အခန်း (၄၃၂၆-၄၃၃၀)
Vol. 220 Ch. 4326-4330
Chapter 4326
လုမိသားစုအတွင်း၌ မသေမျိုးအဆင့်မှော်လက်နက်ကို တင်းတင်းကြပ်ကြပ်ထိန်းသိမ်းထားကာ လူနည်းစုကသာ ထိုအရာကို အသုံးပြုနိုင်သည်။
လုကျိုးရှောင်သည် သခင်လေးတစ်ယောက်ဖြစ်သည့်တိုင် ထိုမသေမျိုးအဆင့်မှော်လက်နက်ကို ထိတွေ့ရန်အတွက် အရည်အချင်းမပြည့်မီချေ။
ထို့ကြောင့် လုယွီသည် မသေမျိုးအဆင့်မှော်လက်နက်များ တစ်ခုပြီးတစ်ခု ရရှိသွားသည်ကိုမြင်တွေ့ချိန်၌ လုကျိုးရှောင်၏စိတ်နှလုံးသားအတွင်းတွင် လောဘများ မနာလိုမှုများဖြင့် ဖုံးလွှမ်းသွားသည်။သူသည် လုယွီကို အမြန်ဆုံးသတ်ဖြတ်ကာ ထိုရတနာများကို သူ့အတွက် ရယူလိုခဲ့သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ သူ၏အစီအစဉ်များအားလုံး ကျရှုံးသွားလေပြီ။
အထူးသဖြင့် ရုတ်တရက်ထွက်ပေါ်လာသော ဤခွေးနက်ကြီးပင်။ဤခွေးနက်ကြီးထံ၌ အမှန်တကယ်ကိုပင် မသေမျိုးအဆင့် မှော်ရတနာတစ်ခုရှိနေသည်။ဤသည်မှာ လုကျိုးရှောင်ကို အလွန်အမင်းဒေါသထွက်သွားစေသည်။
"ငါက ခွေးတစ်ကောင်ကိုတောင် အနိုင်မယူနိုင်ဘူးလား"
လုကျိုးရှောင်သည် အလွန်စိတ်ပျက်အားငယ်သွားပေ၏။
သို့ရာတွင် ခွေးနက်ကြီးသည် လုကျိုးရှောင်ထက် ပို၍စိတ်ပျက်အားငယ်နေသည်။
"ရွံဖို့ကောင်းတဲ့ကောင်...ဒီဘိုးဘေးက နတ်ဆိုးအမြူတေကို သန့်စင်နိုင်ဖို့ နှစ်ပေါင်းတစ်သောင်းအသုံးပြုခဲ့ရတယ်...မင်းက ငါ့ရဲ့နတ်ဆိုးအမြူတေကို အက်ကွဲစေခဲ့တယ်...ငါ အရမ်းဒေါသထွက်တယ်...ငါက မင်းရဲ့အမေ မင်းကိုမမှတ်မိတဲ့အထိ ရိုက်ပြမယ်"
ခွေးနက်ကြီးသည် ဒေါသတကြီးအော်ဟစ်ကြုးဝါးလိုက်၏။သူသည် နောက်ထပ်မှော်ရတနာပေါင်း အခုသုံးဆယ်ကျော်ကို ထွေးထုတ်ကာ လုကျိုးရှောင်ထံသို့ ပစ်လွှတ်လိုက်သည်။
ထိုမှော်ရတနာတစ်ခုခြင်းစီထံမှနေ၍ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ဖြာထွက်လာသည်။ထိုမှော်ရတနာများ၏အရည်အသွေးသည် မသေမျိုးအဆင့် မှော်လက်နက်လောက် ကောင်းမွန်ခြင်းမရှိသော်လည်း ထိပ်တန်းအဆင့်ရှိသော လက်နက်များဟု ယူဆနိုင်ဆဲပင်။
မှော်ရတနာအခုသုံးဆယ်ကျော် အတူတကွစုပေါင်းသွားချိန်တွင် ဖျက်ဆီးခြင်းအားလှိုင်းတစ်ရပ်အဖြစ် ဖွဲ့စည်းသွားသည်။
ဤခွေးနက်ကြီးသည် သာမန်အားဖြင့် အားနည်းပုံရကာ ကျိုးနွံနေသော်လည်း သူ့ထံတွင် မည်မျှထိများပြားသော လှည့်ကွက်များ ဖုံးကွယ်ထားသည်ကို မည်သူမျှ မသိနိုင်ချေ။
လုကျိုးရှောင်သည် သူ၏ရှေ့၌ အလင်းတန်းတတန်း ဖြတ်ပြေးသွားသည်ကိုသာ ခံစားမိသည်။ သူသည် အသိမဝင်သေးမီမှာပင် နောက်သို့ချက်ချင်းလွင့်ထွက်သွားကာ သူ၏ခြေနှစ်ချောင်းလုံး ကျိုးသွားသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံး နာကျင်နေခြင်းကြောင့် သူ အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။သူ၏ထိတ်လန့်တုန်လှုပ်မှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။
လုကျိုးရှောင်၏ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင်အလင်းတန်းတစ်တန်း ရစ်သိုင်းလွှမ်းခြုံနေသည်။အကယ်၍ သူသည် ထိုက်ဟွာကျမ်းစာကို ကျင့်ကြံထားခြင်းမရှိပါက အစောပိုင်းက တိုက်ခိုက်မှုသည် သူ့အား ဆယ်ကြိမ်ထက်မကသေသွားစေရန် လုံလောက်သည်။
ဖူး....
လုကျိုးရှောင်၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။သူ၏မျက်နှာ အလွန်အမင်းဖြူရောသွားကာ သူသည် သေဆုံးလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
ဤတစ်ကြိမ်တွင် သူ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။
အမှန်အားဖြင့် လုကျိုးရှောင်ထံတွင် ဤနေရာမှ ထွက်ပြေးသွားရန်အတွက်ပင် အရည်အချင်းမရှိချေ။
"ငါ ဒါကို လက်မခံနိုင်ဘူး"
လုကျိုးရှောင်က မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
ဤတကြိမ်တွင် သူသည် လုယွီကိုသတ်ဖြတ်ရန် သေသေချာချာစီစဉ်ပြီးမှ ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။
မမျှော်လင့်ဘဲ လုယွီသည် ထိခိုက်ဒဏ်ရာမရရှိရုံသာမက သူသည် မရေမတွက်နိုင်သောတိုက်ခိုက်မှုများကို ခံယူရကာ သူ၏အခြေအနေ အလွန်အမင်းဆိုးရွားသွားခဲ့သည်။
ခွေးနက်ကြီးသည် ရှေ့သို့တိုးကာ ရက်စက်ကြမ်းကြုတ်စွာဖြင့် လုကျိုးရှောင်ကို ရိုက်ပုတ်လိုက်သည်။ဘန်းခနဲမြည်သံကြီးနှင့်အတူ လုကျိုးရှောင်၏ခန္ဓာကိုယ်တစ်ဝက် မြေကြီးအတွင်းသို့ နစ်ဝင်သွားသည်။
"ငါက ဒီနတ်ဆိုးအမြူတေကို သန့်စင်နိုင်ဖို့အတွက် ဘယ်လောက်ထိ ပေးဆပ်ခဲ့ရတယ်ဆိုတာ မင်း သိလား...ငါက မင်းကို ဘာအပြစ်ပြုခဲ့မိလို့လဲ....မင်းက ဒီလိုပုံစံမျိုးနဲ့ ငါ့ကို ဘာလို့ရင်ဆိုင်တာလဲ"
ခွေးနက်ကြီးသည် အလွန်အမင်းစိတ်ပျက်လက်ပျက်ဖြစ်နေကာ သူသည် အော်ဟစ်ငိုယိုမိတော့လုမတတ်ပင်။
ခွေးနက်ကြီး၏လက်ဝါးသည် ကြီးမားခြင်းမရှိသော်လည်း အလွန်အမင်းအစွမ်းထက်သည်။ထိုလက်ဝါးသည် လုကျိုးရှောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်၌ တောင်ကြီးတစ်လုံး ဆင်းသက်လာသည့်အလားပင်။
ခရက်....ခရက်...ခရက်...
လုကျိုးရှောင်၏ကျောရိုးမှနေ၍ အက်ကွဲသံများ ထွက်ပေါ်လာသည်။သူ၏အရိုးအမြောက်အများ ကျိုးပဲ့သွားလေပြီ။
ဤအချိန်အခိုက်အတန့်တွင် လုကျိုးရှောင်၏ပါးစပ်မှနေ၍ သွေးများ အဆက်မပြတ်ယိုစီးကျနေသည်။သူသည် မျက်လုံးအပြူးသားဖြစ်နေကာ သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှု စိတ်ပျက်အားငယ်မှုတို့ ထင်ဟပ်နေသည်။
သူ သတ်ဖြတ်လိုသောလူမှာ လုယွီပင်။မည်သည်ကြောင့် ဤခွေးနက်ကြီးခုန်ထွက်လာသည်ကို နတ်ဘုရားများကသာ သိနိုင်ပေမည်။
"ငါ...."
လုကျိုးရှောင်သည် သူ၏ပါးစပ်ကိုဖွင့်ဟကာ တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်သည်။
"ငါ....ဘာ ငါလဲ...ယီးပဲ...မင်းကိုမြင်တာနဲ့ ငါ အရမ်းဒေါသထွက်တယ်"
ခွေးနက်ကြီးသည် လုကျိုးရှောင်ကို စကားဆုံးအောင်ပြောဆိုခွင့်မပြုဘဲ သူ၏လက်ဝါးဖြင့် ရိုက်ပုတ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထိုလက်ဝါးသည် လုကျိုးရှောင်၏ခေါင်းထက်သို့ ကျရောက်လာကာ သွေးပျက်ဖွယ်အော်သံနက်ကြီး ထွက်ပေါ်လာသည်။
တာယွီအင်ပါယာ၏အဆင့်အတန်းမြင့်မားသော သွေးမိတ်ဆွေအမတ်ကြီးဖြစ်သည့်အပြင် လုမိသားစုမှသခင်လေးဖြစ်ကာ သူ၏မျိုးဆက်တွင် ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သော လုကျိုးရှောင်သည် နောက်ဆုံး၌ သေဆုံးသွားလေပြီ။
သူသည် အလွန်မောက်မာထောင်လွှားကာ သွေးဆူလွယ်သူဖြစ်သဖြင့် မရေမတွက်နိုင်သောရန်သူများကို ရန်စစော်ကားခဲ့သည်။သူ့ကို သတ်လိုသောလူ မည်မျှထိများများ ရှိနေသည်ကို မည်သူမျှမသိနိုင်ချေ။
သို့ရာတွင် လုကျိုးရှောင်သည် အလွန်မောက်မာထောင်လွှားနေသည့်တိုင် လူများသည် နာကြည်းမုန်းတီးမှုကြောင့် သူတို့၏အံ့များကိုသာ တင်းတင်းကြိတ်ထားကြပြီး သူ့အား တစ်စုံတစ်ခုမျှ ပြုလုပ်နိုင်ခြင်းမရှိချေ။
လုကျိုးရှောင် အသက်ရှင်သန်နေစဉ်အချိန်တွင် သူသည် ခွေးတစ်ကောင်၏လက်ဝါးအောက်၌ သေဆုံးရမည်ဟု တကြိမ်တစ်ခါမျှ တွေးထင်ထားမိမည်မဟုတ်ချေ။
Chapter 4327
ခွေးနက်ကြီးသည် လုကျိုးရှောင်ကို ရိုက်သတ်ပြီးနောက် ထပ်မံ၍ဆောင့်နင်းလိုက်သည်။ ကြည့်ရသည်မှာ သူသည် သူ၏နာကျည်းမုန်းတီးမှုများကို ဖယ်ရှားနိုင်ခြင်း မရှိသေးသည့်ပုံပင်။ထို့နောက် သူ၏ပါးစပ်မှနေ၍ မီးတောင်များမှုတ်ထုတ်ကာ လုကျိုးရှောင်၏ခန္ဓာကိုယ်ကို ပြာမှုန့်များဖြစ်သွားသည်အထိ ရှို့လိုက်သည်။
"ဘယ်လိုလုပ်ပြီးတော့ ငါ့အပေါ်မှာ ဒီလိုကံဆိုးမှုကြီး ကျလာတာလဲ...ငါက ဒီနတ်ဆိုးအမြူတေကို ထပ်ပြီးသန့်စင်ဖို့ အချိန်ဘယ်လောက်ထိကြာဦးမယ်ဆိုတာ ငါ မသိတော့ဘူး"
ခွေးနက်ကြီး၏ကြွင်းကျန်သော ဒေါသများသည် ယခုချိန်ထိတိုင် ပျက်ပြယ်သွားခြင်းမရှိချေ။ထို့နောက် သူသည် ခေါင်းမော့ကာ လေဟာနယ်အတွင်းသို့ ကြည့်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်ယံအတွင်း၌ ခရမ်းရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေသည်။သို့ရာတွင် ထိုအရာများသည် လူသားဧကရာဇ်ဓား၏ရွှေရောင်အလင်းတန်းများကို ကြာရှည်ဖိနှိပ်ထားနိုင်တော့မည့်ပုံ မရချေ။
လူသားဧကရာဇ်ဓားသည် ရက်စက်ကြမ်းကြုတ်သော ရှေးဟောင်းသားရဲကြီးတစ်ကောင်အလားပင်။ထိုက်ဟွာဘိုးဘေးသည် လူသားဧကရာဇ်ဓားကို ပိတ်လှောင်ထားလိုသော်လည်း ဆန့်ကျင်ဘက်အကျိုးကို ရရှိနေသည်။ဤသည်မှာ လူသားဧကရာဇ်ဓားကို ပို၍ရက်စက်ကြမ်းကြုတ်သွားစေပြီး ပတ်ဝန်းကျင်နေရာတဝိုက်၌ ပြင်းထန်သောပေါက်ကွဲသံများဖြင့် ပြည့်နှက်နေသည်။
"ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်ကို ဘယ်သူသတ်လိုက်တာလဲ....သူက ကောင်းကင်ဘုံနယ်မြေထဲမှာရှိတဲ့ သက်ရှိတွေအားလုံးရဲ့ အနာဂတ်ပဲ...ဘယ်သူက သူ့ကို သတ်ရဲတာလဲ"
ထိုက်ဟွာဘိုးဘေး၏ ဒေါသတကြီးအော်ဟစ်လိုက်သောအသံက မိုးကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
သူသည် လုကျိုးရှောင်ကျင့်ကြံနိုင်ရန်အတွက် စွမ်းအားအမြောက်အများကို အသုံးပြုခဲ့ရသည်။လုကျိုးရှောင် ကြီးပြင်းလာကာ နဂါးတစ်ကောင်ဖြစ်လာရန်အတွက် သူ စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုကျိုးရှောင်သေဆုံးသွားခဲ့ကာ သူ၏စိတ်ဝိညာဥ်ပင်လျှင် ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။
ထိုက်ဟွာကျမ်းစာ၏ အကွက်ချကြံစည်ခဲ့မှုများအားလုံး နောက်ဆုံး၌ အလဟဿဖြစ်သွားခဲ့သည်။မည်သည်ကြောင့် ထိုက်ဟွာကျမ်းစာသည် ဒေါသမထွက်ဘဲနေမည်နည်း။
ဘုန်း....
ထိုက်ဟွာကျမ်းစာ ဒေါသထွက်နေစဉ်မှာပင် လူသားဧကရာဇ်ဓားမှနေ၍ တောက်ပသောအလင်းတန်းတစ်တန်း ရုတ်တရက် ပွင့်အံ့ထွက်လာသည်။ထိုအလင်းတန်းများသည် ထိုက်ဟွာကျမ်းစာ၏ချိတ်ပိတ်ထားမှုကို တိုက်ရိုက်ဖြတ်တောက်သွားခဲ့သည်။
ထိုက်ဟွာကျမ်းစာမှဖွဲ့စည်းထားသော ထိုက်ဟွာဘိုးဘေး၏ပုံရိပ် ချက်ချင်းပျက်ပြယ်သွားကာ မည်သည့်အရိပ်အယောင်မျှ မကျန်ရှိခဲ့ချေ။
"အဲ့ဒီကောင်ကို သတ်လိုက်တာက မင်းရဲ့အဖိုး ခွေးနက်ကြီးပဲ"
ခွေးနက်ကြီးသည် ရုတ်တရက် မိုးကောင်းကင်ယံထံသို့ ပျံသန်းသွားကာ ထိုက်ဟွာကျမ်းစာထံဦးတည်ပြီး ခုန်အုပ်လိုက်သည်။
အဋ္ဌဂံကြေးမုံသည် နက်နဲသိမ်မွေ့သောအလင်းတန်းတစ်တန်းအသွင်သို့ ပြောင်းလဲသွားပြီး ခွေးနက်ကြီး၏နံဘေးပတ်လည်၌ လှည့်ပတ်ပျံသန်းနေသည်။ခွေးနက်ကြီး၏ ပြင်ပပုံပန်းသွင်ပြင်သည် အလွန်ရယ်ရွှင်ဖွယ်ကောင်းပေ၏။ သို့ရာတွင် ခွေးနက်ကြီး၏ခန္ဓာကိုယ်တစ်ခုလုံးအတွင်း၌ အင်မော်တယ်အလင်းတန်းများဖြင့် ပြည့်နှက်နေကာ သူသည် မိုးကောင်းကင်ယံမှဆင်းသက်လာသော အစစ်အမှန်အင်မော်တယ်တစ်ယောက်အလားပင်။
ခွေးနက်ကြီး၏ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ထိုက်ဟွာကျမ်းစာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။ကျမ်းစာ၏မျက်နှာပြင်ပေါ်မှ ခရမ်းရောင်အလင်းတန်းများသည်လည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။
"ဘယ်လိုလုပ်ပြီး မင်း ဖြစ်နေတာလဲ...မင်းလိုနတ်ဆိုးခွေးတစ်ကောင်ကို အရင်ခေတ်ကာလတွေတုန်းကတောင် ရှာဖို့အရမ်းခက်ခဲခဲ့တယ်...မင်းက တကယ့်ကို အသက်ရှင်နေတုန်းပါလား"
ထိုက်ဟွာကျမ်းစာမှနေ၍ နှိုင်းယှဉ်ပြစရာမရှိသည်အထိ ထိတ်လန့်တုန်လှုပ်နေသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ဤစကားများကြောင့် မူလက ဒေါသတကြီးပြေးဝင်လာသော ခွေးနက်ကြီးသည် သူ၏အရှိန်ကို အတင်းအကြပ်ဖိအားပေး၍ ထိန်းသိမ်းလိုက်၏။သူသည် အလွန်အမင်းဒေါသထွက်နေခြင်းကြောင့် သူ၏နဖူးမှနေ၍ အစိမ်းရောင်အခိုးအငွေ့များ တလူလူထွက်နေသည်။
"သောက်ချေးပဲ...ထိုက်ဟွာကျမ်းစာ...မင်းရဲ့သခင်တောင် ငါ့ကို ဒီလိုစကားမျိုးတွေ မပြောရဲဘူး...မင်းလို နိမ့်ကျတဲ့ကျမ်းစာစာအုပ်လေးတစ်အုပ်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရဲ့ရှေ့မှာ ရိုင်းပျဝံ့တာလဲ"
ခွေးနက်ကြီး၏ဒေါသများ မိုးထိမြင့်မားလုမတက်ဖြစ်နေကာ သူ၏လက်ဝါးဖြင့် ထိုက်ဟွာကျမ်းစာကို ရိုက်ပုတ်လိုက်သည်။
ဤလက်ဝါးရိုက်ချက်တွင် အဋ္ဌဂံကြေးမုံ၏ အလွန်ကြီးမားသော အင်မော်တယ်အရှိန်အဝါများလည်း ရောယှက်နေကာ ထိုက်ဟွာကျမ်းစာထံသို့ တန်းတန်းမတ်မတ်တိုးဝင်သွားသည်။
ထိုလက်ဝါးရိုက်ချက်ဖြင့် ရိုက်ခတ်ခံရသောကြောင့် ထိုက်ဟွာကျမ်းစာ၏နံဘေးပတ်ဝန်းကျင်တွင် ရှိနေသော ခရမ်းရောင်မြူခိုးများ ချက်ချင်းပျက်ပြယ်သွားကာ ထိုအရာ၏အစစ်အမှန်ပုံသဏ္ဍာန် ထွက်ပေါ်လာသည်။
ဤသည်မှာ အလွန်အမင်းသာမန်ဆန်သော ကျမ်းစာတစ်အုပ်ဖြစ်ပြီး ထိုအရာ၏ပုံပန်းသွင်ပြင်မှနေ၍ ထူးခြားချက်တစ်စုံတစ်ခုကို မည်သူမျှ မြင်တွေ့နိုင်မည်မဟုတ်ချေ။သို့ရာတွင် ဤကျမ်းစာအတွင်း၌ အဖိုးမဖြတ်နိုင်သောအရာများကို မှတ်တမ်းတင်ထားသည်။
ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှ တစ်ခုဖြစ်သော ထိုက်ဟွာကျမ်းစာထံတွင် အလွန်နက်နဲသိမ်မွေ့သော တိုက်ခိုက်ခြင်းနည်းစနစ်များပါဝင်သည်။ထိုက်ဟွာကျမ်းစာသည် အလွန်အစွမ်းထက်သဖြင့် ထိုအရာ၏စိတ်ဝိညာဥ်ပင်လျှင် ကောင်းကင်ဘုံနယ်မြေမှ ပထမတန်းစား ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
လူသားဧကရာဇ်ဓားနှင့် ခွေးနက်ကြီးကဲ့သို့ရှေးဟောင်းသက်ရှိတို့ အတူတကွရှိနေခြင်းကြောင့် ထိုက်ဟွာကျမ်းစာသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှမရှိဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်တော့သည်။
"မင်းက ပြေးချင်သေးတာလား...တကယ်လို့ မင်း ငါ့ကို ဒီနေ့ ဖြေရှင်းချက်မပေးနိုင်ဘူးဆိုရင် ထွက်သွားဖို့ မစဉ်းစားစမ်းနဲ့"
ခွေးနက်ကြီးသည် ထိုက်ဟွာကျမ်းစာ၏နောက်သို့ လိုက်လံဖမ်းဆီးကာ သူ၏ပါးစပ်မှနေ၍ မှော်ရတနာအမြောက်အများကို ထပ်မံ၍ထွေးထုတ်လိုက်သည်။
ထိုမှော်ရတနာများအနက်မှတစ်ခုစီသည် ရှေးဟောင်းရတနာတစ်ခုပင်။ထိုအရာများအားလုံး ထွက်ပေါ်လာသောအချိန်တွင် ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ အရောင်အသွေးစုံလင်သော အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။
ထိုက်ဟွာကျမ်းစာသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ရီသွားလေ၏။သူသည် ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချကာ နောက်သို့ချာခနဲလှည့်ပြီး ထွက်ပြေးခဲ့သည်။ သူ၏နောက်တွင်ရှိနေသော လူသားဧကရာဇ်ဓားမှ ကောင်းကင်ကြီးတခွင်လုံးကို တုန်ခါစေသောပေါက်ကွဲသံများ ထွက်ပေါ်နေသည်။ထိုဓားသည် အကန့်အသတ်မရှိသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို သယ်ဆောင်ပြီး ထိုက်ဟွာကျမ်းစာထံသို့ တိုးဝင်လာသည်။
"မြန်မြန်လေး"
ခရမ်းရောင်အလင်းတန်းများ မိုးကောင်းကင်ယံအတွင်းသို့ မြင့်တက်သွားသည်။ထောင်နှင့်ချီသော ခရမ်းရောင်အလင်းတန်းများသည် စီးဆင်းနေသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ လေထုအတွင်း၌ပေါင်းစည်းသွားသည်။
အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိုက်ဟွာကျမ်းစာသည် နေရာမှနေ၍ ပျောက်ကွယ်သွားလေပြီ။
Chapter 4328
ဘုန်း....
မရေမတွက်နိုင်သော မှော်ရတနာများသည်ယခင်က ထိုက်ဟွာကျမ်းစာရှိနေခဲ့သော နေရာသို့ ကျရောက်သွားကာ တုန်ခါသံများ အဆက်မပြတ်မြည်ဟီးလာသည်။
မြေပြင်မှနေ၍ မီးခိုးငွေ့များနှင့်ဖုန်မှုန့်များ မြင့်တက်လာပေ၏။အကယ်၍ ထိုက်ဟွာကျမ်းစာသာ ခြေတစ်လှမ်းခန့်နောက်ကျသွားပါက ဤမှော်ရတနာများ၏ ရိုက်ခတ်ခံရမှုကြောင့် ကြေမွှပျက်စီးသွားနိုင်သည်။
"မင်းက ထွက်ပြေးနိုင်တာနဲ့ပဲ အရမ်းတော်နေပြီလို့ မင်း ထင်နေတာလား...ခွေးမသား မင်းက ငါ့ကို မနာလိုဖြစ်နေတာပဲ...ဒါကြောင့် ငါ့ကို ခြုံခိုတိုက်ခိုက်ခဲ့တယ်...မင်းက ငါ အဆင်ပြေနေတာကို မမြင်ချင်တဲ့ကောင်ပဲ"
ခွေးနက်ကြီးသည် ဤကိစ္စကို တွေးတောမိလေလေ ပို၍ဒေါသထွက်လာလေလေပင်။သူသည် ရုတ်တရက် သူ၏ပါးစပ်မှနေ၍ လက်တစ်ဝါးစာအရွယ်အစားရှိသော ဗူဒူးရုပ်သေးတစ်ရုပ်ကို ထွေးထုတ်လိုက်သည်။ထိုရုပ်သေး၏ပါးစပ်တွင် အထီးကျန်မြက်ပင်တစ်ပင်ကို ကိုက်ထားလေ၏။
ထိုရုပ်သေး၏ခေါင်းထက်တွင် အဝါရောင်စာရွက်တစ်ရွက်ကို ကပ်ထားသည်။ထိုစာရွက်သည် တွန့်လိမ်နေကာ စာရွက်တစ်ရွက်လုံးပေါ်၌ ရှုပ်ထွေးသောသင်္ကေတများကို ရေးဆွဲထားသည်။ဤအရာကို ကြည့်ရသည်မှာ ကောင်းမွန်သောအရည်အသွေး ရှိပုံမရချေ။
ခွေးနက်ကြီးက ထူးဆန်းသော မှော်မန္တန်တစ်ပုဒ်ကို ရေရွတ်လိုက်သည်။ဤသည်မှာ ညသန်းခေါင်ယံ၌ စုန်းတစ်ကောင်မှ မန္တန်ရွတ်ဆိုနေသည့်အလားပင်။
ရုပ်သေး၏ခေါင်းမှနေ၍ အခိုးအငွေများ ပျံ့လွင့်လာကာ လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားပြီး အရိပ်အရောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားတော့သည်။
ထိုကိစ္စကိုပြုလုပ်ပြီးနောက် ခွေးနက်ကြီးသည် ရုပ်သေးကို ပြန်လည်၍သိမ်းဆည်းလိုက်၏။ဤမှော်ရတနာ၏အကျိုးသက်ရောက်မှုကို သက်သေပြနိုင်ရန် အချိန်တစ်ခုလိုအပ်သော်လည်း တစ်ဖက်လူသည် တန်ကြေးပြန်ပေးဆပ်ရမည်မှာ အနှေးနှင့်အမြန်ပင်။
ဘုန်း....
ထိုအချိန်မှာပင် မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များအကြားမှ ကပ်ဘေးမိုးကြိုးများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။
လုယွီ၏စိတ်ဝိညာဉ်သည်လည်း ပြင်ပသို့ရောက်နေသည်။မြေအောက်လောကနတ်ဘုရား၏ကြီးမားသောပုံရိပ်ယောင်ကြီး ထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ်ကို များစွာပို၍အေးစက်သွားစေသည်။
ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးဖြင့် ရိုက်ခတ်ခြင်းခံရပြီးနောက် မြေအောက်လောကနတ်ဘုရားစိတ်ဝိညာဥ်၌ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။ဤအရာသည် ကျောက်ရုပ်ထုတစ်ခု အက်ကွဲသွားသည့်အလားပင်။
အရိုင်းဆန်သောအားလှိုင်းတရပ်က စိတ်ဝိညာဉ်၏အက်ကွဲကြောင်းနေရာမှ မျောလွင့်လာသည်။
ထို့နောက် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ အဆက်မပြတ်ရိုက်ခတ်ခြင်းများအောက်တွင် ထိုအက်ကွဲကြောင်းသည် အလွန်နှေးကွေးသောအရှိန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်စ ပြုလာသည်။
ဖျက်ဆီးခြင်းနှင့်တည်ဆောက်ခြင်း...
ကောင်းကင်ပုံကပ်ဘေးမိုးကြိုးသည် စိတ်ဝိညာဉ်ကို ကြေမွှပျက်စီးစေပြီးနောက် မိုးကြိုးလှိုင်း၏စွမ်းအားကိုအသုံးပြုကာ စိတ်ဝိညာဉ်အသစ်တစ်ခုအဖြစ် တဖန်ပြန်၍ တည်ဆောက်လိုက်သည်။
လုယွီ၏စိတ်ဝိညာဥ်တစ်ခုလုံး ရွှေရောင်အလင်းတန်းများကြား၌ နစ်မြုပ်နေကာ မိုးကောင်းကင်ယံအတွင်း၌ အစစ်အမှန်နတ်ဘုရားတစ်ပါးအလားပင်။ဤနတ်ဘုရားအလင်းတန်းများ မပျက်ပြယ်သေးသရွေ့ သူ့၏မှော်စွမ်းအားများ ကုန်ခမ်းမည်မဟုတ်ချေ။
ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ခွေးနက်ကြီးသည် မျက်ဖြူလန်သွားကာ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားသည်ကို ချက်ချင်းနားလည်သဘောပေါက်သွားသည်။
ကြည့်ရသည်မှာ လုကျိုးရှောင်သည် လုယွီကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းဖြစ်ပုံပင်။သို့ရာတွင် သူသည် ပြင်ပသို့ထွက်လာခဲ့သဖြင့် သူ၏နတ်ဆိုးအမြူတေကို မတော်တဆထိခတ်သွားကာ ကွဲအပ်သွားခြင်းဖြစ်ပေမည်။
"ငါက ငါရဲ့ဘဝတလျှောက်လုံးမှာ နာမည်ဂုဏ်သတင်းနဲ့ကိုက်ညီအောင် နေခဲ့တယ်...ဒါပေမဲ့ အခုတော့ ငါက ဒီကောင်လေးရဲ့ ဒိုင်းတစ်ခုဖြစ်သွားခဲ့တယ်...အား...အား...ငါရဲ့နတ်ဆိုးအမြူတေလေး...."
အမှန်တရားကိုသိရှိပြီးနောက် ခွေးနက်ကြီးသည် ပို၍ပင်ကြေကွဲဝမ်းနည်းသွားလေ၏။ထို့နောက်သူသည် အံ့တင်းတင်းကြိတ်ကာ မိုးကောင်းကင်ယံကိုမော့ကြည့်ပြီး အော်ဟစ်လိုက်သည်။
"သောက်ချေးပဲ...ဒါက ဘယ်လိုဖြစ်ရတာလဲ ....တကယ်လို့ သူက ရွေးချယ်ခံတစ်ယောက်ဆိုရင်တောင် ဒီဓားချက်ကို သူ့အတွက် ပိတ်ဆို့ဟန့်တားနိုင်မယ့် တခြားတစ်ယောက်ကို မင်း မရှာနိုင်ဘူးလား...ငါက မင်းကို ဘာအပြစ်လုပ်ခဲ့မိလို့လဲ"
ဝုန်း....
ခွေးနက်ကြီး၏စကားများကို တုံ့ပြန်သည့်အလား မိုးကောင်းကင်ယံအတွင်း၌ ပို၍ကျယ်လောင်သော မိုးခြိမ်းသံတစ်သံမြည်ဟီးသွားကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
လျှပ်စီးတန်းတစ်တန်း ဖျတ်ခနဲတောက်ပလာပြီးနောက် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုး၏ အသံနှင့်အတူ မိုးကောင်းကင်ယံအတွင်းရှိ တိမ်မည်းများအကြား၌ ပျောက်ကွယ်သွားသည်
ထိုလျှပ်စီးတန်းသည် လုယွီ၏စိတ်ဝိညာဥ်အတွင်းသို့ ဝင်ရောက်သွားကာအက်ကွဲကြောင်းကို ပြုပြင်ပေးလေ၏။နောက်ဆုံး၌ သူ၏စိတ်ဝိညာဥ်သည် သူ့ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားကာ သူ၏နံဘေးပတ်လည်၌ ထူးဆန်းသော သဘာဝလွန်ပုံရိပ်အမြောက်အများ ထွက်ပေါ်လာသည်။
တိတ်ဆိတ်ငြိမ်သက်သော နန်းတော်ကြီးသည် လုယွီ၏ကျင့်ကြံဆင့်ချိုးဖျက်မှုကြောင့် တဖန်ပြန်၍ သက်ဝင်လှုပ်ရှားလာပုံရသည်။
ခွေးနက်ကြီးသည် ကျိန်ဆဲလိုသော်လည်း ရုတ်တရက် အလွန်ကြီးမားသော သွေးချီလှိုင်းတလှိုင်းမှ သူ၏မျက်နှာအား လာရောက်ရိုက်ခတ်သည်ကို ခံစားမိသည်။ခြစ်ခြစ်တောက်ပူပြင်းသော သွေးချီများသည် မိုးကောင်းကင်ယံကို ပြာဖြစ်သည်အထိ လောင်ကျွမ်းတော့မည့်အလားပင်။
"သိုင်းပညာအင်မော်တယ်လား...ဒီကောင်လေးက ဘယ်လိုမျိုး ကံကြမ္မာကောင်းတွေ ရထားပြန်ပြီလဲ...သူက သိုင်းပညာအင်မော်တယ် နှောင်းပိုင်းအဆင့်ကိုတောင် တကယ်ကြီး ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တယ်"
ခွေးနက်ကြီးသည် ထိတ်လန့်ကြောက်ရွံ့မှုကြောင့် တုန်ရီနေပေ၏။သူသည် လုယွီ၏ခန္ဓာကိုယ်မှ သွေးချီစွမ်းအားများကို ခံစားမိသည်။ဤကဲ့သို့စွမ်းအားမျိုးသည် သူ့အား အမှုန်အမွှားဖြစ်သည်အထိ ခြေမွှဖျက်ဆီးရန် လုံလောက်သည်။
ဤအချိန်အခိုက်အတန့်မှာပင် လုယွီက သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ဤသည်မှာ နှစ်ခြိုက်စွာအိပ်မောကျနေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတစ်ကောင် နိုးထလာပြီး သူ၏မျက်လုံးကို ဖွင့်လိုက်သည့်အလားပင်။
နံရံအတွင်းမှခုန်ထွက်လာသည့် ကြီးမားသောဗိုလ်ချုပ်ရွှံ့ရုပ်ထုလေးရုပ်သည်လည်း ကျေးကျွန်များအလား လုယွီ၏ရှေ့၌ ဒူးတစ်ဖက်ထောက်လိုက်ကြသည်။
ဤနန်းတော်ကြီးသည် အလွန်ကြီးမားကျယ်ပြန့်ပေ၏။လုယွီသည်နန်းတော်၏အလယ်ဗဟို၌ ထိုင်နေသည်။တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်အတွင်းရှိ ရွှေရောင်နဂါးသည် လေထုအတွင်း၌ လှည့်ပတ်ပျံသန်းနေကာ မြင့်မြတ်သော တော်ဝင်အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
Chapter 4329
လုယွီက သူ၏မျက်လုံးကိုဖွင့်ကြည့်ပြီးနောက် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာလိုက်သည်။ဤသည်မှာ ယခင်နှင့်မတူညီသောကြောင့် သူ ရှာဖွေတွေ့ရှိမိလေ၏။
ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်း၌ သစ်ပင်ပန်းမန်များ ပိုးမွှားများ ငှက်များ၏လှုပ်ရှားမှုတစ်ခုစီတိုင်း လုယွီ၏အမြင်အာရုံအတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိချေ။
သူ၏အမြင်အာရုံသည် မိုင်တစ်သောင်းခန့်အကွာသို့ရောက်ရှိနိုင်ကာ သူ၏အကြားအာရုံသည် မိုင်တစ်သောင်းပတ်လည်ရှိ သက်ရှိများအားလုံး ပြောဆိုသည့်အရာရာတိုင်းကို ကြားနိုင်ပေ၏။သူ၏စိတ်ဝိညာဥ်သည်လည်း ကောင်းကင်ဘုံတာအိုဥပဒေသများ၏ ထိန်းချုပ်နိုင်မှုမှ ကျော်လွန်လုနီးပါး ဖြစ်နေလေပြီ။
သူ၏ခန္ဓာကိုယ်သည် လက်ခံရုပ်ခန္ဓာကိုယ်ဖြစ်ပြီး သူ၏စိတ်ဝိညာဥ်သည် ပင်မခန္ဓာကိုယ်ပင်။
ဤအချိန်အခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာကိုယ်ဖြစ်စေ စိတ်ဝိညာဉ်ဖြစ်စေ ကြီးမားသောပြောင်းလဲမှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ထိုအရာများသည် သေမျိုးလောကနှင့်မသက်ဆိုင်တော့ဘဲ ဘဝအသစ်ကိုရရှိသွားလေပြီ။
"ဒါဆိုရင် အခုကြည့်ကြည့်တော့မှ သိုင်းပညာအင်မော်တယ်တစ်ယောက် ဖြစ်လာတာက ဒီလိုခံစားချက်မျိုးပါလား...ငါက ဒီသေမျိုးလောကကြီးရဲ့ နာကျင်မှုတွေကို ထပ်ပြီးခံစားရတော့မှာမဟုတ်ဘူး...အဆုံးသတ်ကျတော့ ငါ့ရဲ့ဘဝသက်တမ်း ကုန်ဆုံးခါနီးအချိန်မှာတောင် ငါ့ရဲ့ခွန်အားက အထွတ်အထိပ်မှာ ရှိနေလိမ့်မယ်... ပိုင်ချီက အသက်အရမ်းအိုမင်းနေတာတောင် နတ်ဆိုးဘိုးဘေးတွေနဲ့ တိုက်ခိုက်နိုင်တာ အံ့အားသင့်စရာမရှိတော့ဘူး"
လုယွီသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အကန့်အသတ်မရှိသော သွေးချီများကို အာရုံခံမိသဖြင့် ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်သည်။
ဤလောကကြီးအတွင်းရှိ သက်ရှိများအားလုံးသည် ကျင့်ကြံဆင့်နယ်ပယ် မည်မျှထိအစွမ်းထက်နေပါစေ သူတို့၏အသက် အိုမင်းလာသောအချိန်တွင် သူတို့၏စွမ်းအားများ နိမ့်ကျခြင်းကို ရင်ဆိုင်ရပေမည်။သူတို့သည် နာမကျန်းဖြစ်မှုများကို ခံစားရကာ နာကျင်စွာဖြင့် သူတို့၏ဘဝကို အဆုံးသတ်ရပေမည်။
သို့ရာတွင် သိုင်းပညာအင်မော်တယ်များသည် ဤကဲ့သို့နာကျင်မှုမျိုးကို ခံစားရခြင်းမရှိချေ။
ဤကျင့်ကြံဆင့်နယ်ပယ်သို့အရောက်တွင် သက်ရှည်မီးအိမ်ကို ထွန်းညှိရန်အတွက် ခြေတစ်လှမ်းအကွာသာ လိုအပ်တော့သည်။ဤသည်မှာ အပြစ်အနာအဆာကင်းမဲ့သော ရုပ်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိသွားလေပြီ။သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီများသည် သူ အသက်အိုမင်းလာသည့်တိုင် ယုတ်လျော့သွားမည်မဟုတ်ချေ။
သိုင်းပညာအင်မော်တယ်များသည် သူတို့၏ဘဝသက်တမ်းကုန်ဆုံးခါနီးအချိန်တွင် အာရုံခံနိုင်စွမ်းရှိသည်။ထို့နောက် သူတို့သည် မည်သည့်နာကျင်မှုကိုမျှ မခံစားရဘဲ ဘဝကူးပြောင်းနိုင်သည်။
ဤသည်မှတဆင့် လုယွီသည် မည်မျှပင်အသက်ကြီးသွားပါစေ သူ့၏ရုပ်ခန္ဓာကိုယ်သည် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေမည်ဟု ဆိုလိုခြင်းပင်။
လုယွီ၏ရုပ်ခန္ဓာကိုယ်မှနေ၍ တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။သူ၏နံဘေးပတ်ဝန်းကျင်တွင် ထူးဆန်းသောသဘာဝလွန်ပုံရိပ်များ ရှိနေလေ၏။ထိုသဘာဝလွန်ပုံရိပ်ယောင်များအနက်မှတချို့သည် ရွှေရောင်နဂါးအသွင်ရှိကာ တချို့သည် နတ်ဆိုးကျားများအသွင်ရှိသည်။ထိုအရာများအားလုံးသည် အလွန်အသက်ဝင်ကာ အစွမ်းထက်ပေ၏။
သူသည် ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးတစ်စင်းအလား နန်းတော်၏အလယ်ဗဟို၌ ထိုင်နေသည်။သူ့ထံမှထွက်ပေါ်နေသည့် အကန့်အသတ်မရှိသော အလင်းတန်းများသည် အမှောင်ထုကို ဖယ်ရှားရှင်းလင်းလိုက်၏။ဤသည်မှာ သူသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံး၏အရှင်ခင်ဖြစ်ပြီး ကောင်းကင်ဘုံ၏စိတ်ဆန္ဒအတိုင်း လုပ်ဆောင်နေသည့်အလားပင်။
သူ၏ရုပ်ခန္ဓာကိုယ်သာမက သူ၏စိတ်ဝိညာဉ်သည်လည်း ယခင်ထက် ဆယ်ဆပို၍သန်မာအားကောင်းသွားလေပြီ။
လုယွီသည် သူ၏အတိတ်ဘဝမှ တာအိုသခင်စိတ်ဝိညာဥ်ကိုရှင်းထုတ်ကာ မှန်ကန်သောကျင့်ကြံခြင်းလမ်းကြောင်းကို စတင်၍လျှောက်လှမ်းနိုင်ခဲ့သည်။သူသည် အတိတ်ဘဝမှလမ်းကြောင်းကို ပြန်လည်၍လျှောက်လှမ်းတော့မည်မဟုတ်ချေ။ယခုအချိန်၌ သူ လိုအပ်သည်မှာ သူ၏လက်ရှိဘဝစိတ်ဆန္ဒအတိုင်းလုပ်ဆောင်ပြီး ကျင့်ကြံခြင်းလမ်းကြောင်းကိုရှာဖွေဖော်ထုတ်ရန်ပင်။
'အင်ပါယာတစ်ခုကို တည်ထောင်ပြီးတော့ ကံကြမ္မာစွမ်းအားတွေကိုစုစည်းပြီး ထာဝရအသက်ကိုရနိုင်တယ်...'
လုယွီသည် သူ၏စိတ်အတွင်း၌ ဘိုးဘေးနဂါးနည်းစနစ်အတွင်းရှိ စာလုံးများကို တီးတိုးရေရွတ်လိုက်သည်။အမှုမဲ့အမှတ်မဲ့ဖြင့် သူသည် ထိုအဓိပ္ပာယ်၏အရိပ်အမြွတ်ကို ရရှိသွားလေ၏။
သူထံ၌ တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ရှိနေကာ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပို၍တောက်ပလာသည်။ထို့နောက် သူ့ထံမှနေ၍ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး မြင့်မြတ်ကာ တည်ကြည်လေးနက်သော အရှိန်အဝါတစ်ရပ် ဖြာထွက်လာသည်။
"ဒါက ရှေးဟောင်းလူသားဧကရာဇ်ရဲ့အရှိန်အဝါ မဟုတ်လား"
ခွေးနက်ကြီးသည် ကြက်သေသေသွားလေ၏။ သူသည် လုယွီကို အဝေးမှနေ၍ ဂရုတစိုက်စူးစမ်းလေ့လာနေရင်း သူ၏အမွှေးများ အဆုံးထိထောင်ထသွားသည်။
လုယွီ နိုးထလာသည်ကိုကြည့်ပြီး ခွေးနက်ကြီးက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
"ကောင်စုတ်လေးလု...မင်း ဘာဖြစ်သွားတာလဲ"
လုယွီသည် လူသားဧကရာဇ်တယောက်ဖြစ်သွားမည်ကို သူ စိုးရိမ်ပူပန်နေမိသည်။
လုယွီက မျက်မှောင်ကြုတ်ပြီးနောက် သူ၏လက်ချောင်းများကို တစ်ချက်တောက်ထုတ်လိုက်သည်။
ဘန်း....
လေထုအတွင်း၌ လေတိုးသံတစ်သံကြားလိုက်ရပြီးနောက် မမြင်နိုင်သော အားလှိုင်းတရပ်သည် ခွေးနက်ကြီး၏ခေါင်းကို ညင်သာစွာထိမှန်သွားပြီး သူ့အား လွင့်ထွက်သွားစေသည်။
"သောက်ချေးပဲ"
ခွေးနက်ကြီးသည် သူ၏ခေါင်းကိုဆုပ်ကိုင်ကာ ဒေါသတကြီးအော်ဟစ်လိုက်၏။
"ကောင်စုတ်လေး...မင်းက တကယ့်ကို ကျေးဇူးမသိတတ်တဲ့ကောင်ပဲ...ငါက မင်းကိုကူညီပြီးတော့ အဲ့ဒီဓားချက်ကို ပိတ်ဆို့ဟန့်တားခဲ့တယ် ...ဒါတောင်မှ မင်းက ငါ့ကို တိုက်ခိုက်သေးတာလား"
ထိုသို့ပြောဆိုပြီးနောက် သူသည် ရှေ့သို့တိုးဝင်ကာ လုယွီကိုကိုက်ရန်ရည်ရွယ်၍ သူ၏ပါးစပ်ကို ဖွင့်ဟလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် လုယွီ၏နံဘေးတွင်ရှိနေသော လူသားဧကရာဇ်ဓားနှင့်တော်ဝင်းကျောက်စိမ်းစည်းတံဆိပ်တို့မှ ကျယ်လောင်သောတုန်ခါသံများ တပြိုင်နက်တည်းထွက်ပေါ်လာသည်။ခွေးနက်ကြီးသည် သူထံသို့ တိုးဝင်လာသော တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် တော်ဝင်အရှိန်အဝါများကို ခံစားမိလေ၏။
ခွေးနက်ကြီး၏နောက်တွင်ရှိနေသော အဋ္ဌဂံကြေးမှုံမှ နက်နဲသိမ်မွေ့သောအလင်းတန်းများ ထွက်ပေါ်လာကာ လူသားဧကရာဇ်ဓားကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။သို့ရာတွင် ထိုကြေးမုံ၏အရှိန်အဝါသည် လူသားဧကရာဇ်ဓားလောက် ပြင်းထန်ခြင်းမရှိချေ။
"မင်းက မင်းရဲ့ရတနာတွေကိုသုံးပြီးတော့ ငါ့ကိုအနိုင်ကျင့်နေတာလား...ငါရဲ့မသေမျိုးအဆင့်မှော်လက်နက်ကို ပြန်ပြုပြင်ပြီးတာနဲ့ ငါ မင်းကို သင်ခန်းစာကောင်းကောင်းပေးမယ်"
ခွေးနက်ကြီးသည် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိသဖြင့် အဆုံးသတ်၌ သူသည် ရှေ့သို့မတိုးဝံ့တော့ချေ။
Chapter 4330
လုယွီသည် မတ်တတ်ထရပ်ပြီးနောက် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
သူ၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော သွေးချီစွမ်းအားများ ကိန်းအောင်းနေသည်။ဤတစ်ကြိမ်တွင် သူ့ထံ၌ ရှကွေ့ကျုံးကို ယှဉ်ပြိုင်နိုင်သောစွမ်းအားများ ရရှိလာလေပြီ။
အစွမ်းထက်သော နတ်ဘုရားစိတ်အာရုံတစ်ရပ်သည် ပတ်ဝန်းကျင်ကိုဖြတ်သန်းသွားကာ ထူးဆန်းသော သဘာဝလွန်ပုံရိပ်ယောင်များက လုယွီ၏နောက်၌ ထွက်ပေါ်လာသည်။ဤသည်မှာ သူ၏ခန္ဓာကိုယ်အတွင်း၌ရှိနေသည့် မြေအောက်လောကနတ်ဘုရားမြေကမ္ဘာနတ်ဆိုးဘိုးဘေးနှင့် တခြားနတ်ဆိုးဘိုးဘေးများ၏ပုံရိပ်ယောင်များပင်။
ချင်အင်ပါယာ၏နဂါးသွေးကြောသည်လည်း မိုးကောင်းကင်ယံကိုဦးတည်၍ ဟိန်းဟောက်နေသည်။လေထုအတွင်း၌ နတ်ဘုရားများ ဗုဒ္ဓများ အင်မော်တယ်များ၏ပုံရိပ်ယောင်များ ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သည့် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
ဤသည်မှာ သူ၏စိတ်အတွင်း၌ ထွက်ပေါ်လာသော ပုံရိပ်ယောင်များသက်သက်ပင်။လုယွီ၏ စိတ်ဝိညာဥ်သည်လည်း အဆင့်ချိုးဖျက်နိုင်ခဲ့ကာ သူ၏ခွန်အားသည် အဆများစွာမြင့်တက်သွားလေပြီ။ဤသည်မှာ သူ၏ယခင်ခွန်အားထက် သာလွန်သွားခဲ့သည်။
လုယွီက သူ၏မျက်လုံးကိုစုံမှိတ်လိုက်ရာ သူ၏စိတ်အတွင်းရှိ ပုံရိပ်များအားလုံး ပျောက်ကွယ်သွားပြီး လေထုအတွင်းရှိ ပုံရိပ်ယောင်များသည်လည်း ပျက်ပြယ်သွားပေ၏။
လောကကြီးအတွင်းရှိ နက်နဲသိမ်မွေ့ဆုံး လျှို့ဝှက်ချက်များ ဤနေရာ၌ရှိနေသည်။
ရှေးဟောင်းခေတ်အချိန်ကာလအတွင်းတွင်ပင် သိုင်းပညာအင်မော်တယ်နယ်ပယ်နှင့် ရွှယ်အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိအောင်တစ်ပြိုင်နက်တည်းကျင့်ကြံခဲ့နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။
အင်မော်တယ်လမ်းကြောင်းနှင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းတို့သည် ကွဲပြားခြားနားပေ၏။ရှေးဟောင်းအချိန်ကာလများအတွင်းတွင် သိုင်းပညာအင်မော်တယ်နယ်ပယ်ထိရောက်အောင် ကျင့်ကြံနိုင်သော လူသားများသည် အင်မော်တယ်နယ်မြေ၏ကောင်းကင်ဘုံနန်းတော်အတွင်း၌ အချိန်ကြာမြင့်စွာ နေထိုင်နိုင်ခြင်းမရှိချေ။သူတို့သည် လူသားမျိုးနွယ်၏အပိုင်သာ ဖြစ်သည်။
လုယွီသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံးအတွက် ကျင့်ကြံနည်းစနစ်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ဤအချိန်အခိုက်အတန့်၌ သူ၏စိတ်ဝိညာဉ်ဖြစ်စေ ရုပ်ခန္ဓာကိုယ်ဖြစ်စေ အလွန်အမင်းတိုးတက်လာခဲ့သည်။
"လူသားဧကရာဇ်က ငါ့ကို ကြီးမားတဲ့လက်ဆောင်တစ်ခု ပေးသွားခဲ့တယ်...ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လူသားဧကရာဇ်က ငါ့ကို အရင်ကတည်းက စောင့်ဆိုင်းနေတယ်လို့ ငါ ထင်မိယ်...ဒါက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါ့မလား"
လုယွီ၏စိတ်အတွင်း၌ ရုတ်တရက် အတွေးတစ်ခုထွက်ပေါ်လာကာ သူ ထိတ်လန့်တုန်လှုပ်သွားသည်။
သူသည် သိုင်းပညာအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူ့ထံတွင် ချင်အင်ပါယာ၏ကံကြမ္မာစွမ်းအားများလည်း ရှိနေခဲ့သည်။အကယ်၍ သူသည် ကျင့်ကြံခြင်းကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမရှိလျှင်ပင် သူ၏စွမ်းအားများ အလျှင်အမြန်တိုးတက်လာပေမည်။ထို့ပြင် သူသည် မည်သူမျှမသိရှိနိုင်သော လျှို့ဝှက်ချက်အမြောက်အများကိုလည်း ရှာဖွေနိုင်ပေမည်။
သူနှင့်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်အကြားရှိ အဆုံးအဖြတ်တိုက်ပွဲသည် ရှန်လင်းလုံကြောင့်ပျက်စီးသွားခဲ့ရသည်။အတိတ်တွင် သူသည် အလွန်မောက်မာထောင်လွှားသူတစ်ယောက် ဖြစ်ခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိချေ။သူသည်လောကကြီး၌ အစွမ်းထက်ဆုံး တာအိုသခင်ဖြစ်ကာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကို အနိုင်ယူပြီးနောက် ကောင်းကင်ဘုံနယ်မြေ၏နံပါတ်တစ်ဖြစ်လာမည်ဟု သူ အစဥ်အမြဲတွေးထင်ခဲ့သည်။
သို့ရာတွင် သူ ထိုကိစ္စများကို ဂရုတစိုက်စဉ်းစားတွေးတောကြည့်ချိန်၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ထံတွင် လှည့်ကွက်တချို့ကို ထိန်းသိမ်းထားပုံရသည်။
"ငါ အတွေးလွန်နေတာများလား"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သို့ရာတွင် သူ ထပ်မံ၍စဉ်းစားတွေးတောရန် မလိုတော့ချေ။
သူ့ထံတွင် လုံလောက်သောခွန်အား ရှိနေပြီဖြစ်သောကြောင့် သူ၏အတိတ်ဘဝအတွက် လက်စားချေနိုင်ပေမည်။ယခုအချိန်၌ သူ၏လက်စားချေမှုကို စတင်ရမည့်အချိန်ပင်။
ကျင့်ကြံသူများအတွက် အပြင်းထန်ဆုံးတားမြစ်ချက်မှာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ သံသယများ ရှိမနေရန်ပင်။။သူတို့ထံ၌ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ချမှတ်ကာ ရှေ့သို့လျှောက်လှမ်းနေရန်သာ လိုအပ်သည်။ မည်သည့်ကျင့်ကြံနည်းစနစ်ကို အသုံးပြုသည်ဖြစ်စေ ကျင့်ကြံသူများသည် ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းနိုင်အောင် ကြိုးစားရပေမည်။အကွက်ချကြံစည်မှုများနှင့်လှည့်ကွက်များသည် အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရာ၌ အရေးပါတော့မည်မဟုတ်ချေ။
သူသည် အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ၏အတွေးများအားလုံး ရှင်းလင်းသွားခဲ့သည်။အမှန်တရားသည် သူ၏ရှေ့၌ ထွက်ပေါ်လာသောနေ့တစ်နေ့ ရောက်ရှိလာမည်ဟု သူ ယုံကြည်သည်။
"ဝမ်ပင်း ကျန်းဟန် လီရှင်း ရှင်းရှန်...ဒီနေ့ကနေစပြီးတော့ မင်းတို့လေးယောက်လုံး ငါနဲ့အတူ ချင်အင်ပါယာကို ပြန်ပြီးတည်ထောင်ရမယ်"
လုယွီက သူ၏ရှေ့၌ မတ်တတ်ရပ်နေသော ဧရာမဗိုလ်ချုပ်ရွှံ့ရုပ်ထုလေးရုပ်ကိုကြည့်ပြီးအလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
ထိုရွှံ့ရုပ်တုလေးရုပ်သည် လုယွီကိုကြည့်ပြီးနောက် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။။သူတို့ထံ၌ တိုက်ခိုက်ရေးစိတ်ဝိညာဥ်များ ကြွင်းကျန်နေဆဲပင်။ထိုစစ်သားများ၏အေးစက်စက်ပုံပန်းသွင်ပြင်သည် သူတို့၏စိတ်ဝိညာဥ်များကို လှောင်ပိတ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။သို့ရာတွင် သူတို့၏တိုက်ခိုက်ရေးစိတ်ဝိညာဥ်များမှ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ မပျောက်ကွယ်သေးသရွေ့ သူတို့ထံတွင် စွမ်းအားများ ကျန်ရှိနေပေမည်။
ဘေးကပ်ဆိုးကြီး ရောက်ရှိလာချိန်တွင် နန်းတော်ကိုစောင့်ကြပ်နေသော သိုင်းပညာအင်မော်တယ်လေးယောက် အငိုက်မိသွားခဲ့သည်။သူတို့၏အသက်များသည် တခြားနန်းတော်အစောင့်များနှင့်အတူ နှုတ်ယူခြင်းခံလိုက်ရလေ၏။သူတို့၏တိုက်ခိုက်ရေးစိတ်ဝိညာဥ်များသာလျှင် ဤလောကကြီးအတွင်း၌ ကြွင်းကျန်ခဲ့သည်။
လုယွီသည် ရုတ်တရက် နက်ဆိုးနယ်မြေအတွင်း၌ တိုက်ခိုက်ရေးစိတ်ဝိညာဥ်များ ကျန်ရှိနေသည်ကို အမှတ်ရသွားသည်။သူတို့၏အလောင်းများသည် တခြားနေရာများ၌ရှိနေလေ၏။သူတို့သည် ဤလောကကြီးအတွင်း၌ သူတို့၏တည်ရှိခဲ့မှုကို မေ့လျော့သွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ မိုးကောင်းကင်ယံအနှံ့ ပြည့်နှက်နေသော အဝါရောင်သဲများက သူတို့၏ခန္ဓာကိုယ်များကို ဖုံးလွှမ်းသွားခဲ့သည်။
"တစ်နေ့ကျရင် ငါက မင်းတို့အားလုံးကို နတ်ဆိုးနယ်မြေကနေ ပြန်ခေါ်မယ်"
ဤသည်မှာ လုယွီသည် ချင်အင်ပါယာ၏ဆက်ခံသူဖြစ်လာပြီးနောက် ပထမဆုံးဖြစ်တည်လာသည့် စိတ်ဆန္ဒပင်။
တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်အတွင်းမှ ချင်အင်ပါယာနဂါးသွေးကြောသည် လုယွီ၏စကားကို အာရုံခံမိသည့်အလား တုံ့ပြန်သည့်အနေဖြင့် တုန်ခါသံများ ထွက်ပေါ်လာသည်။