← Chapters

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

အခန်း (၁၄၅-၁၄၇)

Vol. 10 Ch. 145-147

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၅)

ရုတ်တရက်ဆိုသလိုပဲ နာကန်စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်ကို ခံစားလိုက်မိပါတယ်။ ချက်ချင်းပဲ လင်းကီရှေ့ကိုသွားလိုက်ပါတယ်။ သူ့လက်ကိုဆန့်ထုတ်လိုက်ကာ လင်းကီရဲ့ မေးကိုကိုင်ကာ ခေါင်းကိုမော့စေလိုက်ပါတယ်။ ထို့နောက်မှာတော့ လင်းကီရဲ့မျက်လုံးထဲကို စိုက်ကြည့်လိုက်ပါတယ်။

ကြောက်လန့်နေတာကလွဲရင် စိုးရိမ်နေတဲ့အရိပ်အယောင်တွေပဲ တွေ့မြင်ရပါတယ်။ နာကန်လည်း သူ့မှော်အားကို လင်းကီကိုယ်ထဲသို့ ပို့လွှတ်လိုက်ပါတယ်။

မှော်အားတွေဟာ လင်းကီတစ်ကိုယ်လုံးကို လှည့်ပတ်ပျံ့နှံ့သွားပါတော့တယ်။ မှော်အားတွေက သူ့ရဲ့ အကြောတွေထဲကို စီးဆင်းသွားပေမယ့် တစ်ခြားမှော်အားတစ်ခုကို ထိတွေ့မိပါတယ်။

အဆိုပါမှော်အားက အလွန်အားနည်းပြီး အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေပုံပါပဲ။ သို့သော်လည်း အဲ့ဒီအပိုင်းပိုင်းဖြစ်နေတဲ့ မှော်အားတွေဟာ လင်းကီတစ်ကိုယ်လုံးက သွေးကြောတွေအနှံ့မှာ တည်ရှိနေပါတယ်။

"နည်းပြ နာကန်"

လင်းကီက စိုးရိမ်ပူပန်စွာနဲ့ ဆန့်ဆန့်ကြီးမတ်တပ်ရပ်နေကာ ကျောက်ရုပ်တစ်ရုပ်လိုမျိုး တောင့်တောင့်ကြီးလုပ်နေပါတယ်။ နာကန်မျက်နှာဟာ တဖြည်းဖြည်းချင်း ပိုမိုလေးနက်လာတာကို သူ ထင်ရှားစွာတွေ့မြင်နေရပါတယ်။

"မင်း ဟိုသုံးယောက်ကို ဖြေဆေးသွားပေးလိုက် ပြီးတာနဲ့ချက်ချင်းပဲ တောထဲကနေငါနဲ့ထွက်ကြမယ်"

နာကန်က ခိုင်မာစွာပြောလိုက်ပါတယ်။ လင်းကီရဲ့ ကိုယ်ထဲမှာကျန်ရှိနေတဲ့ မှော်အားအကြွင်းအကျန်တွေဟာ မှော်ဆရာတွေရဲ့ မှော်အားနဲ့ မတူခြားနားနေပါတယ်။ ထိုမှော်အားတွေမှာ တိုက်စားမှုတွေပါဝင်နေကာ ဒီအချက်က ဆင့်ခေါ်သူတွေရဲ့ ကျိန်စာဆိုတာ သေချာပါတယ်။

ဆင့်ခေါ်သူပညာရပ်ဟာ ကွမ်းမင်တိုက်ပေါ်ကနေ ကြီးမားစွာကျဆင်းခဲ့ပြီး လောင်းရွှမ်တစ်ပြည်လုံးမှာ ဆင့်ခေါ်သူအနည်းငယ်ကိုတောင် ရှာမတွေ့နိုင်တော့ပါဘူး။ ဒါပေမဲ့ လင်းကီကို တစ်ယောက်ယောက်က ကျိန်စာတိုက်ခဲ့တာ ကျိန်းသေပါတယ်။

လင်းကီရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူက ကျိန်စာရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်ပါတယ်။

ဒီအချက်က အနက်ရောင်တောအုပ်ထဲမှာ ဆင့်ခေါ်သူတွေရှိနေတယ်လို့ ပြောနေတာပဲ မဟုတ်ဘူးလား။

ပင်မကုန်းမြေပေါ်က အဖွဲ့အသီးသီးရဲ့ ဖိနှိပ်တိုက်ခိုက်မှုကြောင့် ဆင့်ခေါ်သူတွေအားလုံး သေလုနီးပါးဖြစ်ခဲ့ရပြီး အကြွင်းအကျန် ဆင့်ခေါ်သူတွေဟာလည်း ကွမ်းမင်တိုက်ပေါ်က အဆိုပါအဖွဲ့တွေအား ပြန်လည်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်လာပါတယ်။

အနက်ရောင်တောအုပ်ထဲမှာသာ ဆင့်ခေါ်သူတွေတယ်ကယ်ပဲ ပုန်းခိုနေတာဆိုရင် စာမေးပွဲဝင်ဖြေဆိုနေတဲ့ ကျောင်းသားတွေအတွက် အန္တရာယ်ကြီးတစ်ခုပါပဲ။

ဆင့်ခေါ်သူတွေက လောင်းရွှမ်တိုင်းပြည်ကို တိုက်ခိုက်တဲ့အနေနဲ့ ဒီကျောင်းသားတွေကို ထိခိုက်တော့မှာလား...

လင်းကီကတော့ အခြေအနေကို နားမလည်နိုင်သေးပါဘူး။ နာကန်ရဲ့ ညွှန်ကြားချက်အရ သူဟာ ဖြေဆေးသုံးပုလင်းနဲ့အတူ မိန်းကလေးလေးယောက်ရဲ့ အဝတ်တွေကို ရေပူစမ်းအစပ်သို့ ပို့ပေးရမှာပါ။

သူတို့ကို နာကန်ကနေ တောထဲကခေါ်ထုတ်လာပြီးတဲ့အထိ ဘာဖြစ်မှန်းမသိသေးတာကြောင့် ခေါင်းတွေကုတ်နေကြတုန်းပါပဲ။

အနက်ရောင်တောထဲကနေ အပြင်ကိုရောက်တာနဲ့ နာကန်ဟာ လင်းကီအား တောရဲ့အပြင်ဖက်မှာ စခန်းချနေတဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ စခန်းသို့ခေါ်သွားပါတယ်။

စခန်းချရာနေရာမှာ စာမေးပွဲကျရှုံးခဲ့လို့ သက်ဆိုင်ရာနည်းပြတွေကနေ ပြန်လည်ခေါ်ဆောင်တာကိုခံခဲ့ရတဲ့ ကျောင်းသားတွေဟာ စိတ်ပျက်လက်ပျက်နဲ့ တဲအပြင်မှာထိုင်နေကြပါတယ်။

နာကန်က တော်ဝင်ရိုလန်ကျောင်းရဲ့ နည်းပြတွေနေထိုင်ရာဖြစ်တဲ့ စခန်းရဲ့ အကြီးဆုံးတဲဆီကို လင်းကီအားခေါ်သွားပါတယ်။

တဲထဲကို နာကန်ဝင်လိုက်တာနဲ့ တစ်ခုခုဖြစ်နေတဲ့ပုံနဲ့ စားပွဲရှည်ကြီးအား ဝိုင်းထိုင်နေကြတဲ့ နည်းပြတွေကို တွေ့လိုက်ရပါတယ်။

"နာကန် မင်းပြန်လာပြီပဲ"

သက်ကြီးနည်းပြတစ်ယောက်က နာကန်ကိုတွေ့လိုက်လို့ နှုတ်ဆက်စကားဆိုလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့အကြည့်က လင်းကီဆီရောက်သွားပါတယ်။

"ဒီကျောင်းသားက ဒဏ်ရာရခဲ့လို့လား။ အဲ့လိုဆိုရင် ကုသရေးခန်းကို ခေါ်သွားလိုက်လေ"

နာကန် စိတ်လှုပ်ရှားနေပုံနဲ့ ပြန်ဖြေလိုက်ပါတယ်။

"မဟုတ်ဘူး..သူ ဒဏ်ရာရထားလို့ ခေါ်လာတာမဟုတ်ဘူး။ သူ့ကိုယ်ထဲမှာ ထူးဆန်းတာကို တွေ့ခဲ့ရလို့ ဒီနေရာကိုခေါ်လာခဲ့တာ"

"ဘာ ထူးဆန်းတာလဲ"

နာကန်ရဲ့ စကားက တဲထဲမှာရှိနေတဲ့ နည်းပြတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလိုက်ပါတယ်။

"သူတို့ကို သွားခေါ်တုန်းက ဒီကျောင်းသားရဲ့ အပြုအမူတွေက ပုံမှန်မဟုတ်တာကို တွေ့ခဲ့ရတယ်။ ငါ့မှော်အားကို သူ့ကိုယ်ထဲလှည့်ပတ်ကြည့်လိုက်တော့ သူ့သွေးကြောတွေထဲမှာ တိုက်စားမှော်အပိုင်းအစတွေကို တွေ့ခဲ့ရတယ်"

"ဘာ"

ပြန်ရောက်နေပြီဖြစ်တဲ့ ကန်းဆီက စိတ်လှုပ်ရှားစွာနဲ့ ထိုင်ခုံကနေထရပ်လိုက်ပါတယ်။

"နာကန် မင်းမှားပြီးခံစားမိတာ မဟုတ်တာ သေချာသလား"

သက်ကြီးနည်းပြက သတိကြီးစွာနဲ့ မေးမြန်းလိုက်ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၆)

"သေချာပါတယ်"

နာကန် ခိုင်မာစွာခေါင်းညိတ်ပြလိုက်ပါတယ်။

သက်ကြီးနည်းပြဟာ မျက်မှောင်ကုတ်သွားပြီး လင်းကီဆီသို့သွားလိုက်ကာ ပြောလိုက်ပါတယ်။

"ကျောင်းသားလေး မင်းပြန်လိုက်တော့"

လင်းကီလည်း စိုးရိမ်စွာနဲ့ပဲ ခေါင်းညိတ်လိုက်ပြီး နေမထိထိုင်မသာနဲ့ပဲ တဲထဲကနေထွက်သွားပါတယ်။

နည်းပြနာကန်ကနေ သူ့အမူအယာတွေ ပုံမှန်မဟုတ်ဘူးလို့ ဘာလို့ပြောမှန်းမသိသော်လည်း သူ ပိုစိုးရိမ်နေတာက နည်းပြနာကန်ပြောလိုက်တဲ့ သူ့သွေးကြောတွေထဲမှာ တိုက်စားမှော်အားတွေ ရှိနေတယ်ဆိုတာကိုပါ။

သူ ထူးဆန်းတဲ့ရောဂါတော့ မဖြစ်လောက်ပါဘူးနော်။

လင်းကီစိတ်ပိုင်းဖြတ်လိုက်တာက ကုသရေးဌာနကို သွားဖို့ပါပဲ သူသေတော့မှာတော့ မဟုတ်ပါစေနဲ့။ သူ ဘယ်ကျောင်းသူနဲ့မှ ဘာမှ မဘာရသေးလို့ မသေနိုင်သေးပါဘူး။

လင်းကီထွက်သွားတာနဲ့ သက်ကြီးနည်းပြက နာကန်ကိုပြောလိုက်ပါတယ်။

"မင်းအခုပြောလိုက်တဲ့ အခြေအနေက အထူးတလည်အမှုမဟုတ်ပါဘူး။ ကန်းဆီကလည်း အခုလေးတင်ပြောနေတာက သူတာဝန်ယူရတဲ့ အဖွဲ့ထဲက နာမည်ကြီးကျောင်းသားတစ်ယောက်လည်း တိုက်စားမှော်တွေ သွေးကြောထဲမှာရှိနေတဲ့ အကြောင်းပဲ။

"ဘယ်လို"

နာကန် တန့်ကနဲဖြစ်သွားပါတယ်။ သူခန့်မှန်းသလိုများ ဆင့်ခေါ်သူတွေက ကျောင်းသားတွေကို ပစ်မှတ်ထားတိုက်ခိုက်တော့မှာဆိုတာ မှန်နေပြီလား။

"ကန်းဆီ ငါ့ကိုပြောပြဦး"

ကန်းဆီလည်း စိုးရိမ်နေတဲ့ နာကန်ကို ပြန်ပြောလိုက်ပါတယ်။

"ငါ တာဝန်ကျတဲ့အဖွဲ့က အကောင်းဆုံးနှစ်ဖွဲ့ထဲက တစ်ဖွဲ့ဖြစ်ပြီးတော့ မနေ့ညတုန်းက သူတို့အားလုံးရဲ့ တံဆိပ်တွေပျောက်သွားတယ်။ ငါ့စိတ်ထဲမှာ ထူးခြားတယ်လို့ ခံစားခဲ့ရတယ်။ ဒီအဖွဲ့မှာ ဓားသမားချောင်းရှူက မာနကြီးပြီး လက်လွတ်စံပါယ်လုပ်တတ်ပေမယ့် အဖွဲ့ဝင်တွေဖြစ်တဲ့ လေးသမား မန်ယိဂျွန်နဲ့ သမားတော် ရှန်ဂေါင်းရှောင်တို့က သတိထားဂရုစိုက်ပြီး လုပ်တတ်သူတွေပဲ။ ဒါပေမဲ့ သူတို့အဖွဲ့က ပထမဆုံး ထွက်ရတဲ့အဖွဲ့ဖြစ်သွားတယ်လေ"

နာကန် ပါးစပ်ဟလိုက်ပါတယ်။ သူ ဒီကိစ္စကို တစ်ကယ်မသိသေးပါဘူး။ ပွဲစတာနဲ့ အဖွဲ့တွေကို နည်းပြတွေက အရည်အချင်းသတ်မှတ်ခွဲခြားထားပြီးပါပြီ။ အကောင်းဆုံးလို့သတ်မှတ်ထားတာ နှစ်ဖွဲ့ရှိပါတယ်။ တစ်ဖွဲ့က ကြူရှီယာရဲ့ အဖွဲ့ဖြစ်ကာ နောက်တစ်ဖွဲ့ကတော့ ချောင်းရှူတို့အဖွဲ့ပဲ ဖြစ်ပါတယ်။

ယှဉ်ကြည့်မယ်ဆိုရင် နှစ်ဖွဲ့လုံးက သူမသာကိုယ်မသာလို့ ပြောလို့ရပါတယ်။ နာကန်ကိုယ်တိုင်က မှော်ဌာနကဖြစ်လို့ ကြူရှီယာဘယ်လောက်တော်လဲဆိုတာကို သူသိပါတယ်။ သူ့အရင်အချင်းနဲ့ဆို ဌာနခွဲအားလုံးက ဒုတိယသမားတွေကို လျစ်လျူရှုလို့ ရပါတယ်။

ဒါတောင်မှ ကြူရှီယာက ဘာမှမဟုတ်တဲ့နှစ်ယောက်ကို အဖွဲ့ထဲဆွဲထည့်ခဲ့ပါတယ်။ ဒီဆေးကျောင်းသားသစ်နှစ်ယောက်က ဘာမှအထောက်အကူရမှာမဟုတ်ပါဘူး။

တစ်ခြားအဖွဲ့ကတော့ ရှန်ဂေါင်းရှောင်ရှိနေလို့ ရာခိုင်နှုန်းပိုများပါတယ်။ ဘာလို့လဲဆိုရင် ရှန်ဂေါင်းရှောင်က ဆေးဌာနမှာ အတော်ဆုံးကျောင်းသားဆိုတဲ့ ဘွဲ့ရရှိထားသူဖြစ်နေပါတယ်။ ဆေးပညာဌာနက နည်းပြတွေကတောင် ရှန်ဂေါင်းရှောင်က ပထမဆံး ဖြေဆေးဖော်စပ်နိုင်မယ့်သူလို့ ပြောနေကြတာပါ။

ဒါကြောင့် နှိုင်းယှဉ်မယ်ဆို ချောင်းရှူအဖွဲ့က နှာတစ်ဖျားသာပါတယ်။

ဒါပေမဲ့ အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့အဖွဲ့က အရင်ဆုံးထွက်ရတဲ့ အဖွဲ့ဖြစ်နေပါတယ်။ ဒါက ဘယ်လိုမှတွေးမရတဲ့ကိစ္စပဲ။

"ဘာလို့ သူတို့တွေ မြန်မြန်ကြီး ထွက်ရတာလဲလို့ သိချင်နေပေမယ့် တောထဲကနေခေါ်ထုတ်ဖို့အတွက် စည်းကမ်းအတိုင်း ငါသွားခေါ်ခဲ့တယ်။ ငါပြန်လာတော့ တစ်ခုခုလွဲနေတယ်လို့ ခံစားမိလိုက်တယ်"

ကန်းဆီက ချောင်းရှူနဲ့ တစ်ခြားသူတွေကို ပြန်ခေါ်ထုတ်ခဲ့တုန်းက ချောင်းရှူကို ကျန်လူအားလုံးက အပြစ်တင်ပြောဆိုကာ ချောင်းရှူကြောင့် သူတို့တံဆိပ်တွေပျောက်တာလို့ ကြိမ်းမောင်းနေကြတာကို ပြန်တွေးမိလိုက်ပါတယ်။

ဒါပေမဲ့လည်း ချောင်းရှူကတော့ ကျန်လူတွေရဲ့ စွပ်စွဲပြောဆိုမှုတွေကို အဆက်မပြတ်ငြင်းဆိုနေခဲ့ပါတယ်။

 ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၄၇)

ချောင်းရှူလိမ်ပြောနေတာ မဟုတ်တာကို သူ့ပုံစံကိုကြည့်တာနဲ့ သိပါတယ်။

"ငါလည်း မန်ယိဂျွန်နဲ့ တစ်ခြားသူတွေကို သူတို့တံဆိပ်တွေ ဘယ်လိုလုပ်ပျောက်တာလဲလို့ မေးကြည့်ခဲ့တယ်။ ချောင်းရှူကလွဲရင် ကျန်လူအားလုံးရဲ့ ပြောဆိုချက်တွေ တူနေတာကတော့ ညသန်းခေါင်မှာ ချောင်းရှူက သူတို့အားလုံးကိုခေါ်ပြီး သူတို့တံဆိပ်တွေကို သူ့ဆီမှာအပ်ထားဖို့ ပြောခဲ့တယ်တဲ့။ နောက်ဆုံးတော့ ချောင်းရှူတံဆိပ်အပါအဝင် သူတို့အားလုံးရဲ့ တံဆိပ်တွေ မနက်ရောက်ချိန်မှာ ပျောက်သွားတာပဲ။ ချောင်းရှူကတော့ သူတို့ရဲ့ တံဆိပ်တွေကို သူမယူဘူးဆိုတဲ့အကြောင်းနဲ့ တစ်ညလုံး သူအိပ်ပျော်နေတဲ့အကြောင်းကိုပဲ ထပ်ကာထပ်ကာပြောခဲ့တာပဲ"

"မင်းပြောချင်တာက ချောင်းရှူကို တစ်ယောက်ယောက်က ထိန်းချုပ်ပြီးတော့ တံဆိပ်တွေကိုယူသွားတာလို့လား"

နာကန်လည်း တစ်ခုခုကို သတိရသွားတာနဲ့ ချက်ချင်းတန်းမေးလိုက်ပါတယ်။

"အဲ့ဒါပဲ ငါလည်း လင်းကီနဲ့အဖွဲ့ကိုသွားခေါ်တုန်းက သူတို့တံဆိပ်တွေပျောက်နေတာကိုတောင် မသိကြဘူး။ ငါပြောမှပဲ တံဆိပ်တွေမရှိတော့တာကို သိသွားကြတာ။ အဲ့ဒီမတိုင်ခင်မှာ သူတို့တံဆိပ်အားလုံးလည်း လူတစ်ယောက်တည်းဆီမှာပဲ ရှိနော"

ကန်းဆီရဲ့ အဖွဲ့နဲ့ သူ့အဖွဲ့တို့ရဲ့ ပြဿနာမှာ တူညီနေတာရှိပါတယ်။ တံဆိပ်တွေသိမ်းထားတဲ့ နှစ်ယောက်လုံးမှာ တိုက်စားမှော်အားတွေ ရှိနေကြပါတယ်။

"ဒါကို တစ်ယောက်တည်းက လုပ်တယ်ဆိုတာ ထင်ရှားနေတာပဲ"

သက်ကြီးနည်းပြက စိုးရိမ်စွာနဲ့ ဝင်ပြောလိုက်ပါတယ်။ သူတို့ပြောတာတွေအားလုံးသာ အမှန်ဆိုရင် ဆင့်ခေါ်သူပညာရှင်တစ်ယောက်ကပဲ လုပ်နေတာဆိုတာ သေချာပါတယ်။

"ဒီကိစ္စကို ကျောင်းအုပ်ဆီ သတင်းပို့သင့်လား။ ဒါမှမဟုတ် စာမေးပွဲကိုပဲ ရပ်လိုက်ကြရမလား"

တစ်ခြားနည်းပြတွေလည်း စိုးရိမ်ပူပန်နေကြပါတယ်။ အဖွဲ့အများစုက တောထဲမှာပဲ ရှိသေးတာပါ။ အခုမှာတော့ ဆင့်ခေါ်သူကျိန်စာမိခံထားရတဲ့ အဖွဲ့နှစ်ဖွဲ့ရှိနေပြီဖြစ်လို့ သူတို့အနေနဲ့ အဖွဲ့တွေကို ဆက်လက်စစ်ဆေးဖို့ မစွန့်ရဲပါဘူး။

ဆင့်ခေါ်သူဟာ အခုလိုမျိုး ဉာဏ်များတဲ့ ကောက်ကျစ်တဲ့ ပညာရပ်တစ်ခုဖြစ်ကာ ကျောင်းသားတွေကို အန္တရာယ်မပြုဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

သက်ကြီးနည်းပြက သေသေချာချာစဉ်းစားလိုက်ပြီး ပြောလိုက်ပါတယ်။

"ဒီကိစ္စကို ကျောင်းအုပ်ဆီတော့ သတင်းပို့ရမှာပဲ ဒါပေမဲ့ စာမေးပွဲကို အခုလောလောဆယ် ရပ်လိုက်စရာမလိုဘူး"

"ဘာကြောင့်လဲ"

"အဲ့ဒီဆင့်ခေါ်သူက အဖွဲ့နှစ်ဖွဲ့ကို တိုက်ခဲ့တာလေ...."

နည်းပြတွေဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားပါတယ်။ မှော်ဆရာနဲ့ ဆင့်ခေါ်သူတို့ဟာ မှော်အတတ်ကိုလေ့ကျင့်တာခြင်းတူသော်လည်း ဆင့်ခေါ်သူတွေက အမှောင်ဖက်ခြမ်းပိုရောက်ပါတယ်။

"မပူကြပါနဲ့ဦး။ ဆင့်ခေါ်သူက ကျောင်းသားနှစ်ယောက်အပေါ် ကျိန်စာတိုက်ခဲ့တာမှန်ပေမယ့် နှစ်ယောက်လုံး စိုးရိမ်စရာမရှိပါဘူး။ ဒါက သူတို့နှစ်ယောက်လုံး ဆင့်ခေါ်သူရဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုကို မခံခဲ့ရတာကို ပြနေတာပဲ။ သူတို့ကို ထိန်းချုပ်တာဘယ်သူပဲဖြစ်ဖြစ် အဲ့လူက သူတို့အတွေးကို ထိန်းချုပ်ရုံသက်သက်ပဲလုပ်ခဲ့တာပဲ။ မဟုတ်လို့ကတော့ နှစ်ဖွဲ့လုံး တောထဲကနေပြန်ထွက်လာနိုင်တော့မှာမဟုတ်ဘူး"

သက်ကြီးနည်းပြဟာ အတွေ့အကြုံအများကြီး ရှိခဲ့တာသေချာပါတယ်။ တစ်ခြားလူတွေလိုမျိုး ဆင့်ခေါ်သူကို သူ့အနေနဲ့ သိပ်ကြောက်ပုံမရပါဘူး။

"ဒါဆို သူက ဘာလုပ်ချင်နေတာလဲ။ ချောင်းရှူကိုမေးကြည့်တော့လည်း တံဆိပ်ကလွဲရင် တစ်ခြားဘာပစ္စည်းမှမပျောက်ဘူးတဲ့"

ကန်းဆီနားမလည်နိုင်ဘူးဖြစ်နေပါတယ်။

"ဆင့်ခေါ်သူက ကျောင်းသားတွေကို မထိခိုက်မနာကျင်စေခဲ့သလို သူတို့ပစ္စည်းတွေကိုလည်း မယူခဲ့ဘူး ဒါပေမဲ့ တံဆိပ်တွေအကုန်လုံးကို ယူသွားတယ်ဆိုတော့ ဖြစ်နိုင်တာက..."

ကန်းဆီဟာ ကြောက်မက်ဖွယ်အတွေးကို တွေးမိလိုက်တာကြောင့် သက်ကြီးနည်းပြအား တုန်လှုပ်စွာနဲ့ ကြည့်လိုက်မိပါတယ်။

"မင်းပြောချင်တာကို ငါသဘောပေါက်ပါတယ်"

သက်ကြီးနည်းပြက ပြောလိုက်ပါတယ်။ မျက်မှောင်ကုတ်လိုက်ပြီး တုန့်ဆိုင်းဆိုင်းဖြစ်နေပြီးမှ သူက ထပ်ပြောလိုက်ပါတယ်။

"ဆင့်ခေါ်သူက ငါတို့တော်ဝင်ရိုလန်ကျောင်းက ကျောင်းသားတစ်ယောက်ဖြစ်ပြီး စာမေးပွဲဝင်ဖြေနေတာ ဖြစ်ဖို့များတယ်"

All Chapters