အခန်း (၄၂၅၆-၄၂၆၀)
Vol. 216 Ch. 4256-4260
Chapter 4256
ချီဘုရင်သည် အတိတ်တွင် ထီးနန်းဆက်ခံရန်အတွက် ကောင်းကင်ဘုံဧကရာဇ်ဖြစ်လာမည့် ကျိုးထျန်းရင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။
ချီဘုရင်သည် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားခဲ့သော်လည်း ကျိုးတော်ဝင်မိသားစုအတွင်း၌ အနည်းငယ်သြဇာအာဏာလွှမ်းမိုးနိုင်မှုရှိနေဆဲပင်။
အထူးသဖြင့် မင်းသားဆု သေဆုံးသွားပြီးနောက် တော်ဝင်နန်းတွင်း၌ ကျိုးမိသားစု၏လွှမ်းမိုးနိုင်မှု အလွန်အမင်းအားပျော့သွားခဲ့သည်။
ဤအချိန်တွင် အိမ်ရှေ့စံမင်းသားသည် တူညီသောမိသားစုမှ ဘုရင်တစ်ပါးအား ရင်ဆိုင်ရမည်မှာ အလွန်အမင်းဆိုးရွားသောကိစ္စပင်။ ထို့ပြင် လုယွီသည် ယခင်ကတည်းက အိမ်ရှေ့စံမင်းသားနှင့် ရန်ငြိုးရန်စရှိခဲ့သည်။ထို့ကြောင့် လုယွီအတွက်ဖြင့် ကျိုးထျန်းရင်သည် သူ၏ကိုယ်ပိုင်မိသားစုဝင်ကို ထိခိုက်နစ်နာအောင်ပြုလုပ်ရန်မှာ မဖြစ်နိုင်ချေ။
"မင်းတို့အားလုံး ဘာတွေစဉ်းစားနေလဲဆိုတာ ငါ သိတယ်...လုယွီက တော်ဝင်မြို့တော်မှာရှိနေတဲ့အချိန်တုန်းက ဘာလုပ်ခဲ့လို့လဲ...သစ်တောထဲမှာ မြင့်မြင့်မားမားပေါက်နေတဲ့ သစ်ပင်တစ်ပင်က လေပြင်းကြောင့်ဖျက်ဆီးခံရမယ်ဆိုတာ ဘယ်သူက ကြိုသိမှာလဲ...သူက ကြီးမားတဲ့ကပ်ဘေးကို အနှေးနဲ့အမြန် ရင်ဆိုင်ရလိမ့်မယ်..ဒီလောကကြီးထဲမှာ သေဆုံးသွားခဲ့တဲ့ ပါရမီရှင်တွေ အများကြီးပဲ....ဒါကြောင့် သူ သေတာကချီဘုရင့်ကြောင့်လို့ ဘယ်သူက ပြောပိုင်ခွင့်ရှိမှာလဲ....ငါတို့က ဒီကိစ္စကို နောက်ပိုင်းကျမှ ဆုံးဖြတ်မယ်"
အိမ်ရှေ့စံမင်းသားသည်အနည်းငယ်မျှစဉ်းစားတွေးတောခြင်းမပြုဘဲ အရာရှိများအားလုံး၏အဆိုတင်သွင်းမှုကို ပယ်ချလိုက်သည်။
သို့ရာတွင် အမတ်ကြီးများအားလုံး လှုပ်ရှားသွားခြင်းမရှိချေ။
"ဒါက အရှင့်သားရဲ့မိသားစုကိစ္စ မဟုတ်ဘူး...အင်ပါယာနဲ့သက်ဆိုင်တဲ့ ကိစ္စပဲ"
ဘဏ္ဍာရေးဌာန၏အမတ်ကြီးက ရုတ်တရက် ခြေတစ်လှမ်းရှေ့တက်ကာ သူ့၏လက်အတွင်း၌ မှတ်တမ်းစာလွှာတစ်ခုကို ကိုင်ထားသည်။
သူသည် အသက်လေးဆယ်အရွယ်ရှိသော လူလတ်ပိုင်းကြီးတစ်ယောက်ပင်။သူသည်ပိန်ပါးကာ သူ၏မျက်ခုံးတစ်စုံသည် ဓားများနှင့်တူညီပြီး သူ၏မျက်လုံးအကြည့်သည် အလွန်အမင်းစူးရှတောက်ပပေ၏။
နံဘေးတွေရှိနေသော မိန်းမစိုးတစ်ယောက်သည် သူ၏လက်အတွင်းရှိ မှတ်တမ်းစာလွှာကို အလျှင်အမြန်ယူဆောင်ကာ အိမ်ရှေ့စံမင်းသား၏ရှေ့ရှိ စားပွဲပေါ်၌တင်လိုက်၏။
"ကောင်းကင်ဘုံပြက္ခဒိန် ၃၈၇ခုနှစ်မြောက်ကစပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့အခွန်အခတွေ လျော့ကျသွားခဲ့တယ်...ဒါပေမဲ့တပ်ရင်းလေးခုရဲ့အသုံးစရိတ်တွေကတော့ ကြောက်ခမန်းလိလိ မြင့်တက်လာတယ်... ဘဏ္ဍာရေးဌာနကနေ စုံစမ်းစစ်ဆေးမှုတွေအရ ချီဘုရင်က လေဟာနယ်ဓားပြတွေကို ပျိုးထောင်ထားပြီးတော့ ပြင်ပဂိုဏ်းအင်အားစုတွေကို ထောက်ပံ့ပေးနေတယ်လို့ ရှာဖွေတွေ့ရှိခဲ့တယ်....သူက လေဟာနယ်ကုန်သင်္ဘောတွေကိုလည်းလုယက်ခဲ့တယ်...တစ်ချိန်တည်းမှာပဲ သူက သူ့ရဲ့ကိုယ်ပိုင်အင်အားစုကို လစာပေးဖို့အတွက် အင်ပါယာရဲ့အခွန်အခတွေထဲက ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ကြားဖြတ်ယူထားခဲ့တယ်...ဒါကြောင့် အင်ပါယာအတွက် ဘဏ္ဍာငွေတွေ အများကြီးနစ်နာသွားခဲ့တယ်"
ဘဏ္ဍာရေးအမတ်ကြီးက ကျယ်လောင်စွာ ပြောဆိုသည်။
"အရှင့်သား ကျေးဇူးပြုပြီးတော့ စုံစမ်းစစ်ဆေးပေးပါ"
အိမ်ရှေ့စံမင်းသား၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။သူသည် မှတ်တမ်းစာလွှာကိုကြည့်ကာ ထိုအရာပေါ်ရှိ အသေးစိတ်ကိန်းဂဏန်းများကို မြင်တွေ့မိလေ၏။
ဘဏ္ဍာရေးအမတ်ကြီးသည် သူ့အား လိမ်ညာမည်မဟုတ်ဟု သူ ယုံကြည်သည်။ဤသည်မှာ အမှန်တကယ်ကို တိကျခိုင်လုံသော သက်သေပင်။
သို့ရာတွင် အိမ်ရှေစံမင်းသားအား ထိတ်လန့်တုန်လှုပ်စေဆုံးကိစ္စမှာ သူရှေ့ရှိလူသည် ဌာနကြီးခြောက်ခုအနက်တစ်ခုမှ အမတ်ကြီးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ထိပ်သီးမိသားစုများ၏အင်အားသည် အမှန်တကယ်ကို အလွန်အမင်းနက်နဲသိမ်မွေ့ပေ၏။
ဤအချိန်အခိုက်အတန့်တွင် ထိုမိသားစုများ၏အင်အားများ ရုတ်တရက်ပွင့်အံ့ထွက်လာသဖြင့် အိမ်ရှေ့စံမင်းသား ထိတ်လန့်တုန်လှုပ်သွားသည်။
"တကယ်လို့ ဒီလိုမျိုး တိကျခိုင်မာတဲ့သက်သေ ရှိနေတယ်ဆိုရင်တောင်...ငါတို့က သူ့ကို မဖမ်းဆီးခင်မှာ အခြေအနေတစ်ခုလုံးကို စုံစမ်းဖို့အတွက် လူတွေလွှတ်ဖို့လိုအပ်တယ်"
အိမ်ရှေစံမင်းသားက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ကျိုးထုံက ကြီးလေးတဲ့ရာဇဝတ်မှုကို ကျူးလွန်ခဲ့တဲ့အပြင် သူ့ရဲ့လက်အောက်ငယ်သားတွေကလည်း မရိုးသားဘူး...သူတို့က ပြစ်မှုမျိုးစုံကို ကျူးလွန်ခဲ့တယ်...တော်ဝင်မြို့တော်မှာရှိတဲ့ ချီဘုရင့်ရဲ့အိမ်တော်ကို ချိတ်ပိတ်ထားဖို့ ဒီအရာရှိက အမိန့်ပေးပြီးပြီ...ချီဘုရင်ရဲ့အိမ်တော်က အစေခံနှစ်ဆယ့်ရှစ်ယောက်ကို ဝရန်းထုတ်ပြီးတော့ တချို့ကို အကျဉ်းချထားပြီးပြီ...စုံစမ်းစစ်ဆေးမှုရလဒ်တွေ မကြာခင်မှာ ထွက်ပေါ်လာတော့မယ်...အဲ့ဒီရလဒ်တွေ ထွက်ပေါ်လာတာနဲ့ လောကကြီးတစ်ခုလုံး ချီဘုရင်ရဲ့ပြစ်မှုတွေကို သိစေရမယ်"
တော်ဝင်တရားစီရင်ရေးဌာန၏ အရာရှိတစ်ယောက်ဖြစ်သော ဝေ့သုန်က ရှေ့သို့လျှောက်လှမ်းလာကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ဒေါသထွက်သွားပေ၏။
"ငါ့ရဲ့အမိန့်မရဘဲနဲ့ ဘုရင်တစ်ပါးရဲ့အိမ်တော်ကိုချိတ်ပိတ်ဝံ့တဲ့သတ္တိမျိုး မင်းကို ဘယ်သူကပေးလိုက်တာလဲ"
ဝေ့သုန်သည် သူ၏ခေါင်းကိုမော့ကာ မည်သည့်ကြောက်ရွံ့မှုမျှမရှိဘဲ အိမ်ရှေ့စံမင်းသားကို တန်းတန်းမတ်မတ်ကြည့်လိုက်သည်။
"တကယ်လို့ ဘုရင်တစ်ပါးက စည်းမျဉ်းဥပဒေကို ချိုးဖျက်မယ်ဆိုရင် သူက သာမန်လူလိုပဲ အပြစ်ပေးခံရလိမ့်မယ်...ဒီအရာရှိက သူ့ရဲ့အဆင့်အတန်းကြောင့် ဘာကိုမှ လျှော့ပေါ့ပေးမှာမဟုတ်ဘူး"
ဝေ့သုန်သည် ဝေ့မိသားစုဝင်တစ်ယောက်ပင်။
ဝေ့မိသားစုသည် ချီဘုရင်အားရင်ဆိုင်ရန် ဆုံးဖြတ်ထားကြောင်း လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး သိရှိထားသည်။
အိမ်ရှေစံမင်းသားက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ချီဘုရင်က ငါ့ရဲ့တော်ဝင်ဦးရီးတော်ပဲ...တကယ်လို့ မင်းတို့စုံစမ်းစစ်ဆေးချင်တယ်ဆိုရင် နဂါးအစောင့်ရုံးတော်ကို အရင်ဆုံးသတင်းပို့သင့်တယ်...မင်းတို့က လုပ်ပိုင်ခွင့်ထက်ကျော်လွန်တဲ့ ကိစ္စတွေကို လုပ်ခဲ့တာပဲ"
ထိုအချိန်မှာပင် မြောက်ပိုင်းနဂါးအစောင့်တပ်၏ခေါင်းဆောင် စွေ့ရွှမ်က ရှေ့သို့လျှောက်လှမ်းလာကာ ပြောဆိုသည်။
"အရှင့်သား...ချန်အန်းမြို့အပျက်အစီးနယ်မြေကနေ လွတ်မြောက်လာတဲ့ နဂါးအစောင့်တွေရဲ့သတင်းပို့မှုတွေအရ ချီဘုရင်မှာ ပုန်ကန်ဖို့ရည်ရွယ်ချက် တကယ်ရှိနေပါတယ်...အရင်ဆုံး တော်ဝင်တရားစီရင်ရေးဌာနဆီ သူ့ကို လွှဲပြောင်းပေးပြီးတော့ ဖမ်းဆီးအကျဉ်းချထားတာ ပိုမကောင်းဘူးလား"
နဂါးအစောင့်များပင်လျှင် ချီဘုရင်ကို ပစ်မှတ်ထားနေသည်။
အိမ်ရှေ့စံမင်းသား၏အသက်ရှူနှုန်းများ ရုတ်တရက် လေးလံစပြုလာသည်။
လုယွီ၏သေဆုံးသွားခြင်းကြောင့် ဤမျှထိများပြားသော အင်အားစုများ လှုပ်ရှားလာကာ သူကိုပင် ပြောင်းပြောင်းတင်းတင်းဆန့်ကျင်လာဝံ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးတောထားမိခြင်းမရှိချေ။
သူသည် ရုတ်တရက် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
ဤသည်မှာ သူသည် ယခင်က ထိုထိပ်သီးမိသားစုများ၏အစွန်အဖျားကိုသာ မြင်တွေ့ခဲ့ရပုံပင်။
Chapter 4257
"ကောင်းပြီလေ...အမတ်ကြီးတို့ ပြောတဲ့အတိုင်းလုပ်ကြတာပေါ့...အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးတစ်ယောက် စေလွှတ်ပြီးတော့ ချီဘုရင်ရဲ့ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရမယ်"
အိမ်ရှေ့စံမင်းသားသည် သဘောတူညီရန်အတွက် အတင်းအကြပ်ဖိအားပေးခံနေရသည်။ သို့ရာတွင် သူသည် နဂါးအစောင့်များကိုစေလွှတ်၍ ချီဘုရင်ကို ဖမ်းဆီးစေခြင်းမရှိချေ။
စုံစမ်းစစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းတို့သည် လုံးလုံးလျားလျားကွဲပြားခြားနားသော အခန်းကဏ္ဍနှစ်ခုပင်။
အိမ်ရှေ့စံမင်းသားသည် သူ့၏တော်ဝင်ဦးရီးတော်အပေါ် အရိုအသေမဲ့သည့်လုပ်ရပ်မျိုး မပြုလုပ်လိုချေ။ထို့ပြင် သူသည် ချီဘုရင် အရှက်ရစေမည့်ကိစ္စမျိုးကိုလည်း မဖြစ်စေလိုပေ။
ဤသည်မှာ အရာရှိအမြောက်အများသည်တော်ဝင်မျိုးနွယ်၏ဘုရင်တစ်ပါးအား ဤမျှအဆင့်ထိဖိနှိပ်နိုင်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ထိုနောက် တော်ဝင်မြို့တော်အတွင်းရှိ ချီဘုရင်၏အိမ်တော်တွင်း၌ နေထိုင်သော အရာရှိများနှင့်အစေခံများအားလုံး စုံစမ်းစစ်ဆေးရန်အတွက် တော်ဝင်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံရလေ၏။
တော်ဝင်အကျဉ်းထောင်ဟူသည်မှာ မည်ကဲ့သို့နေရာမျိုး ဖြစ်သနည်း။ရွှယ်အင်မော်တယ်တစ်ယောက်ပင်လျှင် ထိုအကျဉ်းထောင်အတွင်းသို့ ဝင်ရပါက အရှင်လတ်လတ်အရေခွံခွာခံရသောနေရာပင်။
သို့ရာတွင် မြို့တော်အတွင်းရှိ လူအမြောက်အများ အလွန်ပျော်ရွှင်နေကြသည်။ချီဘုရင်၏အိမ်တော်ရှိလူများသည် သူတို့၏အခွင့်အာဏာကို အသုံးပြု၍ တခြားလူများကိုအနိုင်ကျင့်ကာ ပြစ်မှုများကိုကျူးလွန်လေ့ရှိသည်။ထိုလူများသည် ဆိုးရွားသောကိစ္စအမြောက်အများကို ပြုလုပ်ခဲ့သဖြင့် ယနေ့ သူတို့ဖမ်းဆီးခံရသည်မှာ ဝဋ်ကြွေးပြန်ဆပ်ရခြင်းပင်။
သို့ရာတွင် ထိပ်သီးမိသားစုကြီးများ၏လှုပ်ရှားမှုများသည် ဤမျှဖြင့် ရပ်တန့်မသွားချေ။
တရားစီရင်ရေးဌာနကြီးသုံးခုတွင် ထိပ်သီးမိသားစုကြီးများ၏သက်ရောက်မှုသည် အလွန်ကြီးမားပေ၏ သူတို့သည် တော်ဝင်မြို့တော်အတွင်း၌ အခြေချထားသော ချီဘုရင်၏စီးပွားရေးလုပ်ငန်းများနှင့် စားသောက်ဆိုင်ငါးဆယ်ကျော်ကို သိမ်းယူခဲ့သည်။
ချီဘုရင်၏ချမ်းသာကြွယ်ဝမှုများအားလုံး ချိတ်ပိတ်ခြင်းခံရကာ တော်ဝင်ဘဏ္ဍာတိုက်အတွင်းသို့ ထည့်သွင်းခြင်းခံရသည်။
ကောင်းကင်ဘုံနယ်မြေရှိ လူအမြောက်အများသည် ဤသတင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။ဤကဲ့သို့ အလွန်အမင်းများပြားသော စည်းစိမ်ဥစ္စာများသည် ညတွင်းချင်းပျောက်ကွယ်သွားသဖြင့် ချီဘုရင်သည် ကြီးမားသောဆုံးရှုံးမှုကို ခံစားရပေမည်။
တော်ဝင်မြို့တော်သည် တာယွီကောင်းကင်ဘုံအင်ပါယာ၏ စီးပွားရေးဆိုင်ရာအသက်သွေးကြောပင်။
ဘုရင်အများစု၏ပိုင်နက်နယ်မြေများသည် ပြင်ပတွင်ရှိသော်လည်း သူတို့၏ဝင်ငွေတိုးပွားစေရန်အတွက် အဓိကစည်းစိမ်ဥစ္စာများကို တော်ဝင်မြို့တော်တွင်သာ ထားရှိသည်။
ထိပ်သီးမိသားစုကြီးများ၏လှုပ်ရှားမှုများသည် အလွန်လျှင်မြန်ပြီး အညှာအတာကင်းမဲ့မည်ဟု မည်သူက တွေးထင်မိမည်နည်း။
နောက်တစ်နေ့မနက်တွင် လေဟာနယ်သင်္ဘောပျံတစ်ရာကျော်သည် တော်ဝင်မြို့တော်၏ဆိပ်ကမ်းမှ ထွက်ခွာသွားကြသည်။ထိုလေဟာနယ်သင်္ဘောပျံများပေါ်တွင် တော်ဝင်နန်တွင်း၏အလံများကို ချိတ်ဆွဲထားကာ သူတို့သည် ချီဘုရင်နှင့်သူ၏အိမ်တော်မှ စီးပွားရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးရန် ထွက်ခွာသွားခြင်းဖြစ်ပေ၏။
"ထိပ်သီးမိသားစုတွေကို လျှော့တွက်လို့မရဘူး...ချီဘုရင်က မိသားစုသုံးစုကို တပြိုင်နက်တည်း ပြစ်မှားခဲ့တာက တကယ့်ကို သတ္တိကောင်းတာပဲ"
"ဒါပေမဲ့ စဉ်းစားကြည့်မယ်ဆိုရင် လုယွီမှာ အဆက်အသွယ်ကောင်းတွေ အများကြီးရှိနေတယ်...သူ သေဆုံးသွားတာတောင်မှ ဒီလိုအင်အားစုတွေကို သူ့အတွက် ခုလိုမျိုးကိစ္စတွေ လုပ်ဆောင်စေနိုင်စွမ်းရှိတယ်"
"မင်း အဲ့ဒီကိစ္စကို သေချာမစဉ်းစားမိဘူးလား... အသက်နှစ်ဆယ်အရွယ်မှာ အုပ်ချုပ်သူအရှင်ဖြစ်နေတဲ့ လူတစ်ယောက်က ပါရမီရှင်ဆိုတာထက်ပိုတယ်...သူက တကယ့်ကို မွန်းစတားဆန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ...သူ မရှိတော့ပေမယ့် ထိပ်သီးမိသားစုတွေက သူတို့ရဲ့အခွင့်အာဏာကို ပြချင်တယ်...သူတို့တွေ ခုလိုမျိုးတွေမလုပ်ဘူးဆိုရင် နောင်အနာဂတ်မှာ ဘယ်ပါရမီရှင်တွေက ဒီထိပ်သီးမိသားစုတွေထဲကိုဝင်ဖို့ ဆန္ဒရှိမှာလဲ"
လုယွီထံတွင် နက်ရှိုင်းသောအဆက်အသွယ်များ ရှိနေသဖြင့် လူအမြောက်အများ ထိတ်လန့်တုန်လှုပ်နေသည်။
သို့ရာတွင် လူတချို့ကမူ လုယွီသေဆုံးသွားသည်ကိုကြားချိန်၌ လှောင်ပြောင်သရော်နေကြသည်။ယခုအချိန်၌ မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်နေပါစေ လုယွီမရှိတော့သဖြင့် အသုံးဝင်တော့မည်မဟုတ်ပေ။
သုံးရက်အကြာတွင် ကျန်းမိသားစုသည် အိမ်တော်ထိန်းတစ်ယောက်နှင့် အစေခံဆယ်ယောက်ကျော်ကို သတ်ဖြတ်ခဲ့သည်။
အကြောင်းအရင်းမှာ ထိုအိမ်တော်ထိန်းသည် တစ်စုံတစ်ယောက်၏လာဘ်ထိုးခြင်းကို လက်ခံပြီး အစေခံတချို့နှင့်ပူးပေါင်း၍ လုရွှမ်အာကို အကွက်ချကြံစည်ခဲ့သောကြောင့်ပင်။
ထိုလူများသည် ညသန်းခေါင်ယံအချိန်ကို အခွင့်ကောင်းယူကာ လုရွှမ်အာ၏အခန်းအတွင်းသို့ဝင်ရောက်ပြီး အဆိပ်အပ်များကိုအသုံးပြုကာ သူမအား တိတ်တဆိတ်သတ်ဖြတ်လိုကြသည်။
ကံကောင်းထောက်မစွာဖြင့် လုရွှမ်အာထံတွင် သူမကို လုယွီမှပေးအပ်ခဲ့သော အသက်ကယ်ရတနာရှိနေသဖြင့် သေဘေးမှလွတ်မြောက်နိုင်ခဲ့သည်။
"လုရွှမ်အာက လုယွီရဲ့ဆွေမျိုးတစ်ယောက်ပဲ...သူ့ကိုထိတဲ့ဘယ်သူမဆိုငါတို့ကြမ်းမိသားစုရဲ့ရန်သူပဲ။
ကျန်းဟန်က ထုတ်ပြန်ကြော်ငြာကာ သူ၏ဒေါသကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ချေ။
သူသည် လုရွှမ်အာကို စာပေသူတော်စင်ကျန်း၏အဆောင်ထံသို့ အလျှင်အမြန် ပြောင်းရွှေ့နေထိုင်စေသည်။
ဤသည်မှာ အတိတ်တွင် ကျန်းမိသားစု၏ဘိုးဘေးကျန်းဟုန် နေထိုင်ခဲ့သောနေရာပင်။
ကျန်းဟုန်သည် စာပေသူတော်စင်တစ်ယောက်ပင်။သူ နေထိုင်ခဲ့သောနေရာသည် နှစ်ပေါင်းများစွာကြာသည်အထိ ဂုဏ်သတင်းကြီးမားနေဆဲဖြစ်ကာ သာမန်လူများသည် ဤအဆောင်၏အနီးသို့ ချဉ်းကပ်ဝံ့ခြင်းမရှိပေ။
တစ်ချိန်တည်းမှာပင် ကျန်းမိသားစုသည် ဆဋ္ဌမဂိတ်တံခါးနှင့် တော်ဝင်စစ်ဆေးရေးရုံးတော်သို့ သတင်းပို့ပြီး ဤကိစ္စ၏နောက်ကွယ်မှ လက်သည်တရားခံကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။
သို့ရာတွင် လုယွီ၏စွမ်းအား မြင့်တက်လာစဉ်၌ သူသည် လူအမြောက်အများနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့သည့်အပြင် ရန်သူအမြောက်အများလည်း ရှိနေခဲ့ကြောင်း လူအများစုက သတိပြုမိသွားပေ၏။
အတိတ်တွင် သူအား နာကြည်းမုန်းတီးနေသော လူအမြောက်အများရှိသည်။ယခုအချိန်၌ သူတို့သည် အခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီ၏နံဘေးပတ်ဝန်းကျင်ရှိ လူများကို လက်စားချေလိုကြသည်။
အတိတ်တွင် လုယွီ၏ခွန်အားသည် အလွန်အစွမ်းထက်သဖြင့် ထိုရန်သူများအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။
သို့ရာတွင် ယခုအချိန်၌ သူ မရှိတော့သောကြောင့် ထိုလူများသည် ရေမြောင်းအတွင်းမှ တွားသွားတက်လာသော နတ်ဆိုးများအလား ထွက်ပေါ်လာကြ၏။
Chapter 4258
လုယွီ သေဆုံးသွားသောသတင်းသည် တော်ဝင်မြို့တော်အတွင်း၌ တောမီးတစ်ခုပမာ ပျံ့နှံ့သွားသည်။
သို့ရာတွင် ဤကိစ္စသည် ကြာရှည်ခံခြင်းမရှိဘဲ တခြားအရေးကြီးသတင်းတချို့မှ အလျှင်အမြန် ဖုံးလွှမ်းသွားခဲ့သည်။
ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းရှိ သေဘေးမှလွတ်မြောက်လာသူများ၏ ဖော်ပြချက်များအရ လူများအားလုံးသည် ထိုအမွေအနှစ်နယ်မြေ၏အမှန်တရားကို နောက်ဆုံး၌သိရှိရပေ၏။
"အတိတ်တုန်းက ချန်အန်းမြို့ ပျောက်ကွယ်သွားတဲ့ နောက်ဆုံးအချိန်အခိုက်အတန့်မှာ နတ်ဆိုးတွေ တကယ်ကြီးထွက်ပေါ်လာခဲ့တာလား"
"ချန်အန်းမြို့အမွေအနှစ်နယ်မြေ ထွက်ပေါ်လာတာတောင် ထန်အင်ပါယာက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ထွက်ပေါ်မလာတာ အံ့အားသင့်စရာမရှိတော့ဘူး....အခုကြည့်ကြည့်တော့မှ သူတို့က ဒီကိစ္စတွေကို အရင်ကတည်းက ခန့်မှန်းမိပုံရတယ်"
မရေမတွက်နိုင်သောလူများမှ ချန်အန်းမြို့အမွေအနှစ်နယ်မြေအကြောင်းကို ပြောဆိုနေကြသည်။
ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းသို့ လူနှစ်သောင်းကျော်ခန့် ဝင်ရောက်သွားခဲ့သော်လည်း လူဆယ်ယောက်လျှင်တယောက်သာ အသက်ရှင်ရက်လွတ်မြောက်နိုင်ခဲ့သည်။ထိုလူများအားလုံးအနက် လူအနည်းငယ်သာလျှင် အသက်ရှင်လွတ်မြောက်နိုင်ခဲ့ပေ၏။
"ဒီလို သမိုင်းဝင်အမွေအနှစ်နယ်မြေတစ်ခုက အရမ်းအန္တရာယ်များမယ်လို့ ငါ အရင်ကတည်းက ထင်ခဲ့တယ်...ဒါက အရမ်းအန္တရာယ်များတဲ့ နေရာတစ်နေရာပဲ...ငါက အဲ့ဒီမြို့ထဲကိုမဝင်ဖို့ ရွေးချယ်ခဲ့မိတာ ဉာဏ်ပညာရှိတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားပုံရတယ်"
ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းသို့ဟမဝင်ရောက်နိုင်ခဲ့သောလူများသည် သူတို့ကိုယ်သူတို့ အမွန်းတင်၍ ပြောဆိုနေကြသည်။သူတို့သည် ယခင်က ထိုနေရာသို့ မဝင်ရောက်နိုင်သဖြင့် သူတို့၏ဝမ်းနည်းခဲ့ရမှုများကို မေ့လျော့သွားလေပြီ။
တချို့လူများသည် ရှေးဟောင်းမှတ်တမ်းများအတွင်း၌ ထန်အင်ပါယာဟောင်း၏နောက်ဆုံးမှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့သည်။
ချန်အန်းမြို့ ပျောက်ကွယ်သွားသောအချိန်အတောအတွင်းတွင် မြင့်မြတ်ပြီးအစွမ်းထက်သော ကျင့်ကြံသူများဖြစ်စေ သာမန်လူများဖြစ်စေ သွေးရူးသွေးတန်းပြေးလွှားနေကြကာ မြို့အတွင်းမှလွတ်မြောက်နိုင်ရန် ကြိုးစားနေကြသည်။
မရေမတွက်နိုင်သော ယင်သရဲတစ္ဆေများနှင့်နတ်ဆိုးသက်ရှိများက ထိုရှေးဟောင်းမြို့အတွင်း၌ ထွက်ပေါ်လာပေ၏။
အဆုံးသတ်၌ ချန်အန်းမြို့အတွင်းရှိ လူတစ်ဝက်ခန့်သည် လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။သူတို့သည် ရှေးဟောင်းမြို့ကြီးနှင့်အတူ အမှောင်ထုကြီးအတွင်း၌ နစ်မြုပ်သွားခဲ့သည်။
"အဲ့ဒီနေရာမှာ သေသွားတဲ့လူတွေက ယင်သရဲတစ္ဆေတွေ ဖြစ်သွားတာလား"
"ထန်အင်ပါယာက ချန်အန်းမြို့ကို အသည်းအသန်ရှာဖွေနေခဲ့တာ အံ့အားသင့်စရာမရှိတော့ဘူး...ချန်အန်းမြို့အမွေအနှစ်နယ်မြေ ထွက်ပေါ်လာတဲ့အချိန်ကြတော့ သူတို့က အဝေးမှာ တိမ်းရှောင်နေခဲ့တယ်...အခုကြည့်ကြည့်တော့မှ သူတို့က တာယွီအင်ပါယာက ကျင့်ကြံသူတွေကို သေဆုံးသွားအောင် တမင်သက်သက် သတင်းတွေလွှင့်ပြီး လှည့်စားခဲ့တာပါလား"
"ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတစ်ခုလဲ...ချန်အန်းမြို့အမွေအနှစ်နယ်မြေအတွင်းမှာ တာယွီအင်ပါယာရဲ့ကျင့်ကြံသူတွေ ဘယ်လောက်များများ သေသွားခဲ့လဲဆိုတာ ငါ သိချင်မိတယ်"
လူအမြောက်အများသည် အလွန်အမင်း တုန်လှုပ်ချောက်ချားနေပေ၏။ထန်အင်ပါယာ၌ အမှန်တကယ်ကိုပင် ထူးချွန်သောစစ်ဗျူဟာရှင်တယောက် ရှိနေသည်။
ဂုဏ်သတင်းကြီးမားသော ထန်အင်ပါယာသည် ချန်အန်းမြို့ကို လုံးလုံးလျားလျား လက်လျှော့အရှုံးပေးလိုက်မည်ဟု မည်သူကမျှ တွေးထင်မထားမိချေ။
အဆုံးသတ်၌ အကယ်၍ ချန်အန်းမြို့အတွင်းသို့ ဝင်သွားသောလူများသည် ထွက်လမ်းတစ်ခုကိုရှာမတွေ့နိုင်ခဲ့ပါက ထိုလူများအားလုံးသည် ရှေးဟောင်းမြို့အတွင်း၌ သေဆုံးသွားပေမည်။
သတင်းများ ပို၍ပို၍ပျံ့နှံ့လာသည်နှင့်အမျှ ရှေးဟောင်းအင်ပါယာနှင့်ပတ်သက်သောကိစ္စများသည် လူများအားလုံး၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
ရှေးဟောင်းခေတ်အတွင်းမှ အမွေအနှစ်အများစုသည် အလယ်ခေတ်အချိန်ကာလအတောအတွင်း၌ ပြတ်တောက်သွားခဲ့သည်။
ထိုကြောင့် ရှေးဟောင်းအမွေအနှစ်နယ်မြေတစ်ခု ထွက်ပေါ်လာသည့်အချိန်၌ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ ကြီးမားသောအာရုံစူးစိုက်ခံရမှုကို ဖြစ်ပွားစေသည်။
ဤရက်အနည်းငယ်အတွင်းတွင် ရှေးဟောင်းအင်ပါယာနှင့်ပတ်သက်သည့် ကိစ္စများကို ရှာဖွေဖော်ထုတ်နိုင်ရန်အလို့ငှာ လုမိသား ဝေ့မိသားစုနှင့် မြင့်မြတ်နယ်မြေဆယ်ခုထံသို့ လူအမြောက်အများ လာရောက်လည်ပတ်ကြသည်။
"မင်းတို့ ဘာမှမေးနေဖို့မလိုဘူး...ငါလည်း ဘာမှမသိဘူး...ငါတို့ အဲ့ဒီနေရာကိုဝင်သွားနိုင်ခဲ့တာက မတော်တဆပဲ...အဲ့ဒီအချိန်တုန်းက ငါတို့အားလုံး အသက်ရှင်ရက်လွတ်မြောက်ဖို့ကိုပဲ အာရုံစူးစိုက်နေကြတယ်...အဲ့ဒီရှေးဟောင်းနယ်မြေထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါတို့ မသိဘူး"
လုချန်းချင်က သူ၏လက်ကိုဝှေ့ယမ်းကာ ပြတ်ပြတ်သားသားပြောဆိုသည်။
ဝေ့မိသားစုနှင့် တခြားမြင့်မြတ်နယ်မြေဆယ်ခုမှ လူများသည်လည်း ထိုရှေးဟောင်းအင်ပါယာနှင့်ပတ်သက်သည့် မည်သည့်အချက်ကိုမျှ သူတို့မသိရှိကြောင်း ပြောဆိုကြလေ၏။
သို့ရာတွင် ထိုကျင့်ကြံသူများသည် သတင်းတချို့ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ဤသည်မှာ လုယွီသည် ထိုရှေးဟောင်းအမွေအနှစ်နယ်မြေမှနေ၍ မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကိုရရှိခဲ့ကာ ကျိုးမိသားစုဘိုးဘေး၏ဓမ္မပုံရိပ်ယောင်ကို သတ်ဖြတ်နိုင်ခဲ့သည့် သတင်းပင်။
လုယွီသည် လူငယ်တစ်ယောက်ဖြစ်သည့်တိုင် တာအိုသခင်တစ်ယောက်၏ဓမ္မပုံရိပ်ယောင်ကို အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့သလော...
ထိုသတင်းပျံ့နှံသွားချိန်၌ လူအမြောက်အများ ထိတ်လန့်တုန်လှုပ်သွားသည်။အကယ်၍ ဤတိုက်ပွဲမှတ်တမ်းသာ ထွက်ပေါ်လာပါက သူသည် ဒဏ္ဍာရီအတွင်းရှိ ပြိုင်ဘက်ကင်းပါရမီရှင်များနှင့် ပခုံးခြင်းယှဥ်နိုင်သူ ဖြစ်သွားပေမည်။
ကံအကြောင်းမလှစွာဖြင့် လုယွီသည် ကြီးပြင်းမလာမီအချိန်၌ ကြွေလွင့်သွားခဲ့ရသည်။ အကယ်၍ သူ အသက်ရှင်သန်နေပါက နောင်အနာဂတ်တွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အရေးပါသော တည်ရှိမှုကြီးတယောက်ဖြစ်လာမည်မှာ သေချာပေါက်ပင်။
ထိပ်သီးအင်အားစုများသည် သူတို့၏ပါးစပ်များကို တင်းတင်းကြပ်ကြပ်ပိတ်ထားသော်လည်း တခြားလူများသည် ထိုကိစ္စများကိုထုတ်ဖော်ပြောဆိုခြင်းမရှိဟု ဆိုလိုခြင်းမဟုတ်ချေ
မကြာမီမှာပင် ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်နယ်မြေမှ အသက်ရှင်ရက်လွတ်မြောက်လာသော လေလွင့်ကျင့်ကြံသူတစ်ယောက်သည် ပြန်ပေးဆွဲခြင်းခံရကာ အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
Chapter 4259
ဒေသခံအာဏာပိုင်များသည် ထိုပြန်ပေးဆွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာ၌ မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ချေ။
သို့ရာတွင် မကြာမီမှာပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတင်းတစ်ခုက ကောင်းကင်ဘုံနယ်မြေအတွင်း၌ ပျံ့နှံ့သွားခဲ့သည်။
ရှေးဟောင်းနယ်မြေအတွင်းတွင် ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် လူသားဧကရီဓားကို ဆုံးရှုံးသွားခဲ့ကာ နတ်ဘုရားမြင့်မြတ်အမတ်ကြီး ရှကွေ့ကျုံးသည်လည်း ရှေးဟောင်းနတ်ဆိုးဘိုးဘေးနှင့် တိုက်ခိုက်ရာ၌ ရှုံးနိမ့်ခဲ့သည်။
ဤသတင်းများပျံ့နှံလာချိန်တွင် မိုးကောင်းကင်ယံမှနေ၍ လျှပ်စီးမိုးကြိုးဖြင့် ပစ်ခတ်သည့်အလား ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။
ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် ကျိုးမိသားစုကိုဖိနှိပ်ပြီး တာယွီကောင်းကင်ဘုံအင်ပါယာ၏ဧကရီ ဖြစ်လာခဲ့ကြောင်း လူများအားလုံး သိရှိထားကြသည်။
အကြောင်းအရင်းမှာ သူမသည် လူသားဧကရာဇ်ဓား၏အသိအမှတ်ပြုမှုကို ရရှိထားသောကြောင့်ပင်။
ထိုလူသားဧကရာဇ်ဓားကိုရရှိသော မည်သူမဆို ကောင်းကင်ဘုံနယ်မြေ၏အရှင်သခင်ပင်။ဤသည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်းတွင် လူသူအများမှ အသိအမှတ်ပြုထားသောအချက်ဖြစ်ပြီး ကျိုးမိသားစုမှ ဘုရင်အများစုပင်လျှင် ထိုကိစ္စကို လက်ခံထားသည်။
လူသားဧကရာဇ်ဓား၏စွမ်းအားကို မှီခိုအားထား၍ ရှန်လင်းလုံသည် အစွမ်းထက်လာကာ တာယွီအင်ပါယာကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။သူမသည် ကောင်းကင်ဘုံနယ်မြေကို အုပ်ချုပ်နိုင်ကာ မည်သူကမျှ သူမကို ဟန့်တားနိုင်ခြင်းမရှိချေ။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ကောင်းကင်ဘုံဧကရီရှန်လင်းလုံသည် လူသားဧကရာဇ်ဓားကို အမှန်တကယ် ဆုံးရှုံးသွားခဲ့သလော....
ဤသည်မှာ သူမသည် တာယွီအင်ပါယာ၏ဧကရီနေရာအား လက်လွတ်ဆုံးရှုံးခံရခြင်းဟု ဆိုလိုခြင်းပင်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ ပြင်းထန်သောမုန်တိုင်းများ တိုက်ခတ်လာတော့မည် ဖြစ်သောကြောင့် လူများအားလုံး စိုးရိမ်ပူပန်နေကြသည်။ဂိုဏ်းများနှင့်အင်အားစုများသည် တပည့်သစ်များကို စတင်၍ခေါ်ယူနေကြကာ သူတို့၏အင်အားများကို တိုးမြှင့်နေကြသည့်။အကယ်၍ လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်လာပါက သူတို့အတွက် အကျိုးအမြတ်များ ပို၍ရရှိလာစေရန် ပြင်ဆင်နေကြခြင်းဖြစ်ပေ၏။
တချို့လူများသည် အရပ်မျက်နှာအဘက်ဘက်မှ ပျံ့နှံလာသော သတင်းများကို နားထောင်ပြီးနောက် စိတ်မအေးနိုင်ကြတော့ချေ။
"သတင်းတွေအားလုံးကို ပိတ်ဆို့ဟန့်တားကြစမ်း...အဲ့ဒီကိစ္စကိုပြောရဲတဲ့ ဘယ်သူ့ကိုမဆို ဘာသနားညှာတာမှုမှမပြဘဲ ချက်ချင်းကွပ်မျက်မယ်"
တော်ဝင်ညီလာခံအတွင်းမှနေ၍ ကောင်းကင်ဘုံဧကရီရှန်လင်းလုံ၏ တင်းမာခက်ထန်သောအသံ ထွက်ပေါ်လာသည်။
တော်ဝင်မြို့တော်အတွင်းတွင် ငါးပျံဝတ်စုံဝတ်ဆင်ထားသော နဂါးအစောင့်များသည် ရှေ့နောက်ခေါက်တုံ့ခေါက်ပြန်သွားလာ၍ ကင်းလှည့်နေကြ၏။
လက်ဖက်ရည်ဆိုင်များ စားသောက်ဆိုင်များနှင့် နေရာအများစုတွင် သူတို့သည် လူအများနှင့်စကားစမြည်ပြောဆိုရင်း စုံစမ်းထောက်လှမ်းနေကြသည်။ဤကိစ္စကို မဆင်မခြင်ပြောဆိုဝံ့သော မည်သူမဆို ချက်ချင်းဖမ်းဆီးခံရပေမည်။
သို့ရာတွင် ဤသို့ပြုလုပ်ခြင်းကြောင့် လူအများ၏စကားများကို ရပ်တန့်နိုင်ခြင်းမရှိချေ။
ဤကဲ့သို့သတင်းမျိုးကို ပိတ်ဆို့ဟန့်တားရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပေ။တော်ဝင်နန်းတွင်း၏ပိတ်ဆို့ဟန့်တားခြင်းကို ခံရပြီးနောက် ထိုသတင်း၏သက်ရောက်မှု ပို၍ပြင်းထန်လာသည်။
"ရှန်လင်းလုံဆီမှာ လူသားဧကရာဇ်ဓား မရှိတော့မှတော့ ငါတို့က သူ့ကို ဘာလို့ ဧကရီအဖြစ် လေးစားနေရမှာလဲ"
ထိုမေးခွန်းကိုမေးမြန်းလိုက်သူမှာ အညတရလေလွင့်ကျင့်ကြံသူတစ်ယောက်ပင်။
သူသည် ထိုစကားကိုပြောဆိုပြီး နောက်တစ်နေ့မှာပင် ဒေသခံအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုခံရကာ လျှို့ဝှက်၍ ကွပ်မျက်ခြင်းခံလိုက်ရသည်။
ဤလေလွင့်ကျင့်ကြံသူသည် နယ်ရုပ်တစ်ရုပ်သာဖြစ်ကြောင်း လူများအားလုံး သိရှိထားကြသည်။
"ရှန်လင်းလုံက လူသားဧကရာဇ်ဓားကို ဆုံးရှုံးသွားမှတော့ ဘယ်လိုလုပ်ပြီး ကျိုးမိသားစုကို ဆက်ပြီးဖိနှိပ်နိုင်တော့မှာလဲ"
"ကျိုးမိသားစုက အစဉ်အလာအရဆိုရင် အစစ်အမှန်တော်ဝင်မိသားစုပဲ...အိမ်ရှေ့စံမင်းသားက ဧကရာဇ် ဖြစ်လာသင့်တယ်"
"ရှေးဟောင်းနတ်ဆိုးဘိုးဘေးရဲ့လက်ထဲကို လူသားဧကရာဇ်ဓား ရောက်သွားတာက ရှန်လင်းလုံရဲ့အပြစ်ပဲ....သူက ဘယ်လိုလုပ်ပြီးတော့ ဧကရီနေရာမှာ ဆက်ပြီးနေနိုင်မှာလဲ"
မရေမတွက်နိုင်သော မေးခွန်းထုတ်မှုများကြောင့် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး လှုပ်ခတ်နေသည်။
အုပ်ချုပ်ရေးအရာရှိအမြောက်အများသည်လည်း တော်ဝင်နန်းတွင်း၏အမိန့်များကို စတင်၍ဖီဆန်လာကြသည်။သူတို့သည် ပြဿနာရှာသူတချို့ကို ဖမ်းဆီးခဲ့သော်လည်း လူများအားလုံးကို ဖမ်းဆီးခြင်းမပြုချေ။
စက္ကူတစ်ရွက်ဖြင့် မီးတောက်ကို ဖုံးလွှမ်း၍မရနိုင်ချေ။
လူသားဧကရာဇ်ဓားကို ဆုံးရှုံးလိုက်ရခြင်းကြောင့် ရှန်လင်းလုံသည် တော်ဝင်နန်းတွင်းအပေါ် အကြွင်းမဲ့ထိန်းချုပ်ပိုင်ခွင့်ကို လက်လွှတ်လိုက်ရလေပြီ။
တာယွီအင်ပါယာ၏ရှေ့တန်းတွင်ရှိနေသော စစ်သားတစ်ဝက်ကျော်သည်လည်း ထွက်ပြေးသွားကြကာ ကောင်းကင်ဘုံဧကရီရှန်လင်းလုံအပေါ် သစ္စာစောင့်သိခြင်းမရှိတော့ပေ။
ရှန်လင်းလုံသည် ကြွင်းကျန်သောစစ်သားများနှင့် ဗုဒ္ဓလောကမှဘုန်းတော်ကြီးများ၏ အင်အားကိုသာ မှီခိုအားထား၍ ထန်အင်ပါယာ၏ပြင်းထန်သောတိုက်ခိုက်မှုကို ခုခံနိုင်ရုံမျှသာရှိတော့သည်။
"အိမ်ရှေစံမင်းသား...ကျေးဇူးပြုပြီးတော့ သွားလေသူဧကရာဇ်ရဲ့အမွေအနှစ်ကို ဆက်ခံပြီးတော့ ထီးနန်းကို သိမ်းပိုက်ပေးပါ"
တော်ဝင်နန်းတွင်း၏ညီလာခံတစ်ခုအတွင်း၌ တစ်စုံတစ်ယောက်က လူသိရှင်ကြားတောင်းဆိုမှုတစ်ခုကို ပြုလုပ်လိုက်သည်။
အိမ်ရှေ့သံမင်းသားသည် အလွန်ဒေါသထွက်သွားပေ၏။သူသည် အရာရှိများအားလုံးရှေ့၌ ထိုလူကို ပြစ်တင်ကြိမ်းမောင်းကာ အကျဉ်းထောင်အတွင်းသို့ ထည့်သွင်းစေသည်။
သို့ရာတွင် မကြာမီမှာပင် ထိုလူသည် သေဆုံးသွားခြင်းမရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ထိုအစား သူသည် အကျဉ်းတောင်မှပြန်လွတ်လာကာ သူ၏အရာရှိရာထူးအဆင့် အနည်းငယ်မြင့်တက်သွားသည်။
လူအမြောက်အများ ထိတ်လန့်တုန်လှုပ်သွားသည်။တော်ဝင်နန်းတွင်း၌ အမြဲတစေ နှိမ့်ချ၍နေထိုင်ခဲ့သော အိမ်ရှေစံမင်းသားသည် ယခုအချိန်၌ သူ၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပြသလိုက်လေပြီ။
ရုတ်ချည်းဆိုသလိုပင် တော်ဝင်နန်းတွင်း၌ရှိနေသော မရေမတွက်နိုင်သည့်လူများသည် အိမ်ရှေ့စံမင်းသား၏အင်အားစုအတွင်းသို့ ဝင်ရောက်နိုင်ရ န်ကြိုးပမ်းကြတော့သည်။
"ကျိုးမိသားစုက တန်ပြန်တိုက်ခိုက်မှုကို စတင်နေပြီ....သူတို့က ရှန်လင်းလုံရဲ့ဖိနှိပ်မှုကို အချိန်အတော်ကြာအောင် ခံထားရပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တော်ဝင်မိသားစုရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေတုန်းပဲ"
"ရှေ့တန်းကနေ ထွက်ပြေးပြီးတော့ တော်ဝင်မြို့တော်ကို ရောက်လာတဲ့ စစ်သားတွေက အိမ်ရှေ့စံမင်းသားရဲ့လက်အောက်ခံတွေ ဖြစ်သွားပြီလို့ ငါ ကြားထားတယ်"
Chapter 4260
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ လှုပ်ခတ်နေမှုများကြောင့် လူများအားလုံး စိုးရိမ်ထိတ်လန့်နေကြတော့သည်။
အတွင်းနန်းတော်၏နက်ရှိုင်းသောနေရာ၌ ကြီးကျယ်ခမ်းနားသော နန်းဆောင်တခုရှိကာ တောက်ပသော ဖယောင်းတိုင်မီးများဖြင့် လင်းထိန်နေသည်။
နန်းဆောင်အတွင်း၌ စမ်းရေအိုင်တစ်အိုင်ရှိနေကာ လေထုအတွင်း၌ ပန်းရနံများမျောလွင့်လာနေပြီး လူတစ်ယောက်၏စိတ်နှလုံးသားကို လန်းဆန်းစေနိုင်စွမ်းရှိသည်။
ထိုစမ်းရေအိုင်အတွင်းမှနေ၍ နှင်းကဲ့သို့ဖြူဆွတ်သော အသားအရည်ရှိသည့် မိန်းကလေးတစ်ယောက် ထွက်ပေါ်လာသည်။ သူမ၏ပခုံးသည် ကျောက်စိမ်းကဲ့သို့နူးညံ့ချောမွေ့နေကာ သူမ၏အနက်ရောင်ဆံပင်ရှည်များကို ဖားလျားချထားပြီး ပန်းချီကားတစ်ချပ် သို့မဟုတ် အိပ်မက်တစ်ခုအတွင်းမှ ထွက်လာသည့်အလားပင်။ဤသည်မှာ ရေအိုင်အတွင်းတွင် နတ်မိမယ်တစ်ပါးရေချိုးနေသည့် ပန်းချီကားတစ်ချပ်နှင့် တူညီနေပေ၏။
မီဖေးသည် ပူနွေးသောစမ်းရေအိုင်အတွင်း၌ လဲလျောင်းနေကာ သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာစုံမှိတ်လိုက်သည်။
သူမ၏ခေါင်းနောက်တွင် တောက်ပသောအလင်းဘီးကြီးတစ်ခု ရှိနေသည်။
ဤသည်မှာ လော့ရှန်းမျိုးနွယ်အတွင်းရှိ မရေမတွက်နိုင်သော သက်ရှိများ၏ကံကြမ္မာစွမ်းအားများကြောင့် သရုပ်သကန်ထင်ဟပ်လာခြင်းပင်။ မီဖေးသည် ရေချိုးနေစဉ်အချိန်မှာပင် မြင့်မြတ်သောနတ်ဘုရားမတစ်ပါးဖြစ်သဖြင့် လူအများအား ယစ်မူးစေသောစိတ်ခံစားချက်မျိုး ဖြစ်ပေါ်စေခြင်းမရှိချေ။
"အရှင်မ....ဒီအစေခံ ပြန်ရောက်ပါပြီ"
အမျိုးသမီးအစေခံတစ်ယောက်၏အသံက ပြင်ပမှထွက်ပေါ်လာသည်။
"ဝင်လာခဲ့..."
လိုက်ကာကိုဆွဲဖွင့်လိုက်ပြီးနောက် ရုန်ယောင်က အတွင်းသို့ ဝင်ရောက်လာသည်။သူမသည် ခေါင်းကိုငုံထားကာ မီဖေးကို မော့မကြည့်ဝံ့ချေ။
"ယုချင်....ဘယ်လိုနေသေးလဲ"
မီဖေးက မေးမြန်းသည်။
ရုန်ယောင်က သူမ၏ခေါင်းကို အောက်သို့ငုံကာ တုံ့ပြန်အဖြေပေးလေ၏။
"မေပယ်မင်းသမီးက လုယွီသေသွားတဲ့သတင်းကို ကြားပြီးတဲ့နောက်မှာ ညတွင်းချင်း အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို သွားခဲ့တယ်....ဒီအစေခံက လူတွေကိုလွှတ်ပြီးတော့ သူ့ကို လမ်းတစ်လျှောက်လုံး ကာကွယ်စောင့်ရှောက်စေခဲ့တယ်...ချန်အန်းမြို့အမွေအနှစ်နယ်မြေက လုံးဝပျောက်ကွယ်သွားခဲ့ပြီ...တာအိုသခင်နယ်ပယ်ကျင့်ကြံသူတွေ စုံစမ်းစစ်ဆေးတာတောင်မှ အဲ့ဒီအမွေအနှစ်နယ်မြေကို ဘယ်လိုမှ ရှာမတွေ့ခဲ့ဘူး"
"မေပယ်မင်းသမီးက စိတ်အရမ်းထိခိုက်သွားတာကြောင့် သတိလစ်မေ့မျောသွားခဲ့တယ်...ဒီအစေခံက သူ့ကို တော်ဝင်မြို့တော်ဆီ ပြန်ခေါ်ခဲ့တယ်....တော်ဝင်သမားတော်တွေက သူကို ကုသပေးခဲ့ပြီး...မေပယ်မင်းသမီးက ဆေးသောက်ပြီးတဲ့အချိန်မှာ အိပ်မောကျသွားခဲ့တယ်"
မီဖေးက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမ၏မျက်လုံးတစ်စုံဖြင့် နန်းဆောင်၏မျက်နှာကျက်ကိုမော့ကြည့်ကာ ပြောဆိုလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် လုယွီက သူနဲ့အတူ အောက်ဘုံကနေ တက်လှမ်းလာတဲ့လူပဲ...သူ့ကို အချိန်ခဏလောက် အနားယူခွင့်ပြုလိုက်ပါ"
"လုယွီက လူငယ်ပါရမီရှင်တစ်ယောက်ဖြစ်ပြီးတော့ ယုချင်အတွက် လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်မယ်လို့ ငါ ထင်ခဲ့တယ်...ဒါပေမဲ့ သူ သေသွားမှတော့ အရာအားလုံးက အလဟဿဖြစ်သွားပြီ"
ရုန်ယောင်က မေးမြန်းသည်။
"ဒါဆိုရင် မင်းသမီးနဲ့နတ်ဘုရားမြင့်မြတ်အမတ်ကြီးကို နီးစပ်အောင် ဆက်လုပ်ကြမလား"
"အခုချိန်မှာ အဲ့ဒီကိစ္စကို ခဏမေ့ထားကြရအောင်...နတ်ဘုရားမြင့်မြတ်အမတ်ကြီးက သူရဲ့နောက်ဆုံးလောကီအချုပ်အနှောင်ကို တကယ်ကြီး ချိုးဖျက်နိုင်ခဲ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး....သူက တကယ့်ကို တာအိုသခင်တစ်ယောက် ဖြစ်သွားခဲ့ပြီ"
မီဖေး၏မျက်လုံးအတွင်း၌ အလင်းတန်းများတောက်ပနေသည်။
"နင်က အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို လူတွေစေလွှတ်ပြီးတော့ ဆက်ပြီးစောင့်ကြည့်ထားပါ...လူသားဧကရာဇ်ဓားက ပြန်ပြီးထွက်ပေါ်လာမယ်ဆိုတဲ့ ခံစားချက်တစ်ခု ငါ ရနေတယ်... တကယ်လို့ အဲ့ဒီနေရာမှာ မူမမှန်တဲ့အရိပ်အယောင်တစ်ခုခုရှိပြီဆိုတာနဲ့ ငါ့ကို ချက်ချင်းအသိပေးစမ်း"
"အိမ်ရှေ့စံမင်းသားကို အရမ်းအတင့်မရဲနဲလို့ နင် အကြောင်းကြားလိုက်ပါ...ကိစ္စတွေကို ဖြည်းဖြည်းချင်းလုပ်ရမယ်...ရှန်လင်းလုံ တစ်ခုခုဖြစ်သွားတဲ့အချိန်ကျမှ လှုပ်ရှားမှုတစ်ခုလုပ်ရင်လည်း နောက်မကျသေးပါဘူး"
"ဟုတ်ကဲ့ပါ အရှင်မ"
ရုန်ယောင်က ရိုသေလေးစားစား တုံ့ပြန်သည်။
မီဖေး၏မျက်ခုံးနှစ်ခုကြား၌ ပင်ပန်းနွမ်းနယ်မှုအရိပ်အရောင်တချို့ ထင်ဟပ်လာသည်။
"ကံဆိုးချင်တော့ သွားလေသူဧကရာဇ် နန်းတက်တဲ့အချိန်မှာ အနာဂတ်ပြဿနာတွေကို ရှင်းထုတ်နိုင်ဖို့အတွက် ကျိုးမိသားစုက ထိပ်သီးအစွမ်းထက်ကျင့်ကြံတွေကို သတ်ဖြတ်ခဲ့ရတယ်...မဟုတ်ရင် ရှန်လင်းလုံလိုမိန်းမတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ တော်ဝင်မိသားစုရဲ့ခေါင်းဆောင်နေရာကို ယူနိုင်မှာလဲ"
ဒေါင်.....
မီဖေးစကားပြောဆိုနေစဉ်မှာပင် ကျယ်လောင်သော ခေါင်းလောင်းသံတစ်သံက အဝေးတစ်နေရာမှ ထွက်ပေါ်လာသည်။
တော်ဝင်နန်းတွင်း၏ အထွတ်အမြတ်ဘုရင်တောင်ထိပ်တွင် တည်ရှိသော ဖူရှီခေါင်းလောင်းသည် တာယွီအင်ပါယာ၏ကံကြမ္မာနှင့် ဆက်စပ်နေသည်။သာမာန်အားဖြင့် ထိုခေါင်းလောင်းသည် အရေးပါသောကိစ္စတစ်ခု ဖြစ်ပွားသောအချိန်မှသာ မြည်ဟီးလေ့ရှိသည်။
ဤခေါင်းလောင်းသံပျံ့နှံ့လာသည်နှင့် ဆူညံပွက်လောရိုက်နေသော တော်ဝင်မြို့တော်တစ်မြို့လုံး ချက်ချင်းငြိမ်အတိကျသွားပေ၏။
မရေမတွက်နိုင်သောလူများသည် ရှေးဟောင်းခေါင်းလောင်းရှိရာနေရာသို့ ထိတ်လန့်တကြားကြည့်ကာ မြို့တော်တစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
"ဘာဖြစ်တာလဲ"
မီဖေးသည် ရေအတွင်းမှထွက်ကာ သူမ၏နတ်ဘုရားစွမ်းအားများဖြင့် သူမ၏နန်းတွင်းဝတ်စုံကို ဝတ်ဆင်ပြီးဖြစ်သည်။သူမ၏နူးညံ့သေးသွယ်သောခြေထောက်ဖြင့် မြေပြင်ပေါ်သို့ လျှောက်လှမ်းလိုက်ကာ သူမတို့နှစ်ယောက်သည် နန်းးဆောင်၏ပြင်ပသို့ ထွက်လိုက်ကြ၏။
ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သောလူများသည် သူတို့၏အိမ်များအတွင်းမှထွက်ပြီး ခေါင်းလောင်းသံမြည်ဟီးသောနေရာသို့ ဦးတည်၍ကြည့်နေကြသည်။
ဒေါင်...ဒေါင်...ဒေါင်...
ဖူရှီခေါင်းလောင်းသည် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်၏ထိန်းချုပ်မှုအောက်သို့ ရောက်နေသည့်အလား အဆက်မပြတ်မြည်ဟီးနေသည်။
တိုက်ပွဲတွင်အောင်နိုင်ပါက အကြိမ်သုံးဆယ်မြည်ဟီးသည်။
ကောင်းကင်နှင့်မြေပြင်ကို ယစ်ပူဇော်ခြင်းပြုလုပ်ပါက အကြိမ်ခြောက်ဆယ်မြည်ဟီးပေ၏။
ဧကရာဇ်သေဆုံးသွားပါကအကြိမ်ကိုးဆယ် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ ဖူရှီခေါင်းလောင်းသည် အချိန်တစ်နာရီလုံး မရပ်မနား မြည်ဟီးနေခဲ့သည်။
မိုးကောင်းကင်ယံအတွင်း၌ မြူခိုးများဖြင့်ပြည့်နှက်နေကာ နတ်ဆိုးကျားတကောင်က နေမင်းကိုဝါးမြိုနေသည့် ထူးဆန်းသောသဘာဝလွန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ဤအချိန်သည် နေ့လည်ခင်းအချိန်ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများလွှမ်းခြုံသွားကာ လောကကြီး၏အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလားပင်။
"ငါက လောကတောင်နှစ်ခုတောင်တန်းက လာတာပါ.....ငါ့မှာ အရေးပေါ် သတင်းပို့စရာတစ်ခု ရှိနေတယ်"
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူတစ်ယောက်သည် အမှောင်ထုအတွင်းမှ ပြေးထွက်လာကာ နန်းတော်တံခါးမကြီး၏ရှေ့သို့ ရောက်ရှိလာပြီး တက်လှမ်းခြင်းစည်တော်ကို တီးခတ်လိုက်၏။