အခန်း (၁၅၄-၁၅၆)
Vol. 11 Ch. 154-156
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၅၄)
တောင်စောင်းပေါ်က ကျောင်းသားတွေဟာ ခေါင်းတွေပြူကာနဲ့ အောက်ကိုငုံ့ကြည့်နေကြပါတယ်။
"ဒါ..မင်းအောက်ကိုကျရင် မင်းမသေလောက်ပါဘူးနော် ဟုတ်လား"
ကျောင်းသားတစ်ယောက်က တံတွေးမြိုချလျက်ပြောလိုက်ပါတယ်။
"မသေပါဘူးကွာ ကြည့်ရတာသိပ်မြင့်ပုံမရပါဘူး"
နောက်တစ်ယောက်ကလည်း ယုံကြည်ချက်မရှိစွာနဲ့ ပြောလိုက်ပါတယ်။
"မင်းတို့ ဘာလို့ကြောက်နေကြတာလဲ။ ဘာပဲဖြစ်ဖြစ် သူတို့အားလုံးငါတို့မျက်နှာကို မမြင်ပါဘူး အဲ့တော့ တစ်ခုခုဖြစ်ခဲ့ရင်တောင် ငါတို့ကိုရှာတွေ့မှာမဟုတ်ဘူးရယ်"
"မင်းပြောတာဟုတ်တယ်။ သူတို့ဖာသာသူတို့ခုန်ချသွားကြတာလေ။ ငါတို့နဲ့ဘာမှမှမဆိုင်တာ"
"ဒါလည်းမဆိုးဘူးဟေ့။ အောက်ကိုပြုတ်ကျပြီးတာနဲ့ ပွဲကိုဆက်ပါနိုင်မှာမဟုတ်တော့ မကြာခင်မှာ အချက်ပြကျောက်ကိုသုံးပြီး နည်းပြတွေဆီလှမ်းအကူအညီတောင်းလိမ့်မယ်"
"ဒါဆိုလည်း သွားကြစို့။ ဘယ်လိုဆိုဆို သူတို့လည်း ဒီကိုလာမှာမှမဟုတ်တာ"
ကျောင်းသားတစ်စုက အချိန်တော်တော်ကြာအောင် ပြောဆိုနေကြပြီး တောင်စောင်းအောက်ခြေမှာ ဘာလှုပ်ရှားမှုမှမရှိလို့ လှည့်ပြန်ကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါပေမဲ့လည်း သူတို့လှည့်လိုက်ချိန်မှာပဲ နေရာမှာတင်အေးခဲသွားကြပါတယ်။
"မင်းတို့ဘယ်သွားကြမလို့လဲ"
ကြူရှီယာက လက်ပိုက်လျှက်ကျောင်းသားတွေအား ပြုံးကာကြည့်နေပါတယ်။ ယန်းရှီနဲ့ယန်ယုတို့က သူ့ဘေးတစ်ချက်စီမှာရပ်နေကြပါတယ်။ ကိုယ်ဟန်ပြေပြစ်လှတဲ့ ရှည်ရှည်သွယ်သွယ် လူငယ်သုံးယောက်ရဲ့ပုံရိပ်က လရောင်အောက်မှာ မြင်သူတိုင်းမျက်စိမလွှဲနိုင်အောင် ဖြစ်ရပါတယ်။
သူတို့ဘယ်လိုလုပ် တက်လာကြတာလဲဟ...
ကျောင်းသားစုက သူတို့ရှေ့ကလူသုံးယောက်ကို စိုက်ကြည့်နေမိကြပါတယ်။ ခုဏလေးကပဲ ဒီသုံးယောက်တောင်စောင်းအောက်ကို ခုန်ချသွားကြတာလေ။
အဲ့ဒါကြောင့် တောင်စောင်းအောက်ကို သူတို့ကြည့်နေတုန်းက ဘာမှမတွေ့ရဘူးလေ။ ဘယ်လိုလုပ်ပြီး အပေါ်ကိုတက်လာကြတာလဲဟ...
ကျောင်းသားတွေကို ပိုပြီးအံ့အားသင့်စေတာကတော့ သူတို့သုံးယောက်ရဲ့မျက်နှာတွေပေါ်က ဒဏ်ရာတွေမရှိကြတော့တဲ့အချက်ပါ။ချောမွေ့ခန့်ညားပြီး အပြစ်ရှာမရတဲ့မျက်နှာသုံးခုမှာ နာကျင်ထိခိုက်ထားတာလေးတောင် မတွေ့ရပါဘူး။
"မင်းတို့ရဲ့ အထူးတလည်ဂရုစိုက်ပေးမှုအတွက် ကျေးဇူးတင်မိပါတယ်။ အခုကတော့ ကျေးဇူးပြန်ပေးဆပ်ရမယ့်အချိန်ပေါ့ကွာ"
ကြူရှီယာ ပြုံးလိုက်ပြီး မျက်လုံးထဲမှာတော့ အေးစက်မှုတွေဖြတ်သန်းသွားပါတယ်။ သူဟာယဉ်ကျေးပြီး အဆင့်အတန်းရှိတဲ့လူငယ်လေးဖြစ်သော်လည်း အခုအချိန်မှာတော့ ကြည့်ရသူအဖို့ကျောချမ်းစရာပါ။
ကျောင်းသားတွေလည်း အလိုလိုခြေတစ်လှမ်းနောက်ဆုတ်လိုက်မိကာ သုံးယောက်ရဲ့လှုပ်ရှားမှုတွေကို သေချာကြည့်နေကြပါတယ်။
ဒီအချိန်မှာ ထိုသုံးယောက်ရဲ့အမူအယာဟန်ပန်တွေက လုံးဝကိုပြောင်းလဲသွားပါပြီ။ မောပန်းမှုတွေ အားနည်းမှုတွေမရှိတော့ဘဲ ထိပ်ဆုံးကျောင်းသားတွေရဲ့ လွှမ်းမိုးမှုတွေပဲရှိပါတော့တယ်။
အတော်များများမနေနိုင်ဘဲ စိတ်ထဲမှာမေးခွန်းထုတ်နေမိကြပါတယ်။ ဘယ်လိုဖြစ်ပြီး ဒီသုံးယောက်လုံးက ဖြေဆေးသောက်ပြီးတဲ့ပုံပေါက်နေရတာလဲဟင်။
ဒါပေမဲ့ ဒီသုံးယောက်လုံးသူတို့မျက်စိအောက်ကနေပျောက်သွားတာ ဆယ်မိနစ်ကျော်လောက်ပဲရှိသေးတာလေ ဘယ်လိုလုပ်ပြီးဖြေဆေးရလာမှာလဲ။ နောက်ပြီးတော့လည်း သူတို့အဖွဲ့ထဲကဆေးကျောင်းသားနှစ်ယောက်လုံးက ဒီနှစ်မှစတက်မယ့် ကျောင်းသားသစ်တွေလေ။အဲ့ဒီတော့ ဒီအချိန်တိုလေးအတွင်းမှာ ဖြေဆေးဖော်စပ်နိုင်တာလုံးဝမဖြစ်နိုင်ဘူး။
ဒါဆိုရင်လည်း ဖြေဆေးမသောက်ရသေးဘဲနဲ့ သူတို့ရဲ့မူလပုံစံအတိုင်းပြန်ဖြစ်နေတာက ဘာကြောင့်လဲ။
သူတို့စိတ်ထဲမှာသို့လောသို့လောတွေဖြစ်နေသော်လည်း ကျောင်းသားတွေဟာ ငတုံးငအတွေတော့မဟုတ်ပါဘူး။ ကြူရှီယာတို့ပြန်လာခြင်းက စာရင်းရှင်းဖို့ဆိုတာ သူတို့သဘောပေါက်ကြပါတယ်။
"သူတို့က သုံးယောက်ပဲရှိတာကွာ။ ငါတို့ဖက်မှာက လူတွေအများကြီးပဲ ဘာမှကြောက်နေစရာမလိုဘူးဟေ့"
ကျောင်းသားတစ်ယောက်က ရဲတင်းစွာပြောလိုက်ပါတယ်။
"ဆယ်မိနစ်လေးအတွင်းမှာ ဖြေဆေးဖော်စပ်နိုင်မယ်လို့တော့ ငါမယုံဘူးဟေ့ နောက်ပြီးတော့လည်း သူတို့အဖွဲ့ရဲ့ ဆေးကျောင်းသားတွေက လူသစ်တွေရှိသေးတာလေ အဲ့ထဲကတစ်ယောက်ဆို အခုထိမျက်နှာတောင် မမြင်ရသေးဘူး။ သူတို့တွေမျက်နှာအပျက်မခံနိုင်လို့ ဒီကိုပြန်လာတယ်ဆိုတာ သရဲတွေသိမှာပဲ။ သူတို့တွေမှာ ခုခံနိုင်တဲ့အင်အားရှိမရှိ ကြည့်ကြတာပေါ့ကွာ"
နောက်တစ်ယောက်ကလည်း ကျောင်းသားတွေစိတ်ကိုတက်ကြွလာဖို့ ပြောကြားလိုက်ပါတယ်။
ထိုကျောင်းသားနှစ်ယောက်ပြောတာကို ကြားလိုက်ရတဲ့တုန်လှုပ်နေတဲ့ကျောင်းသားအားလုံး စိတ်တည်ငြိမ်သွားကြပါတယ်။
အဲ့ဒါ ဟုတ်သားပဲ။ ကြူရှီယာတို့သုံးယောက် အချိန်တိုအတွင်းဖြေဆေးရလာမယ်ဆိုတာ သူတို့လည်း မယုံနိုင်ပါဘူး။ အဲ့ဒါကြောင့် သူတို့တွေမူလအစွမ်းတွေပြန်မရသေးမှတော့ ဘာကြောက်စရာလိုသေးလို့လဲ။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၅၅)
ရှန်ယန်ရှောင်နဲ့ တန်နာဇီတို့က ဘေးနားမှာရှိတဲ့သစ်ပင်အနားမှာ ဝပ်နေကြပါတယ်။ သူမမျက်လုံးကိုမှေးပြီး လူနှစ်ဆယ်ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့ ကြူရှီယာတို့သုံးယောက်ကိုကြည့်လိုက်ပါတယ်။
ကြူရှီယာ ယန်းရှီနဲ့ ယန်ယုတို့သုံးယောက်က ဆိုင်ရာဌာနတွေက နာမည်ကျော်ကျောင်းသားတွေဆိုတာ သူမသိထားပေမယ့် သူတို့တိုက်ခိုက်မှာကိုတော့ အခုမှမြင်ရမှာပါ။
ယန်းရှီက စစ်သူရဲဖြစ်ပြီး ခုခံတဲ့နေရာမှာအားသာသော်လည်း သူ့မှာစီးနင်းစရာမရှိပါဘူး။ စစ်သူရဲရဲ့အစွမ်းအစကိုထုတ်ပြဖို့ ခက်ခဲမှာပါ။ ယန်ယုက နတ်ဆရာဖြစ်ပြီးတိုက်ခိုက်ရည်နည်းနည်းပဲ ရှိတာပါ။ စောင်မခြင်းစွမ်းရည်အချို့ကလွဲရင် သူဘာလုပ်လို့ရသေးလဲဆိုတာ သူမလည်းမသိပါဘူး။
သုံးယောက်ထဲမှာ ကြူရှီယာတစ်ယောက်ပဲ တိုက်အားရှိမှာကို သူမစိုးရိမ်နေမိပါတယ်။
ပျော့တဲ့မှော်ဆရာအနေနဲ့ တစ်ဖက်ကလူနှစ်ဆယ်ကို တိုက်ခိုက်ဖို့အတွက် ဂါထာရွတ်ချိန်လုံလောက်ပါ့မလားဆိုတာ ပြောလို့မရနိုင်ပါဘူး။
ဒီအခြေအနေမှာ သူမမြင်တာကတော့ ကြူရှီယာတို့သုံးယောက်လုံး အခွင့်အလမ်းမသာတဲ့အချက်ပါပဲ။ သူမဘေးက တန်နာဇီကတော့ သုံးကောင်အတွက်လုံးဝစိုးရိမ်ပုံမပေါ်ဘဲ စိတ်ဝင်တစားနဲ့ကြည့်နေပါတယ်။
"သူတို့တစ်ကယ်လုပ်နိုင်သလား"
ရှန်ယန်ရှောင် တန်နာဇီကို လက်နဲ့ထိုးကာမေးလိုက်ပါတယ်။ သူမတိုက်ခိုက်နိုင်သော်လည်း သူမဟာတိုက်ခိုက်ရည်မရှိတဲ့ ဆေးကျောင်းသားဖြစ်နေရပါတယ်။ အဲ့ဒီကျောင်းသားတွေကို သူမဘယ်လိုလုပ်ချနိုင်မှာလဲ။
တန်နာဇီနှုတ်ခမ်းတွေ အောက်ကိုကွေးသွားကာ အဖက်မတန်ဟန်နဲ့ပြောလိုက်ပါတယ်။
"အဲ့ဒီငတုံးအုပ်စုက သူတို့ကိုယ်သူတို့အထင်ကြီးလွန်းနေတာလေ စောင့်ကြည့်လိုက်ရင် မင်းနားလည်သွားမှာပါ"
ရှန်ယန်ရှောင်လိုချင်တဲ့ တိကျတဲ့အဖြေကိုမရတာကြောင့် အဆိုပါနှစ်ဖွဲ့ကိုပဲ ပြန်ကြည့်လိုက်ရပါတယ်။ သူမခေါင်းပြန်လှည့်လိုက်ချိန်မှာပဲ အနေအထားကရုပ်ရှင်ဆန်ဆန်ပြောင်းလဲသွားပါတယ်။
ကျောင်းသားတွေကရုတ်တရက်ပဲ ကြူရှီယာတို့အားတိုက်ခိုက်ကြပါတယ်။ ရှေ့ဆုံးနားကဓားသမားတွေဟာ ဓားရိုးတွေကိုဆွဲကိုင်ပြီး သုံးယောက်ဆီပြေးဝင်သွားပါတယ်။ နောက်မှာရှိနေတဲ့ မှော်ဆရာတွေနဲ့ လေးသမားတွေကလည်း စစ်သူရဲတွေကိုအကာအကွယ်ပြုကာ အဝေးကနေလှမ်းတိုက်ခိုက်ကြပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးသမားတွေရဲ့ မြှားတွေဟာပျံသန်းသွားပါတယ်။ မြှားအချို့ကသူတို့ကိုယ်ကိုမှန်ကာနီးနေသော်လည်း သုံးယောက်ကတော့ကျောက်ရုပ်တွေလိုရပ်နေကြဆဲပါ။
ရုတ်တရက်နဲ့ ယန်ယုက သူ့လက်ကိုရှေ့သို့မြှောက်လိုက်ပြီး ကိုင်ထားတဲ့တောင်ဝှေးကိုအသာအယာယမ်းလိုက်ပါတယ်။ တောက်ပတဲ့အလင်းစက်လေးတွေက တစ်ခုချင်းပေါင်းစည်းကာ သူတို့သုံးယောက်ကိုကာလိုက်ပါတယ်။
သူတို့သုံးယောက်ရဲ့ အရှေ့နားမှာ အလင်းလွှာတစ်ခုဖြစ်တည်သွားပါတော့တယ်။
မြှားတွေဟာ ထိုအလင်းလွှာအားထိခိုက်မိပြီး ပြန်ခုန်ထွက်သွားပါတယ်။
"အဲ့ဒါက အလင်းဒိုင်းပဲ"
နတ်ဆရာဌာနက ကျောင်းသားတွေဟာ အဆိုပါအလင်းလွှာရဲ့ဇစ်မြစ်ကိုသိလိုက်ကြပါတယ်။
"ဒါက ဘယ်လိုဟာသကြီးလဲ။ အဲ့ဒီလိုနေရာအကျယ်ကြီးကို ကာကွယ်နိုင်တဲ့အလင်းဒိုင်းကို မင်းဘယ်တုန်းကတွေ့ဖူးလို့လဲ"
နတ်ဆရာကျောင်းသားတွေဟာ အဆိုပါကြီးမားလှတဲ့ အလင်းဒိုင်းကြီးအားစူးစိုက်ငေးကြည့်နေမိကြပါတယ်။
နတ်ဆရာအနေနဲ့ သူတို့လည်း အလင်းဒိုင်းကိုဖန်တီးနိုင်ပေမယ့် သူတို့ကိုယ်တစ်ဝက်ကိုပဲကာကွယ်နိုင်တဲ့ အလင်းဒိုင်းကိုပဲပြုလုပ်နိုင်တာပါ။ ယန်ယုကတော့ လူသုံးယောက်ကိုကာကွယ်နိုင်တဲ့အလင်းဒိုင်းကို ဖန်တီးလိုက်တယ်လေ။
နတ်ဆရာတစ်ယောက်ရဲ့ အတတ်အချို့မှာ အလင်းဒိုင်းလည်းပါဝင်ပါတယ်။ နတ်တွေရဲ့အစွမ်းကိုအသုံးပြုလို့ နတ်ဆရာတစ်ယောက်အနေနဲ့အကာအကွယ်တစ်ခုကို ပြုလုပ်ဖန်တီးတာပဲဖြစ်ပါတယ်။
နတ်ဆရာရဲ့အစွမ်းအပေါ်မူတည်ကာ ဒိုင်းရဲ့ ခံနိုင်စွမ်းနဲ့ကျယ်ပြန့်မှုကွာခြားပါတယ်။ ဘာလို့လဲဆိုတော့ နတ်ဆရာကမှော်အားကိုအသုံးပြုအားထည့်ပေးမှရတာကြောင့် ဖြစ်ပါတယ်။
အခုသူတို့ရှေ့က အလင်းဒိုင်းက လူသုံးယောက်ကိုကာကွယ်ပေးနိုင်အောင်ကျယ်ပြန့်တယ်လေ။
ဒီကောင် အခုလောက်ထိထူးထူးချွန်ချွန်ဖြစ်ဖို့ မလိုအပ်ပါဘူး ဟုတ်တယ်မလား။
နတ်ဆရာဌာနက ကျောင်းသားတွေအားလုံးချွေးစေးတွေကို လျှို့ဝှက်စွာသုတ်လိုက်ကြပါတယ်။
နတ်ဆရာဌာနတစ်ခုလုံးမှာတောင် ဒီလိုမျိုးမဟာဒိုင်းကြီးပြုလုပ်နိုင်သူ အနည်းငယ်ပဲရှိပါတယ်။
နောက်ထပ်လေးသမားတွေရဲ့ ပစ်ခတ်မှုကြောင့်ဒိုင်းရှေ့မှာ မြှားတွေပုံနေပါတယ်။
အလင်းဒိုင်းကတော့ ဘယ့်နှယ်မှမနေဘဲ နဂိုအတိုင်းအထိအခိုက်မရှိ ပုံစံမပျက်ရှိနေဆဲပါပဲ။
ဒီအလင်းဒိုင်းရဲ့ မာကျောခိုင်ခံ့မှုဘယ်လောက်တောင်ရှိသလဲဆိုတာကို ဘုရားပဲသိပါလိမ့်မယ်။
ကောင်းကျိုးမပေးသော သမီးပျို
အခန်း (၁၅၆)
"လေးသမားအားလုံး အပစ်ရပ်တော့ မှော်ဆရာတွေ ဒိုင်းကိုတိုက်ကြ"
ကျောင်းသားအချို့ သဘောပေါက်သွားကြပါတယ်။ အခုလိုခိုင်ခံ့လှတဲ့ဒိုင်းကို ရင်ဆိုင်တွေ့ချိန်မှာ လေးသမားတွေရဲ့မြှားအားလုံးကုန်သွားရင်တောင် ဒိုင်းကိုဖောက်ထွင်းနိုင်မှာမဟုတ်ပါဘူး။ မှော်နဲ့တိုက်ခိုက်တဲ့ မှော်ဆရာတွေကိုပဲ လက်လွှဲပေးရမှာပါ။
မှော်ပညာဌာနက မှော်ကျောင်းသားတွေ ဂါထာတွေရွတ်ဆိုနေကြပါပြီ။ ရှေ့မှာရှိနေတဲ့ ဓားသမားတွေလည်း သုံးယောက်အနားကိုရောက်ကာနီးနေပါပြီ။ သူတို့က ဒိုင်းကိုဖြိုခွဲနိုင်မှာမဟုတ်မှန်းသိထားကြတာမို့ ဘေးကနေပတ်ကာ သုံးယောက်ဆီကိုချီတက်သွားကြတာပါ။
ကြူရှီယာကပျင်းရိစွာနဲ့ သူ့ဖီးနစ်မျက်လုံးတစ်စုံကိုမှေးလိုက်ပါတယ်။ ဘေးတစ်ဖက်တစ်ချက်စီကနေ နှစ်ဖွဲ့ခွဲကာသူတို့သုံးယောက်ကို တိုက်ခိုက်ဖို့လုပ်နေတဲ့ ဓားသမားခြောက်ယောက်အားကြည့်ပြီး ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပါတယ်။
သူ့လက်ချောင်းထိပ်လေးတွေကနေ မီးတောက်ခြောက်ခုပျံသန်းသွားပြီး ဓားသမားခြောက်ယောက်ဆီပြေးဝင်သွားကာ ထိမိတာနဲ့ခြောက်ယောက်လုံး လွင့်ပျံသွားပါတော့တယ်။
မီးတောက်တွေက လူခြောက်ယောက်ရဲ့ အဝတ်တွေမှာလောင်ကျွမ်းနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ အဝတ်တစ်ဝက်ခန့်လောင်သွားပါတယ်။
ကြူရှီယာ မှော်ဂါထာကိုဘယ်အချိန်မှာရွတ်လိုက်မှန်း ဘယ်သူမှမသိလိုက်ကြသလို မီးတောက်တွေဘယ်လိုပေါ်ထွက်လာမှန်းလဲ မသိလိုက်ကြပါဘူး။
မီးလုံးဂါထာကရွတ်ဆိုရတာ အချိန်တိုသော်လည်း မျက်တောင်တစ်ခတ်စာအတွင်းမှာ မီးလုံးခြောက်လုံးပစ်လွှတ်ဖို့ဆိုတာ အခြေခံသဘောတရားအရ မဖြစ်နိုင်တဲ့အရာပါ။ မှော်ဆရာတစ်ယောက်အတွက် တစ်မိနစ်အတွင်းမှာ မီးနှစ်လုံးပစ်လွှတ်နိုင်ဖို့ရာက တော်တော်ကြီးခက်ခဲတဲ့အရာဖြစ်ပြီး ခြောက်လုံးဆိုရင်တော့ ပြောနေစရာမလိုပါဘူး။
အလင်းဒိုင်းကိုတိုက်ခိုက်ရင်း အလုပ်ရှုပ်နေတဲ့မှော်ကျောင်းသားတွေဟာ ကြူရှီယာရဲ့တိုက်ခိုက်မှုကိုမြင်လိုက်ရတော့ အခြေအနေတွေဆိုးလာပြီဆိုတာကို သိလိုက်ကြပါတယ်။
မီးခြောက်လုံးကိုတစ်ချိန်တည်းမှာ ပစ်လွှတ်တိုက်ခိုက်နိုင်တဲ့ ကြူရှီယာဟာ မူလစွမ်းအားတွေပြန်ရသွားတာပဲဖြစ်ရမယ်။
မီးလုံးတွေနဲ့တိုက်ခံလိုက်ရတဲ့ ခြောက်ယောက်ဟာအပူဒဏ်ကြောင့် အော်ဟစ်လိုက်ကြပါတယ်။ ဒါပေမဲ့လည်း နောက်တစ်စက္ကန့်မှာပဲ ကြူရှီယာဟာ မြည်ကြွေးသံတွေကြားထဲမှာ လက်ကိုဝှေ့ယမ်းလိုက်ပါတယ်။
နှင်းပွင့်အချို့က လေထဲမှာတိတ်ဆိတ်စွာပဲ ထွက်ပေါ်လာပြီး ဓားသမားခြောက်ယောက်အပေါ်ကို ကျဆင်းသွားပါတယ်။ နှင်းပွင့်တွေဆက်ကာဆက်ကာထွက်ပေါ်လာပြီး မီးတွေကိုငြှိမ်းသက်လိုက်ပါတယ်။
သူတို့ကိုယ်ပေါ်က အပူလောင်မှုတွေသက်သာသွားလို့ ဓားသမားတွေလည်း စိတ်သက်သာရသွားပေမယ့် ချက်ချင်းဆိုသလိုပဲ သူတို့အားလုံးငြိမ်သက်သွားကြပါတယ်။
ကျဆင်းလာတဲ့နှင်းပွင့်တွေက သူတို့ကိုယ်ပေါ်မှာအေးခဲကုန်ပါတယ်။ သူတို့ခြေတွေလက်တွေကို ရေခဲတွေကအေးခဲထားလိုက်ပြီး အေးစက်မှုကပျံ့လာပါတော့တယ်။
သူတို့တစ်ကိုယ်လုံးကို ရေခဲတွေတဖြည်းဖြည်းဖုံးအုပ်လာတာကို ဘာမှမတတ်နိုင်ဘဲထိုင်ကြည့်နေရပါတော့တယ်။
"ရေခဲနဲ့ နှင်း...ကြူရှီယာက ရေခဲနဲ့ နှင်းမှော်အတတ်ကို လေ့ကျင့်သင်ယူပြီးပြီမှန်း မျှော်လင့်မထားမိဘူးကွာ"
အဝေးမှာရှိနေတဲ့ မှော်ကျောင်းသားတွေဟာ နှင်းတွေကျဆင်းလာတာကိုတွေ့လိုက်တာနဲ့ အထိတ်တလန့်အော်ဟစ်လိုက်ကြပါတယ်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကြီးတန်းမှော်ဆရာတွေပဲ ရေခဲနဲ့ နှင်းမှော်ကို သုံးနိုင်တာလေ။ ကြူရှီယာက အခုမှအလတ်တန်းအဆင့်ပဲ ရှိသေးတာကို သူကဘယ်လိုလုပ်ပြီး ဒီမှော်ပညာကိုသုံးနိုင်ရတာလဲ"
အလန့်တကြားရေရွတ်သံတွေ အဆက်မပြတ်ထွက်ပေါ်လာပါတော့တယ်။
ရေခဲနဲ့ နှင်း မှော်အတတ်ဟာ နေရာအကျယ်ကြီးသက်ရောက်မှုရှိတဲ့ မှော်ဆရာအတတ်တစ်ခုဖြစ်ပါတယ်။ ကျဆင်းတဲ့နှင်းပွင့်တိုင်းမှာ မှော်ဆရာရဲ့ မှော်အားပါဝင်ပါတယ်။
ဒီမှော်အတတ်ရဲ့ မှော်အားကုန်ဆုံးမှုက မှော်ဆရာအတွက် အလွန်ကြောက်စရာကောင်းလှတယ်လို့ပြောနိုင်ပါတယ်။ ဒီကျောင်းသားတွေဟာ သူတို့နည်းပြတွေသုံးပြတဲ့ အဆင့်မြင့်မှော်အတတ်တွေကလွဲရင် ကျန်တဲ့လူသုံးတာကို တစ်ခါမှမမြင်ဖူးကြပါဘူး။
အကြီးတန်းမှော်အတတ်ကို သုံးနေနိုင်ပြီဖြစ်တဲ့ မှော်ဌာနကကျောင်းသားတစ်ယောက်ဆိုတဲ့ အဓိပ္ပါယ်ကဘာလဲ။
ရှင်းပါတယ် ကြူရှီယာက အကြီးတန်းမှော်ဆရာပါပဲ။