← Chapters

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

အခန်း (၁၂၇-၁၂၉)

Vol. 9 Ch. 127-129

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၂၇)

ဘာကြောင့်လဲဆိုတာ သူတို့မသိပေမယ့် သူတို့က အောင်နိုင်သူတွေပါ။ဒါပေမဲ့ သူတို့မှာ အနိုင်ရလို့ ပျော်ရွှင်စိတ်လှုပ်ရှားတာတွေ တစ်စက်လေးမှ မရှိပါဘူး။

အဲ့ဒီအစား ထိပ်တန်းကျောင်းသား သုံးယောက်က သူတို့အား အရူးလုပ်တာလို့ ခံစားမိနေကြပါတယ်။

တန်နာဇီဟာ ကျောင်းသားအုပ်ကြီးက သူတို့လေးဦးရဲ့ ရင်ထိုးတွေကို ကောက်ယူနေတာအား ကြည့်နေပါတယ်။ သူတို့ရဲ့ သုန်မှုန်နေတဲ့ မျက်နှာထားတွေအရ အလုခံရတာ ငါတို့မဟုတ်ဘဲ သူတို့တွေများလားလို့ ခံစားမိလိုက်ပါတယ်။

အလုခံရတာက ငါတို့ပါဟ လခွမ်းတဲ့မှ။ ထိုကျောင်းသားတွေကို ကြည့်ပြီး တန်နာဇီ ပြောစရာ စကားရှာမရပါဘူး။

အဆိုပါ ကျောင်းသားတွေ ထွက်သွားတာကို လိုက်ကြည့်ရင်း သူ့စိတ်ထဲမှာ သူ့ရဲ့ ဝက်လိုကောင်တွေ အကြောင်းအား တွေးမိလိုက်ပါတယ်။

"ကြူရှီယာ မင်း ဘာတွေ တွေးနေတာလဲ။ တိုက်ခိုက်မှုကို ရှောင်ချင်တာနဲ့ တံဆိပ်တွေကို ပေးပစ်လိုက်တယ်ပေါ့။ မင်းက ဘာကောင်မှ မဟုတ်တဲ့သူ မဟုတ်ဘူးလေ။ မှော်ဌာနရဲ့ အတော်ဆုံး ကျောင်းသားလေ.. ဒါကို မှော်အတတ် တစ်စက်မှ မသုံးတဲ့အပြင် အညံ့ပါခံလိုက်သေးတယ်။ မင်းက မှော်ဆရာတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ထိုက်တန်သေးသလားကွ ဟင်"

တန်နာဇီ စိတ်တိုစွာ အော်ဟစ်နေပါတယ်။ သူ့အနေနဲ့ ကြူရှီယာ ခေါင်းထဲမှာ ဘာတွေတွေးနေလဲဆိုတာလည်း နားမလည်ပါဘူး။

ကြူရှီယာက တန်နာဇီအား တည်ကြည်စွာ ကြည့်နေပါတယ်။ သူ ခေါင်းကိုငုံ့ကာ တစ်ခုခုကို စဉ်းစားလိုက်ပါတယ်။ တန်နာဇီရဲ့ အမြင်မှာတော့ ဒီကောင် သူ့အပြစ်သူ ပြန်တွေးနေတာပဲဟုပင်။ ခေါင်းကို ပြန်မော့လိုက်ပြီး တန်နာဇီအား ခန့်ညားစွာ ပြန်ပြောလိုက်ပါတယ်။

"ငါ့ကိုယ်ငါ သေချာပါတယ်ကွာ ငါ မီးဗုံးနှစ်လုံး သုံးလိုက်ပါတယ်"

"..."

တန်နာဇီ ရင်ထဲမှာ တစ်ခုခု တိုးတက်လာသလို ခံစားလိုက်ရကာ သွေးတစ်လုပ် အန်လိုက်မိပါတယ်။

ဒီခွေးသားက ငါ့ကို ပြောင်လိုက်တာပဲ…

"အေးပါ တန်လေးရာ မင်း ဒီလောက်အထိ စိတ်ထဲ ခံစားမနေပါနဲ့" ဟု ကြူရှီယာက တန်နာဇီ၏ ဖြူလျော်တဲ့ မျက်နှာအား ကြည့်ပြီး ပုခုံးကို ပုတ်ရင်း ပြောလိုက်ပါတယ်။ သူက သဘောထားကြီးတဲ့ လူတစ်ယောက်ပုံနဲ့ ထပ်ပြောလိုက်ပါတယ်။

" ငါတို့တွေ ဆက်ခုခံနေရင် အနိုင်ရမယ်လို့ မင်းထင်သလား"

တန်နာဇီ မျက်ခုံးပင့်လိုက်တယ်။ ပြိုင်ဖက်ရန်သူတွေက ၆၅ယောက်ပဲ ရှိတာပါ။ မှော်ဆေးဆရာနဲ့ ဆေးပညာကျောင်းသားတွေ ဖယ်လိုက်ရင် သူတို့မှာ မှော်ဆရာ ၁၀ယောက် ဓားသမား ၁၀ယောက် လေးသမား ၈ယောက်နဲ့ စစ်သူရဲ ၁၁ယောက် ရှိပါတယ်။ သူတို့အဖွဲ့ရဲ့ လက်ရှိအနေအထားမှာ ဆယ်ယောက်အဖွဲ့ မဆိုထားနဲ့ တစ်ဦးချင်း တိုက်ရင်တောင် မဖြစ်နိုင်ပါဘူး။

သူတို့ရဲ့ မူလစွမ်းအားတွေ ပြန်မရဘဲနဲ့ အနိုင်ရဖို့က လုံး၀ မဖြစ်နိုင်ပါဘူး။

တန်နာဇီဟာ သူတို့နိုင်ခြေ မရှိဘူးဆိုတာ သဘောပေါက်လိုက်ပေမယ့် မတိုက်ရဘဲ အညံ့ခံတာကိုတော့ သဘောမကျပါဘူး။

"ဟုတ်ပါပြီ… မင်းက ယန်းရဲ့ ဓားကို ငါ့ဆီခဏ ငှါးပေးလိုက်လို့ ရတာပဲ…"

တန်နာဇီ တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

"ငှါးပေးရင်တောင် ငါတို့နိုင်ခြေက ငါးဆယ်ရာခိုင်နှုန်း အောက်မှာပဲရှိနိုင်တယ်။ နောက်ပြီး အဲ့ဒီ ငါးဆယ်ရာခိုင်နှုန်းနဲ့ စွန့်မယ့်အစား တစ်ခြားနည်းသုံးပြီး ငါတို့ကိုယ်ငါတို့ ကာကွယ်လိုက်မှာပေါ့"

"ဘာ တစ်ခြားနည်းလဲ ရှန်ဂျူကလွဲရင် ငါတို့အကုန်လုံးရဲ့ တံဆိပ်တွေ ပေးလိုက်ပြီလေ။ ရှန်ဂျူက ခုခံနိုင်စွမ်း မရှိတဲ့ ကလေးလေ။ သူ့ဆီကနေ မင်းတို့ မမျှော်လင့်.. ခဏနေပါဦး"

တန်နာဇီ အခုတင်ပဲ ရူးသွပ်တဲ့ အတွေးတစ်ခု ရလိုက်ပါတယ်။ ရှန်ဂျူ ပျောက်သွားပြီးတာနဲ့ ကြူရှီယာက အခုလို ထူးထူးခြားခြား လုပ်လိုက်တာကို သူ သတိရလိုက်ပါတယ်။ ဒီ မြေခွေးကောင် ပြောပုံအရဆိုရင် သူဖြစ်ချင်နေတာက…

" မင်း နောက်နေတာလား"

တန်နာဇီ တွေးမိလိုက်တာက ဒါက တော်တော် ရူးသွပ်တာပဲဟုပင်။

"မင်း ဘယ်လိုထင်လို့လဲ။ ဂျူလေးရဲ့ အရည်အသွေးက တစ်ချို့နေရာတွေမှာ နှိုင်းလို့ မရအောင်ဘဲလေ။ ဒီလို ပါရမီရှင် တစ်ယောက်ကို ငါ ပထမဆုံး မြင်ဖူးတာပဲ။ ငါ့ကို ယုံလိုက် သူက ငါတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးကွ"

ကြူရှီယာက သူမတူအောင် ဉာဏ်ကြီးလှပါတယ်။ ရှန်ဂျူရဲ့ တံဆိပ် အလုမခံရသရွေ့ သူတို့အားလုံး အနက်ရောင်တောထဲမှာ အန္တရာယ်ကင်းစွာ နေလို့ရပါပြီ။

"အဲ့ဒါ မတိုင်ခင် ငါ မေးစရာတစ်ခုရှိတယ်"ဟု ယန်ယုက ရုတ်တရက် ထပြောလိုက်ပါတယ်။

"ဘာကိုလဲ"

"ငါ့ကိုဖြေကြ…"

ယန်ယုက သူ့ဘော်ဒါ သုံးကောင်ကို မရေမရာပုံနဲ့ ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။

"သူ ဘယ်အချိန်က ပျောက်သွားတာလဲဆိုတာ မင်းတို့သိကြသလား"

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၂၈)

ရှန်ယန်ရှောင် ဘယ်အချိန်က ထွက်သွားလဲ ဆိုတာကို သူမကလွဲရင် ဘယ်သူမှ မသိကြပါဘူး။

အဖွဲ့တစ်ဖွဲ့လုံး အသတ်ခံရကာနီး ဖြစ်နေချိန်မှာပဲ တစ်ဦးတည်းသော လွတ်မြောက်သူဟာ အပင်မြင့်ကြီးတွေကြားမှာ လျှင်မြန်စွာ သွားနေပါတယ်။

"အဲ့ဒီလူတွေကို ချန်ထားခဲ့တာ အဆင်ပြေလို့လား"

ဆံပင်နီနီနဲ့ ပုံရိပ်တစ်ခု ရှန်ယန်ရှောင် ပုခုံးပေါ်မှာ ထွက်ပေါ်လာပါတယ်။ သူ၏ နီရဲတောက်ပနေသော မျက်လုံးနှင့်အတူ မျက်ခုံးတစ်ချက် ပင့်ပြီး မေးလိုက်ခြင်းပါ။

"ဘာဖြစ်လို့လဲ။ မင်းပဲ အပြင်ထွက်လာပြီး ကြည့်ချင်နေတာ မဟုတ်ဘူးလား"

ရှန်ယန်ရှောင်က သွားရင်းနဲ့ပဲ ပြောလိုက်တာပါ။

သူမပုခုံးပေါ် လဲလျောင်းနေတာက ဇာမဏီငှက်ပါပဲ။ သူမ ကျောင်းကိုရောက်တည်းက သူမကိုယ်ထဲ ဝင်နေဖို့ အတင်းအကျပ် လုပ်ခဲ့တာပါ။ သူမရဲ့ မူရင်းသရုပ်ကို ဖုံးကွယ်ထားဖို့အတွက် ဇာမဏီငှက်နဲ့ အကျိတ်အနယ် ပြောဆိုခဲ့ရပြီး ရှူရဲ့ ဝင်ရောက်ကူညီမှုကြောင့်သာ ငှက်စုတ်က နာခံစွာနဲ့ သူမကိုယ်ထဲ ဝင်ခဲ့တာပါ။

အစောက ကာကွယ်ချိန် တစ်နာရီ ကုန်တာနဲ့ သူမက ခြုံပုတ်ထဲ ဝပ်ကာပုန်းနေခဲ့ပါတယ်။

သူမက သေးသွယ်တဲ့အပြင် အခြားကျောင်းသား တွေထက် နှစ်နှစ် သုံးနှစ်ခန့် ငယ်ပါတယ်။ သူတို့တွေက ကြူရှီယာနဲ့ တစ်ခြားသုံးယောက် ဆီမှာပဲ အာရုံရောက်နေပြီး သူမ ဘယ်ရောက်နေလဲ ဆိုတာကို ဘယ်သူမှ သတိမပြုမိကြပါဘူး။ ဒါကြောင့် တိုက်ပွဲနယ်မြေကနေ သူမ အသာအယာ ထွက်လာခဲ့တာပါ။

ခြေသလုံးဖက်ရမယ့်သူ မရှိမှတော့ သူမ ဘာတတ်နိုင်ဦးမှာလဲ ဟုတ်ဘူးလား…

သူမတို့အဖွဲ့နောက်ကို လိုက်လာတဲ့ လူလှိုင်းကြီးကို ကြည့်တာနဲ့ ကြူရှီယာတို့ နိုင်ခြေမရှိဘူးဆိုတာ သူမသိလိုက်ပြီးပါပြီ။ ဒါကြောင့် အသေခံဖို့ ထိုင်စောင့်နေမယ့်အစား လွတ်ရာကိုပဲ သွားလိုက်တာပါ။

သူမကို ဘယ်သူမှ မဖမ်းနိုင်သရွေ့ သူမတို့တွေ တောထဲမှာ အဆင်ပြေစွာ ဆက်နေလို့ ရပြီဖြစ်ပါတယ်။

"ဟင့်… စာချုပ်ကြောင့်သာ မဟုတ်ရင် သခင့်ကိုယ်ထဲ ငါဝင်နေမှာ မဟုတ်ဘူး"

ဇာမဏီငှက်က မာနကြီးစွာ ပြောလိုက်ပါတယ်။

"မင်းက အခုလို ထွက်ပြေးလာစရာ မလိုပါဘူး။ ငါ့သခင်ဟာ ဘယ်တော့မှ အန္တရာယ်ကနေ ထွက်မပြေးသင့်ဘူး။ အဲ့ကောင်တွေက နိမ့်ကျတဲ့ လူသားအုပ်စု တစ်စုပဲကို။ ငါ့လက်ချောင်းလေး တစ်ချောင်းကို အသာအယာ လှုပ်လိုက်တာနဲ့ သူတို့အားလုံး သေပြီလေ"

ဇာမဏီငှက် နားမလည်တာက အဲ့ဒီလို ဖော့ဖယောင်းလို ပျော့ပြောင်းလွန်းတဲ့ အုပ်စုကို သူ့သခင်ဖြစ်သူက ထွက်ပြေးလာခြင်း အကြောင်းကိုပါ။

သူ့လို သားရဲနတ်ဘုရားမျိုးအတွက် သိက္ခာကျဆင်း စေတဲ့အဖြစ်ပဲ။

"ဟုတ်ပါပြီ.. ကျေးဇူးပါပဲ။ ဒါပေမဲ့ ငါက အထုတ်ခံရဖို့ စီစဉ်နေတာ မဟုတ်ဘူးလေ"

ဒီ သားရဲနတ်ဘုရားက ဘာများမှားနေတာလဲ… အမြဲတမ်းပဲ လက်ညှိုးနဲ့ ဒီမှာ အမှုန့်ခြေ ဟိုမှာ အမှုန့်ခြေဆိုပြီး သတ်မယ်ပဲ ပြောပြောနေတယ်။ ရှူ တောင်မှ အဆင့်၈ မှော်သားရဲကိုပဲ သတ်ခဲ့တာပါ… ဒီဇာမဏီက ကျောင်းသားတွေကိုပါ သတ်မယ်ဆိုပြီး ကြမ်းကြုတ်လွန်းလှတယ်။

ဘာ သားရဲနတ်ဘုရားလည်း ဒါက မကောင်းဆိုးဝါး။

"ကောင်းကောင်းမွန်မွန်နေနော် မဟုတ်ရင်တော့ မင်းကို ငါ့ကိုယ်ထဲ ပြန်ထည့်လိုက်မှာပဲ"

သူမဟာ လူ့အခွင့်အရေးကို နားမလည်တဲ့ ငှက်နာနဲ့ အချိန်ကုန်ခံပြီး ငြင်းမနေချင်ပါဘူး။ ပိုအရေးကြီးတဲ့ လုပ်စရာတွေ ရှိပါသေးတယ်။

သူမရဲ့အဖွဲ့က အခုလောလောဆယ် အခြေအနေ ဆိုးရွားနေပေမယ့် အရှုံးပေးဖို့ သူမ စိတ်ကူးမရှိပါဘူး။ ဖြေဆေးနည်းစာရွက်ကို သူမ ပစ်ထားလိုက်ပါပြီ။ ဆေးပညာရပ်ကို တစ်လသာ လေ့လာရသေးတဲ့ သူမအတွက် ဒီခက်ခဲလှတဲ့ ဆေးနည်းဟာ သူငယ်တန်းကျောင်းသားကို တက္ကသိုလ် စာမေးပွဲ ဝင်ဖြေခိုင်းနေသလိုပါပဲ။

ဒါက လုံး၀ ပျော်စရာ မကောင်းပါဘူး။

အဲ့ဒါကြောင့် သူမတို့ရဲ့ မူလအစီအစဉ်ကို လောလောဆယ် ပယ်ဖျက်ထားဖို့ သူမ အသင့်ဖြစ်နေပါပြီ။

ဒါပေမဲ့ လောလောဆယ်အတွင်း မှာပဲနော်။

သူမရဲ့ ခန့်မှန်းခြေအရ တောထဲမှာ စစ်ဆေးခံ ကျောင်းသားတွေအပြင် ကျောင်းသားတွေ အသက်မထိခိုက်အောင် ကာကွယ်ဖို့အတွက် ဆရာတွေဟာ လျှို့ဝှက်စွာ ပုန်းနေမှာပါ။ သူတို့ရဲ့ အလုပ်က စစ်ဆေးပွဲကနေ ကျရှုံးခဲ့တဲ့ ကျောင်းသားတွေကို အပြင်ကို ခေါ်ထုတ်ပေးဖို့အပြင် စစ်ဆေးပွဲဝင် ကျောင်းသားတွေကို အဆင့်နိမ့် မှော်သားရဲတွေက မတိုက်ခိုက်အောင် ကာကွယ်ပေးဖို့ရယ်ပါ။

ကောင်းကျိုးမပေးသော သမီးပျို

အခန်း (၁၂၉)

အခုချိန်မှာ သူမအနေနဲ့ မျက်စိစပါးမွှေး စူးစရာ လေးကောင် မပါရင်တောင် ဒီစစ်ဆေးပွဲကို သူမတစ်ဦးတည်းနဲ့တင် အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။အဲ့ဒီ ပြန့်ကျဲနေတဲ့ ကျောင်းသားတွေက ဘာအတွက်လဲ။ သူမအမြင်မှာတော့ တလက်လက်တောက်ပနေတဲ့ ရင်ထိုးတံဆိပ်တွေပဲ ရှိပါတယ်။ဆောက်တည်ရာမရ ဖြစ်နေတဲ့ ကျောင်းသားလေးတွေဆီကနေ တံဆိပ်ယူဖို့က သူမအတွက် လွယ်လှပါတယ်။

ပြဿနာက သူမရဲ့ အဖွဲ့သားလေးကောင်ကို ကယ်ဖို့ မကယ်ဖို့ပါပဲ။

ဒါပေမဲ့ သူမကို ရောင်းစားခဲ့တဲ့ လူလိမ်ကောင်ကို တွေးမိတာနဲ့ ကယ်ဖို့စိတ်ကူးကို ဖျက်လိုက်ပါတယ်။

တိရစ္ဆာန် လေးကောင်ကို အနည်းငယ်တော့ ဒုက္ခ ခံခိုင်းထားဦးမယ်။

ဆုံးဖြတ်ပြီးတာနဲ့ သူမရဲ့ မိစ္ဆာမျက်လုံးတွေကို သူမ မြင်ကွင်းထဲ ဝင်လာတဲ့ ကျောင်းသားတွေဆီကို ပို့လိုက်ပါတယ်။

ပြောရမယ်ဆို ဇွတ်အတင်း ဖွဲ့ထားရတဲ့အဖွဲ့ဝင်ငါးဦး နေရာယူပုံက စနစ်မကျကြပါဘူး။သူတို့ရဲ့ လူအားနဲ့ အရာရာ အဆင်ပြေသင့်ပေမယ့် လုလင်ပျိုလေးဦးနဲ့ ပန်းကလေးလို လှပတဲ့ မိန်းမပျိုတစ်ဦးပါ အဖွဲ့အတွက်ကတော့…

အစစအရာရာ ခြားနားသွားပါတယ်…

အဲ့ဒီကိစ္စက အဖွဲ့တစ်ဖွဲ့မှာ ဖြစ်ခဲ့တာပါ။

စမ်းချောင်းလေးဘေးက ကျောက်တုံးပေါ်မှာ ချွေးနစ်နေတဲ့ မှော်ဆေးဆရာဌာနရဲ့ လှပထူးခြားတဲ့ ပန်းတစ်ပွင့်ဖြစ်သူ ကျွမ်ရှန်းနီဟာ မလှမပ ထိုင်နေပါတယ်။ သူမရဲ့ ဖြူဖွေးတဲ့ မျက်နှာမှာ ချွေးပွင့်အချို့ ရှိနေပါတယ်။ ဓားသမားဌာနက ထိပ်တန်းကျောင်းသား ချောင်းရှူနဲ့ လေးသည်တော် ဌာနက ထိပ်တန်းကျောင်းသား မန်ယိဂျွန်တို့ဟာ ပင်ပန်းနွမ်းနယ်နေပေမယ့် အလှလေးရှေ့မှာ မျက်နှာ အပျက်မခံနိုင်လို့ ဟန်လုပ်မာန်တင်း နေကြပါတယ်။ အသန့်အရှင်း ရောဂါရှင် ရှန်ဂေါင်းရှောင်ကတော့ သူ၏ မည်းညစ်နေသော လက်ကို လက်ကိုင်ပုဝါနဲ့ အတင်းပွတ်နေပါတယ်။ သူက ရူးနေသလိုမျိုး အတင်းပွတ်နေပုံက လက်သည်းတွေတောင် ကျွတ်ထွက်တော့မလိုပါပဲ။

"ဒီတစ်ခါက ကိုရှန်ဂေါင်း ကျေးဇူးကြောင့်ပဲ"

ချောင်းရှူက ချွေးသုတ်ရင်း ဖုန်တွေနဲ့ စစ်ပွဲနွှဲနေတဲ့ ရှန်ဂေါင်းရှောင်ကို ကြည့်ပြီး ပြောလိုက်တာပါ။

"အဲ့လောက် မဟုတ်ပါဘူး။အဖွဲ့ထဲ ပါမယ်လို့ ပြောပြီးမှတော့ အမှိုက်လိုကောင်တွေကနေ ငါတို့အဖွဲ့ကို အနိုင်ယူတာ ထိုင်ကြည့်နေလို့ ဘယ်ဖြစ်မလဲလေ"

ရှန်ဂေါင်းရှောင်ဟာ သူ့လက်နှစ်ဖက်လုံးမှာ ဘာအညစ်အကြေးမှ မရှိတာသေချာပြီဆိုမှ လက်ကိုင်ပုဝါအား စမ်းချောင်းထဲ ပစ်လိုက်ပါတယ်။

"ကိုရှန်ဂေါင်းပြောတာ ဟုတ်တယ်။ အဲ့ဒီ ကောင်စုတ်လေးတွေက ငါတို့အဖွဲ့ကို ပွဲစတည်းက ပစ်မှတ်ထားတာကိုက ဉာဏ်မရှိလို့ပဲ။ ကိုရှန်ဂေါင်း အလတ်တန်း သမားတော်ဖြစ်တာကို သိကြရဲ့သားနဲ့လေ။ ကိုရှန်ဂေါင်းရဲ့ ဆေးရည် နည်းနည်းနဲ့တင်ကို သူတို့အားလုံး မလှုပ်နိုင်ကြတော့ဘူး"

မန်ယိဂျွန်က ချီးကျူးပြောဆိုလိုက်ပါတယ်။

"ငါက အခုမှ မူလတန်းအဆင့်ရဲ့ ထိပ်ဆုံးအဆင့်မှာ ရှိသေးတာပါ"

ရှန်ဂေါင်းရှောင်ဟာ နှိမ့်ချတဲ့ပုံနဲ့ ပြောလိုက်ပေမယ့် သူ့မျက်လုံးထဲမှာ ဂုဏ်ယူဝံ့ကြွားဟန်ကို သိသိသာသာ တွေ့မြင်ရပါတယ်။

သူဟာ ဆယ့်ရှစ်နှစ်ပဲ ရှိသေးသော်လည်း မူလတန်း ထိပ်ဆုံးအဆင့် သမားတော် ဖြစ်နေပါပြီ။ဒီလို အရည်အချင်းမျိုးက တော်ဝင်ရိုလန်ကျောင်း မှာတောင် ရှားပါးပါတယ်။

"ကိုရှန်ဂေါင်းအဖို့ ပင်ပန်းခဲ့ရပြီနော်" လို့ ကျွမ်ရှန်းနီဟာ ပင်ပန်းလွန်းလို့ သနားစဖွယ် ဖြစ်နေတဲ့ မျက်နှာလေးနဲ့ ပြောလိုက်ပါတယ်။

ကျွမ်ရှန်းနီရဲ့ စိုးရိမ်မှုက ရှန်ဂေါင်းရှောင်ကို ကျေနပ်စေခဲ့ပါတယ်။သူက ချောင်းရှူနဲ့ မန်ယိဂျွန်တို့ကို ပြောသလိုမဟုတ်ဘဲ ကျွမ်ရှန်းနီအား အသာအယာ ပြုံးပြလိုက်ပါတယ်။

"ငါရှိနေသရွေ့ မင်းရဲ့ မူလစွမ်းအားတွေ ပြန်ရစေဖို့ စိတ်သာချနေလိုက် ဟုတ်ပြီလား"

ဆေးပညာဌာနရဲ့ ထိတ်ဆုံးကျောင်းသားဖြစ်လို့ သူက အလွန်အမင်း ယုံကြည်ချက် ရှိပါတယ်။ဒီ တစ်ခါမှာ ပထမဆုံး ဖြေဆေးဖော်မယ့်သူက သူပဲ ဖြစ်ရမယ်။

ကျွမ်ရှမ်းနီက သူ့ရဲ့ ပြောကြားချက်ကြောင့် အသာ ပြုံးလိုက်ပါတယ်။တစ်ဖက်မှာတော့ ချောင်းရှူနဲ့ မန်ယိဂျွန်တို့က အံတကြိတ်ကြိတ်နဲ့ပါ။

သူ့ဆေးပညာပေါ်မှာသာ မှီခိုစရာမလိုရင် ဒီသမားတော်ပေါက်စနက သူတို့အရှေ့မှာ ကြွားဝါနိုင်ပါ့မလား။

All Chapters