ယန်ချန်ရဲ့နေ့ရက်များ
Vol. 18 Ch. 180
ပြိုင်ပွဲကာလက ပြီးဆုံးသွားသည်မှာ ရက်သတ္တပတ်ခန့် ကြာမြင့်သွားသည်။
သို့သော်လည်း ပြိုင်ပွဲ၏ဆုလာဒ်များက အချိန်အတော်ကြာထိ ဆက်လက်ပြောဆိုရန် လုံလောက်နေခဲ့ပြီး ပြိုင်ပွဲပြီးဆုံးပြီးနောက် ထာဝရကျေးရွာ၏ အသက်ဝင်မှုက ပို၍ထင်ရှားလာခဲ့သည်။
ယန်ချန်ရဲ့စီမံမှုဖြင့် ကျေးရွာအတွင်း နေထိုင်သူများက တကယ့်ကျေးရွာသားဘဝကို နှစ်သက်သွားကြပြီး စိုက်ပျိုးရေး မွေးမြူရေးများကိုပင် လိုက်ပါလုပ်ဆောင်လာကြသည်။
ယန်ချန်က လူစာရင်းအတိကျသွင်းထားခဲ့ပြီး ထာဝရကျေးရွာမှာလည်း ရွာကြီးတစ်ရွာအလား စည်ကားလာသည်။ ထာဝရကျေးရွာအတွင်း ဝင်ထွက်မှုမှာ မထင်ထားလောက်အောင်ပင် များပြားပေသည်။ သို့သော်လည်း ကျေးရွာအတွင်း မည်သူကမှ တိုက်ခိုက်ခြင်းကို မပြုလုပ်ကြချေ။
ထိုအချက်က ထိပ်သီးသူတော်စင်များ ချမှတ်ထားသည့် စည်းကမ်းဖြစ်ပြီး သူတော်စင်များသာမက မင်ယုရှနိး ကျင်းလုံ ရှောင်ချီ ရှယီနဲ့ အခြားသူများလည်း လိုက်နာကြရသည်။
ထာဝရကျေးရွာအတွင်းနေလိုပါက ကျေးရွာ၏စည်းကမ်းများကို အကုန်လုံးက သိတတ်စွာဖြင့် လိုက်နာကြရမည်ဖြစ်သည်။
ယန်ချန်က ခြံဝန်းအတွင်းရှိ အရိပ်ရပင်တစ်ခုအောက်၌ ထိုင်နေသည်။ ရက်ပိုင်းအတွင်း အသစ်တိုးလာသည့် နေထိုင်သူများကြောင့် ရှုယင် ကျန်းရင်ရင်နဲ့ အခြားသူများမှာ အလုပ်များနေကြပြီး သူနဲ့ယင်ယင်လေးသာ အားလပ်သူများ ဖြစိနေကြသည်။
ယင်ယင်လေးကမူ ယန်ပိုင်နဲ့ အချိန်အများစုကို ကုန်ဆုံးခဲ့ပြီး မိခင်ဖြစ်သူအနားပင် သိပ်မကပ်တော့ချေ။ ထိုသို့မဟုတ်ပါကလည်း ကျေးရွာအတွင်းမှ အခြားကလေးများနဲ့အတူ ဆော့ကစားနေတတ်သေးသည်။ ထို့ကြောင့် ရှုယင်မှာ ကလေးထိန်းတာဝန်မှလွတ်ကင်းနေပြီး ကျေးရွာကိစ္စများ၌ အားစိုက်ထုတ်နိုင်လေသည်။
ထိုစဥ် မင်ဝမ်နဲ့ ကျန်းဝမ်လီတို့ ရောက်ရှိလာကြသည်။ ယန်ချန်က ထိုအဖိုးကြီးနှစ်ဦးကိုမြင်လျင် စားပွဲဝိုင်း၌ အတူထိုင်စေသည်။ မင်ဝမ်က
“သခင်လေးယန် မကြာခင် အင်မော်တယ်ဧကရီတို့ရှိတဲ့ အင်မော်တယ်လောကဆီ အလည်အပတ်သွားမယ်လို့ ကြားမိတယ်”
ယန်ချန်က ထိုအမေးကိုခေါင်းညိတ်ပြလိုက်သည်။ သူ့လိုသေမျိုးတဦးအနေဖြင့် အင်မော်တယ်လောကအား လည်ပတ်ခွင့်ရခြင်းမှာ အလွန်အဖိုးတန်သည်ဟု မှတ်ယူနေသည်။
“ဟုတ်တယ် လင်းယွဲ့ရောက်လာရင် ရက်နည်းနည်းလောက် သွားလည်ဖို့ကျုပ်စဥ်းစားထားတယ်”
ကျန်းဝမ်လီက မည်သည့်စကားမှဝင်မပြောချေ။ သူ့အနေဖြင့် သူတော်စင်နီးပါးအစွမ်းထက်လာသော်လည်း ထာဝရကျေးရွာမှာ ထွက်ခွာလိုခြင်းမရှိချေ။ အသက်ရွယ်ရလာသည်နဲ့အမျှ တည်ငြိမ်တဲ့နေထိုင်မှုကိုသာ မက်မောနေပုံရသည်။
“ဒါနဲ့ ဘာအတွက်မေးတာလဲ အဖိုးဝမ်ကော လိုက်ချင်လို့လား”
ယန်ချန်ရဲ့အမေးကို မင်ဝမ်က တုန့်ပြန်သည်။
“ဟုတ်တယ် ဒီလူအိုကြီးအနေနဲ့ အင်မော်တယ်တစ်ပါးဖြစ်ဖို့က လိုပါသေးတယ် ဆိုတော့ အနည်းဆုံးအင်မော်တယ်တစ်ပါးမဖြစ်ခဲ့ရင်တောင် အင်မော်တယ်လောကကို ရောက်ဖူးတယ်ရှိအောင် တခေါက်တော့သွားမယ်လို့ စိတ်ကူးမိတယ်”
မင်ဝမ်က ဖုံးကွယ်ထားခြင်းမရှိချေ။ သူ့အတွေးက အင်မော်တယ်များ၏ ကျင့်စဥ်များကို လေ့လာလိုပြီး ထိုမှတဆင့် အင်မော်တယ်လမ်းစဥ်နဲ့ပက်သက်သည့် နိယာမများကိုသာ လေ့လာနိုင်ခဲ့ပါက နောက်ထပ်အင်မော်တယ်အမြောက်မြား ထွက်ပေါ်လာနိုင်သည်ဟု တွေးနေခဲ့သည်။ ယန်ချန်က ထိုစကားအား လက်ခံလိုက်သည်။
“ကိစ္စမရှိပါဘူး အဖိုးဝမ်လိုက်တော့လည်း ကျုပ်အတွက်အဖော်ရတာပေါ့”
ယန်ချန်က သဘောတူမည်ကို အစောတည်းက ခန့်မှန်းပြီးသား ဖြစ်သည်။ ယန်ချန့်ရဲ့အကြည့်က ကျန်းဝမ်လီထံ ရောက်သွားသည်။
“အဖိုးလီကကော လိုက်ချင်လား”
ယန်ချန့်အမေးကို ကျန်းဝမ်လီက တည်ငြိမ်စွာပဲ ခေါင်းယမ်းပြသည်။
“မလိုက်တော့ပါဘူးသခင်လေး ရွာမှာလည်း ညီအစ်ကိုဝမ် မရှိချိန် ကျုပ်ရှိနေမှဖြစ်မှာ မဟုတ်ရင် ရွာထဲက လူငယ်တွေကို ထိန်းမယ့်သူမရှိပဲ ဖြစ်နေမယ် နောက်ပြီး ကျုပ်ကိုယ်တိုင်ကလည်း ထာဝရကျေးရွာအပြင်ဘက် မထွက်ချင်တော့ပါဘူး”
ထိုလူအိုကြီးမှာ အသက်ရွယ်ရလာသည်နဲ့အမျှ ပျင်းရိလာသည်ဟု ယန်ချန်ထင်သည်။ အသက်ကြီးသူများက ပိုမိုလှုပ်ရှားသွားလာရန် လိုအပ်သော်လည်း ကျန်းဝမ်လီကတော့ နေ့စဥ်နဲ့အမျှ အိမ်နဲ့ရွာအစည်းအဝေးခန်းမကိုသာ အသွားအလာလုပ်နေခဲ့ပြီး ကျန်းမိသားစုမှ သားဖြစ်သူ မြေးဖြစ်သူများကိုပင် အချိန်မပေးခဲ့ချေ။
သို့သော် ယန်ချန်က နားလည်စွာဖြင့် လက်ခံလိုက်သည်။ အသက်ကြီးသူတစ်ဦးရှိခြင်းက ရတနာတစ်ပါးရှိခြင်းနဲ့တူပြီး နောင်တွင်လည်း ထာဝရကျေးရွာက ထိုလူအိုကြီးများ၏ ထိန်းချုပ်မှုကို လိုအပ်ဦးမည် ဖြစ်သည်။
ယန်ချန်က လက်ဖက်ရည်အနည်းငယ်အား ငှဲ့ကာ အဖိုးကြီးနှစ်ဦးအား ကမ်းပေးလိုက်သည်။ ထိုစဥ် တည်ငြိမ်နေသည့် ထျန်းဟွမ်လောကကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားသည်။
“ဟမ်.. ငလျင်လှုပ်တာလား”
ယန်ချန်တယောက် အနားရှိ ထိုင်ခုံကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး သတိအနေထားဖြစ်သွားသည်။ တဖက်တွင် မင်ဝမ်နဲ့ ကျန်းဝမ်လီတို့မှာ မှင်သက်နေကြပြီး ထိုလှုပ်ရှားမှုက မည်သည့်အတွက်ကြောင့် ဖြစ်လာသည်ကို စဥ်းစားမရချေ။
လှုပ်ခါမှုမှာ စက္ကန့်အနည်းငယ်အကြာ၌ ပြန်လည်ငြိမ်သက်သွားပြီး ထိုဖြစ်စဥ်ကြောင့် ထျန်းဟွမ်လောကတခုလုံးရှိ ကျင့်ကြံသူများမှာ စိုးရိမ်သွားကြသည်။
မင်ယုရှန်းမှာ မျက်မှောက်များတင်းနေအောင် ကြုတ်ထားပြီး ရေးလက်စ စာရင်းများကို ခတ္တရပ်တန့်ထားလိုက်ပြီး ရှုယင် ကျန်းရင်ရင်နဲ့ စုလဲ့တို့မှာလည်း ထို့အတူပင်။
ကျင့်ကြံရေးလောက၌ သဘာဝဘေးအန္တရာယ်များ ရံဖန်ရံခါ ထွက်ပေါ်လာတတ်သော်လည်း ပြင်းထန်တဲ့ မြေပြင်လှုပ်ယမ်းမှုတော့ မရှိခဲ့ဖူးချေ။ ထိုအချိန် ယင်ယင်လေးနဲ့ ဆော့ကစားနေသည့် ယန်ပိုင်မှာ အလေးနက်ဖြစ်နေသည့်ပုံစံဖြင့် မတ်မတ်ရပ်ကာ နေရာတစ်ခုဆီအား စူးစိုက်ကြည့်နေခဲ့သည်။
အတိအကျပင်ထိုနေရာက ကမ္ဘာဝိဉာဥ်နေထိုင်ရာနေရာဖြစ်ပြီး ဖြစ်စဥ်ကြောင့် အနားယူနေသည့် ကမ္ဘာဝိဉာဥ်မှာ နိုးထသွားပြီး အခြေနေကိုတွက်ဆ ကြည့်လိုက်သည်။ တခဏအကြာမှာတော့ ကမ္ဘာဝိဉာဥ်၏ အမူအရာမှာအလေးနက် ဖြစ်သွားတော့သည်။
“အဖိုးလီ အဖိုးဝမ် ဒါက ငလျင်လှုပ်တာလား”
ယန်ချန့်မေးခွန်းကို နှစ်ဦးစလုံးပြန်မဖြေကြပဲ မင်ဝမ်ကတော့ တစုံတရာကတွေးမိသည်အလား မျက်မှောက်ကြုတ်လိုက်ပြီး တခဏအကြာမှာတော့ ယန်ချန်နဲ့ ကျန်းဝမ်လီကိုနှုတ်ဆက်ကာ ခြံဝန်းထဲမှာ ထွက်ခွာသွားတော့သည်။
ယန်ချန်ကတော့ အလေးအနက်ဖြစ်နေသည့် မင်ဝမ့်ကိုကြည့်၍ စိတ်မသက်သာစွာ ခေါင်းယမ်းလိုက်မိသည်။
(ဒါက ငလျင်လေးတစ်ခုပဲလေ အဲ့လောက်အလေးနက်ဖြစ်ဖို့ လိုလို့လား)
ယန်ချန်မသိတာက ထိုအဖြစ်ပျက်များက မူလလောကနဲ့ အင်မော်တယ်လောကများတွင်ပါ ဖြစ်ခဲ့ပြီး စကြာဝဋာ၏ တစ်နေရာမှာတော့ သွေးနီရောင်မြစ်ကြီးတစ်ခု ယန်ချန်နေထိုင်သည့် လောကအနား တိုးကပ်လာနေတော့သည်။