← Chapters

အခန်း (၄၂၅၁-၄၂၅၅)

Vol. 216 Ch. 4251-4255

အခန်း (၄၂၅၁-၄၂၅၅)

Vol. 216 Ch. 4251-4255

Chapter 4251

ဝေ့မင်ထျန်း မတုံ့ပြန်နိုင်သေးမီမှာပင် သူမသည်မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရှေ့သို့ ပစ်လွှတ်ခြင်းကို ခံလိုက်ရလေပြီ။

ထို့နောက်မှနေ၍ သူမကို အကာအကွယ်အဖြစ်အသုံးပြုကာ ကျိုးထုံသည် ချက်ချင်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းရှိ ထွက်လမ်းထံသို့ တစ်ဟုန်ထိုးအပြေးသွားပြီး ပျောက်ကွယ်သွားတော့သည်။

မြေကမ္ဘာနတ်ဆိုး၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် မီတာသုံးသောင်းကျော်မြင့်မားကာ မိုးကောင်းကင်ယံကိုပင် ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသည်။နှိုင်းယှဉ်ကြည့်ပါက ဝေ့မင်ထျန်းသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရှေ့တွင် အလွန်အမင်းသေးငယ်နေကာ လူဝံကြီးတစ်ကောင်၏ရှေ့သို့ ရောက်ရှိသွားသော ပုရွက်ဆိတ်တစ်ကောင်အလားပင်။

ဝေ့မင်ထျန်း၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု ဒေါသထွက်မှုတို့နှင့် ပြည့်နှက်နေသည်။ကျိုးထုံသည် ဤမျှထိ ယုတ်မာကောက်ကျစ်မည်ဟု သူမ မျှော်လင့်မထားမိချေ။

သို့ရာတွင် ယခုအချိန်၌ ကျိုးထုံကို လက်စားချေရန် စဉ်းစားတွေးတောနေပါက အသုံးဝင်မည်မဟုတ်ချေ။သူမ၏ရှေ့၌ နတ်ဆိုးဘိုးဘေး၏ကြီးမားသောခန္ဓာကိုယ်ကြီး ရှိနေသည်။

သူမသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် အနီးကပ်နေရာသို့ ရောက်ရှိသွားမှသာ သူ မည်မျှထိအစွမ်းထက်သည်ကို ရှင်းရှင်းလင်းလင်းခံစားမိသည်။

သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုစွမ်းအားသက်သက်ဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမဆို စိတ်ပျက်အားငယ်သွားစေရန် လုံလောက်သည်။

ဝေ့မင်ထျန်းက သူမ၏ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။ထိုဓားရှည်မှနေ၍ ထောင်နှင့်ချီသောဓားချီများ ပွင့်အံ့ထွက်လာကာ သူမအား ထွက်ပေါက်သို့ဦးတည်၍ ပျံသန်းသွားနိုင်ရန် ထောက်ပံ့ပေးလေ၏။

ဝှစ်....

ပတ်ဝန်းကျင်၌ ဓားချီများ တဖန်ပြန်၍သည်ထန်တာကာ လေထုအတွင်း၌ ယင်ချီများပျံ့နှံ့နေသည်။

ပတ်ဝန်းကျင်ရှိ ယင်ချီများကြောင့် နေမင်းကြီးသည် ဖုံးကွယ်ခြင်း ခံလိုက်ရလေပြီ။နေရောင်ခြည်ဖြာကျလာခြင်း မရှိတော့သဖြင့် ဤကမ္ဘာငယ်လေးအတွင်း၌ အမှောင်ထုကြီးက တဖန်ပြန်၍ လွှမ်းခြုံသွားသည်။

ထွက်ပေါက်သည် တဖြေးဖြေးပိတ်ဆို့လာကာ အလွန်အမင်းဝေဝါးနေပြီး ဦးတည်ချက်အတိအကျကို ဆုံးဖြတ်နိုင်ရန် မဖြစ်နိုင်တော့ချေ။

"ဒါက အဆုံးသတ်သွားပြီ...ငါ ဒီနေရာမှာ သေရတော့မှာလား"

ဝေ့မင်ထျန်း၏မျက်လုံးအတွင်း၌ စိတ်ပျက်အားငယ်မှုများ ထင်ဟပ်လာသည်။

သူမ၏ခြေတံရှည်များ ဖြောင့်တန်းနေကာ သူမ၏မျက်ခုံးတစ်စုံသည် ဓားများနှင့်တူညီနေပြီး သူမထံတွင် သူရဲကောင်းဆန်သောစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။သူမသည် ယောက်ျားသားတစ်ယောက်ထက် အားနည်းခြင်းမရှိသော အမျိုးသမီးတစ်ယောက်ပင်။သူမ ငယ်ရွယ်စဉ်အချိန်ကတည်းက ပါရမီရှင်များဖြင့်ပြည့်နှက်နေသော ဓားရေအိုင်မြင့်မြတ်နယ်မြေ၌ ထူးချွန်သောအရည်အချင်းကို ပြသနိုင်ခဲ့သည်။

အပြင်လူများသည် ဝေ့မိသားစု၏အကြီးဆုံးသခင်မလေး အလွန်အမင်းသန်မာအားကောင်းသည်ဟု သိရှိထားကြသည်။သို့ရာတွင် ဝေ့မင်ထျန်းသည် အစစ်အမှန်သေရေးရှင်ရေးနှင့် ရင်ဆိုင်ရချိန်တွင် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားမိလေ၏။

အလွန်အမင်းများပြားသော ယင်ချီစွမ်းအားများသည် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။

ဤလက်ဝါးပုံရိပ်ယောင်ကြီးသည် တောင်တစ်လုံးကျရောက်လာသည့်အလား ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို ဖျက်ဆီးနိုင်စွမ်းရှိသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ သာမန်ကာလျှံကာ တိုက်ခိုက်မှုတစ်ခုကပင်လျှင် လူအများအား ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေရန် လုံလောက်ပေ၏။

ဤသည်မှာ သူ့ရှေ့ရှိ အရာရာတိုင်းကို ခြေမွှဖျက်ဆီးလိုသည့်အလားပင်။

ဝေ့မင်ထျန်းသည် အလွန်အမင်း စိတ်ပျက်နေပေ၏။သူမ၏နံဘေးပတ်ဝန်းကျင်၌ ဓားချီများ ရစ်သိုင်းလွှမ်းခြုံနေသော်လည်း အသုံးပြုနိုင်စွမ်းမရှိတော့ချေ။

သူမ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ချိတ်ပိတ်ခံထားရပုံပင်။သူမသည် မည်သည့်လမ်းကြောင်းကိုမျှ သွားနိုင်ခြင်းမရှိတော့ပေ။

ထိုအချိန်မှာပင် တောက်ပသောအလင်းတန်းတစ်တန်းက ဝေ့မင်ထျန်း၏နံဘေး၌ ရုတ်တရက် ထွက်ပေါ်လာသည်။

ချိတ်ပိတ်ခံထားရသော လေဟာနယ်အတွင်း၌ လုယွီထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများသည် မိုးကောင်းကင်ယံအတွင်း၌ ထွန်းလင်းနေသောနေမင်းကြီးအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင် လုယွီ၏ခန္ဓာကိုယ်နဘေးပတ်လည်၌ ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။ဤသည်မှာ မူမမှန်သော သဘာဝလွန်ပုံရိပ်ယောင်၏ သရုပ်သကန်ထင်ဟပ်မှုပင်။

လောကကြီးအတွင်း၌ သူတို့၏ရုပ်ခန္ဓာကိုယ်များကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံထားနိုင်သော ကျင့်ကြံသူများထံ၌သာ ဤကဲ့သို့ သဘာဝလွန်ပုံရိပ် ထွက်ပေါ်လာလေ့ရှိသည်။

"မြေကမ္ဘာနတ်ဆိုးဘိုးဘေး...ငါတို့ ထပ်တွေရပြန်ပြီ"

လုယွီ၏အသံသည် မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားတစ်ပါး၏အသံအလား ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

မြွေခေါင်းကိုးခေါင်း၏မှုန်ဝါးနေသော မျက်လုံးများအတွင်း၌ ရုတ်တရက် အေးစက်စက်အလင်းတန်းတစ်တန်း ထင်ဟပ်လာသည်။ ထို့နောက် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ထံဦးတည်၍ တိုးဝင်လာပေ၏။

"မင်းက အဲ့ဒီရွှယ်အင်မော်တယ်မဟုတ်လား...ဟား ဟား ဟား အရမ်းကောင်းတယ်...မင်း အသက်ရှင်နေတာ အရမ်းကောင်းတာပဲ"

မြွေခေါင်းကိုးခေါင်းမှနေ၍ စူးရှကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သောအသံကြီး ထွက်ပေါ်လာသည်။

မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏တုံ့ပြန်မှုကိုကြည့်ပြီး လုယွီသည် သူ၏ခန့်မှန်းမှု မှန်ကန်သွားသည်ကို သိရှိသွားသည်။

သူ ရှေးဟောင်းခေတ်ကာလအတွင်းသို့ ကူးပြောင်းသွားခဲ့ရခြင်းမှာ ပုံရိပ်ယောင်တစ်ခုမဟုတ်ဘဲ အစစ်အမှန်ဖြစ်ပျက်ခဲ့ခြင်းပင်။

"မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့ရမှတော့ ငါ့ရဲ့ဗိုက်ထဲကို ဝင်လာခဲ့စမ်း"

မြေကမ္ဘာနတ်ဆုံးဘိုးဘေး၏ မြွေခေါင်းကိုးကောင်းအနက်မှ တစ်ခေါင်း၏ပါးစပ်ကြီး ကျယ်လောင်စွာပွင့်ဟလာသည်။

သူ၏ပါးစပ်ကြီးသည် အသူရာချောက်နက်ကြီးနှင့်တူညီကာ လေထုအတွင်း၌ ထူထပ်သိပ်သည်းသော သွေးညှီနံများဖြင့် ​ပြည့်နှက်သွားတော့သည်။

မျက်တောင်တစ်ဖက်စာအချိန်အတွင်းမှာပင် လုယွီက နောက်သို့လှည့်ကာ ဝေ့မင်ထျန်း၏လက်ကိုဆုပ်ကိုင်လိုက်၏။

"လုယွီ....နင်...."

ဝေ့မင်ထျန်းသည် ကြက်သေသေနေကာ မည်ကဲ့သို့ပြုလုပ်ရမည်ကို မသိတော့ချေ။

လုယွီသည် ရုတ်တရက် လက်သီးတစ်ချက်ထိုးနှက်လိုက်သည်ကို သူမ မြင်တွေ့မိသည်။သူ၏လက်သီးချက်မှစွမ်းအားသည် မိုးကောင်းကင်ယံကို တုန်ခါသွားစေကာ ပတ်ဝန်းကျင်ရှိ ယင်ချီများအားလုံး ပျက်ပြယ်သွားသည်။ထို့နောက် ပြင်ပလောကသို့သွားသောထွက်ပေါက် တဖန်ပြန်၍ပွင့်လာပေ၏။

ထို့နောက် လုယွီသည် ဝေ့မင်ထျန်းကို ဆုပ်ကိုင်ကာ သူမကို ပြင်ပသို့ပစ်လွှတ်လိုက်သည်။

ဤလက်သီးချက်၏ခွန်အားသည် အလွန်အမင်းကြီးမားသဖြင့် ဝေ့မင်ထျန်းသည် လမ်းကြောင်း၏ထွက်ပေါက်သို့ ချက်ချင်းရောက်ရှိသွားတော့သည်။

"သွားတော့"

လုယွီက ပြောဆိုသည်။

ဝေ့မင်ထျန်းသည် မည်မျှထိတုံးအသူ ဖြစ်ပါစေ လုယွီ မည်သည့်အရာအား ပြုလုပ်လိုက်သည်ကို သူမ သိရှိပေ၏။

"မဟုတ်ဘူး....လုယွီ...."

ဝေ့မင်ထျန်းက အော်ဟစ်လိုက်သည်။

မည်သူကမျှ သူမကို တုံပြန်ခြင်းမရှိချေ။

မောက်မာထောင်လွှားပြီး အထီးကျန်ဆန်သောလုယွီ၏ပုံရိပ်သည် ဝေ့မင်ထျန်း မြင်တွေ့လိုက်ရသော သူ၏နောက်ဆုံးအချိန်ပင်။

နောက်ထပ်အချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သွေးနီရောင်ပါးစပ်ကြီးကျရောက်လာကာ လုယွီကို ဝါးမြိုသွားသည်။

Chapter 4252

မမြင်နိုင်သောအားလှိုင်းတရပ်က ဝေ့မင်ထျန်းကို အပျက်အစီးနယ်မြေ၏ထွက်ပေါက်ထံသို့ တွန်းထုတ်လိုက်သည်။

ကောင်းကင်ဘုံနယ်မြေ၏စိတ်ဝိညာဥ်ချီစွမ်းအားလှိုင်းများက ဝေ့မင်ထျန်းကို တဖန်ပြန်၍ ရစ်သိုင်းလွှမ်းခြုံသွားသည်။သူမသည် အန္တရာယ်အတွင်းမှ လွတ်မြောက်သွားပြီကို သိရှိထားသော်လည်း ပျော်ရွှင်မှုကို သူမ အနည်းငယ်မျှ မခံစားရချေ။

"လုယွီ..."

ဝေ့မင်ထျန်း၏မျက်လုံးနီမြန်းနေကာ သူမကကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။

သူမသည် လုယွီနှင့် ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ရသည်ကို မှတ်မိပေ၏။

ထိုအချိန်တုန်းက သူမသည် ဝေ့မိသားစုကိုကိုယ်စားပြုကာ ဝင်္ကပါပညာရပ်ခြင်း ယှဉ်ပြိုင်တိုက်ခိုက်ရန်အတွက် ကျန်းမိသားစုထံသို့ သွားခဲ့သည်။လုယွီကမူ ကျန်းမိသားစုကို ကိုယ်စားပြုကာ ဝေ့မိသားစု၏ဝင်္ကပါပညာရှင်များနှင့် တိုက်ခိုက်ခဲ့သည်။

သူမသည် လုယွီအား ရှုံးနိမ့်ခဲ့ပေ၏။

ဝေ့မိသားစုသည် လုယွီနှင့်ပထမဆုံးဆုံတွေ့ခဲ့စဉ်၌ နှစ်ဖက်အကြားတွင် ပဋိပက္ခများသာရှိခဲ့သည်။

သို့သော် အဆုံးသတ်၌ လုယွီသည် တော်ဝင်စာမေးပွဲတွင် ထိပ်သီးကျောင်းတော်သားဖြစ်လာကာ စစ်ဆေးမှုသုံးခုလုံး၌ ပထမရရှိခဲ့သည်။ဝေ့မိသားစုသည် လုယွီ၏ကြီးမားသောရှေ့အလားအလာကို မြင်တွေ့ချိန်တွင် သူ့အားသိမ်းသွင်းနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ပေ၏။

ဝေ့မင်ထျန်းက ဤလူသည် မည်သည်ကြောင့် သူမအား သေဘေးမှ အကြိမ်ကြိမ်ကယ်တင်ခဲ့သည်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိချေ။

သရဲတစ္ဆေဘုန်းတော်ကြီး သူမ၏နောက်မှ လိုက်လံဖမ်းဆီးနေချိန်တွင် လုယွီသည် သူမအား သေဆုံးခြင်းချောက်ကမ်းပါးမှ ကယ်တင်ခဲ့သည်။ထို့ပြင် လုယွီသည် သူမ၏ရှေ့၌ မားမားမတ်မတ်ရပ်တည်ကာ နတ်ဆိုးသက်ရှိများအားလုံးကို ဟန့်တားခဲ့လေ၏။

ဤတစ်ကြိမ်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကြောင့် သူမ သေဆုံးရတော့မည်ဟု တွေးထင်ထားသည့်တိုင် လုယွီသည် သူမအား ထပ်မံ၍ကယ်တင်ပေးခဲ့သည်။

လုယွီသည် သူမအား ကြိမ်ဖန်များစွာ ကူညီပေးခဲ့ကာ အဆုံးသတ်၌ သူ့အား မြေကမ္ဘာနတ်ဆိုးဘိုးဘေးမှ ဝါးမြိုသွားခဲ့သည်။သူ သေသလော ရှင်သလောကို သူမ မသိနိုင်ချေ။

သူမကမူ....

သူမသည် သူ့အား ကူညီမပေးနိုင်ရုံသာမက အဆုံးသတ်၌ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုပင် ဖြစ်သွားစေခဲ့သည်။

သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များယိုစီးကျနေကာ သူမ၏ပခုံး တုန်ရီနေသည်။ သူမ၏ဆံပင်ရှည်များသည်လည်း ပြေလျော့ကျနေတာ ငိုကြွေးနေခြင်းကြောင့် သူမ၏မျက်လုံးများ အလွန်အမင်းနီမြန်းနေပေ၏။

"ဘာလို့ ဒီလို ဖြစ်ရတာလဲ...ဘာလို့ ဒီလိုမျိုးတွေ ဖြစ်လာရတာလဲ"

ဝေ့မင်ထျန်းက အဆက်မပြတ် ညည်းတွားလိုက်သည်။

သူမနှင့်မလှမ်းမကမ်းအကွာတွင်ရှိသော ထွက်ပေါက်သည် ပိတ်သွားလေပြီ။

ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများလည်းပျောက်ကွယ်သွားကာ လူများအားလုံး၏မျက်လုံးရှေ့၌ ချန်အန်းမြို့အမွေအနှစ်နယ်မြေ တဖြည်းဖြည်းပျက်ပြယ်သွားခဲ့သည်။

ဤမြို့ကို မမြင်တွေ့နိုင်တော့ချေ။ထိုအရာသည်လေထုအတွင်းသို့ ပျံ့လွင့်သွားသောမီးခိုးငွေ့များအလား လူများအားလုံး၏မျက်လုံးရှေ့မှ တစတစပျောက်ကွယ်သွားခဲ့သည်။

"ချန်အန်းမြို့က ပြန်ပြီးအိပ်မောကျသွားပြီ""

"လုယွီ ဘယ်မှာလဲ...ဘာလို့ ခုထိ လုယွီ ထွက်မလာသေးတာလဲ"

လုချန်းချင်က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ကာ အော်ဟစ်လိုက်သည်။

လူများအားလုံးသည် လှည့်ပတ်၍ရှာဖွေလိုက်သော်လည်း လုယွီကို ရှာမတွေ့ကြချေ။

"မိန်းကလေးဝေ့....မင်းက နောက်ဆုံးထွက်လာတဲ့လူပဲ....အုပ်ချုပ်သူအရှင်လုကို မင်း မြင်မိသေးလား"

မြင့်မြတ်နယ်မြေတစ်ခု၏အကြီးအကဲတစ်ယောက်က အလျှင်အမြန်ရှေ့သို့တိုးလာကာ မေးမြန်းသည်။

ဝေ့မင်ထျန်းသည် ကြောင်စီစီဖြစ်နေကာ နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေသည်။

အချိန်အတော်ကြာပြီးနောက် သူမသည် နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့သည်ကို တခြားသူများထံသို့ အ​သိပေးလိုက်၏။

ကျိုးထုံသည် တခြားလူတစ်ယောက်ကို ထပ်မံ၍အကွက်ချကြံစည်ကာ သူ၏အကာအကွယ်အဖြစ် အသုံးပြုသွားခဲ့သည်ကို သိရှိသွားချိန်၌ လူများအားလုံး ဒေါသထွက်သွားကြသည်။

ဤကဲ့သို့ ကောက်ကျစ်ယုတ်မာသောလူမျိုးကို သူတို့ ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။

"ကြည့်ရတာတော့ ငါတို့လုမိသားစုက ကောင်းကင်ဘုံနယ်မြေကို လှုပ်ခတ်နိုင်စွမ်းရှိတယ်ဆိုတာ ကျိုးထုံက မေ့လျော့သွားပုံပဲ"

လုချန်းချင်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်းထင်ဟပ်လာကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

လုချန်းချင်သည် သူ၏လူများကိုခေါ်ဆောင်ကာ ဝေ့ယန်မြို့၏နေရာအနှံ့၌ ရှာဖွေခဲ့သော်လည်း ကျိုးထုံကို ရှာမတွေ့ခဲ့ချေ။အဆုံးသတ်၌ သူသည် ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့ကာ ချီဘုရင်ကျိုးထုံ တန်ကြေးပြန်ပေးဆပ်ရမည်ဟု ထုတ်ပြန်ကြေညာသွားခဲ့သည်။

"ကျိုးထုံ...မင်းက ငါတို့ရဲ့အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေရဲ့ ရန်သူတော်ကြီးပဲ...ဒီနေ့ကနေစပြီးတော့ အဝါရောင်ကောင်းကင်ဘုံမြင့်မြတ်နယ်မြေက ချီဘုရင်အိမ်တော်နဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေအားလုံးကို ဖြတ်တောက်မယ်"

မြင့်မြတ်အရှင်ဟွမ်ထျန်း၏စကားလုံးများသည် ချီဘုရင်ကို စစ်ကြော်ငြာလိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် မြင့်မြတ်နယ်မြေဆယ်ခုလုံး သူတို့၏သဘောထားများကို ပြောဆိုလိုက်ကြ၏။သူတို့သည် ဝေ့ယန်မြို့နှင့်အဆက်အသွယ်ဖြတ်တောက်ကာ ထိုနေရာတွင်ရှိနေသော သူတို့၏စီးပွားရေးလုပ်ငန်းများကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

"သခင်မလေး....မင်း ဒီနေရာမှာထိုင်နေတာ သုံးရက်ကြာနေပြီ...မင်း အိမ်တော်ကိုပြန်သင့်ပြီ"

ဝေ့မိသားစုမှအကြီးအကဲများ ရောက်ရှိလာကာ ဝေ့မင်ထျန်းကိုဝိုင်းရံ၍ ဖြောင့်ဖျပြောဆိုနေကြသည်။

ချန်အန်းမြို့အမွေအနှစ်နယ်မြေ ပျောက်ကွယ်သွားလေပြီ။

သို့ရာတွင် ဝေ့မင်ထျန်းသည် အမွေအနှစ်နယ်မြေ၏ရှေ့၌ ထိုင်နေဆဲပင်။သူမ၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူမကိုကြည့်ရသည်မှာ စုတ်ပြတ်နေသည်။ဤသည်မှာ သူမ၏စိတ်ဝိညာဉ် ပျောက်ဆုံးသွားသည့်အလားပင်။

"သူ သေသွားပြီဆိုတာ ငါ မယုံနိုင်ဘူး"

ဝေ့မင်ထျန်းက တီးတိုးရေရွတ်လိုက်သည်။

ငါးရက်ကြာပြီးနောက် ဝေ့မိသားစုဘိုးဘေးကိုယ်တိုင် ရောက်ရှိလာကာ ဝေ့မင်ထျန်းကို ခေါ်ဆောင်သွားလေ၏။

တော်ဝင်မြို့တော်ရှိ စာပေနှင့်ယဉ်ကျေးမှုရေးရာဌာန....သမင်ခန်းမဆောင်....

ဤသည်မှာ တာယွီအင်ပါယာ၏တော်ဝင်စာမေးပွဲအစဉ်အဆက်ရှိ ထိပ်သီးကျောင်းတော်သားများ၏ အသက်တံဆိပ်ပြားများကို ထားရှိသောနေရာပင်။

"လုယွီရဲ့အသက်တံဆိပ်ပြား အက်ကွဲသွားပြီ...သူ အသက်မရှိတော့မှာကို ငါ စိုးရိမ်မိတယ်"

တာဝန်ကျအရာရှိတယောက်သည် အလျင်စလိုပြေးလာကာ သူ၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့သောအရိပ်အယောင်များ ရှိနေသည်။

သမင်ခန်းမဆောင်တစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်သွားကာ ရာနှင့်ချီသော အသက်​တံဆိပ်ပြားများရှေ့ရှိ ဖယောင်းတိုင်များ ရှေ့နောက်ယိမ်းနွဲ့နေသည်။

အဆုံးသတ်၌ 'ကောင်းကင်ဘုံပြက္ခဒိန် ၃၉၉နှစ်မြောက် တော်ဝင်စာမေးပွဲ...ပထမနေရာလုယွီ'ဟု ရေးသားထားသော အသက်တံဆိပ်ပြား အလယ်မှကွဲထွက်သွားသည်။ထို့နောက် ထိုအသက်တံဆိပ်ပြား၏ရှေ့ရှိ ဖယောင်းတိုင်မီး ရုတ်တရက် ငြိမ်းသေသွားပေ၏။

Chapter 4253

လင်းယုန်ကြည်မြစ်...ကျိုးအင်ပါယာ...

တော်ဝင်နန်းတော်သည် မြင့်မားပြီး ကြီးကျယ်ခမ်းနားကာ တော်ဝင်မြို့တော်၏အထက်ကောင်းကင်ယံအတွင်း၌ မျောလွင့်နေသောကံကြမ္မာစွမ်းအားများ အလွန်ထူထပ်သိပ်သည်းပြီး တစ်ရက်ပြီးတစ်ရက် မြင့်တက်လာသည်။

တာယွီအင်ပါယာ၏ ဆုတ်ယုတ်နေသော ကံကြမ္မာစွမ်းအားများနှင့် မတူညီဘဲ ကျိုးအင်ပါယာ၏မြို့တော်သည် လူငယ်တစ်ယောက်အလား တက်ကြွဖျတ်လတ်မှုများဖြင့် ပြည့်နှက်နေကာ ရွှေရောင်ကံကြမ္မာနဂါးများက တော်ဝင်နန်းတော်၏အထက်ရှိ လေထုအတွင်း၌ လှည့်ပတ်ပျံသန်းနေသည်။

ဤအချိန်အခိုက်အတန့်တွင်နန်းတော်၏စာကြည့်ဆောင်အတွင်း၌ ကျိုးအင်ပါယာ၏တော်ဝင်မျိုးဆက်များ ပြင်းပြင်းထန်ထန် လေ့လာသင်ယူနေကြသည်။

သူတို့၏စားပွဲများပေါ်တွင် ပြင်ပလောက၌တွေ့မြင်ရန်ခက်ခဲသော ရှားပါးသည့်ကျမ်းစာများကျင့်ကြံနည်းစနစ်စာအုပ်များ ရှိနေပေ၏။သူတို့အနက်မှမည်သည့်တစ်ယောက်မဆို ကြီးမားသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။

စာကြည့်ဆောင်၏နံဘေးပတ်လည်တွင် တော်ဝင်နန်းတော်မှ ထိပ်သီးအစွမ်းထက်ပညာရှင်အမြောက်အ​များ စောင့်ကြပ်နေသည်။ အကယ်၍ လူငယ်များထံတွင် နားမလည်သောတစုံတစ်ခုရှိလာပါက ထိုအစွမ်းထက်ပညာရှင်များထံသို့ အချိန်မရွေး မေးမြန်းနိုင်ပေ၏။

ထို့ကြောင့် သူတို့၏ကျင့်ကြံခြင်းလမ်းကြောင်းတွေ လမ်းလွဲသွေဖည်မှုများ ဖြစ်ပေါ်လာမည်ကို ရှောင်ရှားနိုင်သည်။

ဤကဲ့သို့ ကျင့်ကြံခြင်းအရင်းအမြစ်များသည် ပြင်ပလောက၌ စဉ်းစားတွေးတောကြည့်ဝံ့ခြင်းပင်မရှိမည့် တစ်စုံတစ်ခုပင်။သာမန်အားဖြင့် ကျိုးအင်ပါယာ၏တော်ဝင်မိသားစုမှ အဓိကမိသားစုဝင်များသာလျှင် ထိုအခွင့်အရေးကို ရရှိကြသည်။

စာကြည့်ဆောင်အတွင်းတွင် လူဆယ်ယောက်ကျော် ထိုင်နေသည်။သူတို့အားလုံးသည် အလွန်အမင်းအသက်ငယ်ရွယ်ကာ အကြီးဆုံးတစ်ယောက်သည် အသက်နှစ်ဆယ်အရွယ်တွင်သာရှိသည်။

သူတို့အားလုံးသည် စျာန်ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်နေကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ မည်သည့်မလိုလားအပ်သောအတွေးမျိုးမျှ မရှိချေ။အကယ်၍ ပြင်ပလောက၌ တစ်စုံတစ်ခုဖြစ်ပွားလျှင်ပင် သူတို့အား သက်ရောက်လာမည်မဟုတ်ချေ။

ဤကဲ့သို့ အကျိုးသက်ရောက်မှုမျိုးသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။သာမန်အားဖြင့် သူတို့သည် လေးရက်ငါးရက်အတွင်း၌စာအုပ်တစ်အုပ်ကို ပြီးဆုံးအောင်ဖတ်ရှုပြီး ထိုအရာအတွင်းရှိ အနက်အဓိပ္ပာယ်ကိုလေ့လာဆင်ခြင်နိုင်စွမ်းရှိသည်။

"အမ်...."

စာကြည့်ဆောင်၏ထိုင်ခုံတစ်လုံးပေါ့၌ ထိုင်နေသော ပိုင်ဆုချင်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူမ၏မျက်လုံးတစ်စုံကို ဖြည်းညှင်းစွာဖွင့်လိုက်၏။

သူမ၏အဖြူရောင်ဝတ်စုံသည် နှင်းပွင့်အလားဖြူဆွတ်နေကာ သူမ၏အသားအရေသည်ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွတ်သည်။ သူမ၏မျက်တောင်ရှည်များ အနည်းငယ်တုန်ရီနေကာ သူမ၏မိုးမခပုံမျက်ခုံးကို တင်းတင်းကြပ်ကြပ်ကြုတ်ထားသဖြင့် သူမကိုမြင်တွေ့မိသော မည်သူမဆို စာနာသနားမှုကို ခံစားမိစေသည်။

ကျင့်ကြံသူတစ်ယောက်သည် စျာန်ဝင်စားခြင်းအဆင့်သို့ ဝင်ရောက်သွားပါက ပြင်ပအကြောင်းအရာများမှ သက်ရောက်မှုရှိလာရန် အလွန်အမင်းခက်ခဲသည်။သို့ရာတွင် ယနေ့၌ သူမသည် စိတ်ရှုပ်ထွေးနေပေ၏။ဤသည်မှာ သူမ၏စိတ်နှလုံးသားအတွင်း၌ ထောင်နှင့်ချီသောအတွေးများ ရစ်သိုင်းလွှမ်းခြုံနေသည့်အလား အချိန်အတော်ကြာသည်အထိသူမ၏စိတ် တည်ငြိမ်နိုင်စွမ်းမရှိချေ။

ပိုင်ဆုချင်သည် ရုတ်တရက် သူမ၏စိတ်ရှုပ်ထွေးမှုကို မထိန်းချုပ်နိုင်တော့ကြောင်း ခံစားမိသည်။ထို့ကြောင့် သူမသည် ရုတ်တရက် မတ်တတ်ထရပ်ကာ ပြင်ပသို့ လျှောက်လှမ်းသွားလိုက်၏။

"မင်းသမီးပိုင်....ဒီနေ့ မင်းရဲ့ကျင့်ကြံမှုမှာ မင်း နားမလည်နိုင်တာတစ်ခုခုနဲ့ ကြုံနေရလို့လား...ငါတို့တွေ အတူတူ တိုင်ပင်ဆွေးနွေးကြရအောင်"

ရုတ်တရက် မင်းသားတစ်ပါးက သူမထံသို့လျှောက်လှမ်းလာကာ ပြောဆိုသည်။

ထိုမင်းသားသည် ရွှေရောင်သရဖူကိုဆောင်းထားကာ သူ့ထံ၌ ချောမောခန့်ညားသော ပုံပန်းသွင်ပြင်ရှိသည်။သူသည် ဧရာမစပါးကြီးမြွေတစ်ကောင်ပုံစံ ပန်းထိုးထားသောဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏အဆင့်အတန်းသည် သာလွန်ထူးကဲပေ၏။

ပိုင်ဆုချင်က ဦးညွှတ်အရိုအသေပြုကာပြောဆိုသည်။

"တတိယမင်းသားရဲ့ စိုးရိမ်ပူပန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ငါက ဒီနေ့ နေလို့သိပ်မကောင်းဘူး....ဒါကြောင့် ငါ အရင်ဆုံး ထွက်သွားပါရစေ"

တတိယမင်းသား၏မျက်ခုံးများ မြင့်တက်သွားသည်။

"အော် ဒီလိုကိစ္စတစ်ခု ရှိနေတာလား...ငါက အခုချက်ချင်း တော်ဝင်သမားတော်ကို ဆင့်ခေါ်ပြီးတော့ မင်းသမီးပိုင်ကို ကြည့်ခိုင်းလိုက်မယ်"

"ဆုချင်က ခဏလောက် အနားယူလိုက်ရင်ကောင်းသွားမှာပါ...တတိယမင်းသား ဒုက္ခရှာဖို့ မလိုပါဘူး"

ပိုင်ဆုချင်က သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ဒါဆိုရင်လည်း ကောင်းပြီလေ...မင်း ပြန်သွားပြီးတော့ ကောင်းကောင်းအနားယူပါ...မနက်ဖြန်ကျရင် မဟာဆရာသခင် သင်ကြားပေးလိမ့်မယ်...တကယ်လို့ မင်း နေမကောင်းဘူးဆိုရင် ငါက မင်းကိုကူညီပြီးတော့ မဟာဆရာသခင်ကိုအကြောင်းကြားထားပေးမယ်"

တတိယမင်းသားက ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။

"တတိယမင်းသားကို ကျေးဇူးတင်ပါတယ်"

ပိုင်ဆုချင်က ဦးညွှတ်အရိုအသေပြုကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။

ပိုင်ဆုချင်၏နောက်ကျောပြင်ကိုကြည့်ရင်း တတိယမင်းသား၏မျက်လုံးအတွင်း၌ တောက်ပသောအလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။သူ မည်သည့်အရာအား စဉ်းစားတွေးတောနေသည်ကို မည်သူမျှ မသိနိုင်ချေ။

"မင်းက မင်းသမီးပိုင်ကို စိတ်ဝင်စားနေပေမယ့် သူက မင်းရဲ့ကြင်နာမှုကို လက်မခံတာ အသိသာကြီးလေ....အခုလတ်တလောမှာ နဝမညီတော်က ပိုင်မိသားစုဆီကို မကြာခဏသွားရောက်လည်ပတ်တယ်လို့ ငါ ကြားထားတယ်....သူက မင်းသမီးပိုင်နဲ့ လက်ထပ်ချင်တယ်လို့တောင် ပြောထားခဲ့တယ်"

တခြားလူငယ်တစ်ယောက်က တတိယမင်းသား၏နံဘေးသို့ လျှောက်လှမ်းလာကာ ပြောဆိုသည်။

တတိယမင်းသားက တည်ငြိမ်စွာတုံ့ပြန်လိုက်၏။

"ဆုချင်က ပိုင်မိသားစုရဲ့မင်းသမီးလေးပဲ...ဆုချင်ကိုလက်ထပ်နိုင်တဲ့ ဘယ်သူမဆို ပိုင်မိသားစုရဲ့ထောက်ပံ့မှုကို ရလိမ့်မယ်...တကယ်လို့ နဝမညီတော်က ပိုင်မိသားစုနဲ့ အဆက်အသွယ်တွေ တည်ထောင်ချင်တယ်ဆိုရင် သူက မင်းသမီးပိုင်ကနေ စတင်ရလိမ့်မယ်"

"တကယ်လို့ ဒီလိုကိစ္စရှိနေရင် ငါတို့က သူ့ကို အောင်မြင်ခွင့်ပြုလို့မရဘူး"

ထိုလူငယ်က ထိတ်လန့်တကြား ပြောဆိုသည်။

တတိယမင်းသားက ပြောဆိုလိုက်၏။

"နဝမညီတော်ရဲ့အ​တွေးတွေက အဲ့ဒီလိုရှိပေမယ့် ငါကတော့ အဲ့ဒီလို မတွေးထားဘူး...အရာအားလုံးက ဧကရာဇ်ရဲ့စိတ်ဆန္ဒအပေါ်မှာ မူတည်တယ်...မင်းသမီးပိုင် ဒီတော်ဝင်မြို့တော်ကို ရောက်မလာခင်အချိန်တုန်းက အပြင်မှာ သူ့ရဲ့တာအိုလက်တွဲဖော်ရှိခဲ့တယ်လို့ ငါ ကြားထားတယ်...အဲ့ဒီလူမှာ နာမည်ဂုဏ်သတင်းတချို့လည်းရှိတယ်လို့ ငါ သတင်းရထားတယ်"

လူငယ်၏မျက်နှာပေါ်တွင် အထင်အမြင်သေးသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"ပြင်ပလောကမှာ ပါရမီရှင်လို့ခေါ်ခံနေရတဲ့ကောင်တွေက ပုရွက်ဆိတ်လေးတစ်စုပဲ...ကျိုးအင်ပါယာက ကောင်းကင်ဘုံနယ်မြေထဲမှာ ပြန်ပြီးထွက်ပေါ်လာတဲ့အချိန်ကျရင် အဲ့ဒီအသုံးမကျတဲ့ ကြက်ကလေးငှယ်ကလေးတစ်သိုက်က သူတို့ရဲ့အစစ်အမှန်အဆင့်ကို မြင်သွားလိမ့်မယ်"

Chapter 4254

စာကြည့်ဆောင်၏မနီးမဝေးတွင် ပိုင်ဆုချင်ကိုစောင့်ကြပ်နေသော အစေခံများ အတန်းလိုက်ရှိနေသည်။

မနက်ခင်းနေရောင်ခြည်အောက်တွင် အရောင်အသွေးစုံလင်သော ဖီးနစ်တစ်ကောင်ဆွဲသည့် ရထားလုံးတစ်စီးကို ရပ်တန့်ထားလေ၏။ထိုရထားလုံး၏ဘေးတစ်ဖက်တချက်တွင် သံချပ်ကာဝတ်စုံဝတ် စစ်သားအယောက်ရှစ်ဆယ်က စောင့်ကြပ်နေသည်။ထိုရထားလုံး၏ထိပ်တွင် ကျားဖြူအမှတ်အသား ရေးထိုးထားသည့် အလံတစ်ခုကို လွှင့်ထူထားသည်။

ပိုင်ဆုချင်သည် ရထားလုံးအတွင်း၌ ဝင်ထိုင်လိုက်သော်လည်း သူမ၏မျက်နှာ သုန်မှုန်နေဆဲဖြစ်သည်။ဤသည်မှာ သူမ၏စိတ်နှလုံးသားအတွင်း၌ တစ်စုံတစ်ခု ရှိနေသည့်အလားပင်။

"ငါ ဘာလို့ ဒီနေ့ရှင်းမပြနိုင်တဲ့ဝမ်းနည်းမှုကို ခံစားနေရတာလဲ"

ပိုင်ဆုချင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အဝေးတစ်နေရာသို့ကြည့်ကာ သူမ၏မျက်လုံးများအတွင်းမှ သလင်းကျောက်ကဲ့သို့ကြည်လင်သောမျက်ရည်များ စီးကျလာသည်။

သူမ၏အိပ်မက်များအတွင်းတွင် အမျိုးသားတစ်ယောက်၏ပုံရိပ်ကို ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရသည်။သို့ရာတွင် ထိုပုံရိပ်သည် အလွန်ဝေဝါးနေကာ သူမသည် သူ၏နာမည်ကိုပင် မသိရှိနိုင်​ချေ။

ဤတစ်ကြိမ်တွင် သူမသည် စျာန်ဝင်စားခြင်းအခြေအနေသို့ ဝင်ရောက်ပြီးနောက် ရုတ်တရက်နိုးထလာခဲ့သည်။

သူမသည် သူမ၏အလွန်အမင်းအရေးပါသောတစ်စုံတစ်ခု ပျောက်ကွယ်သွားသကဲ့သို့ ခံစားမိလေ၏။

သို့ရာတွင် သူမ မည်ကဲ့သို့ စဉ်းစားတွေးတောသည်ဖြစ်စေ တစ်စုံတစ်ခုကိုမျှ မှတ်မိခြင်းမရှိချေ။

....

တာယွီအင်ပါယာ တော်ဝင်မြို့တော်...

လုယွီ သေဆုံးသွားခြင်းကြောင့် တော်ဝင်မြို့တော်အတွင်း၌ အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။

အတိတ်တွင် လုယွီသည် တော်ဝင်စာမေးပွဲအတွင်း၌ စမ်းသပ်မှုသုံးကြိမ်လုံးတွင် ပထမနေရာကို ရယူနိုင်ခဲ့သည်။သူသည် မရေမတွက်နိုင်သော ထိပ်သီးပါရမီရှင်များကို အနိုင်ယူကာ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိခဲ့ပေ၏။

ယခုလက်ရှိချိန်ထိတိုင် ဤသည်မှာ တော်ဝင်မြို့တော်အတွင်း၌ လူအများ စိတ်အားထက်သန်စွာပြောဆိုနေသော အကြောင်းအရာတစ်ခု ဖြစ်နေဆဲပင်။

သို့ရာတွင် ဤကဲ့သို့ပါရမီရှင်တစ်ယောက်သည် ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်း၌ သေဆုံးသွားခဲ့ရသဖြင့် လူအများအား အဆက်မပြတ် သက်ပြင်းရှိုက်နေစေသည်။

"တော်ဝင်မှတ်တမ်းရုံးကနေ လုယွီကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူးလို့ အတည်ပြုလိုက်ပြီ..သူ အသက်ရှင်သန်နိုင်ဖို့အခွင့်အရေးက မရှိသလောက်ပဲ"

"လုယွီက ချီဘုရင်ကြောင့် သေသွားခဲ့တာလို့ ငါ ကြားထားတယ်"

"ရှူး တိုးတိုး...အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လျှောက်မပြောကြနဲ့...ဘယ်လိုပဲဖြစ်ဖြစ် ချီဘုရင်က တော်ဝင်မိသားစုဝင်တစ်ယောက်ပဲ"

ကောလဟာလများက မြို့တော်အတွင်း၌ စတင်၍ပျံ့နှံလာသည်။

"ငါတို့က ဒီကိစ္စကိုစုံစမ်းဖို့အတွက် တော်ဝင်မြို့တော်ကို သွားရမယ်"

"လုရှီသေတာက ဘယ်လိုမှ မတော်တဆကိစ္စတစ်ခု မဟုတ်နိုင်ဘူး....ငါတို့က ဖြေရှင်းချက်တစ်ခု တောင်းခံရမယ်"

အင်အားစုအသီးသီးတွင်ရှိနေသော ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ကျောင်းတော်သားများအားလုံးသည် အလွန်အမင်းစိုးရိမ်ပူပန်နေကြ၏။

လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ခေါင်းဆောင်ပင်။အတိတ်တွင် သူ၏သင်ခန်းစာကို စတင်သင်ကြားစဉ်၌ မဟာကွန်ဖြူးရှပ်ပညာရှင်တချို့ပင်လျှင် လာရောက်၍နားထောင်ကြသည်။သူ၏နာမည်ဂုဏ်သတင်းသည် အလွန်အမင်းမြင့်မားပေ၏။

လုယွီနှင့်အတူတကွ ပညာသင်ယူခဲ့သော တပည့်အများစုသည် သူ့အား စီနီယာအကိုကြီးဟု ခေါ်ဆိုသုံးနှုန်းခြင်း မရှိသော်လည်း ဆရာဟုအဓိပ္ပါယ်ရသည့် လုရှီဟု ခေါ်ဆိုခဲ့ကြသည်။

ထို့ပြင် ယခုအချိန်၌ လုယွီသည် မည်သည့်အကြောင်းအရင်းကြောင့်ဟု မသိရှိရဘဲ အမွေအနှစ်နယ်မြေတစ်ခုအတွင်း၌ သေဆုံးသွားခဲ့သည်။ဤကိစ္စကို သူတို့အနက်မှမည်သူတစ်ဦးတစ်ယောက်မျှ လက်သင့်မခံနိုင်​ချေ။

မကြာမီမှာပင် အမွေအနှစ်နယ်မြေအတွင်းမှနေ၍ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့သော အသက်ရှင်ကျန်ရစ်သူများ၏ပါးစပ်များမှနေ၍ သတင်းအစအနများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်ကျမှသာ ချီဘုရင်သည် အမွေအနှစ်နယ်မြေအတွင်း၌ အလွန်ကောက်ကျစ်ယုတ်မာခဲ့ကာ တခြားလူများအားလုံးကို သတ်ဖြတ်ရန်ကြိမ်ဖန်များစွာကြိုးစားခဲ့ကြောင်း လူများအားလုံး သိရှိသွားကြသည်။

ချီဘုရင်သည် ဤတစ်ကြိမ်တွင် ပဒူအုံ၏အသိုက်ကို ဆွမိလေပြီ။

သူသည် လုယွီကို သတ်ဖြတ်လိုရုံသာမက လုမိသားစု ဝေ့မိသားစုနှင့် မြင့်မြတ်နယ်မြေများမှလူများအားလုံးကိုလည်း ပစ်မှတ်ထားလိုခဲ့သည်။သူသည် ထိုလူများအားလုံးကို အမွေအနှစ်နယ်မြေအတွင်း၌ သတ်ဖြတ်ရန်ကြိုးစားခဲ့ပေ၏။

ဤအနေအထားသည် ပြင်းထန်စပြုလာကာ....

ကျန်းမိသားစုခေါင်းဆောင်နှင့် လုမိသားစုမှကျန်းယန်အမတ်ကြီးတို့သည် အတူတကွပူးပေါင်း၍ ဝေ့မိသားစုထံသွားသည်ကို လူတချို့က တွေ့မြင်မိသည်။ဝေ့မိသားစုခေါင်းဆောင်သည်လည်း တံခါးဝမှနေ၍ သူတို့အားဆီးကြိုကာ အင်အားစုသုံးစုသည် ဝေ့အိမ်တော်အတွင်း၌ လျှို့ဝှက်၍တိုင်ပင်ဆွေးနွေးကြလေ၏။

တစ်ရက်နှင့်တစ်ည တိုင်ပင်ဆွေးနွေးပြီးနောက် ကျန်းမိသားစုခေါင်းဆောင်ကျန်းဟန်နှင့် ကျန်းယန်အမတ်ကြီးလုချန်းချင်တို့ ဝေ့အိမ်တော်အတွင်းမှ ပြန်ထွက်လာသည်။သူတို့နှစ်ယောက်သည် ရထားလုံးတစ်စီးကို အတူတကွစီးနင်း၍ ထွက်ခွာသွားကြသည်။

ကျန်းဟန်က ပြောဆိုသည်။

"ငါ အစကတော့ ဝေ့မိသားစုကို သိမ်းသွင်းဖို့အတွက် တော်တော်လေးခက်ခဲမယ်လို့ တွေးထင်ခဲ့တာ..ဒါပေမဲ့ ဝေ့မိသားစုရဲ့သဘောထားက ပိုပြီးတောင်ခိုင်မာပြတ်သားနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုချန်းချင်က သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။

"ဝေ့မိသားစုရဲ့မိန်းကလေးက ရန်စစော်ကားခံရတာကြောင့် အပြင်းအထန်နာမကျန်းဖြစ်နေတယ်လို့ ငါ ကြားထားတယ်...တကယ်လို့ တော်ဝင်မြို့တော်ထဲက နာမည်ကြီးသမားတော်တယောက်ကြောင့်သာမဟုတ်ရင် သူ သေနေလောက်ပြီ....ဝေ့မိသားစုမှာ အဖိုးတန်မြေးမလေးဆိုလို့ တစ်ယောက်ပဲရှိတယ်...သူ ဒီလိုမျိုးဖြစ်နေတာကြောင့် ဝေ့မိသားစုက ဘယ်လိုလုပ်ပြီး ဒေါသမထွက်ဘဲ နေမှာလဲ"

ထိုသို့ပြောဆိုပြီးနောက် လုချန်းချင်က ကျန်းဟန်ကိုကြည့်ကာ ပြောဆိုသည်။

"တကယ်တော့ မင်းတို့ကျန်းမိသားစုက ဒီကိစ္စမှာ ပါဝင်ပတ်သက်ဖို့ မလိုဘူးမဟုတ်လား"

ကျန်းဟန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါက ချန်းအန်းမြို့အမွေအနှစ်နယ်မြေကို မသွားခဲ့ပေမယ့် အဲ့ဒီနေရာကိုသွားခဲ့တဲ့ ငါတို့ကျန်းမိသားစုက အကြီးအကဲတွေအားလုံး သေဆုံးသွားခဲ့တယ်...ဒါက အဲ့ဒီအမွေအနှစ်နယ်မြေထဲမှာ ဘယ်လောက်ထိအန္တရာယ်များတယ်ဆိုတာပြဖို့ လုံလောက်တယ်....လုယွီက ငါ့ရဲ့ကျန်းမိသားစုကို အများကြီးကူညီပေးခဲ့တဲ့အပြင်သူက ငါ့ကိုလည်း ကူညီပေးခဲ့တယ်....ကျိုးထုံက ငါတို့ရဲ့ကျေးဇူးရှင်ကို အကွက်ချကြံစည်ဝံ့မှတော့ ငါတို့ကျန်းမိသားစုက သူ့ကို လုံးဝအလွတ်မပေးနိုင်ဘူး"

Chapter 4255

လုချန်းချင်၏မျက်လုံးများ တောက်ပသွားကာ သူက ပြောဆိုသည်။

"မင်းက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး ဆုံးဖြတ်ချက်ပြတ်သားမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ဒီကိစ္စကို အခြေခံပြီးတော့ တကယ်လို့ မင်းတို့ကျန်းမိသားစုက နောင်အနာဂတ်မှာ ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတို့လုမိသားစုက ကာကွယ်ပေးမယ်"

စာပေသူတော်စင်သုံးယောက်သည် တော်ဝင်မြို့တော်မှထွက်ခွာသွားခဲ့ကာ ကျန်းမိသားစု၏ဘိုးဘေးကျန်းဟုန်သည်လည်း သူတို့အနက်မှတစ်ယောက်ပင်။

စာပေသူတော်စင်၏ကာကွယ်ပေးမှုကို ဆုံးရှုံးသွားသဖြင့် ကျန်းမိသားစုသည် ဤအချိန်အတောအတွင်းတွင် ပြဿနာအမြောက်အများကို ရင်ဆိုင်ခဲ့ရသည်။သူတို့မိသားစု၏အဆင့်အတန်းအပေါ် စိန်ခေါ်မှုများစွာကိုလည်း ကြုံတွေ့နေရပေ၏။

"ငါတို့ကျန်းမိသားစုက ကောင်းကင်ဘုံနယ်မြေမှာ လှုပ်ရှားနေခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ...ငါတို့ရဲ့ဘိုးဘေးက စာပေသူတော်စင်တစ်ယောက်ပဲ....သူက တတိယအဆင့်အမတ်ကြီးဖြစ်ပြီးတော့ ဧကရာဇ်ကိုတောင် ဆူပူကြိမ်းမောင်းနိုင်တယ်...သူ့လိုဘုရင်တစ်ပါးကို ထည့်ပြောနေဖို့တောင် မလိုဘူး...ကြည့်ရတာတော့ ငါတို့ကျန်းမိသားစုက သည်းခံနေခဲ့တာ အချိန်အတော်ကြာသွားတဲ့ပုံပဲ....အခုက ငါတို့ကျန်းမိသားစုရဲ့နည်းလမ်းတွေကို တခြားလူတွေ မြင်တွေ့ရမယ့်အချိန်ပဲ"

ကျန်းဟန်က ကြည်လင်ပြတ်သားသောအသံဖြင့် ပြောဆိုသည်။

ထိပ်သီးမိသားစုကြီးသုံးစုသည် ချီဘုရင်ကိုပစ်မှတ်ထားရန် ရွေးချယ်ခဲ့ပြီးနောက် မကြုံစဖူးလက်စားချေမှုကြီးကို ပြုလုပ်ခဲ့ကြသည်။

နောက်တစ်နေ့တွင် တော်ဝင်နန်းတွင်း၏တော်ဝင်စစ်ဆေးရေးမှူး ဆယ့်ရှစ်ယောက်မှနေ၍ အတူပူးပေါင်းကာ ချီဘုရင်ကျိုးထုံကို စွပ်စွဲပစ်တင်သည့်စာတစ်စောင် တင်သွင်းခဲ့သည်။

ရွံရှာစပ်ဆုပ်ဖွယ်ကောင်းခြင်း...ကိုယ်ပိုင်လက်ရွေးစင်စစ်သားများကို ပျိုးထောင်ထားခြင်း... အပြစ်မဲ့သော လူအမြောက်အများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ခြင်း...တော်ဝင်မိသားစုကို သစ္စာဖောက်ခြင်း..လူအများကို လိမ်လည်လှည့်ဖျားခဲ့ခြင်း....

ဤစွပ်စွဲပြစ်တင်သည့်စာလွှာ၌ ပြစ်မှုပေါင်းနှစ်ဆယ့်လေးခုပါဝင်ပြီး ထိုပြစ်မှုများအနက်မှမည်သည့်တစ်ခုမဆို ချီဘုရင်ကျိုးထုံ၏အပြစ်များအတွက် ခိုင်မာသောသက်သေပါရှိသည်။

တော်ဝင်မြို့တော်တခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားလေ၏။ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း၌ တစ်စုံတစ်ယောက်မှနေ၍ ဘုရင်တစ်ပါးအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းပင်။

ဤတော်ဝင်စစ်ဆေးရေးမှူးများကို မည်သူမှထိန်းချုပ်နေသည်အား လူများအားလုံး သိရှိထားကြသည်။ဤအချိန်အတောအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တော်ဝင်မိသားစုသည် နောက်ဆုံး၌ လှုပ်ရှားမှုစတင်ခဲ့ပြီဖြစ်ကြောင်း လူတချို့က နားလည်သဘောပေါက်သွားပေ၏။

ဤကိစ္စတွင် တော်ဝင်စုံစမ်းရေးမှူးများသာမကဘဲ တော်ဝင်နန်းတွင်းမှ အရေးပါသောအရာရှိအမြောက်အများသည်လည်း ထောက်ခံပြောဆိုနေကြသဖြင့် သက်ရောက်မှုအလွန်ကြီးမားလာသည်။

နန်းတွင်းညီလာခံကို မတက်ရောက်သည်မှာအချိန်အတော်ကြာမြင့်နေပြီဖြစ်သော အိမ် ရှေ့စံမင်းသား ကျိုးယွမ်ရန်သည် ရွေးချယ်စရာမရှိတော့သဖြင့် နန်းတွင်းညီလာခံ ကျင်းပရတော့သည်။

"ဒီအရာရှိက တော်ဝင်နန်းတွင်းရဲ့ နာမည်ဂုဏ်သတင်းအတွက် သစ္စာဖောက်ကျိုးထုံကိုသတ်ဖြတ်ဖို့ အကြံပြုလိုပါတယ်"

"ကျိုးထုံရဲ့ရိုင်းပျတဲ့ရည်ရွယ်ချက်တွေက ကျွန်တော်တို့အပေါ်ကိုလည်း အနှေးနဲ့အမြန် ကျရောက်လာလိမ့်မယ်...အရှင့်သား ကျေးဇူးပြုပြီးတော့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေကိုစေလွှတ်ပြီး အဲ့ဒီငမိုက်သားကို ဖမ်းဆီးသတ်ဖြတ်ဖို့ အမိန့်ထုတ်ပြန်ပေးပါ"

ဖြောင့်မတ်မှန်ကန်ပြီး တင်းမာခက်ထန်သောအသံများက မဟာခန်းမအတွင်း၌ ပျံ့နှံ့နေကာ သူတို့၏စကားလုံးများအတွင်းတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

တော်ဝင်မြို့တော်အတွင်းရှိ တော်ဝင်စစ်ဆေးရေးမှူးများသည် များသောအားဖြင့် သတင်းအချက်အလက်များကို အာရုံစူးစိုက်၍ စုံစမ်းရသည်။သူတို့၏တာဝန်သည် နေရာဒေသအသီးသီးကို စုံစမ်းထောက်လှမ်း၍ စည်းမျဥ်းဥပဒေနှင့်မညီသော မည်သည့်ကိစ္စကိုမဆို အထက်သို့သတင်းပို့ရန်ပင်

ထိုတော်ဝင်ရုံးတော်အတွင်းရှိ တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးများ၏ ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားခြင်းမရှိချေ။ဥပမာအနေဖြင့် တော်ဝင်စစ်ဆေးရေးမှူးအမြောက်အများသည် တာအိုတတိယအဆင့်သို့ပင် မရောက်ရှိသေးပေ။သို့ရာတွင် တာယွီအင်ပါယာ၏အရာရှိအများစုသည် သူတို့အား မြွေများ ကင်းမြှီးကောက်များအလား ထိတ်လန့်ကြောက်ရွံ့ကြသည်။

ကျင့်ကြံခြင်းတိုင်းပြည်တစ်ခုတွင် ခွန်အားသည်သာအရာရာပင်။

ထို့ကြောင့် ယခင်ခေတ်ကာလများအတွင်းတွင် တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးများ၏ရာထူးအဆင့်အတန်းသည် မြင့်မားခြင်းမရှိချေ။

အကယ်၍ တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးတချို့သည် စည်းမျဥ်းဥပဒေနှင့်မညီသော ကိစ္စတစ်ခုကို ရှာဖွေတွေ့ရှိလျှင်ပင် တိတ်တဆိတ်သာသတင်းပို့နိုင်သည်။သူတို့အနက်မှာအများစုသည် အသက်အန္တရာယ်များပင်ကြုံတွေ့ခဲ့ရပေပြီ။

သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်၏ခေတ်ကာလအတောအတွင်း၌ ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်ပွားလာခဲ့သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချန်သည် တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးများကို အမြင့်မားဆုံးအခွင့်အာဏာ ပေးအပ်ခဲ့သည်။ထိုတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများတွင် ဧကရာဇ်ကိုယ်တိုင်ကြွချီလာသည့်အလား ပြောရေးဆိုခွင့်ရှိပေ၏။

ထိုတော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူတို့၏တံဆိပ်ပြားကို ပြသလိုက်သည်နှင့် ဧကရာဇ်ကိုယ်တိုင် ကြွရောက်လာသည့်အလား အလွန်အမင်း အခွင့်အာဏာကြီးမားသည်။

တော်ဝင်စုံစမ်းရေးမှူးယန်ကျွင်း၏လက်အတွင်း၌ ရှဖန်းဓားကိုင်ဆောင်ထားသည်ကိုထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။အကယ်၍ သူသည် လောကီအင်မော်တယ် သို့မဟုတ် မြေကမ္ဘာအင်မော်တယ်များနှင့် ရင်ဆိုင်ရလျှင်ပင် ထိုလူများအား သတ်ဖြတ်နိုင်စွမ်းရှိသည်။

ထိုကြောင့် တရားစီရင်ရေးဌာနကြီးသုံးခုအနက်မှ တစ်ခုဖြစ်သော တော်ဝင်စုံစမ်းစစ်ဆေးရေးရုံးတော်သည် အရာရှိအများစု ရန်စဝံ့ခြင်းမရှိသော တည်ရှိမှုကြီးတစ်ခုပင်။

ဤအချိန်အခိုက်အတန့်တွင် ထိုရုံးတော်မှ အရာရှိအမြောက်အများက တစ်ချိန်တည်း အဆိုတင်သွင်းနေကြသည်။သူတို့၏ကျယ်လောင်ပြီး ကြည်လင်ပြတ်သားသောအသံက မဟာခန်းမအတွင်း၌ ပဲ့တင်ထပ်နေပေ၏။

အုပ်ချုပ်ရေးနှင့်စစ်ရေးအရာရှိများ၏ရှေ့တွင် ကျိုးမိသားစု၏တော်ဝင်မိသားစုဝင်တချို့ မတ်တတ်ရပ်နေသည်။

ဤတော်ဝင်မိသားစုဝင်များ၏မျက်နှာအမူအယာများသည်လည်း မကောင်းလှချေ။သူတို့သည် ဤအရာရှိများ၏နောက်ကွယ်၌ မည်သူရှိနေသည်ကို ကောင်းစွာသိရှိထားသည်။

ဤသည်မှာ ကျန်း ဝေ့နှင့်လုမိသားစုတို့ပင်။ထိုမိသားစုတစ်စုစီ၏ အခြေခံအုတ်မြစ်များသည် နန်းတွင်း၌ရစ်ပတ်ယှက်နွယ်နေကာ အလွန်အမင်းနက်နဲသိမ်မွေ့သည်။ဤမိသားစုသုံးစု ဒေါသထွက်နေခြင်းကြောင့် အကျိုးဆက်များကို တွေးတောကြည့်နိုင်ရန် အလွန်ခက်ခဲသည်။

ကောင်းကင်ဘုံဧကရာဇ်ကျိုးထျန်းရင် သေဆုံးသွားစဉ်ကပင် ကျိုးမိသားစုအတွင်းရှိ မည်သည့်တော်ဝင်မိသားစုဝင်တစ်ယောက်မျှ ဤကဲ့သို့ဆက်ဆံခံရခြင်းမရှိချေ။

ထို့ပြင် ယခုစွပ်စွဲပြစ်တင်ခံရသူမှာ ဘုရင်တစ်ပါးဖြစ်နေသည်။

"ချီဘုရင်က တော်ဝင်ဦးရီးတော်တစ်ယောက်ပဲ ...ဒီကိစ္စတွေအားလုံးက တော်ဝင်မိသားစုရဲ့အတွင်းရေးကိစ္စတွေပဲ...ဒါကြောင့် ငါက လူတွေစေလွှတ်ပြီးတော့ ဒီကိစ္စကို စုံစမ်းခိုင်းလိုက်မယ်"

ကျိုးယွမ်ရန်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။

All Chapters