အခန်း (၄၃၁၆-၄၃၂၀)
Vol. 219 Ch. 4316-4320
Chapter 4316
စွန့်ပစ်နယ်မြေ၏အထက်တွင် အဝါရောင်သဲများ မြင့်တက်နေသည်။
တဟူးဟူးတိုက်ခတ်နေသော လေပြင်းများသည် သူရဲကောင်းတစ်ယောက် ကြွေလွင့်သွားသည့်အတွက် ကြွေကွဲဝမ်းနည်းဖွယ်သီချင်းတစ်ပုဒ်ကို သီဆိုနေသည့်အလားပင်။
လုယွီ၏စိတ်နှလုံးသားအတွင်း၌ ကြေကွဲဝမ်းနည်းမှုကို ခံစားနေရသည်။သူသည် ကူကယ်ရာမဲ့စွာဖြင့် ရှေ့သို့လျှောက်လှမ်းသွားကာမိုးကောင်းကင်ယံအတွင်းရှိ ပုံရိပ်ကြီးကိုကြည့်ပြီး ပြောဆိုလိုက်သည်။
"စီနီယာ...ငါ့မှာ ယင်ယန်ကျမ်းစာရှိတယ်...ငါက အချိန်နဲ့လေဟာနယ်ကို ဖြတ်သန်းသွားနိုင်တယ်... ငါတို့တွေ အတိတ်ကိုပြန်သွားပြီးတော့ အစီအစဉ်တချို့ကို လုပ်ကြမလား"
လူသားဧကရာဇ်က သူ၏ခေါင်းကိုခါပြပြီး တုံ့ပြန်ပြောဆိုသည်။
"ဒီယင်ယန်ကျမ်းစာက ကျမ်းစာတစ်ခုမဟုတ်ဘူး...လေဟာနယ်ကူးပြောင်းရေး အဆောင်လက်ဖွဲ့ကြီးတစ်ခုပဲ...ငါက ဒီနေရာမှာ လေဟာနယ်အမှတ်အသားတစ်ခုကို ချထားခဲ့တာကြောင့် မင်း လာနိုင်ခဲ့တာ...အခုအချိန်မှာ ယင်စာမျက်နှာနဲ့ယန်စာမျက်နှာကို အသုံးပြုပြီးပြီ...ဒါကြောင့် အဲ့ဒီအဆောင်လက်ဖွဲ့ရဲ့အာနိသင်ကုန်သွားပြီ"
ဤစကားတစ်ခွန်းဖြင့် သူသည် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်၏။
လုယွီက ချက်ချင်းနားလည်သဘောပေါက်သွားသည်။သူသည် ယင်ယန်ကျမ်းစာကို ဖတ်ခဲ့သည့်တိုင် ကျမ်းစာမှစာလုံးများကို မှတ်မိခြင်းမရှိသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ယခုကြည့်ကြည့်တော့မှ ထိုစာလုံးများသည် တစ်စုံတစ်ယောက်ဖတ်ရန် ရည်ရွယ်ထားသောအရာများ မဟုတ်ချေ။
ဒဏ္ဍာရီလာယင်ယန်ကျမ်းစာသည် အချိန်နှင့်လေဟာနယ်ကိုဖြတ်သန်းကာ အတိုင်းအဆမရှိတန်ဖိုးကြီးသည်။သို့ရာတွင် ဤသည်မှာ တစ်ကြိမ်သုံးနည်းစနစ်တစ်ခုဟုသာ ပြောဆိုနိုင်ပြီး ကောင်းကင်ဘုံကိုဖီဆန်နိုင်သော အကျိုးအာနိသင်မျိုး ရှိမနေချေ။
လုယွီသည် ဖန်းနန်းတော်၌ ရင်ဆိုင်ကြုံတွေ့ခဲ့ရသောမြင်ကွင်းကို ရုတ်တရက် သတိရသွားပေ၏။နေမင်းကြီးထွက်ပေါ်လာချိန်နှင့်နေဝင်သွားချိန်တိုင်းတွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ အပြောင်းအလဲများစွာ ဖြစ်ပွားသွားခဲ့သည်။ဤသည်မှာ ယင်ယန်ကျမ်းစာ၏သက်ရောက်မှုကြောင့် ဖြစ်နေမည်အား သူ စိုးရိမ်မိသည်။
ယန်စာမျက်နှာထွက်ပေါ်လာချိန်တွင် သူသည် မဟာတံတိုင်း၏နံဘေးသို့ ရောက်ရှိသွားကာ မုန့်ထင်နှင့်ဘေးခြင်းယှဥ်၍ တိုက်ခိုက်ခဲ့ရသည်။ယင်စာမျက်နှာ ထွက်ပေါ်လာချိန်တွင် သူသည်ကောင်းကင်ဘုံနန်းတော်၏ အပျက်အစီးများအတွင်းသို့ ရောက်ရှိသွားကာ နတ်ဆိုးနယ်မြေအတွင်းရှိ ချင်စစ်တပ်နှင့် တိုက်ခိုက်ခဲ့ရလေ၏။
'လူသားဧကရာဇ်က ကင်းလှည့်နေရင်း သေဆုံးသွားခဲ့တယ်...."
လုယွီက ရုတ်တရက် သမိုင်းမှတ်တမ်းအတွင်းရှိ စာကြောင်းတစ်ကြောင်းကို အမှတ်ရသွားသည်။ သူ၏စိတ်နှလုံးသားအတွင်းရှိ ကြေကွဲဝမ်းနည်းမှုများ ကြီးထွားလာပေ၏။
လူသားဧကရာဇ်သည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံး၏ကောင်းကျိုးအတွက် သူ၏သွေးခန္ဓာကိုယ်ကို လောင်ကျွမ်းခဲ့သည်။သူသည် နောက်ဆုံး၌ နတ်ဆိုးများအားလုံးကို ချိတ်ပိတ်ခဲ့သော်လည်း ရလဒ်သည် အားရကျေနပ်ဖွယ်မရှိချေ။မည်သူတစ်ဦးတစ်ယောက်ကမျှ လူသားဧကရာဇ်၏စွန့်လွှတ်အနစ်နာခံမှုကို အမှတ်မရတော့ချေ။မည်သူတစ်ဦးတစ်ယောက်ကမျှ ကြီးကျယ်ခမ်းနားသော ရှေးဟောင်းအင်ပါယာကြီးကို မမှတ်မိတော့ချေ။ချင်အင်ပါယာ၏သမိုင်းဝင်အကြွင်းအကျန်များပင်လျှင် အပျက်အစီးများအဖြစ်သို့ လုံးလုံးလျားလျား ပြောင်းလဲသွားလေပြီ။
"တကယ့်ကို တခြားနည်းလမ်း မရှိတော့တာလား"
လုယွီက မေးမြန်းသည်။
"မူလဘူတခေတ်ရဲ့ရှေးဟောင်းသက်ရှိတွေက မင်း တွေးထင်ထားတာထက် ပိုပြီးသန်မာအားကောင်းတယ်....တကယ်လို့ ငါ ခန့်မှန်းတာမမှားဘူးဆိုရင် ကောင်းကင်ဘုံဧကရာဇ်ကလည်း အဲ့ဒီသက်ရှိရဲ့လက်ထဲမှာ သေသွားတာပဲဖြစ်မယ်"
လူသားဧကရာဇ် တုံ့ပြန်အဖြေပေးသည်။
ကောင်းကင်ဘုံနယ်မြေ မည်သည်ကြောင့် ပြိုလဲပျက်စီးသွားခဲ့သည်ကို မည်သူတစ်ဦးတစ်ယောက်မျှ မသိချေ။ဤသည်မှာ ကောင်းကင်ဘုံနန်းတော်အတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများအားလုံး ညတွင်းချင်း သေဆုံးသွားသည့်အလားပင်။
လူသားဧကရာဇ်သည် ရုတ်တရက် လုယွီကိုစူးစိုက်ကြည့်ပြီး ပြောဆိုလေ၏။
"နောင်အနာဂတ်မျိုးဆက်တွေမှာ ရှေးဟောင်းခေတ်ရဲ့သက်ရှိတွေ လွတ်ထွက်လာနိုင်တယ်...ငါက မင်းကို လက်တစ်ဖက်ငှားပြီးတော့ ကူညီပေးမယ်....မင်း သိုင်းပညာအင်မော်တယ်တစ်ယောက် ဖြစ်လာဖို့အတွက် မင်းရဲ့အတားအဆီးတွေကို ငါ ချိုးဖျက်ပေးမယ်....နောင်အနာဂတ်မျိုးဆက်တွေရဲ့လမ်းကြောင်းက မင်းပေါ်မှာ မူတည်တယ်"
ဤအချိန်အခိုက်အတန့်တွင် လူသားဧကရာဇ်၏ပုံရိပ်ယောင် အလွန်အမင်းမှေးမှိန်နေလေပြီ။
လူသားဧကရာဇ်သည် သူ ကြွေလွင့်ရတော့မည်ကို သိရှိထားသဖြင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။ သူသည် သူ၏နောက်ဆုံးလက်ကျန်ခွန်အားအနည်းငယ်ကို အသုံးပြု၍ လုယွီအား သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်နိုင်ရန် ကူညီပေးလိုသည်။
လုယွီ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် လူသားဧကရာဇ်က သူ၏လက်ဝါးဖြင့် လုယွီ၏နဖူးကိုဖိနှိပ်လိုက်သည်။ကိုးရောင်ခြယ်အလင်းတန်းများသည် လုယွီ၏ခေါင်းအတွင်းသို့ ဝင်ရောက်သွားပေ၏။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ အတားအဆီးများအနက်မှတစ်ခု ကျိုးပျက်သွားသည်။သူ၏သွေးချီများသည် နဂါးတစ်ကောင်အလား ပွင့်အံ့ထွက်လာကာ တိမ်တိုက်များအကြားသို့ ပျံ့လွင့်သွားသည်။
"ငါက ခွေးကောင်လေးကောင်ရဲ့စိတ်ဝိညာဉ်ကိုအသုံးပြုပြီးတော့ မင်းရဲ့ဖျက်ဆီးလို့မရနိုင်တဲ့ရုပ်ခန္ဓာကိုယ်ကို တည်ဆောက်ပေးမယ်"
လူသားဧကရာဇ်က သူ၏လက်ကိုဆန့်တန်းကာ ဖမ်းဆုပ်လိုက်၏။သူသည် နတ်ဆိုးဘိုးဘေးအထွတ်အထိပ်အဆင့်လေးယောက်၏ စိတ်ဝိညာဉ်များကိုဖမ်းဆုပ်ကာ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။
ဟွင်းသွမ်း ထောင်ကျဲ ချောင်းချီ ထောင်ဝူ...
ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဥ်များမှနေ၍ အကန့်အသတ်မရှိသော စွမ်းအားများကိုထုတ်လွှတ်ထားကာ လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများကို အဆများစွာမြင့်တက်သွားစေသည်။
လုယွီသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန်အတွက် ခြေတစ်လှမ်းစာလိုအပ်နေဆဲပင်။သူ ပြင်းပြင်းထန်ထန်ကြိုးစားလျှင်ပင် ထိုကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ရန်အတွက် အနည်းဆုံးအနေဖြင့် နှစ်အနည်းငယ်လိုအပ်သည်။
လူသားဧကရာဇ်သည် လုယွီကို ကူညီပေးလိုရုံသာမက သူ့အား ပြီးပြည့်စုံခြင်းအဆင့်ထိရောက်အောင် တွန်းပို့ပေးလိုခဲ့သည်။
လူသားဧကရာဇ်၏ပုံရိပ်ယောင်က တစတစပို၍မှေးမှိန်လာသည်။သူသည် ရုတ်တရက် ချောင်းတဟွတ်ဟွတ်ဆိုးကာ သူ၏ပါးစပ်မှ သွေးအမြောက်အများ အန်ထွက်လာသည်။ သူ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်မှ တောက်ပမှုများ ပျောက်ဆုံးသွားလေ၏။
"ဒါက ဒီဧကရာဇ် ကျင့်ကြံခဲ့တဲ့ ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ပဲ...ဒါကို ဘိုးဘေးနဂါးနည်းစနစ်လို့ ခေါ်တယ်...ဒီနည်းစနစ်က ကံကြမ္မာစွမ်းအားတွေကို အသုံးပြုပြီးတော့ အစစ်အမှန်နဂါးစွမ်းအားကို ခန္ဓာကိုယ်ထဲမှာ ပြုစုပျိုးထောင်ရမယ်...ငါက ဒီနည်းစနစ်ကို မင်းဆီ လက်ဆင့်ကမ်းပေးမယ်"
လူသားဧကရာဇ်သည် ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ လုယွီ၏နဖူးကို လက်ညှိုးညွှန်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်တန်းက လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပေ၏။
Chapter 4317
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကြီးမားကျယ်ပြန့်ပြီး မြင့်မြတ်သော ကျမ်းစာစာလုံးများက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ဤကျမ်းစာသည် ရှုပ်ထွေးပြီးနက်နဲသိမ်မွေ့ကာ လောကကြီးအတွင်းရှိ မဟာတာအို၏အထွတ်အမြတ်အရှိန်အဝါကို မှတ်တမ်းတင်ထားသည့်အလားပင်။
"အခြေခံအုတ်မြစ်အနေနဲ့ အင်ပါယာတစ်ခုကိုအသုံးပြုပြီးတော့ ကောင်းကင်နဲ့မြေပြင်အကြားက ကံကြမ္မာစွမ်းအားတွေကို စုစည်းရမယ်... ခန္ဓာကိုယ်ထဲမှာ အစစ်အမှန်နဂါးစွမ်းအားတွေကို မွေးမြူရမယ်...တကယ်လို့ အင်ပါယာပျက်စီးသွားတယ် ဆိုရင်တောင် စိတ်ဝိညာဥ်မပျက်စီးသရွေ့ ထာဝရရှင်သန်နိုင်လိမ့်မယ်"
ရှေးဟောင်းစာကြောင်းများသည် သူ၏မျက်လုံးအတွင်းသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။ပထမဆုံးစာကြောင်းထွက်ပေါ်လာချိန်တွင် အဓိကအချက်ကိုထောက်ပြထားကာ အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသည်။
"အင်ပါယာတစ်ခုကို ဖန်တီးရမယ်...ကံကြမ္မာစွမ်းအားတွေကို ရယူရမယ်...ထာဝရအသက်ကိုရနိုင်တယ်...ဒါက ဧကရာဇ်တွေရဲ့နည်းလမ်းမဟုတ်လား"
လုယွီသည် တာယွီအင်ပါယာ၏အုပ်ချုပ်သူအရှင်ရာထူးကို ရရှိထားခဲ့သည်။ထိုကြောင့် သူရရှိသော ကံကြမ္မာစွမ်းအားများသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို ကူညီထောက်ပံ့ပေးကာ သူ၏ခွန်အားကို အလွန်အမင်းမြင့်တက်သွားစေသည်။
သို့ရာတွင် သူ မည်မျှထိပြင်းပြင်းထန်ထန်ကျင့်ကြံသည်ဖြစ်စေ နတ်ဘုရားပစ္စည်းများကိုသူ မည်မျှထိ ရှာဖွေတွေ့ရှိသည်ဖြစ်စေ အဆင့်မြင့်အရာရှိများနှင့်သူ့အကြားရှိ ကံကြမ္မာစွမ်းအားကွာဟချက်ကို ဖြည့်တင်း၍မရချေ။
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများ အကန့်အသတ်အဆင့်ထိ သိပ်သည်းသွားသည်ကို ခံစားမိသည်။သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်းများအားလုံးအတွင်း၌ စွမ်းအားများဖြင့်ပြည့်နှက်နေကာ အတားအဆီးနေရာသို့ ရောက်ရှိလုဆဲဆဲ ဖြစ်နေလေပြီ။
သူ၏အနက်ရောင်ဆံပင်များ ပြေလျော့နေကာ သူ၏ဝတ်စုံသည် လေထုအတွင်း၌ လူးလွန့်နေပေ၏။သူ၏ခန္ဓာကိုယ်မှ ထူထပ်သိပ်သည်းသောသွေးချီများသည် နဂါးများအသွင်ပြောင်းလဲကာ မိုးကောင်းကင်ယံထံသို့ဦးတည်၍ ဟိန်းဟောက်နေသည်။
အထွတ်အထိပ်အဆင့် နတ်ဆိုးဘိုးဘေး လေးယောက်၏စိတ်ဝိညာဥ်များသည် အလွန်များပြားသော စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားကာ လုယွီ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ဆေးကြောသန့်စင်နေသည်။
ခရက်....ခရက်...ခရက်...
လုယွီ၏ခန္ဓာကိုယ်မှနေ၍ အရိုးအက်ကွဲသည့်အသံများ ဆက်တိုက်ထွက်ပေါ်နေသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးသည် အက်ကွဲခြင်းနှင့်ပြန်လည်တည်ဆောက်ခြင်းဖြစ်စဉ်ကို ကျော်ဖြတ်နေရလေ၏။
သူ၏သေမျိုးခန္ဓာကိုယ်ကိုစွန့်ပစ်ကာ အင်မော်တယ်တစ်ယောက်ဖြစ်လာပြီး သိုင်းပညာလမ်းကြောင်းမှတဆင့် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်နိုင်ပေမည်။ဤသည်ကြောင့် နာကျင်မှုများကို သူ တောင့်ခံရပေမည်။
လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ တောက်ပသောအလင်းတန်းများ ဖြာထွက်နေကာ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များကလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ ချီလင်တကောင် လှည့်ပတ်ပျံသန်းနေကာ အရောင်အသွေးစုံသောမြူခိုးများက မိုးကောင်းကင်ယံထံသို့မြင့်တက်သွားပြီး ဤသည်မှာ သေမျိုးတစ်ယောက်သည် အင်မော်တယ်နယ်မြေသို့ တက်လှမ်းသွားသည့်အလားပင်။
လူသားဧကရာဇ်ကဲ့သို့ပင် လုယွီ၏ခန္ဓာကိုယ်သည်လည်း သွေးများဖြင့်စိုစွတ်နေသဖြင့် သူသည် 'သွေးလူသား'တစ်ယောက်အသွင်သို့ ပြောင်းလဲနေပေ၏။
ဤကဲ့သို့နာကျင်မှုမျိုးမှာ အလွန်အမင်းပြင်းထန်သည်။ထိပ်သီးအစွမ်းထက်ကျင့်ကြံသူအများစုပင်လျှင် ဤနာကျင်မှုကို တောင့်ခံနိုင်မည်မဟုတ်ချေ။သူတို့သည် ဤနာကျင်မှုကြောင့် ရူးသွပ်သွားပေမည်။
သို့ရာတွင် လုယွီသည် ဤနာကျင်မှုကို အတင်းအကြပ်ဖိအားပေး၍ တောင့်ခံနေသည်။သူသည် မျက်တောင်တစ်ချက်ပင် မခတ်ချေ။
အတိတ်ဘဝတွင် သူသည် သွေးပင်လယ်ကြီးနှင့်အလောင်းတောင်ကြီးအတွင်းမှ လျှောက်လှမ်းထွက်လာခဲ့သူပင်။သူသည် အခက်အခဲများနှင့်စမ်းသပ်မှုများကို မရေမတွက်နိုင်အောင် ဖြတ်ကျော်ခဲ့ရသဖြင့် ဤကဲ့သို့နာကျင်မှုမျိုးကို တောင့်ခံနိုင်စွမ်းရှိသည်။
ပထမဆုံးအနေဖြင့် လုယွီ၏လက်နှစ်ဖက်သည် ပြီးပြည့်စုံစွာ အသွင်ပြောင်းလဲပြီးလေပြီ။
အသစ်တဖန်ပေါက်ဖွားလာသော လက်များ၏အရိုးများတွင် ရွှေရောင်အလင်းတန်းများတောက်ပနေသည်။ထိုအရိုးများပေါ်၌ ထူထပ်သိမ်းသည်းစွာ ရေးထွင်းထားသော သင်္ကေတအက္ခရာများရှိနေသည်။ထိုအရိုးများကိုကြည့်ရသည်မှာ ပြေပြစ်ချောမွေ့နေပြီး နှိုင်းယှဉ်ပြစရာမရှိသည့်အထိ မာကျောသည်။
ဤသည်မှာ အစစ်အမှန်အင်မော်တယ်အရိုးပင်။ လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိလာချိန်တွင် ခန္ဓာကိုယ်ထိန်းညှိခြင်းကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ဤတစ်ကြိမ်တွင် သူ ယခင်ထက်ပို၍ သန်မာလာခဲ့သည်။
လူသားဧကရာဇ်မှ ထုတ်လွှတ်ထားသည့် အကန့်အသတ်မရှိသောသွေးချီများသည် လုယွီ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ စုဝေးနေပေ၏။
သူ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးကို အဆက်မပြတ်ထိန်းညှိနေကာ အရိုးတစ်ချောင်းခြင်းစီထံမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပြီး ဖျက်ဆီး၍မရနိုင်ချေ။
ဖူး....
ထိုအချိန်မှာပင် လုယွီ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူ၏ခန္ဓာကိုယ် တုန်ရီစပြုလာသည်။
သူသည် ဘိုးဘေးနဂါးနည်းစနစ်ကို လှည့်ပတ်လိုက်သော်လည်း ကံဆိုးစွာဖြင့် သူ၏ကံကြမ္မာစွမ်းအားများသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ သူ ချိုးဖျက်ဝင်ရောက်ရန်အတွက် မလုံလောက်ခဲ့ချေ။
ဘိုးဘေးနဂါးနည်းစနစ်ကို ကျင့်ကြံရန်အတွက် လိုအပ်ချက်များသည် အလွန်အမင်းမြင့်မားပေ၏။ဤသည်မှာ ဧကရာဇ်များသာ ကျင့်ကြံနိုင်သည့် နည်းစနစ်တစ်ခုအလားပင်။လုယွီသည် ဒုတိယအဆင့်အမတ်ကြီးဖြစ်သော အုပ်ချုပ်သူအရှင်တစ်ယောက်ဖြစ်သည့်တိုင် သူ့ထံတွင် လုံလောက်သောကံကြမ္မာစွမ်းအား မရှိချေ။
"ဒါက နောက်ဆုံးအဆင့်ပဲ"
ဧကရာဇ်၏မျက်လုံးအတွင်း၌ တည်ကြည်လေးနက်မှု အရိပ်အယောင်များ ထင်ဟပ်နေသည်။သူသည် ရုတ်တရက် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကို ကိုင်မြှောက်ကာ လုယွီ၏လက်အတွင်းသို့ ထည့်ပေးလေ၏။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ပေါ်ရှိ ရွှေရောင်နဂါးသည် ရုတ်တရက် လေထုအတွင်းသို့မြင့်တက်သွားကာ လုယွီကို လှည့်ပတ်၍ပျံသန်းနေသည်။အားကောင်းသောကံကြမ္မာစွမ်းအားများက ရုတ်တရက် လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။
ဤကံကြမ္မာစွမ်းအားများသည် ချင်အင်ပါယာ၏ အိမ်ရှေစံမင်းသားနှင့်စစ်ဗိုလ်ချုပ်များအားလုံးထက် သာလွန်သည်။
ဤသည်မှာ ဧကရာဇ်၏ကံကြမ္မာစွမ်းအားပင်။
ဤသည်မှာ မိုးကောင်းကင်ယံအောက်ရှိ သေမျိုးလူသားများအားလုံးမှ ထာဝရအသက်ရှည်ပါစေဟု ဆုတောင်းပေးနေသော ဧကရာဇ်၏ကံကြမ္မာပင်။
တလိမ့်လိမ့်စီးဆင်းနေသော ကံကြမ္မာစွမ်းအားများသည် ရွှေရောင်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲကာ လုယွီ၏ခန္ဓာကိုယ်အတွင်း၌ ပြည့်နှက်သွားသည်။ဘိုးဘေးနဂါးနည်းစနစ်သည်လည်း အလွန်အမင်းလျှင်မြန်သော အရှိန်နှုန်းဖြင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်လုနီးပါးပင်။
"နောင်အနာဂတ်မှာ ချင်အင်ပါယာရဲ့ကံကြမ္မာက မင်းရဲ့လက်ထဲကို ရောက်သွားပြီ"
လူသားဧကရာဇ်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်၏။
ညကောင်းကင်ယံသည် အထီးကျန်ဆန်ပြီး လရောင် အေးစက်နေသည်။
"ဖြစ်နိုင်တာတော့ နောင်အနာဂတ်ကျရင် အကန့်အသတ်မရှိကျယ်ပြန့်တဲ့ မိုးကောင်းကင်ယံမှာ ငါတို့ချင်အင်ပါယာရဲ့လမင်းကြီး ပြန်ပြီးတောက်ပနိုင်လိမ့်မယ်"
Chapter 4318
အေးစက်စက်လေပြင်းတစ်ရပ်က လုယွီ၏ခန္ဓာကိုယ်ကို ဖြတ်သန်းတိုက်ခတ်နေသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏ခန္ဓာကိုယ် တောက်ပနေကာ သူ၏ခန္ဓာကိုယ်အရေပြားနံဘေးပတ်လည်တွင် အလင်းလွှာတစ်လွှာရှိနေသည်။သူ၏ခန္ဓာကိုယ်မှနေ၍ အင်မော်တယ်ဖိအားအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာပေ၏။
လုယွီက သူ၏မျက်လုံးကိုဖွင့်လိုက်ရာ အေးစက်စက်အလင်းတန်းတစ်တန်း ဖြာထွက်လာသည်။ဤသည်မှာ သူ၏မျက်လုံးတစ်စုံအတွင်း၌ ထက်ရှသောဓားနှစ်လက် ရှိနေသည့်အလားပင်။လူအများစုသည် သူ၏မျက်လုံးကို စေ့စေ့ကြည့်နိုင်ရန် အလွန်ခက်ခဲပေမည်။
သူ၏ရှေ့၌ ပိန်းပိတ်သည်အထိ မှောင်မည်းနေသော နန်းတော်ကြီးတစ်ခု ရှိနေသည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏အလောင်းမှ ကြွင်းကျန်ခဲ့သော သွေးများသည်လည်း တဖြည်းဖြည်းခန်းခြောက်သွားကာ နန်းတော်၏ကြမ်းခင်းကျောက်ပြားများပေါ်တွင် အစွန်းအထင်းများသာ ကျန်ရစ်ခဲ့သည်။
ယင်ယန်ကျမ်းစာ တဖန်ပြန်၍လည်ပတ်သွားချိန်၌ လုယွီသည် ပင်မလောကကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာလေပြီ။
"လူသားဧကရာဇ် ယင်ကျန်း...."
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
ဤအဖိုးတန်သောအတွေ့အကြုံများသည် သူ့အတွက် အိပ်မက်တစ်ခုအလားပင်။သို့ရာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပြည့်နှက်နေသော ပြင်းထန်သည့်အားလှိုင်းများမှတဆင့် ဤသည်မှာ အိပ်မက်တစ်ခုမဟုတ်ခဲ့ကြောင်း ပြသနေသည်။
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်း၌ အစစ်အမှန်နဂါးတစ်ကောင် ကိန်းအောင်းနေသည့်အလား ခံစားမိလေ၏။ဤခွန်အားသည် အကန့်အသတ်မဲ့ကျယ်ဝန်းသော ပင်လယ်သမုဒ္ဒရာကြီးတစ်စင်းအလားပင်။
ဤကဲ့သို့စွမ်းအားမျိုးကို သူသည် သိုင်းပညာသူတော်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည့်တိုင် ယခင်က တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိချေ။
ကောင်းကင်နှင့်မြေပြင်သည် အလွန်ကြီးမားကျယ်ပြန့်သော်လည်း သိုင်းပညာအင်မော်တယ်တစ်ယောက် ဖြစ်လာသောကြောင့် လောကကြီးအတွင်းရှိ အရာရာတိုင်းသည် သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည့်အလားပင်။
ဤသည်မှာ သိုင်းပညာအင်မော်တယ် မဟာအောင်မြင်မှုအဆင့်ပင်။
ရုပ်ခန္ဓာကိုယ်နယ်ပယ်အရ လုယွီသည် ယခုလက်ရှိချိန်တွင် အတိတ်ရှိ ဝမ်ကျင်းနှင့် တူညီသောအဆင့်၌ ရှိနေလေပြီ။
အကယ်၍ လုယွီသည် မြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် ထပ်မံ၍ရင်ဆိုင်ရလျှင်ပင် သူ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ပေမည်။
လူသားဧကရာဇ်သည် သူ စိတ်ကူးပင်ယဥ်မကြည့်ခဲ့ဖူးသော နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။သူသည် နတ်ဆိုးဘိုးဘေးလေးယောက်၏စိတ်ဝိညာဥ်များကို အသုံးပြုကာ လုယွီ၏ခွန်အားကို မြှင့်တင်ပေးခဲ့သည်။ထို့ပြင် သူသည် လုယွီကို ချင်အင်ပါယာ၏နန်းမွေအား ဆက်ခံစေကာ ကံကြမ္မာစွမ်းအားများဖြင့် ကူညီထောက်ပံ့ပေးခဲ့သည်။ယခုချိန်၌ လုယွီသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ရုံသာမက သူ့၏ခွန်အားသည် ယခင်ထက် အဆများစွာ မြင့်တက်သွားလေပြီ။ သူသည် အလွန်အမင်းအစွမ်းထက်သော အဆင့်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ဤသည်မှာ မျိုးစေ့တစ်စေ့မှနေ၍ အပင်ပေါက်ဖြစ်အောင် ဆွဲထုတ်သည့်နည်းစနစ်နှင့် တူညီကာ လုယွီကို အချိန်တိုအတွင်း၌ ခွန်အားများ အလျှင်အမြန်မြင့်တက်သွားစေသည်။
သိုင်းပညာအင်မော်တယ် မဟာအောင်မြင်မှုအဆင့် ကျင့်ကြံသူတစ်ယောက်သည် တာအိုသခင်နယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဥ်ပြိုင်နိုင်ပေ၏။
အတိတ်ဘဝတွင် လုယွီသည် နာကြည်းမုန်းတီးစွာဖြင့် သေဆုံးခဲ့ရသည်။သူသည် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏ရန်သူများကို လက်စားချေနိုင်မည့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခဲ့မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားမိခြင်းမရှိချေ။
သို့ရာတွင် လုယွီသည် ပျော်ရွှင်မှုကို အနည်းငယ်မျှ မခံစားရပေ။ထိုအစား သူ၏စိတ်နှလုံးသားအတွင်းမှ တစ်စုံတစ်ခုပျောက်ကွယ်သွားသကဲ့သို့ သူ ခံစားမိလေ၏။
"အဲ့ဒီခေတ်ကာလအတွင်းမှာ လူသားဧကရာဇ်က ဘာလို့ လေဟာနယ်အမှတ်တစ်ခုကို ချန်ထားခဲ့တာလဲ...သူက ငါ အဲ့ဒီနေရာကို ရောက်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းထားတာလား"
လုယွီက သူ၏မျက်လုံးကိုစုံမှိတ်ကာ ထိုကိစ္စများကို ပြန်လည်၍စဉ်းစားတွေးတောလိုက်သည်။
သူ၏ခေါင်းကို ရစ်သိုင်းလွမ်းခြုံထားသော မြူခိုးအလွှာတစ်လွှာရှိနေကာ ပျက်ပြယ်သွားခြင်းမရှိဟု သူ အစဉ်အမြဲခံစားနေရသည်။
မိုးနှင့်မြေသည် လှောင်ပိတ်မိနေကာ သက်ရှိများအားလုံးသည် သားကောင်များအလားပင်။
လုယွီသည် လောကကြီး၏ထောင့်တစ်နေရာ၌ ပုန်းအောင်းနေသည့် သမိုင်းဖြစ်စဉ်များကို သိရှိခဲ့ရသည်။အတိတ်တွင် သူသည် မူလဘူတခေတ်မှသက်ရှိများနှင့် ပတ်သက်ပြီး မသိရှိခဲ့ချေ။
သူ၏အတိတ်ဘဝမှ မှတ်ဥာဏ်များသည်လည်းသူ့အား မည်သည့်အကူအညီမျှ ထောက်ပံ့မပေးနိုင်တော့ချေ။ဤဘဝတွင် သူသည် မှန်ကန်သောလမ်းကြောင်းကိုရှာဖွေ၍ လျှောက်လှမ်းရန်လိုအပ်သည်။
ဝေါင်း....
လုယွီသည် ကျောက်စိမ်းစည်းတံဆိပ်ကိုကိုင်လိုက်ချိန်၌ ထိုအရာအတွင်းမှနေ၍ နဂါးတစ်ကောင်၏ဟိန်းသံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်၏အတွင်း၌ ခါးလယ်မှပြတ်တောက်နေသော နဂါးစိတ်ဝိညာဥ်တစ်ကောင်၏ဝိုးတဝါးပုံရိပ်ရှိနေသည်။
ချင်အင်ပါယာ၏ကံကြမ္မာသည် ရှေးဟောင်းခေတ်ကာလအတွင်း၌ ပြတ်တောက်သွားလေပြီ။ထိုကြောင့် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်တွင် အတိတ်ရှိ ချင်အင်ပါယာ၏စွမ်းအားမှ အနည်းစုကိုသာ ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။
သို့ရာတွင် ဤနဂါးသွေးကြော၌ စွမ်းအားအနည်းငယ်သာ ကျန်ရှိသည့်တိုင် သူ၏ခေါင်းကိုမော့၍ မိုးကောင်းကင်ယံထံသို့ဦးတည်ပြီး ဟိန်းဟောက်နေကာ အရှုံးပေးအညံ့ခံခြင်းမရှိချေ။
လုယွီသည် ရုတ်တရက် ဖန်းနန်းတော်အတွင်းရှိ ကြီးမားသောကျောက်တုံးကြီးပေါ်၌ သူ မြင်တွေ့ခဲ့ရသည့်မြင်ကွင်းကို အမှတ်ရသွားသည်။ထိုကျောက်တုံးကြီးပေါ်တွင် သင်္ကေတအက္ခရာဆယ့်ခြောက်လုံးကို ထွင်းထုထားကာ ကြီးမားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထုတ်လွတ်ထားသည်။
ပျက်စီးသွားသော ချင်အင်ပါယာသည် တောင်တန်းနှင့်မြစ်ချောင်းများကို ထိန်းသိမ်းထားနိုင်ဆဲပင်။နဂါးသွေးကြောသည် ခြောက်ကပ်သွားခြင်းမရှိဘဲ လူသားဧကရာဇ်သေဆုံးသွားသည့်တိုင် ကြေမွှပျက်စီးသွားခြင်းမရှိချေ။
လုယွီသည် သူ၏မျက်လုံးများကို စုံမှိတ်လိုက်ချိန်၌ သေရမည်ကိုမကြောက်ရွံ့သော ချင်စစ်သားများ၏မျက်နှာများက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
ချင်စစ်သားများသည် သေဆုံးသွားခဲ့သည့်တိုင် မတ်တတ်ရပ်နေဆဲပင်။သူတို့ထံတွင် တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေပေ၏။
"ငါက ချင်အင်ပါယာရဲ့ဆက်ခံသူတစ်ယောက်ဖြစ်တာကြောင့်...ချင်အင်ပါယာရဲ့အမည်နာမကို တိမ်မြုပ်မသွားစေရဘူး"
လုယွီက သူ၏လက်ကို တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ပေါ်သို့ တင်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် ကံကြမ္မာစွမ်းအားပမာဏအမြောက်အများ လုယွီ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသည်။သူသည် ချက်ချင်းဆိုသလိုပင် ပို၍များပြားသော ကံကြမ္မာစွမ်းအားများကို လက်ခံရရှိလေ၏။
ဤသည်မှာ သူ၏ကျင့်ကြံဆင့်အရှိန်နှုန်းကို နှစ်ဆမြင့်တက်သွားစေခြင်း မရှိသော်လည်း အလွန်ကြီးမားသော တိုးတက်မှုတစ်ခုဟု ယူဆနိုင်သည်။
လုယွီသည် သူ၏အတိတ်ဘဝ၌ ကျင့်ကြံခဲ့သောအရှိန်နှုန်းကပင် ဤမျှထိ လျင်မြန်ခြင်းမရှိသည်ကို သတိပြုမိသွားသည်။
"ဒီနေရာမှာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ခံယူရမယ်"
လုယွီက တည်ငြိမ်အေးဆေးစွာဖြင့် ခေါင်းမော့ကာ မိုးကောင်းကင်ယံထံသို့ မော့ကြည့်လိုက်၏။
Chapter 4319
လုယွီနှင့်မြေကမ္ဘာနတ်ဆိုးဘိုးဘေးတို့၏တိုက်ပွဲကြောင့် နန်းတော်၏နံရံများ ပျက်စီးသွားခဲ့ကာပြင်ပရှိ ကြယ်တာရာကောင်းကင် ပေါ်လွင်လာသည်။
ဤကမ္ဘာငယ်လေးအတွင်းရှိ မိုးကောင်းကင်တာအိုသည် အလွန်ပြီးပြည့်စုံပေ၏။ဤသည်မှာ လူသားဧကရာဇ်တစ်ယောက် ဖန်တီးခဲ့သောကမ္ဘာငယ်လေးဖြစ်သဖြင့် တခြားကမ္ဘာငယ်အများစုထက် ပို၍အားကောင်းသည်။
သိုင်းပညာအင်မော်တယ်များသည် သိုင်းပညာလမ်းကြောင်းမှတဆင့် အင်မော်တယ်အဆင့်သို့ထက်လှမ်းနိုင်သည်။ဤသည်မှာ မိုးကောင်းကင်တာအို၏သဘောထားနှင့် ကိုက်ညီခြင်းမရှိချေ။
ယခုလက်ရှိခေတ်ကာလအတွင်းတွင် အစစ်အမှန်အင်မော်တယ်များကို တည်ရှိခွင့်မပြုတော့ချေ။တာအိုအင်မော်တယ်များဖြစ်စေ သိုင်းပညာအင်မော်တယ်များဖြစ်စေ သူတို့အားလုံးသည် တူညီသောအကြောင်းပြချက်ဖြင့် ငြင်းဆန်ခြင်းခံရလေ၏။
လုယွီ၏ခေါင်းထက်၌ တိမ်မည်းများစုဝေးလာသည်။ဤသည်မှာ အနက်ရောင်အသူရာကြေးချွတ်သန့်စင်ဘုံ ကျရောက်လာတော့မည့်အလားပင်။
ထူထပ်သိပ်သည်းသော လျှပ်စီးမိုးကြိုးလှိုင်းများ တဖျတ်ဖျတ်တောက်ပနေကာ ကျယ်လောင်သောဆူညံသံများ ထွက်ပေါ်လာသည်။တိမ်မည်းများအကြားတွင် လျှပ်စီးမိုးကြိုးလှိုင်းများ အဆက်မပြတ်တောက်ပနေသည်။
လုယွီ၏မျက်လုံးအကြည့်သည် တည်ငြိမ်အေးချမ်းနေပေ၏။သူသည် အဖြူရောင်စကျင်ကျောက်စင်မြင့်ပေါ်၌ မတ်တတ်ရပ်ကာ သူသည် ပျောက်ဆုံးသွားသော အင်ပါယာ၏ဧကရာဇ်အဖြစ် ပေါင်းစပ်လိုက်သည့်အလားပင်။
ဘုန်း....ဘုန်း....ဘုန်း....
မိုးကြိုးလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်ကို ရိုက်ခတ်ပြီးနောက် အက်ကွဲသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် ဤမိုးကြိုးလှိုင်းများသည် လုယွီကို ထိခိုက်နာကျင်မှုမရှိစေရုံသာမက သူ၏အရေပြားကိုထွင်းဖောက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကာ သူ၏အရိုးနှင့်ကြွက်သားများကို ထိန်းညှိပြုပြင်ပေးနေသည်။
ဘုန်း....
တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လျှပ်စီးလှိုင်းများနှင့် အတူယှဉ်တွဲ၍ မိုးကြိုးလှိုင်းများ ချက်ချင်းကျရောက်လာသည်။
ဤမိုးကြိုးလှိုင်းများတွင် အနီရောင်အလင်းတန်းများ ပျံ့နှံ့နေသည်။ဤသည်မှာ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများအနက် အလွန်အမင်းပြင်းထန်ပြီး အစစ်အမှန်အင်မော်တယ်များပင်လျှင် သေကြေပျက်စီးသွားနိုင်သောအရာပင်။
ဤမိုးကြိုးလှိုင်းများ၏စွမ်းအားသည် သူ ရွှယ်အင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်စဉ်ကထက်ပင် ပို၍ပြင်းထန်ကြောင်း လုယွီက ခံစားမိသည်။
သိုင်းပညာအင်မော်တယ်နယ်ပယ်၏ အတားအဆီးကိုချိုးဖျက်၍ သိုင်းပညာအင်မော်တယ် နယ်ပယ် မဟာအောင်မြင်မှုအဆင့်သို့ တက်လှမ်းခြင်းသည် မိုးကောင်းကင်တာအိုကိုဆန့်ကျင်ခြင်းပင်။ကောင်းကင်ဘုံတာအို၏ ရက်စက်ကြမ်းကြုတ်သောစွမ်းအားများ စုဝေးနေကာ ကောင်းကင်ဘုံတာအို၏အခွင့်အာဏာကို ပြသသည့်အနေဖြင့် လုယွီအားသတ်ဖြတ်ရန် ရည်ရွယ်ထားသည်။
မကြာမီမှာပင် မိုးကြိုးလှိုင်းများ တစ်လှိုင်းပြီးတစ်လှိုင်စကျဆင်းလာပြီးနောက် မိုးကြိုးပင်လယ်ကြီးဖြစ်သွားလေ၏။
လုယွီသည် မိုးကြိုးပင်လယ်အတွင်း၌ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်သည် အကောင်းပကတိကျန်ရှိနေဆဲဖြစ်ကာ သူ၏ခန္ဓာကိုယ်အရေပြားမှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။
ဤသည်မှာ မဖျက်ဆီးနိုင်သောရုပ်ခန္ဓာကိုယ်ပင်။
သိုင်းပညာအင်မော်တယ်ကျင့်ကြံသူများသည် သိုင်းပညာအာဏာရှင်အဆင့် ရုပ်ခန္ဓာကိုယ်၏ ခွန်အားတစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည်။ သူတို့အား မိုးကြိုးဖြင့် ရိုက်ခတ်ခြင်းခံရလျှင်ပင် ဖျက်ဆီးခြင်းနှင့်ပြန်လည်တည်ဆောက်ခြင်းအကြားရှိ မျှခြေကို ထိန်းသိမ်းထားနိုင်ဆဲပင်။
ဘန်း....ဘန်း...ဘန်း...
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများသည် အလွန်ပြင်းထန်သော်လည်း လုယွီကို အနည်းငယ်မျှ ထိခိုက်နာကျင်စေခြင်းမရှိချေ။ ထိုအစား လုယွီ၏ခန္ဓာကိုယ်အတွင်းမှ နောက်ဆုံးလက်ကျန် မသန့်စင်မှုအနည်းငယ်ကို ဆေးကြောသန့်စင်ပေးနေသည်။
ဤသည်မှာ သံမဏိတစ်ချောင်းကို သွန်းလောင်းပြီးနောက် သန့်စင်စေရန်အတွက် ထပ်ခါတလဲလဲ ဆေးကြောသန့်စင်နေသည့်အလားပင်။
မိုးကြိုးလှိုင်းများသည် လုယွီ၏ခန္ဓာကိုယ်ကို အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာအကြာထိ ရိုက်ခတ်နေသည်။အဖြူရောင်စကျင်ကျောက်စင်မြင့်သည် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားမှသာ မိုးကြိုးလှိုင်းများသည် နောက်ဆုံး၌ အနည်းငယ် ရပ်တန့်သွားလေ၏။
သို့ရာတွင် တိမ်မည်းများသည် ပျက်ပြယ်သွားခြင်းမရှိဘဲ စွမ်းအားကိုစုဆောင်းနေသည့်အလားပင်။
ပတ်ဝန်းကျင်၌ တဘုန်းဘုန်းမြည်ဟီးနေသောအသံများ ပို၍ကျယ်လောင်လာသည်။ မိုးကောင်းကင်ယံအတွင်း၌ ပို၍တောက်ပသော လျှပ်စီးမိုးကြိုးအလင်းတန်းများ ဖြာထွက်နေလေ၏။
လုယွီသည် သူ၏ခေါင်းထက်ရှိ တိမ်မည်းများကို အနည်းငယ်မျှ အာရုံစူးစိုက်ခြင်းမရှိချေ။ထိုအစား သူ၏လက်ကိုဆန့်တန်းကာ ဖမ်းဆုပ်လိုက်၏။လုယွီ၏လက်အတွင်းသို့ ဓားရှည်တစ်လက် ချက်ချင်းရောက်ရှိလာသည်။
လုယွီသည် သူ၏ကျောရိုးတလျှောက် ချမ်းစိမ့်သွားသည်ကို ခံစားမိကာ သူ့၏ဓားရှည် အနည်းငယ်တုန်ရီသွားသည်။ထို့နောက် ဓားရှည်သည် ငြိမ်ကျသွားကာ လုယွီ၏တည်ရှိမှုကို အသိအမှတ်ပြုလိုက်သည့်အလားပင်။
ဓား၏ကိုယ်ထည်မှနေ၍ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ အတွင်း၌ တော်ဝင်အရှိန်အဝါတစ်ရပ် ကိန်းအောင်းနေပုံရသည်။
ဤသည်မှာ လူသားဧကရာဇ်ဓားပင်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ရှန်လင်းလုံ၏လက်အတွင်းမှ လူသားဧကရာဇ်ဓားကို လုယူခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ ထိုဓားသည် လုယွီ၏လက်အတွင်းသို့ ရောက်ရှိလာပေ၏။
ကောင်းကင်ဘုံနယ်မြေအတွင်းတွင်ရှိနေသည့် ပင်လယ်ကြီးလေးစင်းနှင့်နယ်မြေကြီးရှစ်ခုတွင်ရှိသော သက်ရှိများအားလုံး လူသားဧကရာဇ်ဓားကို ရိုသေလေးစားရသည်။
လူသားဧကရာဇ်ဓားကို ရရှိသောလူသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ဧကရာဇ်ဖြစ်သည်မှာ အမှန်တရားပင်။
တာယွီကောင်းကင်ဘုံအင်ပါယာ၏ဧကရာဇ်များအားလုံး အမွေဆက်ခံနိုင်ရန်အတွက် လူသားဧကရာဇ်ဓားသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကဲ့သို့ပင် အရေးပါသည်။ဤသည်မှာ ကောင်းကင်ဘုံနယ်မြေအတွင်းရှိ သက်ရှိများအားလုံးကို အုပ်ချုပ်နိုင်သော ဧကရာဇ်၏အထိမ်းအမှတ်သင်္ကေတပင်။
ထိုကြောင့် ရှန်လင်းလုံသည် လူသားဧကရာဇ်ဓား၏အသိအမှတ်ပြုမှုကို ရရှိပြီးနောက် ကျိုးမိသားစုကဲ့သို့ အစွမ်းထက်သောမိသားစုကြီးတစ်စုပင်လျှင် သူမအား ဧကရာဇ်အဖြစ်အသိအမှတ်ပြုခဲ့ရသည်။
မိုးကောင်းကင်ယံအတွင်း၌ မိုးကြိုးလှိုင်းများ တလိမ့်လိမ့်ထနေဆဲပင်။
ထိုနောက် ကျယ်လောင်သောဘုန်းခနဲမြည်သံကြီး ထွက်ပေါ်လာခြင်းနှင့်အတူ လုယွီ၏အမူအယာ ချက်ချင်းပျက်ယွင်းသွားကာ သူ၏မျက်နှာ ဖြူရော်သွားသည်။
Chapter 4320
မည်သည့် မိုးကြိုးလှိုင်းအရိပ်အရောင်မျှ မရှိသော်လည်း ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် လုယွီ၏ခန္ဓာကိုယ်ပေါ် ကျကျရောက်ပြီးဖြစ်သည်။
"နတ်ဘုရားသုတ်သင်ခြင်း ကပ်ဘေးမိုးကြိုးလား"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
အရိုးများထိန်းညှိခြင်းကို ကြုံတွေ့ရခဲ့သည့်တိုင် လုယွီသည် မျက်မှောင်ကြုတ်သွားခြင်းမရှိချေ။သို့ရာတွင် ယခုလက်ရှိအချိန်၌ သူသည် မကြုံစဖူးနာကျင်မှုကို ခံစားနေရလေ၏။
ဤကဲ့သို့နာကျင်မှုမျိုးသည် သူ၏စိတ်ဝိညာဥ်နက်ရှိုင်းသောနေရာသို့ ထွင်းဖောက်သွားကာသူ၏ရုပ်ခန္ဓာကိုယ်နာကျင်မှုထက် အဆများစွာပို၍ပြင်းထန်သည်။
ကောင်းကင်ဘုံတာအိုတွင် ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိသည်။
ဤသည်မှာ လုယွီ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုအာရုံခံမိပုံဖြင့် သူ၏စိတ်ဝိညာဥ်ကို တိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နတ်ဘုရားသုတ်သင်ခြင်း ကပ်ဘေးမိုးကြိုးသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများအနက် ကြောက်မက်ဖွယ်အကောင်းဆုံးပင်။
ဤသည်မှာ တစ်စုံတစ်ယောက်ကိုတိုက်ခိုက်ရာ၌ စိတ်ဝိညာဥ်ကို အထူးသီးသန့်ပစ်မှတ်ထားသည်။ဤကပ်ဘေးမိုးကြိုးသည် တစ်စုံတစ်ယောက်၏စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ မှတ်ဉာဏ်များကိုတူးဆွကာ ထိုလူကို မှန်းဆရန်မစွမ်းသော ထိတ်လန်းကြောက်ရွံ့မှုများအား ခံစားရစေသည်။
လူတချို့သည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးမှ အသက်ရှင်ရန်လွတ်မြောက်လာပြီးနောက် သူတို့၏အသိစိတ်များ လွတ်ကင်းကာ ရူးသွပ်သွားကြသည်။ဤသည်မှာ နတ်ဘုရားသုတ်သင်ခြင်းကပ်ဘေးမိုးကြိုး၏ သက်ရောက်မှုပင်။သူတို့၏စိတ်ဝိညာဉ်များ ပျက်စီးသွားသည်နှင့် သူတို့၏အသိစိတ်များလည်း ကင်းမဲ့သွားပေမည်။
ဝုန်း....
လေဟာနယ်အတွင်းမှနေ၍ နောက်ထပ်မိုးကြိုးလှိုင်းတစ်လှိုင်း ကျဆင်းလာသည်။
ဤမိုးကြိုးလှိုင်း၏ကျဆင်းလာမှုသည် အလွန်ရုတ်တရက်ဆန်ပေ၏။ဤမိုးကြိုးလှိုင်း၏အကောင်အထည်ကို မမြင်ရသော်လည်း အသံလှိုင်းသက်သက်ဖြင့် လုယွီ၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။
သူသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိပြီးဖြစ်သဖြင့် ဤကဲ့သို့အမူအယာမျိုး သူ့ထံ၌ရှိနေသည်မှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ရပ်ပင်။
သို့ရာတွင် မကြာမီမှာပင် လုယွီ၏ခန္ဓာကိုယ်တုန်ခါမှု ရပ်တန့်သွားကာ ထိုမိုးကြိုးလှိုင်းများ၏ရိုက်ခတ်ခြင်းကို ခံယူလိုက်၏။
ရှေးဟောင်းမှတ်တမ်းစာအုပ်များအတွင်း၌ အင်မော်တယ်များ၏ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို သေခြင်းမှပွတ်ကာသီကာလွတ်မြောက်လာခြင်းဟု ယူဆထားသည်။သူတို့သည် ဝင်္ကပါများကိုအသုံးပြု၍ ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရှောင်တိမ်းရန်ကြိုးစားကြသည်။
သို့ရာတွင် လုယွီကမူ ကွဲပြားခြားနားပေ၏။သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ရှောင်တိမ်းခြင်းမပြုဘဲ ထိပ်တိုက်ခံယူလိုက်သည်။
ဘုန်း...ဘုန်း...
မိုကြိုးပစ်သံများ အဆက်မပြတ်မြည်ဟီးလာကာ မိုးကြိုးလှိုင်းများက သူ၏ခန္ဓာကိုယ်ပေါ်သို့ လာရောက်ရိုက်ခတ်သည်။
လုယွီထံ၌ တာအိုသခင်အထွတ်အထိပ်အဆင့် စိတ်ဝိညာဥ်ရှိကာ မည်သည့်အားနည်းချက်မျှ မရှိချေ။သို့ရာတွင် အနာဂတ်မျိုးဆက်များ၏ကျင့်ကြံခြင်းလမ်းကြောင်းသည် ပြီးပြည့်စုံခြင်းမရှိချေ။လုယွီထံ၌ရှိနေသော စိတ်ဝိညာဥ်သည် မူလက အားသာချက်များရှိနေသော်လည်း ယခုအချိန်၌ ထိုအရာသည် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ကူညီထောက်ပံ့မှုကြောင့် လုယွီ၏စိတ်ဝိညာဉ်သည် ဤမိုးကြိုးလှိုင်းများဖြင့်ရိုက်နှက်ကာ တဖန်ပြန်၍ပုံသွင်းခံရသည့်အလားပင်။သူ၏စိတ်ဝိညာဉ်သည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပေ၏။
ထောင်နှင့်ချီသောမိုးကြိုးလှိုင်းများ ကျဆင်းနေကာ သူ၏မျက်လုံးအတွင်း၌ အတိတ်ရှိတုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းများဖြင့် ပြည့်နှက်နေသည်။
ဤမြင်ကွင်းများအနက်...
သူ၏အတိတ်ဘဝတွင် လမ်းများထက်၌တောင်းစားနေသော သူတောင်းစားတစ်ယောက် ရိုက်နှက်ခံရသော မြင်ကွင်းလည်း အပါအဝင်ပင်။
သူ မြေအောက်လောကနယ်မြေသို့ ချိုးဖျက်ဝင်ရောက်စဥ်၌ သရဲတစ္ဆေများ၏ဖမ်းဆီးခြင်းကိုခံရကာ ဆီပူအိုးအတွင်းသို့ ပစ်ချခံရသည်မြင်ကွင်းလည်း ရှိနေသည်။
ထိုနောက် ရှန်လင်းလုံသည် သူ၏မိတ်ဆွေဟောင်းများအားလုံးကို သတ်ဖြတ်နေသည်အား သူ ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေရကာ တစ်စုံတစ်ခုကိုပြုလုပ်ရန် အစွမ်းအစကင်းမဲ့နေသည့် မြင်ကွင်းတစ်ခုလည်း ရှိနေပေ၏။
ဤမြင်ကွင်းများသည် အိပ်မက်ဆိုးတစ်ခုအလား လုယွီ၏စိတ်အတွင်း၌ အဆက်မပြတ်ရစ်သိုင်းလွှမ်းခြုံနေကာ သူ၏စိတ်ဝိညာဉ်ကို ဝါးမြိုလိုခဲ့သည်။
သို့ရာတွင် လုယွီ၏စိတ်ဆန္ဒသည် ခိုင်မာနေဆဲပင်။
သူ၏မျက်လုံးများကြည်လင်နေကာ လှုပ်ခတ်သွားခြင်းမရှိချေ။
လုယွီသည် မိုးကြိုးပင်လယ်ကြီးအတွင်း၌ ရုန်းကန်နေပေ၏။ဤကောင်းကင်ဘုံကပ်ဘေးမိုးကြိုးသည် သူ့အတွက် အခွင့်အရေးကြီးတစ်ခုပင်။ဤသည်မှာ သူ၏ကံကြမ္မာကောင်းကြောင့် ရရှိလာခဲ့သောတစုံတစ်ခု ဖြစ်သည်။
အကယ်၍ သူ ဤအရာကိုဖြတ်ကျော်နိုင်ပါက ငါးကြင်းတစ်ကောင်သည် နဂါးဂိတ်ကို ခုန်ကျော်သည့်အလား သူ၏စိတ်ဝိညာဉ်နှင့်ရုပ်ခန္ဓာကိုယ်တို့သည် လုံးလုံးလျားလျား အဆင့်မြင့်သွားပေမည်။ထို့နောက် သူသည် သိုင်းပညာအင်မော်တယ် မဟာအောင်မြင်ခြင်းအဆင့်၏ အစစ်အမှန်အနှစ်သာရကို ဖမ်းဆုပ်နိုင်ပေမည်။
သို့ရာတွင် ထိုအချိန်အခိုက်အတန့်မှာပင် အပြောင်းအလဲတစ်ခု ရုတ်တရက်ဖြစ်ပွားလာခဲ့သည်။
ရှပ်.....ရှပ်...ရှပ်...
တိတ်ဆိတ်ငြိမ်သက်သော နန်းတော်အတွင်းတွင် ခြေလှမ်းသံများ ထွက်ပေါ်လာသည်ကို ကြားနေရသည်။
နန်းတော်၏အဆုံးသတ်မှနေ၍ လူတစ်ယောက် လျှောက်လှမ်းလာပေ၏။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှံများဖုံးလွှမ်းနေကာ သူ့ကိုကြည့်ရသည်မှာ အလွန်အမင်းစုတ်ပြတ်သတ်နေသည်။
သို့ရာတွင် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲပင်။သူသည် ဤကဲ့သို့ ဆိုးရွားသောအခြေအနေ၌ ရှိနေသည့်တိုင် သူ့ထံမှနေ၍ ထူးဆန်းသောရယ်မောသံကြီး ထွက်ပေါ်လာသည်။
"လုယွီ...ငါ နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ"
ထိုလူက အပြုံးနှင့်ပြောဆိုသည်။
လျှပ်စီးတန်းများ တောက်ပသွားမှုအောက်တွင်ထိုလူ၏ပုံပန်းသွင်ပြင် ပေါ်လွင်လာသည်။သူသည် ငယ်ရွယ်ပြီးချောမောခန့်ညားသူဖြစ်ကာ 'လင်းချန်'ဟုအမည်ရသည့် ဓားကျင့်ကြံသူပင်။
ထို့ထက်ပို၍ သွေးမိတ်ဆွေအမတ်ကြီးလုကျိုးရှောင်ဟု ပြောပါက ပို၍မှန်ကန်ပေမည်။
"လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ....ယင်ယန်ကျမ်းစာ...ကောင်းကင်ဘုံနန်းတော်ရဲ့အမွေအနှစ်...မင်းရဲ့ကံက အရမ်းကောင်းတာပဲ....ကံဆိုးချင်တော့ အဲ့ဒါတွေအားလုံးက ငါ့ရဲ့အပိုင် ဖြစ်လာတော့မယ်"
လုကျိုးရှောင်က အေးစက်စက်ရယ်မောပြီး သူ၏လက်ဖြင့် ဓားရှည်ကိုဆုပ်ကိုင်ကာ လုယွီထံသို့ ခြေလှမ်းတစ်လမ်းခြင်း လျှောက်လှမ်းလာသည်။
"လုယွီ...ငါ မင်းကို ပြောလိုက်မယ်...ဒီလောကကြီးထဲမှာ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်က တစ်ယောက်ပဲရှိတယ်...အဲ့ဒီလူက ငါ လုကျိုးရှောင်ပဲ"