← Chapters

အခန်း (၄၂၉၆-၄၃၀၀)

Vol. 218 Ch. 4296-4300

အခန်း (၄၂၉၆-၄၃၀၀)

Vol. 218 Ch. 4296-4300

Chapter 4296

ထို့နောက် ထူထပ်သိပ်သည်းပြီးအကန့်အသက်မရှိသော နတ်ဆိုးချီစွမ်းအားများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤသည်မှာ အလွန်ထူးဆန်းသော တည်ရှိမှုကြီးတစ်ခုပင်။ထိုရှေးဟောင်းနတ်ဆိုးထံတွင် ရှည်လျားပြီးသေးသွယ်သောလက်များနှင့် ပိန်ပါးသောခန္ဓာကိုယ်ရှိသော်လည်း အရွယ်အစားအလွန်ကြီးမားသည်။

အထူးသဖြင့် သူ၏ခေါင်းသည် အလွန်ကြီးမားကာ သူ၏မျက်နှာပေါ်တွင် မည်သည့်မျက်နှာအင်္ဂါရပ်မျှမရှိချေ။သူ့ထံတွင် ကြီးမားသောဒေါင်လိုက်မျက်လုံးတစ်လုံးသာရှိပြီး ထိုမျက်လုံးမှနေ၍ အေးစက်စက်အလင်းတန်းများဖြာထွက်နေကာ လူများအားလုံးကို စစ်ဆေးနေသည်။

ဤကဲ့သို့ ထူးဆန်းသောသက်ရှိတကောင်ကို အသူရာငရဲနယ်မြေအတွင်း၌ပင် အလွန်ထူးဆန်းသော တည်ရှိမှုကြီးတစ်ခုဟု ယူဆနိုင်သည်။လူအမြောက်အများသည် ထိုသက်ရှိကိုမြင်တွေ့ချိန်၌ သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာသည်ကို ခံစားမိသည်။ထို့နောက် သူတို့၏စိတ်နှလုံးသားများအတွင်းတွင် မရေမတွက်နိုင်သော တုန်လှုပ်ချောက်ချားဖွယ်အတွေးများ ထွက်ပေါ်လာသည်။

"ရှေးဟောင်းနတ်ဆိုဘိုးဘေး...."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ဤရှေးဟောင်းနတ်ဆိုးဘိုးဘေးကို ယခင်က တစ်နေရာရာ၌မြင်တွေ့ဖူးသည့်အလား သူ ခံစားမိသည်။

ရုတ်တရက် အတိတ်တွင် သူ မဟာတံတိုင်းစစ်တပ်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့်တိုက်ခိုက်စဉ်တွင် နတ်ဆိုးဘိုးဘေးဆယ်ယောက်ကျော် ထွက်ပေါ်လာသည်ကို သူ ပြန်လည်အမှတ်ရမိပေ၏။

ဤရှေးဟောင်းနတ်ဆိုးဘိုးဘေးများသည် အမြဲတစေတံခါးပိတ်ကျင့်ကြံနေကာ နတ်ဆိုးနယ်မြေ၏အနက်ရှိုင်းဆုံးအပိုင်းတွင် ပုန်းအောင်းနေလေ့ရှိသည်။သာမန်အားဖြင့် သူတို့အား မြင်တွေ့ရသည်မှာ အလွန်ရှားပါးသော်လည်း သူတို့သည် နတ်ဆိုးနယ်မြေ၏ အစွမ်းထက်ဆုံးတည်ရှိမှုကြီးများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

ချင်စစ်သားများအားလုံးသည် သူတို့၏ခေါင်းများအထက်သို့ လွှမ်းခြုံထားသည့် မကြုံစဖူးဖိအားအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။ဤသည်မှာ ထိုက်တောင်ကြီးတစ်လုံး ဆင်းသက်လာသည့်အလား သူတို့၏ပါးစပ်များကို ခြောက်ကပ်သွားစေကာ သူတို့၏ဦးရေပြားများ ထုံကျင်နေစေသည်။

"မင်းတို့က လောကနှစ်ခုတောင်တန်းကိုဖြတ်ကျော်ပြီးတော့ ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ခံတပ်ကို ဖျက်ဆီးခဲ့တယ်....မင်းတို့ရဲ့ပြစ်မှုတွေကြောင့် အပြစ်ပေးခံရသင့်တယ်"

ရှေးဟောင်းနတ်ဆိုဘိုးဘေးထံမှ စကားသံတစ်သံ ထပ်မံ၍ထွက်ပေါ်လာသည်။

သူ၏မျက်နှာပေါ်တွင် ပါးစပ်ပေါက်ရှိမနေချေ။ သူ၏အသံသည် အလွန်နက်နဲသိမ်မွေ့ပြီး ပုံရိပ်ယောင်တစ်ခုနှင့် တူညီနေပေ၏။သူ၏အသံသည် မိုးကောင်းကင်ယံအတွင်းရှိ မဟာတာအိုများအားလုံးကို တုန်ခါသွားစေသည့်အလားပင်။

ဝမ်ကျင်းက လေထုအတွင်းသို့ခုန်တက်ကာ အေးစက်တင်းမာစွာ ပြောဆိုသည်။

"ဒါက မင်းတို့နတ်ဆိုးတွေ ငါတို့ရဲ့အောက်ဘုံကို အရင်ဆုံးရောက်လာခဲ့တာကြောင့် မဟုတ်လား ...မင်းတို့တွေက ငါတို့လူသားမျိုးနွယ်ရဲ့ပိုင်နက်နယ်မြေထဲကို ထပ်ခါတလဲလဲကျူးကျော်ပြီးတော့ လူသားတွေကို သတ်ဖြတ်ခဲ့တယ်...ဒီနေ့ မင်းတို့ ပြန်ပေးဆပ်ရမယ့်အချိန်ကျပြီ"

ဤအခြေအနေတွင် မည်သည့်အပိုစကားမျှ ပြောဆိုရန်မလိုအပ်ချေ။

လူသားမျိုးနွယ်နှင့်နတ်ဆိုးမျိုးနွယ်အကြားရှိ သွေးကြွေးရန်ငြိုးသည် အလွန်နက်ရှိုင်းခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယနေ့တွင် တစ်ဖက်သည် ရှုံးနိမ့်ခြင်းနှင့်ရင်ဆိုင်ရပေမည်။

ဝမ်ကျင်း၏ခန္ဓာကိုယ်မှနေ၍ အလွန်ကြီးမားသော သွေးချီစွမ်းအားများ ပွင့်အံ့ထွက်လာသည်။ထိုအရာများသည် မီးခိုးငွေ့များအလား မိုးကောင်းကင်ယံအတွင်းသို့မြင့်တက်နေပေ၏။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် သစ်တောအတွင်း၌ ဟိန်းဟောက်နေသည့် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်အလားပင်။သူ့ထံတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သိုင်းပညာအင်မော်တယ်တစ်ယောက်၏အရှိန်အဝါပင်။

သိုင်းပညာအင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် မည်သည့်အရေးမသာမှုမျှမရှိဘဲ နတ်ဆိုးဘိုးဘေးတစ်ယောက်ကို ရင်ဆိုင်နိုင်သည်။

"ဒါဆိုရင်လည်း တိုက်ခိုက်ကြစို့...ငါက လူသားမျိုးနွယ်ရဲ့အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ ကြည့်ချင်တယ်"

နတ်ဆိုးဘိုးဘေးသည် သူ၏သေးသွယ်သောလက်ကိုဆန့်တန်းကာ အထက်သို့မြှောက်ပြီးနောက် အောက်သို့ ပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်၏။

ကြီးမားသောလက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံနှင့်နေရောင်ကို ချက်ချင်းလွှမ်းခြုံသွားသည်။အနက်ရောင်ပုံရိပ်ကြီးသည် ကျယ်ပြန့်သောကုန်းမြေတစ်ခုလုံးကို လွမ်းခြုံသွားကာ ဤလက်ဝါးရိုက်ချက်၏အောက်ရှိ သက်ရှိဟူသမျှကို အမြစ်ပျက်သုတ်သင်လိုသည့်အလားပင်။

ဝှစ်....

ဝမ်ကျင်းသည် သူ၏ဓားကိုဆွဲထုတ်ကာ မိုးကောင်းကင်ယံကို ညွှန်ပြလိုက်၏။ထိုဓားချီသည် အသူရာနဂါးတကောင်အသွင်သို့ ပြောင်းလဲသွားကာ မိုးကောင်းကင်ယံအတွင်း၌ လှည့်ပတ်ပျံသန်းနေသည်။

သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ ဓားချီများသည် အဆက်မပြတ်တုန်ခါနေကာ လေဟာနယ်ကို ဆုတ်ဖြဲတော့မည့်အလားပင်။

အကန့်အသတ်မရှိသော ဓားချီများသည် ရပ်တန့်ခြင်းမရှိဘဲ နတ်ဆိုးဘိုးဘေး၏ကြီးမားသောလက်ဝါးကြီးကို ထွင်းဖောက်ကာ နက်ရှိုင်းသောအပေါက်ကြီးတစ်ပေါက်အဖြစ် ချန်ထားခဲ့သည်။

အနက်ရောင်သွေးများ မြေပြင်ပေါ်သို့ ဖြာကျလာသည်။နတ်ဆိုးဘိုးဘေးသည် ဝမ်ကျင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသွားပေ၏။ယခင်က လေထုအတွင်း၌ လွမ်းခြုံနေသည့် ဧရာမလက်ကြီးထံမှ မရေမတွက်နိုင်သောသွေးစက်များ ကျဆင်းလာသည်။

သိုင်းပညာအင်မော်တယ်ကျင့်ကြံသူတစ်ယောက်သည် နတ်ဆိုးဘိုးဘေးတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ပေ၏။

ဝမ်ကျင်းသည် သူ၏သွေးချီများကို အကန့်အသတ်အဆင့်ထိရောက်အောင် ထုတ်ဖော်အသုံးပြုထားသည်။သူသည် နတ်ဆိုးဘိုးဘေး၏ဧရာမလက်ဝါးကြီးထံ ဦးတည်၍ သူ့၏ဓားကို ဝှေ့ယမ်းလိုက်သည်။ထို့နောက် သူသည် ရပ်တန့်ခြင်းမရှိဘဲ သူ၏ခြေထောက်ကိုမြှောက်ကာ လေထုအတွင်းသို့ခုန်တက်လိုက်သည်။

နတ်ဆိုးဘိုးဘေးက လျှို့ဝှက်ဆန်းကြယ်သောနတ်ဆိုးမှော်မန္တန်တစ်ပုဒ်ကို ကျယ်လောင်စွာရေရွတ်လိုက်သည်။သူ့၏နောက်၌ ကြီးမားသောအလင်းဘီးကြီးတစ်ခု ထွက်ပေါ်လာကာ နတ်ဘုရားစွမ်းအားများ ဆင်းသက်လာပြီး ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။

ဤသည်မှာ နတ်ဆိုးဘိုးဘေး၏အင်အားကုန်တိုက်ခိုက်မှုပင်။ဤတိုက်ခိုက်မှုတွင် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်နိုင်သောစွမ်းအားမျိုး ရှိနေပေ၏။

ထိုသို့ဆိုသည့်တိုင် ဝမ်ကျင်း၏လှုပ်ရှားမှုများသည် ဤနတ်ဘုရားစွမ်းအားများအကြား၌ ယခင်အတိုင်း ထပ်တူထပ်မျှပင်။သူသည် ဓားချီအမြောက်အများကိုဖန်တီးကာ လေထုအတွင်းသို့မြောက်တတ်သွားစေပြီး နတ်ဆိုးဘိုးဘေးကို အပြည့်အဝဖိနှိပ်လိုက်သည်။

သူသည် သူရှေ့ရှိ အလွန်ကြီးမားသောနတ်ဆိုးဘိုးဘေးကို ပိတ်ဆို့ဟန့်တားနိုင်ပေ၏။

"ဆက်ပြီးသတ်ကြစမ်း....နတ်ဆိုးတွေအားလုံးကိုသတ်မယ်"

စစ်ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်အမိန့်ပေးသည်။

Chapter 4297

ကျယ်လောင်သောတံပိုးခရာသံများက တိုက်ပွဲကွင်းပြင်အနှံ့ ထပ်မံ၍ပျံ့နှံ့သွားသည်။

ချင်စစ်တပ်သည် တဖန်ပြန်၍ တိုက်ခိုက်လိုက်ကြ၏။စစ်သားများ စီးနင်းထားသော မှော်သားရဲများထံမှ ဟိန်းဟောက်သံများထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။

ဘန်း....

လုယွီသည် လက်သီးတချက်ဖြင့် နတ်ဆိုးဧကရာဇ်တစ်ယောက်ကို ကြေမွှပျက်စီးသွားစေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ သွေးများဖြင့် ဖုံးလွှမ်းနေပေ၏။

တလိမ့်လိမ့်ထနေသော နတ်ဆိုးချီစွမ်းအားများကို ထိုက်ကျိအမှတ်အသားမှ ဝါးမြိုလိုက်သည်။ထူထပ်သိပ်သည်းပြီးသန့်စင်သော စိတ်ဝိညာဥ်စွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းသို့အဆက်မပြတ်စီးဝင်နေသည်။ထိုကြာင့် လုယွီသည် တိုက်ခိုက်နေရင်း ပို၍ပို၍သတ္တိကောင်းစပြုလာသည်။

လုယွီသည် ချင်စစ်သားများအားလုံး၏ရှေ့သို့ ရောက်လုနီးပါးပင်။သူသည် ရှေ့ဆုံးမှဦးဆောင်၍ ရှေ့သို့တိုးဝင်တိုက်ခိုက်နေကာ သူ့အား မည်သူမျှ ဟန့်တား၍မရချေ။

လုယွီ၏နောက်တွင် စစ်သားတစ်ထောင်ကျော်ရှိနေကာ အတူတကွစုပေါင်း၍ တိုက်ခိုက်နေကြသည်။မြေပြင်တပြင်လုံးတုန်ခါနေက စစ်သားများ၏အော်ဟစ်သံများကြောင့် လေထုအတွင်း၌ တုန်ခါသံလှိုင်းများထွက်ပေါ်နေသည်။

"ဗိုလ်ချုပ်လုရဲ့နောက်ကိုလိုက်ပြီး တိုက်ခိုက်မယ်"

"နတ်ဆိုးတွေအားလုံးကို သတ်ဖြတ်မယ်"

ထိုစစ်သားများသည် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ သူတို့အားလုံးသည် ရူးသွပ်သွားသောအခြေအနေအတွင်းသို့ ကျရောက်နေလေပြီ။သူတို့၏လက်များတွင် ရှေးဟောင်းနတ်ဆိုးများ၏သွေးများ စွန်းထင်းနေသဖြင့် သူတို့ကိုကြည့်ရသည်မှာ ငရဲမှာတွားသွားတက်လာသော သတ်ဖြတ်ခြင်းနတ်ဘုရားများအလားပင်။

အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံ ရုတ်တရက်မှောင်မည်းသွားသည်။

တိမ်မည်းများဆင်းသက်လာကာ နေရောင်ခြည်ပျောက်ကွယ်သွားသည်။နားအူလုမတတ် မြည်ဟီးသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားပေ၏။

လူများအားလုံး တစ်စုံတစ်ခုထူးဆန်းနေသည်ကို ခံစားမိသည်။အဝေးတစ်နေရာရှိ မိုးကောင်းကင်ယံမှ တိမ်မည်းများသည် အမှန်အားဖြင့် ရတနာသင်္ဘောပျံများပင်။ထိုအရာများသည် အလွန်ကြီးမားပြီး ချင်စစ်တပ်၏တပ်ရင်းတစ်ခုဖြစ်သော မိုစစ်သင်္ဘောများနှင့် အရွယ်အစားခြင်း တူညီလုနီးပါးပင်။

ထိုရတနာသင်္ဘောပျံများသည် တောက်ပသောအလင်းတန်းတတန်းနှင့်အတူ မျောလွင့်လာသည်။ထိုသင်္ဘောများတွင် ထောင်နှင့်ချီသောသင်္ကေတအက္ခရာများကို ရေးထွင်းထားကာ အင်မော်တယ်အလေးတန်းများအလား ထွက်ပေါ်လာသည့်အလားပင်။ထိုအရာများ၏နံဘေးပတ်လည်၌ တိမ်မြူခိုးများ ရစ်သိုင်းလွှမ်းခြုံနေကာ အင်မော်တယ်များ၏ဝိုးတဝါးပုံရိပ်ယောင်တချို့ကိုလည်း မြင်တွေ့နိုင်ပြီး အိပ်မက်တစ်ခု သို့မဟုတ် ပုံရိပ်ယောင်တစ်ခုအလားပင်။

"ကောင်းကင်ဘုံနန်းတော်ရဲ့ရတနာသင်္ဘောပျံတွေလား"

လုယွီက ထိတ်လန့်တကြားရေရွတ်လိုက်သည်။

ဤရတနာသင်္ဘောပျံများသည် မူလက ကောင်းကင်ဘုံနန်းတော်၏ စစ်ဗိုလ်ချုပ်များနှင့်နတ်ဘုရားစစ်သားများ အသုံးပြုသော မှော်ရတနာများပင်။

ယခုလက်ရှိအချိန်တွင် ရှေးဟောင်းနတ်ဆိုးများသည် ကောင်းကင်ဘုံနန်းတော်ကို သိမ်းပိုက်ထားလေ၏။ထို့ကြောင့် တစ်ချိန်က ကောင်းကင်ဘုံနန်းတော်ပိုင်ဆိုင်ခဲ့သော မှော်လက်နက်များသည်လည်း ယခုအချိန်တွင် ရှေးဟောင်းနတ်ဆိုးများ၏ပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

မိုစစ်သင်္ဘောများသည် အရင်ဆုံး ရှောင်တခင်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။အမြောက်ဆန်အမြောက်အများသည် ရတနာသင်္ဘောပျံများကို ရိုက်ခတ်မိသွားသော်လည်း ထိုအရာများပေါ်၌ နတ်ဘုရားအလင်းတန်းတစ်တန်း စီးဆင်းသွားမှုနှင့်အတူ တိုက်ခိုက်မှုများအားလုံး ပျက်ပြယ်သွားသည်။

ဤသည်မှာ လူသားမျိုးနွယ်၏စစ်ရေးအထောက်အပံ့ပစ္စည်းများနှင့် ကောင်းကင်ဘုံနန်းတော်၏စစ်ရေးအထောက်အပံ့ပစ္စည်းများ ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်နေခြင်းပင်။

ကံအကြောင်းမလှစွာဖြင့် လူသားမျိုးနွယ်များသည် စွမ်းအားကို အဆင့်တစ်ခုထိရောက်အောင် ဖမ်းဆုပ်ထားနိုင်သည့်တိုင် အတိတ်တွင်ရှိနေသော ကောင်းကင်ဘုံနန်းတော်ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးချေ။

မရေမတွက်နိုင်သော ရတနာသင်္ဘောပျံများသည် မိုးကောင်းကင်ယံအတွင်း၌ မားမားမတ်မတ်တည်ရှိနေပေ၏။ထိုရတနာသင်္ဘောပျံများပေါ်ရှိ ရှေးဟောင်းနတ်ဆိုးများသည် သူတို့၏မှော်မန္တန်များကို အသုံးပြုကာ ချင်စစ်တပ်ကို စတင်၍တိုက်ခိုက်လိုက်ကြသည်။

အမြောက်ဆန်များမှမီးတောက်များသည် လေထုကိုဖြတ်သန်းသွားကာ ကျယ်လောင်သော​ မြည်ဟီးသံနှင့်အတူ ပေါက်ကွဲသွားသည်။ မြေပြင်ပေါ်တွင်ရှိနေသော စစ်သားတစ်စု ချက်ချင်းသေဆုံးသွားသည်။

ဤသည်မှာ ပြင်းထန်သောတိုက်ခိုက်မှုတစ်ခုပင်။

ချင်စစ်တပ်၏အစွမ်းထက်သောအရှိန်အဝါ ချက်ချင်းဖိနှိပ်ခြင်းခံလိုက်ရသည်။ရှေ့ဆုံးတွင်ရှိနေသည့် ချင်စစ်သားများအနက်မှတချို့သည် တိုက်ခိုက်မှုကိုခုခံနိုင်ခြင်းမရှိသဖြင့် သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ဖြစ်သွားလေ၏။

စစ်သားများအနက်မှတချို့ သေဆုံးသွားပြီးနောက် သွေးအိုင်များက မြေပြင်ပေါ်၌ ကြွင်းကျန်ခဲ့သည်။သို့ရာတွင် ထိုစစ်သားများ၏အရိုးများပင် ကြွင်းကျန်ခဲ့ခြင်းမရှိဘဲ သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်စစ်ဗိုလ်ချုပ်တစ်ယောက်၏မျက်လုံးများ နီမြန်းသွားကာ သူသည် ကုန်းပတ်ပေါ်ရှိရွက်တိုင်ကိုရိုက်နှက်ပြီး အော်ဟစ်ကြုံးဝါးလိုက်သည်။

"ရှေ့ကိုအရှိန်ကုန်မြှင့်ပြီး ချီတက်ကြစမ်း"

ထိုအမိန့်ကိုရရှိသည်နှင့် စစ်သင်္ဘောများအားလုံးထံမှနေ၍ ကျယ်လောင်သော တုန်ခါသံများ မြည်ဟီးသွားသည်။

ထို့နောက် မိုစစ်သင်္ဘောများအားလုံး ရှေ့သို့ချီတက်သွားလေ၏။

မိုစစ်သင်္ဘောများသည် ကောင်းကင်ဘုံနန်းတော်၏ရတနာသင်္ဘောပျံများထံသို့ တိုးဝင်သွားသည်။ရတနာသင်္ဘောပျံများ၏မျက်နှာပြင်များပေါ်ရှိ နတ်ဘုရားအလင်းတန်းအကာအကွယ် ခြေမွှဖျက်ဆီးခြင်းခံလိုက်ရတော့သည်။

ရတနာသင်္ဘောပျံပေါ်ရှိ ရှေးဟောင်းနတ်ဆိုးများ အသိဝင်လာချိန်မှာ မိုစစ်သင်္ဘောတချို့ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ပေါက်ကွဲသွားသည်။ပြင်းထန်သောပေါက်ကွဲအားလှိုင်းသည် ချက်ချင်းဆိုသလိုပင် ရတနာသင်္ဘောပျံကို ဝါးမြိုသွားပေ၏။ထိုအရာအတွင်း၌ရှိနေသော ရှေးဟောင်းနတ်ဆိုးများသည်လည်း အမှုန်အမွှားများအဖြစ် ကြေမွှပျက်စီးသွားတော့သည်။

မိုစစ်သင်္ဘောများမှစစ်သားများသည် အကြောက်အလန့်ကင်းမဲ့စွာဖြင့် ပတ်ဝန်းကျင်ရှိရတနာသင်္ဘောပျံများကို ဆက်လက်၍တိုက်ခိုက်နေသည်။

မိုစစ်သင်္ဘောများသည် လေထုအတွင်း၌ အဆက်မပြတ်ပေါက်ကွဲနေကာ နားအူလုမတတ်တုန်ခါသံများ မြည်ဟီးနေသည်။လေထုအတွင်း၌ အကန့်အသတ်မရှိသော သွေးအခိုးအငွေ့များဖြင့် ပြည့်နှက်နေကာ မိုးကောင်းကင်ယံပင်လျှင် လောင်ကျွမ်းနေသည့်အလား နီမြန်းနေသည်။

လူသားများသည်လည်း တစ်ယောက်ပြီးတစ်ယောက်သေဆုံးနိုင်ကြကာ သူတို့၏အသက်များသည် မြက်တစ်ပင်မျှပင် အရေးပါပုံမရချေ။

မလှမ်းမကမ်းအကွာတွင်ရှိနေသော ဝမ်ကျင်းသည်လည်း ဒဏ်ရာရရှိထားလေပြီ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာ သွေးများအဆက်မပြတ်ယိုစီးကျနေသည်။

သိုင်းပညာအင်မော်တယ်များထံတွင် မဖျက်ဆီးနိုင်သောရုပ်ခန္ဓာကိုယ်ရှိသည်ဟု လူသိများကျော်ကြားသည်။အကယ်၍ သူတို့ထံတွင် ဒဏ်ရာရရှိခဲ့လျှင်ပင် အလွန်အမင်းလျှင်မြန်သောအရှိန်နှုန်းဖြင့် ပြန်လည်ကုသနိုင်စွမ်းရှိသည်။သူ ဤမျှအဆင့်ထိ ဒဏ်ရာရရှိနေသည်ကိုကြည့်ခြင်းအားဖြင့် ဤနေရာ၌ သူ ခံယူခဲ့ရသောတိုက်ခိုက်မှုများ မည်မျှထိပြင်းထန်သည်ကို ပြသနေသည်။

Chapter 4298

ဝမ်ကျင်း၏ရှေ့တွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးဘိုးဘေး၏အခြေအနေသည်လည်း မကောင်းလှချေ။

နတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။သူ၏သေးသွယ်သောလက်တစ်ဖက်သည်လည်း ပြတ်သွားပေ၏။

နတ်ဆိုးဘိုးဘေးတစ်ယောက်ပင်လျှင် ဤမျှထိ ဆိုးရွားသောအခြေအနေသို့ ရောက်ရှိနေသည်။ ထိုကြောင့် ရှေးဟောင်းနတ်ဆိုးများ၏စိတ်ဓာတ်များ အလွန်အမင်းကျဆင်းနေသည်။

"လူသားတွေ...မင်းတို့ စောင့်နေကြစမ်း...ငါတို့မျိုးနွယ်က အိပ်မောကျနေတဲ့ ဘိုးဘေးတွေအားလုံး နိုးထလာတဲ့အချိန်ကျရင် မင်းတို့ အမြစ်ပြတ်သုတ်သင်ခံရမယ့်နေ့ပဲ"

နတ်ဆိုးဧကရာဇ်တစ်ယောက်သည် အော်ဟစ်ကြုံးဝါးလိုက်ကာ သူ၏မျက်လုံးများအတွင်း၌ နာကြည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူသည် ရှေးဟောင်းနတ်ဆိုးများအနက်မှ ယုံကြည်ရသော လက်အောက်ငယ်သားတစ်စုကိုဦးဆောင်ကာ နောက်သို့ဆုတ်ခွာလိုက်၏။ ယခင်က ထိုနတ်ဆိုးအင်ပါယာ အုပ်ချုပ်ခဲ့သောရဲတိုက်သည်လည်း လူသားများ၏ ပြင်းထန်သောတိုက်ခိုက်မှုများအောက်တွင် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

"မင်းက သေတော့မယ့်အချိန် ရောက်နေတာတောင် ပေါက်ကရစကားတွေ ပြောနိုင်တုန်းပဲလား....ငါ မင်းကို အရင်သတ်မယ်"

လုယွီသည် မည်သည့်ညှာတာသနားမှုကိုမျှ ပြသခြင်းမရှိချေ။သူသည် အင်မော်တယ်သုတ်သင်ခြင်းဓားချီကို ဆင့်ခေါ်၍ မိုင်ပေါင်းဆယ်နှင့်ချီအကွာတွင်ရှိနေသော နတ်ဆိုးဧကရာဇ်၏ခေါင်းကို ခုတ်ပိုင်းလိုက်သည်။

ဝှစ်....

မသဲမကွဲအသံတစ်သံ ထွက်ပေါ်လာပြီးနောက် နတ်ဆိုးဧကရာဇ်၏မျက်နှာ တောင့်တင်းသွားသည်။သူ့၏ခေါင်းသည် အင်မော်တယ်သုတ်သင်ခြင်းဓားချီ၏ ဖြတ်ပိုင်းခြင်းကို ခံရသောကြောင့် မြင့်မားသောလေထုအတွင်းသို့ မြောက်တတ်သွားသည်။

လုယွီသည် ​ဤမျှဝေးကွာသောနေရာမှနေ၍ သူ့အာသတ်ဖြတ်နိုင်မည်ဟု နတ်ဆိုးဧကရာဇ် တွေးထင်ထားမိခြင်းမရှိချေ။

"ဗိုလ်ချုပ်လု အနိုင်ရပြီ...."

အော်ဟစ်သံများက ချင်စစ်တပ်အတွင်းမှ ထွက်ပေါ်လာကာ သူတို့၏စိတ်ဓာတ်များ အလွန်မြင့်မားနေသည်။

သားရဲများကိုစီးနင်းထားသော ချင်စစ်သားများသည် ရဲတိုက်ကြီး၏နေရာအနှံ့အပြားသို့တိုးဝင်ကာ ယခုအချိန်ထိ သေဆုံးသွားခြင်းမရှိသေးသော ရှေးဟောင်းနတ်ဆိုးများကို သတ်ဖြတ်လိုက်သည်။

ထောင်သောင်းချီသော စစ်သားများ၏တိုက်ပွဲခေါ်သံများကြောင့် မိုးကောင်းကင်ယံကြီး တုန်ခါသွားသည်။ချင်အင်ပါယာ၏ ငှက်နက်အလံသည် လေထုအတွင်း၌ လူးလွန့်နေကာ ထိုအရာပေါ်တွင် သွေးများဖုံးလွှမ်းနေပေ၏။

ဝှစ်....

ထောင့်တစ်နေရာတွင် ပုန်းအောင်းနေသော ရှေးဟောင်းနတ်ဆိုးတစ်ကောင်သည် ရုတ်တရက် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် စစ်သားတစ်ယောက်၏ခေါင်းကို အားကုန်ခုတ်ပိုင်းလိုက်သည်။

သို့ရာတွင် အလွန်လျှင်မြန်စွာဖြင့် ထိုချင်စစ်သား၏နံဘေးရှိ စစ်သားများသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးကာ သူတို့၏ဓားရှည်များဖြင့် ထိုရှေးဟောင်းနတ်ဆိုးကို ထိုးစိုက်လိုက်ကြသည်။

ဘုန်း....

မိုးကောင်းကင်ယံအတွင်းရှိ ချီကျင့်ကြံသူများကလည်း မှော်မန္တန်များကို စတင်၍ရွတ်ဖတ်လိုက်ကြကာ ပတ်ဝန်းကျင်ရှိ လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားလှိုင်းများနှင့် ပေါင်းစပ်သွားပြီး အစွမ်းထက်သောမှော်မန္တန်များအဖြစ် ဖွဲ့စည်းသွားသည်။

ရာနှင့်ချီသော မီးတောက်ကြယ်ပျံများ မိုးကောင်းကင်ယံမှ ကျဆင်းလာကာ ရှေးဟောင်းနတ်ဆိုးများကို အမှုန်အမွှားဖြစ်သည်အထိ ခြေမွှဖျက်ဆီးလိုက်၏။

အားနည်းသော ရှေးဟောင်းနတ်ဆိုးတချို့သည် နေရာမှာပင် သေဆုံးသွားကြကာ တချို့ရှေးဟောင်းနတ်ဆိုးများသည် တန်ပြန်တိုက်ခိုက်ရန်ဟန်ပြင်လိုက်သော်လည်း ချင်စစ်သားများ၏ဓားရှည်များဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

အမှန်အားဖြင့် ရှေးဟောင်းနတ်ဆိုးများအကြားတွင် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတချို့ ရှိနေသည်။သူတို့ တုံ့ပြန်တိုက်ခိုက်သောအချိန်တွင် ချင်စစ်သားများသည် ကောက်ပင်များအလား လဲကျသွားကာ သွေးများမြစ်ပြင်တမျှစီးဆင်းနေသည်။

"မင်းတို့အားလုံး သေရမယ်"

လုယွီက ခြေလှမ်းတစ်လှမ်းခြင်း ရှေ့သို့လျှောက်လှမ်းနေကာ သူ၏ခန္ဓာကိုယ်တွင် သွေးများဖြင့်ဖုံးလွှမ်းနေသည်။

သူသည် အားနည်းသော ရှေးဟောင်းနတ်ဆိုးများကိုလက်လွှတ်ကာ နတ်ဆိုးဧကရာဇ်အဆင့်များကိုသာ ရွေးချယ်တိုက်ခိုက်ခဲ့သည်။နတ်ဆိုးဧကရာဇ်များသည် လုယွီ၏လက်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားလေ၏။

တစ်ချိန်တည်းမှာပင် လုယွီ၏ကျင့်ကြံဆင့်နယ်ပယ်သည်လည်း အဆများစွာခုန်ပျံကျော်လွှား၍ မြင့်တက်လာသည်။နှစ်နာရီကြာခန့်သတ်ဖြတ်ပြီးနောက် လုယွီသည် သူ နှစ်ပေါင်းခြောက်ဆယ်ကျော် ပြင်းပြင်းထန်ထန်ကျင့်ကြံခြင်းနှင့် ညီမျှသည့်စွမ်းအားများကို ရရှိခဲ့သည်။

ရလဒ်အနေဖြင့် အဆုံးသတ်တွင် လုယွီကိုမြင်တွေ့သည်နှင့် ရှေးဟောင်းနတ်ဆိုးများ စတင်၍ထွက်ပြေးကြတော့သည်။သူတို့သည် သူနှင့် တိုက်ခိုက်ဝံ့ခြင်းမရှိချေ။

ဝုန်း....

ထိုအချိန်မှာပင် နတ်ဆိုးနယ်မြေ၏အထက်ရှိမိုးကောင်းကင်ယံအတွင်းတွင်ရှိနေသော နတ်ဆိုးများထံမှ ဟိန်းဟောက်သံများထွက်ပေါ်သည်။

မိုးကောင်းကင်ယံကြီး ပြိုလဲလုမတတ် ဟိန်းဟောက်သံများနှင့်အတူ မြေပြင်အက်ကွဲသွားကာ ကျောက်ရုပ်ထုတစ်ခု တိုးထွက်လာသည်။

ဤကျောက်ရုပ်ထုသည် တောင့်တင်းနေကာလှုပ်ရှားမှုမရှိချေ။ထိုအရာ၏မျက်လုံးတစ်စုံမှသာလျှင် အေးစက်စက်အလင်းရောင်များ ဖြာထွက်နေသည်။​ကျောက်ရုပ်၏ထုကိုယ်ထည်တစ်ခုလုံးတွင် ထူထပ်သိပ်သည်းသော မှော်သင်္ကေတအက္ခရာများ ရေးထွင်းထားကာ အလွန်အမင်းရှေးကျသည်။

ခရက်....ခရက်...ခရက်....

အက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာကာ ရုပ်တု၏မျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသောအက်ကွဲကြောင်းကြီးများ ထင်ဟပ်လာသည်။ ထို့နောက် ရုပ်ထုကြီး ကြေမွှပျက်စီးသွားကာ အနက်ရောင်ခန္ဓာကိုယ်ရှိသည့် အစွမ်းထက်သော နတ်ဆိုးဘိုးဘေးတစ်ယောက်သည် လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာပေ၏။

"ကျူးယန်နတ်ဆိုးဘိုးဘေး"

မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

သူတို့သည် ချင်စစ်သားများ၏တိုက်ခိုက်မှုကို ရင်ဆိုင်နိုင်ခြင်းမရှိဘဲ ထိတ်လန့်တကြားထွက်ပြေးခဲ့ရသည်။သူတို့သည် အကန့်အသတ်မရှိသော စိတ်ပျက်အားငယ်မှုကို ခံစားနေရလေ၏။

ထိုအချိန်မှာပင် တခြားနတ်ဆိုးဘိုးဘေးတစ်ယောက် ဆင်းသက်လာခဲ့သည်။ဤသည်မှာ ရှေးဟောင်းနတ်ဆိုးများ၏စိတ်နှလုံးသားများအတွင်းသို့ အားဆေးများ ထိုးသွင်းလိုက်သည်နှင့် ကွဲပြားခြားနားခြင်းမရှိချေ။

Chapter 4299

"နတ်ဆိုးဘိုးဘေး....ကျေးဇူးပြုပြီးတော့ ရန်သူတွေကို သတ်ပေးပါ"

ရှေးဟောင်းနတ်ဆိုးများအားလုံးသည် တပြိုင်နက်တည်းအော်ဟစ်လိုက်ကြကာ သူတို့သည် ကယ်တင်ရှင်ကို တွေ့သွားကြသည့်အလားပင်။

အသစ်ထွက်ပေါ်လာသော နတ်ဆိုးဘိုးဘေးသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေလေ၏။သူသည် ​ကျောက်ရုပ်တုအတွင်းမှထွက်လာပြီးနောက် သူ၏အရှိန်အဝါသည် ပေါက်ကွဲတော့မည့် မီးတောင်တစ်တောင်အလားပင်။သူသည် သူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုရန် အဆင်သင့်ပြင်ဆင်ထားကာ တိမ်တိုက်များအတွင်းသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသဖြင့် လူအများ၏စိတ်နှလုံးသားကို ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေစေသည်။

"သေမျိုးလေးတွေ...မင်းတို့က ဒီနေရာထိ လမ်းတလျှောက်လုံး သတ်ဖြတ်လာတာနဲ့ မင်းတို့ကိုယ်မင်းတို့ အရမ်းတော်နေပြီလို့ ထင်နေတာလား....မင်းတို့အားလုံး သေလမ်းရှာနေကြတာပဲ"

ကျူးယန်နတ်ဆိုးဘိုးဘေးက ပြောဆိုကာ သူ၏အသံသည် အလွန်စူးရှကျယ်လောင်သည်။

"မင်း ဘာလိုချင်လို့လဲ....တကယ်လို့ မင်း ထွက်လာရင်တောင် ငါတို့က နတ်ဆိုးတွေကို ဆက်ပြီးသတ်မှာပဲ"

ချင်စစ်သားများက အော်ဟစ်ကြုံးဝါးလိုက်သည်။

လေဟာနယ်အတွင်း၌ အော်သံများထွက်ပေါ်လာပြီးနောက် တစ်ချိန်တည်းမှာပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော သွေးချီလှိုင်းသုံးလှိုင်းသည် အလင်းတိုင်ကြီးအဖြစ်ဖွဲ့စည်းသွားကာ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။

ချင်စစ်တပ်အတွင်း၌ အမှန်တကယ်ကိုပင် သိုင်းပညာအင်မော်တယ်သုံးယောက် ရှိနေပေ၏။

ဝမ်ကျင်းကို ပေါင်းထည့်လိုက်ပါက သိုင်းပညာအင်မော်တယ်လေးယောက်သည် လေထုအတွင်း၌ အတူတကွမတ်တတ်ရပ်နေကာ သူတို့၏နံဘေးပတ်ဝန်းကျင်၌ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

"နတ်ဆိုးဘိုးဘေးလေးတစ်ကောင်ကများ...မင်းက အရင်ဆုံးထွက်လာမှတော့ ငါတို့ရဲ့ပထမဆုံးပစ်မှတ်ပဲ"

သိုင်းပညာအင်မော်တယ်တစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူသည် မဟာစစ်ဗိုလ်ချုပ်မုန့်ယီပင်။သူသည် မုန့်မိသားစုဝင်တစ်ယောက်ဖြစ်ကာ စစ်ရေးအောင်မြင်မှုအမြောက်အများ ရရှိထားသော စစ်ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်ပေ၏။

လုယွီသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသော သိုင်းပညာအင်မော်တယ်လေးယောက်ကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်မှုကို ခံစားနေရသည်။

သိုင်းပညာသူတော်စင်များသည် သာမာန်ဆန်သော်လည်း သိုင်းပညာအင်မော်တယ်များသည် သာမန်ဆန်သောလူများ မဟုတ်ချေ။

မျိုးနွယ်အမြောက်အများတွင် အကယ်၍ တစ်စုံတစ်ယောက်သည် အဆုံးစွန်ဆုံးအဆင့်ထိကျင့်ကြံကာ သူတို့၏ကိုယ်ပိုင်သူတော်စင်လမ်းကြောင်းကို လျှောက်လှမ်းနိုင်ပါက သိုင်းပညာသူတော်စင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

သိုင်းပညာသူတော်စင်များအကြားတွင် အနည်းငယ်ပို၍အားကောင်းသော ကျင့်ကြံသူများလည်းရှိနေသည်။ဥပမာအနေဖြင့် လုယွီကဲ့သို့ သိုင်းပညာသူတော်စင်တစ်ယောက်သည် သိုင်းပညာသူတော်စင်နယ်ပယ်သို့ ဝင်ရောက်သည်မှာ မကြာသေးသော ကျင့်ကြံသူတစ်ယောက်ကို လွယ်လင့်တကူဖိနှိပ်နိုင်ပေ၏။

သို့ရာတွင် သိုင်းပညာအင်မော်တယ်များကမူ ကွဲပြားခြားနားသည်။

ဤသည်မှာ ရှေးဟောင်းစာအုပ်တချို့အတွင်း၌သာ မှတ်တမ်းတင်ထားသော ဒဏ္ဍာရီလာတည်ရှိမှုကြီးများပင်။

မှော်နည်းစနစ်ကျင့်ကြံသူများသည် အင်မော်တယ်များဖြစ်အောင် ကျင့်ကြံနိုင်သော်လည်းဟသူတို့၏ရုပ်ခန္ဓာကိုယ်များကို သိုင်းပညာနည်းစနစ်များမှတစ်ဆင့် အင်မော်တယ်များဖြစ်အောင် သန့်စင်နိုင်ရန် အလွန်ခက်ခဲသည်။

သိုင်းပညာအင်မော်တယ်တစ်ယောက်သည် နတ်ဆိုးဘိုးဘေးတစ်ယောက်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေ၏။သိုင်းပညာအင်မော်တယ်လေးယောက် အတူတကွပူးပေါင်း၍ တိုက်ခိုက်နေသည့်အချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

လုယွီသည် ချင်စစ်တပ်အတွင်း၌ ထိပ်သီးကျင့်ကြံသူအမြောက်အများရှိသည်ကို ခံစားမိသည်။အပေါ်ယံတွင် စစ်တပ်အတွင်း၌ သိုင်းပညာသူတော်စင် အယောက်သုံးဆယ်ကျော်သာ ရှိနေသော်လည်း ဖုံးကွယ်ထားသော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ ကျန်ရှိနေဆဲပင်။

ချင်စစ်တပ်သည် အရင်းအမြစ်အမြောက်အများမရှိသည့်တိုင် ကောင်းကင်ဘုံနယ်မြေထိရောက်အောင် လမ်းတစ်လမ်းလုံးသတ်ဖြတ်ခဲ့သည့်ကိစ္စမှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။

သိုင်းပညာအင်မော်တယ်လေးယောက်နှင့် နတ်ဆိုးဘိုးဘေးနှစ်ယောက်တို့ တိုက်ခိုက်ပါက နတ်ဆိုးမျိုးနွယ်ဘက်မှ ရှုံးနိမ့်ရမည်မှာ သေချာပေါက်ပင်။

"မင်းတို့က အင်အားအသာနဲ့ ယှဉ်ပြိုင်ချင်တာလား....ဒါက ငါတို့မြင့်မြတ်သားရဲမျိုးနွယ်ရဲ့နယ်မြေ....မင်းတို့အားလုံး ဒီနေရာကို ရောက်လာမှတော့ သေဖို့ပြင်ထားကြတော့"

ကျူးယန်က ရုတ်တရက် အော်ဟစ်ကြုံးဝါးကာ သူ၏စူးရှသောအသံသည် ပတ်ဝန်းကျင်နေရာတဝိုက်၌ ပဲ့တင်ထပ်သွားပေ၏။

သူ၏အသံတွင် နတ်ဆိုးမှော်မန္တန်အမြောက်အများ ရောယှက်နေသည်။ထိုအရာများသည်ရှုပ်ထွေးပြီး နားလည်ရန်ခက်ခဲကာ တစ်စုံတစ်ယောက်သည် ထိုမှော်မန္တန်များကိုကြားမိသည်နှင့် မူးဝေခြင်းကို ခံစားရပေမည်။

မိုးကောင်းကင်ယံအတွင်း၌ တိမ်မည်းများ လွှမ်းခြုံနေကာ အလင်းတန်းတစ်တန်းမျှပင် မကျန်ရှိတော့ချေ။

ထိုအနက်ရောင်တိမ်တိုက်များအကြားတွင် တုန်လှုပ်​ချောက်ချားဖွယ်ကောင်းသော အနက်ရောင်ပုံရိပ်များ ထွက်ပေါ်လာသည်။ထိုအနက်ရောင်ပုံရိပ်များအနက်မှတစ်ရိပ်စီထံတွင် မိုးကောင်းကင်ယံကို ဆုတ်ဖြဲနိုင်သည့် ပြိုင်ဘက်ကင်းအရှိန်အဝါတစ်ရပ် ရှိနေသည်။

"နတ်ဆိုးဘိုးဘေးရဲ့နတ်ဘုရားစွမ်းအား....လူသားတွေအားလုံးကို အမြစ်ပြတ်သုတ်သင်စမ်း"

ရှေးဟောင်းနတ်ဆိုဘိုးဘေးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။သူတို့သည် ရင်းနှီးကျွမ်းဝင်သောအရှိန်အဝါများကို အာရုံခံမိလေ၏။

တစ်ချိန်လုံးအိပ်မောကျနေခဲ့သော နတ်ဆိုးဘိုးဘေးများသည် ဤအချိန်အခိုက်အတန့်တွင် နိုးထလာလေပြီ။

"ဆယ့်နှစ်....ဆယ့်သုံး....ဆယ့်ငါး...."

တချို့လူများသည် သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဆိုးဘိုးဘေးများကို ရေတွက်ကြည့်ပြီးနောက် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

သူတို့၏ရှေ့၌ နတ်ဆိုးဘိုးဘေးဆယ့်ငါးယောက် ရှိနေသည်။

ကြီးမားသောဖိအားအရှိန်အဝါတစ်ရပ်သည် လူများအားလုံး၏ခေါင်းထက်၌ လွှမ်းခြုံနေသဖြင့် ချင်စစ်တပ်ကြီးကို ငြိမ်အတိကျသွားစေသည်။

"မင်းတို့ရဲ့လူသားဧကရာဇ်က သူတော်စင်ဝင်္ကပါရဲ့ တားဆီးပိတ်ဆို့ခြင်းကို ခံထားရတယ်...သူက မင်းတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး....ဒီနေရာကို ကျူးကျော်လာတဲ့ လူသားတွေအားလုံး ဒီနေ့ သေရမယ်"

အမှောင်ထုအတွင်းမှနေ၍ နတ်ဆိုးဘိုးဘေးတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏အသံသည် အလွန်အမင်း ကျယ်လောင်ပေ၏။

ထိုအသံနှင့်အတူ ပုံသဏ္ဍာန်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ချင်စစ်သားတချို့သည် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် သူတို့၏ပါးစပ်များမှ သွေးများအန်ထွက်လာကာ သူတို့၏ဦးရေပြားများ ထုံကျင်လာသည်ကို ခံစားမိသည်။

Chapter 4300

ယခုနေရာတွင်ရှိနေသော လူများအားလုံးအနက် လုယွီတစ်ယောက်တည်းကသာ ဤကဲ့သို့မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ဖူးသည်။

ထိုအချိန်တုန်းက လုယွီကိုသတ်ဖြတ်ရန်အတွက် မိုးကောင်းကင်ယံအတွင်းတွင် နတ်ဆိုးဘိုးဘေးဆယ့်နှစ်ယောက် စုဝေးနေသည်။သို့ရာတွင် နောက်ပိုင်း၌ လူသားဧကရာဇ်ထွက်ပေါ်လာခြင်းနှင့်အတူ လုယွီသည် သေရေးရှင်ရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ခဲ့လေ၏။

ယခုအချိန်၌ ထိုနတ်ဆိုးဘိုးဘေး၏စကားများအရ လူသားဧကရာဇ်သည် တခြားရှေးဟောင်းနတ်ဆိုး အစွမ်းထက်ကျင့်ကြံသူများအကြားတွင် လှောင်ပိတ်မိနေသဖြင့် အချိန်တိုတစ်ခုအတွင်းတွင် ဤနေရာသို့ ရောက်ရှိလာနိုင်မည်မဟုတ်ချေ။

"တကယ်လို့ လူသားဧကရာဇ် ဒီနေရာမှာ မရှိဘူးဆိုရင်တောင် ငါက မင်းတို့အားလုံးကို ကြောက်နေမယ်လို့ မင်းတို့ ထင်နေကြတာလား"

လုယွီ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ မြင့်တက်လာသည်။သူသည် မိုးကောင်းကင်ယံအတွင်းသို့ ပျံသန်းသွားကာ ရွှယ်အင်မော်တယ်အလင်းဘီးကြီးက သူ၏နောက်၌ ထွက်ပေါ်လာသည်။သူ အသုံးပြုထားသော အင်မော်တယ်မှော်မန္တန်များကြောင့် သူ့အား နတ်ဘုရားအလင်းတန်းများ လွှမ်းခြုံနေကာ သူ၏အင်မော်တယ်စွမ်းအားများသည် အလွန်အစွမ်းထက်ပေ၏။

သူသည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းလိုက်ရာ ထောင်သောင်းချီသောနတ်ဘုရားများနှင့်အင်မော်တယ်များ၏ပုံရိပ်ယောင်များ ရှေ့သို့တိုးဝင်သွားသည်။အချိန်မီရှောင်တိမ်းနိုင်ခြင်းမရှိသော ရှေးဟောင်းနတ်ဆိုးအမြောက်အများ သေဆုံးသွားကာ သွေးများက နေရာအနှံ့အပြားသို့ ဖြာကျသွားတော့သည်။

ကြွင်းကျန်သော ရှေးဟောင်းနတ်ဆိုးများထံမှ ဒေါသတကြီးဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ရှေးဟောင်းနတ်ဆိုးဘိုးဘေးများရှိနေသည့်တိုင် လူငယ်တစ်ယောက်သည် အလွန်မောက်မာထောင်လွှားပြီး တိုက်ခိုက်ဝံ့မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

နတ်ဆိုးဘိုးဘေးတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်သံကြုံးဝါးလိုက်သည်။လုယွီသတ်ဖြတ်လိုက်သော ရှေးဟောင်းနတ်ဆိုးများအကြားတွင် သူ၏မျိုးဆက်အမြောက်အများ ပါဝင်နေပေ၏။

"ရွှယ်အင်မော်တယ်တစ်ယောက်လား ....ကောင်းကင်ဘုံနန်းတော်က ပျက်စီးသွားခဲ့ပြီ.....ဒီလောကကြီးထဲမှာ ဘယ်လိုလုပ်ပြီးတော့ အင်မော်တယ်လမ်းကြောင်းကို အောင်မြင်ပြီးမြောက်တဲ့ လူတစ်ယောက် ကျန်နေသေးတာလဲ"

နတ်ဆိုးဘိုးဘေး၏အသံသည် မီးတောင်ပေါက်ကွဲသည့်အလား ဒေါသတကြီးပွင့်အံ့ထွက်လာသည်။

လုယွီကိုကြည့်နေသော ချင်စစ်သားများ၏မျက်လုံးများအတွင်း၌ အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။

အင်မော်တယ်ဟု ဆိုသလော....

မဟာတံတိုင်းစစ်တပ်မှ စစ်ဗိုလ်ချုပ်တစ်ယောက်သည် အမှန်တကယ်ကို အင်မော်တယ်တစ်ယောက် ဖြစ်နေသလော....

"ဒီနေရာမှာ ဘာအင်မော်တယ်မှ မရှိတော့ဘူး....ချင်အင်ပါယာရဲ့ လုယွီပဲ ရှိတယ်"

လုယွီသည် သူ၏ခေါင်းကိုမော့ကာ သိုင်းပညာအင်မော်တယ်လေးယောက်၏နံဘေး၌ မတ်တတ်ရပ်လိုက်သည်။

ထိပ်သီးအစွမ်းထက်ကျင့်ကြံသူငါးယောက်သည် မားမားမတ်မတ်ရပ်တည်ကာ နတ်ဆိုးချီစွမ်းအားများအားလုံးကို ပိတ်ဆို့ဟန့်တားလိုက်၏။

"ငါ မင်းကို သတ်မယ်"

နတ်ဆိုးဘိုးဘေးတစ်ယောက်က ဒေါသထွက်သွားကာ အရင်ဆုံးတိုက်ခိုက်လိုက်သည်။

တခြားနတ်ဆိုးဘိုးဘေးများသည်လည်း နောက်မှထပ်ချပ်မကွာ လိုက်လာကြလေ၏။သူတို့အနက်မှမည်သည့်တစ်ယောက်မဆို မိုးနှင့်မြေကိုဖျက်ဆီးနိုင်သော စွမ်းအားရှိသည့် တည်ရှိမှုကြီးတစ်ခုပင်။သူတို့အားလုံး အတူတကွလျှောက်လှမ်းလာချိန်တွင် လောကကြီးတခွင်လုံး တုန်ခါသွားစေသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ကျယ်ပြန့်သောကုန်းမြင့်တခုလုံးရှိ မြေပြင်တပြင်လုံး အက်ကွဲသွားကာ လောကကြီး၏အဆုံးသတ်ကာလသို့ ရောက်ရှိသွားသည့်အလားပင်။

တိုက်ပွဲကြီးတစ်ခုစတင်တော့မည့် အချိန်အခိုက်အတန့်မှာပင် ချင်စစ်တပ်အကြားမှနေ၍ ဓားချီတစ်လှိုင်း ရုတ်တရကပျံ့လွင့်လာကာ နတ်ဆိုးဘိုးဘေးတစ်ကောင်း၏ရင်ဘတ်ထံသို့ တိုးဝင်သွားသည်။

ဘန်း.....

ထိုဓားချီသည် အကန့်အသတ်မရှိသော အလင်းရောင်များကောက်ပနေသည့် အဖြူရောင်အလင်းတန်းတတန်းအဖြစ်သို့ ပြောင်းလဲသွားကာ နတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်တစ်ဝက်ခန့်အထိ ထွင်းဖောက်သွားသည်။

အား....

ထိုနတ်ဆိုးဘိုးဘေးသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ရူးသွပ်လုဆဲဆဲအခြေအနေသို့ ရောက်ရှိသွားပုံပင်။

အစောပိုင်းက သူ၏မျိုးဆက်များ သတ်ဖြတ်ခြင်းခံခဲ့ရသည်။သူသည် လက်စားချေလိုခဲ့သော်လည်း ယခုအချိန်၌ သူ ဒဏ်ရာအပြင်းအထန် ရရှိသွားပေ၏။

နတ်ဆိုးဘိုးဘေးက တဖန်ထပ်၍ တိုက်ခိုက်လိုက်သည်။သူ့အား ခြုံခိုတိုက်ခိုက်သည်မှာ မည်သူဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်းမြင်တွေ့လိုသည်။

သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် ဓားချီတစ်လှိုင်းသည် မိုးကောင်းကင်ယံကို ထပ်မံ၍ဖြတ်သန်းလာကာ လောကကြီးအတွင်း၌ လှည့်ပတ်ပျံသန်းနေသော အသူရာနဂါးတစ်ကောင်အလားပင်။

မိုးကောင်းကင်ယံအတွင်းမှနေ၍ အနက်ရောင်သွေးများ ဖြာကျလာကာ နတ်ဆိုးဘိုးဘေးထံသို့ ပျံ့လွင့်လာသည်။ထိုဓားချီသည် သူ၏ခေါင်းကို ဖြတ်တောက်လိုက်ရုံသာမက သူ၏ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားခဲ့သည်။

နတ်ဆိုးဘိုးဘေးတစ်ယောက်ကဲ့သို့ သန်အားကောင်းသူသည် ဓားချက်တစ်ချက်ဖြင့် အမှန်တကယ်ကို သတ်ဖြတ်ခြင်းခံလိုက်ရပေ၏။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။

လုယွီသည် သူ၏ခေါင်းကို နောက်သို့ပြန်လှည့်ပြီးနောက် သူ၏အကြည့်သည် တိုက်ပွဲဝင်ဝင်္ကပါကြီး၏အလယ်ဗဟိုရှိ မြင်းရထားလုံးတစ်စီးပေါ်သို့ ကျရောက်သွားသည်။

အစောပိုင်းကထွက်ပေါ်လာသော ဓားချီသည် အလွန်လျှင်မြန်သော်လည်း ဤမြင်းရထားလုံးမှ ပျံ့လွင်လာခြင်းဖြစ်ကြောင်း လုယွီက သတိပြုမိသည်။

ဝမ်ကျင်းက ခြေတစ်လှမ်းရှေ့တက်ကာ ရိုသေလေးစားစွာပြောဆိုသည်။

"ဗိုလ်ချုပ် ကျေးဇူးပြုပြီးတော့...."

တခြားသိုင်းပညာအင်မော်တယ်များနှင့် သိုင်းပညာသူတော်စင်များအားလုံးသည်လည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"စစ်နတ်ဘုရားကို တောင်းဆိုပါတယ်"

ရထားလုံး၏လိုက်ကာပွင့်သွားကာ ဆံဖြူလူအိုကြီးတစ်ယောက် ထွက်လာသည်။

သူသည် အသက်အလွန်အိုမင်းနေပြီဖြစ်ကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။သူ၏အင်္ကျီလက်များအတွင်းမှာနေ၍ ပိန်လှီသောလက်များ ပေါ်လွင်နေသည်။အစောပိုင်းက ရှေးဟောင်းနတ်ဆိုးဘိုးဘေးကို သတ်ဖြတ်ခဲ့သောဓားချီသည် သူ့ထံမှ ထွက်ပေါ်လာခဲ့သည်ကို ယုံကြည်နိုင်ရန် အလွန်ခက်ခဲပေ၏။

ထိုလူအိုကြီး အသက်ရှင်သန်ခဲ့သည်မှာ အချိန်မည်မျှထိကြာညောင်းခဲ့ကြောင်း မသိနိုင်ဘဲ သူသည် မွန်းစတားအိုကြီးတစ်ကောင်အလားပင်။

ထိုလူအိုကြီးထွက်ပေါ်လာစဥ်တွင် လုယွီက သူသည် အလွန်ကြီးမားကျယ်ပြန့်သော သွေးပင်လယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရသည့်အလား ခံစားမိသည်။

"သူက သိုင်းပညာအင်မော်တယ်တစ်ယောက်ဆိုပေမယ့်.....သူရဲ့ကျင့်ကြံဆင့်နယ်ပယ်က သိုင်းအာဏာရှင်တစ်ယောက်နဲ့ နီးစပ်နေပြီ"

လုယွီသည် ထိုလူအိုကြီး၏ခန္ဓာကိုယ်အတွင်း၌ တလိမ့်လိမ့်ထနေသော သွေးချီစွမ်းအားများကို အာရုံခံမိလေ၏။

ပတ်ဝန်းကျင်တွင်ရှိနေသော ချင်စစ်သားများအားလုံးသည် ထိုလူအိုကြီးကို ဦးညွှတ်အရိုအသေပြုလိုက်ကာ သူတို့၏မျက်လုံးများအတွင်း၌ ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"နတ်ဆိုးဘိုးဘေးလေးတွေက ငါတို့ရဲ့တိုက်ခိုက်မှုကို ဟန့်တားဝံ့တာလား....ချောင်းချီနဲ့ထောင်အီတို့ ဘယ်ရောက်နေတာလဲ....ငါ ဘာလို့ သူတို့ကိုမတွေ့ရတာလဲ"

ဆံဖြူလူအိုကြီးသည် ခြေတစ်လှမ်းရှေ့တက်လိုက်ရာ မြေပြင်တပြင်လုံး တုန်ခါသွားသည်။မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများ၏ပါးစပ်မှ သွေးများအန်ထွက်လာကာ မြေပြင်ပေါ်သို့ လဲကျသွားပေ၏။

"လူသားဧကရာဇ်ကလွဲပြီးတော့ မင်းတို့လူသားမျိုးနွယ်မှာ မင်းလို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတွေ ရှိနေသေးတာလား....မင်းရဲ့နာမည်ကို ပြောစမ်း"

အမှောင်ထုအတွင်းတွင်ရှိနေသော နတ်ဆိုးဘိုးဘေးဆယ်ယောက်ကျော်သည် သူတို့ရောက်ရှိနေသောနေရာမှာပင် ရပ်တန့်လိုက်ကြသည်။သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဆံဖြူလူအိုကြီးသည် မိုးကောင်းကင်ယံကိုပိတ်ဖုံးလုမတတ် အလွန်ကြီးမားသော နတ်ဆိုးဘိုးဘေးများကိုကြည့်ကာဘသူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ချင်အင်ပါယာ ပိုင်ချီ...."

All Chapters