အခန်း (၄၂၇၁-၄၂၇၅)
Vol. 217 Ch. 4271-4275
Chapter 4271
"ပုန်းကွယ်နဂါးစစ်တပ်ရဲ့သူပုန်တွေက အနက်ရောင်မိုးခံတပ်ထဲကို တကယ်ကြီး ကျူးကျော်ဝင်ဝံ့တယ်....ဒါက ငါတို့ချီအင်ပါယာကို ရန်စစော်ကားမှုတစ်ခုပဲ"
ကူချင်သည် ရူးသွပ်လုနီးပါး ဖြစ်သွားလေ၏။
ထန်အင်ပါယာ၏အရေးပါသောပုဂ္ဂိုလ်သည် တံခါးပိတ်ကျင့်ကြံမှု မပြုလုပ်စဥ်အချိန်က သူ့အားမနှောက်ယှက်ရန် ကူချင်ကို အထူးသီးသန့်ညွှန်ကြားထားခဲ့သည်။
ထန်စစ်သားများသေဆုံးခြင်းမှာ အနက်ရောင်မိုခံတပ်အတွင်း၌ ကြီးမားသောကိစ္စတစ်ရပ်ပင်။အကယ်၍ အရှင်မင်းသားသာ သတိပြုမိသွားပါက ကူချင်၏အနာဂတ် ပျက်စီးသွားပေမည်။
"သေချာစစ်ဆေးကြစမ်း...စုံစမ်းစစ်ဆေးရေးမှူးတွေအားလုံးကို တခြားကိစ္စတွေ ဘာမှမလုပ်ဘဲနဲ့ အဲ့ဒီလူသတ်သမားကိုဖမ်းဖို့ပဲ အာရုံစိုက်ခိုင်းလိုက်စမ်း"
ကူချင်က အမိန့်ပေးသည်။
အနက်ရောင်မိုခံတပ်၏စုံစမ်းစစ်ဆေးရေးရုံးတော်သည် အင်အားပြည့်လှုပ်ရှားလိုက်ကြ၏။သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏အခြေစိုက်စခန်းကိုပင် ရှာဖွေနိုင်ခဲ့သည်။
လုယွီ၏လက်အောက်မှ အင်အားအများစုသည်နယ်စပ်ဒေသရှိ ကြယ်နယ်မြေသုံးဆယ့်ခြောက်ခုပေါ်၌ ရှိနေသည်။အဓိကခံတပ်လေးနေရာတွင် ကောင်းကင်ချိုးဖျက်ခံတပ်မှလွဲ၍ တခြားခံတပ်များသည် ချီအင်ပါယာ၏ထိန်းချုပ်မှုအောက်၌ ရှိနေပေ၏။
ထိုသို့ဆိုသည့်တိုင် ပုန်းကွယ်နဂါးစစ်တပ်သည် ထိုခံတပ်သုံးနေရာအတွင်းသို့ အမျိုးမျိုးသောလမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ရန်စီမံနိုင်ခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများသည် သူတို့ကိုယ်သူတို့ သာမန်လူများအသွင် အယောင်ဆောင်ကာ အနက်ရောင်မိုခံတပ်အတွင်း၌ ရောနှောနေကြသည်။နောင်တစ်ချိန်တွင် ပုန်းကွယ်နဂါးစစ်တပ်သည် အနက်ရောင်မိုခံတပ်ကို တိုက်ခိုက်လိုပါက သူတို့သည် သတင်းပေးများအဖြစ် ဆောင်ရွက်ကာ အတွင်းမှနေ၍ အဓိကအင်အားစုများကို လုပ်ကြံသတ်ဖြတ်ရပေမည်။
သို့ရာတွင် ကူချင်သည် ချီစစ်သားများအားလုံးကို စုံစမ်းစစ်ဆေးစေသဖြင့် ထိုလူများအားလုံး၏ဟာကွက်များ နောက်ဆုံး၌ ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော ချီစစ်သားများသည် ထိုအခြေစိုက်စခန်းကို ဝိုင်းရံထားကြသည်။မည်သည့်စကားတစ်ခွန်းမျှမဆိုဘဲ သူတို့သည် မှော်မန္တန်များကိုရွတ်ဆို၍ ထိုအခြေစိုက်စခန်းကို တိုက်ခိုက်လိုက်ကြသည်။
ကူချင်သည် ထိုစစ်တပ်အား ဦးဆောင်လာသည့်အပြင် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များကိုပင် ယူဆောင်လာခဲ့သည်။
အခြေစိုက်စခန်းအတွင်းရှိ အဆောက်အအုံများအားလုံး အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။အရိုးများက မြေပြင်ပေါ်၌ပြန့်ကြဲနေကာ ထိုနေရာရှိလူများ၏ အလောင်းများတွင် ကိုယ်လက်အင်္ဂါအပြည့်အစုံ ကြွင်းကျန်ခဲ့ခြင်းမရှိချေ။
ဤတိုက်ခိုက်မှုအောက်တင် ပုန်းကွယ်နဂါးစစ်တပ်မှ အနည်းဆုံးစစ်သားသုံးဆယ်ကျော်သေဆုံးသွားခဲ့သည်ဟု ခန့်မှန်းနိုင်သည်။
"ဒါက ချီအင်ပါယာအတွက် ကြီးမားတဲ့အောင်ပွဲကြီးတစ်ခုပဲ....ပုန်းကွယ်နဂါးစစ်တပ်မှာခေါင်းဆောင်မရှိတော့တာ အချိန်အတော်ကြာနေပြီ...သူတို့က တိုက်ခိုက်မှုတစ်ခုကိုတောင် မခုခံနိုင်ဘူး"
ကူချင်သည် အလွန်ပျော်ရွှင်နေပေ၏။သူသည် ချက်ချင်းဆိုသလို သတင်းပို့မှတ်တမ်းတစ်ခုရေးသားကာ ချီအင်ပါယာ၏တော်ဝင်နန်းတွင်းထံပို့ဆောင်ပြီး သူ့အတွက် ဘွဲ့ထူးများတောင်းခံလိုက်သည်။
တချိန်တည်းမှာပင် သူသည် ထန်စစ်ဗိုလ်ချုပ်တချို့ကို သိမ်းသွင်းရန်လည်း မမေ့လျော့ခဲ့ချေ။ပုန်းကွယ်နဂါးစစ်တပ်ကို တိုက်ခိုက်ခဲ့သည့် သူ၏ထူးချွန်ပြောင်မြောက်သော စစ်ရေးအောင်မြင်မှုများအကြောင်းကို ကြွားဝါပြောဆိုကာ ထန်စစ်ဗိုလ်ချုပ်များနှင့်သူ့အကြား၌ ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို တည်ဆောက်လိုခဲ့သည်။
မြို့အတွင်းရှိ ပုန်းကွယ်နဂါးစစ်တပ်ကို အမြစ်ပြတ်သုတ်သင်နိုင်ရန်အလို့ငှာ ကူချင်သည် သူလျှိုအမြောက်အများကို အနက်ရောင်မိုခံတပ်၏နေရာအနှံ့အပြားသို့ စေလွှတ်ခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများသည် ဖမ်းဆီးခံရသည်နှင့် ညှင်းပန်းနှိပ်စက်ခံရသည်။သူတို့အနက်မှတချို့သည် ဖမ်းဆီးခံရပြီးနောက် ချက်ချင်းဆိုသလိုပင် လူအများရှေ့၌ ခေါင်းဖြတ်ကွပ်မျက်ခြင်းခံရလေ၏။
....
ထိုတိုက်ပွဲသတင်းသည် အောင်းကွမ်းထံသို့ ရောက်ရှိသွားသည်။
အောင်းကွမ်းသည် ပုန်းကွယ်နဂါးစစ်တပ်၏တပ်မှူးတစ်ယောက်ဖြစ်ကာ သူ၏အခြေစိုက်စခန်းသည် အနက်ရောင်မိုခံတပ်နှင့် ဝေးကွာခြင်းမရှိချေ။
အကယ်၍ ဖေးထျန်ကွမ်းသည် သူ့အား စစ်စခန်းအတွင်း၌သာနေရန် အမိန့်ပေးထားခြင်းမရှိပါက သူသည် စစ်သားများကိုဦးဆောင်၍ အနက်ရောင်မိုခံတပ်ကို တိုက်ခိုက်ပြီးဖြစ်ပေမည်။
ထိုတိုက်ပွဲသတင်းပို့စာလွှာကိုမြင်တွေ့ချိန်၌ အောင်ကွမ်း၏မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။
အနက်ရောင်မိုခံတပ်အတင်း၌ ရှာဖွေဖော်ထုတ်ခံရသော ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများအားလုံး လူမဆန်စွာ ဆက်ဆံခြင်းခံရသည်။သူတို့သည် ပြင်းပြင်းထန်ထန်ညှင်းပန်းနှိပ်စက်ခြင်းခံရကာ အလွန်ဆိုးရွားသောကိစ္စများ ဖြစ်ပွားနေပေ၏။
"ကူချင်...ငါယိုးမသား...."
အောင်းကွမ်းသည် ရွှေရောင်နဂါးအသွင်သို့ပြောင်းလဲကာ မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းလိုက်သည်။သူသည် တိမ်တိုက်များကိုစီးနင်းကာ သူ၏နံဘေးပတ်လည်၌ သဘာဝလွန်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ဤသည်မှာပင်လယ်ပြင်ကို စောင့်ကြပ်နေသော နဂါးဘုရင်တစ်ကောင်အလားပင်။
လုယွီ၏အလွန်များပြားသော ကျင့်ကြံခြင်းအရင်းအမြစ်များအောက်တွင် အောင်းကွမ်းသည် ရွှယ်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေလေပြီ။
သူသည် သန့်စင်သောသွေးမျိုးဆက်ရှိသည့် နဂါးတစ်ကောင်ဖြစ်ကာ နဂါးမျိုးနွယ်မှဘုရင်တစ်ကောင်ပင်။သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် အဆင့်တစ်ခုသို့ရောက်ရှိသွားချိန်၌ မွေးရာပါနတ်ဘုရားစွမ်းရည် အမြောက်အများ နိုးထလာခဲ့သည်။ထိုနတ်ဘုရားစွမ်းရည်များအနက်မှအများစုသည် အလွန်လျှို့ဝှက်ဆန်းကြယ်ကာ လူသားကျင့်ကြံသူများ၏ကျင့်ကြံနည်းစနစ်များထက် သာလွန်သည်။
အကယ်၍ အောင်းကွမ်းသည် သူ၏စွမ်းအား အကုန်အစင်ကို ထုတ်ဖော်အသုံးပြုပါက နယ်မြေသခင်တစ်ယောက်ကိုပင် ဆန့်ကျင်တိုက်ခိုက်နိုင်ပေမည်။
ပုန်းကွယ်စစ်တပ်အတွင်း၌ အောင်းကွမ်းကိုထိန်းချုပ်နိုင်သူဟူ၍ လုယွီတစ်ယောက်သာရှိသည်။
သူသည် ဖေးထျန်ကွမ်း၏တားမြစ်ချက်ကို ဂရုမစိုက်တော့ဘဲ အနက်ရောင်မိုခံတပ်ထံသို့ အပြေးသွား၍ တိုက်ခိုက်လိုက်တော့သည်။
အနက်ရောင်မိုခံတပ်၏ရှေ့တွင် စခန်းချထားသော ချီစစ်တပ်သည် အောင်းကွမ်း၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။အောင်းကွမ်းကြောင့် ထိုစစ်တပ်မှ စစ်သားများ၏ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးကာ သေဆုံးသွားကြရသည်။
Chapter 4272
အနက်ရောင်မိုခံတပ်မှနေ၍ မြို့တံခါးကိုတင်းတင်းကြပ်ကြပ် ပိတ်ထားလေ၏။
ရွှေရောင်နဂါးတစ်ကောင်က မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသည်။ထိုလက်သည်းငါးချောင်းရွှေရောင်နဂါးသည် မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားတစ်ပါးအလားပင်။အောင်းကွမ်း၏ခန္ဓာကိုယ်မှနေ၍ အစွမ်းထက်သောဖိအားအရှိန်အဝါနှင့် အတူယှဉ်တွဲ၍ မြင့်မြတ်သောရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တုန်ခါနေသည်။
မရေမတွက်နိုင်သောလူများသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြ၏။သူတို့ရှေ့ရှိရှိရွှေရောင်နဂါးသည် ဖျက်ဆီး၍မရနိုင်သောအဆင့်ထိ ကြောက်မက်ဖွယ်ကောင်းသည်ဟု သူတို့ ခံစားမိသည်။ထိုနဂါးကို တစ်ချက်ကြည့်မိရုံဖြင့် သူတို့၏မျက်လုံးများ စူးရှနာကျင်လာသည်။
အောင်းကွမ်း၏အရှိန်အဝါသည်အလွန်ကြီးမားသဖြင့် မရေမတွက်နိုင်သောလူများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်ခဲ့သည်။
မကြာမီမှာပင် ထန်စစ်သားတစ်စုသည် သတိကြီးစွာထားသောအပြုအမူဖြင့် အောင်းကွမ်းကိုဝိုင်းရံလိုက်ကြသည်။
"ကူချင်....ဒီနေရာကို ထွက်လာခဲ့စမ်း"
အောင်းကွမ်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
နဂါးဟိန်းသံတစ်သံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။ထန်စစ်သားများထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူတို့၏နားများကို ဖုံးအုပ်လိုက်ကြသည်။ ကျင့်ကြံဆင့်နယ်ပယ် အားနည်းသူတချို့သည် နေရာမှာပင် သတိလစ်မေ့မျောသွားတော့သည်။
အသံတစ်သံဖြင့် စစ်တပ်တစ်တပ်ကို ပျက်ပြားသွားစေခဲ့သည်။
ဤကဲ့သို့ မြင်ကွင်းတစ်ခုကို အလွန်အံ့အားသင့်ဖွယ်ကောင်းသည်ဟု ယူဆနိုင်ပေ၏။အောင်းကွမ်းသည် လေဟာနယ်အတွင်း၌ မောက်မာထောင်လွှားစွာပျံသန်းနေကာ သူ့အားဝိုင်းရံထားသော ထန်စစ်သားများကို ငုံကြည့်နေသည်။သူ၏နှုက်ရှိုင်းပြီးအေးစက်သော မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးနေလေ၏။
"ဒီနတ်ဆိုးသက်ရှိက ဘယ်နေရာကနေ ရောက်လာတာလဲ....သူက ဘယ်လိုသတ္တိမျိုးနဲ့ အနက်ရောင်မိုခံတပ်ထဲမှာ ပြဿနာလာရှာဝံ့တာလဲ"
ကူချင်သည် သူ၏သံချပ်ကဝတ်စုံကိုဝတ်ကာ ပြင်ပသို့ ဒေါသတကြီးထွက်လာခဲ့သည်။
ယခုအချိန်၌ သူ စိုးရိမ်ပူပန်ဆုံးအရာမှာ အိမ်တော်အတွင်း၌ ကျင့်ကြံနေသည့် ထန်စစ်တပ်မှအရေးကြီးပုဂ္ဂိုလ်အားဟအနှောင့်အယှက်ပြုမိမည်ကိုပင်။သို့သော် ဤရက်များအတွင်း၌ အနက်ရောင်ကိုခံတပ်အတွင်းတွင် သူ့အားခေါင်းကိုက်စေသော ကိစ္စအမြောက်အများဖြစ်ပွားလာမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
အပေါ်ယံ၌ ထန်စစ်သားများသည် ကာကွယ်စောင့်ကြပ်နေခြင်းဖြစ်သော်လည်း သူတို့သည် မြို့အတွင်း၌ အဆင်အခြင်းမဲ့စွာ လှုပ်ရှားသွားလာနေကြသည်။သူတို့သည် လူများကိုရိုက်နှက်ပြီး ပိုင်ဆိုင်မှုများကို လုယူကြသည်။ဤသည်မှာ ကျိုးကျောင်းဆီလျော်သောကိစ္စတစ်ရပ် မဟုတ်ချေ။
ကူချင်သည် ထန်စစ်သားများကို ပစ်မှတ်မထားဝံ့သဖြင့် ခုခံရန်ကြိုးစားသော လူများကိုသာ အကောင်းဆုံးကြိုးစား၍ ဖိနှိပ်သည်။ထို့ကြောင့် အနက်ရောင်မိုခံတပ်အတွင်း၌ရှိသော လူများ၏နာကျည်းမုန်းတီးမှုများ မြင့်တက်လာပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကူချင်သည် ထိုကိစ္စများအနက်မှတချို့ကို ဖြေရှင်းနေခဲ့သည်။သူ အနားယူရန် တွေးတောနေစဉ်ပါပင် အောင်းကွမ်း၏နဂါးဟိန်းသံကို ကြားရသဖြင့် ဒေါသတကြီး ပြေးထွက်လာခဲ့သည်။
"မင်းက ကူချင်လား"
အောင်းကွမ်း၏မျက်လုံးအတွင်းမှ အေးစက်သောအလင်းတန်းတစ်တန်း ဖြာထွက်လာသည်။
ကူချင်က အေးစက်တင်းမာသောလေသံဖြင့် တုံ့ပြန်သည်။
"ငါက ကူချင်ပဲ"
"ငါက ပုန်းကွယ်နဂါးစစ်တပ်ရဲ့တပ်မှူးတစ်ယောက်ဖြစ်တဲ့ အောင်းကွမ်းပဲ....မင်း အခု သေလို့ရပြီ"
အောင်းကွမ်းသည် တခြားမည်သည့်စကားကိုမျှ ပြောဆိုခြင်းမပြုပေ။သူ၏နဂါးလက်သည်းမှအနက်ရောင်အလင်းတန်းတစ်တန်း လင်းလက်သွားကာ ကူချင်ရှိနေသောနေရာသို့ ကျရောက်သွားသည်။
အောင်းကွမ်း၏ရှေ့ရှိ လေဟာနယ်သည် ပေါက်ကွဲမှုကြောင့် တွန့်လိမ်သွားပေ၏။
ကူချင်သည် ခုခံရန်ပင်အချိန်မရခဲ့ဘဲ သွေးမြူများအဖြစ်ပြောင်းလဲကာ မိုးကောင်းကင်ယံအတွင်း၌ ပျံ့လွင့်သွားတော့သည်။
ပတ်ဝန်းကျင်တွင်ရှိနေသော လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်မှာ ချီအင်ပါယာ၏အနက်ရောင်မိုခံတပ်တွင် အဆင့်မြင့်ဆုံးအရာရှိတစ်ယောက်ပင်။
သို့ရာတွင် ပုန်းကွယ်နဂါးးစစ်တပ်၏တပ်မှူးသည် အလွန်အတင့်ရဲကာ ရန်သူ၏မြို့အတွင်းသို့ဝင်ရောက်ပြီး ဆန္ဒရှိသည့်အတိုင်း သတ်ဖြတ်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။
"ကူချင်က ငါတို့ထန်အင်ပါယာရဲ့ခွေးတစ်ကောင်ဆိုပေမယ့် မင်းက အနက်ရောင်မိုခံတပ်ကိုရောက်လာပြီးတော့ မင်း ဆန္ဒရှိတဲ့အတိုင်း လူတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်....ဒါက ငါတို့ ထန်အင်ပါယာကို မင်းက မျက်လုံးထဲတောင်မထည့်တာ မဟုတ်ဘူးလား"
ခရမ်းရောင်ဝတ်စုံဝတ်လူသည် တိမ်တိုက်တစ်ခုပေါ်၌ မတ်တတ်ရပ်ကာ လေဟာနယ်အတွင်း၌ အောင်းကွမ်းနှင့်မျက်နှာချင်းဆိုင်၍ မတ်တတ်ရပ်လိုက်သည်။
ဤသည်မှာ အစောပိုင်းက ကူချင် ရိုသေလေးစားစွာ ဆက်ဆံနေခဲ့သည့် ထန်အင်ပါယာမှအရေးကြီးပုဂ္ဂိုလ်ပင်။
"ကောင်းတယ်.....ငါက အစကတည်းက မင်းကိုရှာပြီးသတ်ဖို့ ကြံစည်ထားခဲ့တာ....မင်းက ဒီနေရာကို ရောက်လာမှတော့ ငါ မင်းကိုရှာရမယ့်ဒုက္ခသက်သာသွားပြီ"
အောင်းကွမ်းသည် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏ရှေ့သို့ အပြေးသွားကာ သူ၏နဂါးလက်သည်းကို ဆန့်တန်းလိုက်သည်။ထိုနဂါးလက်သည်းသည် အလွန်ကြီးမားကာ ကောင်းကင်နှင့်နေရောင်ကို ပိတ်ဖုံးသွားလုမတတ်ပင်။သူ၏နဂါးအရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားကာ သူ့ထံမှနေ၍ ထူထပ်သိပ်သည်းသော နတ်ဘုရားစွမ်းအားများ ရုတ်တရက် ပွင့်အံ့ထွက်လာသည်။
ဤအချိန်အခိုက်အတန့်တွင် လောကကြီးတခွင်လုံး အရောင်ပြောင်းလဲသွားတော့လုမတတ်ပင်။ခရမ်းရောင်ဝတ်ရုံဝတ်လူ၏နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်သည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် အသူရာကြေးချွတ်သန့်စင်ဘုံအဖြစ်သို့ ပြောင်းလဲသွားကာ သူ့အား သန့်စင်ရန် ရည်ရွယ်ထားလေ၏။
သို့ရာတွင် မမျှော်လင့်ဘဲ ထိုခရမ်းရောင်ဝတ်ရုံဝတ်လူသည် မရှောင်တိမ်းရုံသာမက သူ့၏လက်ကို မိုးကောင်းကင်ယံဦးတည်၍ မြှောက်လိုက်ကာ မှော်စည်းတံဆိပ်တစ်ခုကို ရိုက်ထုတ်လိုက်သည်။ထိုမှော်စည်းတံဆိပ်သည် အမှန်တကယ်ကိုပင် အောင်းကွမ်း၏မှော်စွမ်းအားများအားလုံးကို ပျက်ပြယ်သွားစေသည်။
"မင်းက တကယ့်ကို သန့်စင်တဲ့သွေးမျိုးဆက်ရှိတဲ့ ရွှေရောင်နဂါးတစ်ကောင်ပဲ....အခုချိန်ကစပြီးတော့ မင်းက ငါ့ရဲ့သားရဲဖြစ်လာရမယ်"
ခရမ်းရောင်ဝတ်ရုံဝတ်လူကို ကြည့်ရသည်မှာ ပန်းခြံအတွင်း၌ အပန်းဖြေလမ်းလျှောက်နေသည့်အလားပင်။သူသည် အောင်းကွမ်းထုတ်ဖော်အသုံးပြုထားသည့် ရွှေရောင်အလင်းတန်းများအကြား၌ အေးအေးလူလူဖြတ်သန်းသွားလာနေပေ၏။သူ့၏မှော်စွမ်းအားများသည် ကြီးမားသောမှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးအဖြစ်သို့ ပြောင်းလဲကာ အောင်းကွမ်းအား အခိုင်အမာချိတ်ပိတ်လိုက်၏။
မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာသည်။ကြီးမားသောရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်ကြီးမားသော တောင်ကြီးငါးလုံးနှင့်တူညီကာ အောင်းကွမ်းကို ဖိနှိပ်ထားသည်။
Chapter 4273
"ဝေါင်း.....ငါ မင်းကို သတ်မယ်"
အောင်းကွမ်းက ထပ်ခါတလဲလဲ အော်ဟစ်ကြုံးဝါးကာ သူ၏အလွန်ကြီးမားသောနဂါးခန္ဓာကိုယ်ကြီးဖြင့် ပြင်းပြင်းထန်ထန်ရုန်းကန်လိုက်၏။
ပြင်းထန်သောလေလှိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ဤသည်မှာ အချုပ်အနှောင်မှနေ၍ လွတ်မြောက်စေရန် အောင်ကွမ်း ရုန်းကန်နေစဉ်၌ ထွက်ပေါ်လာသော လေလှိုင်းများပင်။ပတ်ဝန်းကျင်ရှိလူများအားလုံး နောက်သို့လွင့်ထွက်သွားကြကာ အနီးသို့ မချဉ်းကပ်ဝံ့တော့ချေ။
သို့ရာတွင် ခရမ်းရောင်ဝတ်ရုံဝတ်လူ၏လက်ဝါးသည် လက်ငါးချောင်းတောင်တစ်လုံးအလားပင်။အောင်းကွမ်းသည် မည်မျှထိများပြားသောစွမ်းအားများကို အသုံးပြုနေပါစေ ထိုအချုပ်အနှောင်ကို ချိုးဖျက်နိုင်ခြင်းမရှိချေ။
"ငါ မင်းကို သိခွင့်ပြုလိုက်မယ်....ငါ့ရဲ့နာမည်က လီထန်ရှု....ငါက ကောင်းကင်မူဝါဒရုံးတော်ရဲ့သခင်လေးတွေထဲက တစ်ယောက်ပဲ"
ခရမ်းရောင်ဝတ်ရုံဝတ်လူက မောက်မာထောင်လွှားစွာ ပြောဆိုသည်။
"ငါက ကောင်းကင်မူဝါဒရုံးတော်ရဲ့သခင်လေးဆယ့်နှစ်ယောက်အကြားမှာ အဆင့်သုံးပဲ...ငါက လီဖူလို အမှိုက်ကောင်တစ်ကောင်မဟုတ်ဘူး....မင်းကို အရှင်ထားချန်ထားတာကတင် ငါ့ရဲ့သဘောထားကြီးမှုကို ပြရာရောက်နေပြီ....ငါ့ရဲ့တောင်းဆိုမှုကို မင်း လက်ခံနိုင်ရဲ့လား"
"ငါယိုးမသား...."
အောင်းကွမ်းသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပို၍တောက်ပလာသည်။
ခရမ်းရောင်ဝတ်ရုံဝတ်လူသည် အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူ၏လက်ဝါးကို အောက်သို့ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်သည်။ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပေ၏။မှော်စွမ်းအားလက်ဝါးပုံရိပ်ယောင်ကြီးသည် အလွန်ကြီးမားသောစွမ်းအားကိုသယ်ဆောင်ကာ အောင်းကွမ်းအား မြေပြင်ပေါ်၌ ဖိနှိပ်လိုက်သည်။
အောင်းကွမ်းသည် ရုတ်တရက် သွေးတစ်လုတ်အန်ထုတ်လိုက်ရကာ သူ၏ခန္ဓာကိုယ်ပေါ်မှ နဂါးကြေးခွံအမြောက်အများ ကျိုးပဲ့သွားသည်။ထိုကြောင့် သူ၏ခန္ဓာကိုယ်မှနေ၍ နဂါးသွေးအမြောက်အများ ယိုစီးကျလာပေ၏။
"ငါက လီတော်ဝင်မိသားစုကပဲ...ဒီလောကကြီးထဲမှာ ငါ့ရဲ့အမိန့်ကို မနာခံတဲ့သူမှန်သမျှ ငါကဖိနှိပ်နိုင်တယ်"
ခရမ်းရောင်ဝတ်ရုံဝတ်လူ၏အသံသည် အနက်ရောင်မိုခံတပ်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံသွားကာ မြေပြင်တပြင်လုံးကို တုန်ခါသွားစေသည်။
မရေမတွက်နိုင်သော အင်အားစုများသည် ထိုခရမ်းရောင်ဝတ်ရုံဝတ်လူ၏သရုပ်မှန်ကို စတင်၍စုံစမ်းစစ်ဆေးလိုက်ကြ၏။ထိုစုံစမ်းစစ်ဆေးမှုများမှ ရရှိလာသော ရလဒ်များကြောင့် လူအမြောက်အများ ထိတ်လန့်တုန်လှုပ်သွားကြသည်။
လီထန်ရှုသည် ယခုနှစ်တွင်မှ အသက်နှစ်ဆယ့်ငါးနှစ် ပြည့်မည်ဖြစ်သော်လည်း သူသည်နယ်မြေသခင်နယ်ပယ်သို့ ခြေချပြီးဖြစ်သည်။သူသည် ရှေးဟောင်းမျိုးနွယ်တစ်စု၏အမွေအနှစ်ကို ရရှိထားကာ သူ အသုံးပြုသော နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်ပြီးအစွမ်းထက်ပေ၏။သူ၏နည်းစနစ်များတွင် အကန့်အသတ်မရှိသော မှော်စွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် မျိုးဆက်ဟောင်းမှကျင့်ကြံသူများပင်လျှင် သူ့အား အရှုံးပေးခဲ့ရသည်။
ဤကဲ့သို့ နက်နဲသိမ်မွေ့သောစွမ်းအားရှိသူကို တာယွီအင်ပါယာ၏တော်ဝင်နန်းတွင်းမှ အမတ်အိုကြီးတချို့သာလျှင် ယှဉ်ပြိုင်နိုင်ပေမည်။
ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအချက်မှာ ကောင်းကင်မူဝါဒရုံးတော်၏အဆင့်သတ်မှတ်ချက်ပင်။
လီထန်ရှုထံတွင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားများ ရှိနေသော်လည်း ကောင်းကင်မူဝါဒရုံးတော်၌ အဆင့်သုံးနေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။ကောင်းကင်မူဝါဒရုံးတော်တွင် မည်ကဲ့သို့ နတ်ဆိုးဆန်သောပါရမီရှင်များ စုဝေးနေသည်ကို မည်သူမျှ မသိနိုင်ချေ။
"ခုချိန်မှာ လုယွီသာ အသက်ရှင်ရက်ရှိနေမယ်ဆိုရင် သူက လီထန်ရှုကို ရင်ဆိုင်နိုင်မလားဆိုတာ ငါ သိချင်မိတယ်"
လူအမြောက်အများသည် တူညီသောမေးခွန်းတစ်ခုကို တပြိုင်နက်တည်းရေရွတ်လိုက်မိသည်။
"လုယွီက ဘာကောင်မှမဟုတ်ဘူး....အများဆုံးအနေနဲ့ သူက လီဖူလိုလူတစ်ယောက်ကို အနိုင်ယူနိုင်ရုံပဲရှိတယ်...ငါတို့ကောင်းကင်မူဝါဒရုံးတော်ရဲ့ ထိပ်သီးသုံးယောက်ထဲက ဘယ်တစ်ယောက်မဆို သူ့ကို မြှုပ်နှံစရာမြေမရှိဘဲ သေဆုံးသွားအောင်လုပ်နိုင်တယ်"
လီထန်ရှုက ထပ်မံ၍ပြောဆိုသည်။
ပုန်းကွယ်နဂါးစစ်တပ်သည် လီထန်ရှု၏ရန်စစော်ကားမှုနှင့် ရပ်ဆိုင်ရချိန်တွင် မည်သည့်အားနည်းချက်မျိုးကိုမျှ မပြသခဲ့ချေ။
လုကျင်းရှန့်သည် အောင်းကွမ်းကိုကယ်တင်ရန်အတွက် သူ၏စစ်သားများကိုဦးဆောင်၍ ရောက်ရှိလာခဲ့သည်။သို့ရာတွင် လီထန်ရှုသည် အလွန်အစွမ်းထက်သဖြင့် လုကျင်းရှန့်ကိုယ်တိုင်ပင်လျှင် ဒဏ်ရာရရှိသွားပေ၏။
တပ်ရင်းနှစ်ရင်းမှ တပ်မှူးများသည် လီထန်ရှု၏လက်အောက်၌ ရှုံးနိမ့်ခဲ့ကြရသည်။ဤအချိန်အခိုက်အတန့်၌ ပုန်းကွယ်နဂါးစစ်တပ်မှ စစ်သားများ၏စိတ်ဓာတ်များ ကျဆင်းသွားကြသည်။
တချိန်တည်းမှာပင် လီထန်ရှု၏နာမည်ဂုဏ်သတင်းသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မြင့်တက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
"လုယွီရဲ့လက်အောက်ငယ်သားတွေက ဒီလောက်ပါပဲ"
လီထန်ရှုက သရော်တော်တော်ပြောဆိုသည်။
"ငါ့ကို အချိန်ခုနစ်ရက်ပဲပေး....ဒါဆိုရင် ငါက လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးကို ချေမှုန်းဖို့ လုံလောက်တယ်"
လက်ဝဲစစ်တပ်နယ်မြေ ရှီးလျှန်ကြယ်နယ်မြေ၌....
ဖေးထျန်ကွမ်းသည် ခေါင်းဆောင်နေရာ၌ထိုင်ကာ သူ့၏လက်ဖြင့် သူ့နဖူးကို ဖိနှိပ်ထားသည်။သူ၏မုတ်ဆိတ်မွေးများပင်လျှင် အနည်းငယ်ဖြူရော်နေပေ၏။
သူသည် ရက်ပေါင်းများစွာကြာမြင့်သည်အထိ အနားမယူရသေးချေ။ကံကောင်းထောက်မစွာဖြင့် သူသည် ရွှယ်မော်တယ်တစ်ယောက်ဖြစ်နေသောကြောင့် ဤမျှထိ အချိန်ကြာမြင့်စွာအလုပ်လုပ်ကိုင်မှု၏ပြင်းအားကို တောင့်ခံထားနိုင်ခြင်းဖြစ်သည်။
လက်ဝဲစစ်တပ်နယ်မြေမှ လုယွီ ထွက်ခွာသွားပြီးနောက် စစ်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာအခွင့်အာဏာများအားလုံးကို ဖေးထျန်ကွမ်းထံသို့ လွှဲပြောင်းပေးခဲ့သည်။
ပုန်းကွယ်နဂါးစစ်တပ်တွင် ရက်စက်ကြမ်းကြုတ်သော စစ်ဗိုလ်ချုပ်များရှားပါးခြင်းမရှိသော်လည်း နည်းဗျူဟာပါရမီရှင်များရှိမနေချေ။
နှိုင်းယှဉ်ကြည့်ပါက ဖေးထျန်ကွမ်း၏အတွေ့အကြုံများသည် အလွန်ရင့်ကျက်ပေ၏။သူသည် တချိန်က ထိပ်သီးကျောင်းတော်သားနှင့်တော်ဝင်တရားစီရင်ရေးဌာန၏အမတ်ကြီးဟူသော ဂုဏ်ထူးများနှင့်လိုက်ဖက်ညီသည်။သူသည် စစ်ရေးနှင့်အုပ်ချုပ်ရေးကိစ္စနှစ်ရပ်လုံးတွင် ကြီးမားသောအောင်မြင်မှုများနှင့်အတွေ့အကြုံများကို ရရှိခဲ့လေ၏။
ဤအချိန်အခိုက်အတန့်တွင် လုယွီသေဆုံးသွားသောသတင်းသည် လက်ဝဲစစ်တပ်နယ်မြေတစ်ခုလုံးအနှံ့ ပျံ့နှံ့နေသည်။ထိုကြောင့် လူများအားလုံး ထိတ်လန့်တကြား ဖြစ်နေကြသည်။ကံကောင်းထောက်မစွာဖြင့် ဖေးထျန်ကွမ်း၏ဦးဆောင်မှုအောက်တွင် ပုန်းကွယ်နဂါးစစ်တပ်မှစစ်သားများသည် သူတို့၏ခေါင်းဆောင် ဆုံးရှုံးသွားသဖြင့် ကျရောက်ရမည့် ဆိုးရွားသောအခြေအနေမျိုးသို့ ရောက်ရှိသွားခြင်းမရှိချေ။
Chapter 4274
"လုကျင်းရှန့်က ဘာပြောသေးလဲ"
ဖေးထျန်ကွမ်းက မေးမြန်းသည်။
ဖေးထျန်ကွမ်း၏ရှေ့တွင် အခြေအနေကိုသတင်းပို့နေသော စစ်ဗိုလ်ချုပ်တစ်ယောက် မတ်တတ်ရပ်နေသည်။
ထိုစစ်ဗိုလ်ချုပ်က ဂရုတစိုက် တုံ့ပြန်အဖြေပေးသည်။
"ဗိုလ်ချုပ်လုရဲ့အပြောအရတော့ လီထန်ရှုရဲ့အင်အားက အရမ်းသန်မာအားကောင်းတယ်...သူက အချိန်အတိုင်းအတာတစ်ခုထိ ရန်သူရဲ့ပင်မအင်အားစုကို ဟန့်တားထားနိုင်ရုံပဲ တတ်နိုင်လိမ့်မယ်...သူ နောက်ပြန်ဆုတ်ရလိမ့်မယ်"
ဖေးထျန်ကွမ်း၏မျက်လုံးများသည် စားပွဲပေါ်ရှိ ကြယ်မြေပုံပေါ်သို့ စူးစိုက်၍ကျရောက်လာကာ သူသည် အချိန်အတော်ကြာသည်အထိ တုံ့ပြန်ခြင်းမရှိချေ။
အချိန်အတော်ကြာပြီးနောက် ဖေးထျန်ကွမ်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
"ဟူး....သူ့ကိုကူညီဖို့အတွက် သိုက်ဖုန်းကိုပို့လိုက်တော့....ချင်ယုရဲ့စစ်တပ်ကိုလည်း နောက်ကနေလိုက်သွားခိုင်းလိုက်....လီထန်ရှုရဲ့ပင်မအင်အားစုကို အနက်ရောင်မိုခံတပ်မှာ လှောင်ပိတ်ထားရမယ်"
"ဟုတ်ကဲ့"
စစ်ဗိုလ်ချုပ်ထွက်ခွာသွားပြီးနောက် စာကြည့်ဆောင်တစ်ဆောင်လုံး သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဖေးထျန်ကွမ်းက အမှောင်ထုအတွင်းရှိ ထောင့်တစ်နေရာသို့ကြည့်ကာ ပြောဆိုသည်။
"ဘာတွေဖြစ်သွားတာလဲ..."
ထိုအမှောင်ထုအတွင်းမှနေ၍ လူတစ်ယောက် လျှောက်လှမ်းထွက်လာသည်။အစောပိုင်းက အခြေအနေကို သတင်းလာပို့သော စစ်ဗိုလ်ချုပ်သည် စာကြည့်ဆောင်အတွင်း၌ ဤလူရှိနေသည်ကို သတိပြုမိခြင်းမရှိပေ။
"ချီအင်ပါယာ တော်ဝင်နန်းတွင်းမှာရှိတဲ့ အတွင်းလူတွေ ပေးပို့လိုက်တဲ့ သတင်းအရဆိုရင် ချီဘုရင်က ကိစ္စတွေအားလုံးကို ထန်ဧကရာဇ်ဆီ သတင်းပို့လိုက်တဲ့ပုံပဲ...သူက အရှင်လုရဲ့ဆွေမျိုးသားချင်းတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတစ်ခု လုပ်ချင်တဲ့ပုံရတယ်"
အနက်ရောင်လူရိပ်က ပြောဆိုသည်။
ဖေးထျန်ကွမ်း၏မျက်လုံးအတွင်း၌ အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပေ၏။
"ကျိုးကျင်းထန်ကိုကြည့်ရတာ တကယ့်ကို ထန်အင်ပါယာရဲ့ခွေးတစ်ကောင် ဖြစ်ချင်နေတဲ့ပုံပဲ"
အနက်ရောင်အရိပ်က ပြောဆိုသည်။
"ဒါကလည်း ကျိုးကြောင်းဆီလျော်ပါတယ်...ချီအင်ပါယာရဲ့အခြေခံအုတ်မြစ်က အရမ်းနိမ့်ပါးတယ်....ကျိုးထုံက အသက်ရှင်သန်နိုင်ဖို့အတွက် သူ ကျိန်ဆဲခံရမယ်ဆိုရင်တောင် ကျိုးမိသားစုကို အသိအမှတ်ပြုပြီးတော့ ထန်ဧကရာဇ်နဲ့ ဆက်သွယ်မှုတစ်ခု တည်ဆောက်ရမယ်ဆိုတာကို သိထားတယ်...ဒါပေမဲ့ တကယ်လို့ နောင်အနာဂတ်မှာ သူက ဧကရာဇ်တစ်ပါးအဖြစ် ရပ်တည်နိုင်မယ်ဆိုရင် ဒါတွေက ဘာမှမဟုတ်တော့ဘူး"
ဒေါက်....ဒေါက်....
ဖေးထျန်ကွမ်းက သူ၏လက်ချောင်းများဖြင့် စားပွဲခုံကိုခေါက်လိုက်သည်။
ဖေးထျန်ကွမ်းသည် ဤကဲ့သို့ စိတ်ကဏာမငြိမ်မှုကိုပြသသော လုပ်ရပ်မျိုးကို လုပ်ဆောင်ရန်မှာ သာမန်အားဖြင့် မဖြစ်နိုင်ချေ။ဤသည်မှတဆင့် ယခုလက်ရှိအချိန်၌ ဖေးထျန်ကွမ်း မည်မျှထိ ဒေါသထွက်နေသည်ကို ပြသနေသည်။
"အခုချက်ချင်း လူတွေလွတ်ပြီးတော့ အရှင်လုရဲ့ဆွေမျိုးတွေကို ဒီနေရာဆီ ခေါ်လာခဲ့စမ်း...ဘာအမှားအယွင်းမှ မရှိစေနဲ့"
ဖေးထျန်ကွမ်းက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ဒါ့ပြင် တော်ဝင်မြို့တော်ကလုအိမ်တော်ကို တစ်ချက်သွားပြီးတော့ တတိယအရှင်လုနဲ့ပဉ္စမအရှင်လုကို အကြောင်းကြားလိုက်စမ်း....ဘယ်လိုပဲဖြစ်ဖြစ် အရှင်လုမှာ လုမိသားစုရဲ့သွေးမျိုးဆက်ရှိတယ်လို့ ယူဆနိုင်တယ်....သူတို့က ဘေးထွက်ပြီးတော့ ထိုင်ကြည့်နေမှာမဟုတ်ဘူး"
"နားလည်ပါပြီ"
အနက်ရောင်အရိပ်က တုံ့ပြန်သည်။
....
သုံးရက်ကြာမြင့်ပြီးနောက်....
ထန်နှင့်ချီမဟာမိတ်စစ်တပ်သည် ပုန်းကွယ်နဂါးစစ်တပ်ကို တရားဝင်စစ်ကြော်ညာလိုက်၏။ အနက်ရောင်မိုခံတပ်၏ပြင်ပ၌ နှစ်ဖက်စလုံးသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို စတင်၍ဆင်နွှဲကြတော့သည်။
ပုန်းကွယ်နဂါးစစ်တပ်သည် ပြင်းထန်သောဆုံးရှုံးမှုများကို ခံစားရသည်။သို့ရာတွင် ပုန်းကွယ်နဂါးစစ်တပ် နံပါတ်ဆယ့်ငါးတပ်ရင်း၏တပ်မှူးချင်ယုသည် ထူးချွန်သောအရည်အချင်းကို ပြသနိုင်ခဲ့သည်။သူသည် ထန်စစ်တပ်မှအရေးပါသောနေရာများကို ချိုးဖျက်ကာ အနက်ရောင်ကိုခံတပ်အတင်းရှိ အခြေစိုက်စခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။
ထန်စစ်တပ်သည် ကူကယ်ရာမဲ့ဖြစ်သွားလေ၏။ စစ်ပွဲတွင် သူတို့သည် အသာစီးရနေသော်လည်း အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ခံရသဖြင့် ဆုတ်ခွာခဲ့ရသည်။
ဤတိုက်ပွဲအတွင်း၌ ချင်ယုသည် နာမည်ဂုဏ်သတင်းကျော်ကြားလာကာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၌ နာမည်အကျော်ကြားဆုံးအမျိုးသမီးစစ်ဗိုလ်ချုပ် ဖြစ်လာပေ၏။
ရှေ့တန်းတွင် တိုက်ပွဲအရှိန်ပြင်းထန်နေသည့်အပြင် အောက်ဘုံတွင်လည်း ပြင်းထန်သောတိုက်ပွဲများ စတင်လာခဲ့သည်။
ချီဧကရာဇ်သည် အောက်ဘုံအတွင်းသို့ လူများစေလွှတ်၍ လုယွီ၏မိသားစုကို ထိခိုက်နာကျင်အောင် ပြုလုပ်လိုခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ကွန်ရက်ရှိသူလျှိုများသည် သူတို့အား အချိန်မီဟန့်တားနိုင်ခဲ့သဖြင့် နှစ်ဖက်စလုံးသည် အောက်ဘုံအတွင်း၌ ပြင်းထန်သောတိုက်ပွဲတပွဲကို စတင်၍ဆင်နွှဲခဲ့ကြသည်။
"အောက်ဘုံမှာရှိတဲ့လုမိသားစုက ငါတို့လုမိသားစုရဲ့ မိသားစုခွဲတခုပဲ....သူတို့ကို ထိဝံ့တဲ့ ဘယ်သူမဆို ငါတို့လုမိသားစုကို စစ်ကြေငြာတာနဲ့ အတူတူပဲ"
လုမိသားစု၏တတိယအရှင် လုချန်းဆောင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
လုမိသားစု၏ပါဝင်စွက်ဖက်မှုကြောင့် ချီအင်ပါယာမှစေလွှတ်လိုက်သော လူများအားလုံး အရှုံးနှင့်နောက်သို့ဆုတ်ခွာခဲ့ရသည်။
တောင်ပိုင်းကုန်းမြေမှ လုယွီ၏ဆွေမျိုးအများစုကို ကောင်းကင်ကွန်ယက်မှသူလျှိုများက ကယ်တင်ခဲ့သည်။တချို့ကိုမူ တော်ဝင်မြို့တော် လုမိသားစုမှ ကယ်တင်ခဲ့လေ၏။သို့ရာတွင် ချီအင်ပါယာကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူတချို့ရှိနေဆဲပင်။
ရှီးလျန်ကြယ်နယ်မြေ....အုပ်ချုပ်သူအရှင်အိမ်တော်....
ကောင်းကင်ကွန်ယက်၏သူလျှိုများ အောက်ဘုံမှကယ်တင်လာခဲ့သည့် လုမိသားစုဝင်များအားလုံး ဤနေရာ၌ ရှိနေသည်။သူတို့အား အိမ်တော်အတွင်း၌ ဂရုတစိုက်စောင့်ရှောက်ကာ လုံခြုံရေးကိုတင်းတင်းကြပ်ကြပ် နေရာချထားသည်။
ဤလုမိသားစုတွင် လုယွီ၏မိဘနှစ်ပါး ညီမ ဒေါ်လေးနှင့်တခြားဆွေမျိုးများ ပါဝင်သည်။
သူတို့သည် လုယွီ၏အစစ်အမှန်တိုက်ရိုက်မျိုးဆက်များဖြစ်ပြီး ကောင်းကင်ကွန်ယက်၏သူလျှိုများမှ ကယ်တင်ခဲ့ခြင်းဖြစ်သည်။
အလယ်ပိုင်းကုန်းမြေမှလုမိသားစုရှိ လုယွီ၏အဖိုးဖြစ်သူ လုဝူသိနှင့်တခြားလူများကိုမူ တော်ဝင်မြို့တော်ရှိလုမိသားစုမှ ကယ်တင်ထားခဲ့သည်။ဤမိသားစုခွဲသည် မူလက ပင်မလုမိသားစုမှစွန့်ပစ်ထားသောလူများပင်။သို့ရာတွင် လုယွီအတွက်ဖြင့် သူတို့သည် ပင်မလုမိသားစု၏လက်ခံခြင်းကို တဖန်ပြန်၍ခံယူရလေ၏။
Chapter 4275
လမ်းတစ်လျှောက်၌ တောင်ပိုင်းကုန်းမြေရှိ လုမိသားစုမှလူများအားလုံး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေသည်။
သူတို့၏နံဘေးပတ်ဝန်းကျင်တွင် လူအမြောက်အများရှိနေကာ သာမန်စစ်သားတစ်ယောက်ပင်လျှင် အောက်ဘုံအတွင်း၌ ပြိုင်ဘက်ကင်းထိပ်သီးကျင့်ကြံသူဟု ယူဆနိုင်ပေ၏။
"အရှင်လုကြောင့် ပုန်းကွယ်နဂါးစစ်တပ်က ခုလိုအခြေအနေမျိုးကို ရောက်လာတာပဲ....ဘာမှမစိုးရိမ်နဲ့....အရှင်လုက အခုချိန်မှာ တော်ဝင်နန်းတွင်းကခန့်အပ်ထားတဲ့ အုပ်ချုပ်သူအရှင်တစ်ယောက်ပဲ....သူ့မှာ မြင့်မားတဲ့ ရာထူးအဆင့်အတန်းရှိတယ်...အရင်တုန်းက သူ့မှာ ရန်သူတချို့ရှိနေတာကြောင့် သူ စိတ်အေးချမ်းမှုရအောင် မင်းတို့ကို ဒီနေရာဆီ ခေါ်လာခိုင်းခဲ့တာပဲ"
စစ်ဗိုလ်ချုပ်တစ်ယောက်က အပြုံးနှင့် နူးညံ့ညင်သာစွာရှင်းပြသည်။
"ဒါဆိုရင် ယွီအာက ခုလိုအဆင့်ထိ ကြီးပြင်းနေပြီလား"
လုခိုင်ရှန်နှင့်သခင်မကြီးယွီရုံတို့သည် စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်ကြကာ လုယွီကို မြင်တွေ့လိုကြသည်။
သူတို့သည် လုယွီနှင့် မဆုံတွေ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့သည် သူတို့၏သားကို အလွန်အမင်း လွမ်းဆွတ်နေပေ၏။
"ဒါက....အရှင်လုက အလုပ်အရမ်းရှုပ်နေတယ်...သူက အခုလတ်တလောအချိန်မှာ နေရာတစ်ခုကို ခရီးထွက်နေတာကြောင့် အချိန်အတိုင်းအတာတစ်ခုထိ ပြန်လာနိုင်မှာမဟုတ်ဘူး"
ထိုစစ်ဗိုလ်ချုပ်က တုံပြန်သည်။
ဖေးထျန်ကွမ်းသည် ကြိုတင်၍အမိန့်ပေးထားပြီးဖြစ်သည်။ထိုကြောင့် သူတို့အားလုံးသည် လုယွီ သေဆုံးသွားခဲ့သောသတင်းကို ပေါက်ကြားသွားစေခြင်းမရှိချေ။
လုယွီ၏မိဘဆွေမျိုးများသည် ဤကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်ကောင်းသောသတင်းအား လက်ခံနိုင်ခြင်းမရှိမည်ကို သူ စိုးရိမ်ပူပန်နေမိသည်။
တောင်ပိုင်းကုန်းမြေမှ လုမိသားစုဝင်များကို လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ နေရာချထားကာ ပြင်ပလောကနှင့်ပိုင်းခြားထားသည်။ထို့ကြောင့် သူတို့သည် လုယွီနှင့်ပတ်သက်သည့်သတင်းများကို သိရှိနိုင်မည်မဟုတ်ချေ။
"စီနီယာ....ရှင်တို့လာတဲ့အချိန်တုန်းက နူနူလို့ခေါ်တဲ့မိန်းကလေးကို မြင်သေးလား...သူက အသက်ခြောက်နှစ်ခုနစ်နှစ်လောက်ပဲရှိအုံးမယ်"
လုလမ်ရွှမ်းက စိုးရိမ်ပူပန်တကြီး မေးမြန်းသည်။
သူမတို့အားကာကွယ်ရာ၌ တာဝန်ယူခဲ့သောလူသည် ပုန်းကွယ်နဂါးစစ်တပ်မှ မြေကမ္ဘာအင်မော်တယ် စစ်ဗိုလ်ချုပ်တစ်ယောက်ပင်။
ထိုစစ်ဗိုလ်ချုပ်က လုလမ်ရွှမ်းသည် လုယွီ၏အစ်မဖြစ်သည်ကို သိရှိသဖြင့် ရိုသေလေးစားစွာပြောဆိုသည်။
"သခင်မလေးလု...ကျွန်တော်တို့ကယ်တင်ခဲ့တဲ့လူတွေအားလုံး ဒီနေရာမှာရှိနေတယ်... တကယ်လို့ နောက်ထပ်လူတွေ ကျန်သေးတယ်ဆိုရင် သူတို့ကို တော်ဝင်မြို့တော်မှာရှိတဲ့လုမိသားစုက ခေါ်သွားတာပဲဖြစ်မယ်...ဒီငယ်သားက သူတို့ဆီကို မေးလိုက်ပါ့မယ်"
ထိုစစ်ဗိုလ်ချုပ်သည် တော်ဝင်မြို့တော်သို့ စာတစ်စောင်ကိုပေးပို့လိုက်ပြီးနောက် ပင်မလုမိသားစုမှ တုံ့ပြန်အဖြေပေးသည်။အလယ်ပိုင်းကုန်းမြေမှခေါ်ဆောင်လာခဲ့သော ကလေးအယောက်နှစ်ဆယ်အနက် နျူနျူဟုခေါ်သော မိန်းကလေးရှိမနေချေ။
....
ချီအင်ပါယာ ဝေ့ယန်မြို့တော်
ချီတော်ဝင်နန်းတော်သည် တောက်ပပြီးကြီးကျယ်ခမ်းနားနေပေ၏။ယခင်က ချီဘုရင်၏နန်းတော်အပြင် တခြားနန်းဆောင်များသည်လည်း တည်ဆောက်ဆဲအခြေအနေ၌ရှိနေသည်။
ချီဧကရာဇ်ကျိုးကျင်းထန်သည် ဧကရာဇ်ဖြစ်လာပြီးနောက် သူ၏ဧကရာဇ်ဟူသော အဆင့်အတန်းကို ပြသရန်အတွက် တော်ဝင်နန်းတော်ကို ချက်ချင်းချဲ့ထွင်တည်ဆောက်ခဲ့သည်။
ထိုအကြောင်းအရင်းကြောင့် သူသည် ဖုန်းရွှေဆရာသခင်များကိုခေါ်ယူကာ ကောင်းမွန်သောအရပ်၌ နန်းဆောင်များတည်ဆောက်ခဲ့သည်။ရာထောင်ချီသောလူများသည် နေ့မအားညမနား အလုပ်လုပ်ကိုင်ပြီးနောက် ယခင်နန်းတော်ထက် ပို၍ကြီးကျယ်ခမ်းနားသည့် နန်းတော်တခုကိုတည်ဆောက်ခဲ့လေ၏။
ထိုနန်းတော်၏ထောင့်တစ်နေရာ၌ အကျဉ်းထောင်တစ်ခုရှိနေသည်။
ဤနေရာတွင် မှောင်မိုက်ပြီးစိုစွတ်ကာ နေရောင်ခြည်ကို မြင်တွေ့နိုင်ခြင်းမရှိချေ။လေထုအတွင်း၌ သွေးညှီနံ့များဖြင့် ပြည့်နှက်နေပေ၏။
နျူနျူသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ သူမထံ၌ နွမ်းလျသောအသွင်အပြင်ရှိနေသည်။
"ဦးလေး....ကျေးဇူးပြုပြီးတော့ ကျမကို ပေါင်မုန့်တစ်လုံးလောက်ပေးပါ"
နျူနျူသည် သူမ၏သေးငယ်သောလက်ကလေးများဖြင့် အကျဉ်းခန်းမှသံတိုင်များကိုဆုပ်ကိုင်ကာ သူမ၏မျက်နှာသည် ဆာလောင်မှုကြောင့်ဖြူရော်နေပေ၏။
အစောင့်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့်....တကယ်လို့ မင်းက ပေါင်မုန့်တစ်လုံးလိုချင်တယ်ဆိုရင် မင်းရဲ့မှော်ရတနာနဲ့လဲရမယ်"
နျူနျူက မျက်မှောင်ကြုတ်ကာ နူးညံညင်သာစွာပြောဆိုသည်။
"ကျွန်မဆီမှာရှိတဲ့ မှော်ရတနာတွေအားလုံး ဦးလေးကိုပေးပြီးပြီလေ....ဘာမှော်ရတနာမှ မကျန်တော့ဘူး"
အစောင့်က ဒေါသတကြီး အော်ဟစ်လိုက်၏။
"သောက်ချေးပဲ....ခွေးမလေး မင်းက ဖွက်ထားရဲသေးတာလား...."
"တော်သင့်ပြီ"
နံဘေးတွေရှိနေသော အကျဥ်းခန်းအတွင်းရှိလူက တိုးညှင်းသောအသံဖြင့် ပြောဆိုသည်။
"အစောင့်...ငါ မင်းကို နောက်ထပ်မှော်ရတနာတစ်ခုပေးမယ်....ဒီမိန်းကလေးကို ပေါင်မုန့်ပေးလိုက်ပါ....သူ့ကို ခက်ခဲအောင်မလုပ်နဲ့"
အစောင့်က အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် လက်လျှော့အရှုံးပေးလိုက်သည်။ထို့နောက် သူသည် ပေါင်မုန့်တစ်လုံးကို အကျဉ်းခန်း၏ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။
"အဘိုးကို ကျေးဇူးတင်ပါတယ်"
နျုနျူသည် နံဘေးရှိအကျဥ်းခန်းမှလူကို ဦးညွှတ်အရိုအသေပြုပြီးနောက် ပေါင်မုန့်ကိုကောက်ယူလိုက်သည်။
ထိုပေါင်မုန့်ပေါ်၌ မြေကြီးများကပ်နေသော်လည်း နျူနျူသည် အလွန်အမင်းဆာလောင်နေပေ၏။သူမသည် ထိုပေါင်မုန့်ကိုဆုပ်ကိုင်ကာ စတင်၍ပါးစပ်အပြည့်ဝါးစားလိုက်တော့သည်။
အနီးပတ်ဝန်းကျင်ရှိ အကျဉ်းခန်းများအတွင်းမှနေ၍ သက်ပြင်းချသံအမြောက်အများထွက်ပေါ်လာသည်။
....
မိုးကောင်းကင်ယံကြီးမှောင်မဲနေကာ အနက်ရောင်မြူခိုးများ ရစ်သိုင်းလွှမ်းခြုံနေသည်။ ပတ်ဝန်းကျင်ရှိအရာရာတိုင်းသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေပေ၏။
ပြုတ်ကျနေသော ကြေးနီကမ္ပည်းပြားပေါ်ရှိ 'ဖန်းနန်းတော်'ဟူသော ရှေးဟောင်းသင်္ကေတအက္ခရာများသည် မှေးမှိန်ကာသက်ဝင်လှုပ်ရှားမှုကင်းမဲ့နေသည်။
ထူထပ်သိပ်သည်းသော မြူခိုးများအကြားမှနေ၍ နတ်ဆိုးသက်ရှိများ ရှေ့သို့တွားသွားတက်လာသည်။နံဘေးပတ်ဝန်းကျင်တွင် ပြင်းထန်သောခြေလှမ်းသံများ နတ်ဆိုးသက်ရှိများ၏အော်ဟစ်သံများဖြင့် ပြည့်နှက်နေပေ၏။
အမှောင်ထုအတွင်းတွင်ရှိနေသော လုယွီက သူ၏မျက်လုံးကို ဖွင့်လိုက်သည်။
ထို့နောက် သူသည် အဝေးတစ်နေရာသို့ကြည့်လိုက်၏။အကန့်အသတ်မရှိသော အမှောင်ထုအတွင်း၌ရှိနေသည့် အေးစက်စက်မျက်လုံးတစ်စုံကလည်း သူ့အား စူးစိုက်၍ကြည့်နေသည်။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေး...ဒီနေ့ မင်းနဲ့ငါရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ရလိမ့်မယ်"