← Chapters

အခန်း (၄၃၀၁-၄၃၀၅)

Vol. 218 Ch. 4301-4305

အခန်း (၄၃၀၁-၄၃၀၅)

Vol. 218 Ch. 4301-4305

Chapter 4301

"ပိုင်ချီ....မင်းက သေသွားပြီမဟုတ်လား...."

တိမ်မည်းများအကြားမှနေ၍ ထိတ်လန့်တကြားအော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ မိုးကောင်းကင်ယံအတွင်း၌ အလွန်ကြီးမားသောပုံရိပ်ကြီးများရှိနေသည့်တိုင် သူတို့သည် ခြေလှမ်းတဝက်မျှပင် ရှေ့သို့မတိုးဝံ့တော့ချေ။

အတိတ်တွင် ပိုင်ချီ၏နာမည်သည် နတ်ဆိုးမျိုးနွယ်တစ်ခုလုံးအတွက် ကြီးမားသောကပ်ဘေးကြီးတစ်ခုပင်။နတ်ဆိုးမျိုးနွယ်မှ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအမြောက်အများသည် ပိုင်ချီ၏လက်အတွင်း၌ ဆိုးဆိုးရွားရွားသေဆုံးခဲ့ရလေ၏။

သို့ရာတွင် နောက်ပိုင်း၌ ပိုင်ချီသေဆုံးသွားပြီဟူသော ကောလာဟာလများ ထွက်ပေါ်လာခဲ့သည်။ထိုအချိန်ကျမှသာ နတ်ဆိုးမျိုးနွယ်သည် သူတို့၏သတိများကိုလျှော့ချပြီး လူသားမျိုးနွယ်၏နယ်မြေများအတွင်းသို့ ကျူးကျော်ခဲ့ကြသည်။

ပိုင်ချီသည်လည်း လူသားဧကရာဇ်နှင့်တူညီစွာ သူ၏ခွန်အားကို အမှီပြု၍ နတ်ဆိုးမျိုးနွယ်၏တည်ရှိမှုကို ခြိမ်းခြောက်နိုင်စွမ်းရှိသည်။

ယခုအချိန်၌ သူ တဖန်ပြန်၍ထွက်ပေါ်လာချိန်တွင် ဓားချက်တစ်ချက်ဖြင့် နတ်ဆိုးဘိုးဘေးတစ်ယောက်ကို ခုတ်ပိုင်းလိုက်သည်။သူ၏ရက်စက်ကြမ်းကြုတ်မှုသည် ယခင်အတိုင်း တည်ရှိနေဆဲဖြစ်ကာ အနည်းငယ်မျှ ယုတ်လျော့သွားခြင်းမရှိပေ။

"ဒီလူအိုကြီးက မသေသေးဘူး...ငါက မင်းတို့အားလုံးကို စိတ်ပျက်စေမိပြီ"

ပိုင်ချီသည် ရိုးရှင်းသောတိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ဝတ်စုံသည် လေတိုက်ခတ်ခြင်းမရှိဘဲ လူးလွန့်နေပေ၏။

သူ၏ခြေလှမ်းများသည် အလွန်တည်ငြိမ်ကာ အသက်အရွယ်အိုမင်းသော အရိပ်အယောင် ရှိမနေချေ။သူ၏ခန္ဓာကိုယ်သည် အိုမင်းပုံရသော်လည်း သူ၏ကြွက်သားနှင့်အရိုးများ သန်မာကာ သူ၏သွေးချီများသည် ပြင်းထန်နေပေ၏။သူ၏မျက်လုံးအကြည့်သည် မိုးကောင်းကင်ယံအတွင်း၌ နေမင်းကြီးနှစ်စင်း ထွန်းလင်းနေသည့်အလား အလွန်တောက်ပကာ တခြားသူများမှ သူ့အား စေ့စေ့ကြည့်ရန် အလွန်ခက်ခဲပေမည်။

"စစ်နတ်ဘုရား...."

သိုင်းပညာအင်မော်တယ်များသည် ပိုင်ချီ၏နံဘေး၌ မတ်တတ်ရပ်ကာ မလှုပ်ရှားဝံ့ကြ​ချေ။

အမှန်အတိုင်းပြောဆိုရလျှင် သူတို့ ဆက်လက်၍တိုက်ခိုက်ရန် လိုအပ်တော့မည်မဟုတ်ပေ။

ပိုင်ချီ၏ထွက်ပေါ်လာမှုသည် နတ်ဆိုးဘိုးဘေးများအားလုံးအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်နေလေပြီ။သူတစ်ယောက်တည်းဖြင့် နတ်ဆိုးဘိုးဘေးများအားလုံး မဆင်မခြင်ရှေ့သို့တိုးဝင်လာခြင်းကို တားမြစ်ကန့်သတ်ရန် လုံလောက်သည်။

"မင်းက အတိတ်မှာတုန်းက ပြိုင်ဘက်ကင်းစစ်ဗိုလ်ချုပ်တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ လူအိုကြီးတစ်ယောက်ပဲ....မင်းရဲ့အိုမင်းနေတဲ့ခန္ဓာကိုယ်အရကြည့်ရင် မင်းက ခွန်အားကို ဘယ်လောက်ထိများများ ထိန်းသိမ်းထားနိုင်မှာမလို့လဲ"

နတ်ဆိုးဘိုးဘေးတစ်ယောက်က သရော်တော်တော်ပြောဆိုသည်။

"မင်းတို့အားလုံးကိုသတ်ဖို့ လုံလောက်တယ်"

ပိုင်ချီ၏ဆံပင်ရှည်များသည် လေထုအတွင်း၌ လူးလွန့်နေကာ သူ၏ခါးမှ ရှေးဟောင်းကြေးနီဓားရှည်တလက်ကို ဆွဲထုတ်လိုက်၏။သူ၏ဓားစိတ်ဆန္ဒသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တတ်သွားသည်။

သူသည် အလွန်အစွမ်းထက်သူဖြစ်သဖြင့် အသက်အိုမင်းနေသည့်တိုင် သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးချီများသည် မီးတောင်တစ်လုံးအလား တစ်လိမ့်လိမ့်စီးဆင်းနေသည်။

ရှေးဟောင်းနတ်ဆိုးများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။အားနည်းသော ရှေးဟောင်းနတ်ဆိုးတချို့သည် သူတို့၏ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရသည်။သူတို့သည် ပိုင်ချီ၏ခန္ဓာကိုယ်မှနေ၍ မကြုံစဖူး ခြိမ်းခြောက်နိုင်မှုအရှိန်အဝါတစ်ရပ်ကို ခံစားမိသည်။

"သတ်...."

ပိုင်ချီသည် လက်ဦးမှုယူ၍ စတင်တိုက်ခိုက်လိုက်၏။သူသည် သူ၏ဓားကိုမြှောက်ကာ တိုက်ပွဲအတွင်းသို့ ပြေးဝင်ပြီး နတ်ဆိုးဘိုးဘေးဆယ်ယောက်ကျော်ကို တိုက်ခိုက်လိုက်တော့သည်။

ရုတ်ချည်းဆိုသလိုပင် ကျယ်ပြန့်သောကုန်းမြေပေါ်၌ ပြင်းထန်သောအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ပြိုလဲသွားသော ပျက်သုန်းခြင်းမြင်ကွင်းတစ်ခုအလားပင်။

ဤနတ်ဆိုးဘိုးဘေးများသည် နတ်ဆိုးမျိုးနွယ်အကြား၌ အားအကောင်းဆုံးတည်ရှိမှုကြီးများဟု ကျော်ကြားရန်ထိုက်တန်သည်။သူတို့ တိုက်ခိုက်လိုက်သောအချိန်တွင် ပိုင်ချီကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေသည်။

ပိုင်ချီ၏တိုက်ပွဲဝင်ဝတ်စုံပေါ်တွင် အနီရောင်သွေးများစွန်းထင်းသွားသော်လည်း သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူသည် ဓားကိုမြှောက်ကာ နတ်ဆိုးဘိုးဘေးများအနက်မှတစ်ယောက်၏ခေါင်းကို ဖြတ်တောက်လိုက်သည်။

သွေးများက မိုးရွာသွန်းသည့်အလား ဖြာကျသွားကာ နတ်ဆိုးဘိုးဘေးတစ်ယောက်သည် နေရာမှာပင် သေဆုံးသွားလေ၏။

ကြေကွဲဝမ်းနည်းမှုအငွေ့အသက်များက အေးစက်စက်လေပြင်းနှင့်အတူ ပျံ့နှံ့နေသည့်အလားပင်။နတ်ဆိုးဘိုးဘေးများသည်။တစ်ယောက်ပြီးတစ်ယောက်လဲကျသွားကာ နတ်ဆိုးများသည် သူတို့၏ခွန်အားများ တဖြည်းဖြည်းအားနည်းသွားသည်ကို ခံစားမိသည်။

သူတို့၏ခွန်အားများသည် သူတို့၏ကိုယ်ပိုင်နတ်ဆိုးဘိုးဘေးမှ မြစ်ဖျားခံလာခြင်းဖြစ်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့၏နတ်ဆိုးဘိုးဘေး ကြွေလွင့်သွားခြင်းနှင့်အတူ သူတို့၏ခွန်အားရင်းမြစ်များ ပျောက်ဆုံးသွားခဲ့သည်။ထိုရှေးဟောင်းနတ်ဆိုးများသည် ယခင်ကဲ့သို့ တူညီသောစွမ်းအားမျိုးကို ပိုင်ဆိုင်ထားနိုင်ခြင်းမရှိတော့ချေ။

ပိုင်ချီသည် အသက်အိုမင်းနေသော်လည်း သန်မာအားကောင်းနေဆဲဖြစ်ကာ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား လေထုအတွင်း၌ မျောလွင့်နေသည်။

ရှေ့တန်းမှနေ၍တိုက်ခိုက်နေသော နတ်ဆိုးဘိုးဘေးတချို့သည် ထိပ်တိုက်တိုက်ခိုက်ရန် လက်လျှော့အရှုံးပေးလိုက်ကြ၏။သူတို့သည်နတ်ဆိုးမှော်မန္တန်များကို ရေရွတ်ကာ ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများကိုဆင့်ခေါ်ပြီး ပိုင်ချီကို လွှမ်ခြုံသွားစေသည်။ထို့နောက် သူတို့သည် နောက်မှနေ၍ အလစ်အငိုက်ဖမ်းကာ တိုက်ခိုက်ကြတော့သည်။

ဝှစ်....

ပိုင်ချီထံတွင် ကောင်းကင်ဘုံမျက်လုံးတစ်စုံ ရှိနေသည့်အလားပင်။သူသည် နောက်သို့လှည့်ကြည့်ခြင်းမပြုဘဲ သူ၏ဓားကိုသာ ထိုးစိုက်လိုက်၏။ထောင်သောင်းချီသောဓားချီများ ပွင့်အံ့ထွက်လာခြင်းနှင့်အတူ ထိုနတ်ဆိုးဘိုးဘေးကို အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားစေသည်။

တခြားမျက်လုံးတစ်ရာနတ်ဆိုးဘိုးဘေးသည်လည်း သူ၏မျက်လုံးများကို တပြိုင်နက်တည်းဖွင့်ကာ ပိုင်ချီကိုသတ်ဖြတ်ရန်အတွက် သူ၏မျက်လုံးနည်းစနစ်ကို အသုံးပြုရန်ဟန်ပြင်လိုက်သည်။

သို့ရာတွင် ပိုင်ချီ၏တိုက်ခိုက်မှုများသည် အလွန်ကြမ်းတမ်းပေ၏။သူသည် အော်ဟစ်ကြုံးဝါးလိုက်ရာ ရက်စက်ကြမ်းကြုတ်သော မှော်သားရဲတစ်ကောင်၏ပုံရိပ်ယောင်က သူ၏နောက်၌ ထွက်ပေါ်လာသည်။ထိုမှော်သားရဲပုံရိပ်ယောင်သည် နတ်ဆိုးဘိုးဘေးကို စူးစူးဝါးဝါးစိုက်ကြည့်ကာ စွမ်းအားများ တလိမ့်လိမ့်ထွက်လာသည်။

မျက်လုံးတစ်ရာနတ်ဆိုးဘိုးဘေးသည် လျှပ်စီးမိုးကြိုးဖြင့် ရိုက်ခတ်ခံရသည့်အလား ခံစားမိကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိမျက်လုံးများ ကြေမွှပျက်စီးသွားပြီး ငိုကြွေးမြည်တမ်းနေတော့သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ရှေ့သို့တိုးကာ တိုက်ပွဲကွင်းပြင်အတွင်းသို့ ဝင်ရောက်လိုက်၏။

ပိုင်ချီသည် မိုးကောင်းကင်ယံအတွင်း၌ နတ်ဆိုးဘိုးဘေးများကို ထိန်းသိမ်းထားသဖြင့် လုယွီကို မည်သည့်ရှေးဟောင်းနတ်ဆိုးမျှ ဟန့်တားနိုင်ခြင်းမရှိတော့ချေ။သူ ရောက်ရှိသွားသော မည်သည့်နေရာတွင်မဆို ရှေးဟောင်းနတ်ဆိုးအမြောက်အများ သတ်ဖြတ်ခြင်းခံရလေ၏။

Chapter 4302

တိုက်ပွဲကွင်းပြင်ပေါ်၌ လုယွီ၏အဝတ်အစားများတွင် သွေးများစွန်းထင်းနေကာ သူ့ကိုကြည့်ရသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးနှင့် တူညီနေပေ၏။

လုယွီ၏တိုက်ခိုက်မှုများကိုကြည့်ပြီး ချင်စစ်သားများထံမှနေ၍ အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာသည်။

"ငါ့ရဲ့အိမ်ကိုဖျက်ဆီးပြီးတော့ ငါ့ရဲ့မိသားစုကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတွေကို ဒီနေ့ ငါ လက်စားပြန်ချေဖို့ အချိန်ကျပြီ"

"သတ်ကြစို့....နတ်ဆိုးတွေအားလုံးကို သတ်မယ်"

သိုင်းပညာအင်မော်တယ်လေးယောက်သည် သူတို့၏အမိန့်များကို ထုတ်ပြန်ပြီးနောက် သူတို့၏သက်ဆိုင်ရာစစ်တပ်များသည် ကြွင်းကျန်သောရှေးဟောင်းနတ်ဆိုးများကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်ကြ၏။

နတ်ဆိုးဘိုးဘေးများ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားသော အခြေအနေအောက်တွင် ကြွင်းကျန်သော ရှေးဟောင်းနတ်ဆိုးများ၏စိတ်ဓာတ်များ အလွန်အမင်းကျဆင်းနေလေပြီ။

ချင်စစ်တပ်သည် ရုတ်တရက်ဆန်စွာ ရောက်ရှိလာခဲ့ပြီး သူတို့၏တိုက်ခိုက်မှုများမှာလည်း အလွန်ပြင်းထန်သည်။

တစ်ချိန်က ပုရွက်ဆိတ်များဟု သူတို့ယူဆထားခဲ့သည့် လူသားများသည် နတ်ဆိုးနယ်မြေအတွင်းသို့ဝင်ရောက်၍ သတ်ဖြတ်ပြီး သူတို့အား လှံစွပ်များဖြင့် ချိန်ရွယ်ထားမည်ဟု ရှေးဟောင်းနတ်ဆိုးများ တကြိမ်တစ်ခါ​မျှ တွေးထင်ထားမိခြင်းမရှိချေ။

တိုက်ပွဲကွင်းပြင်ပေါ်တွင် အလောင်းများတောင်ပုံရာပုံဖြစ်နေကာ မြေပြင်တစ်ပြင်လုံး ခြစ်ခြစ်တောက်ပူပြင်းနေသည်။

လုယွီသည် မူလက ရှေးဟောင်းနတ်ဆိုးဧကရာဇ်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေခဲ့သော်လည်း အဆုံးသတ်၌ သူသည် ထိုက်အမ်းဓားကိုဆွဲထုတ်ကာ ရန်သူ၏တိုက်ပွဲဝင်ဝင်္ကပါကြီးအတွင်းသို့ တိုးဝင်သွားသည်။

ထိုက်အမ်းဓားသည် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်နှင့် ကွဲပြားခြားနားသည်။ထိုအရာသည် ပြီးပြည့်စုံသော မသေမျိုးအဆင့်မှော်လက်နက်တစ်ခုပင်။ထိုက်အမ်းဓားကိုအသုံးပြုလိုက်သည်နှင့် ထိုအရာ၏စွမ်းအားသည် အလွန်ကြီးမားကာ အင်မော်တယ်အရှိန်အဝါများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

"နတ်ဆိုဘိုးဘေး ငါ့ကိုကယ်ပါအုံး...."

"ငါတို့ရဲ့မြင့်မြတ်သားရဲမျိုးနွယ်က ဒီအတိုင်း ပျက်စီးသွားမှာမဟုတ်ဘူး...မင်းတို့ကို အနှေးနဲ့အမြန် လက်စားပြန်ချေမယ်"

လုယွီ၏လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသော ရှေးဟောင်းနတ်ဆိုးဘိုးဘေးတစ်ယောက်က ပြင်းပြင်းထန်ထန် ကျန်ဆဲလိုက်၏။သူ၏စကားလုံးများသည် အလွန်စူးရှကာ သူ၏လေသံသည် ရက်စက်ကြမ်းကြုတ်ပြီး ရုန့်ရင်းကြမ်းတမ်းမှုများဖြင့် ပြည့်နှက်နေသည်။

သို့ရာတွင် လုယွီသည် ထိုရှေးဟောင်းနတ်ဆိုးများ၏စကားများကို ဂရုမစိုက်ချေ။သူသည် ထိုက်အမ်းဓားကိုဆုပ်ကိုင်ကာ ခုတ်ပိုင်းလိုက်၏။ရှေးဟောင်းနတ်ဆိုးအမြောက်အများ၏ခေါင်းများ လေထုအတွင်းသို့မြောက်တတ်သွားကာ သူတို့၏သွေးများ ဖြာကျလာခြင်းကြောင့် ပတ်ဝန်းကျင်နေရာတဝိုက်လုံး နီမြန်းသွားတော့သည်။

ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သောရှေးဟောင်းနတ်ဆိုးများသည် ကောက်ပင်များအလား ဖြတ်တောက်ခြင်းကို ခံနေရသည်။သူတို့သည် တစ်ယောက်ပြီးတစ်ယောက် သွေးအိုင်များအတွင်းသို့ လဲကျသွားပေ၏။

"မင်းတို့ ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးတာပဲ"

ရှေးဟောင်းနတ်ဆိုးဘိုးဘေးများအနက်မှတစ်ယောက်၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ဖြန့်ကျက်ကာ သူ့ကိုယ်သူဖောက်ခွဲပြီး လူသားများအားလုံးနှင့် အတူတကွသေကြေပျက်စီးသွားလိုသည်။

ဤသည်မှာ အလွန်ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ခုပင်။နတ်ဆိုးဘိုးဘေး၏ခန္ဓာကိုယ်သည် မဖျက်စီးနိုင်လုနီးပါးခိုင်ခံမာကြောသဖြင့် ထိုအရာပေါက်ကွဲသွားသည်နှင့် သက်ရောက်မှုအလွန်ကြီးမားပေမည်။အနည်းဆုံးအနေဖြင့် ချင်စစ်တပ်၏တစ်ဝက်ခန့်နီးပါး ဆိုးဆိုးရွားရွာသေဆုံးသွားနိုင်သည်။

"မင်း သေချင်တယ်လို့ပြောတိုင်း သေလို့ရမှာလား...ဒါက ငါ့ရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်တယ်"

လူအိုကြီးတစ်ယောက်၏အသံက မိုးကောင်းကင်ယံအတွင်း၌ ထွက်ပေါ်လာသည်။

ပိုင်ချီ၏ပုံရိပ် တဖန်ထပ်၍ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ တိုက်ပွဲဝင်ဝတ်စုံကိုချွတ်ထားသဖြင့် သူ၏ပိန်လှီသော ခန္ဓာကိုယ်အထက်ပိုင်း ပေါ်လွင်နေသည်။

ပုံပန်းသွင်ပြင်အရကြည့်ပါက ပိုင်ချီသည် သေဆုံးသွားတော့မည့် လူအိုကြီးတစ်ယောက်အလားပင်။သူသည် လေပြင်းတိုက်ခတ်သည့်ဒဏ်ကိုပင် ခံနိုင်ပုံမရှိသည့် လူအိုကြီးတစ်ယောက်နှင့် တူညီနေသော်လည်း သူ့အား မည်သူကမျှ အထင်မသေးဝံ့ချေ သူ၏ပိန်ပါးသောခန္ဓာကိုယ်အတွင်းတွင် အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ သန်မာအားကောင်းသောစွမ်းအားများ စီးဆင်းနေသည်။

ပိုင်ချီသည် သူ၏ဓားရှည်ကိုမြှောက်ကာ ခုတ်ပိုင်းလိုက်၏။ရက်စက်ကြမ်းကြုတ်သောဓားချီသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေကာ အလွန်အမင်းပြင်းထန်သည်။ဤသည်မှာ မိုးကောင်းကင်ယံအတွင်းရှိ နေနှင့်လကို ဖြတ်တောက်တော့မည့်အလားပင်။

အစောပိုင်းက သူ့ကိုယ်သူဖောက်ခွဲရန် ဟန်ပြင်နေသည့် နတ်ဆိုးဘိုးဘေးသည် ပိုင်ချီ၏ဓားချက်ကြောင့် ကြေမွှပျက်စီးကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

အလွန်ကြီးမားသော သွေးချီစွမ်းအားများ လေထုအတွင်း၌ ပြည့်နှက်နေကာ မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များသည် မီးတောက်လောင်နေသည့်အလားပင်။ဤသည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေ၏။

ပိုင်ချီသည် အမှန်တကယ်ကို အသက်အလွန်အိုမင်းနေပြီဖြစ်ကာ သူသည် လူသားဧကရာဇ်ထက်ပင် ပို၍အသက်ကြီးသည်။သို့ရာတွင် သိုင်းပညာအင်မော်တယ်များသည် သာမန်လူများနှင့် ကွဲပြားခြားနားပေ၏။သူတို့၏တက်ကြွဖျတ်လတ်မှုသည် သူတို့ အသက်ရှင်သန်နေစဥ် ကာလတလျှောက်လုံး ပျက်ပြယ်သွားမည်မဟုတ်သည့်အပြင် သူတို့၏ခွန်အားသည်လည်း အထွတ်အထိပ်အခြေအနေ၌ ရှိနေပေမည်။

အကယ်၍ သူတို့သေဆုံးသွားလျှင်ပင် သူတို့၏ရုပ်ခန္ဓာကိုယ်များ ပျက်စီးသွားမည်မဟုတ်ဘဲ နှစ်ပေါင်းထောင်ပေါင်းချီ၍ကြာမြင့်သည့်တိုင် သူတို့၏သွေးချီများ ပျက်ပြယ်သွားမည်မဟုတ်ပေ။

"စစ်နတ်ဘုရား ပိုင်ချီ...."

ချင်စစ်သားများအကြားမှနေ၍ အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်ကို တုန်ခါသွားစေသည်။

ဤနေရာတွင် နတ်ဆိုးဘိုးဘေးငါးယောက် ကျန်ရှိနေပေ၏။

သူတို့သည် တစ်ယောက်မျက်နှာတယောက်ကြည့်ကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးကြတော့သည်။သူတို့သည် ပိုင်ချီကို ထိတ်လန့်ကြောက်ရွံ့နေသည့်အလားပင်။

မြေပြင်ပေါ်၌မတ်တတ်ရပ်နေသော ရှေးဟောင်းနတ်ဆိုးများသည် လုံးလုံးလျားလျား စိတ်ပျက်အားငယ်နေပေ၏။

သူတို့အား ကူညီနိုင်သည့် မည်သည့်တည်ရှိမှုကြီးမျှ ရှိမနေချေ။နတ်ဆိုးဘိုးဘေးကဲ့သို့ အစွမ်းထက်သော တည်ရှိမှုကြီးများပင်လျှင် သတ်ဖြတ်ခြင်းခံနေရသည်။

ရှေးဟောင်းနတ်ဆိုးများသည် အောက်ဘုံများအတွင်းရှိ လူသားများ၏နယ်မြေများအတွင်းသို့ နှစ်ပေါင်းများစွာကြာအောင် ကျူးကျော်ခဲ့သည်။သူတို့သည် သာမန်သေမျိုးများကို ဝက်များခွေးများအလား ဆက်ဆံခဲ့ပေ၏။ သူတို့အပေါ်တွင်လည်း ဤကဲ့သို့ တူညီသောကံကြမ္မာမျိုး သက်ရောက်လာမည့် နေ့တနေ့ရှိလာမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

သွေးများက မြစ်ပြင်တမျှစီးဆင်းနေသည်။နာကျင်စွာအော်ဟစ်ငိုကြွေးသံများအကြားတွင် ချင်စစ်တပ်သည် ရှေ့သို့ဆက်လက်၍ ချီတက်နေပေ၏။

Chapter 4303

"နတ်ဆိုးဘိုးဘေးတွေတောင် ရှုံးနိမ့်သွားခဲ့ပြီ...ဖြစ်နိုင်တာတော့ ငါတို့နတ်ဆိုးမျိုးနွယ်တွေ ဒီနေ့ ပျက်စီးရတော့မှာများလား"

"မြန်မြန်ပြေးကြစို့...ငါတို့ ထွက်ပြေးနိုင်တာနဲ့ ပြန်ပြီးမြင့်တက်လာနိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်"

အသက်ရှင်ကျန်ရစ်သော ရှေးဟောင်းနတ်ဆိုးများထံတွင် ဆက်လက်၍တိုက်ခိုက်လိုစိတ်မရှိတော့ချေ။သူတို့သည် သွေးရူးသွေးတန်းဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းကာ လွတ်မြောက်ရန်လမ်းကြောင်းတစ်ခုကို ရှာဖွေကြတော့သည်။

သို့ရာတွင် မည်သည့်အချိန်က စတင်ခဲ့ကြောင်း မသိရသော်လည်း ချင်စစ်သားများသည် နတ်ဆိုးနယ်မြေတစ်ခုလုံးကို အပြည့်အဝဝိုင်းရံထားပြီးဖြစ်သည်။

အရပ်မျက်နှာအဘက်ဘက်တွင် နေရာအနှံ့အပြား၌ ချင်စစ်သားများ၏ပုံရိပ်များကို မြင်တွေ့နိုင်သည်။ရှေးဟောင်းနတ်ဆိုးများသည် ချင်စစ်တပ်၏ငှက်နက်အလံကို မြင်တွေ့မိချိန်၌ သူတို့၏အသက်များကို နှုတ်ယူတော့မည့်အဆောင်လက်ဖွဲ့တစ်ခု တိုးဝင်လာသည့်အလားပင်။သူတို့သည် ထိုအလံကိုမြင်တွေ့သည်နှင့် လဲကျသွားပေ၏။

ချင်စစ်တပ်ကိုဦးဆောင်လာသူများသည် ဗိုလ်ချုပ်အိုကြီးများပင်။သူတို့ထံ၌ ထူးချွန်ထက်မြက်သော စစ်ရေးအောင်မြင်မှုများရှိရုံသာမက အတွေ့အကြုံလည်း ရင့်ကျက်ပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် မြင့်မားသောနေရာမှကြည့်ပါက နတ်ဆိုးနယ်မြေ၏ဗဟိုချက်အစိတ်အပိုင်းကို ချင်စစ်သားများက တဖြည်းဖြည်းဝိုင်းရံလာသည်ကို မြင်တွေ့ရပေမည်။နတ်ဆိုးနယ်မြေသည် တဖြည်းဖြည်းကျုံဝင်လာကာ နတ်ဆိုးများအသက်ရှင်သန်နိုင်ရန်အတွက် အခွင့်အရေးမရှိတော့ချေ။

ရှေးဟောင်းနတ်ဆိုးတချို့သည် ယခင်က ကောင်းကင်ဘုံနန်းတော်မှ သူတို့ရရှိထားသော အင်မော်တယ်လက်နက်များ၏စွမ်းအားကို ထုတ်ဖော်အသုံးပြု၍ ချင်စစ်သားများကို ရင်ဆိုင်တိုက်ခိုက်ကြသည်။

အတိတ်ရှိတိုက်ပွဲအတွင်းတွင် ကောင်းကင်ဘုံနန်းတော်သည် လုံးလုံးလျားလျားပျက်စီးသွားခဲ့သော်လည်း ရှေးဟောင်းနတ်ဆိုးများဘက်တွင် ကြီးလေးသောတန်ကြေးတစ်ခုကို ပေးဆပ်ခဲ့ရသည်။ယခုအချိန်၌ ရှေးဟောင်းနတ်ဆိုးများ၏အင်အားများ အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ကောင်းကင်ဘုံနန်းတော်မှနေ၍ အင်မော်တယ်လက်နက်များနှင့်ရတနာများကို ပမာဏအမြောက်အများ ရရှိခဲ့ကာ ရှေးဟောင်းနတ်ဆိုးများမှ သိမ်းပိုက်ထားခဲ့သည်။

ဤအင်မော်တယ်ရတနာများကို ရဲတိုက်များအတွင်းတွင် သိမ်းဆည်းထားသည်။ရှေးဟောင်းနတ်ဆိုးများသည် စစ်ပွဲအောင်မြင်မှုဆုလာဘ်အဖြစ် ထိုအင်မော်တယ်ရတနာများကို အသုံးပြုကြ၏။

အင်မော်တယ်ရတနာအမြောက်အများထွက်ပေါ်လာပြီးနောက် ထိုအရာများထံတွင် ကြီးမားသော အင်မော်တယ်စွမ်းအားများ ရှိနေသည်။မိုးကောင်းကင်ယံအတွင်း၌ အင်မော်တယ်ရတနာများ စုဝေးလာချိန်တွင် တုန်လှုပ်ချောက်ချားဖွယ်ဖိအားအရှိန်အဝါတစ်ရပ် ပျံ့နှံ့သွားသည်။

အင်မော်တယ်ရတနာများတချို့ ပေါက်ကွဲသွားကာ လောကကြီးတစ်ခုလုံး ပျက်စီးသွားသည့်အလားပင်။ဤအင်မော်တယ်ရတနာများအားလုံး ပေါက်ကွဲသွားပါက လူသားများမဆိုထားနှင့် ရှေးဟောင်းနတ်ဆိုးများပင်လျှင် ဤပေါက်ကွဲမှုအတွင်းတွင် အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။

ရှေးဟောင်းနတ်ဆိုးများသည် ဤအလောင်းအစားပေါ်တွင် အရာအားလုံးကို ပုံအပ်ထားလေ၏။သူတို့သည် ရူးသွပ်သွားသည့်အလား ချင်စစ်သားများနှင့်အတူ သေကြေပျက်စီးလိုကြသည်။

"ပြန့်ကျဲစမ်း..."

ပိုင်ချီက ရုတ်တရက် လေထုအတွင်း၌ မောက်မာထောင်လွှားစွာ မတ်တတ်ရပ်ကာ စကားလုံးတစ်လုံးကို ရေရွတ်လိုက်သည်။

မဟာတာအိုဥပဒေသစွမ်းအားများ ပါဝင်သည့်ရှေးဟောင်းကျိန်စာတစ်ခုသည် ပတ်ဝန်းကျင်နေရာတဝိုက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားပေ၏။

ရှေးဟောင်းနတ်ဆိုးများ ထုတ်ယူလိုက်သည့် အင်မော်တယ်ရတနာများအားလုံး တစ်ချိန်တည်းမှာပင် တောက်ပမှုများ ဆုံးရှုံးသွားခဲ့သည်။ရှေးဟောင်းနတ်ဆိုးများသည် ထိုအင်မော်တယ်ရတနာများကို မည်သည့်နည်းလမ်းဖြင့် ဆင့်ခေါ်သည်ဖြစ်စေ အသုံးဝင်ခြင်းမရှိတော့ချေ။

ဤသည်မှာ သိုင်းပညာအင်မော်တယ်တစ်ယောက်၏မန္တရားပင်။

ဤအရာသည် သိုင်းပညာသူတော်စင်မန္တရားထက် ပို၍အစွမ်းထက်သော နည်းစနစ်တစ်ခုဖြစ်သည်။ထိုအရာကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် အင်မော်တယ်များပင်လျှင် သေဆုံးသွားနိုင်သည်။

အကယ်၍ အင်မော်တယ်ရတနာများကို အင်မော်တယ်များကိုယ်တိုင် အသုံးပြုနေပါက ဤမန္တရားသည် များစွာသက်ရောက်ခြင်း ရှိမည်မဟုတ်ချေ။ကံအကြောင်းမလှစွာဖြင့် ထို အင်မော်တယ်ရတနာများအားလုံးကို ရှေးဟောင်းနတ်ဆိုးများမှ အတင်းအကြပ်သိမ်းပိုက်ထားခြင်းဖြစ်သဖြင့် သူတို့အား ပိုင်ရှင်များဟု အသိအမှတ်မပြုကြချေ။

ပိုင်ချီ၏စကားလုံးသည် ရှေးဟောင်းနတ်ဆိုးများနှင့်အင်မော်တယ်ရတနာများအကြားမှ ဆက်သွယ်ချက်ကို လုံးလုံးလျားလျားဖြတ်တောက်လိုက်သည်။

"ငါတို့က အင်မော်တယ်ရတနာတွေကိုတောင် အသုံးမပြုနိုင်တော့ဘူးလား"

ရှေးဟောင်းနတ်ဆိုးများက စိတ်ပျက်အားငယ်စွာဖြင့် ညည်းတွားလိုက်သည်။

သူတို့သည် ယခင်က အုပ်စုဖွဲ့၍ တခြားမျိုးနွယ်များကို တိုက်ခိုက်ခဲ့သည်။သူတို့သည် ကောင်းကင်ဘုံနန်းတော်ကိုပင် ဖျက်ဆီးနိုင်ခဲ့သော်လည်း ပုရွက်ဆိတ်ကဲ့သို့ လူသားမျိုးနွယ်သည် သူတို့အား ဤမျှအဆင့်ထိ ဖိအားပေးနိုင်မည်ဟု သူတို့ မျှော်လင့်မထားမိချေ။

"အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာပြီ...ဘုံသုံးဘုံလုံးမှာ အစွမ်းထက်တဲ့မျိုးနွယ်တွေ အများကြီးရှိနေပေမယ့် အဆုံးသတ်မှာ ငါတို့လူသားမျိုးနွယ်ကတော့ ထာဝရတည်ရှိလိမ့်မယ်"

ပိုင်ချီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"မင်းတို့က ငါတို့နဲ့မတူတဲ့ နယ်မြေထဲမှာ မွေးဖွားလာပြီးတော့...အခု ငါတို့ရဲ့နယ်မြေထဲကို ကျူးကျော်လာရတယ်...အခု မင်းတို့ရဲ့လမ်းကိုပြန်သွားဖို့ အချိန်ကျပြီ"

"ဒီနေ့ ငါတို့က နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်မယ်"

လုယွီသည် သူ၏လက်အတွင်း၌ ထိုက်အမ်းဓားကိုကိုင်ထားကာ ဓားချီတလှိုင်းက မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။ထိုဓားချီတွင် တောင်တစ်လုံးကိုအက်ကွဲစေနိုင်သော အားလှိုင်းတစ်ရပ်ပါဝင်နေကာ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ အောက်သို့ကျရောက်သွားသည်။

သူရှေ့ရှိ ရှေးဟောင်းနတ်ဆိုးသည် စူးရှနာကျင်စွာအော်ဟစ်လိုက်၏။ရှေးဟောင်းနတ်ဆိုးများသည် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခြင်းခံနေရကာ သူတို့၏အလောင်းများသည် တောင်တစ်လုံးစာမျှ စုပြုံနေလေပြီ။

တစ်ချိန်တည်းမှာပင် လုယွီသည် မိုးကောင်းကင်ယံထံသို့ လက်ညှိုးညွှန်လိုက်၏။လျှပ်စီးမိုးကြိုးလှိုင်းများ တောက်ပလာပြီး ရှေးဟောင်းနတ်ဆိုးအုပ်စုထံသို့ ရုတ်တရက်ကျရောက်သွားကာ သွေးပျက်ဖွယ်မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

"သတ်ကြစမ်း...ငါတို့ လက်စားချေကြမယ်...ရှေးဟောင်းနတ်ဆိုးတွေအားလုံးကို သတ်ကြစမ်း"

"စစ်သားတွေအားလုံး တိုက်ခိုက်ကြစမ်း...အဲ့ဒီကောင်တွေကို အသက်ရှင်ရက်ချန်မထားနဲ့"

ချင်စစ်တပ်အတွင်းမှ သိုင်းပညာအင်မော််တယ်များနှင့်သိုင်းပညာသူတော်စင်များသည် အော်ဟစ်ကြုံးဝါးပြီး နတ်ဆိုးစစ်တပ်အတွင်းသို့ တိုးဝင်တိုက်ခိုက်ကြ၏။သူတို့အားလုံးသည် နတ်ဆိုးမျိုးနွယ်၏ ကြွင်းကျန်သောအင်အားများကို လုံးလုံးလျားလျားဖျက်ဆီးလိုသည်။

Chapter 4304

အနက်ရောင်အခိုးအငွေ့များ မြင့်တက်လာကာ လမင်းကြီးသည် သွေးလာအလား နီမြန်းနေသည်။

ပတ်ဝန်းကျင်နေရာတဝိုက်တွင် ညှော်နံ့များထွက်နေသည့် အနက်ရောင်အခိုးးအငွေ့များဖြင့် ပြည့်နှက်နေသည်။ထိုအရာများသည် သွေးညှီနံ့များနှင့် အတူယှဉ်တွဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ မျောလွင့်သွားကာ ​ချောင်ကြိုချောင်ကြားများမကျန် ရောက်ရှိသွားသည်။

ချင်စစ်သားများအားလုံး ဝမ်းသာပျော်ရွှင်နေကြကာ အပျက်အစီးများပေါ်၌ မတ်တတ်ရပ်ပြီး အော်ဟစ်လိုက်ကြ၏။

ခေတ်ကာလတစ်ခုသည် နောက်ဆုံး၌ အဆုံးသတ်သို့ ရောက်ရှိလာလေပြီ။

တစ်ချိန်က အလွန်မောက်မာထောင်လွှားခဲ့သော ရှေးဟောင်းနတ်ဆိုးများသည် ယခုအချိန်၌ အမြစ်ပြတ်သုတ်သင်ခြင်းခံလိုက်ရလေ၏။သူတို့နေထိုင်ခဲ့သော ရဲတိုက်များနှင့်အဆောက်အအုံများအားလုံးသည်လည်း အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ပထမဆုံးမျိုးဆက်ဖြစ်သော လူသားဧကရာဇ်ယု၏လက်ထက်ဖြစ်သော ရှေးဟောင်းခေတ်ကာလအတွင်းမှစတင်ကာ လူသားမျိုးနွယ်များ မြင့်တက်လာခဲ့သည်။သူတို့သည် နတ်ဆိုးများကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကာ နောက်ဆုံး၌ သူတို့အသက်ရှင်သန်နိုင်သောနယ်မြေတစ်ခုကို ထိန်းသိမ်းပြီး ခြေကုပ်ယူနိုင်ခဲ့သည်။

လူသားဧကရာဇ်သည် လှောင်ပိတ်ခြင်းခံထားရသည့်တိုင် လူသားမျိုးနွယ်သည် ရပ်တန့်သွားခြင်းမရှိချေ။ထိုအစား သူတို့သည် ကောင်းကင်ဘုံနယ်မြေထိ လမ်းတလျှောက်လုံးသတ်ဖြတ်လာကာ နတ်ဆိုးများအားလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့သည်။

စစ်သားများသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ချင်စစ်တပ်၏ တင်းကြပ်သောစည်းမျဉ်းများကြောင့် စစ်သားများကို ဖရိုဖရဲနေခွင့်မပြုသော်လည်း စစ်သားအများစုသည် သူတို့၏စိတ်နှလုံးသားများအတွင်းမှ စိတ်ခံစားချက်များကို ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ချေ။သူတို့သည် သူတို့၏ခေါင်းများကိုမော့ကာ မိုးကောင်းကင်ယံထံသို့ဦးတည်၍ အော်ဟစ်ကြုံးဝါးလိုက်ကြ၏။

ဝှစ်....

ဝိုင်အရက်အိုးတစ်လုံးက လုယွီ၏လက်အတွင်းသို့ ကျရောက်လာသည်။

လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်ရာ ဤသည်မှာ ချင်အင်ပါယာ၏သိုင်းပညာအင်မော်တယ်ဖြစ်သော မဟာစစ်ဗိုလ်ချုပ်မုန့်ရီဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။

"မင်းက တော်တော်လေးအရည်အချင်းရှိတယ်.... ဒါကြောင့် ငါတို့တွေ အချိန်တချို့ သက်သာသွားခဲ့တယ်"

မုန့်ရီက အပြုံးနှင့်ပြောဆိုသည်။

"ဒါဆိုရင် ငါက ဗိုလ်ချုပ်မုန့်ရဲ့ဝိုင်အရက်ကို မြည်းစမ်းကြည့်ပါရစေ"

လုယွီက ငြင်းဆန်ခြင်းမပြုချေ။သူသည် ဝိုင်အရက်အိုးကိုဖွင့်ကာ တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်၏။

ဤဝိုင်အရက်အိုးအတွင်းရှိ ဝိုင်အရက်များသည် ပူနွေးပြီးရနံ့မွှေးသည်။ထိုဝိုင်အရက်များသည် သူ၏လည်မြိုအတွင်းသို့ ဝင်ရောက်ပြီးနောက် အချိန်အတော်ကြာသည်အထိ ရစ်သိုင်းလွှမ်းခြုံနေသည်။လုယွီသည် သူ၏ခြေလက်များ ပူနွေးလာကာ သူ၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သောဆေးစွမ်းအားများ ရှိနေသည်ကို ခံစားမိလေ၏။

လုယွီ၏ ယခုလက်ရှိကျင့်ကြံဆင့်နယ်ပယ်ဖြင့် သူ မည်မျှထိ အရက်သောက်သည်ဖြစ်စေ မူးယစ်ရီဝေမည်မဟုတ်ချေ။သူသည် ဝိုင်အရက်အတွင်းတွင်ပါသော ဆေးဖက်ဝင်ပစ္စည်းများကြောင့် ထိတ်လန့်တုန်လှုပ်သွားသည်။

ဤဝိုင်အရက်အိုးအတွင်းတွင် အနည်းဆုံးအနေဖြင့် နှစ်တစ်သောင်းသက်တမ်းရှိကာ အရည်အသွေးကောင်းမွန်သော ဆေးပင်အမြောက်အ​များပါရှိသည်။ဤဝိုင်အရက်သည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများအတွက်ပင် ကြီးမားသောအကျိုးအာနိသင်ရှိပေ၏။

ဤအဆင့်ဆေးပင်များမှာ အလွန်ရှားပါးသည်။

ယခင်က လုယွီသည် မီဖေးကိုကုသခဲ့စဉ်၌ တော်ဝင်နန်းတော်မှနေ၍ နှစ်တစ်သောင်းသက်တမ်းရှိသော ဆေးပင်ပမာဏအနည်းငယ်ကို ယူဆောင်နိုင်ခဲ့သည်။

သို့ရာတွင် ဤရှေးဟောင်းခေတ်အချိန်ကာလအတွင်း၌ အဖိုးတန်ရှားပါးသောဆေးပင်အမြောက်အများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်သည်။ဤသည်ကြောင့် သူတော်စင်ဆေးလုံးများကို ဖန်းနန်းတော်၏နေရာအနှံ့အပြား၌ မြင်တွေ့ခဲ့ရခြင်းပင်။

ဖီးနစ်နတ်ဘုရားဆေးလုံး လိပ်နက်နတ်ဘုရားဆေးလုံးစသည့် နတ်ဘုရားဆေးလုံးများကို သန့်စင်နိုင်ရန်အလို့ငှာ လိုအပ်ချက်များသည် အလွန်မြင့်မားပေ၏။ဆေးပင်အမြောက်အများသည် အနာဂတ်ခေတ်ကာလတွင် မျိုးတုံးပျောက်ကွယ်သွားပြီဖြစ်ကာ ချင်အင်ပါယာအတွင်း၌မူ ထိုဆေးလုံးများကို သန့်စင်နိုင်သောအခွင့်အရေး အလွန်များပြားသည်။

"မဟာတံတိုင်းစစ်တပ်ရဲ့တိုက်ပွဲမှာ မင်းက ငါ့ကိုကူညီပြီးတော့ ငါ့ရဲ့အစ်ကိုကြီးအလောင်းကို မြှုပ်နှံ့ပေးခဲ့တယ်...ငါတို့မုန့်မိသားစုက မင်းကို အကြွေးတစ်ခု တင်နေခဲ့တယ်"

မုန့်ရီက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းရှိုက်လိုက်သည်။

"ဒီဝိုင်အရက်က ငါတို့မုန့်မိသားစုကို အရှင်ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတာပဲ...ဒီတစ်ကြိမ်မှာ ငါက အများကြီးယူမလာခဲ့မိဘူး...မင်း ငါတို့မုန့်မိသားစုကို ရောက်လာတဲ့အချိန်ကျရင် ငါကိုယ်တိုင် မင်းကို ပြုစုမယ်.."

မုန့်ထင်....

လုယွီ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။သူသည် မဟာတံတိုင်းရှေ့ရှိ ကြီးကျယ်ခမ်းနားသောပုံရိပ်ကို မှတ်မိပေ၏။

မုန့်ထင်သည် မဟာတံတိုင်းကို အခိုင်အမာကာကွယ်စောင့်ရှောက်ရင်း သေဆုံးသွားခဲ့ရသည်။

အဆုံးသတ်၌ သူသည် ချင်စစ်တပ်မှနေ၍ နတ်ဆိုးများ၏နယ်မြေကို ဖျက်ဆီးခဲ့သည့် အချိန်အခိုက်အတန့်ကို မြင်တွေ့နိုင်ခဲ့ခြင်းမရှိချေ။

'တကယ်လို့ မုန့်ထင် သေသွားခဲ့တယ်ဆိုရင် ငါကအချိန်နဲ့လေဟာနယ်ကို တကယ်ကြီးပြောင်းလဲခဲ့တာပဲ...ဒါပေမဲ့ အခုအချိန်မှာ ရှေးဟောင်းနတ်ဆိုးတွေ သေသွားမှတော့ ဘယ်လိုဖြစ်ပြီး နောင်အနာဂတ်မျိုးဆက်မှာ နတ်ဆိုးတွေ ဆက်ပြီး တည်ရှိနေတာလဲ"

လုယွီ၏စိတ်နှလုံးသား လေးလံသွားကာ သူသည် ပတ်ဝန်းကျင်ရှိ ဝမ်းသာအားရအော်ဟစ်သံများကို မကြားတော့ချေ။သူ့၏နတ်ဘုရားစိတ်အာရုံသည် အဝေးတစ်နေရာသို့ ကျရောက်သွားပေ၏။

ကျယ်ပြန့်သောကုန်းမြေပေါ်၌ မှုန်မှိုင်းသောအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"နတ်ဆိုးတွေဆီမှာ ငါတို့ကို ပြန်ပြီးတိုက်ခိုက်ဖို့ အင်အားရှိနေမှာကို ငါ စိုးရိမ်မိတယ်...မင်းတို့အားလုံး ဂရုစိုက်ကြပါ...."

လုယွီက သတိပေးသည်။

လုယွီသည် သိုင်းပညာအင်မော်တယ်များနှင့် တစ်တန်းတည်းရပ်တည်နိုင်ခဲ့သူဖြစ်သဖြင့် သူ၏စကားများသည် လူအများ၏စိတ်အာရုံကို ဆွဲဆောင်သွားနိုင်ပေ၏။

မုန့်ရီက ဇဝေဇဝါဖြင့်မေးမြန်းသည်။

"အဲ့ဒီနတ်ဆိုးဘိုးဘေးတွေက ထပ်ပြီးထွက်လာရဲမှာလား....တကယ်လို့ သူတို့ထွက်လာတယ်ဆိုရင်တောင် ငါတို့က သူတို့ကို သတ်ပစ်မယ်"

ဝုန်း....

ဗိုလ်ချုပ်မုန့်၏အသံ ပျက်ပြယ်သွားသောအချိန်မှာပင် မိုးကောင်းကင်ယံအတွင်း၌ ကျယ်လောင်သောတုန်ခါသံကြီးများ ရုတ်တရက် မြည်ဟီးလာသည်။

အဝေးတစ်နေရာရှိ အနက်ရောင်မြူခိုးများသည် အနည်းငယ်မျှ ပျက်ပြယ်မသွားရုံမက ပို၍ပင် ထူထပ်သိပ်သည်းလာသည်။

မိုးကောင်းကင်ယံအတွင်းတွင် လူသားမျက်နှာနှင့်မြင်းခန္ဓာကိုယ်ရှိသော ဧရာမနတ်ဆိုးသားရဲတစ်ကောင် ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်သည် အလွန်ကြီးမားကာ သူ၏အရှိန်အဝါသည် အဆုံးစွန်ဆုံးရောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းပေ၏။

Chapter 4305

ထိုနတ်ဆိုးသားရဲ၏ခန္ဓာကိုယ်ပေါ်တွင် ကျားတစ်ကောင်၏အစင်းကြောင်းများ ရှိနေသည်။သူ မတ်တတ်ရပ်လိုက်စဉ်တွင် သူ၏ခန္ဓာကိုယ်သည် တောင်တစ်လုံးစာပမာဏမျှ ကြီးမားပေ၏။

ဤသားရဲသည်လည်း နတ်ဆိုးဘိုးဘေးတစ်ယောက်ပင်။သို့ရာတွင် ထိုနတ်ဆိုးဘိုးဘေးသည် အစစ်အမှန်ပုံသဏ္ဍာန်သို့ ပြောင်းလဲထားသဖြင့် အမြင်အာရုံကို ကြီးမားသောသက်ရောက်မှု ရှိစေရုံသာမက သူ၏ခန္ဓာကိုယ်မှထုတ်လွှင့်ထားသည့် အကန့်အသတ်မရှိသော မှော်စွမ်းအားများသည်လည်း လူအများ၏စိတ်နှလုံးသားကို တုန်လှုပ်​ချောက်ချားသွားစေရန် လုံလောက်သည်။

ဤသည်မှာ နတ်ဆိုးဘိုးဘေးယင်ကျိုးပင်။

နတ်ဆိုဘိုးဘေးများအကြားတွင် သူ၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။သူ၏အဆင့်အတန်းသည် သာလွန်ထူးကဲရုံသာမက သူ၏ခွန်အားသည်လည်း ချွင်းချက်မရှိ နက်နဲသိမ်မွေ့သည်။

သို့ရာတွင် လူများအားလုံး၏မျက်လုံးအကြည့်များသည် ယင်ကျိုး၏ခန္ဓာကိုယ်တွင်မရှိဘဲ သူ၏ကျောပေါ်တွင်သာ ရှိနေသည်။

ယင်ကျိုး၏ကျောပေါ်တွင် လူဘီလူးကြီးတစ်ကောင် ထိုင်နေသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြေးနီရောင်ရှိကာ ထိုအရာပေါ်တွင် ခပ်ဖျော့​ဖျော့အလင်းအမှတ်အသားများ ရေးထွင်းထားသည်။သူ၏မျက်နှာအမူအယာသည် တင်းမာနေကာ သူ၏မျက်လုံးများအတွင်းမှ မှိန်ဖျော့​ဖျော့အလင်းတန်းများ ထုတ်လွှတ်ထားပြီး တစ်စုံတစ်ယောက်၏စိတ်နှလုံးသားကို ဖမ်းဆုပ်နိုင်သည့်အလားပင်။

နတ်ဆိုးဘိုးဘေးတစ်ကောင်၏ကျောပေါ်တွင် စီးနင်းခြင်းမှတဆင့် သူ့၏အဆင့်အတန်းကိုသက်သေပြရန် လုံလောက်သည်။

ဤလူဘီလူးကြီး ထွက်ပေါ်လာသောအချိန်တွင် ကောင်းကင်နှင့်မြေပြင်အကြားရှိ အနက်ရောင်မြူခိုးများသည် ယခင်ထက် ဆယ်ဆပို၍ ထူထပ်သိပ်သည်းသွားသည်။အကန့်အသတ်မရှိသော အနက်ရောင်မြူခိုးများသည် အပျက်အစီးများကို လွှမ်းခြုံသွားသဖြင့် လူအများသည် အဝေးရှိမြင်ကွင်းများကို မမြင်နိုင်တော့ချေ။

လူဘီလူးကြီး ထွက်ပေါ်လာသောအချိန်အခိုက်အတန့်တွင် လုယွီထံ၌ ဆိုးရွားသောခံစားချက်တစ်ခု ရှိနေသည်။

အကယ်၍ နတ်ဆိုးဘိုးဘေးတစ်ယောက် ရောက်ရှိလာလျှင်ပင် လုယွီသည် တစ်ဖက်ရန်သူ၏ခွန်အားကို ထွင်းဖောက်မြင်နိုင်ဆဲပင်။

သို့ရာတွင် ယင်ကျိုးကိုစီးနင်းထားသော လူဘီလူးကြီးကမူ ကွဲပြားခြားနားနေသည်။

လုယွီ၏စိတ်ဝိညာဉ်မှ စွမ်းအားဖြင့်ပင် တစ်ဖက်ရန်သူ၏ခွန်အားကို အချိန်တိုအတွင်းတွင် ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။သူသည် နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်သည့်တိုင် အဆုံးသတ်မရှိသော ပင်လယ်သမုဒ္ဒရာကြီးအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားမိသည်။

"အဲ့ဒီကောင်တွေက သေခြင်းနဲ့ရှင်ခြင်းကြားက ကွဲပြားခြားနားချက်ကို မသိဘူးပဲ...သူတို့က ဒီနေရာကိုလာပြီးတော့ သေလမ်းလာရှာဝံ့တယ်"

မုန့်ရီသည် အေးစက်စက်အော်ငေါက်ကာ သူ၏ဓားကိုဆုပ်ကိုင်၍ ရှေ့သို့တဟုန်ထိုးပြေးဝင်သွားသည်။

သူသည် လေထုအတွင်း၌ သက်တန့်တစ်စင်းအလား ပြောင်းလဲသွားကာ ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ သိုင်းပညာအင်မော်တယ်တစ်ယောက်၏ခွန်အား ပွင့်အံ့ထွက်လာသည်။ပြင်းထန်သောသွေးချီလှိုင်းများသည် မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားပေ၏။

"မုန့်ရီ...အဲ့ဒီနေရာကို မသွားနဲ့"

ဝမ်ကျင်းက အော်ဟစ်လိုက်သည်။

သို့ရာတွင် ဤသည်မှာ အလွန်နောက်ကျသွားလေပြီ။မုန့်ရီ၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် မြင့်မားနေသဖြင့် သူ၏အရှိန်နှုန်း အလွန်အမင်းလျှင်မြန်နေသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် လူဘီလူးကြီး၏ရှေ့သို့ ရောက်ရှိသွားပေ၏။

ထိုလူဘီလူးကြီးနှင့်နှိုင်းယှဉ်ပါက သူ၏ခန္ဓာကိုယ် အလွန်အမင်းသေးငယ်နေသည်။

သို့ရာတွင် မုန့်ချီ၏လက်အတွင်းမှ ထုတ်လွှတ်ထားသော ဓားချီလှိုင်းများသည် သာလွန်ထူးကဲကာ မီတာသုံးသောင်းကျော်ရှည်လျားသော ကြီးမားသည့်ဓားချီအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုဓားချီသည် လူဘီလူးကြီးနှင့် အရွယ်အစားခြင်း တူညီသောအဆင့်၌ ရှိနေသည်။

"သေစမ်း...."

မုန့်ရီက သူ၏ဓားကိုကိုဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန်ခုန်ပိုင်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ပင် လေထုကိုထွင်းဖောက်သွားသော အက်ကွဲသံများ ထွက်ပေါ်လာပေ၏။

လူဘီလူးကြီးသည် လေထုအတွင်း၌ တည်ငြိမ်သောမျက်နှာအမူအယာဖြင့် မောက်မာထောင်လွှားစွာ မတ်တတ်ရပ်နေသည်။သူသည် သူ၏ဧရာမလက်ကြီးကိုဆန့်တန်းကာ အောက်သို့ဖိနှိပ်လိုက်သည်။

သူ၏လက်အ​တွင်း၌ မရေမတွက်နိုင်သော မဟာတာအိုဥပဒေသများ ပါဝင်နေပုံပင်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းမှနေ၍ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာသည်။လေဟာနယ်သည် ဤလက်ဝါးရိုက်ချက်မှစွမ်းအားကို တောင့်ခံနိုင်ခြင်းမရှိသဖြင့် နောက်ထပ်အချိန်အခိုက်အတန့်တွင် ပျက်စီးသွားတော့မည့်အလားပင်။

အစွမ်းထက်သော သတ်ဖြတ်ခြင်းလှုပ်ရှားမှုနှစ်ခု ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်မိလေ၏။

ဘုန်း.....

ကျယ်လောင်သောအသံတစ်သံက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားကာ ပြင်းထန်သောလေလှိုင်းတစ်ရပ်က မိုင်ပေါင်းရာနှင့်ချီအကွာအဝေးထိ ဖြတ်သန်းတိုက်ခတ်သွားသည်။ထိုကြောင့် လေပြင်းများအောက်တွင် မရေမတွက်နိုင်သောစစ်ပွဲအလံများ လူးလွန့်သွားပေသည်။

လူများအားလုံး မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်ကြသည်။သူတို့၏သာမန်မျက်စိဖြင့် ​မြင်နိုင်သော အတိုင်းအတာအတွင်းတွင် ဧရာမလက်ကြီးကြောင့် မုန့်ရီ၏ဓားချီ ကြေမွှပျက်စီးသွားသည်ကို မြင်တွေ့မိသည်။မှော်စွမ်းအားများက အရပ်မျက်နှာအဘက်ဘက်၌ ပျံ့လွင့်နေကာ မုန့်ရီသည် တောင့်ခံနိုင်ခြင်းမရှိတော့ချေ။

"ဒါက...."

မုန့်ရီသည် လျှပ်စီးမိုးကြိုးဖြင့်ရိုက်ခတ်ခံရသည့်အလား ခံစားလိုက်ရသည်။သူသည် ကူကယ်ရာမဲ့စွာဖြင့် ကြက်သေသေသွားလေ၏။

သူသည်လည်း သိုင်းပညာအင်မော်တယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။အမှန်အားဖြင့် သူသည် နတ်ဆိုးဘိုးဘေးတစ်ယောက်ကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်သည်။

သို့ရာတွင် ဤလူဘီလူးကြီး တိုက်ခိုက်လိုက်သော အချိန်အခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး ပျက်စီးသွားတော့မည့်အလားပင်။ဤသည်ကြောင့် မုန့်ရီ ထုတ်လွှတ်လိုက်သောဓားချီသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မည်သည့်အရာမျှမရှိခဲ့သည့်အလား ပျောက်ကွယ်သွားသည်။

"သွားကြစို့...."

လုယွီက ရှေ့သို့ပျံသန်းကာ မုန့်ရီ၏ပခုံးကိုဖမ်းဆုပ်ပြီး သူ၏မူလနေရာသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

သူတို့နှစ်ယောက် ပျံသန်းသွားသောအချိန်မှာပင် ဧရာမလက်ကြီးသည် အစောပိုင်းက သူတို့ရှိနေခဲ့သောနေရာသို့ ကျရောက်သွားသည်။

မြေပြင်အက်ကွဲသွားကာ မိုးကောင်းကင်ယံကြီး တုန်ခါသွားပြီး နက်ရှိုင်းသောအက်ကွဲကြောင်းများက ပင့်ကူအိမ်များအလား ပျံ့နှံ့သွားသည်။

ဝုန်း....ဝုန်း....

မြေပြင်တပြင်လုံး တုန်ခါသွားကာ ဤအဆင့်တိုက်ခိုက်သည် အလွန်ပြင်းထန်သောကြောင့် ချင်စစ်တပ်ကြီးထံသို့ သက်ရောက်လာခဲ့သည်။

Thank For Reading.

All Chapters