အခန်း (၄၂၇၆-၄၂၈၀)
Vol. 217 Ch. 4276-4280
Chapter 4276
လုယွီ၏အသံသည် အမှောင်ထုအတွင်းရှိ လေဟာနယ်တခွင်လုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ကို အနက်ရောင်ယင်ချီများ ရစ်သိုင်းလွှမ်းခြုံထားကာ သူ၏ခန္ဓာကိုယ်သည် ငရဲ၏ယင်ချီနတ်ဘုရားတစ်ပါးအလားပင်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်သည် သူ၏လက်အတွင်း၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြောင်ကိုကိုင်ကာ လုယွီ၏နံဘေး၌ မတ်တတ်ရပ်နေလေ၏။
လုယွီ၏ပတ်ဝန်းကျင်ရှိ ယင်ချီများကို မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်မှ ဝါးမြိုသွားသည်။ထိုကြောင့် ထိုယင်ချီများသည် လုယွီ၏အနီးသို့ ချဉ်းကပ်နိုင်ခြင်းမရှိချေ။
ယခုလက်ရှိချိန်တွင် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဝမ်းဗိုက်အတွင်း၌ ရှိနေသည်။သူသည် ပြင်ပလောကသို့ထွက်သွားနိုင်ခြင်းမရှိဘဲ ယခုလက်ရှိအချိန်ထိ အသက်ရှင်သန်နိုင်ရုံသာ တောင့်ခံထားနိုင်ခဲ့သည်။သူ့ အသက်ရှင်လျက် ရှိနေသည်ကပင် အံ့အားသင့်ဖွယ်ကောင်းသော ကိစ္စတစ်ရပ် ဖြစ်နေလေပြီ။
"ကောင်းကင်ဘုံဧကရာဇ် တစ္ဆေဧကရာဇ် အမတ်ကြီးချွယ်....မင်းလို နိမ့်ကျတဲ့ရွှယ်အင်မော်တယ်လေးတစ်ယောက်မှာ ကံကြမ္မာကောင်းတွေရှိနေတာပဲ....မင်းက ထိပ်သီးအစွမ်းထက်တည်ရှိမှုကြီးတွေရဲ့အမွေအနှစ်ကို ရယူထားနိုင်ခဲ့တယ်.... မင်း ငါ့ရှေ့မှာ ခုလောက်ထိ အချိန်အကြာကြီး မတ်တတ်ရပ်နေနိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မြွေခေါင်းကိုးခေါင်း ရှေ့သို့ဆန့်တန်းလာသည်။ထိုမြွေခေါင်းတစ်ခေါင်းစီ၏မျက်လုံးများမှနေ၍ မှုန်မှိုင်းသောအလင်းရောင်များ ဖြာထွက်နေပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဝမ်းဗိုက်အတွင်း၌ ထူထပ်သိပ်သည်းသော ယင်ချီများဖြင့် ပြည့်နှက်နေသည်။သူ၏ဝမ်းဗိုက်အတွင်းသို့ ဝင်ရောက်လာသော မည်သည့်သက်ရှိမဆို ထိုထူထပ်သိပ်သည်းသော ယင်ချီများကြောင့် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေမည်။
သို့ရာတွင် လုယွီထံ၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ရှိနေသည်။
ဤသည်မှာ ရှေးဟောင်းတစ္ဆေဧကရာဇ်၏နာမည်အကျော်ကြားဆုံး မသေမျိုးအဆင့်မှော်လက်နက်ပင်။ထိုအရာသည်အင်မော်တယ်ချီစွမ်းအားများကို ထုတ်လွတ်နိုင်စွမ်းရှိသည်။ရုတ်ချည်းဆိုသလိုပင် ရာထောင်ချီသောအလင်းတန်းများသည် လုယွီ၏နံဘေးပတ်လည်ကို ဝိုင်းရံသွားကာ ပတ်ဝန်းကျင်ရှိယ၈်ချီများအားလုံးကို ဖယ်ရှားလိုက်သည်။
လုယွီက တည်ငြိမ်စွာပြောဆိုသည်။
"အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာပြီးတော့ ခေတ်ကာလတွေလည်း ပြောင်းလာပြီ ...မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်သန်နေတာလဲဆိုတာ ငါ သိချင်မိတယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဝမ်းဗိုက်အတွင်း၌ လုယွီသည် ပတ်ဝန်းကျင်ရှိ ယင်ချီများကို အဆက်မပြတ် ခုခံကာကွယ်နေခဲ့သည်။
ရှေးဟောင်းခေတ်ကာလအတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ဟူသည့်အချက်ကို လုယွီသည် ရှေးဟောင်းမှတ်တမ်းများမှတဆင့် သဲလွန်စတချို့ကို ရှာဖွေနိုင်ခဲ့သည်။သို့ရာတွင် ထိုကိစ္စများ၏နောက်ကွယ်ရှိ အမှန်တရားကိုမူ သူ မသိရှိချေ။
ရှေးဟောင်းခေတ်ကာလအတွင်း၌ ထာဝရတည်ရှိမှုကြီးဟု ယူဆနိုင်သော လူသားဧကရာဇ်ပင်လျှင် သေဆုံးသွားခဲ့ရသည်။သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည်ဟယခုလက်ရှိအချိန်ထိ အမှန်တကယ်ကို အသက်ရှင်သန်နေပေ၏။
"ငါ မင်းကို အသက်ချမ်းသာပေးခဲ့တဲ့ အကြောင်းအရင်းက မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို လိုချင်လို့ပဲ....ငါက မင်းကို တကယ်ကြီး ဘာမှမလုပ်နိုင်ဘူးလို့ မင်း ထင်နေတာလား"
သွေးဆာသောအလင်းတန်းတစ်တန်းက မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်က အခုထိ အပြည့်အဝ ပြန်မကောင်းသေးဘူး....အဲ့ဒီမသေမျိုးအဆင့်မှော်ရတနာက အခုအချိန်ထိ တောင့်ခံခဲ့ရတာကြောင့် အကန့်အသတ်ကိုရောက်နေပြီ.....မသေမျိုးအဆင့်မှော်လက်နက်ရဲ့ ကာကွယ်ပေးမှု မရှိတော့ဘူးဆိုရင် မင်းရဲ့ရုပ်ခန္ဓာကိုယ်က အနှေးနဲ့အမြန် ငါ့ရဲ့အပိုင်ဖြစ်လာမှာပဲ.....ဒီလောကကြီးထဲမှာ အစစ်အမှန်အင်မော်တယ်တစ်ယောက် ရှိနေအုံးမယ်လို့ ငါ တကယ့်ကို မယုံကြည်နိုင်ခဲ့ဘူး...ဒါက ငါ့အတွက် ပျော်စရာတစ်ခုပဲ....ငါ ဒီနေရာကနေထွက်သွားပြီးတာနဲ့ ငါက လူသားမျိုးနွယ်တွေအားလုံးကို ဖိနှိပ်မယ်.....နတ်ဆိုးမျိုးနွယ်က သေမျိုးလောကထဲကို ပြန်ပြီးဆင်းသက်နိုင်လိမ့်မယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်အမင်းသတိကြီးစွာ ထားနေလေ၏။သူသည် အသာစီးရရှိထားသည့်တိုင် အတိတ်တွင် မည်သည့်ကိစ္စများဖြစ်ပျက်ခဲ့သည်ဟူသောကိစ္စကို ပြောဆိုရန် ငြင်းဆန်နေဆဲပင်။
လုယွီက သူ၏မျက်လုံးများကို စုံမှိတ်လိုက်သည်။သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ပါးစပ်မှနေ၍ သဲလွန်စတချို့ရရှိလာမည်ဟု ထပ်မံ၍ မမျှော်လင့်တော့ချေ။ထို့နောက် သူက ပြောဆိုသည်။
"မင်းက ဒီနေရာကနေ ထွက်သွားနိုင်မှာမဟုတ်ဘူး....ဒီနေ့ မင်း သေရလိမ့်မယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"အတိတ်မှာတုန်းကလို လူသားဧကရာဇ်က မင်းကိုကယ်တင်အုံးမယ်လို့ မင်း ထင်နေတာလား....လူသားမျိုးနွယ်ရဲ့မဟာတာအိုလမ်းကြောင်းက ပြတ်တောက်သွားတာ အချိန်အတော်ကြာနေပြီ...တခြားလူသားဧကရာဇ်တစ်ယောက် ထွက်ပေါ်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး....အခုလက်ရှိခေတ်ကာလမှာ တာအိုသခင်ဆိုတဲ့ကောင်တွေကလည်း အတုအယောင်အင်မော်တယ်တွေပဲ....သူတို့က အရမ်းအားနည်းတယ်...မင်းကို ဘယ်လိုမှ ကယ်တင်နိုင်မှာမဟုတ်ဘူး"
"လူသားမျိုးနွယ်ရဲ့မဟာတာအိုလမ်းကြောင်းက ပြတ်တောက်သွားပြီလား...ဘယ်သူက ဒါကို ဖြတ်တောက်ခဲ့တာလဲ"
လုယွီ၏မျက်လုံးများ တောက်ပသွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် မှားယွင်းသောကိစ္စတစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့မိသည်အား နားလည်သဘောပေါက်သွားသဖြင့်အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။
"ဟမ့် သေတော့မယ့်လူတစ်ယောက်က အများကြီးသိမထားသင့်ဘူး"
ပတ်ဝန်းကျင်ရှိယင်ချီများ ပို၍ပြင်းထန်ကာ ရုန့်ရင်းကြမ်းတမ်းလာသည်။
ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများ ပျံ့လွင့်လာကာ လုယွီ၏နံဘေးပတ်ဝန်းကျင်၌ ရစ်သိုင်းလွှမ်းခြုံနေပေ၏။လုယွီ၏နံဘေးရှိ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှ ထုတ်လွှတ်ထားသော အလင်းတန်းများ ပါးလွှာသွားကာ ကြည်လင်လာသည်။ထိုအရာများသည် ကျိုးပျက်သွားတော့မည့်အလားပင်။
နောက်ဆုံး၌ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်မှ အကာအကွယ်အလင်းတန်းများသည် ပတ်ဝန်းကျင်မှ ယင်ချီများ၏တိုက်စားမှုကို တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်းအက်ကွဲစပြုလာသည်။
အချိန်တခဏအကြာတွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်သည် အလွန်အမင်းဝေဝါးသွားကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။
Chapter 4277
နောက်ထပ်အချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကြီးမားသောစိတ်ဝိညာဥ်သည် လုယွီ၏ရှေ့၌ ထွက်ပေါ်လာပေ၏။
သူ၏မြွေခေါင်းကိုးခေါင်းကို မောက်မာထောင်လွှားစွာမော့ထားကာ နတ်ဆိုးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ စိတ်ဝိညာဉ်တစ်ကောင်ဖြစ်သည့်တိုင် ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ကောင်၏စွမ်းအားကို ပြသရန် လုံလောက်သည်။ယခုလက်ရှိအချိန်တွင် ဤကြီးမားသောစိတ်ဝိညာဥ်မှနေ၍ အစွမ်းထက်သောဖိအားအရှိန်အဝါကို ဖြန့်ကျက်ထားသည်။
ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြင်းထန်သောစွမ်းအားလှိုင်းများ ပျံ့လွင့်နေသည်။ဤသည်မှာ နတ်ဆိုးနတ်ဘုရားတစ်ပါး နိုးထလာကာ လှောင်အိမ်ကိုချိုးဖျက်ပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးလိုသည့်အလားပင်။
အချိန်များအလွန်ကြာညောင်းလာကာ မြေကမ္ဘာနတ်ဆိုးဘိုးသည် ခေါင်းတလားအတွင်း၌ အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။သို့ရာတွင် သူ၏မှော်စွမ်းအားများသည် အားပျော့သွားခြင်းမရှိဘဲ တစတစပို၍အားကောင်းလာသည်။
သူ၏အရှိန်အဝါသည်လည်း အလွန်ကြီးမားကာ ကြီးကျယ်ခမ်းနားပေ၏။ဤသည်မှာ သွေးခန္ဓာကိုယ်တစ်ခုမဟုတ်ဘဲ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ပြီးပြည့်စုံသောစိတ်ဝိညာဉ်ပင်။
လုယွီသည် တချိန်က အောက်ဘုံအတွင်း၌ နတ်ဆိုးဘိုးဘေးနှစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရဖူးသည်။သို့ရာတွင် ထိုနတ်ဆိုးဘိုးဘေးနှစ်ကောင်၏စိတ်ဝိညာဥ်များသည် ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေကာ ဤမြေကမ္ဘာနတ်ဆိုးဘိုးဘေးစိတ်ဝိညာဉ်နှင့် နှိုင်းယှဉ်၍ရမည်မဟုတ်ချေ။
လုယွီ၏လက်ဝါးအတွင်းမှနေ၍ နတ်ဘုရားစွမ်းအားများ စတင်၍ပျံ့လွင့်လာသည်။တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အလင်းတန်းများ တစတစပို၍ တောက်ပလာသည်။မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်ရှိ အလင်းဘီးကြီးမှလည်း တောက်ပသောအလင်းရောင်များ ဖြာထွက်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် ကံကြမ္မာစွမ်းအားများ ပွင့်အံ့ထွက်လာသည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ ယုံကြည်ကိုးကွယ်သူများ၏ မှော်မန္တန်ရွတ်ဆိုသံများနှင့်ဆုတောင်းသံများ ပဲ့တင်ထပ်ပျံနှံ့လာသည်။ထိုရွတ်ဆိုသံများမှတစ်ဆင့် မြေအောက်လောကနတ်ဘုရားကို ကြီးကျယ်ခမ်းနားသောစွမ်းအားများ ထောက်ပံ့ပေးနေလေ၏။
"သတ်စမ်း"
မြေအောက်လောကနတ်ဘုရား၏အကာအကွယ် ကြေမွှပျက်စီးသွားသော အချိန်အခိုက်အတန့်၌ လုယွီက စတင်၍တိုက်ခိုက်လိုက်သည်။
သူ၏အကန့်အသတ်မရှိသော ကံကြမ္မာစွမ်းအားများကို လောင်ကျွမ်းကာ နတ်ဘုရားနည်းစနစ်တစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်သဖြင့် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။
လုယွီသည် ယခုလက်ရှိအချိန်၌ ရှေးဟောင်းရွှယ်အင်မော်တယ်တစ်ယောက်ပင်။သူ၏စွမ်းအားကို နယ်မြေသခင်နယ်ပယ် စတုတ္ထအဆင့်ကျင့်ကြံသူတယောက်နှင့် နှိုင်းယှဉ်နိုင်ပေ၏။သူသည် နတ်ဘုရားနည်းစနစ်ကို ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်၏အကန့်အသတ်ကိုကျော်လွန်ကာ သူ၏စွမ်းအားများ အလွန်အမင်းမြင့်တက်သွားသည်။
ဝေါင်း.....
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှနေ၍ ထူးဆန်းသောအော်သံတစ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။အလွန်အမင်းထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားများ တဖန်ပြန်၍ပွင့်အံ့ထွက်လာကာ နေမင်းကြီးကို လွှမ်းခြုံသွားသော အနက်ရောင်မြူခိုးထုကြီးအလားပင်။သူ၏ထက်ရှသောလက်သည်းများတွင် ရေခဲတမျှအေးစက်သော အလင်းတန်းများဖြင့် တောက်ပနေပေ၏။
လုယွီအသုံးပြုလိုက်သော နတ်ဘုရားနည်းစနစ်မှစွမ်းအားများ ယင်ချီများ၏လွှမ်းခြုံသွားခြင်းကို ခံလိုက်ရသည်။သူ့၏သိုင်းပညာသူတော်စင်ရုပ်ခန္ဓာကိုယ်ထံတွင် သွေးစို့ရာအပေါက်တစ်ပေါက် ကြွင်းကျန်ခဲ့သည်။ထိုဒဏ်ရာမှနေ၍ သွေးများယိုစီးကျနေသည်။
နောက်ဆုံးအချိန်၌ အဆုံးသတ်တိုက်ပွဲတစ်ခု ရောက်ရှိလာလေပြီ။
လုယွီသည် သူ၏ခြေထောက်ဖြင့် မြေပြင်ကိုထိတွေ့လိုက်ပြီးနောက် မရေမတွက်နိုင်သော ဝင်္ကပါဖွဲ့စည်းပုံပုံစံများ ထွက်ပေါ်လာသည်။ ထောင်နှင့်ရှိသော ဝင်္ကပါများသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံသို့ဦးတည်၍ ပျံ့လွင့်သွားသည်။
ထိုဝင်္ကပါဖွဲ့စည်းပုံများသည် အလွန်ရှေးကျကာ အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။ထိုအရာများအားလုံးသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ ထိပ်သီးသတ်ဖြတ်ခြင်းဝင်္ကပါများပင်။ထိုဝင်္ကပါများအနက်မှ မည်သည့်တစ်ခုမဆို မိုးနှင့်မြေကို လှုပ်ခတ်စေနိုင်စွမ်းရှိသည်။
လုယွီသည် အစပထမ၌ မသေမျိုးအဆင့်မှော်လက်နက်ဖြစ်သော သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကိုအသုံးပြုကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ရင်ဆိုင်ခဲ့သည်။သို့ရာတွင် အမှန်အားဖြင့် သူသည် နောက်ကွယ်၌ ဤဝင်္ကပါများကို လျှို့ဝှက်၍ခင်းကျင်းနေခြင်းဖြစ်သည်။
ဤဝင်္ကပါများသည် သစ်တောအုပ်တစ်ခုအတွင်းရှိ သစ်ပင်များအလား တစ်လွှာပြီးတစ်လွှာ လွှမ်းခြုံထားသည်။ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ လေခွင်းသံများဖြင့် ပြည့်နှက်နေသည်။ဤသည်မှာ မရေမတွက်နိုင်သောဓားပျံများ လေထုကို ဖြတ်သန်းသွားသည့်အလားပင်။
လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ဝမ်းဗိုက်အတွင်း၌ ရောက်ရှိနေသဖြင့် ဤအချိန်တွင် သူထံ၌ မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှ မရှိတော့ချေ။ဝင်္ကပါများအားလုံးကို ခင်းကျင်းပြီးနောက် ပွင့်အံ့ထွက်လာသောအရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးသွားတော့လုမတတ်ပင်။
ပတ်ဝန်းကျင်၌ သွေးပင်လယ်ကြီးတစ်ခုရှိနေသည်။
ဤတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ဝင်္ကပါဖွဲ့စည်းပုံများမှစွမ်းအားများ ထွက်ပေါ်လာချိန်တွင် အနီးပတ်ဝန်းကျင်ရှိ နတ်ဆိုးသက်ရှိများအားလုံးကို အရူးအမူးသတ်ဖြတ်လိုက်၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံတွင် နတ်ဆိုးဘိုးဘေးတစ်ကောင်၏ရုပ်ခန္ဓာကိုယ် ရှိနေသည့်တိုင် အားနည်းနေဆဲပင်။အချိန်တိုတစ်ခုအတွင်း၌ သူ၏ရုပ်ခန္ဓာကိုယ်တွင် မရေမတွက်နိုင်သောဒဏ်ရာများ ထွက်ပေါ်လာကာ မြေပြင်ပေါ်သို့ သွေးများဖြာကျသွားသည်။
"ငါ ဒီနေ့ မင်းကို သတ်မယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်ဒေါသထွက်သွားကာ ရူးသွပ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
သူသည် လုယွီ၏နတ်ဘုရားနည်းစနစ်များကို ချိုးဖျက်လိုက်၏။မူလက သူသည် လုယွီအားသတ်ဖြတ်ရမည်မှာ ဆန်မုန့်တစ်ခုစားသည့်အလား အလွန်လွယ်ကူမည်ဟု တွေးထင်ခဲ့သည်။သို့ရာတွင် သူ့အား စောင့်ဆိုင်းနေသည်မှာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သတ်ဖြတ်ခြင်းဝင်္ကပါများဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
"နတ်ဘုရားနယ်မြေ....နတ်ဆိုးများအား ဖိနှိပ်ခြင်း..."
လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သတ်ဖြတ်ခြင်းလှုပ်ရှားမှုကို ရှောင်တိမ်းလိုက်၏။သူသည် ရေကူးခတ်နေသောနဂါးတစ်ကောင်အလား ထောင့်တစ်နေရာသို့ ရောက်ရှိသွားသည်။
ထို့နောက် သူ၏လက်ကိုရှေသို့ဆန့်တန်းကာ အောက်သို့ ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်သည်။ သူ၏လက်ဝါးအတွင်းမှနေ၍ မှော်အလင်းတန်းများ ထွက်ပေါ်လာပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နံဘေးပတ်ဝန်းကျင်ကို ချက်ချင်းဆိုသလိုပင် တောက်ပသောရွှေရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။
ဤရွှေရောင်အလင်းတန်းများအကြားမှနေ၍ အစွမ်းထက်သောနတ်ဘုရားပုံရိပ်ယောင်များ ဆင်းသက်လာကာ မှော်မန္တန်ရွတ်ဆိုသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
Chapter 4278
ကျင့်ကြံသူတချို့သည် ရှေးဟောင်းနတ်ဘုရားများ၏ပုံရိပ်ယောင်များအနက်မှတစ်ခုကို သရုပ်သကန်ထင်ဟပ်စေကာ စွမ်းအားများကိုစုပ်ယူပြီး သူတို့၏ခွန်အားများကို မြှင့်တင်နိုင်စွမ်းရှိသည်။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။
ရှေးဟောင်းရွှယ်အင်မော်တယ်နယ်ပယ်သို့အရောက်တွင် သူသည် ပုံရိပ်ယောင်များကိုချိုးဖျက်ကာ သူ၏စိတ်အတွင်းရှိ ပုံရိပ်များကို အစစ်အမှန်တည်ရှိမှုတစ်ခုအဖြစ်သို့ အသွင်ပြောင်းနိုင်သည်။
လေဟာနယ်အတွင်း၌ ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၏ နတ်ဘုရားခုနစ်ဆယ့်နှစ်ပါး မားမားမတ်မတ်တည်ရှိနေသည်။ထိုနတ်ဘုရားတစ်ပါးချင်းစီသည် အသက်ရှင်သန်နေသည့်အလား အသက်ဝင်ကာ ကြီးကျယ်ခမ်းနားသည်။
လုယွီသည် အမတ်ကြီးချွယ်၏အမွေအနှစ်ကိုရရှိပြီးနောက် နတ်ဘုရားများနှင့်အင်မော်တယ်များ၏ ပုံရိပ်ယောင်များကို ဆင့်ခေါ်နိုင်စွမ်းရှိသည်။သူသည် အစွမ်းထက်သော မှော်မန္တန်အမြောက်အများကို ရရှိပြီးနောက် ထိုနည်းစနစ်များ၏အားသာချက်အားနည်းချက်များကို သင်ယူနိုင်ခဲ့သည်။ထို့ပြင် သူ၏မှော်စနစ်များမှတဆင့် တခြားအင်မော်တယ်များ၏ပုံရိပ်ယောင်များကိုလည်း အသုံးပြုနိုင်စွမ်းရှိပေ၏။
ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် လုယွီရရှိခဲ့သော အမွေအနှစ်များအားလုံး၏ချိတ်ပိတ်ထားမှု ပြေလျော့သွားရုံသာမက အစွမ်းထက်သော မှော်မန္တန်အမြောက်အများလည်း နိုးထလာခဲ့သည်။
နတ်ဘုရားပုံရိပ်ယောင်များ ဆင်းသက်လာပြီးနောက် ပတ်ဝန်းကျင်နေရာတဝိုက်၌ နတ်ဘုရားအလင်းတန်းများဖြင့် လင်းထိန်နေသည်။ နတ်ဆိုးချီစွမ်းအားများသည် သဘာဝရန်သူဖြင့်တွေ့လိုက်ရသည့်အလား အငွေ့ပြန်စပြုလာသည်။
"ဟမ့် ဘာမဟုတ်တဲ့ ပုရွက်ဆိတ်တစ်ကောင်ကများ ဒီနေ့ ငါက မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို ရအောင်ယူမယ်"
တစ်ချိန်တည်းမှာပင် ဝင်္ကပါဖွဲ့စည်းပုံများ၏ဖိနှိပ်ခြင်းကိုခံထားရသော မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဒေါသတကြီးအော်ဟစ်လိုက်၏။
သူ၏စိတ်ဝိညာဉ်သည် အလွန်အမင်းလေးလံပုံရကာ သူ ပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုစီတိုင်း ကောင်းကင်နှင့်မြေပြင်ကိုဖျက်ဆီးရန် လုံလောက်သည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကြီးမားသောစိတ်ဝိညာဉ်ခန္ဓာကိုယ်ကြီး လှုပ်ယမ်းသွားကာ တုန်ခါမှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိ နတ်ဘုရားပုံရိပ်ယောင်များသည် မည်သည့်အရာမျှမရှိခဲ့သည့်အလား ကြေမွှပျက်စီးသွားသည်။မည်သည့်နတ်ဘုရားစွမ်းအားမျိုးဖြစ်နေပါစေ တစ်ကြိမ်တခါမျှမတည်ရှိခဲ့သည့်အလား အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
"အသင်္ချေအုပ်စိုးသူ နတ်ဘုရားဓား....."
နတ်ဘုရားများ၏ဝင်္ကပါဖွဲ့စည်းပုံ ကျိုးပျက်သွားသည်ကို မြင်တွေ့ချိန်၌ လုယွီသည် ထိတ်လန့်ကြောက်ရွံ့သွားခြင်းမရှိချေ။
သူသည် မိုးကောင်းကင်ယံထံသို့ လက်ညှိုးညွှန်ကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ အင်မော်တယ်ချီစွမ်းအားများဖြင့် ပြည့်နှက်သွားသည်။သူ၏ဓားချီစွမ်းအားများသည် ကောင်းကင်နှင့်နေရောင်ကို ပိတ်ဖုံးလုမတတ် အလွန်များပြားကာ မုန်တိုင်းတခုအလား ပျံ့လွင့်လာသည်။
ဝှစ်....ဝှစ်...
ထူထပ်သိပ်သည်းသော ဓားချီစွမ်းအားများသည် ပတ်ဝန်းကျင်ရှိ အသွေးအသားများကို ထွင်းဖောက်သွားလေ၏။
ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရုပ်ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရရှိသွားစေသည်။ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်အမင်းနာကျင်သွားကာ သူ့၏ခန္ဓာကိုယ် တုန်ခါသွားသည်။သူသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသဖြင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိတော့ချေ။
"မင်း ဘယ်လောက်ကြာကြာ ထပ်ပြီးတိုက်ခိုက်နိုင်မှာလဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
သူ၏အမြင်အရ လုယွီသည် သူ လှည့်ကြည့်ရန်မထိုက်တန်သော ပုရွက်ဆိတ်လေးတစ်ကောင်ပင်။ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၌ ရွှယ်အင်မော်တယ်များသည် မြင့်မားသောအဆင့်အတန်းရှိသော်လည်း နတ်ဆိုးဘိုးဘေးတစ်ယောက်၏ရှေ့၌ အသေးအမွှားများသာဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့နိမ့်ကျသော ရွှယ်အင်မော်တယ်တစ်ယောက်သည် အတိတ်တွင် သူ့အား ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှုကို ရရှိစေခဲ့ရုံသာမက လူသားဧကရာဇ်၏ရထားလုံးဆွဲသူအဖြစ်လည်း နှစ်ပေါင်းများစွာကြာအောင် ဖြစ်စေခဲ့သည်။ထို့ပြင် ယခုလက်ရှိအချိန်တွင် ဤရွှယ်အင်မော်တယ်သည် သူ့အား အလွန်အမင်းပြင်းထန်သော နာကျင်မှုကို ခံစားရစေပေ၏။
ဝေါင်း....
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏ပါးစပ်ကိုဖွင့်ဟကာ ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးလိုက်သည်။ဤအချိန်အခိုက်အတန့်တွင် သူ၏ပါးစပ်သည် အသူရာချောက်နက်ကြီးတစ်ခုအလား လုယွီကိုဝါးမြိုရန် ဦးတည်လာသည်။
သူ၏ပါးစပ်ကိုဖွင့်ဟထားစဉ်၌ မည်ကဲ့သို့ သတ်ဖြတ်ခြင်းဝင်္ကပါမျိုး ဖြစ်နေပါစေ မြက်ခြောက်ပင်များအလား လွယ်လင့်တကူ ကြေမွှပျက်စီးသွားခဲ့သည်။ထိုဝင်္ကပါများသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို အနည်းငယ်မျှ တားဆီးဟန့်တားနိုင်ခြင်းမရှိချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဒဏ်ရာရရှိနိုင်ရန်အလို့ငှာ သူ၏ဝမ်းဗိုက်အတွင်း၌ လှောင်ပိတ်မိစဉ်အချိန်ကစ၍ လုယွီသည် သတ်ဖြတ်ခြင်းဝင်္ကပါတစ်ရာကျော်ကို ခင်းကျင်းထားခဲ့သည်။ထိုဝင်္ကပါတစ်ခုစီတွင် ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သောစွမ်းအားမျိုး ပိုင်ဆိုင်ထားပေ၏။
အဆင်မြင့်နယ်မြေသခင်တစ်ယောက်ပင်လျှင် ဤသတ်ဖြတ်ခြင်းဝင်္ကပါများအတွင်းသို့ ခြေချလိုက်ပါက အသက်ရှင်လျက် ပြန်လည်ထွက်ခွာသွားနိုင်မည်မဟုတ်ချေ။သို့ရာတွင် ဤဝင်္ကပါများသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရှေ့၌ အစွမ်းအစကင်းမဲ့နေပုံပင်။
မရေမတွက်နိုင်သော အင်မော်တယ်အတားအဆီးများ တစ်ခုပြီးတစ်ခု ကြေမွှပျက်စီးသွားသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကြီးမားသောခေါင်းကြီးသည် လုယွီ၏ရှေ့သို့ ရောက်ရှိလာပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်မှနေ၍ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသည်။
သူ၏ကြီးမားသော စိတ်ဝိညာဥ်ခန္ဓာကိုယ်ကြီးသည် ကျန်းတသောင်းခန့်မြင့်မားကာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်။ပတ်ဝန်းကျင်နေရာတဝိုက်ကို ဤကြီးမားသော စိတ်ဝိညာဉ်ခန္ဓာကိုယ်ကြီးမှ လွှမ်းခြုံထားပေ၏။
"မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို လွှဲပြောင်းပေးစမ်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ပြောဆိုသည်။ သူ၏အသံသည် မြွေ၏ဗိုက်အတွင်း၌ ပဲ့တင်ထပ်သွားကာ မေးခွန်းထုတ်ဖွယ်မရှိသောအခွင့်အာဏာများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် ရုတ်တစ်ရက် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်ကြောင့် သူ၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်တို့ တစတစကင်းကွာလာသည်ကို ခံစားမိသည်။
Chapter 4279
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤကဲ့သို့ နာကျင်မှုမျိုးသည် သိုင်းသူတော်စင်အထွတ်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ်ရှိသော သူ့အတွက်ပင်လျှင် အလွန်အမင်းနာကျင်စေသည်။
အကယ်၍ သူ့နေရာတွင် တခြားကျင့်ကြံသူတစ်ယောက်ဆိုပါက သူ၏ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ် ကင်းကွာသွားပြီးဖြစ်ပေမည်။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။သူ ဤလောကကြီးအတွင်းသို့ စတင်ရောက်ရှိလာကတည်းက သူ့ထံတွင် တာအိုသခင်အဆင့်စိတ်ဝိညာဉ်ရှိနေသည်။ထိုကြောင့် ဤကဲ့သို့တိုက်ခိုက်မှုမျိုးသည် သူ၏စိတ်ဝိညာဥ်အား ခြေမွှဖျက်ဆီးနိုင်စွမ်း ရှိမည်မဟုတ်ချေ။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေး...ငါ့ရဲ့ဓားချက်ကို ခံယူစမ်း"
လုယွီက အေးစက်တင်းမာသောလေသံဖြင့် အော်ငေါက်လိုက်သည်။သူ၏အသံနှင့်အတူ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏နတ်ဆိုးဥပဒေသများ ဖိနှိပ်ခြင်းခံရလေ၏။
သိုင်းပညာသူတော်စင်၏နှုတ်ထွက်စကားများတွင် အလွန်အစွမ်းထက်သော ယန်ချီစွမ်းအားများပါဝင်သည်။ထိုယန်ချီစွမ်းအားများသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို ဖြတ်သန်းသွားသဖြင့် ယင်ချီစွမ်းအားများကို ပါးလွှာသွားစေသည်။
သူ အချိန်အတော်ကြာသည်အထိ တောင့်ခံခဲ့သည်မှာ ဤနောက်ဆုံးအချိန်အခိုက်အတန့်အတွက်ပင်။
အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေသော ထိုက်အမ်းဓားသည် နောက်ဆုံး၌ တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။ထိုက်အမ်းဓားသည် အနည်းငယ်တုန်ခါသွားကာ ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်လာပေ၏။
ဝှစ်....
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်သည် သူ၏လက်ယာဘက်၌ ရှိနေသည်ကိုကြည့်ပြီး လုယွီသည် ထပ်မံ၍တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ချေ။သူသည် ချက်ချင်းဆိုသလိုပင်သူ၏အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းလက်နက်ကို ဆွဲထုတ်လိုက်သည်။
ထိုက်အမ်းဓား ထွက်ပေါ်လာပြီးနောက် မြင့်မားသောတောင်တလုံးနှင့်တူညီသည့် မသေမျိုးအဆင့်မှော်လက်နက်တစ်ခု၏ဖိအားအရှိန်အဝါ ဆင်းသက်လာကာ တုန်ခါသံများမြည်ဟီးလာသည်။
ဓား၏နံဘေးပတ်ဝန်းကျင်တွင် ချီလင် ဖီးနစ် မိုးပြာနဂါး ကျားဖြူနှင့် တခြားနတ်ဘုရားသားရဲများ၏ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။ခြစ်ခြစ်တောက်ပူပြင်းသော ယန်ချီစွမ်းအားများ တလိမ့်လိမ့်ထလာကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ ပျံ့နှံ့သွားပြီး အေးစက်စက်နတ်ဆိုးယင်ချီများအားလုံးကို ဖယ်ရှားလိုက်သည်။
ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်၏ဓားသည် သေမျိုးလောကအတွင်း၌ တဖန်ပြန်၍ထွက်ပေါ်လာလေပြီ။ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ တစ်ခုပြီးတစ်ခုထွက်ပေါ်လာကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လင်းထိန်သွားစေသည်။
ဝုန်း....
ထိုက်အမ်းဓားထွက်ပေါ်လာပြီးနောက် ဓားချီလှိုင်းသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းကို အညှာအတာကင်းမဲ့စွာ ထွင်းဖောက်သွားသည်။
တချိန်တည်းမှာပင် ထိုဓားချီသည် ပျက်ပြယ်သွားခြင်းမရှိဘဲ မြွေ၏ဗိုက်သားများထံသို့ ကျရောက်သွားပေ၏။ထိုထိတွေ့မှုမှ စူးရှသောအသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ဓားချီသည် မြွေ၏ဗိုက်ကို ထွင်းဖောက်သွားတော့သည်။
မြွေသွေးအမြောက်အများ ဖြာကျသွားကာ ထိုအရာများ မြေပြင်ပေါ်သို့ ကျရောက်သွားချိန်တွင် အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာသည်။ထိုက်အမ်းဓားချီကြောင့် မြွေ၏ဗိုက် ကွဲထွက်သွားကာ အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။
လုယွီသည် ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ ဒဏ်ရာအက်ကွဲကြောင်းမှ တိုးထွက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို နတ်ဘုရားအလင်းတန်းများဖြင့် ရစ်ပတ်လွှမ်းခြုံထားကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်နတ်ဆိုးသွေးအရိပ်အယောင်မျှ ရှိမနေချေ။
ပြင်ပလောကတွင် အလွန်အမင်းရှေးကျသောနန်းတော်တစ်ခုရှိနေသည်။
ယခုလက်ရှိအချိန်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ထိုနန်းတော်၏အလယ်၌ ရှိနေပေ၏။ဤနန်းတော်တစ်ခုလုံးသည် အလွန်အမင်းမြင့်မားပြီး ကြီးမားကျယ်ပြန့်သဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကြီးမားသောခန္ဓာကိုယ်ကြီး ဝင်ဆန့်သည်။
မရေမတွက်နိုင်သော စစ်သားရုပ်ထုများသည် နန်းတော်နံရံများပေါ်၌ ထူထပ်သိပ်သည်းစွာ တည်ရှိသည် ထိုစစ်သားရုပ်ထုများသည် ကိုးပေခန့်မြင့်ကာ စစ်ဗိုလ်ချုပ်ရုပ်ထုများသည် ပေသုံးဆယ်ကျော် မြင့်မားပေ၏။ထိုစစ်သားရုပ်ထုများကြား၌ အလွန်ကြီးကျယ်ခမ်းနားသော ရုပ်ထုတချို့ရှိနေကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ထက်ပင် ပို၍ကြီးမားသည်။
နန်းတော်၏နံဘေးပတ်လည်ရှိ ညလင်းပုလဲများထံမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လင်းထိန်နေစေသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဒေါသတကြီးအော်ဟစ်လိုက်၏။သူ၏ခန္ဓာကိုယ်မှနေ၍ အနက်ရောင်သွေးများ အဆက်မပြတ်ယိုစီးကျနေသည်။ဤသွေးများသည် အလွန်အဆိပ်ပြင်းကာ ထူထပ်သိပ်သည်းသော ယင်ချီစွမ်းအားလှိုင်းများ ထွက်ပေါ်နေသည်။
အကယ်၍ ဤသွေးစက်များသည် တခြားတစ်နေရာသို့ ကျရောက်သွားပါက အဆိပ်သင့်ခြင်းဖြစ်ပွားလာပေမည်။ထိုသွေးများသည် ထိခိုက်စေနိုင်သော်လည်း နန်းတော်၏ကြမ်းခင်းများကို အမျိုးအမည်မသိရသော ပစ္စည်းတချို့ဖြင့်ပြုလုပ်ထားပုံရကာ သွေးစက်များ ကျရောက်လာသည့်တိုင် အနည်းငယ်မျှ ထိခိုက်ပျက်စီးသွားခြင်းမရှိချေ။
ဝှစ်...
မြွေ၏ဒဏ်ရာအက်ကွဲကြောင်းမှနေ၍ အလွန်ကြီးမားသော စိတ်ဝိညာဉ်တစ်ခု တိုးထွက်လာသည်။ဤသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ စိတ်ဝိညာဥ်ပင်။
ဤအချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မျက်လုံးအကြည့်များ အလွန်အမင်းအေးစက်တင်းမာနေသည်။သူသည် လုယွီကို အနိုင်မယူနိုင်သဖြင့် ဒေါသထွက်နေသောအခြေအနေသို့ ကျရောက်နေလေပြီ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရူးသွပ်သွားခြင်းမရှိချေ။ ယခုလက်ရှိအခြေအနေကို ကြည့်ခြင်းအားဖြင့် လုယွီ၏အဆက်မပြတ်အနိုင်ယူမှုများသည် တိုက်ဆိုင်မှုတစ်ခုသက်သက်မဟုတ်ကြောင်း သူ နားလည်သဘောပေါက်ထားသည်။ လုယွီသည် တစ်စုံတစ်ခုကို မှီခိုအားထားနေခြင်းဖြစ်ပေမည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏မာန်မာနများကိုထိန်းချုပ်ကာ ရုန့်ရင်းကြမ်းတမ်းသောအေးစက်စက်အလင်တန်းတစ်တန်းက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။ ဤသည်မှာ အဆိပ်ပြင်းမြွေတစ်ကောင်သည် ခြုံပုတ်များအကြား၌ ပုန်းအောင်း၍ သားကောင်ကို အလစ်အငိုက်ဖမ်းကာတိုက်ခိုက်ရန် စောင့်ဆိုင်းနေသည့်အလားပင်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မြွေခေါင်းကိုးခေါင်းအနက်တစ်ခေါင်းသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကာ ထပ်မံ၍တည်ရှိနိုင်ခြင်းမရှိတော့ပေ။
Chapter 4280
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ် ထွက်ပေါ်လာသည်ကိုကြည့်ပြီး လုယွီ၏လက်အတွင်းရှိ ထိုက်အမ်းဓားမှနေ၍ တုန်ခါသံများ ထွက်ပေါ်လာသည်။
ဓားချီတစ်လှိုင်းသည် လေထုအတွင်းသို့ မြင့်တက်သွားကာ လုယွီ၏အရှိန်အဝါသည် တောင်ကြီးတစ်လုံးကဲ့သို့ ကြီးကျယ်ခမ်းနားပေ၏။ဓားချီကြောင့်ဖြစ်ပေါ်လာသော လေပြင်းများအောက်တွင် လုယွီ၏အနက်ရောင်ဆံပင်များ လူးလွန့်နေကာ သူ့အား ဓားအင်မော်တယ်တစ်ယောက်နှင့် တူညီနေစေသည်။
လုယွီက သူ၏ဓားကို ရှေ့သို့ဦးတည်၍မြှောက်လိုက်သည်။ရုန့်ရင်းကြမ်းတမ်းသော ဓားချီတစ်လှိုင်းဖြတ်သန်းသွားကာ ပတ်ဝန်းကျင်နေရာတဝိုက်၌ ကျယ်လောင်သောတုန်ခါသံကြီး မြည်ဟီးသွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရှေ့နောက်ပျံသန်း၍ ထက်ရှသောဓားချီများကို ရှောင်တိမ်းကာ လုယွီ၏ဟာကွက်ကို ရှာဖွေနေသည်။
ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ကောင်သည် မောက်မာထောင်လွှားမှုကိုရပ်တန့်ကာ လုယွီ၏ဟာကွက်ကို ရှာဖွေနေသည်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စပင်။
ထိုက်အမ်းဓားချီသည် ဟန့်တား၍မရသော ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခုအလားပင် ။ဤဓားချီကို ဖြန့်ကျက်လိုက်ပါက မိုးကောင်းကင်ယံကိုပင် အပေါက်တစ်ပေါက်ဖြစ်အောင် ထွင်းဖောက်နိုင်စွမ်းရှိသည်။သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အလွန်လိမ္မာပါးနပ်ကာ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုအလားပင်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် ဓားချီများအကြား၌ ရှေ့နောက်လူးလွန့်၍ ပျံသန်းနေပေ၏။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိသော်လည်း သူ မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်ထားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အမှန်တကယ်ကို လိမ္မာပါးနပ်သူတစ်ယောက်ပင်။သူသည် လုယွီ၏တိုက်ခိုက်မှုမှ ဟာကွက်ကို မြင်တွေ့ပြီးဖြစ်သည်။
ထိုက်အမ်းဓားကဲ့သို့ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုသည် လူသားဧကရာဇ်ဓားနှင့် တူညီသောအဆင့်သို့ ရောက်လုနီးပါးပင်။ဤသည်မှာ လောကကြီးအတွင်း၌ ပြိုင်ဘက်ကင်းမှော်လက်နက်တစ်ခု ဖြစ်ပေ၏။
လုယွီသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း ဤကဲ့သို့ မသေမျိုးအဆင့်မှော်လက်နက်တစ်ခုကို အတင်းအကြပ်ဖိအားပေး၍ ထုတ်ဖော်အသုံးပြုနေရချိန်တွင် အလွန်ခက်ခဲနေသည်။
ထို့ပြင် ထိုက်အမ်းဓားသည် လုယွီ၏သိုလှောင်အိတ်အတွင်းမှ ထွက်ခွာလာပြီးနောက် သူ၏အမိန့်အောက်၌ ရှိမနေချေ။ထိုက်အမ်းဓား ထွက်ပေါ်လာသည့်အချိန်တိုင်း ဓား၏စိတ်ဆန္ဒအတိုင်းလုပ်ဆောင်ကာ လုယွီမှ ထိန်းချုပ်နိုင်ခြင်းမရှိပေ။
ဝှစ်....
ဤအချိန်အခိုက်အတန့်တွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုယွီ၏တိုက်ခိုက်မှုမှ ဟာကွက်တစ်ကွက်ကို သတိပြုမိသွားသဖြင့် ပြတ်ပြတ်သားသားတိုက်ခိုက်လိုက်၏။
သူ၏စိတ်ဝိညာဥ်သည် ပုံရိပ်ယောင်တစ်ခုအလား လေဟာနယ်အတွင်း၌ ရှေ့နောက်လူးလွန့်နေကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီ၏ရှေ့သို့ ရောက်ရှိသွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်နှင့်အတူ အရိုးကွဲလုမတတ် အေးစက်သောယင်ချီများ ကပ်ပါလာသည်။ထို့ကြောင့် ပတ်ဝန်းကျင်ရှိအပူချိန်ကို အလွန်အမင်း ကျဆင်းသွားစေသည်။
ကြွင်းကျန်သောမြွေခေါင်းရှစ်ခေါင်းမှပါးစပ်များအားလုံး တပြိုင်နက်တည်း ပွင့်ဟလာသည်။ထိုပါးစပ်ကြီးများအတွင်းတွင် ထက်ရှသောသွားများဖြင့် ပြည့်နှက်နေကာ အလွန်ရုန့်ရင်းကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသည်။
ဟူး.....
ထိုမြွေခေါင်းရှစ်ခေါင်းမှနေ၍ ပြင်းထန်သော စုပ်ယူအားလှိုင်းများ တပြိုင်နက်တည်းထွက်ပေါ်လာသည်။ဤအချိန်အခိုက်အတန့်၌ လုယွီက သူ၏စိတ်ဝိညာဉ်သည် သူ၏အပိုင်မဟုတ်တော့သည့်အလား ခံစားမိလေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုယွီ၏အနီးသို့ချဉ်းကပ်ကာ သူ၏စိတ်ဝိညာဉ်ကိုဖယ်ရှားရန် ဟန်ပြင်လိုက်သည်။
"မြေအောက်လောကနတ်ဘုရား ဓမ္မပုံရိပ်ယောင်....တောင်တစ်လုံးကဲ့သို့ခိုင်မာခြင်း...."
လုယွီက အော်ဟစ်လိုက်ပြီးနောက် သူ၏နဖူးပေါ်တွင် ရှေးဟောင်းသင်္ကေတတစ်ခု တောက်ပလာသည။
မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီး၏နောက်တွင် အလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာပေ၏။ဤအလင်းဘီးကြီးမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ လုယွီ၏စိတ်ဝိညာဥ်ကို အားဖြည့်ပေးနေသည်။
လုယွီ၏ ရုပ်ခန္ဓာကိုယ်အတွင်း၌ သူ၏စိတ်ဝိညာဥ်သည် ကြီးမားသောတောင်တလုံးဖြင့် ဖိနှိပ်ထားသည့်အလား အနည်းငယ်မျှရွေ့လျားသွားခြင်းမရှိတော့ချေ။သူ၏စိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန်တုန်ခါနေသော်လည်း မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စုပ်ယူအားလှိုင်းအတွင်းသို့ ကျရောက်သွားခြင်းမရှိပေ။
"စိတ်ဝိညာဉ်ချိတ်ကောက်...."
မြေကမ္ဘာနတ်ဆိုးပိုးဘေးက အက်ရှရှအသံဖြင့် အော်ဟစ်လိုက်သည်။
ဤအသံအတွင်း၌ ရှေးဟောင်းခေတ်မှ နက်နဲသိမ်မွှေ့သော မှော်မန္တန်များ ပုန်းကွယ်နေသည်။ထိုမှော်မန္တန်များအတွင်းရှိ စကားလုံးများသည် ရှေးဟောင်းနတ်ဆိုးများ အသုံးပြုသည့်အရာများပင်။ထိုဘာသာစကားသည် ရှေးဦးမူလဘူတခေတ်မှ ဆင်းသက်လာခြင်းဖြစ်သဖြင့် လူအများစု နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ဤမှော်မန္တာန်ကိုကြားရသော မည်သူတစ်ဦးတစ်ယောက်မဆို ရွံရှာစပ်ဆုပ်ခြင်းကို ခံစားရစေနိုင်သည်။သူတို့သည် သူတို့၏လည်မြိုအတွင်းသို့ ငါးရိုးတစ်ချောင်းစူးနေသည့်အလား ဖော်ပြရန်မစွမ်းသော နာကျင်မှုကို ခံစားရပေမည်။
မှောင်မည်းနေသော ယင်ချီများအကြား၌ အရိုးလက်တစ်ချောင်း ထွက်ပေါ်လာကာ လုယွီထံသို့ ဆန့်တန်းလာသည်။ထိုအရိုးလက်မှလက်ညှိုးသည် လုယွီ၏မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုတည့်တည့်သို့ ချိန်ရွယ်ထားပေ၏။
ဤအချိန်အခိုက်အတန့်တွေလုယွီ၏ရင်ကို ထောင်နှစ်ချီသောသံကြိုးများဖြင့်ချည်နှောင်ခြင်းခံထားရသည်။
ထိုသံကျိုး၏အစွန်းတစ်ဖက်သည်လုယွီ၏ကိုချည်နှောင်ထားကာ တခြားတစ်ဖက်ကိုအရိုးလက်ကြီးမှာကိုင်ထားလေ၏။
ဤသည်မှာ အလွန်ပြင်းထန်သော နတ်ဆိုးမှော်မန္တန်တစ်ပုဒ်ဖြစ်ပြီး ထိုအရာမှနေ၍ မဟာတာအိုဥပဒေသစွမ်းအားများပင် ထွက်ပေါ်နေသည်။
လုယွီ၏စိတ်ဝိညာဥ်သည် ကြီးမားသောပြောင်းလဲမှုများနှင့် တဖန်ထပ်၍ရင်ဆိုင်ရသည်။သူ၏စိတ်ဝိညာဥ် ပြင်းပြင်းထန်ထန်တုန်ခါသွားပေ၏။အကယ်၍ ဤသည်မှာ တာအိုသခင်စိတ်ဝိညာဥ်မဟုတ်ပါက သူ၏စိတ်ဝိညာဥ်ပျက်စီးသွားပြီးဖြစ်ပေမည်။
"ပျက်ပြယ်စမ်း...."
လုယွီ၏မျက်လုံးများ ပြူးကျယ်သွားသည်။ မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံအတွင်း၌ မျောလွင့်နေကာ ဗုဒ္ဓတစ်ပါးအလား မြင့်မြတ်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ထို့နောက် နတ်ဘုရားအလင်းဘီးကြီးမှနေ၍ ကျန်းထောင်နှင့်ချီရှည်လျားသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။သူသည်လက်စည်းတံဆိပ်များကို ဖွဲ့စည်းလိုက်ပြီးနောက် မဟာတာအိုဥပဒေသတစ်ရပ် ထွက်ပေါ်လာပေ၏။