← Chapters

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

အခန်း (၁၃၆-၁၃၈)

Vol. 10 Ch. 136-138

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၃၆)

သူမ တံဆိပ်ငါးခုကို ဒီအတိုင်းပဲ ရလိုက်တာပေါ့။

ပုံရိပ်ကျိန်စာရဲ့ အစွမ်းသတ္တိက သူမထင်ထားတာထက် ပိုစွမ်းနေပါတယ်။ဒီကျိန်စာက ခံရသူရဲ့ စိတ်ကိုအချိန်တိုအတွင်းမှာ ထိန်းချုပ်ရုံတင်မကဘဲ သူတို့ကို ခိုင်းစေထားတဲ့ အလုပ်ကို အောင်မြင်ဖို့ မသိစိတ်ကပါ အလိုက်တသင့် လုပ်ဆောင်ပေးနိုင်ပါတယ်။

သူ့ရဲ့ စစ်ဆင်ရေးအောင်မြင်ပြီးတာနဲ့ ချောင်းရှူရဲ့ မျက်လုံးတွေဟာ တဖန်ပြန်ပြီး ဝေတေဝါးတား ဖြစ်သွားပါတယ်။သူဟာ အဝေးကို ငေးကြည့်နေပြီး အာရုံစူးစိုက်မှု မရှိတော့ပြန်ပါဘူး။သူဟာ နောက်ကို ဖြည်းငြင်းစွာ ပြန်လှည့်လိုက်ပြီး ဂူဆီသို့ ပြန်သွားပါတော့တယ်။

ချောင်းရှူ ဂူကိုပြန်ရောက်ပြီးတာနဲ့ ဖြစ်သမျှတွေအားလုံးကို မေ့သွားတော့မယ်ဆိုတာ ရှန်ယန်ရှောင် သိပါတယ်။

တံဆိပ်ငါးခုကို သူမရဲ့ လက်စွပ်ထဲ ထည့်လိုက်ပြီးတော့ ရှန်ယန်ရှောင်ဟာ ဇာမဏီငှက်ရှိတဲ့ သစ်ပင်ဆီသို့ ပြန်သွားလိုက်ပါတယ်။

ခြေထောက်နဲ့ သစ်ကိုင်းကိုချိတ်ကာ တွဲလဲခိုနေတဲ့ ဇာမဏီငှက်က တစ်ပတ်လှည့်လိုက်ပြီး သစ်ကိုင်းပေါ်မှာ မြဲမြံစွာထိုင်လိုက်ပါတယ်။

"မင်း ပေါင်းစပ်ကျိန်စာကို သုံးခဲ့တာလား"

ဇာမဏီငှက်က သူ့ရဲ့နှာခေါင်းကို ရှုံ့လိုက်ကာ မေးလိုက်ပါတယ်။သူဟာ ရှန်ယန်ရှောင်ရဲ့ လက်နဲ့သင်္ကေတတွေ ပြုလုပ်လိုက်တဲ့ စည်းတွေဟာ ပေါင်းစပ်ကျိန်စာဆိုတာ သေချာပေါက်သိနေပါတယ်။

"မင်း ခွဲခြားတတ်တယ်ပေါ့"

ပုံရိပ်ကျိန်စာရဲ့ သက်ရောက်မှုက အံ့အားသင့်စရာ ကောင်းလွန်းတာကြောင့် သူမ စိတ်ကြည်နေပါတယ်။

နောင်ကျရင် ဒီကျိန်စာက ရန်သူတွေအပေါ်မှာ အလစ်အငိုက်တိုက်လို့ ကောင်းလှတယ်လေ။

"ဆင့်ခေါ်သူအချို့ကို အရင်က တွေ့ဖူးခဲ့တယ်လေ။ဆင့်ခေါ်သူတွေက လူတွေအပေါ်မှာ ကျိန်စာတွေကို သုံးပြီး နှိပ်စက်ညှင်းပန်းတတ်သူတွေပဲ"

ဇာမဏီငှက်က မပွင့်တပွင့်နဲ့ တီးတိုးရေရွတ်လိုက်တာပါ။

"အိုး...ဖြစ်နိုင်တာက မင်းများ..."

"တိတ်စမ်း။ငါက ဒဏ္ဍာရီသတ္တဝါလေ လူတွေရဲ့ ကျိန်စာက ဒဏ္ဍာရီသတ္တဝါကို ဘာလို့ သက်ရောက်နိုင်မှာလဲကွ"

ဇာမဏီငှက်က ဝံ့ကြွားစွာနဲ့ လက်ပိုက်လိုက်ကာ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပါတယ်။

ဆင့်ခေါ်သူတစ်ယောက်က သူ့ကို လှည့်စားနိုင်ခဲ့တာကို သူ ရှန်ယန်ရှောင်အား ပြောမှာ မဟုတ်ပါဘူး။

သူ ဘယ်တော့မှာ ဝန်မခံနိုင်ပါဘူး ဘယ်တော့မှပဲ....

ရှန်ယန်ရှောင် မျက်ခုံးပင့်လိုက်ပါတယ်။ညမိုးချုပ်နေပြီဖြစ်လို့ တောထဲမှာ သူမ လျှောက်သွားနေမှာ မဟုတ်ပါဘူး။ဒီတောထဲက သားရဲတွေက အဆင့်သိပ်မမြင့်ပေမယ့် ရိုင်းစိုင်းရက်စက်ပါတယ်။တစ်နေ့လုံး အလုပ်ရှုပ်ပြီးတဲ့ နောက်မှာတော့ သူမလည်း သစ်ကိုင်းပေါ်မှာ လှဲလျောင်းလိုက်ပါတယ်။

အနက်ရောင်သစ်တောရဲ့ တစ်ခြားတစ်နေရာမှာတော့ စုတ်စုတ်ပြတ်ပြတ် လူလေးယောက်ဟာ သူတို့နောက်ကနေ လိုက်လာနေတဲ့ အလင်းပြသလင်းတွေနဲ့ လူတွေကြောင့် ထွက်ပြေးနေကြပါတယ်။

နောက်ရက်မနက် နေရောင်အလင်းတန်းက တောထဲကို သက်ဆင်းလာချိန်မှာတော့ တောရဲ့အမိုက်မှောင်အား လင်းရောင်ခြည်က အစားထိုးနေရာယူလိုက်ပါတော့တယ်။

ရှန်ယန်ရှောင်က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပါ...ရုတ်တရက်ပဲ သူမရင်ဘတ်ကို အလေးအပင်တစ်ခုက ဖိထားသလို ခံစားလိုက်ရလို့ သူမ အသက်ကို မနည်းရှူလိုက်ရပါတယ်။

စိတ်ရှုပ်သွားတဲ့ သူမက မျက်လုံးဖွင့်လိုက်တဲ့အခါ အနီရောင်မျက်လုံးတစ်စုံကို တွေ့လိုက်ရပါတယ်။

ဇာမဏီငှက်ဟာ ရှန်ယန်ရှောင်ရဲ့ ရင်ဘတ်အပေါ်မှာ ရောက်နေတာကို သတိမထားမိပါဘူး။သူ့ရဲ့ ကိုယ်လုံးက သေးငယ်ပြီး အရွယ်ရောက်ပြီးသူတစ်ယောက်လို မလေးပေမယ့် ၁၃နှစ်သာရှိသေးတဲ့ ရှန်ယန်ရှောင်အတွက်ကတော့ တော်တော်လေးပါတယ်။

"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ရှန်ယန်ရှောင်ဟာ ရွှန်းလဲ့စိုပြေတဲ့ မျက်လုံးတစ်စုံကို ကြည့်ကာ ပြောလိုက်ပါတယ်။

"ငါက မင်း နိုးလာဖို့ အော်ပြောနေတာလေ"

ဇာမဏီငှက်က စိတ်လက်တပါနဲ့ ပြောလိုက်ပါတယ်။

ရှန်ယန်ရှောင် "....."

"စကားမစပ် မင်း ရှိုးပွဲကို ကြည့်သင့်တယ်နော်"

"...."

ရှန်ယန်ရှောင် ဇာမဏီငှက်ကို သူမအပေါ်ကနေ ဖယ်လိုက်ကာ နာကျင်နေတဲ့ သူမရဲ့ ရင်ကို ပွတ်လိုက်ပါတယ်။သူမက မဖွံ့ဖြိုးသေးဘူးဆိုပေမယ့် မနက်စောစောမှာ မိန်းကလေးတစ်ယောက်ရဲ့ ရင်ဘတ်ပေါ်မှာ လှဲနေတာဟာ ရှက်စရာ ဆိုတာ ဒီငှက်စုတ် နားမလည်သေးဘူးပဲ။

စိတ်ထဲကနေ ငှက်စုတ်ကို ကျိန်ဆဲနေချိန်မှာပဲ သူမ နားထဲမှာ အဝေးက ဆူညံသံတွေကို ကြားလိုက်ရပါတယ်။

ဂူထဲမှာတော့ ချောင်းရှူဟာ မည်းမှောင်နေတဲ့ မျက်နှာထားနဲ့ ရပ်နေပါတယ်။သူဟာ သူနဲ့ မျက်နှာချင်းဆိုင် ရပ်နေတဲ့ သူ့ရဲ့ အဖွဲ့သားလေးယောက်ကို ကြည့်နေပါတယ်။

"ချောင်းရှူ တော်တော့ ငါတို့ကို တံဆိပ်တွေ ပြန်ပေးလိုက်တော့"

မန်ယိဂျွန်က မျက်ခုံးပင့်လိုက်ရင်း ပြောလိုက်ပါတယ်။လိရှန်း ရှန်ဂေါင်းရှောင်နဲ့ ကျွမ်ရှန်းနီတို့က သူ့ဘေးမှာ ရပ်နေကြကာ သူတို့ရဲ့ အမူအယာတွေကလည်း အခြေအနေမကောင်းပုံပါပဲ။

"ဘာတံဆိပ်လဲ။မင်း ဘာတွေလာပြောနေတာလဲ"

ချောင်းရှူကတော့ ရူးတော့မလို ဖြစ်နေပါပြီ။မနက်စောစောမှာ သူနိုးလာတာနဲ့တစ်ပြိုင်တည်းပဲ မန်ယိဂျွန်တို့ လေးယောက်က သူတို့ရဲ့ တံဆိပ်တွေကို တောင်းနေကြတာပါ။

ဒါပေမဲ့ သူတို့ရဲ့ တံဆိပ်တွေက သူ့ဆီမှာ ဘာလို့ရှိမှာလဲ အားးးးးးး.........

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၃၇)

ချောင်းရှူ အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေပါတယ်။သူ အိပ်လို့ကောင်းနေဆဲမှာပဲ မန်ယိဂျွန်တို့က သူ့ကိုနှိုးခဲ့ရတာဟာ ဘာဖြစ်လို့မှန်း သူလည်းမသိပါဘူး။သူဟာ အိပ်မက်မမက်ခဲ့တဲ့ ညကိုရခဲ့သော်လည်း ခေါင်းကိုက်နေပါတယ်။

မန်ယိဂျွန်က သူ့ကို တံဆိပ်တွေတောင်းပြီးတာတောင် တချို့က စိတ်ချလက်ချမရှိကြသေးပါဘူး။ချောင်းရှူလည်း ဘာဖြစ်နေမှန်းကို မသိသေးပါဘူး။

"ချောင်းရှူ မင်းကငါတို့နဲ့ ညီအစ်ကိုလိုဖြစ်နေပြီပဲ။ဒီမှာရှိတဲ့ လူတိုင်းက မင်းနဲ့တစ်ဖွဲ့တည်းသားတွေနော်...စကားများတာရှိခဲ့တောင် ဒီလိုမျိုးတော့ မနောက်သင့်ဘူးနော်"

မန်ယိဂျွန်က ချောင်းရှူနဲ့ အနည်းငယ်ရင်းနှီးမှုရှိပါတယ်။မနေ့က ချောင်းရှူနဲ့ လိရှန်းတို့ စကားများခဲ့ကြပါတယ်။ချောင်းရှူက ကင်းစောင့်တာဝန်ယူမယ်လို့ ကိုယ်တိုင်ပြောခဲ့တုန်းက မန်ယိဂျွန်ဟာ ကျေနပ်မိခဲ့ပါတယ်။

ဒါပေမဲ့ မနက်ခင်း သူတို့နိုးလာချိန်မှာတော့ ကင်းစောင့်တာဝန်ကျတဲ့ ချောင်းရှူက ကင်းစောင့်နေရမယ့်အစား အိပ်ပျော်နေတာကို တွေ့ခဲ့ရပါတယ်။

"ဘယ်သူက မင်းကို နောက်နေလို့လဲဟ"

ချောင်းရှူ မကျေမနပ်နဲ့ အော်ဟစ်လိုက်ပါတယ်။

"ကောင်းပြီလေ ဒီကိစ္စအတွက် ဒီလောက်နဲ့ပဲ ရပ်ကြစို့ တံဆိပ်တွေကိုသာ မြန်မြန်ပြန်ပေးလိုက်တော့။ဆေးမြစ်တစ်ချို့ကို ငါတို့ ဒီနေ့လိုက်ရှာရဦးမယ်"

ရှန်ဂေါင်းရှောင်ဟာ ချောင်းရှူရဲ့ အရည်မရအဖတ်မရတွေကို ပျင်းရိနေပါပြီ။သူဟာ ကင်းစောင့်တာဝန်ယူပြီးတော့ အိပ်နေတဲ့ချောင်းရှူအပေါ် မကြည်ဘူးဖြစ်နေပါတယ်။နောက်ပြီးတော့လည်း အခုထိကို အရှုပ်တွေလုပ်နေတဲ့ ချောင်းရှူရဲ့လုပ်ရပ်ဟာ တစ်ကယ့်ကို လက်မခံနိုင်စရာပါပဲ။

"ဟုတ်တယ်..အာ..အစ်ကိုကြီးရှန်ဂေါင်းဆီမှာလည်း ဆေးရည်တွေသိပ်မကျန်တော့ဘူးလေ။ကျွန်မတို့အားလုံး ဖြေဆေးအတွက် ဆေးမြစ်တွေလိုက်ရှာပြီး ဖော်စပ်ကြည့်ဖို့လိုတယ်...သူ့ဆေးရည်တွေ မကုန်ခင်ပေါ့။မဟုတ်ရင် တစ်ခြားအဖွဲ့တွေနဲ့ တွေ့တဲ့အခါ ပြဿနာတက်လိမ့်မယ်"

ဖြစ်ပျက်နေတာကိုကြည့်လိုက်ပြီး ကျွမ်ရှမ်းနီကလည်း သူမ တတ်နိုင်သလောက် ဝင်ဖြန်ဖြေပေးပါတယ်။

ချောင်းရှူရဲ့ နှုတ်ခမ်းတွေ တွန့်တွန့်သွားတယ်။ဒီအုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့က မဖြစ်နိုင်အောင်ပါပဲလား။

"မင်းတို့ဘာတွေပြောနေမှန်းကို ငါ မသိဘူး"

"ချောင်းရှူ မင်းတော့သွားပြီ။မနေ့ညက မင်းကိုယ်တိုင်ပြောခဲ့တာက ညကင်းတာဝန်ကို မင်းယူမယ်တဲ့။အဲ့ဒါကြောင့် ငါတို့ရဲ့ တံဆိပ်တွေကို မင်းဆီအပ်ထားခဲ့ရတယ်။မင်း တာဝန်မကျေတာကို ထားလိုက်ပါဦး ဒါပေမဲ့ မင်းကပြဿနာရှာြ့ီးတော့ အရှုပ်တွေလုပ်နေတာက ငါတို့အားလုံး ကျရှုံးမှပဲ မင်းက ကျေနပ်နိုင်မယ့်သဘောလား"

လိရှန်း ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။သူနဲ့ ချောင်းရှူ အဆင်မပြေဖြစ်ခဲ့တာကြောင့် ကြားလူတွေကသာ မနေ့ညက မတောင်းဆိုခဲ့ရင် သူ့တံဆိပ်ကို ချောင်းရှူဆီပေးခဲ့မှာ မဟုတ်ပါဘူး။

"နေစမ်းပါဦး။မင်း ဘာတွေပြောနေတာလဲ။ငါက ကင်းစောင့်ပေးမယ်လို့ ဘယ်တုန်းကများ ပြောခဲ့မိလို့လဲ။ဘယ်သူမှ ကင်းမစောင့်ဖို့အတွက် ငါတို့အားလုံး မနေ့က သဘောတူထားပြီးပြီ မဟုတ်လား။ရှန်ဂေါင်းရှောင် မင်း နွံတော်ဆေးရည်ကို ဖြန်းပြီး ထောင်ချောက်လုပ်ထားတာ မဟုတ်ဘူးလား"

စကားများများနားထောင်မိလေ သူ ပိုပြီး အူကြောင်ကြောင်ဖြစ်လာလေပါပဲ။ဒါပေမဲ့ တံဆိပ်က အလွန်အရေးကြီးတာကြောင့် ပျောက်သွားတာနဲ့ သူတို့ ပြဿနာအကြီးကြီး တက်ပါပြီ။

မန်ယိဂျွန် မျက်မှောင်ကုတ်လိုက်ပြီး စိတ်ရှည်လက်ရှည် ပြောလိုက်ပါတယ်။

"မနေ့ည ငါတို့အိပ်နေတုန်းမှာ မင်းက ရုတ်တရက်လာပြီးတော့ ငါတို့ရဲ့ တံဆိပ်တွေကို တောင်းတယ်လေ မင်းပြောတာက တစ်ခြားအဖွဲ့ရဲ့ လေးသမားတွေက ထောင်ချောက်ကို ဖြတ်ကျော်ပြီးတော့ တံဆိပ်တွေကို ခိုးယူမသွားနိုင်အောင် မင်း ကင်းစောင့်ပေးမယ်တဲ့။ငါတို့တံဆိပ်တွေကို မင်းယူပြီးတော့ မင်းအိတ်ထဲထည့်လိုက်တာကို ငါ့မျက်စိနဲ့ တပ်အပ်ကိုမြင်ခဲ့တာပဲ"

"နောက်တာပြောင်တာ တော်လိုက်တော့။ငါ ဘယ်တုန်းကမှ အဲ့လို မပြောခဲ့ဖူးဘူး မင်း အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်။နောက်ပြီး ငါ့တံဆိပ်ကလည်း အမြဲတမ်း ငါ့ရင်ဘတ်မှာပဲ.....ဘယ်တုန်းကမှ..."

ပြောရင်းနဲ့ပဲ ချောင်းရှူက သူ့ဝတ်စုံရဲ့ တံဆိပ်တပ်ထားတဲ့ နေရာကို အားလုံးမြင်အောင် ပြမယ်လုပ်ပြီး သူ့ရင်ဘတ်ကို သူမြင်လိုက်ချိန်မှာပဲ သူ့ နှလုံးသားဟာ ဒုန်းကနဲ မြည်သွားပါတယ်။

သူ့ရင်ဘတ်မှာ ဘာမှ မရှိပါဘူး...တံဆိပ်ရဲ့ အရိပ်ကလေးတောင်မှ မတွေ့ရပါဘူး။

"ဒါက...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ငါ့ရင်ဘတ်မှာ တံဆိပ်တပ်ထားတာကို ငါမှတ်မိပါတယ်"

ချောင်းရှူ ထိတ်လန့်သွားပါတယ်။သူများတွေရဲ့ တံဆိပ်အတွက် သူ သိပ်ဂရုမပြုနိုင်ပေမယ့် သူ့တံဆိပ်ဟာလည်း ပျောက်ဆုံးသွားပါပြီ။

"မင်း ဘာပြောနေတာလဲ။မင်းရင်ဘတ်မှာ တပ်ထားတာတဲ့လား။မင်းတံဆိပ်နဲ့ ငါတို့တံဆိပ်တွေအားလုံး မင်းအိတ်မှာပဲ ရှိနေတာကို"

လိရှန်း စိတ်မရှည်စွာ ဝင်ပြောလိုက်ခြင်းပါ။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၃၈)

"အဲ့ဒါက မဖြစ်နိုင်တာပဲ"

ချောင်းရှူက သူ့တစ်ကိုယ်လုံးကို အထက်အောက် စုန်ချည်ဆန်ချည် စစ်ဆေးလိုက်ပါတယ်။သူ့ဝတ်စုံရဲ့ ရှိသမျှအိတ်အားလုံးကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးပြီးပေမယ့် တံဆိပ်တစ်ခုရဲ့ အရိပ်အယောက်လေးတောင် မတွေ့ခဲ့ပါဘူး။

ချောင်းရှူရဲ့ ချွေးအေးတွေပြန်နေတာကို တွေ့လိုက်တဲ့ လူအားလုံး မျက်နှာပျက်သွားကြပါတယ်။ကျားသုံးယောက်က သူ့အားအရှက်ခွဲဖို့ လုပ်နေတာလို့ အစကထင်ခဲ့တဲ့ ချောင်းရှူလည်း စိုးရိမ်လာခဲ့ပါတယ်။

"သေချာရှာပါဦး မင်းလက်စွပ်ထဲလည်း ကြည့်လိုက်ဦး"

ထစ်ထစ်ငေါ့ငေါ့ပြောရင်းနဲ့ မန်ယိဂျွန်က ရှေ့ကိုလှမ်းလိုက်ပါတယ်။

ချောင်းရှူလည်း သူ့လက်မှာစွပ်ထားတဲ့ လက်စွပ်ကို ကြည့်လိုက်မိပြီး ပြောလိုက်ပါတယ်။

"မဖြစ်နိုင်ပါဘူး...ဒီကိစ္စကို ငါတစ်ခုမှ မမှတ်မိဘူး"

ချောင်းရှူဟာ သူ့လက်စွပ်ထဲက အရာအားလုံးကို ထုတ်ပြီးသော်လည်း တံဆိပ်နဲ့တူတာ တစ်ခုမှမတွေ့ပါဘူး။

ပတ်ဝန်းကျင်လေထုက လေးလံလာပြီး ဒီအခြေအနေဟာ အဖွဲ့ရဲ့ သဟဇာတဖြစ်မှုကို ပြင်းထန်စွာထိခိုက်သွားပါတယ်။

"ချောင်းရှူ။ မင်း ဘာဖြစ်နေတာလဲ။ ငါတို့တံဆိပ်တွေက ဘယ်မှာလဲ။ အခုချက်ချင်း ငါတို့ကို ပြန်ပေးစမ်း"

လိရှန်း စိတ်လောနေပါပြီ။ ဒီအဖွဲ့ကို ဝင်ရောက်ခဲ့တာက သန်မာတဲ့အဖွဲ့တစ်ခုဖြစ်ဖို့ပါ...အခုလိုမျိုး မတော်တဆမှုမျိုးကို တွေ့ကြုံချင်လို့ မဟုတ်ပါဘူး။

"သောက်ပေါက်ပိတ်လိုက်စမ်း"

ချောင်းရှူလည်း ခေါင်းကိုက်နေပြီး သူ့နှလုံးသားလည်း ပြင်းထန်စွာ လှုပ်ရှားနေပါတယ်။ ကျွမ်ရှန်းနီရှိနေတာကို သတိမမူနိုင်တော့ဘဲ ကြမ်းတမ်းစွာ ဆဲရေးလိုက်ပါတယ်။

"မင်း ငါ့ကို ဆဲရဲတယ်ပေါ့လေ"

လိရှန်း လုံးဝကို စိတ်တိုနေပါပြီ။သူ့လက်ထဲက မှော်တုတ်တံကို မြှောက်လိုက်ကာ မှော်အတတ်တစ်ချို့ လွှတ်ဖို့ရာလုပ်လိုက်ပါတယ်။

မန်ယိဂျွန်က အခြေအနေဟာ တစ်ခုခု လွဲမှားနေတာကို တွေ့လိုက်ပါတယ်။ ချက်ချင်းပဲ လိရှန်းအား ရပ်ခိုင်းလိုက်ပါတယ်။

"အခုအချိန်က ရန်ဖြစ်ရမယ့် အချိန်မဟုတ်ဘူး။ မနေ့ညက တစ်ကယ်တမ်း ဘာဖြစ်ခဲ့သလဲဆိုတာကို ငါတို့ အဖြေရှာရမယ်။ ချောင်းရှူအနေနဲ့ ငါတို့ကို လှည့်စားဖို့အကြောင်းမရှိဘူး။ သူ့တံဆိပ်လည်း ပျောက်နေတာဆိုရင် သူလည်း ကျမှာပဲ။ ဒီလိုမျိုး ဆိုးရွားတဲ့ကိစ္စကို သူ လုပ်စရာမလိုဘူး"

မန်ယိဂျွန်က တည်တည်ငြိမ်ငြိမ်ပဲ ရှိပါတယ်။

"မနေ့ညက..ငါမှတ်မိတာဆိုရင် ငါတို့အားလုံး အိပ်လိုက်ကြတယ် တော်တော်ကြာတော့ လိရှန်း အော်လိုက်တာကို ငါကြားလိုက်တာပဲ။ အဲ့ဒီနောက်မှာ ချောင်းရှူက ငါတို့ကို ပြောခဲ့တာက သူ ကင်းစောင့်ပေးမှာဖြစ်လို့ ငါတို့ရဲ့ တံဆိပ်တွေကို သူ့ဆီအပ်ထားသင့်တယ်လို့ ပြောခဲ့တာပဲ"

ကျွမ်ရှန်းနီဟာ မျက်မှောင်ကုတ်လိုက်ရင်းနဲ့ ဝင်ပြောလိုက်ပါတယ်။

"ငါ ကင်းစောင့်ပေးမယ်လို့ မပြောခဲ့ပါဘူး"

ချောင်းရှူ ဒေါသတကြီး အော်ပြောလိုက်ပါတယ်။

"မင်း ညာပြောနေတာပဲ။ မနေ့ည ငါအိပ်ပျော်နေတုန်းမှာ မင်းပဲ ငါ့တံဆိပ်ကို ယူချင်ခဲ့တာ။ ငါသာမနိုးခဲ့ဘဲ မင်းလုပ်ရပ်ကို မသိခဲ့ရင် ဒီမနက်မှာ မင်းလုပ်ရပ်ကို ဘယ်သူမှ သိခဲ့မှာမဟုတ်တော့ဘူးကွ"

လိရှန်း ဝင်ပြောလိုက်ပါတယ်။

"ချီးတဲ့မှပဲ။အကြိမ်တစ်ရာမကအောင် ငါ ပြောပြီးပြီလေ ငါ မလုပ်ခဲ့ဘူး မပြောခဲ့ဘူးဆိုတာကို"

ချောင်းရှူ စိတ်လွတ်လုနီးပါး ဖြစ်နေပါပြီ။ဒီ အဖွဲ့က ဦးနှောက်များထိသွားကြတာလား သူက သူတို့ရဲ့ တံဆိပ်တွေကို ယူတယ်တဲ့လေ။

"ဟုတ်ပြီ။ တော်လိုက်ကြတော့"

ရှန်ဂေါင်းရှောင်က သူ့အဖွဲ့သားတွေကို ကြည့်ပြီး ခေါင်းကိုက်နေပါပြီ။ချောင်းရှူကို ကတိပေးခဲ့တဲ့ ချောင်းရှူရဲ့ အဖွဲ့ထဲ ဝင်မယ်ဆိုတဲ့စကားကို သူ ရူးနေလို့ ပေးခဲ့တာဖြစ်မယ်လို့ တွေးလိုက်မိပါတယ်။

"မင်း ဝန်ခံခံ မခံခံ မနေ့ညတုန်းက ငါတို့ရဲ့ တံဆိပ်တွေကို တောင်းခဲ့တာကို ငါတို့လေးယောက်လုံး ရှင်းရှင်းလင်းလင်းကို သိတယ်။ မင်းဘယ်နေရာမှာ သိမ်းထားလဲဆိုတာကို မေ့တာပဲဖြစ်ဖြစ် မင်းအိပ်နေတုန်း အခိုးခံခဲ့ရတာပဲဖြစ်ဖြစ် ဒါတွေက ပြဿနာ မဟုတ်တော့ဘူး"

"ရှန်ဂေါင်းပြောတာ မှန်တယ်"

မန်ယိဂျွန်ရဲ့ အမူအယာဟာ ခန့်ညားနေပါတယ်။

"ငါတို့တံဆိပ်တွေအားလုံး မရှိတော့ဘူး။ နည်းပြတွေပြောတဲ့ စည်းကမ်းအရဆို ငါတို့တံဆိပ်တွေကို ငါတို့ကိုယ်ပေါ်ကနေ မခွာသင့်ဘူး..အခုဆို ချောင်းရှူရဲ့ တံဆိပ်တောင်မှ မရှိတော့ဘူး။ ဒါဟာ ငါတို့အဖွဲ့ရဲ့ စာမေးပွဲကို ပါဝင်ဖို့ ကျရှုံးခဲ့ပြီလို့ ဆိုလိုတာပဲ"

"အဲ့ဒါ...ငါတို့ ဘာလုပ်သင့်လဲ"

လိရှန်း တုန်လှုပ်နေပါပြီ။

"ငါလည်း မသိဘူး။ နည်းပြပြောတာကတော့ အဖွဲ့ရဲ့ အဖွဲ့သားငါးယောက်လုံး တံဆိပ်တွေ မရှိတော့ရင် အဲ့ဒီအဖွဲ့က အလိုအလျောက် ကျဆုံးပြီတဲ့"

ချောင်းရှူနဲ့ ပတ်သတ်တဲ့ ကိစ္စက ထူးဆန်းလွန်းနေပါတယ်။ ဒီလိုဖြစ်တဲ့အတွက် သူ့အတွက်လည်း အကျိုးမရှိတာကြောင့် ချောင်းရှူက သူတို့အား လိမ်ညာစရာအကြောင်းလည်း မရှိပါဘူး။

All Chapters