ရုပ်ခန္ဓာကျင့်ကြံရေး ရှမိသားစု
Vol. 18 Ch. 178
ရှယီမှာ စိုးရိမ်စိတ်ဖြင့် သမီးဖြစ်သူကို စောင့်ကြည့်နေမိသည်။
ရှမိသားစုမှာ ရုပ်ပိုင်းဆိုင်ရာ ကျင့်စဥ်ကြောင့် ကျော်ကြားသော်လည်း ထိုအရာက အမျိုးသားများဖြစ်သည့် ရှယီတို့သာဖြစ်ပြီး ရှချင်းယုံတို့ကဲ့သို့ အမျိုးသမီးများကတော့ သာမန်အဆင့်မျှသာ လေ့ကျင့်ထားခဲ့ကြသည်။
မတိုင်ခင်ကာလက ရှချင်းယုံမှတဆင့် ရှေးဥိးတောကျွဲအသားနဲ့ ကိုယ်တွင်းအင်္ဂါအချို့ ရခဲ့ပြီးနောက် ရှယီ၏ ရုပ်ပိုင်းဆိုင်ရာသန်မာမှုက နောက်တဆင့်ကို ရောက်သွားခဲ့သည်။ သို့သော် သမီးဖြစ်သူ၏ ခွန်အားကိုတော့ သူအသေချာ မသိခဲ့ချေ။
လူငယ်က အနည်းငယ်မှင်သက်သွားသည်။ တဖက်အမျိုးသမီးမှာ လက်နက်ကိုပြန်လည် သိမ်းဆည်းလိုက်ပြီး ရုပ်ခွန်အားချင်း ယှဥ်ပြိုင်ရန် ရွေးချယ်လိုက်သည့်အပေါ် အနည်းငယ် နားမလည်နိုင်ဖြစ်သွားကြသည်။
ပရိတ်သက်များမှာလည်း ထိုနည်းတူပင်။ ယန်ချန်ကိုယ်တိုင် အနည်းငယ်မှင်သက်နေခဲ့ပြီး ကျန်းဝမ်လီကတော့ ရှေးဦးတောကျွဲအသားကိစ္စအား ပြန်အမှတ်ရသွားချိန်၌ တည်ငြိမ်သွားသည်။ ထိုအသားများစွာကို သူမစားသောက်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို တိတ်တဆိတ် မြင့်တင်ခဲ့သည်မှာ သေချာပေသည်။
လူငယ်က မှင်သက်မှုကို ချုပ်ထိန်းလိုက်ပြီး စတင်တိုက်ခိုက်တော့သည်။ တဖက်သူက လက်နက်မဲ့ ပြန်လည်တိုက်ခိုက်လာသည့်အတွက် ပို၍ပင်အဆင်ပြေလေသည်။
လက်သီးနဲ့ လက်ဝါးအရိပ်များ လေထဲထိတ်တိုက်တွေ့ဆုံနေပြီး ရှချင်းယုံမှာ မြူးကြွသည့်ငှက်ကလေးတစ်ကောင်နှယ် ယိမ်းထိုးလှုပ်ရှားရင်း ဤတကြိမ်တွင်တော့ လူငယ်၏ လက်သီးချက်များကို မရှောင်တိမ်းတော့ချေ။
ထူးခြားစွာဖြင့် လူငယ်မှာ ရှချင်းယုံနဲ့ လက်သီးချင်းဆိုင်ထိုးလိုက်တိုင်း ခန္ဓာကိုယ်တစ်ခုလုံး မသိမသာတုန်ခါသွားသည်။ ထိုအဖြစ်ပျက်ကို အခြားသူများ သတိမထားမိသော်လည်း မင်ယုရှန်းတို့ကမူ ကောင်းစွာသတိထားမိခဲ့ကာ ရှချင်းယုံ၏ ရုပ်ခန္ဓာသန်မာမှုကိုလည်း တိတ်တဆိတ်ချီးကျူးမိတော့သည်။
“မထင်ထားဘူး သူမ တကယ်သန်မာတာပဲ”
ယန်ချန်က တီးတိုးရေရွတ်လိုက်သည်။ ပြိုင်ဘက်၏ လက်သီးချက်များကို ရင်ဆိုင်ထိုးနှက်ရင်း အောက်စည်းမရောက်စေပဲ ယှဥ်ပြိုင်နေသည်ကပင် ရှမိသားစု၏ ရုပ်ခန္ဓာကျင့်စဥ်ရဲ့ အစွမ်းကိုခန့်မှန်းနိုင်သည်။
နောက်ပိုင်းသူတော်စင်နဲ့ အရှေ့ပိုင်းသူတော်စင်တို့မှာ ရှယီကိုမှင်သက်စွာ ငေးကြည့်နေကြသည်။ ထိုလူက နုနယ်သည့် သမီးဖြစ်သူကိုပင် ကြမ်းတမ်းပြင်းထန်သည့် ရုပ်ခန္ဓာကျင့်စဥ်အား လေ့လာစေသလော။
ရှယီက ထိုသူများရဲ့အကြည့်ကို သတိထားမိလျင် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်မိသည်။ သမီးဖြစ်သူမှာ ဖခင်အပေါ်၌ပင် လျှို့ဝှက်ချက်များ ထားရှိနေလေသည်။
ထိုအချိန် စင်မြင်ပေါ်မှာတော် လူငယ်နဲ့ ရှချင်းယုံတို့မှာ လက်သီးချက်ရာပေါင်းများစွာ ထိပ်တိုက်တွေ့ခဲ့ကြပြီ ဖြစ်သည်။ လူငယ်မှာ အနည်းငယ်မောပန်းနေသလို ခံစားနေရပြီး ရှချင်းယုံကတော့ သူမစုဆောင်းထားသည့် ရှေးဦးတောကျွဲ၏ အစွမ်းများအား ဆက်တိုက်ချေဖျက်ကာ ခွန်အားများစွာ တရိပ်ရိပ်တိုးလာနေသည်။
ထိုအတွက် နောက်ပိုင်းအချိန်များ၌ ထိပ်တိုက်ရင်ဆိုင်ထိုးချက်များက လူငယ်ကို အနည်းငယ် ထိတ်လန့်စပြုလာစေပြီး ပရိတ်သက်များကလည်း ရှချင်းယုံ၏ ရုပ်ခန္ဓာကိုယ်အား စတင်ချီးကျူးလာကြတော့သည်။
မထင်ထားဘူး မထင်ထားဘူး ဒီအလှလေးက ငါတို့ထက်တောင် သန်မာတဲ့ ခန္ဓာကိုယ်ရှိနေတာပဲ”
“အမေရေ ဒီလိုအိမ်သူမျိုးတော့ ကျတော်မလိုချင်ဘူးနော်”
အချို့က တီးတိုးချီးကျူးနေကြပြီး တချို့ကတော့ ထိတ်လန့်ဟန်အမူရာများပြလျက် စနောက်ကြလေသည်။ ယန်ချန်တယောက် ထိုစကားများကိုကြားလျင် အနည်းငယ်ပြုံးရယ်မိပြီး အနှီရှချင်းယုံအတွက် အိမ်ထောင်ဖက်ရှာရန် ခက်ခဲသွားလောက်သည်ဟု သူထင်မိသည်။ ကံကောင်းသည်က ခွန်အားသာတိုးလာခြင်းဖြစ်ပြီး အသွင်ပြင်မှာတော့ မူလပုံစံအတိုင်း သွယ်လျနေဆဲ ဖြစ်သည်။
ရှချင်းယုံ၏ လက်သီးကိုခုခံရင်း အနောက်သို့ ပေအတော်များများ လွင့်စင်သွားကာ လူငယ်မှာ ဟန်ချက်ပျက်သွားသည်။ ရှချင်းယုံက ထိုအဖြစ်ပျက်ကိုမြင်လျင် တီးတိုးကြုံးဝါးလိုက်ပြီး နောက်တစ်ကြိမ် လက်သီးချက်များဖြင့် ဆက်တိုက် တိုက်ခိုက်တော့သည်။
သွယ်လျသေးငယ်သည့် လက်သီးချက်များက မလိုက်ဖက်အောင်ပင် ပြင်းထန်တဲ့ခွန်အားများကို သယ်ဆောင်ထားပြီး တချက်ထိုးနှက်လိုက်တိုင်း လူငယ်မှာ အနောက်သို့ ဆက်တိုက်ဆုတ်ခွါပေးနေရသည်။
အခြေနေက ပြောင်းပြန်လှန်သကဲ့သို့ ပြောင်းလဲသွားသည်ကို အများစုမြင်လိုက်ကြပြီး နောက်ထပ်မိနစ်အနည်းငယ် အကြာမှာတော့ ရှချင်းယုံ၏ ညာလက်သီးက လူငယ်၏ ဘယ်ဘက်ပုခုံးအား ထိထိမိမိ ထိမှန်သွားကာ လွင့်စင်သွားစေပြီး ပြင်းထန်တဲ့ခွန်အားကြောင့် ဘယ်ဘက်လက်မှာလည်း အရိုးများအဆစ်မှ ပြုတ်ထွက်သွားတော့သည်။
“ဝိုး…”
“တကယ်ကောင်းတဲ့ထိုးချက်ပဲဟေ့”
အကုန်လုံးက ထိုင်ရာမှထကာ လက်ခုပ်လက်ဝါးတီး၍ ချီးကျူးလာကြသည်။ စင်မြင့်ပေါ်မှာတော့ လူငယ်မှာ ဘယ်ဘက်ပုခုံးအား ဆုပ်ကိုင်လျက် ရှချင်းယုံအား ဂါဝရပြုလိုက်သည်။ ဒဏ်ရာက ပြင်းထန်ပြီး အမြင်၌ သာမန်ဟုထင်ရစေသည့် အဆစ်ပြုတ်ခြင်းက လူငယ်၏ ခန္ဓာကိုယ်မှ မည်သည့်ခွန်အားမှ ထုတ်မသုံးနိုင်စေရန် ကန့်သတ်ခံလိုက်ရတော့သည်။
ထို့ကြောင့် နောက်ထပ် ထပ်မံတိုက်ခိုက်ပါက နုနယ်သည့်မိန်းမပျိုလေး၏ အရိုက်နှက်များကိုသာ ခံရမည်မှာသေချာနေ၍ လူငယ်မှာ အရှက်ကွဲ မခံတော့ချေ။ တိုက်ရိုက်ပင် အရှုံးပေးလိုက်တော့သည်။
ပွဲကြည့်စင်အထက်မှာတော့ ရှယီမှာ စိတ်ကျေနပ်စွာပြုံးနေခဲ့ပြီး စိတ်ထဲမှာလည်း သက်ပြင်းမောတခုအား တိတ်တဆိတ် ခိုးချလိုက်မိသည်။ သမီးဖြစ်သူမှာ ရှမိသားစုကို သိက္ခာမကျစေခဲ့ပေ။
ရှချင်းယုံအနိုင်ရပြီးနောက် အခြားစင်မြင့်များပေါ်တွင်လည်း ကုလင် ကျစ်ယွဲ့ ရှောင်ကျန့်တို့က အနိုင်ရခဲ့ကြပြိး နောက်တဆင့်အား တက်ရောက်သွားတော့သည်။