အခန်း (၁၂၄-၁၂၆)
Vol. 9 Ch. 124-126
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၄)
"နေပါဦး။ဂျူလေး ပြောပုံအရဆို ငါတို့က ချက်ချင်း ပုန်းဖို့နေရာ အရင်ရှာရမယ် နောက်ပြီးမှသာ လှုပ်ရှားရမယ်ပေါ့"
ကြူရှီယာရဲ့ မျက်နှာက အနည်းငယ် ချောင်ကျသွားပါတယ်။သူတို့ သောက်လိုက်တဲ့ ဆေးက အလွန်စွမ်းလှတယ်။ဆယ်မိနစ်တောင် မရှိသေးဘူး သူ့ရဲ့ မှော်အားတွေ မရှိတော့သလောက်ပါပဲ။အခုချိန်မှာ သူ လုပ်နိုင်တာဆိုလို့ မီးဗုံးလောက်ပါပဲ။
"ဂျူလေး မင်း ဖြေဆေးအတွက် သဲလွန်စ ရပြီလား"
ယန်ယုက မှော်ဆေးဆရာ ဖြစ်တာကြောင့် တိုက်ခိုက်ရေးမှာ သမားတော်တွေလိုပဲ အားနည်းပါတယ်။သို့သော်လည်း မှော်ဆေးဆရာဟာ တိုက်ခိုက်နိုင်တဲ့ အတတ်အနည်းငယ် ရှိလို့ သူလည်း ဆေးသောက်ထားရပါတယ်။ဒါကြောင့် မူလတည်းက ဖြူရော်ရော် သူ့မျက်နှာဟာ သွေးမရှိတော့လောက်အောင် ဖြစ်နေပါတယ်။
ရှန်ယန်ရှောင်က လက်ထဲကိုင်ထားတဲ့ ဖြေဆေးနည်းကို ကြည့်ရင်း သူမ မပျော်နိုင်ဘူး ဖြစ်နေပါတယ်။
"ဘာအဖြေမှ မရှိသေးဘူး။ဖြေဆေးနည်းမှာ ပါဝင်တဲ့ ဆေးဖက်အချို့ကို စာအုပ်ထဲမှာပဲ မြင်ဖူးသေးတာ။ဒါပေမဲ့ ဒီဆေးဖက်တွေက အနက်ရောင်တောထဲ ရှိကိုရှိရမယ်"
တန်နာဇီကြောင့် သုံးယောက်လုံးက သူမကို ပါရမီရှင် သမားတော်လောင်းတစ်ဦးလို့ သတ်မှတ်ထားပြီဖြစ်ကြောင်း သိသာပါတယ်။
ဆေးပညာရပ်ကို ထိတွေ့တာ တစ်လပဲ ရှိသေးတာလို့ ဘယ်လိုလုပ်ပြီး သူမက အရှက်မရှိစွာ ပြောနိုင်မှာလဲ။
"အလျင်မလိုပါဘူးလေ။ခုနှစ်ရက်ကြီးတောင် ငါတို့အတွက် အချိန်ရတာပဲ။လုံခြုံတဲ့ နေရာကို ရှာတွေ့တာနဲ့ မင်းအရည်အချင်းနဲ့ ဖြေဆေးကို ရအောင်လုပ်နိုင်မယ်ဆိုတာ ငါ သေချာပေါက်ယုံတယ်"
တန်နာဇီက သူမကို ယုံကြည်မှုအပြည့်နဲ့ ကြည့်ရင်း ပြောလိုက်ပါတယ်။သူလည်း ဆေးပညာကျောင်းသား ဆိုတာကို သူ သတိရပုံမရှိပါဘူး။
သူမ ကူကယ်ရာမဲ့စွာပဲ ပြုံးလိုက်ရပါတယ်။သူမ ရင်ထဲမှာတော့ မြင်းအကောင် တစ်ထောင်လောက် ခုန်ပေါက်နေသလို ဖြစ်နေပါတယ်။
စစ်ဆေးမှု စတင်တာနဲ့ တော်ဝင်ရိုလန်ကျောင်းရဲ့ ကျောင်းသားအဖွဲ့ ၅၅ဖွဲ့က တောထဲကို စတင်ဝင်ရောက်သွားကြပါပြီ။
သူမက တောထဲမှာ မြန်မြန်ပုန်းအောင်းဖို့ အသင့်ဖြစ်နေပြီး နောက်လှည့်ကြည့်မိတဲ့အခါ နှုတ်ခမ်းတွေ တွန့်ချိတ်သွားပါတယ်။
ကြူရှီယာတို့က လေညှင်းခံထွက်နေတဲ့အတိုင်း စိုးရိမ်စိတ်မရှိဘဲ သာသာယာယာ လျှောက်လှမ်းနေကြပါတယ်။
သူတို့နောက်မှာက ဒါဇင်ချီတဲ့ ကျောင်းသားတွေ ရှိနေပါသေးတယ်။
သိပ်တွေးစရာမလိုပါဘူးလေ သူတို့တွေ ဘာကြံနေလဲ သိသာပါတယ်။အချိန် တစ်နာရီပြည့်တာနဲ့ အဖွဲ့ကို ညက်ညက်ခြေဖို့ပေါ့။
သူမ တွက်ချက်မှုအရ ဒီကျောင်းသားတွေက အိုးယန်ဟွမ်းယူ ကြေညာပြီးတာနဲ့ အဖွဲ့စဖွဲ့ကြသူတွေဖြစ်တာကို သူမ မှတ်မိလိုက်ပါတယ်။ဒီစစ်ဆေးမှုမှာ သူမအဖွဲ့နဲ့ ချောင်းရှူအဖွဲ့တို့က ဦးစားပေး ပစ်မှတ်ဖြစ်ပြီး သူမတို့ကို အမြန်ဆုံး ဖယ်ရှားသွားဖို့ အားလုံးက ရည်ရွယ်ထားကြတာပါ။
အဖွဲ့အသီးသီးအဖြစ် ဖွဲ့စည်းထားကြပေမယ့် အဖွဲ့နှစ်ဖွဲ့က အစွမ်းဆုံးဆိုတာ သူတို့ သိပါတယ်။
တော်ဝင်ရိုလန်ကျောင်းရဲ့ ဌာနခြောက်ခုက အတော်ဆုံးကျောင်းသားတွေ မူလအစွမ်း ပြန်ရခဲ့ရင် ဘာဖြစ်မယ်ဆိုတာ သူတို့ သိပါတယ်။
ဒါကြောင့် ဒီအချိန်က တိုက်ဖို့ အကောင်းဆုံးအချိန်ပဲ။ဆေးစွမ်းအပြဆုံးချိန် သူတို့ရဲ့ အစွမ်းတွေ အနည်းဆုံးအချိန်အတွင်းမှာ တိုက်ရမှာပါ။
ဒီထဲက အချို့ကျောင်းသားတွေက မှော်အား အဆင့်ခြောက် သို့မဟုတ် အတွင်းအား အဆင့်ခြောက်ကို လတ်တလောအတွင်းမှ အဆင့်တက်ထားကြတာပါ။ဆေးစွမ်းက သူတို့အပေါ်မှာ သက်ရောက်မှု အနည်းဆုံး ဖြစ်ပါတယ်။သူတို့စွမ်းအင်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုနိုင်ကြပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၅)
"ဒီလိုလုပ်တာက ငါတို့အတွက် တစ်ကယ်အဆင်ပြေလို့လား" ဟု လူငယ်လေး တစ်ယောက်က သူ့အဖော်တွေအား မေးလိုက်ပါတယ်။သူတို့က ရှန်ယန်ရှောင်အဖွဲ့ နောက်ကိုပဲ တောထဲဝင်တည်းက လိုက်နေခဲ့တာပါ။
ထိုအဖွဲ့ထဲက ငါးဦးအနက် လေးဦးက မျိုးနွယ်ကြီးငါးစုထဲက ဖြစ်ပြီး သုံးဦးက ကျောင်းရဲ့ ဌာနသုံးခုက အတော်ဆုံး ကျောင်းသားတွေပါ။ စည်းမျဉ်းကြောင့် ထက်မြက်တဲ့ ကျောင်းသားတွေဟာ စွမ်းအားတွေ နိမ့်ကျနေပြီး သူတို့လို သာမန်ကျောင်းသားတွေကတော့ အားအင်အပြည့်နဲ့ ဖြစ်နေချိန်က တိုက်ခိုက်ဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။
"အဲ့ဒီအတွက် ဘာပြဿနာမှ မရှိသင့်ပါဘူးလေ.. ဒါက ကျောင်းအုပ် အိုးယန်ဟွမ်းယူကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်ပဲဆိုတော့… တစ်ကယ်လို့ မထင်မှတ်တာ တစ်ခုခု ဖြစ်ခဲ့ရင်တောင် ငါတို့ကို အပြစ်တင်လို့ မရပါဘူးကွာ" ဟု ကျောင်းသားတစ်ယောက်က တံတွေးမျိုချပြီး ပြောလိုက်ပါတယ်။အမှန်ဆို ကျောင်းထဲမှာ ကြူရှီယာ ၊ ယန်းရှီနဲ့ ယန်ယုတို့ သုံးဦးဟာ အလွန်အင်မတန်မှ စွမ်းအားကြီးသူတွေ ဆိုပြီး ကျော်ကြားသူတွေပါ။ အခု သူတို့က ပြန်ခုခံဖို့ အင်အားတောင် မရှိကြတော့ ဒီကျောင်းသားတွေက သူတို့ရဲ့ နောက်ကျောကို အပြစ်မကင်းသလို ကြည့်နေမိကြတာပါ။
"ဘာတွေ တွေးကြောက်နေကြတာတုန်း။ စစ်ဆေးမှု ဝင်ဖြေမှတော့ အရာရာ အသင့်ပြင်ထားရမှာပဲလေ။ အခုအစောပိုင်းကို မင်းတို့က မတိုက်ရဲဘူးဆိုရင် သူတို့အဖွဲ့ရဲ့ ဆေးပညာဌာနက ကျောင်းသားက ဖြေဆေးစပ်ပြီးရင် မင်းတို့ တိုက်ရဲသေးလား။ တစ်ကယ်လို့ ငါတို့မှာ နောက်ထပ်အဖွဲ့တွေ ရှိပြီး ပေါင်းချရင်တောင် ကြူရှီယာ တစ်ယောက်နဲ့တင် ပွဲသိမ်းပဲ"
အချို့ကျောင်းသားတွေက အတွေးအခေါ် ကောင်းသူတွေဖြစ်လို့ ဒီအခွင့်အရေးက အကောင်းဆုံးဆိုတာကို နားလည်ကြပါတယ်။
ဒီအခွင့်အရေးကို မရလိုက်ရင် နောက်ကျ အခြေအနေက ပြောင်းပြန်ဖြစ်သွားမှာပါ။
"ငါတော့ မထင်ပါဘူး။ သူတို့အဖွဲ့ရဲ့ ဆေးကျောင်းသား နှစ်ယောက်လုံးက ကျောင်းသားသစ်တွေလေ။ တစ်ယောက်က လိပ်နက်မျိုးနွယ်က သခင်လေးဆိုပေမယ့် သူက ဆေးပညာဌာနကို ဝင်ခွင့်ရဖို့ နှစ်နှစ်တောင် ဖြေဆိုပြီးမှ အောင်ခဲ့တာလေ။သူ့ စွမ်းအားက သိပ်မကြီးလောက်ဘူး။ ငါ နောက်တစ်ယောက်ကို တွေ့ပြီးပြီ.. သူလည်း ဘာမှ ပြောပလောက်စရာ မရှိဘူး။နောက်ပြီး ငါတို့အဖွဲ့ရဲ့ ဆေးကျောင်းသား အပြောအရဆို ဖြေဆေးနည်းက တော်တော်ရှုပ်တယ်တဲ့။ အခုမှ ဝင်လာတဲ့ ကျောင်းသားသစ်တွေ မပြောနဲ့ အတန်းကြီး ကျောင်းသားတွေတောင် ဖြေဆေးစပ်ဖို့ မလွယ်ဘူး"
"..."
ရှန်ယန်ရှောင်က သူမနောက်က ကျောင်းသားတစ်စု တီးတိုးပြောဆို နေကြတာကို နားထောင်နေပါတယ်။
ကြူရှီယာ ၊ ယန်းရှီနဲ့ ယန်ယုတို့ရဲ့ ဂုဏ်သတင်းကြောင့် ကျောင်းသားတစ်ချို့က မတိုက်ရဲသေးဘဲ တွန့်ဆုတ်နေတာက သိသာပါတယ်။ တစ်ချို့တွေကလည်း ဒီဟာက အကောင်းဆုံး အခွင့်အရေး ဆိုတာကို သိကြတယ်လေ။ တိုက်ပွဲစတာနဲ့ ကြူရှီယာတို့ သုံးယောက်ရဲ့ အစွမ်းတွေကို သူတို့ သိသွားကြမှာပါ… အဲ့အခါကျရင် တွန့်နေတဲ့ ကျောင်းသားတွေလည်း ဝင်တိုက်ရဲကြမှာ ဖြစ်ပါတယ်။
စည်းကမ်းအရဆိုရင် အဖွဲ့ရဲ့ အဖွဲ့ဝင် ငါးဦးစလုံးရဲ့ ရင်ထိုးတွေ အလုခံရရင် ထိုအဖွဲ့ကို တောထဲကနေ ချက်ချင်းခေါ်ထုတ်မှာ ဖြစ်ပြီး သူတို့အတွက် လမ်းဆုံးသွားမှာ ဖြစ်ပါတယ်။
လူအုပ်ကြီးက တောရဲ့ အနက်ပိုင်းကို ဝင်ရောက်လာကြပါပြီ။ ကျောင်းသားအချို့က သူတို့နောက်မှာ ရှိနေတုန်းဖြစ်ကာ ကြူရှီယာ ၊ ယန်ယုနဲ့ ယန်းရှီတို့ မျက်နှာတွေက ပျက်နေပါတယ်။ ဆေးက သူတို့ရဲ့ အတွင်းအား မှော်အားတင်မကဘဲ ကိုယ်ကာယ အပေါ်မှာပါ သက်ရောက်မှု ရှိနေတာ အထင်အရှားပါပဲ။
သူတို့သုံးယောက်ရဲ့ ချွေးထွက်နေတဲ့ ပုံကိုတွေ့ပြီး အစက တွန့်ဆုတ်နေတဲ့ ကျောင်းသားတွေလည်း သူတို့တွေ အင်အားတစ်ကယ် နည်းနေတာပဲဟု သိသွားပါတယ်။ လူတိုင်းမှာ ကြောက်စိတ်တွေ ပျောက်ဆုံးသွားပါတော့တယ်။
အချိန်က တစ်ရွေ့ရွေ့နဲ့ပဲ သတ်မှတ်ထားတဲ့ တစ်နာရီ ကုန်ဆုံးသွားပါတယ်။ ရှန်ယန်ရှောင်ဟာ သူမနောက်က အဖွဲ့တွေဟာ စိတ်လှုပ်ရှား ပျော်ရွှင် နေတာကို သိလိုက်ပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၂၆)
ခေါင်းလောင်းသံက တောထဲမှာ ကြည်လင်စွာ ထွက်ပေါ်လာပြီး သတ်မှတ်အချိန် ကုန်ပြီဆိုတာ အချက်ပေးလိုက်ပါတယ်။
တစ်ချိန်တည်းလိုလိုမှာပဲ သူမနောက်က ကျောင်းသားတွေဟာ စတင် လှုပ်ရှားပါတော့တယ်။
မန္တာန်ရွတ်သံနှင့်အတူ ရေခဲဓားတွေနဲ့ မီးဗုံးတွေက သူမတို့ဆီ ဦးတည်လာပါတယ်။
ရေခဲဓားနဲ့ မီးဗုံးက ထိခိုက်စွမ်း သိပ်မများပေမယ့် အမြန်တိုက်ပွဲတွေမှာ အလွန်အသုံးတည့်ပါတယ်။ ဘာလို့လဲဆိုတော့ မန္တာန် ရွတ်ချိန်ကတိုလို့ ခဏအတွင်း တိုက်ခိုက်နိုင်လို့ပါပဲ။
ကြူရှီယာရဲ့ လက်ရှိ ကိုယ်ကြံ့ခိုက်မှုက အရင်ကထက် အလွန်နိမ့်ကျပါတယ်။ ရေခဲဓားနဲ့ မီးဗုံးတွေ လာနေတာကြောင့် ဘေးနားက သစ်ပင်ကြီးနောက်ကို လှိမ့်သွားလိုက်ပြီး မှော်ဆရာရဲ့ တိုက်ခိုက်မှုကနေ လွတ်အောင် အကာအကွယ် ယူလိုက်ပါတယ်။
ယန်ယုက အလင်းဒိုင်းတစ်ခုကို သူ့ကိုယ်သူအတွက် မလုပ်ချင်လုပ်ချင်နဲ့ လုပ်လိုက်ရပါတယ်။ ဒိုင်းနဲ့ ရေခဲဓားသုံးစင်း ထိတွေ့မှုက အလင်းတစ်ချို့ လက်သွားပါတယ်။ ရေခဲဓားတွေက အပိုင်းပိုင်းအစစ ကျိုးပဲ့သွားတယ်။ ယန်ယုက နောက်ထပ် ရေခဲဓားသုံးစင်းရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်လိုက်ပါတယ်။
ယန်းရှီက စစ်သူရဲဖြစ်လို့ မှော်ဆရာနဲ့ မှော်ဆေးဆရာတို့ထက် ခုခံနိုင်စွမ်းက ပိုမြင့်ပါတယ်။ တိုက်ခိုက်မှု စတာနဲ့ သူ့လက်ထဲမှာ ဒိုင်းတစ်ချပ် ရောက်နေပြီး ရေခဲဓားနဲ့ မီးဗုံးတွေကို ခုခံပြီးပါပြီ။ ဒါပေမဲ့လည်း ဓားသမားနဲ့ စစ်သူရဲက လူအုပ်ကြားကနေ အော်ဟစ်ကြုံးဝါးပြီး ပြေးထွက်လာတာကို တွေ့လိုက်ရတော့ သူ့မျက်နှာ မည်းမှောင်သွားပါတယ်။
"ချီးတဲ့မှပဲ...ရှန်ဂျူက ဘယ်ရောက်သွားတာလဲ"
ကျောက်တုံးနောက်မှာ ပုန်းနေတဲ့ တန်နာဇီက ကျိန်ဆဲ့ရင်း ပြောလိုက်ပါတယ်။ မြားတွေက အဆက်မပြတ် ပစ်ခတ်နေသလို မှော်အတတ်တွေကလည်း ဆက်တိုက် လာနေတာကြောင့် သူ ခေါင်းတောင် မဖော်ရဲပါဘူး။ ဒါပေမဲ့ သူ အရေးကြီးတာတစ်ခုကို သိလိုက်ပါတယ်။ အသုံးမကျတဲ့ အဖွဲ့ရဲ့ အင်အားအနည်းဆုံး ယင်ကောင်တောင် မသတ်နိုင်လောက်တဲ့ ရှန်ဂျူက ပျောက်ခြင်းမလှ ပျောက်နေပါတယ်။
တန်နာဇီရဲ့ စကားသံက သုံးကောင်ရဲ့ သတိပြုမှုကို ရလိုက်ပါတယ်။ သူတို့ဟာ အစက ပြိုင်ဖက်တွေရဲ့ တိုက်ခိုက်မှုကို ပြန်ခုခံဖို့ တွေးထားသော်လည်း ခဏအကြာမှာတော့ လက်နက်တွေကို ပစ်ချလိုက်ပြီး လမ်းလျှောက်ထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တိုက်ဖို့လုပ်နေတဲ့ ကျောင်းသားတွေဟာ နောက်တစ်ကြိမ် မတိုက်ရခင် သူတို့ရဲ့ ပစ်မှတ်တွေက အကာအကွယ်တွေ နောက်ကနေ လက်နက်မပါဘဲ ဒီအတိုင်း ထွက်လာကြတာကို တွေ့လိုက်ရပြီး စိတ်ရှုပ်ထွေးသွားကြပါတယ်။
ဒါက ဘယ်လိုငရဲမျိုးလဲဟ…
"ကောင်းပြီလေ..ငါကတော့ မတိုက်တော့ဘူး။ ငါ ချွေးတွေထွက်လာမှာ နောက်ပြီး နံကုန်မှာဆိုတော့ သိပ်မကောင်းဘူးကွာ"
ကြူရှီယာမျက်နှာမှာ မြေခွေးတစ်ကောင်ရဲ့ ပျင်းတွဲတွဲ အပြုံးရှိနေပါတယ်။ သူဟာ သူ့ရင်ဘတ်မှာ တပ်ထားတဲ့ ရင်ထိုးကို ရက်ရောစွာ ဖြုတ်ပြီး မြေပေါ်ပစ်ပေးလိုက်ပါတယ်။ ရှေ့မှာ ရှိနေတဲ့ ကျောင်းသားတွေ နေရာမှာတင် ရေခဲခံလိုက်ရသလို ဖြစ်သွားကြပါတယ်။
ဖတ်.. ဗတ်
နောက်ထပ် မြေပေါ်ကျသံ နှစ်သံ ထပ်မံ ထွက်ပေါ်လာပါတယ်။ ယန်ယုနဲ့ ယန်းရှီက သူတို့ရဲ့ ရင်ထိုးတွေကို ဖြုတ်ပြီး ပစ်ပေးလိုက်တာပါ။
…….. ဝါး……..
ကျောင်းသားတွေ ပါးစပ်အဟောင်းသားဖြစ်ကာ မေးရိုးတွေက မြေကြီးနဲ့ ထိမတတ်ပါပဲ။
ဒါက ဘယ်လို ရည်ရွယ်ချက်နဲ့လဲ။ သာတို့တိုက်တာ သုံးမိနစ်တောင် မကြာသေးဘူးလေ… နောက်ပြီး အဆင့်မြင့် မှော်အတတ် ဓားအတတ်တွေလည်း မသုံးရသေးဘူးလေ။ ဒါကို ဘာလို့ သူတို့က အညံ့ခံကြတာလဲ။
"ဟေး.. မင်းတို့ ဘာလုပ်ကြတာလဲဟ"
တန်နာဇီက သူ့ရဲ့ ဝက်လိုကောင်စား အဖွဲ့သားတွေကိုကြည့်ပြီး သူ့မျက်စိတောင် သူမယုံနိုင်ဘူး ဖြစ်နေပါတယ်။
သူတို့ကဖြင့် ဘာမှတောင် မတိုက်ခိုက်ရသေးဘူး ဒါကို ဘာဖြစ်လို့ အညံ့ခံကြတာလဲ။
မင်းတို့ကောင်တွေက မျောက်တွေလားဟ…
"စိတ်အေးအေးထားပါ"
ကြူရှီယာက တန်နာဇီဆီကို တုန်ချိစွာ သွားလိုက်တယ်။ တန်နာဇီ ကြောင်နေတုန်းမှာပဲ သူ့ရင်ဘတ်က ရင်ထိုးကို ဆွဲဖြုတ်လိုက်ပါတယ်။
မြေပေါ်ကို တစ်ခုခု ကျတဲ့အသံကို ရှေ့မှာရှိတဲ့ ကျောင်းသားတွေ ကြားလိုက်ရပြန်ပါတယ်။
"..."
တန်နာဇီ ရူးကြောင်ကြောင် ဖြစ်သွားပါတယ်။
သွားသေလိုက်ပါလား…
စစ်ပွဲအတွက် အသင့်ဖြစ်နေတဲ့ ကျောင်းသားတွေ ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ဆွံ့အနေပါတယ်။
သူတို့ဟာ အကြာကြီး စိတ်ထဲလွန်ဆွဲနေပါတယ်။ ဒါက စားလို့ကောင်းမယ့် အစားအစာမှာ အဆိပ်ရှိနေ နိုင်တာကြောင့် စားရမလား မစားရမလား ဆုံးဖြတ်ရသလိုပါပဲ။ ဒါပေမဲ့ ဖြစ်နိုင်ခြေက နောက်ဆုံး တစ်လုပ်မှသာ အဆိပ်မပါတဲ့ စားကောင်းသောက်ဖွယ် ဆိုတာကို သိသွားမှာပါ။