အခန်း (၄၃၃၆-၄၃၄၀)
Vol. 220 Ch. 4336-4340
Chapter 4336
ခွေးနက်ကြီးသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာမှနေ၍ ကြီးမားကျယ်ပြန့်ပြီးနက်နဲသိမ်မွေ့သော တာအိုအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်နေသည်ကို ခံစားမိသည်။
ဤသည်မှာ ရှေးဟောင်းခေတ်အတွင်းမှ သက်ရှိများအကြောင်းနှင့် မရေမတွက်နိုင်သောကိစ္စရပ်များ၏အတွေ့အကြုံများကို ရေးသားထားခြင်းဖြစ်သည်တိုင် ကျမ်းစာအတွင်း၌ လျှို့ဝှက်ဆန်းကြယ်မှုတစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။
ဤစာလုံးများသည် နက်နဲသိမ်မွေ့ခြင်းမရှိသော်လည်း ထိုအရာများကို ရေးသားလိုက်ချိန်တွင် လူအများအား လျှို့ဝှက်ဆန်းကြယ်သော တာအိုအရှိန်အဝါကို ပေးစွမ်းနိုင်သည်။ဤကောင်တန်းနှင့်ပင်လယ်ကျမ်းစာကို ဖတ်သောလူသည် တောင်တန်းများနှင့်သစ်ပင်ပန်းမန်များအကြား၌ ထူးဆန်းသောသားရဲအမြောက်အများ၏ ဝိုင်းရံခြင်းကိုခံနေရသော ခံစားချက်မျိုး ရရှိပေမည်။
"ဒါက ရတနာကောင်းတစ်ခုပဲ..အထူးသဖြင့် ပထမခေါင်းစဉ်က ကောင်းကင်နဲ့မြေပြင်ရဲ့ ကောင်းချီးပေးမှုကို ရထားတယ်...မင်း ဒီကျမ်းစာကို လုံခြုံအောင်သိမ်းဆည်းထားနိုင်ဖို့အတွက် ငါ့ကို ပေးထားပါလား"
ခွေးနက်ကြီး၏မျက်လုံးများ ကဏာမငြိမ်ဖြစ်နေကာ သူသည် တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို အရင်ဆုံးယူဆောင်ထားရန် ကြံရွယ်နေသည်။
လုယွီ၏ကျမ်းစာသည် ထူးခြားကြောင်း သူ အကြည့်တချက်ဖြင့် ပြောဆိုနိုင်သည်။
အထူးသဖြင့် ဤကျမ်းစာထံတွင် စိတ်ဝိညာဥ်ရှိနေပုံရခြင်းပင်။ဤစိတ်ဝိညာဥ်သည် ယခုအချိန်၌ မွေးကင်းစကလေးအဆင့်တွင်သာရှိနေသည်။လုယွီ၏ကျင့်ကြံဆင့်နယ်ပယ် တဖြည်းဖြည်းမြင့်တက်လာသည်နှင့်အမျှ ထိုစိတ်ဝိညာဥ်သည်လည်း ကြီးပြင်းလာကာ မှန်းဆ၍မရနိုင်သော အဆင့်တခုသို့ ရောက်ရှိလာပေမည်။
ကျမ်းစာ၏ပထမဆုံးအခန်းသည် စာရေးသူ၏စိတ်နှလုံးသားနှင့်သွေးချီများ သိပ်သည်း၍ မွေးထုတ်ထားခြင်းဖြစ်ပေ၏။ဤစာလုံးများသည် အလွန်ရှင်းလင်းသော်လည်းပထမအခန်း၌ စိတ်ဝိညာဉ်ကင်းမဲ့နေသည်။
ခွေးနက်ကြီးသည် ဤကျမ်းစာကို အရင်ဆုံးရယူနိုင်ရန် ကြံရွယ်ထားသည်။
လုယွီ၏တုံ့ပြန်မှုကို မစောင့်ဘဲ ခွေးနက်ကြီး၏ခွေးလက်ဝါးများသည် ရေးသားပြီးသောကျမ်းစာကိုဖမ်းဆုပ်ကာ ဆွဲယူရန်ဟန်ပြင်လိုက်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ခရမ်းရွှေရောင်စာမျက်နှာများသည် ပုစင်းရင်ကွဲတောင်ပံကဲ့သို့ပါးလွှာပုံရသော်လည်း အမှန်အားဖြင့် ထိုက်တောင်ကြီးတမျှ လေးလံသည်။ခွေးနက်ကြီးသည် ခွန်အားကုန်အသုံးပြုသည့်တိုင် ဤကျမ်းစာကို အနည်းငယ်မနိုင်ရန် အလွန်ခက်ခက်ခက်ခဲကြိုးစားနေရသည်။
"ဒါက အရမ်းလေးတယ်"
ခွေးနက်ကြီးသည် ထိတ်လန့်တကြားဖြစ်သွားလေ၏။
ဤသည်မှာ သေးငယ်သောကိစ္စတစ်ရပ်မဟုတ်ချေ။သူသည် မည်မျှထိ အစွမ်းထက်သူဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။သူသည် လုကျိုးရှောင်ကဲ့သို့ အစွမ်းထက်သူတစ်ယောက်ကိုပင် လွယ်လင့်တကူ ခြေမွှဖျက်ဆီးနိုင်ခဲ့သော်လည်း ဤကျမ်းစာကို ဆွဲမယူနိုင်ခဲ့ချေ။
ဤကျမ်းစာအတွင်း၌ စာလုံးပေါင်းတစ်ထောင်ကျော်ရှိနေသည်။ထိုစာလုံးတစ်လုံးချင်းစီသည် ပြင်းထန်သောတာအိုတစ်ရပ်ကို သယ်ဆောင်ထားသဖြင့် ခွေးနက်ကြီးကို ရူးသွပ်လုနီးပါး ဖြစ်သွားစေသည်။
"ဒါက အရမ်းဆိုးရွားတယ်"
ခွေးနက်ကြီးသည် အံ့တင်းတင်းကြိတ်ပြီးနောက် သူ၏ခွေးလက်ဝါးဖြင့် ထိုစာအုပ်ကိုဆွဲယူနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်သည်။သို့ရာတွင် အဆုံးသတ်၌ သူသည် လက်လျှော့အရှုံးပေးပြီး နံဘေးတစ်ဖက်၌ ဆောင့်ကြောင့်ထိုင်လိုက်၏။ သူသည် ကျမ်းစာတစ်ခုလုံးကို စူးစိုက်၍ကြည့်နေကာ ကျမ်းစာအတွင်းမှအကြောင်းအရာများကို အပြည့်အဝမှတ်မိလိုသည့်အလားပင်။
လုယွီသည် ခွေးနက်ကြီးကို အနည်းငယ်မျှအာရုံမစိုက်ချေ။သူသည် ကျမ်းစာရေးသားရာတွင်သာ သူ၏စိတ်အာရုံတစ်ခုလုံးကို စူးစိုက်ထားသည်။
ရှစ်နာရီတိုင်တိုင်ရေးသားပြီးနောက် လုယွီသည် စာရေးသားနေခြင်းကို ရပ်တန့်လိုက်ကာ ကျမ်းစာစာအုပ်တစ်အုပ်က သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
လုယွီသည် အတိတ်ဘဝတွင် ကျင့်ကြံနည်းစနစ်အမြောက်အများကို ရေးသားခဲ့သည်။သူသည် တပည့်များကိုပင်မွေးထုတ်ခဲ့ပြီး သူ၏ကိုယ်ပိုင်သင်ကြားရေးနည်းစနစ် ရှိပေ၏။
သို့ရာတွင် ဤသည်မှာ သူ တာအိုကျမ်းစာတစ်ခုကိုရေးသားသည့် ပထမဆုံးအကြိမ်ပင်။
လုယွီ၏စိတ်ဝိညာဉ်သည် မူလက ရွှယ်အင်မော်တယ်အဆင့် စိတ်ဝိညာဥ်ဖြစ်သည်။ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးများ၏ သန့်စင်ခြင်းကိုခံရပြီးနောက် ထိုစိတ်ဝိညာဉ်သည် ပို၍ကျစ်လစ်သိပ်သီးပြီး မာကျောလာသည်။သူသည် နှစ်ပေါင်းများစွာကြာမြင့်သာ်အထိ မအိပ်စက်ဘဲ နေနိုင်ပေ၏။သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏စိတ်စွမ်းအားများ ကုန်ခမ်းသွားသည့်အလား သူ အလွန်အမင်းပင်ပန်းနွမ်းနယ်နေသည်။
လုယွီက နှစ်ခြိုက်စွာအိပ်မောကျသွားသည့်အလား သူ၏မျက်လုံးကို စုံမှိတ်လိုက်သည်။ သူ၏အသက်ရှူနှုန်း တည်ငြိမ်နေကာ သူသည် အနည်းငယ်မျှ လှုပ်ရှားခြင်းမပြုချေ။
ဤကဲ့သို့ပုံစံဖြင့် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာခန့် အိပ်စက်ပြီးနောက် လုယွီ နိုးထလာသည်။သူသည် အနည်းငယ်ပင်ပန်းနေဆဲဖြစ်သော်လည်း သူ၏စိတ်စွမ်းအားအမြောက်အများကို ပြန်လည်ရရှိခဲ့လေပြီ။
"တာအိုကျမ်းစာတစ်ခုကို ရေးသားဖို့ဆိုတာ တကယ့်ကို လွယ်တဲ့ကိစ္စမဟုတ်ဘူး...ဒါ့ပြင် ဒီကိစ္စကို ညတွင်းချင်းလုပ်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ဘူး...ငါက အခုအချိန်မှာ ကျမ်းစာကိုရေးသားခဲ့တယ်ဆိုပေမယ့် ရိုးရှင်းတဲ့ ရှင်းပြချက်တစ်ခုအဆင့်ပဲ ရှိသေးတယ်...ငါက ငါ့ရဲ့ကိုယ်ပိုင်တာအိုကို မဖွဲ့စည်းနိုင်သေးဘူး...ငါက နတ်ဆိုးနယ်မြေကိုလည်း နေရာအနှံ့မသွားရသေးဘူး... ဒါပေမဲ့ လူသားဧကရာဇ် ငါ့ကိုပေးထားခဲ့တဲ့ မှတ်ဉာဏ်တွေကနေတဆင့် ငါ ဒီအကြောင်းတွေကိုသိခဲ့ရတယ်...ဆိုရိုးစကားပြောရမယ်ဆိုရင် မျက်မြင်ကိုယ်တွေ့ကြုံရတဲ့အရာက ပိုပြီးယုံကြည်ရတယ်...ငါက နတ်ဆိုးနယ်မြေကို ငါကိုယ်တိုင်သွားပြီးတော့ ဒီကျမ်းစာထဲမှာ ငါ့ရဲ့စိတ်ဝိညာဥ်အမျှင်တန်းကို ပေါင်းစပ်ရမယ်"
လုယွီသည် ဂရုတစိုက်စဥ်းစားတွေးတောပြီးနောက် ဤကိစ္စ၏နောက်ကွယ်ရှိ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သဘောပေါက်သွားသည်။သူသည် ကျမ်းစာကို သိမ်းဆည်းလိုက်၏။
ကျမ်းစာစာအုပ်၏မျက်နှာပြင်ပေါ်ရှိ 'တောင်တန်းနှင့်ပင်လယ်ကျမ်းစာ'ဟူသော စာလုံးများမှနေ၍ အနက်ရောင်အလင်းတန်းများနှင့်အတူ ရှေးကျသောအရှိန်အဝါတစ်ရပ် ဖြာထွက်နေသည်။
ဤသည်မှာ ထိုက်ဟွာကျမ်းစာနှင့် အနည်းငယ်တူညီနေသည်။ဤကျမ်းစာနှစ်ခုလုံးထံတွင်ကိုယ်ပိုင်စိတ်ဝိညာဥ်အသိစိတ်များရှိသော်လည်း လုယွီ၏ကျမ်းစာစိတ်ဝိညာဥ်သည် လုံလောက်သည်အထိ ရင့်သန်ခြင်းမရှိသေးချေ။လုယွီသည် ဤစာအုပ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိရေးသားပြီး အသွင်ပြောင်းလဲနိုင်မှသာ အစစ်အမှန်တာအိုကျမ်းစာတစ်အုပ် ဖြစ်လာပေမည်။
Chapter 4337
တောင်တန်းနှင့်ပင်လယ်ကျမ်းစာကို အပိုင်းနှစ်ပိုင်း ခွဲခြားထားသည်။ဤသည်မှာ တောင်တန်းကျမ်းစာနှင့် ပင်လယ်ကျမ်းစာဖြစ်ပြီး ယင်ယန်ကျမ်းစာကို ယင်နှင့်ယန်အစိတ်အပိုင်းနှစ်ခု ခွဲခြားထားသည်နှင့် တူညီသည်။
ဤကျမ်းစာတစ်အုပ်လုံး၌ အစွမ်းထက်သောနတ်ဆိုးဘိုးဘေးတချို့ကို မှတ်တမ်းတင်ထားရုံသာမက ထူးဆန်းသောရှေးဟောင်းနတ်ဆိုးသားရဲများ ရှေးဟောင်းခေတ်မှအကြောင်းအရာများ ဒဏ္ဍာရီများအပြင် နတ်ဆိုးနယ်မြေ၏ မြေပြင်အနေအထားနှင့်အသွင်အပြင်တို့ ပါဝင်သည်။
နတ်ဆိုးနယ်မြေနှင့်ပတ်သက်သည့် ယေဘုယျအကြောင်းအရာများကို ဤကျမ်းစာအတွင်းသို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။
လူသားဧကရာဇ်၏မှတ်ဉာဏ်များနှင့် လုယွီ၏ကိုယ်ပိုင်နားလည်သဘောပေါက်တို့ ပေါင်းစည်းကာ ဤအကြောင်းအရာများအားလုံးကို ရှင်းပြထားခြင်းဖြစ်ပေ၏။ဤသည်မှာ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်၏လျှို့ဝှက်ချက်များအားလုံးကို ကျမ်းစာအတွင်းသို့ ထည့်သွင်းထားခြင်းနှင့်တူညီသည်။
ဤကျမ်းစာကို ပြီးမြောက်အောင်မြင်အောင်လုပ်နိုင်သည်နှင့် လောကကြီး၏မဟာတာအိုအတွင်းတွင် အပြောင်းအလဲများ ဖြစ်ပွားလာမည်ဟူသော ခံစားချက်တစ်ခုကို လုယွီက ရရှိနေသည်။သို့ရာတွင် ဤအချိန်အခိုက်အတန့်၌ သူ ရည်မှန်းချက်ကြီးကြီးမားမားမထားချေ။တာအိုကျမ်းစာဟူသည့်အရာမှာ အတွေးသက်သက်ဖြင့် ရေးသား၍ရသော တစ်စုံတစ်ခုမဟုတ်ချေ။သူသည် နတ်ဆိုးနယ်မြေထံသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်ရန် လိုအပ်ပေ၏။
လုယွီက ရုတ်တရက် သူ၏ခေါင်းကိုမော့ပြီး လေဟာနယ်တစ်နေရာသို့ ကြည့်လိုက်သည်။
ဖန်းနန်းတော်၏မြေပြင်ပေါ်တွင် နေရောင်ခြည်များဖြာကျနေကာ မိုးကောင်းကင်ယံအတွင်းရှိမြင့်မားသောနေရာ၌ နေမင်းကြီးတောက်ပနေသည်။
လုယွီသည် ဤနေရာ၏အရှင်သခင်ဖြစ်သွားသဖြင့် မြက်ပင်တစ်ပင်မှစ၍ အရာရာတိုင်း သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသည်။
"ချန်အန်းမြို့ထဲမှာ နေထိုင်ခဲ့တဲ့ ကျင့်ကြံသူတွေအားလုံး သေဆုံးသွားတာ အံ့အားသင့်စရာမရှိတော့ဘူး"
လုယွီက ညည်းတွားလိုက်သည်။
ချန်အန်းမြို့၏မြေအောက်၌ ချင်အင်ပါယာ၏တော်ဝင်နန်းတော် ရှိနေသည်။
နှစ်ပေါင်းသောင်းနှင့်ချီ ကြာမြင့်သည့်အထိ တိုက်စားခြင်းခံရပြီးနောက် ယင်ယန်ကျမ်းစာ၏စွမ်းအားများ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ အချိန်နှင့်လေဟာနယ်ကို သက်ရောက်မှုများရှိလာသည်။
ဤစွမ်းအားသည် အချိန်နှင့်လေဟာနယ်ကိုဖြတ်သန်းသွားစေရုံသာမက ယင်နှင့်ယန်ပြောင်းပြန်လန်သွားသောအချိန်တွင် သေဆုံးသွားသောလူများ အသက်ပြန်ဝင်လာခဲ့သည်။
ထိုကဲ့သို့အချိန်အခိုက်အတန့်တွင် ထန်အင်ပါယာ၏အဆုံးသတ်သို့ ရောက်ရှိသွားလေ၏။ ထန်အင်ပါယာအတွင်း၌ ဖရိုဖရဲဖြစ်စဉ်များ တစ်ခုပြီးတစ်ခု ဖြစ်ပွားလာခဲ့သည်။လက်အောက်ခံမြို့များ ရုပ်ရင်းဆန်ခတ်ဖြစ်လာမှုကြောင့် နေရာအနှံ့အပြား၌ ပုန်ကန်မှုများ ပေါ်ပေါက်လာသည်။မြို့တော်၌ ထူးဆန်းသောသေဆုံးခြင်းအငွေ့အသက်များ ထွက်ပေါ်လာကာ ထန်အင်ပါယာတစ်ခုလုံးသည် နောက်ဆုံးအခြေအနေသို့ ဆိုက်ရောက်သွားပေ၏။
ညကောင်းကင်ယံအောက်တွင် ယင်စာမျက်နှာ၏ သေဆုံးခြင်းအရှိန်အဝါများသည် မြေပြင်၏မျက်နှာပြင်တလျှောက် ပျံ့နှံ့နေခဲ့သည်။ထို့ကြောင့် လူတချို့သည် အမူမဲ့အမှတ်မဲ့ဖြင့် သေဆုံးသွားခဲ့ရသည်။
သို့ရာတွင် သူတို့၏စိတ်ဝိညာဥ်များသည် ပျောက်ကွယ်သွားခြင်းမရှိချေ။သူတို့သည် ရုတ်တရက်ဆန်စွာ သေဆုံးခဲ့ရခြင်းဖြစ်သဖြင့်ဤကိစ္စကို လက်ခံလိုခြင်းမရှိချေ။သူတို့၏ဒေါသများသည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ ကိန်းအောင်းနေဆဲဖြစ်သဖြင့်နောက်ဆုံး၌ အလွန်ကြီးမားသော ယင်ချီအရှိန်အဝါတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားသည်။
လူများအဆက်မပြတ်သေဆုံးနေသည်နှင့်အမျှ အသက်ပြန်ဝင်လာသောလူများလည်း ရှိနေသည်။မြို့အတွင်းတွင် ဖုတ်ကောင်များကို နေရာအနှံ့အပြား၌ တွေ့မြင်နိုင်ပေ၏။
ထန်အင်ပါယာ၏မြို့တော်သည် သက်ဝင်လှုပ်ရှားနေသော ငရဲနယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ထန်ဧကရာဇ်သည် သူ၏အရာရှိများနှင့်အတူ အလျှင်အမြန်ထွက်ပြေးသွားခဲ့သည်။ဤနေရာမှ အချိန်မီ ထွက်မပြေးနိုင်သော လူများမှာမူ ဤမြို့အတွင်းတွင် ထာဝရနစ်မြုပ်ထားခြင်း ခံရတော့သည်။
ဤစိတ်ဝိညာဥ်များသည် ထွက်ပြေးနိုင်ခြင်းလည်းမရှိချေ။သူတို့သည် ခေတ်ကာလအဆက်ဆက် ဤနေရာ၌ နေထိုင်ခဲ့ရတာနောက်ဆုံး၌ ယင်သရဲတစ္ဆေများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယင်စာမျက်နှာ၏စွမ်းအား လွှမ်းခြုံလာချိန်တွင် သူတို့သည် နှစ်ခြိုက်စွာအိပ်မောကျနေရာမှ နိုးထလာကြပြီး ယန်စာမျက်နှာ၏စွမ်းအားများ ထွက်ပေါ်လာသောအချိန်တွင် သူတို့ တဖန်ပြန်၍ အိပ်စက်ကြရသည်။
ဤစက်ဝန်းသည် အလိုအလျောက်လည်ပတ်နေခြင်းဖြစ်ပြီး တူညီသောအချိန်နှင့်ခေတ်ကာလအတွင်း၌သာ ရှိနေသည်။
ယင်သရဲသစ္ဆေများသည် ဤနေရာမှထွက်ခွာရန် မည်သည့်မျှော်လင့်ချက်မှ မရှိသဖြင့် သူတို့၏ ယင်ချီအရှိန်အဝါများ မြင့်တက်လာကာ အလွန်အမင်းပြင်းထန်လာသည်။သူတို့အား ယင်ယန်ကျမ်းစာမှ ထိန်းချုပ်ထားသဖြင့် သူတို့သည် လုယွီ၏မြေအောက်လောကနတ်ဘုရားပုံရိပ်ယောင်ကြီးကိုပင် တိုက်ခိုက်ဝံ့ကြခြင်းဖြစ်သည်။
ဤစိတ်ဝိညာဉ်များကို အမှန်အားဖြင့် သရဲတစ္ဆေများဟု ခေါ်ဆိုနိုင်ခြင်းမရှိချေ။သူတို့သည် သာမန်လူသေများဖြင့် ကွဲပြားခြားနားပြီး အမှုမဲ့အမှတ်မဲ့ဖြင့် သူတို့သည် သတ်ဖြတ်ရန်ကိုသာသိရှိသော စိတ်ဝိညာဉ်များဖြစ်လာသည်။ထိုကြောင့် သူတို့သည် ဤနေရာသို့ ကျူးကျော်ဝင်ရောက်လာသော သက်ရှိဟူသမျှကို သတ်ဖြတ်လိုပေ၏။
အတိတ်တွင် ချန်းအန်းမြို့သည် လုံးလုံးလျားလျားပျက်စီးသွားခဲ့ရသည်။
လုယွီ၏စိတ်ဝိညာဉ်သည် ဖန်းနန်းတော်၏အထက်၌ မျောလွင့်နေကာ သူသည် လေထုအတွင်း၌ မတ်တတ်ရပ်ပြီး ချန်အန်းမြို့၏အပျက်အစီးများကို ကြည့်လိုက်သည်။
ဤအပျက်အစီးများအကြားတွင် ဖုတ်ကောင်တချို့ ရှေ့နောက်လှည့်လည့်၍ သွားလာနေသည်ကို မြင်တွေ့နိုင်ပေမည်။
ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်အတွင်းမှ လူများဖြစ်ကာ အလွန်အစွမ်းထက်ခဲ့သည့်ကျင့်ကြံသူများ သို့မဟုတ် မြို့သူမြို့သားများဖြစ်သည်။ဘေးကပ်ဆိုးကြီးဆိုက်ရောက်လာချိန်တွင် သူတို့အနက်မှ မည်သူတစ်ဦးတစ်ယောက်မျှ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိချေ။
"မင်းတို့အားလုံး ပြန်လည်ဝင်စားကြတော့"
လုယွီက လက်ညှိုးညွှန်လိုက်ရာ ချန်အန်းမြို့၏ အထက်မိုးကောင်းကင်ယံအတွင်း၌ ပြန်လည်ဝင်စားခြင်းဥပဒေသစွမ်းအားများ လွှမ်းခြုံသွားသည်။
မရေမတွက်နိုင်သောပုံရိပ်များသည် ပြန်လည်ဝင်စားခြင်းစုပ်ဝဲကြီးအတွင်းသို့ ဝင်ရောက်သွားပေ၏။
သူတို့သည် အတိတ်တွင် သူတို့၏အသိစိတ်များကို ဆုံးရှုံးထားခဲ့သည်။ထို့ကြောင့် ပြန်လည်ဝင်စားခြင်းဥပဒေသသည် သူတို့၏အတိတ်မှတ်ဥာဏ်များကို ဖယ်ရှားရန် မလိုအပ်တော့သောကြောင့် သူတို့အား နောက်ထပ်ဘဝသစ်တစ်ခုသို့ဝင်စားစေရန် တိုက်ရိုက်ပို့ဆောင်ပေးနိုင်သည်။
နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် အကယ်၍ သူတို့သည် လမ်းများပေါ်၌ ဆုံတွေ့ရလျှင်ပင် တစ်ယောက်ကိုတစ်ယောက် မှတ်မိတော့မည်မဟုတ်ချေ။သူတို့သည် ဤချန်အန်းမြို့၏ ယင်ယန်လောကကြီးအကြောင်းကိုလည်း မေ့လျော့သွားပေမည်။
Chapter 4338
"ခုက ထွက်သွားဖို့ အချိန်ကျပြီ"
လုယွီသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းမှ ထွက်ခွာသွားသော ပုံရိပ်များကိုကြည့်ပြီးနောက် လေဟာနယ်အတွင်းသို့ ခြေချလိုက်၏။
မိုးကောင်းကင်ယံအတွင်း၌ ခြစ်ခြစ်တောက်ပူပြင်းသော နေမင်းကြီးအောက်တွင် ပြင်ပရှိ ကောင်းကင်ဘုံနယ်မြေထံသို့ ဦးတည်နေသည့် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာသည်။
သူ့ရှေ့တွင် ကောင်းကင်ဘုံနယ်မြေ၏အငွေ့အသက်များ ရောက်ရှိလာသည်နှင့်အတူ ထူထပ်သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအားများကလည်း သူ့အား လာရောက်ရိုက်ခတ်နေသည်။
ခွေးနက်ကြီးသည် လုယွီ ထွက်ခွာသွားတော့မည်ကိုမြင်တွေ့ချိန်၌ နောက်မှအလျင်စလိုလိုက်လာကာ သိုလှောင်အိတ်အတွင်းသို့ ဝင်လိုက်သည်။သူသည် ကျားဖြူနတ်ဘုရားဆေးလုံးကို ရရှိထားသဖြင့် ထိုအရာကိုသန့်စင်ပြီး သူ၏နတ်ဆိုးအမြူတေကို ပြန်လည်ပြုပြင်ရန် အချိန်လိုအပ်သည်။ဤသည်မှာ သူ၏ဘဝတစ်သက်စာတွင် တစ်ကြိမ်သာရနိုင်သော အခွင့်အရေးဖြစ်သဖြင့် သူ လက်လွတ်မခံနိုင်ချေ။
လုယွီ၏နောက်မှနေ၍ သိုင်းပညာအင်မော်တယ်ဗိုလ်ချုပ်ရွှံ့ရုပ်တုလေးရုပ်နှင့် သောင်းနှင့်ချီသောစစ်သားများ ထပ်ချပ်မကွာလိုက်လာကြသည်။
"ငါ ပြန်လာပြီ"
လုယွီက ခြေတစ်လှမ်းရှေ့တိုးလိုက်သည်။။ကောင်းကင်ဘုံနယ်မြေ၏လေဟာနယ်အတွင်းသို့ ရောက်ရှိပြီးနောက် သူသည် အပျက်အစီးနယ်မြေနှင့် ကင်းကွာသွားလေ၏။
....
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အစွန်အဖျားရှိ ဝေးလံခေါင်သီသော ကြယ်နယ်မြေတစ်ခု၌...
ထိုက်ဟွာကျမ်းစာ၏ခရမ်းရောင်အလင်းတန်းသည် ကြယ်နယ်မြေထောင်ပေါင်းများစွာကိုဖြတ်ကျော်ပြီးနောက် ဤနေရာအရောက်တွင် ရပ်တန့်သွားခဲ့သည်။
ခရမ်းရောင်အလင်းတန်းများသည် တဖျတ်ဖျတ်တောက်ပနေကာ အသက်ရှူချိန်အနည်းငယ်အတွင်းတွင် ကြယ်ရောင်များတောက်ပလာပြီးနောက် အမှုန်အမွှားများအဖြစ်သို့ပြောင်းလဲကာ ထိုက်ဟွာကျမ်းစာအတွင်းသို့ ပေါင်းစည်းသွားသည်။
ဤသည်မှာ ရှေးဟောင်းရွှေမော်တယ်တစ်ယောက်၏လျှို့ဝှက်ဆန်းကြယ်သော နည်းစနစ်ပင်။အတိတ်တွင် ထိုက်ဟွာဘိုးဘေးသည် သူ၏ဘဝတလျှောက် သင်ယူခဲ့ရသောအရာရာတိုင်းကို ဤကျမ်းစာအတွင်းသို့ ထည့်သွင်းခဲ့သည်။နောက်ဆုံး၌ ထိုက်ဟွာကျမ်းစာသည် လောကကြီးအတွင်းရှိ သေမျိုးစာအုပ်များအားလုံးထက်သာလွန်ကာ အလွန်နက်နဲသိမ်မွေ့သောအဆင့်တစ်ခုသို့ ရောက်ရှိလာသည်။
"လုကျိုးရှောင်က ငါရွေးချယ်ထားတဲ့ ရွေးချယ်ခံတစ်ယောက်ပဲ...ဒါက မမှားနိုင်ဘူး ...ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်က မှန်းဆလို့မရဘူး..ကံကြမ္မာသားတော်အရေအတွက်က စုစုပေါင်းကိုးဆယ့်ငါးယောက်ရှိတယ်...သူတို့က သူတော်စင်တွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်...သူတို့မွေးဖွားလာတဲ့ အချိန်ကစပြီးတော့ သူတို့တွေက မိုးကောင်းကင်စိတ်ဆန္ဒရဲ့ ကောင်းချီးပေးတာကို ခံရလိမ့်မယ်...သူတို့တွေ ဘာကိစ္စကိုပဲလုပ်လုပ် အရာအားလုံး အဆင်ပြေချောမွေ့နေလိမ့်မယ်...သူတို့ကိုဆန့်ကျင်တဲ့ ရန်သူတွေက ကံကောင်းမှာမဟုတ်ဘူး...ရွေးချယ်ခံတစ်ယောက်က ဘာမှအထွေအထူးမလုပ်ရင်တောင် အရမ်းကြီးမားတဲ့ကံကြမ္မာကောင်းတွေကို အလွယ်လေးရနိုင်လိမ့်မယ်"
"လုယွီ...လုယွီ...သူ့မှာ ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်ဖြစ်နိုင်တဲ့ ကံကြမ္မာမျိုးမရှိတာသေချာတယ်...သူက သေမျိုးလေးတစ်ယောက်ပဲ...ဒါပေမယ့် လုကျိုးရှောင်က သူ့ကြောင့် သေဆုံးသွားခဲ့တယ်"
"ပြီးတော့ အဲ့ဒီသောက်ရေးမပါတဲ့ ခွေးစုတ်...အတိတ်မှာတုန်းက ကောင်းကင်ဘုံနန်းတော်ထဲမှာ သူ့ရဲ့အခွင့်အာဏာကို ဟန်ရေးပြနေပြီးတော့ ရွှေအင်မော်တယ်တွေကိုတောင် သူက မျက်လုံးထဲမထည့်ခဲ့ဘူး...ပထမဆုံး မျောက် အခုအဲ့ဒီခွေး...သူတို့က လုယွီရဲ့အနားမှာ ဘာလို့ရှိနေတာလဲ"
ထိုက်ဟွာကျမ်းစာတစ်ခုလုံး ပြင်းပြင်းထန်ထန်တုန်ခါသွားသည်။သူသည် သူ၏ရှုံးနိမ့်မှုကို လက်မခံလိုသည်မှာ သိသာထင်ရှားလှ၏။
"မဟုတ်ဘူး...ငါ ဒါကို မယုံကြည်နိုင်ဘူး...ငါ့ရဲ့အစီအစဉ်တွေက ဘယ်လိုမှမမှားနိုင်ဘူး"
ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်ပေါ်တွင် ထောင်သောင်းချီသော ကျမ်းစာစာလုံးများ ထွက်ပေါ်လာသည်။
ဤကျမ်းစာစာလုံးများကို ရှေးဟောင်းဘာသာစကားဖြင့် ရေးသားထားသည်။ထိုစာလုံးတစ်လုံးခြင်းစီသည် ဂျင်တစ်ထောင်ခန့်လေးလံကာ ထိုအရာများအတွင်း၌ မဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုများ ကိန်းအောင်းနေသည်။
ဤသည်မှာ သူ မည်ကဲ့သို့ ဆက်လုပ်ရမည်ကိုသိရှိလိုသဖြင့် ကောင်းကင်ဘုံ၏ကံကြမ္မာကိုတွက်ချက်လိုက်ခြင်းပင်။
လောကကြီးအတွင်း၌ရှိနေသော အရာရာတိုင်းတွင် ကောင်းကင်ဘုံ၏ကံကြမ္မာ ရှိနေသည်။
အရာအားလုံးကို ကံကြမ္မာမှသတ်မှတ်ထားသဖြင့် ထိုက်ဟွာကျမ်းစာသည် လူများကိုအကဲဖြတ်ရာ၌ အလွန်တိကျမှန်ကန်သည့်ကိစ္စကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။သူသည် လုကျိုးရှောင်ကို မှားယွင်း၍အကဲမဖြတ်ခဲ့မိသည်မှာ သေချာသည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌ လုကျိုးရှောင် သေဆုံးသွားခဲ့လေပြီ။သူ၏စိတ်ဝိညာဉ်ပင်လျှင် လွတ်မြောက်နိုင်ခြင်းမရှိဘဲ လုံးလုံးလျားလျား သေဆုံးသွားခဲ့သည်။
ဘုန်း..
ဤအချိန်အခိုက်အတန့်တွင် ထိုက်ဟွာကျမ်းစာ၏မျက်နှာပြင်ပေါ်ရှိ ခရမ်းရောင်ကျမ်းစာစာလုံးများ ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ပျက်ပြယ်သွားလေ၏။
ရှေးဟောင်းအရှိန်ကာလ၏ နက်ရှိုင်းသောနေရာမှနေ၍ အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
"ကောင်းကင်ဘုံရဲ့ကံကြမ္မာ...ကောင်းကင်ကအထက်မှာရှိပြီး မြေပြင်ကအောက်မှာရှိတယ်..."
ထိုက်ဟွာကျမ်းစာ၏ ကံကြမ္မာဖတ်နေသောလုပ်ငန်းစဉ်သည် ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းတရပ်ကြောင့် ပြတ်တောက်သွားသည်။
"ဒါက လူအိုကြီးယီဟန် ထပ်ပြီးဖြစ်နေပြန်ပြီလား...အရာအားလုံးက သူ့အစီအစဉ်ရဲ့အစိတ်အပိုင်းတွေ ဖြစ်နေတာလား .ငါက ကောင်းကင်ဘုံရဲ့ကံကြမ္မာသားတော်ကို သွားရှာမယ်ဆိုတာ သူ သိထားတယ်..ဒါကြောင့် သူက ငါ့ကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးတော့ လုကျိုးရှောင်ရဲ့ကံကြမ္မာကို လုယွီဆီပေးခဲ့တာပဲ"
ထိုက်ဟွာကျမ်းစာက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူသည် အဖြစ်မှန်ကိုလက်ခံရန် ငြင်းဆန်နေပေ၏။
အတိတ်တွင် ထိုက်ဟွာကျမ်းစာသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ချိတ်ပိတ်ခြင်းခံထားရသည်။ထိုက်ဟွာကျမ်းစာကို ချိတ်ပိတ်ထားသူမှာ စာပေသူတော်စင်ယီဟန်ပင်။
ထိုက်ဟွာကျမ်းစာ၏တွက်ချက်မှုအရ ရှေးဟောင်းအမွေအနှစ်များနှင့်လူသားဧကရာဇ်ဓားကိုရရှိမည့်လူသည် လုကျိုးရှောင်သာဖြစ်သင့်သည်။တာအိုကျမ်းစာသုံးခုကိုစုစည်းပြီးနောက် ထာဝရအသက်၏လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းနိုင်သောလူမှာလည်း လုကျိုးရှောင်သာ ဖြစ်ပေမည်။
အဆုံးသတ်၌ ထိုကံကြမ္မာများအားလုံးကို စာပေသူတော်စင်ယီဟန်က လုယက်ပြီး လုယွီထံသို့ပို့ဆောင်လိုက်၏။
"လူအိုကြီး ငါ မင်းကို ဘာမှမလုပ်နိုင်ဘူး...ဒါပေမဲ့ လုယွီက ကောင်းကင်ပုံရဲ့ကံကြမ္မာသားတော်လို ကံကြမ္မာမျိုးကို အလွယ်လေးရနိုင်မယ်လို့ မင်း တကယ်ကြီးထင်နေတာလား...ငါကဒါကို အနှေးနဲ့အမြန် ပြန်ယူရလိမ့်မယ်"
ထိုက်ဟွာကျမ်းစာက ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။သူသည် နောက်ထပ်ကံကြမ္မာဖတ်ခြင်းတစ်ခုကို ပြုလုပ်ပြီးနောက် နေရာတနေရာကိုရှာဖွေကာ အကန့်အသတ်မရှိသော ကြယ်မြစ်အတွင်း၌ ပျောက်ကွယ်သွားတော့သည်။
Chapter 4339
ကောင်းကင်ချိုးဖျက်ခံတပ်၌....
ဤခံတပ်သည် မိုင်ပေါင်းထောင်နှင့်ချီရှည်လျားပြီး အလွန်မြင့်မားသည်။
ဤသည်မှာ အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏အတားအဆီးဖြစ်ပြီး ကြယ်နယ်မြေအထက်တွင် မားမားမတ်မတ်မတ်ရပ်တည်နေသော လူဘီလူးကြီးတစ်ကောင်နှင့် တူညီသည်။
လုယွီသည် တစ်ချိန်က ဤနေရာတွင် ထန်အင်ပါယာနဲ့တိုက်ခိုက်ကာ အရှေ့အောက်နိုင်ခြင်းကြယ်မြစ်၏အင်အားများကို ပြန်လည်၍စုစည်းနိုင်မည့် အခွင့်အရေးတစ်ခုကို အောင်မြင်စွာရယူနိုင်ခဲ့သည်။မြို့ရိုးများ၏အုတ်ချပ်များပေါ်တွင် သွေးများစွန်းထင်းနေဆဲပင်။ထိုအရာများပေါ်သို့ ဓားများလှံများကျထားသည့်အရိပ်အယောင်များကိုလည်း မြင်တွေ့နိုင်သည်။
ဤသည်မှာတဆင့် အတိတ်တွင် ဤနေရာရှိတိုက်ပွဲများ မည်မျှထိပြင်းထန်ခဲ့သည်ကို ပြသနေသည်။
မြို့ရိုးအထက်ရှိအလံသည် လေထုအတွင်း၌လူးလွန့်နေသော်လည်း ကြက်သွေးရောင်မီးတောက်နဂါးအလံမဟုတ်တော့ဘဲ ချီအင်ပါယာ၏စန်းဟယ်အလံဖြစ်နေသည်။
မြို့ရိုးကိုစောင့်ကြပ်သော စစ်သားများသည်လည်း ကောင်းကင်ချိုးဖျက်ခံတပ်၏ခုခံကာကွယ်ရေးစစ်သားများ မဟုတ်တော့ဘဲ ချီစစ်တပ်၏စစ်သားများသာ ဖြစ်ပေ၏။
ချီဘုရင်ကျိုးထုံသည် ကောင်းကင်ချိုးဖျက်ခံတပ်၌ ခုခံကာကွယ်နေသော စစ်သားများကို လက်နက်ချရန် အမိန့်ထုတ်ပြန်ခဲ့သည်။ထို့နောက် သူသည် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများကိုစေလွှတ်၍ ဝမ်ရှင်းအမတ်ကြီးကို ဖမ်းဆီးထိန်းသိမ်းစေကာ စစ်တပ်အခွင့်အာဏာကိုလွှဲပြောင်းပေးရန် အတင်းအကြပ်ဖိအားပေးခဲ့သည်။
ကောင်းကင်ချိုးဖျက်ခံတပ်တွင် မူလကရှိခဲ့သောစစ်တပ်သည် အလျှင်အမြန်ပျက်စီးသွားကာ စစ်သားများအားလုံးကို တခြားစစ်တပ်များသို့ ပို့ဆောင်ခြင်းခံလိုက်ရသည်။စစ်သားတချို့သည် ချီအင်ပါယာ၏နောက်လိုက်များ မဖြစ်လိုသဖြင့် လမ်းတစ်ဝက်၌ ထွက်ပြေးသွားခဲ့ကြသည်။အဆုံးသတ်၌ ကောင်းကင်ချိုးဖျက်ခံတပ်မှစစ်အင်အား၏ဆယ်ပုံတစ်ပုံသာလျှင် ကြွင်းကျန်ခဲ့ပြီး လူနည်းစုသာကိုသာ ချီအင်ပါယာမှ ဆွဲခေါ်ထားနိုင်ခဲ့သည်။
ချီအင်ပါယာကိုတည်ထောင်ပြီးနောက် ကောင်းကင်ချိုးဖျက်ခံတပ်တွင် ကြွင်းကျန်ခဲ့သောစစ်သားများထံ၌ ဒေါသများဖြင့်ပြည့်နက်နေသော်လည်း သူတို့ထံတွင် ခုခံကာကွယ်ရန်အတွက် အင်အားမရှိခဲ့ချေ။သူတို့၏စိတ်နှလုံးသားများအတွင်း၌ ဒေါသထွက်နေသည့်တိုင် အသုံးမဝင်ပေ။
ထို့နောက်မှနေ၍ နယ်စပ်လေးနေရာမှခံတပ်လေးခုလုံး ချီအင်ပါယာ၏လက်အတွင်းသို့ ကျရောက်သွားခဲ့သည်။
ကောင်းကင်ချိုးဖျက်ခံတပ်၏လမ်းများပေါ်၌ စျေးဆိုင်များသည် သစ်တောအုပ်အတွင်းရှိသစ်ပင်များအလား နီးကပ်စွာတည်ရှိနေသည်။
ချီအင်ပါယာသည် ဤနေရာကိုသိမ်းပိုက်ပြီးနောက် ခုခံကာကွယ်ရေးနေရာအများစုကိုဖျက်သိမ်းကာ စျေးတစ်စျေးကိုဖွင့်လှစ်ပြီး ထန်အင်ပါယာမှလာသော ကုန်သည်များကို ဤနေရာ၌ စီးပွားရေးလုပ်ကိုင်ခွင့်ပြုခဲ့သည်။
စစ်တပ်မြို့တစ်မြို့ဖြစ်သော ကောင်းကင်ချိုးဖျက်ခံတပ်သည် ယခုအချိန်၌ စီးပွားရေးနယ်စပ်မြို့တမြို့ ဖြစ်သွားလေပြီ။အနယ်နယ်အရပ်ရပ်မှလာသော စီးပွားရေးသမားများနှင့်ကုန်သည်များသည် ဤနေရာ၌ အဆက်မပြတ်သွားလားလှုပ်ရှားနေတာ အလွန်လျှင်မြန်သောအရှိန်နှုန်းဖြင့် စည်ကားလာခဲ့သည်။
သို့ရာတွင် ဤစည်ကားမှုနောက်ကွယ်တွင် ကောင်းကင်ချိုးဖျက်ခံတပ်မှ ဒေသခံများ၏ဘဝများ ပို၍ပို၍ခက်ခဲလာသည်။
ချီအင်ပါယာသည် မူလက မြို့လယ်တွင်နေထိုင်သောလူများအားလုံးကို မောင်းထုတ်ကာ ထန်အင်ပါယာအတွက် ဈေးဆိုင်များတည်ဆောက်ပြီး စျေးတစ်စျေးကို ဖွင့်လှစ်ပေးခဲ့သည်။
ကောင်းကင်ချိုးဖျက်ခံတပ်၏ဒေသခံများသည် သူတို့၏နေအိမ်များကို ဆုံးရှုံးလိုက်ရပြီးနောက် ထန်အင်ပါယာ၏စျေးဆိုင်များတွင် အလွန်နည်းပါးသောလစာနှုန်းဖြင့် အလုပ်လုပ်ရန် ဖိအားပေးခြင်းခံရသည်။
ဤနေရာ၌ ထန်အင်ပါယာသည် အလွန်မြင့်မားသောအခွင့်အာဏာရှိပေ၏။သူတို့သည် ချီအင်ပါယာထံသို့ အခွန်အခများပေးဆောင်ရန် မလိုအပ်ဘဲ သူတို့၏ကုန်ပစ္စည်းများကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနိုင်သည်။
ဤနေရာတွင် မူလကတည်းကရှိနေခဲ့သော ကုန်သည်များကမူ ချီအင်ပါယာကို အခွန်အခအမြောက်အများ ပေးဆောင်ရသည်။သူတို့သည် အခွန်အခများအလွန်ကြီးလေးသောကြောင့် အရှုံးကိုတောင့်မခံနိုင်တော့သဖြင့် ဤနေရာမှ ထွက်ခွာသွားကြ၏။
ကောင်းကင်ချိုးဖျက်ခံတပ်တစ်ခုလုံးကို ထန်အင်ပါယာမှလူများက သိမ်းပိုက်ထားခဲ့သည်။
အထူးသဖြင့် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ဒေသခံဆေးဆိုင်များပင်။ဤဆေးဆိုင်များအတွက် လိုအပ်သောဆေးပင်များအားလုံးကို ထန်အင်ပါယာ၏ကုန်သည်များမှ သိမ်းပိုက်ထားခဲ့သည်။
ဤသည်မှာ လက်ဝါးကြီးအုပ်ခြင်းပင်။
တာယွီအင်ပါယာနှင့်ချီအင်ပါယာတို့မှ ကုန်သည်များသည် သာမန်ထက် ဆယ်ဆခန့်မြင့်မားသောစျေးနှုန်းပေး၍ ထိုဆေးပင်များကိုဝယ်ယူရသည်။ထိုအကြောင်းအရေကြောင့် ဆေးပင်များကိုအရောင်းအဝယ်လုပ်သော ကုန်သည်အဖွဲ့အစည်းများ ပျက်စီးသွားခဲ့ကာ သူတို့အား ထန်အင်ပါယာမှ အတင်းအကြပ်ခေါ်ဆောင်၍ အလုပ်သမားများအဖြစ် ခိုင်းစေကြလေ၏။
အရှေ့အောင်နိုင်ခြင်းကြယ်မြစ်တွင် သန်းနှင့်ချီသော ထန်စစ်သားများရှိနေသည်။သူတို့သည် ပုန်းကွယ်နဂါးစစ်တပ်၏တိုက်ခိုက်မှုကို ဟန့်တားထားရုံသာမက တာယွီအင်ပါယာမှ စစ်တပ်များကိုလည်း ခြိမ်းခြောက်နိုင်ခဲ့သည်။
ဆေးပင်များကိုသာမက ထန်အင်ပါယာသည် သူတို့၏လက်တံကို စိတ်ဝိညာဥ်မိုင်းတွင်းများ သံမဏိမိုင်တွင်းများ တခြားစက်ရုံအလုပ်ရုံထံသို့လည်း ဆန့်တန်းလာခဲ့သည်။ချီအင်ပါယာ၏ မင်းသားများနှင့်အမတ်ကြီးများ၏ပိုင်ဆိုင်မှုများပင်လျှင် လွတ်မြောက်ခဲ့ခြင်းမရှိချေ။
သို့ရာတွင် ချီအင်ပါယာသည် ဤကိစ္စများကိုသည်းခံပြီး မမြင်ချင်ယောင်ဆောင်နေခဲ့သည်။
ထန်စစ်တပ်သည် ချီအင်ပါယာ၏အသက်သခင်ကျေးဇူးရှင်ပင်။သူတို့သည် ဤကောက်ရိုးတစ်မျှင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရမည်ဖြစ်သောကြောင့် သူတို့သည် ထန်အင်ပါယာ၏ကူညီပေးမှုအတွက် မျက်နှာသာပြန်ပေးရန် လိုအပ်သည်။
"ဆိုင်ရှင်က ထပ်ပြီးလစာမပေးပြန်ဘူးလို့ ငါကြားထားတယ်...တကယ်လို့ သူက ငါတို့ကိုလစာမပေးဘူးဆိုရင် အိမ်မှာရှိနေတဲ့ ငါ့ရဲ့မိန်းမနဲ့ကလေး ငတ်ပြီးသေသွားနိုင်တယ်"
"ငါတို့တွေ အပြင်ထွက်ပြီး ငွေတောင်းကြမလား...တကယ်လို့ သူက ငါတို့ကို ငွေမပေးဘူးဆိုရင် ငါတို့က ဒေသခံအာဏာပိုင်တွေဆီသွားပြီးတော့ သူ့ကို တိုင်ကြားလို့ရတယ်မဟုတ်လား"
"အဲ့ဒီအကြောင်းကို မေ့လိုက်စမ်း...ဆိုင်ရှင်က ထန်အင်ပါယာက လူတယောက်ပဲ...အရင်က ထန်အင်ပါယာရဲ့လူတွေ ကျန်းဝူရဲ့မိန်းမကို အဓမ္မပြုကျင့်ခဲ့တယ်.....ကျန်းဝူက အုပ်ချုပ်ရေးအဖွဲ့ဆီသွားပြီးတော့ တိုင်တန်းခဲ့ပေမယ့် အဆုံးသတ်ကျတော့ မှားယွင်းစွပ်စွဲတယ်လို့သတ်မှတ်ခံရပြီး သူပဲရိုက်ခံလိုက်ရတယ်..သူ့ကို ကျွန်တစ်ယောက်အဖြစ်နဲ့ သံမဏိမိုင်တွင်းကိုတောင် ပို့လိုက်ကြတယ်...လွန်ခဲ့တဲ့ရက်အနည်းငယ်အကြာက သူ့ရဲ့ဇနီးက ကလေးတွေနဲ့အတူ ရေတွင်းထဲကိုခုန်ချပြီးတော့ သတ်သေသွားပြီ"
Chapter 4340
"ဟူး...."
ကြီးကျယ်ခမ်းနားသော လေလံအိမ်တစ်လုံး၏ထောင့်တနေရာတွင် တိုတောင်းသောအနားယူချိန်အတွင်း၌ အလုပ်သမားတချို့စုဝေးနေကြသည်။
ဤလူများသည် ကျင့်ကြံသူများ မဟုတ်ချေ။သူတို့အနက်မှ အားအကောင်းဆုံးလူသည် ရှီထျန်းနယ်ပယ်တွင်သာရှိသည်။ကောင်းကင်ချိုးဖျက်ခံတပ်အတွင်းရှိ ကျင့်ကြံသူများသည် ထွက်ပြေးသွားခြင်း သို့မဟုတ် ချီအင်ပါယာ၏ခွေးများအဖြစ်သို့ ရောက်ရှိသွားလေပြီ။သို့ရာတွင် သာမန်လူများမှာမူ ဤမြို့အတွင်း၌ အသက်ရှင်သန်နိုင်ရန် ရုန်းကန်နေရဆဲပင်။
သူတို့သည် အလုပ်ကြမ်းတချို့ကိုရှာဖွေ၍ လုပ်ဆောင်ရသည်။ထန်အင်ပါယာမှလူများသည် သူတို့အား အထင်သေးသဖြင့် အလွန်အမင်းနည်းပါးသောလစာဖြင့် သူတို့ကို ငှားယမ်းအသုံးပြုကြသည်။
ပြင်းထန်သောအလုပ်များကို ကာလရှည်ကြာလုပ်ရသဖြင့် သူတို့အနက်မှအများစု၏ခန္ဓာကိုယ်များတွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များ ရှိနေသည်။သူတို့အနက်မှတချို့သည် တစ်ချိန်က ကောင်းကင်ချိုးဖျက်ခံတပ်မှစစ်သားများ၏ မိသားစုဝင်များပင်။သို့ရာတွင် ကောင်းကင်ချိုးဖျက်စစ်တပ်ကို ဖျက်သိမ်းလိုက်ချိန်တွေ သူတို့၏မှီခိုအားထားရာလည်း ဆုံးရှုံးသွားခဲ့သည်။
သားသားနားနားဝတ်ဆင်ထားသော ထန်ကုန်သည်များ လေလံအိမ်အတွင်းသို့ ဝင်ရောက်လာကာ သူတို့၏နံဘေးပတ်လည်တွင် လှပစွာဝတ်စားထားသော အစေခံမလေးများရှိနေသည်။လေလံအိမ်အတွင်းမှနေ၍ ရယ်မောသံများထွက်ပေါ်လာကာ ထန်ကုန်သည်များသည် ဒေသခံများနှင့်နှိုင်းယှဉ်ကြည့်ပါက လုံးလုံးလျားလျားကွဲပြားခြားနားနေသည်။
"ဘယ်အချိန်ကျမှ ဒီလိုနေ့ရက်မျိုးတွေ အဆုံးသတ်မှာလဲ"
"ငါတို့တွေ ငွေကြေးတချို့စုဆောင်းပြီးတော့ လမ်းကြောင်းတစ်ခုရှာပြီး တခြားတစ်နေရာကို ထွက်သွားကြမလား"
အလုပ်သမားတချို့သည် သူတို့၏ငွေကြေးများကိုစုဆောင်း၍ ကောင်းကင်ချိုးဖျက်ခံတပ်မှ ထွက်ပြေးသွားရန် စတင်၍တွေးတောလိုက်ကြသည်။
ထိုအလုပ်သမားများ၏ခေါင်းဆောင်က သရော်တော်တော်ပြောဆိုသည်။
"ထွက်ပြေးမှာလား...မင်းတို့က ဘယ်နေရာကိုပြေးနိုင်မှာလဲ...ချီစစ်တပ်က အပြင်မှာရှိနေပြီးတော့ ပုန်းကွယ်နဂါးစစ်တပ်နဲ့ တိုက်ခိုက်နေကြတယ်...မင်းတို့ အပြင်ကိုထွက်သွားတာနဲ့ အဖမ်းခံရလိမ့်မယ်...ဒါ့ပြင် တခြားနေရာကိုသွားနိုင်တဲ့ လေဟာနယ်သင်္ဘောပျံကို စီးဖို့အတွက်အနည်းဆုံး အင်မော်တယ်ကျောက်တုံးတစ်သန်း လိုအပ်လိမ့်မယ်...တကယ်လို့ မင်းတို့က မင်းတို့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ရောင်းချမယ်ဆိုရင်တောင် အဲ့ဒီလောက်ထိများပြားတဲ့ ငွေကြေးပမာဏကို စုဆောင်းနိုင်မှာမဟုတ်ဘူး"
အလုပ်သမားတစ်ယောက်က သက်ပြင်းရှိုက်လိုက်သည်။
"ဘာလို့ ဒီလောက်ထိ စျေးကြီးတာလဲ"
အလုပ်သမားခေါင်းဆောင်က သူ၏ခေါင်းကိုခါယမ်းကာ ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုသည်။
"မင်းတို့လွတ်မြောက်ချင်တယ်ဆိုရင် ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး...ဒီစျေးနှုန်းက စျေးကြီးတယ်ဆိုပေမယ့် လက်မှတ်တစောင်ရဖို့က ပိုပြီးခက်ခဲတယ်...မင်းက ထန်အင်ပါယာနဲ့အဆက်အသွယ်ရှိနေမှ အဲ့ဒီလက်မှတ်ကို ရနိုင်လိမ့်မယ်"
"သောက်ချေးပဲ...ဒါက ဘယ်လိုသောက်ရေးမပါတဲ့ ကိစ္စမျိုးလဲ...တာယွီအင်ပါရာရဲ့လူတွေခေါင်းပေါ်ကို ဘယ်အချိန်တုန်းကစပြီးတော့ တခြားလူတွေက တက်နင်းခွင့်ရသွားတာလဲ"
တစ်စုံတစ်ယောက်က ဒေါသတကြီးပြောဆိုသည်။
သို့ရာတွင် မကြာမီမှာပင် သူ၏ပါးစပ်ကို သူ၏အပေါင်းအဖော်များက အတင်းအကြပ်ပိတ်ထားလေ၏။
"မင်းရဲ့အသံကို တိုးတိုးပြောစမ်း...အခုချိန်မှာ ငါတို့အားလုံးက ချီအင်ပါယာရဲ့လူတွေပဲ ...တကယ်လို့ ကင်းလှည့်နေတဲ့အရာရှိတွေ ကြားသွားမယ်ဆိုရင် မင်း ထောင်ထဲကိုသွားရလိမ့်မယ်"
ထိုလူ၏အပေါင်းအဖော်များက တိုးညှင်းသောအသံဖြင့် သူအား သတိပေးသည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာတွင်ရှိနေသော သူတို့၏စကားပြောဆိုနေမှုကို တခြားမည်သူကမျှ ဂရုမစိုက်ကြချေ။
ထိုအချိန်မှာပင် မလှမ်းမကမ်းအကွာမှနေ၍ ပြင်းထန်သောမြင်းခွာသံများ ထွက်ပေါ်လာကာ အလွန်အမင်းကျယ်လောင်သည်။
ဘုန်း...
ထိုမြင်းခွာသံများ မြေပြင်ပေါ်သို့တစ်ချက်ကျသွားသည်နှင့် မိုးခြိမ်းသံများအလား မြေပြင်တပြင်လုံးကို တုန်ခါသွားစေသည်။
ရှည်လျားသောလမ်း၏ အဆုံးသတ်နေရာမှနေ၍ မြင်လေးကောင် တဟုန်ထိုးပြေးလာသည်။ဤမြင်းများ၏နံဘေးပတ်လည်တွင် မမြင်နိုင်သောမီးတောက်များ လောင်ကျွမ်းနေပုံရသည်။ထိုမြင်းများ၏ခန္ဓာကိုယ်များသည်ကြီးမားပြီး သူတို့၏ခြေလက်များသည် အလွန်တုတ်ခိုင်သန်မာပေ၏။
ထိုမြင်းလေးကောင်၏နောက်တွင် မြင်းရထားလုံးတစ်စီးရှိနေသည်။ထိုအရာကို သံနက်ပြုလုပ်ထားကာ အလှဆင်ရတနာများအဖြစ် ရွှေများကိုမြှုပ်နှံ့ထားသည်။ဤရထားလုံးသည် အလွန်ကြီးကျယ်ခမ်းနားပြီး ထည်ဝါသည်။
ဤရထားလုံးသည် လူရှပ်ထွေးသောမြို့လယ်ခေါင်၌ မောင်းနှင်နေသည့်တိုင် အရှိန်လျှော့ရန် ရည်ရွယ်ထားပုံမရချေ။ထိုမြင်းရထားလုံး တဟုန်ထိုးမောင်းနှင်လာခြင်းကြောင့် လမ်းပေါ်ရှိဖြတ်သွားဖြတ်လာများအားလုံး နံဘေးတစ်ဖက်သို့ အလျှင်အမြန်ရှောင်တိမ်းလိုက်ရသည်။
"ဘေးဖယ်ကြစမ်း...မင်းတို့အားလုံး ဝေးဝေးကို သွားကြစမ်း"
ရထလုံးကိုမောင်းနှင်နေသောလူသည် အလွန်မောက်မာထောင်လွှားကာ သူသည် ပတ်ဝန်းကျင်ကိုကြည့်ပြီး ကျယ်လောင်စွာအော်ငေါက်လိုက်၏။
လမ်းဘေးဝဲယာ၌ရှိနေသူများသည် ဤမြင်ကွင်းကို အေးစက်တင်းမာစွာ စောင့်ကြည့်နေကြသည်။ဤသည်မှာ မြင်တွေ့နေကျ မြင်ကွင်းတစ်ခုအလားပင်။
ထိုရထားလုံးပေါ်ရှိ အမှတ်အသားကိုကြည့်ခြင်းအားဖြင့် ဤသည်မှာ ထန်အင်ပါယာမှအကြီးအကဲတစ်ယောက်၏ ရထားလုံးဖြစ်ကြောင်း မည်သူမဆို ပြောဆိုနိုင်သည်။
အဝါရောင်မြေနဂါးအမှတ်အသားသည် မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားကာ နေရောင်အောက်တွင် တောက်ပသောအလင်းတန်းများ ဖြာထွက်နေသည်။ဤသည်မှာ မည်သူမျှ အနီးသို့ မချဉ်းကပ်ဝံ့သော သင်္ကေတတစ်ခုနှင့် တူညီနေသည်။
မြင်းရထားလုံးသည် အလွန်လျှင်မြန်စွာ မောင်းနှင်လာပြီးနောက် လူများထပ်သိပ်သည်းစွာရှိနေသောနေရာသို့ ရောက်ရှိလာသည်။လူအများစုသည် ထိုအရာအား ရှောင်တိမ်းနိုင်ရန်အတွက် အချိန်မရှိခဲ့ချေ။
အမျိုးသမီးတယောက်သည် ရထားလုံးကိုရှောင်တိမ်းနိုင်ခဲ့ခြင်းမရှိချေ။ရက်စက်ကြမ်းကြုတ်သောမြင်းများ ရှေ့သို့ပြေးလာခြင်းနှင့်အတူ အစွမ်းထက်သောအားလှိုင်းတစ်ရပ်က သူမ၏ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။
ထိုအမျိုးသမီးသည် နာကျင်မှုကြောင့် ညည်းတွားလိုက်၏။သူမ၏ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား အဝေးသို့လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။
ဤအားလှိုင်းသည် အလွန်ပြင်းထန်သဖြင့် သူမ၏ပါးစပ်မှ သွေးများအန်ထွက်လာပြီးနောက် သတိလစ်မေ့မြောသွားတော့သည်။