အခန်း (၁၂၁-၁၂၃)
Vol. 9 Ch. 121-123
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၁)
မှော်ဆေးဆရာနဲ့ ဆေးပညာကျောင်းသား အားလုံး စိတ်ပေါ့ပါးသွားပါတယ်။သူတို့အားလုံး ဝိုင်းသတ်တာ ခံရမှာ မဟုတ်တော့ပါဘူး။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ။ဒီစစ်ဆေးမှုက တစ်ယောက်ချင်းစီရဲ့ အစွမ်းတင်မဟုတ်ဘဲ အဖွဲ့လိုက် စွမ်းဆောင်ရည်ပါ အကဲဖြတ်မယ့်ပုံပဲ"
ရှန်ယန်ရှောင် စိတ်ဝင်စားလာပါတယ်။
လောလောဆယ်အထိ ကျောင်းရဲ့ ဌာနအားလုံးဟာ တစ်သီးတစ်ခြားစီ သင်ကြားတာဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့က မလွယ်လှပါဘူး။ဒါပေမဲ့ ကျောင်းပြင်ပကို ရောက်တာနဲ့ ကျောင်းသားတွေဟာ ပညာရှင်အမျိုးမျိုးရဲ့ အဖွဲ့လိုက် တိုက်ခိုက်မှုမျိုးတွေကို ကြုံတွေ့ရမှာ ဖြစ်တာကြောင့်လို့ သူမ တွေးလိုက်မိတယ်။ဝန်ခံရရင် အိုးယန်ဟွမ်းယူရဲ့ စီစဉ်မှုက အရှည်ကိုတွေးပြီး လုပ်ထားတာဖြစ်တယ်။ ဒီအစီအမံက ကျောင်းသားတွေအတွက် အများကြီး အထောက်အကူ ရစေမှာပါ။
"ဟေး..ဟေး"
တန်နာဇီက မကောင်းဆိုးဝါးပုံမျိုး ရယ်လိုက်တယ်။
"ရှန်..ငါတို့ ထိပ်ဆုံးအတန်းကို တက်ရဖို့ မှန်းထားသင့်တယ်ဟေ့"
"ဘာလို့"
ရှန်ယန်ရှောင် ယုံကြည်မှုအပြည့်ရှိဟန် ပေါက်နေတဲ့ တန်နာဇီကို ကြည့်လိုက်တယ်။သူမဟာ တန်နာဇီက အခုလို ယုံကြည်မှုမျိုး ဘယ်ကနေ ပေါက်လာလဲ မတွေးတတ်ပါဘူး...သူ့ခေါင်းကြီးက ကြီးလွန်းပေမယ့်ပေါ့။
"မင်း အ လှချည်လား..တွက်ကြည့်လေ ငါးယောက်အဖွဲ့တဲ့။ငါတို့မှာ ဘယ်နှစ်ယောက်ရှိလဲ ကဲ"
တန်နာဇီက ဆရာကြီးဟန်နဲ့ ရယ်လိုက်ပါတယ်။
သူမလည်း ဆိုလိုရင်းကို သဘောပေါက်သွားပါတယ်။
သူမ အပါအဝင် တန်နာဇီ၊ကြူရှီယာ၊ယန်းရှီနဲ့ ယန်ယု ရှိပါတယ်။သူမနဲ့ တန်နာဇီက ဆေးဌာနကဖြစ်ကာ ယန်ယုက မှော်ဆေးဆရာဌာနကပါ။သူတို့သုံးယောက်က အိုးယန်ဟွမ်းယူရဲ့ စည်းကမ်းနဲ့ ကိုက်ညီပါတယ်။အဲ့ဒီလိုပဲ ကြူရှီယာနဲ့ ယန်းရှီက မှော်ဆရာဌာနနဲ့ ဓားပညာဌာနတို့က ဖြစ်ပါတယ်။
သူတို့က ဌာနတွေရဲ့ အတော်ဆုံးတွေလို့ သတ်မှတ်လို့ ရပါတယ်။
သူမ မျက်လုံးတွေ တောက်ပသွားတယ်။ဒါကို ဂျိုကုပ်ရှိရာ ဂျိုထောင်မလာဘူးလို့ ပြောရမလားပဲ။တန်နာဇီက သူမကို ဆွဲခေါ်ကာ လူအုပ်ထဲက ဖြတ်ပြီး ကျန်သုံးယောက်ကိုပါ ထပ်ခေါ်လိုက်ပါတယ်။
သူတို့အဖွဲ့ကို မကြာခင်မှာပဲ အတည်ပြုပေးလိုက်ပါတယ်။
သူတို့အဖွဲ့ရဲ့ အဖွဲ့ဝင်တွေကိုကြည့်ပြီး ကျန်ကျောင်းသားတွေဟာ မျက်ရည်တွေ ဝဲနေကြပါတယ်။ဘယ်လောက် အဓိပ္ပါယ် မရှိလိုက်သလဲ။သူတို့အဖွဲ့ထဲက လူတစ်ယောက်နဲ့တင် အဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရနေပြီလေ။ဒါကို သူတို့က စုပြီး အဖွဲ့လုပ်သတဲ့။ကျန်လူတွေကို အခွင့်အရေးလေးတောင် မပေးချင်တော့ဘူးလား။
ကျောင်းသားတွေအနေနဲ့ မကြေနပ်သော်လည်း ကြောက်တာကြောင့် ထုတ်မပြောရဲကြပါဘူး။ဒေါင့်မှာပဲ ကြိတ်ပြီး သောကပွေနေရပါတယ်။
မကြာခင်မှာပဲ ပိုအရှက်မဲ့တဲ့ အဖြစ်ထွက်ပေါ်လာပါတယ်။ချောင်းရှူ မန်ယိဂျွန် ကျွမ်းရှန်နီနဲ့ ရှန်ဂေါင်းရှောင်တို့က သဘောတူညီမှု ရသွားပါတယ်။ထို့နောက်တော့ သူတို့ထဲကို မှော်ဆရာဌာနရဲ့ ထိပ်ဆုံးဆယ်ယောက်ထဲက တစ်ယောက်ကို ဆွဲသွင်းလိုက်ပြီး အင်အားကြီးနောက်တစ်ဖွဲ့ ဖြစ်ပေါ်လာပါတယ်။
ထိပ်သီးကျောင်းသားတွေက အခုလို အဖွဲ့ဖွဲ့ပြီးတဲ့အခါ ကျန်လူတွေလည်း စတင်လှုပ်ရှားပါတယ်။သူတို့က ဘယ်သူ့ကိုမှ မသိလည်း ဘာဖြစ်သေးလဲ။အဆင့်ချင်း တူတာနဲ့ အဖွဲ့ထဲ ဆွဲသွင်းလိုက်တာပဲ။
သံသယရှိစရာ မလိုတာကတော့ ဆေးပညာနဲ့ မှော်ဆေးဆရာ ကျောင်းသားတွေက တိုက်ခိုက်ရေးမှာ အရေးမပါလို့ သိပ်အရေးတယူ မလုပ်ကြပါဘူး။စည်းကမ်းသာ သတ်မှတ်မထားရင် ဘယ်သူကမှ သူတို့ကို မျက်စိထဲ ထည့်နေမှာ မဟုတ်ပါဘူး။
စည်းကမ်းချက်ကြောင့် ဆေးပညာနဲ့ မှော်ဆေးဆရာဌာနတွေက ထိပ်သီးကျောင်းသားတွေဟာ အင်အားကြီး အဖွဲ့တွေထဲ ပါဝင်သွားပါတယ်။ဒါကြောင့် ကျောင်းသားသစ်တွေနဲ့ ညံ့တဲ့ ကျောင်းသားဟောင်းတွေက အင်အားနည်း အဖွဲ့တွေထဲမှာပဲ ရှိနေပါတယ်။
မကြာခင်မှာပဲ အဖွဲ့အသီးသီးက ရင်ပြင်မှာ ပြည့်လာပါတယ်။ထိုအထဲမှာ သူမနဲ့ မန်ယိဂျွန်တို့ အဖွဲ့နှစ်ဖွဲ့က အထင်ရှားဆုံးပါပဲ။ရယ်မောသံနဲ့ စကားပြောသံတွေက စိတ်လှုပ်ရှားမှုတွေနဲ့အတူ ပျံ့လွင့်နေပါတယ်။
ဒါပေမဲ့လည်း...သိပ်ကြာကြာ မရယ်လိုက်နိုင် ကြပါဘူးလေ...
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၂)
ကျောင်းသားတွေ အဖွဲ့ဖွဲ့လို့ ပြီးလောက်ပြီလို့ ထင်တာနဲ့ အိုးယန်ဟွမ်းယူက စကားပြောပါတော့တယ်။
"အခု ငါပြောချင်တာကတော့ အဖွဲ့အားလုံး ညီတူညီမျှဖြစ်စေဖို့ ငါတို့ပြင်ဆင်ထားတဲ့ ဆေးကို မင်းတို့အားလုံး သောက်ရမယ်။ဒီဆေးက စွမ်းအားကို ဖိနှိပ်ထိန်းချုပ်ဖို့ပဲ။အစွမ်းကြီးလေ ဆေးက ပိုဖိနှိပ်လေပဲ။တစ်ယောက်ကို တစ်လုံးနှုန်းနဲ့ အနက်ရောင်တောထဲ မဝင်ခင်သောက်ရမယ်။ဒါပေါ့လေ မင်းတို့ကို တစ်လျှောက်လုံး အင်အားနည်းနေစေဖို့ ငါတို့မရည်ရွယ်ပါဘူး။အဖွဲ့တိုင်းရဲ့ ဆေးပညာကျောင်းသားတိုင်းကို ဒီဆေးရဲ့ အာနိသင်ပြယ်စေမယ့် ဖြေဆေးဖော်စပ်နည်းကို ပေးလိုက်မှာပါ။သူတို့သာ ဆေးဖော်နိုင်တာနဲ့ မင်းတို့ရဲ့ အစွမ်းတွေ မူလအတိုင်း ပြန်ရမှာပဲ"
"...."
ဘယ်လောက်ထိအောင် ဇာတ်က ပြောင်းနေဦးမှာလဲဟင်..
အိုးယန်ဟွမ်းယူရဲ့ စကားတွေက ကျောင်းသားတွေ ရင်ထဲက သူ့ရဲ့ ရက်စက်တဲ့ ပုံရိပ်ကို ပိုခိုင်မာစေလိုက်ပါတယ်။
အင်အားပိုကြီးတဲ့ အဖွဲ့တွေဟာ မျက်နှာမည်းသွားပြီး အင်အားငယ်တဲ့ အဖွဲ့တွေက ပျော်နေကြပါတယ်။သူတို့ အခွင့်အရေး ရပြီလေ။
အင်အားအကြီးဆုံး အဖွဲ့တွေက အဖွဲ့ဝင်တွေကတော့...သူမ ကြူရှီယာနဲ့ ကျန်လူတွေရဲ့ စိတ်ပျက်လက်ပျက် အမူအယာကို ကြည့်လိုက်ပါတယ်။သူမ မျက်နှာကို အရိုက်ခံလိုက်ရသလို သူမ မျက်နှာပူပြီး ရှက်သွားပါတယ်။
ခြေသလုံးကိုဆွဲထား ဟုတ်လား ဘာ ခြေသလုံးကို ဆွဲထားလဲ…
ဒါ ကျိန်စာပဲ…
ခြေသလုံး ဖက်တာတွေ ဆွဲတာတွေ ပြောမနေနဲ့ အခုတင်ပဲ ဒီကောင်းတာလေးက ဝန်ထုပ်ဝန်ပိုး ဖြစ်သွားပြီလေ။
သူမရဲ့ အပျော်တွေ ပျောက်ဆုံး ပျက်စီးသွားပါပြီ။
"ကြည့်ရတာ ခက်ခက်ခဲခဲ တိုက်ရတော့မှာထင်တယ်"ဟု ကြူရှီယာက ပြောပါတယ်။အိုးယန်ဟွမ်းယူရဲ့ စည်းကမ်းတွေက လုံးဝမထင်မှတ်ထားတာတွေပါလား။
"ကျောင်းအုပ်ရဲ့ လှည့်ကွက်တွေက ရက်စက်လွန်းတာပဲ"လို့ ယန်ယုက ထပ်ပြောလိုက်ပါတယ်။
အခြားကျောင်းသားတွေဟာ အိုးယန်ဟွမ်းယူရဲ့ စကားဆုံးတာနဲ့ မနေနိုင်ကြတော့ဘဲ ဝေဖန်ပြောဆို ကြပါတော့တယ်ယ
"ကြူရှီယာတို့ အဖွဲ့ကိုကြည့်လိုက်စမ်း..သူတို့အဖွဲ့က ဆေးကျောင်းသား နှစ်ယောက်ဆိုတော့ အခြေအနေ ကောင်းလောက်မယ်နော်"
ဆေးကျောင်းသားနှစ်ယောက်လုံး အသစ်တွေဆိုပေမဲ့ အနည်းငယ် အခွင့်သာတာကိုက တော်တော်ကောင်းလှပါပြီ။
"မင်းတို့က ဘာတွေ တိုးတိုးတိုးတိုး လုပ်နေကြတာလဲ"
တန်နာဇီက ရှန်ယန်ရှောင်ရဲ့ ပုခုံးကို ဖက်လိုက်ရင်း ပြောလိုက်တာပါ။
"မင်း တစ်ကယ်သိချင်လို့ မေးတာဆိုရင် ငါပြောမယ်လေ"လို့ မြေခွေးအပြုံးနဲ့ ကြူရှီယာက ဖြေလိုက်ပါတယ်။
"ကြည့်ရတာ ကျောင်းအုပ်ပြောတာကို မင်း သဘောပေါက်ပုံမရဘူး။ပုံမှန်အတိုင်းဆို ဒီစစ်ဆေးပွဲက ငါတို့နဲ့ ချောင်းရှူတို့ရဲ့ ပွဲလို့ ပြောလို့ရတယ်။တစ်ခြား အဖွဲ့တွေက တစ်ချီတောင် ခံနိုင်မှာ မဟုတ်ဘူး။အခုကျ ငါတို့က စွမ်းအားနည်းဆေး သောက်ထားရမှာလေ။တစ်ခြားကျောင်းသားတွေအတွက် ဘယ်လို သက်ရောက်မလဲဆိုတာ မင်းသိမှာပါ"
တန်နာဇီ ပါးစပ်တွန့်သွားပြီး ကြူရှီယာကို ပြန်ပြောလိုက်ပါတယ်။
"မင်းဆိုလိုတာက ငါတို့နဲ့ တစ်ခြားကျောင်းသားတွေနဲ့ စမှတ်တူသွားပြီလို့လား"
တန်နာဇီက အနေအထားကို သိပ်မပေါက်သေးပေမဲ့ သူမကတော့ နားလည်ပါတယ်။
"ကြူရှီယာ ပြောချင်တာက ပွဲပြီးတဲ့အထိ အားလုံးက ဆေးမဖော်နိုင်ရင် ဘာမှမဖြစ်ဘူး...ပြဿနာက ကျောင်းအုပ်က အားလုံးကို ဆေးသောက်ခိုင်းသလို ဆေးဖော်နည်းလည်း ပေးလိုက်တာပဲ။ဘယ်သူကမှ ငါတို့အဖွဲ့ အင်အားပြန်ရမှာကို လိုချင်မှာ မဟုတ်ဘူးလေ။ဒါကြောင့် ပွဲစတာနဲ့ လူတွေက ကြူရှီယာတို့ အင်အားပြန်ရဖို့ ငါတို့မလုပ်နိုင်အောင် တားနိုင်သမျှ တားကြတော့မှာ"
"အတိအကျပဲဗျာ"
ကြူရှီယာက ကျေနပ်စွာ ပြောလိုက်ပါတယ်။
"..."
တန်နာဇီလည်း သူတို့ရဲ့ အခြေအနေ ဘယ်လောက်ဆိုးသလဲ ဆိုတာကို နားလည်သွားပါပြီ။သူက "ခက်ခက်ခဲခဲ တိုက်ရတော့မှာ"ဆိုတာကို နားလည်သွားပါပြီ။
"ကျွန်တော် အဖွဲ့ပြောင်းဖို့ တောင်းဆိုပါတယ်"လို့ သူက အော်လိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၃)
တန်နာဇီရဲ့ တောင်းဆိုချက်ကို ခွင့်မပြုခဲ့ပါဘူး။နေ့လည်စာ စားပြီးကြတဲ့အခါမှာ တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဆရာတွေနဲ့အတူ အနက်ရောင်တောအုပ်ကို သွားခဲ့ကြပါတယ်။
လောင်းရွှမ်တိုင်းပြည်ရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိတဲ့ အနက်ရောင်သစ်တောဟာ ကျယ်ပြန့်ကြီးမားရုံတင်မကဘဲ မှော်သားရဲတွေ ပျော်မွေ့ရာ တောကြီးလည်း ဖြစ်ပါတယ်။ဒါကြောင့် ကျောင်းသားတွေအဖို့ ပြိုင်ဖက်အဖွဲ့တွေကိုသာ မကဘဲ အဆင့်နိမ့် မှော်သားရဲတွေကိုပါ သတိထား ရှောင်ကြင်ဖို့ လိုအပ်ပါတယ်။
တောဆီကို သွားတဲ့လမ်းမှာပဲ ကြူရှီယာ ယန်ယုနဲ့ ယန်းရှီတို့ သုံးဦးဟာ ဆရာတွေပေးတဲ့ စွမ်းအားချုပ်ဆေးကို သောက်သုံးခဲ့ရပါတယ်။ဆေးသောက်ပြီး မိနစ်အနည်းငယ် အတွင်းမှာပဲ မူလက အားအင်အပြည့်နဲ့ ကျောင်းသားတွေဟာ ရေမရတဲ့ ပန်းပင်တွေလို ညှိုးနွမ်းခြောက်သွေ့ သွားကြပါတယ်။
သုံးယောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ ရှန်ယန်ရှောင်က သွေးဆုပ်နေတဲ့ မျက်နှာနဲ့အတူ မျက်မှောင်ကြုတ်သွားပါတယ်။ဆေးပညာရပ်မှာ သူမရဲ့ သိရှိနားလည်မှုက တိုးတက်လာတာ အမှန်ဖြစ်သော်လည်း ဖြေဆေးကို သူမ ဖော်စပ်နိုင်မလားဆိုတာက မသေချာပါဘူး။
"အနက်ရောင်တောထဲ ရောက်တာနဲ့ ငါတို့ ပုန်းရှောင်ကြရမယ်။ငါနဲ့ တန်နာဇီက ဖြေဆေးအတွက် တာဝန်ယူမယ်" လို့ သူမက ပြောလိုက်ပါတယ်။
လက်ရှိအနေအထားမှာ လှည်းတိုင်းမှာ အဖွဲ့သား ငါးယောက်စီအထိ လိုက်ပါလာကြပါတယ်။ ဒီလှည်းတွေက သူတို့ကို တောစပ်အထိ လိုက်ပို့သွားမှာ ဖြစ်ပါတယ်။
"မင်းက ဘာလို့ တစ်အားသောကနေတာလဲ။ တစ်ခြားအဖွဲ့တွေက အဲ့လောက်ကြီးအထိ တွေးရင်မှ တွေးကြမှာပါဟ"
တန်နာဇီက ပူပန်တတ်သူမဟုတ်တာကြောင့် တစ်ခြားကျောင်းသားတွေက သူတို့ အင်အားနည်းနေတာကို အခွင့်ကောင်းယူပြီး တိုက်ခိုက်မယ်လို့ ထင်ကြေးသိပ်မရှိပါဘူး။
သူမ မျက်ခုံးပင့်ကာ ပြုံးရင်း ပြန်ပြောလိုက်တာက
"စောင့်ကြည့်လိုက်ပါလေ" ဟုပင်။
အချက်အရဆို…
သူမအတွေးက မလွဲပါဘူး။တောစပ်မှာ အခြားအဖွဲ့တွေက အသင့်ဖြစ်နေကြပါပြီ။ သူတို့ဟာ ကြူရှီယာအဖွဲ့ ရောက်ချိန်ကို စောင့်နေကြပြီး ရောက်တာနဲ့ တစ်ခါတည်း တိုက်ခိုက်ဖို့ လုပ်နေကြတာပါ။
ဒီအခွင့်အရေးက တစ်သက်မှ တစ်ခါပဲ ရတာပါ။ လူတိုင်းသိထားတာက ထိပ်တန်းကျောင်းသားတွေ စွမ်းအားပြန်ရလာတာနဲ့ သူတို့က ဘာမှ မဟုတ်တော့ဘူး ဆိုတဲ့အချက်ပါပဲ။
ကြူရှီယာနဲ့ ယန်းရှီတို့လို စွမ်းအားကြီး ကျောင်းသားတွေထက်စာရင် တစ်ခြားကျောင်းသားတွေရဲ့ အခြေအနေက သိပ်မဆိုးပါဘူး။
အိုးယန်ဟွမ်းယူ ပြောသလိုပဲ စွမ်းအားကြီးတဲ့ ကျောင်းသားဖြစ်လေ ဆေးစွမ်းက ပိုပြလေပါပဲ။ သာမန်ကျောင်းသားတွေအဖို့ ဆေးစွမ်းက သူတို့ရဲ့ အတွင်းအားနဲ့ မှော်အားတွေရဲ့ လည်ပတ်မှုက အနည်းငယ် နှေးသွားရုံပါပဲ။ထိခိုက်မှုက အနည်းငယ်ပဲ ရှိတာကြောင့် သိပ်မဆိုးလှပါဘူး။
ဒါပေမဲ့ ကြူရှီယာနဲ့ အခြားသူတွေအဖို့….
ရှန်ယန်ရှောင် ရှင်းအောင်မေးပြီးပါပြီ… သုံးကောင်လုံး အတွင်းအား မှော်အားမသုံးဘဲ မြန်မြန်ပြေးနိုင်ပါသေးတယ်။
သူတို့က ကြွားလုံးထုတ်နေတာလား..ဒါမှမဟုတ် ဆေးက သူတို့အပေါ် မသက်ရောက်တာလား…
လုံး၀ မဟုတ်ပါဘူး။သူတို့က အနက်ရောင်တောရဲ့ အပြင်မှာပဲ ရှိပါသေးတယ်..သို့သော်လည်း သုံးကောင်လုံးက သူမနဲ့ တန်နာဇီရဲ့ ဖေးမမှုနဲ့သာ ရပ်နိုင်တယ်ဆိုရုံပဲ ရှိပါတယ်။
သူမဟာ သူမတို့ဆီကို ကျရောက်နေတဲ့ အန္တရာယ် မျက်ဝန်းတွေကို ခံစားသိရှိနေပါတယ်။ သူမ လုံး၀ သံသယမရှိတာကတော့ စစ်ဆေးမှုမစသေးလို့သာပါ စစ်ဆေးမှုသာ စပြီဆိုရင် သူမတို့ဆီကို ကျောင်းသားတွေက သားကောင်ကို ခုန်အုပ်သလို ရောက်လာကြမယ် ဆိုတာကိုပါ။
သူမတို့အဖွဲ့တင် ကံဆိုးတာမဟုတ်ပါဘူး...ချောင်းရှူ အဖွဲ့လည်း ပစ်မှတ်ထားခံနေရပါတယ်။
ဒီတစ်ခါမှာတော့ အင်အားအကြီးဆုံး နှစ်ဖွဲ့က အင်အားအနည်းဆုံး ဖြစ်နေပါပြီ။
ကံကောင်းတာ တစ်ခုကတော့ အိုးယန်ဟွမ်းယူက သွက်သွက်ခါအောင်တော့ မရူးသေးတာပါပဲ။သူ ညွှန်ကြားထားတာက တောထဲက ပထမ တစ်နာရီအတွင်းမှာ ဘယ်သူမှ မတိုက်ခိုက်ရဘူး ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီ တစ်နာရီဟာ အဖွဲ့တွေကို သူတို့ရဲ့ ဗျူဟာ အစီအမံတွေအတွက် ပြင်ဆင်ချိန်ပေးထာတာလည်း ဖြစ်ပါတော့တယ်။