ်းရှိသည်။
ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများ ချက်ချင်းပျက်ပြယ်သွားကာ ဖြောင့်တန်းပြီးကျယ်ပြန့်သော လမ်းကြောင်းတစ်ကြောင်းက လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
လုယွီသည် မျက်မှောင်အနည်းငယ်ကြုတ်ထားကာ သူ၏မျက်နှာပေါ်၌ ပင်ပန်းနွမ်းနယ်သောအရိပ်အယောင်တချို့ ထင်ဟပ်နေပေ၏။
သူ၏ယခုလက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ဖြင့် တာအိုသခင်တစ်ယောက်၏ ဓမ္မပုံရိပ်ယောင်ကိုဖျက်ဆီးရန်ပင် အလွန်ခက်ခဲခဲ့သည်။
ယခုအချိန်၌ သူ့ထံတွင် ဖီးနစ်နတ်ဘုရားဆေးလုံး၏ ကူညီထောက်ပံ့မှုရှိနေသော်လည်း သူ အပြည့်အဝကောင်းမွန်လာရန်အတွက် အချိန်တချို့ လိုအပ်နေဆဲပင်။
ဝေ့မင်ထျန်းက မေးမြန်းသည်။
"လုယွီ...အဆင်ပြေရဲ့လား..."
"ဘာမှစိတ်မပူနဲ့"
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"မင်းတို့တွေ အရင်ဆုံး ထွက်သွားကြတော့...."
Chapter 4250
လုယွီ အဆင်ပြေသည်ဟု ပြောဆိုနေသော်လည်း တခြားလူများအားလုံးသည် သူ၏မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုများကို တွေ့မြင်မိသည်။
"သွားကြစို့..."
သူတို့သည် မိုးကောင်းကင်ယံအတွင်းရှိ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးထံဦးတည်၍ တဟုန်ထိုးပြေးထွက်ခဲ့တော့သည်။
နတ်ဘုရားနဂါးဟိန်းသံ၏ ထိန်းချုပ်ဟန့်တားနိုင်မှုစွမ်းအားသည် သက်ရောက်မှုရှိနေဆဲပင်။ မြေပြင်ပေါ်သို့ နေအလင်းရောင်များ ဖြာကျနေကာ ဖြောင့်တန်းသောအလင်းလမ်းကြောင်းအဖြစ် ဖွဲ့စည်းနေသည်။
ထိုလမ်းကြောင်းအတိုင်း နီးကပ်လာချိန်တွင် ပြင်ပလောကရှိ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများကို သူတို့အားလုံး ခံစားမိသည်။သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ဝမ်းသာပျော်ရွှင်သွားပေ၏။
ဤနေရာ၌ သူတို့သည် သေရေးရှင်ရေးအခက်အခဲ အမြောက်အများကို ကြုံတွေ့ခဲ့ရသည်။ယခုအချိန်၌ သူတို့သည် အသက်ဘေးမှလွတ်မြောက်လာသဖြင့် သူတို့အားလုံး အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
လူများအားလုံး အလွန်လျှင်မြန်စွာ ပျံသန်းသွားကြသည်။လုချန်းချင်နှင့်မြင့်မြတ်အရှင်ဟွမ်ထျန်းတို့သည် အလင်းတန်းနှစ်တန်းအသွင်သို့ပြောင်းလဲ၍ ထွက်ပေါက်မှထွက်ခွာသွားတော့သည်။
ထိုလူနှစ်ယောက် ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး တခြားလူများအားလုံး ပို၍စိတ်လှုပ်ရှားစပြုလာသည်။
ဤသည်မှာ ဤနေရာမှ ထွက်ခွာသွားနိုင်မည့် ထွက်ပေါက်ပင်။
တခြားလူများအားလုံး ထွက်ခွာသွားချိန်တွင် နေရာမှာပင် မျက်မှောင်ကြုတ်၍ မတ်တတ်ရပ်နေသော လုယွီတစ်ယောက်တည်းသာ ကျန်ရှိတော့သည်။
"လုယွီ...နင် ဘာလို့ ထွက်မသွားသေးတာလဲ"
ဝေ့မင်ထျန်းက သူမ၏ခေါင်းကို နောက်သို့ပြန်လှည့်ကြည့်ပြီး မေးမြန်းသည်။သူမ၏ဆံပင်များ ပြေလျော့နေကာ သူမ၏မျက်လုံး ကြည်လင်တောက်ပနေပေ၏။
"ငါ အတည်ပြုဖို့လိုတဲ့ ကိစ္စတချို့ ကျန်သေးတယ်...ခဏနေကျရင် ငါ ထွက်လာခဲ့မယ်"
လုယွီက ပြောဆိုသည်။
သူသည် အစောပိုင်းက သိုင်းပညာအင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ရာ၌ ကျရှုံးခဲ့သည်။ထိုအချိန်တုန်းက သူသည် အတားအဆီး၏တည်ရှိမှုကို ရှင်းရှင်းလင်းလင်းခံစားမိသည်။
ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေတွင် သူ၏အတားအဆီးကို ချိုးဖျက်နိုင်ရန်အတွက် နည်းလမ်းမရှိချေ။ဤနေရာသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုပင်။ထို့ကြောင့် သူ သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ အဆင့်ချိုးဖျက်နိုင်ရန်အတွက် လျှို့ဝှက်ချက်တစ်ခုကျန်ရှိနေနိုင်ချေ အလွန်မြင့်မားသည်။
အကယ်၍ သူ ထွက်ခွာသွားပါက အဆင်ပြေသွားမည်ဖြစ်သော်လည်း ဤအခွင့်အရေးကို သူ ထာဝရလက်လွှတ်ရပေမည်။
ဤနေရာ၌ နေနှင့်လ လှည့်ပတ်နေသည်။ညအချိန်၌ လမင်းကြီးဆင်းသက်လာချိန်တွင် ရှေးဟောင်းအပျက်အစီးနယ်မြေ ထွက်ပေါ်လာကာ နေ့အချိန်နေမင်းကြီး ထွန်းလင်းလာချိန်၌ ပြင်ပလောကသို့ထွက်ပေါက် ထွက်ပေါ်လာပြီး လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိပေမည်။
သူသည် ဤသဘောတရားကို ဖမ်းဆုပ်နိုင်ပြီဖြစ်သောကြောင့် ဤနေရာမှ ထွက်ခွာသွားနိုင်သည့်နည်းလမ်းကို တွေ့မြင်ပြီးဖြစ်သည်။
ဝေ့မင်ထျန်းသည် အံ့တင်းတင်းကြိတ်လိုက်၏။လုယွီသည် ဤရှေးဟောင်းနယ်မြေကို တခြားလူများအားလုံးထက် နားလည်သဘောပေါက်ကြောင်း သူမ ကောင်းစွာသိရှိထားသည်။
အကယ်၍ သူမသည် ဤနေရာ၌ဆက်နေပါက လုယွီအတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုသာ ဖြစ်သွားပေမည်။
"နင့်ကိုယ်နင် ဂရုစိုက်ပါ"
ဝေ့မင်ထျန်းက နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာခဲ့တော့သည်။
သူမသည် ဓားပျံကိုစီးနင်းပြီး အရှိန်ကုန်မြှင့်ကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လေထုအတွင်းသို့ ပျံသန်းသွားသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် တခြားပုံရိပ်တစ်ရိပ်သည်လည်း မိုးကောင်းကင်ယံအတွင်းသို့ ခုန်တက်လာပေ၏။
ထိုလူ၏အဝတ်အစားများ၌ သွေးများစိုရွှဲနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြတ်နေသည်။သူ့ကိုကြည့်ရသည်မှာ သွေးနတ်ဆိုးတစ်ကောင်အလားပင်။
သူသည် ချီဘုရင်ကျိုးထုံပင်။
ယခင်က ခေါင်းတလားကိုဖွင့်လိုက်ချိန်၌ ကျိုးရှင်းသည် ချက်ချင်းသတ်ဖြတ်ခံလိုက်ရသဖြင့် အခြေအနေမကောင်းသည်ကို မြင်တွေ့သောကြောင့် ချီဘုရင်သည် ချက်ချင်းထွက်ပြေးရန် ဆုံးဖြတ်ချက်ချခဲ့လေ၏။
သူ့ထံ၌ အကာအကွယ်မှော်ရတနာအမြောက်အများရှိနေသည်။ထိုကြောင့် ရှေးဟောင်းနတ်ဆိုးများမွေးဖွားလာခြင်း၏ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အားလှိုင်းများပင်လျှင် သူ့အား သတ်ဖြတ်နိုင်ခဲ့ခြင်းမရှိချေ။
ကျိုးထုံသည် တခြားလူများမှ သူ့အားလက်စားချေမည်ကို စိုးရိမ်နေခဲ့သည်။ထို့ကြောင့် သူသည် နန်းတော်တစ်ခုအတွင်း၌ ပုန်းအောင်းနေကာ တခြားလူများ ထွက်ခွာမသွားမီအချိန်ထိ ပြင်ပသို့ထွက်မလာဝံ့ချေ။ နောက်ဆုံး၌ သူ တောင့်ခံမထားနိုင်တော့သဖြင့် ထွက်ခွာသွားရန် ရွေးချယ်လိုက်တော့သည်။
"ကျိုးထုံ....နင်က ထွက်လာရဲသေးတာလား"
ဝေ့မင်ထျန်းက အော်ငေါက်လိုက်သည်။
ကျိုးထုံက မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူသည် ဝေ့မင်ထျန်းကို တစ်ချက်ကြည့်ကာ အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"ဝေ့မိသားစုကမိန်းကလေး...ငါ မင်းနဲ့အငြင်းမပွားချင်ဘူး...ဘာမှမဟုတ်ဘဲနဲ့ ပြဿနာမရှာစမ်းနဲ့"
ထိုအချိန်မှာပင် သူတို့၏ရှေ့ရှိ တောက်ပသောလမ်းကြောင်းကို ရုတ်တရက် အရပ်မျက်နှာအဘက်ဘက်မှယင်ချီများ စတင်၍သက်ရောက်လာသည်။
ထိုယင်ချီများသည် တလိမ့်လိမ့်ထနေကာ နေမင်းကြီး မှေးမှိန်သွားပြီး နေရောင်ခြည်အလင်းတန်းများကိုလည်း အမှောင်ထုကြီးကလွှမ်းခြုံသွားသည်။
ဂျီ...ဂျီ...ဂျီ...
အမှောင်ထုအတွင်းမှနေ၍ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
ထွက်ပေါက်သို့ပြေးရန် ကြိုးစားနေသော လူနှစ်ယောက်သည် အေးစိမ့်မှုကို ရုတ်တရက် ခံစားမိလေ၏။တချိန်တည်းမှာပင် သူတို့သည် နောက်သို့လှည့်ကြည့်လိုက်ရာ အမှောင်ထုအတွင်းမှ တိုးထွက်လာသော မြွေခေါင်းကိုးခေါင်းကို တွေ့မြင်မိသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး နီးကပ်လာလေပြီ။
သူ၏မြွေခေါင်းကိုးခေါင်းသည် လောကကြီးကိုငုံကြည့်နေသည့်အလားပင်။ပတ်ဝန်းကျင်နေရာတဝိုက်၌ ထူးဆန်းပြီးရက်စက်ကြမ်းကြုတ်သော နတ်ဆိုးမှော်မန္တန်အသံလှိုင်းများ ပဲ့တင်ထပ်နေကာ ဤရှေးဟောင်းနတ်ဆိုးဘိုးဘေးကို ချီးမွမ်းဂုဏ်ပြုသည့် တေးသံများအလားပင်။
အစွမ်းထက်သော ဖိအားအရှိန်အဝါတစ်ရပ်က လေပြင်းမုန်တိုင်းတစ်ခုအလား ဖြတ်သန်းတိုက်ခတ်သွားသည်။ကျိုးထုံနှင့်ဝေ့မင်ထျန်းတို့၏ဆံပင်များ အဆုံးထိထောင်ထသွားပေ၏။
"မင်းက ငါ့ကို ကူညီပေးရမယ်...ငါ သေလို့မဖြစ်ဘူး"
ကျိုးထုံသည် ရုတ်တရက် လှုပ်ရှားမှုတစ်ခုပြုလုပ်ကာ ဝေ့မင်ထျန်းကိုဖမ်းဆုပ်ပြီး သူမအား မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံသို့ဦးတည်၍ ပစ်လွှတ်လိုက်သည်။