အခန်း (၄၂၉၁-၄၂၉၅)
Vol. 218 Ch. 4291-4295
Chapter 4291
ထူထပ်သိပ်သည်းသော မြူခိုးများအကြားတွင် ရှေးဟောင်းနတ်ဆိုးများ၏ ကြီးကျယ်ခမ်းနားသောခံတပ်ကြီးကို တွေ့မြင်နိုင်သည်။
ရှေးဟောင်းနတ်ဆိုးများသည် ဤနေရာ၌ နေထိုင်သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် သူတို့၏ကိုယ်ပိုင်မြို့ရွာများကို တည်ထောင်ထားကြသည်။အဆောက်အအုံများသည် မြေပြင်ပေါ်မှတစ်ခုပြီးတစ်ခုမြင့်တက်လာကာ အကန့်အသတ်မရှိချေ။
ထိုအဆောက်အအုံများအကြားရှိ လေထုအတွင်းတွင် ကြီးမားသောပုံရိပ်အမြောက်အများ မျောလွင့်နေသဖြင့် လူသားများအား ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရစေသည်။
သူတို့သည် ရှေးဟောင်းနတ်ဆိုးဘိုးဘေးများဖြစ်ကာ ရှေးဟောင်းနတ်ဆိုးများအားလုံး၏ အစွမ်းထက်ဆုံးတည်ရှိမှုကြီးများပင်။သူတို့သည် ရှေးဟောင်းနတ်ဆိုးမျိုးနွယ်၏အထိမ်းအမှတ်သင်္ကေတနှင့်တူညီကာ သူတို့၏ကြီးမားသော ဓမ္မပုံရိပ်ယောင်များကို ထုတ်ဖော်ထားကြသည်။နေ့စဥ်နေ့တိုင်း ရှေးဟောင်းနတ်ဆိုးများသည် မိုးကောင်းကင်ယံအတွင်းရှိ ဓမ္မပုံရိပ်ယောင်များကို ဝတ်ပြုကိုးကွယ်ကြလေ၏။
လေထုအတွင်း၌ စိတ်ဝိညာဉ်စွမ်းအားများ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ဤနေရာသည် ယခင်က ကောင်းကင်ဘုံနယ်မြေ၏ပိုင်နက်နယ်မြေ ဖြစ်သော်လည်း နောက်ပိုင်းတွင် ရှေးဟောင်းနတ်ဆိုးများမှ သိမ်းပိုက်ထားခဲ့သည်။အချိန်များကုန်လွန်လာသည်နှင့်အမျှ နဂိုအတိုင်း ပြန်မဖြစ်နိုင်သောအပြောင်းအလဲများ ဖြစ်ပွားလာခဲ့သည်။ အကယ်၍ အင်မော်တယ်များ ဤနေရာသို့ ပြန်လည်ရောက်ရှိလာလျှင်ပင် အချိန်များကြာမြင့်သွားပြီဖြစ်သောကြောင့် ပြင်းထန်သောနတ်ဆိုးချီများ၏သက်ရောက်ခြင်းကို ခံရပေမည်။
ဒေါင်.....
ခံတပ်အတွင်းမှနေ၍ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော ခေါင်းလောင်းသံတစ်သံမြည်ဟီးလာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ရှေးဟောင်းနတ်ဆိုးတစ်စုသည် ခံတပ်တွင်းမှာနေ၍ သူတို့၏ခေါင်းများကို ဆန့်ထုတ်လိုက်ကြသည်။သူတို့၏ခန္ဓာကိုယ်များသည် အလွန်အမင်းကြီးမားကာ သူတို့အနက်မှတစ်ကောင်ခြင်းစီသည် ပြင်ပလောကတွင် နတ်ဆိုးဧကရာဇ်တစ်ယောင်နှင့်နှိုင်းယှဉ်နိုင်သော တည်ရှိမှုကြီးပင်။
နတ်ဆိုးချီစွမ်းအားများသည် အလွန်ထူထပ်သိပ်သည်းကာ မိုးကောင်းကင်ယံအတွင်းရှိ အလင်းရောင်ကို လွှမ်းခြုံတော့လုမတတ်ပင်။
နတ်ဆိုးများ၏ဟိန်းဟောက်သံများကို ကြားနေရကာ လူအများအား ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေစေသည်။
သို့ရာတွင် ထိုရှေးဟောင်းနတ်ဆိုးများ ထွက်ပေါ်လာသည်နှင့် သူတို့အား ဆီးကြိုနှုတ်ဆက်နေသည်မှာ ထူထပ်သိပ်သည်းသောမြှားမိုးတစ်မိုးပင်။
"ပစ်တော့...."
ချင်စစ်ဗိုလ်ချုပ်၏ ကျယ်လောင်သောအော်ဟစ်သံနှင့်အတူ သန်းနှင့်ချီသောမြှားများ ပစ်လွှတ်လိုက်ကာ မိုးကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံထားသည်။
ထိုမြှားများ၏မျက်နှာပြင်များပေါ်တွင် အထူးသင်္ကေတအက္ခရာများကို ရေးထွင်းထားကာ မြှားများအတွင်း၌ ချင်စစ်သားများ ထည့်သွင်းထားသည့် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများ ပါဝင်သည်။ထိုမြှားများသည် ရှေးဟောင်းနတ်ဆိုးများကို တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်းရှိသည်။
မြှားတစ်စင်းစီသည် ဂျင်နှစ်ဆယ်ခန့်လေးလံကာ လေးကြိုးကိုဆွဲရန်အတွက် ရုပ်ခန္ဓာကိုယ်အားကောင်းသော ကျင့်ကြံသူတစ်ယောက်လိုအပ်သည်။ထိုကျင့်ကြံသူသည် သူ၏စွမ်းအားများကို လေးကြိုးအတွင်းသို့ထည့်ပြီးမှသာ ပစ်လို့ရပေမည်။ထိုမြှားသည် ငါးမိုင်အကွာရှိပစ်မှတ်ကို ထွင်းဖောက်နိုင်ပေ၏။
ဘုန်း....ဘုန်း...ဘုန်း....
လေထုအတွင်း၌ ပေါက်ကွဲသံများ အဆက်မပြတ်မြည်ဟီးနေသည်။ဤသည်မှာ လေးကြိုးကိုဆွဲပြီး မြှားများကိုပစ်လွှတ်လိုက်သည့် အသံများပင်။
သန်းနှင့်ချီသောစစ်သားများသည် လေးကြိုးကိုဆွဲကာ မြှားများကို တပြိုင်နက်တည်းပစ်လွှတ်လိုက်ကြသည်။ထိုအသံသည် အလွန်ကျယ်လောင်သဖြင့် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။
အစောပိုင်းက ထွက်ပေါ်လာခဲ့သော ရှေးဟောင်းနတ်ဆိုးများသည် ထက်ရှသောမြှားများဖြင့်ပစ်ခြင်းကိုခံရချိန်တွင် သူတို့၏နည်းစနစ်များကိုပင် အသုံးပြုနိုင်စွမ်းမရှိခဲ့ချေ။သူတို့သည် အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ကြေမွှပျက်စီးသွားပေ၏။
ဝုန်း....
မြေပြင်သည် အဆက်မပြတ်တုန်ခါနေကာ ချင်စစ်တပ်သည် မရပ်မနားချီတက်ပြီး ခံတပ်ကြီး၏ရှေ့၌ ထွက်ပေါ်လာခဲ့သည်။
ဤအချိန်အခိုက်အတန့်တွင် ချင်စစ်သားများ၏ခေါင်းထက်ရှိ လေထုအတွင်း၌ စက်ယန္တရားလှည့်ပတ်သောအသံများ ထွက်ပေါ်လာသည်။
ကျွီ....ကျွီ...ခရက်...ခရက်...
စက်ယန္တရားလှည့်ပတ်သောအသံများ ထွက်ပေါ်လာပြီးနောက် မိုးကောင်းကင်ယံအတွင်း၌ ကြီးမားသောစစ်သင်္ဘောကြီးများ လှည့်ပတ်ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။
ရာနှင့်ချီသောစစ်သင်္ဘောများသည် မိုးကုတ်စက်ဝိုင်းကိုဖြတ်သန်း၍ ပျံသန်းနေကာ ထိုအရာများ၏အရွယ်အစားသည် တာယွီအင်ပါယာမှစစ်သင်္ဘောများထက် ပို၍ကြီးမားပေ၏။ထိုစစ်သင်္ဘောများသည် မိုးကောင်းကင်ယံအတွင်း၌ ရွေ့လျားနေသောမြို့များနှင့် တူညီနေသည်။
ထိုစစ်သင်္ဘောများမှနေ၍ အနက်ရောင်အမြှောက်များ ထွက်ပေါ်လာကာ လောကကြီးတခွင်လုံးကို ဖျက်ဆီးနိုင်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ဤှသည်မှာ ချင်အင်ပါယာ၏မိုစစ်တပ်ပင်။ စစ်ဗိုလ်ချုပ်ထံမှ အမိန့်သံနှင့်အတူ အမြှောက်များမှနေ၍ တောက်ပသောမီးတောက်များ တပြိုင်နက်တည်းဖြာထွက်လာသည်။
ထိုအလင်းတန်းများသည် ခံတပ်ကြီးကို တိုက်ရိုက်ဖြတ်သန်းသွားပေ၏။ရှေးဟောင်းနတ်ဆိုးများနေထိုင်သည့် ခိုင်ခံမာကျောသော အဆောက်အအုံများသည် ချက်ချင်းဆိုသလိုပင် ပါးလွှာသောလေထုအတွင်း၌ ပျက်စီးသွားသည်။
ရှေးဟောင်းနတ်ဆိုးများသည် ဤနေရာ၌ စစ်ရေးဆိုင်ရာအဆောက်အအုံ အမြောက်အများကို တည်ဆောက်ထားခဲ့သည်။ထိုအဆောက်အအုံများသည် အလွန်အမင်းခိုင်ခံမာကျောသော်လည်း အမြှောက်များ၏တိုက်ခိုက်မှုအောက်တွင် ကြေမွှပျက်စီးသွားကာ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဖုန်မှုန်နှင့်မီးခိုးငွေ့များ ပျက်ပြယ်သွားချိန်တွင် ခံတပ်၏မြင့်မားသောနံရံများ လုံးလုံးလျားလျားပျက်စီးနေကာ အတွင်းရှိအရာရာတိုင်း ပေါ်လွင်လာသည်။
ခံတပ်အတွင်းရှိ အဆောက်အအုံများမှနေ၍ ရှေးဟောင်းနတ်ဆိုးများ အဆက်မပြတ်ပြေးထွက်လာကာ သူတို့ရှေ့ရှိစစ်တပ်ကြီးကို ပိတ်ဆို့ဟန့်တားရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် သူတို့၏လှုပ်ရှားမှုများသည် အလွန်အမင်းအားပျော့ပေ၏။
ချင်စစ်သားများ၏လက်များအတွင်း၌ လှံရှည်များနှင့်ဓားရှည်များကိုကိုင်ထားကာ မည်သည့်ရှေးဟောင်းနတ်ဆိုးမျှ သူတို့ကို ဟန့်တားနိုင်ခြင်းမရှိချေ။သူတို့ရှေ့သို့ ချီတက်တိုက်ခိုက်သည်နှင့် ရှေးဟောင်းနတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ချက်ချင်းသတ်ဖြတ်ခံရတော့သည်။
Chapter 4292
"သတ်...သတ်...သတ်...."
ချင်စစ်သားများသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ခံတပ်တစ်ခုလုံးအတွင်းရှိ ရှေးဟောင်းနတ်ဆိုးများကို သတ်ဖြတ်နေသည်။
မည်သည့်ရှေးဟောင်းနတ်ဆိုးမျှ သူတို့၏ချီတက်မှုကို ဟန့်တားနိုင်ခြင်းမရှိချေ။ခံတပ်အတွင်းရှိ ရာနှင့်ချီသောအဆောက်အအုံများအားလုံး ပြိုလဲပျက်စီးသွားကာ အတွင်းရှိရှေးဟောင်းနတ်ဆိုးများ သတ်ဖြတ်ခြင်းခံရသည်။
ထိုရှေးဟောင်းနတ်ဆိုးများကို ဖမ်းဆီးရန်သို့မဟုတ် အရှုံးပေးရန်အတွက် သွေးဆောင်ဖျားယောင်းရန် မလိုအပ်ချေ။မျိုးနွယ်နှစ်ခုကြားတွင် နက်ရှိုင်းသော နာကြည်းမုန်းတီးမှုရန်ငြိုးများရှိနေသဖြင့် သွေးကိုအသုံးပြု၍သာ ချေဖျက်နိုင်ပေမည်။
"လူသားတွေ....မင်းတို့က ဒီနေရာကိုလာပြီး သတ်ဖြတ်ဝံ့တယ်....မင်းတို့က သေလမ်းရှာနေတာလား"
ခံတပ်၏အစောင့်အရှောက် နတ်ဆိုးဧကရာဇ် ထွက်ပေါ်လာသည်။သူသည် မောက်မာထောင်လွှားသောအမူအယာဖြင့် လေထုအတွင်း၌ မတ်တတ်ရပ်ကာ သူ၏ခန္ဓာကိုယ်သည် တောင်ငယ်တလုံးစာပမာဏမျှ ကြီးမားသည်။ သူ၏အရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားပေ၏။
နတ်ဆိုးဧကရာဇ်သည် လူဘီလူးကြီးတစ်ကောင်အသွင် ပြောင်းလဲထားကာ မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေသည်။သူ့ထံမှ နတ်ဆိုးချီစွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ မြစ်တစ်စင်းအလား စီးဆင်းနေကာ အကန့်အသတ်မရှိချေ။
ထိုနတ်ဆိုးဧကရာဇ် ထွက်ပေါ်လာချိန်တွင် သူ၏လက်ကိုမြှောက်ကာ မိုးကောင်းကင်ယံအတွင်း၌ ပျံသန်းနေသော ဗာမီလီယန်မီးငှက်တစ်ကောင်ကို ဖမ်းဆုပ်လိုက်သည်။ထို့နောက် သူသည် ဗာမီလီယန်မီးငှက်ကို နှစ်ပိုင်းပြတ်သွားအောင် ဆွဲဖြဲလိုက်၏။
သွေးများ မြေပြင်ပေါ်သို့ ဖြာကျသွားသည်။ထိုဗာမီလီယန်မီးငှက်ကို ထိန်းချုပ်နေသော ချင်စစ်သားများသည်လည်း ထွက်ပြေးနိုင်စွမ်းမရှိတော့ဘဲ နတ်ဆိုးဧကရာဇ်၏လက်အတွင်း၌ သေဆုံးသွားခဲ့သည်။
"ငါ မင်းကို သတ်မယ်..."
ဝမ်ကျင်းက ရှေ့သို့တိုးဝင်ကာ သူ၏ကြေးနီဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ထိုကြေးနီဓားရှည်ပေါ်တွင် အေးစက်စက်အလင်းတန်းများ ဖြာထွက်နေသည့် အရှိန်အဝါတစ်ရပ်ရှိနေသည်။ဤအချိန်အခိုက်အတန့်တွင် ဝမ်ကျင်းသည် သူ၏လက်အတွင်းရှိဓားနှင့် တသားတည်း ပေါင်းစပ်သွားသည့်အလားပင်။သူသည် ကောင်းကင်ဘုံမှဆင်းသက်လာသော စစ်ဘုရားတစ်ပါးနှင့်တူညီကာ အစွမ်းထက်ပြီးလွှမ်းမိုးချုပ်ကိုင်နိုင်ကာ ကြီးကျယ်ခမ်းနားသောအရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်သည်။
သိုင်းပညာအင်မော်တယ်....
သေမျိုးတစ်ယောက်သည် တာအိုလမ်းကြောင်းသို့ဝင်ရောက်ရန် သိုင်းပညာကိုအသုံးပြုကာ သူတို့၏ကိုယ်ပိုင်အကန့်အသတ်ကို ချိုးဖြတ်ရသည်။နောက်ဆုံး၌ သူတို့သည် အစွမ်းထက်သောရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ အင်မော်တယ်တစ်ယောက် ဖြစ်လာပေ၏။
ဤသည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ အင်မော်တယ်များနှင့် မတူညီသော်လည်း သူတို့ထံတွင် အင်မော်တယ်အရှိန်အဝါများကို ပိုင်ဆိုင်ထားသည်။သူတို့၏ဘဝသက်တမ်းသည် အလွန်ရှည်လျားကာ သူတို့၏ခန္ဓာကိုယ်မှသွေးချီများသည် သူတို့ သေဆုံးသွားသည့်အချိန်ထိတိုင် အဆက်မပြတ် တလိမ့်လိမ့်လူးလွန့်နေသည်။
လုယွီသည် ထိတ်လန့်တုန်လှုပ်နေပေ၏။ဤတစ်ကြိမ်တွင် သူ ရှေးဟောင်းခေတ်ကာလအတွင်းသို့ပြန်လည်ရောက်ရှိမှုသည် ယခင်အကြိမ်နှင့် အလွန်ကွဲပြားခြားနားနေကြောင်း သူ သိရှိထားသည်။
စစ်ဗိုလ်ချုပ်များဖြစ်စေ စစ်သားများဖြစ်စေ သူတို့အားလုံးသည် ယခင်ထက် များစွာပို၍ သန်မာအားကောင်းနေသည်။နှစ်ပေါင်းမည်မျှကုန်ဆုံးခဲ့ကြောင်း သူ မသိရှိသော်လည်း လူသားမျိုးနွယ်သည် အလွန်ကြီးမားသော အပြောင်းအလဲများနှင့် ရင်ဆိုင်ခဲ့ရကာ သိုင်းပညာအင်မော်တယ်ကဲ့သို့ ထိပ်သီးကျင့်ကြံသူများပင်လျှင် ထွက်ပေါ်လာခဲ့သည်။
ချင်နန်းတော်အတွင်းရှိ ရှေးဟောင်းစာအုပ်များအတွင်းတွင် အတိတ်၏မှတ်တမ်းအမြောက်အများရှိနေသည်။ထိုမှတ်တမ်းများတွင် ရှေးဟောင်းနတ်ဆိုးများသည် လူသားမျိုးနွယ်အတွင်းသို့ ကြိမ်ဖန်များစွာကျူးကျော်ခဲ့ကာ လူသားများ အလွန်ကြီးမားသောအန္တရာယ်အတွင်းသို့ ကျရောက်နေခဲ့ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားလေ၏။
သို့ရာတွင် ဤတစ်ကြိမ်၌ ယင်ယန်ကျမ်းစာ၏စွမ်းအားကြောင့် လုယွီသည် ရှေးဟောင်းခေတ်အချိန်ကာလအတွင်းသို့ပြန်လည်ရောက်ရှိခဲ့သည်။သူ မြင်တွေ့နေရသောအခြေအနေသည် ရှေးဟောင်းမှတ်တမ်းများအတွင်း၌ ဖော်ပြထားသည့်အရာများနှင့် လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။
"တစ်ယောက်ယောက်က ရှေးဟောင်းမှတ်တမ်းတွေကို ပြင်ဆင်ထားခဲ့တာလား...သူက အတိတ်က ဖြစ်ရပ်တွေကို ပြောင်းလဲခဲ့တာလား...."
လုယွီထံ၌ ရုတ်တရက် အတွေးတစ်ခု ရရှိသွားသည်။ဤအတွေးသည် အမှန်တရားနှင့် အလွန်နီးစပ်ပုံရပေ၏။
သူသည် သူ၏စိတ်နှလုံးသားအတွင်းရှိ စိတ်ခံစားချက်များကို တည်ငြိမ်အောင်ထိန်းသိမ်းပြီးနောက် သူ၏ရှေ့ရှိတိုက်ပွဲကို ကြည့်လိုက်သည်။
ဝမ်ကျင်းသည် သူ၏ဓားရှည်ကိုမြှောက်ထားကာ သူ့ထံ၌ မိုးကောင်းကင်ယံကိုဖြတ်တောက်နိုင်သည့် စွမ်းအားတစ်ရပ်ရှိနေသည်။သူ့၏ဓားရှည်ကို ခုတ်ပိုင်းလိုက်သည့်အချိန်တွင် ကြီးမားသောတောင်ကြီးတစ်လုံး ရုတ်တရက်ဆင်းသက်လာသည့်အလား အစွမ်းထက်သော တုန်ခါမှုလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ပြင်းထန်သောစွမ်းအားလှိုင်းကြောင့် မြေပြင်အက်ကွဲသွားကာ မိုင်ရာနှင့်ချီရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ထိုဓားချီသည် အချိန်အတော်ကြာသည်အထိ ပျက်ပြယ်သွားခြင်းမရှိဘဲ ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။အစောပိုင်းက မောက်မာထောင်လွှားနေသော နတ်ဆိုးဧကရာဇ်သည် ချက်ချင်းပျောက်ကွယ်သွားကာ အမှုန်အမွှားတစ်စပင် မကျန်ခဲ့တော့ချေ။
ဤပြင်းထန်သောတိုက်ပွဲအတွင်းတွင် ထောင်နှင့်ချီသောရှေးဟောင်းနတ်ဆိုးများ သေဆုံးသွားခဲ့သည်။ချင်စစ်သားများသည် အဆောက်အအုံများအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အသက်ရှင်ကျန်ရစ်သော ရှေးဟောင်းနတ်ဆိုးများကို အဆက်မပြတ် ရှာဖွေသတ်ဖြတ်နေကြ၏။
ဤသည်မှာ လူသားမျိုးနွယ်၏ခွန်အားပင်။
ရှေးဟောင်းစာအုပ်များအားလုံးအတွင်း၌ လူသားမျိုးနွယ်သည် တစ်ချိန်က နတ်ဆိုးမျိုးနွယ်၏ကျူးကျော်ခြင်းကို ခံခဲ့ရကြောင်းပါရှိသည်။လူသားများသည် သူတို့၏နယ်မြေအတွက် သူတို့၏အသက်များကိုစွန့်၍ တိုက်ခိုက်နေကြခြင်းပင်။
သို့ရာတွင် ရှေးဟောင်းခေတ်အချိန်ကာလများအတွင်းတွင် နတ်ဆိုးများ၏နယ်မြေ၌ ရှေးဟောင်းနတ်ဆိုးများကို အနိုင်ယူခဲ့သောလူသားများ ရှိနေမည်ဟု မည်သူမျှ သိရှိမည်မဟုတ်ပေ။
ဝုန်း....
ခံတပ်ကြီးပြိုလဲသွားပြီးနောက် နောက်တွင်ရှိနေသောအရာများ ပေါ်လွင်လာသည်။
ဤသည်မှာ ရှေးဟောင်းနတ်ဆိုးနယ်မြေအတွင်းရှိ ပထမဆုံးခံတပ်ပင်။ထိုအရာ၏နောက်ရှိ နတ်ဆိုးနယ်မြေအတွင်း၌ ကြီးမားသောရဲတိုက်ကြီး အမြောက်အများ ကျန်ရှိနေဆဲပင်။ထိုရဲတိုက်များ၏အထက်ကောင်းကင်ယံတွင် နတ်ဆိုးချီစွမ်းအားများဖြင့် ပြည့်နှက်နေကာ အကန့်အသတ်မရှိသောယင်စွမ်းအားများ ထုတ်လွှတ်ထားသည်။ဤသည်မှာ အသူရာငရဲနယ်မြေတစ်ခုနှင့် တူညီနေပြီး လူအများအား ထိတ်လန့်ကြောက်ရွံမှုကြောင့် တုန်ရီနေစေသည်။
"ငါတို့တွေ ဆက်ပြီးတိုက်ခိုက်ကြစို့"
ဝမ်ကျင်းက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏နဂါးမြင်းကိုစီး၍ ရှေ့သို့ချီတက်သွားတော့သည်။
ချင်စစ်တပ်ကြီးသည် ကောင်းကင်နှင့်မြေပြင်ကိုလွှမ်းခြုံထားကာ ဒီရေလှိုင်းတစ်ခုအလား ရဲတိုက်ကြီးများထံသို့ဦးတည်၍ ပြေးဝင်သွားကြ၏။
Chapter 4293
အဝေးတစ်နေရာတွင် ချင်စစ်သားများသည် အရပ်မျက်နှာအဘက်ဘက်မှနေ၍ အဆက်မပြတ်ထွက်ပေါ်လာဆဲပင်။
နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ ဝမ်ကျင်း၏စစ်တပ်တစ်တပ်တည်း မဟုတ်ချေ။တခြားအရပ်မျက်နှာများမှာနေ၍ ချင်အင်ပါယာ၏စစ်တပ်များ ထွက်ပေါ်လာကာ ရှေ့သို့တိုးဝင်တိုက်ခိုက်နေကြ၏။
ချင်အင်ပါယာစစ်တပ်၏အောင်ပွဲကို ညွှန်ပြသော တံပိုးခရာသံများကလည်း ပဲ့တင်ထပ်ပျံ့နှံ့နေသည်။
"ထိုက်ယွမ်လက်သီး..."
လုယွီ၏လက်သီးမှနေ၍ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာကာ တိမ်စိုင်များအတွင်းသို့ မြင့်တက်သွားသည်။သူသည် ခြေတစ်လှမ်းရှေ့တက်ကာ သူ့ရှေ့ရှိတံခါးကြီးကို ထိုးနှက်လိုက်သည်။
ကြီးမားသောပေါက်ကွဲသံကြီးတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားကာ မြေပြင်တပြင်လုံးကို ပြင်းပြင်းထန်ထန်တုန်ခါသွားစေသည်။ရှေးဟောင်းနတ်ဆိုးရဲတိုက်တစ်လုံး၏တံခါးမကြီးသည် လုယွီ၏ရိုက်ချိုးဖွင့်ခြင်းကို ခံရလေ၏။သူ၏နောက်တွင်ရှိနေသော ချင်စစ်သားများသည် တဟုန်ထိုးပြေးဝင်လာ သူတို့တစ်ယောက်ချင်းစီထံတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"သတ်...."
သူတို့၏ရှေ့တွင် ရှေးဟောင်းနတ်ဆိုးများရှိနေသည်ကို မြင်တွေ့ချိန်၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကြောင့် သူတို့အားလုံး၏မျက်လုံးများ နီမြန်းသွားသည်။
ဤသည်မှာ သူတို့၏စစ်ရေးအကျိုးဆောင်မှုအတွက် ဆုလာဘ်များရရှိစေရုံသာမက စစ်သားတစ်ယောက်ချင်းစီ၏စိတ်နှလုံးသားအတွင်းတွင် အခိုင်အမာတည်ရှိနေသော နာကျည်းမုန်းတီးမှုများကြောင့်လည်း ဖြစ်သည်။
ရှေးဟောင်းနတ်ဆိုးများသည် လူသားမျိုးနွယ်ကို ထပ်ခါတလဲလဲ ကျူးကျော်တိုက်ခိုက်ခဲ့ကြသည်။ထိုနတ်ဆိုးများသည် စစ်သားများချစ်မြတ်နိုးရသောလူများ၏အသက်များကို နှုတ်ယူခဲ့ရုံသာမက မူလက လူသားများ ပိုင်ဆိုင်ခဲ့သည့် နယ်မြေကိုလည်း သိမ်းပိုက်ထားခဲ့သည်။ ဤသည်ကြောင့် လူအမြောက်အများသည် အိမ်ခြေရာမဲ့ဖြစ်နေပေ၏။
နာကြည်းမုန်းတီးမှု ဝမ်းနည်းကြေကွဲမှု ဒေါသထွက်မှုစသည့် စိတ်ခံစားချက်မျိုးစုံက တိုက်ပွဲကွင်းပြင်အတွင်း၌ ပွင့်အံ့ထွက်နေသည်။
ဤတိုက်ပွဲအတွင်းတွင် စကားများစွာပြောဆိုရန် မလိုအပ်ချေ။ရှေးဟောင်းနတ်ဆိုးတကောင်ကို မြင်တွေ့သည်နှင့် ချင်စစ်သားအမြောက်အများသည် ရှေ့သို့ပြေးဝင်ကာ တရကြမ်းတိုက်ခိုက်ကြတော့သည်။
လုယွီသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူ၏စိတ်အခြေအနေကိုလည်း သက်ရောက်ခြင်စခံရသဖြင့် တိုက်ပွဲအတွင်းသို့ ပူးပေါင်းလိုက်သည်။
သူသည် ရွှယ်အင်မော်တယ်နယ်ပယ်စွမ်းအားနှင့် သိုင်းပညာသူတော်စင်ခွန်အားတို့ကို အပြည့်အဝထုတ်ဖော်အသုံးပြုထားကာ တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။သူ၏တိုက်ခိုက်မှုကြောင့် ရှေးဟောင်းနတ်ဆိုးအမြောက်အများသည် သွေးအိုင်များအတွင်းသို့ လဲကျသွားပေ၏။
"ငါ့ရဲ့နောက်ကိုလိုက်ပြီး သတ်ကြစမ်း...ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို ဖျက်ဆီးမယ်"
လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ မိုးကောင်းကင်ယံကိုဦးတည်၍ ဟိန်းဟောက်လိုက်သော အသူရာနဂါးတစ်ကောင်အလားပင်။
ယင်ယန်ကျမ်းစာသည် အချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းသွားစေနိုင်ရုံသာမက အတိတ်နှင့်အနာဂတ်ကို ပြောင်းလဲနိုင်စွမ်းရှိသည်။
အကယ်၍ ရှေးဟောင်းနတ်ဆိုးများအားလုံး သေဆုံးသွားပါက နောင်အနာဂတ်တွင် ကောင်းကင်ဘုံနယ်မြေကို ဖရိုဖရဲဖြစ်စေမည့် ရှေးဟောင်းနတ်ဆိုးများ တည်ရှိတော့မည်မဟုတ်ချေ။
လုယွီထံ၌ များစွာစဉ်းစားတွေးတောနေရန် အချိန်မရှိချေ။သူသည် အကန့်အသတ်မရှိသော သတ်ဖြတ်မှုအောက်သို့ ကျရောက်သွားပေ၏။
လုယွီရင်ဘတ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ထိုက်ကျိအမှတ်အသား တဖန်ပြန်၍တောက်ပလာသည်။လုယွီအနီးတွင်ရှိနေသော အကန့်အသတ်မရှိသည့် နတ်ဆိုးချီများ၏သက်ရောက်ခြင်းကို ခံရသောကြောင့် ထိုက်ကျိအမှတ်အသားသည် ထိုအရာများကို အရူးအမူးဝါးမြိုတော့သည်။
ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်မှ ထွက်ပေါ်လာသည်။ထိုအရာများသည် ထိုက်ကျိအမှတ်အသား၏ အရူးအမူးဝါးမြိုခြင်းကို ခံရလေ၏။နောက်ဆုံး၌ ထိုစွမ်းအားများသည် စိတ်ဝိညာဥ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။
သူ၏မှော်စွမ်းအားများသည် ကြယ်ပျံတစ်စင်းကဲ့သို့အရှိန်နှုန်းဖြင့် အလျှင်အမြန်မြင့်တက်လာသည်။
သို့ရာတွင် သူသည် ရွှယ်အင်မော်နယ်နယ်ပယ်သို့ရောက်ရှိချိန်တွင် အဆင့်တစ်ဆင့်စီတိုင်းအတွက် မြောက်များစွာသောစွမ်းအားများလိုအပ်သည်။ထိုကြောင့် သူ၏ကျင့်ကြံဆင့်သည် ယခင်ကဲ့သို့ အလျှင်အမြန်မြင့်တက်လာခြင်း မရှိတော့ချေ။
လုယွီသည် သူ၏မှော်စွမ်းအားများ အလျှင်အမြန် မြင့်တက်လာသည်ကို ခံစားမိသော်လည်း သူ အတားအဆီးနေရာသို့ရောက်မရောက် အတပ်မပြောနိုင်ချေ။
ယခုလက်ရှိချိန်၌ သူ၏စိတ်အတွင်းတွင် တခြားမည့်သည်အတွေးမျှ မရှိတော့ချေ။သူ့ထံ၌ကျန်ရှိသည့် တစ်ခုတည်းသောအတွေးမှာ 'သတ်'
"ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို သတ်ပြီးတော့ သူတို့ရဲ့အမွေအနှစ်ကို ဖျက်ဆီးမယ်...ဒီနတ်ဆိုးတွေက လောကကြီးထဲမှာ ရှိမနေသင့်ဘူး"
လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ထို့နောက် သူသည် တခြားနတ်ဆိုးဧကရာဇ်တစ်ယောက်ကို သူ၏လက်သီးဖြင့်ထိုးနှက်ကာ သတ်ဖြတ်လိုက်သည်။
ဤအချိန်အခိုက်အတန့်၌ သူသည် တိုက်ပွဲစစ်မြေပြင်၏ဗဟိုချက် ဖြစ်လာသည်။
"အဲ့ဒီစစ်ဗိုလ်ချုပ်က ဘယ်သူလဲ...သူက အရမ်းရဲဝံ့တာပဲ...ငါ ဘာလို့ သူ့ကို အရင်ကမမြင်ဖူးတာလဲ"
"ဒါက မဟာတံတိုင်းစစ်တပ်ရဲ့စစ်ဗိုလ်ချုပ်လုပဲ"
လုယွီ၏လုပ်ဆောင်ချက်များသည် လက်ရှိနေရာတွင်ရှိနေသော စစ်သားအမြောက်အများကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ထိုစစ်သားများသည် သူတို့၏ရင်ဘတ်အတွင်းမှသွေးများ ပူလာသကဲ့သို့ခံစားရကာ သူတို့အား ဆင့်ခေါ်ခြင်းခံရသည့်အလားပင်။
"တော်သင့်ပြီ...မင်းတို့က ငါ့ရဲ့နယ်မြေထဲကိုလာပြီးတော့ ငါ့ရဲ့လူတွေကို သတ်ခဲ့တယ်...ဒီနေ့ ဘာကိစ္စပဲရှိနေနေ မင်းတို့ ငါ့ကို ဖြေရှင်းချက်တစ်ခုပေးရမယ်"
ရဲတိုက်တစ်လုံးအတွင်းမှနေ၍ ကျယ်လောင်ပြီးကြည်လင်ပြတ်သားသော အသံတစ်သံထွက်ပေါ်လာကာ မိုးခြိမ်းသံအလား အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
လေဟာနယ်အတွင်း၌ လက်ခြောက်ဖက်ရှေးဟောင်းနတ်ဆိုးတစ်ကောင်သည် မောက်မာလွှားသောအမူအယာဖြင့် မတ်တပ်ရပ်နေလေ၏။အလွန်ထူထပ်သိပ်သည်းသော နတ်ဆိုးချီစွမ်းအားများက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။အဆုံးသတ်၌ ထိုစွမ်းအားများသည် အနက်ရောင်ဝတ်ရုံတစ်ခုအသွင် ပြောင်းလဲသွားကာ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးကို လုံးလုံးလျားလျား လွှမ်းခြုံသွားတော့သည်။
Chapter 4294
ဤသည်မှာ ရှေးဟောင်းနတ်ဆိုးများအကြား၌ အစွမ်းထက်သော ရှေးဟောင်းနတ်ဆိုးဧကရာဇ်တစ်ယောက်ပင်။
သူ၏နတ်ဆိုးချီစွမ်းအားများသည် အလွန်ကြီးမားကာ အနက်ရောင်မြူခိုးများက သူ့အားလွှမ်းခြုံထားသည်။သူ့ထံမှ ဖျက်ဆီးခြင်းအရှိန်အဝါသည် လေထုကိုဆုတ်ဖြဲနိုင်စွမ်းရှိသဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို ပုံပျက်သွားစေသည်။
နတ်ဆိုးဧကရာဇ်သည် ဒေါသထွက်နေပေ၏။သူသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာချိန်တွင် သူ၏ရဲတိုက်သည် လူသားများ၏တိုက်ခိုက်ခြင်းကို ခံနေရကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ကောင်းကင်ဘုံနန်းတော် ဤနေရာ၌ရှိနေစဉ်အချိန်ကပင် ထိုအင်မော်တယ်များသည် လောကနှစ်ခုတောင်တန်း၏နောက်တွင်သာ တားဆီးဟန့်တားနေပြီး ရှေ့သို့တိုးဝင်တိုက်ခိုက်ဝံ့ခြင်းမရှိချေ။
ယခုလက်ရှိချိန်၌ သူ၏ရှေ့တွင်ရှိနေသော ပုရွက်ဆိတ်များနှင့်တူညီသည့် သေမျိုးများသည် သူ၏ရဲတိုက် ရောက်လာသည်အထိ လမ်းတလျှောက်လုံးသတ်ဖြတ်ကာ ရှေးဟောင်းနတ်ဆိုးများ တည်ဆောက်ထားခဲ့သည့် အဆောက်အအုံအမြောက်အများကိုလည်း ဖျက်ဆီးခဲ့သည်။
ဤသည်မှာ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်ကို ရန်စစော်ကားခြင်းပင်။
"ဒီနေရာကို ဝင်လာရဲတဲ့ ဘယ်သူမဆို သေရမယ်"
နတ်ဆိုးဧကရာဇ်က အော်ဟစ်ကြုံးဝါးလိုက်သည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်မှ အနက်ရောင်မြူခိုးများသည် ထောင်နှင့်ချီသော ထက်ရှသည့် လက်သည်းများအသွင်သို့ ပြောင်းလဲသွားကာ စစ်သားများထံဦးတည်၍ တိုးဝင်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ရာနှင့်ချီသော ချင်စစ်သားများသည် ရှောင်တိမ်းရန်အချိန်မရသဖြင့် ထက်ရှသောလက်သည်းများကြောင့် ကြေမွှပျက်စီးသွားကာ သွေးမြူများအဖြစ်သို့ ရောက်ရှိသွားတော့သည်။
ချင်စစ်တပ်မှစစ်ဗိုလ်ချုပ်အမြောက်အများ၏မျက်နှာများပေါ်တွင် အလေးအနက်ထားသောအမူအယာများ ထင်ဟပ်လာသည်။
ရှေးဟောင်းနတ်ဆိုးရဲတိုက်တစ်ခုစီတိုင်းတွင် အစောင့်အကြပ်အဖြစ် နတ်ဆိုးဧကရာဇ်တစ်ယောက်ရှိကာ အစွမ်းထက်ဆုံးတည်ရှိမှုကြီးတစ်ခုပင်။ထိုနတ်ဆိုးဧကရာဇ်ကိုအနိုင်ယူရန်မှာ တခြားရှေးဟောင်းနတ်ဆိုးများကို အနိုင်ယူရန်ထက် အဆများစွာပို၍ခက်ခဲသည်။
"မင်းက ဘယ်သူ့ကို သတ်နိုင်မှာမလို့လဲ"
လုယွီက ခြေတစ်လှမ်းရှေ့တိုးကာ အော်ဟစ်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခွန်အားကုန် ထုတ်ဖော်အသုံးပြုထားပေ၏။သူ၏နတ်ဘုရားစွမ်းအားများသည် သာလွန်ထူးကဲပေ၏။ရုတ်ချည်းဆိုသလိုပင် အရပ်မျက်နှာအဘက်ဘက်သို့ ရွှေရောင်အလင်းတန်းများဖြာထွက်သွားကာ ရွှေရောင်နဂါးတစ်ကောင်က လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ရေသိုင်းလွှမ်းခြုံနေသည်။
သူ၏ခန္ဓာကိုယ်နေရာအနံ့၌ တောက်ပသောရွှေရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။လုယွီသည် မိုးကောင်းကင်ယံအတွင်း၌ မတ်တတ်ရပ်နေကာ အကန့်အသတ်မရှိသောအလင်းတန်းများ ဖြာထွက်နေသော ခြစ်ခြစ်တောက်ပူပြင်းသည့် နေမင်းကြီးတစ်စင်းနှင့် တူညီနေသည်။
သူတို့နှစ်ယောက်သည် လေဟာနယ်အတွင်း၌ ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို စတင်၍တိုက်ခိုက်ကြလေ၏။လုယွီ၏ခွန်အားသည် အကန့်အသတ်မရှိသောအားလှိုင်းတစ်ရပ်နှင့် တူညီနေကာ မိုးရေစက်များအလား နတ်ဆိုးဧကရာဇ်၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
လက်ခြောက်ဖက်နတ်ဆိုးဧကရာဇ်သည် အစွမ်းထက်သော်လည်း လုယွီ၏အင်အားကုန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အရေးမလှသောအခြေအနေမျိုးသို့ ကျရောက်သွားသည်။
ဘုန်း....
လုယွီ၏လက်ယာဘက်လက်ဝါးအတွင်း၌ အစွမ်းထက်သောအားလှိုင်းတစ်ရပ် ရုတ်တရက်ထွက်ပေါ်လာသည်။ထိုအစွမ်းထက်သောအားလှိုင်းသည် တောင်ကြီးတစ်လုံးကျဆင်းသွားသည့်အလား နတ်ဆိုးဧကရာဇ်ကို ရိုက်ခတ်လိုက်၏။
အရိုးများ အက်ကွဲသွားသည့်အသံများကို ကြားနေရပြီးနောက် နတ်ဆိုးဧကရာဇ်၏လက်ခြောက်ဖက်မှတစ်ဖက် ကြေမွှပျက်စီးသွားခဲ့သည်။
ဤအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီသည် ရှေ့သို့ထပ်မံ၍တိုးဝင်ကာ နတ်ဆိုးဧကရာဇ်၏လက်တစ်ဖက်ကို သူ၏လက်ဖြင့်ဆုပ်ကိုင်၍ ဆွဲဖြုတ်လိုက်သည်။
အား....
နတ်ဆိုးဧကရာဇ်သည် အလွန်အမင်းနာကျင်သွားသဖြင့် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးရန်ကြိုးစားလိုက်၏။
သို့ရာတွင် လုယွီသည် မည်သည်ကြောင့် သူ့အားလွတ်မြောက်ရန် အခွင့်အရေးပေးမည်နည်း။ လုယွီသည် ခြေလှမ်းကျဲကြီးများနှင့် နတ်ဆိုးဧကရာဇ်ကို လိုက်လံဖမ်းဆီးကာ သူ၏ခေါင်းကိုအစိတ်စိတ်အမွှာမွှာဖြစ်သည်အထိ ခြေမွှဖျက်ဆီးလိုက်သည်။
ပတ်ဝန်းကျင်တွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးများသည် ထိတ်လန့်တကြားအော်ဟစ်လိုက်ကြ၏။ဤနတ်ဆိုးဧကရာဇ်သည် ရဲတိုက်အတွင်း၌ အစွမ်းထက်ဆုံးနတ်ဆိုးဖြစ်သော်လည်း လုယွီ၏သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
"စစ်သားတွေအားလုံး တိုက်ခိုက်ကြစမ်း....ဘယ်ကောင့်ကိုမှ အသက်ရှင်ရက် ချန်မထားနဲ့"
လုယွီက ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏အသံသည် မိုးကောင်းကင်ယံအတွင်း၌ နတ်ဘုရားနဂါးတစ်ကောင်အလား ပဲ့တင်ထပ်သွားသည်။
ဤအော်သံသည် ရှေးဟောင်းနတ်ဆိုးများအပေါ်တွင်လည်း သက်ရောက်သွားကာ သူတို့အားလုံး တုန်လှုပ်ချောက်ချားသွားပြီး မိုးကောင်းကင်ယံမှ ပြုတ်ကျလာသည်။
နတ်ဘုရားနဂါးဟိန်းသံသည် ရှေးဟောင်းနတ်ဆိုးများ၏စိတ်များကို တုန်ခါစေသည့်အပြင် ချင်စစ်သားများ၏သွေးချီစွမ်းအားများကို တစ်လိမ့်လိမ့်ထသွားစေသည်။
"သတ်ကြစို့...."
ချင်စစ်သားများသည် အော်ဟစ်ကြုံးဝါးကာ ကြွင်းကျန်သော ရှေးဟောင်းနတ်ဆိုးများထံသို့ တိုးဝင်တိုက်ခိုက်တော့သည်။
ရှေးဟောင်းနတ်ဆိုးများသည် သူတို့၏အမာခံကျောရိုး ဆုံးရှုံးသွားရသဖြင့် ဤအချိန်အခိုက်အတန့်တွင် ကြွက်များအလား ထွက်ပြေးလိုကြသည်။သူတို့သည် ဤနေရာ၌ ဆက်မနေဝံ့ကြတော့သဖြင့် နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်ကြ၏။
ဤသည်မှာ ချင်စစ်သားများ၏တစ်ဖက်သတ်အောင်ပွဲပင်။
ချင်စစ်သားများ၏တိုက်ခိုက်မှုအောက်တွင် ယခင်က အလွန်အမင်းမောက်မာထောင်လွှားသော ရှေးဟောင်းနတ်ဆိုးများအားလုံး တစ်ကွဲတပြားစီထွက်ပြေးကာ ဆုတ်ခွာသွားတော့သည်။
စစ်သားများ၏အော်ဟစ်ကြုံးဝါးသံများအောက်တွင် ရှေးဟောင်းနတ်ဆိုးများ၏အဆောက်အအုံများ ပြိုလဲပျက်စီးသွားကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
တိုက်ပွဲခေါ်သံများနှင့်အတူ ချင်စစ်တပ်အတွင်းတွင်လည်း အသေအပျောက်များရှိနေသည်။
အဆောက်အအုံတချို့အတွင်းတွင် အလွန်အစွမ်းထက်သော နတ်ဆိုးဧကရာဇ်များရှိနေသည်။ထိုနတ်ဆိုးဧကရာဇ်များ ထွက်ပေါ်လာသည်နှင့် စစ်သားတစ်ထောင်ကျော် သေဆုံးသွားရကာ စစ်ဗိုလ်ချုပ်တချို့ပင်လျှင် သတ်ဖြတ်ခြင်းခံရသည်။
သွေးများနှင့်ခြေပြတ်လက်ပြတ်များက နေရာအနှံအပြား၌ ပြန့်ကျဲနေသည်။သူတို့သည် ဤနေရာ၌ သေဆုံးသွားခဲ့သဖြင့် သူတို့၏အရိုးများကို သူတို့၏ဇာတိမြေများသို့ ပြန်လည်ပို့ဆောင်နိုင်တော့မည်မဟုတ်ချေ။
Chapter 4295
လုယွီသည် စစ်နတ်ဘုရားတစ်ပါးနှင့်တူညီနေကာ ရှေးဟောင်းနတ်ဆိုးများအကြားသို့တိုးဝင်ပြီး နတ်ဆိုးဧကရာဇ်သုံးယောက်ကို သတ်ဖြတ်ခဲ့သည်။
သူ၏လုပ်ဆောင်ချက်များသည် အလွန်မျက်စိဖမ်းစားဖွယ်ကောင်းသဖြင့် ရှေးဟောင်းနတ်ဆိုးများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်ပေ၏။
အစွမ်းထက်သော နတ်ဆိုးဧကရာဇ်ဆယ်ယောက်ကျော်က လုယွီကို ဝိုင်းရံထားသည်။သူတို့အားလုံးသည် ရှေးဟောင်းနတ်ဆိုးများအကြား၌ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်။သူတို့အနက်မှ မည်သည့်တစ်ယောက်မဆို လူသားမျိုးနွယ်အပေါ်ကြီးမားသောထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည်။
အေစက်စက်လေပြင်းများ တိုက်ခတ်နေကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများက လေထုအတွင်း၌ ပြည့်နှက်နေသည်။နတ်ဆိုးဧကရာဇ်များသည် အချိန်မဖြုန်းတော့ဘဲ လုယွီကို တပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ၏။
"မိုးကြိုး....."
လုယွီက မိုးကောင်းကင်ယံထံသို့ လက်ညှိုးညွှန်ကာ သူ၏ရွှယ်အင်မော်တယ်နည်းစနစ်ကိုအသုံးပြု၍ နတ်ဘုရားမိုးကြိုးများကို ဆင့်ခေါ်ကာ ပတ်ဝန်းကျင်ရှိ နတ်ဆိုးဧကရာဇ်များ၏ခန္ဓာကိုယ်များပေါ်သို့ ရိုက်ခတ်လိုက်သည်။
နတ်ဆိုးဧကရာဇ်များအနက်မှ အနည်းစုသည် အချိန်မီအသိဝင်လာခဲ့ခြင်း မရှိချေ။အစွမ်းထက်သောမိုးကြိုးလှိုင်းများသည် သူတို့၏ခန္ဓာကိုယ်များကို ရိုက်ခတ်သွားကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ကြွင်းကျန်သောနတ်ဆိုးဧကရာဇ်များသည် ကံကောင်းထောက်မမှုကြောင့် လွတ်မြောက်ခဲ့သော်လည်း သူတို့၏အခြေခံအုတ်မြစ်သည် မိုးကြိုးလှိုင်းများကြောင့် ဒဏ်ရာရရှိသွားလေပြီ။သူတို့အားလုံးသည် ဒဏ်ရာအပြင်းအထန်ရရှိကာ ထွက်ပြေးသွားကြသည်။လုယွီသည် ထွက်ပြေးသွားသော နတ်ဆိုးဧကရာဇ်များထံသို့လက်ညှိုးညွှန်လိုက်ရာ မိုကြိုးလှိုင်းများ ကျရောက်သွားပြီး ထိုနတ်ဆိုးဧကရာဇ်များအားလုံး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
နတ်ဆိုးဧကရာဇ်ဆယ်ယောက်ကျော်အနက် မည်သူမျှလွတ်မြောက်ခြင်းမရှိဘဲ သေဆုံးသွားကြသည်။
ဤတိုက်ပွဲအတွင်းတွင် လုယွီသည် အကန့်အသတ်မရှိသော နတ်ဆိုးချီစွမ်းအားများကို ဝါးမြိုလိုက်သည်။ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများသည် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေပေ၏။
ရှေးဟောင်းကောင်းကင်ဘုံနန်းတော်အတွင်း၌ပင် ရွှယ်အင်မော်တယ်အများစုသည် ကျင့်ကြံဆင့်ချိုးဖျက်လို့ပါက အနည်းဆုံးနှစ်ပေါင်းတစ်သောင်းကျော်လိုအပ်သည်။သူတို့သည် မဟာတာအို၏လျှို့ဝှက်ချက်များကို ဖမ်းဆုပ်နိုင်မှသာ နောက်ထပ်အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်ပေမည်။
သို့ရာတွင် လုယွီ၏ယခုလက်ရှိအခြေအနေသည် လှည့်ဖျားနေသည့်အလားပင်။
ရှေးဟောင်းနတ်ဆိုးတကောင်ကို ဝါးမြိုသည့်အချိန်တိုင်း သူ တစ်နှစ်တာ ပင်ပင်ပန်းပန်း ကျင့်ကြံမှုနှင့် ညီမျှသည့်စွမ်းအားများ ရရှိသည်။
ဤကဲ့သို့ သန့်စင်သောစိတ်ဝင်စွမ်းအားများကို ထိန်းညှိရန် နည်းစနစ်အမြောက်အများ မလိုအပ်ဘဲ သူ တိုက်ရိုက်အသုံးပြုနိုင်သည်။
"ဒီနတ်ဆိုးဧကရာဇ်တွေလောက်နဲ့ မလုံလောက်သေးဘူး"
သွေးဆာသောအလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
ရှေးဟောင်းနတ်ဆိုးများ ဤကဲ့သို့ အတူတကွစုစည်းနေသည်မှာ အလွန်ရှားပါးသဖြင့် သူ တတ်နိုင်သမျှ ဝါးမြိုရပေမည်။
နောက်ထပ်ကျင့်ကြံဆင့်နယ်ပယ်တစ်ခုကို ချိုးဖျက်နိုင်ရန်အတွက် လုယွီလိုအပ်သော စိတ်ဝိညာဥ်စွမ်းအားပမာဏသည် အလွန်ကြီးမားပေ၏။ဤသည်မှာ ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေမှ စိတ်ဝိညာဥ်စွမ်းအားများ ဖြည့်ဆည်းပေးနိုင်မည့်တစ်စုံတစ်ခု မဟုတ်ချေ။
"သတ်..."
လုယွီသည် ရှေ့သို့ဆက်လက်၍ချီတက်ကာ တိုက်ခိုက်မှုကို တဖန်ပြန်၍စတင်လိုက်သည်။သူ့ကိုကြည့်ရသည်မှာ ထောပတ်ပူကိုဖြတ်တောက်နေသော ဓားပူတစ်လက်အလားပင်။
ရှေးဟောင်းနတ်ဆိုးအမြောက်အများသည် လုယွီ၏သတ်ဖြတ်ခြင်းကို ခံရလေ၏။သူတို့၏ခန္ဓာကိုယ်များမှ နတ်ဆိုးချီစွမ်းအားလှိုင်းများ မျောလွင့်လာကာ ထိုအရာများအားလုံးကို လုယွီက ဝါးမြိုလိုက်သည်။
တခြားလူများအားလုံးသည် လုယွီကို စစ်နတ်ဘုရားတစ်ပါးဟု ခံစားနေရသည်။သူသည်စစ်သားများအားလုံး၏ရှေ့၌ ဦးဆောင်၍ တိုက်ခိုက်နေပေ၏။
ဘုန်း....
လုယွီသည် လက်ဝဲဘက်ခြမ်းတွေရှိနေသော ရဲတိုက်တစ်လုံး၏တံခါးမကြီးကို လက်သီးဖြင့်ထိုးနှက်လိုက်သည်။သူ၏လက်သီးချက်မှ စွမ်းအားလှိုင်းများ တုန်ခါသွားခြင်းနှင့်အတူ တံခါးမကြီးအနီးသို့ ချဉ်းကပ်လာသည့် ရှေးဟောင်းနတ်ဆိုးတစ်ရာကျော် သေဆုံးသွားခဲ့သည်။
ချင်စစ်တပ်သည် စစ်တပ်ငါးတပ်ခွဲကာ ရှေးဟောင်းနတ်ဆိုးများ၏ဗဟိုချက်နေရာသို့ ချီတက်ခဲ့သည်။လုယွီရှိနေသော စစ်တပ်သည် တခြားစစ်တပ်လေးတပ်ထက် ပို၍သာလွန်ကာ ဗဟိုချက်နေရာသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံအတွင်းမှနေ၍ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
ထိုဟိန်းဟောက်သံများသည် တိုက်ပွဲကွင်းပြင်ပေါ်ရှိ နတ်ဆိုးသားရဲများအားလုံးကို ဖိနှိပ်ထားကာ မိုးကောင်းကင်ယံအတွင်း၌ ပျံ့နှံ့သွားသည်။ထို့နောက် မိုးကောင်းကင်ယံမှနေ၍ ကြီးမားသောလက်ကြီးတစ်ဖက် ကျရောက်လာကာ လေဟာနယ်သင်္ဘောပျံများကို ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။
ကြီးမားသော လေဟာနယ်သင်္ဘောပျံဆယ်စီးကျော်သည် ချက်ချင်းကြေမွှပျက်စီးသွားကာ မိုးကောင်းကင်ယံမှ အောက်သို့ပြုတ်ကျလာသည်။ကုန်းပတ်နှင့်အတွင်းခန်းများ ကြေမွှပျက်စီးသွားခြင်းကြောင့် အတွင်းရှိလူများ ထွက်ပြေးနိုင်ခြင်းမရှိဘဲ သွေးမြူများအဖြစ်ပြောင်းလဲကာ လေထုအတွင်း၌ပြည့်နှက်သွားသည်။
"မိုတပ်ရင်းရဲ့ လေဟာနယ်သင်္ဘောပျံ ပျက်စီးသွားပြီ"
ချင်စစ်တပ်မှစစ်ဗိုလ်ချုပ်တစ်ယောက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဤလေဟာနယ်သင်္ဘောပျံများကို ရှေးဟောင်းဝင်္ကပါအမြောက်အများဖြင့် ကာရံထားကာ အလွန်လေးလံသော သံချပ်ကာဖြင့် လွှမ်းခြုံထားသည့်အလား ခိုင်ခံမာကျောသည်။
သို့ရာတွင် ဤပြင်းထန်သောတိုက်ခိုက်မှုအောက်၌ ထိုလေဟာနယ်သင်္ဘောပျံအားလုံးသည် နုနယ်သောစက္ကူများနှင့်တူညီနေကာ တိုက်ခိုက်မှုတစ်ခုကိုပင် တောင်ခံနိုင်ခဲ့ခြင်းမရှိချေ။
ဘူ....
တိုက်ခိုက်ခြင်းအရှိန်နှုန်းကိုရပ်တန့်ရန် အမိန့်ပေးသည့် တံပိုးခရာသံက တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ချင်စစ်တပ်၏စစ်ကြောင်းငါးကြောင်းသည် နောက်ဆုံး၌ တိုက်ခိုက်မှုကိုရပ်တန့်လိုက်ကြကာ နေရာမှာပင်မတ်တပ်ရပ်ပြီး စောင့်ဆိုင်းလိုက်ကြ၏။
"လူသားတွေ မင်းတို့ စည်းကျော်လာပြီ"
အထက်မိုးကောင်းကင်ယံအတွင်းမှာနေ၍ အက်ရှရှအသံတစ်သံ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် အေးစက်စက်လေပြင်းတစ်ရပ်က ကျယ်ပြန့်သောကုန်းမြေတစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ်သွားသည်။
မိုးကောင်းကင်ယံ၏အောက်တွင် တောင်ကြီးတလုံးကဲ့သို့ ကြီးမားသောပုံရိပ်ကြီးတစ်ခု မားမားမတ်မတ်ရပ်တည်နေကာ လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။