အခန်း (၁၅၁-၁၅၃)
Vol. 11 Ch. 151-153
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၅၁)
ဒါပေမဲ့လည်း တန်နာဇီရဲ့ အော်ဟစ်သံကိုပြန်တုံ့ပြန်တာမကြားရပါဘူး။
သူတို့ထဲကတစ်ယောက် ထိခိုက်တာကိုသိလိုက်ရတဲ့ နောက်ကလိုက်သူတွေက ပိုပြင်းထန်စွာလိုက်တိုက်ကြပါတော့တယ်။
"အခု တစ်ယောက်ယောက်ထိသွားပြီဆိုတော့ မင်းတို့ရဲ့တံဆိပ်တွေကို ပေးတော့မလား"
"သူတို့ထဲကတစ်ယောက် ထိထားတာဆိုတော့ ပိုကောင်းတယ်လေ သူတို့ကြာရှည်တောင့်ထားနိုင်မှာမဟုတ်တော့ဘူး။ ဒီအခွင့်အရေးကိုအသုံးချပြီး သူတို့လေးယောက်လုံးကို ပွဲထဲကနေထုတ်ပေးလိုက်ကြစို့"
ကျောင်းသားအတော်များများ စိတ်ပျော်သွားကြပါတယ်။ ဒီစူပါအသင်းကို ပွဲကနေထုတ်ပစ်ဖို့ သူတို့မစောင့်နိုင်ကြတော့ပါဘူး။ အဲ့လိုဆိုရင် စာမေးပွဲပြီးသွားရင်တောင် သူတို့အနေနဲ့ကြွားလုံးထုတ်လို့ရပါပြီ။
မှော်ပညာဌာနက အတော်ဆုံးကျောင်းသား စစ်သူရဲဌာနကအတော်ဆုံးကျောင်းသားနဲ့ နတ်ဆရာဌာနက အတော်ဆုံးကျောင်းသားတွေဆိုတာ ထင်သလောက်မဟုတ်ပါဘူးကွာဆိုပြီးတော့ လေကန်လို့ရပြီလေ။
နောက်ပြီးတော့လည်း သူတို့ကို ကြူရှီယာတို့က ပြန်တိုက်မှာကိုလည်း သူတို့မကြောက်ကြပါဘူး။ အခုလိုမလိုက်ခင်တုန်းက သူတို့သိထားခဲ့တာဆိုရင် ကြူရှီယာတို့နောက်ကိုလိုက်တဲ့ကျောင်းသားအရေအတွက်က ရာဂဏန်းအနည်းဆံးပဲတဲ့လေ။ အဆိုပါကျောင်းသားရာကျော်ထဲကနေ သူတို့ကို ကြူရှီယာတို့က ခွဲထုတ်ပြနိုင်မယ်လို့ သူတို့မယုံပါဘူး။
" ဒါနဲ့ သူတို့က ဘာလို့လေးယောက်ထဲဖြစ်နေရတာလဲ။ ငါမှတ်မိတဲ့အတိုင်းဆိုရင် ဆေးကျောင်းသားအသစ်လည်း သူတို့အဖွဲ့ထဲမှာပါ"
ကျောင်းသားတစ်ယောက်က စဉ်းစားရခက်ဟန်နဲ့ သူ့အဖော်ဖြစ်သူအားမေးလိုက်ခြင်းဖြစ်ပါတယ်။
"ဘယ်သူသိမလဲလေ...ငါတို့လိုက်နေတာ နေ့တစ်ဝက်ရှိပြီပဲ အဲ့ဒီကျောင်းသားကို တွေ့မှမတွေ့ရသေးတာ။ သူတိုနဲ့ခွဲပြီးသွားတာဖြစ်ရင်ဖြစ် ပုန်းနေတာဖြစ်ရင်ဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ်ပါလေ သူကတိုက်ခိုက်နိုင်စွမ်းမရှိတဲ့ ဆေးပညာဌာနက ကျောင်းသားသစ်ပဲ ငါတို့အားလုံးလုပ်ရမှာက ကြူရှီယာတို့လေးယောက်ကို စာမေးပွဲကနေထုတ်ပစ်ဖို့ပဲ။ အဲ့ကလေးဘယ်ရောက်နေလဲဆိုတာ ငါတို့ပူစရာမလိုပါဘူးကွာ"
ဒီစာမေးပွဲမှာ တံဆိပ်အရင်ဆုံးရှုံးသွားတဲ့အဖွဲ့ဝင်က အရင်ထွက်သွားချင်လည်းရပါတယ်။ ဒါကြောင့်လည်း အဲ့ဒီကောင်ဘယ်ရောက်နေလဲဆိုတာ သူတို့ပူမနေပါဘူး။ နောက်ပြီးတော့လည်း ဆေးကျောင်းသားအသစ်တစ်ယောက်ဖြစ်ပြီး အကူသမားတော်တောင်မဟုတ်သေးတာကို ဘာကြောက်စရာရှိမှာလဲ။
ကျောင်းသားအုပ်က ပိုထိန်းမရသိမ်းမရဖြစ်လာပြီး ကြူရှီယာတို့လည်း တိုက်ခိုက်မှုကိုပိုခံရပါတော့တယ်။
"ဒီကောင်တွေအုပ်စုကတော့ကွာ အားလုံးကိုသွားကျိုးအောင်ကို ရိုက်ပေးဦးမယ်ဟေ့"
တန်နာဇီလည်း တိုက်ခိုက်မှုပိုပြင်းထန်လာတာကို သိလိုက်ပါတယ်။ သူ့ဘိုးတော်ကို ကတိပေးထားတာကြောင့်သာမဟုတ်ရင် ဒီသောက်ကလေးတွေဆီသွားပြီး သတ်မိမှာပါ။
"နောက်တွေ့ရမယ့်အခွင့်အရေးတွေ အများကြီးရှိပါသေးတယ်လေ"
ကြူရှီယာရဲ့နှုတ်ခမ်းထောင့်က မဲ့ရွဲ့တဲ့ဟန်ဖြစ်သွားပါတယ်။ အမြဲလိုလိုအေးဆေးစွာနဲ့ အဆင့်အတန်းရှိစွာနေတတ်တဲ့ သခင်လေးမှာ လူသတ်လိုတဲ့အရိပ်အယောင်တွေပြည့်နေပါပြီ။
ယန်ယုရဲ့အခြေအနေက ပိုပိုဆိုးလာပါတယ်။ ယန်းရှီအနေနဲ့ ယန်ယုရဲ့အသက်ရှူသံကိုတောင်မကြားတော့သလောက်ပါပဲ။ သူတို့အရှေ့က တောင်စောင်းဆင်ခြေလျှောကိုတွေ့လိုက်တာနဲ့ အံကြိတ်ကာပြောလိုက်ပါတယ်။
"တစ်ခြားနည်းမရှိတော့ဘူးဟေ့။ ငါတို့ခုန်ချရမယ် နောက်ကလူတွေကို မျက်ခြေဖြတ်နိုင်တာနဲ့ ယုလေးလည်း ဆေးသောက်လို့ရပြီ"
ယန်းရှီရဲ့အကြံကို ကြူရှီယာနဲ့ တန်နာဇီတို့ ချက်ချင်းသဘောတူလိုက်ပါတယ်။ လူလေးယောက်ဟာ အံ့သြမင်သက်နေတဲ့ လူတွေအရှေ့မှာပဲ တောင်စောင်းကနေခုန်ချသွားလိုက်ကြပါတယ်။
"သူတို့ကိုယ်သူတို့ သတ်သေဖို့ကြိုးစားနေကြတာလားမသိဘူး"
ရပ်သွားကြတဲ့ကျောင်းသားတွေက ခုန်ချသွားကြတဲ့ကျောပြင်တွေကို ငေးကြည့်နေလိုက်ကြပါတယ်။ အဲ့ဒီနောက်တောင်စောင်းနေရာကို ပြေးသွားလိုက်ကြပြီး အောက်ကိုကြည့်လိုက်တော့ အမှောင်ထုကလွဲရင်ဘာမှမတွေ့ကြရပါဘူး။
အမှောင်ထဲမှာပဲ တောင်စောင်းအောက်ခြေကိုရောက်သွားတဲ့ လူရိပ်လေးခုအားဝိုးတဝါးတွေ့မြင်လိုက်ရပြီး ပျောက်ကွယ်သွားပါတော့တယ်။
မတ်စောက်လှတဲ့ တောင်စောင်းကိုကြည့်လိုက်မိပြီး ကျောင်းသားအားလုံး တံတွေးမြိုချလိုက်မိကြပါတယ်။ ဒီလောက်မတ်စောက်ကြီးကို လေးကောင်လုံးအတည်ကြီးခုန်ချသွားတာပဲ သူတို့ဘာမှမဖြစ်ကြဘူးလား။
အမှောင်ထဲမှာတော့ ယန်းရှီက ယန်ယုကိုသယ်ဆောင်လာပါတယ်။ မြက်ပင်တွေက သူတို့ကိုသက်သာစေတယ်ဆိုပေမယ့် ကျောက်တုံးတွေကတော့ သူတို့ကိုနာကျင်စေပါတယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၅၂)
အမှောင်ထုထဲမှာတော့ အရိုးတချို့ကျိုးသွားကြလို့ လူလေးယောက်ကမြေပေါ်မှာ ဒီအတိုင်းပဲလှဲလျောင်းနေကြပါတယ်။
မျိုးနွယ်စုကြီးငါးစုထဲက သခင်လေးတွေအနေနဲ့ လေးယောက်လုံးဟာ အခုလိုတစ်ခြားသူတွေရဲ့ ဖိအားကြောင့်ခံစားရတာ ဒါပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်။ သူတို့တွေအံကိုပိုကြိတ်မိစေတာကတော့ အခုလိုဖြစ်အောင်လုပ်ခဲ့သူတွေက ဒီလိုဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းမပြည့်မီတဲ့ သာမန်ကျောင်းသားတွေဖြစ်နေခြင်းပါပဲ။
"အဲ့ဒီခွေးမသားတွေက ဆက်လိုက်ဖို့ဇမရှိကြဘူးနဲ့တူတယ်"
မြေပေါ်မှာလှဲနေတဲ့ တန်နာဇီဟာ နာကျင်မှုကြောင့်အံကိုကြိတ်ကာ ခန္ဓာကိုယ်ကိုရပ်တည်နိုင်ဖို့လုပ်နေရင်း ပြောလိုက်ပါတယ်။
ယန်းရှီနဲ့ ကြူရှီယာတို့နှစ်ယောက်လုံးက မိမိတို့ဒဏ်ရာတွေကို အရေးမပြုကြဘဲ ယန်ယုလက်ကလက်စွပ်ထဲကနေပြီး ယန်ယုသောက်ရမယ့်ဆေးကိုပဲ နှိုက်ယူလိုက်ကြပါတယ်။
သတိမေ့နေဆဲဖြစ်တဲ့ ယန်ယုအားဆေးတိုက်ရန်လုပ်ဆောင်နေစဉ်မှာပဲ အနီးနားကသစ်ပင်တွေကြားကနေ အလင်းရောင်တစ်ခုသူတို့ဆီသို့ ရွေ့လျားလာပါတယ်။
"အဲ့ဒါက အလင်းကျောက်ကထွက်တဲ့အလင်းရောင်ပဲ။ ချီးတဲ့မှပဲ တစ်ခြားအဖွဲ့တွေ ဒီအနားမှာရှိသေးတာပဲဟေ့"
တန်နာဇီကတော့ လုံးဝကိုစိတ်တိုနေပါပြီ။ သူတို့အားလုံးအခုလေးတင်ပဲ အသည်းအသည်ပြေးကာလွတ်မြောက်လာရုံပဲရှိသေးတာကြောင့် တိုက်ခိုက်ဖို့အင်အားလုံးဝမရှိကြတော့ပါဘူး။ အခုတစ်ကြိမ်နောက်အဖွဲ့နဲ့ရင်ဆိုင်ရရင် ထွက်ပြေးဖို့အတွက်ကို သူတို့မှာအင်အားမရှိတော့တာပါ။
ကြူရှီယာက ယန်ယုပါးစပ်ထဲကို ဆေးတွေလောင်းချလိုက်ပါတယ် ကျန်တာကိုတော့ မီးစင်ကြည့်ကရမှာပဲလေ။
အလင်းရောင်တဖြည်းဖြည်းချင်းနီးကပ်လာတာကို ကြည့်လိုက်ပြီးတော့ သူတို့အားလုံးစိတ်ဓာတ်က အဝီစိထိကျဆင်းသွားရပါတယ်။
သူတို့တွေ တစ်ကယ်ကြီးပဲအခုလို ပိုးဆိုးပိုးစက်ရှုံးနိမ့်ရတော့မှာလား....
သူတို့တွေ မျှော်လင့်ချက်မဲ့နေချိန်မှာပဲ ရင်းနှီးနေတဲ့ လှောင်ပြောင်လိုက်တဲ့အသံကို ကြားလိုက်ရပါတယ်။
"ဟေး မင်းတို့လေးယောက်လုံးလည်း ဒီမှာရှိနေတာကိုး ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ"
အသံမဆုံးခင်မှာပဲ လူတစ်ယောက် သစ်ပင်တွေကြားကနေထွက်လာပါတယ်။
မီးလင်းကျောက်ကိုကိုင်ထားတဲ့ ရှန်ယန်ရှောင်က မြေပေါ်မှာထိုင်နေတဲ့လေးကောင်ကိုကြည့်လိုက်ပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ပုံပန်းပျက်နေတဲ့ကိုယ်နေဟန်ထားနဲ့ သူမရဲ့အဖွ့ဲသားလေးကောင်အား သရော်တော်တော်မျက်လုံးနဲ့လိုက်ကြည့်လိုက်ပါတယ်။
"ရှန်ဂျူ"
တန်နာဇီက သူ့ရှေ့မှာရှန်ဂျူကိုတွေ့လိုက်ရလို့ မယုံနိုင်အောင်ဖြစ်နေပါတယ်။
ကြူရှီယာ စိတ်သက်သာရသွားပါတယ်။ ပျောက်နေတာကြာပြီဖြစ်တဲ့ သူ့အသင်းဖော်ကိုတွေ့လိုက်ရလို့ သူ့နှုတ်ခမ်းတွေကွေးညွတ်သွားပါတယ်။
"သူခိုးလေး မင်းအဲ့ဒီနေ့က လစ်ထွက်သွားတာတော်တော်မြန်တာပဲနော်"
ရှန်ယန်ရှောင်ပြုံးရင်းနဲ့ပဲ ပုံပျက်ပန်းပျက်လေးယောက်အား ကြည့်နေမိရင်း ယန်ယုပုံစံအားသတိထားမိသွားပါတယ်။
"သူ ဘာဖြစ်နေတာလဲ"
"ဘာမှမဟုတ်ပါဘူးကွာ ပင်ပန်းလွန်းသွားလို့ပါ"
ယန်းရှီကပြန်ဖြေလိုက်တာပါ။
ယန်းရှီတစ်ခုခုကိုဖုံးကွယ်ပြီးဖြေလိုက်တာကို သူမသတိထားမိပေမယ့် စိတ်မဝင်စားလို့ဆက်မမေးတော့ပါဘူး။ သူမစိတ်ဝင်စားနေတာက သူတို့လေးကောင်ရဲ့ အခြေအနေမလှမပဖြစ်နေရခြင်းကိုပါပဲ။
"ပြောကြပါဦး သခင်လေးတွေ ဘာဖြစ်ခဲ့ကြလဲဆိုတာ"
"ဘယ်လိုလုပ်ပြီးများ...."
သူမက အလွန်ကြင်နာတတ်သူဖြစ်တာကြောင့် သူတို့ရဲ့အခုပုံစံကိုကြည့်ကာ ရယ်မောမှာမဟုတ်ပါဘူးလေ။
ကြူရှီယာ မချိပြုံးပြုံးလိုက်ပြီး ဖြေလိုက်ပါတယ်။
" ပြောရရင်အရှည်ကြီးပဲကွ ဒါနဲ့မင်းကဘယ်ပျောက်နေတာလဲ။ မင်းပုံစံကြည့်ရတာ တစ်ခြားအဖွဲ့တွေနဲ့တွေ့ခဲ့ပုံမပေါ်ဘူး"
ရှန်ယန်ရှောင်အဝတ်အစားတွေက သပ်သပ်ရပ်ရပ်ရှိနေပြီး သူတို့တွေအနက်ရောင်တောထဲဝင်လာကာစတုန်းက အတိုင်းပါပဲ။ တစ်ဖက်မှာတော့ သူတို့လေးယောက်လုံးက စုတ်ပြတ်ကိုသတ်နေတာပဲလေ။
ရှန်ယန်ရှောင် ပုခုံးတွန့်လိုက်ကာပြောလိုက်ပါတယ်။
"ဒီအတိုင်း အပျင်းပြေလျှောက်သွားနေရင်းနဲ့ အဆင်ပြေချင်တော့ ဖြေဆေးသုံးပုလင်းဖော်နိုင်ခဲ့တယ်လေ။ ငါကမင်းတို့တွေကိုလိုက်ရှာမလို့လေ ဒီမှာတွေ့မယ်လို့တစ်ကယ်မထင်မိခဲ့ဘူး"
"ဘာဖြစ်တယ်"
တန်နာဇီက အော်မိသွားပြီး မတ်တတ်ထရပ်လိုက်ကာ စိတ်လှုပ်ရှားဟန်နဲ့ ရှန်ယန်ရှောင်အားမေးလိုက်ပါတယ်။
"မင်းပြောလိုက်တာက မင်းဖြေဆေးကိုဖော်နိုင်ခဲ့တာလို့လား"
ထိပ်တန်းသမားတော်တစ်ဦးဖြစ်လာဖို့ မျှောမှန်းထားတဲ့တန်နာဇီဟာ ဖြေဆေးဖော်မြူလာကိုတွေ့တာနဲ့ ဆေးကျောင်းသားသစ်တစ်ယောက်အတွက် ဖော်စပ်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ တွက်ထားပါတယ်။ ဖြေဆေးစပ်ဖို့ခက်ခဲမှုက ကျောင်းသားသစ်တစ်ယောက်အတွက် အလှမ်းဝေးကွာလွန်းပါတယ်။
ဒါပေမဲ့ ရှန်ယန်ရှောင်က ဖြေဆေးဖော်နိုင်ခဲ့တယ်လို့ ပြောလိုက်တယ်လေ။
ဒါ...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၅၃)
"ဒီမှာ မင်းတို့သုံးယောက်အတွက် တစ်ယောက်တစ်ပုလင်းစီပဲ"
ရှန်ယန်ရှောင်က တန်နာဇီအားတစ်ချက်ကြည့်လိုက်ကာ အလုပ်နဲ့သက်သေပြလိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ လက်ဖဝါးပေါ်မှာ အပြာနုရောင်ဆေးသုံးပုလင်းရှိနေပါတယ်။
တန်နာဇီမပြောနဲ့ အမြဲလိုလိုအေးအေးဆေးဆေးရှိတဲ့ ယန်းရှီတောင်မျက်လုံးတွေတောက်ပသွားပါတယ်။
"မင်း...ကောင်လေးရာ"
တန်နာဇီက ရှန်ယန်ရှောင်ကိုဆွဲဖက်လိုက်ပြီး သူမခေါင်းကို ပွတ်ပေးနေပါတယ်။
"ငါမင်းတို့ကိုပြောသားပဲ ဒီကောင်လေးက ဆေးရည်အတွက်ပါရမီရှင်လေးပါလို့။ ငါပြောရဲတယ်ဟေ့ ဒီဖြေဆေးတွေက အနက်ရောင်တောထဲမှာ ပထမဆုံးဖော်စပ်နိုင်တဲ့ဖြေဆေးတွေပဲဖြစ်ရမယ် ရှန်ဂေါင်းရှောင်တောင် တစ်ပုလင်းမှဖော်နိုင်ဦးမှာမဟုတ်ဘူး"
တန်နာဇီစိတ်ပျော်နေပါတယ်။ သူ့အမြင်ကသူ့ကိုသစ္စာမဖောက်ခဲ့ပါဘူး ရှန်ဂျူက တစ်ကယ်ပဲဆေးပညာပါရမီရှင်တစ်ဦးပဲ။
အခုလိုရှုပ်ထွေးလှတဲ့ဆေးရည်ကိုတောင် ဖော်စပ်နိုင်ခဲ့လို့ အနာဂတ်ဆေးလောကမှာ လွှမ်းမိုးနိုင်မယ့်သမားတော်တစ်ဦးဖြစ်လာမှာပဲ။
တန်နာဇီရဲ့ တင်းကြပ်စွာပွေ့ဖက်ထားမှုကြောင့် ရှန်ယန်ရှောင်အသက်ထွက်မတတ်ဖြစ်နေရပါတယ်။
ရှန်ဂေါင်းရှောင်ကတော့ သေချာပေါက်ဖြေဆေးဖော်နိုင်မှာမဟုတ်ပါဘူးလေ ဘာလို့လဲဆိုတော့ သူ့အဖွဲ့သားတွေနဲ့အတူ တောထဲကနေထွက်သွားခဲ့ရပြီလေ ဟုတ်တာပေါ့ သူမလက်ချက်ကြောင့်ပါ။
ဒါပေါ့လေ တန်နာဇီကတော့ ဒါကိုသိမှာမဟုတ်ဘူး။
"ဖြေးဖြေးကိုယ့်လူ"
ရှန်ယန်ရှောင်လည်း တန်နာဇီအားလက်နဲ့ပုတ်ကာပြောလိုက်ပြီး ကြူရှီယာနဲ့ယန်းရှီအားဆေးပုလင်းပေးလိုက်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ ဖြေဆေးကောင်းမကောင်းကို ပူပန်မနေဘဲ နှစ်ယောက်လုံးအဖုံးဖွင့်ကာ မော့သောက်လိုက်ကြပါတယ်။
နှစ်မိနစ်မကြာလိုက်ဘဲ သူတို့ရဲ့ပျောက်ဆုံးနေတဲ့စွမ်းအားတွေ ပြန်ရလာတာကိုသူတို့သိလိုက်ကြပါတယ်။ ဖိနှိပ်ခံထားရတဲ့ မှော်အားနဲ့ အတွင်းအားတွေ တစ်ကိုယ်လုံးကိုပျံ့သွားတာကို ခံစားလိုက်ရပါတယ်။
ကြူရှီယာကချက်ချင်းပဲ သူ့လက်ချောင်းလေးတွေထိပ်မှာ မီးပွင့်ငါးခုကိုဖန်တီးလိုက်ပါတယ်။ လူးလွန့်ကခုန်နေတဲ့ မီးပွင့်လေးတွေရဲ့အပူချိန်က ပတ်ဝန်းကျင်ကိုရိုက်ခတ်နေပါတယ်။
လက်ပြန်ဆုပ်လိုက်တာနဲ့ မီးတွေချက်ချင်းပြန်ငြိမ်းသွားပါတော့တယ်။
ရှန်ယန်ရှောင်ရဲ့ ဖြေဆေးက တစ်ကယ်ပဲစွမ်းတာကိုး။
ခဏအကြာမှာတော့ သူ့ဆေးကိုသောက်ပြီးပြီဖြစ်လို့ ယန်ယုလည်းနိုးလာပါတယ်။ ရှန်ယန်ရှောင်လည်း သူ့အားဖြေဆေးသောက်ခိုင်းလိုက်ပါတယ်။
နည်းနည်းလေးသောက်တာနဲ့ပဲ ယန်ယုမျက်နှာဟာ အခြေအနေကောင်းလာပါတယ်။ သူ့မူလအစွမ်းတွေပြန်ရတာနဲ့ ကုသခြင်းစွမ်းအင်ခုနှစ်ခုရှစ်ခုခန့်အား သူ့ကိုယ်လုံးကိုပြန်ဖုံးအုပ်စေလိုက်ပါတယ်။
အလွန်အားကောင်းလှတဲ့ ကုသခြင်းစွမ်းအင်ကြောင့် ယန်ယုလည်း မကြာခင်မှာဘဲ မတ်တတ်ရပ်နိုင်လာပါတယ်။
"ကျေးဇူးတင်ပါတယ်"
ယန်ယုက ရှန်ယန်ရှောင်ကိုကြည့်လိုက်ပြီး စိတ်ထဲကအတိုင်းကျေးဇူးတင်တဲ့အကြောင်းကို ပြောလိုက်ပါတယ်။
ရှန်ယန်ရှောင်ကတော့ သူမနှာခေါင်းကိုပဲ ပွတ်လိုက်ပြီး စကားတစ်လုံးမှမပြောခဲ့ပါဘူး။ သူတို့လေးယောက်တော်တော်လေး ခံစားခဲ့ရမယ်ဆိုတာကို သူမသဘောပေါက်သလို ဖြေဆေးသုံးလုံးကလည်း ကွက်တိကိုရောက်လာတာမှန်းလည်း သူမနားလည်လိုက်ပါတယ်။
ပြန်ကောင်းလာတာနဲ့ ယန်ယုက ကြူရှီယာ၊ တန်နာဇီနဲ့ ယန်းရှီတို့အား ကုသခြင်းစွမ်းအင်ဆယ်ခုနဲ့ ဖုံးအုပ်ပေးလိုက်ပါတယ်။
အစောက ဒဏ်ရာအနည်းငယ်ရထားတဲ့ သုံးကောင်လုံးပြန်ကောင်းသွားပါတယ်။ သူတို့ရဲ့ စုတ်ပြတ်နေတဲ့အဝတ်အစားတွေကို ဖယ်ကြည့်လိုက်ရင် သူတို့အားလုံးနဂိုအတိုင်း ပြန်ဖြစ်သွားပြီဆိုတာကို သိနိုင်ပါတယ်။
"ဒီတစ်ခါက မင်းကျေးဇူးကြောင့်ပဲဟေ့"
ကြူရှီယာက ပြုံးလိုက်ရင်း ရှန်ယန်ရှောင်ခေါင်းအားပုတ်ရင်းပြောလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ခုန်ချလာတဲ့ တောင်စောင်းအားမော့ကြည့်လိုက်ပါတယ်။
သူ့မျက်နှာပေါ်က တောက်ပနေတဲ့အပြုံးဟာ ချက်ချင်းပဲအေးခဲပျောက်ကွယ်သွားပါတော့တယ်။
"ဟိုကောင်တွေနဲ့ စာရင်းရှင်းရမယ့်အချိန်ပဲဟေ့"
"ထပ်ပြောလိုက်စမ်းပါကွာ"
ယန်းရှီဟာ သူ့ကိုယ်ပေါ်ကဖုန်တွေကိုခါလိုက်ပြီး တန်နာဇီဆီက သူ့ဒိုင်းနဲ့ ဓားကိုပြန်ယူလိုက်ပါတယ်။
ယန်ယုကတော့ ပြုံးလိုက်ကာ သူတို့ကြားကို စောင်မခြင်းအလင်းတန်းကို ထုတ်လွှတ်လိုက်ပါတယ်။ ရှန်ယန်ရှောင် ရုတ်တရက်ပဲသူမကိုယ်လုံးပေါ့ပါးသွားတယ်လိ့ု ခံစားမိလိုက်ပါတယ်။
ပထမဆုံးအကြိမ်အဖြစ် နတ်ဆရာဆီက စောင်မမှုကိုကြုံတွေ့ဖူးတာဖြစ်လို့ စမ်းသပ်တဲ့အနေနဲ့ ခုန်ပေါက်မယ်လုပ်တုန်းမှာပဲ သူမခုန်မှာကိုမစောင့်တော့ဘဲနဲ့ လက်မောင်းတစ်ဖက်က သူမခါးကိုရစ်ပတ်ပွေ့ချီလိုက်ပါတယ်။
ကြူရှီယာက ပြုံးရွှင်စွာနဲ့သူမကို ပွေ့ချီထားပြီး တောင်စောင်းပေါ်သို့ခုန်တက်လိုက်ပါတော့တယ်။