အခန်း (၁၄၂-၁၄၄)
Vol. 10 Ch. 142-144
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၄၂)
"မင်းမှာ စိတ်သဘောထားကောင်းကောင်းမရှိဘူးလို့ မထင်မိဘူးလား"
ဇာမဏီငှက်ဟာ ရှန်ယန်ရှောင်ဘေးနားမှာ ထိုင်နေပါတယ်။ သူ့ကိုယ်လုံးသေးသေးလေးက ဘောလုံးလေးလိုဖြစ်နေကာ သူ့လက်ချောင်းဖြူဖြူသွယ်သွယ်လေးက မြေကြီးမှာရေးခြစ်ကစားနေပါတယ်။ သူဟာ သခင်ပေါင်းများစွာနောက်ကို လိုက်ပါခဲ့ဖူးသလို ဘယ်သခင်မှ အစွမ်းမကြီးတာ မရှိပါဘူး။ ရှန်ယန်ရှောင်နဲ့ သူတို့နဲ့က ဘာမှနှိုင်းလို့ မရပါဘူး။ သူမမှာ ဖြုံလောက်စရာ တိုက်ခိုက်ရေးပညာမရှိတဲ့အပြင် သွေးမထွက်ဘဲ အသာအယာအနိုင်ရချင်တဲ့စိတ်နဲ့ ကလေးဆန်ဆန် လှည့်စားချင်ပါသေးတယ်။ ဒီအဖြစ်က သူ့ရဲ့ ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင်ရဲ့ ပင်ကိုယ်စိတ်ထားကို လွန်မင်းစွာ ထိခိုက်နာကျင်စေပါသေးတယ်။
မင်းအနေနဲ့ သူ့ကို အစွမ်းအစပြဖို့ အခွင့်အရေးတစ်ခုလောက် မပေးနိုင်ဘူးလား။ သူလည်း သူ့ဂုဏ်ကို သူဖော်ချင်သေးတယ်လေ။
ဇာမဏီငှက်ရဲ့ ဆန္ဒပြည့်ဝလာပါတော့တယ်။
ရှန်ယန်ရှောင်က သစ်ပင်အောက်မှာထိုင်ကာ ကစားနေတဲ့ ၀၀ကစ်ကစ်နဲ့ ကလေးလေးကို ရွှန်းလဲ့စွာကြည့်လိုက်ပါတယ်။ သူမရဲ့ စူးစိုက်တဲ့အကြည့်ကြောင့် ဇာမဏီငှက်တစ်ကိုယ်လုံး ရှိသမျှအမွှေးတွေ ထောင်ထကုန်ပါတယ်။
"မင်း ဘာ လုပ် မ လို့ လဲ.."
ဇာမဏီငှက်ဟာ ရှန်ယန်ရှောင်ရဲ့ အကြည့်အောက်မှာ တစ်ကိုယ်လုံးတုန်ရီနေပါတယ်။ သူမရဲ့ ပရိယာယ်အသွယ်သွယ်နဲ့ လှည့်စားမှုတွေက သူ့အပေါ်ကို အရိပ်မည်းတစ်ခုအဖြစ်တည်ရှိနေပါတယ်။ သူမကိုယ်ထဲကို သူဝင်စေဖို့ လှည့်စားခဲ့တဲ့နေ့ကို ပြန်တွေးလိုက်မိရင် ဇာမဏီငှက်တစ်ကိုယ်လုံး တုန်တုန်သွားရပါတယ်။
"မလန့်ပါနဲ့ကွာ ငါ့ကို နည်းနည်းလေး ကူပေးစေချင်ယုံပါပဲ"
ရှန်ယန်ရှောင် ပြုံးလိုက်ပြီး လက်စွပ်ထဲကနေ ပုဝါတစ်ထည်ထုတ်ယူလိုက်ပါတယ်။
လင်းကီ သစ်ပင်အောက်မှာပဲ ဝပ်နေပြီး သူ့နားထဲမှာတော့ ဆည်းလည်းသံတွေလို ရယ်သံတွေဝင်ရောက်နေပါတယ်။ သူ့အဖွဲ့သား မိန်းကလေးလေးယောက်က ရေပူစမ်းထဲမှာချိုးနေပြီး တစ်ဦးတည်းသော ယောကျ်ားလေးအဖွဲ့ဝင်ဖြစ်တဲ့ သူကတော့ စောင့်ကြပ်ပေးနေရပါတယ်။ သူ့ခြေထောက်နားမှာ သပ်သပ်ရပ်ရပ်ပုံထားတဲ့ အဝတ်အစားတွေကိုကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်နံ့ကို လင်းကီရနေပါတယ်။
"ဂလု"
လင်းကီ တံတွေးမြိုချလိုက်ပါတယ်။ သူ့စိတ်အဟုန်ဟာ ထိန်းကွပ်မရဘဲ ကိုယ်လုံးတီးအလှပဂေးလေးယောက် ရေပူစမ်းထဲမှာ ဆော့ကစားနေတဲ့ပုံကို စိတ်ကူးယဉ်လိုက်မိပါတယ်။
သူ့နှာခေါင်းအောက်မှာ နွေးထွေးသလိုခံစားလိုက်မိလို့ လင်းကီတွေးမရဘဲဖြစ်သွားကာ လက်နဲ့တို့လိုက်ပါတယ်။
သူ့လက်ချောင်းထိပ်မှာ နီရဲတဲ့သွေးစက်ကို တွေ့လိုက်ရပါတော့တယ်။ (တရုတ် ဂျပန်ကာတွန်းတွေမှာ ယောကျ်ားလေးတွေဟာ မိန်းကလေးတွေကြောင့် အလွန်အမင်းစိတ်လှုပ်ရှားရင် နှာခေါင်းသွေးယိုတာနဲ့ ဖော်ပြကြပါတယ်။)
"...."
မထင်မှတ်စွာ ထိခိုက်ခံရပြီ။
အားးးး
ညစ်ညမ်းတာတွေ မတွေးမိနဲ့တော့။
ဒီအချိန်မှာ လင်းကီ ငိုလိုက်ချင်မိပါတယ်။ သူဟာ ဓားသမားဌာနက သာမန်ကျောင်းသားတစ်ယောက်ပါ။ သူ့မှာ စွမ်းအားမရှိသလို ဂုဏ်ပုဒ်လည်းမရှိပါဘူး။ မနေ့တုန်းက အဖွဲ့ဖွဲ့ရမယ့်အချိန်ရောက်တော့ သူဝင်မယ့်အဖွဲ့ကို သူက စတင်မရှာဖွေခဲ့ပါဘူး။ ရင်ပြင်မှာပဲ အရူးတစ်ယောက်လိုရပ်နေချိန်မှာ မှော်ပညာဌာနက ကျောင်းသူတစ်ယောက်က သူမရဲ့ အဖွဲ့ကို ဝင်ဖို့လာဖိတ်ပါတယ်။
အစပိုင်းတုန်းကတော့ အဲ့ဒီအကြောင်းကို လင်းကီ သိပ်မတွေးမိခဲ့ပါဘူး။ တစ်ခြားဌာနခွဲက ကျောင်းသားတွေနဲ့ သူနဲ့ ရင်းနှီးမှုလည်းမရှိတာကြောင့် အခုလို တစ်ယောက်ယောက်က သူ့ကိုလာဖိတ်ခေါ်တာက သူ့အတွက် အဆင်အပြေဆုံးပါပဲ။
ဒါပေမဲ့လည်း သူ့ရဲ့ အဖွဲ့သားလေးယောက်ကို တွေ့လိုက်ရချိန်မှာပဲ သူ ငိုချင်စိတ်ပေါက်ပြီး ကျစရာမျက်ရည်မရှိဖြစ်ခဲ့ရပါတယ်။
သက်ရှိထင်ရှား အလှပဂေးလေးယောက်တဲ့...ဒီအခြေအနေမျိုးကို တစ်ခြားဘယ်ယောကျ်ားလေးတွေပဲ ကြုံတွေ့ပါစေ အသက်ကိုတောင်ပေးချင်ကြမှာပါ။ သို့သော်လည်း ပြဿနာတစ်ခုရှိနေတာက အလှပဂေးလေးယောက်ထဲမှာ တစ်ယောက်က မှော်ပညာဌာနက အဆ်င့်ငါးရှိသူဖြစ်ပြီး နောက်တစ်ယောက်က လေးပညာဌာနက ထိပ်တန်းကျောင်းသူဖြစ်နေပါတယ်။ လင်းကီလိုမျိုး တစ်နှစ်ပတ်လုံး ဓားသမားဌာနရဲ့ ဘိတ်ချီးတန်းမှာပဲ ကျင်လည်နေရတဲ့သူဟာ ထိုနှစ်ယောက်အတွက် ပြိုင်ဖက်လုံးဝမဖြစ်နိုင်ပါဘူး။ မကောင်းတာတစ်ခုခုတွေးမိရင် နှစ်ခါပြန်စဉ်းစားရပါတယ်။
အချစ်ရေးကိစ္စကိုမေ့ထားပြီး ခိုင်းဖတ်တစ်ဦးသာ ဖြစ်ရပါတော့တယ်။ ထင်းရှာပေးရတယ်၊ မီးမွှေးရတယ် နောက်ပြီး ကင်းစောင့်လည်း လုပ်ပေးရပါသေးတယ်။ ညအခါမှာ အလှပဂေးလေးယောက်ရဲ့ မျက်နှာလေးတွေကို ကြည့်နေရပြီး ဘယ်လောက်အထိအနှိပ်စက်ခံနေရသလဲဆိုတာကို ဘုရားပဲသိပါလိမ့်မယ်။ ပိုဆိုးတာက ဒီကျောင်းသူလေးယောက်က အိပ်ရင်းနဲ့ စကားပြောတာပါပဲ။
သိမ်မွေ့တဲ့ ချစ်စရာကောင်းတဲ့ တီးတိုးသံလေးတွေက သူ့တစ်ကိုယ်လုံးအား ပူလောင်စေခဲ့ပြီး လင်းကီတစ်ယောက် ငိုချင်ပေမယ့် မျက်ရည်မထွက်ဖြစ်ခဲ့ရပါတယ်။
သူ့ကိုယ်လုံးက မပျက်စီးသေးလို့ ကျေးဇူးတင်မိနေသလို အသုံးမကျတဲ့ ဘဝကိုပိုင်ဆိုင်နေရလို့ စိတ်ဓာတ်ကျနေချိန်မှာပဲ ငယ်ရွယ်နုပျိုတဲ့ ကလေးတစ်ယောက်ရဲ့ အော်ဟစ်သံကို သူ ကြားလိုက်ပါတယ်။
"ဒီလမ်းက ငါ့အပိုင်ကွ။ ဒီအပင်က ငါ့အပင်။ ဒီမှာနေချင်ရင် မင်းမှာရှိတာတွေအကုန် ငါ့ကိုပေးလိုက်စမ်း"
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၄၃)
အခုမှ လမ်းစလျှောက်တတ်ပုံပေါ်တဲ့ ကလေးလေးတစ်ယောက် လင်းကီရှေ့မှာ ရပ်နေပါတယ်။ မျက်နှာကိုအုပ်ထားတဲ့ ပုဝါနဲ့ ခါးကိုထောက်ထားတဲ့ လက်တို့ကြောင့် သူ့ပုံစံဟာ ရဲစွမ်းသတ္တိအပြည့်နဲ့ဟန်ပေါက်နေပါတယ်။
ဒါပေမဲ့ မသိမသာ မျက်မှောင်ကုပ်ထားမှုနဲ့ ကြီးမားတဲ့မျက်ဝန်းတွေထဲက မကျေမနပ်ဖြစ်နေဟန်တို့ကြောင့် ကြည့်ရတာတစ်မျိုးထူးဆန်းနေပြန်ပါတယ်။
အမှောင်ထဲမှာ ပုန်းခိုနေတဲ့ သူခိုးတစ်ယောက်ကတော့ သူမ သင်ပေးလိုက်တဲ့ ဓားပြတွေရဲ့ စကားကိုအဆင့်နည်းနည်းမြှင့်ပေးထားတာကို ဒဏ္ဍာရီသတ္တဝါက ပြောလိုက်ချိန်မှာ အသံမထွက်ဘဲ မထိန်းနိုင်မကွပ်နိုင်ရယ်နေပါတယ်။
အဲ့ဒီစကားဟာ နဂိုမူလအရ အလွန်ထိရောက်တဲ့စကားဖြစ်ပေမယ့် နို့နံ့မပြယ်သေးတဲ့ ကလေးတစ်ယောက်လေသံနဲ့ ဒဏ္ဍာရီသတ္တဝါကပြောလိုက်ချိန်မှာတော့ လေသံကခြိမ်းခြောက်သံတစ်စက်မှ မပေါက်တော့ပါဘူး။
လင်းကီ ကြောင်တောင်တောင်ဖြစ်သွားပါတယ်။ ဘယ်ကနေဘယ်လိုလုပ် ဒီကလေးလေးက ထွက်လာတာလဲ။ နောက်ပြီး ဒီကလေးလေးမှာ နီရဲနေတဲ့မျက်လုံးတွေဘာလို့ ရှိနေရတာလဲဆိုတာကို ဘယ်သူက သူ့ကိုပြောမှာလဲ ဒါ့အပြင် ဒီကလေးက ဘာပြောလိုက်တာလဲ။
ဒီကလေး ဘယ်ကလာတာလဲကို လင်းကီမသိပေမယ့် ပြောလိုက်တဲ့စကားကိုတော့ လင်းကီနားလည်ပါတယ်။
ဒါဟာ ဓားပြတိုက်နေတာပဲ။
ဒါပေမဲ့.....
သူ့ခြေထောက်လောက်တောင် အရပ်မရှိသေးတဲ့ ကလေးလေးက သူ့ကို ဓားပြတိုက်တော့မလို့လား။
"ကလေးလေး...လမ်းပျောက်နေတာလား"
လင်းကီအနေနဲ့ ရက်စက်ကြမ်းတမ်းတဲ့ ဓားပြတွေနဲ့ ဒီကလေးလေးကို အတူတူပဲလို့ ဘယ်လိုမှမြင်ကြည့်လို့ မရပါဘူး။ သူဟာ ဒီကလေးငယ်က အနက်ရောင်တောထဲကိုလာပြီး မှော်သားရဲတွေအား အမဲလိုက်တဲ့ ကြေးစားစစ်သားအဖွဲ့ကပဲဖြစ်မယ်လို့ ယူဆလိုက်ပါတယ်။
အနက်ရောင်တောထဲမှာ အဆင့်နိမ့်မှော်သားရဲတွေ အများအပြားရှိပြီး တစ်နှစ်ပတ်လုံးမှာ ကြေးစားစစ်သားအဖွဲ့တွေ လာရောက်အမဲလိုက်ကာ အဆင့်နိမ့်မှော်အမတေတွေ လာရောက်စုဆောင်းကြပါတယ်။
ဒီချာတိတ်ကလေးကို တွေ့ရတာက အကြောင်းအရင်းခိုင်လုံပါသေးတယ်လေ။
"မင်းကသာ ကလေး။ မင်းတစ်မိသားစုလုံးကပဲ ကလေးဖြစ်မှာ"
နှစ်ရာပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့တဲ့ ဇာမဏီငှက်ဟာ သူ့ရှေ့မှာရှိတဲ့ ခပ်တုံးတုံးခပ်အအ လူသားအား ဒေါသထွက်စွာနဲ့ ကြည့်လိုက်ပါတယ်။ သူ့ရင်ထဲမှာတော့ စိတ်ဓာတ်မကောင်းတဲ့ သခင်ဖြစ်သူအား ကျိန်ဆဲနေမိပါတယ်။
ဒီအစီအစဉ်က ဘယ်လိုချီးထုပ်အစီအစဉ်လဲ။ သူမက တစ်ကယ့်ကိုပဲ သူ့လို နန်းဆန်တဲ့ ဒဏ္ဍာရီသတ္တဝါကို ဓားပြတိုက်ကျင်လည်နေသူအဖြစ် ဟန်ဆောင်ခိုင်းတယ်တဲ့လေ။
လင်းကီဟာ ကလေးသံလေးနဲ့ ကျိန်ဆဲခံလိုက်ရလို့ ကြောင်အအဖြစ်သွားရပါတယ်။ သူ့ခေါင်းကိုသူပွတ်လိုက်မိပြီး ဘယ်လိုဖြေရှင်းရမလဲမသိ ဖြစ်နေရပါတယ်။
"ကောင်းပြီလေ..မင်းက ကလေးလေးမဟုတ်ပါဘူး ဟုတ်ပြီလား။ ဒါပေမဲ့ ဒီနေရာကို မင်းလို သူငယ်လေးရောက်နေတာ အန္တရာယ်မကင်းဘူးကွ..."
"ဘယ်သူက သူငယ်လေးလဲ။ ငါက ဓားပြကွ။ ငါပြောလိုက်တာကို မင်း မကြားဘူးလား"
ဇာမဏီငှက်အနေနဲ့ ဒီလိုစော်ကားခံရတာမျိုးကို မကြုံဖူးလို့ သူ့ရဲ့ ကြီးမားတဲ့ နီနီရဲရဲမျက်လုံးတွေထဲက မျက်ရည်တွေမကျလာအောင် တားဆီးထိန်းချုပ်နေရပါတယ်။ သူ့သခင်အတွက် ဒီအကူအညီပေးမိတာကို လုံးဝနောင်တရနေပါပြီ။ ဘာမှမသိတဲ့ ငထုံကောင်တွေသာ ဒီလိုမျိုး ဘာအရသာမှမရှိတာမျိုးကို လုပ်ပေးကြမှာပါ။
ဘာက ပိုဆိုးသေးလဲဆိုတော့...ဒီသောက်လူသားက သူနဲ့ပူးပေါင်းလုပ်ဆောင်မပေးတဲ့အပြင် သူဓားပြတိုက်နေတာကိုတောင် အရေးမပြုဟန်လုပ်နေခြင်းပါ။
"ဟေး မိတ်ဆွေလေးကလည်း...."
လင်းကီက ထပ်မံပြောဆိုဖို့လုပ်လိုက်ချိန်မှာပဲ ဇာမဏီငှက်က စကားဆုံးအောင်ပြောခွင့်မပေးတော့ဘဲ ဖြတ်ကနဲပဲ သူ့ရှေ့ကိုရောက်လာပါတယ်။ သူ့ရဲ့ ပန်းနုရောင်လက်လေးကို လက်သီးအဖြစ်ဆုပ်လိုက်ပြီး လင်းကီ ဘာမှတုံ့ပြန်ချိန်မရခင်မှာပဲ သူ့အပေါ်ကို လက်သီးကကျရောက်လာပါတယ်။
"အိုး"
လူတစ်ယောက်ရဲ့ မြည်ကြွေးသံကို ကြားလိုက်ရပါတယ်။
လင်းကီဟာ ကြိုးပြတ်သွားတဲ့စွန်လိုမျိုး လေထဲကနေတောထဲကို လွင့်မြောသွားပြီး အချိန်တော်တော်ကြာမှသာ မြေပေါ်ကိုတစ်စုံတစ်ခုကျရောက်သံအား အဝေးကနေပင် ကြားလိုက်ရပါတယ်။
ရှန်ယန်ရှောင်ရဲ့ နှုတ်ခမ်းဟာ တွန့်သွားရပါတယ်။ သူ့ပုံစံဟာ ချောင်ထဲကနေထလာတဲ့ ရိုးရိုးနဲ့ ရက်စက်တဲ့ သားရဲတစ်ကောင်လိုမျိုးပဲ။
"ငါပြောသားပဲ ဒီလိုမျိုးက ပြဿနာရှုပ်ပါတယ်လို့။ အစထဲက လက်သီးတစ်လုံးဘာလို့ မကျွေးလိုက်ရမှာလဲ"
ဇာမဏီငှက်က မျက်နှာကိုအုပ်ထားတဲ့ ပုဝါကို ဆွဲဖြဲလိုက်ပြီး ပြောကြားလိုက်ပါတယ်။
ရှန်ယန်ရှောင် စကားတစ်လုံးမှမဆိုဘဲ သားရဲကိုပဲ ကောက်ယူချီမလိုက်ပါတယ်။ သူမဟာ လေတိုးသံနဲ့အတူ လေထဲမှာ လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး လင်းကီကျရောက်သွားတဲ့နေရာသို့ ဦးတည်လိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၄၄)
နာကန်ဟာ အာရုံခံကိရိယာကိုကိုင်ထားပြီး အနက်ရောင်တောအုပ်ရဲ့ အတွင်းပိုင်းသို့သွားနေပါတယ်။ သူ့ကိရိယာကနေလောလောလတ်လတ် သိခဲ့ရတာကတော့ သူတာဝန်ကျတဲ့အဖွဲ့ရဲ့ တံဆိပ်ငါးခုလုံးပျောက်သွားတယ်ဆိုတဲ့ အကြောင်းပါပဲ။ သူအသုံးပြုထားတဲ့မှော်အတတ်နဲ့ အဆိုပါကျောင်းသားငါးယောက်ရှိရာဆီသွားပြီး တောအုပ်ထဲကနေခေါ်ထုတ်သွားရမှာပါ။
သိပ်မကြာခင်မှာပဲ လင်းကီကို ပုံမလှပန်းမလှနဲ့ သစ်ပင်တစ်ပင်အောက်မှာတွေ့လိုက်ရပါတယ်။
လင်းကီရဲ့ မျက်နှာဟာ ဝက်တစ်ကောင်လို ပြဲထွက်နေကာ တစ်ကိုယ်လုံးလည်း ပေကျံနေပါတယ်။ အခြေအနေမကောင်းတဲ့ တိုက်ပွဲတစ်ပွဲကို ကြုံတွေ့ထားရပုံပဲ။
နာကန်အမှတ်ရလိုက်တာတော့ လင်းကီတို့အဖွဲ့ဟာ လင်းကီနဲ့ မိန်းကလေးလေးယောက်တို့ ပါဝင်ဖွဲ့စည်းထားတာကိုပါ။ အခုလို ကြည့်မကောင်းလောက်အောင် ဖြစ်နေပုံထောက်ရင် တစ်ခြားအဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်မှုကို ခံစားခဲ့ရပုံပဲ။ သူမသိတာကတော့ ကျန်တဲ့မိန်းကလေးလေးယောက် ဘာလုပ်နေသလဲဆိုတာကိုပါ။
"နည်းပြ နာကန်"
မျက်နှာတစ်ခုလုံးရောင်ကိုင်းနေတဲ့ လင်းကီက စကားကိုခဲယဉ်းစွာ ပြောလိုက်ရပါတယ်။
"ကျန်တဲ့လူတွေကရော"
နာကန်က လင်းကီကိုကြည့်လိုက်ပြီး ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ မြေပေါ်ပုံထားတဲ့ မိန်းကလေးလေးယောက်ရဲ့ အဝတ်တွေသာတွေ့ရပြီး သူတို့ကို မမြင်ရလို့ မေးလိုက်ပါတယ်။
"သူတို့တွေ ရေချိုးနေကြတာပါ"
လင်းကီက ရိုးရိုးသားသားပြန်ဖြေလိုက်ပြီး ရေပူစမ်းရှိရာသို့ လက်နဲ့ညွှန်ပြလိုက်ပါတယ်။
နာကန်ကလည်း လက်နဲ့ညွှန်ပြရာဆီ လှမ်းကြည့်လိုက်မိပါတယ်။ ဖြူဖွေးသွယ်လျတဲ့ ကိုယ်လုံးတွေကို တွေ့လိုက်တော့မှ သူ့အပြုအမူရိုင်းသွားတာကို သတိရလိုက်ကာ ချက်ချင်းပဲ မျက်နှာလွှဲလိုက်ပါတော့တယ်။ ရှက်သွားတာကြောင့် ချောင်းဆိုးလုက်ပါတယ်။
"သူတို့ကို ဒီကိုလာဖို့ မင်းပြောလိုက်။ မင်းတို့တွေ စစ်ဆေးပွဲကနေ ကျဆုံးသွားပြီ။ ငါ မင်းတို့အတွက် ဖြေဆေးပေးမယ် ပြီးရင် ငါနဲ့အတူ အနက်ရောင်တောထဲကနေ ပြန်ကြရမယ်"
လင်းကီ ငိုချင်သွားရပါတယ်။ နာကန်ကိုကြည့်လိုက်ပြီး သူ ပြန်ပြောလိုက်ပါတယ်။
"နည်းပြ ကျွန်တော် မသွားရဲဘူး...."
နာကန်လည်း သဘောပေါက်သွားပါတယ်။ ဟုတ်သားပဲ လင်းကီကလည်း ယောကျ်ားလေးပဲ။ သူသာ ရေပူစမ်းရှိရာဆီပြေးသွားလိုက်ပြီး ပြောလိုက်ရင် ရွှေရောင်ပန်းလေးပွင့်က လင်းကီကို ချက်ချင်းရိုက်လွှတ်လိုက်မှာပဲ။
"ကောင်းပြီလေ ငါမင်းကို ဖြေဆေးပေးမယ်။ အဝေးကနေပြီး သူတို့ကို လှမ်းအော်ပြောလိုက် ပြီးရင် ဖြေဆေးတွေကို ရေပူစမ်းနားမှာ ထားခဲ့လိုက်ပေါ့။ သူတို့ဖာသာ သောက်ပါစေ"
"ကျွန်တော်နားလည်ပါပြီ နည်းပြ"
လင်းကီ ရိုသေစွာ ခေါင်းညိတ်လိုက်ပါတယ်။
နာကန်က ချက်ချင်းဆိုသလိုပဲ ဖြေဆေးလေးပုလင်းကို ထုတ်လိုက်ပြီး လင်းကီကို ပေးလိုက်ပါတယ်။ လင်းကီဆေးသောက်တာကို ကြည့်နေလိုက်ပြီးမှ မမြင်သင့်တာတွေ မမြင်ရအောင်လို့ တစ်ဖက်သို့ လှည့်နေလိုက်ပါတော့တယ်။
ဖြေဆေးပုလင်း သုံးပုလင်းကိုကိုင်ကာ ရေပူစမ်းဆီသို့ လင်းကီ ပြေးသွားလိုက်ပါတယ်။ လမ်းခုလတ်ရောက်တော့ လမ်းကြောင်းပြောင်းကာ အပင်တွေကြားကို သွားလိုက်ပါတယ်။
အပင်တွေကြားမှာ ရှန်ယန်ရှောင်က သစ်ပင်ကိုကွယ်ပြီး ဝပ်နေပါတယ်။ သူမက ပြုံးရွှင်စွာနဲ့ပဲ ဝက်နဲ့တူနေတဲ့ လင်းကီမျက်နှာကို ကြည့်လိုက်ပါတယ်။ လင်းကီလည်း သူ့လက်ထဲက ဖြေဆေးသုံးပုလင်းကို ရှန်ယန်ရှောင်အား ပေးလိုက်ပါတယ်။
ဖြေဆေးပုလင်းတွေ ပေးပြီးတာနဲ့ လင်းကီရဲ့ မျက်လုံးတွေဟာ ေ၀ဝါးသွားပြီး ထိုနေရာမှာပဲ ရပ်နေပါတော့တယ်။ ရှန်ယန်ရှောင် ထွက်သွားပြီးမှသာ သစ်ပင်အောက်ကနေ သူလည်း ထွက်ခွာလိုက်ပါတယ်။
နာကန်က လင်းကီပုံစံဟာ ထူးဆန်းနေတယ်လို့ ခံစားလိုက်ရပါတယ်။ လင်းကီရဲ့ မျက်လုံးတွေက တစ်မျိုးဖြစ်နေပါတယ်။ သူ့စိတ်ထဲမှာ တစ်မျိုးထူးဆန်းတဲ့ ခံစားချက်တစ်ခုဖြစ်ပေါ်နေပါတယ်။
ခဏအကြာမှာတော့ လင်းကီဟာ သူ့စိတ်သူပြန်ရသွားတဲ့ပုံနဲ့ တစ်ကိုယ်လုံးတုန်သွားပါတယ်။ သူ့ဘေးမှာ နာကန်ရပ်နေတာကို တွေ့လိုက်ရပြီး သူလန့်သွားပါတယ်။ သူ တစ်ခုခုပြောမယ်အလုပ်မှာပဲ သူ့မျက်နှာမှာ နာကျက်မှုကိုခံစားလိုက်ရပြီး ဖူးရောင်နေတဲ့ပါးစပ်ကိုဟကာ မျက်ရည်များကျဆင်းလျှက် စပြောပါတော့တယ်။
"နာ နာကန် နည်း နည်းပြ။ နည်းပြ... နည်းပြဘာလာလုပ်တာလဲ"
လင်းကီက မူးဝေနေတဲ့ သူ့ခေါင်းကိုလက်နဲ့အုပ်လိုက်ရင်း နာကန်ကို အလန့်တကြားနဲ့ ကြည့်နေပါတယ်။
"မင်း ဘာပြောလိုက်တာ"
နာကန်လည်း လင်းကီအား အလျင်စလိုပြန်မေးလိုက်ပါတယ်။ လင်းကီပုံစံက သူရှိနေတာကို အခုမှသိတဲ့ပုံစံနဲ့ ဖြစ်နေပါတယ်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။