အခန်း (၄၂၈၁-၄၂၈၅)
Vol. 217 Ch. 4281-4285
Chapter 4281
ယခုအချိန်၌ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်၌သာရှိနေသော်လည်း သူ၏စိတ်ဝိညာဥ်အဆင့်သည် နိမ့်ပါးခြင်းမရှိချေ။
အတိတ်ဘဝ၌ သူသည် ထိပ်သီးတာအိုသခင်တစ်ယောက်ပင်။သူ ပြန်လည်ဝင်စားလာခဲ့သည့်တိုင် သူ၏စိတ်ဝိညာဥ်သည် ထိခိုက်ပျက်စီးခဲ့ခြင်းမရှိချေ။ထိုအစား မရေမတွက်နိုင်သောအမွေအနှစ်များကို ဆက်ခံရကာ အနည်းငယ်ထိန်းညှိပြင်ဆင်ပြီးနောက် သူ၏စိတ်ဝိညာဥ်သည် ပို၍ကျစ်လျစ်သိပ်သည်းလာပေ၏။
ရှကွေ့ကျုံးသည် တာအိုသခင်နယ်ပယ်သို့ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သော်လည်း စိတ်ဝိညာဥ်ခြင်းနှိုင်းယှဉ်ပါက လုယွီနှင့်သူ့အကြားတွင် ကြီးမားသောကွာဟချက်တစ်ခု ရှိနေပေမည်။
နတ်ဘုရားအလင်းဘီးမှ အလင်းတန်းများသည် ဖျက်ဆီး၍မရနိုင်သော ထာဝရတည်ရှိသည့် အရာများအလားပင်။
အတိတ်ဘဝတွင် လုယွီ သေဆုံးခဲ့ရသော်လည်းမြေအောက်လောကနတ်ဘုရား၏အမွေအနှစ်များသည် မြေအောက်လောကတစ်ဆယ့်ရှစ်နယ်မြေအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေဆဲဖြစ်သည်။
မြေအောက်လောကနတ်ဘုရား၏ဘုရားကျောင်းများအတွင်းရှိ ကံကြမ္မာစွမ်းအားများက လုယွီအား အဆက်မပြတ်ထောက်ပံ့ပေးနေသည်။ဤသည်ကြောင့် လုယွီသည် တာယွီအင်ပါယာ၏အရာရှိရာထူးကြောင့်သာမက နတ်ဘုရားတစ်ပါး၏ ကံကြမ္မာစွမ်းအားထောက်ပံ့ပေးမှုလည်း ရှိနေသောကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ် အလျှင်အမြန်တိုးတက်လာခြင်းဖြစ်သည်။
ဤအချိန်အခိုက်အတန့်တွင် မြေအောက်လောကနတ်ဘုရားပုံရိပ်ရောင်ကြီးကို ရွှေရောင်အလင်းတန်းများ ဝိုင်းရံနေသည်။မြင့်မြတ်သောရွှေရောင်အလင်းတန်းများသည် ပတ်ဝန်းကျင်ရှိယင်ချီများကိုဖိနှိပ်ထားကာ မှော်မန္တန်ရွတ်ဆိုသံများက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
လုယွီသည် သူ၏နတ်ဘုရားစွမ်းအားများကိုလှည့်ပတ်ကာ လေဟာနယ်အတွင်းရှိ အဖြူရောင်အရိုးလက်ကြီးကို တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်လိုက်၏။ထိုအရိုးလက်ကြီးသည် စိတ်ဝိညာဥ်ရိတ်သိမ်းခြင်းနည်းစနစ်ကို အသုံးပြု၍ သူ့အား ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။
ဘန်း....
တချိန်တည်းမှာပင် မြေအောက်လောကနတ်ဘုရား၏ ထောင်နှင့်ချီသောလက်များမှ နတ်ဘုရားနည်းစနစ်များ ပျံ့လွင့်လာကာ အဖြူရောင်အရိုးလက်ကြီးကို ကြေမွှပျက်စီးသွားစေသည်။
"အင်္သချေစိတ်ဝိညာဉ်ချည်မျှင်ဖွဲ့စည်းခြင်း...ငါ့ရဲ့လမ်းညွှန်မှုကို ခံယူစမ်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏တိုက်ခိုက်မှု ကျရှုံးသွားသည်ကိုမြင်တွေ့ချိန်၌ နောက်ထပ်နည်းစနစ်တစ်ခုကို အလျှင်အမြန်အသုံးပြုလိုက်သည်။
ပါးလွှာသောချည်မျှင်အမြောက်အများသည် အရိုးလက်ကြီး၏အစအနများ၌ ရစ်သိုင်းလွှမ်းခြုံသွားကာ လုယွီထံဦးတည်၍ ပျံ့လွင့်သွားသည်။
ဤချည်မျှင်များသည် ရုပ်ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်သော်လည်း မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုယွီ၏ရုပ်ခန္ဓာကိုယ်ကို ပစ်မှတ်မထားချေ။သူသည် လုယွီ၏စိတ်ဝိညာဥ်ကို ရုပ်ခန္ဓာကိုယ်မှဆွဲထုတ်ရန် လက်လျှော့အရှုံးပေးခြင်းမရှိပေ။
"ဧကရာဇ်မီးတောက်"
လုယွီ၏မျက်လုံးအတွင်း၌ ရွှေရောင်မီးတောက်နှစ်ခု လူးလွန့်နေသည်။
ထိုရွှေရောင်မီးတောက်များသည် လေထုအတွင်းသို့ မြင့်တက်သွားကာ လောကကြီးအတွင်းရှိ အရာရာတိုင်းကို လောင်ကျွမ်းသွားတော့မည့်အလားပင်။ခြစ်ခြစ်တောက်ပူပြင်းသော ရွှေရောင်မီးတောက်များ လေထုအတွင်းသို့ ပျံ့လွင့်သွားကာ ယင်ချီများပေါ်သို့ ကျရောက်သွားသည်။
ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်သည် အရာရာတိုင်းကို လောင်ကျွမ်းနိုင်စွမ်းရှိပေ၏။
ထိုအရာများသည် အစစ်အမှန်ဖြစ်စေ ပုံရိပ်ယောင်ဖြစ်စေ ဧကရာဇ်မီးတောက်၏လမ်းကြောင်းတလျှောက်တွင်ရှိသော အရာရာတိုင်း လောင်ကျွမ်းသွားပေမည်။
လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီသည် သူ၏နတ်ဘုရားစွမ်းအားကို ထုတ်ဖော်အသုံးပြုရန် ကောင်းကင်ဘုံဧကရာဇ်၏အစစ်အမှန်မီးတောက်ကို အသုံးပြုခဲ့ရသည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ထိုအစစ်အမှန်မီးထောက်ကို မြင့်မားသောအဆင့်ထိ ကျင့်ကြံထားသည်ဟု လုယွီက ခန့်မှန်းမိသည်။အကယ်၍ ထိုမီးတောက်ကို ရှေးဟောင်းကောင်းကင်ဘုံနန်းတော်၌ ထားလျှင်ပင် ထိပ်သီးတည်ရှိမှုကြီးတစ်ခု ဖြစ်နေပေမည်။
ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး အသုံးပြုလိုက်သော နတ်ဆိုးမှော်မန္တန်များအားလုံး မီးတောက်များကြောင့် လောင်ကျွမ်းသွားတော့သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဉ်ပင်လျှင် ဧကရာဇ်မီးတောက်၏လောင်ကျွမ်းခြင်းကို ခံနေရလေ၏။သူ၏စိတ်ဝိညာဥ်မှနေ၍ မရေမတွက်နိုင်သောယင်ချီများ ထွက်ပေါ်နေသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ပြင်းထန်သောနာကျင်မှုကို ခံစားနေရကာ သူ၏အော်သံသည် အလွန်ကျယ်လောင်ပေ၏။သူ၏စိတ်ဝိညာဥ်သည်လည်း သက်ရောက်ခြင်းခံရကာ နာကျင်မှုကြောင့် ရုန်းကန်နေသည်။
လုယွီသည် ရပ်တန့်ခြင်းမရှိချေ။သူသည် ခြေတစ်လှမ်းရှေ့တိုးပြီးနောက် သူ၏လက်အတွင်းရှိ ထိုက်အမ်းဓားကိုမြှောက်ကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေး...အခုက အဆုံးသတ်ဖို့ အချိန်ကျပြီ"
လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား လည်ပတ်လာကာ ယင်နှင့်ယန်ပြောင်းလဲသွားသည်။
ဤလျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားအတွင်းတွင် ကောင်းကင်ဘုံနယ်မြေတစ်ခွင်လုံး၌ရှိနေသည့် မဟာတာအိုများ၏နက်နဲသိမ်မွေ့ဆုံး လျှို့ဝှက်ချက်များ ပါဝင်နေပုံရသည်။
ဤသည်မှာ လုယွီ၏လျှို့ဝက်ဆန်းကြယ်ဆုံး ဝှက်ဖဲတချပ်ပင်။ထိုအရာသည် သူ၏အတိတ်ဘဝ၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်နှင့်အတူ ကြွေလွင့်သွားချိန်မှသာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
လုယွီသည် အသိပညာဗဟုသုတ ကြွယ်ဝသူဖြစ်သည့်တိုင် ဤထိုက်ကျိအမှတ်အသား၏မူရင်းဇစ်မြစ်ကို မသိရှိချေ။
သို့ရာတွင် ထိုက်ကျိအမှတ်အသားသည် ရှေးဟောင်းနတ်ဆိုးများအပေါ်၌ ကြီးမားသောသက်ရောက်မှုရှိသည်ဟု သူ အတပ်ပြောနိုင်သည်။ရှေးဟောင်းနတ်ဆိုးများကို ပို၍ဝါးမြိုနိုင်သည်နှင့်အမျှ ထိုက်ကျိအမှတ်အသား ပို၍အားကောင်းလာသည်။ထိုအရာမှနေ၍ သန့်စင်သောစိတ်ဝိညာဥ်စွမ်းအားများကို ထုတ်လွှတ်ပေးကာ လုယွီ၏ခွန်အားကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။
"အား...."
မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံမှနေ၍ စူးရှနာကျင်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။
ထိုက်ကျိအမှတ်အသားသည် ဖြည်းညှင်းစွာလည်ပတ်နေပေ၏။ထိုအရာမှနေ၍ အစွမ်းထက်သော စုပ်ယူအားလှိုင်းတစ်ရပ် ပွင့်အံ့ထွက်လာသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်သည် ယခင်ကတည်းက ထိခိုက်ဒဏ်ရာရရှိပြီးဖြစ်သည်။သူ၏ခေါင်းများအနက်မှတစ်ခေါင်းကို ထိုက်အမ်းဓားမှ ဖြတ်တောက်သွားကာ ယခုလက်ရှိအချိန်၌ ကြွင်းကျန်သောခေါင်းရှစ်လုံးသည်လည်း အလျှင်အမြန်ပုံပျက်စပြုလာသည်။
ထိုက်ကျိအမှတ်အသားမှ ဝါးမြိုထားသော ကြီးကျယ်ခမ်းနားသည့် ယင်ချီစွမ်းအားများသည် နောက်ဆုံး၌ လုယွီ၏ခန္ဓာကိုယ်အတွင်းတွင် စုဝေးလာပေ၏။
"မင်းရဲ့သွေးခန္ဓာကိုယ်ကို ငါ ဘာလို့သတ်နိုင်တာလဲဆိုတာ မင်း သတိမပြုခဲ့မိဘူးလား"
Chapter 4282
လုယွီသည် ယခင်က မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သွေးခန္ဓာကိုယ်နှင့် အကြွင်းအကျန်စိတ်ဝိညာဥ်တို့ကို သတ်ဖြတ်ခဲ့သည်။ယခုအချိန်၌လည်း သူသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေး လွတ်မြောက်သွားစေမည့် အခွင့်အရေးကို မပေးနိုင်ချေ။
လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသားသည် ရှေးဟောင်းနတ်ဆိုးများအပေါ် ပြင်းထန်သောဖိနှိပ်နိုင်စွမ်းရှိကာ သဘာဝရန်သူတစ်ယောက်ဟု ယူဆနိုင်သည်။
အကယ်၍ ထိုက်ကျိအမှတ်အသားသည် ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ကောင် အနီးသို့ရောက်ရှိလာသည့်အချက်ကို သတိပြုမိသွားပါက ချက်ချင်းသတ်ဖြတ်မည်ဟု လုယွီက ခန့်မှန်းမိသည်။
ဤသည်မှာ လုယွီ၏နောက်ဆုံးဝှက်ဖဲပင်။သူသည် ဤအရာကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ထိုသတင်းပျံ့နှံ့သွားခြင်းမှ တားဆီးရန်အတွက် တစ်ဖက်ရန်သူ၏အရိုးများကို ခြေမွှဖျက်ဆီးကာ ပြာများကိုဖြန့်ကျဲရပေမည်။
"ဒီအရာက ဘယ်လိုလုပ်ပြီး မင်းဆီမှာ ရှိနေတာလဲ...ဒါက ပျက်စီးသွားပြီမဟုတ်လား...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် နောက်ဆုံး၌ သူ့၏တည်ငြိမ်မှုကို ထပ်မံ၍ ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ချေ။သူသည် မယုံကြည်နိုင်မှုကြောင့် ကျယ်လောင်စွာအော်ဟစ်လိုက်၏။
လုယွီ၏စွမ်းအားနှင့်ပတ်သက်ပြီး ဖြစ်နိုင်ချေများကို သူ စဉ်းစားတွေးတောခဲ့သည်။ သူ၏သွေးခန္ဓာကိုယ်သည် အစွမ်းထက်သော်လည်း သူ့၏ခွန်အားကုန်မဟုတ်ချေ။ လုယွီသည် လိမ္မာပါးနပ်သော နည်းလမ်းတချို့ကိုအသုံးပြု၍ သူ၏သွေးခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်မည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် သူ၏သွေးခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သောအရာသည် ထိုက်ကျိအမှတ်အသားဖြစ်နေမည်ဟု မြေကမ္ဘာနတ်ဆိုးဘိုးဘေး တစ်ကြိမ်တစ်ခါမျှ တွေးထင်ခဲ့ခြင်းမရှိချေ။
ထိုက်ကျိအမှတ်အသား လည်ပတ်နေပြီး ယင်နှင့်ယန်ရောယှက်နေကာ မဟာတာအို၏အထွတ်အထိပ်ဥပဒေသစွမ်းအားများ ပျံ့နှံ့နေသည်။
"ဘာလို့ ဒီလိုဖြစ်ရတာလဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အော်ဟစ်ငိုကြွေးကာ အားကုန်ရုန်းကန်လိုက်၏။
သူ၏စိတ်ဝိညာဉ်အတွင်းမှ နတ်ဆိုးချီစွမ်းအားများကို ထိုက်ကျိအမှတ်အသားမှ အရူးအမူးဝါးမြိုနေသည်။သူ နှစ်ပေါင်းထောင်နှင့်ချီ ကျင့်ကြံမှုနှင့်ညီမျှသည့် စွမ်းအားများသည် ဤအတိုင်း ပျက်စီးသွားခဲ့သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အမှန်တကယ်ကို အစွမ်းထက်သူတစ်ယောက်ပင်။ဤမျှအဆင့်ထိ ဝါးမြိုခြင်းခံရသည့်တိုင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သေဆုံးသွားခြင်းမရှိဘဲ တောင့်ခံထားနိုင်ဆဲပင်။
လုယွီသည်လည်း ထိတ်လန့်တုန်လှုပ်နေပေ၏။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သွေးခန္ဓာကိုယ်ကို ဝါးမြိုစဉ်၌ သူ ထိုက်ကျိအမှတ်အသားကို အသုံးပြုလိုက်သည်နှင့် တစ်ဖက်ရန်သူကို လွယ်လင့်တကူ အနိုင်ယူနိုင်စွမ်းရှိခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ခုခံနေဆဲပင်။သူ၏နံဘေးပတ်ဝန်းကျင်၌ အကန့်အသတ်မရှိသော မှုန်မှိုင်းသည့်ယင်ချီများဖြင့် ပြည့်နှက်နေကာ ငရဲနယ်မြေတစ်ခုအလား ဤနေရာတစ်ခုလုံးကို ရစ်သိုင်းလွှမ်းခြုံထားသည်။
"ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း....သူတော်စင်မျိုးနွယ် ချိုးဖျက်ခြင်း...."
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏ခေါင်းခုနှစ်ခေါင်း ပေါက်ကွဲသွားကာ အလွန်ထူထပ်သိပ်သည်းသော ယင်ချီများထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုခေါင်းခုနစ်လုံးအနက်မှ တစ်ခေါင်းစီတွင် ကိုယ်ပိုင်ကံကြမ္မာမျိုးစေ့တစ်ခု ရှိနေပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ခေါင်းခုနစ်ခေါင်းကို ဖောက်ခွဲပြီးနောက် သူ့၏ကိုယ်ပိုင်ကံကြမ္မာမျိုးစေ့ခုနှစ်စေ့ကိုစတေးကာ ထိုက်ကျိအမှတ်အသား၏ထိန်းချုပ်မှုအောက်မှ လွတ်မြောက်ရန်ကြိုးစားလိုက်၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏စိတ်ဝိညာဥ်မှ အနက်ရောင်အရိပ်တရိပ် ဝှစ်ခနဲထွက်လာကာ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကြီးမားသောရုပ်ခန္ဓာကိုယ်ကြီးအတွင်းသို့ ဝင်ရောက်သွားသည်။
"မင်းက ပြန်သွားချင်သေးတာလား"
လုယွီက အေးစက်စက်အော်ငေါက်လိုက်သည်။ သူ၏မျက်လုံးအတွင်း၌ ဧကရာဇ်မီးတောက်များ ဆက်လက်၍လောင်ကျွမ်းနေဆဲပင်။
ထိုရွှေရောင်မီးတောက်များတွင် ကြီးမားသော ဖိအားအရှိန်အဝါတစ်ရပ် ရှိနေပုံရသည်။ထိုမီးတောက်များသည် ချက်ချင်းဆိုသလိုပင် အနက်ရောင်အရိပ်ထံသို့ ကျရောက်သွားပေ၏။
ရှဲ....ရှဲ....
မပြည့်စုံသောစိတ်ဝိညာဥ်ပေါ်သို့ မီးတောက်များ ကျရောက်သွားပြီးနောက် ယင်ချီစွမ်းအားလှိုင်းများ အငွေ့ပြန်သွားသည်။
မြွေခေါင်းခုနစ်ခေါင်း ကြေမွှပျက်စီးသွားပြီးနောက် တလိမ့်လိမ့်ထနေသော နတ်ဆိုးချီစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ ထိုက်ကျိအမှတ်အသား၏ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ထို့နောက်မှနေ၍ နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထူထပ်သ်ိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများက ပင်လယ်သမုဒ္ဒရာတစ်စင်းအလား လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် ယခုလက်ရှိအချိန်၌ ရွှယ်အင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီးဖြစ်သည်။သူ၏ကျင့်ကြံဆင့်စွမ်းအားများသည် အတားအဆီးနေရာသို့ ရောက်မနေချေ။ဤကဲ့သို့အဆင့်တွင် သူ ထပ်မံ၍ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ရန် အလွန်အမင်းခက်ခဲသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ စိတ်ဝိညာဥ်မှ နတ်ဆိုးချီစွမ်းအားများကို တစ်ဝက်ကျော်ကျော်ဝါးမြိုပြီးနောက် လုယွီသည် နှစ်ပေါင်းငါးဆယ်ကြာ ပြင်းပြင်းထန်ထန် ကျင့်ကြံခြင်းနှင့်ညီမျှသည့် စွမ်းအားများကို ရရှိခဲ့သည်။သူ၏စွမ်းအားများသည် အဆများစွာ ခုန်ပျံကျော်လွှား၍ မြင့်တက်လာပေ၏။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် သူနှင့်ရွှေမော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ကြား၌ ကြီးမားသောကွာဟချက်ကြီးတစ်ခု ရှိနေဆဲပင်။
"သူ မသေဘူးလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
ဤတစ်ကြိမ်တွင် လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို အမြစ်ပြတ်သုတ်သင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ကြီးမားသောဆုံးရှုံးမှုတစ်ခုကို ခံစားရပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိမည်သွားမည်ဟု လုယွီ မျှော်လင့်မထားမိချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကောင်းကင်နှင့်မြေပြင်ပိတ်ဖုံးလုမတတ် အလွန်ကြီးမားသောခန္ဓာကိုယ်ကြီးသည် လုယွီ၏ရှေ့၌ ထွက်ပေါ်လာကာ အလွန်ပြင်းထန်သော ဖိအားအရှိန်အဝါကို ပေးစွမ်းနိုင်သည်။
Chapter 4283
"ဒါက ငါ့ရဲ့စိတ်ဝိညာဉ်ကို တိုက်ခိုက်နေတာပါလား"
လုယွီသည် သူ၏စိတ်ဝိညာဥ်နာကျင်မှုကိုတောင့်ခံကာ မှော်မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင် အေးစက်စက်အလင်းလွှာတစ်လွှာ တောက်ပလာသည်။မြေအောက်လောက တစ်ဆယ့်ရှစ်နယ်မြေအတွင်းရှိ မြေအောက်လောကဘုရားကျောင်းများမှ ကံကြမ္မာစွမ်းအားများအားလုံးကို လုယွီက စုပ်ယူလိုက်၏။
အစောပိုင်းကတိုက်ခိုက်မှုသည် လုယွီ၏မြေအောက်လောကနတ်ဘုရားစိတ်ဝိညာဥ်၌ အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာစေသည်။
ဤကဲ့သို့တိုက်ခိုက်ခံရမှုမျိုးသည်အသေးအမွှားကိစ္စတစ်ရပ်မဟုတ်ချေ။အကယ်၍ လုယွီ၏နေရာတွင် အားနည်းသောစိတ်ဝိဉာဉ်ရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်နေပါက ယခုအချိန်တွင် သူ၏စိတ်ဝိညာဥ် ကြေမွှပျက်စီးသွားပြီးဖြစ်ပေမည်။
မလှမ်းမကမ်းအကွာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်ကို နတ်ဆိုးချီးစွမ်းအားများက ဝိုင်းရံထားကာ ကြီးမားသောစုပ်ဝဲကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏ခန္ဓာကိုယ်ကို တဖြည်းဖြည်းရွေ့လျားနေကာ သူ၏နံဘေးပတ်ဝန်းကျင်ရှိ ဖိအားအရှိန်အဝါသည် အလွန်မြင့်မားသော တောင်ကြီးတစ်လုံးအလားပင်။သူ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တိုင်း ကျယ်လောင်သောတုန်ခါသံများ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤသည်မှာ နတ်ဘုရားများ၏သန့်စင်သောနယ်မြေအလား နယ်မြေတခုကို ဖွဲ့စည်းထားခြင်းပင်။ဤနယ်မြေအတွင်း၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အကြွင်းမဲ့အုပ်စိုးသူအရှင်ပင်။
"သေစမ်း"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ကျယ်လောင်စွာအော်ဟစ်ကာ အနက်ရောင်အလင်းတန်းတစ်တန်းကို ဆင့်ခေါ်လိုက်သည်။ထိုအရာသည် တိမ်တိုက်များအကြား၌ ဖြတ်သန်းသွားကာ လုယွီ၏စိတ်ဝိညာဥ်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားလေ၏။
ဤသည်မှာ အလွန်အမင်းနတ်ဆိုးဆန်သော မှော်မန္တန်တစ်ပုဒ်ပင်။ထိုအရာကို တစ်ကြိမ်ရွတ်ဆိုလိုက်သည်နှင့် တစ်ဖက်ရန်သူ၏စိတ်ဝိညာဥ်ကို အထူးသီးသန့်တိုက်ခိုက်နိုင်ကာ ထိုလူအား အသိစိတ်လွတ်ကင်းသွားအောင် ပြုလုပ်နိုင်စွမ်းရှိသည်။
ကျင့်ကြံသူအများစုအတွက် သူတို့၏စိတ်ဝိညာဥ်သည် အလွန်နုနယ်ပေ၏။သူတို့၏စိတ်ဝိညာဥ် တစ်ကြိမ်ထိခိုက်ပျက်စီးသွားသည်နှင့် ပြန်လည်ကုသနိုင်ရန် အလွန်အမင်းခက်ခဲသည်။
ကြီးမားသောတိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ရပြီးနောက် ကျင့်ကြံသူတချို့သည် ရံဖန်ရံခါ၌ အလွန်အမင်း စိတ်ပျက်အားငယ်သော အခြေအနေအတွင်းသို့ ကျရောက်သွားလေ့ရှိသည်။သူတို့သည် အလွန်ပင်ပန်းနွမ်းနယ်မှုကို ခံစားရလေ၏။အကြောင်းအရင်းမှာ သူတို့၏စိတ်ဝိညာဥ် ထိခိုက်ဒဏ်ရာရရှိသွားသောကြောင့်ပင်။
ရှည်လျားပြီးရှုပ်ထွေးသော မှော်မန္တန်ရွတ်ဆိုသံများက ခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့နေသည်။မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏မှော်မန္တန် ထွက်ပေါ်လာသောအချိန်တွင် ပတ်ဝန်းကျင်ရှိဥပဒေသများကိုပင် သက်ရောက်မှုရှိလာပေ၏။
အရပ်မျက်နှာအဘက်ဘက်တွင် ထူးဆန်းသောပုံရိပ်များ ထွက်ပေါ်လာကာ အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နှိုင်းယှဉ်ပြစရာမရှိသည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။ထိုပုံရိပ်များတွင် မည်သည့်မျက်နှာပုံပန်းသွင်ပြင်မျှမရှိဘဲ သူတို့၏ခြေလက်များ ရှည်လျားသေးသွယ်သည်။သူတို့သည် ထူးဆန်းစွာအော်ဟစ်၍ လုယွီကို ဝိုင်းရံလိုက်ကြ၏။
ဤပုံရိပ်ယောင်မြင်ကွင်းများသည် လက်တွေ့လောက၌ မတည်ရှိချေ။ထိုအစား မြေကမ္ဘာနတ်ဆိုးဘိုးဘေး မှော်မန္တန်ကို ရွတ်ဆိုလိုက်ချိန်၌ ထူးဆန်းသော သဘာဝလွန်ပုံရိပ်များကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။ဤအခြင်းအရာမှတဆင့် ဤမှော်မန္တန် မည်မျှထိ ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသည်ကို မြင်တွေ့နိုင်သည်။
လုယွီသည် ရုတ်တရက် တစ်စုံတစ်ခုထူးဆန်းနေသည်ကို ခံစားမိလေ၏။
အကယ်၍ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ့၏စွမ်းအားကုန်ကို အမှန်တကယ်ထုတ်ဖော်အသုံးပြုပါက ကောင်းကင်နှင့်မြေပြင်ကိုဖျက်ဆီးရန် လုံလောက်သည်။
သို့ရာတွင် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် စိတ်ဝိညာဥ်တိုက်ခိုက်မှုများကိုသာ အသုံးပြုခဲ့သည်။သူသည် လုယွီ၏စိတ်ဝိညာဥ်ကို လုံးလုံးလျားလျားဖျက်ဆီးလိုခဲ့သည်။သို့ရာတွင် သူသည် လုယွီ၏ရုပ်ခန္ဓာကိုယ်ကိုမူ ထိခိုက်နာကျင်စေခြင်းမရှိချေ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခွန်အားသည် ရှကွေ့ကျုံးကဲ့သို့ တာအိုသခင်တစ်ယောက်ပင်လျှင် ယှဉ်ပြိုင်နိုင်သည့်အရာ မဟုတ်ချေ။ဆန့်ကျင်ဘက်အနေဖြင့် သူ လုယွီနှင့် ရင်ဆိုင်နေသောအချိန်တွင် သူ့ကိုယ်သူ ထိန်းချုပ်ကန့်သတ်ထားသည်။
"သူက ငါ့ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးချင်နေတာပါလား...ဒါက ဘာအသုံးဝင်လို့လဲ
လုယွီသည် ရုတ်တရက် တစ်စုံတစ်ခုကိုသွေးတောမိသဖြင့် နောက်သို့ချာခနဲလှည့်လိုက်သည်။
ကြီးကျယ်ခမ်းနားသောနန်းတော်၏ထိပ်တွင် အဖြူရောင်စကျင်ကျောက် စင်မြင့်တစ်ခုကို တည်ဆောက်ထားသည်။ဤစင်မြင့်သည် ကိုးကျန်းခန့်မြင့်ကာ အထက်သို့ဦးတည်သွားသည်ရှည်လျားသော လှေကားထစ်များရှိနေသည်။ ထိုစင်မြင့်အထက်မှနေ၍ အောက်သို့ငုံကြည့်ပါက အကြည်တချက်ဖြင့် နန်းတော်တစ်ခုလုံးကို မြင်တွေ့နိုင်သည်။
ထိုစင်မြင့်၏အစွန်ဘက်များတွင် ကြီးကျယ်ခမ်းနားသောရွှေနဂါးကိုးဆယ့်ကိုးကောင်၏ရုပ်ပုံများကို ထွင်းထုထားကာ စင်မြင့်၏လေးဘက်လေးတန်လုံးအနှံ့ ပြည့်နှက်နေသည်။ပတ်ဝန်းကျင်နေရာတဝိုက်လုံး၌ ရှေးဟောင်းသင်္ကေတအက္ခရာများကို ရေးထွင်းထားကာ ထိုအရာများသည် ကျမ်းစာတစ်ခုဖြစ်ပုံရသည်။
ဤကျမ်းစာစာလုံးများမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ ကြီးမားကျယ်ပြန့်ပြီးမြင့်မြတ်သော တော်ဝင်အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ဤသည်မှာ အတိတ်တွင် လူသားဧကရာဇ်နေထိုင်ခဲ့သော နေရာဖြစ်ခဲ့ပုံပင်။သူ၏အစွမ်းထက်သောအရှိန်အဝါသည် နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
လုယွီသည် သူ၏နံဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီးနောက် ရှေ့သို့တိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ တုန်ခါသံများ ထွက်ပေါ်နေကာ ကြီးမားသော ခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်နေသည့်အလားပင်။
"အခုကြည့်ကြည့်တော့မှ လူသားတွေကပဲ ဒီနေရာကို ခြေချနိုင်တာပါလား"
လုယွီသည် ရုတ်တရက် မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို နားလည်သဘောပေါက်သွားပေ၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏ခန္ဓာကိုယ်ကို အပိုင်စီးကာ ဤစင်မြင့်ပေါ်သို့ တက်လိုခြင်းပင်။
လုယွီသည် ထိုစင်မြင့်ထက်ရှိ တစ်စုံတစ်ခုမှ သူ့အားဆွဲဆောင်နေသည့်အလား ခံစားမိသည်။စင်မြင့်၏အထက်တွင် ရွှေရောင်စားပွဲတစ်လုံးရှိနေကာ စားပွဲပေါ်တွင် အဖိုးတန်ရှားပါးသောကျောက်စိမ်းတုံးတစ်ခုကို တင်ထားသည်။
ထိုကျောက်စိမ်းတုံးပေါ်တွင် ဦးချိုပါကျားသားရဲတစ်ကောင်၏ရုပ်ပုံကို ရေးထွင်းထားကာ မျက်နှာပြင်ရှစ်ဖက်၌ ငှက်များ နဂါးများ၏ရုပ်ပုံများရှိနေသော ကျောက်စိမ်းစည်းတံဆိပ်တစ်ခုပင်။
ဘုန်း...
လုယွီ ချဥ်းကပ်သွားသောအချိန်တွင် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် တုန်ခါသွားကာ ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။လုယွီသည် ခြေတစ်လှမ်းရှေ့တိုးကာ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို သူ၏လက်ဖြင့် ဆုပ်ကိုင်လိုက်၏။ထို့နောက် သူသည် ထိုအရာကိုမြှောက်ကာ အင်အားကုန်အသုံးပြု၍ ပစ်လွှတ်လိုက်သည်။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် မိုးကောင်းကင်ယံအတွင်းရှိ မြင့်မားသောနေရာ၌ မျောလွင့်နေသည်။ထိုစည်းတံဆိပ်၏အထက်တွင် 'ကောင်းကင်ဘုံ၏အမိန့်ကို လက်ခံပြီးတော့ ထာဝရအသက်ရှည်ပြီး စည်ပင်ဝပြောပါစေ'ဟူသောစာလုံးများ ပါရှိကာ ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာသည်။
ဘန်း....
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကြောင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားလေ၏။သူသည် စူးရှနာကျင်စွာ အဆက်မပြတ်အော်ဟစ်ကာ ဒယိမ်းဒယိုင်ဖြင့်နောက်သို့ဆုတ်လိုက်၏။
"မြေကမ္ဘာနတ်ဆိုးဘိုးဘေး မင်း ဒီနေ့သေရမယ်"
လုယွီသည် လေထုအတွင်းရှိ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ဆုပ်ကိုင်ကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးထံဦးတည်ပြီး ထပ်မံ၍ဝှေ့ယမ်းလိုက်သည်။
Chapter 4284
ဘန်း....
ကျယ်လောင်သော မြည်ဟီးသံကြီးတစ်သံက နန်းတော်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကြီးမားသောခေါင်းမှ အနက်ရောင်သွေးများ ယိုစီးကျလာကာ သူသည် အလွန်ဆိုးရွားသောအခြေအနေ၌ ရှိနေပေ၏။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် လက်တစ်ဝါးစာအရွယ်အစားသာရှိသော်လည်း အလွန်အမင်းလေးလံကာ သူ့ပေါ်သို့ ထိုက်တောင်ကြီး ဖိစီးနေသည့်အလားပင်။
အထူးသဖြင့် ထိုစည်းတံဆိပ်ပေါ်၌ ရေးထွင်းထားသော သင်္ကေတရှစ်ခုပင်။တော်ဝင်ကျောက်စိမ်းစည်းတံဆိပ် ကျရောက်လာသည်နှင့် ထိုအရာများမှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်လာသည်။ထိုကြောင့် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်တစ်ခုလုံးကို ပို၍တောက်ပနေစေသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် အဆက်မပြတ်နောက်သို့ဆုတ်နေကာ သူ့၏မျက်လုံးအတွင်း၌ ရူးသွပ်မှု နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
"သေစမ်း"
ဤအခြေအနေသို့အရောက်တွင် သူသည် လုယွီ၏ခန္ဓာကိုယ်ကို အပိုင်စီးရန် ထပ်မံ၍ဂရုမစိုက်တော့ချေ။သူသည် လုယွီကို လုံးလုံးလျားလျား အမြစ်ပြတ်သုတ်သင်လိုသည်။
ကြီးမားသောမြွေခေါင်းများက လေထုအတွင်းသို့ မြင့်တက်သွားသည်။လေဟာနယ်အတွင်း၌ ကြီးမားသော အနက်ရောင်ပုံရိပ်ကြီးတစ်ခုထွက်ပေါ်လာကာ လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် အရာအားလုံးကို စုပ်ယူလိုက်သည်။
ဤစုပ်ယူအားလိုင်းသည် အလွန်ပြင်းထန်လေ၏။ထိုအရာသည် တောင်များကိုပြိုလဲစေပြီး မိုးနှင့်မြေကို ဖျက်ဆီးနိုင်လုနီးပါးပင်။
"သူက ငါ့ကိုသတ်ဖို့ ရည်ရွယ်ထားတာပါလား"
လုယွီသည်လည်း ထိတ်လန့်တုန်လှုပ်သွားသည်။ သူသည် ဤတိုက်ခိုက်မှုမှနေ၍ အစွမ်းထက်သောအားလှိုင်းကို ခံစားမိသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရှေးဟောင်းနတ်ဆိုးများအနက် အစွမ်းထက်ဆုံးထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။သူ အလေးအနက်ထား၍တိုက်ခိုက်ပါက သူ၏စွမ်းအားကို မည်သူကမျှ ဟန့်တားနိုင်မည်မဟုတ်ချေ။ထိုစွမ်းအားကြောင့် မဟာမိုးကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ပင်လျှင် သေဆုံးသွားနိုင်သည်။
ယခင်က မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏နည်းစနစ်များကို အကုန်အစင် အသုံးမပြုခဲ့ချေ။အကြောင်းအရင်းမှာ သူသည် လုယွီ၏ရုပ်ခန္ဓာကိုယ်ကို အပိုင်စီးလိုသောကြောင့်ပင်။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် ဤကိစ္စကို ဂရုမစိုက်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သွေးချီအမြောက်အများကို ဆုံးရှုံးထားလေ၏။
ယခုအချိန်၌ သူ့ထံတွင် ကြီးမားသောရုပ်ခန္ဓာကိုယ်တစ်ခု ရှိနေသော်လည်း သူ့၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုနိုင်ခြင်းမရှိချေ။
ဤကဲ့သို့ အရေးကြီးအချိန်အခိုက်အတန့်၌ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါစပြုလာသည်။ထိုအရာ၏မျက်နှာပြင်မှနေ၍ ပေတစ်ထောင်ကျော်ခန့်ရှည်လျားသော ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ဤသည်မှာ ရွှေရောင်နဂါးတစ်ကောင်သည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ နံဘေးပတ်လည်၌ လှည့်ပတ်၍ပျံသန်းနေသည့်အလားပင်။ထိုအရာ၏အရှိန်အဝါသည် မိုးကောင်းကင်ယံအတွင်း၌ ထွန်းလင်းနေသော နေမင်းကြီးတစ်စင်းနှင့်တူညီကာ ဤအချိန်အခိုက်အတန့်တွင် မည်သူမျှ မျက်လုံးဖွင့်ကြည့်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
အကန့်အသတ်မရှိသော တော်ဝင်အရှိန်အဝါများ ပွင့်အံ့ထွက်လာပြီးနောက် တော်ဝင်ကျောက်စိမ်းစည်စတံဆိပ်မှနေ၍ ကြီးကျယ်ခမ်းနားသော ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
အား....
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် စူးရှနာကျင်စွာအော်ဟစ်လိုက်၏။သူ၏မြွေခေါင်းကိုးခေါင်းတပြိုင်နက်တည်း ထိခိုက်ဒဏ်ရာရရှိသွားကာ သွေးများဖြာကျလာသည်။
ဤပြင်းထန်သောအရှိန်အဝါသည် အဆုံးသတ်၌ မြေကမ္ဘာနတ်ဆိုးထံသို့ ကျရောက်သွားသည်။သူ၏ခန္ဓာကိုယ်ပေါ်မှ မြွေအကြေးခွံများ ကြွေကျစပြုလာပေ၏။
အလွန်ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများ အငွေ့ပြန်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားသည်။
ဤသည်မှာ နှစ်ပေါင်းများစွာကြာအောင် အေးခဲနေခဲ့သည့် ကျစ်လစ်သောရေခဲတုံးကြီးတစ်တုံးသည် နောက်ဆုံး၌ ခြစ်ခြစ်တောက်ပူပြင်းသော မီးတောက်များနှင့် ထိတွေ့ရသည်အလားပင်။သူ၏နတ်ဆိုးချီစွမ်းအားများ အလွန်လျှင်မြန်စွာအငွေ့ပြန်နေကာ ထိုက်ကျိအမှတ်အသားမှ ဝါးမြိုစဥ်ကထက်ပင် ပို၍လျှင်မြန်နေသည်။
"မဟုတ်ဘူး...သူက သေသွားပြီလေ...ဘယ်လိုလုပ်ပြီးတော့ ဒီလိုနည်းစနစ်တစ်ခုကို သူက ပိုင်ဆိုင်ထားတာလဲ"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက စိတ်ပျက်အားငယ်သောလေသံဖြင့် အော်ဟစ်လိုက်သည်။
သူ့ထံမှနေ၍ နှလုံးကွဲကြေလုမတတ် အော်သံနက်ကြီးထွက်ပေါ်လာကာ မှော်သားရဲတစ်ကောင်ကို ထောင့်တစ်နေရာသို့ ဖိအားပေးပြီး သေမင်းနှင့်ရင်ဆိုင်ခိုင်းသည့် အလားပင်။
လုယွီသည် သူ၏ဦးရေပြား တင်းကြပ်လာသည်ကို ခံစားမိလေ၏။တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ဖိအားအရှိန်အဝါသည် သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ခြင်းမရှိသော်လည်း သူသည် ထိုအရာအနီးသို့ ချဉ်းကပ်မိသည်နှင့် ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရဆဲပင်။
ရှေးဟောင်းလူသားဧကရာဇ်၏အရှိန်အဝါက ပတ်ဝန်းကျင်နေရာတဝိုက်၌ ပျံ့နှံ့နေသည်။
ရုတ်တရက် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်မှနေ၍ ဝိုးတဝါးပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ဤသည်မှာ ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး မည်သည့်အရာဟု အတိအကျမသိနိုင်ချေ။
သို့ရာတွင် နန်းတော်၏နံဘေးပတ်လည်ရှိ နံရံများအားလုံး ရုတ်တရက် တုန်ခါသွားသည်။ ပတ်ဝန်းကျင်နေရာတဝိုက်၌ သတ္ထူအချင်းချင်းရိုက်ခတ်သည့်အသံကဲ့သို့ အသံများ ပဲ့တင်ထပ်နေသည်။ခရုသင်းများ ဗုံများ တီးခတ်သည့်အသံများအလား ထူးဆန်းသည့်အသံများ ထွက်ပေါ်လာကာ ညလင်းပုလဲများသည်လည်း ပို၍တောက်ပလာသည်။ဤသည်မှာ ထိုအရာများအားလုံးသည် ရှေးဟောင်းလူသားဧကရာဇ်၏ရောက်ရှိလာမှုကို ကြိုဆိုနေသည့်အလားပင်။
ဤသည်မှာ လူသားဧကရာဇ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ပင်။ထိုအရာသည် ရှေးဟောင်းခေတ်၏ လေဟာနယ်နှင့်အချိန်ကာလကိုဖြတ်ကျော်ကာ ယခုလက်ရှိ အချိန်နှင့်လေဟာနယ်ကာလသို့ ရောက်ရှိလာခြင်းဖြစ်သည်။နှစ်သန်းနှင့်ချီ၍ ကြာမြင့်လာခဲ့သည့်တိုင် ထိုအကြွင်းအကျန်စိတ်ဝိညာဥ်သည် ပျက်ပြယ်သွားခြင်းမရှိချေ။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည် နန်းတော်၏အထက်ရှိ လေထုအတွင်း၌ မျောလွင့်နေကာ တောက်ပသော နေမင်းကြီးတစ်စင်းအလား ပတ်ဝန်းကျင်နေရာတဝိုက်ကို လင်းထိန်နေစေသည်။
ဤလေဟာနယ်အတွင်းရှိ မည်သည့်နေရာတွင်မဆို တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်မှအလင်းတန်းများကြောင့် လင်းထိန်နေသည်။ ထိုအလင်းတန်းများကို ရှောင်တိမ်းနိုင်ရန် နည်းလမ်းမရှိသည့်အပြင် ခုခံကာကွယ်ရန်မှာလည်း မဖြစ်နိုင်ချေ။
Chapter 4285
အား....
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက စူးရှနာကျင်စွာ အော်ဟစ်လိုက်သည်။သူ၏ယခုလက်ရှိပုံပန်းသွင်ပြင်သည် အလွန်အမင်း အခြေအနေဆိုးဝါးနေပေ၏။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ မြွေအကြေးခွံများ အကွက်လိုက်ကွာကျနေသဖြင့် အတွင်းရှိကြက်သွေးရောင်အသားများ ထွက်ပေါ်နေသည်။ပတ်ဝန်းကျင်နေရာတဝိုက်သည် သွေးမြစ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ ပြင်ပပုံပန်းသွင်ပြင်ကို လွှမ်းခြုံထားသည်။သူ့ကိုကြည့်ရသည်မှာ သွေးမြွေတစ်ကောင်နှင့် တူညီနေသည်။
သူ၏ပါးစပ်မှ သွေးများအဆက်မပြတ် အန်ထွက်နေသည်။သူ၏ကြွင်းကျန်သော စိတ်ဝိညာဥ်တစ်ခုတည်းဖြင့် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နေရသည်ကပင် အလွန်အမင်းဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေလေပြီ။ထို့ပြင် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကဲ့သို့ နတ်ဘုရားရတနာတစ်ခုကလည်း သူ့အားဖိနှိပ်ထားလေ၏။
"ဒါက မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို လူသားဧကရာဇ် ထိန်းချုပ်ခဲ့တဲ့ နည်းစနစ်လား"
အချိန်တိုအတွင်းမှာပင် လုယွီသည် မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို နားလည်သဘောပေါက်သွားလေပြီ။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤတော်ဝင်ကျောက်စိမ်းစည်းတံဆိပ် ကိုရယူလိုခြင်းပင်။ဤသည်မှာ သူ့အစီအစဉ်၏တစ်စိတ်တစ်ပိုင်း ဖြစ်ပေ၏။
အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်လာပြီးနောက် ချင်အင်ပါယာ ပျောက်ကွယ်သွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုအချိန်၌ ချင်အင်ပါယာသည် အိပ်မောကျနေရာမှ နိုးထလာသောကြောင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤတော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို သိမ်းပိုက်လိုသည်မှာ သဘာဝကျပေ၏။
သူသည် လုယွီ၏ခန္ဓာကိုယ်ကို အပိုင်စီးနိုင်သည်နှင့် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ရယူနိုင်ပေမည်။ထိုနောက် သူသည် ဤနေရာမှထွက်ခွာကာ သူ၏အစီအစဉ်အတိုင်း ဆက်လက်၍ဆောင်ရွက်ရန် ကောင်းကင်ဘုံနယ်မြေသို့ ဦးတည်၍သွားပေမည်။
သို့ရာတွင် သူ၏အစီအစဉ်များအားလုံး ဤနေရာ၌ ရပ်တန့်သွားခဲ့သည်။
လုယွီအားရင်ဆိုင်ရန် အလွန်ခက်ခဲမည်ဟု မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် တစ်ကြိမ်တခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
ယခုလက်ရှိအချိန်တွင် သူ၏စွမ်းအားများ အလွန်အမင်းလျော့ကျသွားရုံသာမက သူ အလိုရှိသော တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်သည်လည်း လူယွီ၏လက်အတွင်းသို့ ရောက်ရှိသွားသည်။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်မှ အလင်းတန်းများ တစတစပို၍တောက်ပလာပြီး ထိုတံဆိပ်ပြားကိုကြည့်ရသည်မှာ မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ပစ်မှတ်ထားနေပုံပင်။ထိုအရာသည် သူ့အား လုံးလုံးလျားလျားမဖိနှိပ်နိုင်မချင်း လက်လျှော့အရှုံးပေးမည့်ပုံမရချေ။
"ငါ ဒါကို လက်မခံနိုင်ဘူး...ငါ ဒါကို လက်ခံဖို့ ငြင်းပယ်တယ်...ငါက နွားတစ်ကောင်မြင်းတစ်ကောင်လို မင်းအတွက် အလုပ်လုပ်ပေးခဲ့ရတယ်...မင်း ခရီးသွားဖို့အတွက် ရထားလုံးကိုဆွဲခဲ့တယ်....ဒါတွေအားလုံးက ဒီနေ့အတွက်ပဲ...ဒါတောင်မှ မင်းရဲ့အင်္ကျီလက်ထဲမှာ ဒီလိုဝှက်ဖဲမျိုးကို မင်းက တကယ်ကြီးချန်ထားခဲ့တယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏မျက်လုံးအတွင်းတွင် အကန့်အသတ်မရှိသော ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။
မြင့်မြတ်သောနတ်ဆိုးဘိုးဘေးတစ်ယောက်သည် လူသားဧကရာဇ်၏ ရထားလုံးကိုဆွဲရသော ကျေးကျွန်တယောက်ဖြစ်လာသည်မှာ အလွန်အမင်းအရှက်ရစေသော ကိစ္စတစ်ရပ်ပင်။
သူသည် သူ၏ကိုယ်ပိုင်အစီအစဉ် အောင်မြင်စေရန်အတွက် လူသားဧကရာဇ်၏နံဘေး၌နေပြီး သူ၏အတွေးများကို ဖုံးကွယ်ထားခဲ့သည်။သူသည် လူသားဧကရာဇ်၏အခြေခံအုတ်မြစ်ကိုရရှိကာ လူသားမျိုးနွယ်အတွင်းသို့ အောင်မြင်စွာဝင်ရောက်နိုင်ရန်အတွက် ဤအချိန်အခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။
သို့ရာတွင် လူသားဧကရာဇ် ချန်ထားခဲ့သောနည်းလမ်းများသည် အချိန်များစွာကြာမြင့်လာခဲ့သည့်တိုင် သူ့အား ဖိနှိပ်နိုင်စွမ်းရှိမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ သူ့အား မျှော်လင့်ချက်မဲ့သွားစေသည်။
သူသည် နှစ်သောင်းနှင့်ချီ၍ အကွက်ချကြံစည်ခဲ့သော်လည်း အဆုံးသတ်အချိန်၌ ကျရှုံးခဲ့ရသည်။ဤကိစ္စများအားလုံးသည် သူ ယခင်က အလွန်အထင်သေးခဲ့သော ရွှယ်အင်မော်တယ်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် မုန်းတီးမှုအပြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။
"တကယ်လို့ ငါ သေရမယ်ဆိုရင်တောင် ငါနဲ့အတူ မင်းကိုဆွဲခေါ်သွားမယ်"
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် သူ၏ခေါင်းကိုမော့ကာ အလွန်ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများကို ဖြန့်ကျက်လိုက်သည်။ သူ၏ခေါင်းထက်၌ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏ ဖိအားအရှိန်အဝါ ရှိနေသည့်တိုင် သူသည် လုယွီထံသို့ တဟုန်ထိုးပြေးဝင်လိုက်၏။
လုယွီက အလျှင်အမြန်နောက်ဆုတ်လိုက်သည်။ တချိန်တည်းမှာပင် သူသည် အင်မော်တယ်နည်းစနစ်တစ်ခုကို ထုတ်ဖော်အသုံးပြုလိုက်၏။ ကြီးမားသော အင်မော်တယ်စွမ်းအားအမြောက်အများသည် သူ၏ရှေ့သို့ ဆင်းသက်လာကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် လုံးလုံးလျားလျားရူးသွပ်သွားသော အခြေအနေသို့ ကျရောက်နေလေပြီ။
သူသည် သွေးရူးသွေးတန်းဖြင့် တိုက်ခိုက်လေ၏။သူ့ရှေ့ရှိ အင်မော်တယ်စွမ်းအားများသည် သူ့အား ထိခိုက်ဒဏ်ရာတချို့ရရှိစေသော်လည်း သူသည် အနည်းငယ်မျှ ရပ်တန့်ခြင်းမရှိချေ။
"ထိုက်အမ်းဓား...."
လုယွီက အော်ဟစ်ကာ သူ၏လက်အတွင်းရှိ ထိုက်အမ်းဓားကို ဝှေ့ယမ်းလိုက်သည်။
ပြိုင်ဘက်ကင်းဓားချီတစ်လှိုင်း ထွက်ပေါ်လာကာ ရုတ်ချည်းဆိုသလိုပင် မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ခေါင်းငါးလုံးကို ဖြတ်တောက်လိုက်သည်။အနက်ရောင်သွေးများက မြေပြင်ပေါ်သို့ ဖြာကျသွားပေ၏။
မြေပြင်ပေါ်သို့ကျသွားသော မြွေခေါင်းများသည် လူးလွန့်နေဆဲပင်။ထိုခေါင်းများအားလုံး အမှန်တကယ်ကိုပင် အထက်ရှိလေထုအတွင်းသို့ ခုန်ထလာသည်။
ဤမြင်ကွင်းသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။မြွေခေါင်းများသည် ခုတ်ပိုင်းခြင်းခံထားရသည့်တိုင် ငြိမ်သက်သွားခြင်းမရှိချေ။မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤကဲ့သို့ ဆိုးရွားသောအခြေအနေမျိုး၌ ရှိနေသည့်တိုင် လုယွီ ရင်ဆိုင်နိုင်ရန် အလွန်အမင်းခက်ခဲနေသည်။
ဝုန်း....
ထိုအချိန်မှာပင် ကျောက်စိမ်းစည်းတံဆိပ်၏အထက်တွင်ရှိနေသော လူသားဧကရာဇ်၏ပုံရိပ်ယောင် ရုတ်တရက်လှုပ်ရှားလိုက်သည်။
လူသားဧကရာဇ်သည် သူ၏လက်ကိုဆန့်တန်းကာ မြေကမ္ဘာနတ်ဆိုးဘိုးဘေး ရှိနေသောနေရာသို့ဦးတည်၍ ဖမ်းဆုပ်လိုက်၏။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ နံဘေးပတ်ဝန်းကျင်ရှိလေဟာနယ် ချက်ချင်းတောင့်တင်းသွားသည်။သူ၏ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးလည်း အေးခဲတောင့်တင်းသွားကာ လုံးလုံးလျားလျား ချိတ်ပိတ်ခံလိုက်ရသည့်အလားပင်။
ဤကဲ့သို့စွမ်းအားမျိုးသည် လျှို့ဝှက်ဆန်းကြယ်ရုံသာမက အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်သည်။လူသားဧကရာဇ်၏လက်ကို တစ်ချက်မြှောက်လိုက်ရုံဖြင့် မြေကမ္ဘာနတ်ဆိုးဘိုးဘေးကို ဖိနှိပ်နိုင်ပေ၏။
Thank For Reading.