အခန်း (၄၂၆၁-၄၂၆၅)
Vol. 216 Ch. 4261-4265
Chapter 4261
တော်ဝင်နန်းတော်မှလူများသည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော ကျင့်ကြံသူကို မြင်တွေ့ချိန်၌ ထိတ်လန့်တုန်လှုပ်သွားသည်။
ထိုအနက်ရောင်ဝတ်စုံသည် မင်ကဲ့သို့မည်းနက်နေကာ ရင်ဘတ်ပေါ်တွင် ဒိုင်းပုံရင်ထိုးတခု ရှိနေသည်မှလွဲ၍ တခြားမည်သည့်အပိုအမှတ်အသားမျှ ရှိမနေချေ။
"လောကနှစ်ခုတောင်တန်းစစ်တပ်ကလူကဘာလို့ တော်ဝင်မြို့တော်မှာ ထွက်ပေါ်လာတာလဲ"
တော်ဝင်မြို့တော်အတွင်း၌ရှိနေသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ထိတ်လန့်တကြားဖြစ်သွားကြသည်။
ကောင်းကင်ဘုံနယ်မြေ၏အဆုံးသတ်နေရာတွင် ကောင်းကင်ဘုံနယ်မြေနှင့်ပြင်ပနယ်မြေများအကြား၌ မိုင်ပေါင်းသောင်းနှင့်ချီရှည်လျားသော တောင်တန်းကြီးတစ်ခုရှိသည်။ထိုနေရာသည် ဝေးလံခေါင်သီပြီး တောင်တန်းများသည်အလွန်အမင်းမြင့်မားသဖြင့် နယ်မြေနှစ်ခုကို လုံးလုံးလျားလျားပိုင်းခြားထားသည်။
အတိတ်တွင် ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနယ်မြေတစ်လျှောက် ထင်ရာစိုင်းသောင်းကျန်းနေကြသည်။ထိုအချိန်တွင် ပြင်ပလေဟာနယ်မှ ရှေးဟောင်းနတ်ဆိုးများ ကောင်းကင်ဘုံနယ်မြေသို့ အရောက်တွင် လူသားကျင့်ကြံသူများသည် ဒြပ်စင်ငါးပါးတောင်တန်းမှနေ၍ ခုခံကာကွယ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုတောင်တန်းကို 'လောကနှစ်ခုတောင်တန်း'ဟု အမည်ပြောင်းလဲကာ လူသားကျင့်ကြံသူများသည် ရှေးဟောင်းနတ်ဆိုးများ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ခဲ့ပေ၏။
လောကနှစ်ခုတောင်တန်း၏ခုခံကာကွယ်မှုသည် အလွန်အမင်းတင်းကြပ်ကာ ခံတပ်ကြီးများကို မြင့်မားစွာတည်ဆောက်ထားသည်။ထိုစစ်တပ်အတွင်းရှိ စစ်သားများအားလုံးသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ရသောကြောင့် သူတို့အား အနက်ရောင်ဝတ်ရုံစစ်တပ်ဟု ခေါ်သည်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ စစ်ပွဲများအပြင်းထန်ဆုံးအချိန်ကပင် အနက်ရောင်ဝတ်ရုံစစ်တပ်သည် ကောင်းကင်ဘုံနယ်မြေသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိချေ။
သူတို့၏တာဝန်သည် လောကနှစ်ခုတောင်တန်းကိုအခိုင်အမာစောင့်ကြပ်ကာ ရှေးဟောင်းနတ်ဆိုးများ သေမျိုးလောကအတွင်းသို့ တဖန်ပြန်၍ဝင်ရောက်လာမည်ကို ကာကွယ်ဟန်တားရန်ပင်။
ထိုစစ်တပ်သို့ သူတို့၏သဘောဆန္ဒအလျောက်ဝင်ရောက်သူတချို့မှလွဲ၍ အနက်ရောင်ဝတ်ရုံစစ်တပ်တွင် တောပုန်းဓားပြများ နယ်နှင်ဒဏ်ပေးခံရသောအကျဉ်းသားများ နတ်ဆိုးကျင့်ကြံသူများနှင့် ပြေးရန်မြေမရှိသောကျင့်ကြံသူတချို့သာရှိသည်။
တာယွီဥပဒေတွင် အပြင်းထန်ဆုံးအပြစ်ဒဏ်သည် လောကနှစ်ခုတောင်တန်းသို့ နယ်နှင်ဒဏ်ပေးခြင်းပင်။ဆိုလိုသည်မှာ ထိုလူများသည်သူတို့၏ဘဝသက်တမ်းတစ်လျှောက်၌ ကောင်းကင်ဘုံနယ်မြေသို့ ပြန်လာနိုင်တော့မည်မဟုတ်ဘဲ ထိုတောင်တန်း၌သာ သူတို့သေဆုံးသွားသည့်အချိန်ထိ နေထိုင်သွားရပေမည်။
ဤသည်မှာ အနက်ရောင်ဝတ်ရုံဝတ်လူတစ်ယောက်ကို ဤနေရာ၌မြင်တွေ့ရသည့် ပထမဆုံးအကြိမ်ပင်။
"ဖြစ်နိုင်တာတော့ လောကနှစ်ခုတောင်တန်းမှာ တစ်ခုခုဖြစ်နေတာများလား"
"ချန်အန်းမြို့အမွေအနှစ်နယ်မြေထဲမှာ ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ကောင် ပုန်းအောင်းနေတယ်လို့ ငါ ကြားထားတယ်...ဒါက ရှေးဟောင်းနတ်ဆိုးတွေ ပြန်ပြီးထွက်ပေါ်လာတော့မယ့် အရိပ်အယောင်များ ဖြစ်နေမလား"
လူအများထံ၌ ကွဲပြားခြားနားသောအမြင်များ ရှိနေသည်။လူအများစုသည် သူတို့၏ခေါင်းများထက်၌ ထက်ရှသောဓားတစ်လက် ရစ်ဝဲနေကာ အချိန်မရွေးပြုတ်ကျလာနိုင်သည့်အလား ခံစားနေရသည်။
အိမ်ရှေ့စံမင်းသားသည် ထိုအနက်ရောင်ဝတ်ရုံဝတ်ကျင့်ကြံသူကို ဆင့်ခေါ်လိုက်၏။တချိန်တည်းမှာပင် တော်ဝင်နန်းတွင်း၏လုံခြုံရေးကို ပို၍တင်းကြပ်လိုက်ကာ တစ်စုံတစ်ယောက်ခိုးဝင်မလာနိုင်စေရန် တားဆီးဟန့်တားလိုက်သည်။
ဖူရှီခေါင်းလောင်းသည် တစ်ရက်တိုင်တိုင် မြည်ဟီးပြီးနောက် ရပ်တန့်သွားသည်။
ခေါင်းလောင်းသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသဖြင့် ပတ်ဝန်းကျင်ရှိကြယ်နယ်မြေများမှလူများပင်လျှင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို စုံစမ်းရန်အတွက် တော်ဝင်မြို့တော်သို့ ရောက်ရှိလာကြသည်။
ရုတ်ချည်းဆိုသလိုပင် သတင်းတစ်ခုက တော်ဝင်နန်းတွင်း၌ တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
စာပေသူတော်စင်သုံးယောက်အနက်မှ တစ်ယောက်ဖြစ်သော သောက်ရီ သေဆုံးသွားလေပြီ။
ထိုသတင်းကိုကြားချိန်တွင် မရေမတွက်နိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများသည် နေရာမှာပင် တောင့်တင်းသွားကာ သူတို့၏စိတ်ခံစားချက်များကို အချိန်အတော်ကြာသည်အထိ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခြင်းမရှိတော့ပေ။
စာပေသူတော်စင်သုံးယောက်အနက် သောက်ရီသည် အမြဲတစေ သိုသိုသိပ်သိပ်နေလေ့ရှိသူပင်။
သူ့ထံတွင် မိသားစုမရှိသည့်အပြင် တပည့်တစ်ယောက်မျှမရှိချေ။သူ၏ဘဝတစ်လျှောက်၌ စာကြည့်ဆောင်အတွင်း၌သာ နေထိုင်ကာ ကျင့်ကြံခြင်း သို့မဟုတ် ရှေးဟောင်းကျမ်းစာများလေ့လာခြင်းတို့ကို ပြုလုပ်နေလေ့ရှိသည်။
ယခုလက်ရှိအချိန်တွင် တာယွီအင်ပါယာအတွင်း၌ ကျယ်ပြန့်စွာဖြန့်ချီထားသည့် တာအိုကျမ်းစာများနှင့်ကောင်းကင်ဘုံနယ်မြေ၏သမိုင်းစဥ်စာအုပ်တို့ကို သောက်ရီမှ ဖန်တီးထားခြင်းဖြစ်သည်။
အနက်ရောင်ဝတ်ရုံဝတ်လူ၏စကားများအရ စာပေသူတော်စင်သုံးယောက်သည် တော်ဝင်မြို့တော်မှ ထွက်ခွာလာပြီးနောက် လောကနှစ်ခုတောင်တန်းသို့ ရောက်ရှိလာပေ၏။
မိုးကောင်းကင်ယံအတွင်း၌ သွေးလတောက်ပနေကာ အနက်ရောင်မြူခိုးများက နေရောင်ခြည်ကို လွှမ်းခြုံသွားသည်။ထိုထူးဆန်းသောသဘာဝလွန်ပုံရိပ်ကို လောကနှစ်ခုတောင်တန်း၌ မကြာခဏတွေ့မြင်နိုင်သည်။
ထိုထူးဆန်းသောသဘာဝလွန်ပုံရိပ် ထွက်ပေါ်လာခြင်းနှင့်အတူ ရှေးဟောင်းနတ်ဆိုးများသည်လည်း လောကနှစ်ခုတောင်တန်းကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ကြလေ၏။
ထိုရှေးဟောင်းနတ်ဆိုးများကို ကြည့်ရသည်မှာ ဆင့်ခေါ်သံတစ်သံကို အာရုံခံမိနေသည့်အလားပင်။သူတို့သည် သူတို့၏အသက်များကို အနည်းငယ်မျှဂရုမစိုက်တော့ဘဲ ရှေ့သို့တရကြမ်းတိုးဝင်ကာ ကောင်းကင်ဘုံနယ်မြေအတွင်းသို့ ဝင်ရောက်လိုကြသည်။
လောကနှစ်ခုတောင်တန်း၌ နတ်ဆိုးဘိုးဘေးအဆင့်သို့ရောက်ရှိနေသော တည်ရှိမှုအမြောက်အများရှိနေသည်။
သေရေးရှင်ရေးအချိန်အခိုက်အတန့်၌ သောက်ရီသည် သူ၏အသက်အရင်းအမြစ်ကို လောင်ကျွမ်းစေကာ နွေဦးဆောင်းဦးရှေးဟောင်းစာအုပ်တစ်အုပ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ထိုနွေဦးဆောင်းဦးစာအုပ်အတွင်း၌ ကိန်းအောင်းနေသော မြင့်မြတ်သည့်အရှိန်အဝါများဖြင့် သူသည် သန်းနှင့်ချီသောရှေးဟောင်းနတ်ဆိုးများကို ဖိနှိပ်နိုင်ခဲ့ကာ ရှေးဟောင်းဘိုးဘေးတစ်ကောင်ကိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
သူကိုယ်တိုင်ကမူ နွေဦးဆောင်းဦးစာအုပ်ထွက်ပေါ်လာခြင်းနှင့်အတူ သေဆုံးသွားခဲ့ကာ သူ၏တာအိုသည်လည်း ပျက်ပြယ်သွားပေ၏။
"လူသားမျိုးနွယ်ရဲ့ စာပေသူတော်စင်တစ်ပါး သေဆုံးသွားခဲ့ပြီ"
မရေမတွက်နိုင်သောလူများသည် လမ်းများထက်၌လမ်းလျောက်ကာ သူတို့၏မျက်လုံးများအတွင်း၌ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ တချို့လူများသည် လောကနှစ်ခုတောင်တန်းထံသို့ဦးတည်၍ ဦးညွှတ်အရိုအသေပြုနေကြသည်။
နေရာဒေသအသီးသီးတွင်ရှိနေသော လူများအားလုံးသည် ဝမ်းနည်းပူဆွေးခြင်းဝတ်စုံများကိုဝတ်ဆင်ကာ စာပေသူတော်စင်သောက်ရီ၏သေဆုံးသွားခြင်းကို နှုတ်ဆက်လိုက်ကြ၏။
ခုနစ်ရက်ကြာပြီးနောက် တော်ဝင်နန်းတွင်းမှနေ၍ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး နွေဦးဆောင်းဦးရာသီသို့ရောက်ရှိချိန်၌ ပြက္ခဒိန်နှစ်သစ်အဖြစ်စတင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကောင်းကင်ဘုံပြက္ခဒိန်သည် နှစ်ပေါင်း၃၉၉နှစ်ကြာအောင် အသုံးပြုခဲ့ပြီးနောက် အဆုံးသတ်သွားခဲ့သည်။စာပေသူတော်စင်သောက်ရီ ကြွေလွင့်သွားခဲ့ရသောနှစ်သည် ပထမဆုံးနှစ်သစ်ဖြစ်လာပေ၏။
Chapter 4262
နွေဦးဆောင်းဦးကာလ အဆုံးသတ်သွားချိန်၌ ဆောင်းရာသီသို့ ရောက်ရှိလာလေပြီ။
တာယွီတော်ဝင်နန်းတွင်းတစ်ခုလုံး၌ ဝမ်းနည်းကြေကွဲသော အငွေ့အသက်များ လွှမ်းခြုံနေဆဲပင်။မြို့တော်မှမိသားစုတိုင်းသည်လည်း စာပေသူတော်စင်သောက်ရီ၏သေဆုံးသွားခြင်းအတွက် ငွေစက္ကူများမီးရှို့နေကြဆဲပင်။
သောက်ရီသည် အမြဲတစေ သိုသိုသိပ်သိပ်နေထိုင်ခဲ့သူဖြစ်ပေ၏။သူသည် စာပေသူတော်စင်တစ်ယောက်ဖြစ်သဖြင့် ရိုသေလေးစားခြင်းခံရသော်လည်း တပည့်တစ်ယောက်ကိုမျှ လက်ခံခဲ့ခြင်းမရှိပေ။သူသည် တစ်ယောက်တည်းနေထိုင်ကာ အကယ်၍ သူ့ထံတွင် စိုးရိမ်ပူပန်စရာကိစ္စတစ်ခုရှိနေပါက တာအိုကျင့်ကြံရာ၌ အာရုံမစူးစိုက်နိုင်မည်ကို စိုးရိမ်နေသည့်အလားပင်။
သို့ရာတွင် သူသည် ကျမ်းစာအမြောက်အများကို ရေးသားပြုစုခဲ့ပေ၏။
အလယ်ခေတ်အချိန်ကာလအတွင်းမှ ပြတ်တောက်သွားခဲ့သော ရှေးဟောင်းစာအုပ်တချို့ကို သောက်ရီ၏ ရှင်းပြချက်များ ဖြည့်စွက်မှုများဖြင့် ပြီးပြည့်စုံအောင်ပြုလုပ်ပြီး လက်ဆင့်ကမ်းနိုင်ခဲ့သည်။
ကောင်းကင်ဘုံနယ်မြေအတွင်းမှ ဂိုဏ်းအများစုကျင့်ကြံသော ကျင့်ကြံနည်းစနစ်များသည် သောက်ရီရေးသားပြုစုခဲ့သော ကျမ်းစာများမှ အနှစ်ချုပ်ထုတ်ယူထားသောအရာများပင်။
သူသည် တပည့်တစ်ယောက်ကိုမျှ လက်ခံခဲ့ခြင်းမရှိသော်လည်း သူသည် လောကတစ်ခုလုံး၏ဆရာသခင် ဖြစ်နေလေပြီ။
သို့ရာတွင် စာပေသူတော်စင်သေဆုံးသွားသောသတင်းသည် မပျက်ပြယ်သေးမီမှာပင်ပို၍ထိတ်လန့်ဖွယ်ကောင်းသော တခြားသတင်းတစ်ခု ပျံ့နှံ့လာသည်။
ကျားလှောင်အိမ်ခံတပ်၏ပြင်ပ၌ ထန်စစ်တပ်၏အရိပ်အယောင်များကို ရှာဖွေတွေ့ရှိခဲ့လေ၏။
ထန်စစ်တပ်သည် လက်ရွေးစင်သံချပ်ကာတပ်ကိုအသုံးပြုကာ တော်ဝင်မြို့တော်၏ပြင်ပရှိ ခံတပ်ငယ်ဆယ့်ကိုးခုကိုချိုးဖျက်ပြီး ကျားလှောင်အိမ်ခံတပ်ကို တော်ဝင်မြို့တော်၏အနီးသို့ဆုတ်ခွာစေရန် ဖိအားပေးနိုင်ခဲ့သည်။
ကျားလှောင်အိမ်ခံတပ်တစ်ခုလုံး ထိတ်ထိတ်ပျာပျာဖြစ်နေကာ အရေးပေါ်သတိပေးစာလွှာများကလည်း နှင်းပွင့်လွှာများအလား တော်ဝင်မြို့တော်ထံသို့ တဖွဲဖွဲရောက်ရှိလာသည်။
လူအများသည် စိုးရိမ်ပူပန်စပြုလာပေ၏။ထန်စစ်တပ်သည် ဤကဲ့သို့ လျှင်မြန်သောအရှိန်နှုန်းဖြင့် တာယွီအင်ပါယာ၏ဗဟိုချက်နေရာသို့ ချီတက်လာမည်ဟု သူတို့အားလုံး တွေးထင်ထားမိခြင်းမရှိချေ။
"ထန်စစ်တပ်က ဘာလို့ ဒီလောက်ထိ အဝေးကြီးကို ချီတက်လာနိုင်တာလဲ...သူတို့က လော့ရွှေကြယ်မြစ်မှာ စစ်စခန်းချထားတာ မဟုတ်လား"
"ကျားလှောင်အိမ်ခံတပ်ကို သူတို့ချိုးဖျက်သွားတာက မြေပြန့်ပေါ်မှာ လမ်းလျှောက်နေသလိုပဲ....တာယွီအင်ပါယာဘက်ကစစ်သားတွေ နည်းနည်းလေးတောင် မခုခံနိုင်ခဲ့ဘူး"
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နောက်ဆုံး၌ ထိတ်လန့်တုန်လှုပ်သွားပေ၏။
စစ်ပွဲသည် နောက်ဆုံး၌ လူများအားလုံးထံသို့ ရောက်ရှိလာပြီဖြစ်ရာ သူတို့သည် မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။
"ဒါဆိုရင် ချန်အန်းမြို့က ငါးစာတစ်ခုသက်သက်ပဲ....ရှေးဟောင်းမြို့တော်တခု ပြန်ပြီးထွက်ပေါ်လာတာ အံအားသင့်စရာမရှိတော့ဘူး... ထန်အင်ပါယာက ချန်အန်းမြို့ကို ငါးစာအဖြစ်သုံးပြီးတော့ တော်ဝင်နန်းတွင်းရဲ့စိတ်အာရုံကို ဆွဲဆောင်ခဲ့တယ်....သူတို့က တာယွီစစ်တပ်ထဲမှာလည်း သူလျှိုတွေအများကြီးကို မွေးမြူထားခဲ့တယ်...သူတို့ရဲ့ပစ်မှတ်က တော်ဝင်မြို့တော် ဖြစ်နေတာပါလား"
ဤအချိန်အခိုက်အတန့်၌ လူများအားလုံး နားလည်သဘောပေါက်သွားသည်။သို့ရာတွင် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။
ရှန်လင်းလုံသည် စစ်တပ်ကိုဦးဆောင်၍ တာယွီစစ်တပ်၏ပင်မအင်အားစုများအားလုံးကို ခေါ်ဆောင်သွားခဲ့သည်။ယခုအချိန်တွင် တော်ဝင်မြို့တော်၌ အသုံးပြုနိုင်သည့်စစ်အင်အားအမြောက်အများရှိမနေချေ။
အိမ်ရှေ့စံမင်းသားသည် စာတစ်စောင်ရေးသား၍ ရှန်လင်းလုံထံသို့ အလျှင်အမြန်ပေးပို့ခဲ့သည်။သူမသည် စစ်တပ်ကိုဦးဆောင်၍ သူတို့အား လာရောက်ကယ်တင်ရန် သူ မျှော်လင့်ခဲ့ပေ၏။သို့ရာတွင် ထိုစာလွှာသည် ပင်လယ်အတွင်းသို့နစ်မြုပ်သွားသော ကျောက်တုံးတစ်တုံးအလား မည်သည့်တုံ့ပြန်မှုမျှ ရောက်ရှိမလာချေ။
ရှန်လင်းလုံသည် တော်ဝင်မြို့တော်ကိုလက်လွှတ်ရန် ရွေးချယ်ခဲ့ပေ၏။
ဤအချိန်ကျမှသာ အိမ်ရှေ့စံမင်းသားက သူသည် ရှန်လင်းလုံကိုဖယ်ထုတ်၍ တာယွီအင်ပါယာ၏ဧကရာဇ်ဖြစ်လာရန် ယခင်ကကြိုးစားခဲ့မှုများအားလုံးသည် တရားလွန်ဖြစ်သွားခဲ့ကြောင်း သိနားလည်သွားသည်။ဤသည်မှာ ကောင်းကင်ဘုံဧကရီရှန်လင်းလုံကို စိတ်မကျေမနပ်ဖြစ်သွားစေခဲ့ပုံပင်။
အကယ်၍ ရှန်လင်းလုံသည် စစ်တပ်များကို ပြန်လည်၍စေလွှတ်လိုလျှင်ပင် မလွယ်ကူလှချေ။အကြောင်းအရင်းမှာ ရှန်လင်းလုံကိုယ်တိုင်သည်လည်း ထန်အင်ပါယာ၏တိုက်ခိုက်မှုကို ခုခံနေရသောကြောင့်ပင်။ထို့ကြောင့် တော်ဝင်မြို့တော်၏အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။
မဟာခန်းမ၌.....
အိမ်ရှေ့စံမင်းသား၏ဒေါသတကြီးအော်ဟစ်သံက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
"မင်းတို့အားလုံးက အမှိုက်ကောက်တွေလား....ကျားလှောင်အိမ်ခံတပ်ကို ထန်စစ်တပ်ရောက်လာတဲ့အချိန်ကျမှ မင်းတို့အားလုံး ဘာလို့ နားလည်သဘောပေါက်ကြတာလဲ....တကယ်လို့ ငါက ဝက်တစ်ကောင်ကို အဲ့ဒီနေရာမှာ စောင့်ကြပ်ဖို့ပိုထားရင်တောင် ထန်စစ်တပ်ကိုမြင်တာနဲ့ အဲ့ဒီဝက်က အော်နေလိမ့်မယ်"
အရာရှိများအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ထိုနောက် သူတို့သည် စုံစမ်းစစ်ဆေးရန်အတွက် ကြယ်မြေပုံကို အသုံးပြုလိုက်ကြသည်။သို့ရာတွင် သူတို့ မည်သို့ပင်ကြိုးစားသည်ဖြစ်စေ ထန်စစ်တပ်၏လက်ရွေးစင်သံချပ်ကာစစ်တပ်သည် သူတို့၏ရှေ့၌ မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို ရှာဖွေဖော်ထုတ်နိုင်စွမ်းမရှိပေ။
ကျားလှောင်အိမ်ခံတပ်မှ စစ်ဗိုလ်ချုပ်၏ ခန့်မှန်းချက်အရ ထန်စစ်တပ်ထံတွင် အနည်းဆုံးအင်အားဆယ်သန်းခန့် ရှိနေသည်။
တပ်အတွင်း၌ ရာနှင့်ချီသောစစ်သင်္ဘောများကို ရပ်တန့်ထားကာ ထန်အင်ပါယာ၏အလံများက လေထုအတွင်း၌ လူးလွန့်နေသည့်။ဤကဲ့သို့ ကြီးမားသောအင်အားစုဖွဲ့မှုကြီးတစ်ခုကို တာယွီအင်ပါယာဘက်မှနေ၍ ယခင်ကတည်းက ရှာဖွေတွေ့ရှိသင့်သည်။
သို့ရာတွင် တော်ဝင်မြို့တော်၏ရှေ့တန်းနှင့် ပတ်ဝန်းကျင်နေရာတဝိုက်တွင်ရှိသော စစ်တပ်များမှာ စစ်ဗိုလ်ချုပ်များနှင့်စစ်သားများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်သတင်းမျှ ထွက်ပေါ်မလာခဲ့ချေ။
"ထန်စစ်တပ် ချီတက်လာတာကို ပေးပို့တဲ့သတင်းတွေက တော်ဝင်မြို့တော်ထိမရောက်ခင် လမ်းတဝက်မှာ ဖျက်ဆီးခံရတာကအကြောင်းအရင်းတစ်ခုရှိနေမယ်လို့ ငါ ထင်တယ်"
စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်က ရှေ့သို့ထွက်လာကာ အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
ထိုစစ်ဗိုလ်ချုပ်အိုကြီးသည် အလွန်အတွေ့အကြုံရင့်ကျက်သဖြင့် သူ၏စကားလုံးများသည် ယုံကြည်လက်ခံဖွယ်ရာပင်။
Chapter 4263
"ဒါက မယုံကြည်နိုင်စရာပဲ"
မဟာခန်းမအတွင်းရှိလူများသည် သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြကာ ထိုကိစ္စကို သူတို့အားလုံး ယုံကြည်လက်ခံနိုင်ခြင်းမရှိကြောင်း ဖော်ပြနေသည်။
ဤကဲ့သို့အရှိန်နှုန်းတစ်ခုကို ရရှိရန်အလို့ငှာ ထန်စစ်တပ်သည် သစ်ရွက်ကြွေများကို လှည်းကျင်းသွားသည့် ဆောင်းဦးလေအလား အတားအဆီးများအားလုံးကို ပြင်းထန်သောအရှိန်အဟုန်ဖြင့် ဖယ်ရှားရန်လိုအပ်သည်။
ထန်စစ်တပ်သည် အစွမ်းထက်သော်လည်း ဤကဲ့သို့အအရှိန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
"ငါက အခုလက်ရှိတိုက်ပွဲမှတ်တမ်းတွေကို စိစစ်ပြီးပြီ....ကျားလှောင်အိမ်ခံတပ်ကနေ ထန်စစ်တပ်ကို ရှာဖွေတွေ့ရှိပြီးတဲ့အချိန်မှာ...လော့ရွှေကြယ်မြစ်ရဲ့နယ်စပ်မှာရှိတဲ့ ချန်းထိုင်ခံတပ်ကနေ ထန်စစ်တပ်ချီတက်သွားတဲ့ တိုက်ပွဲအစီအရင်ခံစာတစ်ခုကို ရခဲ့တယ်...အဲ့ဒီအစီရင်ခံစာပေါ်မှာရှိတဲ့ရက်စွဲက သုံးရက်ပဲနောက်ကျတယ်"
"တခြားစကားပြောင်းဆိုရရင် ထန်စစ်တပ်က အများဆုံး အချိန်သုံးရက်ပဲ အသုံးပြုပြီးတော့ ကျားလှောင်အိမ်ခံတပ်ကို ရောက်လာခဲ့တာပဲ"
ဗိုလ်ချုပ်အိုကြီးက သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုသည်။
တခြားလူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
တစ်စုံတစ်ယောက်က ညည်းတွားလိုက်၏။
"ကြယ်မြေနှစ်ခုအပြင် ရာနဲ့ချီတဲ့ခံတပ်တွေကိုဖြတ်ကျော်ဖို့က အချိန်သုံးရက်ပဲ ကြာခဲ့တယ်....ထန်စစ်တပ်ရဲ့စစ်သားတွေအားလုံးက မွန်းစတားတွေလား"
ဗိုလ်ချုပ်အိုကြီးက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"တကယ်လို့ အဲ့ဒီထန်စစ်တပ်ကို တခြားတစ်ယောက်က အုပ်ချုပ်နေတာဆိုရင် မဖြစ်နိုင်ဘူး....ဒါပေမဲ့ အခုလက်ရှိ ထန်စစ်တပ်ရဲ့တပ်မှူးက ထူးခြားတယ်"
"သူက အသက်နှစ်ဆယ်အရွယ်ပဲရှိသေးတဲ့ လူငယ်တစ်ယောက်လို့ ငါ ကြားထားတယ်....ထန်စစ်တပ်ရဲ့လက်ထောက်တပ်မှုးက ဝူတင်းအမတ်ကြီးလီကျိုးစီပဲ....ဒီတိုက်ပွဲရလဒ်တွေက လီကျိုးစီတိုက်ခိုက်ခဲ့တဲ့ အောင်မြင်မှုတွေလို့ ငါ ခန့်မှန်းမိတယ်...အဲ့ဒီကောင်လေးကတော့ ထန်ဧကရာဇ်ကနေ အတွေ့အကြုံတချို့ရှာဖို့အတွက် ဒီနေရာကို လွှတ်လိုက်တဲ့လူပဲဖြစ်မယ်"
အမတ်ကြီးတစ်ယောက်က ငြင်းဆန်သည်။
"အသက်နှစ်ဆယ်အရွယ်လား...ဟား ဟား ဟား အသက်အရွယ်အရ ပြောမယ်ဆိုရင် မဟာစစ်ဗိုလ်ချုပ်လုကလည်း အသက်နှစ်ဆယ်အရွယ်ပဲရှိသေးတယ်...ဒါပေမဲ့ သူက လီကျိုးစီကို အနိုင်ယူပြီးတော့ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ရဲ့နိမ့်ပါးနေမှုကို ကယ်တင်နိုင်ခဲ့တယ်... အသက်အရွယ်နဲ့ လူငယ်တွေရဲ့ပါရမီအရည်အချင်းကို ဆုံးဖြတ်လို့မရဘူး"
ဗိုလ်ချုပ်အိုကြီးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ထန်စစ်တပ်ရဲ့တပ်မှူးက ကျင်းအမတ်ကြီးလီမင်ပဲ...လီမင်းက စစ်တပ်အတွင်းမှာ မွေးဖွားလာပြီးတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အမတ်ကြီးတစ်ယောက်အဖြစ် ရွေးချယ်ခံရတယ်..အဲ့ဒီအကြောင်းကို စဥ်းစားကြည့်စမ်း...ငါတို့တော်ဝင်နန်းတွင်းတခုလုံးမှာတောင် အသက်နှစ်ဆယ်အရွယ်နဲ့ အမတ်ကြီးတစ်ယောက်ဖြစ်လာတဲ့လူဆိုလို့ ဘယ်သူ ရှိလို့လဲ"
အရာရှိများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့သည် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်၏အနိုင်ယူခြင်းကို ခံရခြင်းပင်။ဤကိစ္စကို အစဉ်အမြဲ မာန်မာနထောင်လွှားခဲ့သော အရာရှိများမှ လက်ခံနိုင်ခြင်းမရှိချေ။
အိမ်ရှေ့စံမင်းသားသည် နဂါးပလ္လင်ပေါ်၌ထိုင်ကာ ခန်းမအတွင်းရှိ အငြင်းပွားနေမှုများကို နားထောင်နေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်အမင်း ဒေါသထွက်နေပုံပင်။
"ဒါဆိုရင် မင်းတို့ပြောတဲ့စကားတွေအရ ငါတို့ ဘာလုပ်သင့်လဲ"
အိမ်ရှေ့စံမင်းသားက အသံနက်ကြီးဖြင့် ပြောဆိုသည်။
ဗိုလ်ချုပ်အိုကြီးက ပြောဆိုသည်။
"တော်ဝင်မြို့တော်ရဲ့တပ်ရင်းလေးရင်းမှာ အသုံးပြုနိုင်တဲ့စစ်အင်အား အများကြီးမရှိဘူး... အခုအချိန်မှာ ငါတို့က တော်ဝင်နန်းတွင်းရဲ့နာမည်ကို အသုံးပြုပြီးတော့ နေရာဒေသအသီးသီးမှာ ရှိတဲ့စစ်တပ်တွေကို တော်ဝင်မြို့တော်ကိုကာကွယ်ဖို့ တိုက်တွန်းရုံပဲ တတ်နိုင်လိမ့်မယ်"
နန်းတွင်းညီလာခံ အဆုံးသတ်သွားချိန်၌ အိမ်ရှေ့စံမင်းသားသည် အရှေ့နန်းဆောင်သို့ပြန်ရောက်လာပြီး သူ၏အကြံပေးအရာရှိများနှင့် တိုင်ပင်ဆွေးနွေးလေ၏။
ထိုနောက် နန်းတော်မှနေ၍ တော်ဝင်အမိန့်တော်တစ်ခုထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုအမိန့်တော်အရ စီရင်စုအရှင်များနှင့်ဘုရင်များသည် သူတို့၏စစ်သားများကိုဦးဆောင်၍ တော်ဝင်မြို့တော်သို့ ချက်ချင်းလာရပေမည်။မည်သည့်နှောင့်နှေးကြန့်ကြာမှုကိုမျှ ခွင့်ပြုမည်မဟုတ်ချေ။
အိမ်ရှေ့စံမင်းသားထံတွင် တော်ဝင်အခွင့်အာဏာရှိနေသဖြင့် သူသည် ထိုအရာကိုအသုံးပြုကာ တော်ဝင်အမိန့်တော်ကို ထုတ်ပြန်လိုက်ခြင်းပင်။
ထိုတော်ဝင်အမိန့်တော် ထုတ်ပြန်ကြေညာလိုက်ခြင်းနှင့်အတူ လူတချို့သည် တခြားအမိန့်တော်တစ်ခုကိုလည်း သတိပြုမိသွားပေ၏။
အိမ်ရှေ့စံမင်းသားသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ သူ စေလွှတ်ထားသော တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးများကို ပြန်လည်ရုတ်သိမ်းကာ ကျိုးထုံကို ဆက်လက်၍ စုံစမ်းစစ်ဆေးစေခြင်းမပြုတော့ချေ။သူသည် ကျိုးထုံကို အလွတ်ပေးလိုပေ၏။
တစ်ချိန်တည်းမှာပင် အိမ်ရှေ့စံမင်းသားသည် တော်ဝင်အကျဉ်းထောင်အတွင်း၌ အသက်ရှင်ရက်ကျန်ရှိနေသော ချီဘုရင်အိမ်တော်၏လူများအားလုံးကို လွှတ်ပေးရန် အမိန့်ချမှတ်လိုက်သည်။
"ဒီအမိန့်တော်က နေ့ချင်းညချင်းပြောင်းလဲသွားခဲ့တယ်....ဘာလို့ ကျိုးထုံကို ဆက်ပြီးမစုံစမ်းတော့တာလဲ"
"ဒါက အမှန်ပဲ...အတိတ်မှာတုန်းက ချီဘုရင်ခိုးယူထားတဲ့ ချမ်းသာကြွယ်ဝမှုတွေ ဘယ်လောက်တောင်များလိုက်လဲ....သူ သိုဝှက်ပြီးတော့စုဆောင်းထားတဲ့ ချမ်းသာကြွယ်ဝမှုတွေက သူ့ရဲ့ဘဏ္ဍာတိုက်တွေထဲမှာ အပြည့်ပဲ....ဘာလို့ အဲ့ဒီလိုလူစားမျိုးကို ဆက်ပြီးမစုံစမ်းတော့တာလဲ"
မရေမတွက်နိုင်သောလူများသည် တော်ဝင်နန်းတွင်း၏ရှေ့သို့ချီတက်ကာ မေးခွန်းထုတ်ကြတော့သည်။
တချိန်တည်းမှာပင် ဝေ့မိသားစု လုမိသားစုနှင့် ကျန်းမိသားစုတို့သည် တော်ဝင်နန်းတော်သို့ရောက်ရှိလာသော်လည်း ပြင်ပ၌ဟန့်တားခြင်းခံရလေ၏။
အိမ်ရှေ့စံမင်းသားသည် တော်ဝင်နန်းတွင်း၏အရာရှိများအားလုံးကို လျစ်လျူရှုကာထိုအမိန့်တော်ကို သူ၏ကိုယ်ပိုင်စိတ်ဆန္ဒဖြင့်ထုတ်ပြန်ကြော်ငြာခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အိမ်ရှေစံမင်းသားသည် ချီဘုရင်ကျိုးထုံနှင့်ငြိမ်းချမ်းရေးယူ၍ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်မှ စစ်ကူရယူရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု လူတချို့က မှန်းဆကြသည်။
မည်သို့ပင်ဆိုစေကာမူ လုယွီ သေဆုံးသွားသဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တစ်ခုလုံး၏စစ်ရေးအခွင့်အာဏာများသည် ချီဘုရင်၏လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားပေ၏။
သို့ရာတွင် ထိုထက်ပို၍ထိတ်လန့်ဖွယ်ကောင်းသောကိစ္စမှာ ချီဘုရင်သည် မည်သည့်တုံ့ပြန်မှုမျှမရှိသည့်အပြင် ကျေးဇူးတင်စကားတစ်ခွန်းမျှ ပြောဆိုမှုမရှိခြင်းပင်။
Chapter 4264
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌...
လေဟာနယ်သင်္ဘောပျံတစ်စီးက မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသည်။
ထိုလေဟာနယ်သင်္ဘောပျံ၏ ပင်မအခန်းအတွင်းမှ စားပွဲတစ်လုံးရှေ့၌ တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးနှစ်ယောက် ထိုင်နေသည်။သူတို့သည် တစ်ရက်လုံး အလုပ်လုပ်ကိုင်ပြီးနောက် နောက်ဆုံး၌ သူတို့၏ခေါင်းများကို မော့လိုက်ကြ၏။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ကိစ္စလဲ....ချီဘုရင်က ဥပဒေချိုးဖောက်တဲ့ ကိစ္စတချို့ကို ပြုလုပ်ခဲ့တယ်လို့ ငါ အရင်က ကြားထားခဲ့ပေမယ့် ဒီလိုကိစ္စမျိုးကို လုပ်မယ်လို့တော့ ငါ တစ်ခါမှ မစဉ်းစားခဲ့မိဘူး"
တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးချန်းယွမ်က သက်ပြင်းတချက်ရှိုက်ကာ ပြောဆိုသည်။
သူတို့ရှေ့ရှိ စားပွဲပေါ်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ရုံးတော်များမှ ရွေးချယ်၍ ယူဆောင်လာခဲ့သော မှတ်တမ်းများ အစုလိုက်အပုံလိုက်ရှိနေပေ၏။
ထိုမှတ်တမ်းများတွင် စီးပွားရေးဆိုင်ရာ မှတ်တမ်းများ ပုဂ္ဂိုလ်ရေးညှိနှိုင်းမှုများနှင့်အုပ်ချုပ်ရေးဆုံးဖြတ်ချက်များစသည့် အခန်းကဏ္ဏမျိုးစုံပါဝင်သည်။
တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးနှစ်ယောက်သည် ထိုမှတ်တမ်းများအပြင် ကြယ်နယ်မြေအရှင်အိမ်တော် နယ်မြေခံရုံးတော်နှင့် စီရင်စုရုံးတော်များမှ စာရွက်စာတမ်းများကိုလည်း ဂရုတစိုက် စစ်ဆေးခဲ့သည်။
"ကြယ်နယ်မြေအရှင်အိမ်တော်ရဲ့ အစောင့်အကြပ်အင်အားက သာမန်အရဆိုရင် စစ်သားကိုးသောင်းကနေ ဆယ့်ငါးသိန်းအကြားမှာပဲရှိတယ်....ဒါပေမဲ့ မြောက်ပိုင်းစစ်တပ်ရုံးတော်တစ်ခုထဲမှာတင် ကြယ်နယ်မြေအရှင်အိမ်တော်တွေရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းက သူတို့ရဲ့စစ်အင်အားတွေကို ဆုံးရှုံးသွားပြီးတော့...သူတို့တွေက စစ်သားဆယ့်ငါးသိန်းကို လစာပေးရတယ်လို့ သတင်းပို့ခဲ့တယ်....တကယ့်အဖြစ်မှန်ကတော့ သူတို့မှာ စစ်သားသုံးသိန်းပဲရှိတယ်...အဲ့ဒီစစ်သားတွေထဲက တချို့ဆိုရင် လစာမရတာ ခုနစ်နှစ်တောင်ကြာနေပြီ"
"အသေသင့်ဆုံးလူတယောက်ကတော့ ဝေ့ယန်ကြယ်နယ်မြေအရှင်ပဲ....သူက အစောင့်စစ်သားတွေကို သူ့ရဲ့အမိန့်အောက်မှာ ထိန်းချုပ်မထားနိုင်ဘူး....သူ့ရဲ့နယ်မြေထဲမှာ ပြင်ပဂိုဏ်းအင်အားစုတွေက သစ်တောတစ်ခုမှာပေါက်တဲ့သစ်ပင်တွေလိုပဲ အရမ်းပေါများတယ်...အဲ့ဒီကြယ်နယ်မြေက လုံးဝကိုစည်းမျဉ်းဥပဒေမရှိတော့တဲ့ နယ်မြေတစ်ခုဖြစ်နေပြီ...သူက အရာအားလုံး အဆင်ပြေတယ်လို့ ငါ့ကိုပြောရဲသေးတယ်...ငါ သူ့ကို သတ်ခဲ့သင့်တယ်"
တော်ဝင်စုံစမ်းရေးမှူးဝမ်သနန်က ဒေါသတကြီးဖြင့် အော်ဟစ်ကြုံဝါးလိုက်သည်။
သူသည် သာမန်အချိန်များတွင် စစ်ရေးဌာနခွဲကိုစီမံအုပ်ချုပ်ရကာ ဧကရာဇ်အတွက် စစ်တပ်နှင့်ဆိုင်သော အရေးကိစ္စများကို စီမံခန့်ခွဲရာ၌ တာဝန်ယူရသည်။ထိုကြောင့် သူသည် စစ်သားများ၏အခန်းကဏ္ဏမှနေ၍ စုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့လေ၏။
သို့ရာတွင် ဤစုံစမ်းစစ်ဆေးမှုမှရလဒ်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းနေသည်။
စစ်သားများသည် လစာများ အလွန်အမင်းဖြတ်တောက်ခြင်းခံရရုံသာမက စစ်ရေးအထောက်အပံ့ပစ္စည်းများကိုလည်း မရရှိခဲ့ချေ။
စီရင်စုမြို့များကို စောင့်ကြပ်ရသော စစ်ဗိုလ်ချုပ်တချို့သည် အဆင့်နိမ့်မှော်လက်နက်တချို့ကိုသာ အသုံးပြုနေရသည်။ထို့ပြင် သူတို့သည်ထိုမှော်လက်နက်များကို အသုံးပြုသည်မှာ အချိန်အတော်ကြာမြင့်နေသည်ဖြစ်သောကြောင့် အပြင်းအထန် ထိခိုက်ပျက်စီးနေလေပြီ။စစ်ဗိုလ်ချုပ်များသည် ထိုမှော်လက်နက်များကိုအသုံးပြု၍ တခြားလူများကို တိုက်ခိုက်နိုင်စွမ်းရှိမည်မဟုတ်ချေ။
နယ်မြေခံဂိုဏ်းများသည် အုပ်ချုပ်ရေးအဖွဲ့အစည်းများကို အနည်းငယ်မျှ အလေးအနက်မထားဘဲ မဆင်မခြင်ပြုမူနေကြသည်။တချို့ဂိုဏ်းများသည် မြို့အတွင်း၌ ဖရိုဖရဲတိုက်ပွဲများကိုဆင်နွှဲကာ သူတို့၏နယ်မြေအလား အုပ်ချုပ်မင်းမူနေကြသည်။
ချန်းယွမ်က အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒါက လူတန်းစားခွဲခြားထားသလိုမျိုး စစ်သားတွေရဲ့လစာတွေကိုလည်း ခွဲခြားထားတာပဲ...အဲ့ဒီနေရာတွေအားလုံးက တော်ဝင်နန်းတွင်းကနေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပဲ...ချီဘုရင်နဲ့ နီးကပ်တဲ့ နယ်မြေတွေမှာရှိတဲ့ စစ်တပ်တွေကတော့ လစာအလုံအလောက်ရမှာ သေချာတယ်....တခြားစစ်သားတွေကတော့ ယုဝမ်မိသားစုရဲ့စစ်သားတစ်ယောက်ကိုတောင် ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး....သူတို့က တော်ဝင်နန်းတွင်းရဲ့ဘဏ္ဍာငွေတွေကို အသုံးပြုပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်အင်အားစုကို မြေတောင်မြှောက်ပေးနေတာပဲ"
သူတို့နှစ်ယောက်လုံး၏စိတ်နှလုံးသားများ လေးလံသွားကာ သူတို့၏မျက်နှာများ တည်ကြည်လေးနက်သွားသည်။
တော်ဝင်စစ်ဆေးရေးမှူးများအားလုံးကို တော်ဝင်နန်းတွင်းသို့ပြန်လာရန် ဆင့်ခေါ်ခြင်းခံထားရသည်။သို့ရာတွင် တော်ဝင်စစ်ဆေးရေးရုံးတော်သည် ချီဘုရင်၏ပြစ်မှုများကို အလွတ်ပေးရန် အစီအစဉ်မရှိသောကြောင့် သူတို့သည် ဆက်လက်၍စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ချက်ချလိုက်၏။
ထိုအချိန်မှာပင်...
ဒုတ်....
တံခါး၏ပြင်ပမှနေ၍ တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့လက်နက်တစ်ခု ဝင်ရောက်သွားသည့် ခပ်သဲ့သဲ့အသံတစ်သံကို ကြားလိုက်ရသည်။
"အပြင်က ဘယ်သူလဲ"
ဝမ်သနန်က ချက်ချင်းမတ်တတ်ထရပ်လိုက်ကာ သူ၏မျက်လုံးများ စူးရှတောက်ပနေသည်။
သူသည် ချက်ချင်းဆိုသလိုပင် သူ၏မှော်လက်နက်ကိုထုတ်ယူကာ ပြင်ပသို့ပြေးထွက်ရန် ဟန်ပြင်လိုက်၏။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် အခန်းတံခါးကို တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ထို့နောက် ပြင်ပမှနေ၍ အနက်ရောင်ဝတ်စုံဝတ်လူတချို့ ဝင်ရောက်လာကာဘတော်ဝင်စစ်ဆေးမှူးနှစ်ယောက်ထံသို့ ဦးတည်၍ လျှောက်လှမ်းလာသည်။
....
တစ်ညအတွင်းတွင်....
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်သို့ စေလွှတ်ခြင်းခံရသော တော်ဝင်စုံစမ်းစစ်ဆေးရေးမှူးအယောက်နှစ်ရာလုံး သေဆုံးသွားလေပြီ။
တော်ဝင်စုံစမ်းစစ်ဆေးရေးရုံးတော်သည် အလွန်ဒေါသထွက်သွားကာ ဤသွေးကြေးကိုပြန်ပေးဆပ်ရမည်ဟု ကျိန်ဆိုခဲ့သည်။ဤသည်မှာ ရုံးတော်တစ်ခုလုံးကို ရန်စစော်ကားခြင်းပင်။
ဤသည်မှာ ချီဘုရင်၏လက်ချက်ဖြစ်ကြောင်း လူများအားလုံး သိရှိထားပေ၏။မည်သို့ပင်ဆိုစေကာမူ အကျိုးအမြတ်အရဆိုပါက ချီဘုရင်သည် လက်သည်တရားခံ ဖြစ်နိုင်ချေအများဆုံးလူပင်။
"ချီဘုရင်က ပုန်ကန်ဖို့အတွက် အကွက်ချကြံစည်နေတာ သေချာပေါက်ပဲ...အရှင့်သား ကျေးဇူးပြုပြီးတော့ ချီဘုရင်ရဲ့စစ်ရေးအခွင့်အာဏာကို ပယ်ဖျက်ပြီးတော့...စစ်သားတွေကို သူ့ကိုဖမ်းဆီးပြီး တော်ဝင်နန်းတွင်းဆီ ချက်ချင်းခေါ်လာခဲ့ဖို့ အမိန့်ထုတ်ပြန်ပေးပါ"
တော်ဝင်စုံစမ်းစစ်ဆေးရေးရုံးတော်မှ အရာရှိများသည် တင်းမာခက်ထန်သောအမူအယာများဖြင့် အိမ်ရှေ့စံမင်းသားကို တွေ့ဆုံရန်အတွက် ညတွင်းချင်း နန်းတော်သို့ရောက်ရှိလာသည်။
သို့ရာတွင် အိမ်ရှေ့စံမင်းသား၏သဘောထားသည် အလွန်အမင်းတင်းမာနေကာ သူက တည်ငြိမ်စွာပြောဆိုသည်။
"ချီဘုရင်က ငါ့ရဲ့တော်ဝင်ဦးရီးတော်ပဲ...သူက ပုန်ကန်မှာမဟုတ်ဘူး....ငါက ထန်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ချီဘုရင်ရဲ့စွမ်းအားကို လိုအပ်တယ်...အခုက အတွင်းရေးတင်းမာမှုတွေကို ဖြေရှင်းနေရမယ့်အချိန် မဟုတ်ဘူး"
ယန်ကျွင်းသည် အိမ်ရှေ့စံမင်းသားကို ဖျောင့်ဖျရန် ကြိုးစားခဲ့သော်လည်း အိမ်ရှေ့စံမင်းသားသည် သူ့အား လျစ်လျူရှုခဲ့သည့်အပြင် နန်းတော်မှပင် မောင်းထုတ်ခြင်းခံခဲ့ရသည်။
Chapter 4265
အရှေ့အောင်နိုင်ခြင်းကြယ်နယ်မြေ....ဝေ့ယန်ကြယ်မြစ်....
မိုးကောင်းကင်ယံမှနေ၍ ထူထပ်သိပ်သည်း သော နှင်းပွင့်များကျရောက်နေကာ ကြယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။နှင်းကျသည်မှာ ရက်ပေါင်းများစွာကြာမြင့်နေသဖြင့် မြေပြင်ပေါ်၌ နှင်းထုကြီးသည် တစ်မီတာခန့် ထူထပ်သိပ်သည်းနေပေ၏။
ဤကဲ့သို့ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် မြို့အမြောက်အများ ပျက်စီးသွားကာ အထူးသဖြင့် မြို့ငယ်လေးများပင်။ထိုမြို့များတွင် လုံလောက်သော မှော်အကာအကွယ်ဝင်္ကပါမရှိသဖြင့် ကျင့်ကြံဆင့်အားနည်းသော လူတချို့သည် နေရာမှာပင်အေးခဲကာ သေဆုံးသွားကြရသည်။
မြို့များကိုစောင့်ကြပ်သော ကျင့်ကြံသူများသည် သူတို့၏မှော်စွမ်းအားများကို အသုံးပြု၍ နှင်းများကို လွင့်ပြယ်သွားစေရန် ကြိုးစားလိုက်ကြသည်။တချိန်တည်းမှာပင် ချီဘုရင်၏နန်းတော်မှလည်း အကူအညီပေးရန်အတွက် အစွမ်းထက်ကျင့်ကြံသူ အမြောက်အများကို စေလွှတ်လိုက်ပေ၏။
နှင်းကျဆင်းမှု ရပ်တန့်သွားပြီးနောက် စိုက်ပျိုးထားသော စပါးပင်များနှင့်ဟင်းသီးဟင်းရွက်ပင်များ အေးခဲပြီး သေဆုံးသွားကြသည်။သို့ရာတွင် စိုက်ခင်းတစ်နေရာတွင် နတ်ဘုရားအလင်းတန်းများ ဖြာထွက်နေသော မြက်ပင်ပေါက်သုံးပင်ကို ရှာဖွေတွေ့ရှိခဲ့လေ၏။ထိုမြက်ပင်ပေါက်သုံးပင်သည် ရက်ပေါင်းများစွာကြာသည်အထိ နှင်းများအကြား၌ နစ်မြုပ်နေခဲ့သည့်တိုင် ထိခိုက်ပျက်စီးသွားခြင်းမရှိဘဲ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ထိုကြောင့် ဤမြက်ပင်ပေါက်သုံးပင်ကို နတ်ဘုရားသစ်ပင်များဟုယူဆကာ ချီဘုရင်ထံသို့ ဆက်သလိုက်ကြသည်။
"ဒီမြက်ပင်သုံးပင်က ရှေးဟောင်းချီအင်ပါယာရဲ့ အထိမ်းအမှတ်သင်္ကေတပဲ....ဒါက ချီဘုရင် အခုထက်ပိုပြီးတော့ အောင်မြင်လာတော့မယ့် နိမိတ်ကိုပြနေတာပဲ"
ဤမြတ်ပင်သုံးပင်ကို ယူဆောင်လာခဲ့သောလူက ရိုသေလေးစားစွာပြောဆိုသည်။
တချိန်တည်းမှာပင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ ဂိုဏ်းအင်အားစုများသည် ဝေ့ယန်ကြယ်နယ်မြေသို့ ရောက်ရှိလာကာ ချီဘုရင်အား ကိုယ်ပိုင်အင်ပါယာတစ်ခု တည်ထောင်ရန် သွေးဆောင်ကြတော့သည်။
ချီဘုရင်သည် ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပေ၏။သို့ရာတွင် ထိုဂိုဏ်းအင်အားစုများသည် ပြန်လည်ထွက်ခွာသွားခြင်းမရှိဘဲ ချီဘုရင် သဘောမတူမချင်း ဝေ့ယန်ကြယ်နယ်မြေအတွင်း၌သာ နေထိုင်မည်ဟု ပြောဆိုခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်အတွင်းရှိ စီရင်စုများမှ အရာရှိများ ဝေ့ယန်ကြယ်နယ်မြေသို့ ရောက်ရှိလာကာ ချီဘုရင်ကို ဧကရာဇ်အဖြစ်တင်မြှောက်ပြီး သစ္စာစောင့်သိလိုကြောင်း သူတို့၏စိတ်ဆန္ဒများကို ဖော်ထုတ်ကြသည်။
တချိန်တည်းမှာပင် ယုဝမ်မိသားစုသည် စစ်ဗိုလ်ချုပ်များကိုဦးဆောင်၍ ချီဘုရင်အား ဧကရာဇ်အဖြစ်နန်းတက်ရန် တိုက်တွန်းခဲ့သည်။
"မင်းတို့က ငါ ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုကျူးလွန်မိအောင် ဖိအားပေးနေကြတာပဲ"
ကျိုးထုံက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
ထိုညတွင် အစေခံတချို့သည် ကျိုးထုံအား တော်ဝင်နဂါးဝတ်ရုံ ဝတ်ဆင်ပေးကာ သူ့အား နန်းတော်ခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
ဝေ့ယန်ကြယ်နယ်မြေအတွင်းရှိ အရာရှိများအားလုံးသည်လည်း ပင်မခန်းမအတွင်း၌ စုဝေးနေကြ၏။
"မင်းတို့က ငါ့ကို မရပ်မနားတိုက်တွန်းနေမှတော့ ငါ မငြင်းဆန်တော့ဘူး...ငါက ဒီကိစ္စအတွက် အရာအားလုံးကို တာဝန်ယူမယ်"
ထို့နောက် ချီဘုရင်ကျိုးထုံသည် စန်းဟယ်အမှတ်အသားကို သူ၏အထိမ်းအမှတ်သင်္ကေတအဖြစ် အသုံးပြုကာ ဝေ့ယန်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ပြီး မဟာချီအင်ပါယာကို တည်ထောင်ခဲ့သည်။
ကျိုးမိသားစု၏မိသားစုခေါင်းဆောင်သည် အမတ်ချုပ်ကြီးဖြစ်လာတာ ယုဝမ် မိသားစု၏မိသားစုခေါင်းဆောင်အသစ်သည် စစ်ရေးအမတ်ကြီးဖြစ်လာပေ၏။ထို့ပြင် ကျိုးမိသားစုဝင်များနှင့်ယုဝမ်မိသားစုဝင်များသည် အရာရှိဘွဲ့ထူးများကို ချီးမြှင့်ခံရသည်။
ဤသတင်းသည် တောမီးအလား တော်ဝင်မြို့တော်ထံသို့ ရောက်ရှိသွားတော့သည်။
ချီဘုရင်သည် အမှန်တကယ်ကို ပုန်ကန်ခဲ့လေပြီ။
ဤသည်မှာ လူများအားလုံး သိရှိထားသော ကိစ္စတစ်ရပ်ဖြစ်သော်လည်း အိမ်ရှေ့စံမင်းသားသည် ထိုကိစ္စကို ယုံကြည်လက်ခံရန် ခေါင်းမာမာဖြင့် ငြင်းဆန်နေဆဲပင်။
အိမ်ရှေစံမင်းသားသည် အရှက်ကွဲခြင်းကြောင့် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။သူသည် ချက်ချင်းဆိုသလိုပင် နန်းတွင်းညီလာခံတစ်ခုကိုဆင့်ခေါ်ကာ ချီဘုရင်၏ပြစ်မှုများကို ဒေါသတကြီးထုတ်ပြန်ကြော်ငြာခဲ့သည်။နောက်ဆုံး၌ သူသည် ကျိုးထုံကို ဘုရင်တစ်ပါးဟူသော အဆင့်အတန်းမှဖယ်ရှားကာ စစ်သားများစေလွှတ်၍ ဖမ်းဆီးမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်လိုက်၏။
သို့ရာတွင် လူများအားလုံးသည် အိမ်ရှေ့စံမင်းသား သူ့ကိုယ်သူအရူးလုပ်နေသည်အား စောင့်ကြည့်နေကြသည်။
တော်ဝင်နန်းတွင်းအပေါ် သစ္စာစောင့်သိမှုကို ပြသရန်လိုလားသော မိသားစုများသည် ယခင်ကတည်းက စစ်တပ်အတွင်းသို့ဝင်ရောက်ကာ ရှေ့တန်းသို့ ထွက်ခွာသွားခဲ့လေပြီ။ဤအချိန်အခိုက်အတန့်၌ ချီဘုရင်ကိုတိုက်ခိုက်ရန်အတွက် စစ်သားများ မကျန်ရှိတော့ချေ။
ထို့ပြင် ထိပ်သီးမိသားစုများသည်လည်း အခြေအနေကိုစောင့်ကြည့်ကာ အချိန်ကောင်းကို စောင့်ဆိုင်းရန်အတွက် ရွေးချယ်လိုက်ကြသည်။
အိမ်ရှေ့စံမင်းသားသည် အမိန့်များကို ထပ်ခါတလဲလဲထုတ်ပြန်ကြေညာခဲ့သော်လည်း သူသည်အရှေ့အောင်နိုင်ခြင်းကြယ်မြစ်ကို တိုက်ခိုက်ရန်အတွက် စစ်သားတစ်ယောက်ကိုမျှ စေလွှတ်နိုင်ခြင်းမရှိချေ။
ဒေါသထွက်နေသော အိမ်ရှေစံမင်းသားသည် ကျိုးမိသားစု၏ဘိုဘေးခန်းမသို့ ဝင်ရောက်ကာ ကျိုးထုံ၏တံဆိပ်ပြားကိုဖျက်ဆီးပြီး ချီဘုရင်၏သွေးမျိုးဆက်ကို ကျိုးမိသားစုအတွင်းမှ ဖယ်ရှားခဲ့သည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ရှိနေသောလူများအားလုံးသည် ချီဘုရင်၏ယုတ်မာကောက်ကျစ်မှုကို မျက်မြင်ကိုယ်တွေ့ကြုံရလေ၏။
ချီဘုရင်သည် တော်ဝင်မျိုးရိုးဟူသော သူ၏နာမည်ကိုအသုံးမပြုတော့ဘဲ ကျိုးမိသားစု၏မျိုးရိုးကိုခံယူကာ နာမည်ပြောင်းလဲခဲ့သည်။
ဧကရာဇ်ချီသည် ထန်အင်ပါယာထံမှနေ၍ အကူအညီတောင်းခံခဲ့သည်။သူသည် လက်ဝဲစစ်တပ်နယ်မြေအတွင်းရှိ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုလုံးကို ထန်အင်ပါယာအား ပေးအပ်ရန်အတွက် ဆန္ဒရှိခဲ့သည်။ထို့ပြင် သူသည် ထန်ဧကရာဇ်လီကျီးကို သူ၏ဖခင်တစ်ယောက်အလား ဆက်ဆံနေပေ၏။နှစ်ဖက်စလုံးသည် မဟာမိတ်တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ကာ ထာဝရမိတ်ဆွေဖွဲ့မည်ဟု ပြောဆိုခဲ့ကြသည်။
ထို့နောက် ဤလောကကြီးအတွင်းတွင် ကျိုးထုံဟူ၍မရှိတော့ဘဲ ကျိုးကျင်းထန်ဟူသောအမည်သာ ကျန်ရှိတော့သည်။
တခြားတစ်ဖက်တွင် လက်ဝဲစစ်တပ်နယ်မြေ၏အခြေအနေသည် အလွန်ဆိုးရွားလာသဖြင့် ပုန်းကွယ်နဂါးစစ်တပ်သည်လည်း နယ်စပ်သို့ချီတက်၍ စောင့်ကြပ်ရတော့သည်။
အောင်းကွမ်းသည် ပင်လယ်ပြင်သို့ထွက်ခွာသွားကာ ချီအင်ပါယာမှသစ္စာဖောက်တစ်ယောက်ကိုလိုက်လံဖမ်းဆီးခဲ့သည်။ထို့နောက် သူသည် ထိုသစ္စာဖောက်အား အရေခွံခွာကာ နယ်စပ်ဒေသ၏မြို့ရိုးရှေ့၌ ချိတ်ဆွဲထားသည်။
ဖေးထျန်ကွမ်းသည် ချီအင်ပါယာမှ မိန်းမစိုးတစ်ယောက်ကိုဖမ်းဆီးကာ အသားပြားဖြစ်သည်အထိ ခြေမွှဖျက်ဆီးခဲ့သည်။ချီအင်ပါယာဖြစ်စေ ထန်အင်ပါယာဖြစ်စေ ပြဿနာမရှိချေ။ သို့ရာတွင် သူတို့သည် လက်ဝဲစစ်တပ်နယ်မြေသို့ ဝင်ရောက်လာသည်နှင့် ပုန်းကွယ်နဂါးစစ်တပ်နှင့် တိုက်ခိုက်ရပေမည်။
ပုန်းကွယ်နဂါးစစ်တပ်သည် အလွန်အမင်းကြမ်းတမ်းသဖြင့် ချီအင်ပါယာအား အမှန်တကယ်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။
Thank For Reading.