အခန်း (၄၃၃၁-၄၃၃၅)
Vol. 220 Ch. 4331-4335
Chapter 4331
"မင်းပြောသလိုဆိုရင် ယင်ယန်ကျမ်းစာက မင်းကို အတိတ်က ကောင်းကင်ဘုံနန်းတော်ဆီ ပြန်ပြီးခေါ်ဆောင်သွားခဲ့တယ်...လူသားမျိုးနွယ်က နတ်ဆိုးနယ်မြေထဲကို ဝင်တိုက်ခိုက်ပြီးတော့ ရှေးဟောင်းနတ်ဆိုမျိုးနွယ်တစ်စုလုံးကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့လုနီးပါးထိ ဖြစ်ခဲ့တာလား"
လုယွီ၏ရှင်းပြချက်များကို နားထောင်ပြီးနောက် ခွေးနက်ကြီးသည် တည်ငြိမ်နိုင်ခြင်းမရှိတော့ချေ။သူသည် နေရာမှခုန်ပေါက်ထကာ အော်ဟစ်လိုက်၏။
ဤသည်မှာ အမှန်တကယ်ကိုပင် ခွေးနက်ကြီးအား ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။ကောင်းကင်ဘုံနန်းတော်ပင်လျှင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသော တစ်စုံတစ်ခုကို သေမျိုးလူသားများမှ အမှန်တကယ်ကို လုပ်ဆောင်နိုင်ခဲ့လေ၏။
"အိုး ဘုရားရေ...ရှေးဟောင်းနတ်ဆိုးတွေရဲ့နောက်မှာ မူလဘူတာခေတ်ရဲ့သက်ရှိတစ်ကောင် တကယ်ကြီး ပုန်းအောင်းနေတာလား ...အခုကြည့်ကြည့်တော့မှ ကောင်းကင်ဘုံဧကရာဇ်ကို သတ်လိုက်တာက သူပဲဖြစ်မယ်...မူလဘူတခေတ်ရဲ့သက်ရှိတွေက လက်လျှော့အရှုံးပေးဖို့ ဆန္ဒမရှိဘဲနဲ့ ဒီလောကကြီးထဲကို ပြန်လာဖို့ရည်ရွယ်ချက်တွေ ရှိနေတယ်ဆိုတာ ငါ သိထားတယ်"
ခွေးနက်ကြီး၏အမွှေးများ ထောင်ထနေကာ သူက အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။
အစပထမ၌ သူ ဒေါသတကြီးအော်ဟစ်နေသည်။ရုတ်တရက် သူသည် တစ်စုံတစ်ခုကိုတွေးတောမိသွားပုံဖြင့် ကြေကွဲဝမ်းနည်းစွာ ညည်းတွားလိုက်သည်။
"အဲ့ဒါက အစစ်အမှန်ကောင်းကင်ဘုံနန်းတော်ပဲ ...လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့ ပုံရိပ်ရောင်လောကနဲ့ မတူဘူး...ဒါက အစစ်အမှန်လောကကြီးပဲ...အဲ့ဒီနေရာမှာ ရတနာတွေ ဘယ်လောက်ထိများများ ရှိနေလိမ့်မလဲ...ငါ အဲ့ဒါတွေကို ရေတွက်လို့တောင် ရမှာမဟုတ်ဘူး..ဒါ့ပြင် ရှေးဟောင်းခေတ်ရဲ့ကောင်းကင်ဘုံနန်းတော်ထဲမှာရှိတဲ့ ပစ္စည်းအများစုက ပုတ်သိုးဆွေးမြည့်သွားမှာ မဟုတ်ဘူး....ဒါက ဘဝတစ်သက်မှာ တကြိမ်ပဲရနိုင်တဲ့အခွင့်အရေးကြီးပဲ...ဒါပေမဲ့ ငါက တကယ်ကို အိပ်နေခဲ့မိတယ်"
ခွေးနက်ကြီးသည် အလွန်ဒေါသထွက်သွားကာ သူ၏ခေါင်းဖြင့် နံရံကိုဆောင့်လိုက်သည်။
သူသည် လိပ်နက်နတ်ဘုရားဆေးလုံးကို ဝါးမြိုခဲ့သဖြင့် အလွန်အစွမ်းထက်သော ဆေးစွမ်းအားများကြောင့် အချိန်အတော်ကြာအိပ်စက်၍ ချေဖျက်ရန် လိုအပ်သည်။
သို့ရာတွင် သူ အိပ်စက်နေစဉ်အတောအတွင်းတွင် ဤကဲ့သို့ အခွင့်အရေးကြီးတစ်ခုကို လွဲချော်သွားမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်းမရှိချေ။
သို့ရာတွင် သူ ဒေါသအထွက်ဆုံးကိစ္စမှာ လိပ်နက်နတ်ဘုရားဆေးလုံး၏ဆေးစွမ်းအားများကို ချေဖျက်ပြီးနောက် သူ နိုးထလာချိန်တွင် သူ့သိပ်သည်းထားသော နတ်ဆိုးအမြူတေ ကွဲအက်သွားခြင်းပင်။
သူ နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်သည်အထိ ပြင်းပြင်းထန်ထန် ကျင့်ကြံခံခဲ့ရမှုများအားလုံး အချိန်တခဏအတွင်း၌ ပျက်စီးသွားခဲ့သည်။
"ငါ အရမ်းဒေါသထွက်တယ်"
ခွေးနက်ကြီး၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သူသည် ပင်မခန်းမအတွင်း၌ လှည့်ပတ်၍ပြေးလွှားလိုက်သည်။
ဤခွေးနက်ကြီးသည် ယခင်က လုယွီ တွေ့ဆုံခဲ့ဖူးသော မျောက်နှင့်တူညီပေ၏။သူတို့နှစ်ကောင်လုံးသည် လောဘကြီးသောသတ္တဝါများပင်။သူတို့အတွက် ရတနာများမရရှိနိုင်ခြင်းသည် ကြီးမားစွာညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် တူညီသည်။
ခွေးနက်ကြီးသည် နန်းတော်ကို အပတ်ပေါင်းတစ်ရာခန့် လှည့်ပတ်ပြေးပြီးနောက် ပြန်လည်၍တည်ငြိမ်သွားသည်။သို့ရာတွင် သူသည် နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် မြေပြင်ပေါ်ရှိ ယင်ယန်ကျမ်းစာကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်း ပြောတဲ့အတိုင်းဆိုရင် အဲ့ဒီပစ္စည်းက ထပ်ပြီးအသုံးပြုလို့မရတော့ဘူးလား"
ခွေးနက်ကြီး၏မျက်လုံးများ လုံးလုံးလျားလျားနီမြန်းနေကာ သူက အံ့တင်းတင်းကြိတ်ပြီး ဒေါသဖြင့်မေးမြန်းသည်။
လုယွီက တည်ငြိမ်စွာတုံ့ပြန်သည်။
"ဒီယင်ယန်ကျမ်းစာက လေဟာနယ်ကူးပြောင်းရေး အဆောင်လက်ဖွဲ့တစ်ခုပဲ....ဒါကို နှစ်ကြိမ်အသုံးပြုပြီးပြီ...ငါတို့ ထပ်ပြီးအသုံးပြုလို့ရတော့မှာ မဟုတ်ဘူး"
အမှန်အားဖြင့် ဤသည်မှာ သူ စကားအရာသက်သက်ပြောလိုက်ခြင်းပင်။ယင်ယန်ကျမ်းစာ၏စာမျက်နှာတိုင်း ယခုအချိန်၌ ဗလာဟင်းလင်းဖြစ်နေလေပြီ။ဤအရာပေါ်၌ ယခင်က ရေးသားထားခဲ့သော မရေမတွက်နိုင်သည့်ကျမ်းစာစာလုံးများ ပျောက်ကွယ်သွားကာ ယခုချိန်၌ စာလုံးများကင်းမဲ့နေသော ကျမ်းစာစာအုပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"အား....အဲ့ဒါဆိုရင် ဘယ်လို အရှက်မဲ့တဲ့ကောင်က သတင်းတွေကို ဖြန့်ခဲ့တာလဲ...ဒဏ္ဍာရီတွေအရဆိုရင် ရှေးဟောင်းမဟာကျမ်းစာသုံးခုမှာ ထာဝရအသက်ရဲ့လျှို့ဝှက်ချက်တွေ ရှိနေတယ်.... ဒါပေမဲ့ အဲ့ဒီကျမ်းစာသုံးခုထဲက တစ်ခုက အသုံးပြုနိုင်ဖို့အတွက် ကန့်သတ်ချက်တွေ ရှိနေခဲ့တယ်....ဒါက လှည့်စားမှုတစ်ခုလား"
ခွေးနက်ကြီးသည် အဖြစ်မှန်ကို လက်ခံနိုင်ခြင်းမရှိချေ။။သူသည် ရှေးဟောင်းကောင်းကင်ဘုံနန်းတော်အတွင်း၌ နေရာကောင်းတချို့ကို ကောင်းစွာသိရှိထားသည်။သူသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ပင် အလွန်သက်သောင့်သက်သာရှိစွာ နေထိုင်နိုင်ခဲ့လေ၏။ သို့ရာတွင် ယခုလက်ရှိချိန်၌ ဤကဲ့သို့ အဖိုးတန်ရှားပါသော အခွင့်အရေးကြီးရှိလာသည့်တိုင် သူ့၏နှာခေါင်းအောက်မှ ချော်ထွက်သွားခဲ့သည်။
ခွေးနက်ကြီး အနည်းငယ်ပြန်၍တည်ငြိမ်သွားချိန်တွင် လုယွီက အစောပိုင်းက အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းလိုက်သည်။
နတ်ဘုရားသုတ်သင်ခြင်းကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ရန်မှာ သူ့အတွက် မလွယ်ကူခဲ့ချေ။ထိုအရာကို ဟန့်တားနိုင်ရန်အလို့ငှာ လုယွီသည် သူ၏စိတ်အာရုံ ကိုးဆယ့်ကိုးရာခိုင်နှုန်းကိုအသုံးပြုခဲ့ရသည်။သူ၏အသိစိတ်အကြွင်းအကျန်တစ်ခုတည်းကသာလျှင် လုကျိုးရှောင်၏ချဉ်းကပ်လာမှုကို အာရုံခံမိလေ၏။
လုကျိုးရှောင်သည် ဤအခွင့်အရေးကိုယူ၍ သူ့အား သတ်ဖြတ်ရန် ကြံရွယ်ခဲ့ကြောင်း သူ နားလည်သဘောပေါက်သည်။သို့ရာတွင် ထိုအချိန်တုန်းက သူသည် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများအတွင်းတွင် လှောင်ပိတ်မိနေသဖြင့် လုကျိုးရှောင်အား တန်ပြန်တိုက်ခိုက်နိုင်ရန် အလွန်ခက်ခဲနေခဲ့သည်။
ယခုအချိန်၌ သူ ဤကိစ္စအကြောင်းကို ပြန်လည်၍တွေးတောမိချိန်တွင် သူ့ကံကောင်း၍သာ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပေမည်။
လုယွီထံတွင် ဝှက်ဖဲများစွာရှိနေမည်ဟု လုကျိုးရှောင် မျှော်လင့်ထားမိမည်မဟုတ်ချေ။လုကျိုးရှောင်သည် ဤနေရာ၌ ဆုံးရှုံးမှုများစွာခံစားခဲ့ရသည့်အပြင် အဆုံးသတ်၌ သူ၏အသက် သေဆုံးသွားခဲ့သည်။
မြေပြင်ပေါ်၌ လုယွီနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိသော အလောင်းတလောင်းရှိနေသည်။ဤသည်မှာ လုကျိုးရှောင်အပိုင်စီးထားသောခန္ဓာကိုယ်ဖြစ်ပြီး ကြည့်ရသည်မှာ အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေလေ၏။
လုယွီသည် ပါရမီရှင်တစ်ယောက် ဤကဲ့သို့အဆုံးသတ်သွားသည်ကိုကြည့်ပြီး ဝမ်းသာမှုကိုမခံစားရချေ။သို့ရာတွင် သူသည် လုကျိုးရှောင်ကို ယခင်ကတည်းက အနည်းငယ်မျှဂရုမစိုက်ခဲ့ပေ။
Chapter 4332
"ကောင်စုတ်လေးလု နားထောင်စမ်း...မင်း ငါ့ကို အသက်တစ်ချောင်း အကြွေးတင်နေတယ်...ဒီတစ်ကြိမ်မှာ မင်းက ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရထားတာကို မင်း မမေ့နဲ့...ဒါပေမဲ့ ငါကတော့ မင်းအတွက်နဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုကို ပိတ်ဆို့ဟန့်တားခဲ့ရတယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ကို ဘာအကျိုးအမြတ်မှမပေးဘူးဆိုရင် ဒါက ကျိုးကြောင်းမဆီလျော်ဘူး"
ခွေးနက်ကြီးသည် လုယွီကိုစူးစိုက်ကြည့်ကာ သူ၏မျက်လုံးအတွင်း၌ မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။
သို့ရာတွင် သူသည် လုယွီနှင့်မယှဉ်ပြိုင်နိုင်တော့သည်ကို သတိပြုမိသွားသည့်အလား ယခင်က သူ၏ခြိမ်းခြောက်သောလေသံမှနေ၍ တောင်းပန်တိုးလျှိုးခြင်းနှင့်တိုင်ပင်ဆွေးနွေးခြင်းတို့ ပြုလုပ်သောလေသံအဖြစ်သို့ ပြောင်းလဲသွားသည်။
ယခုလက်ရှိချိန်တွင် လုယွီ၏ခွန်အားသည် ယခင်နှင့် မတူညီတော့ချေ။ထို့ကြောင့် ခွေးနက်ကြီးသည် အလွန်မောက်မာထောင်လွှားဝံ့ခြင်းမရှိပေ။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ဒီတစ်ကြိမ်မှာ မင်းက ကောင်းကောင်းလုပ်နိုင်ခဲ့တယ်....ငါ မင်းကို မမျှမတဆက်ဆံမှာမဟုတ်ဘူး"
ထို့နောက် လုယွီက သူ၏ခေါင်းကိုမော့လိုက်သည်။သူ၏မျက်လုံးအတွင်းမှနေ၍ လျှပ်စီးတန်းများအလား အကန့်အသတ်မရှိသည့် ရွှေရောင်အလင်းတန်းများ ဖြာထွက်လာကာ နန်းတော်၏နံရံများကိုဖြတ်ကျော်ပြီး ပြင်ပသို့ကျရောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် နန်းတော်အတွင်း၌ နတ်ဆိုးသက်ရှိများ လှည့်လည်သွားလာနေဆဲပင်။
မြေအောက်မှနေ၍ ဆင့်ခေါ်ခြင်းခံထားရသော နတ်ဆိုးများ၏မရေမတွက်နိုင်သည့်ပုံရိပ်များလည်း ရှိနေသည်။သူတို့အား လူသားဧကရာဇ်မှနေ၍ အထူးနည်းလမ်းများကိုအသုံးပြု၍ ဖိနှိပ်ခဲ့ခြင်းပင်။ထိုကြောင့် သူတို့သည် အာဟာရဖြည့်တင်းနိုင်ရန်အတွက် ကြီးမားသောတော်ဝင်နန်းတော်ကြီးအတွင်း၌ လှည့်လည်သွားလာပြီးရှာဖွေနေရသည်။
လူသားဧကရာဇ်ထံတွင် ဤနတ်ဆိုးများကို သတ်ဖြတ်နိုင်သောစွမ်းအားရှိသော်လည်း အမြစ်ပြတ်သုတ်သင်ခဲ့ခြင်းမရှိချေ။သူတို့သည် သေဒဏ်မှမလွတ်မြောက်နိုင်သော အကျဉ်းသားများနှင့် တူညီနေသည်။သူတို့အားဤနေရာ၌ အကျဉ်းချထားခြင်းဖြင့် နောင်အနာဂတ်မျိုးဆက်များသည် ရှေးဟောင်းနတ်ဆိုးများတည်ရှိနေမှု၏ လွှမ်းမိုးချုပ်ကိုင်နိုင်မှုကို သိရှိနိုင်ပေမည်။
ဤသည်မှာ လောကကြီးအတွင်းရှိ ရှေးဟောင်းနတ်ဆိုးများအားလုံးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပေ၏။ဤသည်မှာ သတိပေးမှုတစ်ခုဖြစ်ပြီး နတ်ဆိုးများအား သူတို့၏မကောင်းသောစိတ်များကို ထိန်းချုပ်ထားရင်း ပြောဆိုနေသည့်အလားပင်။သူတို့သည် အောက်ဘုံသို့ ထပ်မံ၍ဆင်းသက်လာပါက ဤနေရာ၌ အကျဉ်းချခြင်းခံရပေမည်။
"ဘယ်လောက်တောင်ကြီးမားတဲ့ အစီအစဉ်ကြီးလဲ...အပေါ်ယံမှာတော့ ဒါက ကြီးကျယ်ခမ်းနားတဲ့ တော်ဝင်နန်းတော်ကြီးတစ်ခုဖြစ်နေတယ်...ဒါပေမဲ့ အဖြစ်မှန်ကတော့ ဒါကရှေးဟောင်းနတ်ဆိုးတွေရဲ့လှောင်အိမ်ပဲ..ဒီလိုကိစ္စမျိုးရှိနေမယ်လို့ ဘယ်သူကမှ တွေးမိမှာမဟုတ်ဘူး"
လုယွီ၏စိတ်ဝိညာဥ်သည် ဖန်းနန်းတော်၏အထက်မိုးကောင်းကင်ယံအတွင်းသို့ ကျရောက်သွားသည်။
သူသည် ချင်အင်ပါယာ၏ဆက်ခံသူပင်။ဖန်းနန်းတော်အတွင်းရှိ တားမြစ်ကန့်သတ်ချက်များအားလုံးသည် သူ့အပေါ်တွင် သက်ရောက်မှုမရှိတော့ပေ။သူသည် ဤနေရာ၌ လွတ်လွတ်လပ်လပ်သွားလာနိုင်ကာ သူ မလုပ်ဆောင်နိုင်သောအရာဟူ၍ မရှိတော့ချေ။
ဖန်းနန်းတော်အတွင်း၌ မည်သည့်ကိစ္စများဖြစ်ပျက်နေသည်ကို သူ တချက်ကြည့်လိုက်သည်။
ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဆိုးများသည်နန်းတော်၏ထောင့် တနေရာတိုင်းမှ ထွက်ပေါ်လာကာ ဦးတည်ချက်မဲ့စွာဖြင့် နေရာအနှံ့အပြားသို့ သွားလာနေသည်။
ဤရှေးဟောင်းနတ်ဆိုးများကို ချိတ်ပိတ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူတို့သည် ထာဝရအသက်ရှင်သန်နိုင်သူများမဟုတ်သဖြင့် သူတို့၏စိတ်ဝိညာဥ်များ သေဆုံးသွားခဲ့သည်။သူတို့အနက်မှတချို့သာလျှင် ဖုတ်ကောင်များအလား ကျန်ရှိနေကာ ဖန်းနန်းတော်၏နက်ရှိုင်းသောနေရာ၌ လှည့်လည်သွားလာနေခြင်းဖြစ်သည်။
မြေကမ္ဘာနတ်ဆိုးဘိုးဘေးသည် ဤနတ်ဆိုးများကို ဆင့်ခေါ်ခဲ့သော်လည်း ဂရုမစိုက်နိုင်ခဲ့ချေ။ထိုကြောင့် နတ်ဆိုးများအားလုံးသည် ဖန်းနန်းတော်အတွင်းသို့ ပြန်လည်ရောက်ရှိသွားကြ၏။
ဤနေရာသည် ချင်အင်ပါယာနန်းတော်၏အရေးကြီးသောနေရာတစ်ခုပင်။ အမြင့်တစ်နေရာမှကြည့်ပါကတစ်စုံတစ်ယောက်သည် ချင်အင်ပါယာနန်းတော်တခုလုံးကို ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။
လူသားဧကရာဇ်သည် ဤနေရာ၌ မတ်တတ်ရပ်ကာ အောက်တွင်ရှိနေသော မြင်ကွင်းများကို ညပေါင်းမရေမတွက်နိုင်အောင် ကြည့်ခဲ့သည်ကို လုယွီက မြင်ယောင်မိသည်။
လူသားမျိုးနွယ်၏ကံကြမ္မာသည် လုယွီနှင့်ချည်နှောင်ထားပြီးဖြစ်သည်။လူသားဧကရာဇ် ကြုံတွေ့ခဲ့ရသောအရာများကို မည်သူတစ်ဦးတစ်ယောက်မျှ မသိနိုင်ချေ။သူ၏အသက်သေဆုံးခါနီး နောက်ဆုံးအချိန်အခိုက်အတန့်မှာပင် သူ၏သွေးခန္ဓာကိုယ်ကိုလောင်ကျွမ်းကာ လောကကြီးအတွင်းရှိ လူများအားလုံးအတွက် လမ်းကြောင်းသစ်တစ်ခုကို ဖွင့်ပေးခဲ့သည်။
"သေစမ်း"
လုယွီသည် တော်ဝင်ကျောက်စိမ်းစည်းတံဆိပ်ကိုဆုပ်ကိုင်ကာ ဖန်းနန်းတော်ရှိနေသောနေရာသို့ဦးတည်၍ ဖိနှိပ်လိုက်၏။
ပြင်းထန်သော တော်ဝင်အရှိန်အဝါတစ်ရပ်သည် မီးတောင်တစ်တောင် ပေါက်ကွဲသွားသည့်အလား ပွင့်အံ့ထွက်လာသည်။ခြစ်ခြစ်တောက်ပူပြင်းသောစွမ်းအားလှိုင်းများ အရပ်မျက်နှာအဘက်ဘက်သို့ စတင်၍ပျံ့နှံ့သွားသည်။ဤစွမ်းအားလှိုင်းအောက်တွင် မည်သည့်ရှေးဟောင်းနတ်ဆိုးမျှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။
လုယွီ၏မြင့်မြတ်သောတော်ဝင်အရှိန်အဝါအောက်တွင် ရက်စက်ကြမ်းကြုတ်သောရှေးဟောင်းနတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့လဲကျသွားသည်။ ကျယ်လောင်သော မြည်ဟီးသံများနှင့်အတူ သူတို့သည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပေ၏။
ထောင်သောင်းချီသော ရှေးဟောင်းနတ်ဆိုးများအားလုံး အချိန်တခဏအတွင်းတွင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
ဤကဲ့သို့ ပြင်းထန်သောစွမ်းအားလှိုင်းသည် ရှေးဟောင်းနတ်ဆိုးများ တောင့်ခံနိုင်သောအကန့်အသတ်ထက် ကျော်လွန်နေသည်။အစွမ်းထက်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည်လည်း ပတ်ဝန်းကျင်နေရာတဝိုက်၌ ပျံ့နှံ့နေကာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ဤသည်မှာ သိုင်းပညာအင်မော်တယ်များသာ အသုံးပြုနိုင်သည့် နည်းစနစ်တစ်ခုပင်။ယခုလက်ရှိချိန်တွင် ရှေးဟောင်းနတ်ဆိုးများသည် အခွံလွတ်ကြီးများသက်သက်ပင်။ဤရှေးဟောင်းနတ်ဆိုးများအကြားတွင် နတ်ဆိုးဘိုးဘေးများ ရှိမနေချေ။ထို့ကြောင့် လုယွီသည် ခွန်အားကုန်အသုံးပြုရန် မလိုအပ်ပေ။
"ဒီနေရာမှာ အလင်းရောင်ရှိနေဖို့ လိုအပ်တယ်"
လုယွီက သူ၏ခေါင်းကိုထပ်မံ၍မော့လိုက်ကာ သူပြောဆိုလိုက်သော စကားလုံးများက ပဲ့တင်ထပ်သွားသည်။
တောက်ပသောနေရောင်ခြည်သည် တိမ်တိုက်များကိုဖြတ်သန်းပြီး ကြီးကျယ်ခမ်းနားသောနန်းဆောင်များပေါ်သို့ ကျရောက်လာသည်။
နန်းတော်၏မျက်နှာပြင်ပေါ်၌ လွှမ်းခြုံနေသောအနက်ရောင်မြူခိုးများသည် ကြောင်တကောင်ကိုတွေ့လိုက်ရသော ကြွက်များအလား အလျှင်အမြန်ပျက်ပြယ်သွားပေ၏။
Chapter 4333
နေရောင်ခြည်သည် ချင်အင်ပါယာနန်းတော်တည်ရှိရာ ကမ္ဘာငယ်လေးအတွင်း၌ တောက်ပနေကာ အနက်ရောင်မြူခိုးများအားလုံး ရှင်းလင်းသွားခဲ့သည်။
ရှေးဟောင်းနတ်ဆိုးများအားလုံး သေဆုံးသွားခဲ့ကာ သူတို့၏အရိုးများပင်လျှင် လောကကြီးအတွင်း၌ မတည်ရှိခဲ့သည့်အလား အလျှင်အမြန်အရည်ပျော်သွားခဲ့သည်။
ဤကဲ့သို့ တော်ဝင်အရှိန်အဝါသည် မိုးထိမြင့်မားလုမတတ်အဆင့်သို့ ရောက်ရှိနေလေပြီ။ထိုအရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားစွာဖြင့် ပတ်ဝန်းကျင်နေရာတဝိုက်ကို ဖြတ်သန်းသွားလေ၏။ယခုအချိန်ထိတိုင် နိုးထလာခြင်းမရှိသေးသော ရှေးဟောင်းနတ်ဆိုးအမြောက်အများပင်လျှင် မြေပြင်ပေါ်သို့ တွားသွားတက်မလာနိုင်သေးမီမှာပင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
"ဝိုး ဒါကအရမ်းကောင်းတဲ့ လှုပ်ရှားမှုပဲ"
ခွေးနက်ကြီးသည် ဤမြင်ကွင်းကို ပါးစပ်အဟောင်းသားဖြင့် စောင့်ကြည့်နေကာ သူ၏အမြှီးကို ဝှေ့ယမ်းလိုက်သည်။
ထောင်နှင့်ချီသော ရှေးဟောင်းနတ်ဆိုးများ သေဆုံးသွားပြီးနောက် ဖန်နန်းတော်၏အနီးပတ်ဝန်းကျင်ရှိ မြင်ကွင်းများအားလုံး များစွာပို၍ရှင်းလင်းသွားခဲ့သည်။
လုယွီက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး စူးစမ်းလေ့လာလိုက်သည်။ထို့နောက်သူ၏လက်ကိုဆန့်တန်းကာ လေထုအတွင်း၌ ဖမ်းဆုပ်သည်လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။ သူ၏လက်အတွင်းသို့ ဆေးလုံးနှစ်လုံး ပျံ့လွင့်လာပေ၏။
ဤဆေးလုံးနှစ်လုံးထံတွင် ဆေးစွမ်းအားများဖြင့် ပြည့်နှက်နေသည်။ထိုဆေးလုံးများ၏မျက်နှာပြင်များတွင် မည်သည့်မသန့်စင်မှုမျှမရှိဘဲ ခပ်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်နေသည်။
ဆေးလုံးနှစ်လုံး၏နံဘေးပတ်လည်တွင် ထူးဆန်းသောပုံရိပ်ယောင်များ ထွက်ပေါ်လာပေ၏။ပုံရိပ်တစ်ခုသည် အသူရာနဂါးဖြစ်ကာ တခြားတစ်ခုသည် ကျားဖြူပင်။ထိုအရာများသည် အလွန်ကွက်ကွက်ကွင်းကွင်းရှိပြီး အသက်ဝင်သည်။
ထိုဆေးလုံးနှစ်လုံးသည် အချိန်အတော်ကြာအကျဉ်းချခံရပြီးမှ ရုတ်တရက် လွတ်မြောက်လာသည့်အလား လုယွီ၏လက်အတွင်းသို့ ရောက်ရှိသည်နှင့် ပြင်းထန်သောဆေးစွမ်းအားများ ပွင့်အံ့ထွက်လာသည်။အဝေးတစ်နေရာ၌ရှိနေသော တစ်စုံတစ်ယောက်ပင်လျှင် အလွန်ထူထပ်သိပ်သည်းသော ဆေးရနံ့များကို ရရှိနိုင်သည်။
ဘေးကပ်ဆိုးကြီး ကျရောက်လာပြီးနောက် ချင်အင်ပါယာ၏အကြွင်းအကျန်အများစု ဖျက်ဆီးခြင်းခံခဲ့ရသည်။သို့ရာတွင် ဤဆေးလုံးများသည် ကောင်းမွန်စွာတည်ရှိနေဆဲဖြစ်ကာ နှစ်ပေါင်းတစ်သောင်းကျော် ကြာမြင့်ခဲ့သည့်တိုင် ဆေးစွမ်းအားများ ပျက်ပြယ်သွားခြင်းမရှိချေ။
"ဒီကျားဖြူနတ်ဘုရားဆေးလုံးရဲ့ ဆေးစွမ်းအားက အရမ်းအစွမ်းထက်တယ်...တကယ်လို့ မင်းရဲ့နတ်ဆိုးအမြူတေကို ပြန်ပြီးပြုပြင်ချင်တယ်ဆိုရင် မင်း အလျင်လိုဖို့မလိုဘူး"
လုယွီက ကျားဖြူနတ်ဘုရားဆေးလုံးကို ခွေးနက်ကြီးထံသို့ ပစ်ပေးလိုက်သည်။
ခွေးနက်ကြီးသည် ထိုဆေးလုံးကို အလျှင်အမြန်ကောက်ယူကာ ဂရုတစိုက်သိမ်းဆည်းလိုက်၏။ ဤတစ်ကြိမ်တွင် သူသည် အလွန်သတိကြီးစွာထားနေကာ မည်သည့်ပြဿနာမျှ ရှာလိုစိတ်မရှိတော့ချေ။
"ကောင်စုတ်လေးလု...မင်းက အရမ်းသဘောကောင်းတာပဲ"
ခွေးနက်ကြီးသည် တီးတိုးပြောဆိုလိုက်သော်လည်း သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
နတ်ဘုရားဆေးလုံး....ဤကဲ့သို့ မိုးကောင်းကင်ရတနာများကို ကံကြမ္မာအရသာ တွေ့နိုင်ပြီး လွယ်လင့်တကူဝယ်ယူ၍မရချေ။
သူသည် ကျားဖြူနှတ်ဘုရားဆေးလုံးကို မှီခို၍ သူ၏အက်ကွဲသွားသော နတ်ဆိုးအမြူတေကို ပြန်လည်ပြုပြင်နိုင်ရုံသာမက သူ၏ကျင့်ကြံဆင့်နယ်ပယ်ကိုလည်း ပို၍မြင့်မားသောအဆင့်တစ်ဆင့်သို့ မြှင့်တင်နိုင်ပေမည်။
ဤသည်မှာ ကံဆိုးမှုအကြားမှ ကံကောင်းမှုရရှိခြင်းပင်။
ဤအချိန်အခိုက်အတန့်တွင် ရွှံစစ်သားအမြောက်အများသည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာခဲ့သည်။သူတို့သည် လုယွီ၏တော်ဝင်အရှိန်အဝါကို အာရုံခံမိသွားကာ ဖန်းနန်းတော်ထံသို့ စုဝေးလာကြသည်။
ဤသည်မှာ အတိတ်တွင် နန်းတော်ကို ကာကွယ်စောင့်ရှောက်ခဲ့သည့် စစ်သားများပင်။သူတို့သည် နတ်ဆိုးနယ်မြေအတွင်းရှိစစ်ပွဲ၌ပါဝင်ဆင်နွှဲခဲ့ခြင်းမရှိသော်လည်း မသိလိုက်မသိဘာသာဖြင့် သူတို့၏အသက်များ ဆုံးရှုံးခဲ့ရသည်။
"ငါ မင်းကို တခြားကိစ္စတစ်ခု ပြောစရာရှိသေးတယ်....ထိုက်ဟွာကျမ်းစာက ထွက်ပြေးသွားခဲ့တယ်...ငါက ကောင်းကင်ပုံရဲ့ကံကြမ္မာသားတော်ဆိုတဲ့ကောင်ကို သတ်လိုက်ပေမယ့် အဲ့ဒီကံကြမ္မာက မင်းအပေါ်ကိုပဲ သက်ရောက်လာလိမ့်မယ်...ထိုက်ဟွာကျမ်းစာက လက်စားချေဖို့အတွက် မင်းကိုလာရှာမှာ သေချာပေါက်ပဲ"
ခွေးနက်ကြီးသည် ဤကဲ့သို့ ကောင်းမွန်သောသတိပေးစကားမျိုး ပြောဆိုသည်မှာ အလွန်ရှားပါးပေ၏။
လုယွီ၏အမူအယာ တည်ငြိမ်နေကာ သူက အေးအေးလူလူလေသံဖြင့် ပြောဆိုသည်။
"ဒါက ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူး ....ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုဆိုတာက အချိန်အတော်ကြာ လက်ဆင့်ကမ်းဆင်းသက်လာခဲ့တဲ့ အလိမ်အညာတွေသက်သက်ပဲ"
ထိုအကြောင်းကိုပြောဆိုရင်း လုယွီထံ၌ ရုတ်တရက် အတွေးတစ်ခုထွက်ပေါ်လာသည်။သူသည် လေဟာနယ် တစ်နေရာသို့ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောလိုက်၏။
"လောကကြီးရဲ့တာအိုကျမ်းစာတွေအားလုံးကို အသိပညာဗဟုသုတကြွယ်ဝတဲ့ ရှေးဟောင်းခေတ်ကလူတွေ ရေးခဲ့တာမဟုတ်ဘူး.... ရှေးဟောင်းတာအိုကျမ်းစာသုံးခုကို မပြောနဲ့ ရှေးဟောင်းအလယ်ခေတ်က လက်ဆင့်ကမ်းဆင်းသက်လာတဲ့ တာအိုကျမ်းစာတွေကိုတောင် စာပေသူတော်စင်တွေက ဖြည့်စွက်ပြင်ဆင်ခဲ့ရတယ်...ဒီကျမ်းစာတွေထဲမှာ အကန့်အသတ်မရှိတဲ့ နက်နဲသိမ်မွေ့မှုတွေနဲ့စည်းမျဉ်းတွေ ပါဝင်တယ်....ကျင့်ကြံသူတွေက ဒီကျမ်းစာတွေကိုကျင့်ကြံတာနဲ့ ကံကြမ္မာသက်ရောက်မှုအရဆိုရင် သူတို့ရဲ့ဆရာသခင်က စာပေသူတော်စင်တွေ ဖြစ်သွားပြီ"
"အသိပညာဗဟုသုတတွေကို ပြန့်ပွားစေပြီးတော့ မေးခွန်းတွေကို အဖြေပေးနိုင်တဲ့ စာပေသူတော်စင်တွေကို လောကကြီးရဲ့ဆရာသခင်တွေလို့ ခေါ်တယ်...တယောက်ယောက်က ကျင့်ကြံဖို့အတွက် တာအိုကျမ်းစာတွေကို အသုံးပြုလိုက်တာနဲ့ စာပေသူတော်စင်တွေရဲ့ကံကြမ္မာစွမ်းအားတွေ မြင့်တက်သွားလိမ့်မယ်"
လုယွီသည် ထိုကိစ္စများကို ပို၍စဉ်းစားတွေးတောလေလေ ပို၍နားလည်သဘောပေါက်လေလေပင်။သူ၏စိတ်အတွင်း၌ မရေမတွက်နိုင်သောအတွေးများ ထွက်ပေါ်လာသည်။
"ဘယ်သူတစ်ဦးတစ်ယောက်ကမှ နတ်ဆိုးနယ်မြေထဲကို ခြေမချခဲ့ဖူးဘူး...လူသားမျိုးနွယ်ရဲ့အသိအမြင်တွေအရဆိုရင် နတ်ဆိုးနယ်မြေက ခြောက်ကပ်နေတဲ့ ကျက်တီးမြေတစ်ခုပဲ...ဒါက လူသားတွေ ဘယ်လိုမှခြေမချနိုင်တဲ့ တားမြစ်နယ်မြေတစ်ခု ဖြစ်နေတယ်"
"ဒါပေမဲ့ တချိန်တုန်းက အဲ့ဒီနယ်မြေထဲကို ခြေချပြီးတော့ ရှေးဟောင်းနတ်ဆိုးတွေကို အနိုင်ယူခဲ့တဲ့ လူသားတွေရှိနေတယ်ဆိုတာ ဘယ်သူမှမသိကြတော့ဘူး"
လုယွီသည် မျက်လုံးစုံမှိတ်ကာ အကြိမ်တခဏကြားခန့် စဉ်းစားတွေးတောပြီးနောက် ဖြည်းညှင်းစွာပြောဆိုသည်။
"ငါက ယင်ယန်ကျမ်းစာရဲ့ အားနည်းချက်တွေကို ဖာထေးဖို့အတွက် တတိယမြောက်ကျမ်းစာကိုရေးသားဖို့ ရည်ရွယ်ထားတယ်"
Chapter 4334
"မင်းက ကျမ်းစာတစ်ခုကို ရေးချင်တာလား"
ခွေးနက်ကြီး၏မျက်လုံးများ ပြူးကျယ်သွားကာ လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။အချိန်တခဏကြာပြီးနောက် သူက ပြောဆိုသည်။
"မင်း ဆေးများ မှားသောက်မိတာလား...မင်းက ကျင့်ကြံနည်းစနစ်တစ်ခုကို ရေးမယ်ဆိုရင်တောင် ဒါက အဆင်ပြေအုံးမယ်...ဒါပေမဲ့ တာအိုကျမ်းစာလိုအရာတွေကို ရေးသားဖို့ဆိုတာက ကောင်းကင်နဲ့မြေပြင်အကြားက မဟာတာအိုစွမ်းအားတွေ ပါဝင်နေဖို့ လိုအပ်ရုံတင်မကဘူး အရမ်းပြင်းထန်တဲ့ ကံကြမ္မာစွမ်းအားတွေလည်း ရှိနေရမယ်...တကယ်လို့ မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ်က လုံလောက်အောင်မမြင့်မားဘဲနဲ့ အဲ့ဒီကျမ်းစာကို အတင်းအကြပ်ဖိအားပေးပြီး ရေးမယ်ဆိုရင် မင်းရဲ့သွေးချီစွမ်းအားတွေက မင်းရဲ့နှလုံးကို တိုက်ခိုက်လိမ့်မယ်...မင်းရဲ့အခြေခံအုတ်မြစ် ပျက်စီးသွားပြီးတော့ အတွင်းစိတ်နတ်ဆိုးတွေ မွေးဖွားလာနိုင်တယ်"
လုယွီသည် တာအိုကျမ်းစာတစ်ခုကို ရေးသားမည်ဟူသည့်ကိစ္စအား ခွေးနက်ကြီး ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။
ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုကို ရေးသားသောလူများသည် ကောင်းကင်ဘုံနယ်မြေ၏ရွှေအင်မော်တယ်များပင်။
ဤသည်မှာ နက်ရှိုင်းသော ကျင့်ကြံဆင့်အခြေခံရှိပြီး လောကကြီးအတွင်းရှိ အရာအားလုံး၏အကြွင်းမဲ့အမှန်တရားကို နားလည်သဘောပေါက်ထားသောလူများဖြစ်သည်။ကျမ်းစာတစ်ခု အောင်မြင်အောင်ဖန်တီးပြီးသည်နှင့် ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခတ်နိုင်စွမ်းရှိသော ထူးဆန်းသည့်သဘာဝလွန်ပုံရိပ်ယောင်များ ထွက်ပေါ်လာပေမည်။
သို့ရာတွင် လုယွီသည် ဤတာအိုကျမ်းစာကို မည်သို့ရေးသားမည်နည်း...
သူ၏အသက်သည် မည်မျှကြီးသေးသနည်း....
လုယွီ၏ပါရမီအရည်အချင်းသည် ထူးခြားကာ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကြီးမားသောခွန်အားမျိုးကို ရရှိထားသည့်တိုင် အကယ်၍ သူသည် လောကကြီးကိုလှုပ်ခတ်နိုင်သော ကျမ်းစာတစ်ခုကို ရေးသားလိုသည်ဆိုပါက သူ့၏အခြေခံအုတ်မြစ် အနည်းငယ်နိမ့်ပါးနေဆဲပင်။
ခွေးနက်ကြီး၏မျက်နှာပေါ်၌ သရော်တော်တော်အမူအယာတစ်ရပ် ထင်ဟပ်လာသည်။လုယွီသည် ကျမ်းစာတစ်ခုကို ရေးသားမည်ဟု ပြောဆိုလိုက်သဖြင့် တခြားလူများ၏အတွေးများနှင့် လွန်စွာအလှမ်းကွာဟသည်မှာ သိသာထင်ရှားလှ၏။
"ငါ့မှာ ခံစားချက်တစ်ခု ရှိနေတယ်"
လုယွီသည် ရှင်းပြခြင်းမပြုချေ။သူသည် သူ၏သိုလှောင်အိတ်အတွင်းမှ ခရမ်းရွှေရောင်စာရွက်များနှင့် မြင့်မြတ်စုတ်တံတို့ကို ထုတ်ယူလိုက်သည်။
ထိုအရာနှစ်ခုလုံးသည် ကျန်းမိသားစု၏အိမ်တော်၌ ဧည့်သည်အဖြစ်နှင့် လုယွီ နေထိုင်နေစဥ်တွင် ကျန်းဟန်မှ သူ့အား လက်ဆောင်ပေးထားခြင်းပင်။
ခရမ်းရွှေရောင်စာရွက်သည် ကျန်းမိသားစု၏အထူးသီးသန့်ထုတ်ကုန်ပင်။ဤစာရွက်ကို အထက်တန်းလွှာမိသားစုတချို့နှင့် တော်ဝင်နန်းတွင်းရှိ အရေးကြီးသောမှတ်တမ်းများရေးသားရာ၌ အသုံးပြုရန် သီးသန့်ဖန်တီးထားခြင်းဖြစ်သည်။ဤခရမ်းရွှေရောင်စာရွက်သည် အလွန်အမင်း အရည်အသွေးမြင့်မားပြီး ခိုင်ခံ့သည်။ဤအရာသည် မီးလောင်ကျွမ်းမှုဒဏ်ကိုလည်း အချိန်အတော်ကြာသည်အထိ ခံနိုင်ရည်ရှိပေ၏။
မြင့်မြတ်စုတ်တံသည် စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်ကာ အတိတ်တွင် စာပေသူတော်စင်ကျန်း၏စာကြည့်ဆောင်အတွင်း၌ တည်ရှိခဲ့သောအရာပင်။ဤအရာသည် စာပေသူတော်စင်ကိုယ်တိုင် အသုံးပြုခဲ့သော စုတ်တံမဟုတ်သည့်တိုင် စာပေသူတော်စင်၏အနီးတွင် အချိန်အတော်ကြာ ရှိနေခဲ့သော စုတ်တံဖြစ်သည်။ထိုကြောင့် ဤစုတ်တံထံတွင် သူတော်စင်တာအို၏အရှိန်အဝါများ စွန်းထင်းနေသဖြင့် အလွန်နက်နဲသိမ်မွေ့သော အရာတစ်ခုဖြစ်လာသည်။
လုယွီက သူ၏စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းကာ စျာန်ဝင်စားခြင်းအခြေအနေသို့ ဝင်ရောက်လိုက်သည်။
"သောက်ချေးပဲ...မင်း တကယ်ကြီးရေးမလို့လား...မင်း ဘာကိုရေးနိုင်မလဲဆိုတာ ငါ စောင့်ကြည့်အုံးမယ်"
ခွေးနက်ကြီးက သရော်တော်တော်ပြောဆိုကာ သူ၏မျက်နှာပေါ်တွင် လှောင်ပြောင်လိုသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။
အသက်ငယ်ရွယ်သူများသည် အလွန်မာန်မာနကြီးပေ၏။လုယွီသည် ဤကျမ်းစာကို အမှန်တကယ်ရေးသားမှသာ မည်မျှထိ ခက်ခဲသည်ကို သိရှိပေမည်။
လုယွီသည် ခွေးနက်ကြီး၏သရော်မူများကို ဂရုမစိုက်ချေ။သူ၏စိတ်သည် သူ့၏မှတ်ဉာဏ်များအတွင်း၌သာ လုံးလုံးလျားလျားနစ်မြုပ်နေသည်။
နောက်ဆုံးအချိန်အခိုက်အတန့်၌ လူသားဧကရာဇ်သည် လုယွီအား ဘိုးဘေးနဂါးနည်းစနစ်ကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့ရုံသာမက နတ်ဆိုးနယ်မြေနှင့်ပတ်သက်သည့် ကိစ္စများကိုလည်း သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပြောဆိုခဲ့သည်။
"နတ်ဆိုးနယ်မြေက တကယ်တော့ ကမ္ဘာလောကတစ်ခုပဲ...ကောင်းကင်ဘုံနယ်မြေက အမှန်တော့ အခုထက် အများကြီး ကြီးမားကျယ်ပြန့်တယ်..ဒါပေမဲ့ ရှေးဟောင်းနတ်ဆိုးတွေ ထွက်ပေါ်လာတဲ့အချိန်မှာ သူတို့က ကောင်းကင်ဘုံနယ်မြေရဲ့ကိုးဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်သွားခဲ့တယ်...အခုလက်ရှိ ကောင်းကင်ဘုံနယ်မြေက အရင်အကျယ်အဝန်းရဲ့ဆယ်ရာခိုင်နှုန်းပဲရှိတော့တယ်"
"ငါက ဒီလောကကြီးအကြောင်းကို လူတွေအားလုံး သိစေချင်တယ်"
လုယွီသည် အချိန်တစ်ခဏကြာခန့်စဉ်းစားပြီးနောက် သူ၏အတွေးများကို ဂရုတစိုက် လေ့လာဆင်ခြင်ကာ စတင်ရေးသားလိုက်တော့သည်။
"ကောင်းကင်ဘုံနယ်မြေရဲ့မြောက်ဘက်ခြမ်းကတိမ်ဖြူခိုးတောင်တန်းဖြစ်ပြီးတော့ တောင်ဘက်ခြမ်းမှာ ထိတ်လန့်တုန်လှုပ်မှုတောင်တန်းလို့ခေါ်တဲ့ နေရာရှိတယ်...အဲ့ဒီနေရာတွေရဲ့ အထက်မှာတော့ အနောက်ဘက်ပင်လယ်ရှိနေတယ်...အနောက်ဘက်ပင်လယ်ရဲ့ သစ်ပင်ပန်းမန်း အမြဲတမ်းစိမ်းလန်းနေပြီးတော့ အဖိုးတန်ရတနာတွေ ပေါကြွယ်ဝတယ်"
ဤစာကြောင်းအဆုံးသတ်သွားပြီးနောက် လုယွီသည် အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လက်၍ရေးသားလိုက်၏။
လုယွီ၏စာလုံးများအတွင်းတွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ် ရောယှက်နေသည်။သူရေးသားထားသောစာလုံးကို ကြည့်မိသော တစုံတစ်ယောက်သည် ဓားတစ်လက်ကို စူးစိုက်ကြည့်နေရသည့်အလား ခံစားရပေမည်။ထိုဓားချီသည် သူ၏မျက်ခုံးနှစ်ခုကြား အလယ်တဲ့တဲ့သို့ ထွင်းဖောက်သွားမည်ဖြစ်သဖြင့် အားနည်းသူများသည် ထိုစာလုံးများကို ဖတ်နိုင်မည်မဟုတ်ချေ။
"ဒါက ဘာလဲ....မင်း..."
လုယွီကို လှောင်ပြောင်သရော်ရန် ဟန်ပြင်ထားသော ခွေးနက်ကြီးသည် ရုတ်တရက် ခရမ်းရွှေရောင်စာရွက်ပေါ်မှ ထွက်ပေါ်နေသည့် ရှေးဟောင်းအရှိန်အဝါကို ခံစားမိသည်။
ဤသည်မှာ ကျယ်ပြန့်သောကုန်းမြေပေါ်၌ တောင်တန်းများရှိနေကာ ရနံ့မွှေးသောပန်းများ နေရာအနှံ့အပြား၌ ပေါက်ရောက်နေသည် ပုံရိပ်ယောင် ရှေးဟောင်းကမ္ဘာတစ်ခုအလားပင်။
လုယွီက အလွန်လျှင်မြန်စွာ ရေးသားနေသည်။သူ၏စိတ်နှလုံးသားအတွင်းရှိ ကြီးမားသော စိတ်ဆန္ဒများသည် အနည်းငယ်မျှရပ်တန့်သွားမည်မဟုတ်ချေ။
"အဲ့ဒီတစ်ယောက်မှာ မြွေခေါင်းကိုးခေါင်းရှိပြီးတော့ လူသားမျက်နှာကို ပိုင်ဆိုင်ထားတယ်...သူ့ရဲ့မြွေခန္ဓာကိုယ်တစ်ခုလုံးက အစိမ်းရောင်သန်းနေတယ်"
ဤစာကြောင်းတစ်ကြောင်းဖြင့် မြေပြင်ပေါ်တွင်ရှိနေသော မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏သွေးစက်များသည် လေထုအတွင်းသို့ခုန်တက်လာကာ စာရွက်အတွင်းသို့ ပျံ့လွင့်လာသည်။
နောက်ထပ်အချိန်အခိုက်အတန့်တွင် ခရမ်းရွှေရောင်စာရွက်ပေါ်၌ မြေကမ္ဘာနတ်ဆိုးဘိုးဘေး၏ကြီးမားသောပုံရိပ်ကြီး ထွက်ပေါ်လာပေ၏။သူ၏မြွေခေါင်းကိုးခေါင်းမှ အစွယ်များကိုဖြဲဟထားကာ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။
"သူက ဒီကျမ်းစာထဲမှာ နတ်ဆိုးဘိုးဘေးကို ထည့်ပြီးရေးချင်တာလား...ဒါက ဘယ်လိုကျမ်းစာမျိုးလဲ"
ခွေးနက်ကြီးသည် ဤမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ထိတ်လန့်ကြောက်ရွံ့မှုသွားကာ သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
သူ၏မျက်လုံးထောင့်မှနေ၍ လုယွီ ရေးသားပြီးသော ရှေ့စာမျက်နှာကို ကြည့်လိုက်သည်။ထိုနေရာတွင် စာလုံးကြီးတချို့ကိုသာ ရေးသားထားပေ၏။
'တောင်တန်းနှင့်ပင်လယ်ကျမ်းစာ'
Chapter 4335
"တောင်တန်းနှင့်ပင်လယ်ကျမ်းစာလား..မင်းက ဒီကျမ်းစာထဲမှာ ကျယ်ပြန့်တဲ့ နတ်ဆိုးနယ်မြေနဲ့ ရှေးဟောင်းနတ်ဆိုးတွေအကြောင်းကို ရေးချင်တာလား...ဒါက ဘယ်လောက်တောင် အတင့်ရဲတဲ့ကိစ္စလဲ"
ခွေးနက်ကြီး၏မျက်နှာအမူအယာ အလွန်အမင်းတည်ကြည်လေးနက်သွားသည်။သူသည် လုယွီရေးသားနေသော ကျမ်းစာကိုကြည့်ကာ မည်သည့်အထင်အမြင်သေးမှုမျိုးကိုမျှ မပြသဝံ့တော့ချေ။
နတ်ဆိုးနယ်မြေနှင့်လူသားမျိုးနွယ်သည် အင်အားခြင်းတူညီပေ၏။ကောင်းကင်ဘုံနယ်မြေအတွင်းရှိ လူအားလုံးနီးပါးထံတွင် ဤနတ်ဆိုးနယ်မြေနှင့်ပတ်သက်ပြီး ဝေခွဲရခက်နေမှုများ ရှိနေသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ အကြောင်းအရင်းကို အတိအကျမသိချေ။
လုယွီ၏ကျမ်းစာသည် နတ်ဆိုးနယ်မြေအတွင်းရှိ သက်ရှိများအားလုံးအကြောင်းကို သင်ကြားပေးရုံသာမက ရှေးဟောင်းနတ်ဆိုးများကို မှတ်တမ်းတင်ထားခြင်းလည်းဖြစ်သည်။
လူသားများသည် အမျိုးအမည်မသိသောသက်ရှိများကို အစဉ်အမြဲ ထိတ်လန့်ကြောက်ရွံ့ကြသည်။
တာအိုသခင်များပင်လျှင် နတ်ဆိုးနယ်မြေအတွင်းသို့ ခြေချဝံ့ခြင်းမရှိချေ။ကောင်းကင်ဘုံနယ်မြေသည် ကြီးမားကျယ်ပြန်သည့်တိုင် တာအိုသခင်အရေအတွက်မှာ အနည်းငယ်သာရှိသည်။
လူတစ်ယောက်သည် အစွမ်းပို၍ထက်လေလေ သူတို့၏အသက်ကို ပို၍ချစ်မြတ်နိုးလေလေဖြစ်ကာ စွန့်စားလိုခြင်းမရှိကြချေ။ဆန့်ကျင်ဘက်အနေဖြင့် ကျင့်ကြံဆင့်နယ်ပယ်အားနည်းသော လူတချို့သည် ပြတ်သားသောဆုံးဖြတ်ချက်များကို ပြုလုပ်လေ့ရှိသည်။သူတို့သည် အနက်ရောင်ဝတ်ရုံများကိုဝတ်ကာ လောကနှစ်ခုတောင်တန်းသို့သွားပြီး နတ်ဆိုးများ ကျူးကျော်မလာစေရန် ခုခံကာကွယ်ခဲ့ကြသည်။
လုယွီသည် ရှေးဟောင်းနတ်ဆိုးများအပေါ် လူအများ၏ထိတ်လန့်ကြောက်ရွံနေမှုကို အမြစ်ပြတ်ဖယ်ရှားလိုခဲ့သည်။
လုယွီ၏ကျမ်းစာအတွင်း၌ အလွန်အစွမ်းထက်သော ရှေးဟောင်းနတ်ဆိုးဘိုးဘေးများအကြောင်း ပါဝင်သည်။သူတို့သည် သာမန်ရှေးဟောင်းနတ်ဆိုးများထက် အစွမ်းထက်ကာ ထူးဆန်းသော ပုံပန်းသွင်ပြင်များရှိသော်လည်း အားနည်းချက်များရှိနေသည်။လူသားများထံတွင် လုံလောက်သောစွမ်းအားရှိသရွေ့ ထိုနတ်ဆိုးဘိုးဘေးများကို သတ်ဖြတ်နိုင်ပေမည်။
လုယွီသည် မမြင်နိုင်သော အတားအဆီးအလွှာအလားဖြစ်နေသည့် ရှေးဟောင်းနတ်ဆိုးများ၏လျှို့ဝှက်ဆန်းကြယ်မှုများကို ပယ်ဖျက်ကာ အချက်အနည်းငယ်ဖြင့် ရှေးဟောင်းနတ်ဆိုးများ၏အားနည်းချက်များကို ထုတ်ဖော်ရေးသားလိုက်သည်။
ဤသည်ကြောင့် အလွန်ကြီးမားသော ကံကြမ္မာစွမ်းအားပမာဏကိုရရှိလာလေရာ လုယွီသည် နတ်ဘုရားတစ်ပါးအဖြစ်သို့ တဖန်ပြန်၍ရောက်ရှိသွားစေရန် လုံလောက်သည်။
"ယင်ကျိူးနတ်ဆိုးဘိုးဘေးက နတ်ဆိုးနယ်မြေမှာရှိနေတယ်...သူ့ရဲ့ခန္ဓာကိုယ်က မြင်းတစ်ကောင်နဲ့တူပြီးတော့ လူသားမျက်နှာရှိတယ်...သူ့မှာ ငှက်တောင်ပံတွေရှိပြီးတော့ သူ့ရဲ့အသံက ပင်လယ်ကြီးလေးစင်းကို ထွင်းဖောက်ပြီး ပျံ့နှံ့သွားနိုင်စွမ်းရှိတယ်"
ထိုစာကြောင်းများ ထွက်ပေါ်လာချိန်တွင် ထိုနတ်ဆိုးဘိုးဘေးသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာ၏ဝါးမြိုခြင်းကို ခံလိုက်ရသည့်အလားပင် မြင်းခန္ဓာကိုယ်နှင့်လူသားမျက်နှာရှိသော အလွန်ကြီးမားသည့် ရှေးဟောင်းနတ်ဆိုးတစ်ကောင်၏ပုံရိပ်သည် လေထုအတွင်း၌ ထွက်ပေါ်လာကာ ခရမ်းရွှေရောင်စာမျက်နှာအတွင်းသို့ ဝင်ရောက်သွားသည်။
အတိတ်တွင် မဟာနတ်ဆိုးဘိုးဘေးသည် ယင်ကျိုးနတ်ဆိုးဘိုးဘေးကို စီးခဲ့သည်။ဤနတ်ဆိုးဘိုးဘေး၏စွမ်းအားသည် အလွန်ကြီးမားကာ လူအများအား လွှမ်းမိုးချုပ်ကိုင်နိုင်သောအရှိန်အဝါတစ်ရပ်ကို ပေးစွမ်းနိုင်သည်။ဤသည်မှာ ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်တော့လုမတတ် ပြင်းထန်သောစွမ်းအားပင်။
ဤကဲ့သို့ နတ်ဆိုးဘိုးဘေးတစ်ကောင်သည် နတ်ဆိုးနယ်မြေ၏အနက်ရှိုင်းဆုံးနေရာတွင် အစဉ်အမြဲ ပုန်းကွယ်နေသည်။သူသည် ဤလောကကြီးအတွင်း၌ ထွက်ပေါ်လာနိုင်ခြင်းမရှိသဖြင့် လူသားများသည် မည်သို့မျှ သိရှိနိုင်မည်မဟုတ်ချေ။
ခွေးနက်ကြီးသည် ထိတ်လန့်တုန်လှုပ်သွားပေ၏။ဤကဲ့သို့နတ်ဆိုးဘိုးဘေးမျိုးသည် ခေတ်ကာလအဆက်ဆက် ဖြတ်ကျော်၍ရှာဖွေလျှင်ပင် တွေ့ရှိနိုင်ရန် ခက်ခဲသောတည်ရှိမှုကြီးပင်။လုယွီသည် ဤနတ်ဆိုးဘိုးဘေး၏နောက်ခံကိုပင် ရှာဖွေဖော်ထုတ်နိုင်မည်ဟု သူ မျှော်လင့်မထားမိချေ။
ဤသည်မှာ အံအားသင့်ဖွယ်ကောင်းသောကံကြမ္မာနှင့် မွေးဖွားလာသည့် ပါရမီရှင်တစ်ယောက်ပင်။
မြင့်မြတ်စုတ်တံသည် ဤစာမျက်နှာကို ထိတွေ့လိုက်စဉ်၌ ခရမ်းရွှေရောင်စာရွက်ပေါ်၌ ထူးဆန်းသောပုံရိပ်အမြောက်အများ ထွက်ပေါ်လာသည်။တချို့သည် တောင်တန်းများတချို့သည် မြစ်များ တချို့သည် ကြီးမားသောသားရဲများဖြစ်ကာ တချို့သည် နတ်ဆိုးများပင်။
ဤသည်မှာ ကျမ်းစာ၏တာအိုသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားသဖြင့် ထွက်ပေါ်လာသောသဘာဝလွန်ပုံရိပ်ယောင်များပင်။
လုယွီသည် သူ၏စိတ်နှလုံးသားအတွင်း၌ တစ်စုံတစ်ခုရှိနေသည်ကို ခံစားမိသည်။ဤသည်မှာ အတိုင်းအတာပမာဏတစ်ခုအထိ စုစည်းမိနေသော သူ၏အသိပညာဗဟုသုတများကို တစ်ရက်တည်းဖြင့် လွှတ်ချလိုက်သည့်အလားပင်။
အလယ်ခေတ်ကာလအတွင်းတွင် ဥာဏ်အလင်းပွင့်သွားကာ သူတို့၏နတ်ဘုရားစိတ်အာရုံမှကူညီထောက်ပံ့မှုဖြင့် ကျမ်းစာများကိုရေးသားခဲ့သော မဟာကွန်ဖြူရှပ်ပညာရှင်တချို့ ရှိနေသည်။ဤကျမ်းစာများကို တစ်ကြိမ်တည်းဖြင့် အောင်မြင်ပြီးမြောက်အောင် ရေးသားနိုင်ခဲ့ပါက ထိုအရာများထံတွင် တာအိုစည်းမျဉ်းတချို့ ရောယှက်နေပေ၏။
လုယွီသည် နောက်ထပ်စာမျက်နှာများကို ထပ်မံ၍ရေးသားလိုက်သည်အား ခွေးနက်ကြီးက မြင်တွေ့မိသည်။
"ဒါက ဟွင်းသွမ်းနတ်ဆိုးဘိုးဘေးပဲ...အဲဒီကောင်ရဲ့ပုံသဏ္ဌာန်က အဝါရောင်ရှိပြီးတော့ ဆေးမီးတောက်နဲ့တူတဲ့ ကြက်သွေးရောင်မီးတောက်တွေကို မှုတ်ထုတ်နိုင်တယ်...သူ့မှာ ခြေထောက်ခြောက်ချောင်း တောင်ပံလေးခုရှိပြီးတော့ မျက်နှာပုံပန်းသွင်ပြင်မရှိဘူး...အပေါ်ယံမှာတော့ သူက သီဆိုကခုန်နိုင်တဲ့ ငှက်တစ်ကောင်ပဲ...ဒါပေမဲ့ အမှန်ကတော့ သူက ဟွင်းသွမ်းနတ်ဆိုးဘိုးဘေး ဖြစ်နေတယ်"
"လူသားမျက်နှာ ကျားခြေထောက် ဝက်ခန္ဓာကိုယ်နဲ့ ဆယ်ကျန်းကျော်ရှည်လျားတဲ့ အမြှီးရှိတဲ့ နတ်ဆိုးဘိုးဘေးကို ထောင်ကျဲလို့ခေါ်တယ်"
"ဘယ်လိုလုပ်ပြီး ဒီလိုနတ်ဆိုးတစ်ကောင်ရှိနေတာလဲ...အဲ့ဒီနတ်ဆိုးက ဆိတ်ခန္ဓာကိုယ်နဲ့လူသားမျက်နှာရှိပြီးတော့ သူ့ရဲ့မျက်လုံးတွေက သူ့ရဲ့ဂျိုင်းအောက်မှာ ရှိနေတယ်...သူ့မှာ ကျားတွေရဲ့သွားမျိုးနဲ့ လူသားလက်သည်းတွေရှိတယ်...သူ့ရဲ့အသံကကလေးတစ်ယောက်နဲ့တူပြီးတော့ ထောင်ဝူလို့ ခေါ်တယ်"
"ချောင်းချီက တောင်ပံပါတဲ့ ကျားနတ်ဆိုးဘိုးဘေးပဲ...သူက အစကတည်းက လူသားတွေကိုစားတဲ့ နတ်ဆိုးသားရဲတကောင် ဖြစ်နေတယ်"
နတ်ဆိုးဘိုးဘေး အထွတ်အထိပ်အဆင့်လေးယောက်၏အရှိန်အဝါများ ခရမ်းရွှေရောင်စာရွက်အတွင်းသို့ စိမ့်ဝင်သွားသည်။လေထုအတွင်း၌ နတ်ဆိုးချီစွမ်းအားများဖြင့် ပြည့်နှက်သွားကာ မိုးကောင်းကင်ယံကို လွှမ်းခြုံတော့လုမတတ်ပင်။
သူတို့သည် နတ်ဆိုးဘိုးဘေးများအနက် အားအကောင်းဆုံးဖြစ်ပြီး သူတို့ အတူတကွပူးပေါင်းထားသော ဝင်္ကပါတစ်ခုသည် လူသားဧကရာဇ်ကို အချိန်အတိုင်းအတာတစ်ခုထိ ပိတ်လှောင်ထားနိုင်ခဲ့လေ၏။
အလွန်ကြီးမားသော နတ်ဆိုးချီစွမ်းအားများကြောင့် ခွေးနက်ကြီးသည် အလွန်ကြောက်ရွံ့သွားကာ ဤအချိန်အခိုက်အတန့်၌ သူ၏မျက်လုံးကိုပင် မဖွင့်နိုင်တော့ချေ။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ခရမ်းရွှေရောင်စာရွက်ဖြစ်နေသည်။အကယ်၍ သာမန်စာရွက်တစ်ရွက်ဆိုပါက ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သော ဖိအားအရှိန်အဝါအောက်တွင် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားပေမည်။